အခန်း (၃၄၆)
Vol. 32 Ch. 346
အပိုင်း (၃၄၆)
ဤအချိန်တွင် မဟာရှ၏ စက္ကူများ ရောင်းချရန် လမ်းစပွင့်သွားခဲ့ပြီ ဖြစ်သည်။
အရောင်းအဝယ်သွက်စေရန် (မျိုးနွယ်စုကြီးများ၏ စက္ကူများကို ပြန်ထုတ်ရောင်းရန်) ဈေးနှုန်းကို မြှင့်ထားသော်လည်း၊ တစ်ခါတစ်ရံတွင် ဈေးချိုသော မဟာရှစက္ကူများကို ရှာဖွေလိုသည့် ပညာတတ်အချို့ကလည်း လာရောက်ကာ ဝေ့ဝဲကြည့်ရှုလေ့ ရှိကြသည်။
ထိုသူများထဲတွင် လျိုရှန်းဟိုင် အမည်ရှိသော ပညာတတ်တစ်ဦးလည်း အပါအဝင်ဖြစ်သည်။ သူသည် မျိုးဆက်နှစ်ဆက်တိုင် ဆင်းရဲနွမ်းပါးလာခဲ့သည့် မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ လယ်ယာမြေအနည်းငယ်နှင့် ပန်းချီ၊ ကဗျာရောင်းရငွေရှိသဖြင့် လူနေမှုအဆင့်အတန်း မမြင့်မားလှသော်လည်း စားဝတ်နေရေးအတွက်တော့ ပူပန်စရာ မလိုခဲ့ပေ။ သို့သော်လည်း စာပေလေ့လာသူဖြစ်သဖြင့် စက္ကူအသုံးအနှုန်းမှာ အလွန်များပြားရာ တတ်နိုင်သမျှ ချွေတာသုံးစွဲရသူလည်း ဖြစ်သည်။
ထိုစဉ် သူသည် ဆိုင်ကောင်တာပေါ်ရှိ စာအုပ်အသစ် အချို့ကို သတိထားမိသွားသည်။ ထိုစာအုပ်များကို စက္ကူထုပ်များ၏ ဘေးတွင်ပင် အထင်အရှား တင်ထားခြင်း ဖြစ်သည်။
"ဆိုင်ရှင်... ဒါတွေက ဘာလဲဗျ"
ဆိုင်ရှင်က ပြုံးရွှင်စွာဖြင့် "ဒါက ကျွန်တော်တို့ အသစ်တင်ထားတဲ့ ဝတ္ထုစာအုပ်တွေပေါ့ဗျာ။ ရင်နင့်စရာ ဇာတ်လမ်းတွေ အများကြီးပါတယ်။ ဥပမာ - ဒီ 'လိပ်ပြာချစ်သူ' ဆိုတဲ့ စာအုပ်က ဆင်းရဲသား ပညာတတ်လေး တစ်ယောက်နဲ့ မျိုးနွယ်စုကြီးတစ်ခုရဲ့ သမီးပျိုလေးတို့ရဲ့ စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းပေါ့။ ဒီ 'ဆံဖြူမလေး' ဆိုတဲ့ စာအုပ်ကတော့ အခြေခံလူတန်းစား မိန်းကလေးတစ်ယောက်ရဲ့ ကြေကွဲစရာ ဘဝဇာတ်ကြောင်းပဲ..."
ဆိုင်ရှင်က ရတနာတစ်ခုလိုပင် စာအုပ်များကို တစ်အုပ်ချင်း မိတ်ဆက်ပေးနေတော့သည်။ ဇာတ်လမ်းများကို နားထောင်ပြီးနောက် လျိုရှန်းဟိုင်သည် 'လိပ်ပြာချစ်သူ' ကို အထူးစိတ်ဝင်စားသွားသည်။
"ဆိုင်ရှင်... ကျွန်တော် ကြည့်လို့ရမလား"
"ရပါတယ်ဗျာ၊ ကြိုက်သလောက်ကြည့်"
"ဒါဆို 'လိပ်ပြာချစ်သူ' ကိုပဲ ကြည့်မယ်"
"အေးဆေးကြည့်ပါ သခင်လေး"
လျိုရှန်းဟိုင် စာအုပ်ကို လှန်ကြည့်လိုက်ရာ စာမျက်နှာ အနည်းငယ် ဖတ်ပြီးရုံနှင့်ပင် စွဲလန်းသွားတော့သည်။ ဇာတ်လိုက်ဖြစ်သူ လျန့်ရှန်းပါ့မှာ ဆင်းရဲသားလူတန်းစား ဖြစ်သော်လည်း ကံကြမ္မာကို အရှုံးမပေးဘဲ ဘွဲ့ထူးဂုဏ်ထူးများ ရရှိရန် ကြိုးစားအားထုတ်သူ ဖြစ်သည်။
ထို့ပြင် ဇာတ်လိုက်မှာ ရုပ်ရည်ချောမောပြီး တက်ကြွဖျတ်လတ်ကာ တရားမျှတမှုကို မြတ်နိုးသူ၊ ယဉ်ကျေးသိမ်မွေ့သူလည်း ဖြစ်သည်။
'ဒါ... ငါ့အကြောင်းကို ရေးထားတာ မဟုတ်လား'
သူကိုယ်တိုင်မှာလည်း ဆင်းရဲသော်လည်း ကံကြမ္မာကို အရှုံးမပေးဘဲ ကြိုးစားနေသူ ဖြစ်သည်။ သူကိုယ်တိုင်လည်း ရုပ်ရည်ချောမောပြီး တရားမျှတမှုကို မြတ်နိုးသူ မဟုတ်ပါလား။ ထိုခဏ၌ သူသည် မိမိကိုယ်ကိုယ် ဇာတ်လမ်းထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ သူသည် လျန့်ရှန်းပါ့၊ လျန့်ရှန်းပါ့သည် သူ ဖြစ်နေသကဲ့သို့ပင်။
ဇာတ်လိုက်မလေး ကျူးယင်ထိုက်မှာလည်း ရုပ်ရည်လှပရုံသာမက စာပေတတ်မြောက်ပြီး အသိတရားရှိသည့် မျိုးနွယ်စုကြီးမှ သမီးပျိုလေး ဖြစ်သည်။ သူမသည် သူ စိတ်ကူးယဉ်ထားသည့် အနာဂတ် ဇနီးလောင်းပုံစံနှင့် တစ်ထပ်တည်းကျနေတော့သည်။
သူ မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည် - "တကယ့်ကို အရေးအသား ကောင်းတာပဲ၊ ဇာတ်လမ်းကလည်း ရှယ်ပဲ"
သူသည် ဇာတ်လမ်းအဆုံးကို ဖတ်ကြည့်ချင်စိတ်များ တားမရအောင် ဖြစ်နေပြီဖြစ်သည်။ သူတို့နှစ်ဦး ဘယ်လိုတွေ့ကြမလဲ၊ ဘယ်လိုလက်ထပ်ပြီး ကလေးတွေ ဘယ်လိုရလာမလဲ ဆိုတာကို စိတ်ကူးယဉ်ရင်း ပြုံးစိစိ ဖြစ်နေတော့သည်။
"သခင်လေး ကြိုက်တယ်ဆိုရင် တစ်အုပ်လောက် ဝယ်သွားပါလား" ဆိုင်ရှင်က ပြုံးရင်း စည်းရုံးလိုက်သည်။
"ဘယ်လောက်လဲဗျ" လျိုရှန်းဟိုင်က မေးလိုက်သည်။
"ဈေးမများပါဘူးဗျာ... ဝမ် ၂၀၀ ပါပဲ" ဆိုင်ရှင်က လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
လျိုရှန်းဟိုင် စာအုပ်ကို အလေးချိန်ကြည့်လိုက်ရာ မဟာရှစက္ကူချပ်ရေ ၈၀၊ ၉၀ ခန့် ပါရှိသည်ကို တွေ့လိုက်ရသည်။ အရင်ဈေးနှုန်းနှင့် တွက်ကြည့်လျှင် စက္ကူဖိုးတင် ၈၀၊ ၉၀ ကျသင့်မည် ဖြစ်သည်။ ပုံနှိပ်ခနှင့် အခြားကုန်ကျစရိတ်များပါ ထည့်တွက်လျှင် ၂၀၀ ဝမ် ဆိုသည်မှာ တကယ်ပင် ဈေးချိုလွန်းလှသည်။
"ကောင်းပြီ၊ ကျွန်တော် တစ်အုပ် ဝယ်မယ်"
လျိုရှန်းဟိုင် ငွေချက်ချင်းပေးပြီး စာအုပ်ကို အိမ်သို့ အပြေးအလွှား ယူသွားတော့သည်။ အိမ်ရောက်သည်နှင့် မစောင့်နိုင်တော့ဘဲ စဖတ်တော့သည်။
ဇာတ်လိုက် လျန့်ရှန်းပါ့က အစေခံကိုခေါ်ပြီး စာသွားသင်သည့် လမ်းတွင် အခက်အခဲမျိုးစုံ၊ ဓားပြများနှင့်ပင် တွေ့သော်လည်း သူ၏ ဉာဏ်ပညာဖြင့် ဖြေရှင်းသွားသည်ကို ဖတ်ရသည့်အခါ လျိုရှန်းဟိုင်မှာ ရင်တုန်လှိုက်မော ဖြစ်ခဲ့ရသည်။
"မိုက်တယ်ကွာ... ကျေနပ်ဖို့ ကောင်းလိုက်တာ။ လျန့်ရှန်းပါ့ဆိုတာ ဒီလိုပဲ ဖြစ်ရမှာပေါ့"
သူသည်လည်း ခရီးထွက်ပြီး စာသင်သွားလျှင် လျန့်ရှန်းပါ့ကဲ့သို့ အခက်အခဲမှန်သမျှကို ဉာဏ်ပညာဖြင့် ဖြေရှင်းနိုင်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှုများ တိုးလာတော့သည်။
ဆက်လက်ဖတ်ရှုရာ လျန့်ရှန်းပါ့ တစ်ယောက် ကျောင်းတော်သို့ ရောက်ခါနီးတွင် ဇာတ်လိုက်မလေး ကျူးယင်ထိုက်နှင့် စတင်တွေ့ဆုံခဲ့သည်။ သူမက ယောကျာ်းလေးအသွင် ဝတ်ဆင်ထားသဖြင့် မည်သူမှ မသိကြပေ။ သူတို့နှစ်ဦး၏ တွေ့ဆုံမှုမှာ ကံကြမ္မာက ဖန်တီးပေးထားသကဲ့သို့ပင်။
ထို့နောက် ကျောင်းတော်သို့ ရောက်သောအခါ အဆောင်တစ်ခုတည်းတွင် နံရံတစ်ခုသာ ခြားပြီး နေရတော့သည်။ ဒါကို ဘာလို့ခေါ်မလဲ? အတူတူ နေထိုင်ခြင်းပေါ့! လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်ဆောင်တည်း နေရတာဆိုတော့ ဖတ်ရတဲ့သူအတွက် ရင်ခုန်စရာ အကောင်းဆုံးပဲ မဟုတ်ပါလား။
လျိုရှန်းဟိုင် တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ သူသည်လည်း နတ်သမီးလေးကဲ့သို့ လှပသော မိန်းကလေးတစ်ဦးနှင့် အတူနေရလျှင် မည်သို့သော ရိုမန်တစ်ဆန်သည့် အခိုက်အတန့်များ ဖြစ်လာနိုင်မလဲဟု စိတ်ကူးယဉ်နေမိသည်။
"ဟိဟိ... ဟိဟိဟိ..."
လျိုရှန်းဟိုင်မှာ ပြုံးဖြီးဖြီးနှင့် သွားရည်ပင် ကျနေတော့သည်။ ပညာတတ်ဆိုသည့် သိက္ခာသာ မရှိလျှင် သူ အော်ပင် အော်ဟစ်မိတော့မည် ဖြစ်သည်။
ဇာတ်လမ်းထဲတွင် လျန့်ရှန်းပါ့က ကျူးယင်ထိုက်ကို အမြဲဂရုစိုက်ပြီး သူမ၏ အခက်အခဲများကို ကူညီပေးရုံသာမက၊ သူမကို နှောင့်ယှက်သည့် လူမိုက်ကျောင်းသားများကိုလည်း နှိမ်နင်းပေးခဲ့သည်။ တဖြည်းဖြည်းနှင့် ကျူးယင်ထိုက်သည် လျန့်ရှန်းပါ့ကို စိတ်ညွတ်သွားပြီး တစ်ယောက်ကိုတစ်ယောက် အားပေးကူညီရင်း စာအတူတူ ဖတ်ကြသည်။ ကဗျာတွေ အတူစပ်၊ အရက်သောက်ရင်း သီချင်းဆိုကာ နွေဦးအလှကို အတူတူ ခံစားကြသည်။
ထိုအခိုက်အတန့်များတွင် ရင်ခုန်စရာ ဇာတ်ဝင်ခန်းလေးများ ဖြစ်သည့် ရေချိုးအဝတ်လဲခြင်း၊ အိပ်ရာတစ်ခုတည်းတွင် အတူအိပ်ခြင်းနှင့် ချမ်းအေးချိန်တွင် နွေးထွေးအောင် ဖက်ထားခြင်း စသည်တို့မှာ လျိုရှန်းဟိုင်ကို လှိုင်းတံပိုးတစ်ခုပြီးတစ်ခု ရိုက်ခတ်သလို ခံစားရစေသည်။
သူသည် မိုးလင်းသည့်တိုင်အောင် မအိပ်မနေ စာအုပ်ကို ဖတ်နေတော့သည်။ မျက်လုံးများပင် နီရဲနေပြီဖြစ်သော်လည်း မရပ်နိုင်ခဲ့ပေ။
"ဟမ်..."
သူတို့နှစ်ဦး ပျော်ရွှင်ရတော့မည်ဟု ထင်နေချိန်တွင် ဇာတ်လမ်းက ရုတ်တရက် အလှည့်အပြောင်း ဖြစ်သွားခဲ့သည်။ ကျောင်းဆင်းချိန်တွင် ကျူးယင်ထိုက်က သူမသည် မိန်းကလေးဖြစ်ကြောင်း ဖွင့်ပြောပြီး တစ်သက်လုံး အတူနေရန် ကတိပေးခဲ့ကြသည်။ သို့သော် အိမ်ပြန်ရောက်သောအခါ ကျူးယင်ထိုက်၏ ဖခင်က သူမကို မာမိသားစုမှ မာဝမ်ချိုင်နှင့် လက်ထပ်ရန် စီစဉ်လိုက်သည်။
လျန့်ရှန်းပါ့က လာရောက်တောင်းဆိုသည့်အခါ ကျူးယင်ထိုက်၏ မိသားစုက ငြင်းလွှတ်လိုက်သည်။ သူတို့က လျန့်ရှန်းပါ့ကို " ရွှေငန်း အသားကို စွဲမက်နေတဲ့ ဖားသူငယ်" ဟု ကဲ့ရဲ့ပြီး မျိုးနွယ်စုကြီးမှ သမီးနှင့် မထိုက်တန်ဟု ပြောဆိုခဲ့ကြသည်။
မျိုးနွယ်စုကြီး နှစ်ခုပေါင်းပြီး ချစ်သူနှစ်ဦးကို ရက်ရက်စက်စက် ခွဲကြသည်ကို မြင်ရသောအခါ လျိုရှန်းဟိုင်မှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ထဲတွင် ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။
"အား... ဘာလို့ ဒီလို ဖြစ်ရတာလဲ!"
" သူတို့က နတ်ဖက်တဲ့ စုံတွဲပါဆိုမှ... ဘာလို့ အတူတူ မနေရတာလဲ"
"ချစ်သူတွေဆိုတာ အဆုံးမှာ ပေါင်းဖက်ရမယ် မဟုတ်ဘူးလား"
"သူတို့ တစ်ယောက်ကိုတစ်ယောက် ဒီလောက်ချစ်တာကို ဘာလို့ ခွဲရတာလဲ၊ ဘယ်လိုအခွင့်အရေးနဲ့လဲ"
"ကျူးယင်ထိုက်ရဲ့ အဖေကလည်း ကိုယ့်သမီးရဲ့ ပျော်ရွှင်မှုကို ဒီလောက် ရက်ရက်စက်စက် ဖျက်ဆီးရတယ်လို့... တကယ်ကို အသည်းနှလုံး မရှိတာပဲ၊ အဖေတစ်ယောက် မဟုတ်ဘူး"
လျိုရှန်းဟိုင် မနားတမ်း ဆက်ဖတ်ပြန်သည်။ လျန့်ရှန်းပါ့ကလည်း အရှုံးမပေးဘဲ ကျူးယင်ထိုက်၏ အချစ်ကို ယုံကြည်နေသလို၊ ကျူးယင်ထိုက်ကလည်း လက်မလျှော့ခဲ့ပေ။ သို့သော် သူတို့သည် မျိုးနွယ်စုကြီးများ၏ ယုတ်မာမှုကို လျှော့တွက်ခဲ့မိသည်။
မျိုးနွယ်စုကြီးများသည် နည်းမျိုးစုံဖြင့် လိမ်လည်ခဲ့ကြသည်။ ကျူးယင်ထိုက်က သူ့ကို စွန့်ခွာသွားပြီဟု လျန့်ရှန်းပါ့ကို လိမ်ပြောသလို၊ လျန့်ရှန်းပါ့က တခြားမိန်းကလေးတစ်ယောက်နှင့် လိုက်ပါသွားပြီဟု ကျူးယင်ထိုက်ကို လိမ်ပြောခဲ့သည်။ သို့သော်လည်း သူတို့၏ အချစ်စစ်ကိုတော့ မဖျက်ဆီးနိုင်ခဲ့ပေ။
နောက်ဆုံးတွင် မာဝမ်ချိုင်က လူမိုက်များကို စေလွှတ်၍ လျန့်ရှန်းပါ့ကို လျှို့ဝှက်သတ်ဖြတ်ခိုင်းလိုက်သည်။ အဆုံးသတ်တွင် ကျူးယင်ထိုက်မှာလည်း မျှော်လင့်ချက်မဲ့စွာဖြင့် နှလုံးသားတစ်ခုလုံး သေဆုံးသွားကာ လက်ထပ်ပွဲကို လက်ခံလိုက်ရတော့သည်။
သူမ၏ မင်္ဂလာယာဉ်တန်းသည် လျန့်ရှန်းပါ့၏ အုတ်ဂူဘေးမှ ဖြတ်သွားသောအခါ အမှန်တရားကို သိသွားပြီး၊ မင်္ဂလာဝတ်စုံနှင့်ပင် အုတ်ဂူရှေ့တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတော့သည်။ သူတို့နှစ်ဦး၏ ဝိညာဉ်မှာ လိပ်ပြာလေးများအဖြစ် ပြောင်းလဲသွားပြီးမှသာ ထာဝရ ပေါင်းဖက်သွားကြရသည်။
ထိုအချိန်တွင် လျိုရှန်းဟိုင်မှာ မျက်ရည်များ အဆက်မပြတ် ကျနေတော့သည်။
"ဘာလို့လဲ..."
"တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့သူတွေ ဘာလို့ အတူမနေရတာလဲ..."
"မင်းတို့... ဘာလို့ ဒီလောက်တောင် ရက်စက်ကြတာလဲ..."
အစပိုင်းတွင် ချိုမြိန်ခဲ့သလောက် အဆုံးသတ်တွင် ခါးသီးလွန်းလှသည်။ အစတွင် လှပခဲ့သလောက် အဆုံးတွင် ရက်စက်လွန်းလှသည်။
အကယ်၍ အခွင့်သာခဲ့လျှင် သူသည် စာအုပ်ထဲသို့ ဝင်သွားပြီး ထိုချစ်သူနှစ်ဦးကို ခွဲခဲ့သည့် လူယုတ်မာအားလုံးကို ဓားနှင့် လိုက်ခုတ်ပစ်ချင်စိတ်များ ပေါက်နေတော့သည်။