← Chapters

အခန်း (၃၄၈)

Vol. 32 Ch. 348

အခန်း (၃၄၈)

Vol. 32 Ch. 348

အပိုင်း (၃၄၈)

ဇာတ်လမ်းရဲ့ ဇာတ်လိုက်မလေး ရှီးအာဟာ ဆင်းရဲသား လယ်သမားမိသားစုက မွေးဖွားလာသူ ဖြစ်သည်။

သူမ၏ဖခင်ဖြစ်သူ ယန်ပိုင်လောင်မှာလည်း အခြားသော သာမန်လယ်သမားများနည်းတူ စာမတတ်ပေမတတ်ဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေရသူဖြစ်သည်။ သူသည် တစ်သက်လုံး "မြေကြီးကို ကျောပေး၊ မိုးကောင်းကင်ကို မျက်နှာမူ" ကာ နေထွက်ကနေ နေဝင်အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရသည်။ ရှီးအာသည် တစ်ဦးတည်းသော သမီးဖြစ်ပြီး အလွန်အမင်း ချောမောလှပသူ မဟုတ်သော်လည်း ချစ်စဖွယ်ကောင်းကာ ဖခင်အပေါ် မှီခိုအားထားနေသူလေး ဖြစ်သည်။

​ သူတို့၏ အိမ်နီးချင်းတွင် ဝမ်တာချွန်းအမည်ရှိသော ကောင်လေးတစ်ဦးရှိပြီး သူသည်လည်း လယ်သမား သားသမီးပင် ဖြစ်သည်။ ရိုးသားဖြောင့်မတ်ပြီး သဘောကောင်းသည့် ထိုကောင်လေးနှင့် ရှီးအာတို့မှာ ငယ်သူငယ်ချင်းများဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး သံယောဇဉ်ရှိကြသည်။ အကယ်၍ မထင်မှတ်ထားသော အဖြစ်အပျက်များသာ မရှိခဲ့လျှင် သူတို့နှစ်ဦးမှာ အိမ်ထောင်ကျပြီး သားသမီးများဖြင့် ပျော်ရွှင်စွာ နေထိုင်သွားကြမည်မှာ အသေအချာပင်။ သာမန်အမျိုးသမီးတစ်ယောက်အတွက်မူ ဤသည်မှာ အကောင်းဆုံးသော ဘဝနိဂုံးပင် ဖြစ်သည်။

​ သို့သော်လည်း ဟွမ်ရှီရန်အမည်ရှိသော သူဌေးသားတစ်ဦးက ရှီးအာကို သဘောကျပြီး သိမ်းပိုက်လိုစိတ် ဖြစ်ပေါ်လာသောအခါ အရာအားလုံးမှာ ပြောင်းလဲသွားလေတော့သည်။ သူသည် လှည့်ကွက်တစ်ခုကို အသုံးချပြီး ရှီးအာ၏ဖခင် ယန်ပိုင်လောင်ကို အကြွေးမြောက်မြားစွာ တင်ရှိအောင် လုပ်ဆောင်ခဲ့သည်။

​

​ "တောက်... ဒီယုတ်မာတဲ့ သူဌေးသား ဟွမ်ရှီရန်က ငါတို့ရှီးအာလေးကိုမှ ပစ်မှတ်ထားရတယ်လို့"

​ "လှပတာကပဲ အပြစ်တစ်ခု ဖြစ်နေပြီလား။ ငါ့အိမ်နီးချင်းက ကောင်မလေးဆိုရင်လည်း ရှီးအာလိုပဲ၊ မြေပိုင်ရှင်ရဲ့ ငတုံးသားက သဘောကျပြီး မယားငယ်အဖြစ် သိမ်းပိုက်ဖို့ ကြံခဲ့တာလေ။ နောက်ဆုံးတော့... အင်း... သနားစရာပါပဲ"

​ "ဒီလောက် လိမ္မာတဲ့ ရှီးအာလေးက ဘယ်လိုလုပ်ပြီး ဒီလို ဝံပုလွေယုတ်မာရဲ့ လက်ထဲကို ရောက်သွားရတာလဲ"

​ "နောက် ဘာဖြစ်သွားလဲ။ ဟွမ်ရှီရန်က အောင်မြင်သွားတာလား"

​ "ရှီးအာကရော လွတ်မြောက်နိုင်ပါ့မလား"

​ နားထောင်နေသူ အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ပုံပြောသူကို ဝိုင်းမေးကြတော့သည်။

​ ပုံပြောသူက သက်ပြင်းတစ်ချက်ချကာ - "အကြွေးတွေကို မဆပ်နိုင်တော့တဲ့အတွက် နောက်ဆုံးမှာတော့ ဟွမ်ရှီရန်က ယန်ပိုင်လောင်ကို အကြွေးဆပ်တဲ့အနေနဲ့ ရှီးအာကို ရောင်းခိုင်းပြီး အဓမ္မ သိမ်းပိုက်လိုက်ပါတော့တယ်"

​ ပရိသတ်များမှာ ဒေါသတကြီးဖြင့် တစ်ယောက်တစ်ပေါက် ပြောကြပြန်သည်။

​ "ယုတ်မာလိုက်တာ။ ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ။ ချစ်စဖွယ် ရှီးအာလေးက နောက်ဆုံးတော့ ဟွမ်ရှီရန်ရဲ့ လက်ထဲ ရောက်သွားပြီပေါ့"

​ "သူခိုးခိုးမှာကို မကြောက်ရဘူး၊ သူခိုးမျက်စိကျနေမှာကိုပဲ ကြောက်ရတာ"

​ "အဲဒီ ယန်ပိုင်လောင်ကလည်း တကယ်ကို အသုံးမကျတာပဲ၊ ကိုယ့်သမီးကိုတောင် မကာကွယ်နိုင်ဘူး"

​ "ဒါကတော့ ဟွမ်ရှီရန်က အရမ်းကောက်ကျစ်လို့ပါကွာ။ ယန်ပိုင်လောင်လို ရိုးသားတဲ့ လယ်သမားတစ်ယောက်က သူဌေးသားရဲ့ လှည့်ကွက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

​ "ဟုတ်တယ်၊ သာမန်လူတန်းစားတစ်ယောက်က ဒီလိုမျိုး မျိုးနွယ်စုကြီးတွေကို ဘယ်လိုအာခံနိုင်မှာလဲ"

​ "နောက်တော့ ရှီးအာ ဘာဖြစ်သွားလဲ"

​ "အဖေတစ်ယောက်ရဲ့ ​တာဝန်ကို မကျေတဲ့ အဲဒီအသုံးမကျတဲ့ ယန်ပိုင်လောင်ကရော ဘာဖြစ်သွားလဲ"

​ ပုံပြောသူသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ဆက်ပြောလေသည် - "နောက်တော့ ယန်ပိုင်လောင်ဟာ သူ့သမီးကို အားနာစိတ်နဲ့ ရင်ကွဲမတတ် ခံစားရပြီး အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။ အဲဒီညဟာ မိသားစုတွေ ပြန်လည်ဆုံဆည်းရမယ့် နှစ်သစ်ကူးအကြိုညလေ။ ယန်ပိုင်လောင်ဟာ တစ်ဦးတည်းသော သမီးလေးကို ထားရစ်ခဲ့ပြီး ဒီလောကကြီးကနေ ထွက်ခွာသွားခဲ့ပြီ။ အင်း... သနားစရာပါပဲ"

​ "ယန်ပိုင်လောင်က... သေသွားပြီလား။ ဒီအတိုင်းကြီးပဲလား" ပရိသတ်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

​ သူတို့၏ ရင်ထဲတွင် စကားလုံးများစွာ ရှိသော်လည်း မပြောနိုင်ဘဲ စိတ်မသက်မသာ ဖြစ်နေကြသည်။ ယန်ပိုင်လောင်သည် ချစ်ဖို့ကောင်းသလို မုန်းဖို့လည်း ကောင်းသူတစ်ဦးပင် ဖြစ်သည်။ သူသည် စာမတတ်သော်လည်း ကြိုးစားအားထုတ်သူ၊ ရိုးသားပြီး သဘောကောင်းသူ ဖြစ်သည်။ ရှီးအာကို ပြုစုပျိုးထောင်ရန် ဆယ်စုနှစ်တစ်ခုကျော် ဆင်းရဲဒုက္ခခံခဲ့ပုံမှာ လေးစားဖွယ် ကောင်းလှသည်။ ဖခင်တစ်ယောက်အနေဖြင့် သူသည် တာဝန်ကျေသော်လည်း တစ်ဖက်တွင်မူ မိမိသမီးကို မိစ္ဆာတစ်ကောင်ရဲ့ လက်ထဲသို့ သွယ်ဝိုက်သောနည်းဖြင့် တွန်းပို့ခဲ့သူလည်း ဖြစ်သည်။ ထို့နောက်တွင်မူ သူသည် သေခြင်းတရားဖြင့် အရာအားလုံးကို ထားရစ်ခဲ့သည်။

​ "သူ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရတာလဲ။ ရှီးအာကို ဒီလောက်ချစ်တာ၊ သူမကို ဆက်ပြီး ကာကွယ်ပေးသင့်တာပေါ့။ ဟွမ်ရှီရန်ရဲ့ လက်ထဲကို ဒီအတိုင်း မပစ်ထားသင့်ဘူးလေ"

​ "ဒါပေမဲ့ သူ အသက်ရှင်နေရင်ရော ဘာလုပ်နိုင်မှာလဲ"

​ "သူက သာမန်လယ်သမားပဲလေ။ ဟွမ်ရှီရန်က ရှီးအာကို မျက်စိကျကတည်းက သူက ရှုံးနေခဲ့ပြီ"

​ "သူ့မှာ ဘာအာဏာ၊ ဘာအရှိန်အဝါမှ မရှိဘူး။ တကယ်ကို... ဘာမှမတတ်နိုင်ခဲ့ဘူး"

​ "နောက်ဆုံးတော့ မျှော်လင့်ချက်မဲ့ပြီး သေခြင်းတရားကိုပဲ ရွေးချယ်ခဲ့ရတာပေါ့။ အင်း…."

​ မတတ်သာမှု အားလုံးသည် သက်ပြင်းချသံများအဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် လူတိုင်း ရုတ်တရက် သတိဝင်လာကြသည်။

​ ဤယန်ပိုင်လောင်သည် သူတို့ကိုယ်တိုင် မဟုတ်ပါလား။ သူတို့သည်လည်း ရိုးသားကြသည်၊ ကြိုးစားကြသည်၊ ဘဝတစ်လျှောက်လုံး မငြီးမငြူ အပင်ပန်းခံ လုပ်ကိုင်ခဲ့ကြသည်။ သူတို့တွင်လည်း တန်ဖိုးထား ကာကွယ်ရမည့် "ရှီးအာ" ကဲ့သို့သော ချစ်ရသူများ ရှိကြသည်။ သို့သော်လည်း သူတို့သည် မြေပိုင်ရှင် သူဌေးများ၏ နှိပ်စက်မှုကို ခံရနိုင်ခြေ ရှိနေသည်။ အကယ်၍ ထိုသူဌေးများက သူတို့၏ "ရှီးအာ" ကို နှိပ်စက်လိုလျှင် သူတို့မှာလည်း ဘာမှတတ်နိုင်မည် မဟုတ်ပေ။ ခုခံခြင်းသည် အချည်းနှီးသာဖြစ်ပြီး သေလမ်းကလွဲ၍ အခြားမရှိသကဲ့သို့ ခံစားလိုက်ရသည်။

​ "အင်း... ဆင်းရဲသားဘဝက ဒီလိုပါပဲလား"

​ "နောက်တော့ ရှီးအာ ဘာဖြစ်သွားလဲ" တစ်စုံတစ်ယောက်က မေးလိုက်သည်။

​ "နောက်တော့..."

​ ပုံပြောသူက ဖြည်းဖြည်းချင်း ဆက်ပြောလေသည် - "နောက်တစ်နေ့ နှစ်သစ်ကူးနေ့မှာပဲ၊ ဖခင်ဖြစ်သူရဲ့ အသုဘကိုတောင် မစီစဉ်ရသေးခင်မှာ ရှီးအာကို ဟွမ်ရှီရန်က အတင်းအဓမ္မ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး သူ့စိတ်ကြိုက် သိမ်းပိုက်လိုက်ပါတော့တယ်"

​ "ဟူး..." လူတိုင်းသည် မတတ်သာသည့် အဆုံး သက်ပြင်းချမိကြပြန်သည်။ ဇာတ်သိမ်းကို ကြိုတင်မှန်းဆမိသော်လည်း ကိုယ်တိုင်ကြားလိုက်ရသောအခါ ရင်နင့်အောင် ခံစားရပြန်သည်။ မိမိ၏ နီးစပ်သူတစ်ဦး ခေါ်ဆောင်ခံလိုက်ရသကဲ့သို့ ခံစားချက်မျိုးပင်။

​ "တောက်... ယုတ်မာတဲ့ ဟွမ်ရှီရန်"

​ "ဒီလိုမျိုးနွယ်စုကြီးတွေ သေချင်းဆိုးနဲ့ သေသင့်တယ်"

​ "မင်းတို့နဲ့ ငါတို့ တစ်မိုးအောက်မှာ အတူမနေဘူးကွာ"

​ လူတိုင်းက ဒေါသတကြီးဖြင့် အံကြိတ်ကာ ဟွမ်ရှီရန်ကို အစိမ်းလိုက် ဝါးစားချင်စိတ် ပေါက်နေကြသည်။

​ ပုံပြောသူက ဆက်ပြောပြလေသည်။ ရှီးအာသည် ဟွမ်အိမ်တော်တွင် နေ့စဉ်နှိပ်စက်ခံရပြီး အဆုံးမဲ့ ဒုက္ခဝေဒနာများကို ခံစားခဲ့ရသည်။ ရှီးအာနှင့် ဝမ်တာချွန်းတို့၏ သံယောဇဉ်ကို ဖြတ်တောက်ရန်အတွက် ဟွမ်ရှီရန်သည် သူ၏အာဏာကို အသုံးချကာ ဝမ်မိသားစု၏ လယ်ယာများကို သိမ်းပိုက်ပြီး သူတို့ကို မောင်းထုတ်ခဲ့သဖြင့် ဝမ်တာချွန်းတို့မှာလည်း ဒုက္ခသည်များအဖြစ် ပြေးလွှားနေခဲ့ရသည်။

​ ပရိသတ်များမှာ ဝမ်းနည်းကြေကွဲစွာဖြင့်သာ နားထောင်နေကြရသည်။ လိမ္မာလှတဲ့ ရှီးအာလေး၊ လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ဦးကိုမှ အရှင်လတ်လတ် ခွဲပစ်ကြသည်မှာ တကယ်ကို ယုတ်မာလွန်းလှသည်။

​ ပုံပြောသူ ဆက်ပြောသည်မှာ - အကြိမ်ကြိမ် နှိပ်စက်ခံရမှုကြောင့် ရှီးအာတွင် ကိုယ်ဝန်ရှိလာပြီး သူမ၏ ဘဝမှာ ပျက်စီးသွားခဲ့ရသည်။ နောက်ပိုင်းတွင် စိတ်ကောင်းရှိသူအချို့၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း လမ်းတွင် မွေးဖွားခဲ့သော ကလေးမှာလည်း သေဆုံးသွားခဲ့ရသည်။ သူမသည် တောတောင်နက်များထဲတွင် တိရစ္ဆာန်ကဲ့သို့ နေထိုင်ခဲ့ရပြီး အာဟာရချို့တဲ့မှုကြောင့် တစ်ခါက နက်မှောင်ခဲ့သော ဆံပင်များမှာ ဖြူဖွေးသွားခဲ့ကာ လူတိုင်းက ကြောက်ရွံ့ရသော သရဲမကဲ့သို့ ဖြစ်သွားခဲ့ရသည်။

​ "သြော်... ဒါကြောင့် ရှီးအာက 'ဆံဖြူမလေး' ဖြစ်သွားတာကိုး"

​ "ဒီလောက် ငယ်ငယ်လေးနဲ့ သရဲတစ်ပိုင်း ဖြစ်သွားရတယ်၊ သူ့ဘဝလေး ပျက်စီးသွားပြီ"

​ "သနားစရာ ကလေးလေးပါလား၊ ဘယ်သူကများ ကူညီပေးကြမှာလဲ"

​ "တောက်... ယုတ်မာတဲ့ ဟွမ်ရှီရန်၊ ဒီလို မျိုးနွယ်စုကြီးတွေအားလုံး သေချင်းဆိုးနဲ့ သေပါစေ"

​ လူတိုင်းက ဒေါသတကြီးဖြင့် သွားကြိတ်နေကြသည်။ သူတို့သည် ရှီးအာ၏နေရာတွင် မိမိကိုယ်ကိုယ် အစားထိုး မြင်ယောင်နေကြသလို၊ မိမိတို့၏ "ရှီးအာ" များလည်း ဤကဲ့သို့ ဖြစ်သွားနိုင်သည်ကို စိုးရိမ်နေကြသည်။ သူတို့သည် ဟွမ်ရှီရန်ကို အရှင်လတ်လတ် အရေခွံခွာပြီး အသားကိုစား၊ သွေးကိုသောက်ချင်လောက်အောင် နာကျည်းနေကြပြီ ဖြစ်သည်။

​ ထိုအချိန်တွင် ပုံပြောသူသည် သူ၏ erhu ( တရုတ်ရိုးရား ကြိုးနှစ်ချောင်းတပ် တယောလို တူရိယာတစ်မျိုး) ကို ယူကာ ဖြည်းဖြည်းချင်း စတင်တီးခတ်လိုက်ရာ လွမ်းမောဖွယ်ရာ တေးသံစဉ်တစ်ခု လေထုထဲတွင် ပျံ့လွင့်သွားတော့သည်။ ဤတေးသွားမှာ လင်းပိုင်ဖန်က ဝတ္ထုထဲတွင် ထည့်သွင်းထားသော "လမင်းထင်ဟပ်သော စမ်းရေဦး" ပင် ဖြစ်သည်။

​ ဝမ်းနည်းဖွယ် တေးသံစဉ်ကို နားထောင်ရင်း ရှီးအာ၏ ဒုက္ခပင်လယ်ဝေနေသော ဘဝမြင်ကွင်းများကို မြင်ယောင်လာကြသဖြင့် လူတိုင်းမှာ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရသည်။

​ "ယုတ်မာတဲ့ ဟွမ်ရှီရန်... သေချင်းဆိုးနဲ့ သေမယ့် မျိုးနွယ်စုကြီးတွေ..."

​

​ ဤသို့ဖြင့် "ဆံဖြူမလေး" ဇာတ်လမ်းသည် အခြေခံလူတန်းစားများကြားတွင် အလွန်အမင်း ရေပန်းစားသွားခဲ့သည်။ ပုံပြောသူများက ပြောပြလေလေ၊ အထက်တန်းလွှာ မျိုးနွယ်စုကြီးများအပေါ် ထားရှိသည့် နာကျည်းမှုများမှာ ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။ "ဟွမ်ရှီရန်" ကဲ့သို့သော သူဌေးများအပေါ် အမုန်းတရားများမှာလည်း တားမနိုင်ဆီးမရ ဖြစ်လာတော့သည်။ အခြားသော ဝတ္ထုစာအုပ်များ၏ သက်ရောက်မှုနှင့်ပါ ပေါင်းစပ်လိုက်သောအခါ ရလဒ်မှာ မထင်မှတ်လောက်အောင် ကြီးမားသွားလေတော့သည်။

All Chapters