အခန်း (၃၄၉)
Vol. 32 Ch. 349
အပိုင်း (၃၄၉)
မဟာသဲအင်ပါယာ၊ လင်းအိမ်တော်အတွင်း၌…
အိမ်တော်ထိန်းသည် အထိတ်ထိတ် အပျာပျာ မျက်နှာထားဖြင့် ပြေးဝင်လာပြီး - "သခင်ကြီး... ဒုက္ခရောက်ပြီဗျို့"
"ဘာဖြစ်ပြန်တာလဲ" လင်းယွမ်တုံက ဒေါသတကြီး မေးလိုက်သည်။
ဒီရက်ပိုင်းအတွင်း မိစ္ဆာဂိုဏ်းရဲ့ လက်ချက်ကြောင့် အရှုံးပေါ်ထားရသဖြင့် သူ၏ဒေါသက အတော်လေး ဆိုးရွားနေချိန်လည်း ဖြစ်သည်။
"သခင်ကြီး... ကျွန်တော်တို့ အပုပ်ချခံလိုက်ရပြီ"
အိမ်တော်ထိန်းက ဝတ္ထုစာအုပ်အချို့ကို ကမ်းပေးရင်း အရေးတကြီး ပြောလိုက်သည် - "ဒါတွေက ဈေးကွက်ထဲမှာ ပျံ့နှံ့နေတဲ့ စာအုပ်တွေပါ၊ အထဲမှာ ပါသမျှက ကျွန်တော်တို့လို မျိုးနွယ်စုကြီးတွေကို အသရေ ဖျက်ထားတာတွေချည်းပဲ။ သက်ရောက်မှုက တော်တော်လေး ဆိုးနေပါပြီ သခင်ကြီး။ အခုချက်ချင်း မတားဆီးနိုင်ရင်တော့ အချိန်နှောင်းသွားပါလိမ့်မယ်"
လင်းယွမ်တုံကတော့ အထင်သေးသလိုဖြင့် - "ပုံပြင်စာအုပ် သက်သက်ပါပဲကွာ၊ ဘယ်လောက်များ ဆိုးသွားမှာမို့လို့လဲ"
သူက အရေးမပါသလို သဘောထားသော်လည်း စာအုပ်ကိုယူကာ လှန်ကြည့်လိုက်သည်။ သို့သော် ဖတ်ရင်းဖတ်ရင်းနှင့် သူ၏မျက်နှာမှာ မည်းမှောင်လာပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။
ငါတို့လို မျိုးနွယ်စုကြီးတွေက တကယ်ပဲ အဲဒီလောက် ယုတ်မာနေလို့လား။ ငါတို့က ကျမ်းဂန်တွေ သင်ယူထားတဲ့ ပညာတတ်တွေ၊ အကျိုးအကြောင်း သိတဲ့သူတွေလေ။ တစ်ယောက်ယောက်ကို နှိပ်စက်မယ်ဆိုရင်တောင် အောက်ခြေလူတန်းစားတွေကို အကြောင်းမဲ့ သွားနှိပ်စက်စရာလား၊ ဒါက ငါတို့ရဲ့ ဂုဏ်သိက္ခာနဲ့တောင် မတန်ဘူး။
ဒါပေမဲ့ ဒီစာအုပ်တွေထဲမှာတော့ သူတို့ကို ဘယ်လောက်တောင်မှ အမည်းစက်စွန်းအောင် ရေးထားသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် အရှက်ရပြီး သတ်သေချင်စိတ် ပေါက်သွားလောက်ပေသည်။
လင်းယွမ်တုံမှာ အလွန်အမင်း ဒေါသထွက်ကာ ဟိန်းဟောက်လိုက်တော့သည် - "ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ ငါ့ရဲ့ မင်းမှုထမ်းအသက် အနှစ်သုံးဆယ်အတွင်းမှာ ဒီလောက် အရှက်မရှိတဲ့ အပြုအမူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီဝတ္ထုတွေ ဘယ်ကလာတာလဲ၊ ချက်ချင်း သွားပိတ်ခိုင်းလိုက်စမ်း။ ပတ်သက်တဲ့သူ အကုန်လုံးကို ဖမ်းပြီး ထောင်ထဲ ထည့်လိုက်"
အိမ်တော်ထိန်း၏ မျက်နှာမှာ ခါးသက်သွားပြီး - "သခင်ကြီး... ပိတ်လို့ မရဘူးခင်ဗျ"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့... ဒီစာအုပ်တွေကို ရောင်းနေတာက ကျွန်တော်တို့ အိမ်ရှေ့က ဆိုင်ဖြစ်နေလို့ပါ"
"ဘာ..." လင်းယွမ်တုံမှာ ထိတ်လန့်သွားလေသည်။
ထိုဆိုင်၏ နောက်ခံအာဏာကို သူ ကောင်းကောင်း သိနေသည်။ သူပင်လျှင် ရန်မစရဲသော အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်၏။ အကယ်၍ သူသာ သွားပြီး ဒေါသထွက်ပြမိရင် ညမိုးမချုပ်ခင်မှာပဲ သူ့ခေါင်းက ကိုယ်နဲ့ တခြားစီ ဖြစ်သွားနိုင်ပေသည်။
လင်းယွမ်တုံ၏ ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်သွားရသည် - "ဒီမိစ္ဆာဂိုဏ်းကတော့ လွန်လှပြီ။ ငါတို့ စီးပွားရေးကို လုရုံတင် အားမရဘဲ အခုတော့ ငါတို့ရဲ့ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးနေပြီလား။ တကယ်ကို အဓိပ္ပာယ် မရှိတာ"
ကလဲ့စားချေချင်သော်လည်း မရဲသဖြင့် လင်းယွမ်တုံက ပြန်မေးလိုက်သည် - "ဒီစာအုပ်တွေက တကယ်ပဲ အဲဒီလောက် သက်ရောက်မှု ဆိုးနေလို့လား"
အိမ်တော်ထိန်းက ခါးခါးသီးသီး ပြုံးလိုက်ပြီး - "သခင်ကြီး... ကျွန်တော် သခင်ကြီးဆီမှာ အလုပ်လုပ်လာတာ အနှစ် ၂၀ ကျော်ပါပြီ။ သခင်ကြီးကို ဘယ်လိုလုပ် လိမ်ရဲမှာလဲ။ မယုံရင် သခင်ကြီး အပြင်ထွက်ကြည့်လိုက်ပါ၊ အဲဒါဆိုရင် ကျွန်တော့်စကား ဟုတ်မဟုတ် သိရပါလိမ့်မယ်"
လင်းယွမ်တုံသည် သူ၏ အိမ်တော်ထိန်းကို ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိစ္စမျိုးကို လိမ်ညာနေဖို့ အကြောင်းမရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူကိုယ်တိုင် အပြင်ထွက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူ အပြင်သို့ ခြေလှမ်းစလိုက်သည်နှင့် ကောင်းကင်မှ ရွှံ့ခဲတစ်ခဲ ဝဲကျလာသည်။ သို့သော် သူ၏ ကိုယ်ရံတော်က ကြားဖြတ် ကာကွယ်ပေးလိုက်နိုင်ခဲ့သည်။
လင်းယွမ်တုံမှာ ဒေါသထွက်သွားပြီး - "ဘယ်သူလဲကွ။ ငါ့ကို ဘယ်သူ ရွှံ့နဲ့ထုတာလဲ၊ ထွက်ခဲ့စမ်း"
မည်သူမျှ တုံ့ပြန်ခြင်းမရှိသလို၊ မည်သူက လုပ်သည်ဟုလည်း ဝန်မခံကြပေ။
သူ နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြန်တော့ နောက်ထပ် ရွှံ့ခဲတစ်ခဲ ထပ်ကျလာပြန်သည်။
လင်းယွမ်တုံ ထပ်အော်လိုက်သည် - "ဘယ်သူလဲလို့"
မည်သူမျှ အရိပ်အယောင်မပြသလို ထွက်လည်း မလာကြပေ။ သူ ဆက်လျှောက်လေလေ ကောင်းကင်မှ ရွှံ့ခဲများ၊ အနံ့အသက်မကောင်းသော ရေပုပ်များ၊ အမှိုက်သရိုက်များက ကျလာလေလေ ဖြစ်သည်။
ကိုယ်ရံတော်များပင် အကုန်လုံးကို မကာကွယ်နိုင်တော့ပေ။ နောက်ဆုံးတွင် လင်းယွမ်တုန်းမှာ လမ်းမကြီးပေါ်သို့ပင် မရောက်သေးဘဲ တစ်ကိုယ်လုံး ညစ်ပတ်ပေရေကာ အိမ်တော်သို့ ပြန်လှည့်လာခဲ့ရသည်။
"ခွေးကောင်တွေ။ အားလုံးက လူရမ်းကားတွေ။ ငါ တကယ် ဒေါသထွက်တယ်ကွာ။ မင်းတို့ကိုသာ ငါဖမ်းမိလို့ကတော့ တွေ့ကြသေးတာပေါ့"
လင်းယွမ်တုံ ရေချိုးပြီး အဝတ်အစားအသစ် လဲလှယ်လိုက်သည်။ ထို့နောက် ပုံပြင်စာအုပ်များကို ပြန်ယူကာ သေချာဖတ်ကြည့်မိသည်။
သူ သတိထားမိသည်မှာ ဝတ္ထုတစ်ပုဒ်ချင်းစီမှာ ရေးသားပုံ အလွန်ကောင်းမွန်ပြီး ဇာတ်ကောင် ဖော်ပြချက်များမှာလည်း ထင်ရှားလှသည်။ ဇာတ်လမ်း အချိုးအကွေ့များကလည်း ဆွဲဆောင်မှုရှိလှရာ မျိုးဆက်အဆက်ဆက် အမှတ်ရနေမည့် လက်ရာမြောက် စာပေများပင် ဖြစ်သည်။
ဤအတိုင်းဆိုလျှင် သူတို့လို မျိုးနွယ်စုကြီးတွေမှာ ဘယ်သောအခါမှ ဆေးကြော၍မရနိုင်မည့် အမည်းစက်ကြီး ထာဝရ စွန်းထင်သွားတော့မည် မဟုတ်ပါလား။
"မဖြစ်ဘူး... ဒါက လွန်လွန်းတယ်။ ဒီစာအုပ်တွေကို အမြန်ဆုံး ပိတ်ပင်ရမယ်၊ ပြန့်နှံ့ခွင့် မပေးနိုင်ဘူး"
နောက်တစ်နေ့တွင် သူသည် အခြားသော မျိုးနွယ်စုကြီးများမှ လူများနှင့် ပူးပေါင်းကာ နန်းတော်သို့ သွားရောက် တင်ပြလေသည်။
"အရှင်မင်းကြီး..." သူက လျှောက်တင်လိုက်သည် - "လတ်တလောမှာ 'လိပ်ပြာချစ်သူ' နဲ့ 'ဆံဖြူမလေး' လိုမျိုး ပုံပြင်စာအုပ်တွေက တစ်ပြည်လုံးမှာ ရေပန်းစားနေပါတယ်။ ဒါတွေက ကျွန်တော်တို့ မျိုးနွယ်စုကြီးတွေကို မရိုးမသားနဲ့ အသရေဖျက်နေတာ ဖြစ်တဲ့အတွက် တော်တော်လေး သက်ရောက်မှု ဆိုးရွားနေပါတယ်။ ဒါကြောင့် ဒီစာအုပ်တွေကို စုံစမ်းစစ်ဆေးပြီး ပိတ်ပင်ပေးဖို့ လျှောက်ထားအပ်ပါတယ်"
မဟာသဲဧကရာဇ်သည် မိစ္ဆာဂိုဏ်းနှင့် မျိုးနွယ်စုကြီးများအကြား ဖြစ်ပျက်နေသည်ကို ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။
သူက ပြုံးလိုက်ပြီး - "အမတ်ကြီး... မောင်မင်းတို့က ပိုတွေးနေတာ ထင်ပါရဲ့။ ဒါတွေက ပုံပြင်စာအုပ်တွေပဲလေ၊ ပြည်သူတွေ အားလပ်ချိန်မှာ ဖျော်ဖြေဖို့ သက်သက်ပဲ၊ ဘယ်လိုလုပ် ဒီလောက်ထိ သက်ရောက်မှု ကြီးမားသွားမှာလဲ"
"ဒါပေမဲ့ အရှင်မင်းကြီး"
လင်းယွမ်တုန်းက အရေးတကြီး ပြောလိုက်သည် - "ဒီစာအုပ်တွေက ကျွန်တော်မျိုးတို့ ကြီးမြတ်တဲ့ မျိုးနွယ်စုတွေကို အခြေအမြစ်မရှိ စွပ်စွဲနေတာပါ။ ဒီအတိုင်းသာ လွှတ်ထားမယ်ဆိုရင် မင်းမှုထမ်းတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်စေပါလိမ့်မယ်"
"အဲဒီစာအုပ်ထဲမှာ နာမည်တိုက်ရိုက် ပါသလား။ ဒါမှမဟုတ် မောင်မင်းကို ထည့်ရေးထားလို့လား" ဟု ဧကရာဇ်က ပြန်မေးလိုက်သည်။
အမတ်များအားလုံး ဆိတ်ဆိတ်သွားကြပြီး - "အဲဒါက... မဟုတ်ပါဘူး အရှင်မင်းကြီး"
"နာမည်လည်း မပါဘူးဆိုရင် ဒါကို အသရေဖျက်တယ်လို့ ဘယ်လို ပြောမလဲ။ မောင်မင်းတို့က ကိုယ့်စိတ်နဲ့နှိုင်းပြီး လျှောက်တင်နေတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ငါကိုယ်တော်အနေနဲ့ ဝင်စွက်ဖက်ဖို့ မလိုဘူး" မဟာသဲ ဧကရာဇ်က လက်ကာပြကာ ငြင်းပယ်လိုက်သည်။
"တင်ပြစရာ ကျန်တာရှိရင် တင်ပြကြ၊ မရှိရင် ညီလာခံ ရုပ်သိမ်းစေ"
မျိုးနွယ်စုဝင်များမှာ ဘာမှမတတ်နိုင်ဘဲ ရင်ထဲမှာ မကျေမနပ်ဖြင့်သာ ပြန်လာခဲ့ကြရသည်။ သို့သော် ထိုမျှနှင့်တော့ လက်မလျှော့ကြပေ။
သူတို့ မိစ္ဆာဂိုဏ်းကို မယှဉ်နိုင်လျှင်တောင် အခြားသူတွေကိုတော့ ယှဉ်နိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် ကိုယ်ပိုင်အာဏာကို အသုံးချကာ ဈေးကွက်ထဲရှိ ဝတ္ထုစာအုပ်အားလုံးကို သိမ်းဆည်းလိုက်ကြသည်။
ပုံပြောသူ အားလုံးကိုလည်း ဖမ်းဆီးပြီး ပုံဆက်မပြောရန် တားမြစ်လိုက်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဇာတ်လမ်းအကြောင်း ဆွေးနွေးနေသည်ကို တွေ့လျှင်လည်း အကုန်ဖမ်းဆီးလိုက်ကြသည်။ ထိုအခါမှသာ သက်ရောက်မှုများက အနည်းငယ် ငြိမ်ကျသွားတော့သည်။
ဤအကြောင်းကို သိလိုက်ရသောအခါ လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - "ငါ့ဝတ္ထုကို ဒီအတိုင်း ပိတ်လိုက်ရုံနဲ့ ပြီးသွားမယ် ထင်နေတာလား။ ဘယ်လောက်တောင် လွယ်လိုက်သလဲ"
သူက လက်ကာပြလိုက်ပြီး သူဖုန်းစားဂိုဏ်းမှ အကြီးအကဲတစ်ဦးကို ခေါ်လိုက်သည်။
အကြီးအကဲ ချန်းယွမ် ရောက်လာပြီး ရိုရိုသေသေ မေးလိုက်သည် - "အရှင်မင်းကြီး ... ဘာများ မိန့်ကြားစရာ ရှိပါသလဲ"
လင်းပိုင်ဖန်က တိုက်ရိုက်ပင် ပြောလိုက်သည် - "ငါကိုယ်တော်ရဲ့ ပုံပြင်စာအုပ်တွေကို မျိုးနွယ်စုကြီးတွေက ပိတ်ပင်လိုက်တယ်လို့ ကြားတယ်၊ အဲဒါကို ငါကိုယ်တော် တော်တော်လေး သဘောမကျဘူး။ ဒါကြောင့် သူဖုန်းစားဂိုဏ်းထဲက သိုင်းပညာရှိပြီး စကားပြောကောင်းတဲ့ တပည့်တွေကို ရွေးလိုက်။ ပြီးရင် ဒီပုံပြင်ထဲက အကြောင်းအရာတွေကို နေရာအနှံ့ ပျံ့သွားအောင် လုပ်စမ်း"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" အကြီးအကဲချန်းက ဝမ်းသာအားရ လက်ခံလိုက်သည်။
ထွက်ခွာသွားပြီးနောက် သူသည် လုပ်ငန်းစဉ်များကို ချက်ချင်း စတင်လိုက်တော့သည်။
ဤနေရာတွင် သူဖုန်းစားဂိုဏ်း၏ လူအင်အားနှင့် ကျယ်ပြန့်မှုက အသုံးဝင်လာတော့သည်။ သူတို့သည် ပုံပြင်စာအုပ်များကို ယူကာ လယ်ကွင်းများ၊ တောတောင်များအထိ သွားခဲ့ကြသည်။ အနားယူနေသော လယ်သမားများကို တွေ့လျှင် - "ဟေ့... မင်းတို့ 'ဆံဖြူမလေး' ပုံပြင်ကို ကြားဖူးလား" ဟု မေးလိုက်သည်။
"မကြားဖူးပါဘူးဗျ"
"ဒါဆိုရင် ငါ ပြောပြမယ်၊ နားထောင်ကြ"
သူဖုန်းစားဂိုဏ်း၏ တပည့်များက စာအုပ်ကို ကိုင်ကာ သရုပ်ပါပါ ပြောပြတော့သည် - "ရှီးအာဆိုတဲ့ လယ်သမားသမီးလေး တစ်ယောက်ရှိတယ်၊ သူက အရမ်းလှတာ။ သူ့အဖေ ယန်ပိုင်လောင်နဲ့ အတူတူ ဆင်းဆင်းရဲရဲ နေကြရရှာတာ..."
နားထောင်ပြီးသောအခါ လူတိုင်းမှာ စိတ်လှုပ်ရှားပြီး ဒေါသများ ထွက်လာကြတော့သည်။
"ဒီလောက် လိမ္မာတဲ့ ကလေးမလေးကို 'ဆံဖြူမလေး' ဖြစ်အောင် လုပ်ရက်လိုက်တာ"
"ဒါဟာ မျိုးနွယ်စုကြီးတွေရဲ့ တကယ့်မျက်နှာဖုံးပဲ၊ သူတို့က အတောမသတ်နိုင်အောင် လောဘကြီးပြီး ရွံစရာကောင်းလိုက်တာ"
"ယုတ်မာတဲ့ ဟွမ်ရှီရန်။ သေချင်းဆိုးနဲ့ သေမယ့် မျိုးနွယ်စုတွေ"
ထိုအချိန်တွင် အရာရှိများ လာနေသည်ကို မြင်လိုက်ရလျှင် ဖုန်းစားဂိုဏ်း တပည့်က ဖင်ခါပြီး ထွက်ပြေးသွားတော့သည်။
"ကဲ... အားလုံးပဲ ငါ သွားပြီဟေ့။ နှုတ်ဆက်ခဲ့ပါတယ်"
သူဖုန်းစားဂိုဏ်း၏ လူအင်အားမှာ များပြားလှသဖြင့် ဤပုံပြင်များသည် ဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသများအထိ အချိန်တိုအတွင်း ပျံ့နှံ့သွားလေတော့သည်။
နားထောင်ရသူတိုင်းက ဒေါသတကြီးဖြင့် မျိုးနွယ်စုကြီးများကို ကျိန်ဆဲကြလေသည်။ နောက်ဆုံးတွင် မျိုးနွယ်စုကြီးများသည် ထိုပုံပြင်များကို လိုက်လံနှိမ်နင်းလေလေ၊ ပိုမိုပျံ့နှံ့သွားလေလေ ဖြစ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရတော့သည်။ သူတို့မှာ ဘာမှမတတ်နိုင်ဘဲ ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်ရလွန်းသဖြင့် သွေးအန်မတတ်ပင် ခံစားလိုက်ရလေသည်။