← Chapters

သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားသော

Vol. 3 Ch. 209

သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားသော

Vol. 3 Ch. 209

"အမြဲ ဒီလိုပဲ ကြည့်နေတာပါလား နှာဘူးလေးရဲ့ ”

စုန့်ကျင်းဝမ်က ညုတုတုပြုံး၍ ပြောလိုက်သည်။

" ဘာလုပ်မယ်လို့ တွေးနေတာလဲ ''

တမင်တကာ မြူဆွယ်နေသည့်ဟန် မပေါ်သော်လည်း သူမ၏ ပြစ်မျိုးမှဲ့မထင်အလှနှင့် တလက်လက်တောက်ပနေသော မျက်ဝန်းတစ်စုံမှာ အကြည့်ချင်းဆုံသည့် ပုရိသတိုင်း၏ စိတ်နှလုံးအစုံအား ဇောက်ထိုးပြောင်းပြန် မွှေနှောက်ပစ်နိုင်စွမ်းရှိသည်။

ပိုင်ရှောင်ချန်း၏စိတ်ထဲတွင်မူ သူမအား မာယာများသည့်မိန်းမဟု ပြောချင်နေ၏။ သို့သော်လည်း သူကြိုးစားသည့်တိုင် မည်သည့်နည်းနှင့်မျှ မဟာအကြီးအကဲဖြစ်မလာခဲ့လျှင် သူမ၏အိပ်ခန်းထဲ ခိုးဝင်ခြင်းသည်သာလျှင် ထာဝရတည်မြဲခြင်းအမွေကိုရရန်တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည်။ ထို့ကြောင့် သူက ရှက်ရွံ့စွာနှင့် ခေါင်းကို ငုံ့လိုက်ကာ မဝံ့မရဲ ပြောလိုက်လေ၏။

" အစ်မတော်စုန့် ..အစ်မက တုဖက်ကင်းအောင် လှနေတော့ ကျနော့်ကိုကျနော် မကြည့်မိအောင် ဘယ်လိုထိန်းရမလဲ မသိဘူးဖြစ်နေတယ်ဗျာ ''

စကားဆုံးသည်နှင့် သူက အတန်ကြာ ငေးမောကြည့်နေလေ၏။ သူ၏မြှောက်ပင့်ပေးသည့်စကားလုံးတချို့ကြောင့် စုန့်ကျင်းဝမ်မှာ သဘောကျနှစ်ခြိုက်သွားတော့သည်။

နှစ်ယောက်သား အကြည်စိုက်ကာ အကြည့်ချင်းဖလှယ်နေသောကြောင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအားလုံး၏ရင်ထဲတွင် ခါးသီးသောခံစားချက်များ ဖြစ်ပေါ်လာ၏။ ပိုင်ရှောင်ချန်းကို သူတို့ မုန်းတီးသည်သာမက မနာလိုဝန်တိုစိတ်များလည်း ဖြစ်တည်လာ၏။

အထူးသဖြင့် နတ်ဆရာမှာ မျက်လုံးကြီးများပြူးကာ စိမ်းစိမ်းဝါးဝါးကြည့်နေပြီး ပိုင်ရှောင်ချန်းနှင့်သာ နေရာချင်းလဲလိုက်ရလျှင်ဟူေသာ ဆန္ဒများ ရုတ်ချည်းဖြစ်ပေါ်လာသည်။ အလယ်တောင်ထိပ်သခင် မိန်းမလှလေး စုန့်ကျင်းဝမ်၏ရှေ့တွင် ရပ်နေသည့်လူက သူ ဖြစ်ချင်လာသည်။ သူမနှင့် တစ်ဦးကိုတစ်ဦး ကလူကျီစယ်နေချင်မိသည်။

ရွှယ်မေ့က သူတို့နှစ်ယောက်လုံးအား ကြည့်လိုက်ပြီး သူမ၏မျက်လုံးထဲရှိအေးစက်တင်းမာနေသောအရိပ်အေယာင်များက ပိုမို ပြင်းထန်လာသည်။ သူမက

ဟင့်ခနဲ အသံတစ်ချက်ပြုလိုက်ရင်း အေးစက်စက် ပြောလိုက်သည်။

" ဘယ်လေတိုက်လို့ ဒီကိုရောက်လာရတာလဲ စုန့်ကျင်းဝမ်။ ငါ့ရှေ့က ဖယ်လိုက်စမ်း ''

ထိုသို့ ပြောလိုက်ပြီးသည်နှင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင်ဇီးပန်းပွင့်မှာ ထပ်မံအသက်ဝင်လာ၏။

စုန့်ကျင်းဝမ်၏အပြုံးမှာ ရုတ်ချည်း အေးစက်သွားသည်။

" တုရွှယ်မေ့.. ဒီနေရာက အလယ်တောင်ထိပ်နော်။ စိတ် ကြီး ဝင် နေတာတွေ တော်လိုက်တော့''

သူမက ညာဖက်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နေရာတစ်ခုလုံးကို ဖုံးကွယ်ထားသော မန္တန်အစီအရင်တစ်ခုမှာ အသက်ဝင်လာ၏။ အစောပိုင်းက ရွှယ်မေ့သည် တိုက်ခိုက်ရန် အားသိပ်မထည့်ထားသော်လည်း ယခုတွင်မူ အရာအားလုံးမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူမ၏ သွေးရောင် ဇီးပန်းပွင့်က တစ်စစီ ကွဲကြေသွားကာ ပမာဏ ကြီးမားလှသော သွေးချီအစုအဝေးတစ်ခုအသွင် ပြောင်းလဲသွား၏။ထိုထဲက အချို့ကို ရွှယ်မေ့က ပြန်စုပ်ယူလိုက်သော်လည်း အများစုမှာ လွင့်ပျံသွားသည်။

ရွှယ်မေ့က မေးကိုပင့်လိုက်ပြီး မောက်မာဝင့်ကြွားစွာ ပြောလိုက်၏။

" ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ ဘာလို့ငါ့ကိစ္စထဲ ဝင်ရှုပ်နေတာလဲ..ဟမ် ''

စုန့်ကျင်းဝမ်ကို ကြည့်လိုက်သည့်အကြည့်မှာ အခြားသူများနှင့် ကွာခြားလှသည်။ လှောင်ပြောင်သရော်ခြင်းနှင့် တမင်တကာ ရန်စနေမှန်းသိသာသည်။

" ဒါ..ငါ့အလုပ်ပဲ။ ညမုဆိုးကို တစ်ခုခုလုပ်ရဲရင် လုပ်လိုက်စမ်းပါ။ ဘာဖြစ်မလဲ ကြည့်ကြသေးတာပေါ့ ''

အေးစက်စက် ရယ်မောလိုက်ရင်း စုန့်ကျင်းဝမ်၏ ညာဖက်လက်တွင် မန္တန်လက်ကွက်တစ်ခု လင်းလက်သွားပြီးနောက် မြေကြီးဆီသို့ သူမလက်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မန္တန်အစီအရင်က ကျယ်ပြန့်လာပြီး မျက်စိတစ်မှိတ်တွင်းမှာပင် အောက်ဖက်လက်ချောင်းရှိ အရာအားလံုး လင်းလက်လာသည်။ စုန့်ကျင်းဝမ်၏ မျက်လုံးတွေထဲမှာ ရွှယ်မေ့နည်းတူ လှောင်ပြောင်သရော်ကာ ရန်စလိုသောအရိပ်အယောင်များနှင့် ဝင်းလက်နေသည်။

လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ပိုင်ရှောင်ချန်းသည် စုန့်ကျင်းဝမ်၏နောက်တွင်နေလျက် ရွှယ်မေ့ကို မုန်းတီးစက်ဆုပ်စွာ စိုက်ကြည့်နေ၏။

ရွှယ်မေ့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူမ၏ ကျင်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်သည်နှင့် လေဆင်နှာမောင်းရေဝဲကိုးခုသည် ကောင်းကင်ယံထိ မြင့်တက်သွား၏။ ၄င်းသည် ဒီရေစီးကြောင်းကိုးခုနှင့် မြေစီးကြောင်းခိုင်မာခြင်း၏အဆင့်၏ တုဖက်ကင်းသောအစွမ်းပင် ဖြစ်သည်။

" ဟားဟား..အစတုန်းကတော့ မှတ်လောက်သားလောက်အောင် သူ့လက်ကို ချိုးပစ်ဖို့လောက်ပဲ တွေးထားတာ။ ဒါပေမယ့် အခုနင်က သူ့ကို ကာကွယ်နေတော့လဲ သူ့ဘဝကို အဆုံးသတ်ပေးရမှာပေါ့ ''

ပိုင်ရှောင်ချန်း၏မျက်လုံးမှာ အရောက်လက်သွားပြီး ရွှယ်မေ့အား ပို၍ပင် စက်ဆုပ်ရွံရှာသွားသည်။ သူ၏ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကို ထုတ်ဖော်လိုက်ပါက လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် သူမ ကျောက်ရုပ်ဖြစ်သွားလိမ့်မည်။

" နင့်အဆင့်အတန်းေကြာင့် တခြားလူတွေ ကြောက်ရင်ကြောက်လိမ့်မယ်။အေး...ငါ စုန့်ကျင်းဝမ်က သောက်ဂရုမစိုက်ဘူး။ ညမုဆိုး ရဲ့ ဆံချည်တစ်ပင်တောင် ထိရဲထိကြည့်..နင့်လက်တွေကို ငါဖြတ်ပစ်မယ် ''

စုန့်ကျင်းဝမ်ကလည်း ရှေ့တစ်လှမ်းတိုးလိုက်ပြီး ကျင်ကြံခြင်းအခြေခံအား ထုတ်ဖော်လိုက်သည်။ ဒီရေစီးကြောင်းကိုးခုရေဝဲမရှိသော်လည်း သူမက နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်၏ မဟာစက်ဝန်းတွင် ရှိသည်။ သူမ၏အစွမ်းက ရွှယ်မေ့နှင့် မယှဥ်နိုင်သော်လည်း သူမမှာ ရွှယ်မေ့ထက် စွမ်းအားပမာဏ ပိုမိုများ ပြားသည်။

တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့ဆုံရာမှ တဖျစ်ဖျစ်အက်ကွဲသံများ

ပေါ်ထွက်လာသည်။ထိုနေရာရှိ အပင်များမှာ စိစိညက်ညက်ကြေသွားပြီး ကြောက်မက်ထိန့်လန့်ဖွယ်စွမ်းအင်လှိုင်းကြီးကြောင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ နှလုံးတုန်သွားလေသည်။

ရွှယ်မေ့မှာ ပြိုင်ဖက်မဟုတ်ကြောင်း သိသာထင်ရှားလာပြီး ရင်ဆိုင်တိုက်လိုက်သည်နှင့် နောက်သို့ ဆုတ်သွားရလေသည်။

ပိုင်ရှောင်ချန်းမှာ အလွန်အမင်းတုန်လာသွား ပြီး ဘာပြောရမှန်းမသိ ဖြစ်နေ၏။ တောင်ထိပ်သခင် မိန်းမလှလေးက သူ့အပေါ် အင်မတန်သဘောကောင်းနေသည်ကို မယုံနိုင်ဖြစ်နေ၏။ သူ့အတွက်နှင့် ရွှယ်မေ့ကို တန်ပြန်တိုက်နေလေသည်။ထို့ပြင် သူ့ဆံပင်မွှေးတစ်ချောင်းလောက်က လက်တစ်ချောင်းထက် များစွာ အဖိုးတန်သည်ဆိုသော မဟာအကြီးအကဲ၏ သဘောထားကြီးမှုကြောင့် သူ ခံစားသွားရ၏။

"သူတကယ်ငါ့ကို ကောင်းကောင်းဆက်ဆံတာပဲ''

ဟု တွေးလိုက်သည်။

"ငါဘာလုပျရမလဲ..''

ခေါင်းကိုက်လာခြင်းကြောင့် စုန့်ကျင်းဝမ်၏နောက်တွင် နေကာ ရွှယ့်မေကို လေးလေးနက်နက် ကြည့်လိုက်၏။

ဟမ့်ခနဲ အသံပြုလိုက်ရင်း ရွှယ်မေ့က အေးစက်စက်မဲ့လိုက်၏။ သူမမျက်လုံးများတွင် အမျက်ဒေါသများတောက်လောင်လျက် လက်ညှိုးအား ဝှေ့ယမ်းလိုက်ရာ သူမ၏ပစ္စည်းအိတ်ထဲမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၄င်းသည် ခပ်သေးသေး ခေါင်းလောင်းဖြူအသွင်ပြောင်းသွားကာ အပြုံးမျက်နှာတစ်ခုကို ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်တွင် ထွင်းထားသည်။ အနီးကပ်ကြည့်လိုက်ပါက ငိုနေသည့်မျက်နှာပုံစံနှင့်ပင် တူပြန်သည်။ ခပ်ကြာကြာ စိုက်ကြည့်ပါလျှင်မူ ဦးရေခွံပင် စပ်ဖျဥ်းဖျဥ်းဖြစ်လာပြီး သင့်နှလုံးအိမ်တွင် ကြောက်စိတ်များ ခိုအောင်းသွားလိမ့်မည်။

ခေါင်းလောင်းပေါ်လာသည်နှင့်တပြိုင်နက် ထူးခြားဆန်းပြားသောအသံများ အရပ်မျက်နှာတစ်ခွင် ပြန့်သွား၏။ ဒီရေစီးကြောင်းကိုးသွယ်ရေဝဲများနှင့် ပေါင်းစပ်သွားသောအခါ ဒီရေစီးကြောင်း စွမ်းအင် ပေါ်ထွက်လာကာ တဝုန်းဝုန်းမြည်ဟည်းသံကြီးများက နေရာတစ်ဝိုက်ကို လွှမ်းခြုံသွားသည်။ ထူးဆန်းစွာပင် ခေါင်းလောင်းအစွမ်းမှာ ရေစီးကြောင်းကိုးသွယ်ရေဝဲများနှင့် ပေါင်းစပ်နေပုံရသည်။

ထိုနေရာရှိစွမ်းအင်များမှာ ရုတ်ချည်း ပျံတက်သွားပြီး ခေါင်းလောင်းမှာ ကြီးသထက်ကြီးလာကာ မီတာသုံးဆယ်အထိပင် မြင့်လာ၏။ ၎င်းက လေထဲမှာ ပျံဝဲနေပြီး အကန့်အသတ်မဲ့ ဖိအားများ ဖြာထွက်လာသည်။

ရွှယ်မေ့၏မျက်လုံးများမှာ တောက်ပသွားသည်။ မှော်ပစ္စည်းများကျေးဇူးဖြင့် ကျင့်ကြံခြင်းအခြေခံမှာ စုန့်ကျင်းဝမ်နှင့် အဆင့်တူသည်အထိ မြင့်တက်လာနေ၏။

ထို့ပြင် ခေါင်းလောင်းမြည်သံမှာ ကြားလိုက်သူအပေါင်း၏ စိတ်အစဥ်ကို လွှမ်းမိုးနိုင်သည်။ ဝိုင်းကြည့်နေသူများ၏ မျက်နှာမှာ ဝင်းလက်သွားပြီး စုန့်ကျင်းဝမ်၏ မျက်လုံးအိမ်များပင် ကျဥ်းသွားလေသည်။

ထိုမှော်ပစ္စည်းများမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအတွက် ပြုလုပ်ထားခြင်းမဟုတ်ပေ။ ရွှယ်မေ့၏အဆင့်အတန်းကို သုံးသပ်ကြည့်ပါက သူမ၏အဖေ အတုမဲ့သခင်လက်ဆောင်ပေးထားသော အဖိုးတန်ရတနာတစ်ပါးဖြစ်ကြောင်း သိသာလေသည်။

အတုမဲ့သခင်က သူ၏ချစ်လှစွာသောသမီးလေးကို မည်မျှစွမ်းအားကြီးမားသည့် အဖိုးတန်ရတနာတစ်ပါးပေးထားသနည်းဆိုတာ မှန်းကြည့်ရုံသာတတ်နိုင်၏။

စုန့်ကျင်းဝမ် အံကြိတ်လိုက်သည်။ ရွှယ်မေ့နှင့် မည်သည့်အခါမှ အဆင်မပြေခဲ့ပြီး နှစ်ယောက်စလုံးက ယခုတွင် စွမ်းအားချင်းယှဥ်ပြိုင်ရန် ရုန်းကန် တိုက်ခိုက်ေနရသည်။ နှစ်ပေါင်းများစွာ အပြန်အလှန် မနှစ်သက်ခဲ့ကာ အခဲမကြေဖြစ်နေခဲ့ကြသော်လည်း စုန့်ကျင်းဝမ်က အခြေခိုင်မာခြင်းအဆင့်တွင် ရွှယ်မေ့ထက် အတော်လေးခရီးရောက်နေခဲ့သည်။ ယခုတွင်မူ အတုမဲ့သခင်ပေးထားသည့် အဖိုးတန်ရတနာကြောင့် သူမ၏နှလုံးတွင် ကြောက်စိတ်တို့ပြည့်နှက်သွား၏။

သို့သော် ရွှယ်မေ့လည်း နှလုံးတုန်လျက်ရှိသည်။ သူမတွင် အဖိုးတန်ရတနာရှိသော်လည်း အခြေခိုင်မာခြင်းအဆင့်တွင်မူ စုန့်ကျင်းဝမ်က သာလွန်၏။ ထို့ပြင် ဂိုဏ်းထဲရှိ တရားဝင်အဆင့်အတန်းအရတွင်လည်း သူမ မယှဥ်နိုင်ပေ။

နှစ်ယောက်လုံး ကြောက်ရွံ့နေလျက် တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်လိုက်ပြီး ဘယ်သူမှ စမတိုက်ရဲကြချေ။

ပိုင်ရှောင်ချန်းက ဘေး၌ ရပ်နေရင်း အဖိုးထိုက်ရတနာကို တအံတသြစိုက်ကြည့်နေသည်။

မိန်းမပျိုနှစ်ယောက်မှာ အတန်ကြာ အချင်းချင်း စိုက်ကြည့်နေ၍ နောက်ဆုံးတွင် စုန့်ကျင်းဝမ်က တခစ်ခစ်ရယ်လိုက်သည်။ သူမက လှပစွာ ပြုံးလိုက်ရင်း ဓားပါးအလား စူးရှသော စကားလုံးများ ပြောလိုက်လေသည်။

" အဲ့မျက်နှာဖုံးပဲ နေ့တိုင်းနေ့တိုင်း ဝတ်နေတာ။ ဇီးပန်းခက်တွေထွင်းထားမယ့် အစား နင့်ဖင်ကြီးပုံပဲ နင် ထွင်းသင့်တယ့်..ရွှယ်မေ့။ နင်က ရုပ်ဆိုးလွန်းတော့လဲ နင့်မျက်နှာကို မပြရဲဘူးမလား ''

လူတိုင်းမှာ အံသြတုန်လှုပ်သွား၏။ တောင်ထိပ်ထိပ်သခင် မဟုတ်ဘဲ သူစိမ်းတစ်ယောက်၏ ပြောစကားကို ကြားလိုက်ရသကဲ့သို့ မှင်သက်သွားကြသည်။

ပိုင်ရှောင်ချန်းမှာမူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရွှယ်မေ့ မည်သို့တုံ့ပြန်မည်ကို သိချင်သဖြင့်လှမ်းကြည့်လိုက်သည်။

ရွှယ်မေ့က ဟင့်ခနဲအသံတစ်ချက်ပြုလိုက်ရင်း ပိုင်ရှောင်ချန်းကို လျစ်လျူရှုကာ စုန့်ကျင်းဝမ်အား ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်၏။

"အေး.. ဟုတ်တာပေါ့..နင့်အလှတွေကြောင့်ပဲ သိပ်အညှာလွယ်တဲ့ မိန်းမဖြစ်နေတာလေ။ အလယ်တောင်ထိပ်သခင်ဖြစ်ဖို့ လူတစ်သောင်းလောက်နဲ့ အချစ်ဇာတ်ခင်းပြီး အကျင့်ပျက်နေတာကိုး။ ဂိုဏ်းကလူတိုင်းသိတယ် ကောင်မရဲ့… သွေးသခင်ဖြစ်ဖို့ လူတစ်သိန်းလောက်နဲ့အိပ်ရင်တောင်မှ ငါမအံသြဖူးဟဲ့''

မရေမတွက်နိုင်သော အာမေဍိတ်အသံများ ထွက်လာပြီး အလယ်တောင်ထိပ်ရှိ ကျင့်ကြံသူများမှာ မျက်လုံးပြူးလျက် ကြည့်နေ၏။ယခုအချိန်တွင် ရွှယ်မေ့မှာလည်း လုံးဝသူစိမ်းတစ်ယောက်လိုပင်။

ရွှယ်မေ့၏ တုန့်ပြန်ချက်ကြောင့် ပိုင်ရှောင်ချန်း ဆွံ့အသွား၏။ ပင့်သက်ရှိုက်လိုက်ပြီး ဘယ်သူက သာမှန်း ဝေခွဲမရပေ။ နှစ်ယောက်စလုံးသူမသာ ကိုယ်မသာပင်။

သို့သော်လည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သူ့စိတ်ထဲတွင် တစ်ခုခုထူးနေသည်။ ရုတ်တရက် အကြောင်းပြချက်မရှိဘဲ အပယ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရ၏။ ယခုတွင်မူ အပေါက်ဆိုးဆိုးမိန်းမနှစ်ယောက်မှာ သူ့ကို လုံးဝဥပေက္ခါပြုထားပြီး တစ်ယောက်ကိုတစ်ယောက် မုန်းတီးစွာ ဝါးစားလုမတတ် ကြည့်နေကြသည်။

" ဟေး..နေပါဦး'' သူတွေးလိုက်သည်။

''ငါ့ကို အာရုံစိုက်ကြရမှာလေ... မေ့များသွားကြတာလား''

မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး နှစ်ယောက်လုံးကို သတိပေးရန် ဆုံးဖြတ်လိုက်၏။

" မိန်းကလေးတို့..ကျုပ်ပြောတာနားထောင်....''

သူ့စကားမဆုံးသေးခင်မှာပဲ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်နှစ်ယောက်လုံးက ခက်ထန်စွာ အော်လိုက်၏။

" တိတ်စမ်း ''

ပိုင်ရှောင်ချန်းသည် အစတွင် လန့်ဖြတ်သွားသော်လည်း ထို့နောက် ဒေါသထွက်သွား၏။ သူဘာမှထပ်မပြောနိုင်ခင်မှာပဲ စုန့်ကျင်းဝမ်က အေးတိအေးစက် ရယ်လိုက်သည်။

"တုရှောင်မေ့ ... နင့်ဖင်ပေါက်ကို ပိတ်လိုက်စမ်း။ အညှာလွယ်တာ ငါမဟုတ်ဘူး.. နင့်အမေဟဲ့။ အတုမဲ့သခင်က နင့်အဖေဆိုတာ သိဖို့ သွေးတောင် စစ်ခဲ့ရတာ။ အေး...လူတိုင်းအမှန်ကို သိတယ်ဟဲ့...တခြားသူတွေက အကျယ်ကြီးထမပြောရဲကြလို့သာ။ ဒါပေမယ့်..နင့်အဖေသူငယ်ချင်းတွေကို သွားမေးကြည့်စမ်းပါ။ သူတို့အကုန်သိတယ် ကောင်မရဲ့..''

စုန့်ကျင်းဝမ်က တဟင်းဟင်း ရယ်ေမာနေသည်။ သည်တစ်ခေါက်တွင်တော့ လူအုပ်ကြီးထံမှ ဘာသံမှ ထွက်မလာဘဲ အံသြမှုကြောင့် ဆွံ့အနေကြသည်။ေခါင်းဆောင် ကြီးတစ်ယောက်ကို ထိုကဲ့သို့ ပြောလိုက်ခြင်းကြောင့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ပြီး ဖြည်းဖြည်းချင်း အစွန်ဖက်သို့ ရွှေ့သွားသည့် သူများတောင်မှ ရှိလေသည်။

အထူးသဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကဲ့သို့ ရက်စက်သည့် အဖွဲ့အစည်းတွင် လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်ပါက ကြားလိုက်သည့်လူများ အသတ်ခံရလေသည်။ စုန့်ကျင်းဝမ်မှာမူ မတုန်လှုပ်ပေ။အဘယ်ကြောင့်ဆိုသော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးအနက်မှတစ်ယောက်မှာ သူမ၏မျိုးနွယ်စုမှ ဖြစ်သည်။ သူမကဲ့သို့နောက်ခံမျိုး ဘယ်သူ့မှာမှ မရှိချေ။

ရွှယ်မေ့က အလျော့မပေးလိုစိတ်ဖြင့် ပြောလိုက်၏။

"လူလိမ်မ...နင့်အကြောင်းကော ငါမသိဘူးများမှတ်နေလား။ စုန့်ချွဲက နင့်ရဲ့ အချစ်ကလေးလေ။ ညမုဆိုး ကတော့ တိတ်တိတ်ပုန်းပုန်းရည်းစားမလား။အကြောင်းကိစ္စကြီးမရှိဘဲနဲ့ နင်ဘယ်တုန်းက ပေါ်လာဖူးလို့လဲ။ ခုလဲ နောက်ဖေးပေါက်ကနေ အမြန်ရောက်ချလာတာမလား...ရွံစရာ အပျက်မရဲ့… ''

ဒုတိယအကြိမ် မခိုင်လုံသော စွပ်စွဲချက်များကြောင့် ဘေးမှ ရပ်ကြည့်နေသူများ၏ ခေါင်းများပူထူလာကာ ကြောက်လန့်တုန်လှုပ်နေကြသည်။လွန်ခဲ့သောအချိန်ခဏလေးအတွင်းက လူအချို့သည် အစွန်တွင်ရပ်နေခဲ့ကြသော်လည်း ယခုတွင်မူ တစ်ခွန်းမှ မဟရဲတော့ချ။ ရင်တထိတ်ထိတ်နှင့် ပျံထွက်သွားကြလေသည်။မဟုတ်လျှင် ဆက်၍ နားထောင်နေပါက သေမင်းနှင့် အဆုံးသတ်သွားလိမ့်မည်။

ပိုင်ရှောင်ချန်းလည်း ကြောက်ဒူးတုန်နေကာ ထိုသတင်းများ မပြန့်စေရန် နှုတ်ပိတ်အသတ်ခံရမည်လားဟု သိချင်နေမိ၏။

သူက ခိုးကြောင်ခိုးဝှက် ဂရုတစိုက်ထွက်သွားလိုက်ပြီး ထိုမိန်းမနှစ်ယောက်နှင့် ဝေးနိုင်သမျှ ဝေးဝေးရောက်ဖို့ ဆုတောင်းနေမိသည်။ အမှန်တွင် ယခုအခိုက်အတန့်က လောချိန်းတောင်တန်းသို့ ပြန်ရောက်သွားသကဲ့သို့ ကြောက်လန့်နေ၏။

အမြန်ဆုံးအရှိန်နှင့် ပျံသွားတာတောင်မှ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်တို့သည် အချင်းချင်းဆဲဆိုနေကြဆဲဖြစ်သည်။ အတွင်းရေးကိစ္စများကို အချက်ကျကျ ဆက်လက် ထုတ်ပြောနေကြ၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ယုတ်ညံ့သော အကြောင်းများကို ကြားလိုက်ရသည်နှင့် ပိုင်ရှောင်ချန်း၏ ဦးခေါင်းများ ထူပူသွားသည်။

ထိုအချိန်တွင် သွေးနတ်ရေစင်ဂိုဏ်း ခေါင်းဆောင် အကြီးအကဲများပင် ဖြစ်ပျက်နေသည်ကို သတိပြုမိသွားကြသည်။ ဆက်လက် နားမထောင်လိုသည်နှင့် ခေါင်းဆောင်များထဲမှ တစ်ယောက်က လည်ချောင်းရှင်းလိုက်၏။ ထိုအသံလှိုင်းက မိုးကြိုးတစ်ခုအသွင်ပြောင်းလဲသွားပြီး ကောင်းကင်ကိုပင် ထက်ခြမ်းခွဲလျက် ထွက်ပေါ်လာသည်။

ထိုအဓိပ္ပါယ်ကို ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်နှစ်ယောက်လုံးနည်းလည်လိုက်၏။ တစ်ယောက်မှ နောက်မဆုတ်ချင်ကြသော်လည်း ရွေးချယ်စရာမရှိချေ။ မုန်းတီးခြင်းအပြည့်နှင့် တစ်ယောက်ကို တစ်ယောက် နောက်ဆုံးအကြိမ် စူးစိုက်ကြည့်လိုက်ပြီးနောက် ခွဲခွာသွားကြသည်။ တစ်ယောက်မှာ လက်ချောင်းအထက်ပိုင်းဆီသို့ ပျံသွားကာ နောက်တစ်ယောက်မှာ အလယ်တောင်ထိပ်မှ ထွက်ခွာသွား၏။

မမျှော်လင့်စွာပင် ပိုင်ရှောင်ချန်းကို တစ်ယောက်မှ လှည့်မကြည့်ကြချေ။

မကြာမီ အရာအားလုံး တိတ်ဆိတ်သွားသည်။ ပိုင်ရှောင်ချန်းမှာ အံအားသင့်လျက် ဘေးဘီဝဲယာကို ကြည့်လိုက်ကာ သက်ပြင်းချလိုက်၏။ ဘဝမှာ တစ်ယောက်နှင့် တစ်ယောက် သေလောက်အောင် မုန်းသည့် မိန်းမနှစ်ယောက်လောက် ကြောက်စရာကောင်းသည့်အရာ မရှိချေ။

All Chapters