အခန်း (၃၅၃-၃၅၄)
Vol. 36 Ch. 353-354
အခန်း (၃၅၃) ရွေးချယ်ခြင်း
လုံချန်းသည် အကြီးအကဲ ယောင်မူကို သတ်ဖြတ်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်တစ်ချက်မှာပင် အပြင်ဘက်တွင် ရှိနေသော လူငယ်များ၏ ကျောပြင်ကို စိမ့်တက်သွားစေရန် လုံလောက်ပေသည်။
"သူ့ညီလေးကို ထပ်ပြီး နှိပ်စက်ရဲတဲ့သူ ရှိရင် နောက်တစ်ယောက်က မင်းတို့ပဲ" လုံချန်းက သတိပေးကာ လှည့်ထွက်လာခဲ့သည်။
အပြင်စည်း အကြီးအကဲများသည် သူ့ကို စကားပြောရန်နှင့် ရင်းနှီးရန် ကြိုးစားချင်ကြသော်လည်း ဖြစ်ပျက်သွားသမျှအား မြင်ပြီးနောက် မည်သူမျှ မဝံ့မရဲ ဖြစ်နေကြသည်။ အတွင်းစည်းအကြီးအကဲတု တစ်ဦးတည်းသာ သူ၏နောက်သို့ ပြေးလိုက်လာသည်။
"သခင်လေးချန်း... သခင်လေးက ဗဟိုဂိုဏ်းဘက်ကို သွားနေတာဆိုတော့ ကျွန်တော့်ရဲ့ နေအိမ်ဝင်းက လမ်းကြုံပါတယ်။ ကျွန်တော့်ဆီ ခဏလောက် ဝင်ခဲ့ပါဦးလား။ ကမ္ဘာကျော်တဲ့ ပန်းရနံ့မွှေးလက်ဖက်ခြောက်အသစ်လေး ရထားလို့ပါ။ အဲဒီလက်ဖက်ရည်က နတ်ပြည်က လက်ဖက်ရည်လိုမျိုး အရသာရှိတယ်လို့ ဆိုကြတယ်။ သခင်လေးကို လက်ဖက်ရည်နဲ့ ဧည့်ခံချင်လို့ပါ" အကြီးအကဲ တုက ပြုံးလျက် ဖိတ်ခေါ်သည်။
"ဟင်... စိတ်မကောင်းပါဘူး၊ ဒီနေ့တော့ ကျုပ် မအားဘူး။ ကျုပ်က တစ်ယောက်ယောက်ကို ကူညီဖို့ ဒီကို လာခဲ့တာပဲ ရှိတာ။ နောက်ရက်မှပေါ့" လုံချန်းက ငြင်းပယ်လိုက်သည်။
"အို... ကောင်းပါပြီဗျာ။ ဒါဆိုရင် အနည်းဆုံးတော့ ကျွန်တော် လိုက်ပို့ခွင့်ပြုပါဦး"
"ကျုပ် ပြန်ဖို့အတွက် ခင်ဗျားရဲ့ အကာအကွယ် လိုအပ်မယ်လို့ ပြောချင်တာလား" လုံချန်းက အကြီးအကဲ တုကို ကြည့်ကာ မေးလိုက်သည်။
"အာ... မဟုတ်ပါဘူးဗျာ။ သခင်လေးလိုလူမျိုးကို အကာအကွယ်ပေးဖို့ ကျွန်တော်က ဘာမို့လို့လဲ။ သခင်လေးနဲ့ ခဏလောက် စကားပြောရင်း လိုက်ပါချင်ရုံသက်သက်ပါ" အကြီးအကဲ တုက ဖော်လံဖားအမူအရာဖြင့် ဆိုသည်။
"ဒုက္ခခံမနေပါနဲ့တော့။ ခင်ဗျားရဲ့ နေအိမ်ဝင်း ရောက်ရင်ပဲ ပြန်လိုက်ပါ။ နောက်မှ ကျုပ် လာလည်ရင် လာလည်မှာပေါ့" လုံချန်းက ဝတ်ကျေတန်းကျေ ပြောလိုက်သည်။
လုံချန်းသည် သူ၏ နေအိမ်ဝင်းသို့ ပြန်ရောက်လာပြီး မန်ကုနှင့်အတူ အတွင်းသို့ ဝင်လာသည်။
"သခင်လေး ကျွန်တော့်အတွက် လုပ်ပေးခဲ့သမျှ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်တော့်ညီလေး အေးအေးဆေးဆေး ကျင့်ကြံနိုင်ပါပြီ" မန်ကုက ကျေးဇူးတင်စကား ဆိုသည်။
"ဒါကို စိတ်ထဲမထားပါနဲ့။ ဒါနဲ့ ငါ ကျင့်ကြံတော့မယ်။ တံခါးကိုတော့ ဂျက်မထိုးထားဘူး။ အဲဒီလူ ထပ်လာရင် တံခါးဖွင့်ထားတယ်လို့ပဲ ပြောလိုက်ပါ။ ငါ့တံခါးကို နောက်တစ်ချပ် ထပ်မချိုးစေချင်တော့ဘူး" လုံချန်းက မှာကြားလိုက်သည်။
"အဲဒီလူ... ဆိုတာ ဘယ်သူလဲခင်ဗျ" မန်ကုက နားမလည်နိုင်စွာ မေးသည်။
"အရင်က တံခါးနှစ်ချပ်လုံးကို ချိုးသွားတဲ့လူပေါ့" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ဖြေလိုက်သည်။
"အော်... သခင်လေးရဲ့ ဆရာကို ပြောတာလား။ ဟုတ်ကဲ့ပါ ကျွန်တော် ပြောပြလိုက်ပါ့မယ်"
လုံချန်းသည် သူ၏ အခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သော်လည်း ဂျက်မထိုးထားပေ။ လန်ကျင်းသာ လိုအပ်လျှင် တံခါးကို ချိုးဝင်မည် ဖြစ်သောကြောင့် ဂျက်ထိုးထားခြင်းမှာ အပိုသာ ဖြစ်ပေသည်။ သူသည် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ကာ အတန်ကြာအောင် နှောင့်နှေးနေခဲ့သော ကျင့်ကြံခြင်းကို စတင်လိုက်သည်။ နာရီဝက်ခန့် ကျင့်ကြံပြီးနောက်တွင်ပင် သူသည် မြေကမ္ဘာ အဆင့် ၃ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
တစ်ရက် ကုန်လွန်သွားပြီးနောက် မဟာအကြီးအကဲများနှင့် ဝတ်ရုံနက်အကြီးအကဲများ အားလုံး ဝိုင်းတော်လှန်စားပွဲတစ်ခုံတွင် ထိုင်နေကြသည်။ ဂိုဏ်းချုပ်လည်း ထိုနေရာတွင် ရှိနေသည်။
"ကောင်းပြီ။ အခုဆိုရင် လုံချန်းကို အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီးပြီ။ မုကျိန်းကတော့ ဒုတိယခေါင်းဆောင် ဖြစ်မယ်။ ကျမတို့မှာ ရှေးဟောင်းတံဆိပ် တစ်ခုရှိပြီး အဲဒီနေရာကို ကျမတို့ဂိုဏ်းကနေ လူ ၁၀ ယောက်ပဲ လွှတ်လို့ရမယ်။ ကျမစိတ်ထဲမှာ နာမည် ၄ ခုကတော့ ဆုံးဖြတ်ပြီးသားပါ။ ကျန်တဲ့သူတွေကို ဘယ်သူတွေ ရွေးသင့်သလဲဆိုတာ ရှင်တို့ရဲ့ သဘောထားကို သိချင်တယ်" ဂိုဏ်းချုပ်က မေးမြန်းလိုက်သည်။
"ဂိုဏ်းချုပ် ဆုံးဖြတ်ထားတဲ့ နာမည် ၄ ယောက်ကတော့ ဆေးပညာရှင်အဆင့်၊ မိစ္ဆာအဆင့်နဲ့ ခွန်အားအဆင့် သုံးခုလုံးမှာ နံပါတ် ၁ ရထားတဲ့ လုံချန်း၊ လက်နက်ထုလုပ်ခြင်းမှာ နံပါတ် ၁ ဖြစ်ပြီး မိစ္ဆာအဆင့်မှာ နံပါတ် ၂ ရထားတဲ့ မုကျိန်း၊ ခွန်အားအဆင့်မှာ နံပါတ် ၃ ဖြစ်တဲ့ ချူးမြောင် နဲ့ ဆေးပညာရှင် အဆင့်မှာ နံပါတ် ၂ ရထားတဲ့ ဆူကျန်းတို့ ဖြစ်မယ်လို့ ကျုပ် ထင်ပါတယ်" အဓိက မဟာအကြီးအကဲက ဆိုသည်။
"ဟုတ်ပါတယ်" ဂိုဏ်းချုပ်က ပြန်ဖြေသည်။
"ခွန်အားအဆင့်အတိုင်း သွားမယ်ဆိုရင်တော့ အဆင့် ၅ ကနေ ၉ အထိကို ရွေးချယ်နိုင်ပါတယ်" အကြီးအကဲက ထပ်လောင်း အကြံပြုသည်။
"ဘာလို့ အဆင့် ၁၀ ကိုပါ မရွေးတာလဲ။ ဒါဆိုရင် လူ ၁၀ ယောက် ပြည့်သွားမှာပေါ့"
"ကျုပ် ထင်တာကတော့ အဆင့် ၁၀ က မူမူအစား အဆင့် ၁၁ က တိုင်ဟူကို ထည့်သင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်ဟူက သမားတော် အဆင့်မှာ နံပါတ် ၁ ရထားတဲ့သူ ဖြစ်လို့ပါ" အဓိက မဟာအကြီးအကဲက ရှင်းပြသည်။ အခြား အကြီးအကဲများကလည်း ထိုအကြံပြုချက်ကို တစ်ခဲနက် ထောက်ခံကြသည်။
"အဖွဲ့ကတော့ ဆုံးဖြတ်ပြီးပြီ။ အခု သူတို့ကို လိုက်ပါစောင့်ရှောက်ပေးမယ့်သူကို ရွေးရမယ်။ အဲဒီနေရာမှာ တခြားဂိုဏ်းတွေလည်း ရှိနေမှာဖြစ်သလို တချို့ တရားမျှတတဲ့ ဂိုဏ်းတွေက ကျမတို့အဖွဲ့ကို တိုက်ခိုက်နိုင်တယ်။ ဂိုဏ်းတိုင်းက အကြီးအကဲ တစ်ယောက်စီပဲ လွှတ်ကြဖို့ သဘောတူထားကြတယ်။ ကျမတို့ဘက်ကလည်း သန်မာပြီး ဉာဏ်ကောင်းတဲ့သူ တစ်ယောက် လိုအပ်တယ်" ဂိုဏ်းချုပ်က ဆိုသည်။
"လန်ကျင်း သွားလို့ ရတာပဲ" အဓိက မဟာအကြီးအကဲက အကြံပြုသည်။
"မဖြစ်ဘူး။ သူ့ရဲ့ တပည့်ရင်းက အဖွဲ့ထဲမှာ ပါနေတော့ တခြားအဖွဲ့ဝင်တွေက ဘက်လိုက်မှုကို ပြောကြလိမ့်မယ်။ ကျမအမြင်အရတော့ မီယောင်ကို လွှတ်သင့်တယ်" ဂိုဏ်းချုပ်က ဆိုသည်။
"မီယောင်က သူ့ရဲ့ တာဝန်ကနေ ပြန်ရောက်ပြီလား"
"အင်း... သူ အခုလေးတင် ပြန်ရောက်တယ်။ မုချန်းကို သားရဲခန်းမ အကြီးအကဲက ဖမ်းသွားအောင် လုပ်ခဲ့တဲ့ ဘုရင်ကို သူ သတ်ပစ်နိုင်ခဲ့ပြီ" ဂိုဏ်းချုပ်က ရှင်းပြသည်။
နောက်ဆုံးတွင် မီယောင်ကို လိုက်ပါစောင့်ရှောက်သူအဖြစ် သတ်မှတ်လိုက်ကြသည်။ လန်ကျင်းသည် လုံချန်းဆီသို့ မနက်ဖြန် အစည်းအဝေး ခန်းမသို့ လာရောက်ရန် အကြောင်းကြားစာ ပေးပို့လိုက်သည်။
လုံချန်းသည် တစ်ညလုံး ကျင့်ကြံခဲ့ပြီး မနက်ခင်းတွင်မှ ရပ်နားလိုက်သည်။ သူသည် အဝတ်အစားများ လဲလှယ်ပြီးနောက် ဆွေးနွေးပွဲ ခန်းမသို့ လျှောက်လှမ်းလာခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ ချူးမြောင်နှင့် ဆုံတွေ့လိုက်ရသည်။
"ဟေး... အဖွဲ့ခေါင်းဆောင်ကြီး" ချူးမြောင်က ပြုံးစိစိဖြင့် နှုတ်ဆက်သည်။
"မင်းလည်း ဒီအဖွဲ့ထဲမှာ ပါတာလား။ ငါ ကြိုတွေးထားသင့်တာပါ" လုံချန်းက ရေရွတ်လိုက်သည်။
"ဟေး... သူငယ်ချင်းတို့" အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ လုံချန်း နောက်သို့ လှည့်ကြည့်လိုက်ရာ တိုင်ဟူကို တွေ့လိုက်ရသည်။ သူသည် ဂိုဏ်းအတွင်းရှိ စားသောက်ဆိုင်ကို ကြီးကြပ်သူဖြစ်ပြီး ပြီးခဲ့သည့်အကြိမ်က သူတို့အား အရက် အလကား တိုက်ခဲ့သူ ဖြစ်သည်။
အခန်း (၃၅၄) နတ်ဘုံကောင်းကင်ဂိုဏ်း
"တိုင်ဟူ၊ နင်လည်း အရွေးခံရတာလား။ ခွန်အားအဆင့်အတိုင်း လူရွေးတယ်လို့ ငါထင်ထားတာ" ချူးမြောင်က ပြောလိုက်သည်။
"ငါလည်း ကိုယ့်ကိုယ်ကိုယ် အရွေးခံရမယ်လို့ မထင်ထားပါဘူး။ ဒါပေမဲ့ ဒီကိုလာဖို့ အကြောင်းကြားစာ ရောက်လာလို့ပါပဲ" တိုင်ဟူက ပြန်ဖြေသည်။
"အထဲဝင်ကြစို့။ စကားပြောနေရမယ့် အချိန်မဟုတ်ဘူး" လုံချန်းက သူတို့ကို ပြောကာ ဆွေးနွေးပွဲခန်းမထဲသို့ မစောင့်ဘဲ အရင်ဝင်သွားသည်။
လုံချန်း အထဲသို့ ရောက်သောအခါ တပည့် ၇ ဦး ရောက်ရှိနေသည်ကို တွေ့ရသည်။ ထို ၇ ဦးထဲတွင် မုကျိန်း တစ်ဦးတည်းကိုသာ သူမှတ်မိသည်။ ရှေ့ဘက်သို့ မျက်နှာမူထားသော ခုံတန်းနှစ်တန်း ရှိနေပြီး ညာဘက်တန်းမှာ လူပြည့်နေကာ ဘယ်ဘက်တန်းတွင်မူ ၃ ခုမြောက်နှင့် ၄ ခုမြောက် ခုံများတွင် လူထိုင်နေကြသည်။
'ခွန်အားအဆင့်အတိုင်း ထိုင်နေကြတာ ထင်တယ်' လုံချန်း တွေးလိုက်ပြီး ဘယ်ဘက်တန်း၏ ပထမဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။ ချူးမြောင်က သူ၏အနောက်တွင် ထိုင်ပြီး တိုင်ဟူကတော့ နောက်ဆုံးခုံတွင် ထိုင်လိုက်သည်။
မကြာမီမှာပင် ဂိုဏ်းချုပ်နှင့် အဓိကမဟာအကြီးအကဲတို့ ခန်းမထဲသို့ ဝင်လာကြသည်။ သူတို့နှင့်အတူ ပါလာသော တတိယမြောက်လူမှာ လုံချန်း၏ အာရုံကို ဆွဲဆောင်သွားသည်။ သူမမှာ ဝိညာဉ်ဝင်္ကပါ နိုင်ငံ၏ ဘုရင်အား သတ်ခဲ့သည့် မိန်းကလေးဖြစ်ပြီး လုံချန်းကိုပါ သတ်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။
ထိုမိန်းကလေးသည် လုံချန်းကို မြင်လိုက်ရသည်နှင့် အံ့အားသင့်သွားကာ လက်ညှိုးထိုးလျက် အော်ဟစ်လိုက်သည်။
"နင်... နင်ပါလား"
"မီယောင်... နင်က လုံချန်းကို သိနေတာလား" ဂိုဏ်းချုပ်က မေးမြန်းသည်။
"ဝိညာဉ်ဝင်္ကပါ နိုင်ငံမှာ တွေ့ခဲ့တာပါ။ သူက ဘယ်သူလဲ" သူမက ပြန်မေးသည်။
"သူက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ မိစ္ဆာအဆင့်၊ ခွန်အားအဆင့်နဲ့ ဆေးပညာရှင်အဆင့် သုံးခုလုံးမှာ နံပါတ် ၁ ရထားတဲ့သူ" အဓိက မဟာအကြီးအကဲက ဝင်ဖြေပေးသည်။
"မင်း သူ့ကိုတွေ့ရတာ အံ့သြနေပုံပဲ၊ ကြည့်ရတာ အကောင်းနဲ့တော့ မဟုတ်ဘူးထင်တယ်။ အရင်က ဆုံခဲ့တာ အဆင်မပြေခဲ့ဘူးလား" သူက ဆက်မေးသည်။
"အဆင်မပြေရုံတင် မကပါဘူး။ ကျွန်တော် သူ့ကို ဘုရင်ကို သတ်ဖို့ ကူညီပေးခဲ့ပြီးတာတောင် သူက ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ" လုံချန်းက မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ယောင်၊ မင်း တကယ်ပဲ သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာလား။ မင်းက မိစ္ဆာအဆင့် တပည့်တစ်ယောက်အတွက် လက်စားချေဖို့ သွားပြီးတော့ နောက်ထပ် မိစ္ဆာအဆင့် တပည့်တစ်ယောက်ကို သတ်ဖို့ ကြိုးစားခဲ့တယ်ပေါ့ ဟုတ်လား" အကြီးအကဲက ဒေါသတကြီး ကြည့်လိုက်သည်။
"တောင်းပန်ပါတယ် အကြီးအကဲ။ သူက ကျွန်မတို့ဂိုဏ်းက တပည့်မှန်း မသိခဲ့လို့ပါ။ သာမန် ကလေးတစ်ယောက်လို့ပဲ ထင်ခဲ့တာ။ တာဝန် ထမ်းဆောင် တဲ့အခါ မျက်မြင်သက်သေ မကျန်ရဘူးဆိုတဲ့ ဂိုဏ်းစည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့တာပါ၊ ဒါပေမဲ့ သူ လွတ်သွားခဲ့တယ်" သူမက ဖြေရှင်းသည်။
နောက်ဆုံးတွင် အကြီးအကဲ၏ ဖိအားပေးမှုကြောင့် မီယောင်သည် လုံချန်းကို တောင်းပန်လိုက်ရသည်။ ဂိုဏ်းချုပ်နှင့် မီယောင်တို့ ရှေ့ဘက်တွင် ဝင်ထိုင်လိုက်ကြပြီးနောက် အဓိက မဟာအကြီးအကဲက လုံချန်းကို ချီးကျူးစကားဆိုကာ သူလည်း ဝင်ထိုင်လိုက်သည်။
"ဒီနေ့ နင်တို့ကို ဖိတ်ရတာက အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောဖို့ပါပဲ" ဂိုဏ်းချုပ်က စတင်ပြောကြားသည်။
"နင်တို့ ၁၀ ယောက်ဟာ အရေးကြီးတဲ့ တာဝန်တစ်ခုကို လုပ်ဆောင်ရမယ်ဆိုတာ သိထားပြီးပြီ၊ ဒါပေမဲ့ ဘာလဲဆိုတာတော့ မသိသေးဘူး။ အဲဒါကို ဒီနေ့ ပြောပြမှာပါ။ ပထမဆုံး ပုံပြင်တစ်ပုဒ်နဲ့ စရအောင်။ ဟိုးတုန်းက အရမ်းကို အင်အားကြီးတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်း ရှိခဲ့ဖူးတယ်။ အဲဒါကတော့ နတ်ဘုံကောင်းကင်ဂိုဏ်းပဲ။ ဒါပေမဲ့ အဲဒီဂိုဏ်းဟာ တစ်နေ့မှာ ပျက်စီးသွားခဲ့တယ်။ ဘယ်သူဖျက်ဆီးတာလဲ၊ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ မသိကြဘူး။ အကြီးအကဲတွေနဲ့ တပည့်တွေ အကုန်သေကုန်ကြတယ်"
"ဂိုဏ်းပျက်စီးသွားပြီဆိုတဲ့ သတင်းကြားတာနဲ့ တခြားဂိုဏ်းတွေက ပစ္စည်းတွေ လုယူဖို့ သွားကြတာပေါ့။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီဂိုဏ်းကြီး ပျောက်ကွယ်နေတာပဲ။ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြပေမဲ့ ဘယ်သူမှ ရှာမတွေ့ခဲ့ဘူး။ နှစ်ပေါင်း ၅၀၀ ကြာမှ အဲဒီဂိုဏ်းဟာ မူလနေရာနဲ့ အဝေးကြီးမှာ ပြန်ပေါ်လာတယ်။ သူ့ပတ်ပတ်လည်မှာ အကာအကွယ်အတားအဆီးတွေ ရှိနေလို့ ဘယ်သူမှ ဝင်လို့မရခဲ့ဘူး။ ၁၄ ရက်အကြာမှာ ဂိုဏ်းက ပြန်ပျောက်သွားပြန်ရော"
"နောက်ထပ် နှစ် ၅၀၀ ကြာတော့ တစ်ခါ ပြန်ပေါ်လာတယ်။ ဒီတစ်ခါတော့ လူတစ်ယောက် ဝင်နိုင်ခဲ့တယ်။ သူက မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ယောက်ပါ။ သူ ဘယ်လိုဝင်နိုင်လဲဆိုတော့ သူ့မှာ နတ်ဘုံကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်ပြုတံဆိပ် ရှိနေလို့ပဲ။ အဲဒီတံဆိပ်ဟာ ဂိုဏ်းကြီး ထွန်းကားစဉ်က လူပေါင်း ၂၀ ကိုပဲ ပေးအပ်ခဲ့တာပါ။ ၁၄ ရက်အကြာမှာ အဲဒီလူ ပြန်ထွက်လာတော့ တန်ဖိုးကြီး ရတနာတွေ အများကြီး ပါလာခဲ့တယ်။ သူ ရခဲ့တဲ့ ရတနာတွေဟာ အဲဒီဂိုဏ်းရဲ့ အညံ့ဆုံးပစ္စည်းတွေ ဖြစ်ပေမဲ့ အပြင်လောက အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အရာတွေ ဖြစ်နေခဲ့တယ်"
"အဲဒီနောက်မှာတော့ ဂိုဏ်းတွေက ကြိုးစားရှာဖွေရင်း တံဆိပ် ၂၀ လုံးကို ရှာတွေ့ခဲ့ကြတယ်။ နောက်ထပ် နှစ် ၅၀၀ တိုင်းမှာ ဂိုဏ်းပြန်ပေါ်လာတဲ့အခါ မြေကမ္ဘာအဆင့် ကျင့်ကြံသူတွေပဲ ဝင်လို့ရတာကို တွေ့ရှိခဲ့တယ်။ တံဆိပ်တစ်ခုရှိရင် လူ ၁၀ ယောက်အထိ လက်တွဲပြီး ဝင်လို့ရတယ်။ အခုဆိုရင် ဂိုဏ်းဟာ တစ်ကျော့ပြန် ပေါ်လာတော့မယ်။ ငါတို့ တွက်ချက်မှုအရ ဒီတစ်ခါတော့ မြောက်ပိုင်း လအင်ပါယာ အနားမှာ ပေါ်လာလိမ့်မယ်။ ငါတို့ဆီမှာလည်း တံဆိပ်တစ်ခု ရှိနေပြီ"
"နင်တို့ ၁၀ ယောက်ဟာ ငါတို့ဂိုဏ်းကိုယ်စား အဲဒီဂိုဏ်းထဲကို ဝင်ရောက်ပြီး ရတနာတွေ ရှာဖွေရမယ်။ တကယ်လို့ နင်တို့သာ နတ်ဘုံကောင်းကင် နိမိတ်ဖတ်ပညာကို ရှာတွေ့ခဲ့ရင် ငါတို့ဂိုဏ်းဟာ ကမ္ဘာ့အသန်မာဆုံးဂိုဏ်း ဖြစ်လာနိုင်ချေ ရှိတယ်" ဂိုဏ်းချုပ်က အဆုံးသတ်လိုက်သည်။
ခန်းမထဲရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ လုံချန်းမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သဖြင့် ဂုဏ်ပြုတံဆိပ်ကို သူကိုယ်တိုင် ကိုင်ဆောင်ပြီး အဖွဲ့ဝင်များကို ခေါ်ဆောင်သွားရမည် ဖြစ်ကြောင်း အဓိက မဟာအကြီးအကဲက အသိပေးလိုက်လေသည်။