အခန်း (၃၅၅-၃၅၆)
Vol. 36 Ch. 355-356
အခန်း (၃၅၅) သေလူ နိုးထခြင်း (၁)
"မင်းတို့အားလုံးကို နတ်ဘုံကောင်းကင်ဂိုဏ်းရဲ့ အဖိုးတန်ဆုံး ရတနာတွေနဲ့ ပညာရပ်စာရင်းကို ပေးထားမယ်။ ဒါမှ မင်းတို့ ဘာကို အဓိက ရှာရမလဲဆိုတာ သိမှာ။ ဒါဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ ဘုရားပေးတဲ့ အခွင့်အရေးပဲ။ အားလုံး အစွမ်းကုန် ကြိုးစားကြဖို့ မျှော်လင့်တယ်" အဓိက မဟာအကြီးအကဲက ထပ်လောင်းပြောကြားသည်။
"ဒါကတော့ မီယောင်ပါ။ သူက ဝတ်ရုံနက်အကြီးအကဲတစ်ဦးဖြစ်ပြီး နင်တို့ လမ်းခရီးကို စောင့်ရှောက် လိုက်ပါပေးမယ့်သူပဲ။ ပြောစရာကတော့ ဒီလောက်ပါပဲ။ နင်တို့ သွားနိုင်ပါပြီ။ စာရင်းကိုတော့ နောက်ထပ် နာရီပိုင်းအတွင်း နင်တို့ရဲ့ နေအိမ်ဝင်းတွေကို ပို့ပေးလိုက်မယ်။ မနက်ဖြန်ည ထွက်ခွာရမှာဖြစ်လို့ အသင့်ပြင်ထားကြပါ။ ပြီးတော့ ငါတို့ဂိုဏ်းကို မုန်းနေတဲ့ သားရဲခန်းမလို တခြားဂိုဏ်းတွေနဲ့လည်း ထိပ်တိုက်တွေ့နိုင်တယ်။ သူတို့ကို သတ်ပိုင်ခွင့်ရှိတယ်၊ ဒါပေမဲ့ နင်တို့ကိုယ်တိုင်တော့ အသေမခံခဲ့နဲ့" ဂိုဏ်းချုပ်က မှာကြားပြီး ထွက်ခွာသွားသည်။
"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ အရင်က ရှိခဲ့သမျှထဲမှာ အသန်မာဆုံး ဂိုဏ်းကြီးကို ငါတို့ စူးစမ်းရတော့မယ်ပေါ့။ ရတနာတွေ ရှာတွေ့ရင် သိပ်ကောင်းမှာပဲ။ ကောင်းကင်ဘုံ ဆေးပင်တွေတောင် ရှိနိုင်တယ်။ ငါတို့ အဆင့်တွေ အဆမတန် တက်လာတော့မှာပဲ" ချူးမြောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"တခြားဂိုဏ်းတွေက အဖွဲ့တွေကလည်း ဒါမျိုးပဲ တွေးနေကြမှာပါ။ လောဘကြောင့် အသက်မဆုံးရှုံးစေနဲ့ဦး" တိုင်ဟူက သူတို့အနား လျှောက်လာရင်း သတိပေးသည်။
"မှန်တယ်။ တံဆိပ် ၂၀ ရှိတယ်ဆိုတော့ တခြားဂိုဏ်း ၁၉ ဂိုဏ်း ရှိနေဦးမယ်။ ငါတို့က မိစ္ဆာဂိုဏ်းဆိုတော့ အများစုက ငါတို့ရဲ့ ရန်သူတွေပဲ ဖြစ်လိမ့်မယ်" လုံချန်းက ဆိုသည်။
"ဒါနဲ့ နင်က ကြောက်နေတာလား။ တကယ်ပဲ... နင့်လိုလူကို အဖွဲ့ခေါင်းဆောင် ခန့်လိုက်တာ မယုံနိုင်ဘူး။ တကယ့်ခေါင်းဆောင်က စီနီယာ မုကျိန်း ဖြစ်သင့်တာ။ နင် ဘယ်လိုလုပ်ပြီး အဆင့်တစ်တွေ ရခဲ့တာလဲ။ နင် လိမ်ထားတာ မဟုတ်လား" အနားတွင် ထိုင်နေသော မိန်းကလေး ဆူကျန်းက သရော်လိုက်သည်။
"နင့်ကို ငါသိလို့လား" လုံချန်းက အေးဆေးစွာ မေးလိုက်သည်။
"သူမက ခွန်အား အဆင့် ၄ က ဆူကျန်း လေ" ချူးမြောင်က မိတ်ဆက်ပေးသည်။
"အဆင့် ၄ ဟုတ်လား။ သူက ငါတို့အဖွဲ့ထဲမှာ ပါလောက်အောင် သန်မာလို့လား။ စိတ်မကောင်းဘူး၊ ငါက ဒီဂိုဏ်းကို စရောက်ကတည်းက အဆင့် ၃ အောက် တစ်ခါမှ မကျဖူးတော့ သူ့အစွမ်းက ဘယ်လောက်ရှိလဲဆိုတာ စိတ်မဝင်စားမိဘူး" လုံချန်းက ဆူကျန်းအား ကြည့်ပင်မကြည့်ဘဲ ချူးမြောင်ကို ပြောလိုက်သည်။
"နင်... နင်" ဆူကျန်း ဒေါသကြောင့် တုန်ရီသွားသည်။
"လုံချန်း... မင်းရဲ့ မောက်မာမှုကို ထိန်းထားသင့်တယ်။ မဟုတ်ရင် တာဝန်အတွင်းမှာ ပထမဆုံး သေမယ့်လူက မင်း ဖြစ်သွားလိမ့်မယ်" မုကျိန်းက လုံချန်းကို အမုန်းတရားများဖြင့် ကြည့်ကာ ပြောလိုက်သည်။
လုံချန်းကတော့ အရေးမလုပ်ဘဲ ထွက်ခွာသွားသည်။ သူထွက်သွားပြီးနောက် မုကျိန်းနှင့် ဆူကျန်းတို့မှာ အကြံအစည်တစ်ခုဖြင့် ကျန်ရစ်ခဲ့သည်။ မုကျိန်းသည် ဆူကျန်းကို သူ၏ နေအိမ်ဝင်းသို့ ခေါ်ဆောင်သွားကာ သူမ၏ အပျိုစင်စွမ်းအားကို စုပ်ယူရန် ကြံစည်လေတော့သည်။ သူ၏ ဆရာပေးထားသော နည်းစနစ်သစ်ဖြင့် သူမ၏ ပါရမီကို စုပ်ယူကာ သူ၏ အဆင့်ကို မြှင့်တင်ရန် ဖြစ်သည်။ ဆူကျန်းမှာမူ သူမ၏ ပါရမီများ ဆုံးရှုံးသွားမည်ကို မသိဘဲ မုကျိန်း၏ အယုံသွင်းမှုနောက်သို့ ပါသွားရှာသည်။
အဝေးတစ်နေရာ သဲကန္တာရထဲတွင် လူတစ်ဦးသည် နေပူရှိန်အောက်၌ လျှောက်လှမ်းနေသည်။ သူသည် မင်ယုကို လုံချန်းထံသို့ ပို့ဆောင်ပေးခဲ့သော လျှို့ဝှက်ဆန်းပြားသည့် ပုဂ္ဂိုလ် ဖြစ်သည်။
"ကံကြမ္မာဆိုတာ ထူးဆန်းလိုက်တာ။ ဒီလောက် စွမ်းအားရှိပါလျက်နဲ့ ငါ ဒါကို မပြောင်းလဲနိုင်ဘူး" သူက ရေရွတ်ရင်း ကောင်းကင်ကို ကြည့်လိုက်သည်။
သူသည် မြေပြင်ပေါ်မှ သဲများကို လက်ဝှေ့ယမ်းကာ ဖယ်ရှားလိုက်ရာ အသက် ၂၀ ဝန်းကျင်ခန့်ရှိသော လူငယ်တစ်ဦး၏ အလောင်း ပေါ်လာသည်။ ထိုသူငယ်မှာ သေဆုံးနေပုံရသော်လည်း ထိုလူက သူ၏နဖူးကို လက်ဖြင့် တို့လိုက်သောအခါ လူငယ်မှာ ရုတ်တရက် မျက်လုံးများ ပွင့်လာလေတော့သည်။
လုံချန်းသည် အခန်းထဲတွင် မိစ္ဆဘုရင် ခန္ဓာကိုယ်ကို ကျင့်ကြံနေသည်။ သူသည် ခန္ဓာကိုယ်ကျင့်စဉ် အဆင့်တက်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။
နောက်ဆုံးတွင် ထွက်ခွာရမည့် နေ့သို့ ရောက်ရှိလာသည်။ လုံချန်းသည် ရေချိုးသန့်စင်ပြီး အကောင်းဆုံး အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ မထွက်ခွာမီ သူသည် လန်ကျင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ လန်ကျင်းက သူ့ကို သီးသန့်မြေပုံတစ်ခု ပေးအပ်ကာ လျှို့ဝှက်တာဝန် တစ်ခု ပေးလိုက်သည်။ ထိုတာဝန်မှာ လုံချန်းကိုပင် အံ့အားသင့်သွားစေသည်။
ညရောက်သောအခါ အဖွဲ့ဝင်များအားလုံး ဆွေးနွေးပွဲ ခန်းမရှေ့တွင် စုံညီစွာ ရောက်ရှိနေကြသည်။ လုံချန်း ရောက်သွားချိန်တွင် မုကျိန်းနှင့် ဆူကျန်းတို့ လက်တွဲထားသည်ကို တွေ့လိုက်ရသည်။
'သူတို့က ချစ်သူတွေ ဖြစ်နေတာကိုး။ ဒါကြောင့်လည်း သူမက ပြီးခဲ့တဲ့အကြိမ်က ငါ့နောက်ကို အတင်းလိုက်နေတာနေမှာ' လုံချန်း တွေးလိုက်မိသည်။ သို့သော် ဆူကျန်းကို ကြည့်ရသည်မှာ တစ်ခုခု ထူးဆန်းနေသည်။ သူမ၏ ကိုယ်ထဲမှ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရသော်လည်း လုံချန်း အတိအကျ မပြောနိုင်သေးပေ။
အခန်း (၃၅၆) တံဆိပ်၏လျှို့ဝှက်ချက်များ
"ဟေး... လူထူးဆန်းကြီး။ ငါ့ကို အဲဒီလို လိုက်ကြည့်မနေနဲ့" ဆူကျန်းသည် သူမကို ကြည့်နေသော လုံချန်းကို မြင်သောအခါ ငေါက်ငမ်းလိုက်သည်။
လူတိုင်း ထိုအသံကို ကြားလိုက်ရသော်လည်း မည်သူမျှ ဝင်မပြောကြပေ။ လုံချန်းရော မုကျိန်းပါ ခွန်အားအဆင့်နှင့် မိစ္ဆာအဆင့်တွင် ထိပ်ဆုံးနံပါတ် ၁ နှင့် ၂ နေရာများတွင် ရှိနေကြသူများ ဖြစ်သည်။ ထို့ကြောင့် အခြားသူများမှာ ပြဿနာထဲ ဝင်မပါချင်ကြပေ။ လုံချန်းသည်လည်း သူမကို ဆက်မကြည့်တော့ဘဲ ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူမအပေါ် ဘာပဲဖြစ်ပျက်ခဲ့သည်ဖြစ်စေ သူနှင့် မဆိုင်ဟုသာ သတ်မှတ်လိုက်သည်။
အတန်ကြာပြီးနောက် ဂိုဏ်းချုပ်သည် သူမ၏ အတောင်ပံပါ ကျားကို စီးနင်းလျက် ပျံသန်းရောက်ရှိလာပြီး သူတို့အနားတွင် ဆင်းသက်လိုက်သည်။ သူမနှင့်အတူ လန်ကျင်း၊ အဓိက မဟာအကြီးအကဲနှင့် မီယောင်တို့လည်း ပါလာကြသည်။
"အားလုံး ရောက်နေကြပြီပဲ။ ကောင်းပြီ။ လုံချန်း... ရှေ့ကို ထွက်ခဲ့ပါဦး" အဓိက မဟာအကြီးအကဲက ခေါ်လိုက်သည်။
လုံချန်းသည် အဓိက မဟာအကြီးအကဲထံသို့ လျှောက်သွားလိုက်သည်။
"ဒါကတော့ နတ်ဘုံကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်ပြုတံဆိပ်ပဲ။ ဒါကို လုံခြုံအောင် သိမ်းထားပါ။ ဒါဟာ နတ်ဘုံကောင်းကင်ဂိုဏ်းထဲကို ဝင်ရောက်ဖို့ သော့ပဲ။ မင်း ဒါကို အပျောက်မခံရဘူး" အဓိက မဟာအကြီးအကဲက ဆိုကာ လုံချန်းအား တံဆိပ်ကို ပေးအပ်လိုက်သည်။
လုံချန်းသည် ထိုတံဆိပ်ကို ယူကာ အကဲခတ်ကြည့်လိုက်သည်။ ၎င်းမှာ ရိုးရိုးရှင်းရှင်း ငွေဒင်္ဂါးပြားတစ်ပြားနှင့် တူနေပြီး ထူးထူးခြားခြား ဘာမှမရှိပေ။
"ဒါဟာ ကြည့်ရတာ သာမန်ပဲလို့ ထင်ရပေမဲ့ ဒါကို အတော်လေး ထူးခြားတဲ့ ပစ္စည်းတစ်ခုနဲ့ လုပ်ထားတာပါ။ ငါတို့ ဘယ်လိုပဲ ကြိုးစားဖျက်ဆီးပါစေ ဒီဒင်္ဂါးပြားက ပျက်စီးမှာ မဟုတ်ဘူး" အဓိက မဟာအကြီးအကဲက ရှင်းပြသည်။
"နောက်ပြီး ဒီဒင်္ဂါးပြားကို ခိုးလို့မရဘူး၊ ဒါကို လိုလိုလားလား ပေးအပ်မှပဲ ရနိုင်တာ။ တကယ်လို့ ဒီဒင်္ဂါးပြားကို ကိုင်ဆောင်ထားတဲ့ သူဆီကနေ အတင်းအဓမ္မ လုယူတာ ဒါမှမဟုတ် ခိုးယူတာမျိုး လုပ်ခဲ့ရင် ဒင်္ဂါးပြားက ပျောက်ကွယ်သွားလိမ့်မယ်။ ပြီးရင် ကမ္ဘာ့တစ်နေရာရာက မသိနိုင်တဲ့ ထောင့်တစ်နေရာမှာ ပြန်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျမှ ဒါကို ပြန်ရှာဖို့ဆိုတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ မင်းတို့ တွေးကြည့်ပေါ့။ ဒါကြောင့် မိုက်မဲတဲ့ အလုပ်တွေ မလုပ်ကြနဲ့" လန်ကျင်းကလည်း ပြောလိုက်သည်။ သူသည် စကားပြောနေရင်း မုကျိန်းဘက်ကို ဝေ့ကြည့်လိုက်သည်။
"လန်ကျင်း ပြောတာ မှန်တယ်။ ငါ မင်းတို့ကို သတိပေးလိုက်မယ်။ အငြင်းပွားစရာတွေ ရှိလာခဲ့ရင်တောင် လုံချန်းဆီကနေ အတင်းလုယူဖို့ ဒါမှမဟုတ် ခိုးယူဖို့ မကြိုးစားကြနဲ့။ ဒီတာဝန်က အရမ်းအရေးကြီးတယ်၊ ငါ ဒါကို အမှားမခံနိုင်ဘူး" အဓိက မဟာအကြီးအကဲက ဆိုသည်။ သူသည် အထူးသဖြင့် မုကျိန်းကို ရည်ရွယ်ပြီး ပြောခြင်းဖြစ်သည်။
မုကျိန်းကတော့ ဘာတုံ့ပြန်မှုမှ မလုပ်ပေ။ သူ၏ဆရာဖြစ်သူက သူ့အား ကြိုတင်မှာကြားထားပြီးသား ဖြစ်သည်။ သူမက နတ်ဘုံကောင်းကင်ဂိုဏ်းထဲ မဝင်ခင်အထိ လုံချန်းကို သတ်၍ မရကြောင်း အကယ်၍ နတ်ဘုံကောင်းကင်ဂိုဏ်းသို့ မရောက်မီ လုံချန်းအပေါ် တစ်ခုခု လုပ်ခဲ့ပါက သူမကိုယ်တိုင် သူ့ကို သတ်ပစ်မည်ဖြစ်ကြောင်း သတိပေးထားသည်။
"ကဲ... ရှင်းပြတာ ဒီလောက်ဆို လုံလောက်ပြီ။ မင်းတို့အားလုံး ဉာဏ်ကောင်းကြပါတယ်၊ အဖွဲ့လိုက် စည်းစည်းလုံးလုံး လုပ်ဆောင်ကြမယ်လို့ ယုံကြည်တယ်။ ဘာက တကယ်အရေးကြီးလဲဆိုတာ မင်းတို့ သိကြမှာပါ" အဓိက မဟာအကြီးအကဲက ထပ်လောင်းပြောကြားသည်။
"နင်တို့ အချိန်မီရောက်အောင် အတောင်ပံပါ ခြင်္သေ့ ၁၁ ကောင် စီစဉ်ပေးထားတယ်" ဂိုဏ်းချုပ်က ဆိုသည်။
အတောင်ပံပါခြင်္သေ့ ၁၁ ကောင် ဆင်းသက်လာပြီးနောက် ၎င်းတို့ကို ခေါ်ဆောင်လာသော အကြီးအကဲများမှာ ခြင်္သေ့ပေါ်မှ ဆင်းပေးလိုက်ကြသည်။
"မီယောင်မှာ မြေပုံရှိတယ်၊ သူ့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်သွားကြပါ" ဂိုဏ်းချုပ်က ဆိုသည်။
အားလုံးက ခေါင်းညိတ်လိုက်ကြပြီး အတောင်ပံပါခြင်္သေ့များပေါ်သို့ တက်လိုက်ကြသည်။ ထို့နောက် ဂိုဏ်းမှ ထွက်ခွာလာခဲ့ကြသည်။
ဂိုဏ်းချုပ်က မြေပုံကို မီယောင်တစ်ဦးတည်းကိုသာ ပေးခဲ့သော်လည်း လုံချန်းတွင်လည်း ကိုယ်ပိုင်မြေပုံရှိနေသည်။ ထိုမြေပုံမှာ နေ့ခင်းက လန်ကျင်းနှင့် သွားရောက် တွေ့ဆုံစဉ်ကတည်းက ရရှိထားခြင်းဖြစ်၍ သူ ဂရုမစိုက်ပေ။ မုကျိန်းနှင့် ချူးမြောင်တို့တွင်လည်း ကိုယ်ပိုင်မြေပုံများ ရှိနေမည်ကို သူ သေချာပေါက် သိနေသည်။
သူတို့သည် နေ့ရောညပါ မရပ်မနား ခရီးနှင်ခဲ့ကြသည်။ မြောက်ပိုင်း လအင်ပါယာသို့ ရောက်မှသာ ခရီးတစ်ထောက် ရပ်နားခဲ့ကြသည်။ သူတို့အားလုံးမှာ မြေကမ္ဘာအဆင့်နှင့် အထက်များ ဖြစ်ကြသဖြင့် အချိန်ကြာမြင့်စွာ မအိပ်ဘဲ နေနိုင်သော်လည်း ဤခရီးမှာ အတော်ပင် ပင်ပန်းလှသည်။
သူတို့သည် မြောက်ပိုင်း လအင်ပါယာ၏ မြို့တော်အနီးတွင် ဆင်းသက်လိုက်ကြပြီး အတောင်ပံပါခြင်္သေ့များကို သားရဲအိတ်များထဲသို့ ပြန်ထည့်လိုက်ကြသည်။ လုံချန်းသည်လည်း သူ၏ သားရဲများကို မည်သည့်နေရာတွင် သိမ်းဆည်းထားသည်ကို အခြားသူများ မသိစေရန်နှင့် လှည့်စားရန်အတွက် သားရဲအိတ်တစ်ခုအား အမြဲဆောင်ထားလေ့ရှိသည်။ လုံချန်းသည် ခြင်္သေ့ကို သားရဲနယ်မြေသို့ ပို့မည့်အစား သားရဲအိတ်ထဲသို့သာ ထည့်လိုက်သည်။
သူတို့သည် မြို့ထဲသို့ တရားဝင် ဝင်ပေါက်မှ မဝင်လိုကြသဖြင့် မြို့တံတိုင်းများကို ကျော်ဖြတ်ကာ ဝင်ရောက်ခဲ့ကြသည်။
သူတို့သည် အဝတ်အစားများကိုလည်း သာမန်လူများကဲ့သို့ လဲလှယ်ဝတ်ဆင်ထားကြသည်။ မြောက်ပိုင်း လအင်ပါယာသည် သူတို့ဂိုဏ်းထက် အားနည်းသော်လည်း အချိန်မတိုင်မီ အာရုံစိုက်မခံရအောင် သတိထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တခြားဂိုဏ်းများလည်း အနီးအနားတွင် ရှိနေနိုင်ကြောင်း သူတို့ သိထားသောကြောင့် ဖြစ်သည်။
သူတို့ ၁၁ ဦးလုံး တည်းခိုခန်းတစ်ခန်းသို့ လျှောက်လှမ်းလာခဲ့ကြသည်။ မီယောင်သည် ဝန်ထမ်းနှင့် စကားပြောကာ အခန်း ၁၁ ခန်း ရရန် ကြိုးစားနေသည်။
"မင်းနာမည် ဘယ်သူလဲ။ မင်းကို ကြည့်ရတာ ငါ ဝိညာဉ်ဝင်္ကပါနိုင်ငံမှာ တွေ့ခဲ့တဲ့ ချစ်စရာကောင်းတဲ့ ဝန်ထမ်းလေးနဲ့ တူလိုက်တာ။ သူကလည်း မင်းလိုပဲ ကြင်နာပြီး ယဉ်ကျေးတယ်" လုံချန်းက ဝန်ထမ်းကို ပြောလိုက်သော်လည်း လက်တွေ့တွင်မူ မီယောင်အား ရည်ရွယ်၍ စနောက်ခြင်း ဖြစ်သည်။ မီယောင်၏ မျက်နှာမှာ ဒေါသကြောင့် လှုပ်ရှားသွားသည်။
"ကျေးဇူးတင်ပါတယ်ရှင်" ဝန်ထမ်းမိန်းကလေးက ပြုံးလျက် ပြန်ပြောကာ အခန်းသော့များကို ပေးအပ်လိုက်သည်။
"ကံမကောင်းတာက အဲဒီဝန်ထမ်းလေးက လူသတ်သမား ဖြစ်နေတာပဲ" လုံချန်းက မီယောင်ဘေးမှ လျှောက်ရင်း ပြုံးလျက် ပြောလိုက်သည်။
"ဪ... ဟုတ်လား။ ကံကောင်းလို့ နင် အဲဒီလူသတ်သမားလက်ထဲမှာ မသေသွားတာပေါ့" သူမက သူ့ကို တစ်ချက်ကြည့်ကာ ဆိုသည်။
"ဟင်း... ငါ ဝန်ခံရရင်တော့ ငါ သူမကို သဘောကျခဲ့တာ။ သူမက တကယ် ချစ်စရာကောင်းတာ။ တည်းခိုခန်းကို ပြန်ရောက်ရင် သူ့ကို လက်ထပ်ခွင့်တောင် တောင်းဖို့ မျှော်လင့်ထားတာ" လုံချန်းက နောက်ပြောင်ပြောဆိုလိုက်သည်။
"ဟက်... နင်က အဲဒီလိုကိစ္စတွေ စဉ်းစားဖို့ အရမ်းငယ်လွန်းသေးတယ် မဟုတ်ဘူးလား" သူမက သရော်သော လေသံဖြင့် ဆိုသည်။
"ငါက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပါ။ မင်း သံသယရှိရင် စမ်းသပ်ကြည့်လို့ ရပါတယ်" လုံချန်းက ပြန်ပြောလိုက်သော်လည်း သူမက ဘာမှ ပြန်မပြောတော့ပေ။
သူတို့သည် အခြားသူများနှင့် ပြန်ဆုံကာ အခန်းများ သတ်မှတ်ပေးထားသည့် ပထမထပ်သို့ တက်လာခဲ့ကြသည်။ လုံချန်း၏ အခန်းမှာ မီယောင်နှင့် ချူးမြောင်တို့ အခန်းကြားတွင် ရှိသည်။ မုကျိန်းက သူမနှင့် ကပ်လျက်အခန်းကို ရရှိပြီး ဆူကျန်းက သူနှင့် ကပ်လျက်အခန်းကို ရရှိသည်။
အားလုံးမှာ ပင်ပန်းနေကြသဖြင့် ကိုယ်စီ အခန်းထဲသို့ ဝင်သွားကြသည်။ သူတို့ ပထမဆုံး လုပ်သည့်အလုပ်မှာ အိပ်စက်အနားယူခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တောက်ပသော နေအင်ပါယာ၌ အမျိုးအစားစုံလင်သော မိုးပျံ သားရဲ ၁၁ ကောင်သည် နန်းတော်ရှေ့တွင် ဆင်းသက်လိုက်ကြသည်။
"ကြိုဆိုပါတယ် ဆရာတို့" ခမ်းနားစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက နှုတ်ဆက်လိုက်သည်။
"မင်းက ဘယ်သူလဲ" သားရဲခန်းမအဖွဲ့ကို စောင့်ရှောက် လိုက်ပါလာသည့် အကြီးအကဲက မေးမြန်းလိုက်သည်။ သူသည် ထိပ်ပြောင်သော်လည်း ရှည်လျားသော မုတ်ဆိတ်နက်ကြီး ရှိသည်။
"ကျွန်တော်က ကျိရှန် ပါ။ ကျွန်တော်ဟာ တောက်ပသော နေအင်ပါယာရဲ့ အိမ်ရှေ့မင်းသားပါ" ထိုလူငယ်က ပြန်ဖြေသည်။
"ဪ... မင်းက ကျိမူရဲ့ သားကိုး။ သူကိုယ်တိုင် ငါတို့ကို လာမကြိုဆိုတာ ဘာဖြစ်လို့လဲ" အကြီးအကဲက မေးသည်။
"ဟုတ်ကဲ့ ဆရာ။ ခမည်းတော်က ဆရာတို့ ရောက်လာမှန်း မသိသေးလို့ပါ။ ကျွန်တော် အပြင်မှာ ရပ်နေတုန်း ဆရာတို့ လာတာကို မြင်လိုက်လို့ ခမည်းတော်ကိုယ်စား လာရောက်နှုတ်ဆက်တာပါ" ကျိရှန်က ဖြေကြားသည်။
"အင်း... ကောင်းပြီ။ ငါတို့ကို မင်းအဖေဆီ ခေါ်သွားပါဦး" အကြီးအကဲက ဆိုသည်။
"ဟုတ်ကဲ့ပါ" ကျီရှန်က ခေါင်းညိတ်ကာ ထိုအချိန်တွင် ဧကရာဇ် ထိုင်နေသော နန်းရင်ပြင်သို့ သူတို့ကို လမ်းပြခေါ်ဆောင်သွားသည်။
ဧကရာဇ်၏ ကျန်းမာရေးမှာ အရင်က ဆိုးရွားခဲ့သော်လည်း ယခုအခါ ပြန်လည်ကောင်းမွန်လာပြီး အခန်းပြင်သို့ ထွက်နိုင်နေပြီဖြစ်သည်။
ကျီရှန်သည် အကြီးအကဲနှင့် သားရဲခန်းမအဖွဲ့ကို ခေါ်ဆောင်ကာ ခန်းမထဲသို့ ဝင်လာခဲ့သည်။
"အကြီးအကဲကု... ရောက်လာပြီပဲ။ ကျွန်တော်ကိုယ်တိုင် လာမကြိုနိုင်တာ တောင်းပန်ပါတယ်ဗျာ။ ဆရာတို့ မနက်ဖြန်မှ ရောက်မယ်လို့ ကျွန်တော် ထင်ထားတာ" ဧကရာဇ်က မတ်တတ်ရပ်လျက် အကြီးအကဲဆီသို့ လျှောက်လာရင်း ပြောလိုက်သည်။
"ဟုတ်တယ် ကျီမူ... မင်းကို အပြစ်မတင်ပါဘူး။ ငါတို့က အစီအစဉ်ထက် ပိုမြန်သွားလို့ပါ" အကြီးအကဲ ကုက ပြန်ဖြေသည်။
"ရပါတယ်ဗျာ။ ကျွန်တော် ထမင်းစားပွဲကို အချိန်ရှေ့တိုးလိုက်ပါ့မယ်။ ဒီညပဲ လုပ်ကြမလား" ကျီမူက အကြံပြုသည်။
"မလိုပါဘူး။ ငါတို့ ရက်တော်တော်ကြာအောင် မရပ်မနား ခရီးနှင်လာခဲ့ရတာဆိုတော့ အားလုံး ပင်ပန်းနေကြပြီ။ အခန်းတွေပဲ စီစဉ်ပေးလိုက်ပါ။ သူတို့ တစ်ရက်လောက် အိပ်ချင်နေကြလိမ့်မယ်" အကြီးအကဲ ကုက ဖြေလိုက်သည်။
"ဟုတ်ကဲ့... အခုချက်ချင်း စီစဉ်ပေးပါ့မယ်။ ရှန်... ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို ဧည့်ဂေဟာဆီ ခေါ်သွားလိုက်။ ပြီးတော့ သူတို့ လိုအပ်တာမှန်သမျှကို ဂရုစိုက်ပေးဖို့ အခန်းရှေ့မှာ အစေခံတွေ အသင့်ထားလိုက်ဦး" ကျီမူက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ခမည်းတော်" ကျီရှန်က ခေါင်းညိတ်လိုက်သည်။
"ဒီဘက်က ကြွပါ ဆရာ" ကျီရှန်က အကြီးအကဲ ကုကို ပြောကာ ထွက်ပေါက်ဘက်သို့ ဦးဆောင်လမ်းပြသွားလေသည်။