အခန်း (၃၆၅-၃၆၆)
Vol. 37 Ch. 365-366
အခန်း (၃၆၅) မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်း
ဤကမ္ဘာတွင် လူတစ်ယောက် သေဆုံးပြီး ၁၀ မိနစ်ထက် မကျော်သေးပါက ပြန်လည်အသက်ရှင်စေနိုင်သည့် အသက်ပေးဆေးလုံး ကဲ့သို့သော အံ့ဖွယ်ဆေးလုံးများ ရှိနေသော်လည်း ခန္ဓာကိုယ်တွင် ခေါင်းမရှိတော့လျှင်မူ ထိုဆေးလုံးသည်လည်း အစွမ်းမပြနိုင်တော့ပေ။ ထို့ကြောင့်ပင် လုံချန်းသည် အလောင်းများကို ခေါင်းနှင့် ကိုယ်ထည် အမြဲတမ်း ဖြတ်ပစ်လေ့ရှိသည်။ အထူးသဖြင့် အနာဂတ်တွင် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည့် အစွမ်းထက် ကျင့်ကြံသူများ၏ အလောင်းများကိုဖြစ်သည်။
လုံချန်း ထွက်ခွာရန် ပြင်နေစဉ်မှာပင် နောက်ကွယ်မှ အသံတစ်သံ ကြားလိုက်ရပြန်သည်။
"မင်း ငါတို့ရဲ့ ညီလေး လူကို သတ်လိုက်တယ်ပေါ့။ မင်းကို ငါ သတ်မယ်"
လုံချန်း လှည့်ကြည့်လိုက်ရာ အစွမ်းထက်ဓားဂိုဏ်းမှ တပည့် ၃ ဦးကို တွေ့လိုက်ရသည်။ ၎င်းတို့ ၃ ဦးလုံးမှာ သူ ခုနက သတ်လိုက်သည့် လူငယ်ထက် ပို၍ သန်မာကြသည်။ သူတို့၏ ကျင့်ကြံဆင့်ကို ကြည့်ခြင်းအားဖြင့် သူတို့ထဲတွင် အသန်မာဆုံးသူမှာပင် သူ၏အဖွဲ့မှ ဆူကျန်းနှင့် အဆင့်အတန်း တူညီလောက်သည်ဟု လုံချန်း ခန့်မှန်းလိုက်သည်။
"အလောင်းကိုယူပြီး ထွက်သွားကြစမ်း။ အနည်းဆုံးတော့ မင်းတို့ အခု လမ်းလျှောက်နိုင်သေးတယ်လေ။ မင်းတို့ပါ သေကုန်ရင် အလောင်းတွေကို ဘယ်သူက ပြန်သယ်တော့မှာလဲ" လုံချန်းက ထိုလူများကို ပြောပြီး ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်။
သူသည် ဤကိစ္စထဲတွင် ဆက်မပါဝင်ချင်တော့ဘဲ သူတို့သာ ပြဿနာမရှာပါက လွှတ်ပေးရန် စိတ်ကူးထားသည်။ သို့သော် သူ စိုးရိမ်သည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ ထို ၃ ဦးထဲမှ တစ်ယောက်က သူ၏ ဓားသိုင်းပညာဖြင့် လုံချန်းကို စတင်တိုက်ခိုက်လိုက်သည်။
တောက်ပသော အလင်းတန်းတစ်တန်းသည် လျှပ်စီးလက်သကဲ့သို့ လုံချန်း၏ ကျောပြင်ဆီသို့ ပြေးဝင်လာသည်။ လုံချန်းသည် ဝိညာဉ်နက်ဂိုဏ်း၏ ပညာရပ်ကို အသုံးပြုကာ ဝိညာဉ်စွမ်းအင်ဖြင့် ဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
ထိုဒိုင်းမှာ ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ၃ ကြိမ်မြောက် သန့်စင်ထားသော ရွှေအဆင့် လက်နက်တစ်လက်ကဲ့သို့ ခိုင်ခံ့သည်။ တိုက်ခိုက်မှုမှာ ဒိုင်းပေါ်သို့ ကျရောက်သွားသော်လည်း ကာကွယ်ရေးကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။
"ဒါဆိုရင်လည်း မင်းတို့ ဆုံးဖြတ်ချက်အတိုင်းပဲပေါ့" လုံချန်းက ရေရွတ်ရင်း ထိုလူများကို စိုက်ကြည့်လိုက်သည်။ သူသည် သူ၏ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ လျှပ်စီးကဲ့သို့ပင် ထိုလူများဆီသို့ တိုးဝင်သွားသည်။
လုံချန်းသည် သူ၏ ဘုရင်ဓားဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏ အဓိက ပစ်မှတ်မှာ အဖွဲ့ထဲတွင် အသန်မာဆုံး ကျင့်ကြံသူနှင့် သူ့ကို ခုနက တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ လုံချန်း၏ ဓားနှင့် ထိုလူ၏ ဓားတို့ ထိတွေ့သွားကြသည်။ လုံချန်းနှင့် ထိုလူများအကြား ကျင့်ကြံဆင့် ကွာခြားချက် မရှိသော်လည်း လက်တွေ့ တိုက်ခိုက်ရေးစွမ်းရည်မှာမူ လုံချန်းက များစွာ သာလွန်နေသည်။
ပြင်းထန်သော ထိခိုက်မှုကြောင့် ထိုလူငယ်မှာ နောက်သို့ ခြေလှမ်း ၁၀ လှမ်းခန့် လွင့်ထွက်သွားသော်လည်း လုံချန်းက အသက်ရှူချိန်ပင် မပေးဘဲ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ ထိုလူက ကာကွယ်ရန် သူ၏ဓားကို ထပ်မံ အသုံးပြုသော်လည်း လုံချန်းက ဝိညာဉ်စွမ်းအင်ကို အသုံးပြုရုံဖြင့် ဓားတစ်လက်အား ဖန်တီးနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဝိညာဉ်စွမ်းအင်ဓားမှာ ထိုလူ၏ ရင်ဘတ်ကို ထိုးဖောက်ကာ နှလုံးသားဆီသို့ ရောက်ရှိသွားသည်။
"သေစမ်း"
ကျန်ရှိနေသော လူ ၂ ယောက်က လုံချန်း၏ ကျောပြင်ကို ဓားဖြင့် ထိုးလိုက်ကြသော်လည်း သူတို့၏ ဓားဖျားများ လုံချန်းကို မထိမီမှာပင် လုံချန်းက သူ၏ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ထိုလူ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။ သူတို့၏ ဓားများသည် သူတို့၏ အဖော်ဖြစ်သူ၏ ခန္ဓာကိုယ်ထဲသို့သာ တိုးဝင်သွားတော့သည်။ ထိုလူမှာ ရင်ဘတ်တွင် ဒဏ်ရာရထားပြီးသား ဖြစ်သော်လည်း နောက်ထပ် ဓား ၂ လက်က ထပ်မံ ထိုးစိုက်လိုက်သဖြင့် ချက်ချင်းပင် သေဆုံးသွားသည်။
အစွမ်းထက်ဓားဂိုဏ်းမှ ကျင့်ကြံသူ ၂ ဦးမှာ အံ့သြမှင်သက်ကာ ရပ်နေကြသည်။ လုံချန်းသည် သူတို့၏ နောက်ကွယ်မှနေ၍ ဓားကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူ နှစ်ဦးလုံး၏ လည်ပင်းများ ပြတ်ထွက်သွားတော့သည်။ သူတို့၏ ဦးခေါင်းများမှာ ကိုယ်ထည်မှ သီးခြားစီ ဖြစ်သွားကြသည်။ လုံချန်းသည် ကိုယ်ထည် မပျက်စီးသေးသော လူ၏ အနားသို့ လျှောက်သွားကာ သူ၏ ခေါင်းကိုလည်း ဖြတ်ပစ်လိုက်သည်။
"ငါ့ကို အပြစ်မတင်နဲ့။ ငါ မင်းတို့ကို ထွက်သွားဖို့ ပြောခဲ့သားပဲ" လုံချန်းက ရေရွတ်ရင်း ထွက်ခွာလာခဲ့သည်။
"မင်းရော ငါ့ကို တိုက်ခိုက်ဦးမှာလား။ ဒါမှမဟုတ် အဲဒီထက် ပိုပြီး အသိတရား ရှိမှာလား" လုံချန်းက ရုတ်တရက် နောက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
လူအုပ်ကြီးထဲတွင် ဝတ်ရုံခြုံထားသော လူတစ်ယောက် ရပ်နေပြီး လုံချန်းက ထိုလူကို စိုက်ကြည့်နေခြင်းဖြစ်သည်။
"ဟဲဟဲဟဲ... ဒီလောက် လူအများကြီးကြားထဲမှာ ငါ့ကို သတိထားမိလိမ့်မယ်လို့ မထင်ထားဘူး။ ဘာပဲဖြစ်ဖြစ် ငါ့အတွက် စိတ်မပူပါနဲ့။ ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တရားတယ်လို့ ထင်နေကြတဲ့ အစွမ်းထက်ဓားဂိုဏ်းက လူမိုက်တွေနဲ့ ငါက ဘာသူငယ်ချင်းမှ ဖြစ်နေတာ မဟုတ်ဘူးလေ" ထိုလူက ဆိုသည်။
"ကောင်းပြီ" လုံချန်းက ပြန်ဖြေကာ ထွက်ခွာလာခဲ့သည်။
လုံချန်းသည် လူအုပ်နှင့် ဝေးရာသို့ ရောက်သောအခါ ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်လိုက်သည်။ သူ ဝတ်ထားသော မျက်နှာဖုံးအပြည့်ကို ချွတ်လိုက်ပြီး မျက်နှာ၏ လေးပုံသုံးပုံခန့်ကို ဖုံးကွယ်ထားသော မျက်နှာဖုံးအသစ်တစ်ခုအား လဲဝတ်လိုက်သည်။ ၎င်းက မျက်နှာ၏ အပေါ်ပိုင်းနှင့် အောက်ပိုင်း ညာဘက်ခြမ်းကို ဖုံးကွယ်ပေးထားသည်။
"ငါ့ကို တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူးလို့ ပြောပြီးတော့ ငါ့နောက်ကို ဘာလို့ လိုက်နေရတာလဲ။ မင်းကို ငါက သူငယ်ချင်းလို့ သဘောထားရမလား၊ ရန်သူလို့လား၊ ဒါမှမဟုတ် လူချောင်းတဲ့သူလို့လား" လုံချန်းက နောက်သို့ လှည့်မကြည့်ဘဲ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"အိုး... လူလေး၊ မင်းက ငါထင်ထားတာထက် ပိုပြီး တော်တာပဲ။ ငါ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာတောင် မင်း ငါ့ကို မြင်နိုင်နေသေးတယ်။ မင်းက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။ မင်းက ဘယ်မိစ္ဆာဂိုဏ်းကလဲ" လုံချန်း၏ နောက်ကွယ်မှ ဝတ်ရုံခြုံထားသော လူက ပြောလိုက်သည်။ သူသည် လုံချန်း ထွက်လာကတည်းက နောက်ကွယ်မှ လိုက်လာခြင်းဖြစ်သည်။
"ငါက မိစ္ဆာဂိုဏ်းကလို့ ဘာလို့ ထင်ရတာလဲ။ အစွမ်းထက်ဓားဂိုဏ်းက လူတွေကို သတ်လိုက်လို့လား။ အဖြူရောင်ဂိုဏ်းက တပည့်တွေက အချင်းချင်း မသတ်ကြဘူးလို့ မင်း ဆိုလိုတာလား"
"အချင်းချင်း သတ်တော့ သတ်နိုင်တာပေါ့၊ ဒါပေမဲ့ အဲဒီ တရားတယ်ဆိုတဲ့ လူမိုက်တွေက အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ လူအများရှေ့မှာ ဒီလို ပေါ်ပေါ်ထင်ထင် မလုပ်ကြဘူးလေ"
"အရေးကြီးတဲ့ အချိန် ဟုတ်လား"
လုံချန်း၏ မေးခွန်းကို ကြားသောအခါ ထိုလူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မသိချင်ယောင် ဆောင်မနေပါနဲ့။ ငါက နတ်ကောင်းကင်ဘုံဂိုဏ်း အရေးကို ပြောနေတာဆိုတာ မင်း သိသားပဲ"
"မင်းက ဘယ်ဂိုဏ်းကလဲ" သူက လုံချန်းကို ပြန်မေးသည်။
"မင်း အရင်ဖြေ။ မင်းက ဘယ်ဂိုဏ်းကလဲ" လုံချန်းက နောက်ဆုံးတွင် ရပ်လိုက်ပြီး လှည့်ကြည့်ကာ မေးလိုက်သည်။
"ဟဲဟဲဟဲ... ငါကတော့ အရှေ့ဘက်က မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းကပါ" ထိုလူက ဖြေသည်။
"အင်း... မင်းမှာ သက်သေရှိလား။ မင်းက အဲဒီဂိုဏ်းကဆိုတာ ငါ ဘယ်လို ယုံရမှာလဲ"
"ငါ့မှာတော့ သက်သေအဖြစ် ဒီပစ္စည်းလေး တစ်ခုပဲ ရှိတယ်" ထိုသို့ ဆိုကာ ထိုလူက သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ဓားသွားပေါ်တွင် သွေးကဲ့သို့ နီရဲနေသော စာလုံးတစ်လုံး ထွင်းထုထားသည်။
"ခွန်အား" လုံချန်းက ထိုစာလုံးကို ဖတ်လိုက်သည်။
"တကယ်ပဲ မင်းက မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းကပဲ။ ငါ ဒါကို ကြားဖူးတယ်။ အဲဒီကလူတွေပဲ ဓားပေါ်မှာ ဒီလို စာလုံးတွေ ထွင်းကြတာ" လုံချန်းက ဆိုသည်။ "စာလုံးရဲ့ အရွယ်အစားနဲ့ အရောင်ကို ကြည့်ရသလောက် မင်းက သူတို့ရဲ့ ထိပ်တန်းတပည့်ပဲ မဟုတ်လား"
"အကဲခတ် တော်သားပဲ။ ငါက မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းရဲ့ ထိပ်တန်းတပည့် မန်ရှန်းလီပါ။ မင်းကရော ဘယ်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်လဲ" ထိုလူငယ်က ခေါင်းညိတ်ပြရင်း ပြန်မေးသည်။
"ငါက ဂိုဏ်းတစ်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်ဆိုတာ မင်း ဘယ်လိုသိလဲ" လုံချန်းက စိတ်ဝင်တစား ပြုံးလျက် မေးသည်။
"မင်း တိုက်ခိုက်တာကို ငါ မြင်ခဲ့တယ်လေ။ မင်း တော်တော် သန်မာတယ်။ ငါတောင် မင်းကို နိုင်ပါ့မလားလို့ သံသယရှိမိတယ်။ မင်းလိုလူမျိုးက သာမန်တပည့် ဖြစ်နေဖို့ မဖြစ်နိုင်ဘူး၊ မင်းလည်း ထိပ်တန်းတပည့် တစ်ယောက်ပဲ ဖြစ်ရမယ်"
"မှန်တယ်။ ဖုံးကွယ်ထားစရာ မလိုပါဘူး။ ငါတို့ဂိုဏ်းတွေက ဆက်ဆံရေး မဆိုးကြသလို နတ်ကောင်းကင်ဘုံဂိုဏ်းထဲမှာလည်း ငါတို့ တွေ့ကြရဦးမှာပဲ။ ငါက ဝိညာဉ်နက်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်ပါ" လုံချန်းက ပြန်ဖြေလိုက်သည်။
"ဝိညာဉ်နက်ဂိုဏ်းလား။ မုကျိန်းက အဲဒီဂိုဏ်းမှာ အသန်မာဆုံး မဟုတ်ဘူးလား။ ငါ သူ့ကို အရင်က တွေ့ဖူးတယ်၊ မင်းက သူ မဟုတ်ဘူး" ထိုလူငယ်က သံသယဖြင့် ဆိုသည်။
"ငါက မုကျိန်း မဟုတ်ဘူး၊ ငါက ဝိညာဉ်နက်ဂိုဏ်းရဲ့ ထိပ်တန်းတပည့် အသစ်ပါ။ မုကျိန်းလည်း ဒီမှာ ရှိနေပါတယ်။ နောက်မှ မင်း သူ့ကို တွေ့ရပါလိမ့်မယ်"
"ဪ... မင်း သူ့ကို အောက်ဆွဲချလိုက်တာလား။ ဟားဟားဟား... အဲဒီအကြောင်း သူ့ကို ပြောပြဖို့ ငါ မစောင့်နိုင်တော့ဘူး။ အဲဒီကောင်က အရမ်း မောက်မာတာ။ ငါကိုယ်တိုင်တောင် သူ့ကို မြေလှန်ပစ်ချင်တဲ့ အကြိမ်တွေ မနည်းဘူး၊ ဒါပေမဲ့ ငါတို့ ဂိုဏ်းချင်း ဆက်ဆံရေးကြောင့် အောင့်အည်းနေခဲ့တာ" မန်ရှန်းလီက လုံချန်းကို ပြောသည်။
"သူက မောက်မာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာ ဘယ်သူက မမောက်မာလို့လဲ။ အစွမ်းထက်ဓားဂိုဏ်းက ကောင်တွေကို ကြည့်ဦးလေ။ သူတို့ရဲ့ အဆင့်အတန်းကြောင့် သူတို့အားလုံး မောက်မာကုန်ကြတာ။ ငါကိုယ်တိုင်လည်း မောက်မာတာတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ ငါက ဘယ်အချိန်မှာ အခြေအနေကို ကြည့်ရမလဲ၊ ဘယ်အချိန်မှာ ဆုတ်ခွာရမလဲဆိုတာ သိတယ်" လုံချန်းက ဆိုလေတော့သည်။
အခန်း (၃၆၆) ဒါဟာ အချစ်မဟုတ်ဘူး
"မှန်တာပေါ့။ ဒါနဲ့ မင်းက လက်ထပ်ပွဲကို ဖျက်ဆီးဖို့ စီစဉ်နေတာလား" မန်ရှန်းလီက လုံချန်းကို မေးလိုက်သည်။
"ငါ အဲဒီလိုလုပ်မယ်လို့ မင်း ဘာလို့ ထင်ရတာလဲ" လုံချန်းက စိတ်ဝင်တစား ပြုံးလျက် မေးသည်။
"မင်း အဲဒီကြေညာချက် ပိုစတာကို သေချာစိုက်ကြည့်နေတာ မြင်ကတည်းက ခန့်မှန်းရလွယ်ပါတယ်။ မင်းက မြောက်ပိုင်း လအင်ပါယာရဲ့ မင်းသမီးကိုပဲ မုန်းတာဖြစ်ဖြစ်၊ သူမ လက်ထပ်မယ့်သူကိုပဲ မုန်းတာဖြစ်ဖြစ် တစ်ခုခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ပွဲကို ဖျက်ဆီးဖို့က မင်းရဲ့ အစီအစဉ် ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်" မန်ရှန်းလီက ရှင်းပြသည်။
"ငါ့အစီအစဉ်ကို မင်းက ဘာလို့ ဒီလောက် စိတ်ဝင်စားနေရတာလဲ။ ငါ လက်ထပ်ပွဲကို ဖျက်ဆီးမယ်ဆိုရင်တောင် မင်းနဲ့ ဘာဆိုင်လို့လဲ"
"မှန်ပါတယ်။ ငါနဲ့တော့ ဘာမှမဆိုင်ပါဘူး၊ ဒါပေမဲ့ ငါက ပရမ်းပတာ ဖြစ်ရပ်တွေကို သဘောကျတဲ့သူလေ။ ဒါက တော်တော်လေး ပျော်ဖို့ကောင်းမယ်လို့ ထင်လို့ ငါလည်း မင်းနဲ့အတူ ပူးပေါင်းချင်တယ်" မန်ရှန်းလီက ဆိုသည်။
"ဟင်း... ငါနဲ့အတူ ပရမ်းပတာတွေ ဖန်တီးချင်တယ်ပေါ့။ အဲဒီမှာ အစွမ်းထက်ဓားဂိုဏ်းရဲ့ အကြီးအကဲတွေ ရှိနေမှာကို မင်းသိတယ်မလား။ တခြား အဖြူရောင် ဂိုဏ်းတွေကိုလည်း သူတို့ ဖိတ်ထားနိုင်သေးတယ်။ သားရဲခန်းမက လူတွေလည်း ရှိနေနိုင်တယ်။ မင်းရဲ့ ပျော်ရွှင်မှုအတွက်နဲ့ အသေခံနိုင်လို့လား" လုံချန်းက မေးလိုက်သည်။
"စိတ်လှုပ်ရှားမှု မရှိတဲ့ ဘဝက ဘာအဓိပ္ပာယ် ရှိမှာလဲ။ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝမှာ ရှင်သန်နေတာထက် စိတ်လှုပ်ရှားရင်း သေရတာက ပိုကောင်းပါတယ်။ ပြီးတော့ မင်းက သူတို့ကို ထိပ်တိုက်ရင်ဆိုင် ရလောက်အောင် အထိတော့ မိုက်မဲမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းမှာပါ" မန်ရှန်းလီက ကျယ်ပြန့်စွာ ပြုံးလျက် ဆိုသည်။
"ငါ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းအကြောင်း တချို့တလေ ကြားဖူးပါတယ်။ အခုတော့ သူတို့ပြောတာ မှန်တယ်ဆိုတာ သိလိုက်ရပြီ။ ဒီဂိုဏ်းက တကယ်ကို အရူးတွေနဲ့ ပြည့်နေတာပဲ"
"ဟားဟား... ဖြစ်နိုင်တာပေါ့။ တခြားသူတွေအကြောင်းတော့ ငါမပြောနိုင်ပေမဲ့ ငါကတော့ ပျင်းရိစရာကောင်းတဲ့ ဘဝကို အဆုံးသတ်ပေးမယ့် စွန့်စားခန်းတွေဆိုရင်တော့ တကယ်ကို ရူးသွပ်တာ"
"အင်း... မင်းတို့က စုံတွဲကျင့်စဉ်ဂိုဏ်းက ကောင်တွေထက်စာရင်တော့ အများကြီး ပိုကောင်းပါသေးတယ်။ အစွမ်းထက်ဓားဂိုဏ်း ပါလာတော့ အခြေအနေက နည်းနည်း ရှုပ်ထွေးသွားပေမဲ့ ဒါက လက်လျှော့ရမယ့် အကြောင်းပြချက် မဟုတ်ဘူး။ မင်းရဲ့ အကူအညီကို ငါ ယူလို့ရမှာပဲ" လုံချန်းက မန်ရှန်းလီကို ကြည့်ကာ ပြောလိုက်သည်။
"ဒါနဲ့ မင်းရဲ့ အဖွဲ့က ဘယ်မှာ တည်းနေတာလဲ"
"ငါ့အဖွဲ့လား။ သူတို့က ဂိုဏ်းပေါ်လာမယ့် နေရာမှာ အဆင်သင့် စောင့်နေကြပြီ"
"ဒီလောက်တောင် မြန်တာလား။ ဂိုဏ်းပေါ်လာဖို့က အချိန်အတော်လိုသေးတာ မဟုတ်ဘူးလား"
"အဆင်ပြေပါတယ်။ သူတို့ အဲဒီမှာ စခန်းချထားတာလေ။ သူတို့ ဘာမှမဖြစ်ပါဘူး" မန်ရှန်းလီက ရယ်မောရင်း ပြန်မေးသည်။ "ဒါနဲ့ မင်းကရော မြို့ထဲမှာ ဘာလုပ်နေတာလဲ။ မင်းလည်း အဲဒီမှာ ရှိနေသင့်တာ မဟုတ်ဘူးလား"
"ငါ အဲဒီမှာ ရှိနေတာပဲ၊ ဒါပေမဲ့ ပျင်းလာတာနဲ့ ခိုးထွက်လာတာ" မန်ရှန်းလီက ပြုံးစစဖြင့် ဆိုသည်။
"ငါ ဒါကို မျှော်လင့်ထားသင့်တာပါ" လုံချန်းက ရေရွတ်လိုက်သည်။ "ကဲ သွားကြစို့၊ သောက်စရာ တစ်ခုခု သွားရှာရအောင်။ ပွဲကို ဘယ်လို ဖျက်ဆီးမလဲဆိုတဲ့ အစီအစဉ်ကောင်းတစ်ခု ငါတို့ ဆွဲရဦးမယ်"
လုံချန်းသည် လမ်းမပေါ်တွင် အရက်ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့သဖြင့် ထိုနေရာသို့ ဦးတည်လိုက်သည်။ မန်ရှန်းလီကလည်း နောက်မှ လိုက်လာသည်။
"ဒါနဲ့ မင်းက ဘယ်သူ့နောက်ကို လိုက်နေတာလဲ။ မိန်းကလေးလား၊ ယောကျ်ားလေးလား။ ယောကျ်ားလေး ဖြစ်ရမယ် မဟုတ်လား။ ငါလည်း အဲဒီ တရားတယ်ဆိုတဲ့ လူမိုက်တွေကို မကြိုက်ဘူး" လမ်းလျှောက်ရင်း မန်ရှန်းလီက စကားစမြည် ပြောလာသည်။
"ငါ လိုက်နေတာ အဲဒီ မိန်းကလေးပဲ" လုံချန်းက ဖြေသည်။
"မိန်းကလေး ဟုတ်လား။ အချစ်ကြောင့်လား။ မင်း သူ့ကို ချစ်မိသွားလို့ လုယူချင်တာလား။ မဆိုးပါဘူး၊ အချစ်က တွန်းအားကောင်းတစ်ခုပဲ"
"ဒါဟာ အချစ်မဟုတ်ဘူး။ ဆန့်ကျင်ဘက်ပဲ၊ အဲဒါက အမုန်းတရားပဲ။ ငါ အဲဒီမိန်းမကို မုန်းတယ်"
"မင်းက သူ့ကို မုန်းတယ် ဟုတ်လ။ ဘာလို့လဲ၊ သူက မင်းကို ဘယ်လို စော်ကားခဲ့လို့လဲ။ မင်းကို စော်ကားထားပြီး သူမက အခုထိ ဘယ်လို အသက်ရှင်နေသေးတာလဲ" မန်ရှန်းလီက အံ့သြစွာ မေးသည်။
"သူက ငါ့ကို သတ်ဖို့ ကြိုးစားခဲ့ပြီး ထွက်ပြေးသွားခဲ့တာ။ အခု သူ့ကို ငါ ပြန်တွေ့ပြီဆိုတော့ သူ အကြာကြီး အသက်မရှင်ရတော့ပါဘူး"
"ဪ... ဒါဆိုရင်တော့ သူ သေထိုက်တာပေါ့။ ငါတို့ကို သတ်ဖို့ ကြိုးစားတဲ့သူတွေကို ဘယ်တော့မှ အရှင်မထားသင့်ဘူး။ အားကြီးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ သေရမယ်" မန်ရှန်းလီက ဆိုသည်။
"အေး... သူ သေရလိမ့်မယ်" လုံချန်းက အေးစက်စွာ ဆိုလိုက်သည်။
သူတို့ အရက်ဆိုင်ထဲသို့ ဝင်လိုက်ကြသည်။ "အကောင်းဆုံး သောက်စရာတွေ ပေးစမ်း" လုံချန်းက ဆိုင်ရှင်ကို ပြောလိုက်သည်။
"တစ်ယောက်ကို ငွေပြား ၂ ပြားစီ ကျသင့်မှာပါ" ဆိုင်ရှင်က ပြန်ဖြေသည်။
လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ရွှေပြားတစ်ပြား ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။ "ရော့... သောက်စရာတွေသာ ယူလာခဲ့"
လုံချန်းသည် ဝိညာဉ်ဝင်္ကပါနိုင်ငံ၏ ဘဏ္ဍာတိုက်ကို သိမ်းကျုံးယူလာခဲ့သူဖြစ်ရာ တွန့်တိုနေရန် မလိုအပ်ပေ။
"ဒါမှ ငါကြိုက်တဲ့ ပုဲစံပဲ။ ထိပ်တန်းတပည့်တစ်ယောက်နဲ့ ထိုက်တန်တယ်" မန်ရှန်းလီက လုံချန်းဘေးတွင် ထိုင်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဆိုင်ရှင်က သောက်စရာများ ယူလာပေးရာ လုံချန်းနှင့် မန်ရှန်းလီတို့ စတင်သောက်ကြတော့သည်။
"ဒါက ဝိညာဉ်ဝင်္ကပါနိုင်ငံက သောက်စရာလောက် မကောင်းဘူးပဲ" လုံချန်းက ခွက်ကို စားပွဲပေါ် ပြန်တင်ရင်း ဆိုလိုက်သည်။
"ဟင်... ဝိညာဉ်ဝင်္ကပါနိုင်ငံ ဟုတ်လား။ အဲဒီက သောက်စရာတွေက တကယ်ပဲ အဲလောက် ကောင်းလို့လား"
"မင်း မသောက်ဖူးဘူးလား" လုံချန်းက အံ့သြစွာ မေးသည်။
"မသောက်ဖူးဘူး" မန်ရှန်းလီက ခေါင်းခါပြသည်။
"မင်း ပြန်သွားရင် အဲဒီကို သွားကြည့်သင့်တယ်။ မင်း သွားခဲ့တဲ့အတွက် နောင်တရမှာ မဟုတ်ဘူး။ သူတို့ရဲ့ သောက်စရာက ပထမဆုံး သောက်တဲ့သူတွေအတွက် အံ့သြစရာ ကောင်းတယ်" လုံချန်းက ပြုံးလျက် ဆိုသည်။
"အင်း... မင်း အကြံပေးမှတော့ ငါ သွားကြည့်ရမှာပေါ့။ မြည်းစမ်းကြည့်ဖို့ မျှော်လင့်နေမယ်" မန်ရှန်းလီက သဘောတူလိုက်သည်။
လုံချန်းနှင့် မန်ရှန်းလီတို့ အေးအေးဆေးဆေး သောက်နေကြစဉ် မြို့ထဲတွင်မူ ဆူညံပွက်လောရိုက်နေသည်။
အစွမ်းထက်ဓားဂိုဏ်းမှ တပည့်များသည် လမ်းကြားတစ်ခု၏ ရှေ့တွင် ရပ်နေကြပြီး သေဆုံးနေသော သူတို့၏ အဖော်တပည့်များ၏ အလောင်းများကို စိုက်ကြည့်နေကြသည်။
အရှေ့ဆုံးတွင် ရပ်နေသူမှာ အစွမ်းထက်ဓားဂိုဏ်း၏ ထိပ်တန်းတပည့် ရုရှန် ဖြစ်သည်။ သူသည် အလောင်းများကို ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်ထားသည်။ မြောက်ပိုင်း လအင်ပါယာ၏ မင်းသမီးမုန့် သည်လည်း ရုရှန်နှင့်အတူ ရှိနေသည်။
"ဒါကို ဘယ်သူလုပ်တာလဲ မုန့်" ရုရှန်က မေးလိုက်သည်။
"အစောင့်တွေ မေးမြန်းကြည့်ရ သလောက်တော့ မျက်နှာဖုံးစွပ်ထားတဲ့သူ တစ်ယောက်လို့ သိရတယ်။ အရပ် ၆ ပေလောက်ရှိတဲ့ လူငယ်တစ်ယောက်ပဲ။ ဆံပင်အရှည် အနက်ရောင်ရှိပြီး ရိုးရိုးအဝတ်အစားတွေ ဝတ်ထားတယ်လို့ ပြောတယ်" မုန့်က ဖြေသည်။
"ဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့တဲ့ သူတွေကို ငါ့ဆီ ခေါ်လာခဲ့" ရုရှန်က ဆိုသည်။
"အစောင့်တွေ၊ သက်သေတွေကို ခေါ်လာခဲ့ကြ" မုန့်က အမိန့်ပေးလိုက်သည်။
တော်ဝင်အစောင့်များက လူတစ်ယောက်ကို ရုရှန်ရှေ့သို့ ခေါ်လာပေးသည်။ ကြည့်နေသူများစွာ ရှိသော်လည်း အများစုမှာ ထွက်ပြေးသွားကြပြီး ဤတစ်ယောက်ကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
"သူတို့ သေတာကို မင်း မြင်လိုက်တာလား" ရုရှန်က ထိုလူကို မေးသည်။
"မြင်... မြင်လိုက်ပါတယ်"
"တကယ် ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြစမ်း။ အသေးစိတ် မကျန်စေနဲ့" ရုရှန်က လေးနက်သော လေသံဖြင့် ဆိုသည်။
"ဟုတ်ကဲ့ ဆရာကြီး။ ဘယ်လိုစဖြစ်လဲဆိုတာ ကျွန်တော် မမြင်လိုက်ပေမဲ့ အဲဒီမျက်နှာဖုံးစွပ်ကို သူ တားဖို့ ကြိုးစားတာတော့ မြင်လိုက်ပါတယ်" ထိုသို့ ဆိုကာ အလောင်းတစ်လောင်းကို ညွှန်ပြသည်။
"မျက်နှာဖုံးစွပ်က မရပ်တဲ့အခါ သူက နောက်ကနေ တိုက်ခိုက်ခဲ့တယ်။ ဘယ်လိုဖြစ်သွားလဲ မသိပေမဲ့ နောက်တစ်ခါ ကျွန်တော် မြင်လိုက်ရတာက မျက်နှာဖုံးစွပ်က အဲဒီလူငယ်နားမှာ ရပ်နေပြီး ဓားကို လျှပ်စီးလို လှုပ်ရှားပြီး သတ်လိုက်တာပဲ။ သူက ထပ်ပြီး ထွက်သွားဖို့ ပြင်ပေမဲ့ အဲဒီအချိန်မှာ ဒီ ၃ ယောက် ရောက်လာတာ။ သူတို့က သူ့ကို တားကြတယ်။ သူတို့ ဘာတွေပြောကြလဲဆိုတာ ကျွန်တော် မကြားလိုက်ရပေမဲ့ မျက်နှာဖုံးစွပ်က လှည့်ထွက်သွားတဲ့အချိန်မှာ အဲဒီလူငယ်က စပြီး တိုက်ခိုက်ခဲ့တာပါ" ထိုလူက အခြား အလောင်း တစ်လောင်းကို ညွှန်ပြကာ ပြောပြလေတော့သည်။