← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇) သူ မရှုံးသေးဘူး

​"ဒါမျိုး ဖြစ်လာမယ်လို့ ငါမထင်ဘူး။ သူ့သားရဲတွေရဲ့ မျက်လုံးထဲမှာ ငါမြင်နေရတယ်။ သူတို့က သခင်နဲ့ အရမ်းကို ရင်းနှီးလွန်းတယ်။ တကယ်လို့ သူသာ တိုက်ပွဲမှာ သေသွားခဲ့ရင် သားရဲတွေကလည်း တမင်သက်သက် သူ့နောက်ကို လိုက်သေကြမှာပဲ" ဗုဒ္ဓကျောင်းတော် အကြီးအကဲက ဆိုသည်။

​"တကယ်လား၊ ခင်ဗျားပြောတာဆိုတော့ ယုံရမှာပဲ၊ ဒါပေမဲ့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ သားရဲသခင်တစ်ယောက်က သားရဲတွေနဲ့ ဒီလောက်အထိ သံယောဇဉ်ခိုင်မြဲဖို့ဆိုတာ တော်တော်ရှားတယ်။ အဲဒီကောင်လေးက တော်တော်ထူးခြားတာပဲ။ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းက ဒီလိုတပည့်မျိုးကို ဘယ်လိုရှာတွေ့ခဲ့သလဲဆိုတာ ငါ သိချင်မိတယ်" နိဗ္ဗာန်ဂိုဏ်း အကြီးအကဲက ပြန်ပြောသည်။

​၎င်းတို့ စကားပြောနေကြစဉ် တစ်လျှောက်လုံး အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲမှာမူ တစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

​"ငါ့အတွက် သေစမ်း" ကျိချွမ်းသည် လုံချန်းကို ထပ်မံတိုက်ခိုက်ပြန်ရာ လုံချန်းမှာ နောက်သို့သာ ဆုတ်နေရသည်။

​'ဒီပညာရပ်က နောက်ဆက်တွဲဆိုးကျိုး ရှိ မရှိတော့ မသိဘူး၊ ဒါပေမဲ့ ငါသာ အဲဒါကို ရနိုင်ရင် သိပ်ကောင်းမှာပဲ' လုံချန်းက တွေးတောနေမိသည်။

​သူသည် လောကဘုရင် အစွမ်းကို စတင်အသုံးပြုလိုက်သည်။ ၎င်းမှာ သူ သွေးမျိုးဆက်နန်းတော်၏ ပထမအဆင့် စမ်းသပ်မှုကို အောင်မြင်စဉ်က ရရှိခဲ့သော ဆုလာဘ်ဖြစ်သည်။ ၎င်းသည် တိုက်စစ် သို့မဟုတ် ခံစစ်ပညာ မဟုတ်သော်လည်း မည်သည့် ရွေ့လျားမှုပညာကိုမဆို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သော အစွမ်းရှိသည်။

​လုံချန်းသည် ဤစွမ်းအားကို အသုံးပြုလိုက်သည်နှင့် သူ၏ အရှိန်အဟုန်မှာ သိသိသာသာ မြင့်တက်သွားသည်။ ကျိချွမ်း တိုက်ခိုက်လိုက်စဉ်မှာပင် လုံချန်းက ပျောက်ကွယ်သွားပြီး ကျိချွမ်း၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။ သူသည် နေရာရွှေ့ပြောင်းခြင်း လုပ်စရာပင် မလိုတော့ပေ။

​လုံချန်းသည် ကျိချွမ်း၏ နောက်ကျောကို ကန်လိုက်ရာ ကျိချွမ်းမှာ လေထဲသို့ လွင့်သွားပြီး မြေပြင်ပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားတော့သည်။

​"မင်း..." ကျိချွမ်းသည် ပြန်ထလာပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ လုံချန်းထံသို့ ပြေးဝင်လာပြန်သော်လည်း လုံချန်းက ထိုနည်းအတိုင်းပင် ရှောင်တိမ်းကာ နောက်ကျောကို ထပ်မံကန်ကျောက်လိုက်သည်။ ကျိချွမ်းမှာ မြေပြင်ပေါ်သို့ ဒုတိယအကြိမ် မှောက်လျက်သား ပြုတ်ကျပြန်သည်။

​'ဒီပညာရပ်က သူ့ကို ခွန်အားနဲ့ အရှိန်အဟုန် ပေးပေမဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကိုတော့ လျော့နည်းစေတာပဲ။ အခု သူက တောရိုင်းတိရစ္ဆာန် တစ်ကောင်လို ဖြစ်နေပြီ။ ဒါက ဖြစ်သင့်ပါတယ်။ ဘယ်ပညာရပ်မှ ဆိုးကျိုးမရှိဘဲ အဲဒီလောက်အထိ အစွမ်းမထက်နိုင်ဘူးလေ' လုံချန်းက ဆင်ခြင်လိုက်သည်။

​"ဟင်း... တိုက်ပွဲက ကျိချွမ်းဘက်မှာ အသာမရတော့ဘူး ထင်တယ်။ သူက သားရဲအသွင်ပြောင်းထားလို့ ခွန်အားနဲ့ အရှိန်ရှိပေမဲ့ အခုတော့ မြန်မြန်ဆန်ဆန် စဉ်းစားနိုင်စွမ်း မရှိတော့ဘူး" ဗုဒ္ဓကျောင်းတော် အကြီးအကဲက မှတ်ချက်ပေးသည်။

​"အခုအချိန်မှာတော့ အဲဒီကောင်လေးက ကျိချွမ်းကို ကလေးကစားသလို ကစားနေတာပဲ" နိဗ္ဗာန်ဂိုဏ်း အကြီးအကဲကလည်း ဆိုသည်။

​"မြန်မြန်လုပ်ပါ ညီအစ်ကိုလုံ။ အမြန်အပြတ်ရှင်းလိုက်တော့။ ငါ ဗိုက်ဆာနေပြီ" မန်ရှန်းလီက ဘေးမှ လှမ်းအော်လိုက်သည်။

​'ဒီကောင်စုတ်... မင်းပဲ ဒီတိုက်ပွဲဖြစ်အောင် အစဖော်ခဲ့တာ မဟုတ်ဘူးလား' လုံချန်းက မန်ရှန်းလီကို လှမ်းဆဲချင်သော်လည်း ထိုလူက သူ့ကို အမှန်တကယ် ကူညီပေးခဲ့သည်မှာ အမှန်ပင်။

​ကျိချွမ်းက ထပ်မံတိုက်ခိုက်ရန် ကြိုးစားသော်လည်း လုံချန်းက သူ၏နောက်ကျောသို့ ရောက်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ လုံချန်းက မကန်တော့ဘဲ သူ၏ဓားဖြင့် ကျိချွမ်းကို ထိုးလိုက်ရန် ပြင်လိုက်သည်။ သူသည် ကျိချွမ်းကို သတ်ရန် အကြံမရှိသဖြင့် အရေးကြီးသော နေရာများကို ရှောင်ကွင်းထိုးလိုက်ခြင်း ဖြစ်သော်လည်း ဓားဦးက ကျိချွမ်းအား မထိမီမှာပင် တစ်စုံတစ်ယောက်က တားဆီးလိုက်သည်။

​လုံချန်း မော့ကြည့်လိုက်ရာ အကြီးအကဲ ကုသည် သူ၏ရှေ့တွင် ရပ်နေပြီး လုံချန်း၏ ဓားသွားကို ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်မှာပင် ကျိချွမ်း၏ သားရဲအသွင်ပြောင်းခြင်း အာနိသင် ကုန်ဆုံးသွားပြီး သူသည် ဒူးထောက်လျက်သား လဲကျသွားတော့သည်။

​"ဒါက လူငယ်ချင်းအချင်းချင်း စမ်းသပ်တဲ့ပွဲပဲ။ အသက်အန္တရာယ်ဖြစ်စေမယ့် ဒဏ်ရာတွေ ပေးဖို့ မလိုပါဘူး မဟုတ်လား" အကြီးအကဲ ကုက လုံချန်းကို ကြည့်ကာ ဆိုသည်။

​"ဒါက အသက်အန္တရာယ်ဖြစ်စေမယ့် တိုက်ကွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက ကျုပ်တို့ရဲ့ အောင်ပွဲပဲ" လုံချန်းက ပြောပြောဆိုဆိုဖြင့် သူ၏ဓားကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။

​"ဟားဟားဟား... မိုက်တယ်ကွာ။ သားရဲခန်းမရဲ့ ခေါင်းဆောင်တပည့် ကျိချွမ်းက အခု ငါ့ရဲ့ အစေခံ ဖြစ်သွားပြီ" မန်ရှန်းလီက လုံချန်းအနားသို့ လျှောက်လာရင်း အော်ဟစ်လိုက်သည်။

မင်း​သမီး၏ အလောင်းကို ပွေ့ချီထားရသည့် ဧကရာဇ်မှာ မန်ရှန်းလီ၏ လွတ်လပ်စွာ ရယ်မောနေမှုကို ကြည့်ကာ အံ့သြနေမိသည်။ 'သူက ငါ့သမီးရဲ့ ချစ်သူဆိုတဲ့သူ မဟုတ်ဘူးလား။ ဘာလို့ ဝမ်းနည်းရိပ် တစ်စွန်းတစ်စတောင် မရှိတာလဲ။ အစေခံတစ်ယောက်က ငါ့သမီးထက် ပိုအရေးကြီးနေတာလား။ ဒီဂိုဏ်းကြီးတွေက လူတွေက တကယ်ကို တိရစ္ဆာန်တွေပဲ' သူ စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အပြင်ထုတ် မပြောရဲပေ။

​"မိတ်ဆွေလေး... ဒါကို သရေပွဲလို့ပဲ သတ်မှတ်ရအောင်လား။ တိုက်ပွဲက မပြီးသေးဘူး၊ ငါက သူ့ကို ကာကွယ်ပေးဖို့ တာဝန်ရှိလို့ ကြားဝင်လိုက်ရတာ။ အဲဒီတော့ သူက မရှုံးသေးဘူး။ သူက မင်းရဲ့ အစေခံ ဖြစ်သွားပြီလို့ ပြောလို့မရဘူး" အကြီးအကဲ ကုက ပြုံးစိစိဖြင့် ပြောလိုက်သည်။

​"ခင်ဗျားတို့ဘက်က ကြားဝင်လိုက်တာက ခင်ဗျားတို့ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်တာပဲ။ အဲဒီတော့ သူ ရှုံးသွားတာပဲပေါ့" မန်ရှန်းလီက တုံ့ပြန်သည်။ သို့သော် အခြားအကြီးအကဲများကလည်း အကြီးအကဲကု ဘက်မှ ရပ်တည်ကာ ကျိချွမ်း မရှုံးနိမ့်သေးကြောင်း ပြောဆိုကြသည်။

​"ဟားဟားဟား... ခင်ဗျားတို့ အချင်းချင်း ဖေးမကြမှာကို ကျုပ် မအံ့သြပါဘူး။ ကောင်းပြီလေ... ကျိချွမ်းကို ခင်ဗျားတို့ပဲ ခေါ်ထားလိုက်ပါ။ ကျုပ် သူ့ကို မခေါ်သွားတော့ဘူး။ ဒါပေမဲ့ သူက ကျုပ်ရဲ့ အစေခံဆိုတဲ့ အမှန်တရားကိုတော့ ခင်ဗျားတို့ ဘယ်တော့မှ လိမ်လို့မရဘူး။ ပြီးတော့ ကျိချွမ်း၊ မင်း ငါ့ရဲ့ အစေခံဆိုတာကို ဘယ်တော့မှ မမေ့နဲ့။ မင်းရဲ့သခင်က မင်းကို ဒီမှာ ရက်နည်းနည်းလောက် ထားခဲ့လိုက်ဦးမယ်။ နောက်မှ ပြန်တွေ့ကြတာပေါ့ ငါ့ရဲ့ အစေခံလေး" မန်ရှန်းလီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

​"ဧကရာဇ် နီ... မင်းသမီးရဲ့ အလောင်းကို သိမ်းထားလိုက်ပါ။ သူ့ရဲ့ အဖေကပဲ နောက်ဆုံးစျာပနကို လုပ်ပေးသင့်တာပါ။ ကျုပ်တို့ သွားတော့မယ်" မန်ရှန်းလီက မုန့်၏ အလောင်းကို ဧကရာဇ်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး လုံချန်းနှင့်အတူ ထွက်ခွာသွားကြသည်။

​လုံချန်းနှင့် မန်ရှန်းလီတို့ ထွက်သွားပြီးနောက် အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲမှာ ဒေါသဖြင့် ကြုံးဝါးနေမိသည်။ 'ဒီခွေးကောင်တွေ၊ သူတို့သာ အစွမ်းထက်တဲ့ ဂိုဏ်းက မဟုတ်ရင် ငါ အခုချက်ချင်း သတ်ပစ်လိုက်ပြီ။ အမှန်တရားတာအိုဂိုဏ်းက လူတွေ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ!။သူတို့သာ ရှိရင် ငါ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းကို ကြောက်နေစရာ မလိုဘူး။ နတ်ကောင်းကင်ဘုံဂိုဏ်း အပြင်ဘက် ရောက်ရင်တော့ အဲဒီကောင်တွေကို ငါ သေချာပေါက် သတ်မယ်'

အခန်း (၃၇၈) ပျောက်ကွယ်သွားခြင်း (၁)

​"အခု ဘယ်လိုခံစားရလဲ။ ကလဲ့စားချေရတာ ကျေနပ်ဖို့ကောင်းရဲ့လား" မန်ရှန်းလီက လုံချန်း၏ အရှိန်နှင့်အမီ လိုက်လျှောက်ရင်း မေးလိုက်သည်။

​"ကောင်းပါတယ်... တရားမျှတတဲ့ စီရင်ချက်တစ်ခုလိုပါပဲ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ငါကိုယ်တိုင် သတ်ခဲ့ရင် ပိုကောင်းမလားလို့တော့ တွေးမိသား" လုံချန်းက နန်းတော်ဘက်သို့ တစ်ချက်လှည့်ကြည့်ရင်း ပြန်ဖြေသည်။

​"ဟားဟား... ဒါက လူ့သဘာဝပဲ သူငယ်ချင်း။ ဘယ်လောက်ပဲ ရရ၊ ပိုပြီးတော့ပဲ လိုချင်နေတတ်ကြတာပဲ။ သူ မင်းကို ဘယ်လိုသတ်ဖို့ ကြိုးစားခဲ့လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူရဲ့ လက်နဲ့ အသတ်ခံရတာက ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကလဲ့စားချေမှုတွေထဲက တစ်ခုပဲ။ ဂုဏ်သိက္ခာလည်း ပျက်စီးသွားသလို ချစ်သူရဲ့လက်နဲ့လည်း သေသွားရတယ်လေ" မန်ရှန်းလီက ရယ်မောကာ ဆိုသည်။

​"မင်း အဲဒီနေရာမှာ မှားနေပြီ။ သူက ရုရှန်ကို မချစ်ဘူး" လုံချန်းက တုံ့ပြန်လိုက်သည်။

​"ဘာလဲဟ။ ဒါဆို အစွမ်းထက်ဓားဂိုဏ်းက သူ့ကို အတင်းအကျပ် လက်ထပ်ခိုင်းတာဆိုတာ တကယ်ပေါ့" မန်ရှန်းလီက မယုံနိုင်သလို မေးလိုက်သည်။

​"တစ်မျိုးပြောရရင် ဆန့်ကျင်ဘက်ပဲ။ ရုရှန်နဲ့ လက်ထပ်နိုင်ဖို့ သူကပဲ သူတို့ကို လှည့်စားခဲ့တာ။ အစွမ်းထက်ဓားဂိုဏ်းက လူတွေကို သူ့နန်းတော်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ပြီး ရုရှန်ရဲ့ နှလုံးသားကို ရအောင် အကွက်ဆင်ခဲ့တာ။ ရုရှန်ကို သူက ချစ်နေသလိုမျိုး၊ ရုရှန်ကလည်း သူ့ကို ပြန်ချစ်နေသလိုမျိုး ခံစားရအောင် သူက ဖန်တီးခဲ့တာလေ"

​"ဪ... ဒါဆို သူက ရုရှန်ကို မချစ်ဘဲနဲ့ ဒါတွေအားလုံးက သူ့ရဲ့ အစီအစဉ်ပေါ့။ ဘာလို့လဲ၊ အင်း... ငါ သိပြီ။ ရုရှန်က အစွမ်းထက်ဓားဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ် ဖြစ်လာမယ့်သူပဲ။ သူနဲ့ လက်ထပ်လိုက်ရင် သူ့ရဲ့ ဘဝက ပြည့်စုံသွားမှာကိုး" မန်ရှန်းလီက သဘောပေါက်သွားဟန်ဖြင့် ဆိုသည်။

​"ဟုတ်တယ်" လုံချန်းက ပြန်ဖြေရင်း အတောင်ပံပါ ခြင်္သေ့ကို ဆင့်ခေါ်ကာ အပေါ်သို့ တက်လိုက်သည်။

​"မင်း ဒါတွေကို ဘယ်လို သိနေတာလဲ" မန်ရှန်းလီက မေးသော်လည်း လုံချန်းက မဖြေဘဲ ပျံသန်းထွက်ခွာသွားတော့သည်။

​"ဟေး... နေဦးလေ" မန်ရှန်းလီကလည်း သူ၏ ပျံသန်းနိုင်သော သားရဲကို ထုတ်ကာ လုံချန်းနောက်သို့ လိုက်လာသည်။

​တည်းခိုခန်းနှင့် အနည်းငယ်ဝေးသော နေရာတစ်နေရာတွင် သူတို့ ဆင်းသက်လိုက်ကြသည်။

​"မင်း သူ့အကြောင်း ဒီလောက်အများကြီး သိနေတာကို ငါ့ကို မပြောရသေးဘူးနော်။ ပြီးတော့ သူက ဘာလို့ မင်းရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ပေးတာလဲ"

​"သူ့ရဲ့ လက်ထပ်ပွဲ နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ ငါ သံသယရှိလို့ သူနဲ့ စကားပြောကြည့်တော့ သူကိုယ်တိုင်ပဲ ဝန်ခံခဲ့တာ။ ဘာလို့ ငါ့စကား နားထောင်လဲဆိုတာကတော့ အခုချိန်မှာ မအရေးကြီးတော့ဘူး မဟုတ်လား" လုံချန်းက ပြုံးလျက် ဆိုသည်။ "ဒါနဲ့... မင်းက မင်းလူတွေဆီ ပြန်သွားမှာလား၊ ဒါမှမဟုတ် မြို့ထဲမှာပဲ ဆက်နေဦးမှာလား"

​"ပြန်သွားတော့မယ်။ အပျော်အပါးတွေလည်း တော်တော်စုံနေပြီ၊ အကြီးအကဲလည်း စိုးရိမ်နေလောက်ပြီ။ သူ ငါ့ကို လိုက်ရှာဖို့ ဒီအထိ ရောက်လာတာမျိုးတော့ မဖြစ်ချင်ဘူး" မန်ရှန်းလီက ခပ်နွမ်းနွမ်း အပြုံးဖြင့် ဆိုသည်။

​"ကောင်းပြီ... ဒါဆို နတ်ကောင်းကင်ဘုံဂိုဏ်းမှာ ပြန်တွေ့ကြတာပေါ့" လုံချန်းက နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။

​လုံချန်း တည်းခိုခန်းသို့ ပြန်ရောက်သောအခါ မီယောင်သည် သူမ၏ အခန်းတံခါးရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် မှင်သက်သွားသည်။ အရင်က မြင်ဖူးနေကျ ပုံစံအတိုင်းပင်။

​"မင်းက တော်တော် ထူးဆန်းတာပဲ။ ငါပြန်လာတိုင်း ဘာလို့ တံခါးရှေ့မှာ အမြဲ ရပ်နေရတာလဲ။ အခန်းထဲမှာ တစ်ယောက်တည်း နေရမှာ ကြောက်လို့လား။ မင်းကို အဖော်ပြုပေးဖို့ ငါ မင်းအခန်းထဲ ပြောင်းလာပေးရမလား"

​"ငါက ကလေးမဟုတ်ဘူး၊ ကြောက်လို့လည်း မဟုတ်ဘူး။ ဒါထက်... ငါ နောက်ဆုံးပြောခဲ့တဲ့ စကားကို နင် နားမလည်တာလား။ ဘာလို့ အပြင်ကို ထပ်ထွက်သွားရပြန်တာလဲ" သူမက ဒေါသတကြီး လှမ်းမေးသည်။

​"မှတ်မိပါတယ်။ အခု ထိပ်တန်းဂိုဏ်းတွေ အများကြီး ရောက်နေလို့ အပြင်မှာ မလုံခြုံဘူးလို့ မင်းပြောခဲ့တယ်လေ။ ငါလည်း မင်းကို စိတ်မပူဖို့နဲ့ ငါ အဆင်ပြေမှာပါလို့ ပြန်ပြောခဲ့တာ မင်းမှတ်မိမှာပါ"

​"မနေ့က အစွမ်းထက်ဓားဂိုဏ်းနဲ့ စုံတွဲကျင့်စဉ်ဂိုဏ်းတို့ တိုက်ပွဲဖြစ်တာ နင်သိလား။ နှစ်ဖက်လုံးက လူတွေသေကုန်ကြတာ။ နင်လည်း အဲဒီလို အသေစာရင်းထဲ ပါသွားနိုင်တယ်ဆိုတာ မသိဘူးလား။ ငါ့ကို ဘာလို့ ဒီလောက်အထိ စိတ်ဒုက္ခပေးနေရတာလဲ" မီယောင်၏ အသံမှာ ငိုချင်စိတ် ပေါက်နေသော်လည်း မျက်ရည်တော့ ကျမလာပေ။

​"ငါက အပြင်ထွက်တိုင်း ပြဿနာရှာတတ်တယ်လို့ မင်းဘာလို့ ထင်နေတာလဲ။ ဘယ်ဂိုဏ်းကမှ ငါ့မျက်နှာကို မမြင်ဖူးသလို ငါကလည်း ဝိညာဉ်နက်ဂိုဏ်းကပါလို့ လျှောက်ပြောမနေပါဘူး။ လေကောင်းလေသန့် ထွက်ရှူရုံပါပဲ"

​"ဪ... လေကောင်းလေသန့် ရှူတာ ၂ ရက်တောင် ကြာတာလား" မီယောင်က ရိသဲ့သဲ့ ဆိုသည်။

​"ဘာပြောရမလဲ... ငါ့ရဲ့ အဆုတ်က တော်တော် ကြီးတာကိုး။ ဘာပဲဖြစ်ဖြစ် ငါ ပင်ပန်းနေပြီမို့ သွားနားတော့မယ်။ မင်္ဂလာညပါ၊ စိတ်မပူပါနဲ့တော့... ငါ အပြင်ထပ်မထွက်တော့ဘူး။ အားလုံး ပြီးသွားပြီ" လုံချန်းက ပြောပြောဆိုဆိုဖြင့် အခန်းထဲဝင်ကာ တံခါးပိတ်လိုက်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

​လုံချန်း ကျင့်ကြံနေစဉ်မှာပင် မြောက်ပိုင်း လအင်ပါယာ၏ မြို့တော် အပြင်ဘက်တွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေသည်။ ၎င်းမှာ နတ်ကောင်းကင်ဘုံဂိုဏ်း ပေါ်ထွက်လာမည်ဟု ယူဆရသော နေရာဖြစ်သည်။

​ထိုနေရာ၏ ၁ ကီလိုမီတာ ပတ်လည်တွင် ကောင်းကင်ယံ၌ မည်းမှောင်နေသော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ချီစွမ်းအင်များမှာလည်း အဆမတန် မတည်မငြိမ် ဖြစ်နေသည်။ ဂိုဏ်းအချို့မှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီး မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းမှာလည်း တစ်ဂိုဏ်းအပါအဝင် ဖြစ်သည်။

​"အစ်ကို လီ... နင် ထပ်ပြီး ထွက်ပြေးပြန်ပြီနော်။ အကြီးအကဲ သိသွားတုန်းက ဘယ်လောက် ဒေါသထွက်သွားလဲ နင် မခန့်မှန်းနိုင်ဘူး။ မြန်မြန်သွားပြီး တောင်းပန်လိုက်တော့။ နင်က ပြဿနာအရှာဆုံးပေမဲ့ သူ့ရဲ့ အချစ်ဆုံး တပည့်ပဲ။ သူ နင့်ကို သိပ်ဆူမှာ မဟုတ်ပါဘူး" ပြန်ရောက်လာသော မန်ရှန်းလီကို မိန်းကလေးတစ်ဦးက အသိပေးလိုက်သည်။

​"အကြီးအကဲ ဒေဝီပဲဟာ... အဆင်ပြေမှာပါ" မန်ရှန်းလီက ယုံကြည်မှုရှိရှိဖြင့် အကြီးအကဲ၏ တဲအတွင်းသို့ ဝင်သွားသည်။

​မိန်းကလေးသည် တဲအပြင်ဘက်တွင် ရပ်နေစဉ် အကြီးအကဲက မန်ရှန်းလီကို ဆူပူနေသော အသံကျယ်ကြီးကို ကြားနေရသဖြင့် ခိုး၍ ရယ်နေမိသည်။ သူမသည် တဲအပြင်ဘက်တွင် ရပ်နေရင်း အလှမ်းကွာသော နေရာတစ်နေရာတွင် တဖျတ်ဖျတ် တောက်ပြောင်နေသည့် အရာတစ်ခုကို သတိပြုမိသွားသည်။

​သူမသည် စပ်စုချင်စိတ်ဖြင့် ထိုအရာရှိရာသို့ လျှောက်သွားလိုက်သည်။ စွမ်းအင်များ မတည်မငြိမ်ဖြစ်နေသည့် ဗဟိုချက်အတွင်းသို့ သူမ ဝင်ရောက်သွားသော်လည်း သူမ၏ မျက်လုံးများမှာ ထိုအရာပေါ်မှ မခွာပေ။ အနားရောက်သွားသောအခါ နေနှင့်လ ပုံဖော်ထားသည့် ရွှေအုတ်ခဲတစ်ချပ် ဖြစ်နေသည်ကို မြင်လိုက်ရသည်။

​"လှလိုက်တာ..." သူမက တိုးတိုးလေး ရေရွတ်ရင်း ထိုရွှေအုတ်ခဲကို ကောက်ယူရန် လက်ဖြင့် ထိလိုက်သည်။ သို့သော် သူမ၏ လက်နှင့် ထိလိုက်သည်နှင့် သူမသည် ရွှေအုတ်ခဲနှင့်အတူ လေထဲတွင်ပင် တစ်စုံတစ်ရာ မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။

​တစ်နာရီခန့် ဆူပူကြိမ်းမောင်းခံရပြီးနောက် မန်ရှန်းလီသည် တဲအတွင်းမှ ထွက်လာသည်။ သူသည် ရက်သတ္တပတ်ပေါင်းများစွာ အိပ်မပျော်ထားသူကဲ့သို့ ပင်ပန်းနွမ်းနယ်နေပုံရသည်။

​"ဟိုကောင်မလေး။ ငါက အချစ်ဆုံးမို့လို့ သိပ်မဆူပါဘူးတဲ့လား။ တောင်းပန်တာတောင် မရဘူး။ သူ ဘယ်ရောက်နေတာလဲ။ ငါ့ကို နောက်ပြောင်တဲ့အတွက် သူမကို ပညာပေးရမယ်။ ငါခံရသလောက် သူ့ကိုလည်း ပြန်ဆူခိုင်းရမယ်" မန်ရှန်းလီက ထိုမိန်းကလေးကို ပြန်လည် စနောက်ရန် ရှာဖွေသော်လည်း မည်သည့်နေရာတွင်မှ မတွေ့ရပေ။ အခြားတပည့်များကို မေးကြည့်သော်လည်း မည်သူမှ မသိကြချေ။

​သူ စတင် စိုးရိမ်လာသည်။ "စီချီ " သူ ကျယ်လောင်စွာ အော်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

​"ငါ့ကို မနောက်ပါနဲ့တော့။ မင်းကို ပြန်မဆူတော့ဘူးလို့ ကတိပေးတယ်" သူ ထပ်မံ ပြောဆိုသော်လည်း စီချီ ထွက်မလာခဲ့ပေ။ မန်ရှန်းလီသည် အခြေအနေ မဟန်တော့သည်ကို သိသဖြင့် အကြီးအကဲ ဒေဝီထံသို့ အပြေးအလွှား သတင်းသွားပို့လိုက်လေတော့သည်။

All Chapters