အခန်း (၃၉၃-၃၉၄)
Vol. 40 Ch. 393-394
အခန်း (၃၉၃) ဝိညာဉ်
လုံချန်းသည် ဤနေရာတွင် လုံးဝမတွေ့နိုင်ဟု ထင်ထားသည့် အရာကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။ ရွှင်းပင်လျှင် အံ့အားသင့်သွားမိသည်။
"ဒါ ဘယ်လိုနေရာကြီးလဲ... ဒီမှာ ရတနာတွေ ရှိမယ်မှတ်တာ၊ အခုတော့ ဒါကြီးလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း အော်ဟစ်လိုက်မိသည်။
"ဒါနဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုတော့ ရှိတယ်" ရွှင်းက ပြန်ဖြေသည်။
"ဒီအဆောက်အဦးရဲ့ အဆုံးမှာ အရိုးစုတွေ ဒီလောက်တောင် များနေတာကိုလား... ငါ့မှာလည်း တွေးထားတာလေးတွေ ရှိပါတယ်" လုံချန်းက ရွှင်းကို တစ်ချက်ကြည့်ရင်း ဆိုသည်။
"ဟုတ်တယ်... ဒီနေရာဟာ အမှားလုပ်မိတဲ့ တပည့်တွေကို အပြစ်ပေးဖို့ သုံးတဲ့ အကျဉ်းထောင် ဖြစ်နိုင်တယ်။ ဂိုဏ်းတိုင်းမှာ ဒီလိုနေရာမျိုး ရှိတတ်ကြတာပဲ။ ပုံမှန်ဆိုရင်တော့ ပြစ်ဒဏ်စေ့ရင် ပြန်လွှတ်ပေးကြတာပေါ့၊ ဒါပေမဲ့ ပြန်မလွှတ်ရသေးခင်မှာပဲ ဂိုဏ်းကြီး ပျက်စီးသွားတာ ဖြစ်နိုင်တယ်" ရွှင်းက ဆက်လက်ရှင်းပြသည်။ "ဒီလူတွေဟာ ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ အရာကြောင့်ပဲ အသတ်ခံလိုက်ရလို့ အရိုးစုတွေပဲ ကျန်ရစ်တာ ဖြစ်နိုင်သလို၊ ဒါမှမဟုတ် သူတို့ အသက်ရှင်ကျန်ခဲ့ရင်တောင် ထွက်ပြေးစရာ လမ်းမရှိတာကြောင့် ဒီမှာတင် သေဆုံးသွားကြတာလည်း ဖြစ်နိုင်တယ်။ နှစ်ပေါင်းထောင်ချီ ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ ရုပ်အလောင်းတွေ ပုပ်သိုးကုန်ပြီး အရိုးစုတွေပဲ ကျန်တော့တာပေါ့"
"ငါလည်း အဲဒီလိုပဲ တွေးနေတာ။ ဒါဆို ဒါတွေက တပည့်တွေရဲ့ အရိုးစုတွေပေါ့... ဒီဂိုဏ်းကြီးမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ တကယ် သိချင်မိတယ်။ နတ်ကောင်းကင်ဘုံဂိုဏ်းက သိုင်းပညာရှင်တွေရဲ့ အလောင်းတွေတောင် ပျောက်ကွယ်သွားတယ်လို့ ငါကြားဖူးတယ်။ ရတနာတွေနဲ့ အဝတ်အစားတွေပဲ ကျန်ရစ်ခဲ့တယ်တဲ့။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက လေထဲကို ပျောက်ကွယ်သွားသလိုပဲ။ အနည်းဆုံးတော့ ဒီလူတွေက အရိုးစုလေးတွေတောင် ကျန်သေးတယ်၊ ဟိုလူတွေကတော့ အဲဒါလေးတောင် မကျန်ခဲ့ဘူး" လုံချန်းက သက်ပြင်းချကာ ဆိုသည်။
"သွားကြစို့... ဒီမှာ ဘာမှ အသုံးဝင်တာ မရှိဘူး။ ကံမကောင်းစွာနဲ့ ရတနာဆိုလို့ တစ်ခုမှ မရှိပါလား" လုံချန်းက ရေရွတ်ရင်း လှည့်ထွက်လာခဲ့သည်။
သူသည် အပေါ်ထပ်သို့ ပြန်တက်ကာ အဆောက်အဦးပြင်ပသို့ ထွက်လာပြီး မြေပြင်ပေါ်သို့ နေရာရွှေ့ပြောင်းခြင်းဖြင့် ဆင်းသက်လိုက်သည်။
"ချူးမြောင်... ငါ ပြီးပြီ။ သွားကြစို့"
လုံချန်းက ချူးမြောင်ကို လှမ်းပြောလိုက်ရာ သူမက ခေါင်းညိတ်ပြသည်။ သူတို့ နှစ်ယောက် အတူတကွ လျှောက်လှမ်းလာကြစဉ် ချူးမြောင်က ကျန်ရှိသော အဆောက်အဦး သုံးခုအကြောင်းကို မေးမြန်းသည်။
"ဒုတိယ အဆောက်အဦးမှာတော့ ရေပန်းအချို့ ရှိတယ်။ အဲဒီရေတွေက ခန္ဓာကိုယ်ရဲ့ ဝေဒနာတွေကို ကုသပေးနိုင်ပြီး သန့်စင်ပေးနိုင်တယ်" လုံချန်းက ပြောပြသည်။
"တကယ် အံ့သြဖို့ကောင်းတာပဲ... နင် ငါ့အတွက် နည်းနည်းလောက် ခပ်မလာဘူးလား" ချူးမြောင်က မေးသည်။
"ခပ်လာချင်တာပေါ့... ဒါပေမဲ့ အဲဒီရေကို ဘာနဲ့မှ ခပ်ယူလို့မရဘူး။ ရေထွက်တဲ့ နေရာမှာတင် သောက်မှရတာ။ အဲဒါကြောင့် ငါ ယူမလာနိုင်ခဲ့တာပါ" လုံချန်းက ပြန်ဖြေသည်။
"ဪ... ဒါဆို ကျန်တဲ့ အဆောက်အဦး နှစ်ခုကရော"
"ကျန်တဲ့ နှစ်ခုကတော့ ဘာမှ အသုံးမကျပါဘူး။ တတိယမြောက် အဆောက်အဦးမှာ ပြာတွေကလွဲလို့ ဘာမှမရှိဘူး။ တစ်ယောက်ယောက်က အကုန်လုံးကို မီးရှို့ဖျက်ဆီးထားတာ ထင်တယ်။ စတုတ္ထ အဆောက်အဦးကတော့ အကျဉ်းထောင်တစ်ခုလိုပါပဲ။ မြေအောက်ကို ဆင်းသွားရပြီး အဲဒီမှာ အရိုးစုတွေပဲ ရှိတယ်၊ အကျဉ်းသားတွေရဲ့ အရိုးစုတွေလို့ ထင်တာပဲ" လုံချန်းက ရှင်းပြလိုက်သည်။
"အင်း... တကယ့် ရတနာတွေရှိတဲ့ နေရာကို ငါတို့ မတွေ့သေးဘူး ထင်တယ်နော်။ မြန်မြန် သွားကြစို့။ တခြားလူတွေက ရှေ့ရောက်နေကြပြီဆိုတော့ ငါတို့ထက် အရင် ရတနာတွေ ရှာတွေ့သွားလိမ့်မယ်" ချူးမြောင်က ဆိုသည်။
လုံချန်းကလည်း သူမ၏ စကားကို သဘောတူသဖြင့် သူတို့ နှစ်ယောက်စလုံး အရှိန်မြှင့်ကာ ရှေ့သို့ ဆက်သွားကြသည်။
နှစ်နာရီခန့် လျှောက်လှမ်းလာစဉ်အတွင်း သူတို့သည် ရေကန်ငယ်လေးများ၊ ဥယျာဉ်များ၊ ခမ်းနားလှသော သားရဲရုပ်တုများနှင့် အခြား အလှအပများကို မြင်တွေ့ခဲ့ရသော်လည်း သူတို့ရှာနေသော အဆောက်အဦးများကိုမူ မတွေ့ရသေးပေ။
ခဏအကြာတွင် သူတို့ရှေ့၌ တံတိုင်းရှည်ကြီးတစ်ခုကို မြင်လိုက်ရသည်။ တံတိုင်း၏ အလယ်တွင် တံခါးတစ်ချပ် ရှိပြီး တံတိုင်းမှာ သုံးမီတာခန့်သာ မြင့်သည်။ ထို့ကြောင့် တစ်ဖက်သို့ တစ်စုံတစ်ယောက် ခိုးဝင်လာမည်ကို စိုးရိမ်ပုံမရပေ။ လုံချန်းက တံခါးကို သွားရောက် တွန်းဖွင့်သော်လည်း သော့ခတ်ထားသည်။
"နင် တံတိုင်းကို ကျော်နိုင်တယ်မလား... ဒါမှမဟုတ် ကြိုးအကူအညီ ထပ်လိုဦးမလား" လုံချန်းက ချူးမြောင်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဒီလောက် နိမ့်တဲ့ တံတိုင်းကိုတော့ ကျော်နိုင်တာပေါ့။ သုံးထပ်တိုက်နဲ့ သုံးမီတာမြင့်တဲ့ တံတိုင်းက အများကြီး ကွာခြားပါတယ်နော်" ချူးမြောင်က ပြန်ပြောသည်။
"သေချာအောင် မေးကြည့်တာပါ" လုံချန်းက ပြောပြောဆိုဆိုနှင့် တံတိုင်း တစ်ဖက်သို့ ခုန်ကျော်လိုက်သည်။ ချူးမြောင်လည်း ခုန်ကျော်လိုက်ရာ တံတိုင်း၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားကြသည်။
"ဒါ သူတို့ရဲ့ သင်္ချိုင်းကုန်းနဲ့ တူတယ်"
နေရာအနှံ့ရှိ ဂူဗိမာန်များကို မြင်လိုက်ရသဖြင့် လုံချန်းက ရေရွတ်လိုက်သည်။
"နတ်ကောင်းကင်ဘုံဂိုဏ်းက အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေရဲ့ သင်္ချိုင်းကုန်းပေါ့။ သွားကြစို့... ရတနာတွေ ရှာဖို့အတွက်နဲ့ ဒီလိုနေရာမျိုးကို မဖျက်ဆီးသင့်ဘူး" ချူးမြောင်က ဆိုသည်။
"ဟုတ်တယ်... ငါလည်း အဲဒီလိုပဲ တွေးနေတာ။ ဒီမှာ ငါတို့ လိုအပ်တဲ့ အရာရှိမယ် မထင်ဘူး" လုံချန်းက ပြန်လှည့်ရန် ပြင်လိုက်စဉ် အဝေးတစ်နေရာမှ တစ်ခုခု တောက်ပနေသည်ကို မြင်လိုက်ရသည်။ သူသည် ထိုအရာရှိရာ သင်္ချိုင်းကုန်းအတွင်းပိုင်းသို့ လျှောက်သွားသည်။
"ဟေး... နေဦး၊ အဲဒီကို မသွားနဲ့။ သွားကြစို့လေ" ချူးမြောင်က လှမ်းခေါ်သော်လည်း လုံချန်းက မရပ်ပေ။
သူသည် တောက်ပနေသော အရာရှိရာသို့ လျှောက်သွားကာ ကောက်ယူကြည့်လိုက်သည်။
"နားကပ် တစ်ဖက်လား" သူက ရှာတွေ့လိုက်သော နားကပ်ကို ကြည့်ကာ ရေရွတ်သည်။
"အဲဒါက ကမ္ဘာမြေအဆင့် ရတနာတစ်ခုပဲ။ မဆိုးပါဘူး" ရွှင်းက လုံချန်းကို အချက်အလက် ပေးသည်။
"သင်္ချိုင်းကုန်းကနေ နားကပ်တစ်ဖက် ကောက်ရတာက တစ်မျိုးကြီးပဲ၊ ဒါပေမဲ့ ရတနာကတော့ ရတနာပါပဲ" လုံချန်းက ဆိုကာ နားကပ်ကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။
ယခုအခါ လုံချန်းသည် သင်္ချိုင်းကုန်း၏ အလယ်ဗဟိုတွင် ရောက်နေသဖြင့် အဆုံးဘက်ရှိ ဂူတစ်လုံးကို လှမ်းမြင်လိုက်ရသည်။
"ဂူတစ်လုံး တွေ့တယ်... ဒီကို လာခဲ့" လုံချန်းက ချူးမြောင်ဆီ အသံရောက်အောင် လှမ်းခေါ်လိုက်သည်။
ချူးမြောင်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် သူရှိရာသို့ လျှောက်လာသည်။
"ဟိုမှာ ဂူတစ်လုံး ရှိတယ်... အဲဒီကိုလည်း သွားကြည့်ရအောင်။ တစ်ခုခု အသုံးဝင်တာ ရှိနိုင်တယ်" လုံချန်းက ပြောရင်း ဂူဆီသို့ ဦးတည်လိုက်သည်။
မကြာမီမှာပင် ဂူထဲသို့ သူတို့ နှစ်ယောက်စလုံး အတူတကွ ဝင်လိုက်ကြသည်။ လုံချန်းက ဂူအတွင်းပိုင်းသို့ လျှောက်သွားသော်လည်း များသောအားဖြင့် ဗလာကျင်းနေသည်။ ဂူ၏ အဆုံးသို့ ရောက်သောအခါမှ ထူးခြားသော အရာတစ်ခုကို တွေ့လိုက်ရသည်။
ထိုနေရာတွင် ခေါင်းတလားတစ်လုံး ရှိနေပြီး ခေါင်းတလားရှေ့တွင် မိန်းကလေးတစ်ဦး ထိုင်နေသည်။ လုံချန်းသည် သူမ ဝတ်ဆင်ထားသော အဝတ်အစားကို မှတ်မိသည်။ ၎င်းမှာ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းမှ တပည့်များ၏ ဝတ်စုံပင် ဖြစ်သည်။
"နင်က မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းက တပည့်လား။ ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ" လုံချန်းက မေးလိုက်သည်။ သူမ၏ ကျောပြင်ကိုသာ မြင်ရသဖြင့် မည်သူဖြစ်သည်ကို သူ မသိပေ။
မိန်းကလေးသည် ဖြည်းညှင်းစွာ ထရပ်ကာ လှည့်ကြည့်လိုက်သည်။ ထိုအခါမှ လုံချန်းသည် သူမ၏ မျက်နှာကို မြင်လိုက်ရသည်။
"နင်က မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းက ကိုးယောက်အဖွဲ့ထဲမှာ မပါပါဘူး... နေဦး၊ နင်က ပျောက်ဆုံးသွားတဲ့ မိန်းကလေး မဟုတ်လား။ နင့်ရဲ့ စီနီယာအစ်ကိုနဲ့ တခြားလူတွေက နင့်အတွက် တော်တော်လေး စိတ်ပူနေကြတာ" လုံချန်းက သူမကို ပြောပြသည်။
"နင့်မှာ သွေးထွက်သလား" မိန်းကလေးက သူ၏ စကားကို ပြန်မဖြေဘဲ မေးခွန်းတစ်ခုကိုသာ ပြန်မေးသည်။
"ငါတို့အားလုံး သွေးထွက်တာပေါ့" လုံချန်းက ပြန်ဖြေလိုက်သော်လည်း တစ်ခုခု ထူးဆန်းနေသည်ကို ခံစားမိသည်။ သူသည် အန္တရာယ်ရှိနေသည်ဟူသော ခံစားချက်ကို ချက်ချင်း ရရှိလိုက်သည်။
သူသည် မိန်းကလေးကို သံသယဖြင့် ကြည့်လိုက်ပြီး သူ၏ ဘုရင်ဓားအား ချက်ချင်း ထုတ်ယူလိုက်သည်။
"နင် ဘယ်သူလဲ" လုံချန်းက ဓားဖြင့် ချိန်ရွယ်ကာ မေးလိုက်သည်။
"နင့်မှာ သွေးထွက်တယ်ဆိုရင်... ငါ့အတွက် သွေးနည်းနည်း ထွက်ပေးနိုင်မလား" မိန်းကလေးက သူ၏ မေးခွန်းကို မဖြေဘဲ နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးပြန်သည်။
"ငါ နင့်အတွက် သွေးထွက်ပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ နင် ငါ့မေးခွန်းကို မဖြေဘူးဆိုရင်တော့ နင့်ဆီက သွေးထွက်အောင် ငါ သေချာပေါက် လုပ်မှာ" လုံချန်းက ပြတ်ပြတ်သားသား ဆိုသည်။
"ငါက သွေးမထွက်ဘူး" မိန်းကလေးက ပြောသည်။ "ကျေးဇူးပြုပြီး ငါ့အတွက် သွေးနည်းနည်း ပေးပါ။ မေမေ နိုးလာဖို့ လိုအပ်လို့ပါ" သူမက နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုသည်။
"နင် ဘာတွေ ပြောနေတာလဲ... မေမေက ဘယ်သူလဲ" လုံချန်းက နားမလည်စွာ မေးလိုက်သည်။
"လုံချန်း... သတိထားမှ ဖြစ်မယ်။ ငါ့အထင် မမှားဘူးဆိုရင် အဲဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ဝိညာဉ်တစ်ခုက ပူးကပ်ထားတာပဲ။ သူမ ပြောနေတဲ့ မေမေဆိုတာက ခေါင်းတလားထဲက အလောင်းကို နင့်ရဲ့ သွေးသုံးပြီး ပြန်နိုးထအောင် လုပ်ဖို့ ပြောနေတာပဲ" ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
"ချူးမြောင်... ဒီနေရာကနေ ထွက်သွားတော့။ ဒီမှာ အန္တရာယ်ရှိတယ်" လုံချန်းက ချူးမြောင်ကို အမြန်ပြောလိုက်သည်။
ချူးမြောင်သည် လုံချန်းနှင့် ထိုမိန်းကလေးကို တလှည့်စီ ကြည့်လိုက်ပြီးနောက် လုံချန်း၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဂူအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
"နင်က နတ်ကောင်းကင်ဘုံဂိုဏ်းက လူတစ်ယောက်လား" လုံချန်းက မိန်းကလေး၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"နတ်ကောင်းကင်ဘုံဂိုဏ်း..." မိန်းကလေးက ရေရွတ်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ခံစားချက်အချို့ ပေါ်လွင်လာလေတော့သည်။
အခန်း (၃၉၄) ဝိညာဉ်လက်နက်
"ဟုတ်တယ်... နတ်ကောင်းကင်ဘုံဂိုဏ်းပဲ။ နင်က အဲဒီဂိုဏ်းက လူတစ်ယောက်လား" လုံချန်းက မိန်းကလေးကို မေးလိုက်သည်။
"နတ်ကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးပစ်ရမယ်" မိန်းကလေးက ကောင်းကင်ယံကို မော့ကြည့်ရင်း ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဘာလို့လဲ... သူတို့ ဘာလုပ်ခဲ့လို့လဲ" လုံချန်းက ထပ်မံ မေးမြန်းသည်။
"သွေးပေးစမ်း" မိန်းကလေးက မေးခွန်းကို မဖြေဘဲ လုံချန်းကို အမိန့်ပေးသလို အော်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး... ငါ့ရဲ့ သွေးက နင် ထင်ထားတာထက် အများကြီး ပိုပြီး တန်ဖိုးရှိတယ်" လုံချန်းက ခေါင်းယမ်းရင်း ငြင်းဆိုလိုက်သည်။
"သွေး" မိန်းကလေးက လုံချန်းဆီသို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လုံချန်းသည် တစ်စုံတစ်ဦးက သူ့ကို လာရောက်ချုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှား၍ မရတော့ပေ။ သို့သော် လုံချန်းက ချက်ချင်းပင် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ထိုချုပ်နှောင်မှုမှ ရုန်းထွက်လိုက်ပြီး မိန်းကလေး၏ နောက်ကျောဘက်တွင် ပေါ်လာကာ သူမ၏ လည်ပင်းအား ဓားဖြင့် ဝှေ့ယမ်း ခုတ်ချလိုက်တော့သည်။
ထိုမိန်းကလေးမှာ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းမှ ဖြစ်ပြီး ဝိညာဉ်တစ်ခု၏ ထိန်းချုပ်မှုကို ခံထားရသည်ဟု သိသော်လည်း လုံချန်းကမူ လက်တွန့်ခြင်း မရှိပေ။ ရန်သူအပေါ် သနားညှာတာခြင်းသည် မိမိကိုယ်တိုင် သေတွင်းထဲ ဆင်းခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု သူက ခံယူထားသူ ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို သတ်ရန် ကြိုးစားလာသူမှာ မန်ရှန်းလီနှင့် နီးစပ်သူပင် ဖြစ်စေကာမူ သူသည် အစွမ်းကုန် တိုက်ခိုက်လေတော့သည်။
လုံချန်း၏ ဓားသွားမှာ လည်ပင်းသို့ မရောက်မီမှာပင် မိန်းကလေး၏ ခေါင်းမှာ တစ်ပတ် လှည့်ထွက်သွားသည်။ သူမ၏ ကျောပြင်မှာ လုံချန်းဘက်သို့ လှည့်နေသော်လည်း သူမ၏ မျက်နှာမှာမူ လုံချန်းကို စိုက်ကြည့်နေဆဲပင်။
သူမသည် ဓားသွားကို လက်ဗလာဖြင့် ဖမ်းဆွဲရန် ကြိုးစားသော်လည်း ဘုရင်ဓား၏ စွမ်းအားကို လျှော့တွက်ခဲ့မိသည်။ သူမ၏ လက်ဖဝါးမှာ လည်ပင်းနှင့်အတူ ပြတ်ထွက်သွားတော့သည်။ ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွား၏။
"ဒီခန္ဓာကိုယ်ကတော့ သေသွားပြီ... ဒါပေမဲ့ ဝိညာဉ်ကတော့ ဓားနဲ့ခုတ်ရုံနဲ့ သေမှာ မဟုတ်ဘူး" လုံချန်းက မိန်းကလေး၏ အလောင်းကို စောင့်ကြည့်ရင်း ရေရွတ်လိုက်သည်။
ခဏအကြာတွင် အလင်းလုံးလေးတစ်လုံးမှာ အလောင်းထဲမှ ထွက်ပေါ်လာပြီး လူသားပုံစံတစ်ခု ဖြစ်သွားသည်။ ထိုဝိညာဉ်မှာ ဆံပင်ရှည်ရှည်နှင့် မိန်းကလေး ပုံစံဖြစ်သော်လည်း မျက်နှာတော့ ပါမလာပေ။
"နင်... ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ပြီ" ဝိညာဉ်က စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ လုံချန်းမှာ ခေါင်းကိုက်သွားရလောက်အောင်ပင် အသံမှာ စူးရှလှသည်။
"အဲဒါ နင့်ခန္ဓာကိုယ် မဟုတ်ဘူး။ ပြီးတော့ နင်ကိုယ်တိုင်လည်း အဲဒီခန္ဓာကိုယ်ကို ဖျက်ဆီးထားပြီးသားပဲ။ မူလပိုင်ရှင်ကတော့ နင့်လက်ချက်နဲ့ သေပြီးသား ဖြစ်မှာပါ" လုံချန်းက ပြန်ပြောသည်။
"ငါ နင့်ခန္ဓာကိုယ်ကို သိမ်းပိုက်မယ်... ပြီးရင် မေမေ့အတွက် ယောက်ျားသွေးကို ယူပေးမယ်" ဝိညာဉ်သည် လုံချန်းဆီသို့ တဟုန်ထိုး ပျံဝဲလာသည်။
လုံချန်းက ဓားဖြင့် ခုတ်လိုက်သော်လည်း ဝိညာဉ်၏ ခန္ဓာကိုယ်ကို ထိခိုက်ခြင်း မရှိဘဲ ဖြတ်ထွက်သွားသည်။ ထိုဝိညာဉ်က သူ့ကို မထိမီမှာပင် လုံချန်းက နေရာရွှေ့ပြောင်းခြင်းကို သုံးကာ ဝေးရာသို့ ရှောင်တိမ်းလိုက်သည်။ အကယ်၍ သူမသာ သူ့အား ထိမိသွားလျှင် ကိုယ်ထဲသို့ ပူးဝင်သွားမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။
"ရွှင်း၊ ဒါက ဝိညာဉ်ပဲ... ငါ့လက်နက်တွေက သူ့ကို မထိဘူး။ သူ့ကို ဘယ်လို တားဆီးရမလဲ" လုံချန်းက ရွှင်းကို အမြန်မေးလိုက်သည်။
"နင့်မှာ အမှောင်နိယာမ ရှိနေတာကို မေ့သွားတာလား။ နင်က ဝိညာဉ်တွေကို ထိတွေ့နိုင်တယ်၊ သူလည်း နင့်ကို ထိတွေ့နိုင်တယ်။ နင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူက နင့်ကိုယ်ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး" ရွှင်းက ပြန်လည် ရှင်းပြသည်။
"ဪ... ဟုတ်သားပဲ" လုံချန်းက ရယ်မောရင်း ဘုရင်ဓားကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။
သူသည် ဝိညာဉ် သူ့ဆီ ရောက်လာသည်ကို ငြိမ်ခံနေပြီး နီးကပ်လာသည်နှင့် တစ်ပြိုင်နက် လုံချန်းက လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။ မည်သည့် ပညာရပ်မှ မသုံးဘဲ မိစ္ဆာဘုရင်ခန္ဓာ၏ အင်အားသက်သက်ဖြင့်သာ ထိုးလိုက်ခြင်း ဖြစ်သည်။ လက်သီးမှာ ဝိညာဉ်ကို ထိမှန်သွားပြီး သူမမှာ အနောက်သို့ လွင့်စင်သွားတော့သည်။ ဝိညာဉ်မှာလည်း အံ့အားသင့်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်မိ၏။
"ငါ သူ့ကို ရိုက်လို့ရတယ်၊ ဒါပေမဲ့ သူ့ကို ဘယ်လို ဖျက်ဆီးရမလဲ" လုံချန်းက ရွှင်းကို ထပ်မံ မေးမြန်းသည်။ သူမကို သူ ထိတွေ့နိုင်သော်လည်း ဒဏ်ရာရသွားပုံ မပေါ်ပေ။ ဝိညာဉ်မှာ နာကျင်မှုကို ခံစားတတ်သလား ဆိုသည်ကိုလည်း သူ မသေချာပေ။
"သူ့ကို တားဆီးနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်။ နင် သူမကို ဖမ်းဆွဲထားနိုင်တယ်ဆိုရင် ဒီဝိညာဉ်ကို နင့်ရဲ့ ဓားထဲကို ထည့်ရမယ်။ အဲဒီလို လုပ်လိုက်ရင် ဝိညာဉ်က နင့်ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီး နင့်ရဲ့ လက်နက်ကလည်း ဝိညာဉ်လက်နက် ဖြစ်သွားလိမ့်မယ်" ရွှင်းက ဆိုသည်။
"ဟိုး... စိတ်ဝင်စားစရာပဲ။ ငါ ဒီဝိညာဉ်ကို ဒေါသဓားထဲ ထည့်လို့ရတာပဲ။ အဲဒီဓားက ရွှေအဆင့်ဖြစ်ပြီး ဘုရင်ဓားပြီးရင် ငါ့မှာ အစွမ်းအထက်ဆုံးပဲ" လုံချန်းက ရေရွတ်လိုက်သည်။
"ဘာလို့ ဘုရင်ဓားထဲ မထည့်တာလဲ" ရွှင်းက မေးသည်။
"ဘာလို့လဲဆိုတော့ ဘုရင်ဓားဟာ သူတော်စင်ဘုရင် ရှန်းဝူ ကိုယ်တိုင် ပိုင်ဆိုင်ခဲ့တဲ့ အရာမို့လို့ပဲ။ သူ့ရဲ့ ဓားကို ငါ ဘာမှ မပြောင်းလဲချင်ဘူး"
ဝိညာဉ်က သူ့ထံသို့ ထပ်မံ ပျံဝဲလာပြန်ရာ လုံချန်းက ယခုတစ်ခါတွင် လက်သီးဖြင့် မထိုးတော့ဘဲ ဝိညာဉ်၏ လည်ပင်းကို အမိအရ ဖမ်းဆွဲလိုက်သည်။
"ငါ့ကို လွှတ်စမ်း" ဝိညာဉ်က အော်ဟစ်သော်လည်း လုံချန်းက မလွှတ်ပေ။ သူ၏ အခြားတစ်ဖက်တွင်လည်း ဒေါသဓားကို ကိုင်ထားသည်။ "နောက် ဘာဆက်လုပ်ရမလဲ"
"နင့်ရဲ့ လက်ချောင်းကို ဓားနဲ့ အသာလေး လှီးလိုက်ပါ။ ပြီးရင် နင့်ရဲ့ သွေးပေနေတဲ့ ဓားသွားအပိုင်းနဲ့ အဲဒီဝိညာဉ်ကို ခုတ်လိုက်ပါ"
"ကောင်းပြီလေ" လုံချန်းက ခေါင်းညိတ်ကာ သူ၏ လက်ချောင်းကို အသာအယာ လှီးလိုက်ရာ ဓားသွားပေါ်တွင် သွေးအချို့ ပေကျံသွားသည်။
လုံချန်းက သွေးပေနေသော ဓားသွားဖြင့် ဝိညာဉ်ကို ခုတ်လိုက်ရာ ထူးဆန်းစွာပင် ဝိညာဉ်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်လေတော့သည်။ ယခုမှသာ သူမ တကယ် ထိခိုက်သွားပုံ ရ၏။
"ငါ့ကို လွှတ်ပေးပါ" ဝိညာဉ်က နာကျင်စွာ အော်ဟစ်သည်။
သူမ၏ ပုံသဏ္ဌာန်မှာ စတင်ပြောင်းလဲလာပြီး သူမ မလိုလားသော်လည်း အလင်းလုံးလေးတစ်လုံးအဖြစ် ပြန်လည် ပြောင်းလဲသွားကာ လုံချန်း၏ ဓားထဲသို့ စီးဝင်သွားတော့သည်။
လုံချန်းသည် သူ၏ သားရဲများနှင့် ချိတ်ဆက်ထားသကဲ့သို့ပင် သူနှင့် ဓားအကြားတွင် ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
"အခုတော့ ငါ့မှာ ဝိညာဉ်ဓားတစ်လက် ရှိသွားပြီ" လုံချန်းက ဓားကို ကြည့်ကာ ပြုံးပျော်လျက် ဆိုသည်။
သူသည် ဓားကို စမ်းသပ်ကြည့်သည့်အခါ ဓားမှာ လေထဲသို့ ပျံတက်သွားပြီး သူ့ဘေးတွင် ဝဲပျံနေတော့သည်။ ထူးခြားသည်မှာ သူက အမိန့်ကို အသံထွက်ပေးစရာ မလိုဘဲ စိတ်ထဲက တွေးလိုက်ရုံနှင့် ဓားက လိုက်လုပ်နေခြင်းပင်။ သို့သော် ဓားမှာ လုံချန်းနှင့် မီတာ ၁၀၀ ထက် ပိုဝေးသော နေရာသို့မူ သွား၍ မရပေ။
"ဒါဟာ လန်ကျင်းနဲ့ တိုက်ခိုက်တဲ့အခါ ငါ့အတွက် အကြီးမားဆုံး အားသာချက် ဖြစ်လာမှာပဲ" လုံချန်းက ပြောရင်း ဓားကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။
ထို့နောက် သူသည် ခေါင်းတလားဆီသို့ လျှောက်သွားကာ ဖွင့်ကြည့်ရန် ကြိုးစားသော်လည်း မရပေ။ သူ၏ ခွန်အားမှာ မလောက်သေးပုံ ရ၏။ လုံချန်းသည် ခေါင်းတလားကိုလည်း သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ သူ၏ စွမ်းအားများ ပြန်လည် ပွင့်လာသောအခါမှသာ အထဲကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာတွင် အခြား ဘာမှ မရှိတော့သဖြင့် လုံချန်းက မြေပြင်ပေါ်ရှိ မိန်းကလေး၏ အလောင်းကို ကြည့်ကာ မန်ရှန်းလီအတွက် သိမ်းသွားသင့်မသင့် စဉ်းစားနေမိသည်။ အခြေအနေကို ပိုကောင်းစေမလား၊ ပိုဆိုးစေမလား မသေချာသော်လည်း နောက်ဆုံးတွင် အလောင်းကိုပါ သိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။
အားလုံးပြီးစီးသောအခါ လုံချန်းသည် ဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။ ဂူအပြင်တွင် ချူးမြောင်က စောင့်ဆိုင်းနေပြီး လုံချန်းကို မြင်သည်နှင့် သူမက ပြေးဖက်ကာ ဝမ်းသာအားရ ဆိုသည်။
"နင် ဘေးကင်းလို့ တကယ် ဝမ်းသာပါတယ်"
"ငါ့အတွက် မစိုးရိမ်ပါနဲ့လို့ ပြောသားပဲ။ အဲဒါက အဲလောက်ကြီး အန္တရာယ် မရှိပါဘူး"
"အဲဒီအရာကို အနိုင်ယူရတာ ခက်ခဲလား" ချူးမြောင်က မေးသည်။
"ဟင့်အင်း... လုံးဝကို လွယ်ပါတယ်။ ဘာမှ စိတ်အနှောင့်အယှက်တောင် မဖြစ်လိုက်ဘူး" လုံချန်းက ပြန်ဖြေလိုက်သည်။
"သွားကြစို့... တခြားလူတွေကို မှီအောင် လိုက်ရဦးမယ်" လုံချန်းက ပြောရင်း သင်္ချိုင်းကုန်းအပြင်ဘက်သို့ ထွက်ခွာလာခဲ့ကြလေတော့သည်။