အခန်း (၃၉၉-၄၀၀)
Vol. 40 Ch. 399-400
အခန်း (၃၉၉) ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်
လုံချန်းသည် တဲငယ်လေးဆီသို့ လျှောက်လှမ်းသွားပြီး ချူးမြောင်ကလည်း သူ၏နောက်မှ ကပ်လျက်လိုက်ပါလာသည်။
မန်ရှန်းလီနှင့် အခြားသူများမှာမူ ရတနာများကို သီးသန့်စီ ရှာဖွေလိုသဖြင့် လမ်းခွဲသွားကြပြီ ဖြစ်ရာ ယခုအချိန်တွင် လုံချန်းနှင့် ချူးမြောင် နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
လုံချန်းသည် တဲငယ်အနားသို့ ရောက်သောအခါ အပြင်ဘက်မှ အကဲခတ်ကြည့်လိုက်သည်။ ၎င်းမှာ သစ်သားဖြင့်သာ ပြုလုပ်ထားသော တဲလေးဖြစ်ပြီး သစ်သားများမှာလည်း စတင်ဆွေးမြည့်နေပြီ ဖြစ်သည်။ သူသည် သူ၏ ဝိညာဉ်အာရုံကို အသုံးပြုကာ အထဲသို့ အကဲခတ်သော်လည်း ထူးဆန်းစွာပင် ဘာကိုမျှ မမြင်ရပေ။ ရိုးရှင်းလှသော သစ်သားတဲလေး ဖြစ်သော်လည်း သူ၏ ဝိညာဉ်အာရုံက အလုပ်မလုပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် လုံချန်း အံ့သြသွားမိသည်။
သူသည် တံခါးကို ဖွင့်ရန် ကြိုးစားသော်လည်း တံခါးမှာ သော့ခတ်ထားသဖြင့် ပွင့်မလာပေ။
"သော့လိုတာပဲ" သော့ပေါက်ကို ကြည့်ရင်း သူ ရေရွတ်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ သော့တစ်ချောင်းကို ထုတ်လိုက်သည်။ ၎င်းမှာ သင်္ချိုင်းကုန်းထဲတွင် သူတွေ့ရှိခဲ့သော သော့ပင် ဖြစ်သည်။ သူသည် ထိုသော့ကို သော့ပေါက်ထဲသို့ ထည့်လိုက်ရာ ကွက်တိပင် ဖြစ်နေတော့သည်။
တံခါးပွင့်သွားပြီ ဖြစ်သည်။
သူသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ကြည့်လိုက်ရာ အခန်းထဲတွင် ဘာမှမရှိသလောက်ပင် အလွတ်ကြီး ဖြစ်နေသည်။ အခန်းအလယ်တွင် စားပွဲလေးတစ်လုံး ရှိပြီး ၎င်းအပေါ်တွင် ဖန်လုံး တစ်လုံးကို တင်ထားသည်။ ထိုအရာမှလွဲ၍ အခြား ဘာမှမရှိပေ။
လုံချန်းသည် အထဲသို့ ဝင်ကာ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ သူသည် ထိုဖန်လုံးကို ကောက်ယူရန် ပြင်လိုက်သော်လည်း ဖန်လုံးအတွင်း၌ တစ်ခုခုကို မြင်လိုက်ရသဖြင့် သူ၏လက်မှာ လေထဲတွင်ပင် ရပ်တန့်သွားတော့သည်။
ဖန်လုံးအတွင်း၌ သူ့ကိုယ်သူ မြင်နေရသော်လည်း သူ၏ ဆံပင်မှာ ပုံမှန် အမည်းရောင် မဟုတ်ဘဲ အနီရောင် ဖြစ်နေပြီး အခုထက် အများကြီး ပို၍ အသက်ကြီးပုံ ပေါက်နေသည်။ ထို့ပြင် သူ၏ဘေးတွင် သူ မသိသော မိန်းကလေးတစ်ယောက်လည်း ရပ်နေသည်။
ထိုမိန်းကလေး၏ မျက်လုံးများမှာ နက်မှောင်နေပြီး ဆံပင်များမှာ ငရဲမီးကဲ့သို့ နီရဲနေသည်။ သူမသည် လှပသော အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်တွင် သလင်းကျောက်ကျောက် ဆွဲကြိုးလေးတစ်ကုံး ဆွဲထားသည်။
တံခါးဝတွင် ရပ်နေသော ချူးမြောင်လည်း သူ၏အနားသို့ လျှောက်လာသည်။
"ဒီဖန်လုံးထဲကို ကြည့်လိုက်စမ်း။ နင် ဘာမြင်လဲဆိုတာ ငါ့ကို ပြောပြဦး" လုံချန်းက ဆိုသည်။
သစ်သားကြမ်းပြင်၏ တကျိကျိ မြည်သံနှင့်အတူ ချူးမြောင်သည် တဲထဲသို့ ဝင်လာကာ ဖန်လုံးကို ကြည့်လိုက်သည်။
"ဘာမြင်လဲ" လုံချန်းက ထပ်မံ မေးသည်။
"ငါ... ငါ့ကိုယ်ငါ မြင်ရတယ်။ ဒါပေမဲ့ အခုထက် ပိုကြီးနေသလိုပဲ။ ငါတို့ဂိုဏ်းက အနက်ရောင်ဝတ်ရုံ အကြီးအကဲတွေ ဝတ်တဲ့ ဝတ်ရုံမျိုးကို ဝတ်ထားတာ" ချူးမြောင်က ပြန်ဖြေသည်။
"နင်က နင့်ကိုယ်နင်ပဲ မြင်ရတာလား။ တခြားလူရော မပါဘူးလား"
"အင်း... တခြားဘယ်သူမှ မရှိဘူး။ တကယ့်ကို ထူးဆန်းတာပဲ။ ဒါက ဘာဖန်လုံးလဲ"
"ငါလည်း မသေချာဘူး" လုံချန်းက ရေရွတ်ရင်း စိတ်ထဲမှ ရွှင်းကို လှမ်းမေးလိုက်သည်။ 'ရွှင်း... ဒါက ဘာလဲဆိုတာ နင် သိလား'
"ငါလည်း မသိဘူး၊ ဒါပေမဲ့ စိတ်ဝင်စားစရာပဲ။ ငါလည်း ကြည့်ပါရစေဦး" ရွှင်းက ရယ်မောရင်း လုံချန်း၏ ဘေးတွင် ပေါ်လာကာ ဖန်လုံးထဲသို့ စေ့စေ့ကြည့်လိုက်သည်။
ရွှင်းသည် ဖန်လုံးထဲ၌ လုံးဝ ကွဲပြားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ၎င်းမှာ သူမထက် အများကြီး ပိုအရပ်ရှည်သော မိန်းကလေးတစ်ဦး ဖြစ်ပြီး လုံချန်းနှင့် အရပ်တူလောက်ပင် ရှိသည်။ ထိုမိန်းကလေးတွင် သူမကဲ့သို့ပင် ပန်းရောင်ဆံပင်များ ရှိပြီး ဘေးဘက်ကို ကြည့်ကာ ပြုံးနေသည်။ သူမ၏ ဘေးတွင် ရပ်နေသော အမျိုးသားမှာ လုံချန်း၏ အသက်ကြီးသွားသော ပုံစံနှင့် တူနေသည်။ လုံချန်းတွင် အနီရောင်ဆံပင်များ ရှိသော်လည်း မျက်လုံးမှိတ်ထားသဖြင့် မျက်လုံးအရောင်ကို မမြင်ရပေ။ ထိုမိန်းကလေးသည် လုံချန်း၏ လက်ကို ကိုင်ထားပြီး သူတို့၏ လက်ချောင်းများမှာ ယှက်နွယ်နေကြသည်။
'နင် ဘာမြင်ရလဲ' လုံချန်းက စိတ်ထဲမှ မေးလိုက်သည်။
"ဘာမှ မမြင်ရဘူး" ရွှင်းက ပြန်ဖြေပြီး ပျောက်ကွယ်သွားတော့သည်။
လုံချန်းသည် ထိုဖန်လုံးကို ကောက်ယူကာ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် တဲလေးထဲမှ ပြန်ထွက်လာခဲ့၏။ သူ မြင်ခဲ့ရသော အနီရောင်ဆံပင်နှင့် မိန်းကလေးမှာ ဘယ်သူလဲဆိုသည်ကို သူ စဉ်းစားမရ ဖြစ်နေသလို၊ သူကိုယ်တိုင်လည်း ဘာကြောင့် ဆံပင်နီနေရသလဲဆိုသည်ကို သိချင်နေမိသည်။
'ဒါက အနာဂတ်လား။ နတ်ကောင်းကင်ဘုံဂိုဏ်းဟာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို မြင်နိုင်စွမ်းရှိတယ်လို့ ပြောကြတယ်။ သူတို့က အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ဗေဒင်ဆရာတွေနဲ့ တူတယ်။ ဒါဟာ အဲဒါနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်' သူ တွေးတောနေမိသည်။
"နင့်ရဲ့ အကြီးမားဆုံး ဆန္ဒက ဘာလဲ" လုံချန်းက ရှေ့သို့ လျှောက်လှမ်းရင်း ချူးမြောင်ကို မေးလိုက်သည်။ ထိုဖန်လုံးနှင့် ပတ်သက်သော သူ၏ ထင်မြင်ချက် မှန်မမှန် သူ သိချင်နေခြင်းပင်။
"ငါ့ဆန္ဒလား... ငါ အစွမ်းထက်ချင်တယ်၊ အစွမ်းကုန် သန်မာချင်တယ်" ချူးမြောင်က ဆိုသည်။
"ဘာလို့ အဲဒီလောက်အထိ အစွမ်းထက်ချင်ရတာလဲ"
"ဘာလို့လဲဆိုတော့ ငါ့ရှေ့မှာတင် တစ်စုံတစ်ယောက် အသတ်ခံရတာမျိုးကို ထပ်ပြီး မကြုံချင်တော့လို့ပဲ။ ငါ ချစ်ရတဲ့သူတွေကို ကာကွယ်ပေးချင်လို့" ချူးမြောင်က ပြန်ဖြေသည်။
လုံချန်းက သူမအတွက် အရေးကြီးသော တစ်စုံတစ်ယောက် သေဆုံးခဲ့ဖူးကြောင်း ခန့်မှန်းမိသဖြင့် စကားကို ရပ်လိုက်သည်။
ချူးမြောင်သည် သူမ၏ ငယ်စဉ်ဘဝ အကြောင်းကို ပြောပြလာသည်။ သူမသည် သာမန်ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ပြီး ထိုရွာတွင် ကျင့်ကြံသူဟူ၍ တစ်ယောက်မှ မရှိခဲ့ပေ။ တစ်နေ့တွင် သူမ၏ မိခင်သည် ရွာလူကြီးက ရွာသားတစ်ဦးကို သတ်ဖြတ်နေသည်ကို မြင်တွေ့ခဲ့သော်လည်း ရွာလူကြီးက သူမ၏ မိခင်အား လူသတ်သမားအဖြစ် ပြောင်းလဲစွပ်စွဲခဲ့သည်။
သူမ၏ မိခင်မှာ ရွာသားအားလုံး၏ ရှေ့တွင် အသတ်ခံခဲ့ရပြီး ချူးမြောင်မှာ ဘာမှ မတတ်နိုင်ခဲ့ပေ။ ထိုနေ့မှစ၍ သူမသည် အစွမ်းထက်လာစေရန် သစ္စာဆိုခဲ့ပြီး ရွာမှ ထွက်လာကာ သူမ၏ ဆရာနှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။ သူမသည် ကျင့်စဉ်စွမ်းအားများ ရလာသောအခါ ရွာသို့ ပြန်သွားပြီး ရွာသားအားလုံးကို သတ်ဖြတ်ကာ ကလဲ့စားချေခဲ့ကြောင်းလည်း ပြောပြသည်။
"ငါ ကလဲ့စားချေနိုင်ခဲ့ပေမဲ့ ငါ့အမေလိုမျိုး ငါချစ်ရတဲ့သူတွေကို အသတ်ခံရတာကနေ ကာကွယ်ပေးနိုင်လောက်တဲ့ အင်အားမျိုး ငါ့မှာ မရှိသေးဘူးလို့ ခံစားရတုန်းပဲ။ ဧကရာဇ်တွေတောင် ငါ့နားကလူတွေကို မထိရဲအောင်အထိ ငါ သန်မာချင်တယ်"
သူမ၏ အသံထဲမှ ပြတ်သားမှုကို ကြားသောအခါ လုံချန်းက ပြုံးလိုက်သည်။
"အစွမ်းထက်ချင်တဲ့ အကြောင်းပြချက် ရှိတာ ကောင်းပါတယ်။ ငါလည်း အဲဒီလို အကြောင်းပြချက်မျိုး ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ ငါ့ရဲ့ သန်မာချင်တဲ့ စိတ်ဆန္ဒဟာ အဲဒီအကြောင်းပြချက်တွေကြောင့်ပဲ မဟုတ်ဘူး။ ငါ့ကိုယ်ထဲက တစ်စုံတစ်ခုက ငါ့ကို ပိုပြီး သန်မာလာအောင် တွန်းပို့နေသလိုပဲ။ ငါ အနားယူချင်ရင်တောင် အဲဒီအရာက ငါ့ကို အနားယူခွင့် မပေးဘူး" လုံချန်းက ဆိုသည်။
ချူးမြောင်က သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "နင်က အခုတောင် တော်တော် သန်မာနေပြီပဲ။ ငါလည်း နင်လို ဖြစ်ချင်လိုက်တာ"
လုံချန်းက အသာအယာ ရယ်မောလိုက်သည်။ "ဒါက အတူတူပါပဲ။ လူဆိုတာ ဘယ်လောက်ပဲ ရရ၊ ဘယ်တော့မှ ရောင့်ရဲတယ်လို့ မရှိဘူး။ နင်လည်း နင့်မှာ ရှိတာနဲ့ မရောင့်ရဲသလို၊ ငါလည်း ငါ့မှာ ရှိတာနဲ့ မရောင့်ရဲဘူး။ ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းပါတယ်။ နတ်ဘုရားတွေရော သူတို့ဘဝမှာ ရောင့်ရဲရဲ့လား၊ ဒါမှမဟုတ် ငါတို့လိုပဲ ဖြစ်နေမလားဆိုတာ ငါ သိချင်မိတယ်"
ချူးမြောင်က ခေါင်းယမ်းလိုက်သည်။ "နတ်ဘုရားတွေက ဘာလို့ မရောင့်ရဲဘဲ နေမှာလဲ။ သူတို့ လိုချင်တာ အကုန်ရနိုင်တာပဲ။ အရာအားလုံးကို သူတို့ ဖန်တီးခဲ့တာလေ။ သူတို့ မကျေနပ်စရာ ဘာမှ ရှိမှာ မဟုတ်ဘူး"
"နတ်ဘုရားတွေဟာ သူတို့ရဲ့ ကောင်းကင်ဘုံမှာ နေရင်း အင်မော်တယ်ဝိုင်တွေကို သောက်ပြီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေမှာပါပဲ" သူမက ဆက်ပြောသည်။
"အဲဒါတော့ မသေချာဘူး။ နတ်ဘုရား တစ်ပါးထက် ပိုရှိနေရင် သူတို့တွေ ပျော်ပျော်နေရတာထက် ငြင်းခုံနေကြတာက ပိုများလိမ့်မယ်။ ထာဝရအထိ အတူနေထိုင်ပြီး ရင်းနှီးနေကြမယ့်သူဆိုတာ မရှိနိုင်ဘူး။ ဒီလောကမှာ ဘယ်သူမှ အမှောင်ထုကနေ မလွတ်မြောက်နိုင်ကြပါဘူး" လုံချန်းက ပြန်ပြောသည်။
"အလင်းနဲ့ အမှောင် ဆိုတာ နတ်ဘုရားတွေ ဖန်တီးထားတာပဲလေ။ သူတို့ ဖန်တီးထားတဲ့ အရာက သူတို့ကို ဘယ်လိုလုပ်ပြီး ပြန်ထိခိုက်မှာလဲ"
လုံချန်းသည် သူမ၏ စကားကို ကြားသောအခါ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
"ငါတို့ မွေးဖွားပေးလိုက်တဲ့ နတ်ဆိုးတွေဟာ နောက်ဆုံးမှာ ငါတို့ကို ပြန်ပြီး ဝါးမြိုပစ်နိုင်လောက်အောင် အစွမ်းထက်လာတတ်ကြတယ်"
"ဟား... အဲဒါတွေက စိတ်ကူးယဉ်မှုတွေပါပဲ။ ဟိုမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ငါတို့ မသိနိုင်ဘူးလေ။ နင် ပြောတာလည်း မှန်ရင် မှန်မှာပေါ့၊ ဒါမှမဟုတ် ငါပြောတာလည်း မှန်နိုင်တာပဲ" ချူးမြောင်က ဆိုသည်။
လုံချန်းက ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
သူတို့သည် နတ်ကောင်းကင်ဘုံဂိုဏ်း၏ အတွင်းပိုင်းအထိ ဆက်လက် စူးစမ်းခဲ့ကြရာ သားရဲရုပ်တု အများအပြားကို တွေ့ရှိခဲ့ကြသည်။ အချို့သော သားရဲများမှာ ယခုကမ္ဘာတွင် တွေ့မြင်နိုင်သေးသော သာမန် သားရဲများ ဖြစ်ကြသော်လည်း အချို့မှာမူ ယခုခေတ်တွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်သော ရှားပါး သားရဲကြီးများ ဖြစ်ကြလေသည်။
အခန်း (၄၀၀) ပိတ်မိခြင်း
လုံချန်းနှင့် ချူးမြောင်တို့ ရှေ့သို့ ဆက်လက်တိုးဝင်လာရာ လမ်းတစ်လျှောက်တွင် တွေ့ရသော ရုပ်တုအရေအတွက်မှာ တဖြည်းဖြည်း ပိုမိုများပြားလာသည်ကို သတိထားမိလိုက်ကြသည်။
ယခင်က မီတာ ၅၀၀ လျှင် ရုပ်တုတစ်ရုပ်နှုန်းသာ တွေ့ရသော်လည်း ယခုအခါ လမ်း၏ ဝဲယာနှစ်ဖက်စလုံးတွင် မီတာ ၂၀ လျှင် ရုပ်တုတစ်ရုပ်နှုန်း တွေ့နေရပြီ ဖြစ်သည်။ ဤရုပ်တုများသည် သူ့ကို တစ်နေရာရာသို့ လမ်းညွှန်ခေါ်ဆောင်သွားနေသကဲ့သို့ လုံချန်း ခံစားလိုက်ရပြီး ၎င်းမှာ သားရဲများနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေလိမ့်မည်ဟု သူ တွေးလိုက်မိသည်။
လုံချန်း ရှေ့သို့ ဆက်လျှောက်သွားရာမှ တစ်ခုခုကို မြင်လိုက်ရသည်။ ကြီးမားသော လုံးဝန်းသည့် ရွှေရောင် အကာအကွယ်ကြီးတစ်ခုမှာ မြေကွက်လပ် အကျယ်ကြီးကို ဝန်းရံထားခြင်းပင်။ ထိုအကာအကွယ်မှာ တစ်ပိုင်းတစ်စ မြင်နိုင်နေသဖြင့် လုံချန်းမှာ အကာအကွယ်၏ အခြားတစ်ဖက်ကို လှမ်းမြင်နေရသည်။ နေရာအနှံ့တွင် သစ်ပင်များကိုသာ တွေ့ရ၏။
"တောအုပ်တစ်အုပ်ကို ဝန်းရံထားတဲ့ အကာအကွယ်လား။ ဒါက သားရဲခန်းမခွဲက သားရဲတောင်တန်းကို သွားသတိရစေတယ်။ သူတို့တွေ သားရဲတွေကို ဒီမှာ မွေးထားတာလား မသိဘူး။ ငါ တစ်ခုခု ရနိုင်ကောင်း ရနိုင်တယ်" လုံချန်းက ရေရွတ်လိုက်သည်။
သူသည် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ပြီး ကျောက်ခဲအသေး တစ်လုံးကို ရှာတွေ့သွားသည်။ သေချာစေရန်အတွက် ထိုကျောက်ခဲကို ကောက်ယူကာ အကာအကွယ်ဆီသို့ ပစ်ပေါက်လိုက်သည်။ ကျောက်ခဲမှာ ပြန်ကန်ထွက်လာမည် သို့မဟုတ် ပျက်စီးသွားမည်ဟု သူ ထင်ထားခဲ့သော်လည်း ဖြစ်ပျက်သွားသည်မှာ လုံးဝ ဆန့်ကျင်ဘက်ပင်။ ကျောက်ခဲမှာ အကာအကွယ်ကို အလွယ်တကူ ဖြတ်သန်းသွားပြီး အခြားတစ်ဖက် မြေပြင်ပေါ်သို့ ကျသွားတော့သည်။
"ဘာလဲဟ၊ ဒါက တကယ်ပဲ အကာအကွယ်လား၊ ဒါမှမဟုတ် အလှပြထားတာလား" လုံချန်းက ရှေ့သို့ လှမ်းတက်လိုက်ရင်း ရေရွတ်လိုက်သည်။
သူသည် အကာအကွယ်အနားသို့ ရောက်သောအခါ သူ၏ တောင်ဖြိုဓားကို သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။ ဓားဖြင့် အကာအကွယ်ကို ထိုးကြည့်လိုက်ရာ မည်သည့် ခုခံမှုမျှမရှိဘဲ အလွယ်တကူ ဖြတ်သန်းသွားသည်။
သူသည် ဓားကို ပြန်သိမ်းလိုက်ပြီး သူ၏ လက်ချောင်းဖြင့် အကာအကွယ်အား ထိတွေ့ကြည့်သော်လည်း ဘာမှ ဖြစ်မလာပေ။ သူ၏လက်မှာ အကာအကွယ်ကို ဖြတ်သွားသလို သူကိုယ်တိုင်လည်း အထဲသို့ အလွယ်တကူ ဝင်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း မည်သည့် တားဆီးမှု သို့မဟုတ် ခုခံမှုမျိုးကိုမျှ မခံစားရပေ။
"ထူးဆန်းလိုက်တာ။ ဒီအကာအကွယ်က အသုံးမကျဘူးပဲ" လုံချန်းက အနောက်သို့ ပြန်လှည့်ကြည့်ရင်း ရေရွတ်လိုက်သည်။
လုံချန်း အထဲဝင်သွားသည်ကို မြင်သောအခါ ချူးမြောင်လည်း အကာအကွယ်ကို ဖြတ်ဝင်လာခဲ့သည်။
"တကယ် ထူးဆန်းတာပဲ" သူ မျက်မှောင်ကြုတ်လိုက်မိသည်။
"အလှပြရုံ သက်သက်ပဲ ဖြစ်မှာပါ" ချူးမြောင်က ဆိုသည်။
"ဖြစ်နိုင်တာပဲ" သူက ပြန်ဖြေရင်း တောအုပ်၏ အတွင်းပိုင်းသို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။
"ဒီမှာ တစ်ခုခု ကောင်းတာရှိမယ်လို့ နင် ထင်လား" သူမက လုံချန်းကို မေးသည်။
"ဒီနေရာက ငါထင်သလိုသာ မှန်မယ်ဆိုရင် ရတနာထက်တောင် ပိုအရေးကြီးတဲ့ အရာတစ်ခု ရှိနေနိုင်တယ်" လုံချန်းက ရှေ့ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူသည် ဝိညာဉ်အာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်အား ဖြန့်ကျက်ရင်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
လုံချန်းတို့ ၃ နာရီကျော်ကြာ လျှောက်လှမ်းပြီးနောက် တောအုပ်၏ အဆုံးသို့ ရောက်ရှိသွားရာ အကာအကွယ်၏ အခြားတစ်ဖက် အစွန်းကို မြင်လိုက်ရသည်။ လုံချန်းသည် သက်ပြင်းချရင်း ဝိညာဉ်အာရုံ အသုံးပြုခြင်းကို ရပ်လိုက်သည်။
"အချိန်ဖြုန်းလိုက်ရတာပဲ။ ဒီမှာ ဘာမှမရှိဘူး" သူက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
"အချိန်ဖြုန်းလိုက်ရတာတော့ မဟုတ်ပါဘူး။ အကာအကွယ်ကို ပတ်သွားရမယ့်အစား ဖြတ်လမ်းကနေ လာလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ" ချူးမြောင်က အကောင်းမြင်ဘက်မှ ဆိုသည်။
"အင်း..." လုံချန်းက ပြန်ဖြေလိုက်သော်လည်း သူ၏မျက်နှာမှာ စိတ်မချမ်းမြေ့ပုံ ပေါက်နေသည်။
လုံချန်းသည် အကာအကွယ်အပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်သော်လည်း သူ ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်နှင့် ပြင်းထန်သော တုန်ခါမှု တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အနောက်သို့ အမြန်ဆုတ်လိုက်ရ၏။
"နင် အဆင်ပြေရဲ့လား" ချူးမြောင်က သူ့ဆီ ပြေးလာပြီး ဖေးမပေးသည်။
"အဆင်ပြေပါတယ်။ ဘာမှ မဟုတ်ဘူး"
သူသည် မြေပြင်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ အကာအကွယ်ဆီသို့ ပစ်ပေါက်လိုက်ရာ ထိုကျောက်ခဲမှာ အကာအကွယ်နှင့် တိုက်မိပြီး ရပ်တန့်သွားသည်။ ၎င်းမှာ ဖြတ်မသွားနိုင်ဘဲ မြေပြင်ပေါ်သို့ ကျသွားတော့သည်။
"ငါ သဘောပေါက်ပြီ။ ဒီအကာအကွယ်က အထဲဝင်တာကို မတားဘူး၊ ဒါပေမဲ့ အပြင်ထွက်တာကိုတော့ တားထားတာပဲ။ ငါ့ထင်မြင်ချက် မှန်ပုံရတယ်။ ဒီနေရာက သူတို့ရဲ့ သားရဲဘေးမဲ့တောပဲ ဖြစ်ရမယ်" လုံချန်း၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ဖုံးလွှမ်းသွားသည်။
"ဒါဆို... ငါတို့ အပြင်ထွက်လို့ မရတော့ဘူးလား" ချူးမြောင်က စတင် စိုးရိမ်လာသည်။
"ထွက်လို့ ရမှာပါ။ လူတစ်ယောက်က ဒီထဲကို အမှတ်မထင် ဝင်မိခဲ့ရင် လူသားတွေ ပြန်ထွက်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ သေချာပေါက် ရှိရမယ်" လုံချန်းက သူမကို အားပေးလိုက်သည်။
"နင့်မှာ နည်းလမ်းရှိလို့လား" သူမက မျှော်လင့်တကြီး မေးသည်။
"လောလောဆယ်တော့ ဘာမှ မရှိသေးဘူး" လုံချန်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်ရာ သူမ၏ မျှော်လင့်ချက်ကလေးမှာ ပျက်စီးသွားရရှာသည်။
လုံချန်းသည် သစ်ပင်တစ်ပင်ကို ကျောမှီကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
'ရွှင်း... နင့်မှာရော အကြံရှိလား'
'ငါ့မှာလည်း လောလောဆယ် ဘာမှ မရှိသေးဘူး' ရွှင်းကလည်း ထိုအတိုင်းပင် ပြန်ဖြေသည်။ လုံချန်းကတော့ မရယ်ဘဲ မနေနိုင်တော့ပေ။
'နင်ကတော့ နေရာရွှေ့ပြောင်းခြင်းကို သုံးပြီး ဒီနေရာကနေ ထွက်သွားလို့ ရမှာပါ၊ ဒါပေမဲ့ အဲဒါက ဒီမိန်းကလေးကို ဒီမှာ သေဖို့ ထားခဲ့ရမယ့် သဘောပဲ' ရွှင်းက ဆက်ပြောသည်။
"ငါကတော့ အပြင်ရောက်နေပြီ... အင်း၊ အဲဒါက အလုပ်ဖြစ်နိုင်တယ်" သူက ရေရွတ်ရင်း မတ်တပ်ရပ်ကာ အကာအကွယ်ဆီသို့ လျှောက်သွားလိုက်သည်။
သူသည် သူ၏ ဟင်းလင်းပြင်နိယာမကို အသုံးပြုကာ အကာအကွယ် အပြင်ဘက်သို့ နေရာရွှေ့ပြောင်း လိုက်သည်။ သူသည် အပြင်ဘက်မှနေ၍ အကာအကွယ်ကို ထိကြည့်ရာ ယခုတစ်ကြိမ်တွင် ဘာမှ မဖြစ်ပေ။
"ငါ မှန်တယ်။ ဒါက အပြင်ထွက်မယ့်သူကိုပဲ တားတာ"
ချူးမြောင်သည် တစ်ခုခု ရှာတွေ့နိုးဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေစဉ် လုံချန်းမှာ အကာအကွယ်၏ အပြင်ဘက်သို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
"နင်... နင် ဘယ်လိုထွက်သွားတာလဲ" သူမ အံ့သြတကြီး အော်မေးလိုက်သည်။
"ငါက လူလိမ်လေ" လုံချန်းက ပြုံးစစဖြင့် ဆိုသည်။
"နည်းလမ်းကို ပြောပါဦး။ ငါ ဒီတောအုပ်ထဲကနေ အမြန်ဆုံး ထွက်ချင်လှပြီ"
"နင် ထွက်လာနိုင်မယ့် နည်းလမ်း မရှိဘူး။ ငါက ငါ့ကိုယ်ငါပဲ ထွက်နိုင်တာ၊ နင့်ကိုတော့ ထွက်လာအောင် မလုပ်ပေးနိုင်ဘူး။ အဲဒီတော့ နင်ပဲ ဒီမှာ နေခဲ့တော့၊ ငါ ရှေ့ဆက်သွားတော့မယ်။ တစ်ခုခု တွေ့ရင် ငါ နင့်ကို လာကယ်မယ်။ ဘာမှ ရှာမတွေ့ရင်တော့... နှုတ်ဆက်ပါတယ်" လုံချန်းက ပြောရင်း အနောက်လှည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ချူးမြောင်မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့သည်။ လုံချန်းသည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးမှ ရပ်လိုက်ကာ အနောက်သို့ ပြန်လှည့်လာသည်။
"ငါ စတာပါ။ နင့်ကို စနောက်လိုက်တာ။ နင့်ကို ခေါ်ထုတ်ဖို့ ငါ့မှာ အကြံရှိပါတယ်" သူက ပြောရင်း သူမရှိရာသို့ ပြန်လျှောက်လာသည်။
"နင်... လူယုတ်မာ" သူမက မျက်ရည်များကို သုတ်ရင်း သူ့ကို ဆဲလိုက်သည်။
"နင်လို မိန်းကလေးမျိုးက ငိုလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကဲ... ထွက်လာရအောင်" သူက ပြောရင်း အကာအကွယ်ထဲသို့ သူ၏လက်ကို ထည့်လိုက်သည်။
"ငါ့လက်ကို ကိုင်ထား။ ငါ့လက်ကို ကိုင်ထားသရွေ့တော့ နင် ထွက်လာနိုင်လိမ့်မယ်" လုံချန်းက ဆိုသည်။
ချူးမြောင်က သူ့အနားသို့ လျှောက်လာပြီး သူ၏လက်ကို ဆွဲကိုင်လိုက်သည်။ လုံချန်းက သူမကို သူ့ဆီသို့ ဆွဲခေါ်လိုက်ရာ သူမသည် အကာအကွယ် အပြင်ဘက်သို့ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။
"ကျေးဇူးပဲ" ချူးမြောင်သည် လုံချန်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။ သူမ၏ ရင်ဘတ်မှာ လုံချန်း၏ ရင်ဘတ်နှင့် ထိကပ်နေပြီး သူမက သူ့ကို စက္ကန့်ပိုင်းလောက် ဖက်ထားပြီးမှ ပြန်လွှတ်ပေးလိုက်သည်။
"အပြင်ထွက်လို့ရမယ့် နည်းလမ်းကို နင် ဘယ်လိုသိတာလဲ"
"ငါ အပြင်ကို ထွက်သွားပြီး အကာအကွယ်ထဲကို လက်ထည့်ကြည့်တဲ့အခါ ငါ့ကို တုန်ခါမှုက မရိုက်ဘူး။ ဘာလို့လဲဆိုတော့ အကာအကွယ်က မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုက အပြင်ဘက်ကို ထိနေသရွေ့ မင်းကို အပြင်ရောက်နေပြီလို့ မှတ်ယူတာ။ နင် ငါ့ကို ကိုင်ထားတယ်၊ ငါက အပြင်က မြေပြင်ကို နင်းထားတယ်။ အဲဒီတော့ အကာအကွယ်က နင့်ကို အပြင်ထွက်တာ မတားတော့ဘူး။ ဒီအကာအကွယ်ကို အဲဒီလိုပဲ တည်ဆောက်ထားတာ။ ဒါက သားရဲတွေအတွက်ပဲ၊ အချင်းချင်း ကူညီကြမယ့် လူသားတွေအတွက် မဟုတ်ဘူးလေ" လုံချန်းက ရယ်မောရင်း ရှင်းပြသည်။
"အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် နင့်ကို ကျေးဇူးတင်ပါတယ်။ ငါ့တစ်သက်လုံး အဲဒီထဲမှာ ပိတ်မိနေမယ်လို့တောင် စိတ်ကူးကြည့်လို့ မရဘူး" သူမက အကာအကွယ်ကို ကြည့်ကာ ခပ်နွမ်းနွမ်း အပြုံးဖြင့် ဆိုသည်။
"သိပ်တော့ မဆိုးပါဘူး။ ဒီမှာ ချီစွမ်းအင်တွေက တော်တော် သိပ်သည်းတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အေးအေးဆေးဆေး ကျင့်ကြံနေလို့ ရတာပဲ"
"ငါ အဲဒီလို မနေချင်ဘူး။ ငါက ဝိညာဉ်နက်ဂိုဏ်းမှာပဲ ကျင့်ကြံရတာကို ပိုပျော်တယ်။ ဒီမှာ ပိတ်မိနေပြီး တစ်နေကုန် သစ်ပင်တွေကို ဒေါသတကြီး ထိုးကြိတ်နေရတဲ့ ကျင့်ကြံသူတစ်ယောက်တော့ အဖြစ်မခံနိုင်ဘူး" ချူးမြောင်က ဆိုသည်။
"ဟုတ်တာပေါ့။ နောက်ပြီး ဒီဂိုဏ်းက နှစ်ပေါင်းများစွာကြာပြီးမှ ပြန်ပေါ်လာတတ်တာဆိုတော့ အထဲမှာ ကျန်နေခဲ့တဲ့သူတွေ ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး။ ဂိုဏ်းကြီး ပျောက်ကွယ်သွားပြီးနောက်မှာ ဒီထဲမှာ ရှင်သန်ဖို့က ခက်ခဲလိမ့်မယ်"
"ဘာပဲဖြစ်ဖြစ်... ရှေ့ကို ဆက်သွားရအောင်။ ငါတို့ တစ်နေရာရာကို ရောက်တော့မှာပါ။ ဟိုးရှေ့မှာ တစ်ခုခု မြင်နေရတယ်" လုံချန်းက ပြောရင်း ရှေ့သို့ စတင်လျှောက်လှမ်းရာ ချူးမြောင်လည်း သူ၏နောက်မှ လိုက်ပါသွားလေတော့သည်။