← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 41 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 41 Ch. 407-408

အခန်း (၄၀၇) ကြီးထွားလာခြင်း

​"ကောင်းကင်အဆင့် သားရဲတစ်ကောင်လား။ အဲဒါက တကယ့်ကို အံ့သြဖို့ကောင်းသလို ငါ့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

​မြွေဘုရင်သည် သစ်ရွက်ခြောက်များပေါ်တွင် လဲလျောင်းနေသော အရေခွံဟောင်းဆီသို့ တွားသွားလိုက်သည်။ သူ၏ ခန္ဓာကိုယ်အောက်တွင် သစ်ကိုင်းခြောက်များ ကျိုးပဲ့သံမှာ တဖြောက်ဖြောက် ထွက်ပေါ်နေ၏။

​"နောက်ဆုံးတော့ ငါဟာ ဆရာကြီး ဖြစ်တော့မှာပဲ။ ဟို အကောင်လေးသာ ငါ့အစွမ်းကို မြင်ရင် ငါ့ကို ဆရာတင်ပြီး သူ့ရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ တောင်းပန်တော့မှာ သေချာတယ်" မြွေဘုရင်က အကျယ်ကြီး ရယ်မောလိုက်သည်။ လုံချန်းသည် သူ၏စကားများကို ကြားလိုက်ရသဖြင့် မချိပြုံး ပြုံးလိုက်မိသည်။

​မြွေဘုရင်သည် မြေပြင်ပေါ်ရှိ အရေခွံဟောင်းပေါ်တွင် သူ၏ ခန္ဓာကိုယ်ကို နေရာချလိုက်ပြီးနောက် ၎င်းကို စတင် စုပ်ယူတော့သည်။ မြွေဘုရင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တောက်ပလာပြီး အရေခွံအတွင်းရှိ စွမ်းအားများကို စုပ်ယူနေလေသည်။

​"ဒါတွေ အားလုံးပြီးဖို့ ဘယ်လောက်ကြာမလဲ မသိဘူး" လုံချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ရေရွတ်လိုက်သည်။

​"လန်ကျင်း လိုချင်တဲ့အရာက ဘာလဲဆိုတာ ငါသိပေမဲ့ နတ်ကောင်းကင်ဘုံဂိုဏ်းက ဘာလို့ ဒီလို မှောင်မှောင်မဲမဲ နေရာမျိုးကို ထားရှိရတာလဲဆိုတာ ငါနားမလည်နိုင်ဘူး။ ဒါက တကယ့်ကို ထူးဆန်းတဲ့ နေရာပဲ။ ဒီမှာ ချီစွမ်းအင်လည်း မရှိဘူး။ ကျင့်ကြံလို့လည်း မရဘူး။ ငါသာ ငါ့မှာရှိတဲ့ ချီစွမ်းအင်ကို သုံးလိုက်ရင် ဒီမှာ ရှိနေသရွေ့ ပြန်ဖြည့်တင်းလို့ ရမှာ မဟုတ်ဘူး" လုံချန်းက အနားရှိ သစ်ပင်တစ်ပင်ဆီသို့ လျှောက်သွားလိုက်သည်။

​"သစ်ပင်တွေ အားလုံးကလည်း သေနေကြပြီ။ ဒီမှာ ချီမရှိတော့ အဲဒါက ဖြစ်သင့်ပေမဲ့ ဒီပင်တွေက ချီမရှိဘဲ ဘယ်လို ကြီးထွားလာခဲ့တာလဲဆိုတာကတော့ ထူးဆန်းနေတယ်။ ဒီနေရာက အမြဲတမ်း ဒီလိုပဲလား၊ ဒါမှမဟုတ် မကြာခင်ကမှ အခုလို ပြောင်းလဲသွားတာလား" လုံချန်းက သစ်ပင်ကို ကိုင်ကြည့်ရင်း ဆိုသည်။

​မြွေဘုရင် စွမ်းအားစုပ်ယူနေစဉ် သူ ရှေ့ဆက်သွားကာ စူးစမ်းနိုင်သော်လည်း ဤနေရာတွင် သားရဲများ မရှိဟု ကြားထားသော်ငြား မြွေဘုရင်၏ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူသဖြင့် တစ်စက္ကန့်မျှပင် ခွဲမသွားဘဲ စောင့်ကြည့်နေခဲ့သည်။ သူသည် သစ်ပင်အောက်တွင် ထိုင်ကာ မြွေဘုရင်၏ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့သည်။

​"ကောင်းကင်အဆင့် သားရဲတစ်ကောင်သာ ရှိမယ်ဆိုရင် လန်ကျင်းနဲ့ တိုက်ပွဲက အများကြီး ပိုလွယ်သွားပြီ။ လန်ကျင်းက ငါခန့်မှန်းထားသလောက်ပဲ သန်မာမယ်ဆိုရင် ဒါက တကယ့်ကို လွယ်ကူတဲ့ တိုက်ပွဲ ဖြစ်လာတော့မှာပါ" သူ တိုးတိုးလေး ဆိုလိုက်သည်။

​မြွေဘုရင်၏ ခန္ဓာကိုယ်မှာ ပိုမိုတောက်ပလာပြီး အရွယ်အစားမှာလည်း တဖြည်းဖြည်း ကြီးထွားလာသည်။ မကြာခင်မှာပင် လုံချန်း တစ်ခါမျှ မမြင်ဖူးလောက်အောင် ကြီးမားလာတော့သည်။ မြွေဘုရင်သည် ကျိချွမ်းနှင့် တိုက်ခိုက်စဉ်ကပင် ဤမျှ မကြီးခဲ့ပေ။

​၎င်းမှာ ယခင်က သူ၏ အရွယ်အစားအမှန်ကို ထုတ်မပြခဲ့ခြင်းကြောင့်လား သို့မဟုတ် ကျင့်စဉ်အဆင့် တက်လာသဖြင့် ပိုမိုကြီးမားနိုင်သည့် စွမ်းရည် ရရှိလာခြင်းလားဆိုသည်ကို လုံချန်း မဝေခွဲနိုင်ပေ။

​"တကယ်လို့ ဒုတိယအချက်သာ မှန်မယ်ဆိုရင် သူ အမြင့်ဆုံးအဆင့်ကို ရောက်တဲ့အခါ ကမ္ဘာကြီးတစ်လုံးလုံးကို မျိုချနိုင်လောက်အောင် ကြီးမားလာမှာ မဟုတ်လား။ သူက ရှေးဟောင်း သွေးမျိုးဆက်လည်း ရှိနေတာဆိုတော့..." လုံချန်းက မြွေဘုရင်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

​မကြာမီ မြွေဘုရင်၏ ကျောပြင်မှ အနက်ရောင် အတောင်ပံ နှစ်ဖက် ထွက်ပေါ်လာပြီး ခန္ဓာကိုယ်နှင့်အတူ ကြီးထွားလာသည်။

​"အတောင်ပံတွေလား" လုံချန်း အံ့သြသွားသည်။

​"အတောင်ပံ ပါတာပေါ့။ ရှေးဟောင်းမြွေဘုရင် မျိုးနွယ်စုဝင်တိုင်းဟာ ကောင်းကင်အဆင့် သားရဲ ဖြစ်လာရင် အတောင်ပံတွေ ပေါက်လာကြတာပဲ" ရွှင်းက ဝင်ပြောသည်။

​"တကယ်လား။ ဒါဆို သူ အခု ပျံနိုင်ပြီပေါ့"

​"ဒါကတော့ တော်တော်မိုက်မဲတဲ့ မေးခွန်းပဲ။ အတောင်ပံပါပြီး မပျံနိုင်တဲ့ သားရဲအကြောင်း နင် ကြားဖူးလို့လား။ သူ သေချာပေါက် ပျံနိုင်မှာပေါ့" ရွှင်းက ပြန်ဖြေလိုက်သည်။

​၃ နာရီခန့် ကြာပြီးနောက် မြွေဘုရင်၏ ခန္ဓာကိုယ်မှာ ကြီးထွားမှု ရပ်တန့်သွားသလို အလင်းတန်းများလည်း ပျောက်ကွယ်သွားသည်။

​"ဟားဟားဟား... ငါ အောင်မြင်ပြီ။ ဒီဘုရင်ကြီးဟာ အခုဆိုရင် ကောင်းကင်အဆင့် သားရဲတစ်ကောင် ဖြစ်သွားပြီဟေ့။ လူသားလေး... မင်း ဘယ်မှာလဲ။ ဒီဘုရင်ကြီးရဲ့ ဘုန်းတော်ကို လာပြီး ဦးညွှတ်စမ်းပါ" မြွေဘုရင်က အကျယ်ကြီး ရယ်မောရင်း လုံချန်းကို လိုက်ရှာရာ သစ်ပင်အောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

​"အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်" လုံချန်းက ချီးကျူးလိုက်သည်။

​"ဒါပေါ့... မင်းအနေနဲ့ ဒီဘုရင်ကြီးကို သိခွင့်ရတာကိုပဲ ဝမ်းသာနေလိုက်" မြွေဘုရင်က ပြောပြောဆိုဆိုနှင့် သူ၏ မူလအရွယ်အစားလေးအတိုင်း ပြန်သေးသွားကာ လုံချန်းဆီသို့ တွားသွားလိုက်သည်။

​"ကဲ... ငါ ဟိုနေရာထဲကို ပြန်သွားတော့မယ်။ အဲဒီမှာ ဟို အကောင်လေးကို ငါ့ရဲ့ စွမ်းအားတွေ သွားကြွား... အဲ... သွားပြလိုက်ဦးမယ်" မြွေဘုရင်က ဆိုသည်။

​လုံချန်းက ပြုံးရင်း မြွေဘုရင်ကို သိုလှောင်လက်စွပ်ထဲ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် သူသည် မတ်တပ်ရပ်ကာ ရှာဖွေမှုကို ဆက်လက် ပြုလုပ်ခဲ့သည်။

​မြွေဘုရင်သည် သားရဲနယ်မြေထဲသို့ ဝင်ရောက်လာပြီး အခြားသားရဲများ ရှိရာဆီသို့ ပျံသန်းသွားသည်။

​"ဒီဘုရင်ကြီး ပြန်လာပြီဟေ့" သူက ကြေညာလိုက်သည်။

​မုဆိုးကြယ်က မြွေဘုရင်ကို စိုက်ကြည့်နေသည်။ နှင်းခဲလေးက မျက်လုံးဖွင့်ကြည့်လိုက်ရာ မြွေဘုရင်ကို တွေ့သဖြင့် ထလာပြီး မြွေဘုရင်ဆီသို့ ပြေးလာသည်။

​"ဟဲဟဲ... နောက်ဆုံးတော့ မင်း ငါ့ရဲ့ အစွမ်းအစကို မြင်သွားပြီပေါ့ အကောင်လေး။ မှန်တယ်။ ဒီဘုရင်ကြီးကို ဦးညွှတ်စမ်းပါ။ မင်းကလည်း မဆိုးပါဘူး၊ ငါ့ရဲ့ လက်ထောက်အဖြစ် ခန့်အပ်ပေးမယ်။ မင်းက ငါ့ရဲ့ စီးပွားရေးကိစ္စတွေကို ကိုင်တွယ်ပြီး ငါ့အတွက် အစားအသောက် ရှာပေးရမယ်" မြွေဘုရင်က ပြောလိုက်သည်။

​သူမက သူ့ကို ချီးကျူးလာမည်ကို စောင့်နေစဉ်မှာပင် နှင်းခဲလေးက မြွေဘုရင်ပေါ်သို့ ခုန်တက်ကာ သူ၏ကျောပေါ်တွင် အသာလေး နားလိုက်သည်။

​"ဟေ့... အကောင်လေး။ အခု ချက်ချင်း ဆင်းစမ်း" မြွေဘုရင်က ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ။ မင်းအဖေက အိပ်စက်ခြင်း နတ်ဘုရားလား။ ဒီဘုရင်ကြီးရဲ့ ကျောပေါ်မှာ ဘယ်လိုလုပ် အိပ်နိုင်ရတာလဲ။ ငါက မင်းစီးဖို့ ယာဉ် မဟုတ်ဘူးနော်" မြွေဘုရင်က သူ၏ ခန္ဓာကိုယ်ကို ခါယမ်းရင်း အော်ဟစ်လိုက်သည်။

​အု... ဝူး...

နှင်းခဲလေးက မျက်လုံးလေး ကလည်ကလည်ဖြင့် ညည်းညူလိုက်သည်။

​"ဘာ... ငါ အိပ်ပါရစေ ဟုတ်လား။ ငါက မင်းရဲ့ ခုတင် မဟုတ်ဘူးကွ။ ဒီဘုရင်ကြီးက အခု ကောင်းကင်အဆင့် သားရဲဖြစ်နေပြီကွ"

​နှင်းခဲလေးက မြွေဘုရင်ကို ကြည့်ကာ နောက်ထပ် အသံလေးတစ်ခု ထပ်ပြုလိုက်ပြန်သည်။

​"မှန်တယ်။ ဒီဘုရင်ကြီးက မင်းကို ငါ့ပေါ်မှာ အိပ်စေချင်တာ မဟုတ်ဘူး"

​နှင်းခဲလေးသည် မတ်တပ်ရပ်ကာ အောက်သို့ ခုန်ဆင်းသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ သစ်ပင်ဆီသို့ ပြန်သွားကာ သစ်ပင်အောက်တွင် ပြန်ထိုင်နေလိုက်သည်။

​"ဒီမှာ ငါတစ်ယောက်တည်းပဲ ဉာဏ်ကောင်းပြီး ရင့်ကျက်နေတာလား" မြွေဘုရင်က ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

​သူသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ သူ၏ ခန္ဓာကိုယ်ကို ပို၍ သေးငယ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် ဦးချိုနက် သံချပ်ကာ ကြံ့ ဆီသို့ သွားလိုက်သည်။

​"မင်းကပဲ ဒီထဲမှာ အသိဉာဏ် အရှိဆုံးပဲ။ ဟို အကောင်လေးကို ငါ့လက်ထောက် ခန့်မလို့ပဲ၊ ဒါပေမဲ့ သူက နုံအလွန်းတဲ့ ကလေးလေး ဖြစ်နေတယ်။ အဲဒါကြောင့် ငါ့ကို အလုပ်အကျွေး ပြုခွင့်ကို မင်းကို ပေးလိုက်မယ်။ ငါတို့ ဒီကမ္ဘာကြီးကို အုပ်စိုးတဲ့အခါ မင်းကို ငါ့ရဲ့ ဒုတိယခေါင်းဆောင် ခန့်မယ်" မြွေဘုရင်က ကြံ့ကြီးကို ပြောလိုက်လေသည်။

​လုံချန်းသည် သက်ရှိဟူ၍ မြူတစ်မှုန်မျှ မရှိသော၊ လေထုပင် သေဆုံးနေသကဲ့သို့ ခံစားရသော ထိုခြောက်ကပ်ကပ် နေရာ၏ အနက်ရှိုင်းဆုံးဆီသို့ လျှောက်လှမ်းလာခဲ့သည်။

​မိနစ် ၅၀ ခန့် လျှောက်ပြီးနောက် မြေပြင်မှ ထွက်ပေါ်နေသော ဂူဗိမာန် ကျောက်တိုင် တစ်တိုင် ရှိရာသို့ ရောက်ရှိသွားသည်။

​"ငါ ဒီလို အလုပ်မျိုး လုပ်ရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး" လုံချန်းက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ရေရွတ်ရင်း ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။

​သူသည် ထိုကျောက်တိုင်ကို ဖမ်းကိုင်လိုက်သည်။ ကျောက်တိုင်မှာ တော်တော်လေး မြင့်ပြီး လုံချန်း၏ ပုခုံးအထိ ရှိသလို လုံချန်း၏ ကိုယ်ထည်ထက် နှစ်ဆခန့် ပိုတုတ်သည်။

​"ဒီလို လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်" လုံချန်းက ရေရွတ်ရင်း ထိုကျောက်တိုင်ကို ဖမ်းကိုင်ကာ မြေကြီးထဲမှ ဆွဲနှုတ်လိုက်သည်။

​လုံချန်းသည် ထိုကျောက်တိုင်ကို သယ်ဆောင်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ ကျောက်တိုင်မှာ ကြည့်ရသည်မှာ လေးလံပုံရသော်လည်း အမှန်တကယ်တွင်မူ ငှက်မွေးတစ်မွေးကဲ့သို့ ပေါ့ပါးနေသည်။

​လုံချန်း ရှေ့ဆက်သွားလေလေ လေထုမှာ ပို၍ ပူပြင်းလာလေလေ ဖြစ်သည်ကို သတိပြုမိလိုက်သည်။ အပူချိန်မှာ အလျင်အမြန် မြင့်တက်လာပြီး သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။ နာရီဝက်ခန့် လျှောက်ပြီးနောက်တွင်မူ လုံချန်းသည် ထိုပြင်းထန်လှသော အပူရှိန်၏ အရင်းအမြစ်ကို သူ၏ ရှေ့တည့်တည့်တွင် တွေ့လိုက်ရတော့သည်။

​"ဟိုမှာပဲ... နောက်ဆုံးတော့ ရောက်ပြီ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

အခန်း (၄၀၈) ဆွဲကြိုး

​သူ့ရှေ့တွင် ဘုရားကျောင်းနှင့်တူသော နေရာတစ်နေရာကို ဝန်းရံထားသည့် မြစ်တစ်စင်း ရှိနေသည်။ ထိုမြစ်ကို အခြားမြစ်များနှင့် ကွဲပြားစေသည့်အချက်မှာ ၎င်းထဲ၌ ပူပြင်းလှသော ချော်ရည်ပူများဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။

​သူသည် ရှေ့သို့တိုးကာ ဂူဗိမာန်ကျောက်တိုင်ကို ချော်ရည်များပေါ်တွင် တင်လိုက်သည်။ ထိုကျောက်တိုင်မှာ ချော်ရည်များပေါ်တွင် စတင်ပေါ်လောမျောလာပြီး လုံချန်းက ၎င်းပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ ကျောက်တိုင်သည် ဘုရားကျောင်းရှိရာဘက်သို့ မျောပါသွားတော့သည်။

​ကျောက်တိုင်သည် ချော်ရည်များကို ဖြတ်ကျော်ကာ လုံချန်းအား ဘုရားကျောင်းသို့ ပို့ဆောင်ပေးခဲ့သည်။ လုံချန်းသည် ဘုရားကျောင်းရှေ့ရှိ မြေပြင်ပေါ်သို့ ခြေချလိုက်ပြီး ကျောက်တိုင်ကို ချော်ရည်များထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ သူသည် ကျောက်တိုင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ဘုရားကျောင်းဆီ လှမ်းကြည့်လိုက်၏။

​ဘုရားကျောင်းမှာ ကျောက်တိုင်ကဲ့သို့သော ပစ္စည်းဖြင့်ပင် ပြုလုပ်ထားပုံရပြီး အနက်ရောင် ကျောက်သားများဖြင့် တည်ဆောက်ထားသည်။ လုံချန်းသည် ဘုရားကျောင်းတံခါးဝသို့ လျှောက်သွားကာ တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ ဝင်လိုက်သည်။

​ဘုရားကျောင်းအတွင်းပိုင်းမှာလည်း အပြင်ဘက်ကဲ့သို့ပင် မှောင်မှောင်မဲမဲနှင့် ခြောက်ကပ်နေသည်။ ဘာမှမရှိသော ခန်းမအလွတ်ကြီးတစ်ခန်းဟု ထင်ရသော်လည်း လုံချန်းကမူ ထိုမျှသာ မဟုတ်ကြောင်း သိနေသည်။ ဤနေရာတွင် သူ ဘာလုပ်ရမည်ကို ကြိုတင်သိရှိထားပြီး ဖြစ်သည်။

​သူသည် ရှေ့တည့်တည့်ရှိ နံရံဆီသို့ လျှောက်သွားလိုက်သည်။ နံရံတွင် လုံချန်းလက်ထဲရှိ ကျောက်တိုင်နှင့် ပုံသဏ္ဍာန်တူသော အပေါက်တစ်ပေါက် ရှိနေသည်။ သူသည် ထိုကျောက်တိုင်ကို အပေါက်ထဲသို့ ထည့်လိုက်ရာ နံရံမှ ဖဲ့ယူထားသော အပိုင်းအစတစ်ခုအလား ကွက်တိ ကျသွားတော့သည်။

​သူ့ရှေ့ရှိ နံရံမှာ အောက်သို့ နိမ့်ဆင်းသွားပြီး မြေကြီးထဲသို့ ပျောက်ကွယ်သွားကာ နောက်ကွယ်မှ အရာတစ်ခုကို ဖော်ပြလိုက်သည်။ ထိုနေရာတွင် ကျောက်သားယဇ်ပလ္လင်တစ်လုံး ရှိနေပြီး ၎င်းပေါ်၌ ခေါင်းတလားပုံသဏ္ဍာန်ရှိသော ဆွဲကြိုးလေးတစ်ကုံး တင်ထားသည်။

​လုံချန်းသည် ယဇ်ပလ္လင်ဆီသို့ လျှောက်သွားကာ ထိုဆွဲကြိုးကို ကောက်ယူလိုက်သည်။

​"ဒီဆွဲကြိုးလေးက လန်ကျင်း ရှာနေတဲ့ အရာပေါ့။ ဒါက ဘာလုပ်နိုင်လဲဆိုတာ သူ ငါ့ကို မပြောခဲ့ပေမဲ့ သူပြောပုံဆိုပုံအရဆိုရင်တော့ ဒါက ဖျက်ဆီးအားပြင်းတဲ့ လက်နက်တစ်လက် ဖြစ်နိုင်တယ်" လုံချန်းက ခေါင်းတလားပုံ ဆွဲကြိုးလေးကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​"ငါ့မှာတော့ ဘာ ချီစွမ်းအင်မှ ခံစားလို့မရဘူး၊ ဒါပေမဲ့ ဒါက ထူးဆန်းတဲ့ ခံစားချက်တစ်ခုတော့ ပေးနေတယ်။ ရွှင်း... ဒီဆွဲကြိုးက ဘာလဲဆိုတာ နင် သိလား" သူက ရွှင်းကို မေးလိုက်သည်။

​ရွှင်းသည် သူ၏ရှေ့တွင် ပေါ်လာပြီး "ငါ သိသလိုလိုတော့ ရှိတယ်၊ ဒါပေမဲ့ မှားရင်လည်း မှားနိုင်တယ်" သူမက ဆိုသည်။

​"ဒါက ဘာလဲ" သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​"ငါတို့ ဒီဆွဲကြိုးကို အပြင်မှာ တစ်ခါမှ မမြင်ဖူးပေမဲ့ ခေါင်းတလားပုံ ဆွဲကြိုးတစ်ကုံး ရှိတယ်ဆိုတဲ့ သတင်းစကားကိုတော့ ကြားဖူးတယ်။ အဲဒီဆွဲကြိုးက လူသားတွေ ဒါမှမဟုတ် သားရဲတွေကို အထဲမှာ ထည့်ထားနိုင်တယ်။ အထဲမှာ အချိန်က ရပ်တန့်နေတာဖြစ်လို့ အထဲမှာ ရှိနေတဲ့သူက ဘယ်လောက်ကြာကြာမဆို နေလို့ရတယ်" ရွှင်းက ရှင်းပြသည်။

​"တကယ်လား။ ဒါဆိုရင် ဒါက တကယ့်ကို အံ့သြစရာကောင်းတဲ့ ပစ္စည်းပဲပေါ့။ လူတစ်ယောက်က ဒီထဲဝင်ပြီး ထာဝရ ကျင့်ကြံနေလို့ ရတာပေါ့"

​"အဲဒီလိုတော့ မဟုတ်ဘူး။ အထဲမှာ အချိန်က ရပ်နေတာဖြစ်တဲ့အတွက် အထဲမှာ ရှိနေတဲ့သူက လှုပ်ရှားလို့ မရသလို ကျင့်ကြံလို့လည်း မရဘူး။ အဲဒါက ဘာမှမရှိတဲ့ လဟာနယ်တစ်ခုထဲမှာ ပိတ်မိနေသလိုပဲ"

​"ဒါဆိုရင်တော့ ဒါရဲ့ တန်ဖိုးက အများကြီး ကျသွားတာပေါ့၊ ဒါပေမဲ့ အဖိုးတန်တဲ့ ပစ္စည်းတစ်ခု ဖြစ်နေတုန်းပါပဲ။ လန်ကျင်းက ဒါကို လိုချင်နေတာဆိုတော့ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်။ သူက တစ်စုံတစ်ယောက်ကို အထဲထည့်ချင်တာ ဖြစ်နိုင်သလို၊ အထဲမှာ ရှိနေပြီးသား တစ်ယောက်ယောက်ကို အပြင်ထုတ်ချင်တာလည်း ဖြစ်နိုင်တယ်" လုံချန်းက စဉ်းစားရင်း ရေရွတ်လိုက်သည်။

​"ဒါက ငါကြားဖူးတဲ့ သတင်းပဲ။ ဒါက အဲဒီပစ္စည်း အစစ်လား၊ ဒါမှမဟုတ် တိုက်ဆိုင်လို့ ပုံစံတူနေတာလားဆိုတာတော့ ငါ မသေချာဘူး။ ပြီးတော့ ဒီလိုပစ္စည်းမျိုးက ဒီကို ဘယ်လိုရောက်လာမလဲဆိုတာလည်း စဉ်းစားစရာပဲ။ ကောလာဟလတွေအရတော့ ဒါက မိစ္ဆာဘုံရဲ့ အုပ်ချုပ်သူဆီမှာ ရှိတာဆိုတော့ အစစ်အမှန်က ဒီမှာ ရှိနေလိမ့်မယ်လို့ ငါတော့ မထင်ဘူး" ရွှင်းက ဆိုသည်။

​"ဒါကို စမ်းသပ်ဖို့ နည်းလမ်းရှိလား။ တကယ်လို့ ဒါက အစစ်ဆိုရင် ဘယ်လိုဖွင့်ရမလဲ"

​"ဘယ်လိုဖွင့်ရမလဲဆိုတာ ငါ ဘယ်လိုသိမလဲ။ ဒါ ရှိတယ်ဆိုတာပဲ ကြားဖူးတာလေ။ ဒါ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုဖွင့်ရလဲဆိုတာတော့ ငါလည်း မသိဘူး" ရွှင်းက ခပ်နွမ်းနွမ်း ပြုံးရင်း ပြောသည်။

​"ဒါဆိုရင်တော့ ဒါက အစစ်လား၊ အတုလားဆိုတာ ခွဲခြားဖို့ နည်းလမ်းမရှိဘူးပေါ့။ ဒါပေမဲ့ နင်ပြောတဲ့ ပစ္စည်းမဟုတ်ရင်တောင် ဒါက သူ့နည်းသူ့ဟန်နဲ့တော့ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်မှာပဲ" လုံချန်းက ဆိုကာ ဆွဲကြိုးကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ "လန်ကျင်းကို မသတ်ခင် ဒါ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သူ့ကိုပဲ မေးကြည့်ရမှာပေါ့"

​လုံချန်းသည် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ယဇ်ပလ္လင်မှ အလင်းများ ထွက်ပေါ်လာသည်။ ဘုရားကျောင်း တစ်ကျောင်းလုံးမှာ သူ၏ ရတနာ အခိုးခံရသဖြင့် အမျက်ထွက်နေသကဲ့သို့ တုန်ခါလာတော့သည်။

​ဘုရားကျောင်းတံခါးများမှာ အလိုအလျောက် ပိတ်သွားပြီး မြေကြီးထဲ ဝင်သွားသော နံရံမှာလည်း ပြန်တက်လာကာ သူ၏ လမ်းကို ပိတ်ဆို့လိုက်သည်။

​"နင်တော့ ပိတ်မိသွားပြီ ထင်တယ်။ တစ်ယောက်ယောက်က ဆွဲကြိုးကို ယူသွားရင် မထွက်နိုင်အောင် လုပ်ထားတဲ့ ဘုရားကျောင်းရဲ့ ယန္တရား ဖြစ်ရမယ်" ရွှင်းက တိုးတိုးလေး ဆိုသည်။

​"ငါ့ကို ပြောတုန်းကတော့ ဒါမျိုး မပါပါဘူး။ ကြည့်ရတာ သူကိုယ်တိုင်လည်း ဒါကို သိပုံမရဘူး။ နတ်ကောင်းကင်ဘုံဂိုဏ်းက ဘာလို့ ဒါမျိုး လုပ်ထားတာလဲ။ တကယ်လို့ သူတို့က လူတစ်ယောက်ကို မယူစေချင်ရင် ဟိုကျောက်တိုင်ကို အပြင်မှာ အလွယ်တကူ ထားစရာ မလိုဘူးလေ" လုံချန်းက မချိပြုံး ပြုံးရင်း ရေရွတ်လိုက်သည်။

​လုံချန်းသည် ရွှင်းနှင့် စကားပြောနေစဉ် အနောက်ဘက်မှ အသံတစ်သံ ကြားလိုက်ရသည်။

​"မင်းက မင်းနဲ့ မဆိုင်တဲ့အရာကို ယူလိုက်ပြီ"

​"နောက် ၅ မိနစ်အတွင်း အဲဒီအရာကို မူလနေရာမှာ ပြန်မထားရင်... မင်း အသတ်ခံရလိမ့်မယ်"

​လုံချန်း လှည့်ကြည့်လိုက်ရာ ကျောက်ရုပ်တုတစ်ရုပ်ကို တွေ့လိုက်ရသည်။

​"ဒါက ဘယ်ကနေ ပေါ်လာတာလဲ" လုံချန်းက ရေရွတ်လိုက်သော်လည်း မကြာခင်မှာပင် နံရံများထဲမှ နောက်ထပ် ကျောက်ရုပ်တုများစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် သူ၏မေးခွန်းမှာ အဖြေရသွားသည်။

​ကျောက်ရုပ်တုများမှာ အမျိုးမျိုး အစားစား ဖြစ်သည်။ အချို့က လူသားနှင့် တူပြီး အချို့မှာ သားရဲများနှင့် တူသည်။ ခဏချင်းမှာပင် လှုပ်ရှားနိုင်သော ရုပ်တုပေါင်း ရာနှင့်ချီ ရှိလာသည်။ ထိုရုပ်တုများထံမှ ကျင့်စဉ်အစွမ်းများကိုလည်း လုံချန်း ခံစားနေရသည်။ အများစုမှာ မြေကမ္ဘာအဆင့် ရုပ်တုများဖြစ်ပြီး အချို့ အနည်းငယ်မှာမူ ကောင်းကင်အဆင့် အစောပိုင်းတွင် ရှိသည်။

​"ဘာမှ ပြဿနာမရှိဘူး" လုံချန်းက ဆိုရင်း သူ၏ ဘုရင်ဓားကို ထုတ်လိုက်သည်။

​သူသည် မြွေဘုရင်နှင့် သူ၏ ဝိညာဉ်ဓားကိုပါ ထုတ်လိုက်သည်။ ထို့ပြင် မုဆိုးကြယ်နှင့် ဦးချိုနက် သံချပ်ကာ ကြံ့တို့ကိုပါ ခေါ်ထုတ်လိုက်သည်။

​"ဒီဘုရင်ကြီးကို ဘာလို့ ခေါ်တာလဲ။ ငါက ငါ့ရဲ့ ဒုတိယခေါင်းဆောင်နဲ့ ကမ္ဘာကြီးကို အုပ်စိုးမယ့် အနာဂတ် အစီအစဉ်တွေအတွက် အရေးကြီးတဲ့ အစည်းအဝေး လုပ်နေတာလေ" မြွေဘုရင်က လုံချန်းကို ပြောလိုက်သည်။

​"ဒီရုပ်တုတွေကို ဖျက်ဆီးပေးစေချင်လို့ပါ။ ငါတစ်ယောက်တည်း ဖျက်ဆီးပြီး အချိန်ဖြုန်းနေမယ့်အစား အကူအညီယူတာ ပိုကောင်းမယ်လို့ ထင်လို့။ ဒီနေရာမှာ ချီစွမ်းအင် မရှိဘူး၊ အဲဒါကြောင့် ငါ့ရဲ့ ချီကို တတ်နိုင်သမျှ ချွေတာချင်လို့ပဲ" လုံချန်းက ပြန်ဖြေသည်။ "မင်းတို့ကတော့ သားရဲနယ်မြေထဲမှာ ချီကို ပြန်ဖြည့်လို့ရပေမဲ့ ငါကတော့ မရဘူးလေ"

​"ဒါက ကိစ္စသေးသေးလေးပဲ မဟုတ်လား။ ဒီဘုရင်ကြီး တစ်ယောက်တည်းနဲ့ ဒါတွေအားလုံးကို ကိုင်တွယ်နိုင်ပါတယ်။ တခြားသူတွေ မလိုပါဘူး။ အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေလိုက်" မြွေဘုရင်က ဆိုသည်။ သူသည် အခုဆိုလျှင် ကောင်းကင် အဆင့် ၆ သားရဲ ဖြစ်နေပြီဖြစ်၍ ဤအားနည်းသော ရုပ်တုများကို မျက်စိထဲ မထည့်ပေ။

​"သြော်... ဟုတ်လား။ ဒါဆိုရင်တော့ မင်းတို့တွေ ပြန်နားကြတော့၊ မင်းတို့ရဲ့ ညီလေးကိုပဲ တိုက်ခိုင်ခိုင်းလိုက်မယ်။ သူက တစ်ယောက်တည်း လုပ်ချင်နေတာဆိုတော့" လုံချန်းက မုဆိုးကြယ်နှင့် ကြံ့ကြီးကို ပြောကာ အနောက်သို့ ဆုတ်လိုက်သည်။

​မုဆိုးကြယ်နှင့် ကြံ့ကြီးမှာ နားထောင်ပြီး အနောက်ဆုတ်သွားသော်လည်း မြွေဘုရင်မှာမူ ဒေါသထွက်သွားသည်။

​"ဘယ်သူက သူတို့ရဲ့ ညီလေးလဲ။ မင်းရဲ့ မိသားစု တစ်စုလုံးကသာ သူတို့ရဲ့ ညီလေးတွေ။ ဒီဘုရင်ကြီးက သူတို့ရဲ့ ခေါင်းဆောင်ကွ" မြွေဘုရင်က အော်ဟစ်လိုက်သည်။

​"အဲဒီလို မဟုတ်ဘူးလေ။ နောက်မှ ရောက်လာတဲ့သူက ညီလေး ဖြစ်ရတာပေါ့။ အဲဒါကြောင့် မင်းက သူတို့ရဲ့ ညီလေး ဖြစ်တာပေါ့၊ ဒါပေမဲ့ ရှက်စရာတော့ မဟုတ်ပါဘူး။ စိတ်ဆိုးနေဖို့ မလိုဘူး" လုံချန်းက ရယ်မောရင်း ဆိုသည်။

​"ဒီဘုရင်ကြီးက အဲဒီလို သတ်မှတ်ချက်တွေကို ဂရုမစိုက်ဘူး။ မင်းသာ ငါ့ကို သူတို့ရဲ့ ညီလေးလို့ ခေါ်တာကို မရပ်ရင်... ဒီဘုရင်ကြီး တိုက်မှာ မဟုတ်ဘူး" မြွေဘုရင်က လုံချန်းကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်လေတော့သည်။

All Chapters