← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 41 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 41 Ch. 409-410

အခန်း (၄၀၉) ပျောက်သွားတာလား

​"ကောင်းပါပြီ... စိတ်မဆိုးပါနဲ့တော့။ နောက်ဆို အဲဒီလို မခေါ်တော့ဘူး" လုံချန်းက မချိပြုံး ပြုံးရင်း ပြောလိုက်သည်။

​"ဟွန့်... အဲဒါမှပေါ့။ ဒီဘုရင်ကြီးက အကောင်လေးကိုပဲ ငါနဲ့ အဆင့်တူလို့ သတ်မှတ်တာ၊ တခြားသူတွေကို မဟုတ်ဘူး" မြွေဘုရင်က ဆိုသည်။

​ပထမဆုံး ကျောက်ရုပ်တု ပေါ်လာပြီး ၅ မိနစ်ပြည့်သည်နှင့် ရုပ်တုများ စတင်လှုပ်ရှားလာတော့သည်။

​"မင်းတို့လို ရုပ်တုတွေက ဒီဘုရင်ကြီးကို ဆန့်ကျင်ချင်တာလား။ ငါ့လောက် ချောမောတဲ့သူရဲ့ ရုပ်တုတွေဆိုရင်တော့ တစ်မျိုးပေါ့၊ အခုတော့ ရုပ်ဆိုးဆိုးကြီးနဲ့ ငါ့ကို တိုက်ချင်သေးတယ်လား" မြွေဘုရင်က အော်ဟစ်ပြီး သူ၏ခန္ဓာကိုယ်ကို ကြီးထွားစေလိုက်သည်။

​ရုပ်တုများသည် ၎င်းတို့၏ ကျောက်ဓားများကို မြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်ကြသော်လည်း ရုတ်တရက် ရပ်တန့်သွားကြသည်။ အချိန်တစ်ခုအတွင်း အေးခဲသွားသကဲ့သို့ပင်။

​'ငါ ဒီတိုက်ကွက်ကို မှတ်မိတယ်။ ငါနဲ့ စတွေ့တုန်းက သူ ထွက်ပြေးဖို့အတွက် ငါ့ကို ဒီနည်းနဲ့ သုံးခဲ့တာပဲ။ လှုပ်ရှားလို့မရအောင် စွမ်းအားတစ်ခုက တားဆီးထားသလို ခံစားခဲ့ရတာ။ ငါ့မှာ ဟင်းလင်းပြင်နိယာမသာ မရှိရင် သူ့ကို ဖမ်းမိဖို့ မလွယ်ဘူး' မြွေဘုရင်၏ တိုက်ကွက်ကို ကြည့်ပြီး လုံချန်းက တွေးလိုက်မိသည်။

​ရုပ်တုများ လှုပ်ရှားမှု ရပ်တန့်သွားချိန်တွင် မြွေဘုရင်အတွက် အရာရာ လွယ်ကူသွားတော့သည်။ သူသည် ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ရုပ်တုများကို ကြိတ်ခြေပစ်လိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် မြွေဘုရင်သည် ဒဏ်ရာတစ်ချက်မျှ မရဘဲ ပြန်ရောက်လာခဲ့သည်။

​"မင်းကတော့ အပိုတွေ စိုးရိမ်နေတာပဲ။ ကြည့်စမ်း... ဒီဘုရင်ကြီးအတွက် ဘယ်လောက်လွယ်လဲဆိုတာ။ ဒီဘုရင်ကြီးက ကောင်းကင်ဘုံ ဧကရာဇ်တွေကိုတောင် ရင်ဆိုင်ခဲ့တာ၊ ဒီလို ရုပ်တုအစုတ်အပြတ်လေးတွေက ဘာမှုစရာရှိလဲ" မြွေဘုရင်က ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

​"တော်တယ်... ကောင်းကောင်းတိုက်နိုင်ခဲ့တယ်။ ကဲ... အခု ပြန်နားလို့ရပြီ" လုံချန်းက သူတို့ကို ပြန်ပို့ရန် ပြင်လိုက်စဉ် ကျိုးပဲ့သွားသော ရုပ်တုအပိုင်းအစများ လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။

​အပိုင်းအစများသည် တစ်စနှင့်တစ်စ နီးကပ်လာပြီး ပြန်လည် ပေါင်းစည်းသွားကြသည်။ ရာနှင့်ချီသော ရုပ်တုများသည် ယခင်ကထက် ဆယ်ဆမက ကြီးမားသော ဧရာမ ရုပ်တုကြီး ၃ ရုပ်အဖြစ် ပေါင်းစည်းသွားကြသည်။

​"တိုက်ပွဲက မပြီးသေးဘူး။ ဒီတစ်ခါတော့ သူတို့က ကောင်းကင် အဆင့် ၄ ရုပ်တုတွေ ဖြစ်သွားပြီ" လုံချန်းက ဆိုသည်။

​"ဒီကျောက်တုံးအစုတ်တွေက အဆင့် ၄ ဖြစ်သွားတော့ရော ဘာဖြစ်လဲ။ မင်းရှေ့မှာရှိတဲ့ ဒီချောမောလှပတဲ့ သားရဲကြီးရဲ့ ကျင့်စဉ်အဆင့်ကို မေ့သွားပြီလား" မြွေဘုရင်က ပြန်မေးသည်။

​"မင်းက အဆင့် ၆ မှာ ရှိတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ အထင်မသေးနဲ့။ တိုက်ပွဲတိုင်းမှာ ပြိုင်ဘက်ကို ကိုယ့်နဲ့အဆင့်တူလို့ သဘောထားပြီး တိုက်မှ အောင်မြင်မှာ။ ပြိုင်ဘက်ကို အထင် စ,သေးလိုက်တာနဲ့ ရှုံးဖို့ အခွင့်အရေးက ပိုများလာပြီ" လုံချန်းက သတိပေးလိုက်သည်။

​"ဒီမှာပဲ ရပ်ကြည့်နေလိုက်... ဒီဘုရင်ကြီး ဒီကောင်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ"

​လုံချန်းသည် မြွေဘုရင်၏ အစွမ်းကို ယုံကြည်သော်လည်း ကူညီရန်အတွက် သူ၏ ဝိညာဉ်ဓား ဒေါသကို စေလွှတ်လိုက်သည်။

​ယခုတစ်ကြိမ် တိုက်ပွဲမှာလည်း ယခင်ကဲ့သို့ပင် လျင်မြန်စွာ ပြီးဆုံးသွားသည်။ ရုပ်တုများမှာ ယခင်ကထက် သန်မာလာသော်လည်း မြွေဘုရင်၏ ထူးခြားသော စွမ်းရည်အောက်တွင် လှုပ်ရှားနိုင်စွမ်း မရှိကြပေ။

​"အဲဒီစွမ်းရည်က တကယ်ကို အစွမ်းထက်တာပဲ" မြွေဘုရင်က ရုပ်တုများကို ဖျက်ဆီးနေသည်ကို ကြည့်ပြီး လုံချန်းက ရေရွတ်လိုက်သည်။

​"ဒါပေါ့... ဒီစွမ်းရည်က အံ့သြဖို့ကောင်းပါတယ်။ မြွေဘုရင် မျိုးနွယ်စုတွေဟာ ဒီစွမ်းရည်ကြောင့်ပဲ နာမည်ကျော်ကြားပြီး လူအများ ကြောက်ရွံ့ရတဲ့ အင်အားစု ဖြစ်လာခဲ့တာလေ" ရွှင်းက လုံချန်းအနားမှာ ပေါ်လာပြီး ပြောလိုက်သည်။

​"ဒါဆို မြွေဘုရင်တွေက ပြိုင်ဘက်ကင်း ဖြစ်မနေဘူးလား။ ဒီစွမ်းရည်ကို တန်ပြန်နိုင်တဲ့ အရာမရှိရင် ဘယ်သူမှ သူတို့ကို အနိုင်ရမှာ မဟုတ်ဘူး"

​"ကြည့်ရတာတော့ အဲဒီလိုပါပဲ၊ ဒါပေမဲ့ ဒါမှာလည်း ကန့်သတ်ချက်တွေ ရှိပါတယ်" ရွှင်းက ဆိုသည်။

​"ဒီစွမ်းရည်မှာလည်း ကန့်သတ်ချက် ရှိတာလား"

​"ရှိတာပေါ့။ ဒီလောကမှာ ကန့်သတ်ချက်မရှိဘဲ တကယ် အစွမ်းထက်တဲ့အရာဆိုတာ နည်းနည်းပဲ ရှိတာ။ ကျန်တဲ့ အရာအားလုံးမှာတော့ သူ့နည်းသူ့ဟန်နဲ့ ကန့်သတ်ချက်တွေ ရှိကြတာချည်းပဲ"

​"ကန့်သတ်ချက်တွေက ဘာလဲ"

​"အဓိက အချက်အချို့ ရှိတယ်။ ဥပမာ ဒီစွမ်းရည်ဟာ သူတို့ထက် ကျင့်စဉ်အဆင့် မြင့်တဲ့သူတွေအပေါ်မှာ ထိရောက်မှု အားနည်းတယ်။ ပြိုင်ဘက်ကို ရပ်တန့်သွားစေနိုင်ပေမဲ့ ကြာချိန်ကတော့ မတည်ငြိမ်ဘူး။ တကယ်လို့ ကျင့်ကြံသူတစ်ယောက်က မြွေဘုရင်ထက် ကျင့်စဉ်အဆင့် မြင့်နေပြီး ဒီစွမ်းရည် အသုံးခံလိုက်ရရင်... သူက ကံကောင်းရင် တစ်စက္ကန့်အတွင်းမှာတင် ရုန်းထွက်နိုင်လိမ့်မယ်၊ ကံမကောင်းရင်တော့ ကြာကြာ ပိတ်မိနေမှာပေါ့" ရွှင်းက ရှင်းပြသည်။

​"ဒါဆိုရင် ပြိုင်ဘက်က ကျင့်စဉ်အဆင့် မြင့်နေရင် ဒီစွမ်းရည်က ကံတရားပေါ်မှာ မူတည်နေတာပေါ့။ ဒါလည်း မဆိုးပါဘူး။ အုပ်စုလိုက် ထိန်းချုပ်တဲ့ စွမ်းရည် အများစုက ကျင့်စဉ်မြင့်သူတွေအပေါ်မှာ အလုပ်မဖြစ်ကြတာ များတယ်၊ ဒါက အနည်းဆုံးတော့ အလုပ်ဖြစ်သေးတာပဲ" လုံချန်းက တွေးတောရင်း ဆိုသည်။

​"အဲဒါတင် မကသေးဘူး။ နောက်ထပ် ကန့်သတ်ချက်တစ်ခုကတော့ ဒီစွမ်းရည်ကို လူတစ်ယောက်အပေါ်မှာ တစ်ကြိမ် သုံးပြီးသွားရင် အဲဒီလူအပေါ်မှာ နောက်ထပ် ထပ်သုံးလို့ မရတော့ဘူး။ အဲဒီလူက ကျင့်စဉ်အဆင့် နိမ့်နေရင်တောင်မှပေါ့"

​"သြော်... အဲဒါကတော့ ဆိုးတာပဲ။ အဆင့်မြင့် ကျင့်ကြံသူက ဒီစွမ်းရည်ကနေ ရုန်းထွက်သွားရင် နောက်တစ်ကြိမ် ထပ်သုံးလို့ ရမယ် ထင်ထားတာ။ ဒုတိယ ကန့်သတ်ချက်က အရာအားလုံးကို ပြောင်းလဲပစ်လိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် သေချာ အသုံးချတတ်ရင်တော့ တော်တော်လေး အန္တရာယ်ရှိတဲ့ စွမ်းရည်ပါပဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

​"တွေ့လား၊ ငါပြောသားပဲ... ဒါက မခက်ခဲပါဘူးလို့။ တိုက်ပွဲက အေးဆေးပါပဲ" မြွေဘုရင် ပြန်ရောက်လာပြီး လုံချန်းကို ပြောလိုက်သည်။

​"အင်း... မင်း တော်ပါတယ်" လုံချန်းက မြွေဘုရင်ကို ချီးကျူးလိုက်သည်။

​သူသည် အနောက်ဘက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ နံရံမှာ မြေကြီးထဲ ပြန်ဝင်သွားပြီး တံခါးလည်း ပွင့်သွားသည်ကို တွေ့လိုက်ရသည်။

​"ပြီးသွားပြီ ထင်တယ်။ မင်းတို့တွေ ပြန်နားလို့ရပြီ" ထိုသို့ ပြောကာ သားရဲများကို သိုလှောင်လက်စွပ်ထဲမှ သားရဲနယ်မြေသို့ ပြန်ပို့လိုက်သည်။

​သူသည် မတ်တပ်ရပ်ကာ ခန်းမထဲမှ ထွက်လာခဲ့သည်။ နံရံမှာ မူလအတိုင်း ပြန်ပိတ်သွား၏။ လုံချန်းသည် ကျောက်တိုင်ကို ပြန်ဆွဲထုတ်ကာ ဘုရားကျောင်းမှ ထွက်လာခဲ့သည်။ ကျောက်တိုင်၏ အကူအညီဖြင့် ချော်ရည်မြစ်ကို ဖြတ်ကျော်ခဲ့ပြီး တစ်ဖက်ကမ်းသို့ ရောက်သောအခါ ကျောက်တိုင်ကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။

​သူသည် မုဆိုးကြယ်ကို ထပ်မံ ခေါ်ထုတ်ကာ ၎င်း၏ကျောပေါ်သို့ တက်လိုက်သည်။ မုဆိုးကြယ်ကြောင့် လုံချန်း၏ အရှိန်မှာ အလွန် မြန်ဆန်လာပြီး ခဏချင်းမှာပင် အမည်းရောင် အကာအကွယ် ရှိရာသို့ ပြန်ရောက်လာသည်။ သူသည် မုဆိုးကြယ်ကို ပြန်သိမ်းလိုက်သည်။

​"ကောင်းကင်ဘုံသည် မြင့်မြတ်၏၊ မြင့်မြတ်ခြင်းသည် လူသားတို့၏ သဘောတည်း။ ရှေးဟောင်းကာလသည် အတိတ်ဖြစ်၍ အတိတ်သည် သေဆုံးလေပြီ။ အို... သနားကြင်နာတတ်သော အရှင်သခင်၊ ဤသူအား မြင့်မြတ်ခြင်း၏ ဘုန်းအာနုဘော်အပေါင်းကို ဖူးမြင်ပြီးဖြစ်၍ အပြင်သို့ ထွက်ခွင့်ပြုတော်မူပါ။ အာခွန်ဘား မိခါကူး ဇာလာမီ ဆန်ဆန် ကဲကဲနီ"

​လုံချန်းသည် စာထဲမှ စကားလုံးများကို ထပ်မံ ရွတ်ဆိုလိုက်ရာ အကာအကွယ်တွင် တံခါးပေါက်တစ်ပေါက် ပေါ်လာပြီး သူ အပြင်သို့ ထွက်လိုက်သည်။ သူ အပြင်သို့ ရောက်သောအခါ ချူးမြောင်ရှိနေမည်ဟု မျှော်လင့်ထားသော်လည်း မည်မျှပင် ရှာဖွေစေကာမူ သူမကို မတွေ့ရပေ။

​သူသည် ဝိညာဉ်အာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်အား ရှာဖွေသော်လည်း သူမကို မတွေ့ရချေ။

​"ချူးမြောင်၊ နင် ဘယ်မှာလဲ" သူသည် လူပျောက်ရှာနေသော ကလေးတစ်ယောက်ကဲ့သို့ အော်ဟစ်ကာ ပတ်ပတ်လည် လျှောက်သွားနေမိသည်။

​"ချူးမြောင်" သူသည် ရှေ့သို့ ဆက်သွားရင်း သူမ၏ အမည်ကို ထပ်ခါတလဲလဲ ခေါ်နေသော်လည်း သူမကို မတွေ့ရပေ။ ပတ်ဝန်းကျင် တစ်ခုလုံးကို ရှာဖွေပြီးနောက်တွင်မူ...

​"သူ ဘယ်ရောက်သွားတာလဲ။ ထွက်သွားတာလား" သူ ရေရွတ်ရင်း အကာအကွယ်ဆီသို့ ပြန်လျှောက်လာခဲ့သည်။

​"ဟင်း... ငါ့ကို မစောင့်ဘဲ ရှေ့ကို ဆက်သွားပြီ ထင်ပါတယ်။ သူ့ကို ပြန်တွေ့ဖို့ မျှော်လင့်ရတာပဲ" သူသည် အကာအကွယ်ကို ချန်ထားရစ်ခဲ့ကာ ရှေ့သို့ ဆက်လက် ထွက်ခွာခဲ့သည်။

​လုံချန်း ထိုနေရာမှ ထွက်ခွာသွားသည်နှင့် သူ၏ အနောက်တွင် အရိပ်တစ်ရိပ် ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားသည်။

​"အချိန်က တစ်ပတ်ပဲ ကျန်တော့တယ်၊ ဒါပေမဲ့ ငါ့ရဲ့ ပန်းတိုင်ကိုတော့ ရောက်ခဲ့ပြီ။ သူတို့ရဲ့ ပညာရပ်ဆောင်ကို အချိန်မီ ရှာတွေ့ဖို့ မျှော်လင့်ရတာပဲ။ ငါ တကယ် လိုချင်တာက အဲဒီက ပညာရပ်တွေပဲ။ အဲဒီ ပညာရပ်တွေက တကယ့်ကို အစွမ်းထက်မှာ သေချာတယ်" ရေရွတ်ရင်း လုံချန်းသည် ရှေ့သို့ ဆက်သွားနေခဲ့သည်။

​သူသည် ရှေ့တွင် ရောက်နေမည်ဟု ထင်ရသော ချူးမြောင်ကို မှီရန်အတွက် အရှိန်ကို အနည်းငယ် မြှင့်လိုက်သည်။

​"ဘာကြီးလဲ" လမ်းဆုံးသို့ ရောက်သွားသောအခါ သူ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။

​သူသည် ချောက်ကမ်းပါးတစ်ခု၏ အဆုံးတွင် ရပ်နေခြင်းပင်။ ရှေ့တွင် ဘာမှ မရှိတော့ပေ။ သူသည် ချောက်ကမ်းပါးအောက်သို့ ငုံ့ကြည့်လိုက်ရာ မီတာ ၅၀၀၀၀ ခန့် အနက်တွင် ပင်လယ်ပြင်ကဲ့သို့သော အရာတစ်ခုကိုသာ မြင်တွေ့ရလေတော့သည်။

​"ဒါက လမ်းဆုံး မဟုတ်သင့်ဘူး။ လမ်းဆုံးဆိုတာ ဂိုဏ်းရဲ့ အပြင်ဘက် နံရံတွေ ဖြစ်ရမှာလေ။ တကယ်လို့ အဲဒါဆိုရင် ငါ နံရံတွေကို မြင်ရမှာပေါ့" လုံချန်းသည် မျက်မှောင်ကြုတ်ရင်း တွေးတောနေမိလေတော့သည်။

အခန်း (၄၁၀) ဝေဟင်ထက်က လမ်းလျှောက်ခြင်း

​"ဒီနေရာက တကယ်ပဲ လမ်းဆုံးလား။ ဒါ မဖြစ်နိုင်တာ။ ငါမမြင်ရတဲ့ တစ်ခုခု ရှိနေရမယ်။ ဘာလို့ သူတို့ဂိုဏ်းထဲမှာ ဒီလောက်နက်တဲ့နေရာမှာ ပင်လယ်ကြီး ရှိနေရတာလဲ"

​"ငါ ဒီလောက်အဝေးကြီး လျှောက်လာခဲ့တာတောင် မြေပြင်မြင့်တက်လာတာမျိုး မခံစားရဘူး။ အဲဒီတော့ ဘာလို့ ရေမျက်နှာပြင်က ဒီလောက်နိမ့်နေပြီး ပတ်ပတ်လည်မှာ မြေပြင်မရှိရတာလဲ။ ဒါက ယုတ္တိမရှိဘူး" သူ ရေရွတ်လိုက်သည်။

​လုံချန်းသည် ပတ်ဝန်းကျင်သို့ လိုက်ကြည့်ရာ မြေပြင်ပေါ်တွင် ကျောက်ခဲ အသေးလေး တစ်လုံးကို တွေ့လိုက်ရသည်။ သူသည် ကျောက်ခဲကို ကောက်ယူပြီး ချောက်ကမ်းပါးအောက်သို့ ပစ်ချလိုက်သည်။ သို့သော် ကျောက်ခဲမှာ အောက်သို့ ပြုတ်ကျမသွားဘဲ လေထဲတွင် ပေါ်လောမျောနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်မှောင်ကြုတ်မှုမှာ ပိုမိုနက်ရှိုင်းသွားသည်။

​သူသည် နောက်ထပ် ကျောက်ခဲတစ်လုံးကို ထပ်ပစ်ကြည့်သော်လည်း ၎င်းမှာလည်း ပထမကျောက်ခဲနှင့် တစ်တန်းတည်းမှာပင် လေထဲ၌ ရပ်တန့်နေခဲ့သည်။

​"ဒါ ထူးဆန်းလိုက်တာ။ ဒါက ဖောက်ထွင်းမြင်ရတဲ့ မြေပြင်လား" သူ ရေရွတ်လိုက်သည်။

​သူသည် သူ၏ခြေထောက်ကို အသုံးပြုကာ ဂရုတစိုက် စမ်းသပ်ကြည့်ရာ ၎င်းမှာ အမှန်တကယ်ပင် ဖောက်ထွင်းမြင်ရသော မြေပြင်ဖြစ်နေသည်။ သူသည် ရှေ့သို့ ဂရုတစိုက် ခြေတစ်လှမ်း လှမ်းလိုက်သည်။ လေထဲတွင် ရပ်နေသကဲ့သို့ ခံစားရသော်လည်း သူ၏ခြေဖဝါးအောက်တွင် ခိုင်မာသော မြေပြင်ရှိနေသည်ကို လုံချန်း သိလိုက်သည်။

​"ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ဒါကိုတောင် သူတို့ ဖန်တီးနိုင်ခဲ့ကြတာပဲ" သူက မချိပြုံး ပြုံးရင်း ရှေ့သို့ လျှောက်လှမ်းခဲ့သည်။

​သူသည် ရှေ့သို့ ဆက်လျှောက်သော်လည်း ခြေတစ်လှမ်းတိုင်းအတွက် ရှေ့တွင် မြေပြင်အမှန်တကယ် ရှိ၊ မရှိကို ဂရုတစိုက် စစ်ဆေးနေရသည်။ ထို့ကြောင့် သူ၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားပြီး အချို့သော နေရာများမှာ မြေပြင်မရှိသည့် ထောင်ချောက်များ ဖြစ်နေသဖြင့် သူ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရသည်။

​သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ နက်ရှိုင်းသော နေရာတွင် ရေပြင်ကို မြင်ရသည်။ ပြင်းထန်သော လေတိုက်နှုန်းမှာ သူ၏ဘက်သို့ တိုက်ခတ်နေသဖြင့် သူ၏ ဆံပင်ရှည်ကြီးများမှာ လေထဲတွင် ဝဲခါနေ၏။

​ဤလှည့်စားမှုများ ပြည့်နှက်နေသော လမ်းပေါ်တွင် သူ ဆက်လက် လျှောက်လှမ်းလာခဲ့ရာ နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့သော်လည်း လမ်းဆုံးကို မမြင်ရသေးပေ။ သူသည် မူလမြေပြင်ကိုပင် လှမ်းမမြင်ရတော့လောက်အောင် အဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သလို ရှေ့တွင်လည်း ဘာမှ မမြင်ရသေးပေ။

​သူသည် လဟာနယ်ကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိနေသကဲ့သို့ ခံစားရသည်။ နာရီဝက်ခန့် နားနေပြီးနောက် သူ၏ ခရီးကို ဆက်လက် ထွက်ခွာခဲ့သည်။ သူသည် နေ့ဝက်ခန့် ထပ်မံ လျှောက်လှမ်းပြီးနောက် ရပ်တန့်လိုက်ရသည်။ မည်သည့်နေရာသို့ စစ်ဆေး စစ်ဆေး ရှေ့တွင် မြေပြင် လုံးဝ မရှိတော့ပေ။

​"ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။ လမ်းဆုံးအတုကြီးကို ကျော်ဖြတ်ပြီးမှ တကယ့် လမ်းပိတ်နေတဲ့ နေရာအတွက် အချိန်တွေ အများကြီး ဖြုန်းခဲ့မိတယ်" လုံချန်းက စိတ်ပျက်လက်ပျက် ဆိုသည်။

​"နေဦး... ဒေါသဓားကို သုံးဖို့ ငါ ဘာလို့ တစ်ခါမှ မစဉ်းစားမိတာလဲ" ထိုသို့ ဆိုကာ သူ ခေါင်းကို ရိုက်လိုက်သည်။

​သူသည် သိုလှောင်လက်စွပ်ထဲမှ ဒေါသဓားကို ထုတ်လိုက်ရာ ၎င်းမှာ သူ၏ ပတ်ပတ်လည်တွင် ပျံဝဲနေသည်။ လုံချန်းသည် ဓားပေါ်သို့ တက်လိုက်သည်။ ဒေါသဓားမှာ ရှေ့သို့ ပျံသန်းသွားပြီး လုံချန်းကိုပါ တစ်ပါတည်း သယ်ဆောင်သွားတော့သည်။

​"ဒါက ငါ့ပတ်ပတ်လည်မှာ ပျံနိုင်တဲ့ ဝိညာဉ်ဓားပဲလေ၊ ဒါဆို ငါလည်း ဒါကို စီးပြီး ပျံလို့ရတာပေါ့။ စောစောကတည်းက ဒါကို တွေးမိရင် အချိန်တွေ အများကြီး သက်သာမှာပဲ" သူက မချိပြုံးဖြင့် ဆိုသည်။

​လုံချန်းသည် သေခြင်းနှင့် ရှင်ခြင်းကို ကျော်လွန်သွားသော နတ်ဘုရားတစ်ပါးအလား ဝိညာဉ်ဓားပေါ်တွင် မတ်မတ်ရပ်လျက် အရှိန်မြှင့်လိုက်သည်။ နာရီဝက်ခန့်အကြာတွင် သူသည် ရှေ့တွင် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။

​၎င်းမှာ လေထဲတွင် ပေါ်လောမျောနေသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။ သို့သော် လုံချန်းကမူ ကျွန်းမှာ မျောနေခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင်မှ မြေပြင်များကသာ ဖောက်ထွင်းမြင်ရသဖြင့် ထိုသို့ ထင်ရခြင်းဖြစ်ကြောင်း ခံစားမိသည်။ ထိုကျွန်းပေါ်တွင် ကျွန်း၏ အလယ်ဗဟိုတည့်တည့်၌ ရှိသော မျှော်စင်တစ်စင်မှလွဲ၍ ဘာမှ မရှိပေ။

​သူသည် ကျွန်းပေါ်သို့ ဆင်းသက်လိုက်ပြီး ရှေ့ရှိ မျှော်စင်ဆီသို့ လျှောက်သွားလိုက်သည်။

​လုံချန်းသည် မျှော်စင်၏ တံခါးကြီးများကို တွန်းဖွင့်လိုက်သည်။ တံခါးမှ ထွက်ပေါ်လာသော တကျွီကျွီ မြည်သံမှာ ဤတံခါးမှာ အချိန်အတော်ကြာအောင် ပိတ်ထားခဲ့ကြောင်း သက်သေပြနေသည်။

​သူ အထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ လှေကားထစ်များနှင့် ၎င်း၏ ရှေ့တွင် ရပ်နေသော သားရဲတစ်ကောင်ပင် ဖြစ်သည်။ ၎င်းမှာ မျိုးတုန်းသွားပြီဟု ပြောစမှတ်ပြုကြသော နှင်းဘေးဆိုးဝံပုလွေ ဖြစ်သည်။ ဤဝံပုလွေများသည် မျိုးမတုန်းမီကာလက ရှားပါးမှု၊ အစွမ်းထက်မှုနှင့် အသုံးဝင်မှုတို့တွင် မိစ္ဆာမုဆိုးသားရဲ နှင့် အဆင့်တူဟု သတ်မှတ်ခံခဲ့ရသည်။

​"မင်းက အသက်ရှင်နေတာ မဟုတ်ဘူးလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

​'သူ့ဆီမှာ ဘာသက်ရှိစွမ်းအားမှ ငါ မခံစားရဘူး။ ဒါက ရုပ်သေးရုပ်ပဲ ဖြစ်ရမယ်' လုံချန်း တွေးလိုက်သော်လည်း နှင်းဘေးဆိုးဝံပုလွေက သူ့ကို စတင် တိုက်ခိုက်လာသည်။

​ဝိညာဉ်ဓားမှာ လုံချန်း၏ ရှေ့သို့ ရောက်လာပြီး ဝံပုလွေ၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။ ထိုခဏအတွင်းမှာပင် လုံချန်းသည် ဘုရင်ဓားကို ထုတ်ယူရန် အချိန်ရသွားခဲ့သည်။

​နှင်းဘေးဆိုးဝံပုလွေသည် အနောက်သို့ ခုန်ဆုတ်သွားသော်လည်း လုံချန်းသည် ၎င်း၏ ကျောပေါ်တည့်တည့်သို့ နေရာရွှေ့ပြောင်းကာ သူ၏ဓားဖြင့် ထိုးချလိုက်သည်။ ဘုရင်ဓားသည် ဝံပုလွေ၏ ဦးခေါင်းခွံကို ဖောက်ဝင်သွားသည်။ လုံချန်းသည် ဓားကို ချက်ချင်း ပြန်ဆွဲထုတ်လိုက်ပြီး ၎င်း၏ ဦးခေါင်းကို ဖြတ်ချလိုက်သည်။

​"တကယ်လို့ မင်းသာ အစစ်အမှန် နှင်းဘေးဆိုးဝံပုလွေ ဖြစ်မယ်ဆိုရင် မင်းကို အနိုင်ယူဖို့ ဒီလောက် လွယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက အလောင်းရုပ်သေး တစ်ရုပ်ပဲ။ မင်းရဲ့ အာရုံတွေက မုဆိုးကြယ် ဒါမှမဟုတ် မိစ္ဆာမုဆိုးသားရဲတွေနဲ့ ယှဉ်နိုင်တဲ့ အစစ်အမှန် ဝံပုလွေတွေလိုမျိုး ဘယ်တော့မှ ထက်မြက်မှာ မဟုတ်ဘူး" လုံချန်းက ဆိုကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

​သူသည် ဝံပုလွေ၏ အလောင်းကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီးနောက် လှေကားထစ်များကို တက်ကာ မျှော်စင်၏ ပထမထပ်သို့ သွားခဲ့သည်။ မျှော်စင်၏ ပထမထပ်တွင် သားရဲမရှိသော်လည်း နံရံပေါ်တွင် စာသားများ ရေးထိုးထားသည်။

​ကံကောင်းသည်မှာ ၎င်းတို့မှာ ရှေးဟောင်းဘာသာစကား မဟုတ်သဖြင့် လုံချန်း ဖတ်နိုင်ခဲ့သည်။

​"ဒါက ပညာရပ်တစ်ခုကို ကျင့်ကြံတဲ့ နည်းလမ်း မဟုတ်လား" လုံချန်းသည် နံရံပေါ်မှ ပထမစာကြောင်း နှစ်ကြောင်းကို ဖတ်ရင်း ရေရွတ်လိုက်သည်။

​"ကိုယ်ပွားဖန်တီးခြင်းတဲ့။ ငါ့ရဲ့ ကိုယ်ပွားတစ်ခု ဖန်တီးပြီး ငါ့ဝိညာဉ်ရဲ့ တစ်ဝက်ကို ပေးရမှာလား။ ဒါပေမဲ့ ငါ့ဝိညာဉ်ကို ခွဲမထုတ်ချင်ဘူး" ထိုသို့ ဆိုကာ သူ ခေါင်းယမ်းလိုက်သည်။

​"ဟုတ်တယ်... အဲဒီပညာရပ်ကို မကျင့်နဲ့။ ဒီလောကမှာ ဒီလိုအကျိုးသက်ရောက်မှုမျိုး ရှိပြီး ဝိညာဉ်ခွဲထုတ်စရာ မလိုတဲ့ ပညာရပ်တွေ ရှိသေးတယ်။ ဒီနည်းလမ်းနောက်ကို မလိုက်နဲ့၊ အဲဒါက နင့်ရဲ့ အနာဂတ်အတွက် ဆိုးကျိုးတွေပဲ ရှိလိမ့်မယ်" ရွှင်းက သတိပေးလိုက်သည်။

​"ငါလည်း ကျင့်ဖို့ အစီအစဉ် မရှိပါဘူး။ ငါ့ဝိညာဉ်တစ်ဝက် ပေးဆပ်ပြီး နောက်ထပ် ငါတစ်ယောက် ထပ်ရှိနေဖို့ မလိုပါဘူး" လုံချန်းက မချိပြုံးဖြင့် ဆိုသည်။

​သူသည် နံရံပေါ်က စာများကို လျစ်လျူရှုပြီး ဒုတိယထပ်သို့ တက်လာခဲ့သည်။ ဒုတိယထပ်တွင်လည်း သားရဲတစ်ကောင် ရှိနေပြီး ထိုသားရဲ၏ အနောက်တွင် သေတ္တာတစ်လုံး ရှိနေသည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ တောင်မျိုမြွေကြီး ဖြစ်သည်။ ၎င်းသည် တောင်တစ်တောင်လုံးကို ကုန်စင်အောင် စားနိုင်စွမ်းရှိသည်ဟု ပြောစမှတ်ပြုကြသော်လည်း မျိုးတုန်းသွားပြီ ဖြစ်သည်။

​"နောက်ထပ် မျိုးတုန်းသားရဲရဲ့ အလောင်းရုပ်သေးတစ်ရုပ်ပဲ။ နတ်ကောင်းကင်ဘုံဂိုဏ်းက ဒီလို သားရဲတွေကို အလောင်းရုပ်သေး လုပ်ပြီး သုံးနေတာ မြင်ရတာ သူတို့အပေါ် ထားတဲ့ ငါ့ရဲ့ လေးစားမှုတွေ လျော့ကျလာပြီ။ သူတို့က ဒီလောက် အားကောင်းတဲ့ ဂိုဏ်းဖြစ်ပြီးမှ ဒီလို မကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့ကြတာ တကယ် စိတ်ပျက်စရာပဲ" သူ ရေရွတ်လိုက်သည်။

​တောင်မျိုမြွေကြီးသည် လုံချန်းကို အဆိပ်ခတ်ရန်နှင့် လှုပ်ရှားလို့မရအောင် လုပ်ရန် သူ၏ ပါးစပ်မှ အဆိပ်မြားများကို ပစ်ခတ်လိုက်သော်လည်း လုံချန်းက နေရာရွှေ့ပြောင်းကာ ရှောင်တိမ်းလိုက်သည်။ သူသည် မြွေကြီး၏ အထက်တွင် ပေါ်လာပြီး ဓားကို ဝှေ့ယမ်းကာ ၎င်း၏ ဦးခေါင်းကို ဖြတ်ချလိုက်သည်။

​"ထပ်ပြီး အတူတူပါပဲ။ အစစ်အမှန်နဲ့တော့ ဘယ်လိုမှ မယှဉ်နိုင်ဘူး" လုံချန်းက ဆိုကာ မြွေအလောင်းကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

​သူသည် မြေပြင်ပေါ်ရှိ သေတ္တာငယ်လေးကို ကြည့်ကာ လျှောက်သွားလိုက်သည်။ သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် ရွှေရောင် သော့ငယ်လေးတစ်ချောင်းကို တွေ့လိုက်ရသည်။

​"သော့တစ်ချောင်းလား။ အပေါ်ထပ်တွေမှာ အသုံးဝင်နိုင်တယ်။ ဒါကို အကြောင်းမဲ့ ဒီမှာ ထားခဲ့မှာ မဟုတ်ဘူး" ရေရွတ်ရင်း သူသည် လှေကားမှတစ်ဆင့် နောက်တစ်ထပ်သို့ တက်လာခဲ့သည်။ ထိုနေရာတွင်လည်း အမှန်တကယ်ပင် နောက်ထပ် သေတ္တာတစ်လုံး ရှိနေသည်။

​သူသည် သေတ္တာငယ်ဆီသို့ သွားကာ သော့ပေါက်ကို ရှာဖွေလိုက်သည်။ ဒုတိယထပ်မှ ရခဲ့သော သော့ကို အသုံးပြုကာ သေတ္တာကို ဖွင့်လိုက်သည်။

​"ဒါကြီးက တကယ်ကြီးလား" သေတ္တာထဲကို လုံချန်းနှင့်အတူ ကြည့်လိုက်သော ရွှင်းက အံ့သြတကြီး အော်ဟစ်လိုက်လေတော့သည်။

All Chapters