အခန်း (၄၁၅-၄၁၆)
Vol. 42 Ch. 415-416
အခန်း (၄၁၅) လူမိုက်
"ဘယ်သူလဲဆိုတာတော့ ငါမသိဘူး။ ဒါက နိမိတ်ဖတ်ချက် တစ်ခုပဲလေ၊ မြင်ကွင်း တစ်ခု မဟုတ်ဘူး။ ငါက မင်းရဲ့ မျက်နှာကိုတောင် မသိခဲ့ပေမဲ့ မင်းနဲ့ ဘယ်လိုဆုံမယ်ဆိုတာကိုတော့ ငါ သိခဲ့တယ်" ချူးမြောင်က လုံချန်းကို ကြည့်ကာ အနည်းငယ် ပြုံးရင်း ရှင်းပြလိုက်သည်။
"အဲဒီ သေနိုင်ခြေရှိတဲ့သူက အသက်အရွယ် ဘယ်လောက်ရှိပြီလဲဆိုတာရော အနည်းဆုံး ပြောပြနိုင်မလား" လုံချန်းက ထပ်မံ မေးမြန်းလိုက်သည်။
"အဲဒါကိုလည်း ငါမသိဘူး။ ငါသိတာကတော့ အဲဒီလူဟာ မင်းနဲ့ အလွန်နီးစပ်တဲ့သူ ဖြစ်လိမ့်မယ်ဆိုတာပဲ။ ငါ့ရဲ့ ခန့်မှန်းချက်အရတော့ သူတို့ဟာ မင်းရဲ့ မိသားစုဝင် ဒါမှမဟုတ် မင်းရဲ့ ချစ်သူ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မင်းရဲ့ အသက်နဲ့လဲပြီး ကာကွယ်ပေးချင်တဲ့ သူငယ်ချင်းမျိုးလည်း ဖြစ်နိုင်တာပဲ" ချူးမြောင်သည် လက်နှစ်ဖက်ကို အနောက်ပစ်ကာ အတွေ့အကြုံရင့်ကျက်သည့် လူကြီးသူမတစ်ဦးကဲ့သို့ ရပ်နေရင်း လုံချန်းကို ပြောပြသည်။
"ကျွန်တော့်မှာ အချိန်ဘယ်လောက်ရှိသေးလဲ" လုံချန်းက သူမကို မေးလိုက်သည်။
သူ၏ အတွေးမှာ ရိုးရှင်းသည်။ အချိန်သာ ရမည်ဆိုလျှင် သူ ဘာကိုမှ စိုးရိမ်စရာ မလိုတော့ပေ။
'ငါ့မှာ အချိန်အလုံအလောက်ရှိရင် ငါ့ရဲ့ အတွင်းကမ္ဘာကို တည်ဆောက်ပြီး သူတို့ကို အဲဒီမှာ ဘေးကင်းအောင် ထားနိုင်လိမ့်မယ်'
"နိမိတ်ဖတ်ချက်က ဝေဝါးနေပေမဲ့လို့ အချိန်တစ်နှစ်လောက်တော့ ရလိမ့်မယ်လို့ ငါယုံကြည်တယ်" ဝိညာဉ်က ပြောသည်။
လုံချန်းသည် တစ်နှစ်အတွင်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်မလားဟု အသည်းအသန် စဉ်းစားနေမိသည်။ သူ စဉ်းစားလေလေ မျက်မှောင်ကြုတ်မှုမှာ ပိုမို နက်ရှိုင်းလာလေလေပင်။ ကံကောင်းသည့် အခြေအနေများနှင့် မတွေ့ကြုံရပါက ဤအရာမှာ မဖြစ်နိုင်သလောက် ခက်ခဲသော ကိစ္စဖြစ်သည်။
"ကျွန်တော်က ခင်ဗျားကို ဘာလို့ ယုံရမှာလဲ။ ကျွန်တော် ဒီကို ရောက်လာတုန်းက ခင်ဗျားက ကျွန်တော့်နာမည်ကို သိနေရုံနဲ့ ယုံရမှာလား။ ချူးမြောင်က ကျွန်တော့်နာမည်ကို သိတယ်လေ၊ ခင်ဗျား သူ့ဆီက သိတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် သူ ကျွန်တော့်ကို ခေါ်တာကို ခင်ဗျား ကြားခဲ့တာလည်း ဖြစ်နိုင်တယ်။ ခင်ဗျားပြောနေတာတွေက အမှန်တွေပါ၊ ခင်ဗျား လိုချင်တဲ့လမ်းကို ကျွန်တော် လျှောက်လာအောင် လုပ်နေတာ မဟုတ်ပါဘူးလို့ ဘယ်လို ယုံရမှာလဲ" လုံချန်းက အလေးအနက် မေးလိုက်သည်။
"ငါ့မှာ အဲဒီလိုလုပ်လို့ ရမယ့် အကျိုးအမြတ် ဘာမှမရှိပါဘူး။ ငါက သေပြီးသား လူတစ်ယောက်ပဲ။ ငါက ကောင်းကင်ဘုံရဲ့ အမိန့်ကို လိုက်နာနေတာပါ။ အဲဒါကပဲ နတ်ကောင်းကင်ဘုံဂိုဏ်း တည်ရှိခဲ့တဲ့ အကြောင်းရင်းဖြစ်သလို၊ ပျက်သုဉ်းသွားရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်" ချူးမြောင်က ဆိုသည်။
"ခင်ဗျားမှာ ဘာအကျိုးအမြတ်မှ မရှိဘူး ဟုတ်လား။ ခင်ဗျားက ခင်ဗျားတို့ဂိုဏ်းရဲ့ နောင်မျိုးဆက်တွေကို စိတ်ပူနေပြီး တစ်စုံတစ်ယောက်က သူတို့ကို ကယ်တင်ပေးစေချင်လို့ မဟုတ်ဘူးလား" လုံချန်းက စူးစမ်းလိုက်သည်။
သူ၏ ဝိညာဉ်ဓားမှာ ချူးမြောင်ကို ဦးတည်လျက် သူ၏ ရှေ့တွင် ရှိနေသည်။
"ငါ့ရဲ့ နောင်မျိုးဆက်တွေကို ငါ စိတ်ပူတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်ရလောက်အောင်တော့ မဟုတ်ပါဘူး။ ငါသိတာကို မင်းကို ပြောပြမယ်၊ အဲဒီအချက်အလက်တွေကို သုံးပြီး ဘာလုပ်မလဲဆိုတာကတော့ မင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ မင်း သူတို့ကို ကယ်ပြီး မင်းနဲ့ နီးစပ်သူကို ကယ်တင်နိုင်တယ်၊ ဒါမှမဟုတ် ငါ့ကို သံသယဝင်ပြီး အဲဒီလူကို အသေခံလိုက်လို့လည်း ရတယ်။ ငါကတော့ အားလုံးကို ပြောပြပြီးတာနဲ့ ထာဝရ ပျောက်ကွယ်သွားမှာဖြစ်လို့ ဒါတွေက ငါနဲ့ ဘာမှမဆိုင်တော့ဘူး" ဝိညာဉ်က ဆိုသည်။ သူ၏ အသံမှာ အမှန်တရားကိုသာ ပြောနေသည့်အလား တည်ငြိမ်နေသည်။
"ပြောပါဦး... ကျွန်တော် ဘယ်သူ့ကို ကယ်ရမှာလဲ။ ဘယ်သူ့လက်ကနေလဲ" လုံချန်းက မေးလိုက်သည်။
ဝိညာဉ်သည် အတိတ်ကို ပြန်လည်အောက်မေ့နေသည့်အလား ခေါင်းကို အနည်းငယ် မော့လိုက်သည်။
"ဂိုဏ်းပျက်စီးသွားတဲ့ အချိန်မှာ ဂိုဏ်းထဲမှာ မရှိဘဲ လွတ်မြောက်သွားတဲ့ ငါတို့ နတ်ကောင်းကင်ဘုံဂိုဏ်းက တပည့် ၃ ယောက် ရှိခဲ့တယ်။ သူတို့ ဂိုဏ်းထဲမှာ မရှိခဲ့တဲ့ အကြောင်းရင်းကတော့ သူတို့ကို ဂိုဏ်းကနေ နှင်ထုတ်လိုက်လို့ပဲ" သူ စတင် ရှင်းပြသည်။
"အဲဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ၊ ငါ သဘောမကျပေမဲ့ နိမိတ်ဖတ်ချက်ထဲမှာ မြင်ခဲ့ရတဲ့အတိုင်း စွပ်စွဲချက်အမှားတွေ သုံးပြီး သူတို့ကို ဂိုဏ်းကနေ နှင်ထုတ်ခဲ့တယ်။ ငါမြင်ခဲ့ရတဲ့အတိုင်း အတိအကျ လိုက်လုပ်ခဲ့တာ"
"သူတို့ ထွက်သွားပြီးတဲ့နောက် ငါတို့ဆီကို ဘေးဒုက္ခဆိုက်ရောက်ပြီး အားလုံး ပျက်စီးသွားခဲ့တယ်။ သူတို့တွေ ဂိုဏ်းထဲကို ပြန်မဝင်နိုင်ခဲ့သလို ပြန်လည်း မဝင်ချင်ကြတော့ဘူး။ နတ်ကောင်းကင်ဘုံဂိုဏ်းကို ဘယ်တော့မှ ခြေမချတော့ဘူးလို့ သူတို့ ကျိန်ဆိုခဲ့ကြတယ်"
"သူတို့တွေ ဒီတိုက်ကြီးကနေ ထွက်ခွာပြီး ချန်းချိုး တိုက်ကြီးကို သွားခဲ့ကြတယ်။ အဲဒီမှာ မဟာ ကောင်းကင်ဂိုဏ်းဆိုတဲ့ ဂိုဏ်းအသစ်ကို တည်ထောင်ခဲ့ကြတယ်။ တပည့်တွေကို စုဆောင်းပြီး ဂိုဏ်းကို အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်အောင် လုပ်ခဲ့ကြတယ်။ အခု သူတို့ကို စစ်ကြေညာတော့မယ့် တခြားဂိုဏ်းတစ်ဂိုဏ်းရဲ့ လက်ကနေ သူတို့ဂိုဏ်းကို ကယ်တင်ပေးစေချင်တာပါ" ချူးမြောင်က ဆိုသည်။
"ခင်ဗျား စကားတွေကို ကြားရလေလေ ပိုပြီး အရူးဆန်လေလေပဲ။ ခင်ဗျားက အဲဒီ နိမိတ်ဖတ်ချက်ဆိုတဲ့ ဇာတ်ညွှန်းအတိုင်း လျှောက်လှမ်းဖို့ ရုပ်သေးရုပ်တစ်ရုပ်လို အရာအားလုံးကို အပျက်စီးခံခဲ့တာပဲ" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။
"ပျက်စီးခြင်းက ဖြစ်တော့မယ်ဆိုတာ ခင်ဗျား ကြိုသိနေရင် တပည့်အားလုံးကို ပြောပြပြီး ဂိုဏ်းကနေ ထွက်ခွာခိုင်းသင့်တာပေါ့။ အခုတော့ ၃ ယောက်တည်းကိုပဲ အမှန်တရားကို မပြောဘဲ ထွက်သွားခိုင်းခဲ့တယ်။ ခင်ဗျားတို့ဂိုဏ်း ပျက်စီးသွားတာက တခြားအရာတွေထက် ခင်ဗျားမှာ ပိုပြီး တာဝန်ရှိတယ်လို့ ကျွန်တော် ထင်တယ်။ တကယ်ပါပဲ... ဒီလောက် အင်အားကြီးတဲ့သူက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မိုက်မဲရတာလဲ" လုံချန်းက သက်ပြင်းချလိုက်သည်။
"တစ်ခါတလေကျရင် ငါလည်း နင့်ကို အဲဒီလိုပဲ ထင်မိတယ်" ဘေးနားမှ ရွှင်းက လုံချန်းကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
လုံချန်းက သူမ၏ စကားကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။ "ခင်ဗျား ဒါတွေအားလုံးကို လုပ်ခဲ့တာက ခင်ဗျားရဲ့ နိမိတ်ဖတ်ချက်ကို အကောင်အထည်ဖော်ဖို့ သက်သက်ပဲ။ ခင်ဗျားက ကောင်းကင်ဘုံထက်တောင် အဲဒီ နိမိတ်ဖတ်ချက်ကို ပိုပြီး အမှန်ဖြစ်စေချင်နေတာပဲ"
ချူးမြောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားပြန်ပြောလာသည်။ "ဒါက ဘယ်လိုမျိုးလဲဆိုတာ မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ငါတို့လို နိမိတ်ဖတ်သူတွေပဲ ကမ္ဘာကြီးက မသိသေးတဲ့ ပုံပြင်တစ်ပုဒ်လုံးရဲ့ အမှန်တရားကို သိနိုင်တာ။ ဘာပဲဖြစ်ဖြစ် ဘာကိုမှ ပြောင်းလဲလို့ မရဘူး" ဝိညာဉ်က လုံချန်းကို ပြောသည်။
"ဘာကိုမှ ပြောင်းလဲလို့ မရဘူး ဟုတ်လား။ နိမိတ်ဖတ်ချက်ထဲမှာ ကျွန်တော်က ခင်ဗျားတို့ရဲ့ နောင်မျိုးဆက်တွေကို ကယ်တင်နေတာ မြင်ခဲ့တယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ တကယ်လို့ ကျွန်တော် သူတို့ကို မကယ်ရင် အနာဂတ်က ပြောင်းလဲသွားမှာ မဟုတ်ဘူးလား။ ဘာမှ ပုံသေကားကျ ရှိမနေဘူးဆိုတာ ခင်ဗျား သိပါတယ်" လုံချန်းက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည်။
"မဟုတ်ဘူး... ငါ မြင်ခဲ့တာက ငါ အခု မင်းကို ပြောနေတဲ့ အတိုင်းအတာအထိပဲ။ ဒီနောက်ပိုင်း ဘာဖြစ်မယ်ဆိုတာ ငါ မသိဘူး။ ငါ့ရဲ့ ဒီဝိညာဉ်အပိုင်းအစလေးက အားလုံးကို ပြောပြပြီးရင် ကွယ်ပျောက်သွားမှာ။ အဲဒါပဲ ငါ မြင်ခဲ့တာ။ သူတို့ကို မင်း ကယ်မလား၊ မကယ်ဘူးလားဆိုတာကတော့ မင်းနဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်" ဝိညာဉ်က ဆိုသည်။
"ခင်ဗျားက သေပြီးတာတောင် နားမလည်သေးဘူးပဲ၊ ကျွန်တော်ကလည်း ဝိညာဉ်တစ်ကောင်ကို သင်ပေးနေမှာ မဟုတ်ဘူး" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
"ခင်ဗျား မြင်ခဲ့တဲ့အထဲမှာ ကျွန်တော့်ကို ပြောစရာ ဘာကျန်သေးလဲ" လုံချန်းက မေးလိုက်သည်။
"မင်းကို ပြောပြဖို့ နောက်ဆုံးတစ်ခု ကျန်သေးတယ်။ အပေါ်ဆုံးထပ်မှာ မင်းအတွက် ရတနာတစ်ခု ချန်ထားခဲ့တယ်။ အဲဒါက မင်းကို ကူညီနိုင်လိမ့်မယ်" ဝိညာဉ်က ပြောသည်။
"ငါ ထွက်သွားရမယ့် အချိန်ရောက်ပြီ" ထိုသို့ ဆိုကာ ဝိညာဉ်သည် ချူးမြောင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်။
လုံချန်းသည် မုတ်ဆိတ်ဗလပွနှင့် အဖိုးအိုတစ်ဦး၏ ပုံစံဖြစ်သော ထိုဝိညာဉ်၏ မူလပုံသဏ္ဍာန်ကို မြင်လိုက်ရသည်။
"ဟေ့... ဒီလက်အိတ်တွေက ဘာလုပ်လို့ရလဲဆိုတာတော့ ပြောသွားဦးလေ" လုံချန်းက ရတနာခန်းမမှ ရရှိခဲ့သော လက်အိတ်ကို ဝတ်ဆင်ထားသည့် လက်ကို မြှောက်ကာ လှမ်းအော်ပြောလိုက်သည်။
ဝိညာဉ်သည် ဘာမှပြန်မဖြေဘဲ ပြုံးလျက် ပျောက်ကွယ်သွားတော့သည်။
"သူ ငါ့ကို နည်းနည်းလေးတောင် မကူညီသွားဘူး။ ဒီလက်အိတ်တွေက တကယ်ပဲ အသုံးဝင်တာလား ဒါမှမဟုတ် အလှဆင်ဖို့ပဲလား" လုံချန်းက ဝေခွဲမရသော မျက်နှာဖြင့် ရေရွတ်ရင်း ချူးမြောင်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူသည် ချူးမြောင်၏ ပခုံးအောက်သို့ လက်ထည့်ကာ သူမကို မလိုက်သည်။ "ဟေ့... ထတော့လေ"
ချူးမြောင် နိုးမလာသော်လည်း သူမ ဘေးကင်းကြောင်းကိုမူ လုံချန်း သိလိုက်သည်။ သူမ၏ အသက်ရှူသံမှာ ပုံမှန်ဖြစ်ပြီး ဘာဒဏ်ရာမှလည်း ရထားပုံမရပေ။
"နင် ခဏလောက်တော့ အိပ်ပျော်နေဦးမှာပဲ" သူမ၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
သူသည် သူမကို လက်မောင်းပေါ် ပွေ့ချီကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ရှေ့တွင်ရှိသော လှေကားထစ်များဆီသို့ လျှောက်သွားလိုက်သည်။ သူသည် လှေကားပေါ်သို့ တက်ကာ သူ့အတွက် ရတနာရှိသည်ဟု ဆိုသော ၁၂ ထပ်ရှိရာသို့ ဦးတည်လိုက်သည်။
လုံချန်း ၁၂ ထပ်သို့ ရောက်သောအခါ ငွေရောင်သေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းက သူ ယခင်က လုယက်ခဲ့သော ဘုရင့်ဘဏ္ဍာတိုက်ထဲရှိ ရတနာသေတ္တာများကို သတိရစေသည်။
ဤအထပ်ထက် မြင့်သောနေရာသို့ တက်ရန် လှေကားမရှိတော့သဖြင့် ဤအထပ်မှာ နောက်ဆုံးအထပ် ဖြစ်ရမည်ဟု သူ နားလည်လိုက်သည်။
"နောက်ဆုံးထပ်က ရတနာပေါ့။ ဟိုလူကြီး ငါ့အတွက် ဘာတွေ ချန်ထားခဲ့သလဲ ကြည့်ကြတာပေါ့" လုံချန်းက ချူးမြောင်ကို ပွေ့ချီထားရင်း သေတ္တာရှိရာသို့ လျှောက်သွားလိုက်လေတော့သည်။
အခန်း (၄၁၆) အထင်လွဲခြင်း
လုံချန်းသည် သေတ္တာရှေ့တွင် ထိုင်လိုက်သည်။ သူသည် မိမိ၏ လက်မောင်းပေါ်၌ ရှိနေဆဲဖြစ်သော ချူးမြောင်ကို ကြည့်လိုက်ပြီး
"ခဏလေးနော်... နင့်ကို စက္ကန့်ပိုင်းလောက် ခဏချထားမှ ရမယ်"
လုံချန်းသည် ချူးမြောင်ကို မြေပြင်ပေါ်တွင် အသာအယာ ချထားလိုက်ပြီးနောက် သေတ္တာအား ကြည့်လိုက်သည်။ သူသည် သေတ္တာအဖုံးကို ဘေးသို့တွန်းကာ ဖွင့်လိုက်သည်။ သေတ္တာပွင့်သွားသောအခါ အထဲတွင် ရှိနေသည့် ပစ္စည်းမှာ ပေါ်လာတော့သည်။
ပထမဆုံး မြင်လိုက်ရသည့် အသွင်အပြင်အရ ၎င်းမှာ အဝတ်အထည်တစ်ခု ဖြစ်ပုံရသည်။ သူသည် ထိုပစ္စည်းကို ကောက်ယူကာ သေတ္တာထဲမှ ထုတ်လိုက်သည်။ ထို့နောက် ၎င်းကို ဖြန့်ကြည့်လိုက်သောအခါမှသာ ၎င်းမှာ ဝတ်ရုံတစ်ထည် ဖြစ်ကြောင်း လုံချန်း နားလည်သွားသည်။
ဝတ်ရုံမှာ ကြက်သွေးရောင်ဖြစ်ပြီး အလွန်နူးညံ့သော ပိုးသားဖြင့် ပြုလုပ်ထားပုံရသော်လည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုများမှ ကာကွယ်ပေးနိုင်လောက်အောင် ခိုင်ခံ့ပုံရသည်။ လုံချန်းသည် ထိုဝတ်ရုံမှ စီးဆင်းနေသော ချီစွမ်းအင်များအား ခံစားရသဖြင့် ၎င်း၏ စွမ်းအားကို အသိအမှတ်ပြုလိုက်မိသည်။
"ငါမမှားဘူးဆိုရင် ဒါက ကာကွယ်ရေးပစ္စည်းတစ်ခုပဲ ဖြစ်ရမယ်။ မြေကမ္ဘာ အဆင့်မြင့် ရတနာတစ်ခုလည်း ဖြစ်ပုံရတယ်။ မဆိုးဘူးပဲ" လုံချန်း၏ ဘေးတွင် ရပ်နေသော ရွှင်းက ရယ်မောရင်း ပြောလိုက်သည်။
"အင်း... တကယ်ကို ကောင်းတဲ့ပစ္စည်းပဲ။ ထူးဆန်းတာက ဒါဟာ ဂိုဏ်းက အလိုရှိတဲ့ ပစ္စည်းစာရင်းထဲမှာလည်း ပါနေတာပဲ။ ရရှိထားတဲ့ အချက်အလက်တွေအရတော့ ဒါကို ဘေးရန်ကာ ဝတ်ရုံလို့ ခေါ်တယ်။ ဒါက နင်မသိလိုက်ဘဲနဲ့တောင် တိုက်ခိုက်မှုတွေကနေ အလိုအလျောက် ကာကွယ်ပေးနိုင်တယ်။ ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ယောက်က ဆက်တိုက် တိုက်ခိုက်နေမှသာ ဒါက ပျက်စီးသွားနိုင်တာ" လုံချန်းက ရှင်းပြလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကောင်းတာပေါ့။ နင့်အတွက် ဒီလိုမျိုး ပစ္စည်းတစ်ခု တကယ်လိုအပ်နေတာ။ တကယ်လို့ ထောင်ချောက်တွေရှိတဲ့ အထပ်တွေမှာသာ ဒါကို ဝတ်ထားမယ်ဆိုရင် မြားတွေက နင့်ကို ထိနိုင်မှာ မဟုတ်ဘူး" ရွှင်းက ပြောသည်။
"ငါလည်း အဲဒီလိုပဲ တွေးနေတာ" လုံချန်းက ရေရွတ်ရင်း မတ်တပ်ရပ်လိုက်သည်။
သူသည် ဝတ်ဆင်ထားသော ဝတ်ရုံကို ချွတ်လိုက်ပြီး ဘေးရန်ကာ ဝတ်ရုံအား အစားထိုး ဝတ်ဆင်လိုက်သည်။
"ဘယ်လိုလဲ... ကြည့်လို့ ကောင်းရဲ့လား" သူက ရွှင်းကို မေးလိုက်သည်။
"ဝတ်ရုံကတော့ ပိုကြည့်ကောင်းသွားတယ်၊ ဒါပေမဲ့ ဝတ်ထားတဲ့လူကတော့ အရင်လိုပဲ ကြည့်ရဆိုးနေတုန်းပဲ" ရွှင်းက နောက်ပြောင်လိုက်သည်။
"နင် ငါ့ကို တစ်ခါလောက်တောင် ချီးကျူးလို့ မရဘူးလား" လုံချန်းက ပြောရင်း ရွှင်းကို ဖမ်းရန် ပြေးသွားသော်လည်း သူ မရောက်ခင်မှာပင် သူမ ပျောက်ကွယ်သွားတော့သည်။
ရွှင်း၏ အသံမှာ လုံချန်း၏ ခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်။ "ငါ အဲဒီအကွက်ထဲ နောက်တစ်ခါ အရောက်ခံမှာ မဟုတ်ဘူး"
"နင် တကယ့် ခန္ဓာကိုယ်ရတဲ့အထိပဲ စောင့်ကြည့်လိုက်ဦး။ တွေ့ကြသေးတာပေါ့" လုံချန်းက မချိပြုံးဖြင့် ရေရွတ်လိုက်သည်။
ထိုစဉ် အနောက်ဘက်မှ ချူးမြောင်၏ အသံကို ကြားလိုက်ရသည်။ "အင်း..."
လုံချန်း နောက်သို့ လှည့်ကာ သူမဆီသို့ လျှောက်သွားလိုက်သည်။
"နိုးလာပြီလား"
"ငါတို့ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။ ငါက အတားအဆီးရဲ့ အပြင်ဘက်မှာ ရှိနေတာ မဟုတ်ဘူးလား" သူမက စူးစမ်းလိုက်သည်။
"နင်က အတားအဆီးရဲ့ အပြင်မှာ ရှိနေခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ အချို့ကိစ္စတွေ ဖြစ်ပျက်သွားလို့ အခု ငါတို့ ဒီကို ရောက်နေတာ" လုံချန်းက ပြောလိုက်သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ။ အဲဒါကို ဝေဝေဝါးဝါး ပြောနေစရာ အကြောင်းမရှိပါဘူး၊ ဟုတ်တယ်မလား" ချူးမြောင်က ဆိုသည်။
"ကောင်းပြီ... နင်ဟာ အဖိုးကြီးတစ်ယောက်ရဲ့ ဝိညာဉ် ပူးကပ်တာ ခံခဲ့ရပြီး ဒီကို ရောက်လာတာ။ ငါ နင့်ကို အဲဒီဝိညာဉ်လက်ကနေ ကယ်တင်ခဲ့တယ်။ အခု အဲဒီဝိညာဉ် ထွက်သွားပြီ၊ နင်လည်း နိုးလာပြီပေါ့" လုံချန်းက အချက်အလက်များကို တိုတိုတုတ်တုတ် ပြောလိုက်သည်။
ချူးမြောင်သည် လုံချန်း၏ ရှင်းပြချက်ကို ကြားသောအခါ ကြောင်အသွားသည်။
"နင် အတည်ပြောနေတာလား" သူမက မေးသည်။
"မဟုတ်ဘူး... ငါ လိမ်နေတာ။ နင်က ဗိုက်ဆာလို့ သတိလစ်သွားတာ။ ငါ အတားအဆီးထဲက ထွက်လာတော့ နင် သတိလစ်နေတာ တွေ့တယ်။ နင်က ကြည့်ကောင်းနေတာနဲ့ ငါတို့အတွက် အခန်းတစ်ခန်း ငှားလိုက်တာပေါ့။ အခု နင် မနိုးခင်မှာ ငါ တစ်ခုခု စလုပ်တော့မလို့ပဲ" လုံချန်းက အလားတူ လေသံဖြင့် ခနဲ့လိုက်သည်။
ချူးမြောင်သည် လုံချန်း အဘယ်ကြောင့် ထိုသို့ ပြောရသည်ကို နားမလည်ဘဲ ထပ်မံ မှင်သက်သွားပြန်သည်။ "ဘာလို့ အဲဒီလို လုပ်ရမှာလဲ"
"ငါ နောက်နေတာပါ အရူးမရဲ့။ ငါ့ကို ဝိညာဉ်အကြောင်း ပြောတာထက် တဏှာရူးတစ်ယောက်လို့ လိမ်ပြောတာကို ဘာလို့ ပိုယုံနေရတာလဲ" လုံချန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။
"အဲဒါက နင့်ပုံစံကိုက တဏှာရူးနဲ့ တူနေလို့ မဟုတ်ဘူးလား" ရွှင်းက လုံချန်း၏ ရှေ့တွင် ပေါ်လာပြီး ရယ်မောကာ ပြောလိုက်သည်။
"ငါ့ကို လာမလှောင်နဲ့တော့" လုံချန်းက ရွှင်းကို ပြောသည်။
"စိတ်မရှိပါနဲ့။ ငါ နင့်ကို လှောင်တာ မဟုတ်ပါဘူး။ နင်ပြောတာကို ကြားတော့ ငါ နည်းနည်း ဇဝေဇဝါ ဖြစ်သွားလို့ပါ။ အဓိကကတော့ ငါက ဝိညာဉ်တွေကို မယုံကြည်လို့ပဲ၊ အဲဒါကြောင့် သံသယဝင်မိတာ" ချူးမြောင်က တောင်းပန်တိုးလျှိုးဖြင့် ပြောလိုက်သည်။
"ဪ... အဲဒါအတွက် စိတ်မပူပါနဲ့။ ငါ နင့်ကို ဆိုလိုတာ မဟုတ်ဘူး။ ငါ အဲဒီစကားပြောတုန်းက တခြားတစ်ယောက်အကြောင်း တွေးနေမိလို့ပါ" လုံချန်းက သူမကို ပြန်ပြောလိုက်သည်။
သူသည် သူမထံသို့ လက်ကမ်းပေးကာ သူမ ထနိုင်အောင် ကူညီပေးလိုက်သည်။
"ငါတို့ အခု ဘယ်နေရာမှာ ရောက်နေတာလဲ" ချူးမြောင်က မတ်တပ်ရပ်ပြီးနောက် မေးလိုက်သည်။
"ငါတို့ မျှော်စင်ထဲ ရောက်နေတာ။ ဒီနေရာကို ဘယ်လို ခေါ်ရမလဲဆိုတာ ငါကိုယ်တိုင်တောင် မသိဘူး။ ဒါက ကျင့်ကြံရေးခန်းမ၊ ရတနာခန်းမနဲ့ အပြစ်ပေးတဲ့ခန်းမတွေ ရောနှောထားတဲ့ နေရာတစ်နေရာလိုပဲ" လုံချန်းက ဆိုသည်။
"ဒီမှာ လုပ်စရာတွေ ပြီးပြီဆိုတော့ ပြန်ရအောင်။ နင် သိလာမှာပါ"
"ငါ နင့်ကို ပွေ့ချီသွားတာကို နင် စိတ်မရှိဘူးမလား။ ၁၁ ထပ်အထိတော့ ငါတို့ လမ်းလျှောက်သွားလို့ ရပေမဲ့ ၁၀ ထပ်နဲ့ ၁၁ ထပ်ကြားမှာတော့ ဆက်သွယ်ထားတဲ့ လှေကား မရှိဘူး။ နင် သာမန်အတိုင်း အောက်ကို ဆင်းလို့ ရမှာ မဟုတ်ဘူး။ ငါ နင့်ကို ပွေ့ချီသွားမယ်။ အဲဒါက ပိုလည်း မြန်လိမ့်မယ်" လုံချန်းက အကြံပြုလိုက်သည်။
ချူးမြောင်သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ လုံချန်းသည် သူမ စိုက်ကြည့်နေစဉ် သူမဆီသို့ လျှောက်သွားလိုက်သည်။ သူသည် လက်တစ်ဖက်ကို သူမ၏ ပခုံးတွင် ဖက်လိုက်ပြီး ကျန်လက်တစ်ဖက်အား ဒူးအောက်မှ ထည့်ကာ သူမကို ပွေ့ချီလိုက်သည်။
လုံချန်းသည် ချူးမြောင်ကို မင်းသမီးလေးတစ်ပါးကဲ့သို့ ပွေ့ချီထားရင်း မြေပြင်အထက်တွင် ပျံသန်းနေသော ဝိညာဉ်ဓားပေါ်သို့ တက်လိုက်သည်။ ချူးမြောင်သည် လုံချန်းနှင့် အလွန်နီးကပ်နေသဖြင့် သူမ၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာသည်။ သူမသည် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို ဖုံးကွယ်ရန်အတွက် လုံချန်း၏ မျက်နှာအား မကြည့်တော့ဘဲ အခြားတစ်ဖက်သို့ လှည့်ကြည့်နေမိသည်။
လုံချန်းသည် သူမကို ပွေ့ချီကာ ၁၁ ထပ်၊ ထို့နောက် ၁၀ ထပ်သို့ ဆင်းလာခဲ့သည်။ သို့သော် အံ့သြစရာကောင်းသည်မှာ အထပ်နှစ်ထပ်လုံးတွင် လှေကားများ ပြန်လည် ဆက်သွယ်နေခြင်းပင် ဖြစ်သည်။ ပျောက်ကွယ်သွားခဲ့သော လှေကားများမှာ ပြန်ပေါ်နေသည်။
"ငါ အပေါ်တက်လာတုန်းကတော့ ဒီလှေကားတွေ မရှိဘူး" လုံချန်းက မချိပြုံးဖြင့် ချူးမြောင်ကို ပြောလိုက်သည်။ ချူးမြောင်ကတော့ သူ့ကို သံသယမျက်လုံးဖြင့်သာ ကြည့်နေသည်။
"ဒါက သာမန်မျှော်စင် မဟုတ်ဘူးဆိုတာ နင် တွေ့ရမှာပါ။ အဆိပ်ရှိတဲ့ ပိုးမွှားတွေ ပြည့်နေတဲ့ အထပ်ရှိသလို ရေတွေ ပြည့်နေတဲ့ အထပ်လည်း ရှိတယ်။ အိပ်မွေ့ချအငွေ့တွေ ပြည့်နေတဲ့ အထပ်လည်း ရှိသေးတယ်။ ဒါတွေကို လမ်းလျှောက်ဆင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး" လုံချန်းက သူမကို ပြောပြသည်။
သူတို့ တဖြည်းဖြည်း အောက်သို့ ဆင်းလာသော်လည်း အထပ်အားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။ ပိုးမွှားများလည်း မရှိ၊ ရေလည်း မရှိ၊ အိပ်မွေ့ချအငွေ့လည်း မရှိပေ။ အထပ်တစ်ထပ်တွင် ပြန့်ကျဲနေခဲ့သော မြားထောင်ပေါင်းများစွာပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဒီအဖိုးကြီးကတော့ ငါ သူ့ကို အရူးလို့ ပြောမိလို့ တမင် ပညာပေးနေတာပဲ" လုံချန်းက အောက်သို့ ဆင်းရင်း တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
နောက်ဆုံးတွင် သူတို့သည် ထူးဆန်းသောအရာ ဘာမှမတွေ့ဘဲ မျှော်စင်ထဲမှ ထွက်လာခဲ့ကြသည်။ ချူးမြောင်သည် သူ့ကို ကြည့်နေသော်လည်း ဘာမှမပြောပေ။ ထို့ကြောင့် သူမသည် တစ်ခုခုကို အထင်လွဲနေပြီ ဖြစ်ကြောင်း လုံချန်း ခန့်မှန်းလိုက်မိသည်။
"ဒီကျွန်းရဲ့ ပတ်ပတ်လည်မှာ မြေပြင် မရှိဘူး။ ဒီကနေ ထွက်ဖို့အတွက် ငါတို့ ပျံသွားမှ ရမယ်" လုံချန်းက သူ၏ ပုံရိပ်ကို ပြန်လည် ကုစားရန်အတွက် ပြောလိုက်သည်။
သူတို့ ကျွန်း၏ အစွန်းသို့ ရောက်ရှိသွားကြသည်။
"ဘာကြီးလဲဟ... ဒီမှာလည်း မရှိတော့ဘူးလား" လုံချန်း အော်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က မမြင်ရသော မြေပြင်မှာ ယခုအခါ ပြန်လည် မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
"ဒီဂိုဏ်းကတော့ ငါ့ကို တကယ် ကစားနေတာပဲ" လုံချန်း ပို၍ စိတ်တိုလာသည်။
"ရပါတယ်... ပျံသွားတာက ပိုမြန်တာပဲလေ" ချူးမြောင်က သူ့ကို ပြောသည်။
"ဟုတ်တယ်... ပျံသွားတာက ပိုလွယ်သလို ပိုလည်း မြန်တယ်။ ငါတို့မှာ ရက်သိပ်မကျန်တော့ဘူး" လုံချန်းက ခေါင်းညိတ်ရင်း ဆိုလိုက်သည်။ သူသည် သူမ အထင်မလွဲစေရန်အတွက် ထိုအကြောင်းပြချက်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဝိညာဉ်ဓားသည် လေထဲတွင် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး လုံချန်းနှင့် ချူးမြောင်ကို သယ်ဆောင်သွားသည်။
"ငါ နင့်ကို တစ်ခုလောက် မေးလို့ ရမလား" လမ်းခရီးတွင် ချူးမြောင်က လုံချန်းကို မေးလိုက်သည်။
"ရတာပေါ့... ဘာမေးမလို့လဲ"