← Chapters

ရေနက်ပိုင်း နဂါးအရိပ် ( ၁ )

Vol. 10 Ch. 140

ရေနက်ပိုင်း နဂါးအရိပ် ( ၁ )

Vol. 10 Ch. 140

ထိုပုံပြင်ထဲတွင် ချီရွှဲ့ထုံဂိုဏ်းသားအားလုံး ပင်လယ်ပြင်ထဲသို့ သွား၍ ထိုထူးဆန်းသော မြင်ကွင်းနှင့် ကြုံတွေ့ခဲ့ပါက မလှုပ်ရှားရန်၊ မထိရန်နှင့် မနှောင့်ယှက်ရန် ပြောထားသည်။

ရွှီချင်းသည် ငြိမ်သက်နေ၏။

အဏ္ဏဝါမှတ်တမ်း စာကြည့်တိုက်ထဲမှ မှတ်တမ်းထဲမှ စာသားများ သူ့စိတ်ထဲ ပေါ်လာပြီး မှော်လှေပေါ် တင်ပျဉ်ခွေထိုင်ချကာ ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော တစ္ဆေများကို ကြည့်လိုက်သည်။ ၎င်းတို့က နားစည်ကွဲလုမတတ် စူးစူးရှရှအော်ဟစ်မြည်တမ်းကာ ဝေဟင်ပြင်သို့ အုပ်စုလိုက်ကြီး ပျံတက်နေကြသည်။

“ မှတ်တမ်းထဲမှာ အဓိကအချက်က ‘ ပုံပြင် ’ ဆိုပြီး သုံးထားတာ ”

ရွှီချင်းသည် ကောင်းကင်ကြီးကို မော့ကြည့်၍ ရင်ထဲ တီးတိုးရေရွတ်လိုက်သည်။

“ ပုံပြင်ဆိုတဲ့ စကားလုံးက ဒဏ္ဍာရီဆိုတဲ့ စကားလုံးနဲ့ မတူဘူး ”

“ ဒဏ္ဍာရီဆိုတဲ့ စကားလုံးနဲ့ ယှဉ်ရင် ပုံပြင်ဆိုတဲ့စကားလုံးက အမှန်တကယ် ဖြစ်ပျက်ခဲ့တာကို ကိုယ်စားပြုတယ် ”

ရွှီချင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ငေးစိုက်ကြည့်လိုက်သည်။

ကောင်းကင်နှင့် ပင်လယ်ပြင်၌ အငြိုးအတေးကြီးသော တစ္ဆေများ မရေမတွက်နိုင်လောက်အောင် ရှိနေပြီး ၎င်းတို့၏ စူးစူးဝါးဝါး အော်ဟစ်သံများသည်လည်း တစတစ ကြမ်းတမ်းလာသည်။ ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်ရှိ အရာအားလံးုကို တုန်လှုပ်ချောက်ချားကာ သွေးပျက်သွားစေရန် လုံလောက်သည်။

သို့သော်လည်း ရွှီချင်းက ထိုသို့ဖြစ်ရပ်မျိုးနှင့် အသားကျနေပြီးသား ဖြစ်သည်။

ယခင်က နတ်ဘုရား၏မျက်လုံးများကို သူ မြင်ခဲ့ဖူးသည်။ ရက်စက်ကြမ်းတမ်းသော သားရဲများနှင့် ထူးဆန်းသော အရာများဖြင့် ပြည့်နှက်နေသည့် မြို့ပျက်ကြီးထဲတွင် သူ လဝက်ခန့် နေခဲ့ဖူးသည်။ သူ ငယ်စဉ်ကတည်းက လူသားများ၏ ဆိုးယုတ်သောအကျင့်စရိုက်များ တည်ရှိရာ ဆင်းရဲသားရပ်ကွက်ထဲ၌ သက်စွန့်ဆံဖျားတိုက်ပွဲများကို မြင်ခဲ့ဖူးသည်။

တားမြစ်နယ်မြေတောအုပ်ထဲနှင့် ချီရွှဲ့ထုံဂိုဏ်းထဲရှိ ဆင်းရဲဒုက္ခများကို သူ ကြုံတွေ့ခဲ့ရပြီးနောက် ထိုထူးဆန်းသောအရာများသာ လူများကို အသက်သေစေသည်မဟုတ်ဘဲ ဤလောကကြီးထဲရှိ အရာအားလုံးသည်လည်း ဇီဝိန်ခြွေနိုင်သည်ကို သူ သိလာသည်။

ထိုကဲ့သို့ မြင်ကွင်းတစ်ခုက တခြားလူများကို ကြောက်လန့်တုန်ရီသွားစေနိုင်ပါသော်လည်း ရွှီချင်းအတွက် အသေးအဖွဲသာ ဖြစ်သည်။

ရွှီချင်းသည် တည်ငြိမ်နေသည့်အတွက်ကြောင့် ဝေဟင်သို့ ပျံတက်နေသည့် တစ္ဆေများ၏ အော်ဟစ်သံများကြားမှ သီချင်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။

ရွှီချင်းသည် မျက်လုံးများကို မှိတ်၍ သီချင်းသံကို နားထောင်နေသည့်အလား မလှုပ်မယှက် ရှိနေသည်။

အဝေးမှကြည့်ပါက သူ ဖြစ်စေ သို့မဟုတ် မှော်လှေဖြစ်စေ ပင်လယ်ထဲတွင် အလွန် သေးငယ်နေသည်။ လှေကလေးမှာ ယိမ်းနွဲ့နေပြီး တစ္ဆေများက လှေကလေးကို ဖုံးလွှမ်းသွားတော့သည်။

ရွှီချင်း၏နားထဲတွင် ခပ်တိုးတိုးအသံသည်သာ တစတစ ရှင်းလင်းလာ၏။

တစ္ဆေတစ်ရာ ညဉ့်ပျော်ပွဲ၊ တစ္ဆေတစ်ရာညဉ့်အက၊ တစ္ဆေတစ်ရာ ညဉ့်သံစဉ် …

ကျောက်ကျုံးဟန်သည် ကြောက်လန့်တုန်ရီနေပြီး ရွှီချင်းသည် အာရုံစိုက်၍ နားထောင်နေကာ ဂိုဏ်းတူအစ်မတင်းက ရွှီချင်းကို သိချင်စိတ်ပြင်းပြစွာ ကြည့်နေရင်းဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။

မိုးသောက်ယံသို့ ရောက်လာပြီး ညဉ့်သံစဉ် လွင့်ပျယ်သွားသောအခါ ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ သူ့စိတ်ထဲတွင် သံစဉ်သဲ့သဲ့ ပဲ့တင်ထပ်နေဆဲပင်။

ဂိုဏ်းတူအစ်မတင်းက လှပသော မျက်ဝန်းလေးများဖြင့် ရွှီချင်းကို ကြည့်၍ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

“ ဂိုဏ်းတူမောင်လေးရွှီ၊ တစ်ညလုံး မင်း နားထောင်နေတာလား။ တစ်ခုခု ကြားလို့လား ”

ထိုအချိန်၌ ရွှီချင်းက အနှောင့်အယှက်မခံချင်၍ ပြန်မပြောဘဲ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသော သံစဉ်ကိုသာ မျက်တောင်မခတ်ဘဲ ဆက်လက်အာရုံစိုက်နေသည်။

ထို့ကြောင့် ဂိုဏ်းတူအစ်မတင်းမှာ ပို၍ပင် သိချင်စိတ်ပြင်းပြသွားရပြီး ရွှီချင်းကိုကြည့်၍ သိုလှောင်အိတ်ကို ညာလက်ဖြင့် ပတ်လိုက်သည်။ ချက်ချင်းပင် ကျောက်စိမ်းသေတ္တာလေး ပေါ်လာပြီး ၎င်းကို ရွှီချင်းထံ ကမ်းပေးလိုက်သည်။

“ မောင်လေးရွှီ၊ ဒါက စိတ်ကြည်လင်ဆေး၊ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်။ ဒါကို မင်း ယူလိုက်။ အစ်မကို ဘာကြားခဲ့ရလဲ ပြောပေးလို့ရမလားဟင် ”

ဖီးနစ်လှေပေါ်ရှိ ကျောက်ကျုံးဟန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူ၏မျက်လုံးများထဲရှိ မီးတောက်များ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေတော့သည်။ ထိုဆေးလုံးသည် ဂိုဏ်းတူအစ်မတင်း စိတ်မရှည်ဖြစ်နေသည့်အမူအရာကို မြင်စဉ်အခါက သူ ပေးခဲ့သည့် လက်ဆောင်ဖြစ်သည်။

ယခု ဂိုဏ်းတူအစ်မတင်းက ရွှီချင်းကို သူ ပေးခဲ့သည့်လက်ဆောင်းအား ပေးနေပေသည်။

ထိုမြင်ကွင်းကြောင့် သူ ရူးသွပ်သွားရလုနီးပါး ဖြစ်နေရသည်။

“ စိတ်ကြည်လင်ဆေးလား ”

ရွှီချင်း၏ စိတ်အာရုံကို အလိုလို ဆွဲဆောင်သွားသည်။ စိတ်ကြည်လင်ဆေးအကြောင်းကို သူ သိထားခဲ့ဖူးပြီး ထိုရှားပါးပစ္စည်း၏ တန်ဖိုးက ပေါ့သေးသေးမဟုတ်ကြောင်းကိုလည်း သိသည်။

ထို့ကြောင့် သူ အနည်းငယ် အံ့အားသင့်သွားရပြိး ကျောက်စိမ်းသေတ္တာလေးကို ယူ၍ ဖွင့်ကြည့်လိုက်သည်။ မည်သည့်ပြဿနာမှ မရှိကြောင်း သူ သိလိုက်ရပြီးနောက် သူ့အိတ်ထဲ ထည့်လိုက်သည်။

ဂိုဏ်းတူအစ်မတင်းသည် ရွှီချင်း လက်ခံလိုက်သည်ကို မြင်လိုက်ရပြီး အလွန် ပျော်သွားကာ ရွှီချင်းကို ပြုံး၍ ပြောလိုက်သည်။

“ မောင်လေးရွှီ၊ အစ်မကို ပြောပြပါလား။ ပင်လယ်မှတ်တမ်းထဲမှာ တစ္ဆေတစ်ရာညဉ့်သံစဉ်အကြောင်း ပြောထားတာကို အစ်မ သိတယ်။ အာရုံစူးရှတဲ့လူတွေပဲ အဲဒီသံစဉ်ကို ကြားနိုင်တာတဲ့ ”

ရွှီချင်း၏မျက်လုံးများထဲတွင် အတိတ်ကို ပြန်လည်လွမ်းဆွတ်သည့်ပုံရိပ်ပေါ်လာပြီး သူ ခေါင်းညိတ်ပြလိုက်သည်။

“ ဆေးပင်တွေနဲ့ ဆေးပညာအကြောင်း ဆရာ လမ်းညွှန်ပြသပေးနေတဲ့အသံကို ကျနော် ကြားလိုက်တာ ”

“ မောင်လေးရွှီက အပင်တာအိုကိုတောင် နားလည်နေတာပါလား။ အထင်ကြီးစရာပဲ ”

ဂိုဏ်းတူအစ်မတင်း၏ မျက်နှာတွင် လေးစားခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ဖီးနစ်ပေါ်ရှိ ကျောက်ကျုံးဟန်၏ မျက်နှာပေါ်တွင်လည်း အထင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။ သူက နှုတ်ခမ်းကို တွန့်ကွေး၍ ခပ်တိုးတိုး ဆိုလိုက်သည်။

“ ဘယ်လိုဟောင်ရမလဲ ဘယ်သူက မသိဘဲနေမှာတုံး ”

ဂိုဏ်းတူအစ်မက မနာလိုနေသော ကျောက်ကျုံးဟန်နှင့် ပြောမနေတော့ဘဲ ရွှီချင်းကို အပင်တာအိုအကြောင်း စိတ်အားထက်သန်စွာ မေးမြန်းလေသည်။

ရွှီချင်းမှာ အနည်းငယ် စိတ်မရှည်ဖြစ်နေရပါသော်လည်း စိတ်ကြည်လင်ဆေးကြောင့် ပြန်ဖြေပေးလိုက်သည်။

လမ်းတစ်လျှောက်တွင် ကျောက်ကျုံးဟန်မှာ ပို၍ပင် ဒေါသထွက်နေရတော့သည်။ ဂိုဏ်းတူအစ်မ၏ မျက်နှာသာပေးခြင်း ခံရစေရန် အလိုလိုက်အကြိုက်ဆောင်ကာ လက်ဆောင်များ ရံဖန်ရံခါ ပေးလေသည်။

သို့သော်လည်း ဂိုဏ်းတူအစ်မတင်းက အများအားဖြင့် ငြင်းဆန်သည်။ အမှန်တကယ် ရွေးချယ်စရာမရှိသောအခါမှသာ မတတ်သာလေဟန်ဖြင့် လက်ဆောင်များကို လက်ခံတတ်သည်။ သို့သော်လည်း လှေပြောင်းချင်သည့် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိမနေခဲ့ဘဲ ရွှီချင်း၏ လှေပေါ်နေ၍သာ ခပ်လွင်လွင်ကလေး ရယ်မောနေတတ်သည်။ သို့ဖြစ်၍ ဒေါသမီးက ကျောက်ကျုံးဟန်၏ ကိုယ်တွင်းအင်္ဂါများကို လောင်မြိုက်နေသကဲ့သို့ ဖြစ်နေတော့သည်။

အထူးသဖြင့် နောက်နေ့များတွင် ဖြစ်သည်။ သူနှင့်တစ်နှစ်ခန့် နေခဲ့ရစဉ်အချိန်ကထက် ဂိုဏ်းတူအစ်မတင်း၏ ရယ်မောသံများကို ပို၍ ကြားနေရတော့သည်။ အချိန်အများစုတွင် ဂိုဏ်းတူအစ်မတင်းက စကားမရှိ စကားရှာ၍ ရွှီချင်းအား အပင်နှင့် ဆေးပင်များအကြောင်း စတင်မေးမြန်းလေ့ရှိသည်ကိုပင် သူ မြင်နေရသည်။ သို့သော်လည်း ဂိုဏ်းတူအစ်မတင်းက ဆေးပင်များအကြောင်း တစ်စက်မှ စိတ်မဝင်စားသည်ကို ကျောက်ကျုံးဟန် ကောင်းကောင်း သိထားသည်။

ရွှီချင်းသာ စကားမပြောဘဲနေလျှင် ဂိုဏ်းတူအစ်မတင်းက ဝန်ဆောင်ခအနေဖြင့် လက်ဆောင်များ ပေးတတ်သည်။ ထိုလက်ဆောင်များအားလုံးက သူ့ထံမှ ရသောလက်ဆောင်များသာ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ကျောက်ကျုံးဟန်မှာ ဆွံ့အနေရသည်။ အရာအားလုံးက ဆင်တူနေသလိုလို သူ ခံစားလာရသည်။ သူနှင့် ဂိုဏ်းတူအစ်မတင်းက တစ်နည်းနည်းဖြင့် တူညီနေကြဟန်တူသည် …

ထိုတွေ့ရှိချက်ကြောင့် ကျောက်ကျုံးဟန်၏ ရင်ထဲတွင် ဝမ်းနည်းစိတ်များ ဖြစ်လာသည်။ သို့သော်လည်း သူ အလျော့မပေးချင်ပေ။ သူ့ကိုယ်သူ အားပေးကာ အကောင်းဆုံး ကြိုးစားလိုက်သည်။

အမှန်တွင် ဂိုဏ်းတူအစ်မတင်း၏ အထင်ကြီးမှု ခံရစေရန် ကျောက်ကျုံးဟန်က လမ်းတစ်လျှောက်တွင် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်ဖော်ကာ ပင်လယ်သတ္တဝါများ ဖမ်းဆီး၍ ဂိုဏ်းတူအစ်မတင်းကို စားရန် ဖိတ်ခေါ်လေ့ရှိသည်။ ထိုနည်းလမ်းက အမှန်တကယ် အကျိုးသက်ရောက်ဟန်တူပြီး ကျောက်ကျုံးဟန်၏ရင်ထဲတွင် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာရသည်။

All Chapters