အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အခန်း (၂၁၁) - မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် နှင့် မီးပုံဆောင်ခဲ မိစ္ဆာမျောက်ဝံဘုရင်
ယွမ်ဖန်းက ဤကျောက်သတ္တုတွင်းအား စောင့်ကြပ်နေသူဖြစ်သဖြင့် အခြေအနေအရပ်ရပ်ကို သိထားလိမ့်မည်ဟု ဝူယွမ်က တွေးမိလိုက်သည်၊၊
အမှန်စင်စစ် သူအခုလို မေးမြန်းရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမ၏ အမည်ကြောင့် ရင်းနှီးပွင့်လင်းစွာ ပြောဆိုမိခြင်းလည်းဖြစ်သည်၊၊
ယွမ်ဖန်းက သူ့ကို ကြည့်ကာ ခေါင်းခါယမ်းလျက် “ဒါကိုတော့ အစ်မလည်း သိပ်မသေချာဘူး၊ ဒီမီးပုံဆောင်ခဲ မိစ္ဆာမျောက်ဝံတွေက ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိဘဲ အရေအတွက်ကလည်း အရမ်းများလွန်းတော့ အစ်မတို့ မယှဉ်နိုင်တော့ဘူး”
“အဲ့ဒါကြောင့်ပဲ ကျောက်မိုင်းတူးဖော်တာကို ရပ်နားထားပြီး ဂိုဏ်းကို အကြောင်းကြားလိုက်ရတာပါ၊ အခုတော့ မောင်လေးတို့အပေါ်မှာပဲ မူတည်တော့တယ်” ဟု ပြန်လည်ဖြေကြားလေသည်၊၊
ဝူယွမ်က ပတ်ဝန်းကျင် အခြေအနေကို ဝေ့ဝဲကြည့်ရှုပြီးနောက် အဝေးရှိ သစ်တောအုပ်ဆီသို့ လက်ညှိုးညွှန်ကာ “အဲ့ဒီတောအုပ်ထဲမှာ သူတို့ စိတ်ဝင်စားစရာ တစ်ခုခု ရှိနေရမယ်၊ မိစ္ဆာသားရဲတွေဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအင်တွေကို အာရုံခံနိုင်စွမ်း အရမ်းထက်မြက်ကြတယ်၊ သူတို့တွေ အကြောင်းမဲ့ စုဝေးနေကြတာ မဟုတ်ဘူး၊”
“ရည်ရွယ်ချက် တစ်ခုခုတော့ ရှိလိမ့်မယ်၊ သူတို့က အစ်မတို့ကိုလည်း တိုက်ခိုက်ခြင်းမရှိသလို ကျောက်မိုင်းအတွက်လည်း လုယူတိုက်ခိုက်ခြင်း မရှိဘူးဆိုတော့ သူတို့ကို ဆွဲဆောင်နေတာ တခြားအရာတစ်ခုခု ဖြစ်ရမယ်” ဟု သုံးသပ်ပြလိုက်သည်၊၊
ယွမ်ဖန်းက မျက်မှောင်ကြုတ်လျက် “အစ်မတို့ အဲ့ဒီတောအုပ်ထဲကို အရင်က သွားရောက်ရှာဖွေဖူးပေမယ့် ဘာသဘာဝရတနာမှ မတွေ့ခဲ့ရပါဘူး” ဟု ဆိုသည်၊၊
ဝူယွမ်က ပြုံးလျက် “အရင်က မရှိတာက အခုမရှိဘူးလို့ မဆိုလိုပါဘူး၊ အကြောင်းရင်းကို သိချင်ရင်တော့ အတွင်းထဲကို သွားကြည့်ရုံပဲ ရှိတာပေါ့” ဟု ပြောကြားလိုက်သည်၊၊
လူတိုင်းသည် စုရုံးနေကြသော မီးတောက်သလင်းကျောက် မိစ္ဆာမျောက်ဝံအုပ်ကြီးကို ကြည့်ကာ မျက်နှာများ တည်တန့်သွားကြသည်၊၊ တောအုပ်အတွင်းပိုင်းသို့ စုံစမ်းစစ်ဆေးတော့မည်ဆို ဤမိစ္ဆာမျောက်ဝံအုပ်ကြီးကို ရှောင်လွှဲ၍ မရနိုင်ပေ၊၊
“ဘယ်လို ဖြတ်သွားကြမလဲ၊ ဒီကောင်တွေက ကိုင်တွယ်ရ မလွယ်ဘူးနော်” ယွမ်ဖန်းက စိုးရိမ်တကြီး ပြောသည်၊၊ ကျန်းဟောင်နှင့် အခြားသူများကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်၊၊
ဤမျှများပြားလှသော မိစ္ဆာမျောက်ဝံအုပ်ကြီးကို ဖောက်ထွက်ရန်မှာ အလွန်ခက်ခဲလှသည်၊၊ ဝူယွမ်၏ စကားကြောင့်လည်း မျောက်ဝံများ၏ နောက်ကွယ်ရှိ တောအုပ်ထဲတွင် ပိုမိုအစွမ်းထက်သော တည်ရှိမှုများ ရှိနေမည်ကို စိုးရိမ်ထိတ်လန့်နေခဲ့ကြသည်၊၊
အမှန်စင်စစ် ဝူယွမ်နှင့် လင်းတုန်အတွက်မူ ရှေ့ရှိ မိစ္ဆာသားရဲများက အရေးမပါချေ၊၊ သူတို့၏ ခန္ဓာကိုယ် ခွန်အားငယသက်သက်ဖြင့် တိုက်ရိုက် တိုးဝင်ဖောက်ထွက်နိုင်သည်၊၊
လူတိုင်း တွန့်ဆုတ်နေစဉ်မှာပင် ယင်းဟွမ်ဟွမ်က “ဒီကောင်တွေက ရိုးရှင်းပါတယ်၊ ကျွန်မကိုပဲ လွှတ်ထားလိုက်၊ တစ်ခါတလေကျရင် ထိပ်တိုက်ရင်ဆိုင်နေဖို့ မလိုဘူးလေ” ဟု သာယာသော အသံလေးဖြင့် ရယ်မောလျက် ပြောဆိုလိုက်သည်၊၊
ယင်းဟွမ်ဟွမ်၏ နုနယ်လှပသော ခန္ဓာကိုယ်လေးက လေထဲသို့ ပေါ့ပါးစွာ ပျံတက်သွားပြီး တောအုပ်အထက်၌ ပေါ်လာသည်၊၊ သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးကို ဝေ့ယမ်းလိုက်ရာ ယွမ်စွမ်းအင်တန်းတစ်ခုက တောအုပ်အတွင်းသို့ တိုက်ရိုက် ကျရောက်သွားသည်၊၊
“ဝူး...”
ထိုအချိန်တွင် မီးတောက်သလင်းကျောက် မိစ္ဆာမျောက်ဝံ အမြောက်အမြား နိုးလာကြပြီး ဒေါသတကြီး ဟိန်းဟောက်သံများက တောတောင်အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်၊၊ ဝူး... ဝူး... ဟူသော အသံများနှင့်အတူ မိစ္ဆာမျောက်ဝံများက သစ်ပင်ကြီးများပေါ်သို့ ခုန်တက်လာကြသည်၊၊
သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး ဒေါသကြောင့် နီရဲနေသော မျက်လုံးများဖြင့် လေထဲရှိ ယင်းဟွမ်ဟွမ်ကို စိုက်ကြည့်နေကြသည်၊၊
ဤအချိန်တွင် လူတိုင်းက မိစ္ဆာမျောက်ဝံများ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်၊၊
သူတို့၏ ခန္ဓာကိုယ်မှာ ပေအနည်းငယ် မြင့်မားပြီး တစ်ကိုယ်လုံး မီးတောက်ကဲ့သို့ နီရဲကာ သလင်းကျောက်လွှာများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ရှိ နေသည်၊၊ ခန္ဓာကိုယ်အတွင်းမှလည်း ပြင်းထန်သော စွမ်းအင်လှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
ယင်းဟွမ်ဟွမ်က သားရဲအုပ်ကြီးနှင့် ရင်ဆိုင်နေရသော်လည်း တည်ငြိမ်လျက်ရှိပြီး သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လွင်နေကာ သူမက ပျော့ပျောင်းလှပသော လက်ချောင်းလေးများကို လေထဲတွင် ညင်သာစွာ ဆန့်ထုတ်လိုက်သည်၊၊
ဖျော့တော့သော အစိမ်းရောင်စွမ်းအင်များသည် သူမ၏ လက်ထိပ်တွင် စုစည်းလာပြီး စောင်းတစ်ခု အသွင်ပေါ်လာခဲ့သည်၊၊ သူမက လက်ကလေးဖြင့် စောင်းကြိုးများကို ညင်သာစွာ တီးခတ်လိုက်လေသည်၊၊
“ဒေါင်...”
ကြည်လင်သာယာသော စောင်းသံစဉ်က သူမ၏ လက်ထိပ်မှတစ်ဆင့် ပျံ့လွင့်လာပြီး ဝူယွမ်သည် ထိုစောင်းသံကို ကြားလိုက်ရသည်နှင့် စိတ်အာရုံ အနည်းငယ် ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရကာ မျက်လုံးများ ဝေဝါးသွားသည်၊၊
အသံလှိုင်းတိုက်ကွက်၊ စောင်းတီး၍ လူကို တိုက်ခိုက်ခြင်းပင်၊၊ ယင်းဟွမ်ဟွမ်၏ စောင်းသံက အလွန်နားထောင်ကောင်းသော်လည်း ကြာရှည်နားထောင်ပါက မူးဝေလာစေနိုင်သည်၊၊
စောင်းအသံလှိုင်း၏ တိုက်ရိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသော မိစ္ဆာမျောက်ဝံများ၏ ပြင်းထန်သော အရှိန်အဝါများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်လုံးများထဲတွင် အိပ်ငိုက်ဟန်များပေါ်လာကာ သစ်ပင်ပေါ်မှ ပြုတ်ကျလျက် အိပ်ပျော်သွားကြလေသည်၊၊
၎င်းမှာ အိပ်မွေ့ချခြင်းပညာရပ်ပင်၊၊
လင်းတုန်က အနည်းငယ် အံ့အားသင့်သွားပြီး ဝူယွမ်ထံသို့ စိတ်ချင်းဆက်သွယ်ကာ “အစ်ကိုကြီး၊ ဒီယင်းဟွမ်ဟွမ်က တကယ်ကို မလွယ်ဘူးပဲ၊ သူမရဲ့ စောင်းတီးခတ်ပုံက တကယ်ကို ထူးခြားဆန်းပြားတယ်”
နုနယ်ပျော့ပျောင်းပုံရသော ဤမိန်းကလေးတွင် ထိုကဲ့သို့ စွမ်းရည်မျိုးရှိလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ၊၊
ယွမ်ဖန်းနှင့် ကျန်းဟောင်တို့ကို ဒုက္ခပေးနေသော မိစ္ဆာအုပ်ကြီးမှာ သူမ၏ စောင်းသံအောက်တွင် ခဏချင်း ငြိမ်သက်သွားခဲ့သည်၊၊
ဝူယွမ်က “စောင်းသံစဉ်ထဲမှာ ယွမ်စွမ်းအင်ကို ထည့်သွင်းထားတာဆိုတော့ သတိမထားမိရင် အလွယ်တကူ တိုက်ခိုက်ခံရနိုင်တယ်၊ ဒီနည်းလမ်းက ကာကွယ်ရခက်သလို ဝိညာဉ်စွမ်းအင် အားနည်းတဲ့ မိစ္ဆာသားရဲတွေအတွက်တော့ အလွန်ထိရောက်တာပေါ့” ဟု ပြန်ပြောလိုက်လေသည်၊၊
“ပြီးပြီ၊ အားလုံး သိမ်းဆည်းလို့ရပြီ” ဟု ယင်းဟွမ်ဟွမ်က ရယ်မောလျက် အောင်နိုင်သူတစ်ဦးကဲ့သို့ ပြောလိုက်သည်၊၊ သူမက အခြားသူများကို လှည့်ပတ်ကြည့်လိုက်ပြီး အဆုံးတွင် ဝူယွမ်ဘက်သို့လှည့်ကာ ‘ကျွန်မ ဘယ်လောက်တော်လဲ ကြည့်ထား’ ဟူသော အကြည့်မျ်ုးဖြင့် ဝေ့ကြည့်လိုက်သည်၊၊
ဝူယွမ်က လက်မထောင်ပြကာ “တကယ်ကို တော်ပါတယ်” ဟု ချီးကျူးလိုက်တော့သည်၊၊
“သွားကြစို့၊ တောအုပ်ထဲမှာ ဒီကောင်တွေကို ဆွဲဆောင်နေတဲ့အရာက ဘာလဲဆိုတာ သွားကြည့်ရအောင်” ဟု ဆိုကာ ယင်းဟွမ်ဟွမ်က ရှေ့မှ ပျံသန်းဝင်ရောက်သွားသည်၊၊
ဝူယွမ်က တောအုပ်ထဲသို့ လျှောက်သွားရင်း “ခဏလေး၊ ဒီကောင်တွေကို အရင်သိမ်းလိုက်ဦးမယ်၊ မဟုတ်ရင် သူတို့ နိုးလာတဲ့အခါ စီနီယာ ယွမ်ဖန်းအတွက် ဒုက္ခဖြစ်ဦးမယ်” ဟု ဆိုကာ သူ၏ ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး အိပ်ပျော်နေသော မိစ္ဆာမျောက်ဝံများစွာကို ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင်နယ်ပယ်အတွင်းသို့ သိမ်းဆည်းလိုက်သည်၊၊
ဤမိစ္ဆာသားရဲများက နိဗ္ဗာန်အဆင့်ငါးအထက်မှာ ရှိနေကြသဖြင့် အလွန်ကောင်းမွန်သော အရင်းအမြစ်များပဲဖြစ်သည်၊၊ မျောက်ဝံများအား ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ ဖြင့် ဖိနှိပ်ထားပြီး နောက်မှ အချိန်ရမှသာ ယဉ်ပါးအောင် ပြုလုပ်မည်ဟု ဝူယွမ်က ကြံစည်ထားခဲ့သည်၊၊
“ရှင့်မှာ ဒီလို နေရာလွတ်ပါတဲ့ ဝိညာဉ်ရတနာလက်နက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး၊ ဒါက အနည်းဆုံးတော့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ ဖြစ်ရမယ်” ဟု ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ရင်ဘတ်ပေါ်ရှိ ကျောက်တိုင်အသေးစားလေးကို ကြည့်ကာ အံ့အားတကြီး ရေရွတ်လိုက်မိသည်။ လူအတော်များများက ဤအရာမှာ မဟာရှေးဟောင်းကျောက်တိုင်မှန်း လုံးဝမသိကြချေ၊၊
ဝူယွမ်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်၊၊ “ကောင်းကင်အဆင့် ရတနာတစ်ခုပါပဲ၊ စီနီယာနဲ့တော့ ယှဉ်လို့မရသေးပါဘူး”
ကျန်းဟောင်နှင့် အခြားသူများမှာမူ ဝူယွမ်ကို မနာလိုစွာ ကြည့်နေကြသည်၊၊ ဂိုဏ်း၏ အမာခံတပည့်များထဲတွင်ပင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ ပိုင်ဆိုင်သူမှာ အနည်းငယ်သာ ရှိသည်၊၊ သို့သော် တာဝန်ပြီးမြောက်ရန်မှာ ပို၍အရေးကြီးသဖြင့် လူတိုင်း တောအုပ်အတွင်းပိုင်းသို့ ဆက်လက် တိုးဝင်သွားကြသည်၊၊
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် အဆက်မပြတ် ပျံ့နှံ့နေပြီး ဤနေရာသို့ ရောက်သောအခါ ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်များက အလွန်တရာ ကစဉ်ကလျား ဖြစ်နေသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်၊၊ ယင်းဟွမ်ဟွမ်သည်လည်း ထိုစွမ်းအင်ကို အာရုံခံမိပုံရပြီး မျက်မှောင်ကြုတ်လျက် အရင်းအမြစ်ကို ရှာဖွေနေသည်၊၊
“ဟိုမှာ”
ဝူယွမ်က တစ်ခုခုကို သတိထားမိသွားပြီး လမ်းညွှန်ကာရှေ့မှထွက်သွားခဲ့သည်။ ဝူယွမ် လမ်းညွှန်ပြသရာဘက်သို့ အားလုံး လိုက်သွားကြရာ ထူးခြားသော မြေမျက်နှာသွင်ပြင်တစ်ခုသို့ ရောက်ရှိသွားပြီး တစ်ဖွဲ့လုံး မျက်လုံးများ ပြူးကျယ်ကာ အလွန်အမင်း အံ့အားသင့်သွားကြသည်၊၊
သူတို့ရှေ့တွင် နီရဲနေသော မြေကွက်လပ်တစ်ခု ရှိနေပြီး မြေပြင်မှာ အက်ကွဲလျက် အနက်ရောင်သစ်ပင်တစ်ပင်က မြေကြီးကို ထိုးဖောက်၍ ပေါ်ထွက်နေခဲ့သည်၊၊ သစ်ပင်နက်ကြီးပေါ်တွင် သံမဏိရောင်ကဲ့သို့ အေးစက်စက် တောက်ပနေသော သစ်ကိုင်းများ ယှက်နွယ်နေလေသည်၊၊
ရှေးဟောင်းရူန်းများသည် သစ်ပင် ပင်စည်တွင် ရစ်ပတ်နေပြီး ထူးခြားဆန်းပြားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေခဲ့သည်၊၊
အထူးခြားဆုံးမှာ မီးတောက်များကဲ့သို့ တောက်လောင် နီရဲနေသည့် အသီးငါးလုံး သစ်ပင်ပေါ်တွင် တွဲလောင်းကျနေခြင်းပင်ဖြစ်သည်၊၊
“မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်”
ယင်းဟွမ်ဟွမ်က သူမ၏ လက်ကလေးဖြင့် ပါးစပ်ကို အုပ်ရင်း အံ့ဩတုန်လှုပ်သွားခဲ့သည်၊၊ ယွမ်ဖန်းနှင့် ကျန်းဟောင်တို့သည်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာကြလေသည်၊၊
ယင်းဟွမ်ဟွမ်က သစ်ပင်ဆီသို့ မသိမသာ လျှောက်လှမ်းသွားစဉ် ဝူယွမ်က ရုပ်တရက် မျက်နှာ တင်းမာသွားကာ သူမ၏ ခြေလှမ်း မလှမ်းမီမှာပင် ဝူယွမ်က သူမ၏ နူးညံ့ချောမွေ့သော လက်ကောက်ဝတ်လေးကို ဆွဲကိုင်ကာ သူ့အနားသို့ ဆွဲခေါ်လျက် နောက်သို့ အမြန်ခုန်ဆုတ်လိုက်လေသည်။ ယင်းဟွမ်ဟွမ်မှာမူ ကြောင်တောင်တောင်ဖြင့် ဝူယွမ်ဆွဲလိုက်သည့်အတိုင်း သူ၏ရင်ခွင်ထဲသို့ ရောက်သွားခဲ့လေသည်။
“ဘုန်း...”
သူတို့ရှိခဲ့သော နေရာတွင် လက်ဝါးနီကြီးတစ်ဖက် ထွက်ပေါ်လာပြီး မြေပြင်ကို ရိုက်ချလိုက်ရာ ဖုန်မှုန့်များ ထသွားခဲ့ကာ ဖုန်မှုန့်များကြားတွင် ကြီးမားလှသော သားရဲအရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်၊၊
၎င်းမှာ တစ်ကိုယ်လုံး နီရဲနေသည့် မီးပုံဆောင်ခဲ မိစ္ဆာမျောက်ဝံဘုရင် ပင်ဖြစ်သည်၊၊
ထိုမျောက်ဝံ၏ မျက်လုံးများက ကြမ်းတမ်းခက်ထန်နေပြီး လူအုပ်ကို စိုက်ကြည့်လျက် ပြင်းထန်လှသော လူသတ်ငွေ့များကို ထုတ်ဖော်နေသည်၊၊
“မီးပုံဆောင်ခဲ မျောက်ဝံဘုရင်...”
ဝူယွမ်၏ ရင်ခွင်ထဲတွင် မှီနေရသော ယင်းဟွမ်ဟွမ်က ထိုသားရဲကြီးကို ကြည့်ကာ ထိတ်လန့်သွားသည်၊၊ ဤကောင်မှာ ရှေ့က မျောက်ဝံများထက် ပိုကြီးမားပြီး ခန္ဓာကိုယ်ပေါ်ရှိ သလင်းကျောက်များမှာလည်း သံချပ်ကာကဲ့သို့ ထူထဲလှသည်၊၊
အရေးကြီးဆုံးမှာ ၎င်း၏ မျက်လုံးများထဲတွင် ဉာဏ်ပညာရှိသော အရိပ်အယောင်များ တွေ့နေရခြင်းပင်၊၊
ယွမ်ဖန်းက “ဒီကောင်က သွေးကျောက်တောင်တန်းရဲ့ မိစ္ဆာဘုရင်ဟောင်းပဲ၊ သူက တောင်နက်ထဲမှာပဲ ကျင့်ကြံနေတာ၊ အခု ဒီနေရာကို ရောက်နေလိမ့်မယ်လို့ မထင်ထားဘူး” ဟု ပြောလိုက်သည်၊၊
ယင်းဟွမ်ဟွမ်က စိုးရိမ်တကြီးဖြင့် ဝူယွမ်ကို မသိမသာ မော့ကြည့်လိုက်မိသည်၊၊ သူမ ခုနက အချိန်မီ သတိမထားမိခဲ့ပေ၊၊
“အဆင်ပြေရဲ့လား” ဟု ဝူယွမ်က သူ့ရင်ခွင်ထဲမှ ကောင်မလေးကို မေးလိုက်လေသည်၊၊
“အဆင်... အဆင်ပြေပါတယ်”
ယင်းဟွမ်ဟွမ်က ခေါင်းခါပြပြီးနောက် ဝူယွမ်ဆုပ်ကိုင်ထားသော သူမ၏လက်ကို ရုန်းဖယ်လိုက်ကာ “တော်ပြီ၊ လွှတ်တော့” ဟု တိုးတိုးလေး ပြောလိုက်သည်၊၊
“ကျွန်တော် ရှေ့ကနေမယ်၊ စီနီယာရဲ့ စောင်းသံက အနောက်ကနေ ပံ့ပိုးပေးဖို့ သင့်တော်တယ်၊ အနားကို သိပ်မကပ်နဲ့” ဟု ဝူယွမ်က ယင်းဟွမ်ဟွမ်ကို သူ့နောက်သို့ ပို့လိုက်ပြီး မျောက်ဝံဘုရင်ကို စိုက်ကြည့်လိုက်သည်၊၊
သူ့လက်ကောက်ဝတ်ကိုသူ ခုနက ခံစားချက်ကို ပြန်သတိရကာ အနည်းငယ် ပွတ်သပ်မိနေသည်၊၊ ယင်းဟွမ်ဟွမ်၏ လက်ကလေးမှာ အမှန်တကယ့်ကို နူးညံ့ချောမွေ့လှပေသည်၊၊
“ဒီမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို ငါအရင်တွေ့တာ၊ အားလုံး ထွက်သွားကြစမ်း...” မိစ္ဆာမျောက်ဝံဘုရင်က ဟိန်းဟောက်ကာ လူသားစကားဖြင့် ပြောလိုက်သည်၊၊
ယွမ်ဖန်းက “ဒါက ငါတို့ တောင်ဂိုဏ်းရဲ့ နယ်မြေပဲ၊ နင်က ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာပြီး ငါတို့ဂိုဏ်းရဲ့ ရတနာကို သိမ်းပိုက်ချင်နေတာလား၊ တောင်ဂိုဏ်းကို ရန်သူလုပ်ရဲတယ်ပေါ့၊ နင့်ရဲ့ ကျင့်ကြံဆင့်က ဒီလောက်အထိ ရောက်ဖို့ မလွယ်ဘူး၊ ငါတို့ဂိုဏ်းက ပညာရှင်တွေ မရောက်လာခင် အခုချက်ချင်း တောင်ထဲပြန်သွားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင်တော့ နင် ပြန်နိုင်မှာ မဟုတ်တော့ဘူး” ဟု သတိပေးလိုက်သည်၊၊
“ငါ့ကို တောင်ဂိုဏ်းနဲ့ လာမခြောက်နဲ့၊ ငါက ခြောက်တိုင်း ကြောက်မယ့်ကောင် မဟုတ်ဘူး၊ ဟဲဟဲ... မင်းတို့ပဲ ပြောတယ်လေ၊ ဂိုဏ်းက ပညာရှင်တွေ မရောက်သေးဘူးဆိုတော့ မင်းတို့လို ကလေးအုပ်စုက ငါ့ကို တားနိုင်မှာ မဟုတ်ဘူး” ဟု မျောက်ဝံဘုရင်က ရယ်မောကာ ပြန်ပြောလေသည်၊၊
ဝူယွမ်က မထေမဲ့မြင် ပြုံးလျက် “နိဗ္ဗာန်အဆင့်ခုနှစ်မှာပဲရှိတဲ့ မိစ္ဆာဘုရင်တစ်ကောင်က ဒီလောက်အထိ မောက်မာနေတာလား၊ မင်းက အမြဲတမ်း ဒီလို သတ္တိရှိနေတာလား” ဟု ပြောလိုက်လေသည်၊၊
“ဝူယွမ်၊ အဲ့ဒီ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို တောင်ဂိုဏ်းက မရရအောင် ယူရမယ်” ယင်းဟွမ်ဟွမ်က ဝူယွမ်၏ အနောက်မှ တိုးတိုးလေး ကပ်ပြောလိုက်သည်၊၊
လင်းတုန်က “စီနီယာ၊ ဒီသစ်ပင်က ဘာမို့လို့လဲ၊ အဲ့လောက်တောင် ရှားပါးလို့လား” ဟု ပြန်မေးကြည့်လိုက်၏။
ယင်းဟွမ်ဟွမ်က “မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ဆိုတာ ဂိုဏ်းတိုင်းအတွက် အလွန်တန်ဖိုးရှိတဲ့ ရတနာပဲ၊ သူက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို အလိုအလျောက် စုပ်ယူပြီး အသီးတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်၊ ဒီအသီးတွေက နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေအတွက် အလွန်အကျိုးရှိတာ” ဟု ယင်းဟွမ်ဟွမ်က ဂရုတစိုက် ရှင်းပြလိုက်လေ၏။
လင်းတုန်က သစ်ပင်ပေါ်ရှိ အသီးငါးလုံးကို ကြည့်ကာ စွမ်းအင် အလွန်ပြင်းထန်သည်ကို ခံစားမိသော်လည်း အရေအတွက်မှာ နည်းပါးနေသေးသည်ဟု သူယူဆမိသည်၊၊
သို့သော် ယင်းဟွမ်ဟွမ်က ဆက်လက်ရှင်းပြရာတွင် ဤသစ်ပင်မှာ အပင်ပေါက်လေးသာ ရှိသေးကြောင်း၊ ကြီးထွားလာပါက အသီးပေါင်း များစွာ သီးနိုင်ကြောင်းနှင့် ယွမ်ဂိုဏ်းတွင်လည်း ထိုကဲ့သို့ သစ်ပင်ကြီးတစ်ပင်ရှိကြောင်း ပြောပြလေသည်၊၊
ထိုသစ်ပင်ကြောင့်ပင် ယွမ်ဂိုဏ်း၏ တပည့်များသည် အခြားဂိုဏ်းများထက် ပိုမိုအစွမ်းထက်နေခြင်းပင်။
ဝူယွမ်၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်၊၊ သူသည် ဤသစ်ပင်ကို မရရအောင် ယူမည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်၊၊
ဤအရာက ဝိညာဉ်အဆောင်ကောင်းကင်သစ်ပင်ထက်ပင် တန်ဖိုးပိုရှိပြီး သူ့တွင် ဆေးဖက်ဝင်အပင်များကို ကြီးထွားနှုန်း မြန်စေသည့် လက်ဖဝါးထဲကကောင်းကင်ပုလင်းလည်း ရှိနေသေးသည်၊၊
ဤမသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်၏ မျိုးစေ့ကိုသာသူ ရရှိပါက သူ၏ မဟာရှေးဟောင်းဂိုဏ်းသည် အလျင်အမြန် ပြန်လည်ဦးမော့လာနိုင်မည် ဖြစ်သည်၊၊ ၎င်းမှာ သူ ဤခရီးကို လိုက်လာရခြင်း၏ အဓိက ရည်ရွယ်ချက်ပင်ဖြစ်သည်၊၊
“ဒီသစ်ပင်က တန်ဖိုးအရမ်းကြီးတော့ တခြားသူတွေ သိသွားလို့ မဖြစ်ဘူး၊ မဟုတ်ရင် အဆုံးမရှိတဲ့ လုယက်တိုက်ခိုက်မှုတွေ ဖြစ်လာလိမ့်မယ်” ဟု လင်းတုန်က တည်ငြိမ်စွာ သတိပေးလိုက်သည်။
“ဒါဆိုရင်တော့ ဒီမျောက်ဝံဘုရင်ကို အရင်ဆုံး သတ်ရမှာပေါ့” ဟု ဝူယွမ်က ပြတ်သားစွာ ပြန်ဖြေလိုက်လေသည်။
မိစ္ဆာမျောက်ဝံဘုရင်မှာမူ တောင်ဂိုဏ်းကို ကြောက်ရွံ့ခြင်းနှင့် သစ်ပင်ကို မက်မောခြင်းကြားတွင် ဝေခွဲမရ ဖြစ်နေခဲ့သည်၊၊ သို့သော် ဤလူအုပ်၏ စကားအရ ၎င်းကို အလွတ်ပေးမည်မဟုတ်ကြောင်း သိလိုက်ရသည်၊၊
“ဒုတိယညီလေး၊ တိုက်စစ်ဆင်တော့”
လင်းတုန်သည် နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်ကို ထုတ်ဖော်၍ နဂါးနက်ဝိညာဉ်ကို ဆင့်ခေါ်ကာ မျောက်ဝံဘုရင်ကို စတင်တိုက်ခိုက်တော့သည်၊၊ ဝူယွမ်သည်လည်း လေးလံအကျဉ်းထောင်မီးတောက်တောင်ကို ထုတ်ဖော်လိုက်ရာ ၎င်းမှာ တောင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ပြင်းထန်သော ဆွဲငင်အားနယ်ပယ်ဖြင့် မျောက်ဝံဘုရင်ကို ဖိနှိပ်လိုက်သည်၊၊
“ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေ...”
ကျန်းဟောင်နှင့် ယွမ်ဖန်းတို့မှာ ကောင်းကင်အဆင့် ရတနာနှစ်ခုကို ကြည့်ရင်း အလွန်အံ့အားသင့်သွားကြသည်၊၊
ယင်းဟွမ်ဟွမ်သည်လည်း သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်ကာ စိမ်းဖန့်ဖန့် ကျောက်စိမ်းစောင်းကြီးကို ထုတ်ဖော်လိုက်သည်၊၊ ထိုစောင်းမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ လင်းတုန်ကိုပင် အံ့အားသင့်သွားစေခဲ့သည်၊၊
နောက်ထပ် ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခုပင်၊၊
မိစ္ဆာမျောက်ဝံဘုရင်မှာမူ ကောင်းကင်အဆင့် ရတနာသုံးခုကို တစ်ပြိုင်နက် မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်တုန်လှုပ်သွားလေတော့သည်၊၊
အခန်း ၂၁၂ - မသေမျိုးအနှစ်သာရ ရှေးဟောင်းမျိုးစေ့ ပေါ်ထွက်လာခြင်းနှင့် နတ်ဆိုးအမှတ်အသား အဖွဲ့
“တုန်...”
ယင်းဟွမ်ဟွမ်၏ သွယ်လျနုနယ်သော လက်ချောင်းလေးများက စောင်းကြိုးများကို ထိလိုက်သည်နှင့်အမျှ သာယာကြည်နူးဖွယ်ကောင်းသော သံစဉ်တစ်ခုမှာ တောအုပ်အတွင်း ပျံ့လွင့်သွားတော့သည်။
ယင်းဟွမ်ဟွမ်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး သူမ၏ ကြည်လင်သော မျက်ဝန်းအစုံကမူ ရှေ့ရှိစောင်းထံ၌သာ စူးစိုက်ထားကာ တစ်ကိုယ်လုံးမှာ အစွန်းကုန် အာရုံစူးစိုက်နေသည့် အခြေအနေသို့ ရောက်ရှိနေ၏။
ထိုစောင်းနှင့် သူမထံမှ အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအင်ဂယက်များ ထွက်ပေါ်လာခဲ့သည်။
ထိုစွမ်းအင်ဂယက်ကို ကြည့်ခြင်းအားဖြင့် ယင်းဟွမ်ဟွမ်၏ စောင်းမှာ ဝူယွမ်၏ လေးလံအကျဉ်းထောင်မီးတောက်တောင်နှင့် လင်းတုန်၏ နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်တို့ထက် ပိုစွမ်းအားကြီးမားကြောင်း ထင်ရှားလှသည်။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်များထဲတွင် ဤစောင်းမှာ ထိပ်တန်းအဆင့်ဖြစ်ပေလိမ့်မည်။
လေးလံအကျဉ်းထောင်မီးတောက်တောင်၏ အောက်တွင် မီးပုံဆောင်ခဲ မိစ္ဆာမျောက်၀ံဘုရင်မှာ အလွန်ပြင်းထန်သော ဆွဲငင်အားနယ်ပယ်၏ ဖိနှိပ်မှုကို ခံထားရပြီး သူ၏ သွေးမျိုးဆက်နှင့် ခွန်အားများပါ ချုပ်နှောင်ခံထားရသလို လင်းတုန် ဆင့်ခေါ်လိုက်သော နဂါးနက်ဝိညာဉ်ကလည်း ပြင်းထန်စွာ တိုက်ခိုက်နေလေပြီ။
ကျန်းယွဲ့နှင့် ယွမ်လင်းတို့ကလည်း ပြတ်သားစွာပင် လှုပ်ရှားလိုက်ကြပြီး လင်းတုန်နှင့်အတူ အရပ်သုံးမျက်နှာမှ မိစ္ဆာမျောက်ဝံဘုရင်က်ု ဝိုင်းရံတိုက်ခိုက်ကြတော့သည်။
ကောင်းကင်ယံတွင်တော့ ဝူယွမ်မှာ လေးလံအကျဉ်းထောင်မီးတောက်တောင်၏ အထက်၌ ရပ်တန့်နေပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စွမ်းအားကို အသုံးပြုကာ မျောက်ဝံဘုရင်ကို ဖိနှိပ်ကန့်သတ်ထားသည်။ ယင်းဟွမ်ဟွမ်ကလည်း သူ့ကဲ့သို့ပင် လေထဲ၌ စောင်းတီးခတ်နေကာ အနှောက်အယှက်ပေးနေခဲ့သည်။
သာယာသော စောင်းသံစဉ်များက ဟိန်းထွက်လာကာ မြစိမ်းရောင်အဆင်းရှိသော အသံလှိုင်းများအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီး လေထဲမှတစ်ဆင့် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားကာ မျောက်၀ံဘုရင်ကို လျင်မြန်စွာ ရစ်ပတ်ဖုံးလွှမ်းလိုက်သည်။
မိစ္ဆာမျောက်ဝံဘုရင်၏ နီရဲနေသည့် မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ပျံ့နှံ့လာသော မြစိမ်းရောင်အသံလှိုင်းကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထို့နောက် ‘ဖြောင်း’ ဟူသော အသံနှင့်အတူ ထိုအသံလှိုင်းမှာ သူ၏ လက်သီးချက်ကြောင့် အက်ကွဲပျက်စီးသွားရ၏။
သို့သော် ယင်းဟွမ်ဟွမ်၏ အသံလှိုင်းများမှာ ထိုမျှနှင့် လုံး၀ ပျက်စီးသွားသည်မဟုတ်ေပ။
ကွဲအက်သွားသော အသံလှိုင်း အစအနများမှာ ပျောက်ကွယ်မသွားဘဲ မိစ္ဆာမျောက်ဝံဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် လောက်ကောင်များကဲ့သို့ ကပ်တွယ်နေကာ သူ၏အတွင်းပိုင်းအထိ လျင်မြန်စွာ ထိုးဖောက်တိုက်စားသွားတော့သည်။
မိစ္ဆာမျောက်ဝံဘုရင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ ထိုမြစိမ်းရောင်အသံလှိုင်း အစက်အပြောက်များက သူ၏ ခန္ဓာကိုယ်ကို ထုံကျဉ်သွားစေပြီး သူ၏ စွမ်းအားစီးဆင်းမှုကိုပင် အဟန့်အတား ဖြစ်စေသည်။
အထက်မှ ဖိနှိပ်ထားသော ပြင်းထန်သည့် ဆွဲငင်အားနှင့် ပေါင်းစပ်လိုက်သောအခါ မိစ္ဆာမျောက်ဝံဘုရင်၏ ခွန်အားမှာ ထက်ဝက်ခန့် တိုက်ရိုက်ကျဆင်းသွားရလေသည်။
ဝူယွမ်က မဟာတောင်တန်းခန္ဓာကိုယ်စွမ်းအားကို အသုံးပြုကာ လေးလံအကျဉ်းထောင်မီးတောက်တောင်ပေါ်သို့ ထပ်မံ၍ အားပါပါ နင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်ဖြင့် ဆွဲငင်အားရူန်းများကို ရေးဆွဲကာ တောင်အတွင်းသို့ ပေါင်းစပ်လိုက်၏။
“ဘုန်း...”
နီရဲနက်မှောင်နေသော တောင်ကြီးကို မိစ္ဆာမျောက်ဝံဘုရင်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ဖိချလိုက်ရာ ၎င်းမှာ တောင်ကြီးကို မနိုင်မနင်း ထိန်းထားကကာ လက်ဝါးနှစ်ဖက်ဖြင့် အားကုန်ကုန်း၍ ခုခံထားရတော့သည်။
“စီနီယာအစ်မဟွမ်ဟွမ်၊ တိုက်စစ်ကို စတင်လိုက်တော့...” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို လှမ်းပြောလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းများက ဝူယွမ်ကို အံ့သြတကြီး ကြည့်လိုက်ပြီးနောက် သွယ်လျသော လက်ချောင်းလေးများက စောင်းကြိုးများထက်တွင် ကခုန်သွားခဲ့သည်။
တောက်ပသော မြစိမ်းရောင်အသံလှိုင်းများက စောင်းထဲမှ လျှပ်စီးကဲ့သို့ တစ်ဖန် ပြန်လည်တိုးထွက်လာကာ မြစိမ်းရောင်အလင်းမြားများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သည်းထန်သော မိုးရွာသွန်းမှုကဲ့သို့ မိစ္ဆာမျောက်ဝံဘုရင်ထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
ဒင် ဒင် ဒင်...
မြစိမ်းရောင်အလင်းမြားများ အားလုံးက မိစ္ဆာမျောက်ဝံဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ အလင်းမြားများမှာ အလွန် ထက်မြက်လွန်းလှသဖြင့် မိစ္ဆာမျောက်ဝံဘုရင်၏ သန်မာသော ကာကွယ်ရေးစွမ်းအားဖြင့်ပင် စူးရှသော နာကျင်မှုကို ခံစားနေခဲ့ရ၏။
ထို့အပြင် ထိုအလင်းမြားများမှာ ပေါက်ကွဲသွားသည့်တိုင် ပျောက်ကွယ်မသွားဘဲ မြစိမ်းရောင်အရည်များအဖြစ် ပြောင်းလဲသွားကာ မိစ္ဆာမျောက်ဝံဘုရင်၏ ကိုယ်ထည်မျက်နှာပြင်တွင် ကပ်ငြိနေပြီး အတွင်းပိုင်းသို့ အဆက်မပြတ် တိုးဝင်နေကြသည်။
မြေပြင်ပေါ်တွင်လည်း ကြီးမားသော နဂါးနက်ဟိန်းသံကောင်းကင်တံဆိပ်မှာ လေကိုခွဲ၍ ထွက်ပေါ်လာကာ လေထဲတွင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး နဂါးနက်ဝိညာဉ်မှာ တံဆိပ်အတွင်းမှ ရုန်းထွက်လာကာ ၎င်း၏ ကြီးမားလှသော နဂါးလက်သည်းများဖြင့် မိစ္ဆာမျောက်ဝံဘုရင်၏ မီးကျောက်ချပ်ဝတ်ကို ပြင်းထန်စွာ ကုပ်ခြစ်လေတော့သည်။
ဤအချိန်တွင် မိစ္ဆာမျောက်ဝံဘုရင်မှာ ခုခံနိုင်စွမ်းမရှိသော ပစ်မှတ်တစ်ခုကဲ့သို့ ဖြစ်နေရရှာသည်။
ဝူယွမ်၏ ဖိအားမှာ ပြင်းထန်လွန်းလှသဖြင့် သူက လက်လွှတ်ရန် မဝံ့ရဲပေ။ အကယ်၍ သူသာ လက်လွှတ်လိုက်ပါက ထိုကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားက သူ့ကို သေအောင် ဖိသတ်ပစ်မည်မှာ သေချာလေသည်။
“ဝေါင်း...”
မိစ္ဆာမျောက်ဝံဘုရင်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဒီဘုရင်က မင်းတို့နဲ့ မပြိုင်တော့ဘူး၊ ငါ့ကို လွှတ်ပေးကြပါတော့...”
သူသည် မတတ်နိုင်သည့်အဆုံး အရှုံးပေးသည့်အနေဖြင့် အော်ဟစ်လိုက်ရချေပြီ။
“အခုမှ အသနားခံဖို့ဆိုတာ နည်းနည်းနောက်ကျမသွားဘူးလား၊ မင်းရဲ့စောစောက မာန်မာနတွေ ဘယ်ရောက်ကုန်ပြီလဲ...” ကျန်းယွဲ့က ထိုမြင်ကွင်းကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ရင်း မိစ္ဆာမျောက်ဝံဘုရင်၏ ကိုယ်ပေါ်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ငါ့ဆီမှာ အညံ့ခံစမ်း၊ ဒါဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်...”
ဝူယွမ်ကလည်း လေးလံအကျဉ်းထောင်မီးတောက်တောင်ပေါ်တွင် ရပ်လျက် အေးစက်စွာ ပြောလိုက်သည်။
သူက သူ၏ လွှမ်းမိုးနိုင်စွမ်းအားကောင်းသော ကိုယ်ဟန်၊ အရှိန်အဝါကို အသုံးပြုလိုက်ပြီး သူ၏စကားလုံးများထဲတွင် ပြင်းထန်သော အာဏာစက်နှင့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေခဲ့သည်။
အကယ်၍ မိစ္ဆာမျောက်ဝံဘုရင်သာ ဆက်လက်၍ မာနတကြီးငြင်းဆိုနေမည်ဆိုပါက သူသည် ၎င်းကို အမှုန့်ဖြစ်အောင် တိုက်ရိုက်ဖိခြေပစ်မည်သာ ဖြစ်သည်။
“ဒီဘုရင်... အညံ့ခံပါတယ်...”
မိစ္ဆာမျောက်ဝံဘုရင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
မျောက်၀ံဘုရင်မှာ တောင်အောက်တွင် ရောက်ရှိနေရသဖြင့် ခေါင်းငုံ့ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ဝူယွမ်ပေးသော ဖိအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
“ကောင်းပြီ၊ စိတ်ကိုလျှော့ထားလိုက်၊ မင်းရဲ့ဝိညာဉ်ထဲမှာ ဝိညာဉ်တံဆိပ်တစ်ခု ခတ်နှိပ်ခွင့်ပြုရမယ်...” ဝူယွမ်က မျောက်ဝံဘုရင်၏အဖြေကြောင့် ပြုံးရိပ်သန်းသွားပြီး ပြောလိုက်သည်။
ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်များ တိုးထွက်လာကာ မိစ္ဆာမျောက်ဝံဘုရင်၏ အသိစိတ်ပင်လယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။
မိစ္ဆာမျောက်ဝံဘုရင်မှာ အခြေအနေကို ကောင်းကောင်း နားလည်ထားသဖြင့် ဝူယွမ်၏ ထိန်းချုပ်မှုကို အသာတကြည် လက်ခံလိုက်သည်။
ဝူယွမ်က လေးလံအကျဉ်းထောင်မီးတောက်တောင်ကို ပြန်သိမ်းလိုက်ပြီး လေထဲမှနေ၍ မိစ္ဆာမျောက်ဝံဘုရင်ကို ငုံ့ကြည့်လိုက်၏။
“အရှင်...” မီးကျောက်မျောက်မင်းက ချက်ချင်းပင် ဝူယွမ်၏ရှေ့၌ ဒူးထောက်ကာ ရိုသေစွာ ပြောလိုက်လေသည်။
“ဒါက...”
ထိုမြင်ကွင်းကြောင့် ကျန်းယွဲ့၊ ယွမ်ဖန်းနှင့် အခြားသူများမှာ မှင်တက်သွားကြသည်။
သွေးကျောက်မြေရိုင်း၏ နာမည်ကျော် မီးပုံဆောင်ခဲ မိစ္ဆာမျောက်ဝံဘုရင်မှာ ဤဂျူနီယာညီလေး၏ လက်အောက်တွင် ဤမျှလွယ်လွယ်ကူကူ အညံ့ခံသွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ယင်းဟွမ်ဟွမ်၏ လှပသော မျက်ဝန်းများထဲတွင်လည်း အံ့သြမှုများဖြင့် ပြည့်နှက်သွားခဲ့၏။
သူမသည် ဤအမျိုးသားကို လုံးဝနားမလည်နိုင်တော့ပေ။ သူသည် သူမကို အမြဲတစေ အံ့သြမှုများသာ ပေးစွမ်းနေခဲ့သည်။
“ထတော့၊ ဒီနေ့ကစပြီး မင်းရဲ့နာမည်က ဟိုယွမ်ပဲ၊ ငါ့နောက်ကို သေချာစိတ်နှစ်ပြီး လိုက်မယ်ဆိုရင် မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိလာလိမ့်မယ်...” ဝူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
မိစ္ဆာမျောက်ဝံဘုရင်မှာမူ ဝိညာဉ်တံဆိပ် ခတ်နှိပ်ခြင်း ခံထားရသဖြင့် အခြားရွေးချယ်စရာ မရှိတော့ဘဲ နာခံရန်သာ တတ်နိုင်တော့သည်။
“ဒါကို စားလိုက်၊ မင်းရဲ့ ဒဏ်ရာတွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်...”
ဝူယွမ်က ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မိစ္ဆာမျောက်ဝံဘုရင်ထံ ပစ်ပေးလိုက်သည်။
၎င်းမှာ လက်ဖဝါးထဲကကောင်းကင်ပုလင်းဖြင့် ပြုစုပျိုးထောင်ထားသော အရည်အသွေးမြင့် ဝိညာဉ်ဆေးပင်များမှတစ်ဆင့် လင်းတုန်ကို ဖော်စပ်ခိုင်းထားသည့် ဒဏ်ရာပျောက်ဆေးပင် ဖြစ်သည်။
မိစ္ဆာမျောက်ဝံဘုရင်မှာ တွေဝေတုန့်ဆိုင်းခြင်းမရှိ ဆေးလုံးကို မျိုချလိုက်သည်။ ချက်ချင်းဆိုသလို ခန္ဓာကိုယ်အတွင်း၌ လျင်မြန်စွာ ပျံ့နှံ့သွားသော စွမ်းအင်များကို ခံစားလိုက်ရကာ သူ၏ မျက်ဝန်းများ လင်းလက်သွားပြီး ခဏချင်းအတွင်းမှာပင် အားအင်များ အပြည့်အဝ ပြန်လည်ပြည့်ဝလာတော့သည်။
“ကျေးဇူးတင်ပါတယ် အရှင်...” မီးကျောက်မျောက်မင်းက စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ကာ ကျေးဇူးတင်စကားပြောလိုက် လေသည်။
လူတိုင်းမှာ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်၏ အနီးသို့ စုရုံးရောက်ရှိလာကြသည်။
လင်းတုန် - “အခု ငါတို့ ဘာဆက်လုပ်ကြမလဲ...”
“ဒီသစ်ပင်ပေါ်က အသီးတွေ သဘာဝအတိုင်း ကြွေကျလာမယ့်အချိန်ကို စောင့်ရမယ်၊ အကယ်၍ အထဲမှာ မျိုးစေ့ တကယ်ရှိနေတယ်ဆိုရင် အဲဒီမျိုးစေ့က သူ့အလိုလို ပေါ်လာလိမ့်မယ်...” ယင်းဟွမ်ဟွမ်က ရှင်းပြလိုက်သည်။
“ငါတို့ ငါးရက်လောက်တော့ စောင့်ရဦးမယ် ထင်တယ်...” လင်းတုန်က တိုးတိုးလေး ရေရွတ်လိုက်၏။
မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်၏ အရေးပါမှုကို သိရှိသွားပြီးနောက် ဤအရာမှာ သူတို့အတွက် အန္တရာယ်တစ်ခု ဖြစ်လာတော့သည်။ တောင်ဂိုဏ်းသို့ အမြန်ဆုံး ပြန်ယူသွားနိုင်မှသာ စိတ်ချရပေမည်။
ငါးရက်မြောက်နေ့သို့ ရောက်ရှိလာသောအခါ...
မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ပေါ်မှ အသီးငါးလုံးမှာ အနည်းငယ် တုန်ခါလာခဲ့သည်။
“အသီးတွေ မှည့်တော့မယ်...” ယင်းဟွမ်ဟွမ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ချက်ချင်းပင် အနီရောင်အသီးငါးလုံးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်ပင်မှ ကွာကျလာတော့သည်။
“အရင်ဆုံး သိမ်းလိုက်ကြစို့...”
ဝူယွမ်က လက်ဝေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး အသီးငါးလုံးမှာ မြေနှင့်မထိခင် သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် သစ်ပင်၏ပင်စည်အတွင်းမှ တောက်ပသော မြစိမ်းရောင်အလင်းတန်းတစ်ခုမှာ အထက်သို့ ထိုးတက်သွားကာ ကောင်းကင်ယံအထိ တိုက်ရိုက်ရောက်ရှိသွားတော့သည်။
“မသေမျိုးအနှစ်သာရ ရှေးဟောင်းမျိုးစေ့...”
“မျိုးစေ့ တကယ်ရှိနေတာပဲ...”
လူတိုင်းမှာ အားရဝမ်းသာ ဖြစ်သွားကြသည်။
သို့သော် မျိုးစေ့မှထွက်ပေါ်လာသော စွမ်းအင် အလင်းတိုင်ကြီးက အလွန်တရာ ကြီးမားလွန်းသောကြောင့် ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်းရှိ လူများအားလုံး သတိပြုမိသွားကြလေသည်။
ထိုမြင်ကွင်းေကြာင့် ယွမ်ဖန်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “သတင်းက လျှို့ဝှက်ထားလို့ မရတော့ဘူး၊ ဝူယွမ်... မျိုးစေ့ကို အရင်သိမ်းလိုက်၊ ဒါကို ဂိုဏ်းကို အရောက်ယူသွားရမယ်...”
ဝူယွမ်က ယွမ်စွမ်းအင် လက်ဝါးကြီးတစ်ခုကို ဖန်တီးကာ အလင်းတိုင်အတွင်းသို့ နှိုက်လိုက်ပြီး အတောက်ပဆုံးသော အလင်းစက်ကို ဖမ်းဆုပ်လိုက်သည်။ သူ၏ လက်ထဲတွင် ထူးဆန်းသော ရူန်းစာသားများ ပါရှိသည့် စိမ်းပြာရောင် မျိုးစေ့လေးတစ်ခု ပေါ်ထွက်လာခဲ့၏။
“တကယ့်ကို ထူးဆန်းတဲ့ မျိုးစေ့လေးပဲ...” မျိုးစေ့ကိုကြည့်ရင်း ဝူယွမ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် လင်းတုန်က မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို အမြစ်မှ ဆွဲနှုတ်ကာ သူ၏ သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်လေသည်။
“သူတို့ ရောက်လာကြပြီ...” ဝူယွမ်က သူ၏ဝိညာဉ်စွမ်းအင်ဖြင့် တစ်ခုခုကို သတိထားမိသွားကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
လူတိုင်း၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားကြ၏။ ကောင်းကင်ယံတွင် လူတစ်စုမှာ သူတို့ကို ဝိုင်းရံထားကြလေပြီ။
“နတ်ဆိုးအမှတ်အသားအဖွဲ့... သူတို့ပဲ...” ယွမ်ဖန်းက သွားများကို တင်းတင်းစိလျက် ပြောလိုက်သည်။
ထိုအဖွဲ့၏ ခေါင်းဆောင်က ဝူယွမ်တို့ရှေ့ရောက်လာကာ ရယ်မောရင်း ပြောလိုက်လေသည်။ “ယွမ်ဖန်း၊ မသေမျိုးအနှစ်သာရ ရှေးဟောင်းမျိုးစေ့ကို အခုချက်ချင်း အပ်စမ်း၊ မင်းတို့တွေက ဒါကို ကာကွယ်နိုင်မယ့်သူတွေ မဟုတ်ဘူး...”
“စုလေ၊ နင့်လိုလူက ငါတို့တောင်ဂိုဏ်းရဲ့ ပစ္စည်းကို လောဘတက်ရဲတယ်ပေါ့လေ...” ယွမ်ဖန်းက အေးစက်စက် တုံ့ပြန်လိုက်သည်။
ယင်းဟွမ်ဟွမ်ကတော့ ဝူယွမ်၏ အနားသို့ကပ်လာကာ တိုးတိုးလေး ပြောလိုက်၏။ “အဲဒီလူက စုလေပဲ၊ မိစ္ဆာတံဆိပ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ‘မိုးကြိုးဓား’ လို့ လူသိများတယ်၊ သူက နိဗ္ဗာန်အဆင့်ရှစ် မှာရှိတယ်...”
နိဗ္ဗာန်အဆင့်ရှစ် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရတော့မည့် အခြေအနေမျိုးတွင်တောင် ဝူယွမ်၏ မျက်ဝန်းများထဲ၌ မည်သည့် ကြောက်ရွံ့မှုမျှ ရှိမနေဘဲ တည်ငြိမ်လွန်းနေခဲ့သည်။