အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း (၂၁၉) - ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲ
ကြာရွက်ထက်တွင် တည်ငြိမ်စွာ ထိုင်နေသော ထိုပုဂ္ဂိုလ်က သူတို့ရောက်ရှိလာခြင်းကို ကြိုတင်အာရုံခံမိသွားဟန်တူ၏။ မှေးစင်းထားသော မျက်ခွံများ ဖြည်းညှင်းစွာ ပွင့်လာခဲ့ပြီး မျက်ဝန်းအိမ်အတွင်း၌ နေနှင့်လတို့ ကိန်းဝပ်စံပယ်နေသကဲ့သို့ ခန့်ညားလှပေသည်။
သူသည် ယင်းဟွမ်းဟွမ်းနှင့် သူ့အစ်မဖြစ်သူတို့ကို တစ်ချက်မျှသာ ကြည့်ရှုပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့ထံသို့ အကြည့်ကို ပို့လွှတ်လိုက်သည်။ ဝူယွမ်တို့ မရောက်ရှိမီကပင် အကြီးအကဲ မုသည် သူတို့၏ စွမ်းဆောင်ချက်များကို ယင်းရွှမ်ဇီထံ အစီရင်ခံပြီးသား ဖြစ်သဖြင့် ယင်းဟွမ်းဟွမ်းက သူတို့အား ဂိုဏ်းချုပ်ထံ တိုက်ရိုက်ခေါ်ဆောင်လာခြင်း ဖြစ်ပေသည်။
ယင်းရွှမ်ဇီသည် ကြာရွက်ပေါ်မှ ထရပ်ကာ ရေပြင်ထက်ကနေ လမ်းလျှောက်လာရာ ခဏချင်းအတွင်း သူတို့ရှေ့သို့ ရောက်ရှိလာ၏။
ဝူယွမ်သည်လည်း ဤဂိုဏ်းချုပ်ကြီးအား စူးစမ်းလိုစိတ်ဖြင့် ကြည့်နေမိသည်၊၊ ဤလူသည် သူယနေ့အထိ တွေ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပေလိမ့်မည်။
ယင်းရွှမ်ဇီ၏ ရုပ်သွင်မှာ အလွန်ပင် ရိုးရှင်းလှ၏။ အခြေခံအကျဆုံး ချည်သားဖိနပ်နှင့် အဖြူရောင် ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။ ရုပ်ရည်မှာ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်သာ ရှိပုံရပြီး နွေးထွေးသော ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သော အသွင်ရှိပေသည်။
သို့သော် ဝူယွမ်၏ ခံစားချက်ထဲတွင်မူ ထိုပိတ်ဖိနပ်နှင့် ဝတ်လုံဖြူတို့နောက်ကွယ်၌ တိုင်းတာ၍မရနိုင်သော နက်နဲမှုများ ရှိနေသကဲ့သို့ပင်။
“တပည့် ဝူယွမ် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ယင်းရှောင်ရှောင်၊ ယင်းဟွမ်းဟွမ်း၊ ဝူယွမ်နှင့် လင်းတုန်တို့အားလုံး အရိုအသေပေးလိုက်ကြသည်။ အပြင်လူများ ရှိနေသည့်အတွက် ညီအစ်မနှစ်ဦးစလုံးက ဂိုဏ်းချုပ်ဟုသာ ခေါ်ဆိုကြ၏။ ၎င်းတို့၏ တကယ့်အထောက်အထားကို တပည့်အများစုမှာ မသိရှိကြချေ။
“ဒီတစ်ခေါက်မှာ မင်းတို့နှစ်ယောက်က ငါတို့ တောင်ဂိုဏ်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးခဲ့ကြတယ်”
ယင်းရွှမ်ဇီက သူတို့နှစ်ဦးကို ချီးကျူးဂုဏ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်သာ မရှိခဲ့ရင် ဟွမ်းဟွမ်းနဲ့ တခြားတိုက်ရိုက်အဓိက တပည့်နှစ်ယောက် ဒီတစ်ခေါက် ပြန်လာနိုင်ဖို့ ခဲယဉ်းလိမ့်မယ်၊ ဟွမ်းဟွမ်းကို ကယ်တင်ပေးခဲ့တဲ့အတွက်”
သူက အရင်ဆုံး စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ သွေးကျောက်မြေရိုင်း၌ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် ပေါ်ထွက်လာသည်ကို သိရချိန်တွင် ယင်းရွှမ်ဇီ ပထမဆုံး စိုးရိမ်ခဲ့သည်မှာ သစ်ပင်ရရှိရေးထက် သမီးဖြစ်သူ၏ ဘေးကင်းလုံခြုံရေးသာ ဖြစ်၏။ ယခုမူ ဝူယွင်နှင့် လင်းတုန်ကြောင့် ကြီးမားသော ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ခဲ့လေပြီ။
“ကျွန်တော်တို့ တောင်ဂိုဏ်းကို ဝင်ရောက်လာကတည်းက တောင်ဂိုဏ်းသားတွေ ဖြစ်နေပါပြီ၊ ဂိုဏ်းထဲကို ရောက်ကတည်းက ဂိုဏ်းက ကျွန်တော်တို့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့တာမို့ သစ္စာဖောက်ဖို့ဆိုတာ မတွေးဝံ့စရာပါပဲ” ဟု ဝူယွမ်က လေးနက်စွာ ပြောလိုက်သည်။
၎င်းမှာ အမှန်ပင်ဖြစ်၏။ တောင်ဂိုဏ်းက အမှန်တကယ် ကောင်းမွန်သော ဂိုဏ်းတစ်ခုဖြစ်သည်။ လေပြင်းခန်းမ၌ ဝူတောင်၊ ချန်ကျန်းနှင့် ကူမိုတို့က သူတို့ကို ကိုယ်ပိုင်တပည့်များကဲ့သို့ ကြင်နာခဲ့ကြသည်။
ထို့ပြင် ဂိုဏ်းတစ်ခုလုံး၏ လေထုမှာလည်း ကောင်းမွန်ပြီး တပည့်များမှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ကာ မနာလိုဝန်တိုမှုများ နည်းပါးလှပေသည်။
“ဒါပေမဲ့ ဒီကိစ္စကြောင့် မင်းတို့ရဲ့ စွမ်းအားတွေကို ထုတ်ဖော်ပြသလိုက်ရပြီ၊ မင်းတို့ လျှို့ဝှက်ထားတဲ့ အင်အားတွေက အခုတော့ အားလုံးရှေ့မှာ ထင်ရှားသွားခဲ့ပြီ... မင်းတို့ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်၊ ဒီလို ပေါ်တင်ဖြစ်သွားတာက အာရုံစိုက်ခံရမှုကို ဖြစ်စေမှာပဲ၊ မင်းတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာကို မကြောက်ဘူးလား”
ယင်းရွှမ်ဇီ၏ အကြည့်မှာ နက်ရှိုင်းနေခဲ့သည်။
“ဥပမာအားဖြင့်... မင်းတို့ရဲ့ ရှေးဟောင်းကျောက်တိုင်၊ ကောင်းကင်ချုပ်နှောင်ခြင်း အစီအရင်မြေပုံ၊ ချင်းကျီဆီက အမွေရထားတဲ့ မိုးပြာနဂါး အသွင်ပြောင်းခြင်း သိုင်းပညာရပ်နဲ့ ဝိညာဉ်တံဆိပ်... ပြီးတော့ ဝါးမြိုခြင်း ဘိုးဘေးအဆောင်...”
“ကောင်းကင်ချုပ်နှောင်ခြင်း အစီအရင်မြေပုံ...”
“ဝါးမျိုခြင်း ဘိုးဘေးအဆောင်...”
ယင်းရှောင်ရှောင်နှင့် ယင်းဟွမ်းဟွမ်းတို့က အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဤမျှ တန်ဖိုးကြီးလှသော ရတနာများ သူတို့ဆီ၌ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ဝူယွမ်မှာမူ ဤသည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သဖြင့် မတုန်လှုပ်သော်လည်း လင်းတုန်မှာမူ များစွာ တုန်လှုပ်သွားခဲ့သည်။
“ငါ သိချင်တာက... မင်းတို့နှစ်ယောက်ထဲမှာ ဘယ်သူက ဝါးမျိုခြင်း ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားတာလဲ၊၊ ဘာလို့ ငါက မင်းတို့နှစ်ယောက်စလုံးဆီကနေ ဝါးမျိုခြင်းစွမ်းအားရဲ့ တုန်ခါမှုလှိုင်းတွေကို ခံစားနေရတာလဲ”
ယင်းရွှမ်းဇီက ဇဝေဇဝါဖြင့် မေးလိုက်၏။ ဝူယွမ်မှာလည်း အနည်းငယ် စိုးရိမ်မိသွားသည်။ ဤမျှ အင်အားကြီးသော ပုဂ္ဂိုလ်က သူတို့ကို ယခုအချိန်၌ အလွယ်တကူ ချေမှုန်းနိုင်လေသည်။
“မင်းတို့က တကယ်ကို သတိထားတတ်ကြတာပဲ၊ မိတ်ဆွေတွေကို ကယ်တင်ဖို့အတွက် ကိုယ့်ရဲ့ အစွမ်းအစတွေကို ထုတ်ပြဝံ့တာက မင်းတို့ရဲ့ စိတ်ဓာတ်ကောင်းကို ပြတာနဲ့အတူတူပဲ...”
“စိတ်မပူပါနဲ့၊ ဘယ်သူမှ မင်းတို့ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်မှာ မဟုတ်ဘူး... ဝါးမျိုခြင်း ဘိုးဘေးအဆောင်က ငါ့ကို စိတ်လှုပ်ရှားစေတာ မှန်ပေမယ့် ဂျူနီယာတွေဆီက ပစ္စည်းလုရလောက်တဲ့အထိတော့ ငါ အောက်တန်းမကျပါဘူး”
“လောကကြီးရဲ့ နတ်ဘုရားပစ္စည်းတွေက ထိုက်တန်တဲ့သူဆီပဲ ရောက်တာမျိုးပါ... မင်းတို့ တောသခဂိုဏ်းသားတွေ ဖြစ်နေသရွေ့တော့ ဒီအဆောင် မင်းတို့ဆီမှာ ရှိနေတာက ဂိုဏ်းဆီမှာ ရှိနေတာနဲ့ ဘာကွာလို့လဲ”
ယင်းရွှမ်ဇီက ပြုံးကာ ပြောလိုက်ပြီး သူ၏ အသိအမှတ်ပြုမှုကို ဖုံးကွယ်မထားပေ။
“အခု မင်းတို့ မှတ်ထားရမှာက တစ်ခုပဲ... မင်းတို့က တောသ်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်နေသရွေ့ ဒီဂိုဏ်းက မင်းတို့ရဲ့ နောက်ခံအင်အားပဲ၊ အခု မင်းတို့မှာ တောင်ဂိုဏ်းတစ်ခုလုံး ရှိနေပြီ”
ယင်းရွှမ်ဇီ၏ စကားလုံးများသည် ဝူယွမ်နှင့် လင်းတုန်၏ နားထဲတွင် စွဲထင်သွားသည်။ ၎င်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ရင်ထဲတွင် လှိုက်လှဲစွာ ခံစားလိုက်ရ၏။ ဤဂိုဏ်းမှာ အမှန်တကယ်ပင် အားကိုးထိုက်ပေသည်။
“ဂိုဏ်းချုပ်ကတော့ တကယ်ကို ဂိုဏ်းချုပ်ပါပဲ... အခုလို ပြောပေးတော့လည်း ကျွန်တော်က တောင်ဂိုဏ်းရဲ့ ကိစ္စတွေမှာ ရှေ့ဆုံးကနေ တာဝန်ယူရတော့မှာပေါ့” ဟု ဝူယွမ်က ရယ်မောကာ ပြောလိုက်သည်။
ယင်းရွှမ်ဇီသည် ရေကန်ဘက်သို့ လှည့်ကာ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ရေပြင်မှာ နှစ်ခြမ်းကွဲသွားပြီး အလင်းတန်း အစီအရင်တစ်ခု ထွက်ပေါ်လာသည်။ ထိုအစီအရင်၏ အလယ်ဗဟို၌ နက်မှောင်နေသော ပျိုးပင်လေးတစ်ပင် ရှိနေ၏။ ၎င်းမှာ ကြယ်စင်များကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေပြီး အလွန်လှပနေခဲ့သည်။
“ဒါက မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်လား”
လေးရက်အတွင်းမှာပင် ဤမျှ ကြီးထွားလာခြင်းကို ဝူယွမ်တို့ အံ့ဩသွားကြသည်။
ထို့နောက် ဂိုဏ်းချုပ်က ဤသစ်ပင်အတွက် ဒန်မြစ်လေးစင်းမှ စွမ်းအင်များကို ထောက်ပံ့ပေးထားကြောင်း သူတို့ကို ရှင်းပြခဲ့သည်။
သို့သော် ဝူယွမ်၏ စိတ်ထဲတွင်မူ သူ၏ ရှေးဟောင်းကျောက်စာတိုင် အတွင်း၌ ရှိနေသော မီတာတစ်ရာကျော်မြင့်သည့် သစ်ပင်ကြီးကိုသာ သတိရနေမိ၏။ တောက်ဂိုဏ်း၏ အားထုတ်မှုမှာ ကြီးမားသော်လည်း သူ၏ ‘လက်ဖ၀ါးထဲကကောင်းကင်ပုလင်း’ ကိုမူ မမီနိုင်ချေ။
ထို့နောက် ယင်းဟွမ်ဟွမ်က ‘ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲ’ အကြောင်း ပြောလာသောအခါ လေထုမှာ ရုတ်ခြည်း တင်းမာသွားခဲ့သည်။
“ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲဆိုတာ အရှေ့ရွှမ်ဒေသက ဂိုဏ်းကြီးတွေ ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုပဲ... ဒါပေမဲ့ အရင်နှစ် အဲဒီပြိုင်ပွဲမှာ ငါတို့ တောင်ဂိုဏ်းက ပါရမီရှိတဲ့ တပည့်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်၊၊ အဓိက တရားခံကတော့ ယွမ်ဂိတ်ပဲ”
ထိုအကြောင်းပြောနေချိန် ယင်းဟွမ်ဟွမ်၏ အသံမှာ တုန်ရီနေခဲ့၏။ ယွမ်ဂိတ်နှင့် တောငခဂိုဏ်းမှာ ရန်သူများဖြစ်ကြပြီး ပြိုင်ပွဲအတွင်း၌ ယွမ်ဂိတ်သားများသည် တောင်ဂိုဏ်းတပည့်များကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။
ယခင်ပြိုင်ပွဲတွင် စီနီယာအစ်မတစ်ဦးသည် အခြားသူများကို ကယ်တင်ရန် ကြိုးစားရင်း အသတ်ခံခဲ့ရကြောင်း ပြောပြရင်း မျက်ရည်များပင်ဝဲလာခဲ့သည်။
“သူတို့က တကယ်ကို တိရစ္ဆာန်တွေထက် ဆိုးတယ်... ငါတို့ဘက်က အရှုံးပေးမယ် ပြောနေတာတောင် သူတို့က မရပ်ဘဲ သတ်ပစ်ကြတာ”
ဝူယွမ်နှင့် လင်းတုန်တို့သည် ထိုစကားကို ကြားသောအခါ ရင်ထဲ၌ ဒေါသများ တဟုန်းဟုန်း တောက်လောင်လာခဲ့သည်။ ဤဂိုဏ်းသားများနှင့် ရင်းနှီးမှုကို သူတို့ တန်ဖိုးထားကြက မဟုတ်ပါလား။
“ယွမ်ဂိတ်... မပူပါနဲ့ စီနီယာအစ်မ၊၊ အဲဒီ တိရစ္ဆာန်တွေကို ကျွန်တော်တို့ ပြန်တွေ့ခဲ့ရင် အရင်က အကြွေးတွေပါ တစ်ခါတည်း ဆပ်ခိုင်းလိုက်ပါ့မယ်” ဟု လင်းတုန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကတိပေးလိုက်သည်။
ယင်းရွှမ်းဇီကလည်း ကျေနပ်စွာ ပြုံးလိုက်ပြီး “မကြာခင်မှာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ပွင့်တော့မယ်၊၊ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ ‘မဟာရှေးဟောင်းကျမ်း’ ကို အောင်မြင်အောင် ကျင့်ကြံနိုင်ရင် ယွမ်ဂိတ်ကို ငါတို့ အနိုင်ယူနိုင်လိမ့်မယ်” ဟု မှာကြားလိုက်လေသည်။
ဝူယွမ်ကမူ စိတ်ထဲ၌ ကြိတ်ကာ ရည်မှန်းချက် ထားလိုက်သည်။ အကယ်၍ သူသာ တောင်ဂိုဏ်းကို သူ၏ မဟာရှေးဟောင်းဂိုဏ်း နှင့် ပေါင်းစည်းနိုင်ခဲ့လျှင်၊ မသေမျိုးအနှစ်သာရ အသီးများကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်မည်ဖြစ်ရာ ယွမ်ဂိတ်ကို ချေမှုန်းရန်မှာ လက်ဖျောက်တစ်ချက်တီးရသလောက် လွယ်ကူလာပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်တော့ သူက အချိန်ကို စောင့်ဆိုင်းနေရပေအုံးမည်။
အခန်း (၂၂၀) - အနစ်နာခံတတ်လွန်းသော ဝူယွမ်
ဝူယွမ်နှင့် လင်းတုန်တို့သည် တောင်ဂိုဏ်းအတွက် ကြီးမားသော အကျိုးဆောင်မှုများကို ပြုလုပ်ခဲ့ကြသဖြင့် ဆုလာဘ်များ ချီးမြှင့်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ယင်းရှောင်ရှောင်က သူတို့နှစ်ဦးကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းမှာလည်း ထိုရည်ရွယ်ချက်ကြောင့်ပင် ဖြစ်၏။
ယင်းရွှမ်းဇီက မိန့်ကြားလိုက်သည်။“ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်က ဆေးမြစ်လေးခုကို ချိတ်ဆက်ထားတာ၊ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို ပျိုးထောင်ဖို့ လိုအပ်ချက်မရှိရင် ဒီအစီအရင်ကို အလွယ်တကူ ဖွင့်လှစ်လေ့မရှိဘူး၊ အခုတစ်ခေါက်မှာတော့ မင်းတို့နှစ်ယောက်က ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်၊”
“ဒါကြောင့် ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင် မပိတ်သိမ်းခင်အထိ ဒီနေရာမှာ ကျင့်ကြံခွင့်ပြုမယ်၊ ဒီအစီအရင်အတွင်း တစ်ရက်ကျင့်ကြံတာက အပြင်လောကမှာ ဆယ်ရက်ထက်မက ကျင့်ကြံတာနဲ့ ညီမျှတယ်၊ မင်းတို့ဆီမှာရှိတဲ့ ဝါးမျိုခြင်းဘိုးဘေးအဆောင်နဲ့ဆိုရင် အာနိသင်က ပိုပြီးတော့တောင် ထူးကဲဦးမှာဖြစ်သလို အဆင့်တက်လှမ်းနိုင်ဖို့ အခွင့်အရေးတောင် ရှိနိုင်တယ်...”
သူသည် စကားပြောရင်း ရေကန်၏ အောက်ခြေသို့ လေ့လာဆန်းစစ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ ဝတ်ရုံလက်စွပ်ကို ခါယမ်းလိုက်သည်နှင့် အနက်ရောင် သစ်ပင်လေးမှာ ဘေးသို့ ရွေ့လျားသွားပြီး အပင်အောက်ခြေတွင် သေးငယ်သော အလင်းအစီအရင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအလင်းအစီအရင်အတွင်း၌ အလွန်တရာ ကျယ်ပြောလှသော စွမ်းအင်များ တိုးဝှေ့လှုပ်ရှားနေသယောင် ရှိ၏။
ဤမျှ ကြီးမားလှသော စွမ်းအင်ထုထည်ကြီးကို မြင်လိုက်ရသောအခါ ဝူယွမ်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်အတွင်းရှိ စွမ်းအင်များက ကမ္ဘာသစ်ပင်အောက်ရှိ ဝိညာဉ်စွမ်းအင်များထက်ပင် ပိုသိပ်သည်း ကြွယ်ဝနေသော်လည်း မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်အား ကြီးထွားနှုန်း မြန်ဆန်စေရန် အထောက်အကူပြုမှုမှာမူ လက်ဖဝါးထဲကကောင်းကင်ပုလင်းမှ ထွက်ရှိသော ဆေးရည်နှင့် ယှဉ်လျှင် များစွာ လျော့နည်းနေသေးသည်။
ဤအချက်က ဝူယွမ်အား လက်ဖဝါးထဲကကောင်းကင်ပုလင်းကို အမြင်အသစ်ဖြင့် အံ့သြတကြီး ကြည့်ရှုမိစေသည်။
ဤပစ္စည်းမှာ အလွန်ပင် ဆန်းကြယ်လှပေရာ ဝူယွမ်ကဲ့သို့သော သူပင်လျှင် ထိုပုလင်းမှ ထုတ်လုပ်ပေးသော ဆေးရည်၏ မူလအနှစ်သာရကို ခွဲခြားသိမြင်နိုင်စွမ်း မရှိချေ။
၎င်းသည် ‘မဟာတာအို’ နှင့်သာ ဆက်နွှယ်နေရမည်။ လက်ဖဝါးထဲကကောင်းကင်ပုလင်းကဲ့သို့သော နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုမှာ ‘မဟာတာအို ရတနာပုလင်း’ နှင့်ပင် ခိုင်းနှိုင်း၍ ရနိုင်ပေသည်။
“ဝင်သွားကြတော့...” ယင်းရွှမ်းဇီက လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေရင်း -
“စိတ်အေးလက်အေးနဲ့သာ ကျင့်ကြံကြ၊ ငါကိုယ်တိုင် မင်းတို့ကို စောင့်ရှောက်ပေးထားမယ်...”
ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း အားနာမနေတော့ဘဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အစီအရင်ငယ်လေးပေါ်သို့ ပျံသန်းသွားကာ တင်ပလ္လင်ခွေ ထိုင်လိုက်ကြသည်။
အစီအရင်အတွင်းသို့ ရောက်ရှိသွားသောအခါ ဝူယွမ်က ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်၏ ထူးခြားမှုကို ခံစားလိုက်ရသည်။ ထိုနေရာတွင် စွမ်းအင်လှိုင်းများမှာ အလင်းအစီအရင်ကို ဗဟိုပြု၍ အရပ်မျက်နှာ အသီးသီးမှ စွမ်းအင်များကို စုစည်းပေးနေသကဲ့သို့ ရှိလေသည်။
ယင်းရွှမ်းဇီက လက်ဟန်များ အနည်းငယ် ပြောင်းလဲလိုက်ပြီး အစီအရင်ကို စတင်လည်ပတ်လိုက်သည်။ ထိုခဏ၌ပင် ရေကန်ကြီးအတွင်း ဟိန်းဟောက်သံများ မြည်ဟည်းလာပြီး အလင်းတန်းများမှာ ပိုမိုတောက်ပလာကာ နက်နဲဆန်းကြယ်လှသော အစီအရင်ကြီးမှာ ဖြည်းညှင်းစွာ စတင်လည်ပတ်လာခဲ့သည်။
အစီအရင် လည်ပတ်လာသည်နှင့်အမျှ အားကောင်းလှသော စွမ်းအင်လှိုင်းများသည် ရေလွှမ်းမိုးသကဲ့သို့ အရပ်မျက်နှာ အသီးသီးမှ တိုးဝှေ့ဝင်ရောက်လာပြီး အလင်းအစီအရင်ကို ပြည့်နှက်သွားစေခဲ့သည်။
ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း ချက်ချင်းပင် ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။ ဤမျှ ကြွယ်ဝလှသော စွမ်းအင်များက သူတို့အတွက် အလွန်အားဖြစ်စေသော ဆေးစွမ်းကောင်းကြီးများသဖွယ်ပင်။
ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ အကြောင်းကို ယင်းရွှမ်းဇီရှေ့တွင် ထုတ်ဖော်ပြသပြီးဖြစ်သဖြင့် သူတို့က မည်သည့်စိုးရိမ်မှုမျှ မရှိဘဲ ဝါးမျိုခြင်းစွမ်းအားကို အပြည့်အဝ အသုံးပြုကာ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူကြတော့သည်။
သိပ်မကြာမီ သူတို့၏ ဦးခေါင်းထက်တွင် ဝါးမျိုခြင်း ဝဲကယက်နှစ်ခု ပေါ်ထွက်လာပြီး ထုထည်ကြီးမားလှသော စွမ်းအင်များက သူတို့အတွင်းသို့ စီးဝင်သွားလေသည်။
ဤကဲ့သို့ ပြင်းထန်လှသော ဝါးမျိုစုပ်ယူမှုအောက်တွင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များသည်လည်း တရိပ်ရိပ် တိုးတက်လာကာ အဆင့်တက်လှမ်းရန် အဆုံးအဖြတ်ပေးမည့် အခြေအနေသို့ နီးကပ်လာခဲ့သည်။
“ဒါက ဝါးမျိုခြင်းဘိုးဘေးအဆောင်ပဲ၊ စုပ်ယူတဲ့ အရှိန်အဟုန်က တကယ်ကို ကြောက်စရာကောင်းလိုက်တာ...” ယင်းရွှမ်းဇီက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
သူကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်လျှင် ဤစွမ်းအားကို မြင်တွေ့ရသောအခါ စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်နေရသည်။
“အဖေ၊ သူတို့နှစ်ယောက်လုံးမှာ အားကောင်းတဲ့ ဝါးမျိုခြင်းစွမ်းအားတွေ ရှိနေကြတာပဲ၊ ဘယ်သူ့ဆီမှာ ဝါးမျိုခြင်းဘိုးဘေးအဆောင် တစ်ကယ် ရှိနေတာလဲဟင်...” ယင်းဟွမ်ဟွမ်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“လင်းတုန်ဆီမှာ ရှိတာ၊ ငါ ဝါးမျိုခြင်းဘိုးဘေးအဆောင်ရဲ့ တည်ရှိမှုကို ခံစားနေရပြီ...” ယင်းရွှမ်းဇီက ဝူယွမ်ကိုမူ အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
“သာမန် ကြည့်မယ်ဆိုရင် သူတို့ရဲ့ ဆက်ဆံရေးမှာ လင်းတုန်က ဝူယွမ်ကို ပိုပြီး အားကိုးသလို ရှိပေမဲ့၊ ဝူယွမ်က ဝါးမျိုခြင်းဘိုးဘေးအဆောင်လို နတ်ဘုရားအဆင့် ပစ္စည်းကို လင်းတုန်ကို ပေးဖို့ တကယ်ပဲ လိုလိုလားလား ရှိခဲ့တာလား၊ ပြီးတော့ လင်းတုန်ဆီမှာရှိတဲ့ ဝိညာဉ်တံဆိပ်တွေက ဝူယွမ်ထက်တောင် ပိုများနေသလိုပဲ...” ယင်းရှောင်ရှောင်မှာ ဇဝေဇဝါ ဖြစ်နေသည်။
ဝါးမျိုခြင်းဘိုးဘေးအဆောင် ဆိုသည်မှာ သူမကိုယ်တိုင်ပင်လျှင် လိုချင်တပ်မက်မိသော အရာဖြစ်ပြီး အခြားသူအား ပေးကမ်းရန် မတွေးဝံ့ချေ၊ သို့သော် ဝူယွမ်ကမူ လင်းတုန်အား လိုလိုလားလား ပေးအပ်ထားခဲ့သည်။
“သူတို့ကြားက ဆက်ဆံရေးက အရမ်းကို ကောင်းမွန်တာပဲ၊ ယောကျ်ားနှစ်ယောက်ကြားမှာ ဒီလောက် ခိုင်မြဲတဲ့ သံယောဇဉ်မျိုး ညီမ တစ်ခါမှ မမြင်ဖူးဘူး၊ လင်းတုန်က ဝူယွမ်ကို အကြွင်းမဲ့ ယုံကြည်သလို၊ ဝူယွမ်ကလည်း လင်းတုန်ကို ဘယ်တုန်းကမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးဘူး...”
ယင်းဟွမ်ဟွမ်က သွေးကျောက်မြေရိုင်း၌ ယောင်လင်တို့နှင့် တိုက်ခိုက်စဉ်က သူတို့၏ နားလည်မှုရှိလှသော ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်အမှတ်ရရင်း ပြောလိုက်သည်။
“နတ်ဘုရားအဆင့် ပစ္စည်းတွေကို လက်ထဲမှာ ဆုပ်ကိုင်ထားမှ ပိုင်ဆိုင်တာ မဟုတ်ဘူး၊ ဝူယွမ်ဆီမှာရှိတဲ့ ဝါးမျိုခြင်းစွမ်းအားက လင်းတုန်ထက် အနည်းငယ် အားမည်းနိုင်ပေမဲ့ ပိုပြီး ပြောင်းလွယ်ပြင်လွယ် ရှိသလို ပိုပြီးတော့လည်း စင်ကြယ်တယ်...”
“လင်းတုန်ရဲ့ ဝါးမျိုခြင်းစွမ်းအားက ဘိုးဘေးအဆောင်ကနေ လာတာ၊ ဒါပေမဲ့ ဝူယွမ်ရဲ့ ဝါးမျိုခြင်းစွမ်းအားကတော့ သူကိုယ်တိုင် ကျင့်ကြံအားထုတ်ထားတာ၊ ယွမ်စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအင်တွေလိုပဲ သူ့ခန္ဓာကိုယ်ထဲမှာ တည်ရှိနေတယ်၊ ဆိုလိုတာက လင်းတုန်သာ ဘိုးဘေးအဆောင်နဲ့ ကွဲကွာသွားရင် သူဟာ ဝါးမျိုခြင်းစွမ်းအားကို ရရှိတော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဝူယွမ်ကတော့ အဲဒီကိစ္စကို စိုးရိမ်စရာ မလိုဘူး...”
“ပြီးတော့ ဝူယွမ်ရဲ့ အစွမ်းတွေ ပိုတိုးလာတဲ့ တစ်နေ့ကျရင် သူကိုယ်တိုင်က ဝါးမျိုခြင်းဘိုးဘေးအဆောင်တစ်ခု ဖြစ်လာလိမ့်မယ်...”
ယင်းရွှမ်းဇီသည် သူတို့နှစ်ဦး၏ ကွဲပြားခြားနားမှုကို အကဲခတ်မိသွားပြီး ဝူယွမ်ကို ပို၍ပင် ချီးကျူးမိသွားသည်။ ဘိုးဘေးအဆောင်၏ စွမ်းအားကို မိမိကိုယ်တိုင် ဖန်တီးကျင့်ကြံသည့် ဤနည်းလမ်းမျိုးကို သူ တစ်ခါမျှ မမြင်ဖူးသလို ကြားလည်းမကြားဖူးခဲ့ချေ။
“သူတို့နှစ်ယောက်လုံးက အဆင့်နိမ့်ပြည်ထောင်စုကနေပြီးတော့ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ရရှိခဲ့ကြတာ.. တကယ်ကို ကံကောင်းလွန်းပါတယ်၊ ဒီအဆောင်သာ မရှိရင် ဒီအဆင့်အထိ ရောက်လာဖို့ သူတို့အတွက် အရမ်း ခက်ခဲလိမ့်မယ်...” ယင်းဟွမ်ဟွမ်က သူမ၏ လက်ဖဝါးလေးများကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဝါးမျိုခြင်းဘိုးဘေးအဆောင်က ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားလက်ဆောင် ဖြစ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အခြားသူသာဆိုရင် အဆင့်နိမ့်ပြည်ထောင်စုကနေ တက်လာပြီး ပြည်ထောင်တစ်ရာတိုက်ပွဲမှာ အနိုင်ရဖို့ဆိုတာ မလွယ်ကူဘူး...” ရုတ်တရက် အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော အပြာရောင်ဝတ်ရုံဝတ် အဖိုးအိုတစ်ဦးမှာ သူတို့၏နောက်တွင် ရပ်နေလေပြီ။
“အကြီးအကဲချုပ်ကို ဂါရဝပြုပါတယ်...” ယင်းရှောင်ရှောင်နှင့် ယင်းဟွမ်ဟွမ်တို့သည် ထိုအဖိုးအိုကိုမြင်သည်နှင့် ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။
အပြာရောင်ဝတ်ရုံနှင့် အဖိုးအိုက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး “ဒီလူငယ်လေးနှစ်ယောက် ရထားတဲ့ အခွင့်အရေးတွေကတော့ တကယ်ကို မနာလိုစရာပဲ၊ မဟာရှေးဟောင်းကျောက်တိုင်၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်၊ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ... ဟင်း... ဒီလို ကံကြမ္မာမျိုးက အရင်တုန်းက ကျိုးထုံထက်တောင် သာလွန်နေဦးမယ် ထင်တယ်...” ဟု ဆိုလိုက်သည်။
ယင်းရွှမ်းဇီကလည်း ခေါင်းညိတ်လျက် “ကျွန်တော်လည်း ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်မြေပုံ သူတို့လက်ထဲကို ဘယ်လိုရောက်သွားလဲဆိုတဲ့ကိစ္စကို စဥ်းစားရခက်ေနတာ၊ ဒါကြောင့် ဝူတောင်ကို သေချာသွားမေးကြည့်ခဲ့တယ်၊ ဝူတောင် ပြောပုံအရဆိုရင် ကျန်းကျုန်းရဲ့ မူလဝိညာဉ်က အဲဒီမြေပုံကို ယူသွားခဲ့တာ ဖြစ်နိုင်တယ်၊"
“ဒါပေမဲ့ အခုတော့ အဲဒီမြေပုံက ဝူယွမ်လက်ထဲ ရောက်နေပြီ၊ အစကတော့ ကျန်းကျုန်းက ဝူယွမ်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာလားလို့ ထင်မိပေမဲ့ သေချာစောင့်ကြည့်ကြည့်တော့ ဘာလက္ခဏာမှ မတွေ့ရဘူး၊”
“အဲဒီအစား သူ့ရဲ့ ဝိညာဉ်စွမ်းအင်က သာမန် ကောင်းကင်အဆောင်သခင် အဆင့်ခုနှစ်တွေထက် ပိုပြီးတော့တောင် အားကောင်းနေသေးတယ်၊ ဒီတစ်ခေါက် ယောင်လင်ကို သတ်နိုင်ခဲ့တာကို ကြည့်ရင် ကျန်းကျုန်းရဲ့ မူလဝိညာဉ်ကိုလည်း သူကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့တာ ဖြစ်နိုင်တယ်...”
“ယွမ်စွမ်းအင်၊ ဝိညာဉ်စွမ်းအင်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု... ဘယ်နေရာမှာမှ အားနည်းချက် မရှိဘူး...”
“ဒီကောင်လေးက သူ့ကိုယ်သူ အတော်လေး ဖုံးကွယ်ထားနိုင်တာပဲ၊ ကျွန်တော်တောင် သူ့ရဲ့ အစစ်အမှန် စွမ်းအားကို အကုန်အစင် မမြင်နိုင်ဘူး...”
ယင်းရွှမ်းဇီက ဝူယွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေမိသည်။ ကျိုးထုံသည် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း သူတို့ နားလည်နိုင်သော အတိုင်းအတာအတွင်း၌သာ ရှိခဲ့သည်။
သို့သော် အဆင့်နိမ့်ပြည်ထောင်စုမှ လာသော ဝူယွမ်မှာမူ အဘယ်ကြောင့် ဤမျှ ကြီးမားသော ကံကြမ္မာများကို ပိုင်ဆိုင်ထားရသနည်း။
“သူက ပြန်လည်၀င်စားသူ တစ်ယောက်များ ဖြစ်နေမလား...” အကြီးအကဲချုပ်က ယင်းဟွမ်ဟွမ်ကို ကြည့်ရင်း သူတို့မသိအောင် ဝိညာဉ်စွမ်းအင်ဖြင့် ယင်းရွှမ်းဇီကို မေးမြန်းလိုက်သည်။
“မဖြစ်နိုင်ဘူး၊ သူ့ဆီမှာ ပြန်လည်ဝင်စားသူတွေရဲ့ လက္ခဏာမျိုး ကျွန်တော် မခံစားရဘူး...”
“ဒါပေမဲ့ အဲဒီဖြစ်နိုင်ခြေကိုတော့ လုံးဝ ပယ်ဖျက်လို့ မရသေးဘူး၊ အချို့ ပြန်လည်ဝင်စားသူတွေက သူတို့ကိုယ်သူတို့ အတော်လေး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်ကြတယ်...”
ယင်းရွှမ်းဇီက ပြန်လည်ဖြေကြားလိုက်သည်။ “ဒီအချက်ကို အလေးထားပြီး စဉ်းစားမနေပါနဲ့တော့၊ ဝူယွမ်က ကျွန်တော်တို့ တောင်ဂိုဏ်းအပေါ် ဘာအန္တရာယ်မှ မပြုပါဘူး၊ သူ့အတွက် ဒီလျှို့ဝှက်ချက်ကို ကျွန်တော်တို့က ထိန်းသိမ်းပေးထားရုံပဲ...”
ထိုအချိန်တွင် ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်အတွင်း၌ ယွမ်စွမ်းအင်များမှာ ဒီရေအလား တိုးဝှေ့လာပြီး သူတို့၏ ဝါးမျိုခြင်း ဝဲကယက်နှစ်ခုအတွင်းသို့ စီးဝင်နေကြသည်။ သူတို့၏ စုပ်ယူမှုအရှိန်မှာ ယင်းရွှမ်းဇီနှင့် အခြားသူများကိုပင် တိတ်တဆိတ် အံ့အားသင့်သွားစေခဲ့သည်။
ယင်းရွှမ်းဇီက “လောကကြီးမှာရှိတဲ့ ဘိုးဘေးအဆောင် ရှစ်ခုလုံးက အရမ်း အားကောင်လွန်းကြတယ်၊ ထိပ်တန်း ကျင့်ကြံသူကြီးတွေတောင်မှ အဆောင်တစ်ခုကိုပဲ ထိန်းချုပ်နိုင်ကြတာ၊ ဒါပေမဲ့ ဝါးမျိုခြင်းဘိုးဘေးအဆောင် ပိုင်ရှင်ကတော့ အဲဒီ ဝါးမျိုခြင်းစွမ်းအားနဲ့ အခြား ဘိုးဘေးအဆောင်ရဲ့ စွမ်းအားတွေကို သူ့ခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းနိုင်စွမ်း ရှိတယ်...” ဟု ရေရွတ်လိုက်သည်။
“ဘိုးဘေးအဆောင် ပိုင်ရှင်တွေထဲမှာ ရိုးရှင်းတဲ့သူ ဘယ်သူမှမပါဘူး၊ ဝါးမျိုခြင်းစွမ်းအားက အခြားအဆောင်တွေကို ထိန်းချုပ်နိုင်တယ်ဆိုပေမဲ့ အဲဒီ အဆောင်တွေကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူကြီးတွေဆီကနေ လုယူဖို့ဆိုတာ အတော် ခက်ခဲလိမ့်မယ်...” အပြာရောင်ဝတ်ရုံနှင့် အဖိုးအိုက ခေါင်းခါရင်း ပြောလိုက်သည်။
“မြောက်ပိုင်းရွှမ်နယ်မြေက မှောင်မိုက်ခြင်းနန်းတော်မှာ အမှောင်ဘိုးဘေးအဆောင် ရှိတယ်၊ သူတို့ဟာ အဲဒီနယ်မြေမှာ ရပ်တည်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ အဲဒီလို အင်အားစုမျိုးကို ဘယ်သူမှ မလှုပ်ခတ်နိုင်ကြဘူး...”
“ဂိုဏ်းချုပ်၊ သူတို့နှစ်ယောက် ‘မဟာရှေးဟောင်းကျမ်း’ နားလည်သဘောပေါက်နိုင်မယ်လို့ထင်လား ဘယ်လောက်အထိ ယုံကြည်မှု ရှိလဲ...”
“သူတို့နှစ်ယောက်လုံးရဲ့ ပါရမီက ကျိုးထုံထက် မနိမ့်ဘူး၊ သူတို့မှာ အခွင့်အရေး အများကြီး ရှိတယ်၊ ကျွန်တော် သူတို့ကို မျှော်လင့်ချက် အများကြီး ထားထားတယ်...” ယင်းရွှမ်းဇီက ပြောလေသည်။
အပြာရောင်ဝတ်ရုံနှင့် အဖိုးအို၏ မျက်ခုံးများမှာ စိုးရိမ်စိတ်ဖြင့် တွန့်ချိုးသွားသည်။ “ဒီလူငယ်လေးတွေ အဲ့ကျမ်းကို နားလည်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ၊ အဲဒီလိုဆိုရင်တော့ ရှောင်ရှောင်အတွက် လာမယ့် ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲမှာ ဖိအားတွေကို ကူညီပြီး မျှဝေပေးနိုင်မယ့်သူ ရှိလာမှာပါ...”
“ယွမ်ဂိတ်ဘက်မှာတော့ ထူးချွန်တဲ့ တပည့်တွေ အများကြီး ထွက်ပေါ်နေတယ်၊ အဲဒီထဲမှာ လျူဟောင်ဆိုတဲ့ တစ်ယောက်ကတော့ ‘ယွမ်ဘုရင်ငယ်’ လို့တောင် အမည်တွင်နေတယ်၊ သူဟာ ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ပြီး အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့လို့ နာမည်ကြီးနေတာ...”
“ကိုးကောင်းကင် တိုင်ချင်းနန်းတော်က လင်းချင်းကျူ ဆိုရင်လည်း နန်းတော်ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ခံထားရတယ်၊ သူကလည်း လျူဟောင်ထက် မနိမ့်ဘူး...”
ဤစကားကို ကြားသောအခါ ယင်းရှောင်ရှောင်သည် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ “ကျွန်မ ကျင့်ကြံတော့မယ်...” ဟုဆိုကော လှည့်ထွက်သွားတော့သည်။
ဂိုဏ်း၏ အစ်မကြီးဖြစ်သည့်အလျောက် သူမက အငယ်နှစ်ယောက်အပေါ်၌သာ မျှော်လင့်ချက် အကုန်ပုံချမထားနိုင်ချေ။ သူမကိုယ်တိုင်လည်း ပိုမို ကြိုးစားရပေမည်။
မည်သို့ပင်ဖြစ်စေ မိမိ၏ အစွမ်းတိုးလာခြင်းကသာ နောင်တွင် ကြုံတွေ့လာရမည့် အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် အာမခံချက် ပိုရှိပေလိမ့်မည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ့်ငါးရက် ကုန်ဆုံးသွားခဲ့သည်။ ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်အတွင်း ကျင့်ကြံနေသော ဝူယွမ်နှင့် လင်းတုန်တို့ထံမှ လှုပ်ရှားမှုများ စတင်ပေါ်ထွက်လာခဲ့သည်။
သူတို့နှစ်ဦးလုံးသည် နိဗ္ဗာန်ကပ်ဘေးကို တစ်ပြိုင်နက်တည်း ကြုံတွေ့လာရပြီး အဆင့်တက်လှမ်းတော့မည် ဖြစ်သည်။
“အဆင့်ခုနှစ် နိဗ္ဗာန်ကပ်ဘေး... ဒီနှစ်ယောက်ရဲ့ ကျင့်ကြံတဲ့ အရှိန်က တကယ်ကို ကြောက်စရာကောင်းတာပဲ...” ယင်းဟွမ်ဟွမ်၏ မျက်နှာတွင် အံ့သြမှုများ ပြည့်နှက်သွားသည်။ သူတို့ နိဗ္ဗာန်အဆင့်ခြောက်သို့ ရောက်ရှိခဲ့သည်မှာ မကြာသေးမှန်း သူမသိထားသည်။
“ဝါးမျိုခြင်းဘိုးဘေးအဆောင် ရှိနေတာကြောင့် သူတို့ရဲ့ ကျင့်ကြံနှုန်းက အဆပေါင်းများစွာ မြန်ဆန်သွားတာ ဖြစ်မယ်...” ယင်းရွှမ်းဇီကလည်း အားကျနေသည့်ဟန်ဖြင့် ၀င်ပြောလိုက်သည်။
ဝါးမျိုခြင်းဘိုးဘေးအဆောင်သာ မရှိပါက သူတို့သည် ဤနေရာတွင် တစ်နှစ်ပတ်လုံး ကျင့်ကြံနေလျှင်ပင် ဤမျှ မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ဝူယွမ်နှင့် လင်းတုန်တို့သည် နိဗ္ဗာန်ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြပြီး နိဗ္ဗာန်အဆင့် ခုနှစ်သို့ ရောက်ရှိသွားကြသည်။
“ဒါက မင်းတို့ ယောင်လင်တို့ကို သတ်ဖြတ်ခဲ့လို့ ရရှိတဲ့ ဆုကြေးငွေတွေပဲ၊ ဂိုဏ်းကနေပြီးတော့ မင်းတို့အတွက် လဲလှယ်ပေးထားတယ်...” ယင်းရွှမ်းဇီက ဝူယွမ်တို့ထွက်လာသည်နီင့် နိဗ္ဗာန်ဆေးလုံးပေါင်း ဘီလီယံနှစ်ဆယ်ခန့် ပါရှိသော သိုလှောင်အိတ်ကို ဝူယွမ်အား ပစ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...” ဝူယွမ်က ဝမ်းသာအားရ ပြောလိုက်သည်။
ဤသည်မှာ ဂိုဏ်းတစ်ခု၏ အကာအကွယ်အောက်တွင် ရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ ဆုကြေးစာရင်းကို အထူးဂိုဏ်းများက ပူးတွဲထုတ်ပြန်ထားသော်လည်း ၎င်းကို ရယူရန်မှာ ထိုဆုကြေးထုတ်ထားသော ဂိုဏ်းများသို့ သွားရောက်ရမည် ဖြစ်သည်။
ဥပမာ- ယောင်လင်သည် ယွမ်ဂိတ်၏ ဝရမ်းစာရင်းဝင် ဖြစ်သဖြင့် ဆုကြေးကို ယွမ်ဂိတ်တွင် သွားရောက်တောင်းခံရမည် ဖြစ်သည်။ ဝူယွမ်နှင့် လင်းတုန်သာ ကိုယ်တိုင်သွားလျှင် ပြန်လမ်းမရှိနိုင်ချေ။
“ယောင်လင်ကို သတ်လိုက်တာက ယွမ်ဂိတ်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ၊ ဒီဆုကြေးတွေဟာ မင်းတို့ အသက်နဲ့လဲပြီး ရယူခဲ့တာတွေဖြစ်လို့ ဂိုဏ်းအနေနဲ့က လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးရုံပါ...” ယင်းရွှမ်းဇီက ပြုံးလျက် ဆိုသည်။
“ဒါက မင်းအတွက်ပဲ၊ အခုတစ်ခေါက်မှာ မင်းလည်း အများကြီး ကူညီခဲ့တာပဲ...” ဝူယွမ်က သိုလှောင်အိတ်အတွင်းမှ နိဗ္ဗာန်ဆေးလုံး သန်းငါးရာခန့်ကို ခွဲထုတ်၍ ယင်းဟွမ်ဟွမ်အား ပေးလိုက်သည်။
“ဟွန့်... ရှင်က တော်တော်လေး သစ္စာရှိတာပဲ...” ယင်းဟွမ်ဟွမ်ကမူ ဝူယွမ်ဘယ်လောက်ပေးသည်မှန်းမသိပဲ ပြုံးရွှင်လျက် ဝူယွမ်ပေးသော အိတ်ကို လှမ်းယူလိုက်သည်။
“ဟာ... အများကြီးပါလား၊ ကျွန်မ သိပ်ပြီး ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး၊ ကျွန်မမရှိရင်တောင် ရှင်တို့ သူတို့ကို သတ်နိုင်မှာပဲ၊ နည်းနည်းပဲ ပေးပါ၊ ဒါက များလွန်းတယ်...” ယင်းဟွမ်ဟွမ် အိတ်ကိုစစ်ဆေးကြည့်လိုက်သောအခါ အံအားသင့်သွားရသည်။ ဝူယွမ်က သူမအား ဤမျှ အများကြီး ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“ညီမလေး ဟွမ်ဟွမ်၊ အားနာမနေပါနဲ့၊ မင်းရဲ့ စောင်းတီးခတ်သံတွေက တကယ်ကို ပြောင်မြောက်လှပါပေတယ်၊ ရန်သူကို ထိန်းချုပ်ပေးရုံတင်မကဘဲ ငါတို့ကိုလည်း ခွန်အားတွေ ဖြစ်စေခဲ့တယ်၊ နိဗ္ဗာန်ဆေးလုံး ငါးသန်းဆိုတာ ဘာမှ မဟုတ်ပါဘူး၊ မင်းသာ လိုအပ်မယ်ဆိုရင် ဘီလီယံပေါင်းများစွာတောင် ဒီ ဝူယွမ်က ပေးဖို့ အသင့်ပါပဲ...” ဝူယွမ်က ယင်းရွှမ်းဇီ၏ ရှေ့တွင်ပင် ယင်းဟွမ်ဟွမ်အား စနောက်လိုက်လေသည်။
“ဟဲဟဲ၊ ကောင်လေး မင်းကတော့၊ နိဗ္ဗာန်ဆေးလုံး ဘီလီယံပေါင်းများစွာ ဆိုတာ ဘယ်လောက်တောင် များလဲ သိရဲ့လား၊ ပါးစပ်ထဲ ရှိရာ လျှောက်မပြောပါနဲ့...” ယင်းရွှမ်းဇီက ဟောက်ဟန်ဖြင့် ပြောလြိက်သည်။
တောင်ဂိုဏ်းချုပ်ဖြစ်သော သူပင်လျှင် ထိုကဲ့သို့ စကားမျိုးကို မပြောဝံ့ချေ။
ယင်းဟွမ်ဟွမ်မှာမူ မျက်နှာလေး နီမြန်းသွားပြီး “ဘယ်သူက အဲဒီလောက် အများကြီး လိုချင်လို့လဲ...”
“ဒါနဲ့... ရှင်ဆီမှာ တကယ်ရော အဲဒီလောက် ရှိလို့လား၊ ပါးစပ်ကနေ အလကား လျှောက်မပြောနဲ့နော်...”
ဝူယွမ်က ရယ်မောလိုက်ပြီး ယင်းဟွမ်ဟွမ်ထံသို့ လျှို့ဝှက်အသံဖြင့် ပို့လိုက်သည်။ “ညီမလေး ဟွမ်ဟွမ်၊ ငါ့မှာ မရှိဘူးလို့ မင်း ဘယ်လို သိတာလဲ၊ မင်း ငါ့အကြောင်းကို သေသေချာချာ မသိသေးလို့ပါ၊ ငါ့မှာ မင်း စိတ်ကူးတောင် မယဉ်နိုင်တဲ့ ရတနာတွေ အများကြီး ရှိတယ်”
“မင်း ငါ့အကြောင်းကို ပိုသိလာတဲ့ တစ်နေ့ကျရင် သိလာလိမ့်မယ်၊ ဆေးလုံး ဘီလီယံပေါင်းများစွာ မကဘူး၊ ထရီလီယံပေါင်းများစွာတောင် ငါ ပိုင်ဆိုင်နိုင်တယ်၊ ညီမလေး... မင်း အားတဲ့အခါကျရင် ငါတို့ ပိုပြီးတော့ ရင်းနှီးအောင် လုပ်ကြတာပေါ့... ဟဲဟဲ…”
“ရှင်...” ယင်းဟွမ်ဟွမ်က အံ့သြတကြီးဖြင့် ဝူယွမ်ကို ကြည့်လိုက်သည်။ သူမ ဖခင်ဖြစ်သူ ရှေ့တွင်ပင် သူက ဤကဲ့သို့သော စကားများကို သူမအား လျှို့ဝှက်ပြောဝံ့လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ဝူယွမ်၏ စကားများမှာ ကြွားဝါလွန်းနေသယောင် ရှိသော်လည်း သူက လိမ်ညာနေခြင်း မဟုတ်ချေ။ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်သာ အသီးသီးလာပါက ၎င်းမှာ တန်ဖိုး မဖြတ်နိုင်လောက်အောင် ဖြစ်လာပေလိမ့်မည်။
သူသည် ယင်းဟွမ်ဟွမ်ကို စနောက်နေရခြင်းမှာ ပျော်ရွှင်စရာ ကောင်းရုံကြောင့်သာမက နောင်တွင် တောင်ဂိုဏ်းအား ‘မဟာရှေးဟောင်းဂိုဏ်း’ အတွင်းသို့ ပေါင်းစည်းနိုင်ရန်အတွက် ခြေလှမ်းစတင်နေခြင်းလည်း ဖြစ်သည်။ ယင်းရွှမ်းဇီတွင် သမီးနှစ်ဦးသာ ရှိသဖြင့် ဂိုဏ်း၏ အနာဂတ်မှာ သမက်ဖြစ်သူထံသို့သာ ရောက်ရှိသွားမည် မဟုတ်ပါလား။
ထို့အပြင် နောင်တွင် ကျရောက်လာမည့် ‘ကမ္ဘာခြားနတ်ဆိုး’ ဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်ရန်အတွက် သူက အင်အားကြီးမားသော စစ်တပ်တစ်ခုကို တည်ဆောက်ရန် လိုအပ်သည်။ ထိုအခါ တောင်ဂိုဏ်း၏ အင်အားမှာ သူ၏ ရည်မှန်းချက်အတွက် အလွန် အရေးပါလာပေလိမ့်မည်။
ကမ္ဘာကြီးကို ကယ်တင်ရန်အတွက် သူကိုယ့်သူ အနည်းငယ် စတေးရပေမည်။ သူသည် မိမိကိုယ်ကို လူတော်လူကောင်းဟု မသတ်မှတ်ထားသော်လည်း ကမ္ဘာကြီးကို ကယ်တင်ခြင်းမှာ ရှောင်လွှဲ၍ မရသော တာဝန်တစ်ခု ဖြစ်နေလေသည်။
(ဒီလိုမျိုးစတေးတာကတော့ ကျွန်တော်အစား၀င်စတေးပေးလို့ရပါတယ်၊ အရမ်းအနစ်နာခံတက်သောMCဝူယွမ်လေး🤌)
ဝူယွမ်က သူ့ဘေးရှိ လင်းတုန်ကို ကြည့်လိုက်သည်။ ကံကြမ္မာ ဆိုသည်မှာ ကိုယ်တိုင် တိုက်ယူရမည့် အရာသာ ဖြစ်သည်။
ယခုအခါ လင်းတုန်သည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေပြီး နှလုံးသားထဲတွင် မည်သည့် အမျိုးသမီးကိုမျှ နေရာမပေးထားချေ။ ထို့ကြောင့်လည်း သူက ဝူယွမ်၏ ခြေလှမ်းများကို လိုက်မီနေခြင်း ဖြစ်သည်။
လင်းတုန်၏ ဘဝလမ်းကြောင်းမှာ အနည်းငယ် ပြောင်းလဲနေပြီ ဖြစ်သည်။ သူ သွားသင့်သော်လည်း မသွားဖြစ်ခဲ့သော လမ်းများကို ဝူယွမ်က ရှေ့ဆောင်လမ်းပြ ကူညီပေးရတော့မည်။
ဤသည်မှာ ဝူယွမ်က သူ့အတွက် ကိုယ်တိုင် ဖန်တီးယူနေသော ကံကြမ္မာပင် ဖြစ်တော့သည်။ သူက ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ အရင်က ဇာတ်လမ်းဖတ်ရင်း မလုပ်နိုင်ခဲ့သော အရာများကို အစွမ်းကုန် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားတော့သည်။