အခန်း (၃၁၆၁-၃၁၆၅)
Vol. 138 Ch. 3161-3165
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၆၁)
ဘာသာပြန်သူ_တိမ်တိုက်
စွန့်ပစ်ကုန်းမြေသည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော အင်အားစုနှစ်ခုအနက်မှ တစ်ခုဖြစ်ပေသည်။ ထိုနေရာသည် လူဆိုးလူရမ်းကားများဖြင့် ပြည့်နေသော အန္တရာယ်များသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စွန့်ပစ်ကုန်းမြေကဲ့သို့သော နာမည်ဆိုးဖြင့်ကျော်ကြားသော အခြားသောအင်အားစုတစ်ခုမှာတော့ ကြယ်တာရာအက်ကြောင်းဖြစ်ပေသည်။ ကြယ်စီရင်စုကြီးထဲရှိ ကိုးဆယ်ရာခိုင်နှုန်းသော ကြယ်တာရာပင်လယ်ဓါးပြများနှင့် လူဆိုးလူရမ်းကားတို့မှာ ထိုအင်အားစုနှစ်ခုတွင် စုဝေးနေကြခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ထိုအင်အားစုနှစ်ခုတွင် ရှိနေကြသည့်လူတိုင်းသည် ရက်စက်ကြမ်းကြုတ်သွေးဆာသည့် စိတ်နေစရိုက်များကို ပိုင်ဆိုင်ထားကြလေ၏။
ကြယ်စီရင်စုကြီးထဲရှိ ထိပ်တန်းအင်အားစုသုံးခုသည် ထိုအင်အားစုနှစ်ခုနှင့် နှစ်ပေါင်း ထောင်နှင့်ချီတိုင်အောင် စစ်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ အင်အားစုသုံးခု အတူပူးပေါင်း၍ ထိုအင်အားစုနှစ်ခုကို ဖျက်ဆီးရန်ပင် ကြိုးစားခဲ့သေးသည်။ သို့သော်ငြား စွန့်ပစ်ကုန်းမြေနှင့် ကြယ်တာရာအက်ကြောင်းတို့၏ ဌာနချုပ်များသည် ခုခံရလွယ်ကူပြီး ကျူးကျော်ရခက်ခဲသည့် နေရာများတွင် ရှိနေကြသလို ထိုအင်အားစုနှစ်ခုကို အားကောင်းလှသော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် အစီအရင်များမှ ကာကွယ်ပေးထားသည့်အတွက်ကြောင့်လည်း အင်အားစုသုံးခု၏ အတူပူးပေါင်းမှုမှာ အချည်းအနှီးသာ ဖြစ်ခဲ့ရပြီး အကျအဆုံးပေါင်းများစွာနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရလေသည်။
စွန့်ပစ်ကုန်းမြေသည် တကယ်တော့ ကုန်းမြေကြီးတစ်ခုမဟုတ်။ ထို့အစား အာကာသမုန်တိုင်းများ၊ ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်များမှ ဝန်းရံထားသော အလွန်ကိုမှ ပရမ်းပတာဖြစ်နေသည့် အစိတ်အပိုင်းကြီးတစ်ခုဖြစ်သည်။ ထိုအထဲသို့ မည်ကဲ့သို့ဝင်ရမလဲ မည်ကဲ့သို့ ပြန်ထွက်ရမလဲ ဆိုသည့် နည်းလမ်းကိုသာ သိမထားပါက တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူတစ်ဦးသည်ပင် ထိုနေရာ၌ လမ်းပျောက်သွားခဲ့လျှင် အသက်အန္တရာယ် ရှိနိုင်ပေသည်။
ပရမ်းပတာဖြစ်နေသည့် ထိုနယ်ပယ်ကြီး၏ အလယ်ဗဟိုတွင်တော့ ဧရာမဂြိုလ်သိမ်ဂြိုလ်မွှားကြီးများ ရှိနေကြပေသည်။ ထိုဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုချင်းစီတိုင်းသည် အလွန်တရာကိုမှ ကြီးမားလွန်းလှသည်။ ယခင်မျိုးဆက် ကြယ်တာရာပင်လယ်ဓါးပြများသည် ထိုဂြိုလ်သိမ်ဂြိုလ်မွှားများပေါ်တွင် အိမ်ရာများ ဆောက်လုပ်ကာ အခြေချနေထိုင်ခဲ့ကြသည်။ ထို့နောက် တဖြည်းဖြည်းနှင့် မျိုးဆက်ပြန့်ပွားလာခဲ့လေရာ ပိုမိုများသော ကြယ်တာရာပင်လယ်ဓါးပြများသည် ဤနေရာတွင် စတင်၍ အခြေချနေထိုင်လာကြတော့လေသည်။ ထိုသို့ဖြင့် စွန့်ပစ်ကုန်းမြေ ဖြစ်ပေါ်လာရခြင်း ဖြစ်လေ၏။
စွန့်ပစ်ကုန်းမြေသည် တစ်စုတစ်စည်းတည်း တည်ရှိနေသော အင်အားစုတစ်ခုမဟုတ်။ ထို့အစား အမျိုးမျိုးသော အဖွဲ့အစည်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် အင်အားစုတစ်ခု ဖြစ်ပေသည်။ စွန့်ပစ်ကုန်းမြေထဲရှိ ပင်လယ်ဓါးပြအဖွဲ့အစည်းများကြား သွေးကြယ်တာရာပင်လယ်ဓါးပြများသည် အားအကောင်းဆုံး ဖြစ်ကြပေသည်။ အကြောင်းမှာ ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်သော ကျန်းရွှယ့်စုန်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့် အတွက်ကြောင့်ပင်။
ကျန်းရွှယ့်စုန်သည် ကျင့်ကြံလာခဲ့သည်မှာ နှစ်ပေါင်း ထောင့်ငါးရာကျော်မက ရှိနေခဲ့လေပြီ။ ယခင်က ကျန်းရွှယ့်စုန်သည် ဓါးအဖွဲ့အစည်း၏ တပည့်တစ်ဦး ဖြစ်ခဲ့သည်ဟု ကောလဟာလများ ရှိကြသည်။ ကျန်းရွှယ့်စုန်သည် ဓါးအဖွဲ့အစည်း၏ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပြီး ဓါးအဖွဲ့အစည်း၏ အထက်အရာရှိများမှာလည်း ကျန်းရွှယ့်စုန်အပေါ် မျှော်လင့်ချက်ထားကာ သူ့အား သေသေချာချာကို ပျိုးထောင်ပေးခဲ့ပေသည်။ သို့သော်ငြား အကြောင်းအရင်းအချို့ကြောင့် ကျန်းရွှယ့်စုန်သည် သူ့ဆရာနှင့် သူ့အပေါင်းအပါများကို သတ်ဖြတ်၍ စွန့်ပစ်ကုန်းမြေဆီသို့ ထွက်ပြေးလာခဲ့သည်။ နှစ်ရာပေါင်းများစွာ ကြာပြီးသည့်နောက်တွင် စွန့်ပစ်ကုန်းမြေထဲ သွေးကြယ်တာရာပင်လယ်ဓါးပြများ ဖြစ်ပေါ်လာကြတော့လေ၏။
ကျန်းရွှယ့်စုန်၏ဆံပင်များမှာ မီးခိုရောင်သန်းနေပြီး သူ့ကြည့်ရသည်မှာ သေခါနီးလူတစ်ဦးနှင့်ပင် တူနေပေသေးသည်။ တန်ခိုးရှင်ဘုရင်တတိယအဆင်သို့ ရောက်နေသည့် လူတစ်ဦးအဖို့ ယခုကဲ့သို့ပုံစံမျိုးရှိသည်မှာ အတော်လေးကိုမှ ထူးဆန်းလှသည်။ ထိုသို့ပင်ဖြစ်နေသည့်တိုင် ကျန်းရွှယ့်စုန်၏ခန္ဓာကိုယ်မှာတော့ ဓါးတစ်ချောင်းပမာ ဖြောင့်စင်းနေခဲ့လေသည်။ ဓါးအဖွဲ့အစည်းတွင်ရှိစဉ်က အချိန်အခါများသည် လက်ရှိအသက်အရွယ်သို့ ရောက်နေသည့် ကျန်းရွှယ့်စုန်အပေါ် လွှမ်းမိုးမှုရှိနေသေးသည့်ပုံပင်။
ကျန်းရွှယ့်စုန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်လူမှာတော့ အသက်ကြီးကြီးလူအိုကြီးတစ်ဦး ဖြစ်ပေသည်။ ထိုလူအိုကြီးသည် အလွန်တရာကိုမှ စိတ်မသက်မသာ ဖြစ်စရာကောင်းလှသော သွေးချီများကို ထုတ်လွှတ်နေလေ၏။ နှစ်ဦးသားမှာ အသက်အတူတူလောက်သာ ဖြစ်ကြပါသော်ငြား သေချာအနီးကပ်ကြည့်ကြည့်လိုက်မည်ဆိုလျှင် လူအိုကြီး၏ခန္ဓာကိုယ်သည် ကျန်းရွှယ့်စုန်၏ခန္ဓာကိုယ်ထက် ပိုမိုအားကောင်းသော အသက်ဓာတ်များကို ထုတ်လွှတ်နေကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။ ထို့အပြင် လူအိုကြီးဆီမှ ဖြာထွက်နေသည့် သွေးချီများသည် အလွန်တရာကိုမှ ရက်စက်ကြမ်းကြုတ်လှကာ ထူးဆန်းလွန်းလှပေ၏။
“ဒီတော့ မင်း ဘာတွေသိလာလဲ…” လူအိုကြီးသည် သောက်လက်စရေနွေးကြမ်းခွက်ကို ချ၍ မေးလိုက်လေသည်။
ကျန်းရွှယ့်စုန်မှာ စွန့်ပစ်ကုန်းမြေ၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် မည်သူမျှ သူ့အား ယခုကဲ့သို့ မပြောရဲခဲ့ဖူးကြချေ။ လူအိုကြီးမှာ ကျန်းရွှယ့်စုန်အား မေးခွန်းမေးလိုက်သည့်ပုံစံ ပေါက်နေပါသော်ငြား တကယ့်တကယ်တွင်တော့ သူ့လေသံသည် အထက်အရာရှိမှ လက်အောက်ငယ်သားတစ်ဦးကို မေးလိုက်သည့် လေသံမျိုး ဖြစ်ပေသည်။
လူအိုကြီးကိုယ်တိုင်မှာလည်း တန်ခိုးရှင်ဘုရင်တတိယအဆင့်ဖြစ်ကာ သူ့ကျင့်ကြံခြင်းသည် ကျန်းရွှယ့်စုန်အောက် နိမ့်ကျခြင်းမရှိပေ။ ထို့အပြင် သူဝတ်ထားသည့် အဝတ်အစားကို ကြည့်ရသလောက် လူအိုကြီးသည် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ မရဏဂိုဏ်းမှ လာမှန်း သိသာလှပေသည်။ ဤလူအိုကြီးမှာ အခြားမဟုတ်။ မရဏဂိုဏ်း၏ အခြားသော ဒုခေါင်းဆောင်နှစ်ဦးအနက်မှ တစ်ဦးဖြစ်ပေသည်။ ကျန်းရွှယ့်စုန်မှာတော့ ဤလူအိုကြီး၏နာမည်အရင်းကို မသိဘဲ ဤလူအိုကြီးသည် သူ့ကိုယ်သူ သိမ်းငှက်အိုကြီးဟုသာ ခေါ်ကြောင်း သိထားပေသည်။
ဓါးသမားများသည် စိတ်ဓာတ်ပြတ်သားရန် လိုပေသည်။ ရန်သူများနှင့်တွေ့ရာတွင် အညံ့ခံရမည့်အစား မားမားမတ်မတ်နှင့် ရင်ဆိုင်လေ့ရှိကြသည်မှာ ဓါးသမားများ၏သဘာဝ ဖြစ်သည်။ ကျန်းရွှယ့်စုန်ကဲ့သို့ ပါရမီရှင်ဓါးသမားတစ်ဦဂသာ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ တစ်ယောက်ယောက်သည်သာ သူ့အား ယခုကဲ့သို့ မလေးမစား လာပြောနေမည်ဆိုပါက ချက်ချင်း သူ့ဓါးကိုထုတ်ကာ ခုတ်ကျပစ်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် ဤသိမ်းငှက်အိုကြီးဟု ခေါ်သော လူအိုကြီးကို အနိုင်ယူနိုင်လိမ့်မည်ဟု ကျန်းရွှယ့်စုန် မျှော်လင့်ချက်မရှိပေ။ ထို့အပြင် သိမ်းငှက်အိုကြီး၏ ဆက်ဆံပုံနှင့်ပတ်သက်၍ ကျန်းရွှယ့်စုန်မှာ မကျေမနပ် ဖြစ်နေမည်ဆိုလျှင်ပင် သိမ်းငှက်အိုကြီးကို သွားရန်စ၍တော့ မဖြစ်။ လွန်ခဲ့သည့်နှစ်များအတွင်း မရဏဂိုဏ်း မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ကျန်းရွှယ့်စုန် မြင်တွေ့ခဲ့ရသည်။ သူသည်သာ မရဏဂိုဏ်းနှင့် သွားပြဿနာဖြစ်မည်ဆိုပါက စွန့်ပစ်ကုန်းမြေတစ်ခုလုံး ပျက်စီးသွားရပေလိမ့်မည်။
လူအိုကြီး၏အမေးကို ကြားသော် ကျန်းရွှယ့်စုန်က ပြန်ပြောလိုက်လေသည်။ “ဘာမှတော့ မသိရသေးဘူး… ခင်ဗျားတို့ကြယ်စီရင်စုကလူတွေ သေသွားတဲ့နှုန်းက အရမ်း မြန်နေတော့ ဘာမှ မသိလိုက်ရဘူး…”
သိမ်းငှက်အိုကြီးက ပြန်ပြောလိုက်သည်။ “မသိရတာတော့ မဖြစ်နိုင်ဘူး… သဲလွန်စတစ်ခုခုကတော့ ရှိမှာပဲ… ဟုတ်တယ်မလား…”
လွန်ခဲ့သည့်လများအတွင်း တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ အကျအဆုံးပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျူးကျော်ဖို့ရာ စေလွှတ်ထားသော သူတို့၏လူအင်အား တစ်ဝက်ကျော်လောက်မှာ ပျောက်ဆုံးသွားခဲ့ရသည်။ ထို့အပြင် သိမ်းပိုက်ထားသောကြယ်များနှင့်လည်း အဆက်အသွယ်ပြတ်ကုန်ကြရလေသည်။
သိမ်းငှက်အိုကြီးမှာ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ အခြားသောအင်အားစုများမှ ကျင့်ကြံသူများ သေသေရှင်ရှင်ကို ဂရုမစိုက်ပါသော်ငြား မရဏဂိုဏ်းမှ ကျင့်ကြံသူများကိုတော့ ဂရုစိုက်ရပေလိမ့်မည်။
သိမ်းငှက်အိုကြီးအား ထိတ်လန့်ကြောက်ရွံ့သွားစေသည့်အချက်မှာ ထုန်းရွှမ်လောကကြီးနှင့်လည်း အဆက်အသွယ် ပြတ်တောက်သွားရသည့်အချက်ပင်။ ထိုနေရာတွင် သူ့ကဲ့သို့ပင် မရဏဂိုဏ်း၏ ဒုဂိုဏ်းချုပ်တစ်ဦး ရှိနေပေသည်။ ထိုလူ၏ကျင့်ကြံခြင်းသည် သိမ်းငှက်အိုကြီးနှင့် အတူတူဖြစ်ကာ ထိုလူနှင့်အတူ အခြားသော တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူလေးဦးလည်း ရှိနေပေသေးသည်။ ထိုကဲ့သို့သောလူအင်အားစုကို ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ မည်သူကများ ပြန်လည် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါမည်နည်း။ ထိုလူအားလုံးကို ရှင်းပစ်ဖို့ရာဆိုလျှင်တော့ ဝေလာဝေးပင်။
(မတော်တဆတစ်ခုခု ဖြစ်ပြီးတော့ ဆက်သွယ်ရေးပြတ်တောက်သွားတာများ ဖြစ်မလား…)
ထိုသို့ပင် တွေးနေလင့်ကစား သူတွေးနေသည်ကိုပင် သိမ်းငှက်အိုကြီးမှာ မယုံကြည်ရဲပေ။ သူ့စိတ်ထဲ ထိုနေရာ၌ တစ်ခုခုဖြစ်သွားပြီး ထိုလူများ သေသွားပြီဟုသာ ခံစားနေမိလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျန်းရွှယ့်စုန်အား အခြေအနေကို တစ်ချက်သွားစစ်ဆေးကြည့်ရန် စေခိုင်းလိုက်ခြင်း ဖြစ်လေသည်။ သို့သော်ငြား သူပြန်ရလိုက်သည့်အဖြေမှာ ကျေနပ်စရာရှိမနေခဲ့ပေ။
“တကယ်ကို ဘာသဲလွန်စမှမရှိတာ… ခင်ဗျားမယုံဘူးဆိုရင် ခင်ဗျားလူတွေကိုလွှတ်ပြီးတော့ စစ်ဆေးကြည့်လိုက် သိမ်းငှက်အိုကြီး…” ကျန်းရွှယ့်စုန်သည် နှိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းလည်းမရှိသည့်ပုံစံမျိုးဖြင့် ပြန်ပြောလိုက်လေသည်။
တစ်စပြင်ကန္တာရကြယ်စီရင်စုလက်အောက်သို့ အပြီးတိုင်ခိုဝင်သွားသော ကြယ်တာရာအက်ကြောင်းနှင့် မတူသည်မှာ ကျန်းရွှယ့်စုန်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုနှင့် ပူးပေါင်းရန်သာ ရွေးချယ်ထားခြင်း ဖြစ်လေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး ဓါးအဖွဲ့အစည်းကို ဖျက်ဆီးကာ လက်စားပြန်ချေခဲ့သည်။ နောက်ဆုံးရလဒ်ကိုကြည့်ရသလောက် သူတို့၏ပူးပေါင်းမှုမှာ အမှန်တကယ်ကို အလုပ်ဖြစ်ခဲ့ပေသည်။
ဓါးအဖွဲ့အစည်း ဖျက်ဆီးခံလိုက်ရပြီး ၎င်းတို့ပိုင်ဆိုင်ထားသော ကျင့်ကြံရေးကြယ်များမှာလည်း တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ဓါးအဖွဲ့အစည်းမှာ လုံးဝကို ပြိုလဲသွားရတော့လေသည်။ ဓါးအဖွဲ့အစည်း၏ ခေါင်းဆောင်များအနက် ဓါးအဖွဲ့အစည်း၏ သခင်လေးဖြစ်သူသာ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ပြီး ထုန်းရွှမ်လောကကြီးတွင် သွားရောက်ခိုလှုံနေရသည်။ မည်သို့ပင်ဖြစ်လင့်ကစား ထုန်းရွှမ်လောကကြီးသည်လည်း ကျဉ်းထဲကြပ်ထဲသို့ ရောက်နေလေရာ မရဏဂိုဏ်း၏အစီအစဉ်များသည်သာ အောင်မြင်သွားခဲ့မည်ဆိုလျှင် ဓါးအဖွဲ့အစည်း၏သခင်လေးလည်း ပြေးစရာမြေ ရှိတော့လိမ့်မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ကျန်းရွှယ့်စုန်မှာ လက်စားပြန်ချေနိုင်ခဲ့ပြီ ဖြစ်သည့်တိုင် ပျော်ရွှင်နေခြင်းတော့ မရှိပေ။ မရဏဂိုဏ်း၏ခွန်အားကို သူ အကြီးအကျယ် အထင်သေးမိသွားခဲ့သည်။ လက်ရှိအချိန်တွင် သူသည် စွန့်ပစ်ကုန်းမြေ၏ခေါင်းဆောင် ဖြစ်နေသေးပါသော်ငြား စွန့်ပစ်ကုန်းမြေသည် ယေဘုယျအားဖြင့် မရဏဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ကျန်းရွှယ့်စုန်သည် နာမည်သက်သက်သာ ရှိတော့သော ခေါင်းဆောင်တစ်ဦးသာ ဖြစ်တော့သည်။
(မရဏဂိုဏ်းသာ ငါ့ကို ရှင်းပစ်မယ်ဆိုရင် ငါ ဘယ်လိုမှလွတ်နိုင်မှာမဟုတ်ဘူး…)
လုံးဝကို အညံ့မခံသည့် လူစားမျိုးနှင့် သွားရင်ဆိုင်နေ၍ ဘာအကျိုးမှရှိလိမ့်မည် မဟုတ်သည့်အတွက်ကြောင့်သာ မရဏဂိုဏ်းမှာ ကျန်းရွှယ့်စုန်အပေါ် သည်းခံနေခြင်း ဖြစ်လေသည်။ အကြောင်းမှာ ကျန်းရွှယ့်စုန်အား ရှင်းပစ်လိုက်မည်ဆိုလျှင် စွန့်ပစ်ကုန်းမြေထဲ အတွင်းရေးပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည့် အတွက်ကြောင့်ပင်။ ထိုသို့ပင်ဖြစ်လင့်ကစား စွန့်ပစ်ကုန်းမြေနှင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကြား ပူးပေါင်းမှုသည် စကားသက်သက်သာ ရှိတော့သည်။ ကျန်းရွှယ့်စုန်အား မဟာမိတ်အဖြစ် ခေါ်ယူခဲ့ရသည့် သူတို့၏ရည်ရွယ်ချက်မှာ ပြီးမြောက်သွားပြီဖြစ်သည့်အတွက်ကြောင့် သူ့အား အလိုမရှိတော့ပေ။ ကျန်းရွှယ့်စုန်သည်လည်း သူတို့၏လက်အောက်ငယ်သား မလုပ်လို။ ထိုအကြောင်းကြောင့် ဟုန်းလော့ကြယ်စီရင်စုကြီးကိုသာ သိမ်းပိုက်ပြီးသွားခဲ့မည်ဆိုလျှင် မရဏဂိုဏ်းအား ကျန်းရွှယ့်စုန်အား ရှင်းပစ်ရန် ကြိုးစားလာပေလိမ့်မည်။
သိမ်းငှက်အိုကြီး ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ သို့သော်ငြား သူ့ဆီမှဖြာထွက်နေသော မှုန်ထိုင်းထိုင်းအရှိန်အဝါနှင့် မတူညီသည်မှာ လူအိုကြီး၏အပြုံးသည် ခြောက်ခြားဖွယ်ရာ ကောင်းနေခဲ့လေသည်။ “ခေါင်းဆောင်ကျန်းပြောတာကို ငါ ယုံတယ်… ဒါပေမယ့် အခုတလောဖြစ်သွားတာတွေက တော်တော်လေးကို မယုံကြည်နိုင်စရာ ကောင်းနေလွန်းလို့… မင်းက ဒေသခံဆိုတော့ အဲ့လိုမျိုးလုပ်နိုင်လောက်တဲ့ လူတစ်ဦးဦးကို သိရင်သိမှာပေါ့… ဟုတ်တယ်မလား…”
ကျန်းရွှယ့်စုန် မျက်ခုံးပင့်သွားခဲ့ပြီး အံ့အားသင့်နေဟန်ဖြင့် “အဆက်အသွယ်ပြတ်သွားတဲ့လူတွေအကုန်လုံး ဒုက္ခရောက်သွားတာလို့ ပြောချင်နေတာလား သိမ်းငှက်အိုကြီး…”
သိမ်းငှက်အိုကြီးက သက်ပြင်းချလျက် “အဲ့လိုမပြောချင်ပေမယ့်လည်း အဲ့ဒါကလွဲပြီးတော့ အခြားစဉ်းစားစရာ ရှိသေးလို့လား…”
တစ်နေရာ နှစ်နေရာလောက်ဖြင့်် အဆက်အသွယ်ပြတ်သွားခဲ့လျှင် ကိစ္စမရှိ။ ဆက်သွယ်ရေးချို့ယွင်းမှုကြောင့်ဟု မှတ်ယူနိုင်ပေသည်။ သို့သော်ငြား လက်ရှိပြဿနာမှာ နေရာပေါင်းများစွာနှင့် ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ရခြင်း ဖြစ်လေသည်။
သိမ်းငှက်အိုကြီး ဝန်မခံလိုလျှင်ပင် ဟုန်းလော့ကြယ်စီရင်စုကြီးထဲမှ မွန်းစတားအိုကြီးတစ်ကောင်ကောင် တံခါးပိတ်ကျင့်စဉ်ဝင်ရာမှ ထွက်လာပြီး တစ်စပြင်ကန္တာရကြယ်စီရင်စုနှင့် မရဏဂိုဏ်းမှ ကျင့်ကြံသူများကို လိုက်လံရှင်းပစ်နေခြင်း ဖြစ်သည်ဟု ယုံကြည်မိနေလေပြီ။
ထိုစကားကြောင့် ကျန်းရွှယ့်စုန် အံ့အားသင့်သွားတော့လေသည်။ (သိမ်းငှက်အိုကြီးတောင် ဒီလိုပြောလာတာဆိုတော့ တကယ်ဖြစ်နေလို့များလား…)
ကျန်းရွှယ့်စုန်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေသည်။ “အရင်တုန်းက ဒီကြယ်စီရင်စုကြီးထဲမှာ အားအကောင်းဆုံးပညာရှင်လို့ မှတ်ယူထားတဲ့လူတစ်ဦး ရှိတယ်… သူ့ခွန်အားကလည်း တကယ်ကို ကြောက်စရာပဲ…”
“ဘယ်သူလဲ…”
“ဝူတောက်ပဲ…”
ဝူတောက်ဟူသော နာမည်ကို ဟုန်းလော့ကြယ်စီရင်စုကြီးထဲ၌ မသိသည့်လူ ရှိမည်လား။ ဝူတောက်သည် ကျန်းရွှယ့်စုန်မမွေးခင်ကတည်းက တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်နေခြင်း ဖြစ်လေသည်။ နှစ်သက်တမ်းကြာလာသည့်အလျောက် ဝူတောက်၏ခွန်အားမှာ တဖြည်းဖြည်းနှင့် ပိုမိုမြင့်မားလာခဲ့ရသည်။ ထိုအကြောင်းကြောင့် သူသည်သာ ထိုတိုက်ခိုက်မှုများကို ဦးဆောင်နေမည်ဆိုပါက ယုတ္တိမတန်သည်တော့ မဟုတ်ပေ။
“ဒါပေမယ့် သူတော့ မဖြစ်နိုင်ဘူး…” ကျန်းရွှယ့်စုန် ဖြည်းဖြည်းချင်းခေါင်းခါလိုက်သည်။
“ဘာဖြစ်လို့လဲ…” သိမ်းငှက်အိုကြီးက ပြန်မေးလိုက်လေသည်။
“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်တုန်းက သူ ဒီကြယ်စီရင်စုကြီးထဲကနေ အခြား ပိုပြီးတော့ဆန်းကြယ်တဲ့နေရာတစ်ခုဆီ ထွက်သွားလို့…”
“ကြယ်တာရာအစုအဝေးလား…” သိမ်းငှက်အိုကြီး မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။ သူ့မျက်လုံးထဲ မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်အချို့ ယာယီမျှ ထွက်ပေါ်လာခဲ့ပါသော်ငြား ထိုအရာများမှာ တစ်ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။
“ကြယ်တာရာအစုအဝေး…” ကျန်းရွှယ့်စုန်သည် သိမ်းငှက်အိုကြီးအား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ ဤနာမည်ကို သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည့်အလျောက် ကျန်းရွှယ့်စုန်မှာ ကြယ်တာရာအစုအဝေးကြောင်းကို စိတ်ဝင်စားမိသွားလေသည်။
“ဆက်ပြော…” ကံမကောင်းစွာဖြင့် သိမ်းငှက်အိုကြီးမှာ ထိုနေရာအကြောင်းကို ရှင်းပြမနေခဲ့ပေ။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် ကြယ်တာရာအစုအဝေးအကြောင်းကို သိလိမ့်မည်မဟုတ်ပါသော်ငြား တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာတော့ သိကြပေသည်။ အကြောင်းမှာ မရဏဂိုဏ်း၏ ဘိုးဘေးတည်ထောင်သူများသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကြယ်တာရာအစုအဝေးသို့ သွားပြီး ထိုနေရာတွင် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခဲ့သည့် အတွက်ကြောင့်ပင်။ ထိုဘိုးဘေးများသည် နည်းလမ်းတစ်ခုကိုသုံး၍ သူတို့သိထားသည့်အကြောင်းအရာများနှင့် ရတနာများကို မရဏဂိုဏ်းဆီသို့ ပြန်ပို့ပေးခဲ့လေသည်။
မရဏဂိုဏ်း၏ ဒုဂိုဏ်းချုပ်တစ်ဦး ဖြစ်သည့်အလျောက် သိမ်းငှက်အိုကြီးမှာ ကြယ်တာရာအစုအဝေးအကြောင်းကို သိထားပေသည်။ တကယ်တော့ မရဏဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ဖြစ်သော ယင်လဲ့ရှန်သည်လည်း ကြယ်တာရာအစုအဝေးဆီသို့ ထွက်သွားခဲ့သည်မဟုတ်ပေလော။
ကြယ်တာရာအစုအဝေးသည် လောကကြီးထဲရှိ ကျင့်ကြံသူအားလုံး သွားချင်နေသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာတွင် ပိုမိုပြီးပြည့်စုံသော လောကနိယာမများ ရှိနေလေရာ ထိုနေရာရှိ ကျင့်ကြံသူများသည် ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ကြပေသည်။ အသက်အရွယ်ရလာသည့် အတွက်ကြောင့်သာ မဟုတ်ပါက သိမ်းငှက်အိုကြီးသည်လည်း ကြယ်တာရာအစုအဝေးသို့ သွားချင်မိပေလိမ့်မည်။
ကျန်းရွှယ့်စုန်က မျက်မှောင်ကျုံ့လျက် ဆက်ပြောလိုက်သည်။ “ဝူတောက်မဖြစ်နိုင်ဘူးဆိုမှတော့ အခြား ဘယ်သူ့ကိုမှ မစဉ်းစားတတ်တော့ဘူး…” ပြောနေရင်းမှ ကျန်းရွှယ့်စုန်သည် မျက်မှောင်ကျုံ့သွားခဲ့ပြီး တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “သူတော့ မဖြစ်လောက်ပါဘူး…”
“ဘယ်သူလဲ…”
“ရန်ကိုင်လို့ခေါ်တဲ့ ဂျူနီယာတစ်ယောက်ပဲ…”
“ဂျူနီယာဆိုရင် ဘာဖြစ်လို့ လာပြောနေတာလဲ…” သိမ်းငှက်အိုကြီး ဒေါသထွက်သွားခဲ့သည်။
ကျန်းရွှယ့်စုန်က ပြန်ပြောလိုက်၏။ “အဲ့ရန်ကိုင်ဆိုတဲ့လူကို ကျုပ်ကိုယ်တိုင်တော့ တစ်ခါမှ မတွေ့ဖူးဘူး… ဒါပေမယ့် သူက သာမန်မဟုတ်ဘူးနော်… ဝူတောက် အဲ့ ကြယ်တာရာအစုအဝေးလို့ ခေါ်တဲ့ နေရာဆီ သွားနိုင်တာ သူ့ကျေးဇူးကြောင့်ပဲ… သူကိုယ်တိုင် ဝူတောက်နဲ့ ဒီကြယ်စီရင်စုကြီးထဲက အခြားထိပ်တန်းပညာရှင်အချို့ကို ခေါ်ပြီးတော့ အဲ့ကိုထွက်သွားတာ… ပြောကြတာတော့ သူသာ ဒီကနေထွက်မသွားဘူးဆိုရင် ဒီနှစ်တစ်ရာအတွင်းမှာ ဒီကြယ်စီရင်စုကြီးတစ်ခုလုံးရဲ့ အားအကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ဝူတောက်ကိုအစားထိုးပြီး ရယူမှာတဲ့…”
ကျန်းရွှယ့်စုန်က သက်ပြင်းချလျက် “သူနဲ့ တိုက်ခိုက်ခွင့်မရခဲ့တာ တကယ်နောင်တရစရာပဲ…”
“ခင်ဗျားတိုက်ခိုက်ချင်တယ်ဆိုလို့ရှိရင် ကျုပ် ဖြည့်ဆည်းပေးမယ်လေ…” ထိုစဉ် အဝေးတစ်နေရာဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်စဉ်က အသံသည် အလွန်ကိုမှ ဝေးကွာသည့်နေရာမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ခဲ့ပါသော်ငြား အသံဆုံးသွားသည့်အချိန်တွင်တော့ လူတစ်ဦး သူတို့ရှိနေသည့်ခန်းမထဲ အဆန်းတကြယ် ပေါ်လာခဲ့လေသည်။
မှိန်ဖျော့ဖျော့အလင်းရောင်သည် ထိုလူ၏ကျောပြင်ကို ထိုးထားခဲ့လေရာ ထိုလူ၏မျက်နှာမှာ အရိပ်ကွယ်နေခဲ့လေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုလူ၏မျက်နှာကို သေသေချာချာမမြင်ရပေ။ သို့တိုင် တလက်လက်တောက်ပနေသော မျက်ဝန်းအစုံမှာမူ အမှောင်ထုထဲ ရှင်းရှင်းလင်းလင်းကို ထွက်ပေါ်နေခဲ့လေသည်။
ကျန်းရွှယ့်စုန်နှင့် သိမ်းငှက်အိုကြီးတို့နှစ်ဦးစလုံး ရင်တဒုန်းဒုန်း ခုန်သွားကြသည်။ ယခု ခန်းမထဲသို့ ရောက်လာသည့်လူသည် မည်သည့်အရှိန်အဝါကိုမှ ထုတ်လွှတ်နေခြင်း မရှိပါသော်ငြား ကျန်းရွှယ့်စုန်နှင့် သိမ်းငှက်အိုကြီးတို့နှစ်ဦးလုံးမှာတော့ အလွန်တရာကိုမှ အားကောင်းလှသည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိနေကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၆၂)
ဘာသာပြန်သူ_တိမ်တိုက်
"ဘယ်သူလဲ" ကျန်းရွှယ့်စုန်က အလန့်တကြား အော်ဟစ်ရင်း ထိုင်ရာမှ ခုန်ထလိုက်သည်။
ထိုလူသည် ကျန်းရွှယ့်စုန်တို့ဆီသို့ လမ်းလျှောက်လာပြီး သူတို့နှင့် ခြေသုံးလှမ်းခန့် အကွာတွင် ရပ်လိုက်လေသည်။ ကျန်းရွှယ့်စုန်မှာ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည့် ဧရာမနဂါးတစ်ကောင် သူ့အရှေ့တွင် ရပ်နေသလို ခံစားလိုက်ရသည့်ပမာ နောက်သို့ အလိုလို ဆုတ်မိသွားခဲ့ပြီး ထိုင်ခုံပေါ် ပက်လက်လန် လဲကျသွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ နှစ်ပေါင်း တစ်ထောင့်ငါးရာကျော်ကြာ ပျိုးထောင်လာခဲ့သော ဓားနှလုံးသားဆီမှ အက်သံတစ်သံကို ကြားလိုက်ရလေသည်။
[ငါ ကြောက်နေတာလား] ထိုအခါမှသာလျှင် ကျန်းရွှယ့်စုန် အသိပြန်ဝင်လာခဲ့ပြီး ဘာတွေ ဖြစ်သွားခဲ့သလဲဆိုသည်ကိုလည်း သဘောပေါက်သွားခဲ့ရလေသည်။
အန္တရာယ်များကြားဝယ် ကူးကလန်ခတ် သွားလာနေခဲ့ရသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကျန်းရွှယ့်စုန်သည် အားကောင်းလှသော ပညာရှင်ပေါင်းများစွာနှင့် တွေ့ခဲ့ရဖူးသည်။ သို့တိုင် တစ်ခါမျှ ကြောက်ရွံ့ခဲ့ခြင်း မရှိပေ။ သူ့ရန်သူ မည်သူဖြစ်ဖြစ် လုံးဝ ကြောက်နေခြင်း မရှိခဲ့။ သူ့ရန်သူ မည်မျှ နာမည်ကျော်ကြားနေစေကာမူ မည်မျှ အားကောင်းနေစေကာမူ ကျန်းရွှယ့်စုန်သည် သူ့ဓားကို ထုတ်၍ ရန်သူများကို တိုက်ခိုက်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တစ်စစီ ဖြစ်သွားမည်ဆိုလျှင်ပင် ရန်သူများကို မကြောက်မရွံ့နှင့် ပြန်လည် တိုက်ခိုက်ပေဦးမည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ၏ အနာအဆာမဲ့ ဓားနှလုံးသားကို ပျိုးထောင်နိုင်ခဲ့ခြင်းလည်း ဖြစ်လေ၏။ သို့သော်လည်း ယခုအချိန်တွင်တော့ ကျန်းရွှယ့်စုန်သည် သူ၏ ဘဝ၌ ပထမဦးဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို စတင် ခံစားလိုက်ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ၏ ဓားနှလုံးသားထက် အက်ရာတစ်ခု ဖြစ်ပေါ်လာရတော့သည်။
ရန်ကိုင်သည် ကျန်းရွှယ့်စုန်အား ငုံ့ကြည့်ရင်းမှ ပြုံးဖြီးလျက် ပြောလိုက်လေသည်။ "ခေါင်းဆောင်ကျန်းက တကယ်ကို မေ့တတ်တာပဲနော်၊ အခုလေးတင် ကျုပ်နာမည်ကို ပြောနေတာလေ၊ ဘယ်လိုလုပ်ပြီး ချက်ချင်းကြီး မေ့သွားရတာလဲ"
"မင်းက" တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ကျန်းရွှယ့်စုန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထို့နောက် အလန့်တကြား ထအော်လေသည်။ "မဖြစ်နိုင်ဘူး"
"ဘာမဆိုဖြစ်နိုင်တယ်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် စားပွဲခုံဘေးနားရှိ ထိုင်ခုံတစ်လုံးပေါ် သွားကောက်ထိုင်လိုက်သည်။ ထို့နောက် သိမ်းငှက်အိုကြီးဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "ခင်ဗျားက မရဏဂိုဏ်းကလား"
ရန်ကိုင် ပုံစံသည် အန္တရာယ်များလွန်းလှသော နေရာတစ်ခုဆီသို့ လာသည့်ပုံစံမျိုး ပေါက်မနေဘဲ ဆွေမျိုးသားချင်း တစ်ဦး၏ အိမ်သို့ အလည်အပတ် သွားနေသည့်ပုံစံမျိုးပင် ပေါက်နေပေသေးသည်။ အတွေ့အကြုံမျိုးစုံ ရှိခဲ့ဖူးသော သိမ်းငှက်အိုကြီးသည်ပင်လျှင် ရန်ကိုင်၏ ပုံစံကို ကြည့်ရင်း လုံးဝ မယုံကြည်နိုင် ဖြစ်နေလေသည်။
"ကျုပ် ခင်ဗျားကို တစ်ခုမေးပါဦးမယ်" ရန်ကိုင်သည် သိမ်းငှက်အိုကြီးကို ကြည့်၍... "ခင်ဗျားက မရဏဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"
"မဟုတ်ဘူး" သိမ်းငှက်အိုကြီး ခေါင်းခါလိုက်သည်။
ရန်ကိုင်က သူ့မေးစေ့ကို ပွတ်ရင်းမှ စိတ်ညစ်သွားသည့် လေသံဖြင့်... "ကြည့်ရတာ ကျုပ်လာတာ နေရာမှားသွားပြီနဲ့ တူတယ်"
ထိုအခိုက်အတန့်မှာပင် အားကောင်းလှသည့် ဓားစိတ်ဆန္ဒတစ်ခုနှင့်အတူ မျက်စိကျိန်းမတတ် တောက်ပလှသော ဓားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့လေသည်။ ထိုဓားလှိုင်းကြောင့် မှုန်ရီစုံဝါး ဖြစ်နေသော ခန်းမတစ်ခုလုံးမှာ နေ့ခင်းကြောင်တောင်ပမာ လင်းထိန်လာခဲ့ရလေသည်။ တစ်ချိန်တည်း၌ လောကကြီးတစ်ခုလုံးမှာ အရောင်အဆင်းမဲ့ သွားခဲ့ပြီး တလက်လက် တောက်ပနေသည့် ဓားအလင်းတန်း တစ်ခုတည်းသာ ကျန်ရစ်တော့သည့်ပမာ…
ကျန်းရွှယ့်စုန်သည် သတိမပေး ဘာမပေးနှင့် တိုက်ခိုက်လိုက်လေပြီ။
ဓားသမားတစ်ဦး ဖြစ်သည့်အလျောက် ကျန်းရွှယ့်စုန်သည် မည်သူ့ကိုမျှ အလစ်ချောင်း မတိုက်ခိုက်ခဲ့ဖူး။ ရှင်းရှင်းပြောရသော် မည်သည့်ရန်သူကိုမျှလည်း ထိုကဲ့သို့ မတိုက်ခိုက်ခဲ့ဖူးပေ။ ရန်သူများနှင့် ရင်ဆိုင်နေရမည်ဆိုလျှင်ပင် အမြဲတမ်း ထိပ်တိုက်သာ ရင်ဆိုင်လေသည်။ သို့သော်လည်း ရန်ကိုင်ဆီမှ ခံစားရသည့် ဖိအားသည် သူ၏ ဓားနှလုံးသားကိုပင်လျှင် အက်ရာထင်သွားစေခဲ့လေသည်။ ထိုအကြောင်းကြောင့် ကျန်းရွှယ့်စုန်မှာ ဒေါသလည်းထွက် ကြောက်လည်းကြောက် ရှက်လည်းရှက်ဖြစ်ကာ ဘာကိုမျှ ဂရုစိုက်မနေတော့ဘဲ အလစ်ငိုက်ချောင်း တိုက်ခိုက်လိုက်ခြင်းဖြစ်လေ၏။
ဓားအလင်းတန်း ရန်ကိုင်အား လာမထိသေးခင်မှာပင် သိမ်းငှက်အိုကြီးသည်လည်း သူ၏ လက်ကိုမြှောက်၍ သွေးရောင်အလံတိုင်တစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုအလံတိုင်သည် မရဏဂိုဏ်း၏ အသုံးများသော မှော်ရတနာနှစ်ခုအနက်မှ တစ်ခုဖြစ်သော သွေးပင်လယ်အလံတိုင်ပင် ဖြစ်လေသည်။ သိမ်းငှက်အိုကြီး လက်ထဲရှိ သွေးပင်လယ်အလံတိုင်သည် ရန်ကိုင် မြင်ခဲ့ဖူးသော မည်သည့် သွေးပင်လယ်အလံတိုင်ထက်မဆို ပို၍ အဆင့်မြင့်ပေသည်။ သိမ်းငှက်အိုကြီး၏ လက်ထဲတွင် ရှိနေသော သွေးပင်လယ်အလံတိုင်သည် တန်ခိုးရှင်ဘုရင် အထွတ်အထိပ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။ ကြယ်စီရင်စုကြီး၏ လောကနိယာမများကြောင့်သာ မဟုတ်ပါက စတေးကောင်အချို့ကို ထပ်မံ ဝါးမျိုစေ၍ အနည်းငယ်လေး ထပ်မံ သန့်စင်ပေးလိုက်မည်ဆိုလျှင် ဤသွေးပင်လယ်အလံတိုင်သည် တာအိုသခင်အဆင့် မှော်ရတနာတစ်ခုပင် ဖြစ်လာနိုင်ပေသည်။
သိမ်းငှက်အိုကြီးမှ သူ၏ သွေးပင်လယ်အလံတိုင်အား ဝှေ့ယမ်းချလိုက်ရာ အားကောင်းလှသည့် သွေးချီလှိုင်းတို့ ဖျာထွက်လာခဲ့ပြီး ထိုသွေးချီလှိုင်းများသည် သွေးပင်လယ်တစ်ခု အသွင်သို့ ပြောင်းလဲသွားကာ ရန်ကိုင် တစ်ကိုယ်လုံးကို ဒီရေလှိုင်းလုံးပမာ လွှမ်းခြုံသွားခဲ့လေသည်။
တစ်ချိန်တည်းတွင် အလွန်တရာကိုမှ အားကောင်းလှသည့် ဓားလှိုင်းတစ်ခုသည်လည်း ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေသည်။
လက်ရှိအခိုက်အတန့်၌ ကျန်းရွှယ့်စုန်မှာ စိတ်လည်း ပျံ့လွင့်နေသလို ကြိတ်မနိုင်ခဲမရလည်း ဖြစ်နေမိလေသည်။ ဤလူငယ်လေး၏ ကျင့်ကြံခြင်း မည်မျှမြင့်သလဲဆိုသည်ကို သူ မသိပါသော်ငြား သူ့ကဲ့သို့သော ဓားပညာရှင်တစ်ဦး၏ အနီးကပ် တိုက်ခိုက်ခြင်း ခံလိုက်ရပြီးသည့်နောက် ထိုလူငယ်လေးအနေဖြင့် လုံးဝ အသက်ရှင်စရာ အကြောင်းမရှိပေ။ ထို့ပြင် သိမ်းငှက်အိုကြီးသည်လည်း သူနှင့်အတူ ပူးပေါင်း၍ ထိုလူငယ်လေးအား တိုက်ခိုက်နေပေသေးသည်။
သိမ်းငှက်အိုကြီးနှင့် ကျန်းရွှယ့်စုန်မှာ လတ်တလောအတွင်း တစ်ယောက်နှင့်တစ်ယောက် သိပ်မတည့်ကြပါသော်ငြား အကြောင်းအရင်းတစ်ခုကြောင့် လက်ရှိအချိန်တွင် နှစ်ဦးအတူ ပူးပေါင်း၍ လူငယ်လေးအား တိုက်ခိုက်လိုက်ကြလေသည်။
ဓားလှိုင်းအောက်သို့ ကျဆင်းသွားသည့်နောက် ကျန်းရွှယ့်စုန်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သိမ်းငှက်အိုကြီး၏ အမူအရာမှာလည်း ထူးထူးဆန်းဆန်းဖြစ်နေခဲ့သည်။ နှစ်ဦးစလုံး ဘာကြောင့်မှန်းမသိ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြပြီး ထိတ်လန့်တကြားဖြင့် အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ ထို့နောက်တွင် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ အလင်းတန်းများအသွင် ပြောင်းလျက် ခန်းမထဲမှ ထွက်ပြေးသွားကြလေသည်။
ပရမ်းပတာဖြစ်နေသော သွေးပင်လယ်ကြားဝယ် လက်သီးတစ်လုံး ထွက်လာခဲ့လေသည်။ ထိုလက်သီးချက်ကြောင့် သွေးပင်လယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ပြီး ဓားအလင်းတန်းမှာလည်း ပျက်စီးသွားခဲ့ရလေသည်။ ထို့နောက် ရန်ကိုင်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ခန်းမအပြင်ဘက်၌ ပြန်ပေါ်လာခဲ့သည်။ သို့ရာတွင် ရန်ကိုင်သည် ထွက်ပြေးသွားသည့် လူနှစ်ဦးအနောက်သို့ လိုက်ဖမ်းနေခြင်း မရှိဘဲ ခန်းမနံရံကို မှီရင်းဖြင့်သာ အေးအေးဆေးဆေး ရပ်ကြည့်နေခဲ့လေ၏။
ခန်းမထဲမှ ပြေးထွက်လာပြီးသည့်နောက် ကျန်းရွှယ့်စုန်နှင့် သိမ်းငှက်အိုကြီးတို့ နှစ်ဦးစလုံး ကြောင်တောင်တောင် ဖြစ်သွားကုန်ကြလေသည်။ ထွင်းဖောက်၍ မရနိုင်သော ခံစစ်ဟု မှတ်ယူထားသည့် စွန့်ပစ်ကုန်းမြေကြီးသည် လက်ရှိအချိန်တွင်တော့ မြောက်မြားလှစွာသော ကြယ်သင်္ဘောများ၏ ဝန်းရံထားခြင်း ခံနေရသည်။ ထိုသင်္ဘောများထဲမှ ကျင့်ကြံသူပေါင်းများစွာ အဆက်မပြတ် ထွက်ပေါ်လာနေကြပြီး အမျိုးမျိုးသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများဆီသို့ သွားကာ ကြယ်တာရာပင်လယ်ဓားပြများကို အမဲလိုက်နေကြလေသည်။
[ဘယ်ကတည်းက သူတို့တွေ ရောက်နေကြတာလဲ]
စွန့်ပစ်ကုန်းမြေသည် ခုခံဖို့ရာ အလွန်ကိုမှ လွယ်ကူလှပြီး ကျူးကျော်ဖို့ရာ အလွန်ကိုမှ ခက်ခဲသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထို့ပြင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အစီအရင်များနှင့် ကြောက်မက်ဖွယ်ရာကောင်းလှသော ကြယ်တာရာ မုန်တိုင်းများ၏ ကာကွယ်မှုကိုလည်း ရရှိထားပေသေးသည်။ ဤနေရာအကြောင်းကို နှံ့စပ်စွာ သိထားသည့် လူများသည်သာ စွန့်ပစ်ကုန်းမြေထဲသို့ လုံလုံခြုံခြုံ ဝင်ထွက်သွားလာနိုင်ကြပေသည်။ မရဏဂိုဏ်းသည် အတော်လေးကိုမှ အားကောင်းလင့်ကစား သိမ်းငှက်အိုကြီးသည်သာ သူ၏ လူများကိုခေါ်လာ၍ စွန့်ပစ်ကုန်းမြေအား တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူတို့သည်လည်း အကျအဆုံးပေါင်းများစွာနှင့် ရင်ဆိုင်သွားရနိုင်ပေသည်။ သိမ်းငှက်အိုကြီး အနေဖြင့် ဤနေရာထဲသို့ လုံလုံခြုံခြုံ ဝင်ထွက်သွားလာနိုင်ခြင်းမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ကျန်းရွှယ့်စုန်မှ သူ့အား ဦးစွာ သွားရောက် ဆက်သွယ်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့သော်ငြား အလွန်ကိုမှ လုံခြုံသယောင်ထင်ရသည့် ဤနေရာကြီးသည် လက်ရှိအချိန်တွင်တော့ မည်သူမျှ မသိလိုက်ဘဲ လူပေါင်းများစွာ၏ တိုက်ခိုက်ခြင်း ခံနေခဲ့ရသည်။
အရပ်ပေါင်းစုံမှ ခံစားမိနေသော အားကောင်းလှသည့် အရှိန်အဝါများသည် ယနေ့သည် ဤနေရာတစ်ခုလုံး ကပ်ဘေးဆိုက်ရမည့်နေ့ ဖြစ်သည်ဟု သိမ်းငှက်အိုကြီးနှင့် ကျန်းရွှယ့်စုန်တို့အား သတိပေးနေခဲ့လေသည်။
ရုတ်တရက် ပုံရိပ်လေးတစ်ခု သူတို့ဆီသို့ ပျံသန်းလာခဲ့လေ၏။
သူတို့ဆီသို့ ပျံသန်းလာသည့် ပုံရိပ်အား လှမ်း၍ ကြည့်လိုက်ရာ အသက် ခုနှစ်နှစ် ရှစ်နှစ်ခန့်လောက်သာ ရှိသေးသော ကလေးမလေးတစ်ဦးသာ ဖြစ်နေကြောင်း ကျန်းရွှယ့်စုန် သိလိုက်ရသည်။ သိမ်းငှက်အိုကြီးမှာ ထိုကလေးမလေးကို မြင်ပြီးသည့်နောက် သူ့မျက်နှာအမူအရာ အေးစက်သွားခဲ့လေ၏။ ထို့နောက် သူ့လက်ထဲတွင် ရှိနေသော သွေးပင်လယ်အလံတိုင်ကို ထိုကလေးမလေးဆီသို့ ဝှေ့ယမ်းချလိုက်လေသည်။
ချက်ချင်းဆိုသလို ကျန်းရွှယ့်စုန်သည် မြန်နိုင်သမျှ မြန်အောင် သိန်းငှက်အိုကြီး ဘေးနားမှ ခွာလိုက်လေသည်။
"မင်းဘာလုပ်နေတာလဲ" သိန်းငှက်အိုကြီးသည် ကျန်းရွှယ့်စုန်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။ "ဒီနေရာက မြန်မြန် ထွက်သွားချင်တယ်ဆိုရင် ငါတို့ အတူ ပူးပေါင်းမှ ရမှာကွ"
[ဒီကောင် ရူးနေတာလား၊ ဒီလိုအချိန်မျိုးမှာတောင် ဘာဖြစ်လို့ တစ်ယောက်တည်း ထွက်ပြေးချင်နေရတာလဲ၊ သူတစ်ယောက်တည်းနဲ့ ဒီလူအုပ်ကြီးလက်ကနေ လွတ်နိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်]
ကျန်းရွှယ့်စုန်သည် သိမ်းငှက်အိုကြီးအား ကြည့်ရင်းမှ ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "ကျုပ်တို့မှာ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိပြီးသား"
သူတို့ဆီသို့ ပျံသန်းလာသော ကောင်မလေးနှင့် ပတ်သက်၍ မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိခဲ့ပါသော်လည်း ထိုကောင်မလေးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဓားနှလုံးသားသည် သူ့အား 'ထွက်ပြေး၊ မြန်မြန်ထွက်ပြေး၊ မြန်မြန် ထွက်ပြေးတော့'ဟူ၍ အဆက်မပြတ်ကို သတိပေးနေခဲ့လေသည်။
"မင်းရူးသွားတာလား" သိမ်းငှက်အိုကြီး ဒေါသူပုန်ထသွားလေသည်။ "အခုလို အခြေအနေမျိုးမှာ ငါတို့ အတူ ပူးပေါင်း၊ ဟင်" ပြောရင်းတန်းလန်းနှင့်ပင် သိမ်းငှက်အိုကြီးသည် အထိတ်တလန့် အမူအရာဖြင့် သူ့လက်ထဲတွင် ရှိနေသော သွေးပင်လယ်အလံတိုင်ကို ငုံ့ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် မည်သည့်အချိန်ကတည်းကမှန်းမသိ သွေးပင်လယ်အလံတိုင်မှာ မီးလောင်နေခဲ့လေသည်။ မီးတောက်မှာ လျင်မြန်စွာ ပျံ့နှံ့နေခဲ့ရာ သွေးပင်လယ်အလံတိုင် တစ်ခုလုံးကို လောင်မြိုက်ပစ်ရန် ကြိုးစားနေခဲ့လေ၏။ ထိုမီးတောက်များဆီမှ ထွက်ပေါ်နေသည့် ကျစ်ကျစ်တောက် အပူချိန် အရှိန်အဝါသည် သိမ်းငှက်အိုကြီးအား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။ ထိုအကြောင်းကြောင့် သိမ်းငှက်အိုကြီးမှာ သူတော်စင်ချီကို အရူးအမူး လှည့်ပတ်ရင်း သူ့မှော်ရတနာပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားလိုက်ပါသော်လည်း မအောင်မြင်သည့်အပြင် မီးတောက်များသည် ပို၍ တောက်လောင်စွာ လောင်ကျွမ်းလာတော့လေသည်။
"ဖူး"
သိမ်းငှက်အိုကြီး သွေးတစ်ပွက် ထိုးအန်လေသည်။ သူ၏ မှော်ရတနာမှာ ထိခိုက်သွားခဲ့သည့်အတွက်ကြောင့် သူကိုယ်တိုင်သည်လည်း တန်ပြန် ဘေးထွက်ဆိုးကျိုးကို ခံစားရတော့လေသည်။ ထို့နောက်တွင် သွေးပင်လယ်အလံတိုင်ထဲမှ ကလေးမလေးတစ်ဦး ထွက်လာခဲ့သည်။ ထိုကလေးမလေးသည် သူမ၏ လက်ညှိုးလေးဖြင့် သိမ်းငှက်အိုကြီး၏ နဖူးကို ထိလိုက်ရာ သိမ်းငှက်အိုကြီးသည် လေလျော့ခံလိုက်ရသည့် ပူပေါင်းတစ်ခုပမာ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားခဲ့လေ၏။
လျို့ယန်သည် ထိုလူအိုကြီးအား လက်တစ်ဖက်ဖြင့် ကောက်ယူ၍ လှမ်းမော့ကြည့်လိုက်ရာ ကျန်းရွှယ့်စုန်သည် ဓားအလင်းတန်းနှင့် ပေါင်းစပ်၍ အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းကာ အရှိန်ကုန်တင် ထွက်ပြေးနေကြောင်း တွေ့လိုက်ရလေသည်။
[ဘာကြီးလဲ၊ အဲဒီကလေးမလေးက ဘာကြီးလဲ၊ သွေးပင်လယ်ထဲကနေ ခဏလေးနဲ့ လွတ်လာရုံတင် မဟုတ်ဘူး၊ သွေးပင်လယ်အလံတိုင်ကိုပါ အလွယ်တကူ ဖျက်ဆီးပစ်သွားသေးတယ်၊ သိမ်းငှက်အိုကြီးလည်း သူ့လက်ညှိုးတစ်ချောင်းတည်းနဲ့ သတိမေ့သွားတယ်၊ အဲဒါ ဘယ်လို စွမ်းအားကြီးမျိုးလဲ၊ မရတော့ဘူး၊ ငါ ထွက်ပြေးမှ ရတော့မယ်၊ ဒီမှာ ဆက်နေရင် ငါပါသေလိမ့်မယ်]
"မပြေးနဲ့" ဆည်းလည်းသံတမျှ ချိုသာသည့် အသံတစ်သံကို ကျန်းရွှယ့်စုန် ရုတ်တရက် ကြားလိုက်ရသည်။
အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကလေးမလေးသည် လူသေတစ်ပိုင်း ဖြစ်နေသော သိမ်းငှက်အိုကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း သူ့နောက်သို့ လိုက်လာနေကြောင်းကို တွေ့လိုက်ရလေ၏။
ထိုအခြင်းအရာကို မြင်လိုက်သော် ကျန်းရွှယ့်စုန်၏ မျက်ခမ်းများ ကြောက်ရွံ့မှုကြောင့် တစ်ဆတ်ဆတ် တုန်ယင်သွားခဲ့လေသည်။ ဤအတိုင်း ဆက်ပြေးနေ၍ မရတော့မှန်း သိလိုက်သော် လျှာကိုကိုက်ကာ သွေးအဆီအနှစ် တစ်စက်ကို ထွေးထုတ်လိုက်သည်။ ထိုသွေးစက်နှင့် ဓားအလင်းတန်းတို့ ပေါင်းစပ်သွားခဲ့သော် ကျန်းရွှယ့်စုန်၏ အရှိန်မှာ တစ်ဟုန်ထိုး မြင့်တက်သွားတော့လေ၏။
သို့တိုင် လျို့ယန်မှာမူ အနည်းငယ်မျှပင် ပျာယာခက်သွားခဲ့ခြင်း မရှိဘဲ သူမလက်ကို ဓားအလင်းတန်းဆီသို့ ချိန်ရွယ်၍ လက်ကို ဆုပ်ချလိုက်သည်။ ကျန်းရွှယ့်စုန်နှင့် ပေါင်းစပ်ထားသော ဓားအလင်းထဲမှာလည်း နံရံတစ်ခုခုနှင့် ဝင်တိုက်မိသည့်အလား ရုတ်တရက်ဆိုသလို အရောင်မှိန်ကျသွားခဲ့လေသည်။ ထိုစဉ် လျို့ယန်က ထပ်၍ ပြောလိုက်လေသည်။ "မပြေးနဲ့လို့ ငါ ပြောနေတယ်လေ"
အလွန်တရာကိုမှ အားကောင်းလှသော တန်ခိုးရှင်ဘုရင်အဆင့် ဓားရှည်သည် အနည်းငယ်မျှပင် ရှေ့ဆက်သွားနိုင်ခြင်း မရှိတော့ဘဲ လေထဲတန်းလန်းကြီး ရပ်နေခဲ့လေသည်။
"ဖူး"
ကျန်းရွှယ့်စုန် သွေးတစ်ပွက် ထိုးအန်ပြန်လေ၏။ ယခုတစ်ကြိမ်တွင်တော့ သူ့သွေးအဆီအနှစ်ကို လောင်ကျွမ်း၍ အရှိန်မြှင့်တင်ရန် လုပ်ခြင်းမဟုတ်ဘဲ ပျံသန်းနေရာမှ ရုတ်တရက် ရပ်တန့်သွားသလို သူ့ဓားလည်း ထိခိုက်သွားရသည့်အတွက်ကြောင့် တန်ပြန် ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရခြင်းသာ ဖြစ်ပေသည်။
သူ့ဆီသို့ လာနေသည့် ကလေးမလေးကို ကြည့်ရင်း ကျန်းရွှယ့်စုန်မှာ သူများ အိပ်မက်မက်နေသလားဟုပင် တွေးမိသွားလေသည်။
တစ်ခဏအကြာ၌ လျို့ယန်သည် သိမ်းငှက်အိုကြီးကို လက်တစ်ဖက် ကျန်းရွှယ့်စုန်ကို အခြားလက်တစ်ဖက်၌ ကိုင်ရင်း ရန်ကိုင်ဆီသို့ ပြန်လာခဲ့လေသည်။ ခန်းမအပြင်ဘက်သို့ ရောက်သည့်အခါ ထိုနှစ်ဦးစလုံးကို မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်သည်။ လက်ရှိအချိန်တွင် သိမ်းငှက်အိုကြီး၏ အရှိန်အဝါသည် လုံးဝကို မရှိတော့သလို ပျောက်ကွယ်နေခဲ့လေသည်။ ကျန်းရွှယ့်စုန်မှာ သိမ်းငှက်အိုကြီးထက် အခြေအနေ ပိုကောင်းနေပါသော်ငြား တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ သူ့မျက်လုံးများမှာလည်း အသက်မဲ့နေသည့်ပမာ မှုန်ထိုင်းထိုင်း ဖြစ်နေခဲ့သည်။
ရန်ကိုင်သည် ခန်းမနံရံကို မှီရင်းမှ ပြုံးကာ ပြောလိုက်လေ၏။"ကျေးဇူးပဲ"
လျို့ယန်ကမူ ယခုကဲ့သို့သော ဘာမဟုတ်သည့် ကိစ္စများအား သူမအား လာခိုင်းရလေသလားဟု ရန်ကိုင်အား အပြစ်တင်နေသည့်အလား နှုတ်ခမ်းလေး ဆူလိုက်လေသည်။ ဒေါသထွက်ထွက်ဖြင့် မြေပြင်ပေါ်တွင် လဲနေသော ကျန်းရွှယ့်စုန်ကိုပင် ဆောင့်ကန်သွားသေးသည်။ ကျန်းရွှယ့်စုန်မှာတော့ တစ်စက်ကလေးပင် အထွန့်မတက်ရဲခဲ့။
ထို့နောက်တွင် ရန်ကိုင်သည် ဆောင့်ကြောင့်ထိုင်၍ သိမငှက်အိုကြီးကို ကြည့်ကာ မေးလိုက်လေသည်။ "မရဏဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ အခုဘယ်မှာလဲ"
သိမ်းငှက်အိုကြီးသည် ရန်ကိုင်အား ပြန်ကြည့်ရင်းမှ တုန်တုန်ယင်ယင် လေသံဖြင့်... "ငါ မသိဘူး"
"ခင်ဗျား ဘယ်လိုလုပ်ပြီး မသိရတာလဲ" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ "ခွေးအိုကြီး၊ ခင်ဗျား ကျုပ်ကို မလိမ်ရင် ကောင်းလိမ့်မယ်နော်၊ ခင်ဗျား ကျင့်ကြံခြင်းက ဒီလောက်မြင့်တာ၊ ဂိုဏ်းထဲမှာ အနည်းဆုံးတော့ အကြီးအကဲရာထူးကို ရထားမှာ သေချာတယ်၊ အဲဒါကို ခင်ဗျား ဂိုဏ်းချုပ် ဘယ်မှာရှိလဲဆိုတာကို ဘယ်လိုလုပ်ပြီး မသိရတာလဲ"
သိမ်းငှက်အိုကြီးက ပြန်၍ ပြောလိုက်လေသည်။ "ငါ တကယ်မသိတာ၊ သူ ကြယ်တာရာအက်ကြောင်းမှာ ရှိရင်ရှိနေလောက်တယ်”
"ရှိနေလောက်တယ်" ရန်ကိုင်၏ မျက်နှာ မှုန်ကုပ်သွားတော့လေသည်။ "သူ ရှိလား၊ မရှိဘူးလား"
သိမ်းငှက်အိုကြီးက တုန်တုန်ယင်ယင် လေသံဖြင့်... "ငါ သေချာ မပြောတတ်ဘူး"
"အသုံးမဝင်လိုက်တဲ့ကောင်" ထိုသို့ အော်ဆဲလိုက်ပြီးသည့်နောက် ရန်ကိုင်သည် သိမ်းငှက်အိုကြီးကို ကိုင်၍ ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်လေသည်။ သိမ်းငှက်အိုကြီးမှာလည်း ကြောက်လန့်တကြား အော်ဟစ်ရင်း မီတာပေါင်းများစွာ အကွာသို့ လွင့်စင်ထွက်သွားပြီးသည့်နောက် ဖရဲသီးတစ်လုံးပမာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့သည်။
တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်လာရခြင်း၏ အဓိက လက်သည် တရားခံသည် မရဏဂိုဏ်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် အပြစ်တင်ရမည့် အပြစ်တင် မရဏဂိုဏ်း၏ ဂိုဏ်းချုပ်ကို အပြစ်တင်ရပေလိမ့်မည်။ ထိုအချက်ကြောင့်ပင်လျှင် ရန်ကိုင်မှာ မရဏဂိုဏ်းချုပ်ကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်လေသည်။ သို့သော်လည်း မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့။
ရှာမတွေ့သည့်တိုင် ကိစ္စတော့မရှိ။ ဤသည်မှာ ဟုန်းလော့ကြယ်စီရင်စုကြီး၏ ပထမဦးဆုံးသော တန်ပြန်ထိုးစစ် ဖြစ်လေသည်။ အနှေးနှင့်အမြန်ဆိုသလို မရဏဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဤထိုးစစ်ကို ဟန့်တားရန်အတွက် ပေါ်လာရပေလိမ့်မည်။ ထိုအခါမှ လက်စားပြန်ချေလျှင်လည်း နောက်မကျသေး။
ထို့ပြင် စုယန်မှ ဦးဆောင်၍ ကြယ်တာရာအက်ကြောင်းကို တိုက်ခိုက်နေပြီ ဖြစ်လေရာ ကြယ်တာရာအက်ကြောင်း လုံးဝ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်။
တစ်ချိန်တည်းတွင် ကြယ်စီရင်စုနှစ်ခုအား ဆက်သွယ်ထားသော လမ်းကြောင်းကို လီကျောက်တို့ အဖွဲ့မှ စောင့်ကြပ်နေခဲ့လေသည်။ ရန်ကိုင်သည် လီကျောက်တို့ တစ်မိသားစုလုံးကို ထိုနေရာသို့ ပို့ထားခဲ့သည်။ ထို့အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ အနေဖြင့် စစ်ကူလာဖို့ကိုရော၊ ထွက်ပြေးဖို့ကိုပါ စဉ်းစားမနေသင့်တော့ပေ။
ရန်ကိုင်အနေဖြင့် ဆယ်ရက်ရက်တိတိ စောင့်ပြီးမှ ထိုးစစ်ဆင်ရခြင်းမှာ စွန့်ပစ်ကုန်းမြေတစ်ခုလုံးကို တစ်ခါတည်း အမြစ်ဖြတ်ပစ်လိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ မည်သည့် ရန်သူ တစ်ဦးတစ်ယောက်ကိုမျှ သူ့လက်ထဲမှ လွတ်မသွားစေချင်ခဲ့။ သူနှင့် လျို့ယန် နှစ်ဦးတည်း ဤနေရာတစ်ခုလုံးကို ဝင်သောင်းကျန်းပစ်၍ ရပါသော်ငြား အချို့သော ကြွက်စုတ်များသည် သူတို့ မသိလိုက်စဉ် အတောအတွင်း အသက်ရှင်လျက် ထွက်ပြေး လွတ်မြောက်သွားနိုင်ပေသည်။
သို့သော်လည်း ယခုမူ ထိုကဲ့သို့ မဖြစ်နိုင်တော့ပေ။ လက်ရှိအချိန်တွင် စွန့်ပစ်ကုန်းမြေ၏ အားအကောင်းဆုံး ပညာရှင်နှစ်ဦးအနက် တစ်ဦးမှာ သေသွားခဲ့ပြီ ဖြစ်ပြီး ကျန်တစ်ဦးမှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့သည်။ စွန့်ပစ်ကုန်းမြေတစ်ခုလုံးကိုလည်း ဟုန်းလော့ကြယ်စီရင်စုကြီး၏ အင်အားစုများမှ ဝန်းရံထားကြသည်။ ထို့အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများနှင့် ဤနေရာတွင် ရှိနေကြသော ကြယ်တာရာ ပင်လယ်ဓားပြများ ထွက်ပြေးဖို့ရာ စိတ်ကူးမနေသင့်တော့ပေ။
သိမ်းငှက်အိုကြီးကို သတ်ပစ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျန်းရွှယ့်စုန်ကို ကြည့်၍ မေးလိုက်လေ၏။ "ခင်ဗျားရော ဘာပြောချင်သေးလဲ၊ ခင်ဗျားသိထားတာ တစ်ခုခုရှိရင်ပြောနော်၊ အကယ်၍ ခင်ဗျားပြောတာကို ကျုပ်ကျေနပ်တယ်ဆိုရင် ကျုပ် ခင်ဗျားကို မြန်မြန်လေး သေလို့ရအောင် လုပ်ပေးမယ်”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၆၃)
ဘာသာပြန်သူ_တိမ်တိုက်
နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ဆူညံသံများ တိတ်ကျသွားခဲ့သည်။ စွန့်ပစ်ကုန်းမြေကြီးမှာ အပျက်အစီးပုံကြီး ဖြစ်နေခဲ့လေပြီ။ အလောင်းများမှာလည်း တောင်နှယ် ပုံထပ်နေလေ၏။ နှစ်ပေါင်း ထောင်နှင့်ချီတိုင်အောင် အကုသိုလ်ကောင်များဖြင့် ပြည့်နှက်နေခဲ့သော ဤနေရာကြီးမှာ ယနေ့တွင်တော့ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရလေပြီ။ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ဝမ်းသာအားရ အော်ဟစ်သံများမှာလည်း နေရာအနှံ့အပြားမှ ထွက်ပေါ်လာနေခဲ့သည်။
တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ စတင်ကျူးကျော်လာသည့် အချိန်မှစ၍ ဆယ်နှစ်ကျော် ကာလအတောအတွင်း ယခုအကြိမ်သည် ဟုန်းလော့ကြယ်စီရင်စုကြီးမှ ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ပွဲကြီးတစ်ခုကို အနိုင်ရခဲ့ခြင်း ဖြစ်ပေသည်။ ထိုအပြင် ယခုတိုက်ပွဲသည် တစ်ဖက်သတ် တိုက်ပွဲကြီးလည်း ဖြစ်ပေသည်။ ယခုအချိန်အထိ ဟုန်းလော့ကြယ်စီရင်စုမှ လူများသည် စွန့်ပစ်ကုန်းမြေကြီးကိုသာ ဖျက်ဆီးရသေးသော်ငြား ယနေ့တိုက်ပွဲသည် အမှောင်ထုထဲ ရုတ်တရက် တောက်ပလာသည့် အလင်းစက်ကလေးပမာ အကုန်လုံးအား မျှော်လင့်ချက် အလင်းရောင်တို့ကို ဆောင်ကြဉ်းပေးလာခဲ့လေသည်။
"ကျန်တဲ့ ကိစ္စတွေကို ခင်ဗျားတို့ဆီ အပ်ထားလိုက်မယ်နော်" ရန်ကိုင်သည် အကုန်လုံးအား ပြုံးပြလိုက်ပြီးသည့်နောက် ထိုနေရာမှ ပျံသန်းကာ ထွက်ခွာလာခဲ့လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ လျို့ယန်ကိုပင် သူနှင့်အတူ ခေါ်မလာခဲ့ပေ။
လီကျောက်၊ လျို့ယန်၊ ရွမ်ပိတင်နှင့် စုယန်တို့သည် ဤကြယ်စီရင်စုကြီး၏ ကန့်သတ်ချက်ကို ကျော်လွန်နေကြသည့် တည်ရှိမှုများ ဖြစ်ကြသည်။ ကြယ်စီရင်စုကြီးထဲရှိ အခြားသော ပညာရှင်များနှင့်ပါ အတူပူးပေါင်းလိုက်သည့် အခါတွင် ဤလူအင်အားသည် ကြုံလာရသမျှ ပြဿနာတိုင်းကို ဖြေရှင်းရန် လုံလောက်သွားခဲ့လေပြီ။ သူတို့ လိုအပ်သည့်အရာဆို၍ အချိန်သာ ရှိတော့သည်။
ထိုအကြောင်းကြောင့် ရန်ကိုင် အနေဖြင့် သူတို့နှင့် လိုက်လံ အချိန်ဖြုန်းနေစရာ မလိုတော့။ ရန်ကိုင်တွင် ပို၍ အရေးကြီးသည့် လုပ်စရာတစ်ခု ရှိနေပေသေးသည်။
"သူ ဘယ်သွားတာလဲ" ရွမ်ပိတင်က လျို့ယန်အား မေးလိုက်သည်။
"ကြယ်စီရင်စုကြီးကို သန့်စင်ဖို့ထွက်သွားတာ"
ထိုစကားကို ကြားသော် အကုန်လုံး ထိတ်လန့်သွားကုန်ကြလေသည်။ [ကြယ်စီရင်စုကို သန့်စင်လို့ရတာလား] ကျင့်ကြံသူများ ကြယ်အမြုတေများကို သန့်စင်ပြီး ကြယ်သခင်များ ဖြစ်လာကြသည့် အကြောင်းကို သူတို့ ကြားဖူးပေသည်။ သို့သော်ငြား ကြယ်စီရင်စုအား သန့်စင်သည့် အကြောင်းကိုမူ တစ်ခါမျှ မကြားဖူးခဲ့။ ကြယ်စီရင်စုတစ်ခုကိုများ သန့်စင်လိုက်နိုင်လျှင် မည်ကဲ့သို့သော အကျိုးထူးများ ရရှိနိုင်ပါမည်နည်း။ ကြယ်စီရင်စု တစ်ခုလုံးကို သန့်စင်ပြီးသည့်နောက် ရန်ကိုင်သည် ဤကြယ်စီရင်စုတစ်ခုလုံး၏ သခင်ဖြစ်လာမည်လား။ ထိုသို့ ဖြစ်လာသည့် အခါတွင် ရန်ကိုင် မည်မျှများ အားကောင်းသွားလေမည်နည်း။ မည်သူမျှ ဆက်၍ မတွေးရဲကြတော့ပေ။
ရန်ကိုင်သည် သူ၏ ချီစွမ်းအင် အရှိန်အဝါကို တရစပ် ထုတ်လွှတ်ရင်း ကြယ်တာရာစီရင်စုကြီးထဲ ဦးတည်ရာမဲ့ ပျံသန်းနေခဲ့လေသည်။ ယခင်တစ်ကြိမ် အသုံးပြုခဲ့သည့် နည်းလမ်းသည် ထိရောက်မှု ရှိသည့်အတွက်ကြောင့် ရန်ကိုင်လည်း ထိုနည်းလမ်းကိုသာ ဆက်၍ အသုံးပြုရန် စဉ်းစားထားသည်။ ထိုနည်းလမ်းသည် အချိန်ကုန် လူပင်ပန်းရပါသော်ငြား အနည်းဆုံးတော့ အကျိုးသက်ရောက်မှု ရှိပေသည်။ ထိုနည်းလမ်းဖြင့် ကြယ်စီရင်စုကို သန့်စင်နေရင်းမှ ပိုကောင်းသည့် နည်းလမ်းတစ်ခုအား ရှာမတွေ့နိုင်ဟု မည်သူကများ ပြောနိုင်မည်နည်း။
ဆယ်ရက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကြယ်တာရာကောင်းကင်၏ အစိတ်အပိုင်းကြီးတစ်ခုကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ ရှိနေသော ကြယ်မြေပုံထဲရှိ ထိုအစိတ်အပိုင်း၏ အရောင်မှာ အခြားသော နေရာများနှင့် ယှဉ်လိုက်သော် အနည်းငယ် ပို၍ တောက်ပနေခဲ့လေသည်။ ထိုနေရာသည် ကြယ်စီရင်စုကြီး တစ်ခုလုံးနှင့် ယှဉ်လိုက်လျှင် ဘာမျှမပြောပလောက်ပါသော်ငြား အနည်းဆုံးတော့ ရန်ကိုင်အတွက် အစကောင်းသွားပြီဟု ပြော၍ ရလေသည်။
ထိုအစိတ်အပိုင်း သန့်စင်သွားပြီးသည်နှင့် တပြိုင်နက် ရန်ကိုင်သည် နောက်ထပ် အစိတ်အပိုင်းတစ်ခုကို ထပ်မံသန့်စင်ပြန်လေသည်။ နေ့ရက်တိုင်း နေ့ရက်တိုင်းကို ရန်ကိုင်သည် ဤနည်းလမ်းအတိုင်းလုပ်ရင်း အချိန်ကုန်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ရန်ကိုင် သန့်စင်ထားသည့် ကြယ်တာရာ ကောင်းကင်၏ အစိတ်အပိုင်းများမှာ များသထက် များလာခဲ့လေပြီ။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ ရှိနေသော ကြယ်မြေပုံထဲရှိ အပိုင်းအစ တော်တော်များများမှာလည်း ယခင်ကထက် ပိုမို လင်းလက်တောက်ပလာခဲ့ပြီး ရန်ကိုင်ကိုယ်တိုင်မှာလည်း ကြယ်စီရင်စုကြီးနှင့် သူ့ကြား အားနည်းဖျော့တော့လှသည့် ဆက်သွယ်ချက်တစ်ခုကို တည်ဆောက်လာနိုင်ခဲ့လေသည်။
ရန်ကိုင်နှင့် ဟုန်းလော့ကြယ်စီရင်စုကြီးအကြား ယခုကဲ့သို့သော ဆက်သွယ်ချက်မျိုးသာ အစောကြီးကတည်းက ရှိခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ကြယ်မြေပုံကို အားမကိုးဘဲနှင့်ပင်လျှင် မူလကုန်းမြေကြီးထဲမှ ဟုန်းလော့ကြယ်စီရင်စုဆီသို့ ပြန်လာနိုင်ခဲ့ပေလိမ့်မည်။
ကြယ်စီရင်စုကြီးမှာ အလွန်တရာကိုမှ ကျယ်ပြောလှပေသည်။ မြောက်မြားလှစွာသော သက်ရှိတို့သည် ကြယ်စီရင်စုကြီးထဲ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေခဲ့သည်။ အန္တရာယ်ပေါင်းများစွာနှင့် ပြည့်နေသော နေရာများ ကြယ်စီရင်စုကြီးထဲ ရှိနေကြသလို အခွင့်အလမ်းများနှင့် ပြည့်နေသော နေရာများလည်း ရှိနေကြပေသည်။ ကြယ်စီရင်စုကြီး၏ အစိတ်အပိုင်းများကို သန့်စင်ရင်းမှ ရန်ကိုင်သည် ထိုအရာများနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ခံစားမိနေခဲ့လေရာ တမူထူးသည့် ခံစားချက်ကို ရရှိနေခဲ့ရလေ၏။
တစ်လ၊ နှစ်လ၊ ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်။ ရန်ကိုင်သည် လွင့်မျောနေသည့် သစ်ရွက်ကြွေလေး တစ်ရွက်ပမာ ကြယ်စီရင်စုကြီးထဲ ဦးတည်ရာမဲ့ သွားလာနေခဲ့သည်။ ကြယ်တာရာ ကောင်းကင်၏ အစိတ်အပိုင်း တော်တော်များများကို သန့်စင်လာနိုင်သည်နှင့်အမျှ ကြယ်မြေပုံထဲရှိ လင်းလက်တောက်ပနေသော နေရာအကျယ်အဝန်းမှာလည်း ပိုပို၍ ကျယ်ပြန့်လာခဲ့လေသည်။ ရန်ကိုင်၏ ကြယ်စီရင်စု အစိတ်အပိုင်းများကို သန့်စင်သည့်နှုန်းမှာလည်း တဖြည်းဖြည်းနှင့် မြန်ဆန်လာခဲ့သည်။ ထိုမျှသာလျှင် မဟုတ်သေး။ ယခင်ကထက် ပို၍ မြန်ဆန်သည့် နည်းလမ်းတစ်ခုကိုပင်လျှင် တွေ့ရှိသွားခဲ့ရသည်။ ရန်ကိုင်သည် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီးထဲ ကူးကလန်ခတ် သွားလာရင်း ဂြိုဟ်သိမ်တစ်ခုပေါ် ခုန်လိုက် နောက်ဂြိုဟ်သိမ်တစ်ခုပေါ် ခုန်လိုက်နှင့် သူ၏ အရှိန်အဝါများကို ဂြိုဟ်သိမ်တစ်ခုချင်းစီပေါ်တွင် ချန်ထားရစ်ခဲ့လေသည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက် ရန်ကိုင်သည် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီးကို ဖြတ်ကျော်လာနိုင်ခဲ့သည်။ ရန်ကိုင်၏ အရှိန်အဝါသည် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီးထဲ ကိန်းအောင်းနေခဲ့လေပြီ။ ထိုအတွက်ကြောင့် ထိုဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရန်ကိုင်၏ အရှိန်အဝါ ကပ်ကျန်ခဲ့ပေလိမ့်မည်။ ထိုနည်းလမ်းဖြင့် ရန်ကိုင်သည် ကြယ်စီရင်စုကြီးအား ပို၍ မြန်မြန် သန့်စင်လာနိုင်ပေလိမ့်မည်။ အကြောင်းမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီး သွားနေသည့် နေရာဆီသို့ သူကိုယ်တိုင်သွား၍ သူ၏ အရှိန်အဝါကို ချန်ခဲ့ဖို့ရာ မလိုအပ်တော့သည့် အတွက်ကြောင့်ပင်။
ဤသည်မှာ လွန်ခဲ့သည့် နှစ်အတွင်း ရန်ကိုင် ရှာတွေ့ခဲ့သည့် နည်းလမ်းများအနက် တစ်ခုဖြစ်ပေသည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်၏ အကူအညီကိုယူ၍ ကြယ်တာရာကောင်းကင်အား သန့်စင်ခြင်းသည် အတော်လေးကိုမှ အကျိုးထူးလှကြောင်းကို ရန်ကိုင် တွေ့ရှိခဲ့ရသည်။ ထိုနည်းလမ်းအပြင် အခြားသော နည်းလမ်းတစ်ခုကိုလည်း ထပ်မံ တွေ့ရှိထားသေး၏။ ဒုတိယနည်းလမ်းမှာတော့ ပို၍ပင် တည့်တိုးဆန်ပေသေးသည်။
တစ်ခုသော ကြယ်တစ်လုံးသည် အဝါရောင်သဲများဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။ လေအဝှေ့တွင် မျောပါသွားသော သဲများကြောင့် နေအလင်းရောင်ကိုပင်လျှင် သေချာမြင်ရဖို့ရာ ခက်လှသည်။ သဲမုန်တိုင်းများ အဆက်မပြတ် တိုက်ခိုက်နေခဲ့လေရာ ဤကြယ်ကြီး၏ ရာသီဥတုမှာ အတော်လေးကိုမှ ဆိုးဝါးလှပေသည်။
ရန်ကိုင်သည် ကောင်းကင်အထက်မှ ဆင်းလာပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဤကြယ်သည် ကြယ်သေတစ်လုံး မဟုတ်။ ကြယ်မျက်နှာပြင် အများစုကို သဲများဖြင့် ဖုံးလွှမ်းနေပါသော်လည်း စိမ်းလန်းစိုပြေသော သစ်ပင်ပန်းပင်များ ရှိနေသည့် နေရာအချို့လည်း ဤကြယ်ပေါ်တွင် ရှိနေပေသည်။ ထိုနေရာတွင် သားရဲတိရစ္ဆာန်များလည်း နေထိုင်နေကြပေ၏။ သို့သော်လည်း ရန်ကိုင် ရောက်လာသည်ကို မြင်သည့်အခါ ထိုသားရဲတိရစ္ဆာန် အားလုံး ထွက်ပြေးသွားကုန်ကြလေသည်။
ကြယ်သေများသည် အသက်ဓာတ်ကို ပိုင်ဆိုင်ထားလေ့ မရှိသည့်အတွက်ကြောင့် ဤကြယ်သည် ကြယ်သေတစ်လုံး မဟုတ်သည်မှာတော့ လုံးဝ တပ်အပ်သေချာပေသည်။ ထို့ပြင် သက်တမ်းကုန်ခါနီး ဖြစ်နေသည့် ကြယ်သေတစ်လုံးလည်း မဟုတ်။ ထိုအစား သက်တမ်းနုသေးသည့် ကြယ်တစ်လုံးသာ ဖြစ်ပေသည်။ လတ်တလောတွင် ကြယ်ပေါ်တွင် မည်သည့်အရာကိုမျှ မမြင်တွေ့ရသေးပါသော်လည်း နောက်နှစ်ပေါင်း သောင်းနှင့်ချီ ကြာပြီးသည့်နောက် ဤကြယ်ပေါ်သို့ ပြန်လာကြည့်ပါက ဤကြယ်တစ်ခုလုံး အမျိုးမျိုးသော သက်ရှိများဖြင့် ပြည့်နေမည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။ ထိုမျှ အချိန်ကြာသွားသည့် အခါတွင် ဤကြယ်ကြီးသည် အရိပ်ကြယ်၊ နေလကြယ်တို့နှင့် ယှဉ်နိုင်သည့် ကြယ်တစ်လုံး ဖြစ်လာလိမ့်ဦးမည် မဟုတ်ပါသော်လည်း လက်ရှိ ထုန်းရွှမ်လောကကြီးအောက် နိမ့်ကျခြင်း မရှိသည့် ကြယ်တစ်လုံးတော့ ကျိန်းသေ ဖြစ်နေပေလိမ့်မည်။
ရန်ကိုင်မှာတော့ နှစ်ပေါင်းသောင်းနှင့်ချီအောင် စောင့်နေဖို့ရာ အချိန်မရှိပေ။ ကြယ်ပေါ်သို့ ရောက်လာပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် မြေအောက်ထဲသို့ ထိုးဆင်းသွားခဲ့လေ၏။ တစ်ခဏအကြာတွင် ရန်ကိုင်သည် မြေအောက်ထဲရှိ တစ်ခုသော နေရာတွင် ပေါ်လာခဲ့လေသည်။
သူ့အရှေ့တည့်တည့်တွင်မူ နှလုံးခုန်နေသည့်ပမာ အရောင်မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးခိုးရောင် စွမ်းအင်လုံးလေး တစ်လုံး ရှိနေခဲ့လေသည်။ ထိုအရာမှာ အခြားမဟုတ်။ ဤကြယ်ကြီး၏ ကြယ်အမြုတေသာ ဖြစ်လေသည်။ ဤကြယ်အမြုတေသည် ရန်ကိုင် သန့်စင်ခဲ့သော အရိပ်ကြယ်၏ ကြယ်အမြုတေနှင့် မယှဉ်နိုင်သလို ရှနင်းချန်၏ ထုန်းရွှမ်လောကကြီး၏ ကြယ်အမြုတေနှင့်လည်း မယှဉ်နိုင်ပေ။ ရှင်းရှင်းပြောရသော် ဤကြယ်အမြုတေသည် မွေးကင်းစ ကလေးတစ်ဦးပမာသာ ရှိနေပေသေးသည်။
ကျင့်ကြံသူအများစုသည် ကြယ်များကို သန့်စင်ရာတွင် ယခုကဲ့သို့သော ကြယ်မျိုးကို ရွေးချယ်လေ့ မရှိကြချေ။ အကြောင်းမှာ ဤကဲ့သို့သော ကြယ်မျိုးအား သန့်စင်လိုက်ခြင်းသည် သူတို့အတွက် အကျိုးမရှိရုံမက ဘေးထွက်ဆိုးကျိုးနှင့်ပင် ကြုံသွားရစေနိုင်သည် မဟုတ်ပေလော။ ယခုကဲ့သို့သော ကြယ်တစ်မျိုးသည် အမှန်တကယ် ကြီးထွားလာခဲ့ခြင်း မရှိဘဲ ရုတ်တရက်ကြီး သေဆုံးသွားလိမ့်မည် မဟုတ်ဟု မည်သူမျှ မပြောနိုင်ကြပေ။ အခန့်မသင့်၍ ဤကြယ်၏ အမြုတေသည်သာ အားနည်းပြီး သေဆုံးသွားခဲ့မည်ဆိုလျှင် ဤကြယ်၏ ကြယ်အမြုတေကို သန့်စင်ခဲ့သော ကျင့်ကြံသူသည်လည်း တန်ပြန် ဘေးထွက်ဆိုးကျိုးကို ခံစားရပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင်ကတော့ ကြောက်မနေခဲ့ပေ။ ရန်ကိုင် မြေအောက်ထဲသို့ ဆင်းလာရခြင်းမှာ ဤကြယ်အမြုတေကို လိုချင်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင်၏ အစီအစဉ်သာ အောင်မြင်သွားခဲ့မည်ဆိုလျှင် ဘေးထွက်ဆိုးကျိုးနှင့် ကြုံစရာ အကြောင်းမရှိပေ။ မအောင်မြင်ခဲ့လျှင်တော့ အနည်းငယ်မျှလောက်သော ဘေးထွက်ဆိုးကျိုးကိုမူ ရန်ကိုင်၏ လက်ရှိကျင့်ကြံခြင်းဖြင့် ကြောက်နေစရာ မလိုပေ။
ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ကြယ်အမြုတေကို လှမ်းကိုင်လိုက်သည်။ ကြယ်အမြုတေမှာ ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အလား ရန်ကိုင်၏ လက်ကို ရှောင်တိမ်းသွားခဲ့သည်။ သို့သော်လည်း အဆုံးတွင်တော့ ကြယ်အမြုတေသည် အသိစိတ်ပွင့်ရုံလေးသာ ရှိသေးလေရာ ရန်ကိုင်၏ လက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းတော့ မရှိပေ။
ရန်ကိုင်က ပြုံး၍ နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ "ငါနဲ့ လိုက်ခဲ့၊ အဲဒါဆို မင်းအတွက် အရမ်းကို အကျိုးရှိလိမ့်မယ်"
ရန်ကိုင် ပြောသည့်စကားကို ကြယ်အမြုတေ နားလည်လည် နားမလည်လည် ရန်ကိုင်ကမူ ဂရုစိုက်မနေခဲ့ဘဲ ကြယ်အမြုတေကို လှမ်းကိုင်၍ ကြယ်သန့်စင်ခြင်း ပညာရပ်ကို လှည့်ပတ်လိုက်လေသည်။ ထိုကြယ်အမြုတေကို သန့်စင်ရန်အတွက် ရန်ကိုင်အဖို့ တစ်ခဏလေးသာ အချိန်ယူခဲ့ရသည်။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ ရှိနေသော ကြယ်မြေပုံထဲဝယ် ဤကြယ်ကို ကိုယ်စားပြုနေသည့် အလင်းစက်လေးမှာ ရုတ်တရက်ဆိုသလို အလွန်တရာကိုမှ စူးရှစွာ တောက်ပလာခဲ့လေသည်။ သို့သော်လည်း တစ်ခဏအကြာ၌ ထိုအလင်းရောင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။ ယခင်ပုံစံနှင့် ယှဉ်ကြည့်လိုက်မည်ဆိုလျှင်တော့ ယခု အလင်းစက်ကလေးသည် ယခင်ကထက် အနည်းငယ် ပိုမို တောက်ပနေကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။
ထို့နောက်တွင် ရန်ကိုင်သည် ကြယ်မြေပုံကို တစ်ခဏမျှ လေ့လာနေပြီးသည့်နောက် နောက်ထပ် ပစ်မှတ်တစ်ခုဆီသို့ ဦးတည်သွားလေ၏။
ရန်ကိုင်သည် မီးတိမ်တိုက်ကြယ်၏ ကောင်းကင်အထက်တွင် ဝဲရင်းမှ အောက်ဘက်သို့ ငုံ့ကြည့်နေခဲ့သည်။ မီးတိမ်တိုက်ကြယ်ပေါ်ရှိ မြို့ကြီးများမှာ ငြိမ်းချမ်းနေကြလေသည်။ မြို့ထဲတွင် နေကြသည့် လူများမှာလည်း အေးအေးချမ်းချမ်းသာ ရှိနေကြလေ၏။
တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကျူးကျော်မှုသည် ဤမီးတိမ်တိုက်ကြယ်အပေါ် အနည်းငယ်မျှပင်လျှင် အကျိုးသက်ရောက်မှု မရှိသည့်အလား။ ကြယ်ကြီးတစ်ခုလုံးမှာ ယခင်ကကဲ့သို့ စည်ကားသက်ဝင်မြဲ စည်ကားနေခဲ့လေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မီးတိမ်တိုက်ကြယ်မှ ကျင့်ကြံသူများ အလွန်ကိုမှ အားကောင်းလှသည့် အတွက်ကြောင့် မဟုတ်။ ရှင်းရှင်းပြောရသော် မီးတိမ်တိုက်ကြယ်သည် ကြယ်စီရင်စုကြီးထဲဝယ် သာမန်အဆင့် ကြယ်တစ်လုံးထက် အနည်းငယ် ပိုကောင်းသည့် ကြယ်လေးတစ်လုံးသာ ဖြစ်ပေသည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သော နေလကြယ်နှင့် ယှဉ်လိုက်သော် အကွာကြီး ကွာပေသည်။ သို့သော်လည်း ယခုကဲ့သို့ စစ်ဘေးဒဏ်မှ ကင်းဝေးနေရခြင်းမှာ ဤကြယ်တွင် ကြယ်သခင်တစ်ပါး ရှိနေသည့်အတွက်ကြောင့်ပင်။
ရှနင်းချန်သည် ထုန်းရွှမ်လောကကြီးကို ကာကွယ်စောင့်ရှောက်နေပေးပါသော်လည်း ထုန်းရွှမ်လောကကြီးမှာ အလွန်ကိုမှ အားနည်းနေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မရဏဂိုဏ်းမှာ ထုန်းရွှမ်လောကကြီးအား ကျူးကျော်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
ထုန်းရွှမ်လောကကြီးနှင့် ယှဉ်လိုက်သော် မီးတိမ်တိုက်ကြယ်သည် အတော်လေးကို ပို၍ အားကောင်းလှပေသည်။ ကြယ်သခင်တစ်ပါးကလည်း စောင့်ကြပ်နေသည့်အတွက်ကြောင့် မရဏဂိုဏ်းသည်သာ ဤကြယ်အား ကျူးကျော်လိုပါက တန်ရာတန်ကြေး ကြီးကြီးမားမားကို ပေးဆပ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် အခြားသော ကြယ်များမှာ စစ်ဘေးဒဏ်ကို ခံစားနေရချိန် ဤကြယ်ကြီးမှာတော့ စစ်ဘေးဒဏ်မှ ကင်းဝေးကာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေရခြင်းပင်။
မီးတိမ်တိုက်ကြယ်ကဲ့သို့သော ကြယ်မျိုး ဤကြယ်စီရင်စုကြီးထဲ များများစားစား မရှိလှ။ ခြောက်နေရာလောက်သာ ရှိကြသည်။ မရဏဂိုဏ်းနှင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ ရည်ရွယ်ချက်မှာ သိမ်းရလွယ်ကူသော အခြားသော နေရာများကို အရင်ဦးစွာ သိမ်းပြီးမှ ကြယ်သခင်များ ရှိကြသော ကျင့်ကြံရေး ကြယ်များကို စုပေါင်းကာ တိုက်ခိုက်ကြရန် ဖြစ်လေသည်။
သို့သော်လည်း ရန်ကိုင် ပြန်ရောက်လာသည့်အတွက်ကြောင့် သူတို့၏ အစီအစဉ်အားလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ကြရလေသည်။
"ဘယ်ဧည့်သည်တော် ရောက်နေလဲဆိုတာကို သိလို့ရမလား၊ ချက်ချင်း လာမကြိုမိလို့ ဒီချီဟွော့ တောင်းပန်ပါတယ်၊ ဧည့်သည် ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါလား" ကျယ်လောင်သည့် အသံတစ်သံ မီးတိမ်တိုက်ကြယ်ဆီမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံနှင့်အတူ မီးတိမ်တိုက်ကြယ် တစ်ခုလုံး တိတ်ကျသွားခဲ့ပြီး လူပေါင်းများစွာသည် အပေါ်သို့ မော့ကြည့်လာခဲ့လေသည်။ အချို့မှာတော့ မြေပြင်ပေါ်သို့ ဒူးထောက်၍ တလေးတစားဖြင့် ရေရွတ်လိုက်ကြလေ၏။ "သက်တော် ရာကျော်ရှည်ပါစေ ဆရာချီဟွော့"
ထိုအသံကြီးသည် ရန်ကိုင်၏ နားထဲ မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင် အနီးပတ်လည်၌ ရှိနေသော လောကနိယာမများမှ ရန်ကိုင်အား ငြင်းဆန်နေသည့် အရိပ်အယောင်အချို့လည်း ထွက်ပေါ်လာခဲ့လေသည်။ သာမန် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူ တစ်ဦးသည်သာ ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရလျှင် အတွင်းဒဏ်ရာအချို့ ရသွားနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ပြုံးရင်းမှ လက်ညှိုးတစ်ချောင်းသုံး၍ သူ့နားကို ကလော်လိုက်သည်။ ထို့နောက် တစ်ခုသော အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။
[ခြိမ်းခြောက်တာပေါ့ ဟုတ်လား] ရန်ကိုင်သည် ပြုံး၍ ပြန်ပြောလိုက်၏။ "ကောင်းပြီ"
ထို့နောက်တွင် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ ထိုအရပ်ဆီသို့ ပျံသန်းသွားလေ၏။
အစောပိုင်းက ရန်ကိုင် ရပ်နေခဲ့သော နေရာမှ မိုင်သုံးထောင်ခန့် အကွာတွင် ချော်ရည်များသည် မီးတောင်ပတ်လည်တွင် စီးဆင်းနေကြလေသည်။ အရွယ်အစား ပုံစံအမျိုးမျိုး ရှိကြသော မီးတောင်များဆီမှ မီးခိုးများ တစ်ဟုန်းဟုန်း ထွက်ပေါ်နေခဲ့သည်။ ဤနေရာတစ်ခုလုံး၏ အပူချိန်မှာ မခံမရပ်နိုင်လောက်အောင်ကို မြင့်မားလွန်းလှပေသည်။ အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးသာ ဤအနားသို့ ကပ်လာမည်ဆိုပါက ဤနေရာရှိ အပူဒဏ်ကို လုံးဝ မခံနိုင်ဘဲ ချက်ချင်း ပြန်လှည့်ထွက်သွားရပေလိမ့်မည်။
ချီဟွော့၏ မီးတောက်နန်းတော်သည် အကြီးမားဆုံး မီးတောင်ဝတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်လေသည်။ နန်းတော်ကြီးမှာ ကြီးကျယ်ခမ်းနားလှပြီး မီးတောက်ကဲ့သို့ နီရဲနေခဲ့လေသည်။
ယနေ့တွင် မီးတောက်နန်းတော်တစ်ခုလုံး ကခုန်သံများ တီးလုံးသံများဖြင့် ပြည့်နေခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ယနေ့သည် မီးတိမ်တိုက်ကြယ်၏ ကြယ်သခင် ချီဖော့ ကိုယ်လုပ်တော်အသစ် ယူသည့်နေ့ ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤကြယ်၏ ဒေသခံပေါင်းများစွာသည် ကြယ်သခင်ဖြစ်သော ချီဟွော့အား လာရောက် ဂုဏ်ပြုကြလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၆၄)
ဘာသာပြန်သူ_တိမ်တိုက်
မီးတိမ်တိုက်ကြယ်၏ ကြယ်သခင်တစ်ဦးဖြစ်သည့်အလျောက် ချီဟွော့သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ချီဟွော့သည် ဤကြယ်စီရင်စုကြီး၏ ထိပ်တန်းပညာရှင်များအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ပြော၍ရသည်။ သူ့ကဲ့သို့သော ကျင့်ကြံသူတစ်ဦးအနေဖြင့် ဆက်ကျင့်နေလည်း နောက်တစ်ဆင့်သို့ ရောက်နိုင်တော့လိမ့်မည် မဟုတ်သည့်အတွက်ကြောင့် ဘာမှထပ်မကျင့်ဘဲနေ၍လည်း ကိစ္စမရှိတော့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ချီဟွော့မှာ သူ့ဘဝကြီးကို ပျော်ပျော်ခံစားနေခြင်းပင် ဖြစ်လေသည်။
ချီဟွော့လက်ထပ်ယူသည့် ကိုယ်လုပ်တော်မှာ တန်ခိုးရှင်ပထမအဆင့်သာ ရှိသေးပါသော်ငြား အတော်လေးကိုမှ လှပသည့် အမျိုးသမီးတစ်ဦးတော့ ဖြစ်ပေသည်။
အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသော ချီဟွော့နှင့် သတို့သမီးတို့သည် နန်းတော်ထဲ ဘေးချင်းယှဉ် ထိုင်နေကြလေသည်။ နေရာအမျိုးမျိုးမှ ဧည့်သည်တော်များသည် ချီဟွော့၏မင်္ဂလာပွဲကို လာရောက်ဂုဏ်ပြုကြလေ၏။ ဧည့်သည်များမှ ချီဟွော့နှင့် ခွက်ချင်းလာတိုက်သည့်အခါတွင် ချီဟွော့အတွက် လက်ဆောင်များကိုပါ ယူလာပေးခဲ့ကြသည်။ တစ်ချိန်တည်းတွင်လည်း ချီဟွော့အား ချီးမွမ်းစကားများ ဆိုသွားခဲ့လေရာ ချီဟွော့မှာ နှစ်ထောင်းအားရ ဝမ်းသာနေခဲ့ရလေသည်။
အမျိုးသမီးမှာမူ ယဲ့ယဲ့လေးပြုံးရင်းမှ ချီဟွော့ဘေး၌ မလှုပ်မယှက် ထိုင်နေခဲ့လေသည်။ အမျိုးသမီးတော်တော်များများမှာ သတို့သမီးကို လက်ညှိုးတထိုးထိုးလုပ်ကြရင်း မနာလိုအားကျသည့် အမူအယာများဖြင့် တီးတိုးစကားများ ပြောနေကြလေသည်။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ချီဟွော့နှင့် ခွက်ချင်းလာတိုက်သည့်အခါတွင် ချီဟွော့မှာ သူ့ခွက်ကိုမြှောက်၍ ခွက်ချင်းပြန်တိုက်တော့မည်အပြု ရုတ်ချည်းဆိုသလို အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့အမူအယာမှာလည်း လေးနက်တည်ကြည်သွားခဲ့လေ၏။
ချီဟွော့၏ ပြောင်းလဲသွားသောပုံစံကြောင့် ခန်းမတစ်ခုလုံးမှာ ရုတ်ချည်းဆိုသလို တိတ်ကျသွားခဲ့ပြီး အကုန်လုံး၏အကြည့်သည် ချီဟွော့ဆီသို့ ရောက်ရှိလာခဲ့လေသည်။
တစ်ခဏအကြာတွင် ချီဟွော့သည် သူ့ခွက်ကိုချ၍ အော်ပြောလိုက်လေသည်။ “ဘယ်ဧည့်သည်တော်ရောက်နေတာလဲ သိလို့ရမလား… ကျုပ်ချီဟွော့ ချက်ချင်းလာမနှုတ်ဆက်မိတာ တောင်းပန်ပါတယ်… ဧည့်သည်တော် ကျေးဇူးပြုပြီး ဒီထဲကို လာခဲ့ပေးပါ…”
ချီဟွော့၏စကားကြောင့် လူတိုင်းမှာ ထိတ်လန့်သွားခဲ့ကြရတော့သည်။ ချီဟွော့ တစ်စုံတစ်ဦးအပေါ် ဤမျှရိုကျိုးသည်ကို သူတို့ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ချီဟွော့၏ကျင့်ကြံခြင်းမှာ ဤကြယ်စီရင်စုကြီး၏ အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်သလို သူကိုယ်တိုင်သည်လည်း မီးတိမ်တိုက်ကြယ်၏ ကြယ်သခင်ဖြစ်လေသည်။ ထိုအကြောင်းကြောင့် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဤနေရာသို့ ရောက်လာမည်ဆိုလျှင်ပင် ချီဟွော့ရှေ့၌ ဦးညွှတ်ရပေလိမ့်မည်။ တကယ်တော့ ဤနေရာသည် ချီဟွော့၏ပိုင်နက်ပင် မဟုတ်လေလော။
(ဆရာချီဟွော့ကတောင် ဒီလောက် ရိုရိုသေသေနဲ့ ဆက်ဆံနေရတာ… ဘယ်သူများလဲ…)
လူတစ်အုပ်ကြီးတစ်ခုလုံး နားမလည်နိုင် ဖြစ်နေကြစဉ်မှာပင် သူတို့ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် အသံတစ်သံကို ကြားလိုက်ရလေ၏။ “ကောင်းပြီလေ…”
ဧည့်သည်များ၏စိတ်ထဲ ထူးဆန်းသလို ခံစားလိုက်ကြရလေသည်။ အကြောင်းမှာ ချီဟွော့၏စကားအား တုံ့ပြန်လိုက်သည့်လူ၏ အသံမှာ အနည်းငယ်မျှပင် နှိမ့်ချခြင်းမရှိဘဲ မောက်မာသည့်လေသံမျိုးပင် ပေါက်နေသည့်အတွက်ကြောင့်ပင်။
(အဲ့ကောင်က ကိုယ့်နေရာကိုယ် မသိတာလား… ဆရာချီဟွော့ရဲ့ ပိုင်နက်ထဲ လာပြီးတော့ ဆရာချီဟွော့ကိုတောင် နည်းနည်းလေးမှ မလေးစားဘူး…) နန်းတော်ထဲရှိအခြေအနေမှာ ရုတ်ချည်းဆိုသလို ကို့ရို့ကားယား ဖြစ်သွားတော့လေသည်။ လူတိုင်းမှာလည်း ထူးထူးဆန်းဆန်းအမူအယာများဖြင့် ချီဟွော့ကြည့်နေသည်ဘက်ဆီသို့ လှမ်း၍ ကြည့်နေကြလေ၏။
ရန်ကိုင်သည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် မိုင်သုံးထောင်ဟူသော အကွာအဝေးကို တစ်ခဏအတွင်း ဖြတ်ကျော်လာခဲ့ပြီး မကြာမီတွင် မီးတောက်တောင်ဆီသို့ ရောက်လာခဲ့လေသည်။
ထိုနေရာသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်မှာ အောက်ဘက်ဆီမှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေ၏။ “စီနီယာ… ကျေးဇူးပြုပြီး ကျုပ်ကိုပါ အတူခေါ်သွားပေးလို့ရမလား..”
ရန်ကိုင် အောက်သို့ငုံ့ကြည့်လိုက်ရာ အနက်ရောင်ကျောက်တုံးတစ်တုံးပေါ်တွင် ရပ်နေသော လူတစ်ဦးကို တွေ့လိုက်ရလေသည်။ ချော်ရည်များမှာ နေရာအနှံ့ စီးဆင်းနေကြပြီး ခြစ်ခြစ်တောက်ကို ပူလောင်နေလေသည်။
ထိုလူသည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးပြီး အတော်လေးကိုမှ ငယ်ရွယ်လှပေသည်။ အသက် နှစ်ဆယ့်ခုနှစ်နှစ် နှစ်ဆယ့်ရှစ်နှစ်လောက်သာ ရှိမည့်ပုံပင်။ မျက်နှာမှာတော့ လေးထောင့်ကျကျဖြစ်၍ အနည်းငယ်စုတ်ပြတ်ပြတ် အဝတ်အစားများကို ဝတ်ဆင်ထားလေ၏။ ထိုလူ၏ပုံစံကိုကြည့်ရသလောက် အတော်လေးကိုမှ ခက်ခဲကြမ်းတမ်းသည့် ဘဝပေးအခြေအနေနှင့် ကြုံနေရသည့်ပုံပင်။ ချော်ရည်ဆီမှ ဖြာထွက်လာသည့် အပူရှိန်ဒဏ်ကို မခံနိုင်သည့်အလား ထိုလူ၏အရေပြားထက် မီးကျွမ်းရာများ ရှိနေခဲ့လေသည်။ သူ့ကိုယ်သူကာကွယ်ရန် အသုံးပြုထားသော သူတော်စင်ချီသည်ပင်လျှင် အပူရှိန်ဒဏ်ကြောင့် အချိန်မရွေးပျောက်ကွယ်တော့မည့်အလား အတော်လေးကိုမှ မှိန်ကျနေခဲ့လေ၏။
ချီဟွော့နေသည့် ဤမီးတိမ်တိုက်တောင်သည် မိုင်ပေါင်းထောင်နှင့်ချီကာ ရှည်လျားပေသည်။ ဤနေရာသည် သာမန်လူများ လာနိုင်သည့် နေရာမျိုးမဟုတ်။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ အကူအညီကိုသာ မရပါက သာမန်လူများ ဤနေရာသို့ ဖြတ်ကျော်လာမည်ဆိုလျှင် ကျိန်းသေ သေသွားရနိုင်ပေသည်။ သို့တိုင် လူငယ်လေးမှာတော့ နောက်သို့ လုံးဝ ဆုတ်မသွားခဲ့။ အခြေအနေမှာ အတော်လေးကိုမှ အဆင်မပြေ ဖြစ်နေသည့်တိုင် သူ့မျက်လုံးများမှာတော့ လုံးဝကို စိတ်ပိုင်းဖြတ်ထားသည့်အလား အနည်းငယ်မျှပင်လျှင် ကြောက်ရွံ့တုန်လှုပ်နေခြင်းမရှိ။ ရန်ကိုင် သူ့အား မကူညီလျှင်ပင် မီးတောက်နန်းတော်ဆီသို့ မရရအောင် သွားမည့်အလား။
“မင်း ငါ့ကိုပြောနေတာလား…” ရန်ကိုင်သည် ရပ်၍ လူငယ်လေးအား ငုံ့ကြည့်လိုက်သည်။
“စီနီယာ… ကျေးဇူးပြုပြီး ကျုပ်ကိုပါ အတူခေါ်သွားပေးပါလား… အဲ့ဒါဆိုရင် ကျုပ် ချွေ့မန်ယွမ် စီနီယာကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ…” လူငယ်လေးသည် ရန်ကိုင်အား ဦးညွှတ်၍ ပြောလိုက်လေသည်။
“ငါက ဘာဖြစ်လို့ မင်းကို အတူခေါ်သွားပေးရမှာလဲ…” ရန်ကိုင်က ပြုံးဖြီး၍ “မင်းကိုခေါ်သွားလို့ ငါ့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ…”
ချွေ့မန်ယွမ်က ခေါင်းခါလျက် “ကျုပ်မှာတော့ ကျုပ်အသက်ကလွဲပြီးတော့ အခြား ဘာတန်ဖိုးရှိတာမှ မရှိပါဘူး စီနီယာ…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “မင်းအသက်က ငါ့အတွက် အသုံးမဝင်ဘူး…”
ချွေ့မန်ယွမ်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ထို့နောက် သက်ပြင်းချ၍ ဘာမှထပ်ပြောမနေတော့။ သူ့ဘာသာသူ ပျံသန်းရန်သာ ပြင်လိုက်တော့လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် သူ့ဘေးပတ်ပတ်လည်၌ စီးဆင်းနေသော ချော်ရည်များသည် အသက်ဝင်လာသည့်ပမာ ချော်ရည်မြွေများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့အား ခုန်အုပ်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ချွေ့မန်ယွမ်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ကြည့်ရသလောက် ယနေ့ ဤနေရာ၌ သူသေရတော့မည့်ပုံပင်။ ထိုအကြောင်းကြောင့် ခုခံနေရန်ပင် ကြိုးစားမနေတော့ဘဲ မီးတောက်နန်းတော်ဆီသို့သာ တစ်ချက် လှမ်း၍ ကြည့်လိုက်လေ၏။ သို့သော်ငြား လက်တွေ့မှာတော့ သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ သူစောင့်မျှော်နေသည့်နာကျင်မှုမှာ ရောက်မလာခဲ့သလို ခြစ်ခြစ်တောက်ပူလောင်သည့်အပူချိန်မှာလည်း ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှသာလျှင် သူကယ်တင်ခံလိုက်ရမှန်း ချွေ့မန်ယွမ်သိသွားတော့သည်။ သူ့ဆီသို့ ခုန်အုပ်ရန် ကြိုးစားနေသော ချော်ရည်မြွေကြီးသည် ချော်ရည်အသွင်သို့ ပြန်ပြောင်းသွားကာ အခြားတစ်နေရာသို့ စီးသွားလေ၏။
ထို့နောက်တွင် ချွေ့မန်ယွမ်သည် ရန်ကိုင်အားကြည့်၍ ကျေးဇူးတင်တကြီးဖြင့် ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ…”
“ထားလိုက်တော့… ဒီနေ့ မင်းနဲ့ငါတွေ့တာ ကံကြမ္မာပါလို့ဆိုမှတော့ မင်းကိုပါ အတူခေါ်သွားပေးရမှာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ချွေ့မန်ယွမ်အား အင်္ကျီကော်လံမှ လှမ်းဆွဲလိုက်လေသည်။ ထို့နောက် လူငယ်လေးအား ကြက်ကလေးတစ်ကောင်ကိုကိုင်သည့်ပမာ ဆွဲကိုင်၍ သူနှင့်အတူ ခေါ်သွားလိုက်လေ၏။
မကြာမီတွင် ရန်ကိုင်တို့မှာ မီးတောက်တောင်ဆီသို့ ရောက်လာခဲ့လေသည်။ ချွေ့မန်ယွမ်အား မြေပြင်ပေါ်တွင် ပစ်ချပြီးသည့်နောက်တွင် ရန်ကိုင်သည် မီးတောက်နန်းတော်ထဲသို့ လျှောက်ဝင်သွားခဲ့လေသည်။ လူငယ်လေးမှာ အသိပြန်ဝင်လာချိန် ရန်ကိုင်အား ကျေးဇူးတင်ရန် ကြိုးစားလိုက်ပါသော်ငြား ရန်ကိုင်အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ ထိုအကြောင်းကြောင့် အံကိုကြိတ်၍သာ ရန်ကိုင်နောက်သို့ ဆက်လိုက်သွားတော့လေ၏။
နန်းတော်၏ ဂိတ်တံခါးပေါက်မှာ ပွင့်နေခဲ့လေသည်။ ရန်ကိုင် အထဲသို့ ဝင်လာချိန်တွင် အကြည့်ပေါင်းများစွာသည် သူ့ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။ ထိုအကြည့်များထဲ ဝေဖန်ပြစ်တင်လိုသည့်အကြည့်များ ရှိနေသလို သူ့အပေါ် ရန်လိုသည့်အကြည့်များလည်း ပါဝင်နေကြပေသည်။
အနီရောင်ဆံပင် အနီရောင်မုတ်ဆိတ်မွေးနှင့် လူထွားကြီးတစ်ဦးသည် စင်မြင့်တစ်ခုပေါ်တွင် ထိုင်နေခဲ့လေသည်။ ထိုလူထွားကြီးသည် မီးတောက်များပမာ နီရဲနေသော အနီရောင်ဝတ်စုံကိုလည်း ဝတ်ဆင်ထားသေး၏။ ထိုလူတစ်ကိုယ်လုံး နီရဲနေခြင်းသာမဟုတ်။ ထိုလူ၏မျက်လုံးများသည်လည်း အလျှံငြီးငြီး တောက်လောင်နေသည့် နေနှစ်စင်းပမာ အနီရောင်တလက်လက် တောက်နေခဲ့လေသည်။
ချွေ့မန်ယွမ်သည် ရန်ကိုင်နောက်မှ မသိမသာလေး ခေါင်းပြူထွက်လာပြီး ချီဟွော့ဘေးနားတွင် ထိုင်နေသော သတို့သမီးအား ဒွိဟဖြစ်နေသည့်အမူအယာဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် သူ့နှုတ်ခမ်းလေးများ မသိမသာ လှုပ်သွားခဲ့လေသည်။ သူ့အသံမှာ အလွန်ကိုမှ တိုးလျပါသော်ငြား ရန်ကိုင်ကမူ သေချာကြားလိုက်ရပေသည်။ အလားတူပင် ချွေ့မန်ယွမ်ပြောလိုက်သည့်စကားကို ကြားလိုက်သည့်အလား သတို့သမီး၏ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ မျက်လွှာချ၍ ပုံမှန်အတိုင်း ပြန်နေလိုက်လေ၏။
ချီဟွော့နှင့်ရန်ကိုင်သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြလေသည်။ ချီဟွော့မှာ ရန်လိုခက်ထန်သည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေခဲ့ပါသော်ငြား ရန်ကိုင်မှာမူ ရှေးဟောင်းကန်ရေပြင်တစ်ခုပမာ တည်ငြိမ်လှသည့်အကြည့်မျိုးဖြင့် ပြန်၍ စိုက်ကြည့်နေလေ၏။ ခန်းမတစ်ခုလုံးမှာတော့ ရန်ကိုင်တို့နှစ်ဦး၏ အကြည့်အောက်ဝယ် လုံးဝကို တိတ်ဆိတ်နေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ချီဟွော့သည် ဝါးလုံးကွဲအော်ရယ်မော၍ သူ့ဘေးနားတွင်ထိုင်နေသော သတို့သမီး၏လက်ကို ကောက်ကိုင်ကာ ပြောလိုက်လေသည်။ “ဒီနေ့က ငါ့မင်္ဂလာနေ့ပဲ… ဒီလိုနေ့မျိုးမှာ အခုလိုမျိုး ကြီးကျယ်တဲ့ ဧည့်သည်တော်တစ်ယောက် ရောက်လာမယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး… တကယ်ကို ဝမ်းသာစရာပါလား… ဧည့်သည်တော်ရဲ့နာမည်ကို ငါသိလို့ရမလားမသိဘူး…”
ဤသည်မှာ မေးခွန်းတစ်ခုသာဖြစ်ပါသော်ငြား ချီဟွော့၏မေးမြန်းပုံသည် ခေါင်းဆောင်တစ်ဦးမှ လက်အောက်ငယ်သားတစ်ဦးကို မေးမြန်းနေသည့်ပုံစံမျိုး ပေါက်နေလေသည်။ ချွေ့မန်ယွမ်ကိုမူ ချီဟွော့မှာ အနည်းငယ်မျှပင် အရေးစိုက်မနေခဲ့ပေ။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “နာမည်တွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားဖို့သုံးတဲ့ ဂုဏ်ပုဒ်တွေဆိုတာကလွဲပြီးတော့ ဘာမှမထူးခြားပါဘူး… ဒီတော့ ပြောနေလည်း ဘာမှထူးမှာမဟုတ်ဘူး.. ကျုပ် အခု ဒီနေရာကို ရောက်လာရတဲ့အကြောင်းအရင်းက ရောင်းရင်းချီဆီကနေ အကူအညီတစ်ခုလောက် တောင်းချင်လို့ပဲ…”
ချီဟွော့က မျက်လုံးမှေးစင်းလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ကိစ္စကို နောက်တစ်နေ့မှ ပြောလို့ရမလား… ဒီနေ့က ငါ့မင်္ဂလာနေ့ဆိုတော့… ညီလေး… မင်း စိတ်ထဲမထားဘူးဆိုရင် ဒီမှာ တစ်ခါတည်း ငါတို့နဲ့အတူ ဝင်သောက်သွားလေ…”
ချီဟွော့သည် ရန်ကိုင်၏နာမည်ကို မေးလိုက်ပါသော်ငြား ရန်ကိုင်မှာ ပြန်မဖြေခဲ့ဘဲ အခြားကိစ္စတစ်ခုကိုသာ ပြောလိုက်သည့်အတွက်ကြောင့် ချီဟွော့မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။ ဤလူငယ်လေးသည် အတော်လေးကိုမှ မောက်မာသည်ဟုလည်း သူ့စိတ်ထဲ ခံစားလိုက်ရလေသည်။ (ငါ့ကိုများ ရောင်းရင်းချီလို့ လာခေါ်ရဲတယ်… မောက်မာလိုက်တဲ့ကောင်… ငါ့ဘက်ကသဘောကောင်းပြနေတာနဲ့ ငါနဲ့ ရင်ပေါင်တန်း ရပ်လို့ရမယ်များ မှတ်နေလားမသိဘူး…)
သူ့အနေဖြင့် ရန်ကိုင်အား ဤနေရာမှ ကန်မထုတ်ရခြင်းမှာ ရန်ကိုင်၏ခွန်အားသည် အတော်လေးကိုမှ အံ့အားသင့်ဖွယ်ကောင်းသည်ဟု ဝိုးတိုးဝါးတား ခံစားမိနေသည့် အတွက်ကြောင့်ပင်။ ထို့အပြင် ယနေ့သည် သူ၏မင်္ဂလာပွဲ ဖြစ်သည့်အတွက်ကြောင့် သူ့မင်္ဂလာပွဲ၌ ပြဿနာမရှာလိုပေ။ ထိုသို့သာမဟုတ်ပါက ယခုကဲ့သို့ အေးအေးဆေးဆေး နေနေလိမ့်မည်မဟုတ်။ သို့တိုင် စကားပြောရင်းဆိုရင်းနှင့်မှ ချီဟွော့သည် အနည်းငယ်မျှပင်လျှင် အောက်ကျို့မခံဘဲ ရန်ကိုင်အား ညီလေးဟု ခေါ်ဝေါ်သုံးနှုန်းခဲ့လေသည်။
ရန်ကိုင်သည် သူပြောသည့်စကားကို ကြားပြီးသည့်နောက် ဆက်၍ခေါင်းမာနေတော့လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်ကမူ ခေါင်းခါ၍သာ ပြန်ပြောလိုက်သည်။ “ဒီကိစ္စက အရမ်းအရေးကြီးတယ်… ကျုပ် အလျင်မလိုဘူးဆိုပေမယ့် ဒီကိစ္စကို မြန်မြန်ပြီးအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲ… ဒီတေ့ာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရောင်းရင်းချီ…”
ထိုစကားကိုကြားလိုက်သည့်အခိုက် ချီဟွော့၏အမူအယာ ရုတ်ချည်း သုန်မှုန်သွားခဲ့လေသည်။ သူနှင့်ရန်ကိုင်သည် အသိအကျွမ်းများ မဟုတ်ကြ။ ထိုအကြောင်းကြောင့် သူနှင့်ရန်ကိုင်ကြား မည်သည့်ရန်ငြိုးရန်စမှ ရှိစရာအကြောင်းမရှိပေ။ သို့သော်ငြား ရန်ကိုင်၏ မောက်မာဝံ့ကြွားသည့်ပုံစံကြောင့် ချီဟွော့မှာ စတင်၍ ဒေါသထွက်လာရတော့သည်။ (ငါ တကယ်ကို ပြဿနာမရှာချင်ဘူး… ဒါပေမယ့် ဒီကောင်က ငါ့ကို ဒေါသမထွက်ထွက်အောင် လာလုပ်နေတာပဲ…)
ထိုအကြောင်းကြောင့် ချီဟွော့က အမြန်ပြန်ပြောလိုက်လေသည်။ “အဲ့လိုလား… အဲ့လိုဆိုရင်ပြောကြည့်လေ… ဘယ်လောက်အရေးကြီးလဲ သိရတာပေါ့…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒီကိစ္စက ဒီကြယ်စီရင်စုကြီးနဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတယ်…”
ထိုစကားကိုကြားပြီးသည့်နောက် ချီဟွော့မှာ ယာယီမျှ ကြောင်အမ်းအမ်းဖြစ်နေပြီးသည့်နောက် ဝါးလုံးကွဲ ထအော်ရယ်မောတော့လေသည်။ အလားတူပင် ခန်းမထဲ၌ရှိနေသော အခြားသောဧည့်သည်များမှာလည်း ချီဟွော့နည်းတူ သံယောင်လိုက်ကာ ရယ်မောကြကုန်လေသည်။
ချီဟွော့၏ပုံစံကို ကြည့်ရသလောက် ဤလူငယ်လေးအား သိပ်၍ သဘောမတွေ့သည့်ကို ခန်းမထဲရှိလူများ သဘောပေါက်လိုက်ကြလေသည်။ ထိုအကြောင်းကြောင့် မုတ်ဆိတ်ရှည်နှင့်လူအိုကြီးတစ်ဦးက ချက်ချင်း ဝင်ပြောတော့လေသည်။ “ကောင်လေး… ဒီနေရာက မီးတောက်နန်းတော်ကွ… မင်း မဟုတ်တရုတ်စကားတွေကို လာပြောချင်တိုင်း ပြောလို့ရတဲ့နေရာမဟုတ်ဘူး… မင်းလာရာဆီပဲ ပြန်သွားလိုက်စမ်းပါကွာ… ဆရာချီဟွော့ ဒီနေ့ စိတ်ကောင်းဝင်နေလို့… ဒီတော့ မင်းလိုကောင်မျိုးနဲ့ အချိန်ကုန်လေကုန်ခံနေမှာမဟုတ်ဘူး…”
“ဟုတ်တယ်… မြန်မြန်ပြန်သွားလိုက်ပေတော့… အချိန်တွေလာဖြုန်းမနေနဲ့…”
“ဆရာချီဟွော့က သဘောကောင်းပေးနေတာတောင် ဒီကောင်က ဒီလောက်ထိရူးမယ်လို့ ငါ မထင်ထားခဲ့ဘူး…”
“ကြယ်စီရင်စုကြီးတစ်ခုလုံး ဒီလောက်တောင်ငြိမ်းချမ်းနေတာကို ဒီကောင် ဘာတွေလာပြောနေတာလဲ…”
ရန်ကိုင်ကမူ ထိုလူများ၏လှောင်ပြောင်စော်ကားမှုကြောင့် အနည်းငယ်မျှပင် တုန်လှုပ်သွားခဲ့ခြင်းမရှိဘဲ မျက်မှောင်ကျုံ့၍သာ ချီဟွော့ကိုကြည့်၍ ပြောလိုက်လေသည်။ “ရောင်းရင်းချီ… မင်းအပြင်ဘက်ကသတင်းတွေအကုန်လုံးကို ပိတ်ထားတာလား… ဘာဖြစ်လို့ အဲ့လိုမျိုးလုပ်တာလဲ…”
ဧည့်သည်များသည် ကြယ်စီရင်စုကြီးထဲ ဘာတွေဖြစ်နေသလဲဆိုသည်ကို လုံးဝသိပုံမပေါ်။ (ဒီကြယ်စီရင်စုကြီးက အကြာကြီးငြိမ်းချမ်းနေတာ ဟုတ်လား… ဒီကောင်တွေက ပြင်ပအကြောင်း ဘာမှမသိကြဘူးပဲ…)
ထို့နောက်တွင် မီးတိမ်တိုက်ကြယ်ပေါ်သို့ ရောက်လာစဉ်က သူကြုံခဲ့ရသော အတားအဆီးများအကြောင်းကို ပြန်စဉ်းစားမိသွားခဲ့ပြီး ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို ချက်ချင်း နားလည်သွားတော့လေသည်။ ကြည့်ရသလောက် ဤနေရာရှိလူများ အပြင်လောကကြီးနှင့် မဆက်သွယ်လိုခြင်းမဟုတ်။ ဤကြယ်၏ ကြယ်သခင်ကကို ပြင်ပလောကကြီးနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပြင်ပလောကကြီး၌ ဘာတွေဖြစ်နေသလဲဆိုသည်ကို မသိကြခြင်းပင် ဖြစ်လေ၏။
ရန်ကိုင်သည် မုတ်ဆိတ်ရှည်ကြီးနှင့် လူအိုကြီးဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “လူအိုကြီး… တစ်စပြင်ကန္တာရကြယ်စီရင်စု ဒါမှမဟုတ် မရဏဂိုဏ်းအကြောင်းကို ခင်ဗျား မသိဘူးလား…”
လူအိုကြီးက မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်သည်။ “မင်း ဘာတွေလာပြောနေတာလဲ…”
“ဒီအရူးကောင် ဘယ်ကနေရောက်လာတာလဲကွ… ဒီကောင့်စကားပြောပုံက မဟုတ်တော့ဘူး… ဆရာချီဟွော့… ဒီကောင့်ကို မြန်မြန်မောင်းထုတ်လိုက်ပါတော့လား…” တစ်ယောက်ယောက်က ဝင်အော်ပြောလိုက်လေသည်။ ရန်ကိုင်၏ရောက်ရှိလာမှုကြောင့် မင်္ဂလာပွဲ၏ ပျော်ရွှင်ဖွယ်ရာအငွေ့အသက်တို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရသည်။
“မင်း ဘာလို့ အဲ့လိုမျိုးလုပ်တာလဲ ရောင်းရင်းချီ…” ရန်ကိုင်သည် ချီဟွော့အား ဇဝေဇဝါဖြစ်နေသည့် အမူအယာမျိုးဖြင့် လှမ်းကြည့်လိုက်လေသည်။ ချီဟွော့သည် သူ့ကြယ် အန္တရာယ်ကျရောက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်ထားခြင်းပေလော။ ထိုသို့သာဆိုလျှင်တော့ သူ့လုပ်ရပ်မှာ အတော်လေးကိုမှ မယုံကြည်နိုင်စရာ ကောင်းသွားခဲ့လေပြီ။ ဟုန်းလော့ကြယ်စီရင်စုကြီးသည်သာ ကျဆုံးသွားခဲ့မည်ဆိုလျှင် မီးတိမ်တိုက်ကြယ်အနေဖြင့် မည်ကဲ့သို့များ အသက်ရှင်သန်နိုင်ပါမည်နည်း။
ချီဟွော့က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “မင်းနဲ့ဘာမှမဆိုင်ဘူး..”
ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ “ခင်ဗျားမှန်တယ်…”
(ငါ့ပြဿနာမဟုတ်ဘူး… ငါ ဂရုစိုက်နေစရာအကြောင်းလည်းမရှိဘူး…)
ထိုသို့ဆိုပင်လျှင် ရန်ကိုင်က အကြံဉာဏ်အချို့ ပေးလိုက်လေသည်။ “ရောင်းရင်းချီ… အခုလိုမျိုး ဆက်လုပ်နေစရာမလိုတော့ဘူး… လွန်ခဲ့တဲ့နှစ်နှစ်လုံးလုံး တစ်စပြင်ကန္တာရကြယ်စီရင်စုနဲ့ မရဏဂိုဏ်းကလူတွေ ဒုက္ခရောက်နေကြရတာ… ဒီကြယ်စီရင်စုကြီးက ကျင့်ကြံသူတွေအကုန်လုံးက ရန်သူတွေကို ပြန်ပြီး တိုက်ခိုက်နေကြပြီ… ဒါပေမယ့် စစ်ပွဲက မပြီးသေးဘူး… ဒီတော့ မင်းသာ ဆန္ဒရှိမယ်ဆိုရင် ကူညီပေးလို့ရတယ် ရောင်းရင်းချီ… မီးတိမ်တိုက်ကြယ်ရဲ့ အကူအညီနဲ့ဆိုရင် ဒီစစ်ပွဲက ပိုပြီး မြန်မြန်ပြီးသွားနိုင်မယ်လို့ ငါ ယုံတယ်…”
ချီဟွော့က ပြုံးဖြီးလျက် “အဲ့ဒါဆို မင်း ဘာလို့ သူတို့ကို သွားမကူညီတာလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ငါ့မှာ ပိုပြီးအရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိလို့ပဲ… ဒါကြောင့်ပဲ ဒီကိုရောက်လာခဲ့တာ…”
“မင်းပြောတဲ့အရေးကြီးတဲ့ကိစ္စဆိုတာ ဘာကိုပြောတာလဲ… ငါတကယ်ကို သိချင်မိသား…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ရောင်းရင်းချီ… ငါ ဒီကို တစ်ခုခုငှားချင်လို့ လာခဲ့တာ…”
“မင်းဘာငှားချင်တာလဲ…” ချီဟွော့က လေသံတိုးတိုးဖြင့် ပြန်မေးလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း တွေးလိုက်လေ၏။ (မင်းလုပ်ပုံက ရယ်စရာကောင်းလွန်းနေတယ်ကွာ… ဧည့်သည်ဖြစ်ပြီးတော့ သူများတွေအကုန်လုံး လက်ဆောင်အသီးသီးနဲ့လာတဲ့အချိန် မင်းကျတော့ ဘာမှမပါဘဲနဲ့ ငါ့ဆီကနေပြီးတော့တောင် လာငှားချင်နေသေးတယ်… ဘယ်လိုကောင်မျိုးလဲကွ…)
ချီဟွော့မှာ ရန်ကိုင်အား စတင်၍ သတ်ဖြတ်ချင်နေလေပြီ။ ရန်ကိုင်သည်သာ မဟုတ်တရုတ်စကားတစ်ခုခုကို ထပ်ပြောလာမည်ဆိုပါက သူ့အနေဖြင့် ရန်ကိုင်အား ကျိန်းသေ တိုက်ခိုက်မိပေလိမ့်မည်။
“ဒီကြယ်ရဲ့အမြုတေကို ငှားချင်တာ…” ရန်ကိုင်သည် သူ့ခြေထောက်အောက်ရှိမြေပြင်ကို လက်ညှိးထိုးပြလိုက်ရင်းမှ ပြောလိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၆၅)
ဘာသာပြန်သူ_တိမ်တိုက်
နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ခြစ်ခြစ်တောက်ပူလောင်သည့်လေထုထဲ သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်လာခဲ့လေ၏။ ဧည့်သည်ပေါင်းများစွာတို့သည် သူတို့ ဘာတွေကြားလို့ကြားနေမှန်း မသိတော့သည့်အလား တစ်ဦးကိုတစ်ဦး ကြောင်အမ်းအမ်းအမူအယာများဖြင့် ကြည့်နေကြလေသည်။
“မင်းဘာပြောလိုက်တာ…” ချီဟွော့၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ (ခွေးကောင်… မီးတိမ်တိုက်ကြယ်ရဲ့ ကြယ်အမြုတေကို ငှားချင်တယ် ဟုတ်လား… ကြယ်အမြုတေဆိုတာ သူများတွေကို ငှားလို့ရတဲ့ ပစ္စည်းမျိုးမို့လို့လားကွ… ကြယ်အမြုတေငှားတဲ့ကိစ္စမျိုးကိုလည်း ငါ တစ်ခါမှ မကြားဖူးဘူး… ကြည့်ရတာ ဒီကောင် တမင်သက်သက် ငါ့ကို ပြဿနာလာရှာနေတာနဲ့တူတယ်…)
သတ်ဖြတ်လိုစိတ်တို့သည် ဒီရေလှိုင်းလုံးပမာ ဖြာထွက်လာခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်၏အပြုအမူသည် သူ့အား မကျေမနပ်ဖြစ်စေခဲ့သည်ဆိုလျှင် ယခု ပြောလိုက်သည့်စကားသည် သူ၏သတ်ဖြတ်လိုစိတ်ကို လှုံ့ဆော်ပေးလိုက်သည်ဟု ပြော၍ရပေသည်။ ကြယ်အမြုတေငှားရမ်းခြင်းကိစ္စသည် မပြောသင့်သည့်ကိစ္စမျိုး ဖြစ်လေရာ ဤလူငယ်လေးသည် သူ့အား တမင်သက်သက် ပြဿနာလာရှာနေခြင်းဖြစ်သည်ဟုသာ ချီဟွော့ ယုံကြည်သွားတော့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား ဤနေရာမှ အသက်ရှင်လျက် ထွက်မသွားစေရဟု ဆုံးဖြတ်လိုက်တော့လေသည်။
“ရောင်းရင်းချီ ဒေါသမထွက်ပါနဲ့ဦး…” ရန်ကိုင်က သူ့လက်ကိုမြှောက်၍ ပြန်ပြောလိုက်လေသည်။ “ကျုပ် ဒီကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာခဲ့တာမဟုတ်ဘူး… ဒီတော့ ကျေးဇူးပြုပြီး ကျုပ်ပြောတာလေးကို အဆုံးထိနားထောင်ပေးပါဦး…”
ချီဟွော့သည် ဒေါသထွက်ထွက်နှင့် အော်ရယ်မောရင်းမှ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆိုဆက်ပြော…” (မင်း ဘယ်လိုပြောဦးမလဲ ငါကြည့်ချင်သေးတယ်…)
“မင်းသာ မင်းရဲ့ကြယ်အမြုတေကို ငါ့ကိုငှားပေးလိုက်မယ်ဆိုရင် ဒီကြယ်စီရင်စုကြီးရဲ့ အခြေအနေကို ပိုပြီး ငြိမ်းချမ်းသွားအောင် တစ်ထောင့်တစ်နေရာကနေ ဝင်ကူညီပေးလိုက်တာနဲ့ အတူတူပဲ… အဲ့လိုဆိုလို့ရှိရင် ရောင်းရင်းချီ… မင်းကိုယ်တိုင်က ဒီကြယ်စီရင်စုကြီးရဲ့ သူရဲကောင်းတစ်ယောက်လို ဖြစ်သွားပြီ… ဒါပေမယ့် ကြယ်အမြုတေတွေဆိုတာ အရမ်းကိုအရေးကြီးတဲ့ပစ္စည်းတွေလေ… အခြားသူတွေဆီ ဘယ်လိုလုပ်ပြီး အလွယ်တကူငှားလို့ရမှာလဲ… ဒါကြောင့် ငါ မင်းဆီကနေ အလကားမတောင်းဘူး… တန်ရာတန်ကြေးတစ်ခု ပြန်ပေးပြီးတော့မှပဲ ငှားမယ်…”
ချီဟွော့မှာ ယာယီမျှ ကြောင်အမ်းအမ်းဖြစ်နေပြီးသည့်နောက် ဝါးလုံးကွဲအော်ရယ်မောတော့လေသည်။ “တန်ရာတန်ကြေး…”
(ငါ့လို ကြယ်စီရင်စုကြီးရဲ့ အထွဋ်အထိပ်မှာရှိနေတဲ့လူတစ်ယောက်က ဘယ်လိုပစ္စည်းမျိုးကို လိုချင်နိုင်ဦးမှာလဲ… ခွေးကောင်လေး ခွေးကောင်လေး… စကားကို ကောင်းကောင်းမပြောဘူး… မလှိမ့်တပတ်နဲ့ ငါ့ကို လာအရူးလုပ်ချင်နေတယ် ဟုတ်လား…)
“ဟုတ်တယ်… တန်ရာတန်ကြေးပဲ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ဝါးကို ဖြန့်ပြလိုက်ရာ သူ့လက်ဝါးထဲ ရောင်စုံစွမ်းအင်လုံးလေးတစ်လုံး ပေါ်လာခဲ့လေသည်။
“အဲ့ဒါက…” ချီဟွော့မှာ ထိုင်ရာမှ ချက်ချင်းထ၍ ထိုစွမ်းအင်လုံးလေးကို မမှိတ်မသုန် စိုက်ကြည့်လိုက်လေသည်။ ဧည့်သည်များမှာလည်း ထိုစွမ်းအင်လုံးအား ထိတ်လန့်တုန်လှုပ် လောဘတကြီးအမူအယာများဖြင့် လှမ်း၍ကြည့်လိုက်ကြလေသည်။
“ဒါကလည်း ကြယ်အမြုတေတစ်ခုပဲ… ဒါပေမယ့် ဒါနဲ့သက်ဆိုင်တဲ့ကြယ်မရှိဘူး…” ရန်ကိုင်က ရှင်းပြလိုက်သည်။ “အဲ့လိုဆိုပေမယ့် ဒါကိုသာ တန်ရာတန်ကြေးတစ်ခုအနေနဲ့ ပြန်သုံးမယ်ဆိုရင် ရောင်းရင်းချီရဲ့ကျင့်ကြံခြင်းကို အဲ့လောက်ထိခိုက်မှာမဟုတ်ဘူးလို့ ငါယုံတယ်… ကြယ်စီရင်စုကြီးထဲကကိစ္စတွေသာ လုံးဝငြိမ်းချမ်းသွားပြီဆိုလို့ရှိရင် မင်းရဲ့မီးတိမ်တိုက်ကြယ်ရဲ့ ကြယ်အမြုတေကို ငါ မင်းဆီ ပြန်ပေးမယ်… အဲ့လိုဆိုလို့ရှိရင် မင်း ဘာမှလုပ်စရာမလိုပဲနဲ့ နောက်ထပ်ကြယ်အမြုတေတစ်ခုကို အလိုလိုရသွားပြီ… ဘယ်လောက်တောင်အကျိုးအမြတ်ရှိလဲ…”
“ဒီကြယ်အမြုတေက ဘယ်ကြယ်ရဲ့အမြုတေလဲ…” ချီဟွော့က မေးလိုက်သည်။
ရန်ကိုင်က သူ့လက်ဝါးကိုဖြန့်ပြလျက် ပြန်ပြောပြလိုက်လေသည်။ “ငါပြောခဲ့သလိုပဲလေ… ဒီကြယ်အမြုတေနဲ့ သက်ဆိုင်တဲ့ကြယ်မရှိဘူး…”
ဤကြယ်အမြုတေများသည် ကြယ်ပျက်ပင်လယ်ထဲမှ ရန်ကိုင်ကောက်ယူလာခဲ့သော ကြယ်အမြုတေများသာ ဖြစ်ကြပေသည်။ ဤကြယ်အမြုတေများအနက် အချို့ကို အခြားသူများဆီ ပေးလိုက်ပြီဖြစ်ပါသော်ငြား သူ့တွင် များစွာကျန်ရစ်နေပေသေးသည်။
ချီဟွော့၏မျက်နှာထက် ဒွိဟဖြစ်နေသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်၏ကမ်းလှမ်းချက်ကို စိတ်ဝင်စားသွားသည့် အတွက်ကြောင့်တော့မဟုတ်။ ရန်ကိုင်သည် သူ့အား ကြယ်အမြုတေတစ်ခု ပြန်ပေးမည်ဆိုလျှင်ပင် ထိုကြယ်အမြုတေနှင့် သက်ဆိုင်သည့် ကြယ်အမြုတေမရှိသည့်အတွက်ကြောင့် ထိုကြယ်အမြုတေကို သန့်စင်လိုက်မည်ဆိုလျှင်ပင် ချီဟွော့သည် အမည်သက်သက်သာရှိသော ကြယ်သခင်တစ်ဦးသာ ဖြစ်နေပေလိမ့်မည်။ တကယ့်ကြယ်သခင်တစ်ဦးတော့ ဖြစ်နေလိမ့်မည်မဟုတ်။
သူ့စိတ်ထဲ ဒွိဟဖြစ်နေရခြင်းမှာ ရန်ကိုင်အား သတ်၍ ထိုကြယ်အမြုတေကို လုယူလိုက်လျှင် ကောင်းမလားဟု သူ့စိတ်ထဲ အတွေးဝင်လာမိသည့်အတွက်ကြောင့်ပင်။ သို့သော်ငြား ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။ သူသည်သာ ထိုကဲ့သို့လုပ်လိုက်မည်ဆိုပါက ဆိုးဆိုးရွားရွားအဆုံးသတ်နှင့် ကြုံရလိမ့်မည်ဟု သူ့မသိစိတ်က အချက်ပေးနေခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ချီဟွော့မှာ ဒွိဟဖြစ်သွားခဲ့ရခြင်း ဖြစ်လေသည်။
တစ်ခဏအကြာ၌ ထိုင်ခုံပေါ်သို့ပြန်ထိုင်၍ ချီဟွော့က ခေါင်းခါလိုက်သည်။ “မီးတိမ်တိုက်ကြယ်ရဲ့ ကြယ်အမြုတေကို ငါ မင်းဆီမငှားနိုင်ဘူး… ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါတော့…”
တစ်ချိန်တည်းတွင်လည်း ချီဟွော့ စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။ (ဒီကောင်က ကိုယ့်ရတနာကိုယ် ကောင်းကောင်းဖုံးကွယ်ရမယ်ဆိုတဲ့အကြောင်း မသိပါလား… ငါ သူ့ကို ဘာမှမလုပ်ရင်တောင် ဒီကောင် ဒီနေရာကနေထွက်သွားတာနဲ့တစ်ပြိုင်နက် အလစ်ချောင်းပြီး တိုက်ခိုက်ခံရမှာပဲ… အဲ့အချိန်ကျမှ သူ့ခွန်အားကို ကြည့်ပြီးတော့ လှုပ်ရှားသင့် မလှုပ်ရှားသင့် ဆုံးဖြတ်ရမယ်…)
ရန်ကိုင်သည် ကြယ်အမြုတေကို ပြန်၍ သိမ်းလိုက်လေသည်။ ထို့နောက် သူ့နဖူးကို လက်ဖြင့်ပွတ်ရင်းမှ ရေရွတ်လိုက်လေသည်။ “ဟူး… ထင်ထားတဲ့အတိုင်းပါလား… အကျိုးသင့်အကြောင်းသင့်ပြောတာက တကယ်ကို အလုပ်မဖြစ်ဘူးပဲ…”
ရန်ကိုင်သည် လူကြီးလူကောင်းဆန်ဆန် ကိစ္စအရပ်ရပ်ကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆွေးနွေးညှိုနှိုင်းကြည့်ချင်ပါသော်ငြား အဆုံးတွင်တော့ အကြမ်းနည်းကိုသုံးရန်သာ ဖြစ်လာရတော့သည်။ ရန်ကိုင်သည် သူ့နောက်တွင်ရပ်နေသော ချွေ့မန်ယွမ်ဘက်သို့လှည့်၍ ချွေ့မန်ယွမ်အား အင်္ကျီလည်တိုင်မှ ဆွဲကိုင်ကာ မေးလိုက်လေ၏။ “ကောင်လေး… မင်းနဲ့သူ့ကြားမှာ ဘာရန်ငြိုးရန်စတွေရှိနေတာလဲ… ရှိတာသာအကုန်ထုတ်ပြောလိုက်… ငါ ဒီနေ့ မင်းဘက်ကနေ ရပ်တည်ပေးမယ်…”
“ဟမ်…” ချွေ့မန်ယွမ် အံ့အားသင့်သွားခဲ့လေသည်။ ဤနေရာသို့ရောက်လာပြီးသည့်အချိန်မှစ၍ ချွေ့မန်ယွမ်၏အကြည့်သည် သတို့သမီးပေါ်တွင်သာ တောက်လျှောက်ကို ရောက်ရှိနေခဲ့သည်။ သူ့အကြည့်လွှဲသွားသည့်အချိန်ဆို၍ ရန်ကိုင်မှ ကြယ်အမြုတေအား ထုတ်ယူလာသည့်အချိန်သာ ဖြစ်လေ၏။ သို့သော်ငြား တစ်ခဏလေးအတွင်းမှာပင် သူ့အကြည့်သည် သတို့သမီးဆီသို့ ပြန်ရောက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ရုတ်တရက်ကြီး သူ့အင်္ကျီလည်တိုင်ကိုဆွဲကိုင်၍ ယခုကဲ့သို့ပြောလာသည်ကို ကြားသည့်အခါ ချွေ့မန်ယွမ်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။
“ဟမ် ဆိုတာ ဘာကိုပြောတာလဲ… ငါပြောသလိုပဲ… မင်း အဲ့သတို့သမီးနဲ့ သိတာလား…”
ချွေ့မန်ယွမ်က ချက်ချင်း ခေါင်းညိတ်ပြလိုက်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သေရမည်ကို မကြောက်ရွံ့ဘဲ သူ့ကျင့်ကြံခြင်းလေးဖြင့် မီးတောက်တောင်ထဲသို့ အတင်းတိုးဝင်လာရခြင်း ဖြစ်လေသည်။
“မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာလား…”
ချွေ့မန်ယွမ်က ခေါင်းထပ်ညိတ်ပြလိုက်သည်။
“ဒါဆို ဒီသက်ကြားအိုကြီးက ကြီးနိုင်ငယ်ညှင်းလုပ်ပြီးတော့ မင်းရဲ့မိန်းမကို အတင်းအကြပ်လုယူသွားတာပေါ့ ဟုတ်လား…”
“ဟုတ်ပါတယ်…” ချွေ့မန်ယွမ်က အော်ပြောလိုက်သည်။
“ကောင်းပြီ…” ရန်ကိုင်က အော်ပြောလိုက်လေသည်။ ချွေ့မန်ယွမ်အား ဘေးဘက်သို့ လွှင့်ပစ်လိုက်ပြီးသည့်နောက် ချီဟွော့အား ကြည့်၍ ပြောလိုက်လေ၏။ “မင်းရဲ့ခံစားချက်ကို ငါခံစားမိတယ်… ဒါကြောင့် ဒီနေ့ မင်းရဲ့သတို့သမီးကို ပြန်ရအောင် ငါကူညီပေးမယ်…”
ချွေ့မန်ယွမ်မှာ ထိတ်လည်းထိတ်လန့် ဝမ်းလည်းဝမ်းသာနေမိလေသည်။ ယနေ့အဖြစ်အပျက်သည် ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။ မီးတောက်နန်းတော်ထဲသို့ မဆုတ်မနစ်ဖြင့် ဝင်လာခဲ့ပါသော်ငြား သူ့အတွက်မျှော်လင့်ချက်မရှိမှန်း ချွေ့မန်ယွမ် သိနေခဲ့သည်။ သို့သော်ငြား တစ်ယောက်ယောက်သည် ရုတ်တရက် သူ့ဘက်မှ ရပ်တည်ပေးလာလိမ့်မည်ဟု ချွေ့မန်ယွမ် မထင်ထားခဲ့ပေ။
သို့သော်ငြား မကြာမီ တစ်ခုခုအား နားလည်သွားခဲ့ပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်လေသည်။ “စီနီယာ… ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမယ့်…”
“မင်းပါးစပ်ကိုပိတ်ထားလိုက်…”
ချွေ့မန်ယွမ်သည် သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်ပြီး စကားတစ်ခွန်းပင် ထပ်မပြောတော့ပေ။
ထိုအချိန်အတောအတွင်း စင်မြင့်ပေါ်တွင်ထိုင်နေသည့် ချီဟွော့မှာတော့ မျက်လုံးမှေးစင်းသွားခဲ့လေသည်။ ထို့နောက် မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြောလိုက်လေသည်။ “ပြဿနာတွေဆိုတာ စကားမှားတာကနေစတယ်ဆိုတာကို မင်းသိထားရင်းကောင်းလိမ့်မယ် ဂျူနီယာ… ငါ မင်းအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေလို့ သိပ်ပြီးတော့ ရောင့်တက်မလာနဲ့…”
(ဒီခွေးကောင်က တမင်သက်သက်ကို ပြဿနာလာရှာနေတာ လုံးဝသေချာသွားပြီ…)
ရန်ကိုင်က အော်ရယ်မောလျက် ချီဟွော့အား လက်ညှိုးထိုးရင်းမှ အော်ပြောလိုက်လေသည်။ “သက်ကြားအိုကြီး… ကြယ်စီရင်စုကြီးတစ်ခုလုံး ပြဿနာတွေဖြစ်ပြီးတော့ လူထောင်ပေါင်းများစွာ သေကြေနေရတဲ့အချိန်မှာ ခင်ဗျားက နည်းနည်းပါးပါး ဝင်ကူညီမပေးဘဲ ဒီမှာ အငြိမ့်သားနဲ့ ထိုင်နေတယ်.. ပြီးတော့ ခင်ဗျားကြယ်ပေါ်ကလူတွေ ဝင်ကူညီပေးလို့မရအောင်လည်း အပြင်ဘက်ကသတင်းတွေအကုန်လုံးကို အမှောင်ထားချတယ်… ဒီနေ့ ကျုပ်က သာမန်လူတွေအတွက် ရည်ရွယ်ပြီးတော့ လာခဲ့တာ… ခင်ဗျားသာ ကျုပ်နဲ့အတူ ပူးပေါင်းပေးမယ်ဆိုရင် ကျုပ် ခင်ဗျားလုပ်ရပ်ကို မသိကျေးကျွန် ပြုထားပေးဦးမှာ… ဒါပေမယ့် ခင်ဗျားက ခေါင်းမာမာနဲ့ငြင်းနေတယ်ဆိုမှတော့ ကျုပ်ကိုရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့…”
ရန်ကိုင်၏စကားကိုကြားပြီးသည့်နောက် ချီဟွော့မှာ ဒေါသူပုန်ထသွားကာ သူ၏ဆံပင်နီများသည် လေမတိုက်ဘဲနှင့်ပင် အလိုလို လွင့်ပျံသွားခဲ့လေသည်။ ထို့နောက် ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “မင်း ဘာပြောတာလဲကွ…”
ရန်ကိုင်က ပြန်အော်ပြောလေသည်။ “ခင်ဗျားမငှားချင်ဘူးဆိုရင်တောင် ကျုပ်ကတော့ ခင်ဗျားရဲ့ကြယ်အမြုတေကို ရအောင်ယူသွားရမှာပဲ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ချီဟွော့ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
“ခွေးကောင်…” ချီဟွော့၏အတွေးတစ်ချက်နှင့် မမြင်နိုင်သည့်စွမ်းအားတစ်ရပ်သည် ကောင်းကင်ထက်ဆီမှ သက်ဆင်းလာခဲ့လေသည်။ ထိုဖိအားအောက်ဝယ် လူတိုင်းမှာ သူတို့အပေါ်သို့ တောင်တစ်လုံးပြိုဆင်းကျလာသည့်အလား အသက်ကိုပင် ကောင်းကောင်းမရှူတော့နိုင် ဖြစ်သွားကြရလေသည်။
ချီဟွော့၏ပစ်မှတ်ဖြစ်သော ရန်ကိုင်မှာတော့ ထိုဖိအားကို အများဆုံးခံစားရသူတစ်ဦး ဖြစ်လေသည်။ ထိုဖိအားကြောင့်ပင် ရန်ကိုင်မှာ ရုတ်တရက် ရပ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှာလည်း မဆိုစလောက်ကလေး ကွေးကျသွားခဲ့သည်။
ဤသည်မှာ ကြယ်သခင်တစ်ပါး၏စွမ်းအား ဖြစ်ပေသည်။ မီးတိမ်တိုက်ကြယ်ပေါ်တွင် ရှိနေသည့်အတွက်ကြောင့် ချီဟွော့သည် ကြယ်အမြုတေ၏စွမ်းအားကို ထုတ်သုံးကာ သူ့ရန်သူများကို အလွယ်တကူသတ်ဖြတ်နိုင်ပေသည်။
သို့သော်ငြား ချီဟွော့၏အမူအယာမှာတော့ လုံးဝပျော်ရွှင်နေခြင်းမရှိခဲ့။ သူ့စိတ်ထဲ အလွန်တရာကိုမှ ထိတ်လန့်နေမိလေသည်။ ရန်ကိုင်၏စွမ်းရည်မှာ သူထင်ထားသကဲ့သို့ ဖြစ်မနေပေ။ (ဒီလောက်ဖိအားနဲ့တောင် ဒီကောင် ဘယ်လိုလုပ်ပြီး မြေပြင်ပေါ် မှောက်မသွားရတာလဲ… ဒီကောင်က တကယ်ကို သာမန်မဟုတ်ဘူးပဲ…)
ထိုကဲ့သို့တွေးရင်းမှ ချီဟွော့သည် ရန်ကိုင်အပေါ် ထုတ်သုံးထားသည့်ဖိအားကို ထပ်မံ၍ မြှင့်တင်လိုက်လေသည်။
ရန်ကိုင် တစ်ချက်ငြီးလိုက်သည်။ သူ့ခြေထောက်အောက်ရှိမြေပြင်မှာ ကြီးစွာသောဖိအားကြောင့် စတင်၍ အက်ကွဲလာခဲ့လေ၏။ သို့တိုင် ရန်ကိုင်မှာတော့ မျက်နှာတစ်ချက်ပျက်ခြင်းမရှိဘဲ အေးစက်စက်အမူအယာဖြင့် ပြုံး၍ပင် ပြန်ပြောလိုက်သေးသည်။ “မင်းမှာ ကြယ်အမြုတေစွမ်းအားရှိနေတော့ရော ဘာဖြစ်လဲ… ငါမင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား…”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အဝေးတစ်နေရာတွင်ရှိနေသော ကြယ်တစ်လုံးမှာ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် ထိုကြယ်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထိုအလင်းတန်းသည် မိုင်ပေါင်းမရေမတွက်နိုင်အောင် ဝေးကွာလွန်းလှသော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်၍ ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထိုအလင်းတန်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ နေ့ခင်းကြောင်တောင် ထွန်းလင်းတောက်ပနေသည့် သူရိန်နေမင်းပမာ တလက်လက်ကို တောက်ပလာတော့လေသည်။
ဤနေရာသည် အရိပ်ကြယ်မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်၏ပိုင်နက် မဟုတ်ပါသော်ငြား ရန်ကိုင်ရှိနေသည့်နေရာမှာ ကြယ်စီရင်စုကြီးဖြစ်နေဆဲ။ ထို့အတွက်ကြောင့် အရိပ်ကြယ်၏စွမ်းအားကို ဤနေရာသို့ ဆင့်ခေါ်နိုင်သည်မှာ အဆန်းတော့မဟုတ်ပေ။
အရိပ်ကြယ်၏စွမ်းအား သူ့ကိုယ်ထဲသို့ ရောက်ရှိလာပြီးသည့်နောက် ရန်ကိုင်ခံစားနေရသည့်ဖိအားမှာ ချက်ချင်းဆိုသလို လျော့ကျသွားခဲ့ရလေသည်။ သို့သော်ငြား ပြပွဲမှာ ဤမျှနှင့်ပင် အဆုံးမသတ်သေး။ ကြယ်တာရာကောင်းကင်၏ အစိတ်အပိုင်းအချို့မှာလည်း စတင်၍ လင်းလက်လာခဲ့ပြီး ရန်ကိုင်၏ကိုယ်ထဲသို့ စွမ်းအင်အချို့ကို စတင်ပို့လွှတ်ပေးတော့လေသည်။
ထိုလင်းလက်တောက်ပလာသော ကြယ်တာရာကောင်းကင်အစိတ်အပိုင်းမှာ လွန်ခဲ့သည့်နှစ်များအတွင်း ရန်ကိုင်သန့်စင်ခဲ့သော ကြယ်တာရာကောင်းကင်၏ အစိတ်အပိုင်းများသာ ဖြစ်ကြပေသည်။ ထိုကြယ်တာရာကောင်းကင်ထဲ ရှိနေသော စွမ်းအားသည် အရိပ်ကြယ်၏ ကြယ်အမြုတေစွမ်းအားလောက် သန့်စင်ခြင်း မရှိပါသော်ငြား အရိပ်ကြယ်မှ ထုတ်လွှတ်ပေးနိုင်သည့် စွမ်းအားထက်တော့ ပိုမိုများပြားနေလေသည်။
“ပျက်စီးလိုက်စမ်း…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။
“ခရက်…”
တစ်ခုခုပျက်စီးသွားသည့်အလား အက်သံတစ်သံနှင့်အတူ ကိုင်းနေသော ရန်ကိုင်၏ခန္ဓာကိုယ်မှာ ယခင်ကကဲ့သို့ ထောင်ထောင်မောင်းမောင်း ပြန်ဖြစ်လာခဲ့လေသည်။
ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ချီဟွော့မှာ အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်သွားကာ ထိုင်နေရာမှ အလန့်တကြား ထရပ်မိလိုက်လေသည်။ သူ ဘာမှမလုပ်နိုင်သေးခင်မှာပင် လူတစ်ဦး သူ့ရှေ့၌ ရုတ်တရက်ပေါ်လာပြီး သူ့လည်ပင်းအား ပြုတ်တူတမျှ မာကြောလှသော လက်တစ်စုံမှ ဆွဲညှစ်လာခဲ့သည်။ ထိုလက်မှ စီးဝင်လာနေသည့် ခွန်အားမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည့်အတွက်ကြောင့် ချီဟွော့မှာ သူ့ခွန်အားအနည်းငယ်ကိုပင်လျှင် ထုတ်မသုံးနိုင် ဖြစ်သွားခဲ့ရလေသည်။
မမြင်နိုင်သည့် စွမ်းအားတစ်ရပ်သည် ချီဟွော့၏ခန္ဓကိုယ်တစ်ခုလုံးကို တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။ ထိုစွမ်းအား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချီဟွော့နှင့် မီးတိမ်တိုက်ကြားရှိ ဆက်သွယ်ချက်မှာ အကြောင်းအရင်းမရှိ ပြတ်တောက်သွားခဲ့ရလေ၏။ ထိုမျှသာလျှင်မဟုတ်သေးဘဲ သူသန့်စင်ထားသော ကြယ်အမြုတေမှာလည်း တမုတ်ဟုတ်ချည်း ဖိနှိပ်ခံလိုက်ရလေသည်။ ထိုအဖြစ်အပျက်ကြောင့် ချီဟွော့မှာ အကြီးအကျယ် မျက်လုံးပြူးသွားခဲ့ရလေ၏။ (ကြောက်ဖို့ကောင်းလိုက်တာ… ဒီလူ တကယ်ကြီးဘယ်သူလဲ…”
“ခွမ်… ခွမ်… ခွမ်…” အရက်ခွက်များ ကြမ်းပြင်ပေါ်သို့ပြုတ်ကျပြီး ကွဲသွားသည့်အသံများနှင့်အတူ ခန်းမထဲသို့ ရောက်ရှိနေကြသော ဧည့်သည်အားလုံးသည် ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြောင်ကြည့်နေကုန်ကြလေသည်။ ကြယ်သခင်တစ်ဦးသည် သူ့ကြယ်ပေါ်တွင် ဘယ်ကမှန်းမသိရသော လူငယ်လေးတစ်ဦး၏ လည်ပင်းညှစ်ခြင်းကို မည်ကဲ့သို့များ ခံထားရလေသနည်း။
ရန်ကိုင်နှင့် ချီဟွော့တို့ ထိပ်တိုက်တွေ့သည်မှာ တစ်ခဏလေးသာ ကြာခဲ့သည်။ ထိုတစ်ခဏလေးအတွင်း ချီဟွော့မှာ ရန်ကိုင်၏လည်ပင်းဆွဲညှစ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရောက်နေသည့်ဧည့်သည်များမှာ ဘာတွေဖြစ်လို့ဖြစ်သွားမှန်းမသိ ဖြစ်ကာ လက်ရှိအဖြစ်အပျက်များအပေါ် အမီမလိုက်နိုင်ခြင်း ဖြစ်လေသည်။
လက်ရှိ ဤကဲ့သို့ဖြစ်နေရသည်နှင့်ပတ်သက်၍ ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ လူငယ်လေး၏ခွန်အားသည် ချီဟွော့ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်သခင်ဖြစ်သော ချီဟွော့အား သူ့ကြယ်ပေါ်တွင်ပင်လျှင် ယခုကဲ့သို့ အနိုင်ယူထားနိုင်ခြင်း ဖြစ်လေ၏။
သို့ရာတွင် ချီဟွော့မှာ ကြယ်သခင်တစ်ပါးလည်း ဖြစ်သလို တန်ခိုးရှင်ဘုရင်တတိယအဆင့်လည်း ဖြစ်ပေသည်။ သူ့ထက် အဆပေါင်းများစွာ သန်မာနေဖို့ရာမှာ ထိုလူငယ်လေးသည် မည်မျှများ အားကောင်းနေဖို့ လိုအပ်ပါလေသနည်း။ မည်သူမျှ ဆက်၍ မစဉ်းစားရဲကြတော့။
“ဟမ်…” ချွေ့မန်ယွမ်မှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ကြောင်အမ်းအမ်းဖြစ်နေခဲ့လေသည်။ အဖြစ်အပျက်များမှာ သူ့စိတ်ကပင် အမီမလိုက်နိုင်လောက်သည်ထိကို မြန်ဆန်လွန်းနေခဲ့သည်။
သတို့သမီးမှာလည်း သူမပါးစပ်လေးကို လက်ဖြင့်အုပ်ရင်းမှ ထိုမြင်ကွင်းအား အထိတ်တလန့်ဖြင့် ကြည့်နေလေ၏။
ရန်ကိုင်သည် သတို့သမီးဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “မြန်မြန် အဲ့ကောင်နဲ့ ထွက်သွားလိုက်ပေတော့…”
ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ အမျိုးသမီးနှင့် ချွေ့မန်ယွမ်တို့အား ဤနေရာမှ မိုင်ပေါင်းထောင်နှင့်ချီဝေးကွာသည့် နေရာဆီသို့ ပို့လွှတ်လိုက်လေသည်။
(အင်း… သူလည်းလိုက်ချင်မယ်လို့ ထင်ပါတယ်… ချွေ့မန်ယွမ်ပေါ်လာတည်းက သူ့ပုံစံက စိတ်ပူနေတဲ့ပုံစံမျိုး…)