← Chapters

အခန်း (၃၁၆၆-၃၁၇၀)

Vol. 138 Ch. 3166-3170

အခန်း (၃၁၆၆-၃၁၇၀)

Vol. 138 Ch. 3166-3170

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၆၆)

ဘာသာပြန်သူ_တိမ်တိုက်

“မင်း… မင်းဘယ်သူလဲ…” ချီဟွော့သည် ထိုစကားကို ခက်ခက်ခဲခဲဖြင့် မနည်းပြောလိုက်ရသည်။

သူသည် ရန်ကိုင်ထက် ခေါင်းတစ်လုံးစာပိုမြင့်သည့် လူထွားကြီးတစ်ဦး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ကြက်ကလေးငှက်ကလေးသဖွယ် ရန်ကိုင်၏ ကိုင်မြှောက်ထားခြင်းကို ခံနေရလေသည်။

“ငါ့နာမည်ကိုပြောလို့ရော ဘာအဓိပ္ပာယ်ရှိမှာမို့လို့လဲ…” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်လေသည်။ ထို့နောက် ကြယ်သန့်စင်ခြင်းပညာရပ်ကို စတင်၍ လှည့်ပတ်လိုက်လေ၏။

ထိုအခါမှသာလျှင် အစောပိုင်းက ဤလူငယ်လေး၏နာမည်ကို မေးခဲ့ပါသော်ငြား ဤလူငယ်လေးမှ ပြန်မဖြေကြောင်းကို ချီဟွော့ ရုတ်တရက် သတိရသွားခဲ့သည်။ ထိုစဉ်က ဤလူငယ်လေးသည် အလွန်တရာကိုမှ မောက်မာဝံ့ကြွားသည်ဟု ထင်နေခဲ့ပါသော်ငြား ယခုမှသာလျှင် သူ့တွင် ထိုကဲ့သို့ မောက်မာဝံ့ကြွားနိုင်သည့် အရည်အချင်းမျိုး ရှိနေကြောင်းကို ချီဟွော့ သဘောပေါက်သွားရတော့သည်။

ထိုအကြောင်းကို စဉ်းစားနေသည့်အခိုက် သူ့ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင်ကို နာကျင်လာခဲ့လေသည်။ နာကျင်လွန်းလှသည့်အတွက်ကြောင့် အသားများပင်လျှင် တဆတ်ဆတ် တုန်ရီလာရသည်။ ထို့နောက် ချီဟွော့ မျက်လုံးပြူးသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “မလုပ်နဲ့…”

“လာစမ်း…” ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် ချီဟွော့၏ ဒန်တျန်နေရာကို ဖိလိုက်သည်။ သူ့လက်ချောင်းများသည် လက်သည်းများအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ချီဟွော့၏ကိုယ်ထဲမှ ပစ္စည်းတစ်ခုကို အတင်းအကြပ် ဆွဲထုတ်ယူလိုက်လေ၏။ တစ်ခဏအကြာ၌ ရန်ကိုင်၏လက်ထဲ အနီရောင်အလင်းဘောလုံးလေးတစ်လုံး ပေါ်လာခဲ့လေသည်။

ထိုအလင်းဘောလုံးကို ရပြီးသည့်နောက် ရန်ကိုင်သည် ချီဟွော့အား အမှိုက်ထုပ်တစ်ခုပမာ လွှင့်ပစ်လိုက်ပြီး အနီရောင်ဘောလုံးလေးကိုသာ ကျေကျေနပ်နပ်ဖြင့် စိုက်ကြည့်နေလေ၏။

ချီဟွော့မှာတော့ တုန်တုန်ရီရီဖြင့် ပြန်ထလာခဲ့သည်။ လက်ရှိ ချီဟွော၏မျက်နှာမှာ စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်နေခဲ့ပြီး သူ့ခန္ဓာကိုယ်မှာလည်း အတော်လေးကိုမှ အားနည်းနေခဲ့သည်။ ရန်ကိုင်မှာ သူ၏အုတ်မြစ်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်ခဲ့ပေသည်။ ထိုထိခိုက်မှုသည် ယာယီမျှသာ ဖြစ်ပါသော်ငြား သူ၏ကြယ်အမြုတေမှာ အတင်းအကြပ် ထုတ်ယူသွားခံရလေရာ ချီဟွော့အနေဖြင့် ထိုကဲ့သို့လုပ်ခံလိုက်ရသည့် အကျိုးဆက်ကို မည်ကဲ့သို့များ မခံစားရဘဲ နေပါမည်နည်း။ ပြန်ထလာပြီးသည့်နောက် ချီဟွော့သည် ကြယ်အမြုတေရှိရာဆီသို့ ဝမ်းနည်းတကြီးဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။

(ငါ့ကြယ်အမြုတေ ငါ့ဆီကနေ ဘယ်လိုလုပ်ပြီး ဒီလောက်အလွယ်တကူနဲ့ ထုတ်ယူခံလိုက်ရတာလဲ… ဒါ ငါ့အသက်ကိုစွန့်စားပြီးတော့ သွေးချွေးတွေနဲ့ရင်းပြီးတော့ သန့်စင်ထားခဲ့ရတဲ့ ကြယ်အမြုတေကွ… ကြယ်အမြုတေကြောင့်ပဲ ငါ ကြယ်သခင်ဖြစ်လာနိုင်ခဲ့ပြီး မီးတိမ်တိုက်ကြယ်တစ်ခုလုံးကို စုဝေးနိုင်ခဲ့တာ… ကြယ်အမြုတေသာမရှိတော့ရင် ငါက သာမန်တန်ခိုးရှင်ဘုရင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်သွားတော့မှာ… မဟုတ်သေးဘူး… တန်ခိုးရှင်ဘုရင်တတိယအဆင့်ထက်တောင် ပိုဆိုးသွားနိုင်တယ်… အခု ကြယ်အမြုတေ အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရလို့ ငါ့မှာ အတွင်းဒဏ်ရာတွေ ရကုန်ပြီ…)

ဧည့်သည်များမှာ ချီဟွော့အပေါ် ကရုဏာသက်နေမိကြလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်ကိုကြည့်ရင်း သူတို့ရင်ထဲ အကြောက်တရားတို့ ကိန်းအောင်းလာကြတော့လေသည်။

ချီဟွော့ကဲ့သို့သော အားကောင်းလှသည့် ကြယ်သခင်တစ်ဦးသည် သူ့ကြယ်ပေါ်တွင်ပင် ဤလူငယ်လေးအား အနည်းငယ်မျှ ပြန်တိုက်နိုင်ခဲ့ခြင်းမရှိဘဲ ကြယ်အမြုတေထုတ်ခံလိုက်ရသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ ချီဟွော့ပင်လျှင် ထိုကဲ့သို့ ခံလိုက်ရလေရာ သူတို့အနေဖြင့် ရန်ကိုင်အား မည်ကဲ့သို့များ သွားရန်စရဲပါတော့မည်နည်း။ အကုန်လုံးမှာ ရန်ကိုင်အားကြည့်ရင်း ကြောက်ရွံ့မှုကိုသာ ခံစားနေကြရတော့လေသည်။

လူတိုင်းရှေ့တည့်တည့်မှာပင် ရန်ကိုင်သည် ကြယ်အမြုတေကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏အသားမှာ မီးမြှိုက်ခံထားရသည့်အလား နီရဲလာခဲ့လေ၏။ အလွန်ပြင်းထန်သည့်ဖိအားတစ်ရပ်ကို သူ့ဒန်တျန်ပေါ်တွင် ခံစားလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင် တစ်ချက် အော်ငြီးမိလိုက်သည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ကြယ်သန့်စင်ခြင်းပညာရပ်ကို လှည့်ပတ်ကာ ကြယ်အမြုတေကိုဖိနှိပ်၍ သန့်စင်ရန် ကြိုးစားတော့လေ၏။

ကံမကောင်းစွာဖြင့် မကြာခင် အခြေအနေမဟန်ကြောင်း ရန်ကိုင်တွေ့ရှိလိုက်ရသည်။ သူ့ကိုယ်ထဲတွင်ရှိနေသည့် အရိပ်ကြယ်၏ ကြယ်အမြုတေသည် မီးတိမ်တိုက်ကြယ်၏ ကြယ်အမြုတေအပေါ် အလွန်ကို ရန်လိုနေခဲ့သည်။

လက်ရှိအခြေအနေမှာ ရန်ကိုင်အတွက်တော့ အနည်းငယ် အံ့အားသင့်စရာ ကောင်းနေခဲ့လေသည်။ ဤနေရာသို့မလာခင်က ရန်ကိုင်သည် ကြယ်အမြုတေများစွာကို သန့်စင်ခဲ့ဖူးသည်။ သို့သော်ငြား ထိုကြယ်အမြုတေများမှာ အလွန်ကိုမှ အားနည်းလွန်းလှသည့်အတွက်ကြောင့် မည်သည့်ပဋိပက္ခကိုမှ မခံစားခဲ့ရ။ ယခုအခါမှသာလျှင် ကြယ်အမြုတေနှစ်ခု အချင်းချင်း ပဋိပက္ခဖြစ်နေသည်ကို ပထမဦးဆုံးအကြိမ် ကြုံလိုက်ရခြင်း ဖြစ်လေသည်။

ကျင့်ကြံရေးကြယ်တစ်လုံးချင်းစီ၏ လောကနိယာမများမှာ တစ်ခုနှင့်တစ်ခု တူညီခြင်း မရှိကြချေ။ မတူကွဲပြားသည့် နိယာမများကြောင့် အတူတကွ တည်ရှိဖို့ရာလည်း မဖြစ်နိုင်။ ထိုအချက်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ သို့တိုင် ပျာယာခတ်ထိတ်လန့်သွားခဲ့ခြင်းမရှိဘဲ ကြယ်သန့်စင်ခြင်းပညာရပ်ကိုသာ ဆက်၍ လှည့်ပတ်နေခဲ့သည်။ ရန်ကိုင်၏အစီအစဉ်အရ ယခုကဲ့သို့ ကြယ်အမြုတေတစ်ခုထက်မကကို သန့်စင်ရန် လိုအပ်ပေသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်သည် ကြယ်စီရင်စုကြီးထဲတွင် ရှိနေသည့် ကြယ်အမြုတေအားလုံးကို သန့်စင်ရန် ကြိုးစားနေခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ယခုကဲ့သို့သော ကြယ်အမြုတေတစ်ခုကိုပင်လျှင် ကောင်းကောင်းမသန့်စင်နိုင်ပါက သူ့အစီအစဉ်တစ်ခုလုံးကို မည်ကဲ့သို့များ အကောင်အထည်ဖော်နိုင်ပါတော့မည်နည်း။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့စိတ်ကို နှစ်ခွခွဲ၍ ကြယ်အမြုတေနှစ်ခုကို စတင်၍ နှစ်သိမ့်ပေးရတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲထွက်သွားခဲ့ရပြီး သူ့ဘယ်ဘက်ခြမ်းမှ အရောင်တစ်မျိုးထွက်နေသလို သူ့ညာဘက်ခြမ်းမှလည်း အရောင်တစ်မျိုး တောက်နေလေ၏။

ကြယ်အမြုတေနှစ်ခုဆီမှ ထွက်ပေါ်လာနေသည့် စွမ်းအားအောက်ဝယ် မီးတောက်နန်းတော်မှာ တမုဟုတ်ချည်း ပြိုကျသွားခဲ့ရလေသည်။ မိုးထိမတတ် မြင့်မားလှသော နန်းတော်ကြီးမှာ အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး ဧည့်သည်များမှာလည်း အဖက်ဖက်သို့ ထွက်ပြေးကုန်ကြလေသည်။ ချီဟွော့အား ဂုဏ်ပြုစကားဆိုရန် ရောက်လာကြသည့် ဧည့်သည်များမှာ အားကောင်းလှသည့် လူများချည်းသာ ဖြစ်ကြသည့်အတွက်ကြောင့် အဆောက်အဦးလေး ပြိုကျရုံဖြင့် သေမသွားကြပေ။ သို့သော်ငြား ရန်ကိုင်၏ စွမ်းအားနှင့်ခွန်အားကို မြင်ပြီးသည့်နောက် အကုန်လုံးမှာတော့ အမှန်တကယ်ကို ထိတ်လန့်သွားခဲ့ကြရလေသည်။

ကြယ်အမြုတေနှစ်ခုကြားမှပဋိပက္ခသည် အဝေး၌ရှိနေသော သူတို့ကိုပင်လျှင် ကြောက်ရွံ့စေနိုင်လေရာ ပဋိပက္ခ၏ အလယ်ဗဟိုတွင် ရှိနေသော ရန်ကိုင်ဆိုလျှင် မည်ကဲ့သို့သောစွမ်းအားမျိုး ခံစားနေရလေမည်နည်း။

သူတို့ထင်ထားသည့်အတိုင်းပင်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း အကောင်းပကတိအတိုင်း လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။ ရန်ကိုင်မှာ သူ့ခန္ဓာကိုယ်အား မောင်ပိုင်စီးရန် သူ့ထက်ငါ အလုအယက် ကြိုးစားနေကြသော ကလေးနှစ်ဦးအား နှစ်သိမ့်ပေးရန် ကြိုးစားခဲ့ပါသော်ငြား အောင်မြင်ခြင်းတော့ မရှိခဲ့ပေ။ ထို့အစား သူ့အသက်စွမ်းအင်မှာ မတည်မငြိမ်ဖြစ်လာရပြီး သူ့မျက်နှာမှာလည်း နီရဲလာခဲ့ရလေသည်။ ထိုအလွန်ကိုမှ ဆိုးသွမ်းလှသည့် ကလေးနှစ်ဦးအပြင် အဆက်မပြတ် အော်ဟစ်ငိုကြွေးနေကြသော ကလေးများလည်း ရှိနေကြပေသေးသည်။ ထိုကလေးများမှာတော့ အခြားမဟုတ်။ ရန်ကိုင် ဤနေရာသို့မလာခင်က သန့်စင်ခဲ့သော ကြယ်အမြုတေများသာ ဖြစ်ကြပေသည်။ အရိပ်ကြယ်နှင့် မီးတိုက်တိုက်ကြယ်၏ ကြယ်အမြုတေများနှင့် ယှဉ်လိုက်သော် ထိုကြယ်အမြုတေများမှာ အားကောင်းလှခြင်း မရှိကြပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ယခင်က တစ်ချိန်လုံး ငြိမ်သက်နေခဲ့ပြီး ယခု မီးတိမ်တိုက်ကြယ်မှ အရိပ်ကြယ်အား ဆန့်ကျင်သည့် အချိန်မှသာလျှင် စတင်ထကြွလာခြင်း ဖြစ်လေသည်။

(ဟေး… ငြိမ်ငြိမ်လေးနေကြ… ငြိမ်ငြိမ်လေးနေကြ… ငြိမ်ငြိမ်လေး… ဟားး… မင်းတို့ကောင်တွေကွာ…)

“ကောင်းကောင်းနေလို့ ငါပြောနေတယ်လေ…” ရန်ကိုင်က ဒေါမာန်တကြီး ထအော်လိုက်လေသည်။ တစ်ချိန်တည်းတွင် ကြယ်သန့်စင်ခြင်းပညာရပ်ကို ယခင်ကထက် ပို၍ ပြင်းပြင်းထန်ထန်လှည့်ပတ်ကာ ကြယ်အမြုတေများကို ဖိနှိပ်ချလိုက်လေ၏။

လောကကြီးတစ်ခုလုံး တမုဟုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏အရှိန်အဝါမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး ကြယ်အမြုတေကြားမှ ပဋိပက္ခများမှာလည်း ငြိမ်သက်သွားခဲ့ရလေသည်။ (ဒီကောင်တွေက တကယ်ကို သင်ခန်းစာပေးခံချင်နေတာပဲ…) ယခု အဆင်ပြေသွားပြီဖြစ်သည့်တိုင် ဤသည်မှာ ရေတိုဖြေရှင်းနည်းတစ်ခုသာဖြစ်မှန်း ရန်ကိုင်နားလည်ထားလေသည်။ လတ်တလောအတွင်း ကြယ်အမြုတေများမှာ ပဋိပက္ခဖြစ်လိမ့်ဦးမည် မဟုတ်သေးပါသော်ငြား ရန်ကိုင်မှ ပိုမိုများပြားသော ကြယ်အမြုတေများကို သန့်စင်လာသည်နှင့် ကြယ်အမြုတေများကြားရှိ ပဋိပက္ခမှာ ပိုပို၍ ဆိုးရွားလာပေလိမ့်မည်။ ရန်ကိုင်သည်သာ ထိုပြဿနာအား ဖြေရှင်းနိုင်မည့်အဖြေကို ရှာမတွေ့လျှင် ဆိုးရွားသည့်အဆုံးသတ်နှင့် ကြုံသွားရနိုင်ပေသည်။ (ဟူး… အဲ့အကြောင်းကိုတော့ နောင် ဖြစ်လာတော့မှပဲ စဉ်းစားတော့မယ်…)

ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ကြယ်မြေပုံထဲရှိ မီးတိမ်တိုက်ကြယ်ကို ကိုယ်စားပြုသည့် အလင်းရောင်မှာ တဖျတ်ဖျတ်တောက်ပလာခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် မီးတိမ်တိုက်ကြယ်ကြား ချိုးဖြတ်မရသည့် ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ယခုဆိုလျှင် ရန်ကိုင်မှာ သူ့အတွေးတစ်ချက်ဖြင့် မီးတိမ်တိုက်ကြယ်၏ စွမ်းအားကို စေစားနိုင်လေပြီ။

ချီဟွော့၏မင်္ဂလာပွဲသို့ ကြွရောက်လာကြသော ဧည့်သည်တော်များသည် ရန်ကိုင်ဆီသို့ အလျင်စလို ပြေးလာကြပြီး တလေးတစားဖြင့် ဦးညွှတ်လိုက်ကြလေ၏။ “မင်္ဂလာပါဆရာ…”

ရန်ကိုင်ထုတ်ပြသွားသောခွန်အားကို ထည့်မတွက်လျှင်ပင် လက်ရှိရန်ကိုင်သည် မီးတိမ်တိုက်ကြယ်၏ ကြယ်သခင်တစ်ပါး ဖြစ်နေသည့်အတွက်ကြောင့် သူတို့အနေဖြင့် မာနကို ခဝါချကာ ရန်ကိုင်ရှေ့တွင် ဦးညွှတ်ရပေလိမ့်မည်။ သို့မှသာလျှင် နောက်ပိုင်းတွင် သူတို့အားလုံးသည် ရန်ကိုင်၏အုပ်ချုပ်မှုအောက်တွင် နေကြရတော့မည်ဖြစ်လေရာ ရန်ကိုင်အား မည်ကဲ့သို့များ မလေးမစား လုပ်ရဲပါမည်နည်း။

“မင်္ဂလာပါဆရာ…” ချီဟွော့သည်လည်း ဦးညွှတ်၍ ရန်ကိုင်အား နှုတ်ဆက်လိုက်လေသည်။ သူ့မျက်နှာမှာတော့ ယခင်ကထက် နှစ်တစ်ရာမျှ ပိုမိုအိုစာသွားသလို ထင်ရလေ၏။

အစောပိုင်းကတော့ သူသည် ဤနေရာ၏ ကြယ်သခင်တစ်ဦး ဖြစ်သလို ရန်ကိုင်၏ခွန်အားကိုလည်း သေချာမသိရသေးသည့်အတွက်ကြောင့် ရန်ကိုင်အား အနိုင်ယူနိုင်မည်ဟု အထင်ဖြင့် မောက်မာဝံ့ကြွားခဲ့ခြင်း ဖြစ်လေသည်။ ယခုမူ ကိုယ့်အကြောင်းကို သိသွားပြီးသည့်နောက် ချီဟွော့မှာ ရန်ကိုင်ရှေ့၌ ဦးညွှတ်ရတော့လေသည်။ ရန်ကိုင်အပေါ် လက်စားပြန်ချေရန်ပင် မစဉ်းစားရဲတော့။ သူ့ခွန်အား အထွဋ်အထိပ်အခြေအနေတွင် ရှိနေစဉ်ကပင် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်လေရာ သူ့လက်ရှိအခြေအနေဖြင့် ရန်ကိုင်၏ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။

ရန်ကိုင်မှာ သူ့အား အဓိပ္ပာယ်ပါပါ ကြည့်လာသည့်အတွက်ကြောင့် ချီဟွော့မှာ ရန်ကိုင်အား သူ့အား သတ်တော့မလားဟု အထင်ရောက်လျက် တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ ထိုကဲ့သို့လုပ်ရန် စဉ်းစားထားခြင်းမရှိ။ လူအုပ်ကြီးအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ “အခု ကျုပ် ခင်ဗျားတို့ရဲ့အကူအညီ လိုတဲ့ ကိစ္စတစ်ခု ရှိနေတယ်…”

အစောပိုင်းက ရန်ကိုင်အား လှောင်ပြောင်စကားပြောခဲ့သော မုတ်ဆိတ်ရှည်နှင့်လူအိုကြီးက အလျင်စလို ဝင်ပြောလိုက်လေ၏။ “ဆရာ… ပြောစရာရှိရင် ပြောသာပြောလိုက်ပါ.. ဒီလူအိုကြီး အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်…”

“ဟုတ်ပါတယ်ဆရာ… ကျေးဇူးပြုပြီး ပြောသာပြောပါ ဆရာ….”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ချီဟွော့က ဒီကြယ်တစ်ခုလုံးကို သတင်းအမှောင်ချထားလို့ လတ်တလော ကြယ်စီရင်စုကြီးရဲ့အခြေအနေကို ခင်ဗျားမသိဘူးမလား…”

မုတ်ဆိတ်ရှည်ကြီးနှင့်လူအိုကြီးက တုံ့ဆိုင်းတုံ့ဆိုင်းအမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “စီနီယာ ဘာကိုပြောချင်နေတာလဲ…”

“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးကရန်သူတွေ ကျုပ်တို့ကြယ်စီရင်စုကို ကျူးကျော်လာပြီးတော့ ကျင့်ကြံရေးကြယ်တွေကို သိမ်းပိုက်သွားတယ်… အဲ့စစ်ပွဲကြောင့် သန်းချီတဲ့ကျင့်ကြံသူတွေကို သေခဲ့ရတယ်…”

“ဘယ်လို…” လူတိုင်း ထိတ်လ့န်သွားကုန်ကြလေသည်။

ရန်ကိုင်သည် ထိုကိစ္ဏအား အစောပိုင်းက ပြောခဲ့သည်ကို သူတို့ ကြားခဲ့ရပါသော်ငြား မည်သူမျှ ရန်ကိုင်စကားကို အရေးတယူမလုပ်ခဲ့။ ယခု ရန်ကိုင် နောက်တစ်ကြိမ်ပြန်ပြောပြလာသည်ကို ကြားလိုက်သည့်အခါတွင်တော့ သူတို့စိတ်ထဲ ရန်ကိုင်ပြောနေသည့်စကားကို သေသေချာချာ အလေးထားရတော့လေသည်။

(ဒီလောကကြီးမှာ နောက်ထပ်ကြယ်စီရင်စုတစ်ခု ထပ်ရှိနေသေးတာလား… အဲ့ကြယ်စီရင်စုကြီးက ငါတို့ကြယ်စီရင်စုကို ကျူးကျော်လာတာလား…)

“ဒါပေမယ့် အခြေအနေက အရင်ကလောက် မဆိုးတော့ဘူး… ဒီကြယ်စီရင်စုကြီးရဲ့ ကျင့်ကြံသူတွေက ပြန်ပြီး တွန်းလှန်တိုက်ခိုက်နေပြီ… ကျုပ် အခု ခင်ဗျားတို့ကို လုပ်ခိုင်းချင်တာက သူတို့ကို သွားကူညီပေးဖို့ပဲ… သူတို့နဲ့ပေါင်းပြီးတော့ တစ်စပြင်ကန္တာရကြယ်စီရင်စုက ကျင့်ကြံသူတွေကို ရှင်းပစ်လိုက်…”

မုတ်ဆိတ်ရှည်ကြီးနှင့်လူအိုကြီးက ပြန်၍မေးလိုက်လေသည်။ “ကျုပ်တို့ ဘယ်ကိုသွားပြီးတော့ ကူညီပေးရမှာလဲ စီနီယာ….” ဤနေရာတွင်ရှိနေသည့်လူများမှာ တစ်စပြင်ကန္တာရကြယ်စီရင်စုအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့။ ထို့အတွက်ကြောင့် မည်သို့နေရာသို့ သွားလို့သွားရမှန်းလည်းမသိ။

“ခင်ဗျားတို့ဘာသာခင်ဗျားတို့ အဖြေရှာပေါ့…” လွန်ခဲ့သည့်နှစ်နှစ်လုံး ရန်ကိုင်မှာ တစ်ကိုယ်တည်းလှုပ်ရှားနေခြင်း ဖြစ်သည့်အတွက်ကြောင့် လက်ရှိအချိန်၌ မည်သည့်နေရာ၌ တိုက်ပွဲဖြစ်နေလဲဆိုသည်ကို သူလည်းမသိတော့ချေ။ သို့သော်ငြား သူတို့သည်သာ တကယ်လုပ်ချင်သည်ဆိုပါက သူတို့လူများကိုသွားရှာရန် ခက်ခဲလိမ့်မည်မဟုတ်။

“ဟုတ်ကဲ့ ဟုတ်ကဲ့…” မုတ်ဆိတ်ရှည်ကြီးနှင့်လူအိုကြီးက ခေါင်းညိတ်လိုက်လေသည်။

“အချိန်တွေဖြုန်းမနေနဲ့… အခုချက်ချင်းသွားပေတော့…” ရန်ကိုင်သည် ခြင်များကို ဝှေ့ယမ်းချလိုက်သည့်မာ လူအုပ်ကြီးဘက်သို့ သူ့လက်ကို ဝှေ့ယမ်းချလိုက်လေသည်။ ချက်ချင်းဆိုသလို ခန်းထဲတွင်ရှိနေသည့် လူအားလုံးမှာ ကြယ်အမြုတေ၏ စွမ်းအားဖြင့် အခြားတစ်နေရာဆီသို့ လွင့်စင်ထွက်သွားကုန်ကြလေ၏။

မကြာမီတွင် မီးတောက်နန်းတော်အပျက်အစီးပုံကြီးထဲ ရန်ကိုင်တစ်ဦးတည်းသာ ကျန်ရစ်တော့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် နေရာတစ်ခုရှာ၍ တင်ပလင်ခွေထိုင်ကာ သူ့အသိစိတ်ကို ကြယ်မြေပုံအားလေ့လာရန် အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်လေ၏။

တစ်ခုသောနေရာရှိ အလင်းအချို့မှာ တလက်လက် တောက်ပနေခဲ့လေသည်။ ထိုအလင်းများမှာ ရန်ကိုင်သန့်စင်ခဲ့သော ကျင့်ကြံရေးကြယ်များသာ ဖြစ်ကြသည်။ ထိုအလင်းရောင်များနှင့် အတောက်ပဆုံးအလင်းမှာတော့ မီးတိမ်တိုက်ကြယ်ကို ကိုယ်စားပြုနေသည့် အလင်းသာ ဖြစ်လေသည်။ အရေးအကြီးဆုံးအချက်မှာ ထိုအလင်းများကို ရန်ကိုင်မှ ကြုံရာကျပန်း ရွေးချယ်ထားခြင်းမဟုတ်။ ထိုအလင်းများကို တစ်ခုနှင့်တစ်ခု ဆက်၍ မျဉ်းကြောင်းဆွဲလိုက်မည်ဆိုပါက အလင်းစက်များကို ဆက်၍ ဆွဲထားသည့် မျဉ်းကြောင်းသည် ဗဟုဂံပုံစံရှိနေကြောင့် တွေ့ရပေလိမ့်မည်။

ထိုအလင်းစက်များကို ကြည့်ရင်းမှ ရန်ကိုင်သည် ထိုကြယ်အမြုတေများ၏စွမ်းအားကို ရုတ်တရက် ဆင့်ခေါ်လိုက်လေသည်။ ချက်ချင်းဆိုသလို အလင်းစက်များအားလုံး တလက်လက် တောက်ပလာခဲ့ပြီး ထိုနေရာဆီမှ စွမ်းအင်တန်းများ ရန်ကိုင်ဆီသို့ ပျံသန်းရောက်လာကုန်ကြလေ၏။ ထိုစွမ်းအင်များ ဖြတ်သန်းသွားလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် ကြယ်တာရာကောင်းကင်အစိတ်အပိုင်းအားလုံးသည် ရန်ကိုင်၏အရှိန်အဝါဖြင့် ခတ်နှိပ်ခြင်း ခံလိုက်ရလေသည်။ ထိုနည်းဖြင့် ရန်ကိုင်သည် ကြာတာရာကောင်းကင်ကြီးကို စတင်၍ သန့်စင်တော့လေသည်။

ထိုသို့သန့်စင်သည့်နည်းလမ်းမှာ အမှန်တကယ်ကို အလုပ်ဖြစ်ကြောင်း သိလိုက်ရပြီးသည့်နောက် ရန်ကိုင်သည် ဝမ်းသာအားရဖြင့် ထိုနည်းအတိုင်း ဆက်လုပ်လေသည်။

ထိုအစိတ်အပိုင်းအားလုံးကို သန့်စင်ရန်အတွက် ရန်ကိုင်ဖို့ သုံးရက်ခန့် အချိန်ယူလိုက်ရလေသည်။ သုံးရက်ကြာပြီးသည့်နောက် ကြယ်မြေပုံကို ပြန်စစ်ဆေးကြည့်လိုက်ရာ ဗဟုဂံပုံစံရှိနေသော ကြယ်တာရာကောင်းကင်၏အစိတ်အပိုင်းသည် သူကိုယ်တိုင်နှင့် သဟဇာတဖြစ်နေပြီဖြစ်ကြောင်းကို ရန်ကိုင်တွေ့ရှိသွားခဲ့ရသည်။ ထိုပုံမှန်မဟုတ်သည့် ဗဟုဂံပုံစံကြီးသည် ကြယ်မြေပုံတစ်ခုလုံးနှင့်ယှဉ်လိုက်သော် အနည်းငယ်လေးသာ ဖြစ်လိမ့်မည် ဖြစ်ပါသော်ကြား သူ၏နည်းလမ်းမှာ အမှန်တကယ်ကို ထိရောက်မှုရှိကြောင်းကိုတော့ သက်သေပြသွားခဲ့လေသည်။ ရန်ကိုင် ယခင်ကလုပ်ခဲ့သည့် နည်းလမ်းအတိုင်းသာ ဆက်လုပ်နေမည်ဆိုလျှင် ထိုမျှကြီးမားလှသော အစိတ်အပိုင်းတစ်ခုကို သန့်စင်ရန်အတွက် နှစ်ဝက်ခန့် အချိန်ယူရပေလိမ့်မည်။ သို့သော်ငြား ယခုနည်းလမ်းဖြင့် ရန်ကိုင်မှာ တစ်လလောက်သာ အချိန်ယူလိုက်ရလေသည်။

ရန်ကိုင်အနေဖြင့် နောက်ထပ်ကြယ်အမြုတေအချို့ကို ထပ်မံသန့်စင်ရန်သာ လိုတော့သည်။ ထိုကြယ်အမြုတေများကို အုတ်မြစ်အဖြစ် အသုံးချ၍ သူ၏အရှိန်အဝါ ခတ်နှိပ်နိုင်သည့် အကျယ်အဝန်ကို တိုးချဲ့လိုက်မည်ဆိုပါက ရန်ကိုင်အနေဖြင့် ယခင်ကလောက် အချိန်ကုန် လူပင်ပန်းစရာမလိုတော့ဘဲ ကြယ်စီရင်စုကြီးကို ပို၍ လျင်လျင်မြန်မြန် သန့်စင်နိုင်ပေလိမ့်မည်။

ကြယ်စီရင်စုကြီးမှာ ရှင်းရှင်းပြောရသော် အမှန်တကယ်ကိုမှ ကျယ်ပြောလွန်းလှသည်။ ရန်ကိုင်အနေဖြင့် ကြယ်စီရင်စုကြီး၏ အပုံနှစ်ဆယ်ပုံ တစ်ပုံစာလောက်သာရှိသော နေရာလေးကို သန့်စင်နိုင်ရန်အတွက် နှစ်နှစ်ခန့် အချိန်ယူလိုက်ရလေသည်။ တစ်နည်းဆိုရသော် ကြယ်စီရင်စုကြီးတစ်ခုလုံးကို ဤနည်းလမ်းသုံး၍ သန့်စင်လိုပါက အနက်ရောင် နှစ်လေးငါးဆယ်လောက် အချိန်ယူရမည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။

(နှစ်လေးဆယ် ငါးဆယ်လောက်ကိုတော့ ငါမစောင့်နိုင်ဘူး…) ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ယခု နည်းလမ်းကိုသုံး၍သာ ကြယ်စီရင်စုကြီးကို သန့်စင်နေခြင်း ဖြစ်လေသည်။ ယခု နည်းလမ်းဖြင့်ဆိုလျှင် ထိုမျှအချိန်မကြာတော့။

(ဆယ်နှစ်… ဆယ်နှစ်အတွင်း ကြယ်စီရင်စုကြီးတစ်ခုလုံးကို ငါ သန့်စင်ပစ်မယ်…)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၆၇)

ဘာသာပြန်သူ_တိမ်တိုက်

အနက်ရောင် ကြယ်သင်္ဘော တစ်စင်းသည် ဧရာမ တစ္ဆေကြီး တစ်ကောင်ပမာ ကြယ်စီရင်စုကြီးထဲ တဖြည်းဖြည်းချင်း ရွက်လွှင့်နေခဲ့လေသည်။ ကြယ်သင်္ဘော ကိုယ်ထည်ပေါ်တွင် ရှိနေသည့် အရိုးခေါင်းတံဆိပ်အရ ဤကြယ်သင်္ဘောသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ မရဏဂိုဏ်း၏ ကြယ်သင်္ဘော ဖြစ်ပေသည်။

ကြယ်သင်္ဘောကြီးသည် ကြယ်တာရာကောင်းကင်ထဲ လမ်းပျောက်နေသည့် ကလေးငယ်တစ်ဦးပမာ မှုန်ရီမှိုင်းတိုင်းသော အရှိန်အဝါကို ထုတ်လွှတ်ရင်းမှ ရွက်လွှင့်နေလေ၏။

ကြယ်သင်္ဘော ဦးတည်သွားနေသည့် နေရာမှာ လွန်ခဲ့သော နှစ်နှစ်ခန့်မှသာ ပေါ်လာခဲ့သော ဟင်းလင်းပြင်လိုဏ်ခေါင်း ဖြစ်ပေသည်။ ထိုဟင်းလင်းပြင်လိုဏ်ခေါင်းသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးနှင့် ဆက်နေသည့်အတွက်ကြောင့် သူတို့သည်သာ ထိုဟင်းလင်းပြင်လိုဏ်ခေါင်းဆီသို့ ရောက်နိုင်မည်ဆိုပါက တစ်စပြင်ကန္တာရ ကြယ်စီရင်စုကြီးဆီသို့ ပြန်နိုင်ပေလိမ့်မည်။

လွန်ခဲ့သော ငါးနှစ်ခန့်က ဟုန်းလော့ကြယ်စီရင်စုကြီး၏ တန်ပြန်ထိုးစစ် စတင်ပြီးသည့် အချိန်မှစ၍ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ ဘဝများမှာ အလွန်ကိုမှ ခက်ခဲလာခဲ့ကြရသည်။ ကျူးကျော်လာသည့် အင်အားစုများမှာ တစ်ခုပြီးတစ်ခုကို အမြစ်ပြတ် ရှင်းလင်းခြင်း ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအကြား ကြောက်ရွံ့မှုတို့ စတင်ပျံ့နှံ့လာတော့လေ၏။ သူတို့အား ပြန်တိုက်ရန် ခွန်အားမရှိသင့်သော ဟုန်းလော့ကြယ်စီရင်စုကြီးသည် မည်ကဲ့သို့များ တစ်ဖန်ပြန်လည် ဦးမော့လာနိုင်ရသလဲဆိုသည်ကို သူတို့အားလုံး မတွေးတတ်နိုင်အောင် ဖြစ်နေကြရသည်။

အကျိုးဆက်အနေဖြင့် ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်လာသည့် အားကောင်းသော အင်အားစု ပေါင်းများစွာမှာ ကြီးမားသည့် တန်ကြေးကို ပေးဆပ်ခဲ့ရသည်။ သားရဲများတောင်၊ ကောင်းကင်ဓားဂိုဏ်းနှင့် လေမိုးကြိုးဂိုဏ်းတို့မှာ အမြစ်ပြတ် သုတ်သင်ခြင်း ခံလိုက်ရလေ၏။ ထိုဂိုဏ်းများသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲရှိ ထိပ်တန်းအင်အားစုများ ဖြစ်ကြပေသည်။ သို့တိုင် ဟုန်းလော့ကြယ်စီရင်စုကြီး၏ တန်ပြန်ထိုးစစ်အောက်ဝယ် အသက်ရှင်ကျန်ရစ်နိုင်ခြင်း မရှိချေ။

လက်ရှိအချိန်တွင် ဟုန်းလော့ကြယ်စီရင်စုကြီးသည် သားကောင်ကို တစ်ကိုယ်လုံး ဝါးမျိုပစ်နေသည့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင်ပမာ ဖြစ်နေလေသည်။

တစ်စပြင်ကန္တာရကြယ်စီရင်စုမှ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများမှာမူ ဤသည်မှာ ဟုန်းလော့ကြယ်စီရင်စုကြီး၏ အကွက်ချ ကြံစည်မှုဖြစ်သည်ဟုပင် ယူဆနေကြသည်။ ပထမဦးစွာ ဟုန်းလော့ကြယ်စီရင်စုကြီးသည် အားနည်းချင်ယောင် ဆောင်ခဲ့လေသည်။ ရန်သူများ အင်ပြည့်အားဖြင့် ကျူးကျော်လာသည့် အခါမှသာလျှင် တန်ပြန်ထိုးစစ်ဆင်ကာ ရန်သူများကို တစ်ချီတည်းနှင့် သတ်ဖြတ်ရန် ကြိုးစားလေ၏။

မရဏဂိုဏ်းမှာ အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း မခံရသေးပါသော်ငြား ပျက်စီးရမည့် အချိန်နှင့်တော့ ရင်ဆိုင်နေခဲ့ရလေပြီ။ လက်ရှိ ကြယ်သင်္ဘောသည် ဟုန်းလော့ကြယ်စီရင်စုထဲသို့ ကျူးကျော်လာသည့် မရဏဂိုဏ်း၏ ကြယ်သင်္ဘောများအနက်မှ အကောင်းအတိုင်း ကျန်ရစ်သော တစ်စင်းတည်းသော ကြယ်သင်္ဘော ဖြစ်ပေသည်။ ကျန်သည့် ကြယ်သင်္ဘော အားလုံးမှာတော့ အမျိုးမျိုးသော တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားကုန်ကြရလေပြီ။ သို့တိုင် ဤကြယ်သင်္ဘောသည်ပင်လျှင် လုံးဝ အကောင်းပကတိအတိုင်း ဖြစ်နေခြင်းတော့ မဟုတ်။ ကြယ်သင်္ဘော၏ မျက်နှာပြင်ထက် ချိုင့်ရာများ ခြစ်ရာများ အမျိုးမျိုး ရှိနေကြလေ၏။

ဟုန်းလော့ကြယ်စီရင်စုကြီး၏ တန်ပြန်ထိုးစစ်အောက်မှ လွတ်မြောက်ရန် ခက်ခဲပါသော်ငြား ဤကြယ်သင်္ဘောမှာတော့ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာနိုင်ခဲ့သည်။

[အိမ်၊ ငါတို့အိမ်ကို ပြန်ရမယ်၊ ဒီနေရာမှာ ငါတို့ လုံးဝ ဆက်နေလို့ မဖြစ်တော့ဘူး]

ဟင်းလင်းပြင်လိုဏ်ခေါင်းသည် သူတို့ လက်ရှိရှိနေသော နေရာမှ မိုင်ထောင်ပေါင်းများစွာခန့်အကွာတွင် ရှိနေပါသော်ငြား သင်္ဘောပေါ်ရှိ လူများမှာမူ ပြတင်းပေါက်များမှတစ်ဆင့် ထိုနေရာအား လှမ်း၍ မြင်နေကြရလေပြီ။ ဟုန်းလော့ကြယ်စီရင်စုကြီးထဲသို့ ရောက်လာသည်မှာ ဆယ်နှစ်ကျော်ပင် ရှိနေပြီဖြစ်သည့်အတွက်ကြောင့် တော်တော်များများမှာ အိမ်ကို လွမ်းနေကြလေပြီ။ အိမ်ကို မလွမ်းလျှင်ပင် ယခုအချိန်တွင်တော့ လူတိုင်းမှာ အိမ်သို့သာ ပြန်ချင်နေကြလေသည်။

ရုတ်တရက် အဖြူရောင် အရိပ်တစ်ခု ကြယ်သင်္ဘော၏ အရှေ့တွင် ပေါ်လာပြီး သူတို့လမ်းကို ပိတ်ရပ်လိုက်လေသည်။

မကြာမီ ကြယ်သင်္ဘောထဲတွင် ရှိနေကြသော ကျင့်ကြံသူများမှာလည်း ထိုအဖြူရောင် ပုံရိပ်ကို သတိထားမိသွားကြလေသည်။ ကြယ်သင်္ဘောထဲရှိ အစီအရင်များကို ထိန်းချုပ်၍ သူတို့၏ လမ်းတွင် လာပိတ်ရပ်နေသော လူ၏ ပုံရိပ်ကို သေသေချာချာ မြင်အောင် ကြည့်လိုက်သည့်နောက် ထိုလူမှာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်များကို ကျောပြင်တစ်လျှောက် ဖြန့်ကြဲထားသည့် အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးကို မြင်လိုက်သည့်အခိုက် ကြယ်သင်္ဘောထဲ သက်ပြင်းရှိုက်သံများစွာ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အကုန်လုံး တိတ်ဆိတ်သွားကုန်ကြလေသည်။

[သူပဲ]

တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ထိုအမျိုးသမီး၏ နာမည်ကို မသိပါသော်ငြား ထိုအမျိုးသမီးသည် သူတို့အတွက်တော့ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်လေသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသော ကျင့်ကြံသူများမှာ ထိုအမျိုးသမီး အရှေ့ဝယ် သေးနုပ်သည့် ပမွှား‌လေးများပမာ အလွန်ကိုမှ အားနည်းကြလေသည်။ သူမ၏ ဓားရှည် ကခုန်သည်နှင့် တစ်ပြိုင်နက် မည်သူမျှ အသက်ရှင်လျက် လွတ်မြောက်ခြင်း မရှိ။

သူတို့လမ်းတွင် ပိတ်ရပ်နေသော ဝတ်ရုံဖြူအမျိုးသမီးကို ကြည့်ရင်း လူတိုင်းမှာ ခြေဖျားလက်ဖျားများ အေးစက်လာကုန်ကြလေသည်။ အမျိုးသမီးနှင့် ကြယ်သင်္ဘော အရွယ်အစားမှာ မိုးနှင့်မြေပမာ ကွာခြားလှပါသော်ငြား ကြယ်သင်္ဘောကြီး တစ်စင်းလုံးမှာတော့ ထိုမျှ သေးငယ်လှသော အမျိုးသမီးအား ကြောက်ရွံ့နေသည့်အလား။

"နင် ငါတို့ အကုန်လုံးကို တစ်ယောက်မကျန် သတ်ပစ်ချင်နေတာလား" ကြယ်သင်္ဘောထဲဆီမှ အိုမင်းနေသည့် အသံတစ်သံ ထွက်လာခဲ့သည်။

စုယန်သည် ဟင်းလင်းပြင်ထဲဝယ် မလှုပ်မယှက် အမူအရာဖြင့် ရပ်နေလေ၏။ သူမ၏ မျက်ဝန်းလေးများမှာလည်း ဆောင်းဝတ်ရည်ပမာ အကြွင်းမဲ့ ကြည်လင်နေခဲ့လေသည်။

"ဘေးဖယ်နေ၊ မဟုတ်ရင် ဒါ နင့်ရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်" သင်္ဘောထဲမှ အစောပိုင်းက ထွက်ပေါ်လာခဲ့သော အသံ ထပ်မံ၍ ထွက်ပေါ်လာခဲ့လေသည်။ သူတို့၏ အော်ဟစ် ခြိမ်းခြောက်သည့် လေသံမှာ စုယန် အပေါ် အနည်းငယ်မျှပင် သက်ရောက်မှု မရှိ။ စုယန်သည် သူမ၏ လက်ကို မြှောက်ကာ ဓားရိုးကို ကောက်ကိုင်လိုက်လေသည်။

"သေချင်နေတယ်ဆိုမှတော့လည်း နင့်ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့၊ သူ့ကို ဝင်တိုက်ပစ်" အစောပိုင်းက အသံက ထပ်မံ၍ ပြောလိုက်သည်။ ဤအမျိုးသမီးသည် သူတို့ ကြယ်စီရင်စုမှ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများထက်ပင် အဆပေါင်းများစွာ ပိုမို အားကောင်းပေသည်။ သို့ပင် ဖြစ်လင့်ကစား ထိုအမျိုးသမီး မည်မျှပင် အားကောင်းနေပါစေဦးတော့ ကြယ်သင်္ဘော တစ်စင်းကို ယှဉ်ပြိုင်နိုင်မည်လား။

တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ သူတို့၏ ကြယ်စီရင်စုဆီသို့သာ အမြန်ပြန်ချင်နေကြပြီး မည်သည့် တိုက်ပွဲကိုမျှ ဆက်လက် မဖြစ်ပွားချင်တော့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် စုယန်ကို မြင်သည့်အခိုက် အရင်ဦးစွာ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပေသည်။ သူမဘက်မှ ခေါင်းမာနေသည့်အတွက်ကြောင့် သူတို့လည်း အကြမ်းနည်းကို သုံးရုံသာ ရှိတော့ပေသည်။

တဝီဝီ မြည်သံနှင့်အတူ ကြယ်သင်္ဘောသည် ရုတ်တရက်ဆိုသလို အရှိန်တင်၍ စုယန်ဆီသို့ တိုးဝင်သွားလေ၏။

ကြယ်သင်္ဘောနှင့် စုယန် အကွာအဝေးမှာ လျင်မြန်စွာ နီးကပ်လာခဲ့လေသည်။ သို့တိုင် စုယန်သည် ရှောင်မည့် အရိပ်အယောင် မပြသလို သူမဓားအား ဆွဲထုတ်မည့် အရိပ်အယောင်လည်း မပြပေ။ မျက်နှာ အမူအရာမှာလည်း တစ်ချက်ပင် ပြောင်းလဲသွားခဲ့ခြင်း မရှိခဲ့။ မသိလျှင် သူမဆီသို့ တိုးဝင်လာနေသည်မှာ ကြယ်သင်္ဘော မဟုတ်ဘဲ ခွေးပေါက်လေး တစ်ကောင်သာ ဖြစ်နေသည့်အလား။

သူတို့အကြား မိုင်တစ်ရာလောက်သာ ရှိတော့ချိန်တွင်တော့ ဓားအလင်းရောင် တစ်ချက် ထွက်ပေါ်လာခဲ့ပြီး ကြယ်သင်္ဘောကြီးဆီသို့ တိုးဝင်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ကြယ်သင်္ဘောမှာလည်း စုယန် ရပ်နေသည့် နေရာဆီသို့ ဝင်စောင့်ကာ လျှပ်စီးသမျှ အမြန်နှုန်းဖြင့် ဆက်လက် ထွက်ခွာသွားလေ၏။

"ဟားဟားဟား ဒါ သွေးနားထင်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးပဲ" အစောပိုင်းက စုယန်အား စကားပြောသည့် အသံ ထပ်မံ၍ ထွက်ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ထိုအသံမှာ တစ်ဖက်ရန်သူအား အောင်မြင်စွာ သတ်ပစ်လိုက်နိုင်မည်ဟု ထင်နေသည့်အလား အားရပါးရ အော်ဟစ် ရယ်မောနေခဲ့လေသည်။ သို့ရာတွင် တစ်စစီ ဖြစ်သွားသင့်ပြီဖြစ်သော စုယန်သည် သင်္ဘော၏ အနောက်ဘက်တွင် အကောင်းအတိုင်း ရပ်နေသေးကြောင်းကို မြင်လိုက်သည့် အချိန်တွင်တော့ ထိုလူ၏ အော်ရယ်သံမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့ရလေသည်။ စုယန်မှာ မည်သည့်အချိန်ကတည်းကမှန်း မသိ သူမ၏ ဓားကို ထုတ်ထားခဲ့လေသည်။ ဤအခိုက်အတန့်တွင် စုယန်သည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းလိုက်ပြီး အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းကာ အရှေ့ဘက်သို့ ဦးတည် ပျံသန်းသွားခဲ့လေ၏။ ကြယ်သင်္ဘောအား တစ်ချက်ကလေးမျှပင် ပြန်မလှည့်ကြည့်ခဲ့ပေ။

"ဘာတွေ ဖြစ်သွားတာလဲ" အသံပိုင်ရှင်မှာတော့ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ သို့သော်လည်း မကြာမီ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားခဲ့သည်။ ကြယ်သင်္ဘော ပျံသန်းနေသည့် နှုန်းမှာ တဖြည်းဖြည်းနှင့် နှေးသထက် နှေးလာခဲ့သည်။ မသိလျှင် မမြင်နိုင်သည့် ချိန်းကြိုးတစ်ချောင်းမှာ ကြယ်သင်္ဘောအား ရှေ့ဆက်မသွားနိုင်အောင် ဆွဲထားသည့်အလား။ တစ်ချိန်တည်းတွင်လည်း ကြယ်သင်္ဘော တစ်စင်းလုံးမှာ အကြောင်းအရင်းမရှိ အလွန်ကိုမှ အေးစက်လာခဲ့ပြီး အမျိုးမျိုးသော အသံဗလံများဟာလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့ကြလေသည်။

ထိုပြောင်းလဲသွားသည့် အခြေအနေကြောင့် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူအိုကြီးမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ် သွားခဲ့ရလေသည်။ နှင်းပွင့်များသည် ဘယ်အချိန်ကတည်းကမှန်း မသိ ကြယ်သင်္ဘော အတွင်းပိုင်းတွင် ပေါ်လာနေကြသည်။ ထိုနှင်းပွင့်များကြောင့် ကြယ်သင်္ဘောထဲတွင် ရှိနေသည့် အစီအရင်များမှာလည်း တစ်ခုပြီးတစ်ခု အေးခဲသွားကုန်ကြလေသည်။ အလားတူပင် ကြယ်သင်္ဘောထဲတွင် ရှိနေသော ကျင့်ကြံသူများမှာလည်း နှင်းပွင့်များ၏ ဖုံးလွှမ်းထားခြင်း ခံရပြီး ရေခဲရုပ်တုများ အသွင်သို့ ပြောင်းလဲနေကြလေသည်။

လူအိုကြီးမှာ သူ့လက်အေးလာသလို ခံစားလိုက်ရသည့်အတွက်ကြောင့် ငုံ့ကြည့်လိုက်ရာ သူ့လက်ခုံပေါ်တွင် နှင်းပွင့်များ ပေါက်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုနှင်းပွင့်များသည် သူ့လက်ခုံမှနေ၍ သူ့လက်ရင်းတစ်လျှောက် စတင် ပျံ့နှံ့လာခဲ့သည်။ မကြာမီ သူ့လက်မောင်းမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပြန့်လာခဲ့ပြီး နှင်းပွင့်များ လွှမ်းခြုံနေသည့် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာလည်း ရေခဲတုံးများအသွင်သို့ စတင်၍ ပြောင်းလဲလာတော့လေသည်။

သင်္ဘောအတွင်းပိုင်းထဲသာလျှင် ထိုကဲ့သို့ ဖြစ်နေခြင်းမဟုတ်။ သင်္ဘော၏ ကိုယ်ထည် အပြင်ပန်းတစ်ခုလုံးကိုလည်း နှင်းပွင့်များမှာ လွှမ်းခြုံထားခဲ့လေသည်။ နှင်းပွင့်အရေအတွက် များပြားလာသည်နှင့်အမျှ ကြယ်သင်္ဘောကြီးမှာ စတင်၍ တကျီကျီ မြည်လာခဲ့ပြီးသည့်နောက် မကြာမီ ဝုန်းကနဲ မြည်သံနှင့်အတူ ရေခဲစများအသွင်သို့ ပြောင်းလဲ ပေါက်ကွဲထွက်သွားခဲ့လေသည်။ သင်္ဘောထဲတွင် ရှိနေသည့် လူများမှာလည်း အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ခြင်း မရှိဘဲ တဘုန်းဘုန်း ပေါက်ကွဲထွက်ကုန်ကြလေသည်။ ထိုသို့ဖြင့် တစ်စစီ ဖြစ်နေသော ရေခဲတုံးများသည် ကြယ်စီရင်စုကြီးထဲ ဦးတည်ရာမဲ့ ပျံသန်း ရွက်လွှင့်သွားနေတော့လေ၏။

အလင်းတန်းလေးခုသည် ကြယ်စီရင်စုကြီးထဲ အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေခဲ့လေသည်။ အရှေ့ဆုံးမှ ပျံသန်းနေသည့် အလင်းတန်းမှာ သုံးခုရှိနေပြီး လိုက်လာနေသည့် အလင်းတန်းမှာတော့ တစ်ခုသာ ရှိလေသည်။ ထွက်ပြေးနေသည့် အလင်းတန်း သုံးခုအနက် အားအနည်းဆုံးမှာ တန်ခိုးရှင်ဘုရင် ပထမအဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး အားအကောင်းဆုံးမှာတော့ တန်ခိုးရှင်ဘုရင် တတိယအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။ သို့သော်လည်း သူတို့အနောက်သို့ လိုက်လာနေသည့် အလင်းတန်းလေးမှာတော့ အခြားမဟုတ်။ အသက် ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးမည့် ကလေးမလေးတစ်ဦးသာ ဖြစ်ပေသည်။ ထိုကလေးမှာလည်း တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံဖူးခြင်း မရှိသည့်အလား မည်သည့် အရှိန်အဝါကိုမျှ ထုတ်လွှတ်နေခြင်း မရှိ။

သို့တိုင် ရှေ့ဆုံးမှ ထွက်ပြေးနေသည့် လူသုံးဦးမှာ နောက်သို့ တစ်ချက်ပင် ပြန်လှည့်ကြည့်ရဲခြင်း မရှိဘဲ အမြီးကုပ်၍သာ ခြေကုန်သုတ် ထွက်ပြေးနေခဲ့ကြလေသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။ ထွက်ပြေးနေသည့် တန်ခိုးရှင်ဘုရင်အဆင့် သုံးဦး တဖြည်းဖြည်းနှင့် မောပန်းလာကုန်ကြလေသည်။ သူတို့၏ ကျင့်ကြံခြင်းမှာ အတော်လေးကိုမှ မြင့်မားသည့်တိုင် အရှိန်ကုန်တင်၍ သုံးရက်ဆက်တိုက် ထွက်ပြေးလာရသည်မှာတော့ အလွန်ကိုမှ ပင်ပန်းလွန်းလှပေသည်။ ထွက်ပြေးနေရင်း ဆေးလုံးများကို သောက်၍ အဆက်မပြတ် ပြန်လည် အားဖြည့်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆို သူတို့ သုံးဦးစလုံး အားကုန်၍ သေနေလောက်ပေပြီ။

[အခုလောက်ဆိုရင်တော့ လွတ်လောက်ပါပြီ] ထိုသို့ဖြင့် သုံးဦးစလုံး နောက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။ သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သုံးဦးစလုံးမှာ လိပ်ပြာလွင့်လုမတတ် ဖြစ်သွားကြရသည်။

သူတို့အနောက်သို့ လိုက်လာနေသည့် ကလေးမလေးမှာ လုံးဝ မျက်ခြေပြတ်သွားခဲ့ခြင်း မရှိဘဲ အသားပေါ် တွယ်ကပ်နေသည့် လောက်ကောင်ပမာ သူတို့အနောက်သို့ တစ်ကောက်ကောက် မကွာ လိုက်လာနိုင်ခဲ့သည်။ တောက်လျှောက်ပင် ပျံသန်းလာရလင့်ကစား ထိုကလေးမလေးသည် အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်မပြ။ သူမ၏ မျက်နှာမှာ နီမြန်းနေခြင်း မရှိသလို အသက်ရှူနှုန်းမှာလည်း တည်တည်ငြိမ်ငြိမ်သာ ရှိနေလေသည်။

[မွန်းစတား၊ ဘယ်လို မွန်းစတားကောင်ကြီးလဲ]

"တိုက်ကြရအောင်" ရှေ့ဆုံးမှ ဦးဆောင် ထွက်ပြေးနေသည့် လူက ဆုံးဖြတ်ချက်ချကာ လျို့ယန်အား တိုက်ခိုက်လေသည်။ ကျန်သည့် နှစ်ဦးမှာလည်း ထွက်ပြေးနေလျှင်လည်း အပိုသာ ဖြစ်မည်မှန်း သိလိုက်သည့်အလျောက် ပထမဦးဆုံး တိုက်ခိုက်လိုက်သည့် လူနှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်လိုက်ကြသည်။ ချက်ချင်းဆိုသလို အားကောင်းသည့် စွမ်းအင်လှိုင်းတို့မှာ လျို့ယန်၏ ခန္ဓာကိုယ်လေးကို လွှမ်းခြုံသွားခဲ့လေသည်။

[ထိသွားပြီလား] သုံးဦးစလုံး၏ စိတ်ထဲ မျှော်လင့်ချက် အရိပ်အယောင်တို့ ထွက်ပေါ်လာမိကြသည်။ သို့သော်လည်း တစ်ခဏလေးအတွင်းမှာပင် ထိုမျှော်လင့်ချက်များ တစ်စစီ ကွဲကြေသွားခဲ့ရလေသည်။

"ပျင်းဖို့ကောင်းလိုက်တာ" ကလေးဆန်သည့် အသံတစ်သံနှင့်အတူ လျို့ယန်၏ လက်ကလေး ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦးမှာ အန္တရာယ် အငွေ့အသက်တို့ကို ခံစားလိုက်ကြရလေသည်။ ထွက်ပြေးရန် ထပ်မံ ကြိုးစားလိုက်ပါသော်ငြား သူတို့၏ ခန္ဓာကိုယ်အားလုံး လုံးဝ လှုပ်မရတော့ကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက်တွင် မီးတောက်များ သူတို့ ခန္ဓာကိုယ် ပတ်လည်၌ ရစ်သိုင်းလာခဲ့ပြီး သုံးဦးစလုံးကို မီးတောက်များမှ လွှမ်းခြုံသွားခဲ့လေသည်။

လီကျောက်နှင့် သူ့မိသားစုသည် ကြယ်တာရာ ကောင်းကင်ကြီးထဲ ဇိမ်ယူနေခဲ့ကြသည်။ သူတို့ ရထားသည့် တာဝန်မှာ အလွန်ကိုမှ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလှပါသော်ငြား လီကျောက်နှင့် လျူစန်းနျန်တို့မှာတော့ ပျင်းရိနေခြင်း မရှိ။

လီကျောက်သည် ဘယ်ကမှန်းမသိသော ဂြိုဟ်သိမ်ကြီး တစ်လုံး ရထားခဲ့ပြီး ထိုနေရာတွင် အိမ်ဆောက်ကာ နေထိုင်နေခဲ့လေသည်။

သူတို့ ရှိနေသည့် ဂြိုဟ်သိမ်နှင့် မိုင်တစ်ထောင်ခန့် အကွာတွင်တော့ နက်မှောင်သော ဟင်းလင်းပြင်လိုဏ်ခေါင်းကြီး တစ်ခု ရှိနေခဲ့လေသည်။ ထိုလိုဏ်ခေါင်းကြီးမှတစ်ဆင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ဟုန်းလော့ကြယ်စီရင်စုကြီးထဲသို့ ကျူးကျော် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်လေသည်။

လီကျောက် ဤနေရာတွင် စခန်းချနေသည်မှာ အကြမ်းဖျင်း ရှစ်နှစ်ခန့်လောက် ရှိသွားခဲ့လေပြီ။ ထိုအချိန်အတွင်း တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူ ဘယ်လောက်များများကို သူသတ်ပစ်ခဲ့သလဲ ဆိုတာကိုပင် သတိမရတော့ပေ။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ဟုန်းလော့ကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ လွယ်ကူသည့် ပစ်မှတ်များ ဖြစ်သည်ဟူသော သတင်းကို ကြားလိုက်သည့်အလား ဤဝင်ပေါက်မှတစ်ဆင့် ဟုန်းလော့ကြယ်စီရင်စုထဲသို့ ဝင်ရောက်ရန် ကြိုးစားလာခဲ့ကြသည်။ သို့သော်လည်း ဤနေရာသို့ ရောက်လာလာချင်းမှာပင် လီကျောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေ၏။

လီကျောက်မှာ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဤနေရာသို့ လာရန် ကြိုးစားနေသော ကျင့်ကြံသူများကိုသာလျှင် သတ်ပစ်ခဲ့ခြင်း မဟုတ်။ ဤနေရာမှ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲသို့ ပြန်လည် ထွက်ပြေးရန် ကြိုးစားနေကြသော ကျင့်ကြံသူများကိုပါ သတ်ပစ်ခဲ့လေသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဟုန်းလော့ကြယ်စီရင်စုကြီးသည် တန်ပြန်ထိုးစစ်ကို စတင်ခဲ့ကြသည်။ အကုန်လုံးမှာ တစ်ပေါင်းတစ်စည်းတည်းနှင့် စုစည်း ညီညွတ်နေကြသလို လျို့ယန် စုယန် တို့ကဲ့သို့သော အားကောင်းသော ပညာရှင်များ၏ အကူအညီကိုလည်း ရရှိထားသည့်အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာ မည်သို့မျှ ခုခံနိုင်ခဲ့ကြခြင်း မရှိချေ။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် တစ်ခဏလေး အတွင်းမှာပင် ဆုံးရှုံးသွားသော ကျင့်ကြံရေးကြယ်များကို ပြန်လည် သိမ်းယူနိုင်ခဲ့သည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာတော့ အမြီးကုပ်ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးနေကြရလေသည်။

အတော်များများမှာ သူတို့၏ မွေးရပ်မြေဆီသို့ ပြန်လည်၍ ထွက်ပြေးချင်ပါသော်ငြား လီကျောက်သည် ဤနေရာတွင် ပိတ်ရပ်နေသည့်အတွက်ကြောင့် မည်သူမျှ သူ့အား ကျော်ဖြတ်နိုင်ခြင်း မရှိကြချေ။ လီကျောက်သည် ရောက်လာသမျှ လူတိုင်းကို အကုန်အစင် သတ်ပစ်လေသည်။

ရန်ကိုင် ပြန်ရောက်လာပြီးသည့် အချိန်မှစ၍ ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ အခြေအနေမှာ တည်ငြိမ်သွားခဲ့ရသည်။ ကျူးကျော်လာသည့် အင်အားစုများမှာလည်း ရှင်းပစ်ခံကုန်ကြရသည်။ တစ်ခါတစ်ရံ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သော ကျင့်ကြံသူ တစ်ယောက်နှစ်ယောက်လောက် ရှိမည်ဆိုလျှင်ပင် ထိုလူများမှာ ပြဿနာ ရှာနိုင်ကြတော့လိမ့်မည် မဟုတ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၆၈)

ဘာသာပြန်သူ_တိမ်တိုက်

ယနေ့တွင် လီကျောက်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲသို့ ပြန်လည် ထွက်ပြေးရန် ကြိုးစားနေသော ကျင့်ကြံသူတစ်အုပ်ကို ရှင်းပြီးသည့်နောက် သူနေသည့် ဂြိုဟ်သိမ်ဆီသို့ ပြန်လာခဲ့လေသည်။ ထိုနေရာသို့ ရောက်သော် လျူစန်းနျန်သည် လီကျောက်အား ပြုံး၍ နှုတ်ဆက်လိုက်လေ၏။

နှစ်ပေါင်းများစွာ ကြာအောင် အတူနေလာပြီးသည့်နောက် လီကျောက်နှင့် လျူစန်းနျန်တို့မှာ ယခင်ကကဲ့သို့ ရှိုးတိုးရှန့်တန် ဖြစ်မနေတော့ပေ။ လီကျောက်သည်လည်း လျူယုချင်းအား သူ၏ သမီးအရင်းတစ်ဦးသဖွယ် သဘောထားလေသည်။ ထိုအကြောင်းကြောင့် လျူစန်းနျန်မှာလည်း လီကျောက်အပေါ် ပိုပို၍ မေတ္တာ ပိုလာရတော့လေသည်။

သူမ အနေဖြင့် လီကျောက်နှင့် ဤနေရာတွင် တစ်သက်လုံး အတူနေသွားချင်မိတော့သည်။ သို့သော်ငြား ထိုကဲ့သို့ မဖြစ်နိုင်မှန်း သိထားလေသည်။ ဤနေရာရှိ ကိစ္စများကို ရှင်းလင်းပြီးနောက် လီကျောက်နှင့် လျူစန်းနျန်သည် ကြယ်တာရာအစုအဝေးသို့ ပြန်သွားကြရပေလိမ့်မည်။ ထိုအခါ လျူစန်းနျန်အနေဖြင့် သူမ၏ သမီးကိုခေါ်၍ လီကျောက်နှင့်အတူ မီးနဂါးနန်းတော်ဆီသို့ လိုက်သွားရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် လီကျောက်သည် ယခုကဲ့သို့ အားလပ်ကာ အေးအေးဆေးဆေး နေနိုင်တော့လိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ရှိတုန်းရှိခိုက် အခွင့်အရေးများကို သေသေချာချာ တန်ဖိုးထားရမည်ဟု သူမစိတ်ထဲ ဆုံးဖြတ်ထားလေသည်။

"ပင်ပန်းနေမှာပေါ့" လျူစန်းနျန်က ပြောလိုက်သည်။

လီကျောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်... "ပင်ပန်းစရာလား၊ အဲဒီလို အားနည်းတဲ့ ကောင်လေးတွေက ဘာမှတောင် အားမကုန်ဘူး"

သူ၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခံရလင့်ကစား လီကျောက်သည် ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦး၏ အုတ်မြစ်ကို ပိုင်ဆိုင်ထားဆဲ။ ထိုအတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ပင် မရောက်သေးသော ပုရွက်ဆိတ်လေးများကို သတ်ရသည်မှာတော့ အလွန်ကိုမှ လွယ်လွန်းနေခဲ့လေသည်။ ရန်ကိုင်မှ သူ့အား ဤတာဝန်ကို ပေးထားရခြင်းသည် သူနှင့် လျူစန်းနျန်တို့ အတူတူ နှစ်ဦးသား အချိန်ဖြုန်းနိုင်စေရန်အတွက် ဖြစ်သည်ဟု လီကျောက် ထင်နေခဲ့လေသည်။ လီကျောက်သည် ရုတ်တရက်ဆိုသလို လျူစန်းနျန်၏ ခါးကို ဆွဲဖက်၍ သူမ၏ နဖူးလေးကို ကောက်နမ်းလိုက်သည်။

လျူစန်းနျန်က ရှက်ရှက်ဖြင့် ပြန်၍ သတိပေးလိုက်လေသည်။ "ယုချင်း ဒီမှာ ရှိနေတယ်"

လျူစန်းနျန်မှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် လျူယုချင်းသည် မျက်လုံးလေးကို လက်ဖြင့်အုပ်ရင်း အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ ထို့နောက် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ အဝေးတစ်နေရာဆီသို့ ပျံသန်းထွက်သွားလေ၏။ မကြာမီ သူမ၏ အသံ ထွက်ပေါ်လာခဲ့လေသည်။ "သမီး အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်၊ ဒီမှာ နေရတာ အရမ်း ပျင်းဖို့ကောင်းတယ်"

"ဒီကောင်မလေးကတော့" သူမသမီး ဘာကြောင့် ထိုကဲ့သို့ လုပ်ရသလဲ ဆိုသည်ကို လျူစန်းနျန် နားမလည်ဘဲ နေမည်လား။

လီကျောက်က ပြုံး၍ တိုးတိုးလေး ပြောလိုက်သည်။ "သူ မရှိတော့ဘူး"

ထိုသို့ပြောပြီးသည့်နောက် လျူစန်းနျန်အား မင်းသမီးလေးသဖွယ် ပွေ့ချီလျက် အိမ်ထဲသို့ ဝင်သွားလိုက်လေ၏။ လျူစန်းနျန်မှာတော့ ရင်တစ်ဒုန်းဒုန်း ခုန်နေမိလေသည်။

သွားနေရင်းမှ လီကျောက် ရုတ်တရက် ရပ်သွားခဲ့လေသည်။ သူ့မျက်နှာထက်ရှိ အပြုံးမှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး လေးနက်တည်ကြည်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေ၏။ ထို့နောက်တွင် လီကျောက်သည် မိုင်တစ်ထောင်ခန့် အကွာတွင် ရှိနေသော ဟင်းလင်းပြင်လိုဏ်ခေါင်းဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ဘာကြောင့်မှန်းမသိ အစောပိုင်းက အန္တရာယ်များသည့် အငွေ့အသက်တို့ကို လီကျောက် ခံစားလိုက်ရလေသည်။ သို့သော်ငြား ထိုအချက်အပေါ် လီကျောက် ကိုယ်တိုင်မှာလည်း မယုံကြည်နိုင် ဖြစ်နေမိသည်။ သူ့ကျင့်ကြံခြင်းအရ ဤအဆင့်နိမ့် ကြယ်စီရင်စုကြီးထဲတွင် မည်သည့်အရာကများ သူ့အား အန္တရာယ် ပေးနိုင်ပါမည်နည်း။ ရှင်းရှင်းပြောရသော် ရန်ကိုင်မှလွဲ၍ ဤကြယ်စီရင်စုကြီးထဲရှိ မည်သူမျှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။

[အင်း၊ လျို့ယန်ကိုတော့ ဘေးဖယ်ထားရမယ်]

ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ ဘာမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိပါသော်ငြား ၎င်း၏ အရောင်မှာ ယခင်ကထက် ပိုမို နက်မှောင်သလို လီကျောက် ခံစားလိုက်ရသည်။ ရုတ်တရက်ဆိုသလို ထိုအမှောင်ထုတို့သည် တဖြည်းဖြည်းနှင့် ပြန့်ကားထွက်လာခဲ့လေ၏။ ကြယ်တာရာကောင်းကင် အစိတ်အပိုင်းများသည် ထိုအမှောင်ထုထဲ တတိတိနှင့် တိုးဝင် ပျောက်ကွယ်သွားကုန်ကြလေသည်။

ဟင်းလင်းပြင် လိုဏ်ခေါင်းကြီးမှာ စတင်၍ ပျံ့နှံ့လာနေခဲ့လေပြီ။

"မကောင်းတော့ဘူး" လီကျောက်၏ မျက်နှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် လျူယုချင်း ထွက်သွားသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်လေ၏။ လက်ရှိအချိန်တွင် ထိုကလေးမလည်း ကြောက်ရွံ့မှုကြောင့် ခြေတစ်လှမ်းပင် မရွေ့နိုင်တော့ဘဲ သူမဆီသို့ ပျံ့နှံ့လာနေသော အမှောင်ထုကြီးကိုသာ ငေးကြောင်ကြောင်ဖြင့် ကြောင်ကြည့်နေလေသည်။

လီကျောက်မှာ အခြားဘာကိုမျှ စဉ်းစားနေချိန် မရှိ။ လျူစန်းနျန်ကို လက်တစ်ဖက်ဖြင့် ကိုင်၍ လျူယုချင်းဆီသို့ အမြန် ပြေးထွက်သွားသည်။ သူမအနားသို့ ရောက်သော် လျူယုချင်း၏ လက်ကိုကိုင်၍ အော်ပြောလိုက်လေသည်။ "ပြေးပေတော့"

ထို့နောက်တွင် လီကျောက်သည် လျှပ်စီးတန်းတစ်ခု အသွင်သို့ ပြောင်းလျက် အရှိန်ကုန်တင်ကာ ထွက်ပြေးတော့လေသည်။ ဤနေရာတွင် ဘာတွေ ဖြစ်သွားသလဲဆိုသည်ကို သူ မသိပါသော်ငြား ယခုကိစ္စသည် သူ ကိုင်တွယ်နိုင်သည့် ကိစ္စမဟုတ်တော့ပေ။

ဤအကြောင်းကို ရန်ကိုင်အား ဖြစ်နိုင်သမျှ မြန်မြန် အသိပေးရပေလိမ့်မည်။

ရုတ်တရက်ဆိုသလို လီကျောက် တစ်ကိုယ်လုံးပေါ်ရှိ အမွေးအမျှင်များ ထောင်တက်သွားခဲ့လေသည်။ အကြောင်းမှာ သူ့အား တစ်စုံတစ်ဦးမှ စိုက်ကြည့်နေသည်ဟု ခံစားမိလိုက်သည့်အတွက်ကြောင့်ပင်။ မမြင်နိုင်သည့် မျက်ဝန်းတစ်စုံသည် သူ၏ လှုပ်ရှားမှု အတိုင်းကို စောင့်ကြည့်နေခဲ့လေ၏။ တစ်ချိန်တည်းတွင် တိုးလျသည့် အာမေဋိတ်သံတစ်သံကိုပါ လီကျောက် နားထဲ ကြားလိုက်ရလေသည်။ ထိုအသံမှာ အလွန်ကိုမှ တိုးလျသည့်အတွက်ကြောင့် လီကျောက်မှာ သူများ နားကြားမှားသွားခြင်းပင်သလားဟုတောင် ထင်မိသည့်အထိပင်။ သို့တိုင် သူ၏ သံသယတို့ကို အတည်ပြုနေသည့်အလား အားကောင်းသည့် ချုပ်နှောင်စွမ်းအားတစ်ရပ်သည် လီကျောက်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာခဲ့လေသည်။ ရုတ်တရက်ဆိုသလို လီကျောက်မှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လှုပ်မရတော့ပေ။

"ငါ့နားက မခွာနဲ့" လက်ရှိအချိန်တွင် သုံးဦးစလုံး၏ အသက်သည် ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသည့် လူတစ်ဦးကဲ့သို့ ဖြစ်နေခဲ့လေသည်။ လီကျောက်မှာ ထိုကဲ့သို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် သူ၏ ဧကရာဇ်ချီကို လှည့်ပတ်၍ လျူစန်းနျန်နှင့် သူမသမီးကို လွှမ်းခြုံလိုက်လေသည်။ လီကျောက်မှ ထိုကဲ့သို့ လုပ်ပြီးပြီးချင်းမှာပင် အမှောင်ထုကြီးသည် လီကျောက်တို့ သုံးဦးစလုံးကို ဝါးမျိုသွားခဲ့လေ၏။

…

တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ရန်ကိုင်သည် ကြယ်စီရင်စုကြီးထဲ အဆက်မပြတ်ကို သွားလာနေခဲ့သည်။ အချိန် ကုန်ဆုံးနေသည်ကိုပင် သတိရနေခြင်း မရှိတော့ဘဲ ကြယ်စီရင်စုကြီး တစ်ခုလုံးကို သန့်စင်ရာတွင်သာ အာရုံနစ်မျောနေခဲ့လေသည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ ရှိနေသော ကြယ်မြေပုံသည် ကိုးဆယ်ရာခိုင်နှုန်းခန့် အရောင်တောက်နေခဲ့လေပြီ။ မလင်းသေးသည့် အပိုင်းဆို၍ အနည်းငယ်လောက်သာ ကျန်ရစ်တော့သည်။ လွန်ခဲ့သည့် နှစ်များအတွင်း ရန်ကိုင်သည် ကြယ်စီရင်စုကြီး တစ်ခုလုံးနီးပါး အနှံ့ လျှောက်သွားလာခဲ့သည်။ ချောင်အကျဆုံးသော အလွန်ကိုမှ အဝေးကွာဆုံးသော နေရာများကိုပင်လျှင် ရောက်ခဲ့သည်။

ကြယ်မြေပုံ ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ လမ်းပျောက်သွားခဲ့ခြင်း မရှိ။ သူ တစ်ခါမှ မရောက်ခဲ့ဖူးသော နေရာများသို့ ရောက်နေမည်ဆိုလျှင်ပင် သူ သွားချင်သည့် နေရာဆီသို့ မည်ကဲ့သို့ သွားရမလဲဆိုသည်ကို သိနေခဲ့သည်။

ကြယ်အမြုတေ ထောင်ပေါင်းများစွာကို စုဆောင်းပြီး သူ့အရှိန်အဝါအား ကြယ်စီရင်စုအနှံ့ ဖြန့်ကျက်ရခြင်းမှာ အလွန်ကိုမှ ခက်ခဲပင်ပန်းလွန်းသည့် အလုပ်တစ်ရပ် ဖြစ်ပေသည်။ သို့တိုင် ရန်ကိုင်မှာတော့ သူ၏ အလုပ်နှင့် ပတ်သက်၍ ပျင်းရိငြီးငွေ့ခြင်း မရှိ။ ကြယ်စီရင်စုကြီးအား သန့်စင်နေသည်နှင့်အမျှ ရန်ကိုင်မှာ တဖြည်းဖြည်းနှင့် ပိုပို၍ နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ရသည်။

ဤကြယ်စီရင်စုကြီးထဲသို့ ပြန်ရောက်လာပြီးသည့်နောက် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် ယခုနေ ကြယ်တာရာ အစုအဝေးသို့သာ ပြန်သွားပါက ဧကရာဇ် ဒုတိယအဆင့်သို့ ကျိန်းသေ ချိုးဖျက်နိုင်လိမ့်မည်ဟု ရန်ကိုင် စိတ်ထဲ အလွန်ကိုမှ ယုံကြည်ချက် ရှိနေတော့လေသည်။

[မလောက်သေးဘူး၊ နည်းနည်း လိုသေးတယ်] ယခုဆိုလျှင်တော့ ရန်ကိုင်မှ ဝူခွမ်း ကြယ်စီရင်စုများအား မည်ကဲ့သို့ သန့်စင်ခဲ့သလဲဆိုသည်ကို အမှန်တကယ်ကို သိချင်နေခဲ့လေပြီ။

[သူ သုံးတဲ့နည်းလမ်းက ဒီလောက်တော့ အချိန်ကုန်ခံစရာ လိုမှာတော့ မဟုတ်ဘူး၊ ကြယ်စီရင်စုကြီးကို တစ်ခဏလေးနဲ့ သန့်စင်နိုင်လောက်တဲ့ နည်းလမ်း သူ့မှာ ရှိလောက်တယ်၊ ဒါပေမဲ့ သူ့လို ဒီလောက်တောင် နှစ်တွေအများကြီး အသက်ရှင်လာတဲ့ မြေခွေးအိုကြီးမှာ ဒီလိုနည်းလမ်းတွေ ရှိတာ ဆန်းတော့မဆန်းပါဘူး]

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေရာ ရန်ကိုင်မှာ အချိန် မည်မျှ ကုန်လို့ ကုန်သွားမှန်းပင် မသိတော့ပေ။ သူ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ကြယ်မြေပုံ၏ နောက်ဆုံးအပိုင်း အရောင်လက်သွားချိန် ရန်ကိုင်မှာ သူ့နားထဲ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံတစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံသည် အလွန်ကိုမှ ကျယ်လောင်လွန်းလှလေရာ ရန်ကိုင်မှာ သူ့ခေါင်းတစ်ခုလုံး မူးဝေသွားခဲ့ပြီး နားစည်များလည်း အဆက်မပြတ်ကို တုန်ယင်သွားကြောင်း ခံစားလိုက်ရသည်။ ထိုပေါက်ကွဲသံကြီးမှ အသိပြန်ဝင်လာချိန်တွင်တော့ ရန်ကိုင်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

[ငါ လုပ်နိုင်သွားပြီ၊ ဘယ်လောက် ကြာသွားလဲတော့ မသိဘူး၊ ရှစ်နှစ်လား ကိုးနှစ်လား ဒါမှမဟုတ် ဆယ်နှစ်လား၊ ငါ မသိတော့ဘူး]

သို့သော်ငြား ရန်ကိုင်တွင် လုပ်စရာ အနည်းငယ် ကျန်နေပေသေးသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ရန်ကိုင် လုပ်ခဲ့သည်မှာ ကြယ်စီရင်စုကြီး တစ်ခုလုံးကို အစိတ်အပိုင်းများခွဲ၍ ထိုအစိတ်အပိုင်းများကို တစ်ခုချင်းစီ သန့်စင်ခဲ့ခြင်းပင်။ အစိတ်အပိုင်းများကို သန့်စင်ပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား အစိတ်အပိုင်းများမှာ တစ်ခုနှင့်တစ်ခု ပြန်လည် ချိတ်ဆက်မိသေးခြင်း မရှိ။ ထိုအတွက်ကြောင့် အစိတ်အပိုင်းများအကြား ဟာကွက်များ ရှိနေပေသေးသည်။ ရန်ကိုင်သည်သာ ထိုအရာများကို မပြင်ဆင်နိုင်ပါက အစစ်အမှန် ကြယ်သခင်တစ်ပါး မည်သို့မျှ ဖြစ်လာနိုင်လိမ့်မည် မဟုတ်။ ရန်ကိုင်မှာ ယခုဆိုလျှင် ကြယ်သခင်ဖြစ်ဖို့ရာ ခြေတစ်လှမ်းလောက်သာ ဝေးကွာတော့ပါသော်ငြား ထိုခြေတစ်လှမ်းကို လှမ်းဖို့ရာမှာ အလွန်ကိုမှ ခက်ခဲနေခဲ့ရလေသည်။။ယ

သူသည် ချက်ချင်းပင် ကြယ်စီရင်စုကြီး၏ အလယ်ဗဟိုဆီသို့ ပြန်လာခဲ့လေသည်။ ထို့နောက်တွင် အသက်ကို ပြင်းပြင်းရှူသွင်းလျက် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ တစ်ခဏကြာပြီးသည့်နောက် မျက်လုံး ပြန်ပွင့်လာခဲ့ပြီး ကြယ်စီရင်စုကြီး တစ်ခုလုံးကို ပွေ့ဖက်ရန် ကြိုးစားနေသည့်အလား သူ၏ လက်မောင်းနှစ်ဖက်ကို ဖြန့်ကျက်လိုက်သည်။

ရန်ကိုင်၏ လေဟာနယ်စွမ်းအင်နှင့် ကောင်းကင်စိတ်အာရုံတို့မှာ တစ်ပြိုင်တည်း အသက်ဝင်လာခဲ့ကြလေသည်။ ရန်ကိုင်၏ လေဟာနယ် ကောင်းကင်စိတ်အာရုံသည် ဟင်းလင်းပြင်တစ်လျှောက် ခုန်ကူးရင်း ကြယ်စီရင်စုကြီးအနှံ့ ကူးကလန်ခတ် သွားလာတော့လေ၏။

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်မှာ သူတစ်ကိုယ်လုံး ဗလာနတ္ထိ အသွင်သို့ ပြောင်းလဲသွားသည့်ပမာ ခံစားလိုက်ရလေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြယ်စီရင်စုကြီးအနှံ့ ပျံ့နှံ့နေသည့်အလား။ သူ့စိတ်စွမ်းအင်မှာလည်း ရေကာတာ ကျိုးပေါက်သည့်အလား တရဟော စီးထွက်နေခဲ့လေသည်။

ခုနစ်ရောင်ခြယ်ဝိညာဉ်ကြာပန်းမှာတော့ ထိုပြောင်းလဲမှုကို သတိထားမိသွားသည့်အလား ကုန်ဆုံးသွားသော စိတ်စွမ်းအင်များကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးနိုင်ရန်အလို့ငှာ တလက်လက် တောက်ပလာခဲ့လေသည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော မရေမတွက်နိုင်သော ကြယ်ပေါင်းများစွာဟာလည်း တလက်လက်ကို တောက်ပနေကြလေသည်။

ကြီးကျယ်လှသော ကြယ်စီရင်စုကြီး တစ်ခုလုံးမှာ အံ့ဩဖွယ်ရာ ပြောင်းလဲသွားခဲ့လေသည်။ လက်ရှိ အခိုက်အတန့်တွင် ကြယ်စီရင်စုကြီးထဲ နေထိုင်နေကြသော မည်သည့် သက်ရှိသတ္တဝါမဆို မည်မျှပင် ကျင့်ကြံခြင်း မြင့်မားနေစေကာမူ အလွန်တရာကိုမှ အားကောင်းလှသော စိတ်ဆန္ဒတစ်ရပ် ကောင်းကင်မှ သက်ဆင်းလာသည်ကို ခံစားမိလိုက်ကြလေသည်။ ဤစိတ်ဆန္ဒသည် ကြယ်သခင်တစ်ပါး၏ စိတ်ဆန္ဒထက်ပင် ပိုမို အားကောင်းကာ လောကကြီး တစ်ခုလုံး၏ စိတ်ဆန္ဒ။ တစ်နည်းဆိုရသော် ကြယ်စီရင်စု တစ်ခုလုံး၏ စိတ်ဆန္ဒ ဖြစ်လေသည်။

ရန်ကိုင်မှ ကြယ်စီရင်စုကြီး တစ်ခုလုံးကို အစိတ်အပိုင်းများစွာခွဲ၍ သန့်စင်ခဲ့စဉ်က မည်သည့် အတားအဆီးနှင့်မျှ မကြုံခဲ့ရပေ။ သို့သော်ငြား အစိတ်အပိုင်းများကို ပြန်လည် ပေါင်းစည်းရန် ကြိုးစားလိုက်သည့် အခါတွင်တော့ လောကကြီးသည် သူ့အား စတင်၍ ငြင်းဆန်လာတော့လေသည်။ သူ၏ အသိစိတ်ပင်လယ်ထဲဝယ် ငြိမ်ငြိမ်သက်သက် မလှုပ်မယှက်ဖြင့် ရှိနေခဲ့သော ကြယ်မြေပုံသည်ပင်လျှင် သူ့အသိစိတ်ပင်လယ်ထဲမှ ထွက်သွားရန် ကြိုးစားလာတော့လေသည်။

ထိုအဖြစ်အပျက်များကြောင့် ရန်ကိုင်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ကြယ်စီရင်စုအား သန့်စင်ရန်အလို့ငှာ ပထမဦးဆုံးသော လုပ်ရမည့်အရာသည် ကြယ်စီရင်စု အမြုတေကို ဦးစွာ ရယူခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ကြယ်မြေပုံသည်သာ သူ့ဆီမှ ထွက်သွားမည်ဆိုပါက ရန်ကိုင်အနေဖြင့် ဤကြယ်စီရင်စုကြီးကို မည်ကဲ့သို့များ သန့်စင်ရတော့ပါမည်နည်း။

ကြယ်မြေပုံသည် အရောင်တလက်လက် တောက်ပလာခဲ့ပြီးသည့်နောက် အလွန်တရာကိုမှ အားကောင်းလှသော စွမ်းအားတစ်ရပ်ကို ထုတ်ဖော်လာခဲ့သည်။ ထိုစွမ်းအားကြောင့် ရန်ကိုင်၏ အသိစိတ်ပင်လယ် တစ်ခုလုံးမှာ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ကြရလေသည်။ မသိလျှင် ကြယ်မြေပုံကြီးသည် သူ့အား သူ့အား လွှတ်ပေးလျှင် လွှတ်ပေး၊ မလွှတ်ပေးပါက ဒုက္ခကောင်းကောင်း တွေ့ရလိမ့်မည်ဟု ရန်ကိုင်အား သတိပေးနေသည့်အလား။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်၏ ခေါင်းမှာလည်း တဆစ်ဆစ်ကို ကိုက်ခဲလာခဲ့ရသည်။ သို့သော် ရန်ကိုင်မှာမူ လက်လျှော့ခြင်း မရှိဘဲ အံကို တင်းတင်းကြိတ်၍ ဆက်လက် တင်းခံထားခဲ့လေသည်။ တစ်ကြိမ်တည်းတွင်လည်း သူ့အသိစိတ်ပင်လယ် တစ်ခုလုံးကို ချိတ်ပိတ်ပစ်လိုက်လေ၏။

[ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး]ရန်ကိုင်၏ ဝိညာဉ်မှာ ဒဏ်ရာရသွားသည့်အတွက်ကြောင့် သူ၏ မြင်ကွင်းများ ဝေဝါးကုန်ပြီး ရန်ကိုင်မှာ သတိလစ်ချင်လာသလို ဖြစ်လာခဲ့သည်။ ကံကောင်းစွာဖြင့် ခုနစ်ရောင်ခြယ်ဝိညာဉ်ကြာပန်းသည် သန့်စင်လှသော စွမ်းအင်များကို ထုတ်လွှတ်ပေး၍ ရန်ကိုင်၏ ဝိညာဉ်ကို ပြန်လည် ကုစားပေးနေခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ အခြေအနေမှာ နှစ်ဖက်စလုံးအတွက် မတိုးသာမဆုတ်သာ ဖြစ်နေလေ၏။ ထိုသို့ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင် ကိုယ်တိုင်လည်း အခြား ဘာမျှလုပ်၍ မရတော့ပေ။

ရုတ်တရက်ဆိုသလို ရန်ကိုင်၏ မျက်လုံးများ အရောင်တလက်လက် တောက်ပသွားခဲ့ပြီး သူ၏ နတ်ဝိညာဉ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လိုက်လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ ဓားတစ်ချောင်း ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ထိုဓားကို ကိုင်စွဲ၍ သူ၏ အသိစိတ်ပင်လယ်ထဲရှိ ကောင်းကင်ပေါ်တွင် ရှိနေသော ကြယ်မြေပုံကို ချိန်ရွယ်ရင်းမှ အော်ပြောလိုက်လေသည်။ "မင်း နောက်ထပ် ပြဿနာရှာနေရင် ငါ မင်းကို ခုတ်တော့မှာနော်"

ထိုဓားသည် ဝိညာဉ်ခွဲစက်သွားဓားသာ ဖြစ်လေသည်။ ထိုအပြင် ဤအရာကို သူ၏ စိတ်စွမ်းအင်ဖြင့် နှစ်ပေါင်းများစွာ ကြာအောင် အားဖြည့်လာခဲ့သည့်အတွက်ကြောင့် ရန်ကိုင်သည်သာ ဝိညာဉ်ခွဲစက်သွားဓားကို သုံး၍ ကြယ်မြေပုံကို ခုတ်ချလိုက်မည်ဆိုပါက ကြယ်စီရင်စုအမြုတေ ကျိန်းသေ ထိခိုက်သွားရပေလိမ့်မည်။

ရန်ကိုင်မှာ သူ နောက်ပြောင်နေခြင်း မဟုတ်သည့်အလား သူ့ဆီမှ သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာနေခဲ့လေသည်။ သို့တိုင် ကြယ်မြေပုံမှာတော့ ရန်ကိုင်၏ ခြိမ်းခြောက်မှုကြောင့် အနည်းငယ်မျှပင် နောက်တွန့်သွားခဲ့ခြင်း မရှိခဲ့။ ကြယ်မြေပုံအပေါ်ရှိ အလင်းများမှာ တလက်လက်ကို တောက်ပနေခဲ့လေသည်။ ထိုအလင်းများ တောက်ပသွားတိုင်း တောက်ပသွားတိုင်း မမြင်နိုင်သည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ အသိစိတ်ပင်လယ်ကို လိုက်လံ ဖျက်ဆီးနှောင့်ယှက်လေ၏။

ကြယ်မြေပုံမှာ ရန်ကိုင် သူ့အား ဟန်ပြသက်သက်သာ ခြိမ်းခြောက်နေကြောင်းကို သတိထားမိသည့်ပုံပင်။

"အနုနည်းနဲ့ မရမှတော့ အကြမ်းနည်း သုံးရတော့မှာပေါ့" ရန်ကိုင်၏ မျက်နှာမှာ သုန်မှုန်နေခဲ့လေသည်။

[ဧကရာဇ် တတိယအဆင့် ပညာရှင်ကိုတောင် ခုတ်လာခဲ့တဲ့ကောင်ကွ၊ ကြယ်မြေပုံတစ်ခုကများ ငါ့ရှေ့မှာ လာပြီး ဇောင်းကြွရဲတယ်]

သို့သော်ငြား ရန်ကိုင်မှာ ကြယ်မြေပုံကို ဘာမျှမလုပ်ရဲခဲ့ပေ။ သူ့အနေဖြင့် ကြယ်မြေပုံ မရှိဘဲ ကြယ်စီရင်စုကြီးကို မည်ကဲ့သို့များ သန့်စင်ရပါမည်နည်း။

ရန်ကိုင်သည် ဝိညာဉ်ခွဲစက်သွားဓားကို ပြန်သိမ်း၍ လက်ကွက်များကို ထုတ်ဖော်လိုက်သည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ခုနစ်ရောင်ခြယ်ဝိညာဉ်ကြာပန်းသည် ရန်ကိုင်၏ လက်ကွက်များနှင့်အတူ ခုနစ်ရောင်ခြယ်ရတနာတောင်တစ်လုံး အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ်သို့ သတိမပေး ဘာမပေးနှင့် ပျံတက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်က အော်ပြောလိုက်သည်။ "ဖိချလိုက်စမ်း"

ခုနစ်ရောင်ခြယ်ရတနာတောင်သည် ကြယ်မြေပုံထက် ပိုမြင့်အောင် ပျံတက်သွားပြီးသည့်နောက်တွင် အားကောင်းလှသည့် ဖိအားကို ထုတ်ဖော်၍ ကြယ်မြေပုံအပေါ်သို့ ဖိချလာခဲ့လေသည်။ အကျိုးဆက်အနေဖြင့် ကြယ်မြေပုံပေါ်ရှိ အလင်းများဟာ ယခင်ကထက် ပိုမို တောက်ပစွာ လင်းလက်လာခဲ့လေ၏။ သို့ပင် ဖြစ်လင့်ကစား ကြယ်မြေပုံမှာ ခုနစ်ရောင်ခြယ်ရတနာတောင်၏ ဖိအားကို ခုခံနိုင်ခဲ့ခြင်း မရှိဘဲ တဖြည်းဖြည်းနှင့် ဖိနှိပ်ခြင်း ခံနေခဲ့ရသည်။

ထိုအခြင်းအရာကို မြင်လိုက်သော် ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ကြယ်မြေပုံသည် ကြယ်စီရင်စု အမြုတေသာ ဖြစ်လေသည်။ ထိုအရာမှာ အဖိုးတန်လှပါသော်ငြား ဤလောကကြီးထဲ တစ်ခုတည်း ရှိသည့် အရာမျိုးတော့ မဟုတ်ပေ။ ကြယ်စီရင်စုပေါင်း များစွာရှိကြပြီး ကြယ်စီရင်စုတိုင်းတွင် ကြယ်စီရင်စု အမြုတေ တစ်ခုစီ ရှိကြပေသည်။ သို့သော်ငြား ဝိညာဉ်ကြာပန်းမှာတော့ အင်မော်တယ်သစ်ပင်ကဲ့သို့ပင် ဤလောကကြီး တစ်ခုလုံး၌ တစ်ခုတည်း ရှိသည့်အရာ ဖြစ်ပေသည်။ ထိုကဲ့သို့သော အရာမျိုး နောက်တစ်ခု ထပ်မရှိနိုင်ပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဝိညာဉ်ကြာပန်းနှင့် အင်မော်တယ်သစ်ပင်တို့မှာ ကြယ်စီရင်စု အမြုတေထက် ပိုမို အဖိုးတန်ကြောင်းကို သတိပြုမိနိုင်ပေသည်။

လက်တွေ့တွင်လည်း ရန်ကိုင်၏ သံသယများကို အတည်ပြုပေးလာခဲ့လေသည်။ ခုနစ်ရောင်ခြယ်ကြာပန်းသည် ကြယ်မြေပုံကို အမှန်တကယ် ဖိနှိပ်နိုင်လေ၏။ ခုနစ်ရောင်ခြယ်ဝိညာဉ်ကြာပန်း၏ ဖိနှိပ်မှုအောက်ဝယ် ကြယ်မြေပုံမှာ တဖြည်းဖြည်းနှင့် ငြိမ်ကျလာခဲ့လေသည်။ အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် နှုန်းမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့လေ၏။

နောက်ဆုံးကျမှသာလျှင် ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။ ထို့နောက်တွင် ဝိညာဉ်ကြာပန်းကို ထိန်းချုပ်၍ ကြယ်မြေပုံအား အပြည့်အဝ ဖိနှိပ်ရာတွင်သာ အာရုံစိုက်နေတော့လေသည်။

ခုနစ်ရောင်ခြယ်ဝိညာဉ်ရတနာတောင်သည် ကြယ်မြေပုံအား အောက်သို့ တဖြည်းဖြည်း ဖိချနေခဲ့လေရာ မကြာမီတွင် ကြယ်မြေပုံသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိသွားခဲ့လေသည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ရေများသည် ရန်ကိုင်၏ စိတ်စွမ်းအင် ဖြစ်လေရာ ကြယ်မြေပုံမှာ ထိုထဲသို့ ရောက်သွားပြီးသည့်နောက် ရေများ၏ ဝန်းရံခြင်း ခံရကာ သိသိသာသာကို ငြိမ်ကျသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူနှင့် ကြယ်မြေပုံအကြားရှိ ဆက်သွယ်ချက်မှာပါ ယခင်ကထက် ပိုမို အားကောင်းလာသည်ကို ရန်ကိုင် ခံစားမိလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၆၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် မပျော်နိုင်သေးခင်မှာပင် တစ်ခုခု ထပ်ဖြစ်သွားခဲ့သည်။ ရန်ကိုင်၏ကိုယ်ထဲတွင် ရှိနေသော ထောင်နှင့်ချီသည့် ကြယ်အမြုတေများမှာ စတင်၍ သောင်းကျန်းလာတော့လေသည်။ အားကောင်းလှသော စွမ်းအင်လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း သူ့ခန္ဓာကိုယ်အတွင်းပိုင်းမှနေ၍ ရန်ကိုင်၏ခန္ဓာကိုယ်ကို ရိုက်ခတ်လာကြသည်။

မီးတိမ်တိုက်ကြယ်၏ ကြယ်အမြုတေကို သန့်စင်လိုက်စဉ်က သူ့ကိုယ်ထဲ ကြယ်အမြုတေပေါင်းများစွာ ရှိခြင်းသည် ကြယ်အမြုတေများကြား ပဋိပက္ခဖြစ်လာစေလိမ့်မည်မှန်း ရန်ကိုင် ကြိုသိပြီးသားပင်။ သို့သော်ငြား ထိုစဉ်က ရန်ကိုင်သည် သူ၏ မြင့်မားလှသော ကျင့်ကြံခြင်းကိုသုံး၍ ကြယ်အမြုတေများကို အတင်းအကြပ် ဖိနှိပ်ခဲ့လေသည်။

ယခု နှစ်ပေါင်းများစွာကြာအောင် သန့်စင်ပြီးသည့်နောက်တွင် ရန်ကိုင်၏ကိုယ်ထဲ ကြယ်အမြုတေ တစ်ခုနှစ်ခုသာလျှင် မဟုတ်တော့။ ကြယ်အမြုတေများ ထောင်နှင့်ချီကာ ရှိနေခဲ့လေပြီ။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်၏ခန္ဓာကိုယ်သည် ထောင်နှင့်ချီသောကလေးများ ဆူပူစိတ်ကောက်ကြရာနေရာ ဖြစ်လာရတော့သည်။ ရန်ကိုင်နေရာတွင်သာ အခြားသော သာမန်ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးသာဆိုလျှင်တော့ စိတ်ရောကိုယ်ပါ ပြိုလဲသွားရပေလိမ့်မည်။

ကံကောင်းစွာဖြင့် ရန်ကိုင်၏ခန္ဓာကိုယ်မှာ သာမန်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုမိုမာကျောပေသည်။ ရန်ကိုင်သည် ကျင့်ကြံရေးခရီးလမ်းကို စတင်လျှောက်လှမ်းသည့်အချိန်မှစ၍ ခန္ဓာသန့်စင်ခြင်းကို အထူးအလေးပေးကာ ကျင့်ကြံခဲ့သည်။ ထို့အတွက်ကြောင့် သူ့ခန္ဓာကိုယ်မှာ အလွန်ကိုမှ မာကျောပေသည်။ ထိုမျှသာလျှင်မဟုတ်သေး ရန်ကိုင်သည် နဂါးတစ်ပိုင်းလည်း ဖြစ်နေသေးသည်။ ထို့အတွက်ကြောင့် ထိုပြဿနာမှာ ရန်ကိုင်အတွက်တော့ ဘာမျှမဟုတ်။ ထိုသို့ပင်ဖြစ်လင့်ကစား သူ့ခန္ဓာကိုယ်မှာ ထိုအဖြစ်အပျက် ဖြစ်သွားပြီးသည့်နောက်ပိုင်း ဟိုတစ်နေရာ ဒီတစ်နေရာ စတင်၍ နာကျင်လာရတော့သည်။ သူ၏နာမ်ဝိဉာဉ် အသိစိတ်ပင်လယ်ထဲမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ပုံမှန်မဟုတ်သည့်အဖြစ်အပျက်တစ်ခုကို ရန်ကိုင် ချက်ချင်း သတိထားမိသွားခဲ့လေသည်။

“အသိစိတ်ပင်လယ်ပြီးတာနဲ့ ငါ့ခန္ဓာကိုယ်ကို တိုက်ခိုက်တာလား… ထင်ထားတဲ့အတိုင်းပဲ ကြယ်စီရင်စုအမြုတေကို သန့်စင်ရတာ ဒီလောက်မလွယ်ဘူးပဲ…” ယခုကဲ့သို့ဖြစ်လာမည်မှန်း မျှော်မှန်းထားပြီးသား ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ အံ့အားသင့်သွားခြင်းမရှိသလို ထိတ်လန့်နေခြင်းလည်း မရှိပေ။ ထို့အစား အင်ပြည့်အားပြည့်ဖြင့်သာ ကြယ်စီရင်စုအမြုတေကို ရအောင်သန့်စင်ရန် ဆုံးဖြတ်လိုက်လေသည်။

ရောင်စုံအလင်းတန်းတို့သည် ရန်ကိုင်၏မွေးညင်းပေါက်များမှတစ်ဆင့် ဖြာထွက်လာခဲ့ကြသည်။ မသိလျှင် ရန်ကိုင်သည် ရောင်စုံအလင်းတန်းများကြားဝယ် ရောက်သွားသည့်အလား။ ထို့အပြင် ဤအလင်းများသည် သာမန်အလင်းများထက် ပို၍ကို ထူးခြားလွန်းနေခဲ့လေသည်။ ကြယ်အမြုတေများ၏ လောကနိယာမများမှာ တူညီခြင်းမရှိသည့်အတွက်ကြောင့် ၎င်းတို့မှထုတ်လွှတ်နေသော အရောင်များမှာလည်း တူညီခြင်းမရှိကြတော့ချေ။ တစ်ယောက်ယောက်သည်သာ ရန်ကိုင်နေရာတွင်ဆိုပါက သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားလေမလားဟု တွေးရင်း စိတ်ပူနေရပေလိမ့်မည်။

အကြမ်းဖျင်းတူညီကြပါသော်ငြား အနည်းငယ်ချင်းစီ ကွဲပြားသော လောကနိယာမစွမ်းအားတို့သည် ရန်ကိုင်၏ခန္ဓာကိုယ်ထဲ ပဋိပက္ခများ ဖြစ်နေကြလေသည်။ ထိုနိယာမများသည် ကြယ်အမြုတေများဆီမှ လာကြခြင်း ဖြစ်လေသည်။ ထောင်နှင့်ချီသော နိယာမများ၏ အချင်းချင်းပွတ်တိုက်မှုကြောင့် ရန်ကိုင်မှာ နာကျင်မှုကို စတင်၍ ခံစားလာရတော့သည်။ မသိလျှင် သူ့ခန္ဓာကိုယ်မှာ အချိန်မရွေး ပြိုကျသွားတော့မည့်အလား။ ထိုအခါမှသာလျှင် ထိုကလေးဆိုးလေးများ၏ စွမ်းအားကို အထင်သေးမိသွားကြောင်း ရန်ကိုင်သဘောပေါက်သွားရတော့သည်။ တစ်ဖက်ခွန်အားကို အနည်းငယ်မျှပင် အထင်မသေးရဲတော့သည့်အလျောက် ရန်ကိုင်က ချက်ချင်းအော်ပြောလိုက်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း…”

ကျယ်လောင်သည့်နဂါးဟိန်းသံနှင့်အတူ ရန်ကိုင်၏ကျောဘက်ဆီမှ ရွှေနဂါးပုံရိပ်တစ်ခု ထွက်လာခဲ့ပြီး ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် တကျွီကျွီမြည်သံနှင့်အတူ ရန်ကိုင်၏ခန္ဓာကိုယ်မှာ စတင်၍ ပြောင်းလဲလာတော့လေသည်။

ရန်ကိုင့်ခန္ဓာကိုယ်ကြီးသည် လေထိုးထည့်ခံလိုက်ရသည့်ပမာ ဖောင်းကားတက်လာခဲ့လေသည်။ ရန်ကိုင်၏နဖူးထက်တွင်လည်း ချိုလေးနှစ်ချောင်း ထွက်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင်၏အရေပြားတစ်လျှောက် နဂါးအကြေးခွံများ ထွက်လာခဲ့လေသည်။ ရန်ကိုင်၏လက်သည်းများသည် နဂါးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရန်ကိုင်၏နောက်ကျောတစ်ဝိုက်တွင် နဂါးအမြီးတစ်ချောင်း ရုတ်တရက် ပေါ်လာခဲ့လေသည်။

မီတာသုံးဆယ်…။ မီတာငါးဆယ်…။ မီတာတစ်ရာ…။ မီတာတစ်ရာ့ငါးဆယ်…။ မီတာတစ်ရာ့ရှစ်ဆယ်…။ မီတာနှစ်ရာ…။

ရန်ကိုင်သည် ဧရာမနဂါးတစ်ပိုင်းအသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

(မီတာနှစ်ရာလား… အံ့အားသင့်စရာပါလား…) နဂါးကျွန်းပေါ်တွင် နဂါးတစ်ပိုင်းပညာရပ်ကို ထုတ်သုံးစဉ်က သူ့ခန္ဓာကိုယ်သည် မီတာတစ်ရာ့ရှစ်ဆယ်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့သာ ပြောင်းလဲကြောင်းကို ရန်ကိုင်ပြန်သတိရသွားခဲ့သည်။ (အရင်နှစ်တွေအတွင်းမှာ နောက်ထပ် မီတာနှစ်ဆယ် ထပ်ပြီးတော့ ကြီးလာတယ်ဆိုတာကို ငါ တကယ်မယုံနိုင်သေးဘူး…)

မီတာနှစ်ဆယ်မှာ များများစားစားမဟုတ်ပါသော်ငြား ရန်ကိုင်၏သွေးမျိုးဆက် ပိုမိုသန့်စင်လာခြင်းကို ကိုယ်စားပြုနေလေသည်။ နဂါးကျွန်းတွင်ရှိစဉ်က ရန်ကိုင်သည် နဂါးသွေးပန်းများနှင့် နဂါးသွေးဆေးလုံးများစွာကို သောက်သုံးခဲ့သည်။ သို့ရာတွင် ထိုအရာများ၏ ဆေးအာနိသင်များကို အချိန်မီ သန့်စင်နိုင်ခဲ့ခြင်း မရှိချေ။ ထိုအကြောင်းကြောင့် ဆေးအာနိသင်များသည် လွန်ခဲ့သောနှစ်များအတွင်း ရန်ကိုင်၏ကိုယ်ထဲ၌ ကိန်းအောင်းနေခဲ့ရသည်။ ယခု သူ့ခန္ဓာကိုယ် နောက်ထပ်မီတာနှစ်ဆယ်ခန့် မြင့်မားလာရခြင်းမှာ ထိုအေးအာနိသင်များကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင်မှ နှာခေါင်းရှုံ့လိုက်ရာ သူ့နှာခေါင်းပေါက်မှ မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်၏ကျင့်ကြံခြင်းမှာ ပေါက်ကွဲထွက်လာတော့သည်။ ရန်ကိုင်အနေဖြင့် ဘာကိုမှ ဆက်လက်ထိန်ချန်ထားနေစရာမလို။

ရန်ကိုင်၏ကျင့်ကြံခြင်း ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင့်ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာလည်း ပြိုကျပျက်စီးသွားခဲ့ရသည်။ ရန်ကိုင်၏ခွန်အားသည် ဤလောကကြီး၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ဘာမျှမလုပ်ပဲနှင့်ပင် ဟင်းလင်းပြင်တစ်ခုလုံးမှာ သူ့အလိုလို ပြိုကျပျက်စီးသွားရတော့သည်။ သို့ရာတွင် ပျက်စီးသွားသော ဟင်းလင်းပြင်များမှာ သူ့အလိုလို တစ်ဖန်ပြန်လည်ကောင်းမွန်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်၏ ခွန်အားဒဏ်ကို မခံနိုင်ဘဲ ထပ်မံပျက်စီးသွားခဲ့ပြန်လေသည်။ ထိုသို့ဖြင့် ဟင်းလင်းပြင်ကြီးမှာ ပြိုကျသွားလိုက် ပြန်ကောင်းလာလိုက်နှင့် သံသရာလည်နေလေ၏။ ထိုအရာများနှင့်အတူ ကြီးစွာသော ရန်လိုမှုတစ်ရပ်သည် ရန်ကိုင်အား လွှမ်းခြုံလာခဲ့လေသည်။ ထိုအရာမှာ အခြားမဟုတ် လောကကြီး၏ စိတ်ဆန္ဒသာ ဖြစ်လေသည်။

ဗလာကျင်းနေသော ကြယ်တာရာကောင်းကင်ထဲ အကြောင်းအရင်းမရှိ မိုးချုန်းသံများလည်း ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင် ရန်ကိုင်ကိုဗဟိုပြု၍ ပတ်ပတ်လည်မိုင်တစ်ထောင်ဝန်းကျင်လုံး မိုးကြိုးမုန်တိုင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟည်းထွက်နေခဲ့ပြီး အမျိုးမျိုးသော မိုးကြိုးသွားများမှာလည်း ရန်ကိုင်အား ဘက်ပေါင်းစုံမှ ပစ်ခတ်လာကြလေသည်။

ရန်ကိုင်မှာ အရူးတစ်ယောက်ဖြစ်သွားသည့်ပမာ အကျယ်ကြီး အော်ရယ်မောနေခဲ့သည်။ သူ့အား ပစ်ချလာနေသော မိုးကြိုးများကို အနည်းငယ်မျှပင် ရှောင်တိမ်းရန် ကြိုးစားမနေခဲ့ဘဲ သူ့ခန္ဓာကိုယ်ဖြင့် ဆီးခံထားလိုက်သည်။ သူ့စိတ်အာရုံအလုံးစုံကိုမူ သူ့ခန္ဓာကိုယ်ထဲ သောင်းကျန်းနေသော ကြယ်အမြုတေများအား ဖိနှိပ်ရာတွင်သာ အာရုံစိုက်ထားစေလိုက်လေသည်။

“ဂျုန်း… ဂျုန်း… ဂျုန်း…”

အလင်းများ ပြိုးပြိုးပျက်ပျက် လက်နေခဲ့ပြီး မိုးကြိုးများမှာလည်း အဆက်မပြတ်ကို ပစ်ချနေခဲ့သည်။ တရစပ်ကြွေဆင်းကျလာနေသော မိုးကြိုးများအောက်ဝယ် ရန်ကိုင်၏ နဂါးအကြေးခွံများ အက်ကွဲလာကုန်ရလေသည်။

ဤလောကကြီး၏ ငြင်းဆန်မှုသည် ခုခံရန် လွယ်ကူသည့်အရာမျိုး မဟုတ်ပေ။ ရန်ကိုင်မှာ အလွန်ကိုမှ အားကောင်းသည့်တိုင် လောကကြီး၏စွမ်းအားကို မျက်ကွယ်ပြု၍မရသေး။ သို့သော်ငြား ရန်ကိုင်မှာ အလွန်တရာကိုမှ အားကောင်းလှသော ပြန်လည်ကုစားနိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။ နဂါးတစ်ပိုင်းအသွင်နှင့်ပါ ပေါင်းလိုက်သော် ရန်ကိုင်၏ဒဏ်ရာများမှာ တစ်ခဏလေးအတွင်း ပြန်လည်ကောင်းမွန်လာရတော့လေသည်။

မိုးကြိုးများမှာ ရန်ကိုင်အား တစ်နာရီခန့်ကြာအောင် ပစ်နေခဲ့လေသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ ယခင်ကထက် ပိုမိုမြင့်မားလာခဲ့လေသည်။ ထောင်နှင့်ချီသော ကြယ်အမြုတေများသည် သူ့ကိုယ်အတွင်း ပဋိပက္ခဖြစ်နေသေးသည့်အတွက်ကြောင့် ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ အရောင်မျိုးစုံနှင့် တောက်ပနေလေ၏။

ရုတ်တရက်ဆိုသလို မိုးကြိုးများ၏စွမ်းအားမှာ သိသိသာသာကို လျော့ကျသွားခဲ့သည်။ ရန်ကိုင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော လျှပ်ပန်းလျှပ်နွယ်တို့မှာလည်း လျော့ပါးသွားကုန်ကြလေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏မျက်လုံးများ အရောင်တဖျတ်ဖျတ်လက်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ သူ့တွင် ကြယ်စီရင်စုအမြုတေ ရှိမနေသလို လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး တစိုက်မတ်မတ် ကြိုးစားအားထုတ်ခဲ့မှုများသာ မရှိခဲ့ပါက ရန်ကိုင်အနေဖြင့် သူ့ခွန်အားအကုန်အစင်ကို ယခုကဲ့သို့ ထုတ်လွှတ်ရဲလိမ့်မည်မဟုတ်ပေ။ ထိုသို့လုပ်လိုက်မည်ဆိုပါက လောကကြီး၏ငြင်းဆန်ခြင်းကို ခံရကာ အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်းကို ခံရနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်တွင် ကြယ်စီရင်စုအမြုတေရှိနေသလို လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး ကြိုးစားအားထုတ်ထားခဲ့မှုကြောင့် ကြယ်စီရင်စုကြီးအနှံ့ သူ့အရှိန်အဝါတို့ စွဲကပ်နေခဲ့လေ၏။ လောကစိတ်ဆန္ဒသည် ရန်ကိုင်၏လုပ်ရပ်ကို သတိထားမိသွားခဲ့ပြီး ရန်ကိုင်အား ငြင်းဆန်ရန် ကြိုးစားမည်ဆိုလျှင်ပင် ရန်ကိုင်တွင် ခုခံရန်စွမ်းအား ရှိသွားလေပြီ။

လောကကြီးမှလုပ်သည်မှာ ရန်ကိုင် သူ့ဘာသာသူ နောက်ပြန်ဆုတ်သွားအောင် သူ့အား အနည်းငယ် ခံစားခိုင်းလိုက်ခြင်းသာ ဖြစ်ပေသည်။ သို့ဆိုလျှင်ပင် ရန်ကိုင်ကတော့ နောက်ဆုတ်လိမ့်မည်မဟုတ်။ လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး ကြယ်စီရင်စုအမြုတေကို သန့်စင်နိုင်ရန်အတွက် တစိုက်မတ်မတ် ကြိုးစားခဲ့ရသည်။ ယခု သူ့ပန်းတိုင်သည် လက်တစ်ကမ်းတွင် ရောက်နေပြီဖြစ်လေရာ ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ လက်လျှော့နိုင်ပါမည်နည်း။

အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့သည့်အခါ တစ်ဖွဲ့သည် ကျိန်းသေကို ရှုံးရပေလိမ့်မည်။ သူရှုံးလိမ့်မည်မဟုတ်ဟုတော့ ရန်ကိုင် အပြည့်အဝ ယုံကြည်နေလေသည်။ မိုးကြိုးများ အားနည်းသွားခြင်းသည် အကောင်းဆုံးသောလက္ခဏာတစ်ရပ် ဖြစ်ပေသည်။ သို့သော်ငြား ဤလောကကြီးသည် ခဏလေးအတွင်း အားနည်းသလို လုပ်ပြလာသည့်အတွက်ကြောင့် ရန်ကိုင်မှာ သိပ်၍တော့ ကျေနပ်မနေခဲ့ပေ။

“ဟမ်…” ရန်ကိုင်သည် ရုတ်တရက် ခေါင်းမော့၍ တစ်ခုသောအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်သည်။ ထိုအရပ်ဆီမှ သူ့ဆီသို့ တစ်ခုခု ချဉ်းကပ်လာနေသလို သူ့စိတ်ထဲ ခံစားလိုက်ရပါသော်ငြား သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက်တွင် ဘာကိုမှ မတွေ့ခဲ့ရပေ။ သို့သော်ငြား သူ့ကိုယ်ထဲ၌ ရှိနေသော ထောင်နှင့်ချီသည့် အမြုတေများကို ဖိနှိပ်ရန် ကြိုးစားနေရင်းမှ ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားစောင့်ကြည့်နေခဲ့လေသည်။

သူထင်နေသကဲ့သို့ပင် တစ်ခုခုသည် သူ့ဆီသို့ ချဉ်းကပ်လာနေခဲ့သည်။ ထို့အပြင် ထိုအရာချဉ်းကပ်လာနေသည့်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်ပေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်နှင့် မိုင်တစ်ထောင်ခန့်အကွာတွင် ဧရာမတွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုတွင်းနက်ကြီးနှင့်အတွေ့တွင် ကြယ်တာရာကောင်းကင်၏ အစိတ်အပိုင်းများမှာ တွင်းနက်ကြီးထဲသို့ အရည်ပျော်ဝင်သွားကုန်နေကြလေ၏။

ထို့နောက်တွင် ထိုတွင်းနက်ကြီးထဲမှ ဧရာမမွန်းစတားကြီးတစ်ကောင် ခုန်ထွက်လာခဲ့လေသည်။ ထိုမွန်းစတားသားရဲကြီး ခုန်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသောအသံတစ်သံမှာလည်း တစ်ချိန်တည်း ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ကြီးကျယ်ခမ်းနားခြင်းမရှိသလို နားထောင်ရလည်း မဆိုးလှပေ။ ထို့အစား ထိုအသံထဲ အိပ်မက်ဆန်ဆန် ဝမ်းနည်းဖွယ်ရာ အငွေ့အသက်တို့ ကိန်းအောင်းနေခဲ့လေ၏။ သို့သော်ငြား ထိုအသံသည် တိရစ္ဆာန်တစ်ကောင်လုပ်နိုင်သည့် အသံမျိုးမဟုတ်ပေ။ ပေါ်လာသည့်မွန်းစတားသားရဲကြီးမှာတော့ လင်းပိုင်တစ်ကောင်နှင့် တူပါသော်ငြား သာမန်လင်းပိုင်တစ်ကောင်ထက် အဆပေါင်းမြောက်မြားစွာ ပိုမိုကြီးမားပေသည်။

“ဟင်းလင်းပြင်သားရဲလား…” ထိုသားရဲကြီးကိုမြင်လိုက်သည့်အခိုက် ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။

(ဟင်းလင်းပြင်သားရဲ… တိုက်ဆိုင်ချက်ပါလား…)

ရန်ကိုင်ကိုယ်တိုင်သည်လည်း ဟင်းလင်းပြင်သားရဲတစ်ကောင်ကို တွေ့ခဲ့ဖူးပြီး ထိုသားရဲကိုသတ်ကာ ၎င်း၏အမြုတေကို ရယူနိုင်ခဲ့သည်။ ဟင်းလင်းပြင်သားရဲသည် ရှေးဟောင်းမွန်းစတားသားရဲမျိုး ဖြစ်ပေသည်။ ထိုသားရဲများသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ကြပေ၏။ လေဟာနယ်တာအိုအား ကျွမ်းကျင်ခြင်းသည် ထိုသားရဲများ၏ မွေးရာပါစွမ်းအားတစ်မျိုး ဖြစ်ပေသည်။ ပြောကြသည်မှာတော့ ဟင်းလင်းပြင်သားရဲများသည် အမျိုးမျိုးသော ဟင်းလင်းပြင်များကြား လွတ်လွတ်လပ်လပ် သွားလာနိုင်ကြသည်ဟူ၍ပင်။

ဟင်းလင်းပြင်၏ စွမ်းအားသည် အစဖော်လိုက်ရုံဖြင့်ပင်လျှင် သာမန်လူများကို စိတ်ပူလာအောင် လုပ်နိုင်သည့် စွမ်းအားတစ်မျိုးဖြစ်သည်။ သို့သော်ငြား ထိုစွမ်းအားသည် ဟင်းလင်းပြင်သားရဲများအတွက်မူ အစာအာဟာရထက်မပိုပေ။ ဟင်းလင်းပြင်သားရဲများ ပုန်းခိုနေသည့်နေရာမှာ ဟင်းလင်းပြင်အက်ကြောင်းများ ဖြစ်ကြသည်။ ထိုသားရဲများသည် ဟင်းလင်းပြင်အက်ကြောင်းများထဲ ပုန်းခိုရင်း ဟင်းလင်းပြင်စီးကြောင်းများကို အစာအာဟာရအဖြစ် စားသောက်ကြပေသည်။ ထိုအကြောင်းကြောင့် ယခုကဲ့သို့သော မည်သည့်ဟင်းလင်းပြင်စီးကြောင်းမျှ မရှိသည့် လေဟာနယ်ထဲ ဟင်းလင်းပြင်သားရဲများ ပေါ်လာဖို့ရာမှာ အလွန်ကိုမှ ခက်ခဲလှပေသည်။

“ဟင်းလင်းပြင်သားရဲတစ်ကောင်ကို အခုလိုအချိန်မျိုးမှာမှ လာတွေ့ရမယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး… မဟုတ်သေးပါဘူး… နေပါဦး… ဒီကောင်က ဟင်းလင်းပြင်သားရဲဘုရင်ပဲဟ…” ရန်ကိုင်သည် ဤဟင်းလင်းပြင်သားရဲကို သူတွေ့ခဲ့ဖူးသော ဟင်းလင်းပြင်သားရဲ၏ အရွယ်အစားနှင့် ယှဉ်ကြည့်လိုက်လေသည်။ ခန္ဓာကိုယ်အရွယ်အစားခြင်း ယှဉ်ကြည့်လိုက်ပြီးသည့်နောက် လက်ရှိ သူ့ရှေ့တွင် ပေါ်လာသည်မှာ ဟင်းလင်းပြင်သားရဲဘုရင်ဖြစ်ကြောင်း သဘောပေါက်သွားရတော့သည်။ ဤမျှကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် သာမန်ဟင်းလင်းပြင်သားရဲတစ်ကောင် ရှိနိုင်သည့် ခန္ဓာကိုယ်မျိုးမဟုတ်ပေ။

အစောပိုင်းက ထွက်ပေါ်လာခဲ့သော အိပ်မက်ဆန်ဆန်အသံသည် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင်ခမျာ ထိုအသံကို နားထောင်ချင်ချင် နားမထောင်ချင်ချင် ထိုအသံကို ကြားနေခဲ့ရပြီး သူ့ခေါင်းများလည်း မူးဝေဝေ ဖြစ်လာခဲ့ရသည်။

ထိုအချိန်အတွင်းမှာပင် ဟင်းလင်းပြင်သားရဲသည် ၎င်း၏အမြီးကို အသာအယာဝှေ့ယမ်း၍ တည်နေရာခုန်ကူးလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ မီတာနှစ်ရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြီးသည် ဧရာမဟင်းလင်းပြင်သားရဲဘုရင်ရှေ့တွင်တော့ လူကြီးရှေ့သို့ရောက်နေသည့် မွေးကင်းစ ကလေးငယ်လေးတစ်ဦးပမာ ဖြစ်နေခဲ့လေသည်။ ဟင်းလင်းပြင်သားရဲဘုရင်ဆီမှ ဖြာထွက်နေသော ဖိအားအောက်ဝယ် ရန်ကိုင်မှာ အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့ရသည်။

အပြန်အလှန်အနေဖြင့် ဟင်းလင်းပြင်သားရဲဘုရင်သည် ရန်ကိုင်အား လုံးဝသတိမထားမိသည့်အလား လေဟာနယ်လိုဏ်ခေါင်းကဲ့သို့သော မည်းမှောင်နေသည့် ၎င်း၏ပါးစပ်ကြီးကို ဟလိုက်လေသည်။

ဟင်းလင်းပြင်သားရဲဘုရင်တစ်ကောင်သည် ယခုကဲ့သို့သောနေရာမျိုးတွင် အကြောင်းအရင်းမရှိ ပေါ်လာစရာအကြောင်းမရှိချေ။ ထို့အပြင် ရန်ကိုင်ရှိနေသည်ကိုလည်း ဤဟင်းလင်းပြင်သားရဲဘုရင်မှ သတိမထားမိစရာအကြောင်း မရှိ။ ဟင်းလင်းပြင်သားရဲဘုရင်သည် အားကောင်းလှပါသော်ငြား ပြိုင်ဘက်ကင်းသည်တော့မဟုတ်။ ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် လုံးဝကို အားနည်းခြင်းမရှိချေ။ ဤမွန်းစတားသားရဲသည်သာ ခေါင်းထဲ၌ တစ်ခုခုဖြစ်မနေလျှင် ရန်ကိုင်ဆီသို့ ယခုကဲ့သို့ မဆင်မခြင် ပြေးဝင်လာပြီး ၎င်း၏ပါးစပ်ကြီးကို ကောက်ဟလိုက်လိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်မှာပင် သူဘေးပတ်ပတ်လည်ရှိ လောကကြီးဆီမှ အလွန်တရာကိုမှ အားကောင်းလှသော ရန်လိုမှုကို ရန်ကိုင်ခံစားလိုက်ရလေသည်။ ဟင်းလင်းပြင်သားရဲဘုရင် ဤနေရာ၌ ရုတ်တရက်ကြီးပေါ်လာရခြင်းမှာ ဤလောကကြီးမှ ရန်ကိုင်အား ပစ်မှတ်ထားရန်အလို့ငှာ လုပ်လိုက်ခြင်းသာ ဖြစ်လေသည်။ မိုးကြိုးများ အားနည်းသွားခြင်းသည် ပိုမိုအားကောင်းသည့်တိုက်ကွက်ကို ပြင်ဆင်ရန်အတွက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ခြင်းသာ ဖြစ်ပေသည်။

သာမန်အခြေအနေမျိုးတွင်တော့ ရန်ကိုင်သည် ယခုကဲ့သို့သော ဟင်းလင်းပြင်သားရဲဘုရင်မျိုးနှင့် တစ်ပွဲတစ်လမ်းစမ်းကာ ဟင်းလင်းပြင်သားရဲကို သတ်ပစ်၍ အမြုတေကို ရယူရန် ကြိုးစားမိပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူ့၌ အခြားသောပိုအရေးကြီးသည့် လုပ်စရာကိစ္စများ ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဟင်းလင်းပြင်သားရဲဘုရင်ကို လွှတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။

ချက်ချင်းပဲ သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ ဧရာမလဓါးသွားကြီးတစ်စင်း ပေါ်လာခဲ့လေသည် ရန်ကိုင်၏ မီတာနှစ်ရာခန့်အမြင့်ရှိသော ခန္ဓာကိုယ်ကြီးမှ ဖန်တီးလိုက်သည့် လဓါးသွားတစ်စင်းသည် မည်သည့်နည်းနှင့်မျှ သေးငယ်စရာအကြောင်းမရှိပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၀)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် လဓါးသွားကို ကိုင်ထားရင်းမှ မလှုပ်မယှက် ရပ်နေခဲ့သည်။ ထိုအချိန်အတောအတွင်း ဟင်းလင်းပြင်သားရဲဘုရင်မှာတော့ ရန်ကိုင်ဆီသို့ ဆက်လက်ပြေးလာနေလေ၏။

ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်သားရဲကြီးသည် တစ်ခုခုအား အာရုံခံမိသွားသည့်အလား ရပ်သွားခဲ့သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို မည်ကဲ့သို့များ ဤမျှ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရသလဲ မသိရ ဟင်းလင်းပြင်သားရဲကြီးသည် ရန်ကိုင်နားသို့မရောက်ခင် ရုတ်ချည်းဆိုသလို အပြည့်အဝ ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် ၎င်း၏ ဧရာမမျက်လုံးကြီးနှစ်လုံးဖြင့် ရန်ကိုင်အား ငုံ့ကြည့်လာခဲ့လေသည်။

“ဟမ့်…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ သူ့လက်ထဲတွင်ရှိနေသော လဓါးသွားဆီမှ ဖြာထွက်နေသည့်အရှိန်အဝါမှာလည်း အချိန်နှင့်အမျှ ပိုပို၍ အန္တရာယ်များလာခဲ့လေ၏။

ဟင်းလင်းပြင်သားရဲဘုရင်မှာတော့ ဟထားသည့် ၎င်း၏ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ ကြည့်ရသလောက် ယခုမှသာလျှင် ရန်ကိုင်အား သေသေချာချာ သတိထားမိသွားသည့်အလား။

ရန်ကိုင်သည် ခေါင်းမော့၍ ‘မင်း တိုက်ခိုက်ရဲရင် တိုက်ခိုက်ကြည့်လိုက်’ ဟူသော အကြည့်မျိုးဖြင့် ဟင်းလင်းပြင်သားရဲဘုရင်အား ကြည့်လိုက်လေသည်။

ဧရာမသားရဲကြီးနှင့် အကောင်သေးသေးလေးတစ်ကောင်တို့သည် တစ်ဦးကိုတစ်ဦး အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ဟင်းလင်းပြင်သားရဲဘုရင်သည် ရုတ်တရက်ဆိုသလို ရန်ကိုင်ခေါင်းပေါ်မှ ခုန်ကျော်သွားခဲ့လေသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် မမြင်နိုင်သည့်ကန်ရေပြင်ထဲသို့ ခုန်ဆင်းသွားသည့်အလား ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ ဟင်းလင်းပြင်သားရဲဘုရင် ပျောက်ကွယ်သွားသည့်နေရာတွင်တော့ ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ကျန်ရစ်ခဲ့ပြီး ထိုဟင်းလင်းပြင်လိုဏ်ခေါင်းကြီးမှာ သူ့အလိုလို တဖြည်းဖြည်းချင်း ပြန်ပိတ်လာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါမှသာလျှင် ရန်ကိုင် သက်ပြင်းချနိုင်သွားခဲ့ပြီး သူ့လက်ထဲရှိ လဓါးသွားသည်ကိုလည်း ပယ်ဖျက်လိုက်လေသည်။ ဟင်းလင်းပြင်သားရဲဘုရင်မှာ ရန်ကိုင်အား တိုက်ခိုက်ရန် ခက်ခဲသည့် ပြိုင်ဘက်တစ်ယောက်ဟု မြင်နေသလို ရန်ကိုင်ကိုယ်တိုင်သည်လည်း ဟင်းလင်းပြင်သားရဲဘုရင်အား တိုက်ခိုက်ဖို့ရာ လွယ်ကူလိမ့်မည်မဟုတ်မှန်း သိနေခဲ့လေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်မှာ ကြယ်စီရင်စုအား သန့်စင်နေဆဲအချိန်အတောအတွင်းတွင် ရှိနေသေးလေရာ အခြားသောကိစ္စများအပေါ် မည်ကဲ့သို့များ အာရုံစိုက်နိုင်ပါမည်နည်း။ ဟင်းလင်းပြင်သားရဲဘုရင် ပြန်ဆုတ်သွားခြင်းသည် အကောင်းဆုံးရလဒ်တစ်ခု ဖြစ်ပေသည်။ ရန်ကိုင်သည်သာ ဟင်းလင်းပြင်သားရဲဘုရင်နှင့် တိုက်ခိုက်မည်ဆိုပါက ဟင်းလင်းပြင်သားရဲဘုရင်အား သတ်နိုင်နိုင် မသတ်နိုင်နိုင် ကိစ္စမရှိ ကြယ်စီရင်စုအား သန့်စင်နေသည့်ကိစ္စကိုတော့ ဤနေရာတွင်ပင် ရပ်တန့်လိုက်ရပေလိမ့်မည်။

“မင်းမှာ အခြားဘာအကွက်တွေရှိသေးလဲ… ရှိသေးရင် ထုတ်သုံးလိုက်နော်…” ရန်ကိုင်သည် လက်တစ်ဖက်ကို ခါးထောက်၍ ကျန်လက်တစ်ဖက်ဖြင့် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးရင်းမှ အော်ပြောလိုက်လေသည်။

ရန်ကိုင်တစ်ကိုယ်လုံးကို လွှမ်းခြုံနေသည့် ရန်လိုမှုမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ထောင်နှင့်ချီသော ကြယ်အမြုတေများကြား ပဋိပက္ခမှာ စတင်၍ ပြေလျော့လာခဲ့လေသည်။ ထိုအချင်းအရာကိုတွေ့ရှိလိုက်သော် ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေ၏။ ကြည့်ရသလောက် လောကစိတ်ဆန္ဒသည် ရန်ကိုင်နှင့် ပူးပေါင်းရန် လိုလားလာသည့်ပုံပင်။

ထိုသို့သာဆိုလျှင်တော့ အခြေအနေမှာ အမှန်တကယ်ကို ကောင်းမွန်သွားပြီဟု ပြော၍ရပေသည်။ အခြေအနေကို အကဲခတ်တတ်သည့်လူတစ်ဦးပီပီ ရန်ကိုင်သည်လည်း လောကကြီးအား သွား၍ ရန်စမနေတော့ပေ။ ချက်ချင်းပဲ မျက်လုံးပိတ်၍ ကြယ်စီရင်စုအမြုတေကိုသာ စတင်သန့်စင်တော့လေ၏။

အချိန်မှာ တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာလည်း ဖြည်းဖြည်းချင်း ကျုံ့ဝင်လာခဲ့လေသည်။ ရန်ကိုင်၏မွေးညင်းပေါက်များမှ စိမ့်ထွက်နေသော အလင်းရောင်များမှာလည်း တစ်စထက်တစ်စ ပိုမိုနည်းပါးလာသည့်အလျောက် ကြယ်စီရင်စုအား သန့်စင်နေသည့် အခြေအနေမှာ အတော်လေးကိုမှ ကောင်းမွန်လာခဲ့ရသည်။ ရန်ကိုင်ကိုယ်ထဲမှ ထွက်ပေါ်နေသော နောက်ဆုံးအလင်းတန်း ပျောက်ကွယ်သွားချိန် ရန်ကိုင်ပုံစံသည် မူရင်းလူပုံစံအသွင်သို့ အပြည့်အဝ ပြန်ပြောင်းသွားခဲ့လေသည်။

ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့လေသည်။ သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပါသော်ငြား သူ့မျက်လုံးများမှာတော့ အလွန်ကိုမှ အားအင်အပြည့်ဖြင့် တက်ကြွနေလေ၏။ ကြယ်စီရင်စုအား သန့်စင်နေသည့်ကိစ္စမှာ လုံးဝမပြီးသေးပေ။ နောက်ဆုံးတစ်ဆင့် ကျန်နေပေသေးသည်။

ရန်ကိုင်က သူ့လက်နှစ်ဖက်ကိုဖြန့်၍ အော်ပြောလိုက်လေ၏။ “အခု မင်းတို့အားလုံး အိမ်ပြန်ဖို့အချိန်ရောက်ပြီ… သွား… အိမ်ပြန်သွားကြပေတော့…”

ထောင်နှင့်ချီသော အလင်းစက်တို့သည် ရန်ကိုင်၏ ခန္ဓာကိုယ်နေရာအနှံ့အပြားဆီမှ စိမ့်ထွက်လာခဲ့ပြီး စွမ်းအင်လုံးများအသွင်သို့ ပြန်ပြောင်းသွားခဲ့လေသည်။ ထိုစွမ်းအင်လုံးများသည် ရန်ကိုင်ခန္ဓာကိုယ်တစ်ဝိုက်တွင် တစ်ခဏမျှ ရစ်သိုင်းနေပြီးသည့်နောက် သဲလွန်စမကျန် ပျောက်ကွယ်သွားကုန်ကြလေသည်။

ရန်ကိုင်သည် ကြယ်စီရင်စုကြီးအနှံ့ လျှောက်ပတ်သွားခဲ့ပြီး အမျိုးမျိုးသော ကြယ်အမြုတေများကို သန့်စင်ခဲ့သည်။ ထောင်နှင့်ချီသော ကြယ်အမြုတေများကို သန့်စင်ရင်းဖြင့် ရန်ကိုင်သည် ကြယ်စီရင်စုကြီးတစ်ခုလုံးကို ထောင်နှင့်ချီသော အစိတ်အပိုင်းများအဖြစ်သို့ ခွဲပစ်လိုက်လေသည်။ ယခု ကြယ်အမြုတေများကို မူရင်းနေရာများဆီသို့ ပြန်လွှတ်လိုက်ရခြင်းမှာ နောက်ဆုံးအဆင့်အတွက် ပြင်ဆင်နေခြင်းသာ ဖြစ်လေသည်။

အတင်းအကြပ် ဖိအားပေးနေ၍ မအောင်မြင်နိုင်။ နှစ်ဦးနှစ်ဖက်လုံးမှ တစ်ဦးကိုတစ်ဦး အပြန်အလှန် အသိအမှတ်ပြုမှသာလျှင် နှစ်ဦးအတူ ပေါင်းစည်းနိုင်ပေလိမ့်မည်။ ထောင်နှင့်ချီသာ ကြယ်အမြုတေများသည် ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်၏မြင်ကွင်းမှာ ပျောက်ကွယ်သွားခဲ့လေသည်။

ကြယ်အမြုတေအသီးသီး ပျံထွက်သွားကြပါသော်ငြား ထွက်မသွားသေးသည့် ကြယ်အမြုတေတစ်ခုတော့ ရှိပေသည်။ ထိုကြယ်အမြုတေသည် ရန်ကိုင်တစ်ဝိုက်တွင် အဆက်မပြတ်ကို ရစ်သိုင်းနေလေ၏။ ထိုကြယ်အမြုတေမှာ အခြားမဟုတ် အရိပ်ကြယ်၏ ကြယ်အမြုတေသာ ဖြစ်လေသည်။

ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ထိုကြယ်အမြုတေကို သူ့လက်ထဲ လှမ်းကိုင်လိုက်လေသည်။ ကြယ်အမြုတေအား တစ်ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။ “သွားပေတော့…”

ထိုအခါမှသာလျှင် အရိပ်ကြယ်၏ ကြယ်အမြုတေသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ အရိပ်ကြယ်ရှိရာဆီသို့ ပျံသန်းထွက်သွားလေ၏။

(လာခဲ့စမ်း…) ရန်ကိုင်သည် စိတ်ထဲမှနေ၍ အော်ဟစ်လိုက်လေသည်။

ထို့နောက်တွင် မျက်လုံးကိုပိတ်ကာ သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်လိုက်သည်။ ခုနှစ်ရောင်ခြယ်ရတနာတောင်သည် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းအသွင်သို့ ပြန်ပြောင်းသွားခဲ့ပြီး ကြယ်မြေပုံအား ထိန်းချုပ်ပေးရန် အသုံးပြုထားသော ဖိအားကိုလည်း ဖယ်ရှားလိုက်လေသည်။ ထို့နောက်တွင် ကြယ်မြေပုံသည် ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲမှ တဖြည်းဖြည်းချင်း ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ဝိဉာဉ်နှင့် ပေါင်းစပ်သွားခဲ့လေသည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ခါသွားခဲ့သည်။ ရန်ကိုင်စိတ်ထဲ သူ့ကိုယ်တွင်းထဲမှ တစ်ခုခုပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရလေသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အခါ ကြယ်မြေပုံသည် ယခင်ကကဲ့သို့ပင် သူ့အသိစိတ်ပင်လယ်ထဲရှိ ကောင်းကင်ပေါ်တွင် ရစ်ဝဲနေကြောင်း တွေ့လိုက်ရလေ၏။ ရန်ကိုင် အပေါ်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် တလက်လက်တောက်ပနေသော ကြယ်များကို တွေ့လိုက်ရလေသည်။ သို့သော်ငြား ယခင်ပုံစံနှင့် ယခုပုံစံကြား ကွာဟချက်ကြီးကြီးမားမားတစ်ခု ရှိနေခဲ့လေသည်။

ကြယ်မြေပုံသည် ယခင်က သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေခဲ့သလို ရန်ကိုင်မှ ကြယ်မြေပုံကိုသုံး၍ ကြယ်တာရာအစုအဝေးထဲ လျှောက်ပတ်သွားနိုင်ခဲ့ပါသော်ငြား ထိုကြယ်မြေပုံသည် သူ့အပိုင်မဟုတ်ခဲ့ပေ။ သို့သော်ငြား ဤကြယ်မြေပုံကြီးသည် လုံးဝကို သူ့အပိုင် ဖြစ်လာခဲ့လေပြီ။ ကြယ်မြေပုံ၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းတွင် ရန်ကိုင်၏အရှိန်အဝါတို့ စွဲကပ်နေခဲ့လေ၏။

“ဒီလိုကိုး…” ကြယ်မြေပုံကို အောင်မြင်စွာ သန့်စင်နိုင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အကြောင်းအရင်းတစ်ခုကို ချက်ချင်း နားလည်သွားခဲ့လေသည်။ ယခုမှသာလျှင် တစ်စပြင်ကန္တာရကြယ်စီရင်စု ဟုန်းလော့ကြယ်စီရင်စုအား ဘာကြောင့် ကျူးကျော်နိုင်ခဲ့ရသလဲဆိုသည်ကို ရန်ကိုင် နားလည်သွားရတော့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်ကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ထွက်သွားစဉ်က သူနှင့်အတူ ကြယ်မြေပုံပါ ပါလာခဲ့လေသည်။ တစ်နည်းဆိုရသော် ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်အမြုတေကို သူနှင့်အတူ ယူလာခဲ့လိုက်ခြင်း ဖြစ်သည်။ ကြယ်အမြုတေမရှိတော့သည့်အတွက်ကြောင့် ကြယ်စီရင်စုနှစ်ခုကြားရှိ ထိုးဖောက်၍မရနိုင်သော လောကအတားအဆီးမှာ အားနည်းသွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်စီရင်စုနှစ်ခုကြား ဟင်းလင်းပြင်လိုဏ်ခေါင်း ဖြစ်ပေါ်လာနိုင်ခဲ့ရပြီး တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ဟုန်းလော့ကြယ်စီရင်စုထဲသို့ ကျူးကျော်ဝင်ရောက်လာနိုင်ခဲ့ရခြင်း ဖြစ်လေသည်။

အကြောင်းအရင်းကို တွေ့ရှိသွားပြီးသည့်နောက် ရန်ကိုင်စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကျူးကျော်မှုကြောင့် လူပေါင်းမရေမတွက်နိုင်အောင် သေဆုံးခဲ့ရသလို ကျင့်ကြံရေးကြယ်ပေါင်းများစွာလည်း ဒုက္ခရောက်ခဲ့ကြရသည်။ ဟုန်းလော့ကြယ်စီရင်စုကြီး ထိုကဲ့သို့သောကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရခြင်းမှာ သူ့ကြောင့်ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် လုံးဝ ထင်မှတ်ထားခဲ့ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်နေစေကာမူ လက်ရှိအချိန်၌ ရန်ကိုင်လုပ်နိုင်သည့်အရာဆို၍ တောင်းပန်ခြင်းသာ ရှိတော့သည်။

လက်ရှိကိစ္စအပေါ် ပြန်အာရုံစိုက်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ စတင်၍ စိတ်လှုပ်ရှားလာရတော့လေသည်။ ကြယ်စီရင်စုသခင် ဖြစ်လာခြင်းသည် ကြယ်သခင်တစ်ပါး ဖြစ်လာခြင်းနှင့် ဆင်တူကြောင်းကို ရန်ကိုင်တွေ့ရှိသွားခဲ့ရသည်။ အတွေးတစ်ချက်နှင့်ပင်လျှင် ရန်ကိုင်သည် သူလုပ်လိုသည့်အရာမှန်သမျှကို လုပ်နိုင်ပေသည်။

ရန်ကိုင်၏စိတ်အစုံသည် ဟင်းလင်းပြင်တစ်လျှောက် ကူးကလန်ခတ်သွားလာရင်းမှ အရာအားလုံးကို စစ်ဆေးကြည့်နေခဲ့သည်။ မကြာမီ ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးကို တွေ့ရှိသွားခဲ့ရသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ထုန်းရွှမ်လောကကြီးမှာ သိသိသာသာကို ပြန်လည်ကောင်းမွန်လာခဲ့ပြီး တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ချန်ထားရစ်ခဲ့သော အဆိပ်ကွက်များမှာလည်း ၎င်းအပေါ်မှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်၏ အကူအညီကြောင့် ထုန်းရွှမ်လောကကြီးသည် ဆယ်နှစ်အတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပေလိမ့်မည်။ သို့သော်ငြား ထိုမျှနှင့်ပင် မလုံလောက်သေးချေ။

မူလကတည်းက ထုန်းရွှမ်လောကကြီး၏ အုတ်မြစ်မှာ အခြားသောကျင့်ကြံရေးကြယ်များထက် သိသိသာသာကို ပိုမိုအားနည်းခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် အားကောင်းသောကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းမရှိခဲ့။ ရန်ကိုင် ကြယ်စီရင်စုသခင် ဖြစ်လာလိုသည့်အကြောင်းအရင်းနှစ်ချက် ရှိပေသည်။ ပထမတစ်ချက်မှာ သူ့ကိုယ်ပိုင်အကျိုးအတွက်ဖြစ်ပြီး ဒုတိယတစ်ချက်မှာတော့ ရှနင်းချန်နှင့် ထုန်းရွှမ်လောကကြီးအတွက် ဖြစ်ပေသည်။

ကြယ်စီရင်စုသခင် ဖြစ်လာမှသာလျှင် ရန်ကိုင်သည် ကြယ်စီရင်စု၏စွမ်းအားကိုသုံး၍ ထုန်းရွှမ်လောကကြီးနှင့် ရှနင်းချန်တို့အား ပိုမိုတိုးတက်လာအောင် ကူညီပေးနိုင်ပေလိမ့်မည်။

(အခု တကယ်အလုပ်ဖြစ်မဖြစ် စမ်းသပ်ဖို့အချိန်ရောက်ပြီ…) ထိုသို့တွေးရင်းမှ ရန်ကိုင်သည် လက်ကွက်များကို စတင်ထုတ်ဖော်လိုက်တော့သည်။

လက်ရှိအချိန်တွင် ရှနင်းချန်သည် ဘုံကိုးခုထွဋ်မြတ်နယ်မြေထဲ ရွှယ့်ယွယ်နှင့် စကားပြောနေခဲ့လေသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က စစ်ပွဲပြီးဆုံးသွားသည့်အချိန်မှစ၍ ကြယ်စီရင်စုကြီးတစ်ခုလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ယခုဆိုလျှင် အားကောင်းသည့်ရန်သူများ ကျူးကျော်လာမည်ကို စိုးရိမ်နေစရာမလိုတော့ပေ။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ဓါးအဖွဲ့အစည်းမှာတော့ ပြန်လည်ဆောက်လုပ်နေဆဲအတောအတွင်းတွင်ပင် ရှိနေပေသေးသည်။ ခရမ်းကြယ်မှာမူ ဆက်လက်တည်ရှိခြင်း မရှိတော့‌ပေ။ ထို့အစား ခရမ်းကြယ်၏နေရာတွင် ကြယ်စီရင်စုကြီး၏ အားအကောင်းဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ထက်ကောင်းကင်ဂိုဏ်းမှ အစားထိုးဝင်ရောက်လာခဲ့လေသည်။

ရှနင်းချန်၏အခြေအနေမှာ အတော်လေးကိုမှ ပြန်ကောင်းနေခဲ့လေပြီ။ ယခင်ကကဲ့သို့ အားနည်းဖျော့တော့နေခြင်းမရှိတော့။ သူမ၏အသားအရည်မှာလည်း ဝင်းပပ စိုပြေပြေ ပြန်ဖြစ်နေခဲ့လေပြီ။ အလားတူပင် သူမ၏ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်ဘုရင်တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေခဲ့လေ၏။

ရွှယ့်ယွယ်သည်လည်း အလားတူပင်ဖြစ်လေသည်။ သူမသည် ကြယ်သခင်တစ်ပါးမဟုတ်ပါသော်ငြား အထူးခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသလို မြောက်မြားလှစွာသော ကျင့်ကြံရေးအရင်းအမြစ်များကိုလည်း ရရှိထားသည့်အတွက်ကြောင့် သူမ၏ကျင့်ကြံနှုန်းမှာ အခြားသူများအောက် နိမ့်ကျနေခြင်းမရှိပေ။

ရုတ်တရက်ဆိုသလို ရှနင်းချန်သည် တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား အပြင်ဘက်သို့ လှမ်း၍ကြည့်လိုက်လေသည်။

“ဘာဖြစ်လို့လဲ…” ရွှယ့်ယွယ်က မယုံသင်္ကာဖြင့် မေးလိုက်သည်။

ရှနင်းချန်သည် ထိုင်ရာမှထ၍ နန်းတော်အပြင်ဘက်သို့ ထွက်သွားလေသည်။ ရွှယ့်ယွယ်သည်လည်း ရှနင်းချန်နောက်သို့လိုက်လာပြီး မကြာမီ သူမဘေးတွင်ရပ်၍ ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်ထက်ရှိမြင်ကွင်းကို မြင်ပြီးသည့်နောက် နှစ်ဦးစလုံး တောင့်တောင့်ကြီး ဖြစ်သွားကုန်ကြလေသည်။

အပြာရောင်ကောင်းကင်ထက်ဝယ် မြောက်မြားလှစွာသော အလင်းတန်းများ ပျံသန်းလာနေသည်ကို နှစ်ဦးစလုံး တွေ့ရှိလိုက်ကြရသည်။ ထိုအလင်းတန်းတစ်ခုချင်းစီတိုင်းတွင် မရေမတွက်နိုင်အောင် များပြားလှသော သန့်စင်လှသည့် စွမ်းအင်တို့ ကိန်းအောင်းနေကြလေ၏။ လက်ရှိအချိန်တွင် ထိုအလင်းတန်းများသည် ဥက္ကာခဲမိုးရွာချသည့်ပမာ ထုန်းရွှမ်လောကကြီးဆီသို့ ပျံသန်းလာနေကြလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရွှယ့်ယွယ်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ထိုအလင်းတန်းနှင့် သူမတို့ကြား အကွာအဝေးများစွာ ခြားနေပါသော်ငြား ထိုအရာများသည်သာ ထုန်းရွှမ်လောကကြီးပေါ်သို့ ကျရောက်လာမည်ဆိုပါက ထုန်းရွှမ်လောကကြီး မည်မျှပင် ထိခိုက်သွားရနိုင်ကြောင်းကို သူမ ခန့်မှန်းမိပေသည်။ ထိုအလင်းတန်းတစ်ခုတည်း ထုန်းရွှမ်လောကကြီးပေါ်သို့ ကျလာမည်ဆိုလျှင်ပင် ကြယ်တစ်ခုလုံး ဆိုးဆိုးရွားရွား ထိခိုက်သွားရနိုင်ပေသည်။ ထို့အပြင် အလင်းတန်းမှာ တစ်ခုတည်းမဟုတ်။ အများကြီးဖြစ်ပေသည်။

ရွှယ့်ယွယ်နှင့် ရှနင်းချန်တို့သည်သာလျှင် ထိုအလင်းတန်းကို မြင်တွေ့ရခြင်းမဟုတ်။ ထုန်းရွှမ်လောကကြီးပေါ်တွင် ရှိနေသည့် သက်ရှိမှန်သမျှ ထိုအလင်းတန်းကို မြင်တွေ့ကြရသည်။

ရှနင်းချန်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး ကြယ်အမြုတေစွမ်းအားကိုသုံး၍ တိုးဝင်လာနေသော အလင်းတန်းများကို တားဆီးတော့မည်အပြု ရုတ်တရက်ဆိုသလို ကောင်းကင်ထက်ရှိ တိမ်စိုင်တိမ်တိုက်များသည် အတူတကွ ပေါင်းစည်း၍ တွန့်လိမ့်လာခဲ့ပြီး မကြာမီတွင် လူတစ်ဦး၏မျက်နှာအသွင်သို့ ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရဿည်။

“ဟမ်…” ရှနင်းချန် ကြောင်းသွားခဲ့လေသည်။

“ယောက်ျားလား…” ရွှယ့်ယွယ်လည်း မင်သက်နေခဲ့သည်။

တိမ်စိုင်တိမ်တိုက်များမှတစ်ဆင့် ဖြစ်ပေါ်လာသောမျက်နှာသည် ရန်ကိုင်၏မျက်နှာသာ ဖြစ်လေသည်။ ဟိုအဝေးတစ်နေရာတွင်ရှိနေသော ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးပေါ်ရှိ တိမ်စိုင်တိမ်တိုက်များကို သူ့မျက်နှာအသွင်သို့ ပြောင်းလဲသွားအောင် မည်ကဲ့သို့လုပ်နိုင်သလဲဆိုသည်ကို အမျိုးသမီးနှစ်ဦး မသိကြပါသော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် သူတို့အား မြင်နေရပြီး သူတို့ကိုပင်လျှင် ပြုံးပြကာ မျက်စိတစ်ဖက်ပင် မှိတ်ပြနေပေသေးသည်။

ထိုတစ်ခဏတာ တုံ့ဆိုင်းနေစဉ်အတောအတွင်း ရှနင်းချန်မှာ အလင်းတန်းများကို တားဆီးရန် မေ့လျော့သွားခဲ့ရသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏မျက်နှာကို မြင်လိုက်စဉ်တည်းက ထုန်းရွှမ်လောကကြီးဆီသို့ တိုးဝင်လာနေသော အလင်းတန်းများသည် ရန်ကိုင်လက်ချက်သာဖြစ်ကြောင်းကို ရှနင်းချန် သဘောပေါက်သွားရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အလင်းတန်းများကို တားဆီးရန် ကြိုးစားမနေတော့ပေ။ ရန်ကိုင် ဘာလုပ်ချင်နေသလဲဆိုသည်ကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

အလင်းတန်းများ ထုန်းရွှမ်လောကကြီးပေါ်သို့ ကျရောက်လာသည့်အခါတွင် သူမတို့မျှော်လင့်ထားခဲ့သည့် ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ခြင်း မရှိချေ။ ထို့အစား ထိုအလင်းတန်းများသည် ထုန်းရွှမ်လောကကြီးနှင့်အတွေ့တွင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ဘုံကိုးခုထွဋ်မြတ်နယ်မြေထဲရှိ မိုးမြေစွမ်းအင်မှာ သိသိသာသာကို ပိုမိုသိပ်သည်းလာခဲ့ရသည်။ ထိုမျှသာလျှင်မဟုတ်သေး။ အခြားသောပြောင်းလဲမှုများမှာလည်း လျင်မြန်စွာ ဖြစ်ပေါ်နေခဲ့လေသည်။

ရှနင်းချန်သည် ထိုပြောင်းလဲမှုများကို ထင်ထင်ရှားရှား အာရုံခံမိသည့် တစ်ဦးတည်းသောလူ ဖြစ်ပေသည်။

ကြယ်သခင်တစ်ဦးဖြစ်သည့်အလျောက် ထုန်းရွှမ်လောကကြီး၏ လောကနိယာမများ ယခင်ကထက် ပိုမိုအားကောင်းကာ ပိုမိုပြည့်စုံလာသည်ကို ခံစားမိပေသည်။ လောကနိယာမများ ပိုမိုအားကောင်းလာသည့်အတွက်ကြောင့် ထုန်းရွှမ်လောကကြီးပေါ်တွင် ပိုမိုအားကောင်းလှသော ကျင့်ကြံသူများ ထွက်ပေါ်လာပေတော့မည်။

“နင်းချန်… ဒါက…” ရှနင်းချန်ပြုံးနေသည်ကိုမြင်သော် ရွှယ့်ယွယ်က လှမ်းမေးလိုက်လေသည်။

“သူအောင်မြင်သွားပြီ…” ရှနင်းချန်က ပြန်ပြောလိုက်သည်။

ရှနင်းချန် ဘာပြောချင်သလဲဆိုသည်ကို နားလည်သည့်အလား ရွှယ့်ယွယ်၏မျက်လုံးထဲ ထူးဆန်းသည့်အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။ “သူတကယ်ကြီးအောင်မြင်သွားတာလား…”

လွန်ခဲ့သည့်ဆယ်နှစ်လုံးလုံး ရန်ကိုင်ဆီမှ မည်သည့်သတင်းစကားမှ မကြားရပေ။ ရန်ကိုင်အား ကြယ်စီရင်စုထဲရှိ တစ်နေရာရာတွင် မြင်တွေ့ခဲ့ရသည်ဟု တစ်စုံတစ်ဦးမှ ပြောလေ့ရှိကြပါသော်ငြား ထိုလူများသည်လည်း ရန်ကိုင်အား တစ်ချက်လောက်သာမြင်လိုက်ရပြီး ထို့နောက်တွင် ရန်ကိုင်သည် သူတို့၏မြင်ကွင်းမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင် မည်သည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်ရှုပ်နေသလဲဆိုသည်ကို သိထားသည့်အလျောက် မည်သူ့မျှ ရန်ကိုင်အား လိုက်လံ၍ ရှာမဖွေမနေခဲ့ပေ။ သို့သော်ငြား ဆယ်နှစ်အတွင်းမှာပင် ရန်ကိုင်အောင်မြင်သွားခဲ့သည်ဟူသော အချက်မှာ အမှန်တကယ်ကိုမှ အံ့အားသင့်စရာကောင်းလှပေသည်။

ထုန်းရွှမ်လောကကြီး ယခုကဲ့သို့ ဖြစ်လာရခြင်းသည် ရန်ကိုင်အောင်မြင်သွားပြီဟူသော အချက်ကို မီးမောင်းထိုးပြနေခဲ့လေသည်။ ကြယ်စီရင်စုကို အောင်မြင်စွာ သန့်စင်ပြီး ကြယ်စီရင်စုသခင် ဖြစ်လာသည့်အခါမှသာလျှင် ရန်ကိုင်သည် ထိုမျှများပြားလှသော စွမ်းအင်များကို ထုန်းရွှမ်လောကကြီးဆီသို့ ကူးပြောင်းပေးနိုင်ပေလိမ့်မည်။

ထိုသို့ကူပြောင်းပေးအပ်ဖို့ရာမှာလည်း မလွယ်ကူလှ။ ထိုစွမ်းအင်အလင်းတန်းများကို ထုန်းရွှမ်လောကကြီးဆီသို့ ကူးပြောင်းပေးလိုက်သည့်အတွက်ကြောင့် ထိုစွမ်းအင်များ ထုတ်ယူခံလိုက်ရသည့်နေရာများမှာ ယခင်ကထက် သိသိသာသာကို အားနည်းနိမ့်ကျသွားရပေလိမ့်မည်။ သို့တိုင် ယခုကိစ္စသည် ရှနင်းချန်နှင့် ပတ်သက်နေသည့်အတွက်ကြောင့် ရန်ကိုင်ကတော့ ဂရုစိုက်နေလိမ့်မည်မဟုတ်။

All Chapters