← Chapters

အခန်း (၃၁၇၁-၃၁၇၅)

Vol. 138 Ch. 3171-3175

အခန်း (၃၁၇၁-၃၁၇၅)

Vol. 138 Ch. 3171-3175

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၁)

ဘာသာပြန်သူ_တိမ်တိုက်

"ဟမ် ဒီမှာ ဘာတွေဖြစ်သွားတာလဲ" ရုတ်တရက်ဆိုသလို တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိထားမိသွားခဲ့သည်။ သူ့အသိစိတ်ပင်လယ်ထဲရှိ ကြယ်မြေပုံပေါ်တွင် လက်သီးဆုပ်အရွယ် အနက်ရောင် အစက်တစ်စက် ရှိနေခဲ့လေသည်။ ထိုအနက်ရောင်အစက်သည် ထုန်းရွှမ်လောကကြီးဆီသို့ သွားစဉ်က ကြယ်တာရာကောင်းကင်မှ ထုန်းရွှမ်လောကကြီးအား လှမ်းကြည့်လိုက်စဉ် တွေ့ရသော အနက်ရောင်အစက်များနှင့် တစ်ထေရာတည်းပင်။ ယခု ကြယ်စီရင်စုအမြုတေနှင့် ပေါင်းစပ်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုအနက်ရောင်အစက်ဆီမှ အလွန်တရာကိုမှ အားကောင်းလှသော ရန်လိုမှုကို ခံစားနေရလေ၏။

သူ့အထင် မမှားလျှင် အနက်ရောင်အစက်ရှိနေသည့် နေရာသည် တစ်စပြင်ကန္တာရကြယ်စီရင်စုနှင့် ဟုန်းလော့ကြယ်စီရင်စုတို့ ဆက်နေသည့်နေရာပင် ဖြစ်လေသည်။

ထိုနေရာသည် အရေးကြီးသည့် နေရာတစ်ခုဖြစ်သည့်အတွက်ကြောင့် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ရန်ကိုင်သည် လီကျောက်တို့ မိသားစုအား ထိုနေရာကို စောင့်ကြပ်ရန်အတွက် စေလွှတ်ခဲ့သည်။ ထိုစဉ်က သူ့အစီအစဉ်မှာ လုံးဝကို ပြီးပြည့်စုံသည်ဟု ထင်ခဲ့ပါသော်ငြား ယခု ကြယ်မြေပုံကို သန့်စင်ပြီးသွားသည့် အခါမှသာလျှင် ထိုနေရာနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားတော့သည်။

အတွေးတစ်ချက်နှင့် ရန်ကိုင်၏ အကြည့်သည် မိုင်သန်းပေါင်းများစွာကို ဖြတ်ကျော်၍ အနက်ရောင်အစက် ရှိနေသည့် နေရာဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာရှိ မြင်ကွင်းကို မြင်လိုက်သော် ရန်ကိုင်မှာ အလွန်ကိုမှ ထိတ်လန့်သွားရတော့သည်။

မိုင်ပေါင်းသန်းနှင့်ချီကာ ကျယ်ဝန်းသော နေရာတစ်ခုလုံးမှာ ဧရာမတွင်းနက်ကြီးတစ်ခု အသွင်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ယခင်က ထိုနေရာ၌ တည်ရှိခဲ့သော ကြယ်တာရာကောင်းကင်၏ အစိတ်အပိုင်းများ၊ ကြယ်သေများ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများအား မည်သည့်နေရာတွင်မျှ မတွေ့ရတော့။ ထိုအစား မှောင်မိုက်နေသည့် တွင်းနက်ကြီးတစ်ခုကိုသာ တွေ့နေရတော့သည်။ ဤသည်မှာ အဆိုးဆုံး မဟုတ်သေး။ ပိုဆိုးသည်မှာ တွင်းနက်ကြီး၏ အရွယ်အစားသည် ဆက်လက်၍ ကျယ်ပြန့်နေခြင်းပင်။

ထိုမြင်ကွင်းသည် ရန်ကိုင်အား ချက်ချင်းဆိုသလို ဒေါသထွက်သွားစေခဲ့လေသည်။ ရန်ကိုင်သည် ယခုလေးတင် ဤကြယ်စီရင်စု အမြုတေကို သန့်စင်ပြီး ကြယ်စီရင်စုသခင် ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။ တစ်နည်းဆိုရသော် ဤကြယ်စီရင်စုကြီး တစ်ခုလုံးသည် သူ့ပိုင်နက် ဖြစ်ပေသည်။ ထိုအနက်ရောင် တွင်းနက်ကြီး မည်သည့်အရာပင် ဖြစ်နေစေကာမူ ထိုအရာကြီးသည် သူ့ပိုင်နက်နယ်မြေကို လုယူနေခြင်းသာ ဖြစ်လေသည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ကြယ်စီရင်စုသခင် တစ်ဦးဖြစ်သည့် ရန်ကိုင်က မည်သို့များသည်းခံနိုင်ပါမည်နည်း။

[ဟို လီကျောက် ခွေးကောင်ရော ဘယ်ရောက်သွားတာလဲ၊ ငါ သူ့ကို အဲဒီနေရာကို စောင့်ကြပ်ဖို့ ပြောထားတာ၊ ဒီလိုကိစ္စကြီး ဖြစ်နေတာတောင် ဒီကောင် ငါ့ကို ဘာလို့ နည်းနည်းလေးမှ အကြောင်းမကြားရတာလဲ၊ ငါ နေရာစုံ လျှောက်ပတ်သွားနေတယ်ဆိုရင်တောင် သူ့မှာ ငါ့ကို ရှာလို့ရမဲ့ နည်းလမ်း ရှိပြီးသား] ရန်ကိုင်၏ စိတ်ထဲ လီကျောက်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့လေသည်။ ထို့နောက် အတွေးတစ်ချက်နှင့် ရန်ကိုင် အနက်ရောင်တွင်းနက်ကြီး ရှိနေသည့် နေရာဆီသို့ ရောက်လာခဲ့လေ၏။

သေသေချာချာ အနီးကပ် ကြည့်လိုက်သည့်အခါမှသာ ထိုအနက်ရောင်တွင်းနက်သည် သူထင်ထားသည်ထက်ကို ပိုမို ချောက်ချားဖွယ်ကောင်းကြောင်း တွေ့ရှိသွားခဲ့ရသည်။ ရန်ကိုင် မြင်မြင်ရာတစ်ဆုံး အမှောင်ထုများသာ ရှိနေခဲ့လေသည်။ ဤအနက်ရောင်တွင်းနက်ကြီးသည် ကြယ်တာရာအက်ကြောင်းများကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ လက်ရှိအချိန်တွင် အနက်ရောင်တွင်းနက်ကြီးမှာ ဒီရေလှိုင်းလုံးပမာ ရှေ့သို့ ဆက်လက်တိုးလာနေပြီး ကြယ်တာရာကောင်းကင်၏ အစိတ်အပိုင်းများကို တစ်စတစ်စနှင့် ဝါးမျိုနေခဲ့လေသည်။

ရန်ကိုင်မှာ သူ့ပိုင်နက်နယ်မြေ တတိတိနှင့် ဆုံးရှုံးနေရကြောင်းကို ခံစားမိနေခဲ့သည်။ ထိုအတွက်ကြောင့် သူ့မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ကြယ်မြေပုံနှင့် သွားရောက်ဆက်သွယ်ကြည့်လေသည်။ ကြယ်စီရင်စုအမြုတေမှာ ရုတ်ချည်းဆိုသလို တဝီဝီ မြည်လာခဲ့ပြီး အရောင်တလက်လက် တောက်ပလာခဲ့လေသည်။

ထိုကဲ့သို့ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် တရွေ့ရွေ့နှင့် ကျယ်ပြန့်လာနေသော အနက်ရောင်တွင်းနက်ကြီးမှာ ရုတ်တရက်ဆိုသလို သိသိသာသာကို နှေးကျသွားခဲ့ရလေသည်။ ထိုအချက်ကြောင့် ရန်ကိုင် မျက်ခုံးပင့်မိသွားခဲ့လေသည်။ သူ၏ ဘဝတွင် ယခုကဲ့သို့သော အရာမျိုးနှင့် တစ်ခါမျှ မကြုံခဲ့ဖူးသည့်အတွက်ကြောင့် ထိုကဲ့သို့သော အရာမျိုးအား မည်ကဲ့သို့ ရင်ဆိုင်ရမလဲဆိုသည်ကို ရန်ကိုင် မသိပေ။ ရန်ကိုင်မှာ အနက်ရောင်တွင်းနက်ကြီး ပျံ့နှံ့လာနေသည်ကို တားဆီးလိုခဲ့သည်။ ထိုအကြောင်းကြောင့် ရလိုရငြားကြယ်မြေပုံနှင့် သွားရောက်ဆက်သွယ်လိုက်ခြင်း ဖြစ်ပေသည်။

ထို့နောက်တွင် ရန်ကိုင်မှာ အခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။ ကြယ်စီရင်စုသခင်တစ်ဦး ဖြစ်သည့်အလျောက် သူ၏ ဆန္ဒသည် ကြယ်စီရင်စုကြီး၏ ဆန္ဒဖြစ်ပေသည်။ သူ၏ အတွေးတိုင်း သူ၏ လုပ်ရပ်တိုင်းသည် ကြယ်စီရင်စုအား သူ့ဆန္ဒများနှင့် တစ်ထေရာတည်း ဖြစ်စေနိုင်ပေသည်။ အဖြေရလာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ဆက်၍ တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ကြယ်မြေပုံနှင့် ဆက်သွယ်၍ ကြယ်စီရင်စု၏ စွမ်းအားကို ငှားရမ်းကာ အမှောင်ထုအား စတင်တားဆီးတော့လေသည်။

အမှောင်ထု ပျံ့နှံ့နေသည့်နှုန်းမှာ တဖြည်းဖြည်းနှင့် နှေးကျလာခဲ့ပြီး အဆုံးတွင်တော့ လုံးဝကို ရပ်တန့်သွားခဲ့လေသည်။ သို့တိုင် ရန်ကိုင်မှာ လက်ရှိအခြေအနေနှင့် မကျေနပ်နိုင်သေးဘဲ ထပ်မံ၍ အော်ပြောလိုက်လေ၏။ "ထွက်သွားစမ်း"

တစ်ချိန်တည်းတွင် သူ့လက်နှစ်ဖက်အား ရှေ့သို့ တွန်းထုတ်ချလိုက်ရာ မမြင်နိုင်သည့် စွမ်းအားတစ်ရပ် ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာခဲ့ပြီး အမှောင်ထုအား ဖိနှိပ်လိုက်လေသည်။ ချက်ချင်းဆိုသလို အမှောင်ထုကြီးသည် တဖြည်းဖြည်း ပြန်လည် ကျုံ့ဝင်သွားခဲ့လေ၏။

အမှောင်ထု ပြန်ဆုတ်သွားသည့်နောက်တွင် ၎င်းမှ ဝါးမျိုခဲ့သည့် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေသည်။ တစ်ခဏအကြာ၌ အမှောင်ထု ပြန်ဆုတ်သွားပြီးသည့်နောက် ဧရာမ ဂြိုဟ်သိမ်ကြီးတစ်လုံး အမှောင်ထုထဲမှ တဖြည်းဖြည်း ပြန်ပေါ်လာသည်ကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ ထိုအချက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ ဝမ်းသာသွားတော့လေ၏။ မူလကမူ အမှောင်ထု ဝါးမြိုခဲ့သည့် အရာမှန်သမျှကို ဆုံးရှုံးလိုက်ရပြီဟု ထင်နေခြင်းဖြစ်လေသည်။ သို့သော်လည်း လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုသို့မဟုတ်သည့်ပုံပင်။ အမှောင်ထုမှာ ဤနေရာရှိ အရာမှန်သမျှကို ဝါးမျိုပစ်ခဲ့ပါသော်ငြား ၎င်းဝါးမျိုသွားခဲ့သည့် အရာအားလုံးသည် အကောင်းအတိုင်းသာ ရှိနေပေသေးသည်။

[ဒီအမှောင်ထုကြီးက ဘာကြီးလဲ] ရန်ကိုင်သည် သူ့ပိုင်နက်နယ်မြေကို ပြန်လည် သိမ်းယူရင်းမှ စဉ်းစားနေခဲ့လေသည်။ တစ်ခဏအကြာ၌ ရန်ကိုင်၏ ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ အမှောင်ထု၏ အနက်ပိုင်းတွင် လောကစိတ်ဆန္ဒတစ်ခုကို တွေ့ရှိလိုက်ရသည့်အတွက်ကြောင့်ပင်။ ထို့အပြင် ထိုလောကစိတ်ဆန္ဒသည် ဟုန်းလော့ကြယ်စီရင်စုကြီး၏ လောကစိတ်ဆန္ဒ မဟုတ်။ ထိုလောကစိတ်ဆန္ဒမှာ ဟုန်းလော့ကြယ်စီရင်စုထဲတွင် တွေ့ခဲ့ရသည့် လောကစိတ်ဆန္ဒနှင့် အလွန်ကိုမှ ဆင်တူပေသည်။ သို့သော်ငြား ထိုအရာမှာ ကြယ်စီရင်စုကြီး၏ စိတ်ဆန္ဒမဟုတ်ဘဲ တသီးတခြား ဖြစ်နေသော လောကစိတ်ဆန္ဒတစ်ခု ဖြစ်သည့်အလား။

[အခြားလောကကြီးတစ်ခုက ဟုန်းလော့ကြယ်စီရင်စုကြီးကို ဝါးမျိုဖို့ လုပ်နေတာလား၊ ဘာလဲ၊ အဲဒါက တစ်စပြင်ကန္တာရကြယ်စီရင်စုလား၊ အဲဒါတော့ ဖြစ်နိုင်လောက်တယ်၊ ဒီနေရာက ကြယ်စီရင်စုနှစ်ခု ဆက်နေတဲ့နေရာဆိုတော့ ဒီနေရာကနေ ဟုန်းလော့ကြယ်စီရင်စုကို ဝါးမြိုဖို့ လုပ်နေတာကို ကြည့်ရရင် တစ်စပြင်ကန္တာရကြယ်စီရင်စုပဲ ဖြစ်ရလိမ့်မယ်]

ရန်ကိုင်မှာ သူ့စိတ်ထဲ အနည်းငယ် ကံကောင်းသွားသလို ခံစားလိုက်ရလေသည်။ ရန်ကိုင်သည်သာ ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုသခင် ဖြစ်မလာခဲ့လျှင် လက်ရှိအခြေအနေအား မည်ကဲ့သို့ ဖြေရှင်းလို့ ဖြေရှင်းရမည်မှန်း သိလိမ့်မည် မဟုတ်ပေ။ ကြယ်စီရင်စုတစ်ခုကို အခြားကြယ်စီရင်စုတစ်ခုမှ ဝါးမျိုခြင်းသည် ကျင့်ကြံခြင်း သက်သက်ဖြင့် ဖြေရှင်းနိုင်သည့် အရာတစ်ခုမဟုတ်ပေ။ ထိုကဲ့သို့သော ပြဿနာမျိုးကို ဖြေရှင်းလိုပါက ကြယ်စီရင်စု၏ စွမ်းအားဖြင့် ပြန်လည်တိုက်ခိုက်ရုံသာ ရှိပေလိမ့်မည်။ ထိုသို့ စဉ်းစားနေရင်းမှ ရန်ကိုင် တစ်ခုခုအား နားလည်သွားခဲ့လေသည်။ သူ့အနေဖြင့် ကြယ်မြေပုံအား အလွယ်တကူ သန့်စင်နိုင်ခဲ့ရခြင်းမှာ လက်ရှိအခြေအနေနှင့် ပတ်သက်နေလောက်ပေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် သူ့စွမ်းအားကိုသုံး၍ လက်ရှိပြဿနာကို ဖြေရှင်းလိုသည့်အတွက်ကြောင့် သူ့အား ကြယ်မြေပုံကို သန့်စင်ခွင့်ပြုခဲ့ခြင်း ဖြစ်လောက်သည်။

"မင်းစားထားတဲ့ ငါ့ဟာမှန်သမျှ အကုန်ပြန်ပေးစမ်း" ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုသခင် ဖြစ်လာခဲ့ရာ အတော်လေးကိုမှ စိတ်အားတက်ကြွနေခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ယခုကဲ့သို့သော အခက်အခဲလောက်ကို မည်သို့များ ကြောက်နေပါမည်နည်း။

ဟုန်းလော့ကြယ်စီရင်စုကြီး၏ စွမ်းအားကိုသုံး၍ ရန်ကိုင်သည် အမှောင်ထုကို မောင်းထုတ်နေခဲ့လေသည်။ အမှောင်ထုမှာလည်း ဟုန်းလော့ကြယ်စီရင်စုကြီး၏ စွမ်းအားကြောင့် နောက်သို့ တတိတိ ဆုတ်နေခဲ့ရသည်။ အမှောင်ထု ပြန်ဆုတ်သွားသည့်အလျောက် အမှောင်ထုမှ ဝါးမြိုထားခဲ့သော ကြယ်တာရာကောင်းကင်မှာလည်း မူလအခြေအနေသို့ ပြန်လည် ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်၏ အကူအညီကြောင့် အမှောင်ထုမှာ ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် နောက်သို့ ပြန်ဆုတ်နေခဲ့ရသည်။ တစ်ဆယ့်ငါးမိနစ်အတွင်းမှာပင် အမှောင်ထုသည် မိုင်ပေါင်းတစ်သောင်းကျော်မက ပြန်ဆုတ်သွားခဲ့ရလေပြီ။

မိုင်တစ်သောင်းကျော်ဟူသော ပမာဏသည် အမှောင်ထု ဝါးမျိုထားခဲ့သော နေရာများနှင့် ယှဉ်လိုက်သော် ဘာမျှ မပြောပလောက်ပါသော်ငြား ဤသည်မှာ အစကောင်းတစ်ခု ဖြစ်ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဆုံးရှုံးသွားသော နယ်မြေများအား ပြန်ရနိုင်သည့်နှုန်းမှာ ပိုမို၍ မြန်ဆန်လာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။ လက်တွေ့မှာလည်း သူ့ခန့်မှန်းချက် မှန်ကန်နေကြောင်း သက်သေပြလာခဲ့လေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် ရန်ကိုင်၏ ဆန္ဒကို သတိထားမိသည့်အလား ကြယ်အမြုတေသည် ရန်ကိုင်နှင့်အတူ ပူးပေါင်းကာ အမှောင်ထုအား တွန်းလှန်နေခဲ့လေသည်။

မိုင်တစ်သိန်း၊ မိုင်နှစ်သိန်း၊ မိုင်တစ်သန်း။ ထိုသို့ဖြင့် အမှောင်ထု၏ အရွယ်အစားမှာ သိသိသာသာကို လျော့ကျသွားခဲ့သည်။ လက်ရှိနှုန်းဖြင့်သာဆိုပါက တစ်လအတွင်း ရန်ကိုင်မှာ ဆုံးရှုံးသွားရသော နယ်မြေအားလုံးကို ပြန်လည် သိမ်းယူနိုင်ပေလိမ့်မည်။

အမှောင်ထုအား တွန်းလှန်နေရင်းမှ ရုတ်တရက်ဆိုသလို ရန်ကိုင် ကိုယ်ပေါ်ရှိ အမွေးအမျှင်အားလုံး ထောင်တက်သွားခဲ့ရလေသည်။ အချက်ပေးခေါင်းလောင်းသံတို့သည်လည်း သူ့ခေါင်းထဲ အဆက်မပြတ်ကို ဆူဝေလာခဲ့လေသည်။ ရန်ကိုင်သည် မျက်လုံးကြီးကို ပြူးလျက် သူ့အရှေ့တည့်တည့်ရှိ အမှောင်ထုအား စိုက်ကြည့်နေလိုက်လေသည်။ လက်ရှိ အမှောင်ထုထဲတွင် ဘာဆိုဘာမျှမရှိ။ မည်သည့်သက်ရှိမျှလည်းမရှိ။ မည်သည့် အသက်ဓာတ်မျှလည်းမရှိ။ သို့တိုင် အန္တရာယ်အငွေ့အသက်သည် အမှောင်ထုထဲမှ လာနေသည်ကို ရန်ကိုင် သေသေချာချာ ခံစားမိနေခဲ့သည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်၏ မြင်ကွင်းထဲ အလင်းတန်းတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအလင်းတန်းသည် ရန်ကိုင်ဆီသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်လည်း ချက်ချင်း ခေါင်းမော့၍ အလင်းတန်းအား သူ့ပါးစပ်ဖြင့် ကိုက်ချလိုက်လေသည်။ အလင်းတန်းမှာ အသက်ရှိနေသည့်အလား အဆက်မပြတ်ကို ရုန်းကန်နေခဲ့သည်။ ကိုက်ချပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်သည်းဖြင့် ကုတ်ချလိုက်လေသည်။

ခရက်။ တစ်ခုခု ပျက်စီးသွားသံနှင့်အတူ ရန်ကိုင် ပါးစပ်ထဲ၌ ရုန်းကန်နေသော အလင်းတန်း ငြိမ်ကျသွားခဲ့လေသည်။

"ထွီ" ရန်ကိုင်သည် သူ့ပါးစပ်ထဲရှိအရာကို ထွေးထုတ်လိုက်လေ၏။ ထိုထွေးထုတ်လိုက်သည့် ပစ္စည်းကို လက်ဖြင့်ဖမ်း၍ ကြည့်လိုက်ရာ ထိုအရာမှာ အခြားမဟုတ်ဘဲ ဓားပျံတစ်ချောင်း ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

"ဒါက" ထိုဓားကို ကြည့်ရင်းမှ ရန်ကိုင်၏ မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့လေသည်။ "ဧကရာဇ်အဆင့် မှော်ရတနာလား"

အမှောင်ထုထဲမှ သူ့ဆီသို့ တိုးဝင်လာခဲ့သည့် အလင်းတန်းသည် အခြားမဟုတ်ဘဲ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေခဲ့လေသည်။ ရန်ကိုင်ကြောင့် ထိုဧကရာဇ်အဆင့် မှော်ရတနာမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား ရန်ကိုင်သည် ဧကရာဇ်အဆင့် ရတနာများကို မမှတ်မိရလောက်သည်အထိ ကန်းမနေခဲ့ပေ။ လက်ရှိအချိန်တွင် ဓားပျံတစ်ဝိုက်၌ ဧကရာဇ်ချီ အငွေ့အသက်တို့ ရစ်သိုင်းနေပေသေးသည်။

ထို့နောက်တွင် ရန်ကိုင်သည် မီးတောက်မတတ် မျက်ဝန်းအစုံဖြင့် အမှောင်ထုအား တဖန်ပြန်လည် စိုက်ကြည့်လာခဲ့လေသည်။ [ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကြယ်စီရင်စု အချင်းချင်း ဝါးမျိုတာ သဘာဝအတိုင်း ဖြစ်တာလို့ ထင်နေတာ၊ လတ်စသတ်တော့ အဲဒီလိုမဟုတ်ဘဲနဲ့ အခြားလူတစ်ယောက်ရဲ့ လက်ချက်ဖြစ်နေတာကိုး]

ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုသည် အကြောင်းအရင်းမရှိ ရန်ကိုင်အား တိုက်ခိုက်လာစရာ အကြောင်းမရှိချေ။ ဓားသွားပေါ်တွင် ရစ်သိုင်းနေသော ဧကရာဇ် အရှိန်အဝါကို ကြည့်ရသလောက် ထိုလူသည် အခြားကမ္ဘာမှ ရန်ကိုင်အား သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် သူ့အား တိုက်ခိုက်သည့်လူသည် ကျိန်းသေ ဧကရာဇ်အဆင့်တွင် ရှိနေရပေလိမ့်မည်။

ကမ္ဘာ့အတားအဆီးကို ဖြတ်ကျော်၍ တိုက်ခိုက်ခြင်းသည် လက်ရှိ ရန်ကိုင်ပင်လျှင် လုပ်နိုင်သည့်အရာ ဖြစ်နေလေပြီ။ ကမ္ဘာ့အတားအဆီးများမှာ အလွန်တရာကို မာ‌ကျော အားကောင်းလွန်းလှသည့်အတွက်ကြောင့် မဟာဧကရာဇ်များသည်သာလျှင် ကမ္ဘာခြား၍ တိုက်ခိုက်နိုင်ကြပေလိမ့်မည်။ သို့သော်လည်း လက်ရှိအချိန်တွင် ဟုန်းလော့ကြယ်စီရင်စုနှင့် တစ်စပြင်ကန္တာရကြယ်စီရင်စုတို့မှာ လုံးဝကို ကွဲထွက်နေခြင်း မရှိတော့ချေ။ အမှောင်ထုသည် ကြယ်စီရင်စုကြီးနှစ်ခုအား ဆက်သွယ်ပေးထားပေသည်။ ထိုအတွက်ကြောင့် ကြယ်စီရင်စုတစ်ခုတည်းတွင် ရှိနေသည့် လူတစ်ဦးအဖို့ အခြားကြယ်စီရင်စုတစ်ခုတွင် ရှိနေသော လူအား အမှောင်ထုမှတစ်ဆင့် လှမ်း၍ တိုက်ခိုက်နိုင်ပေသည်။ တစ်ဖက်လူမှ သူ့အား ယခုကဲ့သို့ တိုက်ခိုက်လိုက်ရခြင်းမှာ ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဟုန်းလော့ကြယ်စီရင်စုအား ဝါးမျိုရန် ကြိုးစားနေသည်ကို နှောင့်ယှက်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ရန်ကိုင် စိတ်ထဲတစ်ခုခုအား စဉ်းစားမိသွားခဲ့လေသည်။ ထိုအရာနှင့် ပတ်သက်၍ တစ်ရာရာခိုင်နှုန်း မသေချာပါသော်ငြား သူထင်ထားသည့် အတိုင်းသာ ဖြစ်လိမ့်မည်ဟုတော့ ရန်ကိုင် အတော်လေး ယုံကြည်နေမိသည်။

"စိတ်ဝင်စားစရာတော့ ကောင်းလာပြီ" ရန်ကိုင်သည် ကြမ်းကြုတ်ခက်ထန်စွာ ပြောရင်းမှ အမှောင်ထုထဲသို့ စိုက်ကြည့်လိုက်လေသည်။

ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်လာပြီးသည့်အချိန်မှစ၍ ရန်ကိုင် ကြုံတွေ့ခဲ့ရသော ရန်သူများသည် အားနည်းသည့် လူများသာ ဖြစ်ကြသည်။ ထိုရန်သူများသည် ရန်ကိုင်အား ဘာဆိုဘာမျှ မလုပ်နိုင်ကြပေ။ ထိုအတွက်ကြောင့် အားကောင်းသော ရန်သူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာမှုသည် ရန်ကိုင်၏ တိုက်ခိုက်လိုစိတ်ကို တစ်ဖန်ပြန်လည် နိုးထလာအောင် လှုံ့ဆော်ပေးလိုက်လေ၏။

"ငါ့ဘက်ကလည်း မင်းကို လက်ဆောင် ပြန်မပေးလို့ ဘယ်ဖြစ်ပါ့မလဲ" ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို အတူတကွ ပူးကပ်၍ ဧရာမ လဓားသွားကြီးတစ်စင်းကို ဖန်ဆင်းလိုက်လေသည်။ လဓားသွားကို ဖန်တီးပြီးပြီးချင်း ချက်ချင်း မပစ်လွှတ်သေးဘဲ လဓားသွားသို့ သူ့စွမ်းအင်များကို ထပ်မံ၍ ထည့်သွင်းနေလေ၏။

လဓားသွားမှာ တဝီဝီ မြည်လာပြီး စတင်၍ မငြိမ်မသက် ဖြစ်လာခဲ့လေသည်။ တဖြည်းဖြည်းနှင့် လဓားသွားမှာ လုံးဝကို မတည်မငြိမ် ဖြစ်လာလေရာ ရန်ကိုင်၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားတော့မတတ်ပင် ဖြစ်လာခဲ့လေသည်။

အတန်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အမှောင်ထုအား လှမ်းကြည့်၍ သူကိုက်ကာ ဖျက်ဆီးခဲ့သော ဓားပျံကို အမှောင်ထုထဲသို့ ပြန်ပစ်ထည့်လိုက်သည်။ ထို့နောက်မှသာလျှင် သူ၏ ဖန်တီးထားသော လဓားသွားကိုပါ အမှောင်ထုထဲသို့ ဓားပျံနှင့်အတူ ပစ်ထည့်လိုက်လေ၏။ လဓားသွားနှင့် ဓားပျံတို့သည် အမှောင်ထုထဲသို့ အသံတစ်စက်ပင် မထွက်ဘဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲရှိ ကြယ်တာရာကောင်းကင်ထဲဝယ် အမှောင်ထုကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုနေရာသည် ရန်ကိုင်ဘက်တွင် ရှိနေသော ပုံစံနှင့် အတူတူသာလျှင် ဖြစ်လေသည်။ အမှောင်ထု၏ အစွန်းနားတွင်တော့ မျက်နှာ ဝါကျင့်ကျင့်နှင့် သက်လတ်ပိုင်း လူကြီးတစ်ဦး ရပ်နေလေ၏။

ရုတ်တရက်ဆိုသလို ဓားပျံတစ်ချောင်း အမှောင်ထုထဲမှ ထွက်လာခဲ့လေသည်။ သက်လတ်ပိုင်း လူကြီးသည် သူ့လက်ကို မြှောက်၍ ထိုဓားပျံအား လှမ်းဖမ်းလိုက်သည်။ သို့သော်လည်း ဓားပျံ၏ အခြေအနေကို မစစ်ဆေးရသေးခင်မှာပင် နက်မှောင်သည့် ဓားသွားတစ်စင်းသည်လည်း အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး သက်လတ်ပိုင်း လူကြီးဆီသို့ တိုးဝင်လာခဲ့လေသည်။

သက်လတ်ပိုင်း လူကြီးမှာ ပုံမှန်အားဖြင့် သတိလက်လွတ် နေလေ့ရှိသူတစ်ဦး မဟုတ်ပါသော်လည်း လဓားသွားကို သူ့အရှေ့ မရောက်ခင်အထိ လုံးဝ သတိထားမိခဲ့ခြင်း မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ လဓားသွားသည် အလွန်ကိုမှ တိတ်ဆိတ်လွန်းလှသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့ပြင် လဓားသွား၏ အရောင်မှာ သူ့အရှေ့ရှိ အမှောင်ထုနှင့် တစ်ထေရာတည်းပင်။ ထိုအကြောင်းကြောင့်သာလျှင် သက်လတ်ပိုင်း လူကြီးမှာ လဓားသွား အမှောင်ထုထဲမှ ထွက်မလာမချင်း လုံးဝ သတိမထားမိခဲ့ခြင်း ဖြစ်လေသည်။

လဓားသွားထဲရှိ အန္တရာယ်ကို ခံစားမိလိုက်သော် သက်လတ်ပိုင်း လူကြီး မျက်ခုံးပင့်မိသွားခဲ့လေ၏။ သို့ရာတွင် ထိတ်လန့်နေခြင်းတော့ မရှိပေ။ သူ့လက်ထဲတွင် ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့သော ဓားပျံနှင့် အလားသဏ္ဍာန် ဆင်တူသည့် ဓားပျံတစ်ချောင်း ထပ်ထွက်လာခဲ့ပြီး ထိုဓားပျံသည် အရောင်တလက်လက် တောက်ပကာ လဓားသွားဆီသို့ တိုးဝင်သွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၂)

ဘာသာပြန်သူ_တိမ်တိုက်

ဓားပျံနှင့် အတွေ့တွင် လဓားသွားမှာ တစ်စစီ ပျက်စီးသွားခဲ့ရသည်။ ထိုအတွက်ကြောင့် သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်သွားခဲ့ရလေ၏။ ထို့နောက် ရင်တစ်ဒုန်းဒုန်း ခုန်သွားခဲ့ပြီး နောက်သို့ အလျင်စလို ပြန်ဆုတ်လိုက်လေသည်။ ကံမကောင်းစွာဖြင့် သက်လတ်ပိုင်း လူကြီး နောက်ဆုတ်သည်မှာ နောက်ကျသွားခဲ့သည်။ လဓားသွား ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် လဓားသွား အနီးတစ်ဝိုက်တွင် ရှိနေသော ဟင်းလင်းပြင် တစ်ခုလုံးမှာလည်း ကသောင်းကနင်း ဖြစ်သွားကုန်လေသည်။ အကျိုးဆက်အနေဖြင့် ဟင်းလင်းပြင် အက်ကြောင်းများစွာ ထွက်ပေါ်လာတော့လေ၏။ ထိုဟင်းလင်းပြင် အက်ကြောင်းများမှာ ကျပန်းရှိနေခြင်းတော့ မဟုတ်။ ထိုအစား စကားလုံး တစ်လုံးချင်းစီအား ရေးထားသည့် ပုံစံအတိုင်း အစီအစဉ်တကျ ရှိနေခြင်း ဖြစ်ပေသည်။ ဟင်းလင်းပြင် အက်ကြောင်းများ အတူတကွ ဖန်တီးထားသည့် စကားလုံးမှာတော့ အခြားမဟုတ်။ 'မင်းမေလိုးလိုက်' ဟူသော စကားလုံးသာ ဖြစ်လေသည်။

"လေဟာနယ်ပညာရပ်လား" သက်လတ်ပိုင်း လူကြီး အလန့်တကြား ဆိုလိုက်လေသည်။ သက်လတ်ပိုင်း လူကြီးမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှ သူ့အား ဆဲရေးတိုင်းထွာသည်ကိုပင် ဂရုမစိုက်နိုင်ခဲ့ပေ။ အကြောင်းမှာ လေဟာနယ်တာအိုသည် အလွန်ကိုမှ ကျင့်ကြံရ ခက်ခဲလွန်းလှသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ လေဟာနယ် တာအိုကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် လူတစ်ဦးသည်မည်သည့်နည်းနှင့်မျှ သာမန်လူတစ်ဦး ဖြစ်စရာ အကြောင်းမရှိချေ။

"သူများ ဖြစ်နေမလား" ရုတ်တရက် သက်လတ်ပိုင်းလူကြီး၏ စိတ်ထဲ လူတစ်ဦး၏ ပုံရိပ် ပေါ်လာခဲ့လေသည်။ ဟင်းလင်းပြင်လိုဏ်ခေါင်း၏ အခြားတစ်ဖက်တွင် ရှိနေသည့် လူသည်သာ ထိုလူဖြစ်မည်ဆိုလျှင်တော့ လက်ရှိအခြေအနေသည် အတော်လေးကိုမှ ပြဿနာများသွားလေပြီ။ သားရဲသခင် မဟာဧကရာဇ်၏ ဂုဏ်သတင်းသည် သူဂရုမစိုက်၍ရသည့် အရာမျိုးမဟုတ်ချေ။ ထိုလူသည် သားရဲသခင် မဟာဧကရာဇ် မိုဟွမ်၏ ညာလက်ရုံး ဖြစ်ပေသည်။ တစ်ဖက်ရှိလူသည်သာ သူထင်သည့်လူ ဖြစ်နေမည်ဆိုလျှင်တော့ လက်ရှိအခြေအနေသည် ကိုင်တွယ်ဖို့ရာ အလွန်ကိုမှ ခက်ခဲသွားပြီဟု ပြော၍ရပေသည်။

[ဒါနဲ့ အဲဒီလူက အဆင့်နိမ့် ကြယ်စီရင်စုတစ်ခုခုနဲ့ ပတ်သက်နေတယ်လို့ ငါတစ်ခါမှ မကြားဖူးပါဘူး၊ ဟုန်းလော့ကြယ်စီရင်စုထဲမှာ သူဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာရတာလဲ] ရုတ်တရက်ဆိုသလို သက်လတ်ပိုင်း လူကြီးသည် ကြယ်စီရင်စုကြီးထဲသို့ လွန်ခဲ့သော သုံးနှစ်ခန့်က ဆွဲထည့်ခံခဲ့ရသော မိသားစုကို ပြန်သတိရသွားခဲ့သည်။ အစကတော့ ထိုလူများကို ဂရုစိုက်မနေခဲ့ပါသော်ငြား ယခုအခြေအနေကို ကြည့်ရသလောက် ထိုလူများနှင့် စကားပြောရတော့မည့်ပုံပင်။ ထိုလူများနှင့် စကားပြောရင်းမှ သူသိချင်သည့် အကြောင်းအရာများကိုပင် သိကောင်းသိနိုင်ပေသည်။

ရန်ကိုင်သည် အမှောင်ထုရှေ့၌ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေခဲ့လေသည်။ သို့သော်လည်း တစ်ရက်နှင့် တစ်ည ထိုင်စောင့်ပြီးသည့်တိုင် တစ်ဖက်လူမှာ ပြန်လည်တိုက်ခိုက်လာမည့် မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရသဖြင့် ရန်ကိုင်မှာ စတင်၍ ပျင်းရိလာရတော့လေသည်။ သူ၏ လဓားသွားများ တစ်ဖက်လူအား ထိခိုက်သွားအောင် လုပ်နိုင်လေမလား ရန်ကိုင် စဉ်းစားမိပေသည်။ သို့သော်လည်း မဖြစ်နိုင်မှန်းတော့ သိနေ၏။ ကြယ်စီရင်စုနှစ်ခုအကြားရှိ ကမ္ဘာ့အတားအဆီးမှာ ရန်ကိုင်ပင် ကမ္ဘာခြား၍ တိုက်ခိုက်ရလောက်သည်အထိ အားနည်းနေလိမ့်မည် ဖြစ်ပါသော်လည်း ထိုအတားအဆီးကို ဖြတ်ကျော်ပြီးသည့်နောက်တွင်တော့ ရန်ကိုင်၏ လဓားသွားစွမ်းအားမှာ သိသိသာသာကို လျော့ကျသွားရပေလိမ့်မည်။ ထို့ပြင် တစ်ဖက်လူသည် အလွန်ကိုမှ အားကောင်းလိမ့်မည် ဖြစ်လေရာ မည်ကဲ့သို့များ အလွယ်တကူ ထိခိုက်သွားပါမည်နည်း။ သို့ရာတွင် တစ်ဖက်လူသည် ဘာကြောင့်များ ယခုအချိန်အထိ တန်ပြန်တိုက်စစ် မဆင်ရသေးသလဲဆိုသည်ကို ရန်ကိုင် နားမလည်နိုင်ခဲ့ပေ။

ရန်ကိုင်မှာ ထိုအကြောင်းကို စိတ်ရှုပ်ခံ စဉ်းစားမနေခဲ့။ တစ်ဖက်လူသည် သူ့အား မတိုက်ခိုက်လာမှဖြင့် ရန်ကိုင်လည်း အလုပ်ရှုပ်ခံ၍ သွားတိုက်ခိုက်နေတော့လိမ့်မည် မဟုတ်။ သူဘာသာသူ အမှောင်ထုမှ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်ရယူရန်တွင်သာ အာရုံစိုက်ထားပေတော့မည်။ ထိုသို့ဖြင့် အမှောင်ထုမှာ တရွေ့ရွေ့ဖြင့် ပြန်ဆုတ်နေခဲ့ရကာ ရန်ကိုင်မှာ သူဆုံးရှုံးသွားသော ပိုင်နက်နယ်မြေများကိုလည်း တဖြည်းဖြည်းနှင့် ပြန်လည်သိမ်းယူနိုင်နေခဲ့လေ၏။

ရုတ်တရက်ဆိုသလို ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ပြုံးဖြီးလျက် ရေရွတ်လိုက်လေသည်။ "ရဲလိုက်တဲ့လူပါလား"

ရန်ကိုင်မှာ သူ့လက်ကို ဆန့်ထုတ်၍ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်အား ဆုပ်ကိုင်ချလိုက်ရာ ထိုဟင်းလင်းပြင်ထဲမှ ကလေးမလေးတစ်ဦး ခုန်ထွက်လာခဲ့လေသည်။ သို့သော်လည်း ထိုကောင်မလေးကို မြင်လိုက်သည့်အခိုက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

"လျူယုချင်းလား" ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် သူ့အရှေ့ရှိ ကလေးမလေးကို ကြည့်နေခဲ့သည်။

လျူယုချင်းမှာ ဒဏ်ရာရထားခြင်း မရှိ။ သို့သော်လည်း သူမမျက်နှာမှာတော့ အလွန်ကိုမှ ဖြူလျော်နေလေသည်။ လျူယုချင်း ပုံစံကို ကြည့်ရသလောက် တစ်ခုခုကြောင့် အလွန်ကိုမှ ကြောက်ရွံ့လာရသည့် ပုံစံမျိုး ပေါက်နေခဲ့သည်။ ကြောက်ရွံ့မှုကြောင့်လား မသိရ။ သူမ၏ နှုတ်ခမ်းများမှာလည်း တဆက်ဆတ်ကို တုန်ရင်နေလေသည်။

ရန်ကိုင်မှ လျူယုချင်း၏ နာမည်ကို နှစ်ကြိမ်တိုင်တိုင် အော်ခေါ်ခဲ့သည့်တိုင် လျူယုချင်းမှာတော့ လုံးဝ ပြန်ထူးခြင်း မရှိခဲ့။ သူမဘာသာသူသာ ငေးကြောင်ကြောင် ဖြစ်နေလေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ သူ့စိတ်စွမ်းအင်ကို လှည့်ပတ်၍ လျူယုချင်း စိတ်ငြိမ်သွားအောင် ကူညီပေးလိုက်လေသည်။

တစ်ခဏကြာမှသာလျှင် လျူယုချင်း ထိတ်လန့်နေရာမှ အသိပြန်ဝင်လာတော့သည်။ သူမအရှေ့ရှိ မြင်ကွင်းကို ထင်ထင်ရှားရှား မြင်လိုက်သည့်အခိုက် လျူယုချင်းမှာ ဘာကိုမျှ ပြန်မပြောနိုင်တော့ဘဲ ရှိုက်ကြီးတငင် အော်ငိုတော့လေသည်။

"နင်ဘာလို့ အဲဒီဘက်ကနေ ပေါ်လာတာလဲ၊ နင့်မိဘတွေရော" ရန်ကိုင်က မေးလိုက်လေသည်။

"စီနီယာရန်၊ ကျေးဇူးပြုပြီး ကျွန်မအဖေနဲ့ အမေကို ကယ်ပေးပါဦး"

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ရင်ထိတ်သွားတော့လေ၏။ "သူတို့တွေ ဟိုဘက်မှာ ရှိနေတာလား"

"စီနီယာရန်၊ ကျွန်မတောင်းပန်ပါတယ်နော်၊ ကျေးဇူးပြုပြီး သူတို့ကို ကယ်ပေးပါ" လျူယုချင်းသည် ရန်ကိုင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်းမှ ဝမ်းနည်းတကြီးနှင့် တောင်းဆိုလိုက်လေသည်။

"ငိုချည်းပဲ ငိုမနေနဲ့၊ သူတို့တွေကို ကယ်စေချင်တယ်ဆိုရင် ဘာတွေဖြစ်နေလဲဆိုတာကို အရင်ဆုံး ငါ့ကိုရှင်းပြဦး" ရန်ကိုင်က ပြန်ပြောလိုက်သည်။

တစ်ခဏကြာသွားသည့်အခါမှသာလျှင် လျူယုချင်းမှာ တဖြည်းဖြည်းနှင့် စိတ်ငြိမ်သွားခဲ့ပြီး လွန်ခဲ့သည့် နှစ်များအတွင်း ဖြစ်ပျက်ခဲ့သည်များကို ရန်ကိုင်အား စတင်ရှင်းပြတော့လေသည်။

လွန်ခဲ့သော သုံးနှစ်ခန့်က ဟုန်းလော့ကြယ်စီရင်စုနှင့် တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဆက်သွယ်ထားသော ဟင်းလင်းပြင် လိုဏ်ခေါင်းသည် ရုတ်တရက်ဆိုသလို ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။ ထိုဟင်းလင်းပြင်လိုဏ်ခေါင်းအတွင်းမှ အမှောင်ထုသည် ဘေးပတ်ပတ်လည်အနှံ့ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ရာ တစ်ခဏလေးအတွင်းမှာပဲ သူမတို့ မိသားစု သုံးဦးစလုံးကို ဝါးမျိုသွားခဲ့လေ၏။ သူတို့ အသိပြန်ဝင်လာချိန်တွင်တော့ အခြားသော ကြယ်စီရင်စုတစ်ခုသို့ ရောက်နေကြောင်းကို တွေ့ရှိလိုက်ရသည်။ အတန်ကြာသွားသည့်အခါမှသာလျှင် သူတို့ရောက်နေသည့် ကြယ်စီရင်စုမှာ အခြားမဟုတ်ဘဲ တစ်စပြင်ကန္တာရကြယ်စီရင်စု ဖြစ်ကြောင်း သိသွားခဲ့ရသည်။

ကံကောင်းစွာဖြင့် လီကျောက်နှင့် လျူစန်းနျန်တို့မှာ အလွန်တရာကိုမှ အားကောင်းလှသည့်အတွက်ကြောင့် ထိုနေရာသို့ ရောက်သွားခဲ့ရသည့်တိုင် မည်သည့် အန္တရာယ်နှင့်မျှ မကြုံခဲ့ရပေ။ သို့သော်လည်း တစ်ခုသော ဟင်းလင်းပြင်ထဲ ပိတ်မိနေသည့်အလား အိမ်ပြန်လမ်းကိုလည်း မည်သို့မျှ ရှာမတွေ့ခဲ့ပေ။

လွန်ခဲ့သော တစ်ရက်ခန့်က သက်လတ်ပိုင်းလူကြီးတစ်ဦး ရုတ်တရက် ပေါ်လာပြီး လီကျောက်နှင့် အတန်ကြာအောင် စကားပြောခဲ့သည်။ သူတို့ ဘာတွေပြောသွားမှန်းကို လျူယုချင်း မသိ။ အဆုံးတွင် သက်လတ်ပိုင်းလူကြီးသည် သူမကို ဆွဲခေါ်ကာ အမှောင်ထုဆီသို့ လျှောက်လာပြီး အမှောင်ထုထဲသို့ ပစ်ထည့်လိုက်လေသည်။

"အဲဒီလူကို ဘယ်လိုခေါ်လဲ" အမှောင်ထု၏ တစ်ဖက်ခြမ်းတွင် အခြားလူတစ်ဦး ရှိနေလိမ့်မည်မှန်း ရန်ကိုင်လည်း ခန့်မှန်းမိပြီးသားပင်။ ထိုလူသည် ဟုန်းလော့ကြယ်စီရင်စုအား ဝါးမျိုရန် ကြိုးစားနေသည့် လူသာ ဖြစ်လေသည်။ ယခု သူ့ခန့်မှန်းချက်မှာ မှန်ကန်ကြောင်းကို လျူယုချင်းမှ အတည်ပြုပေးပြီးသွားခဲ့လေပြီ။

လျူယုချင်း ခေါင်းခါပြလိုက်လေ၏။ သူမသည်ပင်လျှင် ထိုသက်လတ်ပိုင်း လူကြီးကို မနေ့ကမှ တွေ့ခဲ့ရခြင်း ဖြစ်လေသည်။ သူမသိသည်မှာတော့ သူမ၏ မိဘနှစ်ပါးစလုံး ထိုသက်လတ်ပိုင်း လူကြီး၏ ပြိုင်ဘက်မဟုတ်သည့် အချက်ပင်။ သူမ မိဘနှစ်ပါး အတူပူးပေါင်း၍ တားဆီးခဲ့သည့်တိုင် သက်လတ်ပိုင်းလူကြီး သူမအား ဖမ်းဆီးခဲ့သည်ကို တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့။

"သူဘာပြောလိုက်သေးလဲ" ရန်ကိုင်က မေးလိုက်သည်။ ထိုလူသည် လျူယုချင်းမှ တစ်ဆင့် သတင်းစကား တစ်ခုခု ပါးချင်နေသည့် ပုံပင်။

လျူယုချင်းက ပြန်ပြောလိုက်သည်။ "သူပြောတာကတော့ အဖေနဲ့ အမေကို အသက်ရှင်စေချင်တယ်ဆိုရင် ကြယ်စီရင်စု အမြုတေကို သူ့ဆီ ပေးလိုက်တဲ့"

"ဟမ်" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ "အဲဒီကောင် ရူးနေတာလား"

ရန်ကိုင်သည် လီကျောက်နှင့် အတော်လေးကိုမှ ရင်းနှီးပါသော်လည်း လီကျောက်အတွက်နှင့် ကြယ်စီရင်စု အမြုတေကို ပေးရလောက်သည့်အထိတော့ သူတို့အကြား ဆက်ဆံရေးမှာ ရင်းနှီးခြင်း မရှိသေးပေ။ စုယန် သို့မဟုတ် သူနှင့် အလွန်ကိုမှ ရင်းနှီးသည့် အခြားတစ်ဦးသာ ဖြစ်နေမည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် စဉ်းစားကောင်း စဉ်းစားပေလိမ့်မည်။ သို့သော်လည်း သူ့ဘက်မှ ကြယ်စီရင်စု အမြုတေကို ပေးလိုက်မည်ဆိုလျှင်ပင် တစ်ဖက်လူသည် ဓားစာခံများကို ပြန်လွှတ်ပေးမည်လားဆိုသည်မှာ မသေချာသေးပေ။ သို့ရာတွင် သေချာသည့် အချက်တစ်ခုတော့ ရှိပေသည်။ သူ့ဘက်ကသာ ကြယ်စီရင်စု အမြုတေကို ပေးလိုက်မည်ဆိုလျှင် သူ့အနေဖြင့် တစ်ဖက်လူအား လုံးဝ ပြန်လည်တိုက်ခိုက်နိုင်တော့လိမ့်မည် မဟုတ်ဘဲ စဉ်းနှီတုံးပေါ်သို့ ရောက်သွားသည့် ငါးတစ်ကောင်ပမာ တစ်ဖက်လူ သနားပေးမှသာလျှင် ချမ်းသာရာရမည့် ဘဝမျိုးသို့ ရောက်သွားပေလိမ့်မည်။ ထိုအပြင် ဟုန်းလော့ကြယ်စီရင်စုကြီးသည်လည်း တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ အပြည့်အဝ ဝါးမျိုခြင်း ခံရပေလိမ့်မည်။

[ဒီလူ လျူယုချင်းကို ဒီစကားလာပြောခိုင်းပြီးတော့ ငါ့ကို တမင်သက်သက် စိတ်ရှုပ်အောင် လုပ်နေတာလား]

"စီနီယာရန်" လျူယုချင်းသည် ရန်ကိုင်အား တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်လေသည်။

"ငါနင့်ကို လုံခြုံတဲ့နေရာတစ်ခုဆီ အရင်ပို့ထားပေးမယ်၊ စိတ်မပူနဲ့ ငါနင့်မိဘတွေကို ကယ်ပေးမယ်" ရန်ကိုင်သည် လျူယုချင်း၏ ပခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်လေသည်။ ရန်ကိုင်သည် အမှောင်ထုအား ဖိနှိပ်ရာတွင် အာရုံစိုက်ထားရင်းမှ ရုတ်တရက်ဆိုသလို အရိပ်ကြယ်ဆီသို့ ပြန်လာခဲ့လေသည်။

ကြယ်စီရင်စုကြီးမှာ အလွန်တရာကိုမှ ကျယ်ပြောလွန်းလှသည့်အတွက်ကြောင့် တစ်စုံတစ်ဦးသည်သာ ကျင့်ကြံရေးကြယ် တစ်လုံးမှ အခြားကြယ်တစ်လုံးဆီသို့ သွားလိုလျှင် အချိန်အကြာကြီး ခရီးသွားကြပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်မှာ ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုသခင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် သွားလိုသည့် နေရာသို့ မျက်စိတစ်မှိတ်အတွင်း သွားနိုင်ပေသည်။

မကြာမီတွင် ရန်ကိုင်၏ မြင်ကွင်းထဲ အရိပ်ကြယ် ပေါ်လာခဲ့လေသည်။ ထို့နောက် အတွေးတစ်ချက်နှင့် ရန်ကိုင်သည် အထက်ကောင်းကင်ဂိုဏ်းထဲဆီသို့ ပြန်ရောက်လာခဲ့လေ၏။ ရန်ကိုင် အထက်ကောင်းကင်ဂိုဏ်းထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် တစ်ခုသော တောင်ထွတ်ဆီမှ အလင်းတန်းတစ်ခု ပျံသန်းလာခဲ့လေသည်။ ထိုအလင်းတန်းမှာတော့ အခြားမဟုတ်။ ရန်ကိုင် ပြန်ရောက်လာသည်ကို သတိပြုမိလိုက်သော စုယန်သာ ဖြစ်လေသည်။ သူမ၏ ဦးဆောင်မှုနှင့်အတူ အထက်ကောင်းကင်ဂိုဏ်းထဲမှ အခြားသော ပညာရှင်များသည်လည်း ရန်ကိုင်ဆီသို့ ရောက်လာကုန်ကြလေသည်။ မကြာမီတွင် ရန်ကိုင် အနီးတစ်ဝိုက်၌ အထက်ကောင်းကင်ဂိုဏ်းထဲရှိ ပညာရှင်များနှင့် အကြီးအကဲများ စုဝေးနေကုန်ကြလေသည်။

ရီရှီယွင်သည် ရှေ့သို့ တက်လာပြီး အရင်ဦးစွာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်ကို တစ်ခုခု ပြောစရာရှိတယ်" ပြောနေရင်းမှ ရန်ကိုင်၏ ရင်ခွင်ထဲတွင် ရောက်နေသော လျူယုချင်းအား လှမ်း၍ ကြည့်လိုက်လေသည်။ သူမ ပြောချင်သည့် အကြောင်းအရာမှာတော့ လီကျောက်တို့ မိသားစု ပျောက်သွားသည့် ကိစ္စသာ ဖြစ်လေသည်။

"ခင်ဗျား ပြောနေစရာ မလိုတော့ဘူး၊ ကျုပ် သိပြီးသွားပြီ" ရန်ကိုင်သည် အိပ်ပျော်နေသည့် လျူယုချင်းကို စုယန်ဆီသို့ ပေးပြီးသည့်နောက်... "သူ့ကို တစ်ချက်လောက် ဂရုစိုက်ထားပေးပါဦး"

စုယန်သည် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် လျူယုချင်းအား သူမ နေသည့် တောင်ဆီသို့ ပြန်ခေါ်သွားလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် အဓိက ခန်းမထဲသို့ လျှောက်လာလိုက်ပြီးသည့်နောက် အကုန်လုံးကို စုဝေးရန် အချက်ပြလိုက်လေသည်။ လူစုံသွားပြီးသည့်နောက်တွင် ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်၍ ပြောလိုက်လေ၏။ "ဒီနှစ်တွေအတွင်းမှာ ခင်ဗျားတို့ ဘယ်လောက်တောင် ကြိုးစားပေးခဲ့လဲဆိုတာကို ကျုပ် မြင်ပြီးသွားပြီ၊ ကျုပ်ကိုယ်တိုင် ဝင်မပါခဲ့ရဘူးဆိုပေမဲ့ ခင်ဗျားတို့ လုပ်ပေးခဲ့တာတွေ အားလုံးအတွက်တော့ ကျေးဇူးအများကြီး တင်ပါတယ်"

ရီရှီယွင်က ပြောလိုက်လေသည်။ "ဒါ ကျွန်မတို့ လုပ်သင့်တာပဲ၊ ဒါပေမဲ့ ဟိုတစ်စတစ်စနဲ့ ပြန့်လာနေတဲ့ တွင်းနက်အကြောင်းကို ဂိုဏ်းချုပ် သိလား"

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ "ကျုပ်လည်း သိတာ သိပ်မကြာသေးဘူး၊ ဒါပေမဲ့ စိတ်မပူနဲ့၊ အဲဒီကိစ္စကို ကျုပ်ဘာသာကျုပ် ရှင်းလိုက်မယ်"

ထိုစကားကို ကြားသည့်အခါမှသာလျှင် ရီရှီယွင် စိတ်အေးနိုင်တော့လေသည်။ လွန်ခဲ့သည့်နှစ်များအတွင်း သူမ စိတ်ပူနေရသည့် ကိစ္စမှာ ထိုကိစ္စသာ ဖြစ်လေသည်။ ပုံမှန်အားဖြင့် ရန်ကိုင်သည် လူရှေ့သူရှေ့သို့ ထွက်လာခဲပြီး ရှိသမျှ အလုပ်အားလုံးနီးပါးကို သူမဆီသို့သာ ပုံအပ်ထားခဲ့ပါသော်လည်း တကယ် အရေးကြီးချိန်တွင် ရန်ကိုင်သည် အမြဲလိုလိုကို အားကိုးရပေသည်။

"ယောက်ျား၊ အဲဒီတွင်းနက်ကြီးက ဘာကြီးလဲ၊ ဘယ်လိုလုပ်ပြီး ငါတို့ ကြယ်စီရင်စုကို ဝါးမျိုနိုင်ရတာလဲ" ရှန်ချင်းလော့က မေးလိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အဲဒါ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးရဲ့ စွမ်းအားပဲ"

"တစ်စပြင်ကန္တာရကြယ်စီရင်စုက လုပ်တာလား" ခန်းမထဲတွင် ရှိနေသည့် လူများ အလန့်တကြား ဖြစ်သွားကုန်ကြလေသည်။

လွန်ခဲ့သော သုံးနှစ်ခန့်က စစ်ပွဲပြီးသွားသည့် အချိန်မှစ၍ ဟုန်းလော့ကြယ်စီရင်စုကြီးသည် တစ်ဖန်ပြန်လည် အားပြန်ဖြည့်နေခြင်း ဖြစ်လေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို မောင်းထုတ်လိုက်နိုင်ပြီ ဖြစ်သည့်အတွက်ကြောင့် ယခုအချိန်မှစ၍ စိတ်အေးနိုင်တော့မည်ဟု ထင်ခဲ့ကြပါသော်လည်း ယခုမှသာလျှင် အကုန်လုံးမှာ မုန်တိုင်းမလာခင် လေပြေသွေးနေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားရသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဟုန်းလော့ကြယ်စီရင်စုအား ဝါးမျိုနေသည့် ကိစ္စသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ကျူးကျော်လာသည့် ကိစ္စထက်ပင် ပိုဆိုးပေသေးသည်။

ရီရှီယွင်က မျက်မှောင်ကြုတ်လျက်... "ဂိုဏ်းချုပ်၊ တစ်စပြင်ကန္တာရကြယ်စီရင်စုက ကျွန်မတို့ ကြယ်စီရင်စုကို ဘယ်လိုလုပ်ပြီး ဝါးမျိုနိုင်ရတာလဲ၊ တစ်စပြင်ကန္တာရကြယ်စီရင်စုက ကျွန်မတို့ ကြယ်စီရင်စုထက် ပိုပြီး အဆင့်မြင့်နေလို့လား"

ရန်ကိုင်က ခေါင်းခါလျက်... "အဲဒါကြောင့် မဟုတ်ဘူး၊ ကြယ်စီရင်စုနှစ်ခုက ဘာမှကွာတာ မဟုတ်ဘူး၊ အဓိက ပြဿနာကတော့ တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေလို့ပဲ"

"တစ်ယောက်ယောက်"

"ဘယ်သူလဲ"

"ဖြစ်နိုင်တာက"

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ တစ်စပြင်ကန္တာရကြယ်စီရင်စု သခင်ပဲ"

ရန်ကိုင်နှင့် တိုက်ခိုက်ခဲ့သော လူသည် သာမန်လူတစ်ဦး မဟုတ်တန်ရာ။ ထိုအပြင် ဟုန်းလော့ကြယ်စီရင်စုအား တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဝါးမျိုလာအောင် လုပ်နိုင်သည့် လူဆို၍ တစ်ဦးသာ ရှိပေသည်။ ထိုလူမှာ အခြားမဟုတ်။ တစ်စပြင်ကန္တာရကြယ်စီရင်စု သခင်သာ ဖြစ်လေသည်။ ထိုလူသည် ရန်ကိုင်ကဲ့သို့ပင် ကြယ်စီရင်စုသခင်တစ်ဦး ဖြစ်၏။

သက်ပြင်းရှိုက်သံများ လူအုပ်ကြီးထဲမှ ထွက်ပေါ်လာကြသည်။ ထို့နောက် ရန်ကိုင်သည်လည်း ကြယ်စီရင်စုသခင်တစ်ဦးဖြစ်နေပြီ ဖြစ်ကြောင်းကို အကုန်လုံး အလျင်အမြန် သတိရသွားခဲ့ကြသည်။ ထိုအတွက်ကြောင့် သူတို့ဘာမျှ ကြောက်နေစရာမလို။ သို့သော်ငြား ကြယ်စီရင်စုသခင် နှစ်ပါးသည်သာ အချင်းချင်း တိုက်ခိုက်ကြမည်ဆိုလျှင် ဘာတွေများ ဖြစ်လာလေမည်နည်း။ သူတို့၏ တိုက်ပွဲသည် သက်ဆိုင်ရာ ကြယ်စီရင်စု အသီးသီးကို မည်ကဲ့သို့ သက်ရောက်လေမည်နည်း။ ကြယ်စီရင်စု သခင်နှစ်ပါး တိုက်ခိုက်မည် ဖြစ်သည့်အတွက်ကြောင့် သူတို့အချင်းချင်း တိုက်ခိုက်ဖို့ရာသာ မဖြစ်နိုင်။ ကြယ်စီရင်စု၏ စွမ်းအားများသည်လည်း တိုက်ပွဲထဲ ပါဝင်လာလိမ့်မည်။

"ဂိုဏ်းချုပ်၊ ရှင်တို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီးတော့ အားကောင်းလဲ" ရီရှီယွင်သည် လူတိုင်း သိချင်နေသည့် မေးခွန်းကို ချက်ချင်း ကောက်မေးလိုက်လေသည်။

"အခုလောလောဆယ်တော့ သူက ကျုပ်ပြိုင်ဘက် မဟုတ်သေးဘူး" ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ အမှောင်ထုမှ ဝါးမျိုသွားသည့် နေရာများသည် ယခင်က ရန်ကိုင်၏ ပိုင်နက်နယ်မြေ ဖြစ်ခဲ့သော နေရာများ ဖြစ်ကြပေသည်။ ထိုအတွက်ကြောင့် ပိုင်နက်နယ်မြေကို အခြားလူတစ်ဦးမှ လုယူထားပြီး ဖြစ်သည့်တိုင် ရန်ကိုင်မှာ အသာရနေသေးသည်ဟု ပြော၍ရပေသည်။ ရှင်းရှင်းပြောရသော် ထိုရန်သူကို မောင်းထုတ်ဖို့ရာ ရန်ကိုင်အတွက် မခက်လှပေ။

"အခုလောလောဆယ်" ရီရှီယွင်သည် ရန်ကိုင်၏ စကားအသွားအလာကို သေသေချာချာ သတိထားမိသွားခဲ့သည်။ "နောက်ပိုင်းကျရင်ရော"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "နောက်ပိုင်းကျရင်တော့ ဘာဖြစ်မလဲဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ၊ အဲဒီအချိန်ကျရင်တော့ ကောင်းကင်လမ်းစဉ်အတိုင်း အချင်းချင်း ထိပ်တိုက်တွေ့ကြရုံပေါ့"

ရီရှီယွင်မှာ ထပ်၍ မေးချင်နေသေးပါသော်လည်း ရန်ကိုင်က လက်မြှောက်၍ တားလိုက်လေ၏။ "ဒီမှာ အင်းဆက်တစ်ကောင် ရှိနေတယ်"

ပြောနေရင်းမှ ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ သူ့အရှေ့တည့်တည့်အား ဆုပ်ကိုင်လိုက်လေသည်။ ရန်ကိုင်၏ လှုပ်ရှားမှုများမှာ မြန်ဆန်ခြင်းလည်း မရှိသလို နှေးကွေးနေခြင်းလည်း မရှိ။ ရန်ကိုင်မှ သူ့အရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် အရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်မှာ ပရမ်းပတာ ဖြစ်လာခဲ့လေသည်။ မကြာမီ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်ချိန် ရန်ကိုင်၏ လက်ထဲ မုတ်ဆိတ်ဖြူနှင့် လူအိုကြီးတစ်ဦး ပါလာခဲ့လေသည်။

ထိုလူအိုကြီးမှာတော့ ယခုအဖြစ်အပျက်ကြောင့် ထိတ်လန့်တုန်လှုပ်နေသည့်ပုံပင်။ လူအိုကြီးမှာ ရန်ကိုင်၏ လက်ထဲ ပါလာပြီးသည့်နောက် တစ်ဆတ်ဆတ်ကို တုန်ယင်နေလေသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ထိုမျှ အားကောင်းခြင်း မရှိဘဲ တန်ခိုးရှင်အဆင့်သာ ရှိနေလေသည်။

ခန်းမထဲတွင် ရှိနေသည့် လူများမှာတော့ ရန်ကိုင် ဘာကြောင့် ဤလူအိုကြီးအား ဖမ်းလာသလဲဆိုသည်ကို နားမလည်နိုင်ဟန်ဖြင့် ဇဝေဇဝါ ဖြစ်နေကြလေသည်။ ဤလူအိုကြီးအား မည်သည့်နေရာမှ ဖမ်းခေါ်လာမှန်းကိုပင် သူတို့မသိကြ။ ကြယ်စီရင်စုသခင် ဖြစ်လာပြီးသည့်နောက် ရန်ကိုင်၏ ခွန်အားကို သူတို့နားလည်ဖို့ရာ ပိုပို၍ ခက်ခဲလာရတော့လေသည်။

လက်ရှိအချိန်တွင် ခါးကိုင်းကိုင်းနှင့် လူအိုကြီးမှာတော့ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ အလွန်ကိုမှ ကြောက်ရွံ့နေခဲ့လေသည်။ ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများသည် သူမည်သူမှန်း သိလိမ့်မည် မဟုတ်ပါသော်လည်း သူကတော့ ထိုလူများ၏ မျက်နှာကို သိနေပေသည်။ ထိုအတွက်ကြောင့် လူအိုကြီး၏ မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေ၏။ သို့သော်ငြား တစ်ခဏမျှသာ။ ချက်ချင်းဆိုသလို သူ့ကိုယ်သူ တည်ငြိမ်ချင်ယောင်ဆောင်လျက် ဘာကိုမျှ မသိချင်ယောင်ဆောင်ကာ တုံ့ဆိုင်းတုံ့ဆိုင်း အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ "ငါ၊ ငါအခု ဘယ်ရောက်နေတာလဲ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှ လူအိုကြီးအား ပြုံးကာ ကြည့်နေချိန် အခြားသူများမှာတော့ ဇဝေဇဝါ ဖြစ်နေလေသည်။

လူအိုကြီးက ပြန်၍မေးလိုက်သည်။ “ဆရာတို့… ဆရာတို့က ဘယ်သူတွေလဲ…”

“ရူးချင်ယောင်ဆောင်မနေနဲ့…”

“ဆရာဘာပြောနေလဲဆိုတာကို ဒီလူအိုကြီး တကယ်မသိလို့ပါ ဆရာ…”

ရန်ကိုင်သည် လူအိုကြီးကို သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် ပြုံး၍ ပြောလိုက်လေ၏။ “ခင်ဗျားကိုယ်ကနေ ဖြာထွက်နေတဲ့အလောင်းချီက ဒီလောက်တောင် အားကောင်းနေတာဆိုတော့ ခင်ဗျားက အလောင်းသန့်စင်သူတစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်… ခင်ဗျား မရဏဂိုဏ်းထဲမှာ ဘယ်ရာထူးကို ရထားတဲ့လူလဲ…”

“မရဏဂိုဏ်း…” ထိုနာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရီရှီယွင်နှင့် အခြားသူများ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြသည်။ တစ်ပြိုင်တည်းပင် အကုန်လုံးမှာ လူအိုကြီးအား စူးရဲစွာ စိုက်ကြည့်လာကြလေသည်။ သူတို့အနေဖြင့် ဤလူအိုကြီးနှင့်ပတ်သက်၍ မည်သည့်ထူးခြားမှုကိုမှ မမြင်တွေ့ရပါသော်ငြား ရန်ကိုင်ကိုယ်တိုင်မှ ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် လူအိုကြီးသည် မရဏဂိုဏ်း၏ အလောင်းသန့်စင်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် ရှိနေသည့်လူများသည် မရဏဂိုဏ်းအား ခါးခါးသီးသီးကို မုန်းတီးကြပေသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က ဟုန်းလော့ကြယ်စီရင်စုထဲတွင်ရှိနေသော တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူအားလုံးကို ရှင်းပစ်ပြီးသွားပြီဟု ထင်ထားခဲ့ပါသော်ငြား သူတို့လက်မှ လွတ်သွားသည့် ကြွက်တစ်ကောင် ရှိနေဦးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် ထိုကြွက်သည် သူတို့ရှေ့တည့်တည့်တွင်ပင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။

“ဆရာ လူမှားနေတယ်နဲ့တူတယ်နော်… ကျုပ်က မရဏဂိုဏ်းက မဟုတ်ဘူး…”

“ခင်ဗျား အရိပ်ကြယ်ကိုလာပြီးတော့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ… ဘာလဲ… ခင်ဗျား ပစ္စည်းတစ်ခုခုကို လာရှာနေတာလား…”

လူအိုကြီးက ခေါင်းခါ၍ “ဆရာဘာပြောနေလဲ ကျုပ်နားမလည်ဘူး…”

ထိုအခါ ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ လူအိုကြီးအား သတ်ရန် ကြိုးစားလိုက်လေသည်။ ချက်ချင်းဆိုသလို လူအိုကြီး၏ ကိုင်းနေသည့်ခါးမှာ မတ်သွားခဲ့ပြီး သူ့အရှိန်အဝါမှာလည်း ထိန်ချန်ခြင်းမရှိ ပေါက်ကွဲထွက်လာတော့လေသည်။

ထိုအခါမှသာလျှင် ရီရှီယွင်နှင့် အခြားသူများမှာ သူတို့ရှေ့၌ ရှိနေသော လူအိုကြီးသည် တန်ခိုးရှင်အဆင့်သာလျှင်မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးဖြစ်ကြောင်း သိသွားရတော့သည်။ ဤလူအိုကြီး၏ တန်ခိုးရှင်ဘုရင်အဆင့်အရှိန်အဝါသည် သူတို့မြင်ခဲ့ဖူးသော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများ၏ အရှိန်အဝါထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။ မသိလျှင် ဤလူအိုကြီး၏အရှိန်အဝါသည် တန်ခိုးရှင်ဘုရင်အဆင့်ကို အချိန်မရွေးချိုးဖြတ်၍ နောက်တစ်ဆင့်သို့ ရောက်သွားတော့မည့်အလား လူအိုကြီးမှ မည်ကဲ့သို့သောနည်းလမ်းကိုသုံး၍ သူ့အရှိန်အဝါအား ဤမျှ လျှို့ဝှက်စွာ ဖုံးကွယ်ထားနိုင်သလဲဆိုသည်ကို သူတို့မသိရပါသော်ငြား ရန်ကိုင်ကြောင့်သာမဟုတ်ပါက မည်သူမျှ လူအိုကြီးရုပ်ဖျက်ထားသည်ကို မြင်နိုင်လိမ့်မည်မဟုတ်ပေ။

လူအိုကြီးမျှော်လင့်နေသည့်တိုက်ခိုက်မှုမှာ ထွက်ပေါ်လာခဲ့ခြင်းမရှိခဲ့။ ထို့အစား ရန်ကိုင်သည် မြှောက်ထားသည့်သူ့လက်ကို ပြန်ချလိုက်လေသည်။ လူအိုကြီးမှာတော့ ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် သူ အရူးလုပ်ခံလိုက်ရမှန်း သိလိုက်လေပြီ။ ထို့အတွက်ကြောင့် ဆက်၍ဖုံးကွယ်နေရန် မကြိုးစားတော့ဘဲ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့ ငါ့ကို လာတွန်းအားပေးလိုက်တာပဲ…”

လူအိုကြီးသည် ပစ္စည်းတစ်ခုခုကိုရှာရန်အတွက် အရိပ်ကြယ်ဆီသို့ လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ထက်ကောင်းကင်ဂိုဏ်းနှင့် ဤမျှ မြန်မြန်ဆန်ဆန် ရင်မဆိုင်လိုသေးပေ။ ကံမကောင်းစွာဖြင့် ကောင်းကင်သည် သူ့ဆန္ဒကို ခွင့်မပြုပေးခဲ့။ အခြေအနေသည် ယခုကဲ့သို့ ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် လူအိုကြီးသည်လည်း ဤလူများ၏ ဝိုင်းရံမှုအောက်မှ ရုန်းထွက်ရုံသာ ရှိတော့လေသည်။

ပြောပြီးသည့်နောက်တွင် လူအိုကြီးသည် အလံတိုင်ကြီးတစ်ခုကို ဆင့်ခေါ်လိုက်သည်။ထိုအလံတိုင်ဆီမှ အားကောင်းလှသည့် သွေးချီတို့ ဖြာထွက်နေခဲ့လေ၏။

အလံတိုင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထက်ကောင်းကင်ဂိုဏ်းထဲရှိလူအားလုံးမှာ လှိုင်းထန်နေသည့် သွေးမြစ်တစ်စင်းထဲသို့ ကျသွားသည့်ပမာ ခံစားလိုက်ကြရလေသည်။ ဘေးပတ်ဝန်းကျင်တစ်ဝိုက်တွင် ရစ်သိုင်းနေသော သွေးချီမှာ အလွန်တရာကိုမှ အားကောင်းလှသလို ပြင်းထန်လွန်းလှသည့် တိုက်စားနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ထိုတိုက်စားနိုင်စွမ်းကြောင့် အကုန်လုံးမှာ အသက်ရှူရ ခက်ခဲလာကြသလို သူတော်စင်ချီကိုလည်း ကောင်းကောင်းမလှည့်ပတ်နိုင် ဖြစ်ကုန်ကြလေသည်။

တဖြည်းဖြည်းနှင့် တစ်ယောက်ပြီးတစ်ယောက်၏ မျက်နှာများ ဖြူလျော်ကုန်ကြလေသည်။ သွေးပင်လယ်အလံတိုင်အကြောင်းကို သူတို့သိကြပေသည်။ မရဏဂိုဏ်းသားများနှင့် အတန်ကြာအောင် တိုက်ခိုက်နေပြီးသည့်နောက် အကုန်လုံးမှာ ထိုကဲ့သို့သောမှော်ရတနာမျိုးနှင့် တစ်ခါနှစ်ခါမက ရင်ဆိုင်ဖူးကြလေသည်။ သို့တိုင် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် သွေးပင်လယ်အလံတိုင်မျိုးကိုမူ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ဤသွေးပင်လယ်အလံတိုင်ထဲ ပိတ်မိသွားမည်ဆိုပါက လုံးဝကို ကူကယ်ရာမဲ့သွားရနိုင်ပေသည်။

“မင်းတို့က အလွယ်လမ်းမသွားဘဲနဲ့ ခက်ခဲတဲ့လမ်းကို ရွေးချင်တယ်ဆိုမှတော့ ငါ မင်းတို့တစ်ယောက်ချင်းစီတိုင်းကို…” ပြောနေရင်းတန်းလန်းမှ လူအိုကြီးသည် သူ့လျှာသူ ပြန်ကိုက်မိလုမတတ် ဖြစ်သွားခဲ့ရလေသည်။ အကြောင်းမှာ ကလေးမလေးတစ်ဦးသည် သွေးပင်လယ်ထဲ လမ်းလျှောက်လာနေသည့်အတွက်ကြောင့်ပင်။ ထိုကလေးမလေးသည် ခေါင်းမော့၍ သူ့အား မော့ကြည့်လာခဲ့သည်။ ထိုကလေးမလေးဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါမှ ဖြာထွက်နေခြင်း မရှိပါသော်ငြား ကလေးမလေးမှာ ထူးထူးဆန်းဆန်းပင် သွေးပင်လယ်၏ သက်ရောက်ခြင်း မခံရပေ။ ကလေးမလေးမှာ သွေးပင်လယ်ကြောင့် ဘာမှမဖြစ်ပါသော်ငြား လူအိုကြီးမှာမူ ထိုကလေးမလေးဆီမှ အလွန်တရာကိုမှ ပြင်းထန်လှသော ဖိအားတစ်ရပ်ကို ခံစားနေရလေသည်။

“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ…” လူအိုကြီးမှာ ထိတ်လည်းထိတ်လန့် ကြောက်လည်းကြောက်ရွံ့မိသွားခဲ့လေသည်။ သူ့လက်ထဲရှိ သွေးပင်လယ်အလံတိုင်သည် ဤကြယ်စီရင်စုကြီး တောင့်ခံနိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေလေပြီ။ ဤအရာကို ထိုနေရာဆီမှ သူရခဲ့ခြင်း ဖြစ်သည်။ ထိုမှော်ရတနာအားကိုးကြောင့်ပင်လျှင် ရန်သူများမှ သူ့အား ရှာတွေ့သွားသည့်တိုင် လူအိုကြီးမှာ တည်တည်ငြိမ်ငြိမ် ယုံယုံကြည်ကြည်ဖြင့် ရှိနေနိုင်သေးခြင်း ဖြစ်လေသည်။ တကယ်တော့ တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများသည်ပင်လျှင် ဤသွေးပင်လယ်အလံတိုင်ထဲမှ လွတ်မြောက်နိုင်ခြင်းမှ မရှိလေပဲ။ သို့သော်ငြား ယခုမူ အသက်ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးသော ကလေးမလေးတစ်ဦးသည် သွေးပင်လယ်ထဲ အေးအေးဆေးဆေး လမ်းလျှောက်ပြနေခဲ့လေသည်။

ကလေးမလေးသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ သူမလက်ကိုဆန့်ထုတ်၍ ဆုပ်ချလိုက်သည်။ လူအိုကြီးမှာတော့ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့မျက်နှာမှာ စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော်သွားခဲ့ပြီး သူ့မျက်လုံးထဲ ကြောက်ရွံ့မှုတို့ အတိုင်းသား ပြည့်နှက်လာတော့သည်။ အကြောင်းမှာ သူနှင့် သွေးပင်လယ်အလံတိုင်ကြားရှိ ဆက်သွယ်ချက် ပြတ်တောက်သွားသည့်အတွက်ကြောင့်ပင်။

လူအိုကြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်လိုက်ချိန် ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသော သွေးရောင်အရှိန်အဝါမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ကလေးမလေးသည် သွေးပင်လယ်အလံတိုင်ကို သူမ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီးသည့်နောက် ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် ပြန်ထွက်သွားလေ၏။

လူအိုကြီးမှာတော့ သူ့လည်ချောင်းတစ်ခုလုံး ခြောက်ကပ်လာသည့်ပမာ ခံစားလိုက်ရလေသည်။ တံတွေးကိုမျိုချရန် ကြိုးစားနေသည့်တိုင် မနည်းမျိုချနေရသည်။ သူ၏အကြီးမားဆုံးသောဝှက်ဖဲမှာ ယခုကဲ့သို့သောနည်းလမ်းဖြင့် အမြစ်ပြတ်ချေမှုန်းခြင်း ခံလိုက်ရလေသည်။ လူအိုကြီးအနေဖြင့် ထက်ကောင်းကင်ဂိုဏ်းထဲ လူပေါင်းများစွာ၏ ဝိုင်းရံထားခံရသည့်တိုင် ဝံ့ဝံ့ကြွားကြွား နေထိုင်ရခြင်းမှာ သွေးပင်လယ်အလံတိုင်ကြောင့်သာ ဖြစ်ပါသော်ငြား သွေးပင်လယ်အလံတိုင်မရှိတော့သည့်နောက် လူအိုကြီးမှာ အစွယ်မရှိတော့သည့် မြွေတစ်ကောင်ပမာ ဖြစ်သွားခဲ့ရလေသည်။

သူ့မှော်ရတနာနှင့် သူ့ကြား ဆက်သွယ်မှုပြတ်တောက်သွားသည့်အတွက်ကြောင့် တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားခဲ့ရသည့်တိုင် ထိုဘေးထွက်ဆိုးကျိုးနှင့်ယှဉ်လိုက်သော် လူအိုကြီး၏စိတ်ဒဏ်ရာမှာ ပို၍ကို ဆိုးရွားလှပေသည်။ဤကောင်မလေးဆီမှ ခံစားနေရသည့် ခံစားချက်မှာ ထိုလူဆီမှခံစားရသည့် ခံစားချက်ကြောင့် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိချေ။

(ဒီကြယ်စီရင်စုထဲမှာ ဒီလောက်အားကောင်းတဲ့လူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ… တစ်စပြင်ကန္တာရကြယ်စီရင်စုကလူတွေ အကုန်အသတ်ခံရတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ… ဒီလိုလူတစ်ယောက်က ဒီနေရာကို စောင့်ကြပ်ပေးနေမှတော့ ဟိုလူတွေ ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်တော့မှာလဲ…)

“ခင်ဗျားကိုကူပြီး ဒီမှော်ရတနာကို အဆင့်မြှင့်တင်ပေးခဲ့တဲ့လူက ဘယ်သူလဲ…” ရန်ကိုင်သည် ထိုင်ခုံပေါ်တွင်ထိုင်လျက် မေးပေါ်လက်ထောက်ရင်းမှ လူအိုကြီးကိုကြည့်ကာ မေးလိုက်လေသည်။

လူအိုကြီး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ တလေးတစားဖြင့် ပြန်ပြောလိုက်လေ၏။ “စီနီယာကို ကျုပ်သိထားသမျှ အကုန်ပြောပြပေးပါ့မယ်… ကျေးဇူးပြုပြီး ကျုပ်အသက်ကိုပဲ ချမ်းသာပေးပါ…”

အခြေအနေမှာ ပြောင်းလဲသွားပြီ ဖြစ်သည့်အတွက်ကြောင့် လူအိုကြီးမှာ ယခင်ကကဲ့သို့ မဝံ့ကြွားနိုင်တော့ဘဲ ချက်ချင်းကို ရိုကျိုးသွားတော့လေသည်။

“ခင်ဗျားမှာ ကျုပ်နဲ့ဆွေးနွေးဖို့ အရည်အချင်းရှိတယ်လို့‌တော့ မထင်ဘူး…”

လူအိုကြီးသည် ခေါင်းကိုငုံ့ရင်းမှ ပြန်၍ပြောလိုက်သည်။ “ကျုပ်ကို ခွင့်လွှတ်ပေးဖို့ စီနီယာကို တကယ်တောင်းဆိုချင်ပါတယ်… ကျုပ် ဒီကြယ်စီရင်စုကြီးထဲ ရောက်လာခဲ့တဲ့အချိန်ကစပြီးတော့ အခုချိန်ထိ ဒီကြယ်စီရင်စုကြီးထဲက ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဖူးသေးပါဘူး…”

ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… ကျုပ် ခင်ဗျားကို မသတ်ဘူးလို့ ကတိပေးတယ်…”

“စီနီယာ့စကားက ယုံရလား…”

ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ် အခုလိုမျိုး ပြောလိုက်ပြီဆိုရင်တော့ ကျုပ်ပြောလိုက်တဲ့စကားအများစုက မယုံရတာများတယ်…”

လူအိုကြီး၏မျက်နှာ တမုဟုတ်ချည်း ဖြူလျော်သွားတော့လေ၏။

“ဒါပေမယ့် ဒီတစ်ကြိမ်တော့ ကျုပ် တကယ်ပြောတာ… ကျုပ် ခင်ဗျားကို မသတ်ဘူး…”

“ကျေးဇူးအများကြီးတင်ပါတယ်စီနီယာ…” လူအိုကြီးက ကျေးဇူးတင်တကြီးဖြင့် ပြန်၍ပြောလိုက်လေသည်။ “စီနီယာ ဘာသိချင်တာလဲ…”

“ခင်ဗျားက မရဏဂိုဏ်းချုပ်မလား…” ရန်ကိုင်က မေးလိုက်သည်။

လူအိုကြီးက ခါးသက်စွာပြုံးလျက် “ဟုတ်ပါတယ်စီနီယာ… ကျုပ်က မရဏဂိုဏ်းရဲ့ သုံးရာ့လေးဆယ့်ငါးဆက်မြောက် ဂိုဏ်းချုပ်ပါ…”

“ဘယ်လို…”

“သူက မရဏဂိုဏ်းရဲ့ဂိုဏ်းချုပ်လား…”

ခန်းမတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့လေသည်။ အကုန်လုံးမှာ လူအိုကြီးအား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လာကြသည်။ မရဏဂိုဏ်းသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်လာရသည့် အကြောင်းအရင်းဖြစ်ပေသည်။ သူတို့အနေဖြင့် မရဏဂိုဏ်းမှ ဂိုဏ်းသားများစွာကို သတ်ပစ်ခဲ့ပါသော်ငြား မရဏဂိုဏ်း၏ ဂိုဏ်းချုပ်ကိုမူ လုံးဝရှာမတွေ့ခဲ့ပေ။ ထို့အပြင် သူတို့နှင့်တွေ့ခဲ့သော မည်သည့်အကြီးအကဲ ဒုဂိုဏ်းချုပ်မှ သူတို့ဂိုဏ်းချုပ် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မသိကြချေ။ သူတို့သိသည်မှာတော့ မရဏဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဟုန်းလော့ကြယ်စီရင်စုထဲသို့ ရောက်လာပြီးသည့်နောက်ပိုင်း အကုန်လုံးနှင့် လူချင်းခွဲသွားသည်ဟူသော အချက်ပင်။ မရဏဂိုဏ်းချုပ် မည်သည့်နေရာသို့သွား၍ ဘာလုပ်နေသလဲဆိုသည်ကို မည်သူမျှမသိကြပေ။

သူတို့လုံးဝ ရှာမတွေ့ခဲ့သော မရဏဂိုဏ်းချုပ်သည် အရိပ်ကြယ်သို့ မည်သည့်အချိန်တည်းကမှန်းမသိ ရောက်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားခြင်းမရှိချေ။ ယနေ့ ရန်ကိုင်မှ ရှာတွေ့သွားသည့် အတွက်ကြောင့်သာ မဟုတ်ပါက မရဏဂိုဏ်းချုပ် ဤနေရာတွင် ရှိလို့ရှိနေကြောင်းကို အကုန်လုံး သတိထားမိကြလိမ့်ဦးမည်မဟုတ်ပေ။ လူအိုကြီးမသိသည်မှာတော့ ကြယ်စီရင်စုသခင် ဖြစ်လာပြီးသည့်နောက်ပိုင်း ရန်ကိုင်၏ အရိပ်ကြယ်အပေါ် အာရုံခံနိုင်စွမ်းမှာ ပိုမိုမြင့်မားလာသည်ဟူသော အချက်ပင်။ ထိုသို့ဖြစ်လေရာ ‘ငါက မရဏဂိုဏ်းကပါ’ ဟု ပြောနေသော လူအိုကြီး၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် အားကောင်းလှသော အလောင်းချီအရှိန်အဝါကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ လူအိုကြီး မည်သူမည်ဝါမှန်း မည်ကဲ့သို့များ မသိဘဲ နေပါတော့မည်နည်း။ လူအိုကြီးသည်သာ အခြားကြယ်တစ်လုံးတွင် ပုန်းအောင်းနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် လူအိုကြီးအား အလုပ်ရှုပ်ခံ၍ သွားရှာနေလိမ့်မည်မဟုတ်။ ထိုသို့သာဖြစ်မည်ဆိုလျှင် လူအိုကြီးအနေဖြင့် နောက်ထပ်နှစ်အနည်းငယ်လောက် ထပ်မံ၍ ပုန်းအောင်းနေနိုင်ပေလိမ့်ဦးမည်။

“ခင်ဗျားရဲ့မှော်ရတနာကို အဲ့လူအဆင့်မြှင့်ပေးခဲ့တာလား…” ရန်ကိုင်က ထပ်မေးလိုက်သည်။

“အဲ့လူ… စီနီယာ ဘယ်သူ့ကို ပြောချင်နေတာလဲ…” လူအိုကြီးသည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။

“တစ်စပြင်ကန္တာရကြယ်စီရင်စုကလူကို ပြောတာ…”

“စီနီယာတို့ လူချင်းတွေ့ပြီးသွားပြီလား…” လူအိုကြီး ထိတ်လန့်သွားတော့လေသည်။

ရန်ကိုင်က ခေါင်းခါလျက် “မတွေ့ရသေးဘူး…” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ဒါပေမယ့် တိုက်တော့ တိုက်ခိုက်ခဲ့ဖူးတယ်…”

ထိုစကားကိုကြားသည့်အခါ လူအိုကြီး မင်သက်သွားခဲ့လေသည်။ ရန်ကိုင် ထိုစကားကို ပြောပြီးပြီးချင်း လူအိုကြီးစိတ်ထဲ ပထမဦးဆုံးမြင်မိသည်မှာ ရန်ကိုင် မဟုတ်တရုတ်စကားများ လျှောက်ပြောနေသည်ဟူ၍သာ။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးသည် မည်မျှပင် အားကောင်းနေစေကာမူ ထိုလူနှင့် မည်ကဲ့သို့များ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါမည်နည်း။ ထို့နောက်တွင် လူအိုကြီးသည် လွန်ခဲ့သည့်ရက်များအတွင်း သူခံစားမိခဲ့သော ထူးဆန်းသည့်အဖြစ်အပျက်များကို ပြန်သတိရသွားခဲ့ပြီး အလန့်တကြားဖြင့် အော်မေးလိုက်လေ၏။ “စီနီယာက ဒီကြယ်စီရင်စုရဲ့ သခင်လား…”

“ဟုတ်တယ်…”

“ဒါကြောင့်ကိုး… ဒါကြောင့်ကိုး…” လူအိုကြီးသည် သူ့ဘာသာသူ ရေရွတ်နေတော့လေသည်။ (ဒါကြောင့် ဒီရက်ပိုင်း ကြယ်စီရင်စုကြီးက ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရတာ… အဲ့လူနဲ့လည်း ဒါကြောင့် တိုက်ခိုက်နိုင်တာကိုး… ကြယ်စီရင်စုရဲ့သခင် ဖြစ်နေမှတော့ ဟိုလူနဲ့တိုက်ခိုက်နိုင်တာ ဆန်းတော့မဆန်းဘူး…)

ရန်ကိုင်သည် လူအိုကြီး၏ စကားအသွားအလာနှင့် ပုံစံကို သေသေချာချာကို လေ့လာကြည့်နေလေသည်။ ရုတ်တရက် မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်လေသည်။ “ခင်ဗျား နှစ်တွေအကြာကြီး ဒီလောက် ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာ… ဘာလဲ… ခင်ဗျားက ဟုန်းလော့ကြယ်စီရင်စုကြီးရဲ့ ကြယ်အမြုတေကို လိုက်ရှာနေတာလား…”

ထိုစကားကိုကြားသည့်အခါ လူအိုကြီး၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်မှ သူ၏ရည်ရွယ်ချက်ကို သိသွားပြီမှန်း သဘောပေါက်လိုက်သည့်နောက် လူအိုကြီးသည် ဆက်လက်၍ ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ ခေါင်းညိတ်လိုက်လေ၏။ “ကျုပ် အမိန့်အတိုင်း လုပ်နေတာပါ…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အဲ့ကောင်က တကယ်ကို အစားကြီးတာပဲ…”

“ဂျုန်း…”

ရုတ်တရက် မိုးခြိမ်းသံတို့ မြည်ဟည်းလာခဲ့လေသည်။ လေပြင်းများ တဟူးဟူး တိုက်ခတ်လာခဲ့ပြီး ကောင်းကင်ထက် မုန်တိုင်းရိပ်တို့ သန်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင် မိုးကောင်းကင်ထက်တွင် အနက်ရောင်တိမ်စိုင်တိမ်တိုက်များ စုဝေးလာကြတော့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏စိတ်ခံစားချက်သည် ကြယ်စီရင်စုကြီးအပေါ် သက်ရောက်မှုရှိပေသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် လူအိုကြီးမှာ ရန်ကိုင်၏စကားအပေါ် မယုံသင်္ကာမရှိတော့။ လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးသည် ဟုန်းလော့ကြယ်စီရင်စု၏ ကြယ်သခင် ဖြစ်နေမှန်း အမှန်တကယ်ကို ယုံကြည်သွားတော့လေသည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သူက ဟုန်းလော့ကြယ်စီရင်စုကြီးကို တစ်ကိုက်တည်းနဲ့ ဝါးမျိုပစ်ဖို့ ကြိုးစားနေတာပဲ…”

လက်ရှိအခြေအနေကို ကြည့်ရသလောက် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်လာသည်မှာ မရဏဂိုဏ်းကြောင့်ဖြစ်သည်ဟု ပြော၍မရတော့ပေ။ မရဏဂိုဏ်းသည် ပွန်းရုပ်တစ်ခုသာဖြစ်ပြီး ထိုလူသည်သာ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသည့်လူ ဖြစ်ပေသည်။

ကြယ်စီရင်စုနှစ်ခုကြား စစ်ပွဲကို အသုံးပြုရင်းမှ ဟုန်းလော့ကြယ်စီရင်စုထဲ ပြဿနာများကို ဖန်တီးပြီး ဟုန်းလော့ကြယ်စီရင်စုအား အားနည်းအောင် လုပ်လိုက်ခြင်းဖြင့်သာ ကြယ်စီရင်စုအမြုတေသည် သူ့အလိုလို ပေါ်လာပေလိမ့်မည်။ တစ်ချိန်တည်းတွင် မရဏဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် ကြယ်စီရင်စုအမြုတေကို လိုက်လံရှာဖွေရန်လည်း လိုအပ်ပေသေးသည်။ သို့မှသာလျှင် အခြားတစ်ဖက်ခြမ်း၌ရှိနေသော လူအနေဖြင့် ကြယ်စီရင်စုအမြုတေကို ဝါးမျိုသန့်စင်နိုင်ပေလိမ့်မည်။

ထိုလူသည်သာ ဟုန်းလော့ကြယ်စီရင်စု၏အမြုတေကို အောင်မြင်စွာ သန့်စင်သွားနိုင်မည်ဆိုပါက ကြယ်စီရင်စုနှစ်ခုမှာ အတူတူ ပေါင်းစပ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် ထိုလူသည် ကြယ်စီရင်စုနှစ်ခု၏သခင် ဖြစ်လာမည်ဖြစ်ကာ သူ့ခွန်အားမှာလည်း ဒီရေလှိုင်းလုံးပမာ တိုးတက်လာရပေလိမ့်မည်။

ရန်ကိုင်သည်သာ ဟုန်းလော့ကြယ်စီရင်စုကြီးထဲသို့ အချိန်မီ ပြန်မလာနိုင်ခဲ့လျှင် ထိုလူ၏အစီအစဉ်မှာ အမှန်တကယ်ကို အောင်မြင်သွားခဲ့လောက်ပေသည်။

“အဲ့လူ ဘာကြံနေတာလဲတော့ ကျုပ်မသိဘူး…” မရဏဂိုဏ်းချုပ်သည် ခေါင်းကိုသာငုံ့ထားခဲ့သည်။

“အဲ့လိုလား…” ရန်ကိုင်သည် လူအိုကြီးအား အဓိပ္ပာယ်ပါပါပြုံး၍ ကြည့်လိုက်ရာ လူအိုကြီးမှာ ကြောက်ရွံ့မှုကြောင့် ရင်တုန်သွားခဲ့ရသည်။

“ထားလိုက်တော့… ကျုပ်နောက်လိုက်ခဲ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လူအိုကြီးအား အင်္ကျီလည်တိုင်မှ ဆွဲကိုင်၍ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

“စီနီယာ… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ…” လူအိုကြီးမှာတော့ ကြောက်လန့်တကြားဖြင့် ထအော်လေသည်။ အစောပိုင်းက ထူးဆန်းသည့်ကလေးမလေးနှင့် တွေ့စဉ်က သူမည်သို့ပင် ကြိုးစားစေကာမူ ထိုကလေးမလေးအား အနိုင်ရနိုင်လိမ့်မည်မဟုတ်ဟူသည့် ခံစားချက်ကို ရခဲ့သည်။ သို့သော်ငြား ရန်ကိုင်ရှေ့တွင်တော့ သူ့အနေဖြင့် ပြန်တိုက်ခိုက်ရဲဖို့ရာပင် သတ္တိရှိမနေတော့ပေ။

(ဒါက ကြယ်သခင်တစ်ပါးရဲ့ စွမ်းအားလား…) ရန်ကိုင်၏ခွန်အားမှာ သူ့ထက် အများကြီးပိုမြင့်သည်ဟု လူအိုကြီးမယုံချေ။ ရန်ကိုင်အနေဖြင့် သူ့အား ယခုကဲ့သို့ အလွယ်တကူ ကိုင်တွယ်နိုင်ရခြင်းမှာ ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီး၏ အသိအမှတ်ပြုမှုကို ရရှိသွားသည့် အတွက်ကြောင့်သာ ဖြစ်သည်ဟု ထင်နေခဲ့လေသည်။

(ငါ့မှာသာ အခွင့်အရေးရှိခဲ့ရင်…)

“ခင်ဗျား ဘာတွေအကဲပိုနေတာလဲ…” ရန်ကိုင်သည် လူအိုကြီး၏ခေါင်းကို ဆတ်ခနဲ ကောက်ရိုက်ချလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၄)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် ရိုက်လိုက်သည့်အခါမှသာလျှင် မရဏဂိုဏ်း၏ ဂိုဏ်းချုပ် ငြိမ်ကျသွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်တို့သည် မိုင်ပေါင်း မရေမတွက်နိုင်အောင် ဝေးကွာလွန်းလှသည့် အကွာအဝေးအား ဖြတ်ကျော်လာခဲ့သည်။ အမျိုးမျိုးသော ကြယ်များ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ အားလုံးသည် မရဏဂိုဏ်းချုပ်၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားနေကြရလေသည်။

ပျံသန်းသွားနေရင်းမှ ရန်ကိုင် ရုတ်တရက် ကောက်ရပ်လိုက်ပြီး လူအိုကြီးအား ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။ လူအိုကြီးလည်း ထိတ်လန့်တကြားဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။ "ဒါက"

သူ့အရှေ့တည့်တည့်တွင် ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေလေသည်။

"တစ်စပြင်ကန္တာရကြယ်စီရင်စုက အဲဒါရဲ့ ဟိုဘက်ခြမ်းမှာပဲ" ရန်ကိုင်သည် အမှောင်ထု အသိပ်သည်းဆုံးရှိရာဆီသို့ ညွှန်ပြရင်းမှ ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ လူအိုကြီး၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။

"ခင်ဗျား အဲဒီဘက်ဆီ ပြန်သွားချင်လား"

လူအိုကြီးက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ ဒါဆို ကျုပ် ခင်ဗျားကို အဲဒီဘက် ပြန်ပို့ပေးမယ်၊ ဒါပေမဲ့ ရောက်ရင် ကျုပ်ကိုယ်စား စကားတစ်ခွန်း ပြောပေး"

လူအိုကြီးက သတိထား၍ ပြန်မေးလိုက်လေသည်။ "ဘာစကားလဲ"

"အဲဒီခွေးကောင်ကို ကျုပ် သူ့ဆီလာမှာမလို့ သူ့လည်ပင်းသူ စဉ်းထားလို့ ပြောလိုက်"

"ဟမ်"

"သွားပေတော့" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လူအိုကြီးအား လည်ကုတ်မှဆွဲကိုင်၍ အမှောင်ထုထဲသို့ ပစ်ထည့်လိုက်လေသည်။ လူအိုကြီးမှာ ကြောက်လန့်တကြား အော်ဟစ်ရင်း သူတော်စင်ချီဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်ပါသော်ငြား သူတော်စင်ချီအား လှည့်ပတ်၍မရကြောင်း တွေ့လိုက်ရသည်။ အဆုံးတွင် လူအိုကြီးသည် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

ရန်ကိုင်သည် ထိုမြင်ကွင်းကို မျက်လုံးမှေးစင်းလျက် စိုက်ကြည့်နေခဲ့လေသည်။

အမှောင်ထု၏ အခြားတစ်ဖက်ခြမ်းတွင် လူသုံးဦး ရှိနေခဲ့သည်။ တစ်ဦးမှာ မျက်နှာဝါကျင့်ကျင့်နှင့် လူကြီးဖြစ်ပြီး ကျန်နှစ်ဦးမှာတော့ ရန်ကိုင်၏ အသိများဖြစ်ကြသော လီကျောက်နှင့် လျူစန်းနျန်တို့သာ ဖြစ်ကြသည်။

နှစ်ဦးစလုံး၏ အရှိန်အဝါမှာ အကောင်းအတိုင်းသာ ရှိကြပေသေးသည်။ သူတို့နှစ်ဦးစလုံး နှိပ်စက်ခံထားရခြင်း မရှိ။ ဒဏ်ရာရထားခြင်းလည်း မရှိ။ သို့တိုင် လီကျောက်နှင့် လျူစန်းနျန်တို့မှာတော့ ထွက်ပြေးရန် မကြိုးစားကြပေ။ အကြောင်းမှာ သူတို့ ထွက်ပြေးရန် ကြိုးစားလျှင်ပင် ထိုလူသည် သူတို့အား အသာလေး ပြန်ဖမ်းနိုင်သည်ကို နှစ်ဦးစလုံး သိထားကြသည့်အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့်ပင်လျှင် အချိန်ကုန် လူပင်ပန်းဖြစ်ရမည့် အလုပ်မျိုးကို မလုပ်လိုသည့်အတွက်ကြောင့် ဤအတိုင်းသာ နေနေကြခြင်း ဖြစ်လေသည်။

"မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီကိစ္စအတွက် ကျိန်းသေ ပြန်ပေးဆပ်ရမယ်" လီကျောက်သည် သက်လတ်ပိုင်းလူကြီးအား ခက်ထန်သည့် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။ ထိုလူသည် လျူယုချင်းအား အမှောင်ထုထဲသို့ လွှင့်ပစ်လိုက်သည့်လူ ဖြစ်ပေသည်။ လျူယုချင်း ယခုနေ ဘယ်လိုနေမလဲ သူတို့ မသိရ။ ထိုအတွက်ကြောင့် လီကျောက်မှာ ထိုလူကြီးအား ဒေါသူပုန်ထနေခြင်း ဖြစ်လေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဘာဆိုဘာမျှ ဝင်မကူနိုင်ခဲ့သော သူ့ကိုယ်သူလည်း မုန်းတီးမိပေသည်။

ကြယ်တာရာအစုအဝေးတွင်သာဆိုပါက သူ့အနေဖြင့် ဤသက်လတ်ပိုင်းလူကြီးအား မနိုင်လျှင်ပင် ပြန်လည်တိုက်ခိုက်နိုင်ပေသေးသည်။ သို့သော်ငြား လက်ရှိအချိန်၌ သူတို့သည် တစ်ပါးသူ၏ ပိုင်နက်ထဲ ရောက်နေသည့်အတွက်ကြောင့် မည်သို့မျှ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။

သက်လတ်ပိုင်းလူကြီးကမူ ထိုစကားများကို မကြားချင်ယောင်ဆောင်လျက် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည်။ "မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယုံကြည်ချက် ရှိနေရတာလဲ"

လီကျောက်က အေးစက်စက် အမူအရာဖြင့် ပြုံးလျက်... "မင်း ဘယ်လိုလူမျိုးကို ရန်စမိလိုက်လဲဆိုတာ မင်းမှ မသိသေးတာ"

သက်လတ်ပိုင်းလူကြီးသည် လီကျောက်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ လီကျောက်အား တစ်ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ "မင်းမှာ အဲလို အရည်အချင်းမျိုး မရှိပါဘူး"

လီကျောက်က ပြန်ပြောလိုက်သည်။ "ငါ့မှာသာ အဲဒီလို အရည်အချင်းမျိုးရှိရင် မင်းလည်ကုတ်ကို လိမ်ချိုးပစ်နေလိုက်ပြီ"

"ဘာလဲ မင်းရဲ့ မျှော်လင့်ချက်တွေကို ဟိုရန်ကိုင်ဆိုတဲ့ ကောင်လေးအပေါ် ပုံအပ်ထားတာလား" သက်လတ်ပိုင်းလူကြီးက လီကျောက်အား စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။

ရန်ကိုင်ဟူသည့် နာမည်ကို သူတစ်ခါမျှ မကြားဖူးပေ။ ထိုသို့ဖြစ်လေရာ ထိုလူသည် မည်မျှများ အားကောင်းနိုင်ပါမည်နည်း။ ထိုလူသည် ကံကောင်းထောက်မ၍ ကြယ်စီရင်စုသခင် ဖြစ်လာမည်ဆိုလျှင်ပင် အကြာကြီးတော့ ခံလိမ့်မည်မဟုတ်။ ရန်ကိုင်အကြောင်းကို လီကျောက်နှင့် အတန်ကြာအောင် စကားပြောပြီးသည့်နောက် သက်လတ်ပိုင်းလူကြီး သိလာခဲ့ရခြင်း ဖြစ်လေသည်။ လီကျောက် ရန်ကိုင်ကို ရောင်းစားလိုက်ခြင်းလည်း မဟုတ်ပေ။ သူသာ ရန်ကိုင်အကြောင်းကို မပြောပါက လျူယုချင်းနှင့် လျူစန်းနျန်တို့ ဒုက္ခရောက်သွားနိုင်သည့်အတွက်ကြောင့် မတတ်သာဘဲ ပြောပြလိုက်ရခြင်းသာ ဖြစ်လေသည်။

"မင်း စောင့်နေ၊ မင်း ကျိန်းသေ နောင်တရလိမ့်မယ်" လီကျောက်က ထိုသို့ပြောလိုက်ပြီးသည့်နောက် မည်သည့် အပိုစကားမျှ ထပ်မပြောနေတော့ပေ။ သူ့အရှေ့ရှိ လူ၏ ကျင့်ကြံခြင်း မည်မျှမြင့်မားနေစေကာမူ ကိစ္စမရှိပေ။ ရန်ကိုင်သည် ဤလူအား ကျိန်းသေ ရှင်းပစ်ပေလိမ့်မည်။ ရန်ကိုင်သည် နဂါးကျွန်းသို့သွားပြီး ပြဿနာရှာခဲ့သူ တစ်ဦးပင်ဖြစ်လေရာ ဤသက်လတ်ပိုင်းလူကြီးလောက်ကိုမူ မည်သို့များ ဂရုစိုက်ပါမည်နည်း။

"သူ မင်းပြောတဲ့အတိုင်း ဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ်၊ မဟုတ်ရင်တော့ အရမ်းပျင်းစရာကောင်းနေမှာ" သက်လတ်ပိုင်းလူကြီးက ယဲ့ယဲ့လေးပြုံး၍ ပြန်ပြောလိုက်သည်။ ထိုနောက် သူသည် ရုတ်တရက် တစ်ခုခုအား ခံစားမိလိုက်သည့်အလား အမှောင်ထုဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် အမှောင်ထု၏ မျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့သည်။ ထိုလှိုင်းတွန့်များ ပေါ်လာပြီး မကြာခင်မှာပင် အမှောင်ထုထဲမှ ပုံရိပ်တစ်ခု ပျံသန်းထွက်လာခဲ့လေသည်။

သက်လတ်ပိုင်းလူကြီးသည် အမှောင်ထုထဲမှ ခုန်ထွက်လာသည့် အရာကို လှမ်းဖမ်းလိုက်သည်။ လူအိုကြီးမှာတော့ ကြောက်လန့်တကြား အော်ဟစ်နေခဲ့ရာ သက်လတ်ပိုင်းလူကြီး၏ လက်ထဲ ရောက်သွားသည့်အခါမှသာလျှင် အအော်တိတ်သွားခဲ့သည်။

"ဆ… ဆရာ" သူ၏ မြင်ကွင်းတစ်ခုလုံး အလင်းရောင် ပြန်ရလာပြီးသည့်နောက် သူ့အရှေ့တွင် ရှိနေသည့် လူကို မြင်လိုက်သည့်အခါ လူအိုကြီး အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင်သည် ကိုယ့်ကတိကိုယ်မတည်ဘဲ သူ့အား အမှောင်ထုထဲသို့ ပစ်ချကာ သတ်ပစ်ရန် ကြံနေခြင်းဖြစ်သည်ဟု လူအိုကြီး အထင်မှားခဲ့ရသည်။ ယခု သူ့အရှေ့တွင် ရှိနေသည့်လူကို မြင်သည့်အခါမှသာလျှင် ရန်ကိုင်သည် သူ့ကတိအတိုင်း သူ့အား အသက်ရှင်ခွင့် ပေးခဲ့ခြင်းဖြစ်မှန်း လူအိုကြီး နားလည်သွားတော့လေသည်။

"မင်း အဲဒီဘက်ကနေ ဘယ်လိုလုပ်ပြီး ဒီဘက်ကို ရောက်လာတာလဲ" သက်လတ်ပိုင်းလူကြီးသည် လူအိုကြီးအား လွှတ်ပေးလိုက်ရင်းမှ မေးလိုက်လေသည်။

လူအိုကြီးက အလျင်စလို ပြန်ပြောလိုက်သည်။ "ဆရာ၊ ကျုပ် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီးတော့မှ ဒီဘက်ကို ပြန်လာနိုင်ခဲ့တာပါ"

"ဟိုလူ မင်းကို ပြန်ပို့လိုက်တာလား" သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်၍ လိုရင်းကို တန်းမေးလိုက်သည်။

မရဏဂိုဏ်းချုပ်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ဟုတ်ပါတယ် ဆရာ၊ ကျုပ်ကို သတင်းစကား ပါးခိုင်းဖို့ ဒီဘက်ကို ပြန်လွှတ်ပေးလိုက်တာပါ"

"ဘာသတင်းစကားလဲ"

"အဲဒီကောင်လေးက ပြောလိုက်တယ် ဆရာ၊ သူ ဆရာ့ဆီ လာမှာမလို့ ကိုယ့်လည်ပင်းကိုယ် ဆေးထားပါတဲ့" လူအိုကြီးက ပြန်၍ ပြောလိုက်သည်။

"အဲဒါပဲလား" သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုသတင်းစကားကြောင့် သက်လတ်ပိုင်းလူကြီးမှာ အံ့အားသင့်သွားသည့်အလား လီကျောက်နှင့် လျူစန်းနျန်အား လှမ်း၍ ကြည့်လိုက်လေသည်။

[အဲဒီလူက ဒီနှစ်ယောက်ရဲ့ အသက်ကို ဂရုမစိုက်တော့ဘူးလား]

"အဲဒါပါပဲ" ဂိုဏ်းချုပ် ခေါင်းညိတ်လိုက်သည်။

သက်လတ်ပိုင်း လူကြီးသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် မရဏဂိုဏ်းချုပ်၏ ခေါင်းအား လှမ်းကိုင်လိုက်လေသည်။ သက်လတ်ပိုင်းလူကြီး၏ လုပ်ရပ်မှာ လူအိုကြီးအား အကြီးအကျယ်ကိုမှ ထိတ်လန့် တုန်လှုပ်သွားစေခဲ့လေ၏။ လူအိုကြီးမှာ အသုံးမဝင်မှန်း သိသည့်တိုင် ခုခံရန် ကြိုးစားလိုက်ပါသော်ငြား သူ မခုခံနိုင်သေးခင်မှာပင် သက်လတ်ပိုင်းလူကြီး၏ လက်သည် သူ့နဖူးဆီသို့ ရောက်လာခဲ့လေသည်။ ထို့နောက်တွင် လူအိုကြီး၏ တစ်ကိုယ်လုံး တောင့်တင်းသွားတော့လေသည်။

"ငါ့ဘာသာငါ ကြည့်ကြည့်မယ်" သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို လူအိုကြီး၏ အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်၍ လူအိုကြီး၏ မှတ်ဉာဏ်များကို အတင်းအကျပ် စတင်စစ်ဆေးကြည့်တော့သည်။ ထိုနည်းလမ်းသည် လူအိုကြီးအား ထိခိုက်သွားစေနိုင်ပါသော်ငြား သက်လတ်ပိုင်းလူကြီးကတော့ ဂရုစိုက်မနေခဲ့ပေ။

လူအိုကြီး၏ အသိစိတ်ပင်လယ် တစ်ခုလုံး လှိုင်းထန်လာခဲ့ပြီး အလင်းတန်းတစ်ခုသည် အသိစိတ်ပင်လယ်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းတန်းဆီမှ လူအိုကြီးနှင့် မသက်ဆိုင်သော အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့ပြီး ပေါ်လာပြီးပြီးချင်းမှာပင် အလင်းတန်းသည် ထက်ရှသည့် တိုက်ခိုက်မှုအသွင်သို့ ပြောင်းလျက် သက်လတ်ပိုင်းလူကြီး၏ ကောင်းကင်စိတ်အာရုံကို ခုတ်ချလိုက်လေသည်။

ရန်ကိုင်သည် လူအိုကြီး၏ အသိစိတ်ပင်လယ်ထဲ လူအိုကြီးပင် မသိလိုက်ဘဲ တိုက်ကွက်တစ်ခုကို မသိမသာလေး ချန်ထားရစ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက်တွင် သက်လတ်ပိုင်း လူကြီး သူ၏ ထောင်ချောက်ထဲသို့ တည့်တည့်ဝင်လာမည်ကို ထိုင်စောင့်နေလိုက်လေ၏။

ပေါက်ကွဲသံကြီးနှင့်အတူ လူအိုကြီး၏ အသိစိတ်ပင်လယ် စတင်၍ ဆူပွက်လာခဲ့လေသည်။ ကောင်းကင်စိတ်အာရုံ နှစ်ခုသည် အပြန်အလှန် ထိပ်တိုက်တွေ့နေပြီးသည့်နောက် အသီးသီး ပျောက်ကွယ်သွားကုန်ကြလေသည်။ သက်လတ်ပိုင်းလူကြီးမှာတော့ တစ်ဖက်လူ၏ စိတ်စွမ်းအားကြောင့် အနည်းငယ် အံ့အားသင့်နေမိလေသည်။ တစ်ဖက်လူ၏ စိတ်စွမ်းအင်သည် သူ့ထက် အားနည်းခြင်း မရှိ။ သို့သော်ငြား လီကျောက် ပြောပုံအရ ထိုလူငယ်လေးသည် ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။ ထိုသို့ဖြစ်လေရာ သူ့ကောင်းကင်စိတ်အာရုံသည် မည်ကဲ့သို့များ ဤမျှ အားကောင်းနေရပါလေသနည်း။

ကောင်းကင်စိတ်အာရုံ နှစ်ခု ထိပ်တိုက်တွေ့သွားချိန် မည်သည့်ဘက်မှ အနိုင်ရသွားခဲ့ခြင်း မရှိ။ သို့သော်ငြား ကံမကောင်း အကြောင်းမလှစွာဖြင့် စစ်မြေပြင် ဖြစ်ခဲ့သော လူအိုကြီး၏ အသိစိတ်ပင်လယ်မှာမူ ဒုက္ခလှလှနှင့် တွေ့ရတော့လေသည်။ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံ တစ်ခုကြောင့် လူအိုကြီး၏ ဝိညာဉ်မှာ စတင်၍ တုန်ခါလာခဲ့ရသည်။ ထို့နောက်တွင် အသိစိတ်ပင်လယ် တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ပြီး လူအိုကြီးမှာလည်း တစ်ခါတည်း အသက်ထွက်သွားခဲ့ရလေသည်။ ရန်ကိုင်သည် သူပြောသည့်အတိုင်း လူအိုကြီးအား မသတ်ပစ်ခဲ့ပေ။ သို့သော်ငြား ရန်ကိုင်၏ ထောင်ချောက်သည် လူအိုကြီးအား တမလွန်ဘဝသို့ ရောက်သွားစေခဲ့သည်။

ယခုမှတော့ ဆက်၍ စစ်ဆေးနေစရာလည်း မလိုတော့။ သက်လတ်ပိုင်းလူကြီးမှာ ပြိုကျပျက်စီးနေသော အသိစိတ်ပင်လယ်ထဲမှ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ဆွဲယူရန် ကြိုးစားနေစဉ်မှာပင် သူ့စိတ်ထဲ အချက်ပေး ခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။

သက်လတ်ပိုင်းလူကြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ အမှောင်ထုထဲ ဝဲကတော့တစ်ခု ပေါ်လာပြီး ထိုဝဲကတော့မှတစ်ဆင့် လူငယ်လေးတစ်ဦး သူ့အား ပြုံးပြနေကြောင်း တွေ့လိုက်ရသည်။ ထို့နောက်တွင် လူငယ်လေးသည် ကမ္ဘာ့အတားအဆီးကို ဖြတ်ကျော်၍ သူ့ဆီသို့ ခုန်ဝင်လာခဲ့လေသည်။

"မင်းလားကွ" သက်လတ်ပိုင်းလူကြီး၏ အမူအရာ ယခုအချိန်တွင်တော့ စတင်ပြောင်းလဲသွားခဲ့ရလေပြီ။ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးသည် သူ့ပိုင်နက်ဖြစ်သည့်အလျောက် ဤနေရာထဲသို့ ဝင်လာသည့် မည်သူမဆို သူ့စွမ်းအား၏ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။ သက်လတ်ပိုင်းလူကြီးမှ ဟုန်းလော့ကြယ်စီရင်စုအား ဝါးမျိုရန် ကြိုးစားစဉ်ကပင်လျှင် ဖြည်းဖြည်းချင်းသာ လှုပ်ရှားခဲ့သည်။ တစ်ချိန်တည်း၌ ဟုန်းလော့ကြယ်စီရင်စု၏ ကြယ်စီရင်စု အမြုတေကို ရှာရန်အတွက် လူများကိုပင် စေလွှတ်ခဲ့ပေသေးသည်။

[ဒီကောင် ဘယ်လိုလုပ်ပြီး ဒီဘက်ဆီ ခုန်ဝင်လာရဲတာလဲ၊ ပြန်ထွက်မသွားနိုင်မှာကို ဒီကောင် မကြောက်တာလား]

သူ့ခေါင်းထဲ အတွေးအမျိုးမျိုး ပေါ်လာလင့်ကစား သက်လတ်ပိုင်းလူကြီးမှာ တစ်ခဏလေးအတွင်း တည်ငြိမ်သွားပြီး ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ ရန်ကိုင်သည်သာ တစ်ဖက်မှာနေ၍ သူ့အား တိုက်ခိုက်နေဦးမည်ဆိုလျှင်တော့ သက်လတ်ပိုင်းလူကြီးအနေဖြင့် ရန်ကိုင်အား ဘာမျှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ နှစ်ဦးစလုံးမှာ ကြယ်စီရင်စုသခင်များ ဖြစ်ကြသည့်အတွက်ကြောင့် သက်ဆိုင်ရာ ကြယ်စီရင်စု အသီးသီးတွင် ပိုမိုအားကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ကြပေသည်။

သို့ရာတွင် ဤနေရာသည် သူ့ပိုင်နက်ဖြစ်သည်။ ထိုအကြောင်းကြောင့် သက်လတ်ပိုင်းလူကြီးသည် သူ့ဆီသို့ တိုးဝင်လာနေသည့် လက်သီးကို ကြည့်ရင်းမှ ကြယ်စီရင်စု အမြုတေနှင့် ဆက်သွယ်၍ သူ့ကိုယ်ပိုင် လက်သီးချက်တစ်ခုကို ပြန်လည်ထုတ်လွှတ်လိုက်လေသည်။

"နဂါးအသွင် ပြောင်းလဲခြင်း" ထိုအော်သံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသည် ရုတ်တရက်ဆိုသလို မီတာနှစ်ရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်၏ လက်သီးမှာလည်း အိမ်တစ်လုံး အရွယ်အစားခန့်အထိ ကြီးမားသွားခဲ့လေ၏။

ထိုပြောင်းလဲမှုကြောင့် သက်လတ်ပိုင်း လူကြီး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ သူ အသိပြန်မဝင်နိုင်သေးခင်မှာပင် လက်သီးနှစ်ခု ထိပ်တိုက်တွေ့သွားခဲ့သည်။ အပြင်လူတစ်ဦး အမြင်အရ ကြည့်မည်ဆိုလျှင် သက်လတ်ပိုင်း လူကြီး၏ လက်သီးသည် ရန်ကိုင်၏ လက်သီးနှင့် ယှဉ်လိုက်သော် ဘာဆိုဘာမျှ မပြောပလောက်တော့ပေ။ မသိလျှင် ပုရွက်ဆိတ်တစ်ကောင်မှ သစ်ပင်တစ်ပင်အား ကိုင်လှုပ်နေသလိုပင် ထင်ရပေသည်။ သို့သော်ငြား လက်သီးချက် နှစ်ခုစလုံးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ တစ်ခုအောက်တစ်ခု အနည်းငယ်မျှပင် အားနည်းခြင်း မရှိ။

လက်သီးချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက် ရန်ကိုင်၏ လက်သီးချက်မှာ ချိုင့်ဝင်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် အရိုးကျိုးသံများနှင့်အတူ ရန်ကိုင်၏ လက်တစ်ချောင်းလုံးလုံး အောက်သို့ တွဲကျသွားခဲ့ရလေ၏။ လက်သီးတစ်ချက်တည်းနှင့်ပင် ရန်ကိုင်၏ လက်မောင်းတစ်ဖက်လုံး အသုံးမဝင် ဖြစ်သွားရတော့သည်။ နဂါးအသွင် ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုထားသည့်တိုင် ယခုကဲ့သို့ ဒဏ်ရာမျိုးရသွားသည်ကို ကြည့်ပါက သက်လတ်ပိုင်းလူကြီး မည်မျှ အားကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။

ရန်ကိုင်မှာ ဒဏ်ရာရသွားခဲ့ပါသော်ငြား တစ်ဖက်လူသည်လည်း အဆင်ပြေမနေခဲ့ပေ။

ကြယ်စီရင်စု ပိုင်နက်ထဲတွင် ဖြစ်သည့်အလျောက် ကြယ်စီရင်စု အမြုတေ အားကိုးဖြင့်သာဆိုပါက တစ်ဖက်လူအား အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား လက်သီးချင်း ထိပ်တိုက်တွေ့သွားသည့်အခါမှသာလျှင် သူ့အထင်မှားယွင်းနေကြောင်း သက်လတ်ပိုင်းလူကြီး နားလည်သွားခဲ့ရသည်။

အလွန်ကိုမှ ပြင်းထန်သည့် အားတစ်ရပ်သည် သူ့လက်သီးမှတစ်ဆင့် လက်မောင်းတစ်လျှောက် စီးဝင်လာခဲ့ပြီး ခန္ဓာကိုယ်အား လာရောက်ရိုက်ခတ်လေသည်။ ထိုပြင်းထန်သည့် အားကြောင့် သက်လတ်ပိုင်းလူကြီးမှာ ဥက္ကာခဲတစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ရလေသည်။

"ဘာဖြစ်သွားတာလဲ" သက်လတ်ပိုင်း လူကြီးမှာတော့ မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းမသိ ဖြစ်ခဲ့ရပါသော်ငြား မကြာမီမှာပင် ရန်ကိုင် သူ့အား လွင့်ထွက်သွားအောင် မည်ကဲ့သို့ လုပ်နိုင်ခဲ့သလဲဆိုသည်ကို သက်လတ်ပိုင်းလူကြီး သဘောပေါက်သွားခဲ့သည်။ ရှင်းရှင်းပြောရသော် ဤနေရာသည် သူ၏ ကြယ်စီရင်စု ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် မည်မျှ အားကောင်းနေစေကာမူ သူ့အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်။ သို့သော်ငြား ရန်ကိုင်၏ လက်သီးချက်သည် သာမန် လက်သီးချက် မဟုတ်။ ထိုလက်သီးချက်ထဲ ဟုန်းလော့ကြယ်စီရင်စုကြီး၏ စွမ်းအားပါ ရောယှက်ပါဝင်နေခဲ့လေသည်။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှာ သက်လတ်ပိုင်း လူကြီးအား ယခုကဲ့သို့ လွင့်စင်ထွက်သွားအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

"ရောင်းရင်းရန်" လီကျောက် အံ့အားသင့်နေခဲ့သည်။

"မြန်မြန်ပြေးပေတော့" ရန်ကိုင်သည် ဒဏ်ရာမရသေးသည့် ကျန်လက်တစ်ဖက်ဖြင့် လီကျောက်နှင့် လျူစန်းနျန်တို့အား ဆွဲယူ၍ သူ့နောက်တွင် ရှိနေသော အမှောင်ထုထဲသို့ ခုန်ဝင်သွားခဲ့လေသည်။

အစောပိုင်းက လက်သီးချက်မျိုး တစ်ကြိမ်သာ ထုတ်သုံးနိုင်ပေသည်။ နောက်တစ်ကြိမ် ထပ်၍ ထုတ်မသုံးနိုင်တော့။ ကံကောင်းစွာဖြင့် သူ၏ တိုက်ခိုက်မှုသည် တစ်ဖက်လူအား အလစ်အငိုက် မိသွားစေခဲ့သည်။ ရန်ကိုင်သည်သာ တစ်ဖက်လူ အသိပြန်ဝင်လာမည့်အချိန်ထိ စောင့်နေမည်ဆိုပါက လီကျောက်နှင့် လျူစန်းနျန်တို့ မဆိုထားနှင့် သူပင်လျှင် လွတ်နိုင်တော့လိမ့်မည် မဟုတ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၅)

ဘာသာပြန်သူ_တိမ်တိုက်

"မင်းတို့ မလွတ်စေရဘူးကွ" ဒေါမာန်တကြီး အော်ဟစ်သံနှင့်အတူ ရန်ကိုင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက်ဆိုသလို မာကျောလာကုန်လေသည်။ ရန်ကိုင်မှာ အမှောင်ထုထဲသို့ ခုန်ဝင်ခါနီး ဖြစ်နေခဲ့သည်။ သို့ရာတွင် ဟင်းလင်းပြင်တစ်ခုလုံးမှာ ကျောက်စိုင်ကျောက်သားပမာ မာကျောလာသည့်အတွက်ကြောင့် ရန်ကိုင်မှာ အရှေ့သို့ တစ်လှမ်းပင် ထပ်မတိုးတော့နိုင် ဖြစ်နေခဲ့ရသည်။

အနောက်သို့ လှည့်ကြည့်လိုက်ရာ အစောပိုင်းက သူ့လက်သီးချက်ကြောင့် လွင့်ထွက်သွားသော သက်လတ်ပိုင်းလူကြီးသည် အမောတကော အမူအရာဖြင့် သူ့ဆီသို့ ပြေးလာနေကြောင်း တွေ့လိုက်ရလေသည်။ ပုံမှန်အားဖြင့် ရန်ကိုင်သည်သာ လေဟာနယ်ပညာရပ်ကို အသုံးပြု၍ တစ်ဖက်လူများအား ပြေးမရအောင် ချုပ်နှောင်ခဲ့ခြင်း ဖြစ်လေသည်။ ယခုမှသာလျှင် လေဟာနယ်ပညာရပ်ဖြင့် ချုပ်နှောင်ခံရခြင်းသည် မည်ကဲ့သို့သော ခံစားချက်ဖြစ်သလဲဆိုသည်ကို သိသွားရတော့သည်။

သက်လတ်ပိုင်းလူကြီးသည် လေဟာနယ်တာအိုကို ကျွမ်းကျင်မထားခဲ့ပေ။ သို့သော်ငြား ကြယ်စီရင်စုစွမ်းအားကို အသုံးပြုနိုင်သည့်အတွက်ကြောင့် ဤနေရာရှိ ဟင်းလင်းပြင်နိယာမများကိုလည်း စိတ်ကြိုက်ခြယ်လှယ်နိုင်ပေသည်။

[သူနဲ့ ဒီနေရာမှာတိုက်တာ ငါ့အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး]

တစ်ကြိမ် ခံရပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီး၏ အမူအရာမှာ လုံးဝကို သုန်မှုန်နေတော့လေသည်။ သို့သော်ငြား တစ်ချိန်တည်းတွင်လည်း သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေ၏။ အကြောင်းမှာ ရန်ကိုင်အား ဤနေရာ၌ ဖမ်းဆီးထားရန် ကြံထားသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ရန်ကိုင်ကိုသာ ဤနေရာ၌ ဖမ်းဆီးထားနိုင်မည်ဆိုပါက ရန်ကိုင်ကို သတ်ကာ ဟုန်းလော့ကြယ်စီရင်စုကို ဝါးမျိုရန် ကြိုးစားလို့ရပေပြီ။

"သွားပေတော့" ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားရော သူ့ရုပ်ခွန်အားကိုပါ အသုံးချ၍ တစ်ဖက်လူ၏ ချုပ်နှောင်မှုအောက်မှ ရုန်းထွက်ကာ လီကျောက်နှင့် လျူစန်းနျန်တို့ကို အမှောင်ထုထဲသို့ ပစ်ထည့်လိုက်လေသည်။

ခရက်။ ရန်ကိုင်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ဝိုက် အက်ရာများ ထွက်ပေါ်လာခဲ့လေသည်။ ထိုအခါမှသာလျှင် တောင့်တောင့်ကြီးဖြစ်နေသော ရန်ကိုင်၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပြန်လည်လှုပ်ရှားလာနိုင်လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် လက်သီးထဲ တစ်ခုခုကို ဆုပ်ကိုင်ထားရင်းမှ သက်လတ်ပိုင်းလူကြီးဆီသို့ လက်သီးဖြင့် ထိုးချလိုက်လေသည်။

သူ့စိတ်ထဲတွင်တော့ ခန့်မှန်းချက် တကယ် ဖြစ်ပါစေဟုသာ ကြိတ်၍ ဆုတောင်းနေရတော့သည်။ ထိုသို့သာမဟုတ်ပါက သူ ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။

"မင်းလုပ်ရပ်က တကယ်ကို ရူးမိုက်တာပဲကွ" ရန်ကိုင် သူ့အား လက်သီးဖြင့် ထိုးချလာနေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီး ဝမ်းသာအားရဖြစ်သွားခဲ့ပြီး ရန်ကိုင်အား သူ့လက်သီးဖြင့် ပြန်၍ ထိုးချလိုက်လေသည်။ အစောပိုင်းက ရန်ကိုင်၏ လက်သီးချက်မှာ သူ့အား လွင့်ထွက်သွားစေခဲ့ပါသော်ငြား မည်သည့်ဒဏ်ရာမျှတော့ မရစေခဲ့ပေ။

ဤကြယ်စီရင်စု၏ ကြယ်စီရင်စုသခင် ဖြစ်သည့်အလျောက် သက်လတ်ပိုင်းလူကြီးတွင် ရန်ကိုင်၏ လက်သီးချက်ထဲရှိ စွမ်းအားကို ချေဖျက်ပစ်နိုင်မည့် နည်းလမ်းပေါင်းများစွာ ရှိနေပေသည်။

လက်သီးချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက် သက်လတ်ပိုင်းလူကြီး၏ မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားခဲ့သည်။ ပထမတစ်ကြိမ်ကကဲ့သို့ပင် ယခုတစ်ကြိမ်တွင်လည်း သက်လတ်ပိုင်းလူကြီးမှာ ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့ပြန်လေသည်။ သို့ရာတွင် ယခုတစ်ကြိမ်၌ သက်လတ်ပိုင်းလူကြီးမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေရတော့လေသည်။ သူ့စိတ်ထဲတွင်လည်း မေးခွန်းတစ်ခုတည်းကိုသာ ထပ်တလဲလဲ တွေးနေမိလေသည်။

[ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ]

ပထမလက်သီးချက်ကြောင့် လွင့်ထွက်သွားရသည်မှာ တစ်ဖက်ရန်သူကို အထင်သေးမိခဲ့သလို တစ်ဖက်ရန်သူမှ သက်ဆိုင်ရာ ကြယ်စီရင်စု၏ စွမ်းအားကို အနည်းအကျဉ်း အသုံးချနိုင်သေးသည့်အတွက်ကြောင့် ဖြစ်ပေသည်။

သို့ရာတွင် လက်ရှိအချိန်၌ သက်လတ်ပိုင်းလူကြီးသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကို သုံး၍ ရန်ကိုင်အား ဟုန်းလော့ကြယ်စီရင်စုကြားရှိ ဆက်သွယ်ချက်ကို ဖြတ်တောက်ပစ်ခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ဟုန်းလော့ကြယ်စီရင်စု၏ စွမ်းအားကို ထုတ်မသုံးနိုင်တော့ပေ။ ထိုသို့ဖြစ်သွားသည့်တိုင် ရန်ကိုင်၏ လက်သီးချက်ထဲ ကမ္ဘာတစ်ခု၏ စွမ်းအား ကိန်းအောင်းနေသလို သက်လတ်ပိုင်းလူကြီး ခံစားလိုက်ရလေသည်။ ရန်ကိုင်၏ ပထမလက်သီးချက်နှင့် ဒုတိယလက်သီးချက်မှာ တူသလိုလိုထင်ရပါသော်ငြား တကယ့်တကယ်တွင်တော့ မတူညီပြန်ပေ။

"ဟားဟားဟား" ရန်ကိုင်က ဝါးလုံးကွဲ အော်ရယ်မောလိုက်လေ၏။

ရန်ကိုင်၏ ရယ်သံကို ကြားလိုက်ရသည့်နောက် သက်လတ်ပိုင်းလူကြီး အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့လေသည်။ သူသည် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ကလေးတစ်ဦးပမာ အနောက်သို့ ထပ်တလဲလဲ လွင့်စင်ထွက်နေရသည်။ ဤသည်မှာ အလွန်ကိုမှ ဒေါသထွက်စရာကောင်းလှသလို ရှက်စရာလည်း ကောင်းပေသည်။

ထိုအခိုက်အတန့်တွင် သူ့အားပို၍ ဒေါသထွက်စေသည့် အသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့လေ၏။ "မင်းစောင့်နေ၊ အနှေးနဲ့အမြန် ငါ မင်းကို မင်းအမေတောင် မမှတ်မိတော့တဲ့အထိ ရိုက်ပေးမယ်"

ထိုသို့ ခြိမ်းခြောက်စကား ဆိုပြီးသည့်နောက်တွင် ရန်ကိုင်သည် အမှောင်ထုထဲသို့ ခုန်ဝင်သွားခဲ့လေ၏။

သက်လတ်ပိုင်းလူကြီးမှာ ရန်ကိုင်ဆီသို့ အမြန်ပြေးလာခဲ့ပါသော်ငြား မမီခဲ့ပေ။

ထို့နောက်တွင် သက်လတ်ပိုင်းလူကြီးသည်လည်း လက်သီးကို တင်းတင်းဆုပ်၍ ဒေါမာန်တကြီး ထအော်လေ၏။ "ရန်ကိုင်"

ယခုကိစ္စမတိုင်ခင်အထိ သူနှင့် ရန်ကိုင်အကြား မည်သည့်ရန်ငြိုးရန်စမျှ မရှိပေ။ သူနှင့် ဟုန်းလော့ကြယ်စီရင်စု ကျင့်ကြံသူများအကြား ပြဿနာအချို့သာ ရှိကြပေသည်။ သို့သော်ငြား သက်လတ်ပိုင်းလူကြီး၏ အစီအစဉ် အကောင်အထည်မဖော်ခင် အချိန်အထိ ဟုန်းလော့ကြယ်စီရင်စု၌ မည်သည့် ကြယ်စီရင်စုသခင်မျှ မရှိခဲ့ပေ။ သက်လတ်ပိုင်းလူကြီး ဝါးမျိုနေသည်မှာ ပိုင်ရှင်မရှိသည့် ကြယ်စီရင်စုတစ်ခုသာ ဖြစ်လေသည်။ သို့သော်ငြား အဆုံးတွင်တော့ သူ့အစီအစဉ်အားလုံးသည် ပျက်စီးသွားခဲ့ရသည်။

ထပ်တလဲလဲ အရူးလုပ်ခံရပြီးသည့်နောက် သက်လတ်ပိုင်းလူကြီးမှာ အရှက်တကွဲအကျိုးနည်းအဖြစ်နှင့် ကြုံခဲ့ရလေ၏။ ထိုအကြောင်းကြောင့် လက်ရှိအချိန်တွင် သူ့စိတ်ထဲ ရန်ကိုင်အား အလွန်တရာကိုမှ မုန်းတီးနေမိတော့လေသည်။

[အခွင့်အရေးရတာနဲ့ မင်းသေပြီသာမှတ်ပေတော့]

ရန်ကိုင် အမှောင်ထုထဲမှ ထွက်လာသည်ကိုမြင်သော် လီကျောက်နှင့် လျူစန်းနျန်တို့ နှစ်ဦးစလုံး ဝမ်းသာသွားကြလေ၏။ ထို့နောက် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ချက်ချင်းလာကြည့်ကြလေသည်။ ရန်ကိုင်၏ လက်မောင်းတစ်ဖက်စလုံး ပျော့တွဲကျနေသည်ကို မြင်သော် နှစ်ဦးစလုံး ထိတ်လန့်သွားကုန်ကြလေသည်။

"ရောင်းရင်းရန်" လီကျောက်၏ မျက်လုံးများမှာ အနည်းငယ် စိုစွတ်ဖြစ်နေခဲ့လေသည်။ သက်လတ်ပိုင်းလူကြီး၏ ဖမ်းဆီးခြင်းခံရပြီးသည့်နောက် ရန်ကိုင် သူ့အား လာကယ်လိမ့်မည်ဟု လီကျောက် ထင်ထားခြင်း မရှိခဲ့ပေ။ အကြောင်းမှာ သူသည် ရန်ကိုင်နှင့် ရင်းနှီးပါသော်ငြား အလွန်ကိုမှ ရင်းနှီးသည့် လူတစ်ဦးမဟုတ်မှန်း သိထားသည့်အတွက်ကြောင့်ပင်။ ရန်ကိုင်သည်သာ အဖမ်းခံလိုက်ရမည်ဆိုပါက ဟုန်းလော့ကြယ်စီရင်စု တစ်ခုလုံး ဒုက္ခရောက်သွားရနိုင်ပေသည်။ ဟုန်းလော့ကြယ်စီရင်စုထဲ ရန်ကိုင်၏ မိတ်ဆွေများ၊ မိသားစုများနှင့် သူ့ဂိုဏ်းပါ ရှိနေလေသည်။ ထိုသို့ဖြစ်လေရာ လီကျောက်အတွက်နှင့် ရန်ကိုင်သည် ကြယ်စီရင်စုကြီး တစ်ခုလုံးကို မည်ကဲ့သို့များ စတေးပစ်ပါမည်နည်း။

ထိုအကြောင်းကြောင့် လီကျောက်မှာ အဆိုးဆုံးအတွက် ပြင်ဆင်ထားခဲ့လေသည်။ သို့ရာတွင် ရန်ကိုင်သည် ထိုကဲ့သို့ စွန့်စား၍ သူ့အား လာကယ်လိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။

ရန်ကိုင်သည် လီကျောက်အား ရွံရှာဟန်ဖြင့် ကြည့်လျက်... "အခု ငါ့လက်နှစ်ဖက် တော်တော်နာနေတာကွ၊ ဒါပေမဲ့ မင်း ငါ့ကိုကြည့်နေတဲ့ပုံစံက ငါ့ခေါင်းကိုပါ နာအောင်လုပ်နေပြီ"

ရန်ကိုင်စကားကြောင့် လီကျောက် ရှက်သွားလေ၏။

ထို့နောက်တွင် လီကျောက်အား ဆက်ပြောလိုက်သည်။ "ငါဒီအတိုင်း စမ်းကြည့်လိုက်ရုံပဲ၊ ငါသာ မင်းတို့ကို အချိန်မီမကယ်နိုင်ရင် မင်းတို့ ကိုယ့်ကံနဲ့ကိုယ် ဖြစ်သွားမှာ၊ ဒါပေါ့ မင်းတို့အတွက်တော့ ငါလက်စားပြန်ချေပေးမှာပေါ့"

လီကျောက်က ပြန်ပြောလိုက်သည်။ "ငါသိတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ"

လျူစန်းနျန်မှာမူ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေခဲ့လေသည်။ သူမ ပုံစံကိုမြင်သော် ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ယုချင်း အဆင်ပြေတယ်၊ သူအခု အထက်ကောင်းကင်နန်းတော်မှာ ရှိနေတာ၊ သွားကြည့်ရင် သွားကြည့်လေ"

"မင်းကရော" လီကျောက်က ပြန်မေးလိုက်သည်။

ရန်ကိုင်က ပြန်၍ပြောလိုက်၏။ "ငါဒီမှာနေပြီးတော့ အခြေအနေကို တစ်ချက်စောင့်ကြည့်လိုက်ဦးမယ်၊ ပြီးတော့ ငါ့ဒဏ်ရာတွေကို ပြန်ကုဖို့လည်း လိုသေးတယ်" တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်၍ပြောလိုက်သည်။ "ဒါပေမဲ့ အဲဒီလူရဲ့နာမည် ဘယ်လိုခေါ်လဲ မင်းတို့သိလား"

လီကျောက်က ပြန်ပြောလိုက်သည်။ "သူ့ကိုယ်သူတော့ ဝူဟန်လို့ခေါ်တာ"

"မျိုးရိုးနာမည် ဝူလား" ရန်ကိုင်၏ အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့လေသည်။ မျိုးရိုးနာမည်ဝူနှင့် လူမှန်သမျှ ကောင်းကျိုးပေးသည့် လူတစ်ဦးမျှ မရှိပေ။

ရန်ကိုင် ဘာကိုတွေးနေသလဲဆိုသည်ကို သိလိုက်သည့်အလား လီကျောက်က ခေါင်းခါ၍ ရှင်းပြလိုက်သည်။ "ဟိုတစ်ယောက်နဲ့ ဘာမှမဆိုင်ဘူး၊ မျိုးရိုးနာမည် တူရုံပဲရှိတာ"

"ဘာမှမဆိုင်ရင်တော့ အကောင်းဆုံးပေါ့" ဝူဟန်သည်သာ ဝူခွမ်းနှင့် ပတ်သက်နေမည်ဆိုပါက ယခုကိစ္စသည် အလွန်ကိုမှ ပြဿနာများသွားပေလိမ့်မည်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် အသက်ရှင်နေချိန် နောက်ထပ် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် တစ်ပါး ထပ်မံပေါ်လာ၍ မဖြစ်ပေ။

ရန်ကိုင်မှာ လီကျောက်နှင့် စကားနည်းနည်းပါးပါး ထပ်ပြောကြည့်လိုက်ပါသော်ငြား လီကျောက်မှာ ဝူဟန်၏ နောက်ခံအကြောင်း အသေအချာ သိမထားကြောင်း တွေ့လိုက်ရသည်။ထိုအတွက်ကြောင့် ရန်ကိုင်လည်း လီကျောက်နှင့် လျူစန်းနျန်တို့အား အရိပ်ကြယ်ဆီသို့သာ ပြန်ပို့ပေးလိုက်လေသည်။

ဟင်းလင်းပြင်ထဲ တင်ပျဉ်ခွေထိုင်နေရင်းမှ ရန်ကိုင်သည် သူ့ခွန်အားကို လှည့်ပတ်၍ လက်နှစ်ဖက်စလုံးကို ပြန်လည်ကောင်းမွန်အောင် ကြိုးစားတော့သည်။ သူ့လက်နှစ်ဖက်ထဲရှိ အရိုးများမှာ ကျိုးကြေကုန်ပြီး အမျိုးမျိုးသော နိယာမများဟာလည်း သူ့လက်မောင်းထဲရှိ ကြွက်သားများ သွေးကြောများကို အကြမ်းပတမ်း ဖျက်ဆီးပစ်နေခဲ့လေသည်။ ဤဒဏ်ရာများမှာ အလွန်ကိုမှ ပြင်းထန်လှလေရာ ရန်ကိုင်နေရာတွင်သာ သာမန်လူတစ်ဦးဆိုပါက ထိုလူ၏ လက်နှစ်ဖက်စလုံး အလကားဖြစ်သွားရပေတော့မည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် အားကောင်းသော ရုပ်ခွန်အားကို ပိုင်ဆိုင်ထားသလို ပြန်လည်ကုစားနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ထို့အပြင် လက်ရှိ သူရောက်နေသည်မှာ ဟုန်းလော့ကြယ်စီရင်စု ဖြစ်သည့်အတွက်ကြောင့် ကြယ်စီရင်စုစွမ်းအားကိုသုံး၍ သူ့ဒဏ်ရာများကို ပြန်လည်ကုသနိုင်ပေသေးသည်။

တစ်ခဏအကြာ၌ ရန်ကိုင်မှာ သူ့လက်နှစ်ဖက်ကို ပြန်မြှောက်လာနိုင်တော့လေသည်။ ဟုန်းလော့ကြယ်စီရင်စု၏ စွမ်းအားကိုသုံး၍ သူ့လက်ထဲ သောင်းကျန်းနေသော နိယာမစွမ်းအားများကို ဖယ်ထုတ်ပစ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အနှေးနှင့် အမြန်ဆိုသလို သူ့လက်နှစ်ဖက်စလုံးမှာ အကောင်းအတိုင်း ပြန်ဖြစ်လာပေတော့မည်။ ထို့နောက်တွင် ရန်ကိုင်သည် ကုသရေးဆေးလုံးအချို့ကိုပါ ထပ်သောက်လိုက်လေသည်။

ရန်ကိုင်၏ ညာဘက်လက်မှာ တောက်လျှောက်လုံးလုံးကို လက်သီးတင်းတင်း ဆုပ်ထားခဲ့သည်။ ဟုန်းလော့ကြယ်စီရင်စုဆီသို့ ပြန်ရောက်လာပြီးသည့်တိုင် ရန်ကိုင်မှာ သူ့လက်ဝါးကို ဖြေလိုက်ခြင်း မရှိသေးပေ။ ယခုအခါမှသာလျှင် ရန်ကိုင်သည် တင်းတင်းကျပ်ကျပ် ဆုပ်ထားသည့် သူ့လက်ဝါးကို ဖြေချလိုက်သည်။

သူ့လက်ဝါးထဲတွင် ရှိနေသည်မှာတော့ တောကြက်မောက်အရွယ်အစားခန့်ရှိသော လောကဓာတ်လုံးသာ ဖြစ်ပေသည်။

ရန်ကိုင်၏ ပထမလက်သီးချက် ဝူဟန်အား လွင့်ထွက်သွားအောင် လုပ်နိုင်ရခြင်းမှာ ဝူဟန်သည် ရန်ကိုင်အား အထင်သေးခဲ့သလို သတိလျော့ပေါ့နေသည့်အတွက်ကြောင့်လည်း ပါပေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် အမှောင်ထုကိုကျော်၍ တစ်စပြင်ကန္တာရကြယ်စီရင်စုဆီသို့ ခုန်ကူးလိုက်ပြီးပြီးချိန် ဖြစ်သည့်အတွက်ကြောင့် ဟုန်းလော့ကြယ်စီရင်စု၏ စွမ်းအားကိုပါ ခဏမျှ ငှားသုံးနိုင်ခဲ့သည်။

သို့သော်ငြား ဒုတိယလက်သီးချက်အတွက်မူ ရန်ကိုင်သည် မည်သည့် ကြယ်စီရင်စု၏ စွမ်းအားကိုမျှ ငှားမသုံးခဲ့ဘဲ လောကဓာတ်လုံးထဲရှိ စွမ်းအားကိုသာ ငှားသုံးခဲ့ခြင်း ဖြစ်လေသည်။

ကြယ်စီရင်စုသည် ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်သည်ဟု ပြော၍ရပါက လောကဓာတ်လုံးသည်လည်း ထိုနည်းအတိုင်းသာ ဖြစ်လေသည်။ ကွာခြားချက်ဆို၍ အရွယ်အစားသာ ရှိပေလိမ့်မည်။ လောကဓာတ်လုံးထဲရှိ ကမ္ဘာနှင့် ကြယ်စီရင်စုကြီးတစ်ခုလုံး၏ အရွယ်အစားကို နှိုင်းယှဉ်ကြည့်ရခြင်းမှာ ပုရွက်ဆိတ်နှင့် သစ်ပင်အား နှိုင်းယှဉ်နေသလိုပင် ဖြစ်နေပေလိမ့်မည်။ သို့သော်ငြား နှစ်ခုစလုံးနှင့်ပတ်သက်၍ တူညီသည့်အချက်တော့ ရှိပေသည်။

နှစ်ခုစလုံးတွင် ကိုယ်ပိုင်လောကစွမ်းအားများ ရှိနေကြခြင်းပင်။

လောကဓာတ်လုံး၏ ပိုင်ရှင်ဖြစ်သည့်အလျောက် ရန်ကိုင်မှ လောကဓာတ်လုံး၏ စွမ်းအားကို အသုံးချနိုင်သည်မှာ သဘာဝသာ ဖြစ်လေသည်။ ယခင်ကလည်း ရန်ကိုင်သည် မိုးမြေကောင်းချီးကို ခုခံရန်အတွက် လောကဓာတ်လုံး၏ ကမ္ဘာ့စွမ်းအားကို ငှားယူ အသုံးချခဲ့ဖူးသည်။ အကျိုးဆက်အနေဖြင့် လောကဓာတ်လုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရပြီး လောကနိယာမများမှာလည်း အကြီးအကျယ် ပျက်စီးခဲ့ရသည်။

နောက်ပိုင်းတွင် ရန်ကိုင်သည် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ဝင်၍ ထိုအထဲရှိ မြောက်မြားလှစွာသော အမြုတေစွမ်းအားများကို ထုတ်ယူပေးရင်းမှ လောကဓာတ်လုံးကို ပြန်လည်ပြုပြင်ခဲ့သည်။ ထိုအခါမှသာလျှင် လောကဓာတ်လုံးမှာ အကောင်းအတိုင်း ပြန်ဖြစ်လာပြီး ပြီးပြည့်စုံသော ကမ္ဘာတစ်ခုအသွင်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် လောကဓာတ်လုံးထဲရှိ လောကစွမ်းအားကို ငှားယူ အသုံးချသည့် နည်းလမ်းမှာ အမှန်တကယ်ကို အလုပ်ဖြစ်သွားခဲ့လေသည်။ ပုံမှန်အားဖြင့် ရန်ကိုင်၏ ဒုတိယလက်သီးချက် မည်မျှပင် အားကောင်းနေစေကာမူ ဝူဟန်အား နောက်ပြန်လွင့်ထွက်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

"ကောင်းကင်မျက်နှာသာပေးပါစေ၊ ကောင်းကင်မျက်နှာသာပေးပါစေ၊ ကောင်းကင်မျက်နှာသာပေးပါစေ" ရန်ကိုင်သည် ထိုစကားလုံးများကို ထပ်တလဲလဲ ရေရွတ်ရင်းမှ သူ့ကောင်းကင်စိတ်အာရုံကို လောကဓာတ်လုံးထဲသို့ ဖြန့်ကျက်ကြည့်လိုက်လေသည်။

အထဲရှိ မြင်ကွင်းကို မြင်လိုက်သော် ရန်ကိုင်၏ မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေ၏။ အတန်ကြာပြီးသည့်နောက်တွင် ကြယ်စီရင်စုကြီးထဲ ယူကျုံးမရဖြစ်နေသည့် အော်ဟစ်သံတစ်သံ ထွက်လာခဲ့လေသည်။

သူထင်ထားသည့်အတိုင်းပင် လောကဓာတ်လုံး၏ အတွင်းပိုင်းမှာ ဆိုးဆိုးရွားရွားကို ပျက်စီးနေခဲ့လေသည်။ ငါးရောင်ခြယ်ရတနာဘုရားထဲရှိ လောကနိယာမများကို စုပ်ယူပြီးသည့်နောက် ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခုအသွင်သို့ ပြောင်းလဲနိုင်ခဲ့သော လောကဓာတ်လုံးမှာ နောက်တစ်ကြိမ် ထပ်မံပျက်စီးသွားခဲ့ရပြန်လေပြီ။ လောကဓာတ်လုံး အတွင်းပိုင်းတစ်ခုလုံးမှာ ကသောင်းကနင်းကို ဖြစ်နေပြီး တောင်များမှာလည်း အထက်အောက် ပြောင်းပြန်ဖြစ်နေလေသည်။ မြစ်များမှာလည်း ခန်းခြောက်နေခဲ့ပြီး ဟင်းလင်းပြင် အက်ကြောင်းများစွာဟာလည်း နေရာအနှံ့တွင် တည်ရှိနေကြသည်။

မသိလျှင် လောကဓာတ်လုံးသည် အချိန်မရွေး ပျက်စီးသွားတော့မည့်အလား။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင် အမှန်တကယ်ကို ရင်ကွဲပက်လက် ဖြစ်သွားခဲ့ရသည်။ လီကျောက်အား ကယ်ရန် ကြိုးစားလိုက်သည့်အတွက်ကြောင့် လောကဓာတ်လုံးမှာ ဆိုးဆိုးရွားရွားကို ထိခိုက်သွားခဲ့ရသည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ လီကျောက်နှင့် လျူစန်းနျန်တို့အား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့လေသည်။ ထို့အပြင် ရန်ကိုင်အတွက် ကံကောင်းသွားသည့် တစ်ချက်မှာ လောကဓာတ်လုံး တစ်ခုလုံးသည် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ပါသော်ငြား ဆေးဥယျာဉ်မှာတော့ ထိခိုက်သွားခြင်း မရှိခြင်းပေ။ ဆေးဥယျာဉ် မထိခိုက်သွားရသည့် အကြောင်းအရင်းများအနက် တစ်ချက်မှာ ရန်ကိုင် ကိုယ်တိုင်က ဆေးဥယျာဉ်အား ကာကွယ်ပေးထားသည့်အတွက်ကြောင့်လည်း ပါပေသည်။ တကယ်တော့ ထိုနေရာသည် ဤကမ္ဘာငယ်လေး တစ်ခုလုံး၏ အဓိကကျသည့် နေရာပင်ဖြစ်ပေသည်။ အခြားသော အကြောင်းအရင်း တစ်ချက်မှာတော့ ထိုနေရာတွင် မိုးကောင်းကင်သစ်ပင်နှင့် အင်မော်တယ်သစ်ပင်တို့ ရှိနေကြခြင်းပင်။

အင်မော်တယ်သစ်ပင်ဖြစ်စေ မိုးကောင်းကင်သစ်ပင်ဖြစ်စေ ဤလောကကြီးထဲတွင် တစ်ပင်တည်းသာ ရှိကြသည့် သစ်ပင်များ ဖြစ်ကြသည်။ ထိုအရာများသည် ဖျက်ဆီးရန် အလွန်ကိုမှ ခက်ခဲလှသည့်အတွက်ကြောင့် ထိုသစ်ပင်များ ရှိနေကြသည့် ဆေးဥယျာဉ်တစ်ခုလုံး အကောင်းအတိုင်း ရှိနေသည်မှာ အဆန်းတော့ မဟုတ်ပေ။

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို လောကဓာတ်လုံးထဲမှ ပြန်ရုတ်သိမ်းလိုက်ပြီး သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

လောကဓာတ်လုံးမှာ ထိခိုက်သွားခဲ့ပါသော်ငြား ပျက်စီးသွားခြင်းတော့ မရှိသေးပေ။ ထိုအတွက်ကြောင့် လောကဓာတ်လုံးကို ပြန်ပြင်နိုင်ဖို့ရာ အခွင့်အရေး ရှိပေသေးသည်။

[ငါးရောင်ခြယ်ရတနာဘုရားထဲ နောက်တစ်ကြိမ် ထပ်ဝင်လို့ရဦးမလား မသိဘူး]

ရုတ်တရက်ဆိုသလို ကြယ်နန်းတော်မှ ထွက်လာစဉ်က ကြုံခဲ့ရသည့် အဖြစ်အပျက်အား ပြန်စဉ်းစားမိသွားခဲ့သည့်နောက် ထိုအကြံအစည်ကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်တော့သည်။

[ငါးရောင်ခြယ်ရတနာဘုရားထဲမှာ ဒီလောက်ပြဿနာရှာခဲ့တာ၊ လမင်းမဟာဧကရာဇ် ငါ့ကို အဲဒီအထဲ နောက်တစ်ကြိမ် ထပ်ဝင်ခွင့်ပေးလောက်တော့မှာ မဟုတ်ဘူး]

လောကဓာတ်လုံးအား ပြန်သိမ်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အရှေ့တည့်တည့်၌ ရှိနေသော အမှောင်ထုအား ပြန်၍ စိုက်ကြည့်လိုက်သည်။

လက်ရှိအချိန်၌ အရေးကြီးဆုံးမှာ သူ့အရှေ့တွင် ရှိနေသည့် ပြဿနာကို ဦးစွာ ရှင်းလင်းပစ်ရန် ဖြစ်ပေသည်။

All Chapters