← Chapters

အခန်း (၃၁၇၆-၃၁၈၀)

Vol. 138 Ch. 3176-3180

အခန်း (၃၁၇၆-၃၁၈၀)

Vol. 138 Ch. 3176-3180

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၆)

ဘာသာပြန်သူ_တိမ်တိုက်

ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ပိုင်ရှင်မရှိစဉ်က ဝူဟန်သည် ဤနေရာသို့လာကာ စိတ်ကြိုက်သောင်းကျန်းခဲ့သလို ဟုန်းလော့ကြယ်စီရင်စုကြီးကို ဝါးမျိုရန်ပင် ကြိုးစားခဲ့သည်။ သို့သော်ငြား လက်ရှိအချိန်တွင် ဟုန်းလော့ကြယ်စီရင်စု၌ သခင်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဝူဟန်မှ သူ့ပိုင်နက်နယ်မြေထဲ သောင်းကျန်းနေသည်ကို မည်သည့်နည်းနှင့်မျှ ရပ်ကြည့်နေတော့လိမ့်မည်မဟုတ်ပေ။

တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲ ရန်ကိုင်သည် ဝူဟန်၏ပြိုင်ဘက် မဖြစ်နိုင်သလို ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင်လည်း ဝူဟန်သည် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

အသိစိတ်ပင်လယ်ရှိ ကြယ်မြေပုံနှင့် ဆက်သွယ်လိုက်ရင်းမှ ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် ကြယ်စီရင်စုကြီး၏ စွမ်းအားကို ငှားယူကာ သူ့လက်နှစ်ဖက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်ချလိုက်သည်။ ချက်ချင်းဆိုသလို အမှောင်ထုကြီးမှာ ဒီရေပြန်ကျသွားသည့်အလား နောက်သို့ တဟုန်ထိုး ဆုတ်သွားခဲ့လေသည်။ တစ်ခဏလေးအတွင်းမှာပင် အမှောင်ထုသည် မိုင်တစ်ထောင်ခန့် ပြန်ဆုတ်သွားခဲ့သည်။ ထို့အပြင် ၎င်း၏အရွယ်အစားမှာ ဆက်လက်၍ ကျုံ့ဝင်နေပေသေးသည်။ ယခင်က အမှောင်ထုရှိခဲ့သည့်နေရာတွင်မူ ဝါးမျိုထားခံရသော ကြယ်တာရာကောင်းကင်အစိတ်အပိုင်းများ ပြန်ပေါ်လာကြလေသည်။

ရုတ်တရက်ဆိုသလို အမှောင်ထုပြန်ဆုတ်နေသည့်နှုန်းမှာ နှေးကျသွားခဲ့သည်။ မသိလျှင် စွမ်းအင်တစ်မျိုးမျိုးသည် အမှောင်ထုအား ပြန်မဆုတ်နိုင်အောင် တားဆီးထားသည့်အလား။

“လာရှုပ်ရဲတယ်ပေါ့…” ရန်ကိုင် ကြမ်းကြုတ်စွာ ပြုံးလိုက်လေသည်။ ဝူဟန် ဘာလုပ်လို့လုပ်နေမှန်း သူမသိပေ။ သို့သော်ငြား လွန်ခဲ့သောနေ့က အဖြစ်အပျက်ကြောင့် ဝူဟန်မှာ ရန်ကိုင်အပေါ် အခဲမကြေဖြစ်ကာ ရန်ကိုင်အား လိုက်လံ၍ ပြဿနာရှာနေတော့လေသည်။

ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီးကို ဝါးမျိုနေသည့် အမှောင်ထုအား ပြန်ဆုတ်သွားအောင် လုပ်နေပါသော်ငြား ဝူဟန်ကမူ ရန်ကိုင်၏လုပ်ရပ်အား နှောင့်နှေးအောင် လိုက်လံနှောင့်ယှက်နေခဲ့သည်။ ကံမကောင်းစွာဖြင့် ဝူဟန် မည်သို့ပင် ကြိုးစားနေစေကာမူ အသုံးမဝင်။ အမှောင်ထုပြန်ဆုတ်သွားသည့်နှုန်းမှာ နှေးသွားခဲ့ပါသော်ငြား လုံးလုံးကြီးရပ်သွားခြင်းတော့ မရှိပေ။

လွန်ခဲ့သောသုံးနှစ်ခန့်က အမှောင်ထုသည် ဤနေရာတွင် ထွက်ပေါ်လာပြီး အရာမှန်သမျှကို စတင်ဝါးမျိုတော့လေသည်။ ဝူဟန်အဖို့ မိုင်သန်းနှင့်ချီသော ကြယ်စီရင်စုအစိတ်အပိုင်းများကို ဝါးမျိုပစ်ရန်အတွက် သုံးနှစ်ခန့် အချိန်ယူလိုက်ရသည်။ အမှောင်ထု၏ ဝါးမျိုသည့်နှုန်းနှင့် ယှဉ်လိုက်သော် ပြန်ဆုတ်နေသည့်နှုန်းမှာ အလွန်ကိုမှ ပိုမြန်ပေသည်။

အမှောင်ထု၏အရွယ်အစားသည် တတိတိနှင့် ကျုံ့ဝင်လာနေခဲ့လေသည်။ ရန်ကိုင်မှာ အမှောင်ထုအားလုံးကို ရှင်းပစ်နိုင်ရန်အတွက် တစ်လခန့် အချိန်ယူလိုက်ရသည်။ ယခုဆိုလျှင်တော့ အမှောင်ထုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ အမှောင်ထုရှိနေခဲ့သည့်နေရာ၌ ကြယ်စီရင်စုနှစ်ခုကို ဆက်သွယ်ပေးထားသော ဟင်းလင်းပြင်လိုဏ်ခေါင်းကြီးသာ ရှိနေတော့သည်။ ယခင်က လီကျောက်နှင့် သူ့မိသားစုသည် ဤဟင်းလင်းပြင်လိုဏ်ခေါင်းကို စောင့်ကြပ်နေကြခြင်း ဖြစ်လေသည်။

အမှောင်ထုအား ပြန်ဆုတ်အောင် လုပ်နေစဉ်အတောအတွင်း ရန်ကိုင်နှင့် ဝူဟန်မှာ ကြယ်စီရင်စုအသီးသီးမှနေ၍ တစ်ဦးကိုတစ်ဦး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ သို့တိုင် အဆုံးတွင်တော့ ရန်ကိုင်ကသည်သာ အနိုင်ရခဲ့လေသည်။

အမှောင်ထုအားလုံးကို မောင်းထုတ်ပြီးသွားချိန်တွင်တော့ ရန်ကိုင်၏အကြည့်သည် ပိန်းပိန်းပိတ်နက်မှောင်သော ဟင်းလင်းပြင်လိုဏ်ခေါင်းဆီသို့ ရောက်လာခဲ့လေသည်။

ဤဟင်းလင်းပြင်လိုဏ်ခေါင်း ပေါ်လာရသည့် အဓိကအကြောင်းအရင်းမှာ ဟုန်းလော့ကြယ်စီရင်စု၏ အမြုတေကို ရန်ကိုင်မှ ကြယ်တာရာအစုအဝေးသို့ ယူသွားခဲ့သည့်အတွက်ကြောင့် ဖြစ်ပေသည်။ ထိုအကြောင်း‌ကြောင့် ကြယ်စီရင်စုနှစ်ခုကြားရှိ ကမ္ဘာ့အတားအဆီးမှာ အားနည်းသွားခဲ့ရသည်။ မတော်တဆကြောင့်ပဲလား ဝူဟန်၏ လက်ချက်ကြောင့်ပဲလား မသိရ။ အားအနည်းဆုံးနေရာသည် ကြယ်စီရင်စုနှစ်ခုအား ဆက်သွယ်ပေးထားသော ဟင်းလင်းပြင်လိုဏ်ခေါင်းအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

ယခု ရန်ကိုင်သည် ကြယ်စီရင်စုအမြုတေကို ပြန်ယူလာပြီး ကြယ်မြေပုံကိုလည်း အောင်မြင်စွာ သန့်စင်ကာ ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်သခင်တစ်ပါး ဖြစ်လာနိုင်ခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် သူသာ ဆန္ဒရှိမည်ဆိုလျှင် ဤဟင်းလင်းပြင်လိုဏ်ခေါင်းကို ပြန်ပိတ်နိုင်ပေသည်။ ဤဟင်းလင်းပြင်လိုဏ်ခေါင်းကို ပြန်ပိတ်ဖို့ရာလည်း လက်ရှိရန်ကိုင်အတွက် သိပ်မခက်လှ။ သို့သော်ငြား သူသည်သာ ဤဟင်းလင်းပြင်လိုဏ်ခေါင်းကို ပိတ်လိုက်မည်ဆိုပါက ကြယ်စီရင်စုနှစ်ခုသည် လုံးဝကို ဆက်သွယ်ချက်ပြတ်တောက်သွားပေလိမ့်မည်။

လက်စားပြန်မချေရသေးဘဲ ရန်ကိုင်အနေဖြင့် ယခုကိစ္စကို မည်ကဲ့သို့များ အဆုံးသတ်လိုက်နိုင်ပါမည်နည်း။ ထိုအကြောင်းကြောင့် ဟင်းလင်းပြင်လိုဏ်ခေါင်းကို ပြန်မပိတ်သေးဘဲ ဤအတိုင်းသာ ထားခဲ့သည်။ ထို့အပြင် အကြံအစည်တစ်ခုကိုလည်း စတင်ကြံစည်တွေးတောတော့လေသည်။

(လက်စားပြန်ချေဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူလုပ်ခဲ့တဲ့အတိုင်း သူ့ကိုပြန်လုပ်တာပဲ… ဟုန်းလော့ကြယ်စီရင်စုကို ဝါးမျိုဖို့ ကြိုးစားမှတော့ သူ့ရဲ့တစ်စပြင်ကန္တာရကြယ်စီရင်စု ဝါးမျိုခံရတာ ဘယ်လိုလဲဆိုတာ သိသွားအောင် ပြန်လုပ်ပေးရမယ်… ဒါပေမယ့် အဲ့လိုမလုပ်ခင် သေသေချာချာ စဉ်းစားဖို့လိုလိမ့်မယ်… မဟုတ်ရင် ငါလည်း သူ့လိုပဲ ဘာမှမရဘဲ အဆုံးသတ်သွားရလိမ့်မယ်…)

ဟင်းလင်းပြင်လိုဏ်ခေါင်းကြီးမှာ တိတ်ဆိတ်နေခဲ့သည်။ ရန်ကိုင်မှာ ထိုဟင်းလင်းပြင်လိုဏ်ခေါင်းမှလွဲ၍ အခြား ဘာကိုမှ မမြင်နိုင်ပါသော်ငြား ဝူဟန်သည် တစ်ဖက်မှနေ၍ သူ့အား စောင့်ကြည့်နေကြောင်းကိုတော့ ရန်ကိုင် သိနေပေသည်။ မကြာမီတွင် ရန်ကိုင်သည် ပြုံးဖြီးလျက် တစ်ခုခုကို စတင်ရေးဆွဲတော့လေသည်။

အလင်းတန်းများ စီးဆင်းနေခဲ့ပြီးသည့်နောက် တစ်ခဏအကြာ၌ ဆန်းကြယ်သည့်ပုံစံခွက်တစ်ခု ဟင်းလင်းပြင်လိုဏ်ခေါင်းရှေ့တွင် ပေါ်လာခဲ့သည်။ ထိုပုံစံခွက်မှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်ပုံစံခွက်မှလွဲ၍ အခြားမဟုတ်ပေ။ ဟင်းလင်းပြင်ကို အုတ်မြစ်အဖြစ်ထားရင်း ကြယ်များ၏စွမ်းအားကို လိုအပ်သည့်ပစ္စည်းများသဖွယ် အသုံးချလျက် ရန်ကိုင်သည် ဧရာမဟင်းလင်းပြင်အစီအရင်ကြီးတစ်ခုကို ခင်းကျင်းခဲ့လေသည်။

ထက်ကောင်းကင်ဂိုဏ်းထဲဝယ် တင်ပလင်ခွေထိုင်ကာ မိုးမြေစွမ်းအင်ကို စုပ်ယူကျင့်ကြံနေသော ကျောက်တုံးကိုယ်ပွား၏နောက်ဘက်တွင် အလင်းများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီးသည့်နောက် ပုံစံတူအစီအရင်တစ်ခု ပေါ်လာခဲ့လေသည်။ ကျောက်တုံးကိုယ်ပွားသည် နောက်ဘက်သို့လှည့်ကြည့်လိုက်ပြီးသည့်နောက် တစ်ခုခုအား နားလည်သွားကာ ထိုအစီအရင်ထဲသို့ ဝင်သွားလေ၏။

တစ်ခဏအကြာ၌ ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်ရှေ့တွင် ပြန်ပေါ်လာခဲ့ပြီး ထို့‌နောက် ဘာမှမပြောဘဲ ရန်ကိုင်ဆီသို့လျှောက်လာပြီး ၎င်း၏လက်ကို ရန်ကိုင်နဖူးနှင့် ထိကပ်ကာ ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲသို့ အကြောင်းအရာများစွာကို ပို့ပေးလိုက်လေသည်။

ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပြော၍ရပေသည်။ သို့သော်ငြား တစ်စိတ်တစ်ပိုင်းမှာ ရန်ကိုင်နှင့်အတူ မရှိဘဲ ခွဲထွက်ကာ သီးခြားတည်ရှိနေခြင်း ဖြစ်လေ၏။

ကျောက်တုံးကိုယ်ပွားသည် ၎င်း၏ အထင်အမြင်များ၊ အကြံအစည်များကို စကားလုံးမှတစ်ဆင့် ရန်ကိုင်အား ပြောပြနိုင်သလို လိုအပ်လာလျှင်ပင် စကားလုံးများမသုံးဘဲလည်း ရန်ကိုင်နှင့် ဆက်သွယ်နိုင်ပေသေးသည်။ ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွား၏ အတွေးများကို နားလည်နိုင်သလို သူ့အတွေးများကိုလည်း ကျောက်တုံးကိုယ်ပွားအား ပြောပြနိုင်ပေသည်။

လက်ရှိ ကျောက်တုံးကိုယ်ပွားမှ ရန်ကိုင်ဆီသို့ ပေးပို့နေသည့် သတင်းအချက်အလက်များမှာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသနှင့် ပတ်သက်သည့် အကြောင်းအရာများမှလွဲ၍ အခြားမဟုတ်ပေ။

ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် အားကောင်းလင့်ကစား ဤကျင့်စဉ်နှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုးများ ရှိသည်ဟု ခံစားမိသည့်အတွက်ကြောင့် ရန်ကိုင်သည် ဤကျင့်စဉ်အား လုံးဝကျင့်ကြံခြင်း မရှိခဲ့ပေ။ ကျောက်တုံးကိုယ်ပွားမှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံပြီးသည့်နောက် သူ့အထင် မှန်ကန်နေကြောင်းကို ရန်ကိုင် အတည်ပြုနိုင်သွားခဲ့သည်။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် ဤလောကကြီးထဲရှိ စွမ်းအင်ရှိသောအရာမှန်သမျှ ဝါးမျိုပစ်နိုင်ပါသော်ငြား ထိုအရာများကို သေသေချာချာ မသန့်စင်နိုင်ပါက ဆိုးရွားသည့် အကျိုးဆက်နှင့် ရင်ဆိုင်ရနိုင်ပေသည်။

အကြောင်းမှာ ကိုယ်ဝါးမျိုလိုက်သည့်အရာများထဲတွင် အမျိုးမျိုးသော အညစ်အကြေးများ ပါဝင်နေပေလိမ့်မည်။ ထိုအရာများကိုသာ မသန့်စင်နိုင်ပါက ထိုအရာများသည် မိမိ၏ခန္ဓာကိုယ်ထဲ စုပုံလာခဲ့ပြီး တဖြည်းဖြည်းနှင့် များပြားလာသော် ဆိုးရွားသည့်ဘေးထွက်ဆိုးကျိုးကို ဖြစ်စေပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားသော ကျင့်ကြံသူ ထိခိုက်သွားနိုင်ရုံတင်မဟုတ် ကျင့်ကြံခြင်းပင် သွေဖည်ကာ အခန့်မသင့်လျှင် ကျင့်ကြံခြင်းအဆင့်ပင် လျှောကျသွားရနိုင်ပေသည်။

ဝူခွမ်းတွင်မူ ထိုပြဿနာကို ဖြေရှင်းမည့် နည်းလမ်းတစ်ခု ရှိလောက်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်နေခြင်းပင်။

ရန်ကိုင်တွင်မူ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ၏ ဘေးထွက်ဆိုးကျိုးကို ဖြေရှင်းနိုင်မည့်နည်းလမ်း မရှိပါသော်ငြား ကျောက်တုံးကိုယ်ပွားတွင်တော့ ရှိပေသည်။ ကျောက်တုံးဝိဉာဉ်ကလန်သည် ဝါးမျိုလိုက်သည့် သတ္တုများ၊ တွင်းထွက်များ၏ အညစ်အကြေးများကို သန့်စင်နိုင်သည့် မွေးရာပါစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို သုံး၍ ဝါးမျိုလိုက်သည့် စွမ်းအင်ထဲတွင် ကိန်းအောင်းနေသော အညစ်အကြေးများကို သူတို့၏မွေးရာပါစွမ်းရည်ကိုသုံး၍ ရှင်းပစ်နိုင်ပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံဖို့ရာ ဤလောကကြီးထဲ ကျောက်တုံးဝိဉာဉ်ကလန်ထက် ပို၍သင့်တော်သော မျိုးနွယ်စု မရှိဟုပင် ပြော၍ရပေသည်။ ဤသည်မှာ ဝူခွမ်းကြိုမမြင်နိုင်ခဲ့သော အချက်တစ်ချက် ဖြစ်ပေသည်။

ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ရရှိပြီးသည့်နောက် စတင်ကျင့်ကြံလာခဲ့စဉ်အတောအတွင်း ကျောက်တုံးကိုယ်ပွားမှာ သူဝါးမျိုလိုက်သည့်အရာများထဲရှိ အညစ်အကြေးများ၊ ပဋိပက္ခဖြစ်နေသည့် စွမ်းအင်များကြောင့် အနည်းငယ်မျှပင် ပြဿနာတက်ခဲ့ရဖူးခြင်း မရှိပေ။ ဝူခွမ်းကိုဖယ်ထားလိုက်မည်ဆိုပါက ဤလောကကြီးထဲ ကျောက်တုံးကိုယ်ပွားလောက် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို နားလည်သည့်လူ မရှိတော့ဟုပင် ပြော၍ရပေသည်။

ရန်ကိုင်သည် သူ့စိတ်ထဲသို့ စီးမျောဝင်ရောက်လာ‌နေသော အချက်အလက်အကြောင်းအရာများကို သေသေချာချာ လေ့လာနေခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ယခင်က လေ့လာခဲ့ဖူးသည်။ ယခု ကျောက်တုံးကိုယ်ပွား၏ ဉာဏ်အလင်းများ၊ ဝူခွမ်းဆီမှ သင်ကြားခဲ့ရသည့် အရာများနှင့် ပေါင်းလိုက်သော် ရန်ကိုင်မှာ ဤကျင့်စဉ်သည် သူထင်ထားသည်ထက်ကို ပိုမိုနက်ရှိုင်းကြောင်း သဘောပေါက်သွားရသည်။ ဝူခွမ်းသည်သာ လူစိတ်ကင်းမဲ့သည့် လုပ်ရပ်မျိုး မလုပ်ခဲ့လျှင် ကြယ်တာရာအစုအဝေးတစ်ခုလုံး၏ တစ်ခေတ်တွင်ပင် တစ်ခါပေါ်ထွန်းခဲသော ပါရမီရှင်အဖြစ်ပင် သတ်မှတ်ခြင်း ခံရနိုင်ပေသည်။

နေ့ဝက်ကြာပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွားသည် ၎င်း၏လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မလှမ်းမကမ်းတွင် ရှိနေသော တွင်းနက်အား လှမ်းကြည့်နေရင်းမှ ရန်ကိုင်ဘေးနားတွင် စောင့်ကြပ်ပေးနေလိုက်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား လေ့လာရာတွင်သာ အာရုံစိုက်ထားခဲ့သည်။ လေ့လာနေရင်း လေ့လာနေရင်းမှ ရန်ကိုင်မှာ ဤကျင့်စဉ်အား ကျင့်ကြံလိုစိတ် ပိုမို၍ ပြင်းပြလာခဲ့ရတော့လေသည်။

(ဒီကျင့်စဉ်က တကယ်ကိုအားကောင်းတာပဲဟ… ဒီလိုကျင့်စဉ်မျိုးနဲ့တောင် ဧကရာဇ်အဆင့်ကိုမရောက်နိုင်တာ အဲ့ဝူမုန်ချွမ်ဆိုတဲ့ကောင် တကယ်ကို ညံ့တာပဲ…)

တစ်လကြာပြီးသည့်နောက် ရန်ကိုင် ဖြည်းဖြည်းချင်း မျက်လုံးပြန်ပွင့်လာခဲ့သည်။ ထို့နောက်တွင် သူ့လက်ကိုဆန့်ထုတ်၍ ကြွက်သားများ၊ အကြောအချင်များကို ပြေလျော့အောင် လုပ်လိုက်သည်။ ရန်ကိုင်တစ်ကိုယ်လုံးမှာလည်း တဖျောက်ဖျောက်ကို မြည်လာခဲ့လေသည်။ သူ့လက်နှစ်ဖက်ကို ခါကြည့်လိုက်သည့်နောက် သူ့လက်များမှာ ယခင်ကကဲ့သို့ အကောင်းအတိုင်းပြန်ဖြစ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထို့နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်လိုဏ်ခေါင်းကိုစိုက်ကြည့်၍ ပြုံးဖြီးကာ ရေရွတ်လိုက်လေ၏။ “ကဲ… လက်စားပြန်ချေတဲ့ဇာတ်လမ်း စကြတာပေါ့…”

ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ထဲတွင်ရှိနေသော ကြယ်မြေပုံနှင့် ဆက်သွယ်၍ ကြယ်စီရင်စုကြီးတစ်ခုလုံး၏စွမ်းအားကို အသက်သွင်းလိုက်သည်။ ထို့နောက်တွင် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို လှည့်ပတ်လိုက်လေသည်။

ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချင့်တွက်ပြီးသည့်နောက် ရန်ကိုင်သည် ထိုကျင့်စဉ်ကို သူကိုယ်တိုင်မကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ကြယ်စီရင်စုကြီးတစ်ခုလုံးကို အုတ်မြစ်သဖွယ် အသုံးချလျက် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အသက်သွင်းနေခြင်း ဖြစ်လေသည်။ လက်ရှိအချိန်တွင် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အသုံးပြုနေသည်မှာ ရန်ကိုင်မဟုတ်ဘဲ ဟုန်းလော့ကြယ်စီရင်စုကြီးသာ ဖြစ်လေသည်။ ကြယ်စီရင်စုကြီးတစ်ခုအနေဖြင့် မည်မျှကွဲပြားသော လောကနိယာများ၊ စွမ်းအားများကို ဝါးမျိုပစ်စေကာမူ ထိုအရာများကို အလွယ်တကူ ချေဖျက်ပစ်နိုင်ပေသည်။ ဤကဲ့သို့သောနည်းလမ်းမျိုးကို ကြယ်သခင်များသာ အသုံးချနိုင်ကြလေသည်။

ဟင်းလင်းပြင်လိုဏ်ခေါင်း၏ အခြားတစ်ဖက်တွင်ရှိနေသော ဝူဟန်မှာတော့ မှုန်ကုပ်ကုပ်ဖြစ်နေလေသည်။ လွန်ခဲ့သည့်တစ်လလုံးလုံး ဤနေရာတွင် ရပ်စောင့်ကြည့်နေပြီးသည့်နောက် သူ့ခမျာ အလွန်ကိုမှ ပျင်းရိငြီးငွေ့လာခဲ့ရသည်။ အစကမူ အခြားသောကြယ်စီရင်စုတစ်ခုကို ဝါးမျို၍ ကျင့်ကြံချင်ခဲ့ပါသော်ငြား သူ့အစီအစဉ်အားလုံး ဖျက်ဆီးခံလိုက်ရလေသည်။ ထို့အပြင် ရန်ကိုင်သည် သူ့ကြယ်စီရင်စုထဲသို့ ဝင်လာပြီး သူ့ကို လက်သီးဖြင့် နှစ်ကြိမ်ပင် ထိုးခဲ့သေးသည်။ ရန်ကိုင်သည် သာမန်ကာလျှံကာလူတစ်ဦးမဟုတ်မှန်း သိထားသည့်အတွက်ကြောင့် ဝူဟန်မှာ ဟုန်းလော့ကြယ်စီရင်စုထဲသို့ ဝင်သွား၍ ရန်ကိုင်နှင့် သွားမတိုက်ခိုက်ရဲခဲ့ပေ။

သို့သော်ငြား လွန်ခဲ့သည့်တစ်လလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုန်ဆုံးသွားလိမ့်မည်ဟု ဝူဟန် ထင်ထားခြင်းမရှိခဲ့။ (ကြည့်ရတာ သူလည်း ငါ့ကို ဘာမှမလုပ်နိုင်မှန်းသိလို့ လက်လျှော့လိုက်ပြီနဲ့တူတယ်…)

ဟင်းလင်ပြင်လိုဏ်ခေါင်းသည် ထိုနေရာတွင်သာ ရှိနေပေသေးသည်။ သို့သော်ငြား ဝူဟန်မှာမူ ဟင်းလင်းပြင်လိုဏ်ခေါင်းနှင့် ခပ်ခွာခွာနေနေခဲ့သည်။ အခန့်မသင့် ရန်ကိုင် နောက်တစ်ကြိမ် အလစ်ချောင်းတိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်။ သူ့အနေဖြင့် ရန်ကိုင်၏လက်သီးစာမိပြီး လွင့်ထွက်သွားရသည့်အဖြစ်မျိုးဖြင့် ထပ်မကြုံချင်တော့။ ရှင်းရှင်းပြောရသော် ဤပြဿနာအားလုံး လက်ရှိအခြေအနေအတိုင်းသာ အဆုံးသတ်သွားမည်ဆိုလျှင် အမှန်တကယ်ကို ကောင်းပေသည်။ ကြယ်စီရင်စုကြီးတစ်ခုလုံးကို ဝါးမျိုပစ်ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ ဟုန်းလော့ကြယ်စီရင်စုထဲ၌ ကြယ်စီရင်စုသခင် မရှိမှန်း အာရုံခံမိသည့်အတွက်ကြောင့်သာလျှင် ဝူဟန်မှာ ဟုန်းလော့ကြယ်စီရင်စုကို ဝါးမျိုရန်ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ ဟုန်းလော့ကြယ်စီရင်စု၌ ကြယ်စီရင်စုသခင်တစ်ပါး ရှိနေမှန်းသာ ကြိုသိခဲ့လိမ့်မည်ဆိုလျှင်တော့ ယခုကဲ့သို့ လုပ်ခဲ့လိမ့်မည်မဟုတ်။

ဝူဟန်မှာ ယခုကိစ္စကို ကြေအေးလိုက်နိုင်ပါသော်ငြား ရန်ကိုင်ကတော့ ကြေအေးနိုင်မည့်လူမဟုတ်။ တကယ်တော့ ခံခဲ့ရသည့်လူမှာ ဝူဟန်မှမဟုတ်လေပဲ။ ရန်ကိုင်တို့ကသည်သာ ခံခဲ့ရခြင်း ဖြစ်သည်မဟုတ်ပေလော။

ဝူဟန်၏လုပ်ရပ်ကြောင့် ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ဂိုဏ်းပေါင်းများစွာ ဖျက်ဆီးခံခဲ့ရပြီး မိသားစုပေါင်းများစွာ သေကြေခဲ့ကြရသည်။ ထုန်းရွှမ်လောကကြီးသည်ပင်လျှင် အဆိပ်ခတ်ခံခဲ့ရကာ ရှနင်းချန်မှာလည်း သေခါနီးဖြစ်ခဲ့ရသည်။ ရန်ကိုင်မှ အချိန်မီပြန်ရောက်လာနိုင်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆို ရှနင်းချန် တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ သူ့ဒေါသကို မည်သည့်နည်းနှင့်မျှ မကြေအေးပေးနိုင်ပေ။

ရုတ်တရက်ဆိုသလို ဟင်းလင်ပြင်လိုဏ်ခေါင်းဆီမှ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝူဟန် ချက်ချင်း ခေါင်းမော့၍ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်နှာပျက်သွားခဲ့ပြီး အံကြိတ်ကာ အော်ဆဲလိုက်လေ၏။ “ခွေးကောင်… မင်းက မကျေနပ်နိုင်သေးဘူးပေါ့ ဟုတ်လား…”

အစောပိုင်းက ရန်ကိုင် သူ့ကြယ်စီရင်စုထဲသို့ ဝင်လာပြီး သူ့အား ပြဿနာရှာခဲ့သည့်လုပ်ရပ်အား ခွင့်လွှတ်ပေးသည်ကပင်လျှင် ရန်ကိုင်အပေါ် အတော်လေးကိုမှ သဘောကောင်းလွန်းနေပြီဟု ဝူဟန်ထင်ပေသည်။ သို့သော်ငြား ရန်ကိုင်သည် ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ အဆုံးထိသွားချင်နေမည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

(ငါ့ကြယ်စီရင်စုကို ဝါးမျိုချင်တယ်ပေါ့ ဟုတ်လား… ဒီကောင့်ကို သင်ခန်းစာ မှတ်လောက်သားလောက်အောင် ပေးပစ်မှ ရတော့မယ်နဲ့တူတယ်… မဟုတ်ရင် ဘယ်တော့မှ ကိုယ့်အကြောင်းကိုယ်သိမှာမဟုတ်ဘူး…)

ဟင်းလင်းပြင်လိုဏ်ခေါင်းထဲမှ အမှောင်ထုတို့သည် ဒီရေလှိုင်းလုံးပမာ စီးထွက်လာခဲ့သည်။ ထိုအရာများသည် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကြယ်တာရာကောင်းကင်အစိတ်အပိုင်းများကို တစ်စတစ်စနှင့် ဝါးမျိုပစ်နေလေသည်။

ဝူဟန်ကမူ အမှောင်ထုကို လျစ်လျူရှုထားခဲ့ပြီး ခပ်လှမ်းလှမ်းသို့သာ ဆုတ်နေခဲ့သည်။ ယခုအချိန်သည် တန်ပြန်ထိုးစစ်စရမည့်အချိန်မဟုတ်သေး။ သူသာ ယခုနေလှုပ်ရှားလိုက်မည်ဆိုလျှင် အမှောင်ထုအား ဖိနှိပ်နိုင်မှန်း သိထားပါသော်ငြား ယခုသာလုပ်လိုက်မည်ဆိုလျှင် ရန်ကိုင်နှင့် အဆုံးမသတ်နိုင်အောင် တိုက်ပွဲဖြစ်နေရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ဝူဟန်မှာ အကုန်လုံးကို တစ်ခါတည်း ရှင်းပစ်နိုင်ရန်အလို့ငှာ ချက်ချင်းမလှုပ်ရှားသေးဘဲ အရင်ဦးစွာ စောင့်ကြည့်နေခြင်း ဖြစ်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၇)

ဘာသာပြန်သူ_တိမ်တိုက်

အမှောင်ထုပြန့်နှံ့နေသည့်နှုန်းမှာ သူထင်ထားသလောက် မြန်ဆန်ခြင်းမရှိသည့်အတွက်ကြောင့် ဝူဟန်မှာ အမှောင်ထုအား သွားမတားခဲ့ဘဲ လှောင်ပြုံးပြုံး၍သာ ရပ်ကြည့်နေခဲ့လေသည်။ သူတို့နှစ်ဦးသည် ကြယ်စီရင်စုသခင်များ ဖြစ်ကြပါသော်ငြား ကြယ်စီရင်စုသခင်ဖြစ်ချိန်မှာတော့ မတူညီကြပေ။ ထို့အတွက်ကြောင့် သူတို့၏စွမ်းရည်များ ကွာခြားသွားရခြင်းမှာ အဆန်းတော့မဟုတ်။ ရန်ကိုင် ကြယ်စီရင်စုသခင်ဖြစ်လာသည်မှာ မကြာသေးပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်စီရင်စုတစ်ခု၏ အစစ်အမှန်ခွန်အားကို ထုတ်မသုံးနိုင်ခဲ့။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးအား ဝါးမျိုနေသည့်နှုန်းမှာ နှေးကွေးနေရခြင်းပင် ဖြစ်လေသည်။

ဝူဟန်သည် ဖြည်းဖြည်းချင်း နောက်သို့ ပြန်ဆုတ်နေခဲ့လေသည်။ တန်ပြန်ထိုးစစ်စနိုင်မည့်အချိန်ထိရောက်အောင် စိတ်ရှည်ရှည်နှင့်ကို သည်းခံစောင့်နေခဲ့သည်။

ရန်ကိုင်သည် မျက်လုံးကို တင်းတင်းကြပ်ကြပ်ပိတ်ထားရင်း ဟုန်းလော့ကြယ်စီရင်စုထဲ ရပ်နေခဲ့လေသည်။ လက်ရှိအခြေအနေမှာ အတော်လေးကိုမှ ထူးဆန်းလှသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ကောင်းကင်စိတ်အာရုံမှာ ကြယ်စီရင်စုကြီးတစ်ခုလုံးအနှံ့ ပြန့်နှံ့နေပြီး တစ်စုံတစ်ခုအား ကိုက်ဝါးနေသည့်အလား စည်းချက်ညီညီ လှုပ်ခါနေခဲ့လေသည်။

ဟုန်းလော့ကြယ်စီရင်စုကြီး၏အပိုင်မဟုတ်သော ကြယ်တာရာကောင်းကင်တစ်စိတ်တစ်ပိုင်းသည် ဟင်းလင်းပြင်လိုဏ်ခေါင်းဘေးနားတွင် ပေါ်လာခဲ့လေသည်။ ထိုကြယ်တာရာကောင်းကင်အစိတ်အပိုင်းထဲ လွင့်မျောနေကြသော ဥက္ကာခဲများ ရှိနေရုံသာလျှင်မဟုတ် ဟုန်းလော့ကြယ်စီရင်စုထဲရှိ လောကနိယာမများနှင့် မတူကွဲပြားသည့် လောကနိယာမများလည်း ရှိနေကြပေသည်။

တစ်စပြင်ကန္တာရကြယ်စီရင်စုနှင့် ဟုန်းလော့ကြယ်စီရင်စုတို့သည် လောကနိယာမများ တူညီလုနီးပါးဖြစ်ကြသည့် ကြယ်စီရင်စုကြီးများ ဖြစ်ကြပါသော်ငြား ကွာဟချက်များမှာမူ ရှိနေသေးဆဲပင်။ ကြယ်စီရင်စုနှစ်ခု‌၏ လောကနိယာမများ မတူညီခြင်းသည် ကျင့်ကြံရေးကြယ်တစ်လုံး၏ လောကနိယာမများနှင့် အခြားကျင့်ကြံရေးကြယ်တစ်လုံး၏ လောကနိယာမများ မတူသည့် ပုံစံအတိုင်းပင်။ ထိုမတူကွဲပြားမှုများမှာ အပေါ်ယံတွင် သိပ်မသိသာပါသော်ငြား ကျင့်ကြံရေးကြယ်တစ်လုံး ပို၍အားကောင်းလေ ပိုမိုသိသာလာလေပင်။

ဟုန်းလော့ကြယ်စီရင်စုကြီးသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို လှည့်ပတ်ထားရင်းမှ ၎င်း၏ဗိုက်ထဲသို့ ရောက်လာသော တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကြယ်တာရာကောင်းကင်အစိတ်အပိုင်းကို ချေဖျက်သန့်စင်နေခဲ့လေသည်။

ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ အံ့ဩဘနန်း ဖြစ်နေခဲ့သည်။ ကြယ်စီရင်စုကြီးတစ်ခုလုံးကို အုတ်မြစ်အဖြစ် အသုံးချ၍ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အသက်သွင်းထားသည့်တိုင် အကုန်လုံးမှာ သူ့စိတ်အလိုအရ လှုပ်ရှားနေခြင်းသာ ဖြစ်လေသည်။ ကြယ်စီရင်စုကြီးမှ ၎င်းဝါးမျိုပစ်လိုက်သည့် ကြယ်တာရာကောင်းကင်အစိတ်အပိုင်းအား မည်ကဲ့သို့ ချေဖျက်သန့်စင်နေသလဲဆိုသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေလေသည်။

တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ အပိုင်ဖြစ်သော ကြယ်တာရာကောင်းကင်အစိတ်အပိုင်း၏ လောကနိယာမများသည် လျင်မြန်စွာ ပျက်စီးသွားခဲ့ပြီး ဟုန်းလော့ကြယ်စီရင်စုကြီး၏ လောကနိယာမများ၏ လွှမ်းမိုးခြင်း ခံလိုက်ရလေသည်။ မကြာမီတွင် လောကနိယာမများမှာ အတူတကွ ပေါင်းစည်းသွားခဲ့ပြီး တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲလာခဲ့ကြသည်။

(ဝူဟန်ဆိုတဲ့ကောင် ငါ့ကို လုံးဝမတားပါလား…) ရှင်းရှင်းပြောရသော် တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုခြင်းသည် ဤမျှချောချောမွေ့မွေ့ မဖြစ်သင့်ပေသည်။ ဝူဟန် ထိုနေရာကို စောင့်ကြပ်နေမှန်း ရန်ကိုင်သေချာသိပေသည်။ သို့သော်ငြား ဝူဟန် သူ့အား လုံးဝမတားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ ဇဝေဇဝါဖြစ်နေရလေ၏။

ထိုကိစ္စနှင့်ပတ်သက်၍ ထူးဆန်းနေသည်ဟု ခံစားနေရလင့်ကစား ရန်ကိုင်၏လှုပ်ရှားမှုများမှာတော့ အနည်းငယ်မျှပင် နှေးကျသွားခဲ့ခြင်းမရှိ။ ဟုန်းလော့ကြယ်စီရင်စုကြီး၏ စွမ်းအားကို ထိန်းချုပ်၍ အခြားသောကြယ်စီရင်စုကြီး၏ ကြယ်တာရာကောင်းကင်ကို ဝါးမျိုရင်းမှ ဟုန်းလော့ကြယ်စီရင်စုအား ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အသက်သွင်းစေလျက် ဝါးမျိုလာသည့်အရာများကို ချေဖျက်သန့်စင်စေလေသည်။

အချိန်မည်မျှ ကြာလို့ ကြာသွားမှန်းမသိ။ ရုတ်တရက်ဆိုသလို တစ်ဖက်ခြမ်းဆီမှ အတင်းအကြပ် ခုခံနေသည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်ဝါးမျိုလိုက်သော် လေဟာနယ်မှာလည်း ချက်ချင်းဆိုသလို ပြန်လုယူခြင်း ခံလိုက်ရလေသည်။

ထိုမျှသာလျှင်မဟုတ်သေး။ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားတစ်ရပ်သည်လည်း အမှောင်ထုအား ထိုးဖောက်လာ၍ ရန်ကိုင်၏စိတ်အစုံကို ဝါးမျိုပစ်ရန် ကြိုးစားတော့လေသည်။

(နောက်ဆုံးတော့ လှုပ်ရှားလာပြီပေါ့…) ရန်ကိုင်သည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည့်အလျောက် ပျာယာခတ်သွားခဲ့ခြင်းမရှိပေ။ ခုခံရန်ပင် မကြိုးစားခဲ့ဘဲ ထိုတိုက်ခိုက်မှုကို အမှောင်ထုအား ထိုးဖောက်လာစေလျက် သူ့ဆီသို့ တိုးဝင်လာစေခဲ့လေသည်။

အမှောင်ထု၏ အခြားတစ်ဖက်ခြမ်းတွင်ရှိနေသော ဝူဟန်မှာမူ အေးစက်စက်အမူအယာဖြင့် အော်ရယ်မောနေခဲ့လေသည်။ သူ့မျက်လုံးထဲလည်း လှောင်ပြောင်လိုရိပ်တို့ဖြင့် ပြည့်နေလေ၏။ (ခွေးပေါက်လေးတွေက ကျားတွေကိုမကြောက်ဘူးဆိုတာ တကယ် အမှန်ပါပဲလား… အစကတော့ ဘာမှမလုပ်ပဲ ဒီတိုင်းထားပေးလိုက်ဦးမလို့… ဒါပေမယ့် မင်းက ပြဿနာရှာချင်နေတယ်ဆိုမှတော့လည်း ငါကလည်း မင်းကို သင်ခန်းစာပြန်ပေးပေးရသေးတာပေါ့…)

အမှောင်ထု၏အရွယ်အစား ကြီးမားလေ ဝါးမျိုထားသည့်နေရာ ပိုမိုကြီးမားလေပင်။ ထို့နည်းတူစွာပင် ကြီးမားလာသည့်အမှောင်ထုကို ထိန်းချုပ်ရန်အတွက် စိတ်စွမ်းအင်လည်း ပို၍လိုအပ်လာပေသည်။

ရန်ကိုင် သူ့စိတ်အား ချက်ချင်းပြန်မရုတ်သိမ်းနိုင်မှန်း သေချာသွားသည့်အခါမှသာလျှင် ဝူဟန်သည် စတင်လှုပ်ရှားတော့လေသည်။

ဟုန်းလော့ကြယ်စီရင်စုထဲ၌ ဖြစ်ခဲ့သလိုပင် အမှောင်ထုသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဒီရေကျသွားသည့်အလား လျင်မြန်စွာ ပြန်ဆုတ်လာခဲ့သည်။ မည်သည့် မမျှော်လင့်ထားသည့်ကိစ္စမှသာ ဖြစ်မလာခဲ့လျှင် အရာအားလုံးသည် အနှေးနှင့်အမြန်ဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။

ရုတ်တရက် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားသည့်အလား ဝူဟန်၏မျက်နှာထက်ရှိအပြုံး ပျောက်ကွယ်သွားခဲ့သည်။ အကြောင်းမှာ အမှောင်ထုထဲသို့ ပို့လွှတ်လိုက်သော သူ့စွမ်းအားမှာ မမြင်နိုင်သည့် အကာအရံတစ်ခုနှင့် သွားတိုက်မိသည့်အတွက်ကြောင့်ပင်။ ယခုဆိုလျှင် တစ်ဖက်လူအား ထိခိုက်ဖို့ရာမဆိုထားနှင့် ဝူဟန်မှာ ရှေ့သို့ပင် ဆက်မတိုးနိုင်တော့ပေ။ ထို့အပြင် အကာအရံရှိနေသည့်နေရာမှာ သူ့ပိုင်နက်ဖြစ်သော တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲတွင် ဖြစ်နေခဲ့သည်။

(ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ရတာလဲ… ငါ့ကြယ်တာရာကောင်းကင်က ဘယ်လိုလုပ်ပြီး ငါ့ကို ပြန်ပြီးခုခံနေတာလဲ…) ဝူဟန် ရင်တထိတ်ထိတ် ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်း၌ အချက်ပေးခေါင်းလောင်းသံတို့သည်လည်း သူ့ခေါင်းထဲ စုဝေးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် အမှောင်ထုသည်လည်း တဖြည်းဖြည်း ရပ်တန့်သွားခဲ့လေသည်။ သူမည်သို့ကြိုးစားနေစေကာမူ အမှောင်ထုအား နောက်သို့ပြန်ဆုတ်သွားအောင် မစွမ်းနိုင်ခဲ့။

ထိုအရပ်ဆီသို့ ဝူဟန်လှမ်း၍ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။

အချင်းမိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ထိုနေရာ၌ ရှိနေခဲ့သည်။ တွင်းနက်ထဲတွင်မူ အခြား ဘာဆိုဘာမှ ရှိမနေခဲ့ပဲ ပရမ်းပတာ ဟင်းလင်းပြင်ကြီးသာ ရှိနေခဲ့လေသည်။

ထိုတွင်းနက်ကြီးရှိနေခဲ့သည့်နေရာသည် ယခင်က ဟင်းလင်းပြင်လိုဏ်ခေါင်း ရှိနေခဲ့သည့်နေရာ ဖြစ်ပေသည်။ သို့သော်ငြား ဟင်းလင်းပြင်လိုဏ်ခေါင်း၏ အရွယ်အစားမှာ ဤမျှ မကြီးမားပေ။ ယခု တွင်းနက်ကြီး၏အရွယ်အစားမှာ ဟင်းလင်းပြင်လိုဏ်ခေါင်းထက် အဆတစ်ရာမက ပိုမိုကြီးမားနေခဲ့သည်။

(ဘာတွေဖြစ်နေတာလဲ… ငါ့ကြယ်စီရင်စုကို အဲ့ကောင်သန့်စင်လိုက်တာလား…)

မူလက သေးသေးလေးသာရှိသော ဟင်းလင်းပြင်လိုဏ်ခေါင်းသည် အချင်းမိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားရခြင်းမှာ ဝါးမျိုခံလိုက်ရသည့် ကြယ်စီရင်စုအစိတ်အပိုင်းကို တစ်ဖက်လူမှ သန့်စင်လိုက်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် တွင်းနက်ကြီးရှိနေသော ကြယ်တာရာကောင်းကင်အစိတ်အပိုင်းသည် တစ်စပြင်ကန္တာရကြယ်စီရင်စုအပိုင် မဟုတ်တော့ခြင်းပင်။

(သူ ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်အောင် လုပ်လိုက်တာလဲ…)

ဝူဟန်မှာ သူများ အမြင်ဝေဝါးနေသလားဟုပင် တွေးမိသွားခဲ့လေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးအား ဝါးမျိုစဉ်က ဝူဟွမ်သည် သုံးနှစ်အချိန်ဖြုန်း၍ ဟုန်းလော့ကြယ်စီရင်စု၏ အစိတ်အပိုင်းအကြီးကြီးကို ဝါးမျိုပစ်ခဲ့သည်။ သို့သော်ငြား ဝါးမျိုရုံသာဝါးမျိုခဲ့ပြီး သန့်စင်ခဲ့ခြင်းမရှိချေ။ သန့်စင်ခဲ့မည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ဆုံးရှုံးသွားသောသူ့ပိုင်နက်အား အလွယ်တကူ ပြန်ရအောင် ယူနိုင်ခဲ့လိမ့်မည်မဟုတ်။

ဝါးမျိုခြင်းနှင့် သန့်စင်ခြင်းမှာ လုံးဝမတူကွဲပြားသည့် အရာနှစ်ခုဖြစ်ပေသည်။ ထမင်းစားခြင်းနှင့် စားပြီးသားထမင်းအား အစာခြေခြင်းကဲ့သို့ပင် ဖြစ်ပေသည်။ စားပြီးသားထမင်းများကို ပြန်လည်အန်ထုတ်၍ ရနိုင်ပါသော်ငြား ချေဖျက်လိုက်ပြီးသော ထမင်းများကိုမူ ထိုသို့လုပ်၍မရတော့ချေ။ အကြောင်းမှာ ချေဖျက်ခံလိုက်ရသည့်အရာများသည် ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားသည့်အတွက်ကြောင့်ပင်။

ဝူဟန် သုံးနှစ်လုံးလုံးလုပ်ခဲ့သည့်အရာမှာ စားခြင်းသာ ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ သူ၏ ကြယ်တာရာကောင်းကင်တစ်စိတ်တစ်ပိုင်းအား သူ့အပိုင်ဖြစ်အောင် ချေဖျက်သန့်စင်လိုက်ခြင်းသာ ဖြစ်လေသည်။

ဝူဟန်သည်လည်း ဟုန်းလော့ကြယ်စီရင်စုကြီးအား သန့်စင်ရန် စဉ်းစားထားခဲ့သည်။ သို့သော်ငြား ဟုန်းလော့ကြယ်စီရင်စုကြီးတစ်ခုလုံးကို ဝါးမျိုပြီး ဟုန်းလော့ကြယ်စီရင်စု၏ အမြုတေအား သန့်စင်ပြီးမှသာလျှင် ဟုန်းလော့ကြယ်စီရင်စုတစ်ခုလုံးကို သန့်စင်ရန် စဉ်းစားထားခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့လုပ်ရန်အတွက် အနည်းဆုံး နှစ်ပေါင်းရာနှင့်ချီကာ လိုအပ်ပေသည်။ သို့တိုင် ထိုနည်းလမ်းဖြင့် ရလာမည့် အကျိုးအမြတ်များမှာ အလွန်တရာကိုမှ များပြားလှသည့်အတွက်ကြောင့် ထိုမျှအချိန်ဖြုန်းရတန်သည်ဟု ဝူဟန် မှတ်ယူထားခဲ့သည်။

ကြယ်စီရင်စုတစ်ခုအား သန့်စင်ဖို့ရာမှာ အချိန်တိုအတွင်း လုပ်၍ရသည့် အရာမျိုး မဟုတ်ပေ။ ဝူဟန်သည်လည်း ထိုကဲ့သို့ ယုံကြည်ခဲ့ဖူးပေသည်။ သို့သော်ငြား လက်ရှိသူ့ရှေ့ရှိမြင်ကွင်းမှာ ဝူဟန်ယုံကြည်ထားသည့်အရာကို တစ်စစီ ရိုက်ချိုးပစ်နေခဲ့လေသည်။

ရန်ကိုင်မှ တစ်စပြင်ကန္တာရကြယ်စီရင်စုအား စတင်ဝါးမျိုသည့်အချိန်မှစ၍ ဝူဟန်မှ တိုက်ခိုက်လာသည့်အချိန်အထိ အချိန်တစ်ရက်သာ ကြာပေသေးသည်။ တစ်နည်းဆိုရသော် ရန်ကိုင်သည် အချင်းမိုင်ပေါင်းရာနှင့်ချီသော အကျယ်အဝန်းကို တစ်ရက်အတွင်း ဝါးမျိုသန့်စင်ပစ်ခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင်တွင် ထိုကဲ့သို့သောစွမ်းရည်မျိုး ရှိသည့်အပေါ် ဝူဟန်မှာ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

(ဟုန်းလော့ကြယ်စီရင်စုက တစ်စပြင်ကန္တာရကြယ်စီရင်စုထက် ပိုပြီးအဆင့်မြင့်နေလို့များ အခုလိုတွေဖြစ်ရတာလား… အဲ့လိုမှမဟုတ်ရင် ဘာလို့ ဒီလိုမျိုးဖြစ်ရမှာလဲ…)

“မကောင်းတော့ဘူး…” ဝူဟန် သတိလက်လွတ်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သူ့အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကြယ်အမြုတေနှင့် ချက်ချင်းဆက်သွယ်၍ တွင်းနက်အား အားကုန်သုံးကာ ဖိနှိပ်လိုက်လေသည်။

(ဒီတွင်းနက်ကို မြန်မြန်တားမှရမယ်… မဟုတ်ရင် ငါဆုံးရှုံးသွားရမယ့်နယ်မြေက နည်းတော့မှာမဟုတ်ဘူး…)

ယခုဆိုလျှင် ဟင်းလင်းပြင်လိုဏ်ခေါင်းအား မပိတ်ခဲ့မိသည့်အပေါ် ဝူဟန်မှာ အမှန်တကယ်ကို နောင်တရနေခဲ့လေပြီ။ သူသည်သာ ခေါင်းမမာခဲ့ဘဲ ဟင်းလင်းပြင်လိုဏ်ခေါင်းအား ပိတ်ချ၍ ကြယ်စီရင်စုနှစ်ခုကြား ဆက်သွယ်ချက်ကို ဖြတ်တောက်လိုက်မည်ဆိုလျှင် ယခုကဲ့သို့အဖြစ်ဆိုးမျိုးနှင့် ကြုံရလိမ့်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ယခုမှ နောင်တရနေ၍လည်း အပိုပေ။ ယခုမှလှုပ်ရှားလိုက်၍ အရမ်းနောက်မကျပါစေနှင့်ဟုသာ ကြိတ်ကာ ဆုတောင်းနေရုံသာ တတ်နိုင်တော့လေသည်။

ဝူဟန်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော တစ်စပြင်ကန္တာရကြယ်စီရင်စု၏ အမြုတေမှာ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် ဝူဟန်သည် ကြယ်စီရင်စုကြီး၏ စွမ်းအားကို အသုံးချ၍ တွင်းနက်ကြီးအား ဘက်ပေါင်းစုံမှ ဖိချလိုက်လေသည်။ သို့တိုင် သူ့စွမ်းအားမှာ တွင်းနက်ကြီး၏ အပြင်ဖျားပိုင်းလောက်သာ ရောက်နိုင်ခဲ့ပြီး ရှေ့ဆက်တိုး၍မရတော့ပေ။ အကြောင်းမှာ တွင်းနက်ကြီးနှင့်ထိသည်နှင့် တစ်ပြိုင်နက် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ အမြုတေစွမ်းအားသည်ပင်လျှင် ဝါးမျိုသန့်စင်ခံလိုက်ရသည့် အတွက်ကြောင့်ပင်။

အချိန်အတန်ကြာအောင် တွင်းနက်ကြီးအား ဖိနှိပ်ရန် ကြိုးစားနေပြီးသည့်နောက်တွင် အလွန်ကိုမှ ဝန်ပိလာသည့်အလား ဝူဟန်၏မျက်နှာကြီးမှာ စတင်၍ နီမြန်းလာခဲ့လေသည်။ သူ့ကြယ်စီရင်စု၏ အစိတ်အပိုင်းများကို တစ်စတစ်စနှင့် ဝါးမျိုနေသည့် တွင်းနက်ကြီးကိုကြည့်ရင်း ဝူဟန်၏စိတ်ထဲ ဒေါသတို့ တလိပ်လိပ် ထွက်လာတော့လေ၏။

“ရန်ကိုင်…” ဝူဟန်သည် ကောင်းကင်ပေါ်သို့မော့၍ ဒေါမာန်တကြီး ထအော်တော့လေသည်။ သူမည်မျှပင် အမှန်အတိုင်း ဝန်မခံချင်နေစေကာမူ လက်ရှိအချိန်တွင်တော့ သူ့ခမျာ လုံးဝကို အောက်စည်းသို့ ရောက်သွားခဲ့ရလေပြီ။ တွင်းနက်ကြီးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့။ တွင်းနက်ကြီးရှိနေသည့် ကြယ်တာရာကောင်းကင်အစိတ်အပိုင်းမှာ ရန်ကိုင်လက်ထဲသို့ ရောက်သွားခဲ့ပြီး ရန်ကိုင်၏ ပိုင်နက်နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့လေပြီ။ ထိုအကြောင်းကြောင့် ဝူဟန်မှာ ကြယ်စီရင်စုအမြုတေကို မည်သို့ပင် ထုတ်သုံးနေစေကာမူ ဟင်းလင်းပြင်လိုဏ်ခေါင်းအား ပိတ်နိုင်ခြင်း မရှိတော့ချေ။ ထိုတွင်းနက်ကြီးရှိနေသ‌ရွေ့ ကြယ်စီရင်စုနှစ်ခုကြားရှိ ဆက်သွယ်ချက်ကို ဖြတ်တောက်လို့ရလိမ့်မည်မဟုတ်။ ရန်ကိုင်မှ သူ့ဘာသာသူ ပြန်ဆုတ်သွားသည့်အခါမှသာလျှင် ကြယ်စီရင်စုနှစ်ခုကြားရှိဆက်သွယ်ချက်မှာ ပြတ်တောက်သွားပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်ကမူ ပြန်ဆုတ်လိမ့်မည်မဟုတ်သည်မှာ သေချာလှပေသည်။ လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်နေမိလေသည်။ သူ့စိတ်ထဲ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးတစ်ခုလုံးကိုပင်လျှင် ဝါးမျိုပစ်ချင်နေလေရာ ဘာကြောင့်များ ဝူဟန်၏ခံစားချက်များကို ထည့်တွက်ပေးနေရဦးမည်နည်း။

ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံးသော ပညာရပ်တစ်ခု ဖြစ်သည်ဆိုသည့်အတိုင်း ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ၏ တစ်ခုတည်းသောဆိုလိုရင်းမှ ဓါးပြတိုက်ခြင်းသာ ဖြစ်လေသည်။ တစ်ဖက်လူဆန္ဒရှိရှိမရှိရှိ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသည် ကြုံလာရသမျှအရာမှန်သမျှကို အတင်းအကြပ် လုယူဓါးပြတိုက်ပေသည်။

လူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံမည်ဆိုလျှင် ပြဿနာရှိနိုင်ပါသော်ငြား ရန်ကိုင်မှာ ကြယ်စီရင်စုကြီးတစ်ခုလုံးအား အုတ်မြစ်အဖြစ် အသုံးချ၍ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အသက်သွင်းထားခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် မည်သည့်ပြဿနာမှ မတက်နိုင်။ ဤနှုန်းအတိုင်းသာဆိုပါက အချိန်သာရမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးတစ်ခုလုံးကိုပင်လျှင် ဝါးမျိုပစ်နိုင်ပေလိမ့်မည်။

အစပိုင်းတွင် တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုသည့်နှုန်းမှာ မမြန်လှပါသော်ငြား အချိန်ကြာလာသည့်အလျောက် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ထုတ်သုံးရာတွင် ပိုမိုကျွမ်းကျင်လာခဲ့လေရာ တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုပစ်သည့်နှုန်းမှာ ပိုပို၍ မြန်ဆန်လာခဲ့လေသည်။ လက်ရှိအချိန်တွင် တွင်းနက်ကြီးဝါးမျိုထားသည့် အကျယ်အဝန်းမှာ မိုင်ပေါင်း သောင်းနှင့်ချီကာ ရှိနေခဲ့လေပြီ။ သို့တိုင် တွင်းနက်ကြီးမှာ ရပ်တန့်သွားခဲ့ခြင်းမရှိသေးဘဲ ဆက်လက်၍ ပြန့်နှံ့လာနေပေသေးသည်။ ထို့အပြင် ၎င်းပြန့်နှံ့လာနေသည့်နှုန်းမှာ အချိန်ကြာလာသည့်အလျောက် ပိုပို၍ မြန်ဆန်လာနေခဲ့သည်။

သူ့မိဘများ အသတ်ခံလိုက်ရပြီး သူ့မိန်းမ လုယူခံလိုက်ရသည့်အလား ဝူဟန်၏မျက်နှာမှာ အလွန်ကိုမှ ဝမ်းနည်းဖွယ်ရာ ကောင်းနေခဲ့လေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှာ ထိခိုက်သွားခဲ့ရလေပြီ။ အသိသာဆုံးသောပြောင်းလဲမှုမှာတော့ သူ့အသိစိတ်ပင်လယ်ထဲတွင်ရှိနေသည့် ကြယ်မြေပုံပေါ်၌ ပေါ်လာသည့် အနက်ရောင်အစက်ကလေးပင် ဖြစ်လေသည်။

ထိုအနက်ရောင်အစက်ကလေးသည် ကြယ်မြေပုံတစ်ခုလုံးနှင့် ယှဉ်လိုက်သော် သေးသေးလေးသာ ဖြစ်ပါသော်ငြား အနက်ရောင်အစက်သည် လှပသောပန်းချီကားချပ်ပေါ်၌ စွန်းထင်းနေသော မင်စက်တစ်စက်ပမာ ဖြစ်နေခဲ့လေသည်။ ပို၍စိတ်ညစ်ဖွယ်ကောင်းသည့်အချက်မှာ ထိုမင်စက်ကလေးသည် တဖြည်းဖြည်းနှင့် ပြန့်ကားလာနေခြင်းပင်။ အနှေးနှင့်အမြန်ဆိုသလို လှပသည့်ပန်းချီကားတစ်ချပ်လုံး အနက်ရောင်ပြောင်းသွားရတော့ပေမည်။ ထိုသို့ဖြစ်လာသည့်အခါတွင်တော့ တစ်စပြင်ကန္တာရကြယ်စီရင်စုသခင်၏ မျိုးရိုးနာမည်မှာ ရန် ဖြစ်သွားပေလိမ့်မည်။

ဝူဟန်သည် ရန်ကိုင်၏လုပ်ရပ်ကို မတားဆီးခြင်းမဟုတ်။ လွန်ခဲ့သည့်တစ်လလုံးလုံး ရန်ကိုင်အား တားရန် တောက်လျှောက်ကြိုးစားခဲ့ပါသော်ငြား မည်သို့မှ တားမရခဲ့ပေ။

(ကြယ်စီရင်စုသခင် ဖြစ်တာမကြာသေးတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ… ငါ့မှာသာ အဲ့လိုစွမ်းအားရှိမယ်ဆိုရင် ဟုန်းလော့ကြယ်စီရင်စုကြီးတစ်ခုလုံးကို ဝါးမျိုပစ်လိုက်တာ ကြာပြီ…) ယခုမှသာလျှင် သူ့အခြေအနေ မည်မျှဆိုးရွားနေကြောင်းကို ဝူဟန်နားလည်သွားရတော့သည်။

ယခုကိစ္စကိုသာ ကောင်းကောင်းမကိုင်တွယ်နိုင်ပါက သူ့ကျင့်ကြံခြင်းအား အဆင့်မြှင့်တင်ဖို့ရာ မဆိုထားနှင့် အောက်တစ်ဆင့်သို့ ပြန်လျှောကျမသွားလျှင်ပင် ကံကောင်းနေပြီဟု ပြော၍ရပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၈)

ဘာသာပြန်သူ_တိမ်တိုက်

တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုခြင်း၏ အကျိုးဆက်ကို ရန်ကိုင်တစ်ဦးတည်းသာ ခံစားရပြီး ပျော်နေခြင်းမဟုတ်။ ဟုန်းလော့ကြယ်စီရင်စုကြီးသည်လည်း ရလာသည့်အကျိုးအမြတ်များကြောင့် ဝမ်းသာနေသည့်ပုံ ပေါက်နေခဲ့လေသည်။

ဝါးမျိုသည့်နှုန်းမှာ တဖြည်းဖြည်းနှင့် မြန်ဆန်သည်ထက် မြန်ဆန်လာသည်။ သို့ရာတွင် ဝူဟန်မှာတော့ ဘာမှမလုပ်နိုင်ခဲ့ဘဲ သူ့နယ်မြေအား တတိတိနှင့် ဆုံးရှုံးနေရသည်ကို ကူကယ်ရာမဲ့စွာဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

တစ်ခုသောအချိန်သို့အရောက်တွင် ရန်ကိုင်သည် အကြံတစ်ခုကို စဉ်းစားမိသွားခဲ့လေသည်။ ထိုအကြံမှာ အမှန်တကယ်ကို ဖြစ်နိုင်သည်ဟု တွေးမိနေသည်။ စဉ်းစားလေစဉ်းစားလေ ထိုအကြံဉာဏ်မှာ ပိုပို၍ ဖြစ်လာနိုင်လေပင်။ ရန်ကိုင်မှာ ဤမျှ စဉ်းစားတတ်ရလေသလားဟု သူ့ကိုယ်သူပင် ချီးကျူးမိချင်သွားသည်။

ထို့နောက်တွင် မျက်လုံးပြန်ဖွင့်လာ၍ သူ့ဘေးနား၌ စောင့်ကြပ်နေသော ကျောက်တုံးကိုယ်ပွားအား လှမ်း၍ကြည့်လိုက်လေသည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်၏အတွေးကို ချက်ချင်းနားလည်သွားခဲ့ပြီး ကျောက်တုံးကိုယ်ပွားသည် ခေါင်းညိတ်ပြလိုက်လေ၏။

ရန်ကိုင်သည် ကြယ်စီရင်စုအမြုတေကို ထိန်းချုပ်ရင်းမှ ကြယ်မြေပုံကို သူ့အသိစိတ်ပင်လယ်ထဲမှ ထုတ်လိုက်သည်။ အရွယ်အစား အဆပေါင်းများစွာ သေးငယ်နေသော ကြယ်မြေပုံသည် အရောင်တလက်လက်ဖြင့် ရန်ကိုင်လက်ထဲ၌ ပေါ်လာခဲ့သည်။

ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်လက်ထဲရှိ ကြယ်မြေပုံကိုယူ၍ မျိုချပစ်လိုက်လေသည်။ ထို့နောက် တင်ပလင်ခွေထိုင်ချလိုက်လေ၏။ တစ်ခဏအကြာ၌ ကျောက်တုံးကိုယ်ပွား မျက်လုံးပြန်ပွင့်လာပြီး အားလုံးအဆင်ပြေကြောင်း ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်လေသည်။

လက်ရှိအချိန်တွင် ကျောက်တုံးကိုယ်ပွားသည် ဟုန်းလော့ကြယ်စီရင်စုကြီး၏ သခင်နေရာကို ရန်ကိုင်အစား ယာယီလွှဲပြောင်းယူသွားခဲ့လေပြီ။ အခြားလူတစ်ဦးသာဆိုလျှင်တော့ ယခုကဲ့သို့လုပ်ရန် မဖြစ်နိုင်။ ကြယ်မြေပုံအား ဝါးမျိုလိုက်သည့် ဘေးထွက်ဆိုးကျိုးကို ခံစားရကာ တစ်ခါတည်းပင် သေသွားနိုင်ပေသည်။

သို့ရာတွင် ကျောက်တုံးကိုယ်ပွား၏ဝိဉာဉ်မှာ ရန်ကိုင်၏ဝိဉာဉ်မှ ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။ မူလဇစ်မြစ် တူသည့်အတွက်ကြောင့် သူတို့၏အရှိန်အဝါနှစ်ခုမှာ လုံးဝကို ပလဲပနံသင့်နေလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်စီရင်စုအမြုတေမှာ ပိုင်ရှင်ပြောင်းသွားသည့်အပေါ် လွန်လွန်ကဲကဲ မငြင်းဆန်ခြင်းပင်။ ထို့အပြင် တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုသန့်စင်ခြင်းသည် ဟုန်းလော့ကြယ်စီရင်စုအတွက်လည်း အကျိုးရှိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျောက်တုံးကိုယ်ပွားအား ယာယီသခင်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်လေသည်။

ထို့အပြင် ကျောက်တုံးကိုယ်ပွားမှာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့လေရာ ၎င်း၏ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအပေါ် ထိုးထွင်းနားလည်မှုသည် ရန်ကိုင်ထက် အပုံကြီးသာပေသည်။ ကျောက်တုံးကိုယ်ပွားကသာ ကြယ်စီရင်စုအမြုတေကို ထိန်းချုပ်၍ တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုလိုက်မည်ဆိုလျှင် ဝါးမျိုသည့်နှုန်းမှာ ယခင်ကထက် ပိုမိုမြန်ဆန်လာမည်မှာ မလွဲမသေပင်။

ကြယ်စီရင်စုအမြုတေအား ထိန်းချုပ်နေစရာ မလိုတော့သည့်နောက်တွင် ရန်ကိုင်သည် အမှောင်ထုဆီသို့လှမ်းကြည့်၍ ပြုံးဖြီးကာ ရေရွတ်လိုက်သည်။ “ငါလာပြီကွ… ဝူဟန်…”

ဝူဟန်၏ ကြယ်စီရင်စုအား ဝါးမျိုသန့်စင်လိုက်ခြင်းဖြင့် ရန်ကိုင်မှာ လက်စားပြန်ချေနိုင်ခဲ့ပြီဖြစ်ပါသော်ငြား ဝူဟန်အား အမှန်တကယ် ထိခိုက်သွားအောင် မလုပ်နိုင်သေးပေ။ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးတစ်ခုလုံး ဝါးမျိုပစ်ခံလိုက်ရသည့်အခါမှသာလျှင် ဝူဟန် အမှန်တကယ်ကို ကြေကွဲဝမ်းနည်းသွားရပေလိမ့်မည်။

ရန်ကိုင် တစ်ဖက်ကြယ်စီရင်စုထဲဆီသို့ နောက်တစ်ကြိမ်သွားပေတော့မည်။ ယခုတစ်ကြိမ်မှာတော့ ပထမတစ်ကြိမ်နှင့် မတူ။ ပထမတစ်ကြိမ်ကမူ လီကျောက်နှင့် လျူစန်းနျန်တို့အား ကယ်ဆယ်ရန်ဖြစ်လေသည်။ ကယ်ဆယ်ပြီးပြီးချင်းမှာပင် ရန်ကိုင်သည် ထိုနေရာမှ ချက်ချင်းပြန်ဆုတ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူကား ထိုသို့မဟုတ်တော့ဘဲ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်လုပ်ရန်အတွက်သာ ဖြစ်လေသည်။

အခြားသောအကြောင်းအရင်းတစ်ခုမှာတော့ လောကဓာတ်လုံးကိုလည်း ပြန်ပြင်ရန် လိုသေးသည့်အတွက်ကြောင့်ပင်။ ဤလောကကြီး၌ အလကားရသည့် နေ့လည်စာဟူ၍မရှိပေ။ လောကဓာတ်လုံးမှာ ဝူဟန်ကြောင့် ထိခိုက်သွားရလေရာ ဝူဟန်အနေဖြင့် သူ့အား တန်ရာတန်ကြေး ပြန်လျှော်ပေးသင့်သည်မှာ သဘာဝသာ ဖြစ်လေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲ လောကဓာတ်လုံးအား ပြန်ပြင်ပေးနိုင်မည့် ပစ္စည်းပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ စိတ်ပိုင်းဖြတ်လိုက်ပြီးသည့်နောက်တွင် အမှောင်ထုထဲသို့ တုံ့ဆိုင်းခြင်းမရှိ ခုန်ဝင်သွားခဲ့လေသည်။

တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ၌ ရှိနေသော တွင်းနက်ကြီးသည် ယခုဆိုလျှင် မိုင်ပေါင်းသောင်းနှင့်ချီ ကျယ်ဝန်းနေခဲ့ပြီဖြစ်ကာ အနီးအနား၌ရှိနေကြသော ကြယ်သေများသည်ပင်လျှင် ထိုတွင်းနက်ကြီးထဲ ဝါးမျိုခြင်း ခံထားခဲ့ရသည်။

ထိုအချိန်အတောအတွင်း ဝူဟန်မှာတော့ အနက်ရောင်တွင်းနက်ကြီး ပြန့်ကားထွက်လာနေသည်ကို အတတ်နိုင်ဆုံး တားဆီးနေရင်းမှ နောက်သို့ အဆက်မပြတ် ဆုတ်နေခဲ့ရလေသည်။ သူ၏ကြိုးစားမှုများသည် တွင်းနက်ကြီးပြန့်ကားထွက်နေသည့်နှုန်းကို နှေးရုံလေးသာ နှေးစေနိုင်ခဲ့ပြီး အပြည့်အဝ ရပ်တန့်သွားစေနိုင်ခြင်းတော့ မရှိပေ။

ရုတ်တရက်ဆိုသလို တွင်းနက်ကြီးမှာ ဆက်လက်ပြန့်ကားထွက်မနေတော့ဘဲ ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် ဝူဟန်မှ ကောင်းကောင်းမပျောနိုင်သေးခင်မှာပင် တွင်းနက်ကြီးမှာ နောက်တစ်ကြိမ် ပြန့်ကားထွက်လာပြန်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ တွင်းနက်ကြီးပြန့်ကားထွက်လာနေသည့်နှုန်းသည် ယခင်ကထက်ပင် ပိုမိုမြန်ဆန်နေခဲ့လေသည်။ ဝူဟန်စိတ်ထဲ အံ့အားသင့်နေစဉ်မှာပင် ဧရာမတွင်းနက်ကြီးထဲမှ လူတစ်ဦး ခုန်ထွက်လာခဲ့လေသည်။ ထိုလူကိုမြင်လိုက်သည့်အခိုက် ဝူဟန်၏မျက်လုံးများ ဒေါသကြောင့် နီရဲတက်လာခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ “ခွေးသူတောင်းစား… မင်း ဒီကိုလာရဲတယ်လား…”

သူ့ရှေ့တွင်ပေါ်လာသည့်လူမှာ ရန်ကိုင်မှလွဲ၍ မည်သူများ ဖြစ်ပါဦးမည်နည်း။ ထိုကောင်လေးသည် သူ့ပိုင်နက်နယ်မြေများကို ဝါးမျိုစားသောက်ပစ်ပြီးသည့်နောက် သူ့ပိုင်နက်ထဲသို့ပင် လာရဲလိမ့်မည်ဟု ဝူဟန်မထင်ထားခဲ့ပေ။ ထိုကောင် သေခြင်းတရားဆိုသည့် စကားလုံးကို မည်ကဲ့သို့ရေးရမလဲဆိုသည်ကို မသိလေသလော။

သို့သော်ငြား ဝူဟန်မှာ တစ်ခုခုအား အလျင်အမြန် နားလည်သွားခဲ့လေသည်။ ရန်ကိုင် ဤနေရာသို့ ရောက်နေလျှင် တွင်းနက်ကြီးပြန့်ကားထွက်နေသည်မှာ ဘာကြောင့်များ ရပ်တန့်သွားခြင်းမရှိဘဲ ယခင်ကထက်ပင် ပိုမိုမြန်ဆန်လာရလေသနည်း။

ရှင်းရှင်းပြောရသော် သက်ဆိုင်ရာကြယ်စီရင်စုထဲတွင် ရှိမနေတော့ဘဲ ကြယ်စီရင်စုသခင်တစ်ပါးသည် ကြယ်စီရင်စုအား အခြားကြယ်စီရင်စုတစ်ခုကို ဝါးမျိုပစ်အောင် မလုပ်နိုင်ပေ။ ထို့အတွက်ကြောင့် ရန်ကိုင် ဤနေရာ၌ ပေါ်လာပြီးသည့်နောက်တွင် ဟုန်းလော့ကြယ်စီရင်စုမှ တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုနေခြင်းမှာ ရပ်တန့်သွားသင့်ပေသည်။

(ဘာလဲ… သူက ကြယ်စီရင်စုသခင် မဟုတ်တာလား… ငါပဲ အထင်မှားနေခဲ့တာလား… မဟုတ်သေးဘူး… အရင်တစ်ကြိမ် ငါ သူ့ကိုတိုက်ခိုက်တုန်းက ဟုန်းလော့ကြယ်စီရင်စုရဲ့စွမ်းအားကို သုံးသွားတာ လုံးဝသေချာတယ်… မဟုတ်လို့ရှိရင် လက်သီးတစ်ချက်တည်းနဲ့ ငါ လွင့်ထွက်သွားစရာအကြောင်း လုံးဝမရှိဘူး…)

ရန်သူကိုပြန်မြင်လိုက်သည့်အခိုက် ဝူဟန်၏မျက်လုံးထဲ အမုန်းမီးတောက်တို့ တောက်လောင်လာခဲ့လေသည်။ ဘာကိုမှပင် စဉ်းစားမနေတော့ဘဲ ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “ဒီနေရာကိုရောက်လာတယ်ဆိုမှတော့ သေဖို့ပြင်ထားပေတော့…”

ယခင်က ရန်ကိုင်လက်စာ နှစ်ကြိမ်မိထားသည့်အလျောက် ဝူဟန်မှာ အနည်းငယ်မျှပင် သတိလက်လွတ် မနေရဲခဲ့ပေ။ ချက်ချင်းပဲ စွမ်းအားကုန်ကိုထုတ်သုံး၍ ရန်ကိုင်ဆီသို့ သူ့လက်ကိုဆန့်ထုတ်ကာ ဖျစ်ညှစ်ချလိုက်လေသည်။

ရန်ကိုင်မှာ သူ့တစ်ကိုယ်လုံးအား တစ်စုံတစ်ခုမှ တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်ထားသလို ခံစားလိုက်ရလေသည်။ အရိုးကျိုးသံများနှင့်အတူ ရန်ကိုင်မှာ ရွှေရောင်သွေးတစ်ပွက်ကို ထိုးအန်ချလိုက်လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ တစ်ပါးသူ၏ပိုင်နက်ထဲ ရောက်နေသည့်အတွက်ကြောင့် ယခုကဲ့သို့ခံစားရသည်မှာ အဆန်းတော့မဟုတ်ပေ။ သို့တိုင် ရန်ကိုင်မှာ ထိတ်လန့်သွားခဲ့ခြင်းမရှိဘဲ ဝူဟန်ကိုသာ ပြုံး၍ ကြည့်နေခဲ့သည်။

ရန်ကိုင်၏ လှောင်ပြောင်လိုရိပ်တို့ ပြည့်နေသော အပြုံးကို မြင်လိုက်သော် ဝူဟန် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ရန်ကိုင် ဤနေရာသို့ ရောက်နေသည်မှာ အကြောင်းမဲ့မဟုတ်ဘဲ သူ့အား ထိခိုက်စေမည့် ကိစ္စတစ်ခုခုကို လုပ်ရန် လာခြင်းသာ ဖြစ်သည်ဟု ခံစားလိုက်ရလေသည်။ ထို့နောက်တွင် ဝူဟန်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။

ဝူဟန်မှာ ရန်ကိုင်အပေါ် အာရုံစိုက်မိလိုက်သည့်အတွက်ကြောင့် တွင်းနက်ကြီးအား တားဆီးရာတွင် သတိလက်လွတ် ဖြစ်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် တွင်းနက်ကြီးပြန့်ကားထွက်နေသည့်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လာခဲ့လေရာ တစ်ခဏလေးအတွင်းမှာပင် တစ်စပြင်ကန္တာရကြယ်စီရင်စုအစိတ်အပိုင်းများစွာကို ဆုံးရှုံးသွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်ခဏလေးအတွင်း၌ ဝူဟန်မှာ မိုင်တစ်ထောင်ခန့် ဆုံးရှုံးသွားခဲ့ရသည်။ တွင်းနက်ကြီး၏ ယခင်ပြန့်ကားထွက်နေသည့်နှုန်းမှာ ယခုနှုန်းနှင့်ယှဉ်လိုက်သော် လိပ်တစ်ကောင်သွားနေသလိုပင် ဖြစ်နေလေသည်။

ဝူဟန်ရပ်နေသည့်နေရာမှာ တွင်းနက်ကြီးရှိနေရာနှင့် သိပ်မဝေးလှ။ ထို့အတွက်ကြောင့် တွင်းနက်ကြီး၏အရွယ်အစားမှာ ရုတ်ချည်းဆိုသလို ဆတက်ထမ်းပိုး ကြီးမားလာခဲ့လေရာ ဝူဟန်ကိုပင်လျှင် ဝါးမျိုခါနီး ဖြစ်သွားခဲ့ရသည်။ ဝူဟန်မှာတော့ အထိတ်ထိတ်အလန့်လန့်ဖြင့် ချက်ချင်း မိုင်ထောင်ပေါင်းများစွာအကွာသို့ အလျင်စလို ပြန်ဆုတ်သွားခဲ့ရလေသည်။

ခပ်လှမ်းလှမ်းသို့ပြန်ဆုတ်ပြီးသည့်နောက်တွင် ဝူဟန်မှာ အနည်းငယ်မျှပင် တုံံ့နှေးမနေရဲတော့ပဲ ကြယ်စီရင်စုအမြုတေနှင့် ဆက်သွယ်ရန် တွင်းနက်ကြီးအား ဖိနှိပ်ရန် နောက်တစ်ကြိမ်ကြိုးစားလိုက်သည်။

ဝူဟန်၏တားဆီးမှုကြောင့် အမှောင်ထုပြန့်ကားထွက်နေသည့်နှုန်းမှာ နှေးကျသွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဝူဟန်၏ဖိနှိပ်မှုအောက်မှ ရုန်းထွက်လိုက်သည်။ ထို့နောက် ထွက်ပြေးမည့်အရိပ်အယောင်မပြဘဲ လက်ပိုက်၍ပင် ထိုနေရာ၌ ရပ်နေလိုက်လေ၏။

ဝူဟန်အား ပြောင်တောင်တောင်နောက်တောက်တောက် အမူအယာဖြင့် ကြည့်နေရင်းမှ ရန်ကိုင်က မေးလိုက်သည်။ “ပျော်လား…”

“မင်းသေချင်နေတာလား…” ဝူဟန်၏နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့မှာလည်း သူ့ဆီမှ ဒီရေလှိုင်းလုံးပမာ စီးထွက်လာခဲ့လေသည်။

ရန်ကိုင်သည် ရယ်သွမ်းသွေးရင်းမှ နှုတ်ခမ်းထောင့်၌ စီးကျနေသော သွေးများကိုသုတ်၍ ပြောလိုက်လေသည်။ “အဲ့ဒါဆို ငါ့ကိုလာသတ်လေ…”

ဝူဟန်၏မျက်ခမ်းများ တဆတ်ဆတ် တုန်ရီသွားတော့လေသည်။

ရန်ကိုင်၏စွမ်းအားကို မြင်ပြီးသည့်အလျောက် ရန်ကိုင်သည် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားမှန်း ဝူဟန်သိပေသည်။ ထိုကဲ့သို့သောလူတစ်ဦးကို သတ်လိုက်၍ မည်ကဲ့သို့သောအကျိုးဆက်မျိုးနှင့် ရင်ဆိုင်ရမလဲဆိုသည်ကို ဝူဟန်မသိ။ ထိုအချက်ကိုထည့်မတွက်လျှင်ပင် သူ့လက်ရှိစွမ်းအားဖြင့် ရန်ကိုင်အား အချိန်တိုလေးအတွင်း သတ်ပစ်နိုင်မည်ဟု ဝူဟန်မယုံကြည်ပေ။

အစောပိုင်းက ဝူဟန်ထုတ်သုံးလိုက်သည့်စွမ်းအားမှာ မနည်းလှပေ။ သို့တိုင် ရန်ကိုင်မှာ ဒဏ်ရာအချို့သာ ရသွားခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် တစ်ဖက်လူ၏ခန္ဓာကိုယ် မည်မျှမာကျောအားကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။ (ဒါပေမယ့် ငါသာ သူ့ကို မြန်မြန်မသတ်နိုင်ဘူးဆိုရင် ဒီတွင်းနက်ကြီးပြန့်ကားထွက်နေတဲ့နှုန်းက တအားမြန်သွားမှာ… အဲ့အခါကျရင် ကြယ်စီရင်စုတင်မဟုတ်ဘူး… ငါပါ ဒုက္ခရောက်သွားနိုင်တယ်…)

သူ့ရင်ထဲရှိ ဒေါသ၊ မကျေနပ်မှုတို့သည် ဝူဟန်၏ ရင်အစုံအပေါ် ဖိချနေသည့် တောင်တစ်လုံးပမာ ဖြစ်လာခဲ့လေသည်။ ထိုအမုန်းတရားများကြောင့် ဝူဟန်မှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့။ သူ့ကြယ်စီရင်စုကြီးထဲ ယခုကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံရလိမ့်မည်ဟု ဝူဟန် တစ်ခါမျှ စိတ်ကူးခဲ့ဖူးခြင်း မရှိချေ။ ထိုခွေးသူတောင်းစားကောင် မည်သည့်နေရာမှ ရောက်လာလေသနည်း။ ဘာကြောင့်များ ထိုခွေးသူတောင်းစားကောင်၏နာမည်ကို တစ်ခါမှ မကြားဖူးရလေသနည်း။ ထိုကောင်သည်သာ တက်သစ်စကြယ်တစ်ပွင့်ဆိုလျှင် သူ့ခွန်အားသည် လုံးဝကို မယုံကြည်နိုင်စရာ ကောင်းသွားလေပြီ။

“မင်းက အပြောပဲရှိပြီးတော့ တကယ်ကျ ဘာမှမဟုတ်တဲ့ကောင်ပဲ…” ဝူဟန်၏သတ်ဖြတ်လိုစိတ်ကို ရန်ကိုင် အသေအချာခံစားမိပေသည်။ သို့တိုင် ကြောက်ရွံ့နေခြင်းမရှိဘဲ ဝူဟန်၏ဒေါသကိုပင် ထပ်ဆွနေပေသေးသည်။ မသိလျှင် ဝူဟန် ဒေါသထွက်၍ သွေးမအန်မချင်း ရန်ကိုင်မှာ မကျေနပ်သည့်အလား။

“ဆိုးတာပဲ… ငါ အခု နောက်ပြောင်ချင်စိတ်မရှိသေးဘူးကွ…” ရန်ကိုင်သည် ခေါင်းကိုဖြည်းဖြည်းခါယမ်းရင်းမှ ပြောလိုက်သည်။ ဝူဟန်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေပြီးသည့်နောက် ထပ်၍ပြောလိုက်လေ၏။ “မင်းစောင့်နေ… ပြီးရင် မင်းဆီ ငါပြန်လာခဲ့မယ်…”

ထိုသို့ပြောပြီးသည့်နောက် လည်ပင်းအား လက်ဖြင့် တိခနဲ ဖြတ်လိုက်သည့်ပုံစံမျိုး လုပ်ပြလိုက်လေသည်။ ထိုသို့လုပ်ပြပြီးသည့်နောက် ရန်ကိုင် ပြန်လှည့်ထွက်သွားလေသည်။

“အဲ့မှာရပ်လိုက်…” ဝူဟန်က လှမ်း၍အော်ပြောလိုက်သည်။ ထို့နောက် သူ၏အတွေးတစ်ချက်နှင့်အတူ ရန်ကိုင်ပတ်လည်ရှိ ဟင်းလင်းပြင်သည် လှောင်အိမ်တစ်ခုအသွင်သို့ ပြောင်းသွားပြီး ရန်ကိုင်အား ပိတ်လှောင်ထားပစ်လိုက်လေသည်။ သို့သော်ငြား ဝူဟန် ထိုကဲ့သို့သတိလက်လွတ် ဖြစ်သွားစဉ်အတောအတွင်း အနက်ရောင်တွင်းနက်ကြီးမှာ လျင်မြန်စွာ ပြန့်ကားထွက်လာခဲ့လေသည်။ အနက်ရောင်တွင်းနက်မှာ မျက်တောင်တစ်ခတ်အတွင်း ဝူဟန်နားသို့ ရောက်လာသည့်အတွက်ကြောင့် ဝူဟန်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ကပျာကယာ အနက်ရောင်တွင်းနက်ကို ပြန်လည်ဖိနှိပ်လိုက်ရလေသည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ဝူဟန်ဘက်သို့လှည့်ကြည့်၍ ပြောလိုက်လေ၏။ “ပြောစရာရှိရင်ပြော…”

ဝူဟန် ဒေါသ ထောင်းခနဲထွက်သွားခဲ့သည်။ (ဒီခွေးကောင်ကတော့ကွာ…) တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုသခင် ဖြစ်လာပြီးသည့်အချိန်မှစ၍ ဝူဟန်မှာ ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားရသည့်ပမာ ခံစားလာခဲ့ရသည်။ သူ့အား မလေးမစားလုပ်သည့်လူမှန်သမျှ တမလွန်ဘဝသို့ ရောက်သွားကုန်ကြလေပြီ။ ရှင်းရှင်းပြောရသော် ဝူဟန်မှာ ရန်ကိုင်ကို အမှန်တကယ်ကို သတ်ပစ်ချင်နေမိသည်။ သူသာ တကယ်ကြိုးစားမည်ဆိုလျှင် ရန်ကိုင်အား သူ့ပိုင်နက်ထဲတွင် သတ်ပစ်ကောင်း သတ်ပစ်နိုင်လိမ့်မည် ဖြစ်ပါသော်ငြား သူ့ဘက်မှ ပြန်ပေးဆပ်ရမည့် တန်ကြေးမှာမူ သူပင် လက်သင့်မခံနိုင်သည့် ပမာဏမျိုး ဖြစ်ပေသည်။

(ငါ တကယ်ကို ကျဉ်းထဲကြပ်ထဲ ရောက်နေတာပဲ…) ထို့နောက်တွင် ဝူဟန်သည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် သူ့ရင်ထဲရှိ ဒေါသကို ချုပ်တည်းလိုက်ရင်းမှ အလျင်အမြန် ပြန်ပြောလိုက်သည်။ “ဒီလောကကြီးမှာ ရန်သူတွေဖြစ်တာထက် မိတ်ဆွေတွေဖြစ်တာ ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိတယ်မလား… ငါ ဟုန်းလော့ကြယ်စီရင်စုကို ဝါးမျိုဖို့ကြိုးစားတာက အဲ့ကြယ်စီရင်စုမှာ ကြယ်သခင်မရှိမှန်း အာရုံခံမိလို့ပဲ… အခု မင်းက အဲ့ကြယ်စီရင်စုရဲ့ ကြယ်စီရင်စုသခင် ဖြစ်လာပြီဆိုမှတော့ ငါ ဟုန်းလော့ကြယ်စီရင်စုကို ဝါးမျိုဖို့ ကြိုးစားတော့မှာမဟုတ်ဘူး… အဲ့ဒါကြောင့် ဘာဖြစ်လို့ ဒီတိုင်းပဲ အေးအေးဆေးဆေး မနေလိုက်ကြတာလဲ… ငါတို့သာ ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ကြယ်စီရင်စုကြီးနှစ်ခုလုံးမှာ ရှိနေတဲ့ လူတွေအကုန်လုံး ဒုက္ခရောက်ကြရလိမ့်မယ်…”

ရန်ကိုင်သည် ဝူဟန်အား အံ့အားသင့်တကြီးဖြင့် ကြည့်ရင်းမှ “မင်း အသနားခံနေတာလား…”

ဝူဟန်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ “အခုပြဿနာအတွက် အဖြေတစ်ခုကို ပြောပြရုံပဲ…”

(အသနားခံရမယ် ဟုတ်လား… ဒီကောင် လာနောက်နေတာလား… တကယ်မတိုက်ခိုက်ရသေးဘဲနဲ့ ဘယ်သူနိုင်မလဲ ဘယ်သူမှမပြောနိုင်ဘူးကွ… အားကောင်းတဲ့ရန်သူတစ်ယောက်နဲ့ ပြဿနာမဖြစ်ချင်လို့သာ အလျှော့ပေးနေတာ…)

“အို… အဖြေပေးတာလား… အဲ့ဒါဆိုရင်တော့…” ရန်ကိုင်က စိတ်ပျက်သွားဟန်ဖြင့် ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “အဖြေကောင်းတစ်ခုမဟုတ်သေးဘူး…”

“ဘာဖြစ်လို့လဲ… ငြိမ်းငြိမ်းချမ်းချမ်းနေတာ ငါတို့နှစ်ယောက်စလုံးအတွက် အကျိုးရှိတယ်လေ…” ဝူဟန်က ပြန်ပြောလိုက်သည်။

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ဒီတိုင်းလုပ်လိုက်ရင် ငါ့ဘက်က နစ်နာသွားမှာပေါ့… မင်းတုန်းက မင်း တစ်စပြင်ကန္တာရကြယ်စီရင်စုကလူတွေအကုန်လုံးကို စေလွှတ်ပြီးတော့ ငါ့ပိုင်နက်ထဲမှာ သောင်းကျန်းခိုင်းတာ… မင်းလက်ချက်ကြောင့် ငါ့ကြယ်စီရင်စုထဲက သေသွားတဲ့လူတွေ နည်းတာမဟုတ်ဘူး… အဲ့ဒါကို ငါက ဒီတိုင်းပဲ ရပ်ကြည့်ပေးနေရမှာလား…”

ထိုစကားကိုကြားသော် ဝူဟန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်၍ပြောလိုက်လေသည်။ “အဲ့ဒါလည်းဟုတ်ပါတယ်… အခုဟာကို မမျှတဘူးလို့ ထင်နေလို့ရှိရင် ငါ မင်းကို လျော်ကြေးပြန်ပေးမယ်…”

“ဘာလျော်ကြေးပေးမှာလဲ…”

ဝူဟန်က ပြန်ပြောလိုက်သည်။ “မင်းအခု ဝါးမျိုထားတဲ့ ကြယ်တာရာကောင်းကင်အစိတ်အပိုင်းကို မင်းပဲယူလိုက်…”

ရန်ကိုင်က အော်ရယ်မောလျက် “အဲ့ဒါက ငါ့အပိုင်ဖြစ်နေပြီလေ… မင်းပြန်ယူနိုင်လို့လား…”

ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသဖြင့် ဝါးမျိုထားသော ကြယ်တာရာကောင်းကင်အစိတ်အပိုင်းသည် ဟုန်းလော့ကြယ်စီရင်စုကြီးနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည့်အလျောက် ဝူဟန်မည်မျှပင်အားကောင်းနေစေကာမူ ဆုံးရှုံးသွားသည့်ထိုအစိတ်အပိုင်းများကို ပြန်လည်လုယူနိုင်တော့လိမ့်မည်မဟုတ်ပေ။

ဝူဟန်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်၍ပြောလိုက်လေ၏။ “အဲ့ဒါဆို မင်း ဘာလိုချင်တာလဲ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၇၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် သူ့မေးစေ့ကို ပွတ်ရင်း တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ "ခင်ဗျားက အခုလိုမျိုး တောင်းဆိုလာနေမှတော့လည်း ကျုပ်ဘက်ကလည်း အခွင့်အရေး ပေးရသေးတာပေါ့"

ရန်ကိုင်၏ စကားကို ကြားသော် ဝူဟန်၏ ရင်ထဲ ဒေါသတို့ အလိပ်လိပ် ထွက်လာခဲ့ရသည်။ သို့တိုင် အခြေအနေမှာ သူ့ဘက်သို့ အလေးမသာနေသည့်အတွက်ကြောင့် ဒေါသကို ကြိတ်မှိတ်မျိုသိပ်ရင်းမှသာ ပြန်၍ ပြောလိုက်ရ၏။ "သေသေချာချာပြော"

ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို ဖြန့်၍ ပြောလိုက်လေသည်။ "ဒီကြယ်စီရင်စုတစ်ဝက်ကို လိုချင်တယ်"

ရန်ကိုင်၏ စကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဝူဟန်၏ နဖူးထက် သွေးကြောများ ထောင်တက်လာတော့လေသည်။ "အိပ်မက်သာ မက်နေလိုက်"

သူ့မာနနှင့် ဂုဏ်သိက္ခာကို ထည့်မတွက်လျှင်ပင် ဝူဟန်အနေဖြင့် ဤကဲ့သို့သော တောင်းဆိုမှုမျိုးကို မည်သည့်နည်းနှင့်မျှ ခွင့်ပြုနိုင်စရာ အကြောင်းမရှိပေ။ သူသာ တစ်စပြင်ကန္တာရကြယ်စီရင်စု တစ်ဝက်ကို ရန်ကိုင် လက်ထဲသို့ ထည့်ပေးလိုက်မည်ဆိုပါက တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးအား လုံးဝ ဆုံးရှုံးလိုက်ရပေလိမ့်မည်။ [အဲလိုသာ လုပ်မယ်ဆိုရင် ငါ သူပြုသမျှ နုရမဲ့ဘဝကို ရောက်သွားမှာ၊ ကိုယ့်သေတွင်းကိုယ်တူးမဲ့ လုပ်ရပ်မျိုးတော့ လုပ်ရလောက်တဲ့အထိ ငါမရူးသေးဘူးကွ]

ရန်ကိုင်က အလျင်အမြန် ထပ်ပြောလိုက်လေသည်။ "အခွင့်အရေးက ခင်ဗျားအရှေ့မှာ ရှိနေတာနော်၊ အခွင့်အရေးကို ရတုန်း မဆုပ်ကိုင်ထားဘူးဆိုရင် ခင်ဗျား အခုလို အခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်ရတော့မှာ မဟုတ်ဘူး"

ဝူဟန်သည် သူ့ရင်ထဲရှိ ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းရင်းမှ ခေါင်းခါရင်း ပြန်ပြောလိုက်သည်။ "အဲလိုတော့ လုပ်ပေးလို့ မရဘူး၊ ရောင်းရင်း မင်း အခြားတစ်ခုကို ပြောလိုက်"

ရန်ကိုင်က ပခုံးတွန့်လျက် "အဲလိုဆိုမှတော့ ဘာမှ ထပ်ပြောနေစရာ မရှိတော့ဘူးပေါ့" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လှည့်ထွက်ရန် လုပ်လိုက်လေသည်။

ဝူဟန်က အလျင်စလို ပြောလိုက်သည်။ "ကြယ်စီရင်စုတစ်ဝက်ကို ပေးလို့မရပေမဲ့ ကျင့်ကြံရေးကြယ်တစ်လုံးကိုတော့ ပေးလို့ရတယ်၊ အဲဒါ မင်းဆုံးရှုံးသွားတာတွေအတွက် လျော်ကြေးပေးတာလို့ သဘောထားလိုက်ပေါ့"

[ကြယ်စီရင်စုတစ်ဝက်ပေးလို့ မရပေမဲ့ ကျင့်ကြံရေးကြယ်တစ်လုံးလောက်ကတော့ ဘာမှ မထိခိုက်လောက်ပါဘူး၊ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲမှာ ကျင့်ကြံရေးကြယ်တွေ အများကြီး ရှိနေတာ၊ တစ်လုံးလောက် ဆုံးရှုံးသွားလည်း ကိစ္စတော့မရှိဘူး]

ရန်ကိုင်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး ဝူဟန်ဘက်သို့ ပြန်လှည့်ကြည့်ကာ မေးလိုက်လေသည်။ "တကယ်လား"

ရန်ကိုင်၏ ပုံစံကို မြင်သော် ဝူဟန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့တိုင် ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်လေသည်။ "ဟုတ်တယ်၊ တကယ်ပြောတာ"

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ ဒါဆိုရင် မရဏဂိုဏ်းရှိတဲ့ ကျင့်ကြံရေးကြယ်ကို ကျုပ်လိုချင်တယ်"

ဝူဟန်သည် တစ်ချက်မျှပင် စဉ်းစားမနေခဲ့ဘဲ ပြန်၍ ပြောလိုက်သည်။ "ရတယ်"

တစ်ချက်မျှ ရပ်နေပြီးသည့်နောက် ဝူဟန်က ဆက်၍ ပြောလိုက်လေ၏။ "ဒီနေ့ကစပြီးတော့ မရဏကြယ်က မင်းအပိုင် ဖြစ်သွားပြီ"

မရဏဂိုဏ်းမှာ လုံးဝ ရှင်းပစ်ခံလိုက်ရပြီဟုပင် ပြော၍ရပေသည်။ ထိပ်တန်းအကြီးအကဲများအားလုံး သေဆုံးကုန်ကြပြီး အသက်ရှင်ကျန်ရစ်နေသူများထဲ အတော်အသင့် အားကောင်းသည့်လူ တစ်ယောက်စ၊ နှစ်ယောက်စသာ ရှိတော့သည်။ ထို့အပြင် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ သခင်ဖြစ်သည့်အလျောက် ဝူဟန်မှ ယခုကဲ့သို့ ဆုံးဖြတ်သည်ကို မည်သူမျှ ကန့်ကွက်နိုင်ခြင်း မရှိကြပေ။ ဝူဟန် မရဏကြယ်အား ရန်ကိုင်အား ပေးလိုက်မည်ဆိုလျှင်ပင် ရန်ကိုင်မှ ဟုန်းလော့ကြယ်စီရင်စုထဲသို့ ယူသွားနိုင်သည်မှလည်း မဟုတ်လေဘဲ။ ထိုအကြောင်းကြောင့်ပင်လျှင် ဝူဟန် ဤအတိုင်း ပြောလိုက်ခြင်းသာဖြစ်ပါသော်ငြား ရန်ကိုင်သည် သူ၏ ကမ်းလှမ်းချက်ကို တကယ်ကြီး သဘောတူလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "အဲဒါဆိုရင် ရောင်းရင်းဝူ မရဏကြယ်ကို ပြပေးပါလား၊ ကျုပ်ရဲ့ ပိုင်နက်အသစ်ကို ကြည့်ကြည့်ချင်လို့"

ပြောနေရင်းမှ ကျောက်တုံးကိုယ်ပွားနှင့် ဆက်သွယ်၍ တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုနေသည့် နှုန်းကို လျှော့ချရန် ပြောလိုက်လေသည်။

ဝူဟန်သည်လည်း တွင်းနက်ကြီး ပြန့်ကားလာနေသည့်နှုန်း နှေးကျသွားသည်ကို သတိထားမိလိုက်ပြီး ရန်ကိုင်အား အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင် ဘာလုပ်လိုက်သလဲဆိုသည်ကို မသိပါသော်ငြား တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ၌ ရှိနေသည့်တိုင် ဟုန်းလော့ကြယ်စီရင်စုအား ထိန်းချုပ်နိုင်သည်မှာတော့ လုံးဝကို သေချာပေသည်။

[ထူးဆန်းလိုက်တာ ငါတို့နှစ်ယောက်စလုံးက ကြယ်စီရင်စုသခင်တွေပဲ၊ ဒါပေမဲ့ ငါကျ ဘာလို့ သူ့လို မလုပ်နိုင်ရတာလဲ၊ ငါသာ ဟုန်းလော့ကြယ်စီရင်စုထဲ ဝင်သွားရင် တစ်စပြင်ကန္တာရကြယ်စီရင်စုနဲ့ လုံးဝကို ဆက်သွယ်နိုင်မှာ မဟုတ်ဘူး၊ တစ်စပြင်ကန္တာရကြယ်စီရင်စုကို ထိန်းချုပ်ဖို့ဆိုရင်တော့ ဝေလာဝေး]

တွင်းနက်ကြီး ပြန့်ကားလာနေသည့်နှုန်း လျော့ကျသွားချိန်တွင် ရန်ကိုင်အား ချက်ချင်း သတ်ပစ်လိုက်လျှင် ကောင်းမလားဟူသော အတွေး ဝူဟန်၏ စိတ်ထဲ ပေါ်လာခဲ့သည်။ သို့သော်ငြား ထိုအတွေးမှာ တစ်ခဏလေး ပေါ်လာခြင်းသာဖြစ်ပြီးသည့်နောက် ချက်ချင်းဆိုသလို ဝူဟန် ခေါင်းထဲမှ ပြန်၍ ပျောက်ကွယ်သွားခဲ့လေသည်။ ဝူဟန်တွင် ထို့ထက်ပို၍ ကောင်းသည့် အကြံတစ်ခု ရှိပြီးသားပင်။

"မင်းခွန်အားကို ထိန်းထားနော် မဟုတ်ရင် ငါမင်းကို အဲဒီနေရာဆီ ပို့ပေးလို့ရမှာ မဟုတ်ဘူး" ဝူဟန်သည် ရန်ကိုင်အား ကြည့်ရင်းမှ ပြောလိုက်သည်။

ရန်ကိုင်လည်း ကျောက်တုံးကိုယ်ပွားနှင့် ထပ်မံဆက်သွယ်၍ အနည်းငယ် ထိန်းထားရန် ပြောလိုက်လေသည်။ ထိုသို့ဖြင့် ဟုန်းလော့ကြယ်စီရင်စုမှ ထွက်ပေါ်လာနေသော ဖိအားမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်သည် ဝူဟန်ဘက်သို့ လှည့်၍ သတိကြီးကြီး အမူအရာဖြင့် မေးလိုက်လေသည်။ "ဒီအခွင့်အရေးကို ခင်ဗျားအသုံးချပြီးတော့ ကျုပ်ကို တိုက်ခိုက်မှာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား"

ဝူဟန်က တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်၍ ပြောလိုက်လေသည်။ "ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းငါ့ကို မယုံရင် ငါဘာမှ လုပ်ပေးလို့ရမှာ မဟုတ်ဘူး"

ရန်ကိုင်သည် သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ "ထားလိုက်တော့ ဘာမှမဖြစ်ပါဘူး၊ ကဲ ကျုပ်ကို ပို့ပေးပေတော့"

"ကောင်းပြီ" ဝူဟန်သည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ရန်ကိုင်အနောက်ဘက်တွင် ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် ဟင်းလင်းပြင်လိုဏ်ခေါင်းအား တစ်ခဏမျှ ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ထပ်တလဲလဲ ခေါင်းခါ၍ ပြန်ပြောလိုက်လေ၏။ "ကျုပ်စိတ်ထဲ မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်၊ အကြီးအကျယ်ကို မကောင်းတဲ့ ခံစားချက်ပဲ"

ထိုစကားကို ကြားသော် ဝူဟန်၏ နှုတ်ခမ်းများ တစ်ဆတ်ဆတ် တုန်ယင်သွားခဲ့လေသည်။

"အခုထိ ငါ့ကို မယုံသေးတာလား" ဝူဟန် ရန်ကိုင်အပေါ် မကောင်းသည့် ရည်ရွယ်ချက်တစ်ခုခု ရှိနေပါသော်ငြား သူ ရန်ကိုင်အပေါ် ဘာလုပ်ချင်နေသလဲဆိုသည်ကိုတော့ မည်သည့်နည်းနှင့်မျှ ထုတ်ပြောလိမ့်မည် မဟုတ်။

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျား အထင်မှားနေပြီ"

"ဘာအထင်မှားတာလဲ" ဝူဟန်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"မကောင်းတဲ့ ခံစားချက်ရနေတယ်ဆိုတာ ကျုပ်အတွက် မဟုတ်ဘူး။ ခင်ဗျားအတွက်ပဲ၊ ရောင်းရင်းဝူ ခင်ဗျားမယုံဘူးဆိုရင် အနောက်ကို ပြန်လှည့်ကြည့်လိုက်ပါလား"

ဝူဟန်အနေဖြင့် နောက်သို့ လှည့်ကြည့်နေစရာပင် မလို။ ရန်ကိုင်ပါးစပ်မှ ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ဟုန်းလော့ကြယ်စီရင်စုမှ ထွက်ပေါ်လာနေသည့် ဖိအား ရုတ်တရက်ဆိုသလို မြင့်တက်လာကြောင်း ဝူဟန် ခံစားမိလိုက်လေသည်။ အထိတ်ထိတ်အလန့်လန့်နှင့် ဝူဟန်သည် ထိုဖိအားကို ခုခံရန် အသည်းအသန် ကြိုးစားလိုက်သည်။ သို့တိုင် အမှောင်ထု ပျံ့နှံ့လာနေသည်ကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။

ထိုအခိုက်အတန့်မှာပင် သူ့အနောက်ဘက်ဆီမှ တစ်ခုခုအား အာရုံခံမိလိုက်သည့်အတွက်ကြောင့် လှည့်ကြည့်လိုက်ရာ ရန်ကိုင်သည် ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်ရင်းမှ သူ့ဘက်သို့ လှည့်၍ ပြုံးကာ လက်ဝှေ့ယမ်းပြနေကြောင်း တွေ့လိုက်ရလေသည်။ "ကျေးဇူးအများကြီး တင်ပါတယ်နော် ရောင်းရင်းဝူ၊ နောက်တစ်နေ့ကျမှ ပြန်တွေ့ကြတာပေါ့"

"ခွေးသူတောင်းစား" ဝူဟန်က အော်ဟစ်ကျိန်ဆဲလိုက်လေသည်။ အတွေးတစ်ချက်နှင့်အတူ ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ ချက်ချင်းဆိုသလို ပြိုကျသွားခဲ့သည်။ ဝူဟန်မှာ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲ ရန်ကိုင်အား သတ်ဖြတ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်လေသည်။ သို့သော်ငြား ခြေတစ်လှမ်း နောက်ကျသွားခဲ့လေ၏။ တစ်ခဏအကြာ၌ ဝူဟန်၏ အမူအရာ ထပ်မံပြောင်းလဲသွားခဲ့ပြီး အော်ပြောလိုက်ပြန်လေသည်။ "ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်ရတာလဲ"

ရန်ကိုင်သည် ဟင်းလင်းပြင်လိုဏ်ခေါင်းမှတစ်ဆင့် မရဏကြယ်သို့ ရောက်နေခဲ့လေသည်။ မရဏကြယ်သည် လက်ရှိ ဝူဟန် ရှိနေသည့် နေရာဆီမှ မိုင်ပေါင်း သန်းနှင့်ချီကာ ဝေးကွာသည့် နေရာတစ်ခုတွင် ရှိနေခြင်းဖြစ်လေသည်။

[ဟုန်းလော့ကြယ်စီရင်စုက ဖြာထွက်နေတဲ့ ဖိအားက ဘာဖြစ်လို့ နည်းနည်းလေးမှ အားမနည်းသွားရတာလဲ] အစောပိုင်းက ဝူဟန် ထင်နေခဲ့သည်မှာတော့ ရန်ကိုင်မှ ဟုန်းလော့ကြယ်စီရင်စု၏ အမြုတေများကို ထိန်းချုပ်နိုင်ရခြင်းမှာ ဟုန်းလော့ကြယ်စီရင်စုအနီးတွင် ရှိနေသည့်အတွက်ကြောင့် ဖြစ်သည်ဟူ၍ပင်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အား ဟုန်းလော့ကြယ်စီရင်စုနှင့် ဝေးရာဆီသို့ ပို့ရန် စီစဉ်ထားခဲ့ခြင်းဖြစ်လေသည်။ ထိုစဉ်က ထိုအကြောင်းကို တွေးရင်း သူ့စိတ်ထဲ ကြိတ်ကာ ပျော်ခဲ့ရသည်။ ရန်ကိုင်သည်သာ တစ်စပြင်ကန္တာရကြယ်စီရင်စု အတွင်းပိုင်းထဲသို့ ရောက်သွားမည်ဆိုပါက ဟုန်းလော့ကြယ်စီရင်စုအမြုတေနှင့် သူ့အကြားရှိ ဆက်သွယ်ချက်မှာ ကျိန်းသေကို အားနည်းသွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် ဝူဟန်အနေဖြင့် ရန်ကိုင်အား အလွယ်တကူ ရှင်းပစ်နိုင်လေပြီ။

သို့သော်ငြား ယခုမှသာလျှင် ရန်ကိုင် ဘာကြောင့် တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်ချက် ရှိနေရသလဲဆိုသည်ကို နားလည်သွားရတော့သည်။ အကြောင်းမှာ ရန်ကိုင် တစ်စပြင်ကန္တာရကြယ်စီရင်စု အတွင်းပိုင်းသို့ ရောက်သွားသည့်တိုင် ဟုန်းလော့ကြယ်စီရင်စုဆီမှ ဖြာထွက်နေသည့် ဖိအားမှာ အနည်းငယ်မျှပင် အားမနည်းသွားသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့အပြင် ယခင်ကထက်ပင် ပို၍ အားကောင်းလာခဲ့လေရာ ဝူဟန်မှာ ပျံ့နှံ့လာနေသည့် အမှောင်ထုအား တားဆီးနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ရလေသည်။

သူ့အနေဖြင့် တွင်းနက်ကြီးအပေါ် အပြည့်အဝ အာရုံစိုက်နေခဲ့ရလေရာ ရန်ကိုင်အပေါ် မည်သို့မျှ အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။

[ဒါဆို သူက ဟုန်းလော့ကြယ်စီရင်စုရဲ့ ကြယ်စီရင်စုသခင် မဟုတ်တာလား] ဝူဟန်၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာတော့လေသည်။ ရန်ကိုင်အား မရဏကြယ်ဆီသို့ ပို့လိုက်သည်မှာ မှန်ကန်သော လုပ်ရပ်ပင် ဖြစ်ပါလေသလားဟု ဝူဟန် သံသယဝင်လာမိသည်။ သူ့စိတ်ထဲတွင်တော့ ရန်ကိုင်အား မရဏကြယ်ဆီသို့ ပို့လိုက်ခြင်းသည် ကိုယ့်ခြံဝန်းထဲ မီးတုတ်တစ်ခုကို ပစ်ချလိုက်ခြင်းဖြစ်သည်ဟု ခံစားနေရလေသည်။

မရဏကြယ်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ ထိပ်တန်းကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်ပေသည်။ ဤကြယ်သည် မရဏဂိုဏ်း၏ ပင်မကြယ်ကြီးဖြစ်သည့်အတွက်ကြောင့် ဟုန်းလော့ကြယ်စီရင်စုထဲတွင် ရှိနေသော နေလကြယ်အောက် နိမ့်ကျခြင်းမရှိပေ။ ကြယ်ပေါ်ရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ သိပ်သည်းလှပြီး ရှုခင်းများမှာလည်း သာယာလှပလွန်းလှပေသည်။ အမျိုးမျိုးသော မြစ်ချောင်းအသွယ်သွယ်များ၊ တောင်စဉ်တောင်တန်းများ၊ စိမ်းလန်းစိုပြည်နေသော တောအုပ်များနှင့် ကျင့်ကြံရေးသုခဘုံများစွာကို ဤကြယ်ပေါ်တွင် မြင်တွေ့နိုင်ပေသည်။

ကံမကောင်းစွာဖြင့် ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်ခဲ့သည့်အတွက်ကြောင့် မရဏဂိုဏ်းမှာ အကြီးအကျယ်ကို ထိခိုက်ခဲ့ရသည်။ ဂိုဏ်း၏ အရေးကြီးပုဂ္ဂိုလ်‌ မြောက်မြားစွာ ဆုံးရှုံးခဲ့ရသည့်အတွက်ကြောင့် လက်ရှိအချိန်၌ မရဏဂိုဏ်းထဲ ကျန်ရစ်နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအရေအတွက်မှာ အလွန်ကိုမှ နည်းပါးနေတော့လေသည်။

ဟင်းလင်းပြင်လိုဏ်ခေါင်းထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် မရဏကြယ်ပေါ်သို့ ရောက်လာခဲ့လေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်အား သေသေချာချာကို စစ်ဆေးကြည့်တော့လေသည်။

မရဏဂိုဏ်း၏ ပတ်ဝန်းကျင်နှင့်ပတ်သက်၍ ရန်ကိုင်မှာ အလွန်ကိုမှ ကျေနပ်နေမိလေသည်။ သို့သော်ငြား ချက်ချင်း လှုပ်ရှားခြင်း မရှိသေးဘဲ ကြယ်တစ်လုံးလုံးကို အကြိမ်ပေါင်းများစွာ ဦးစွာ လှည့်ပတ်စစ်ဆေးကြည့်လေသည်။ ပြီးမှသာလျှင် တောင်တစ်လုံးအပေါ်၌ တဖြည်းဖြည်းချင်း ဆင်းသက်လိုက်လေ၏။

ထိုတောင်သည် အလွန်ကိုမှ မြင့်မားပြီး မိုးမြေစွမ်းအင်မှာလည်း သိပ်သည်းလှပေသည်။ တောင်တစ်ဝိုက်တွင် အမျိုးမျိုးသော သားရဲများ ကျင်လည်ကျက်စားနေကြပြီး ကျင့်ကြံသူများ နေထိုင်ကြသော အိမ်ပေါင်းများစွာလည်း ရှိနေကြသည်။ သို့သော်ငြား ထိုအိမ်များအားလုံးကို အကာအကွယ်အစီအရင်များမှ ကာကွယ်ပေးထားပေသည်။ ထိုအိမ်များထဲတွင် ရှိနေသည့် ကျင့်ကြံသူများမှာတော့ မရဏဂိုဏ်းမှပဲလား အခြားသော အင်အားစုများမှလား ဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။

ထိုလူများ မည်သည့်အင်အားစုမှ ဖြစ်နေစေကာမူ ရန်ကိုင်ကမူ ဂရုစိုက်မနေနိုင်ခဲ့။ အမြင့်ဆုံးတောင်ဆီသို့သာ တန်းသွားလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ တောကြက်မောက်အရွယ် အလုံးလေးတစ်လုံး ပေါ်လာခဲ့လေသည်။

ထိုအရာမှာ အခြားမဟုတ် လောကဓာတ်လုံးသာ ဖြစ်လေသည်။

ဝူဟန်၏ လက်သီးအား လောကဓာတ်လုံးထဲရှိ လောကစွမ်းအားကိုသုံး၍ ခုခံရန် ကြိုးစားရာမှ လောကဓာတ်လုံးမှာ ဆိုးဆိုးရွားရွားကို ထိခိုက်သွားခဲ့ရသည်။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာ လောကဓာတ်လုံးကို ပြန်ပြင်ရန် စဉ်းစားထားခဲ့လေသည်။ သူ စဉ်းစားထားသည့် နည်းလမ်းမှာမူ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကိုသုံး၍ ကျင့်ကြံရေးကြယ်တစ်လုံးကို ဝါးမျိုကာ ပျက်စီးသွားသော လောကဓာတ်လုံးကို ပြန်လည်ပြင်ဆင်ရန်ပင် ဖြစ်လေသည်။ သူ့အကြံ တကယ် အလုပ်ဖြစ်မလား မဖြစ်မလားဆိုသည်ကိုတော့ ရန်ကိုင် မသေချာသေး။ သို့သော်ငြား ဟုန်းလော့ကြယ်စီရင်စုကြီးသည်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကိုသုံး၍ တစ်စပြင်ကန္တာရကြယ်စီရင်စုအား ဝါးမျိုနိုင်လေရာ လောကဓာတ်လုံးသည်လည်း ထိုကဲ့သို့ လုပ်နိုင်လောက်ပေသည်။

တကယ်တော့ လောကဓာတ်လုံးသည်လည်း ကမ္ဘာတစ်ခုပင် မဟုတ်ပေလော။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် လောကဓာတ်လုံးထက် အစပေါင်းများစွာ ပိုမိုကြီးမားသော အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုဟု ပြောလျှင် လောကဓာတ်လုံးသည် ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်ဟု ပြော၍ရပေသည်။ ကြယ်တာရာအစုအဝေးမှာတော့ ထိုအရာများထက်ပင် ပိုမိုကြီးမားသည့် ကမ္ဘာကြီးတစ်ခု ဖြစ်လေ၏။ ထို့အတွက်ကြောင့် ကမ္ဘာတစ်ခုမှ အခြားကမ္ဘာများကို ဝါးမျိုသည်မှာ လုံးဝကို ဖြစ်နိုင်ပေသည်။

ကြယ်စီရင်စုများသည် အလယ်အလတ်အဆင့် ကမ္ဘာများဖြစ်ပါက ကျင့်ကြံရေးကြယ်များမှာ ကမ္ဘာငယ်လေးများ ဖြစ်သွားကြပေသည်။ မရဏဂိုဏ်းသည်လည်း ထိုကဲ့သို့သော ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ လောကဓာတ်လုံးကိုသုံး၍ မရဏကြယ်အား ဝါးမျိုရန် စဉ်းစားနေခြင်းပင် ဖြစ်လေသည်။ သူ့အစီအစဉ်သာ အောင်မြင်သွားခဲ့မည်ဆိုလျှင် လောကဓာတ်လုံးကို အပြည့်အဝ ပြန်ကောင်းသွားအောင် ပြန်ပြင်နိုင်လိမ့်မည်ဖြစ်သည့်အပြင်ကိုမှ လောကဓာတ်လုံးသည် ယခင်ကထက်ပင် ပိုမိုတိုးတက်လာကောင်း တိုးတက်လာနိုင်ပေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားကိုသုံး၍ ဝူဟန်အား အလုပ်ရှုပ်အောင် လုပ်ထားခဲ့သည်။ သူကိုယ်တိုင်ကမူ တစ်စပြင်ကန္တာရကြယ်စီရင်စု၏ အတွင်းပိုင်းမှနေ၍ စတင်ပြဿနာရှာပေလိမ့်မည်။ အတွင်းရော အပြင်ရောမှ နှစ်ဖက်ညှပ်ကာ ဒုက္ခပေးနေသည့်နောက်တွင်တော့ ဝူဟန်အနေဖြင့် မည်သို့မျှ ခုခံနိုင်တော့လိမ့်မည် မဟုတ်။ အတန်ကြာပြီးသည့်နောက်တွင် ဝူဟန်အား သတ်ပစ်ဖို့ရာမှာ အမှန်တကယ်ကို လွယ်ကူလာပေလိမ့်မည်။

ပထမဦးစွာ ရန်ကိုင်သည် သူ့စိတ်အား တည်ငြိမ်အောင် လုပ်လိုက်လေသည်။ သူ့စိတ်တည်ငြိမ်သွားသည့်အခါမှသာလျှင် လောကဓာတ်လုံးကို အောက်သို့ပစ်ချလိုက်လေ၏။ ထို့နောက်တွင် တင်ပျဉ်ခွေထိုင်၍ လောကဓာတ်လုံးကို ဆက်သွယ်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် လောကဓာတ်လုံး၏ ဆန္ဒသဖွယ် ပြောင်းလဲသွားရတော့လေသည်။

ရန်ကိုင်၏ မြင်ကွင်းများဟာလည်း ပြောင်းလဲလာခဲ့ရလေ၏။ သူကိုယ်တိုင်သည် လောကဓာတ်လုံးဖြစ်လာသည့်အလားပင်။ ယခုကဲ့သို့သော ခံစားချက်မျိုးကို ယခင်က ရန်ကိုင် ခံစားခဲ့ဖူးပေသည်။ ဟုန်းလော့ကြယ်စီရင်စု၏ ကြယ်အမြုတေများနှင့် ဆက်သွယ်စဉ်က ယခုကဲ့သို့သော ခံစားချက်မျိုးကို ရန်ကိုင် ရခဲ့ဖူးသည်။ မသိလျှင် သူတစ်ကိုယ်လုံးသည် လောကကြီးနှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီး သူကိုယ်တိုင်သည် ထိုလောကကြီး ဖြစ်လာသည့်အလားပင်။

လောကဓာတ်လုံးကို ကြားခံသဖွယ် အသုံးချ၍ ရန်ကိုင်သည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို စတင်ထုတ်သုံးတော့လေသည်။ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ဟုန်းလော့ကြယ်စီရင်စု၏ အကူအညီဖြင့် ထုတ်သုံးခဲ့ဖူးသည့်အတွက်ကြောင့် ရန်ကိုင်မှာ ယခုတစ်ကြိမ်တွင်လည်း ချောချောမွေ့မွေ့နှင့် ထုတ်သုံးနိုင်ခဲ့လေသည်။

အောက်သို့ ပြုတ်ကျနေသည့် လောကဓာတ်လုံးဆီမှ ထူးဆန်းသည့် အရှိန်အဝါတစ်ရပ် စတင်၍ ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် လောကဓာတ်လုံး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်များ ပြိုကျကုန်ရပြီး ပိန်းပိတ်အောင် နက်မှောင်သည့် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုအသွင်သို့ ပြောင်းလဲသွားကုန်ကြလေသည်။ မသိလျှင် လူတစ်ဦးမှ လောကဓာတ်လုံး ပြုတ်ကျသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်အား တစ်စုံတစ်ခုဖြင့် ထိုးခွဲသွားသည့်အလားပင်။

[တကယ်ကြီး အလုပ်ဖြစ်တာပဲ] ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင် ဝမ်းသာအားရဖြစ်သွားခဲ့လေသည်။ ယခင်က ဟင်းလင်းပြင်ကြီး ရှိနေခဲ့သည့်နေရာတွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုက အစားထိုး ဝင်ရောက်နေခဲ့လေသည်။ ထို့အပြင် လောကဓာတ်လုံးထဲ ဟင်းလင်းပြင်အသစ်တို့ တိုးလာကြောင်းကိုလည်း ရန်ကိုင် ခံစားမိနေခဲ့သည်။

ဤကဲ့သို့သော လောကဓာတ်လုံးမျိုးကို ဖန်တီးခဲ့သည့် ယန်ယန်၏ မိတ်ဆွေမှာ မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ထိုလူသည် အလွန်တရာကိုမှ အားကောင်းရပေလိမ့်မည်။ သို့သော်ငြား လက်ရှိ ရန်ကိုင် လုပ်နေသည်မှာ ထိုလူလုပ်ခဲ့သည်ထက်ပင် ပိုမိုသာလွန်သည့် အရာမျိုး ဖြစ်ပေသည်။

ရန်ကိုင်မှ လောကဓာတ်လုံးအား ဆေးပင်များကို စိုက်ပျိုးရန်၊ လူများကို ထားသိုရန်နှင့် ရန်သူများလက်မှ ပုန်းအောင်းရန်အတွက်သာ အသုံးပြုခဲ့သည်။ လောကဓာတ်လုံး၏ အကြီးမားဆုံးသော အားသာချက်မှာ ရန်သူများကိုပါ လောကဓာတ်လုံးထဲသို့ အတူဆွဲခေါ်သွားနိုင်ခြင်းပင်။ ထိုသို့သာ လုပ်လိုက်နိုင်မည်ဆိုလျှင်တော့ ထိုလူများ၏ သေခြင်းရှင်ခြင်းကို ရန်ကိုင်မှ အလွယ်တကူ ထိန်းချုပ်သွားနိုင်ပေလိမ့်မည်။ ရန်ကိုင်မှာ ရန်သူများအား လောကဓာတ်လုံးထဲသို့ ဆွဲခေါ်ကာ လောကစွမ်းအားဖြင့် အနိုင်ယူနိုင်ခဲ့ပါသော်ငြား ထိုကဲ့သို့ အနိုင်ယူနိုင်ခဲ့သည့် တိုက်ပွဲအများစုကို လောကဓာတ်လုံး၏ စွမ်းအားကို မသုံးလျှင်ပင် သူဘာသာသူ အနိုင်ယူနိုင်ပေသည်။

ထို့အတွက်ကြောင့် လောကဓာတ်လုံး၏ ထိုစွမ်းအားမှာ ရန်ကိုင်အတွက်တော့ သိပ်၍ အသုံးမဝင်ခဲ့ပေ။

သို့ရာတွင် ယနေ့မှစ၍ လောကဓာတ်လုံးသည် ယခင်ကထက် ပိုမို၍ အသုံးဝင်လာတော့ပေလိမ့်မည်။ နောက်ဆုံး မည်ကဲ့သို့ ဖြစ်လာမလဲဆိုသည်ကို ရန်ကိုင်မှာ မြင်တွေ့ဖို့ရာ စိတ်မရှည်နိုင်တော့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၈၀)

ဘာသာပြန်သူ_တိမ်တိုက်

လောကဓာတ်လုံးမှာ ရုတ်တရက်ဆိုသလို အနက်ရောင်တောက်လာခဲ့လေသည်။ ထို့ပြင် လောကဓာတ်လုံး၏ အရွယ်အစားသည် ထွက်ပေါ်လာစဉ်ကကဲ့သို့ တောကြက်မောက်အရွယ် မဟုတ်တော့။ ထိုအစား အောက်သို့ပြုတ်ကျလာနေရင်းမှ ၎င်း၏ အရွယ်အစားမှာ ယခင်ကထက် ပိုပို၍ ကြီးမားလာနေခဲ့လေသည်။ မြေပြင်ပေါ်သို့ ရောက်သွားချိန်တွင်တော့ လောကဓာတ်လုံးသည် အချင်းတစ်မီတာခန့်ရှိသော တွင်းနက်ကြီး တစ်ခုအသွင်သို့ ပြောင်းသွားခဲ့လေပြီ။

မည်သူမျှ သတိမထားမိသေးခင်မှာပင် လောကဓာတ်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး မြေပြင်အား ဝါးမျိုကာ အောက်သို့ဆက်လက် ပြုတ်ကျသွားခဲ့လေသည်။ ထိုသို့ဖြင့် လောကဓာတ်လုံး ပြုတ်ကျသွားသည့် နေရာ၌ ဧရာမတွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ လောကဓာတ်လုံး မြေအောက် မီတာပေါင်းများစွာသို့ ရောက်သည့်အခါမှသာလျှင် ရန်ကိုင် ခေါင်းထဲ ရုတ်တရက် အကြံတစ်ခုကို စဉ်းစားမိသွားခဲ့သည်။

ရန်ကိုင်၏ အတွေးတစ်ချက်နှင့် လောကဓာတ်လုံးသည် တွင်းပေါက်ထဲမှ ပြန်တက်လာခဲ့ပြီး မြေပြင်အထက် ဝဲနေပြီးသည့်နောက် ရုတ်တရက် တစ်ခုသောအရပ်ဆီသို့ ပျံသန်းသွားတော့လေသည်။

တစ်ခဏလေးအတွင်းမှာပင် မြေပြင်အထက် ဧရာမစွတ်ကြောင်းရာကြီးတစ်ခု ပေါ်လာခဲ့လေသည်။ လောကဓာတ်လုံးသည် မြေပြင်တစ်လျှောက် သွားနေရင်းမှ တောင်တစ်လုံးနှင့် သွားတိုးလေ၏။ သို့တိုင် တစ်ချက်မျှ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ တောင်ကိုပင် ဖောက်ထွက်သွားခဲ့လေရာ တောင်အလယ်နေရာတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့ရလေသည်။

ထို့နောက်တွင် တောင်တစ်လုံးလုံးမှာလည်း တစ်ဝုန်းဝုန်း တုန်ခါလာခဲ့လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ တောင်၏ အလယ်ဗဟိုနေရာဆီမှ ဖိုသီဖတ်သီဖြစ်နေသည့် လူတစ်ဦး ပျံသန်းထွက်လာပြီး အော်မေးလိုက်လေသည်။ "ဘယ်သူလဲ၊ အခုချက်ချင်းထွက်လာခဲ့စမ်း"

ထိုလူသည် သူ၏ လိုဏ်ဂူထဲတွင် အေးအေးဆေးဆေး ကျင့်ကြံနေခြင်းဖြစ်ပြီး ရုတ်တရက် တောင်တစ်ခုလုံးမှာ တစ်သိမ့်သိမ့်တုန်ခါလာသည့်အတွက်ကြောင့် ရန်သူများ တိုက်ခိုက်လာလေသလားဟူသော အထင်ဖြင့် ချက်ချင်း ပြေးထွက်လာခဲ့ခြင်းဖြစ်လေသည်။ သူ၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်လှ။ တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိပေသေးသည်။ သို့သော်ငြား လတ်တလော၌ မရဏကြယ်ပေါ်တွင် အားကောင်းသည့်ပညာရှင် များများစားစားမရှိသည့်အတွက်ကြောင့် ထိုလူမှာ သူ့ခွန်အားအပေါ် အတော်လေးကိုမှ ယုံကြည်ချက်မြင့်နေခဲ့လေသည်။

အပြင်သို့ ထွက်လာပြီးပြီးချင်းမှာပင် ထိုလူမှာ မြေပြင်တစ်လျှောက် သွားလာနေသော တွင်းနက်ကြီးကို မြင်ပြီး မျက်လုံးအပြူးသားဖြစ်သွားခဲ့လေသည်။ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် သူ၏ ခြေဖျားလက်ဖျားများပင်လျှင် အေးစက်လာခဲ့ရလေသည်။

[ဘာကြီးလဲ] အနက်ရောင်တွင်းနက်ကြီးသည် ၎င်း၏ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် အရာမှန်သမျှကို ပြောင်စင်အောင် ဝါးမျိုပစ်သွားနေခဲ့လေသည်။

ထိုသို့ဖြင့် တောင်တစ်လုံးပြီးတစ်လုံး ပျက်စီးသွားခဲ့ရာ ထိုတောင်ပေါ်များတွင် ကျင့်ကြံနေကြသည့် ကျင့်ကြံသူများလည်း တစ်ဦးပြီးတစ်ဦး ပျံသန်းထွက်လာကုန်ကြလေသည်။ အပြင်သို့ရောက်လာပြီးသည့်နောက်တွင် လောကဓာတ်လုံးကို အကုန်လုံးသတိထားမိသွားကြလေသည်။

လောကဓာတ်လုံးအား အံ့ဩတကြီး စိုက်ကြည့်ရင်းမှ တစ်ဦးနှင့်တစ်ဦး ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးမြန်းပြောဆိုကြလေသည်။ သို့တိုင် လက်ရှိအခြေအနေနှင့် ပတ်သက်၍ မည်သူမျှ ရေရေရာရာ မရှင်းပြနိုင်ကြပေ။

"ဟိုမှာလူတစ်ယောက်ဟ၊ မင်းတို့သူ့ကိုသိကြလား" ပထမဦးဆုံးပေါ်လာသည့် လူသည် ရန်ကိုင်အား သတိထားမိသွားပြီး ရန်ကိုင်ဘက်သို့ ညွှန်ပြရင်းမှ အခြားလူများကို မေးလိုက်လေသည်။

အကုန်လုံးသည် ရန်ကိုင်ဆီသို့လှည့်ကြည့်လာပြီး ခေါင်းအသီးသီးခါလိုက်ကြသည်။

"ဒီမှာ ပြဿနာရှာနေတာ သူလား"

"သူက ဘယ်သူလဲ၊ သူ့ကို ငါတစ်ခါမှ မမြင်ဖူးသလိုပဲ"

"သူက မရဏဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် မဟုတ်ဘူးလား"

"ငါတို့ သူ့ကိုသွားမေးကြမလား"

"မင်းသွားမေးချင် သွားမေး၊ ငါကတော့ အဲဒီကောင်ဆီကနေ အန္တရာယ်များတဲ့ ခံစားချက်ကိုရနေတယ်"

လူတိုင်းမှာ ရန်ကိုင်အား မြင်နေပါသော်ငြား မည်သူမျှ သူ့အား လာမမေးရဲကြပေ။ နောက်ဆုံးတွင်တော့ ပထမဦးဆုံးပေါ်လာသည့် ကျင့်ကြံသူသည် ရဲဆေးတင်၍ ရန်ကိုင်အား လာရောက်မေးမြန်းလေ၏။ "ဝမ်ကျိမင် ဆရာ့ကို နှုတ်ဆက်ပါတယ်၊ ဆရာ့ကို ဘယ်လိုခေါ်ရမလဲ သိလို့ရမလား"

ရန်ကိုင်သည် ဝမ်ကျိမင်ကိုကြည့်၍... "မင်းဘာလုပ်ချင်လို့လဲ"

ဝမ်ကျိမင် ရင်ထဲ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ သို့သော်ငြား ဟန်အမူအရာမပျက်စေဘဲ စိတ်ကိုတင်းတင်းထားရင်းမှ ပြန်မေးလိုက်လေ၏။ "ဆရာ၊ ကျုပ်တို့ဆရာကို တစ်နည်းနည်းနဲ့များ ရန်စမိလိုက်လား သိချင်လို့ပါ"

ရန်ကိုင်သည် မေးပေါ်လက်ထောက်ရင်းမှ ပြန်ပြောလိုက်လေသည်။ "ရန်မစဖူးပါဘူး"

ဝမ်ကျိမင်က ပြန်၍ပြောလိုက်သည်။ "ဆရာ့ကို ရန်မစဖူးရင် ဆရာ ဘာလို့ အခုလိုမျိုးလုပ်နေရတာလဲ"

"မင်းဘာကို ပြောနေတာလဲ"

ဝမ်ကျိမင်က ဆက်ပြောလိုက်သည်။ "ကျုပ်မိတ်ဆွေတွေနဲ့ ကျုပ်ရဲ့အိမ်က ဒီနေရာမှာရှိနေတာ၊ ဆရာ အခုလိုမျိုးသာ ဆက်ပြီးတော့ လုပ်နေဦးမယ်ဆိုရင် ကျုပ်တို့အိမ်တွေအကုန်လုံး ပျက်စီးသွားပြီးတော့ ဒီတောင်တစ်ခုလုံးပါ ပြိုကျသွားလိမ့်မယ်"

ဝမ်ကျိမင် ထိုစကားအား ပြောပြီးပြီးချင်းမှာပင် လူအုပ်ကြီးဆီမှ ယူကျုံးမရဖြစ်နေသည့် အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အကြောင်းမှာ ထိုလူများအနက် တစ်ဦး၏ အိမ်မှာ တွင်းနက်ကြီး၏ ဝါးမျိုခြင်း ခံလိုက်ရသည့်အတွက်ကြောင့်ပင်။

ရန်ကိုင်က အထင်အမြင်တသေးဖြင့်... "အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ"

ဝမ်ကျိမင်က တောင်းဆိုလိုက်လေသည်။ "ဆရာ ကျေးဇူးပြုပြီးတော့ အဲဒါကို မြန်မြန်လေး ရွှေ့ပေးလို့ရမလား"

ရန်ကိုင်က ခေါင်းခါလျက်... "မရဘူး၊ ငါက ဒီတောင်ကိုတင် ဝါးမျိုမှာ မဟုတ်ဘူး၊ ဒီမရဏကြယ်တစ်ခုလုံးကိုပါ ဝါးမျိုဖို့လုပ်ထားတာ"

"ဟမ်" ထိုစကားကိုကြားသော် ဝမ်ကျိမင် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပြီး ရန်ကိုင်အား မှင်သေသေ အမူအရာဖြင့် ကြောင်ကြည့်နေမိလေ၏။

"အခြား ဘာမှလုပ်စရာမရှိတော့ရင် ထွက်သွားလိုက်ပေတော့၊ ငါဒီနေ့ လူမသတ်ချင်သေးဘူး" ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။

ဝမ်ကျိမင်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ဝမ်ကျိမင်က ပြန်မေးလိုက်လေသည်။ "ဆရာက မရဏဂိုဏ်းက မဟုတ်ဘူးလား"

"မင်းကသာ မရဏဂိုဏ်းက၊ မင်းတစ်မျိုးလုံးတစ်ဆွေလုံးကသာ မရဏဂိုဏ်းက၊ ငါ့ပုံစံက မရဏဂိုဏ်းသားတစ်ယောက်နဲ့ တူနေလို့လား"

"ဆရာ၊ ဒီကြယ်ကို မရဏကြယ်လို့ခေါ်တာကို သိတယ်မလား၊ အဲဒါဆို မရဏဂိုဏ်း ဘယ်လောက်အားကောင်းလဲဆိုတာကိုလည်း ဆရာသိမှာပေါ့"

ဤလူသည် မရဏဂိုဏ်း၏ ဂုဏ်သတင်းကိုသုံး၍ ရန်ကိုင်အား ခြိမ်းခြောက်ရန် ကြံရွယ်နေခြင်းဖြစ်လေသည်။

ရန်ကိုင်က အော်ရယ်မောလျက်... "မရဏဂိုဏ်းကို ငါရှင်းပစ်ပြီးသွားပြီ"

"မဖြစ်နိုင်ဘူး"

"ရှူးရှူး သွားပေတော့၊ ငါ့ကိုလာမနှောင့်ယှက်နဲ့တော့" ရန်ကိုင်သည် သူ့လက်ကိုနောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ ဝမ်ကျိမင်မှာ ရန်ကိုင် အရှေ့၌ ရပ်မနေနိုင်တော့ဘဲ ပြင်းထန်သောလေပြင်းတစ်ခု၏ ရိုက်ခတ်ခြင်းခံရကာ မီတာတစ်ထောင်ကျော်အကွာသို့ လွင့်စင်ထွက်သွားခဲ့လေ၏။

ဘုန်း၊ ဘုန်း၊ ဘုန်း။

နောက်ထပ်တောင်တစ်လုံး ပြိုကျသွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဝမ်ကျိမင် ရင်ကွဲပက်လက်ဖြစ်သွားခဲ့ရသည်။ ထိုတောင်သည် သူ့အိမ် ရှိနေသည့်နေရာ ဖြစ်ပေသည်။ ယခု တောင်မှာ ပြိုကျသွားပြီဖြစ်သည့်အတွက်ကြောင့် သူ့အိမ်လည်း ပျက်စီးသွားပြီဟု ပြော၍ရပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဝမ်ကျိမင်မှာ ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် လှမ်းကာစိုက်ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် သူလုပ်နိုင်သည့် အရာဆို၍ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေရုံသာဖြစ်ပြီး ထိုထက်ပို၍ ဘာမျှမလုပ်နိုင်ခဲ့ပေ။

"ငါတို့ဘာလုပ်ကြမလဲ" အခြားသော ကျင့်ကြံသူများမှာလည်း ယခုကဲ့သို့သော အဖြစ်ဆိုးမျိုးနှင့် တစ်ခါမျှ မကြုံဖူးသည့်အတွက်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေကြလေသည်။

ဝမ်ကျိမင်သည် တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်၍ပြောလိုက်လေသည်။ "သူက အရမ်းအားကောင်းလွန်းတယ်၊ ငါတို့က သူ့ပြိုင်ဘက်မဟုတ်ဘူး၊ မရဏဂိုဏ်းဆီသွားပြီးတော့ပဲ ဒီအကြောင်းကို သွားတင်ပြကြတာပေါ့"

မရဏဂိုဏ်းသည် မရဏကြယ်ပေါ်ရှိ အားအကောင်းဆုံးသောဂိုဏ်းတစ်ခုဖြစ်သည့်အတွက်ကြောင့် မရဏကြယ်ကို ကာကွယ်ရမည်မှာ မရဏဂိုဏ်း၏ တာဝန်သာဖြစ်ပေသည်။

ဝမ်ကျိမင်ပြောသည်မှာ အမှန်တကယ်ကို ကောင်းမွန်သည့်အကြံဖြစ်သည်ဟု လူတိုင်းစဉ်းစားမိကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဝမ်ကျိမင်နှင့် အတူ မရဏဂိုဏ်းရှိရာဆီသို့ ချက်ချင်းထွက်ခွာလာခဲ့ကြလေ၏။

စိတ်ရှုပ်စရာယင်ကောင်များကို မောင်းထုတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လောကဓာတ်လုံးကို ထိန်းချုပ်၍ မရဏကြယ်ကို ဆက်လက်ဝါးမျိုပစ်နေခဲ့လေသည်။ လောကဓာတ်လုံးဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် အရာမှန်သမျှ ဝါးမြိုပစ်ခြင်း ခံရသည်။ တစ်ရက်အတွင်းမှာပင် ရန်ကိုင်ရှိနေသည့်နေရာရှိ တောင်စဉ်တောင်တန်းများမှာ ပြောင်စင်အောင် ဝါးမျိုပစ်ခြင်းခံလိုက်ရလေသည်။ မရဏကြယ်ပေါ်မှ လူများသည်သာ ဤနေရာရှိ မြင်ကွင်းကို မြင်လိုက်မည်ဆိုလျှင် သူတို့မျက်လုံးသူတို့ မယုံကြည်နိုင်ဖြစ်သွားကြရပေလိမ့်မည်။

ကျင့်ကြံသူများမှာ တောင်တန်းများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ကြပါသော်ငြား ထိုသို့လုပ်နိုင်ဖို့ရာ သူတို့၏ ကျင့်ကြံခြင်းသည် အဆင့်တစ်ခုအထိသို့ ရောက်နေရန် လိုအပ်ပေသည်။ ထို့ပြင် တောင်များအား တစ်စစီ ဖျက်ဆီးပစ်နိုင်မည်ဆိုလျှင်ပင် အပျက်အစီးပုံများမှာတော့ ကျန်ရစ်နေပေဦးမည်။ အပျက်အစီးပုံများကိုပါ ရှင်းထုတ်မည်ဆိုလျှင်တော့ အလွန်တရာကိုမှ အားကောင်းနေရန် လိုအပ်ပေလိမ့်မည်။ မည်သူကများ တစ်ရက်အတွင်းမှာပင် တောင်စဉ်တောင်တန်းတစ်ခုလုံးကို သဲလွန်စမကျန် ပျောက်ကွယ်သွားအောင် လုပ်နိုင်လို့နည်း။

တောင်များအား ဝါးမျိုပစ်ပြီးသည့်နောက် လောကဓာတ်လုံးမှဖြစ်ပေါ်လာသော တွင်းနက်ကြီး၏ အရွယ်အစားမှာ တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့လေသည်။ တွင်းနက်အရွယ်အစား ကြီးမားလာသည့်အလျောက် ၎င်းမှ ဝါးမျိုနိုင်သည့် အကျယ်အဝန်းမှာလည်း ပိုပို၍ ကျယ်ပြန့်လာခဲ့ရလေသည်။

တစ်ရက်ကြာအောင် စမ်းသပ်နေပြီးသည့်နောက်တွင် ရန်ကိုင်မှာ သူ၏ ထင်မြင်ချက်ပေါင်းများစွာကို အတည်ပြုနိုင်ခဲ့လေသည်။ ထို့အတွက်ကြောင့် ဤကိစ္စအား အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိတော့။ ချက်ချင်းပင် တစ်ခုသောအရပ်ဆီသို့ ပျံသန်းထွက်သွားခဲ့လေ၏။ ထိုအချိန်အတောအတွင်း လောကဓာတ်လုံးမှ ဖြစ်ပေါ်လာသော တွင်းနက်ကြီးသည် မြေပြင်ပေါ်၌ နွားသိုးကြီး တစ်ကောင်ပမာ တစ်ဝုန်းဝုန်းနှင့် သွားလာနေခဲ့လေသည်။ တွင်းနက်ကြီး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်၌ မတ်စောက်သော လျှိုမြောင်ကြီးများ ကျန်ရစ်ခဲ့ရလေ၏။ ထိုနေရာတွင် ယခင်က ရှိနေခဲ့ကြသော မြေသားထုများမှာမူ လုံးဝကို ပျောက်ကွယ်သွားကုန်ကြရလေပြီ။ မြေသားထုသာလျှင်မဟုတ် နိယာမများနှင့် လောကစွမ်းအားများမှာလည်း အပြီးတိုင်ပျောက်ကွယ်သွားကုန်ကြရလေသည်။ ထိုအကြောင်းကြောင့် ဤကဲ့သို့သော လျှိုမြောင်မျိုးသည် မည်သည့်နည်းနှင့်မျှ ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်တော့မည် မဟုတ်ပေ။

…

ကြယ်သင်္ဘောတစ်စင်းသည် ကောင်းကင်အထက်တွင် ပျံဝဲသွားလာနေခဲ့လေသည်။ ကြယ်သင်္ဘော၏ ကိုယ်ထည်ပေါ်တွင်တော့ အရိုးခေါင်းပုံစံ တံဆိပ်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုအပြင် ကြယ်သင်္ဘော၏ အဆင့်မှာ ထိုမျှ မြင့်မားခြင်းမရှိဘဲ တန်ခိုးရှင်အဆင့်သာရှိပေသည်။ ဤကြယ်သင်္ဘောမှာ မရဏဂိုဏ်း၏ ကြယ်သင်္ဘောတစ်စင်းသာ ဖြစ်လေ၏။

ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်ရန်အတွက် မရဏဂိုဏ်းမှာ ရှိရှိသမျှ လူအင်အား လက်နက်အင်အား အကုန်အစင်နီးပါးကို ထုတ်သုံးခဲ့သည်ဟု ပြော၍ရပေသည်။ ထို့အတွက်ကြောင့် အနည်းငယ်သာလျှင် မရဏဂိုဏ်းအား စောင့်ကြပ်ရန် ကျန်ရစ်ခဲ့လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝမ်ကျိမင်နှင့် သူ့လူများသည် မရဏဂိုဏ်းသို့ ရောက်လာကြလေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက် မရဏဂိုဏ်းသားတစ်ဦးနှင့် တွေ့ကာ ဖြစ်ကြောင်းကုန်စင်ကို အစီအရင်ခံတင်ပြခဲ့သည်။ သို့သော်ငြား ထိုလူမှာ သူတို့ပြောသည်ကို မယုံဘဲ အထက်အရာရှိများကို သွားရောက်အစီအရင်ခံခြင်းလည်း မရှိပေ။

နောက်ဆုံး လူများ တစ်ယောက်ပြီးတစ်ယောက် ထပ်ရောက်လာသည့်အခါမှသာလျှင် မရဏဂိုဏ်းမှ လူများ ထိုလူများပြောသည်ကို ယုံသွားကြတော့လေသည်။ ရောက်လာကြသည့်လူများ ပြောကြသည်မှာတော့ လူတစ်ဦးသည် အနက်ရောင်အလုံး တစ်လုံးကို ထိန်းချုပ်၍ သူ့အရှေ့တွင် ရှိနေသည့် အရာမှန်သမျှကို ဝါးမျိုပစ်နေသည်ဟူ၍ပင်။ ထိုအနက်ရောင်အလုံး ဖြတ်သန်းသွားသည့်နေရာမှန်သမျှ တောင်များဖြစ်စေ၊ သဲကန္တာရများဖြစ်စေ၊ ရေခဲပြင်များဖြစ်စေ၊ မြို့များဖြစ်စေ၊ ဂိုဏ်းများဖြစ်စေ ပြောင်စင်အောင် ဝါးမျိုခြင်းခံရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မရဏဂိုဏ်းတွင် ကျန်ရစ်ခဲ့သော အကြီးအကဲသည် လူများကိုစုဝေး၍ ပြဿနာရှာနေသော ကျူးကျော်သူအား တားဆီးရန် အစီအစဉ်ချတော့လေ၏။

ကြယ်သင်္ဘောသည် မရဏဂိုဏ်းရှိရာဆီမှ မိုင်ထောင်ပေါင်းများစွာအကွာသို့ ပျံသန်းလာပြီးသည့်နောက် တဝုန်းဝုန်းအသံများကို အရှေ့တစ်နေရာဆီမှ ကြားလိုက်ရလေသည်။ ကြည့်ရသလောက် မြေပြင်များ ပြိုကျနေသည့်ပုံပင်။

"ဘာတွေဖြစ်နေတာလဲ" ကြယ်သင်္ဘောထဲတွင် ရှိနေသော လူအိုကြီးတစ်ဦးက မေးလိုက်သည်။ ထိုလူအိုကြီးသည် မရဏဂိုဏ်းအား စောင့်ကြပ်ရန်အတွက် ကျန်ရစ်ခဲ့သော အကြီးအကဲမှလွဲ၍ အခြားမဟုတ်ပေ။

တပည့်တစ်ဦးသည် ကြယ်သင်္ဘောထဲတွင်ရှိနေသော အစီအရင်များကိုသုံး၍ အပြင်ဘက်တွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို ပြသလိုက်လေသည်။ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ရပ်သည် အားလုံး၏ မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။ လူငယ်လေးတစ်ဦးသည် သူတို့ဆီသို့ ပျံသန်းလာနေခဲ့၏။ ထိုလူငယ်လေး၏ အောက်ဘက်တွင် ဧရာမအနက်ရောင် အလုံးကြီးတစ်လုံး ရှိနေခဲ့လေသည်။ ထိုအနက်ရောင်အလုံး ဖြတ်သန်းသွားရာမြေပြင်တစ်လျှောက်၌ ဧရာမအက်ကြောင်းရာကြီးများ ကျန်ရစ်ခဲ့ရသည်။

"သူပဲ" ဝမ်ကျိမင်က ကြောက်လန့်တကြား ထအော်လေသည်။ ရန်ကိုင်နှင့် တွေ့ခဲ့ပြီးသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည့်အတွက်ကြောင့် ရန်ကိုင်၏ မျက်နှာကို ဝမ်ကျိမင်အနေဖြင့် မည်ကဲ့သို့များ ဤမျှ မြန်မြန်မေ့နိုင်ပါမည်နည်း။ ယခုမှသာလျှင် ထိုလူမှ မရဏကြယ်တစ်ခုလုံးကို ဝါးမျိုပစ်မည်ဟု ပြောခဲ့သောစကားသည် လျှာရိုးမရှိတိုင်း လျှောက်ပြောနေသည့် စကားမဟုတ်ဘဲ အမှန်တကယ်လုပ်ရန် ကြံထားသည့်အတွက်ကြောင့် ထိုကဲ့သို့ ပြောလိုက်ခြင်းသာဖြစ်ကြောင်းကို ဝမ်ကျိမင် သဘောပေါက်သွားရတော့သည်။

"တွေ့သမျှ အရာမှန်သမျှကို ဝါးမျိုပစ်နိုင်တယ်ဆိုတဲ့ အနက်ရောင်ဘောလုံးက အဲဒါလား" ထိုမြင်ကွင်းကိုကြည့်ရင်း အကြီးအကဲ၏ မျက်လုံးများ ပြူးကျယ်နေခဲ့လေသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ယခုကိစ္စနှင့် ပတ်သက်၍ သတင်းများစွာကြားခဲ့ရပါသော်ငြား ကိုယ်တိုင်တပ်အပ်မမြင်ရသေး၍ ဤကဲ့သို့သော ထူးဆန်းသည့်အရာတစ်ခု ဤလောကကြီးထဲ ရှိနေသည်ဟူသောအချက်ကို ယုံကြည်ဖို့ရာ အလွန်ကိုမှခက်ခဲလှပေသည်။ ဝမ်ကျိမင်တို့အဖွဲ့ ပြောပြသွားသည့် အကြောင်းအရာနှင့် လက်ရှိသူမြင်နေရသည့် အကြောင်းအရာမှာ တစ်ထပ်တည်းပင်။ အနက်ရောင်ဘောလုံးမှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် အရာမှန်သမျှ ဝါးမျိုခံရပြီး အက်ကြောင်းကြီးများသာ ကျန်ရစ်ခဲ့ရသည်။

"မကောင်းတော့ဘူး၊ သူ ကျုပ်တို့ဆီလာနေပြီ" တပည့်တစ်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။

"မြန်မြန်ရှောင်" အကြီးအကဲက ထအော်လေ၏။ ရန်ကိုင်နှင့် မတိုက်ခိုက်ရသေးသလို ရန်ကိုင်အား အဝေးမှသာ လှမ်းမြင်လိုက်ရပါသော်ငြား တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် သူအနေဖြင့် ထိုလူငယ်လေး၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း အကြီးအကဲသိနေခဲ့လေသည်။ ကျင့်ကြံခြင်း ကွာဟချက်များကို ထည့်မတွက်လျှင်ပင် အနက်ရောင်ဘောလုံးတစ်ခုတည်းနှင့်ပင် အကြီးအကဲမှာ အလွန်ကိုမှ ကြောက်လန့်နေမိလေပြီ။ [အကယ်၍ အဲဒီအနက်ရောင်ဘောလုံးသာ ငါ့ကိုလာထိရင် ငါလည်းလွတ်မှာ မဟုတ်လောက်ဘူး]

"မြန်လွန်းတယ်၊ မမီတော့ဘူး" တပည့်တစ်ယောက်က ကြောက်လန့်တကြား ပြန်ပြောလာခဲ့သည်။ ထိုတပည့် စကားပြောနေစဉ်မှာပင် လူတစ်ဦးသည် ကြယ်သင်္ဘောအား လေအလျင်နှုန်းဖြင့် ဖြတ်ကျော်သွားခဲ့လေသည်။ လူငယ်လေးသည် ကြယ်သင်္ဘောအား တစ်ချက်ပင်ကြည့်မသွားခဲ့။ မသိလျှင် ကြယ်သင်္ဘောသည် သူ့အတွက်မူ သေးနုပ်သည့် ပမွှားလေးတစ်ခုပမာ။

ထိုအချိန်အတောအတွင်း အနက်ရောင်ဘောလုံးမှာမူ သင်္ဘောအောက်မှ ဖြတ်သန်းသွားခဲ့လေသည်။ လူတိုင်း မဝမ်းသာနိုင်သေးခင်မှာပင် သူတို့အနောက်ဘက်ဆီမှ မြေငလျင်လှုပ်နေသည့်ပမာ တစ်ဝုန်းဝုန်းမြည်သံများကို ကြားလိုက်ကြရသည်။ ကြည့်ရသလောက် တစ်ခုခုပြိုကျသွားသည့်ပုံပင်။

နောက်ပြန်လှည့်ကြည့်လိုက်သည့်နောက် အကြီးအကဲက ဝမ်းနည်းတကြီး ထအော်လေ၏။ "မဟုတ်ဘူး"

ဤနေရာသည် မရဏဂိုဏ်းဆီမှ မိုင်တစ်ထောင်ခန့်အကွာတွင်သာ ရှိနေခြင်းဖြစ်လေသည်။ ကြယ်သင်္ဘောသည် တွင်းနက်ကြီးလက်မှ လွတ်သွားခဲ့လိမ့်မည်ဖြစ်ပါသော်ငြား မရဏဂိုဏ်းကမူ လွတ်လိမ့်မည်မဟုတ်ပေ။ ဤအချိန်တွင် မရဏဂိုဏ်းမှာ တွင်းနက်ကြီး၏ ဝါးမျိုခြင်းခံလိုက်ရလေပြီ။ မရဏဂိုဏ်း ရှိနေသည့်နေရာ၌ ဧရာမအက်ကြောင်းရာကြီးတစ်ခုသာ ကျန်ရစ်နေခဲ့သည်။ မရဏဂိုဏ်း၏ အစီအရင်မှာလည်း အနက်ရောင်ဘောလုံးအား တစ်ခဏလေးပင် တားဆီးထားနိုင်ခဲ့ခြင်းမရှိပေ။

"ဟမ်၊ အဲဒါ မရဏဂိုဏ်းလား" ရန်ကိုင် နောက်သို့ပြန်လှည့်ကြည့်လာခဲ့သည်။ "အဲဒါဆိုရင်တော့ သေသေချာချာလေး လုပ်ပေးရတာပေါ့"

ထို့နောက်တွင် ကြယ်သင်္ဘောပေါ်ရှိ လူတိုင်း ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ရပ်ကို မြင်တွေ့လိုက်ရလေသည်။ အနက်ရောင်ဘောလုံးသည် ရုတ်တရက် မရဏဂိုဏ်းဆီသို့ ပြန်လှည့်လာပြီး မရဏဂိုဏ်းအား နောက်တစ်ကြိမ် ထပ်မံ ဝါးမျိုလေသည်။ ထိုသို့ဖြင့် အနက်ရောင်ဘောလုံးသည် မရဏဂိုဏ်းရှိနေသည့် နေရာတစ်ခုလုံးကို အကြိမ်အဖန်ပေါင်းများစွာ ဝါးမျိုပစ်သွားခဲ့သည်။

တစ်ခဏကြာပြီးသည့်နောက်၌ မရဏဂိုဏ်းတစ်ခုလုံး မရဏကြယ်ပေါ်မှ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့လေ၏။

All Chapters