← Chapters

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆) - နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင် (အပိုင်း ၅) - ပေါင်းစည်းညီညွတ်ခြင်း

~နင်ချီသည် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း ကို သိမ်းပိုက် အောင်မြင်ပြီးနောက် နှစ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများကြားတွင် မည်သည့် ပဋိပက္ခမျှ မဖြစ်ပေါ်ခဲ့ပေ။ ဂိုဏ်းပေါင်းစုံသည် ယခုအခါ အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို အထွတ်အထိပ် အာဏာပိုင်အဖြစ် သတ်မှတ်ထားကြပြီး၊ နင်ချီအား "နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်" ဟု ခေါ်ဝေါ် သမုတ်ကြလေ၏။

ဤပြောင်းလဲမှုသည် သာမန် အဆင့်မြင့်ဂိုဏ်းများနှင့် ဂိုဏ်းငယ်လေးများအတွက် အလွန် ကျေးဇူးတင်စရာ ကောင်းသော အခြေအနေ တစ်ခု ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်နှစ်က "ဝိညာဉ်ကမ္ဘာ စစ်ပွဲ" မစတင်မီ အချိန်၌ ဂိုဏ်းအချင်းချင်း တိုက်ခိုက်ပြီး အရင်းအမြစ်များကို လုယူလေ့ ရှိကြ၏။

သာမန် အဆင့်မြင့်ဂိုဏ်းများနှင့် ဂိုဏ်းငယ်လေးများသည် အင်အားကြီးသော ဂိုဏ်းများ၏ ပစ်မှတ်ထားခြင်း ခံရမည်ကို အမြဲ စိုးရိမ်ထိတ်လန့် နေခဲ့ကြရသည်။

သို့သော် နင်ချီ ပေါ်ထွက်လာပြီးနောက်၊ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေမှ အင်အားအကြီးဆုံး ဂိုဏ်းများကို သိမ်းပိုက်ကာ ငြိမ်းချမ်းရေး ရယူပေးလိုက်သဖြင့်၊ ဂိုဏ်းငယ်လေးများသည် စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးသွားခဲ့ကြရသည်။

ထို့ကြောင့် နင်ချီ၏ "နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်" ဟူသော ဘွဲ့အမည်သည် ပိုမို ကျော်ကြားလာပြီး၊ လူအများက သူ့အား နတ်ဘုရား တစ်ပါးသဖွယ် ကိုးကွယ် လေးစားလာကြ၏။

ယခု နှစ်နှစ် ကြာမြင့်ပြီးသည့်တိုင် ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီး မစတင်သေးသလို၊ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများသည်လည်း "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" အမည်ကို အပြည့်အဝ ပြန်လည် ရယူရန်အတွက် အမှန်တကယ် မပေါင်းစည်းကြသေးပေ။

ဤနေ့ရက်တွင်...

"လော့ထျန်း အဆင့်မြင့်ဂိုဏ်း" ၏ ဂိုဏ်းချုပ် "လော့ဖေးယွီ" သည် သူ၏ မဟာစွမ်းအားရှင်များနှင့် အစစ်အမှန် အမွေခံ အချို့ကို ဦးဆောင်လျက် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ထွက်ခွာလာခဲ့၏။

ဤ လော့ဖေးယွီ သည် "ကျွမ်းချန်" ဝင်စားသည့် ခန္ဓာကိုယ်၏ ဖခင် ဖြစ်သည်။ ("ငါက ငါးမဟုတ်ဘူး" ဟူသော စကားပုံမှ ဆင်းသက်လာသော နာမည် ဖြစ်ပါသည်)။

ဤဘဝတွင် ကျွမ်းချန်၏ နာမည်မှာ "လော့ဖေးဝေါ်" ဖြစ်ပြီး၊ သူသည်လည်း ဤအဖွဲ့ထဲတွင် ပါဝင်လာခဲ့၏။

မကြာမီ... သူတို့သည် "ပေတို အဆင့်မြင့်ဂိုဏ်း"မှ လူများနှင့် လမ်းတွင် ဆုံတွေ့ကြ၏။ ထိုဂိုဏ်းမှ လူများသည်လည်း အလားတူ အဖွဲ့အစည်းဖြင့် ခရီးထွက်လာကြခြင်း ဖြစ်သည်။

လော့ဖေးယွီ က နှုတ်ဆက်လိုက်သည်။

“ဂိုဏ်းချုပ်ဟဲ... ခင်ဗျားလည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွားမလို့လား... အတူတူ သွားကြမလား...”

ထိုအခါ၊ ဟဲမင်ရှင်း က ပြန်ဖြေလာသည်။

“အာ... ဂိုဏ်းချုပ်လော့... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ...”

ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည် ချက်ချင်း ပူးပေါင်းလိုက်ကြပြီး၊ လမ်းခရီးတစ်လျှောက် စကားစမြည် ပြောဆိုရင်း လိုက်ပါလာကြ၏။ သူတို့၏ စကားဝိုင်းများသည် သဘာဝကျကျပင် အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် နင်ချီ အကြောင်းသို့ ရောက်ရှိသွားကြ၏။

“ဂိုဏ်းချုပ်ဟဲ... ကျုပ်တို့ ဂိုဏ်းနှစ်ခုက တော်တော် ဝေးတာပဲ... ခင်ဗျားတို့က ပိုပြီး မြောက်ဘက်ကျတာတောင် ကျုပ်တို့ထက် အရင် ရောက်လာတယ် ဆိုတော့... နယ်မြေအရှင်သခင် နင်ချီ အပေါ်ထားတဲ့ ခင်ဗျားတို့ရဲ့ သစ္စာတရားက တော်တော် ကြီးမားတာပဲ...”

ထိုစကားအား ဟဲမင်ရှင်း ရယ်ရင်း တုံ့ပြန်လိုက်သည်။

“စောစော ရောက်တာ ပိုကောင်းတာပေါ့ဗျာ... နယ်မြေအရှင်သခင် နင်ချီ က မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ပေါင်းစည်းပေးလိုက်တော့... ကျုပ်တို့ ပေ့ရွှမ်နယ်မြေ ကျင့်ကြံသူတွေ အနေနဲ့ ဂုဏ်ယူရတာပေါ့…”

လော့ဖေးယွီ သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။

သူသည် ပေတို အဆင့်မြင့်ဂိုဏ်းမှ လူအုပ်ကို ‌အကြည့်ပို့လွှတ်လိုက်ရာ ပါရမီရှင် အချို့ ပါဝင်နေသည်ကို သတိပြုမိလိုက်သည်။ သူ့သား လော့ဖေးဝေါ် လောက် မထူးချွန်သော်လည်း၊ သိပ်မကွာခြားလှပေ။

လော့ဖေးယွီ သက်ပြင်းချလိုက်သည်။

“ဂိုဏ်းချုပ်ဟဲ... ခင်ဗျား သတိထားမိလား... နယ်မြေအရှင်သခင် နင်ချီ ပေါ်ထွက်လာပြီးကတည်းက... ဂိုဏ်းတိုင်းမှာ ပါရမီရှင်တွေ ပေါ်ထွက်လာကြတယ်...”

ဟဲမင်ရှင်း ၏ အကြည့်သည် လော့ထျန်း အဆင့်မြင့်ဂိုဏ်းသားများ အပေါ်သို့ ရောက်ရှိသွား၏။ ခဏမျှ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။

“ဂိုဏ်းချုပ်လော့... ခင်ဗျားရဲ့ လေ့လာမှုက တော်တော် စူးရှတာပဲ... ဒါက ခေတ်ကြီး တစ်ခေတ်ရဲ့ အစပျိုးခြင်း လက္ခဏာများ ဖြစ်နေမလား မသိဘူး...”

သူတို့ဘေးတွင် ရှိနေသော မဟာစွမ်းအားရှင်များနှင့် အစစ်အမှန် အမွေခံများသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် မျှော်လင့်ချက်များ တိုးပွားလာကြ၏။

ဝိညာဉ်ကမ္ဘာ သမိုင်းကြောင်း တစ်လျှောက်တွင် "ခေတ်ကြီး တစ်ခေတ်" ပေါ်ထွန်းမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည်။

ထိုအကြိမ်တိုင်းတွင် သမိုင်း၏ တောက်ပသော စာမျက်နှာများ ဖြစ်လာခဲ့ပြီး၊ လူအများကို စိတ်လှုပ်ရှား တက်ကြွစေခဲ့သည်။

ခေတ်ကြီး တစ်ခေတ် ရောက်ရှိလာတိုင်း ပါရမီရှင်များ ပေါ်ထွက်လာလေ့ ရှိပြီး၊ ကျင့်ကြံသူ အားလုံးသည် ထိုလှိုင်းလုံးကြီးကို စီးနင်းလိုက်ပါခွင့် ရရှိကြ၏။ သာမန်အချိန်များထက် အခွင့်အရေး ပိုမို ရရှိတတ်ကြ၏။

လော့ဖေးဝေါ် (ခေါ်) ကျွမ်းချန် သည် ပေတို အဆင့်မြင့်ဂိုဏ်းမှ မဟာစွမ်းအားရှင် လူငယ်တစ်ဦးနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ နှစ်ဦးစလုံး ခပ်ရေးရေး ပြုံးလိုက်ကြ၏။

သူတို့သည် "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားသူများ ဖြစ်ကြသည့် အလျောက်၊ ကျွမ်းချန်တို့ အကြားတွင် ထူးခြားသော ဆက်နွယ်မှုတစ်ခု ရှိနေသဖြင့် ချက်ချင်း မှတ်မိသွားကြ၏။

‘ဟုတ်တယ်... ဒါက ခေတ်ကြီး တစ်ခေတ်ပဲ... ဒါပေမဲ့ ဒီပါရမီရှင်တွေက ခေတ်ကြောင့် မွေးဖွားလာတာ မဟုတ်ဘူး... နယ်မြေအရှင်သခင် ကိုယ်တိုင် ဖန်တီးပေးထားတာ…’

တူညီသော အတွေးတစ်ခု သူတို့၏ စိတ်ထဲတွင် ဖြတ်သန်းသွားပြီး၊ နားလည်မှု ရှိသော အပြုံးများ ဖလှယ်လိုက်ကြသည်။

ဘာမှ မသိနားမလည်သော အခြားသူများကို ကြည့်ရင်း၊ အစစ်အမှန်သိုင်း ကမ္ဘာမှ ကျင့်ကြံသူများ စုဝေးမည့် နေ့ရက်ကို ပိုမို မျှော်လင့်လာကြ၏။

အဲ့ဒီအချိန်ကျရင် ဘယ်လို စွမ်းအားမျိုးတွေ ပေါက်ကွဲထွက်လာမလဲ။

အဲဒီအချိန်ကျရင်... နယ်မြေအရှင်သခင်က တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံးက ဂိုဏ်းတွေကို ခေါ်ယူ စုစည်းလိုက်ရင်... တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာ ကောင်းလိုက်တာ။

“နယ်မြေအရှင်သခင် နင်ချီက ဒီခေတ်ကြီးကို ဦးဆောင်မယ့် အဓိက ပုဂ္ဂိုလ် ဖြစ်လာဖို့ များတယ်... သူ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကနေ ဖောက်ထွက်ပြီး... တောင်နှင့် ပင်လယ် ကမ္ဘာရဲ့ တခြား နယ်မြေတွေနဲ့ ယှဉ်ပြိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်...” ဟဲမင်ရှင်း က ပြောလိုက်သည်။

လော့ဖေးယွီအနေနှင့်.. ဟဲမင်ရှင်း သည် မြှောက်ပင့် ပြောဆိုရာတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။ သို့သော် သူ ဘာမှ ဝင်မပြောပေ။

ဘာပဲဖြစ်ဖြစ်... နင်ချီ၏ ပါရမီသည် သူတို့ကဲ့သို့ လူဟောင်းများ အနေဖြင့် မော့ကြည့်အားကျရုံသာ တတ်နိုင်သော အရာ ဖြစ်ပါသည်။

ခဏမျှ စဉ်းစားပြီးနောက် သူ မေးလိုက်သည်။

“ဂိုဏ်းချုပ်ဟဲ... ဒီတစ်ခေါက် နယ်မြေအရှင်သခင် နင်ချီက ကျွန်တော်တို့ကို ဘာကိစ္စအတွက် ဆင့်ခေါ်တယ် ဆိုတာ ခင်ဗျား သိလား...”

ထိုစဉ်၊ ကျွမ်းချန် သည် အခွင့်အရေးသမား ဖြစ်သော သူ့ဖခင်ကို တစ်ချက်ကြည့်ပြီး၊ နည်းနည်းတော့ တုံးအတာပဲ ဟု စိတ်ထဲတွင် လှောင်ပြောင်လိုက်မိ၏။

ဟဲမင်ရှင်းက ပြန်ဖြေလာသည်။

“နယ်မြေအရှင်သခင် နင်ချီ က သူ့ကို ဂုဏ်ပြုဖို့ သက်သက် ကျွန်တော်တို့ကို ခေါ်တာတော့ မဟုတ်လောက်ဘူး... သူက ငယ်ရွယ်ပေမယ့် သူ့ခြေလှမ်းတိုင်းမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိတယ်... ကျွန်တော် ထင်တာတော့ လာမယ့် ဝိညာဉ်ကမ္ဘာ စစ်ပွဲ အတွက် ဖြစ်လောက်တယ်...”

“အဲဒါတော့ ကျွန်တော်လည်း သိပါတယ်... ဒါပေမဲ့ ကျွန်တော်တို့က သာမန် အဆင့်မြင့်ဂိုဏ်းတွေပဲလေ... ဝိညာဉ်ကမ္ဘာ စစ်ပွဲမှာ ပါဝင်ရင်တောင် ကျွန်တော်တို့ရဲ့ ဩဇာလွှမ်းမိုးမှုက အကန့်အသတ် ရှိမှာပါ...”

ဟု လော့ဖေးယွီက ပြန်ပြောလိုက်၏။

ကျွမ်းချန် သည် သူ့အဖေကြီးကို နောက်တစ်ကြိမ် မထီမဲ့မြင် ပြုလိုက်ပြန်သည်။

တကယ်တမ်းတွင် သူသည် ဂိုဏ်းတူ အစ်ကိုကြီးနင် ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီး ဖြစ်သည်။ ဝိညာဉ်ကမ္ဘာ စစ်ပွဲကို "လေ့ကျင့်ရေး ကွင်းပြင်" အဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်း ဖြစ်ပေလိမ့်မည်။

နင်ချီသည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ပေါင်းစည်းထားပြီး၊ ဂိုဏ်းတိုင်းတွင် အစစ်အမှန်သိုင်း ကမ္ဘာမှ "မျိုးစေ့ ကျင့်ကြံသူ" များ ရှိနေသည်။

အကယ်၍ ဝိညာဉ်ကမ္ဘာ စစ်ပွဲ အတွင်း ဤမျိုးစေ့များကို ရင်တွင်း လှုံ့ဆော်ပြီး သူတို့၏ ဂိုဏ်းများကို လွှမ်းမိုးနိုင်ခဲ့လျှင်... ဂိုဏ်းအားလုံး၏ စွမ်းအားများကို တစ်စုတစ်စည်းတည်း စုစည်းပြီး အဆုံးအဖြတ် တိုက်ပွဲ တစ်ခု ဆင်နွှဲနိုင်မည် ဖြစ်၏။

ရလဒ်က ဘယ်လိုပဲ ဖြစ်ပါစေ... အနာဂတ်မှာ တောင်နှင့် ပင်လယ် ကမ္ဘာကို တိုက်ခိုက်မည့် စီမံကိန်းအတွက် လက်တွေ့ကျသော အစီအစဉ် တစ်ခု ရရှိလာမှာ သေချာပါသည်။

အစစ်အမှန်သိုင်း ကမ္ဘာ၏ နယ်မြေအရှင်သခင် အနေဖြင့်... နင်ချီ၏ ရည်မှန်းချက်သည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ကို ပေါင်းစည်းရုံ သက်သက် မဟုတ်ပေ။ သူ၏ အန္တိမ ပန်းတိုင်သည် "တောင်နှင့် ပင်လယ် ကမ္ဘာ" တစ်ခုလုံးကို သိမ်းပိုက်ရန် ဖြစ်၏။

ထို့ကြောင့် လက်ရှိ အချိန်သည် အမှန်တကယ် ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်သည်။

ကျယ်ပြန့်သော ရှုထောင့်မှ ကြည့်လျှင်... "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" သည် "တောင်နှင့် ပင်လယ် ကမ္ဘာ" အသေးစားလေး ဖြစ်ပြီး၊ အတွင်းရှိ ဂိုဏ်းများသည် သက်ဆိုင်ရာ "ဝိညာဉ် နယ်မြေ" များ ဖြစ်ကြ၏။ ဤစစ်ပွဲသည် အနာဂတ် သိမ်းပိုက်ပွဲကြီး အတွက် လေ့ကျင့်ခန်း တစ်ခု ဖြစ်ပြီး၊ လုံးဝ ဖြစ်နိုင်ခြေ ရှိသည်။

...

အကန့်အသတ်မဲ့ ဓားဂိုဏ်းဝယ်၊

ယနေ့တွင် ဂိုဏ်းတစ်ခုလုံးကို ရောင်စုံ မီးပုံးများ၊ အလံများနှင့် တန်ဆာဆင်ထားသည်။

မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ နှစ်ခုလုံးမှ ဂိုဏ်းချုပ်များနှင့် ထိပ်တန်း မဟာစွမ်းအားရှင်များသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ အသီးသီး ရောက်ရှိလာကြ၏။

ဝင်ရောက်လာသည်နှင့် တပြိုင်နက်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း ပြောင်းလဲမှုများကို ချက်ချင်း သတိထားမိလိုက်ကြသည်။

အတွင်းပိုင်း ကဏ္ဍတွင် ပါရမီရှင်များဖြင့် ပြည့်နှက်နေပြီး၊ တစ်ချက် ကြည့်လိုက်ရုံဖြင့် ကျင့်ကြံသူ အများစု၏ စွမ်းအားသည် သူတို့ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သိသာထင်ရှားနေ၏။

အခန်း (၆၇၇) - နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင် (အပိုင်း ၆) - ပေါင်းစည်းညီညွတ်ခြင်း (အပိုင်း ၂)

~ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် မိမိတို့ဂိုဏ်းမှ ထွက်ပေါ်လာသော ပါရမီရှင်များကို အမြဲ ဂုဏ်ယူဝင့်ကြွားခဲ့ကြ၏။ သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်း သို့ ရောက်ရှိလာချိန်တွင်မူ၊ သူတို့သည် ရေတွင်းထဲမှ ဖားသူငယ်များပမာ ကမ္ဘာလောကကို ကျဉ်းမြောင်းစွာ ရှုမြင်ခဲ့မိကြောင်း နားလည်လိုက်ကြသည်။

နင်ချီသည် သာမန်လူ မဟုတ်ကြောင်း သူတို့ ညည်းတွား အသိအမှတ်ပြုလိုက်ကြ၏။ သူ ဂိုဏ်းချုပ် မဖြစ်လာခင် အချိန်ထိ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အင်အားသည် အခြားဂိုဏ်းများနှင့် သိပ်မကွာခြားလှပေ။

သို့သော် နင်ချီ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာပြီး၊ မည်သူမျှ မှန်းဆမရနိုင်သော အမြင့်သို့ ထိုးတက်သွားခဲ့သည်။ အခြားဂိုဏ်းများ အနေဖြင့် မော့ကြည့်အားကျရုံသာ တတ်နိုင်တော့သည်။

ဗဟိုတောင်ထွတ် ရင်ပြင်ဝယ်၊

ဂိုဏ်းချုပ်များသည် မိမိတို့၏ တပည့်များကို ဦးဆောင်လျက် ဤနေရာသို့ အသီးသီး ရောက်ရှိလာကြ၏။

အဓိက ပလ္လင်ထက်တွင် ထိုင်နေသော ထူးခြားပြောင်မြောက်သည့် ပုံရိပ်ကို မော့ကြည့်ရင်း၊ လူတိုင်း ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်ကြ၏။

ဤလူငယ်သည် အသက် တစ်ရာ မပြည့်သေးသော်လည်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများကြား နှစ်ပေါင်း သောင်းချီ ကြာမြင့်ခဲ့သော ဂိုဏ်းပြိုင်ဆိုင်မှုများကို အဆုံးသတ်ပေးခဲ့သူ ဖြစ်သည်။

“နယ်မြေအရှင်သခင်ကို ဂါရဝ ပြုပါတယ်...”

“အားလုံးပဲ... ထကြပါ...”

နင်ချီ၏ စကားသံသည် ခေါင်းလောင်းကြီး ထိုးခတ်လိုက်သကဲ့သို့ ပဲ့တင်ထပ်သွားပြီး၊ လူတိုင်း၏ စိတ်ဝိညာဉ် အတွင်းပိုင်းထိ တုန်ခါသွားစေသည်။ လူတိုင်း အံ့အားသင့်သွားကြပြီး ရင်တွင်း ကြောက်ရွံ့သွားကြ၏။

ဂိုဏ်းအားလုံး စုံလင်စွာ ရောက်ရှိနေကြပြီး၊ ရင်ပြင်၏ အပြင်ဘက်ပိုင်းတွင် နေရာယူထားကြသည်။ နင်ချီ၏ ညွှန်ကြားချက်ကို တိတ်ဆိတ်စွာ စောင့်မျှော်နေကြ၏။

ရုတ်တရက်... ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း မှ လူများသည် သူတို့၏ နေရာမှ ရှေ့သို့ ထွက်လာကြ၏။

လက်ရှိ ဂိုဏ်းချုပ် "ရှရှင်း" သည် လူတစ်ယောက်ကို ကိုယ်တိုင် ဖမ်းချုပ် ခေါ်ဆောင်လာပြီး၊ ရင်ပြင် အလယ်သို့ ရောက်သောအခါ နင်ချီကို ဦးညွှတ်လိုက်သည်။

“နယ်မြေအရှင်သခင်... လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ဟောင်း 'ရှထျန်းဟဲ' ဟာ ဖူယောင်နယ်မြေ ကို သွားရောက်ခဲ့လို့ ဘေးဒုက္ခကနေ လွတ်မြောက်ခဲ့ပါတယ်... ဒီနေ့တော့ အဲဒီနေ့က မပြီးပြတ်ခဲ့တဲ့ ကိစ္စတွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ သူ ဒီနေရာကို ရောက်နေပါပြီ...”

လူတိုင်း ရှရှင်း ဘက်သို့ အကြည့် ပို့လွှတ်လိုက်ကြ၏။ ကောင်းကင်တာရာ ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ယခုအခါ လူတိုင်း သိရှိပြီး ဖြစ်သည်။

နင်ချီသည် ကောင်းကင်တာရာ ဂိုဏ်းမှ "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး သုံးဦးကို သုတ်သင်ပြီးနောက်၊ ဂိုဏ်းချုပ်၏ ဆွေမျိုးတော်စပ်သူ ရှရှင်း သည် ဦးစွာ သစ္စာခံခဲ့ပြီး၊ ဂိုဏ်းသား အားလုံးကို ဦးဆောင်ကာ လက်နက်ချခဲ့သည်။

ထိုအချိန်မှ စ၍ ကောင်းကင်တာရာ ဂိုဏ်းသား အားလုံးသည် နင်ချီကို သခင်အဖြစ် အသိအမှတ်ပြုခဲ့ကြပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းတစ်ခု ဖြစ်လာခဲ့၏။

မူလက ရှထျန်းဟဲ သည် ဘေးဒုက္ခမှ လွတ်မြောက်သွားသဖြင့် ကံကောင်းသည်ဟု ထင်ရသော်လည်း၊ ပြန်ရောက်လာသောအခါ သူ့ဂိုဏ်းထဲတွင် သူတစ်ယောက်တည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူတစ်ဦးတည်းသာ နင်ချီကို သခင်အဖြစ် အသိအမှတ် မပြုဘဲ ငြင်းဆန်ခဲ့သဖြင့်၊ သူ့တူတော်မောင် ကိုယ်တိုင်က ချက်ချင်း ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။ ဂိုဏ်းထဲမှ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အတွက် ဝင်ရောက် အသနားခံခြင်း မပြုခဲ့ကြပေ။ ယနေ့မှသာ သူ့ကို ပြန်လည် ထုတ်ဖေါ်ပြသလိုက်ခြင်း ဖြစ်သည်။

ရှထျန်းဟဲ သည် အထက်ရှိ နင်ချီကို တစ်ချက် မော့ကြည့်လိုက်၏။

“ဦးလေး... ကောင်းကင်လမ်းစဉ် သစ္စာကတိ ကို မြန်မြန် ပြုလိုက်ပါ... ကျွန်တော်..ဦးလေးကို ဆက်ပြီး ချုပ်နှောင်မထားချင်တော့ဘူး...”

ရှထျန်းဟဲ ခါးသက်သက် ပြုံးလိုက်သည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေမှ ဂိုဏ်းပေါင်းစုံ ရှေ့မှောက်တွင် သခင်သစ် တစ်ဦးကို လူသိရှင်ကြား သစ္စာခံရမည့် အဖြစ်သည် သေသည်အထိ အရှက်ရစရာ ဖြစ်နေမည်မှာ သေချာလေ၏။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ... သူ့တွင် ရွေးချယ်စရာ မရှိ၊ လိုက်နာရုံသာ ရှိတော့သည်။

အဘယ်ကြောင့်ဆိုသော် သူသာမက၊ ရောက်ရှိနေသူ အားလုံးသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ကောင်းကင်တာရာ ဂိုဏ်း၏ ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီး ဖြစ်၏။

ကောင်းကင်တာရာ ဂိုဏ်းသည် လူငါးယောက်သာ လာရောက်သော်လည်း၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် မယှဉ်သာသည့်တိုင် အခြားဂိုဏ်းများနှင့် ယှဉ်လျှင် တူညီသော အဆင့်အတန်းတွင် အင်အားအကြီးဆုံး ဖြစ်နေသည်။

ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးများ သေဆုံးပြီးနောက်တွင် ဤကဲ့သို့ ထူးခြားသော အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်းမှာ နင်ချီ၏ ကျေးဇူးကြောင့် ဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိရှိကြ၏။

ရှထျန်းဟဲ တံတွေး တစ်ချက် မျိုချလိုက်သည်။ ရှရှင်း က သူ့ကို လွှတ်ပေးလိုက်သည်နှင့် တပြိုင်နက်၊ ရှထျန်းဟဲ သည် လက်ညှိုးကို ကောင်းကင်သို့ ထိုးပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ကျွန်တော် ရှထျန်းဟဲ... နင်ချီကို သခင်အဖြစ် အသိအမှတ်ပြုပါကြောင်း သစ္စာဆိုပါတယ်...”

သူ့ခေါင်းထက်မှ "မူလဝိညာဉ် စွမ်းအား" တစ်ခု ထွက်ပေါ်လာပြီး၊ လေထဲတွင် စာချုပ်တံဆိပ်တော် တစ်ခု အဖြစ် ဖွဲ့စည်းကာ၊ နင်ချီ၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသည်။

နင်ချီ တည်ငြိမ်စွာ လက်ခံလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်၏။

“ကောင်းပြီ... ခင်ဗျားရဲ့ တောင်းဆိုမှုကို လက်ခံတယ်... ရှရှင်း ကို ကောင်းကောင်း ကူညီပေးလိုက်ပါ... သူ ရှိနေသရွေ့ ကောင်းကင်တာရာ ဂိုဏ်းရဲ့ အနာဂတ်က သေချာပေါက် တောက်ပနေမှာပါ...”

ဂိုဏ်းအသီးသီးမှ လူများသည် ကြောက်ရွံ့မှုကြောင့် ကျောချမ်းသွားကြ၏။ သူတို့ ရောက်လာစက မည်သည့် သတင်းမျှ မကြားခဲ့ရသော်လည်း၊ ယခု မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော မြင်ကွင်းသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

လက်ရှိတွင် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း မှ လွဲလျှင်၊ ရှထျန်းဟဲ သည် ဂိုဏ်းချုပ်ဟောင်း တစ်ဦး အနေဖြင့် အခြား သာမန် အဆင့်မြင့်ဂိုဏ်း ခေါင်းဆောင်များထက် များစွာ သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထား၏။

ထိုကဲ့သို့ လူမျိုးပင် နင်ချီကို သစ္စာခံလိုက်ပြီ ဆိုပါက... အခြား မည်သည့်ဂိုဏ်းကများ မိုက်မဲစွာ ပြုမူရဲတော့မည်နည်း။

နင်ချီ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောသည်။

“ကဲ... ခင်ဗျားတို့ကို ဘာကိစ္စအတွက် ဆင့်ခေါ်တယ် ဆိုတာ ခန့်မှန်းမိကြလား...”

ထိုအခိုက်မှာ၊ လူတိုင်း၏ စိတ်ထဲတွင် အတွေးမျိုးစုံ ပေါ်လာကြ၏။

အချို့က နင်ချီ ကြွားဝါချင်လို့ဟု ထင်ကြ၏။ အချို့က ပညာပေးချင်လို့ဟု ယူဆကြ၏။ အချို့ကတော့ ဝိညာဉ်ကမ္ဘာ စစ်ပွဲနှင့် သက်ဆိုင်သည်ဟု ခံစားမိကြသည်။

အတွေးများ ကွဲပြားနေသော်လည်း၊ မည်သူမျှ ထုတ်ဖော် မပြောရဲကြဘဲ တညီတညွတ်တည်း ဖြေကြားလိုက်ကြ၏။

“နယ်မြေအရှင်သခင်... ကျွန်တော်တို့ မသိပါဘူး... ကျေးဇူးပြုပြီး ရှင်းပြပေးပါ...”

နင်ချီ၏ အကြည့်သည် လူအုပ်ကြီး တစ်ခုလုံးကို ဝေ့ဝဲ ကြည့်ရှုလိုက်သည်။

“ခင်ဗျားတို့ မခန့်မှန်းချင်ကြမှတော့... ကျွန်တော် တိုက်ရိုက်ပဲ ပြောပါမယ်...”

“ရှင်းလင်းတဲ့ ညွှန်ကြားချက် ပေးပါဗျ... နယ်မြေအရှင်သခင်...”

နင်ချီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဆက်ပြောလိုက်၏။

“ခင်ဗျားတို့ကို ဆင့်ခေါ်ရတာက... မကြာခင် ကျင်းပတော့မယ့် ဝိညာဉ်ကမ္ဘာ စစ်ပွဲ ကိစ္စ ဆွေးနွေးဖို့ပါ...”

“အခု နယ်မြေနှစ်ခုက ဒီလောက် စည်းလုံးနေပြီ ဆိုတော့... ကျွန်တော်တို့သာ ညီညွတ်ကြမယ် ဆိုရင်... ဝိညာဉ်ကမ္ဘာ စစ်ပွဲမှာ သေချာပေါက် တောက်ပနိုင်လိမ့်မယ်... တခြား နယ်မြေတွေက ကျွန်တော်တို့ လုပ်နိုင်သလို မဖြစ်စေရဘူးလို့ ကျွန်တော် ယုံကြည်တယ်...”

“ခင်ဗျားတို့ ဆန္ဒရှိကြရဲ့လား...”

လော့ထျန်း အဆင့်မြင့်ဂိုဏ်းမှ လော့ဖေးယွီ ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာသည်။

လမ်းခရီးတွင် သူတို့ ခန့်မှန်းခဲ့ကြသည်မှာ... သာမန် ဂိုဏ်းများ အင်အားနည်းပါးသဖြင့် နင်ချီက သူတို့ကို ထည့်သွင်းစဉ်းစားမည် မဟုတ်ဟု ထင်ခဲ့ကြ၏။

ဘာပဲဖြစ်ဖြစ်... သူသာ နင်ချီ နေရာမှာ ဆိုလျှင်၊ ကိုယ့်ဂိုဏ်းအင်အားနှင့်တင် လုံလောက်နေပြီ ဖြစ်၏။ အားနည်းသော ဂိုဏ်းတွေကို ခေါ်သွားလျှင် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံသာ ရှိမည်။ သို့သော် နင်ချီက ထိုအတွေးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

ဂိုဏ်းအသီးသီး ဇဝေဇဝါ ဖြစ်နေစဉ်၊ နျူတင်းထျန် ရှေ့ထွက်လာပြီး ပြောလိုက်၏။

“ကျွန်တော်တို့ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း အနေနဲ့... ဝိညာဉ်ကမ္ဘာ စစ်ပွဲမှာ အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ အမိန့်ကို နာခံပါမယ်...”

လူတိုင်း အံ့အားသင့်သွားကြ၏။ သူတို့ အံ့ဩ၍ မဆုံးခင်မှာပင်၊ ကောင်းကင်တာရာ ဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ် ရှရှင်း ကလည်း ရှေ့ထွက်လာပြီး အလားတူ စကားကို ပြောကြားလိုက်သည်။

ဂိုဏ်းနှစ်ဂိုဏ်းစလုံးသည် ထိပ်တန်း အဆင့်မြင့်ဂိုဏ်းများ ဖြစ်ကြ၏။ သူတို့ပင် သဘောတူလိုက်ပြီ ဆိုပါက... အခြားဂိုဏ်းများ အနေဖြင့် မည်သို့ ငြင်းဆန်ရဲတော့မည်နည်း။

သူတို့၏ အတွင်းစိတ် ခံစားချက်က ဘယ်လိုပဲ ရှိနေပါစေ... နင်ချီ၏ အကြည့်က သူတို့အပေါ် ကျရောက်လာသောအခါ အားလုံး သဘောတူလိုက်ကြ၏။

နင်ချီ ပြောလိုက်သည်။

“ကောင်းပြီ... ဒီအခြေအနေ အရ... ကျွန်တော်တို့ရဲ့ အင်အားစုကို 'နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့' လို့ နာမည်ပေးမယ်... ဒီနေ့ကစပြီး နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့ကို တရားဝင် တည်ထောင်လိုက်ပြီ... ကျွန်တော်က 'မဟာမိတ် ခေါင်းဆောင်' အဖြစ် တာဝန်ယူမယ်... ခင်ဗျားတို့ သဘောတူလား...”

“သဘောတူပါတယ်...”

တညီတညွတ်တည်း ဖြေဆိုသံကို ကြား‌သောအခါ၊ နင်ချီ ခပ်ရေးရေး ပြုံးလိုက်၏။

အကန့်အသတ်မဲ့ဓား ဂိုဏ်းသား အားလုံးလည်း… ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြလေသည်။

အခန်း (၆၇၈) - နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင် (အပိုင်း ၇) - ပေါင်းစည်းညီညွတ်ခြင်း (အပိုင်း ၃)

~နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းနှင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းတို့သည်လည်း ထိုနည်းလည်းကောင်းပင်။

မဟာမိတ် ခေါင်းဆောင်ကြီး၏ အင်အားကြီးမားမှုကို ထင်ရှားစေရန် အလို့ငှာ၊ နင်ချီသည် "နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" စတင် တည်ထောင်ခြင်း အထိမ်းအမှတ် လက်ဆောင်မွန် အဖြစ် ကျင့်စဉ်တစ်ခုကို လူတိုင်းအား ရက်ရောစွာ ထုတ်ပေးလိုက်လေသည်။

၎င်းကို မြင်လိုက်ရသည်နှင့် တပြိုင်နက် လူတိုင်း အံ့အားသင့်သွားကြ၏။

နင်ချီကို ပြန်လည် မော့ကြည့်လိုက်ကြသောအခါ သူတို့၏ မျက်ဝန်းများထဲတွင် ဖော်ပြရခက်သော တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

နင်ချီသည် သူတို့ဂိုဏ်းရှိ ကျင့်စဉ်များထက် အဆများစွာ သာလွန်သော ကျင့်စဉ်တစ်ခုကို ပေးသနားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ယခင်က မည်သည့် လမ်းစဉ်ကို ကျင့်ကြံခဲ့သည်ဖြစ်စေ၊ ဤကျင့်စဉ်သို့ ပြောင်းလဲ ကျင့်ကြံနိုင်ပြီး အသုံးဝင်မှု အလွန် ကျယ်ပြန့်လှသည်။

ထို့ကြောင့် လူတိုင်း၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ နင်ချီသည် အမှန်တကယ် ရက်ရောသော ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ဤအဖိုးတန် ကျင့်စဉ်သည် "ပေါင်းစည်းခြင်း နယ်ပယ်" အထိ တက်လှမ်းနိုင်စေပြီး၊ ယင်း၏ တန်ဖိုးသည် ဂိုဏ်းသစ်တစ်ဂိုဏ်း တည်ထောင်ရန် အခြေခံအုတ်မြစ် အဖြစ်ပင် လုံလောက်ပေသည်။

တစ်ခဏအတွင်းမှာပင် လူတိုင်း၏ စိတ်နေသဘောထားများ လုံးဝ ပြောင်းလဲသွားသည်။ နင်ချီ၏ နောက်သို့ လိုက်ပါခြင်းသည် အကျိုးကျေးဇူးများသာ ရှိပြီး ဆိုးကျိုးမရှိကြောင်း လက်ခံလိုက်ကြ၏။

ရုတ်တရက်... မြေကြီး တုန်ခါလာပြီး ကောင်းကင်ယံလည်း တုန်လှုပ်သွားသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌ ရှိနေကြသော်လည်း၊ ဂိုဏ်းတစ်ခုလုံး သုံးကြိမ်တိုင်တိုင် တုန်ခါသွားခဲ့သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ...”

နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းမှ ဦးစွာ ပျံသန်း ထွက်ခွာလာပြီး၊ အခြားသူများလည်း သူ့နောက်မှ တစ်ယောက်ပြီး တစ်ယောက် လိုက်ပါလာကြ၏။

ဘာဖြစ်ပျက်နေသည်ကို သိရှိရန် အရပ်လေးမျက်နှာသို့ ကြည့်ရှုလိုက်ကြ၏။

မူလက တိမ်ထူနေသော ကောင်းကင်သည် ကြည်လင်သွားပြီး၊ ရောင်စုံ တိမ်တိုက်များ နေရာကွက်ကြား ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

မြေကြီးပေါ်တွင်လည်း မြူခိုးများ တလူလူ ထွက်ပေါ်လာပြီး၊ တိုက်ကြီး တစ်ခုလုံးကို "အင်မော်တယ် နယ်မြေ" တစ်ခုအလား ထင်မှတ်ရစေ၏။

ဓားဘိုးဘေးကြီးသည် နင်ချီ၏ ဘေးတွင် ရပ်လျက်၊ မြောက်ဘက်နှင့် တောင်ဘက်သို့ ဝေ့ဝဲ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။

“နယ်မြေနှစ်ခု စတင် ပေါင်းစည်းနေပြီပဲ...”

လူတိုင်း တုန်လှုပ် အံ့ဩသွားကြ၏။

နင်ချီ မျက်လုံးများကို မှိတ်လိုက်ပြီး၊ ပေ့ရွှမ်နယ်မြေ အတွင်းရှိ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို တိတ်ဆိတ်စွာ အာရုံခံလိုက်သည်။

သေချာသည်မှာ... အကန့်အသတ်မဲ့ ဓားဂိုဏ်း သာမက၊ ပေ့ရွှမ်နယ်မြေ တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များသည် တောင်ဘက်အရပ်သို့ စီးဆင်းနေကြ၏။

နယ်မြေနှစ်ခု ပေါင်းစည်းပြီး "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ပြန်လည် ပေါ်ပေါက်လာသည်နှင့် အမျှ၊ လက်ရှိ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများသည် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်မှာ အမှန်ပင်။

သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်း တည်ရှိရာ နေရာသည် သက်ရောက်မှု အပြင်းထန်ဆုံး ခံစားရမည့် နေရာ မဟုတ်ပေ။ ဝိညာဉ်စွမ်းအင်များ စီးဆင်းသွားရာ အဆုံးသတ် နေရာသည်သာလျှင် အပြောင်းအလဲ အကြီးမားဆုံး ဖြစ်ပေလိမ့်မည်။

နင်ချီ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို အာရုံခံနေသည်ကို မြင်သောအခါ ဓားဘိုးဘေးကြီးက ဆက်ပြောသည်။

“ဝမ်းနည်းစရာ ကောင်းတာက... ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းဟာ မင်းရဲ့ ဦးဆောင်မှုအောက်မှာ အင်အားအကြီးဆုံး ဖြစ်လာပြီး နယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပေမယ့်... မူလ နေရာ ရွေးချယ်မှုကတော့ တော်တော်လေး ညံ့ဖျင်းခဲ့တာပဲ...”

ထိုအခိုက်အတန့်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသား အားလုံး အလားတူ တွေးမိလိုက်ကြ၏။

ကျင့်ကြံခြင်း လမ်းစဉ်တွင် ချမ်းသာကြွယ်ဝမှု၊ မိတ်ဆွေကောင်း၊ တာအိုနှင့် တည်နေရာ တို့သည် အလွန် အရေးကြီးသော အချက်များ ဖြစ်ပြီး၊ ဂိုဏ်းတစ်ခု၏ တည်နေရာသည် အဓိက ကျလှသည်။

ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာများတွင် ကျင့်ကြံခြင်းသည် ပိုမို လျင်မြန်ပြီး၊ ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ပေါ်ထွက်လာရန် ပိုမို လွယ်ကူလေ၏။

ဝိညာဉ်သတ္တုရိုင်းများ ဖြစ်ပေါ်လာနိုင်ရုံ သာမက၊ ဝိညာဉ်ဆေးပင် အမျိုးမျိုး ကြီးထွားမှုကိုလည်း အားပေးသည်။ အခင်းအကျင်းများ တည်ဆောက်ရာတွင်လည်း ပိုမို လွယ်ကူပြီး စွမ်းအား ပိုကြီးမားစေသည်။

နင်ချီသည် လူတိုင်းကို တိုက်ရိုက် မေးမြန်းလိုက်သည်။

“ခင်ဗျားတို့ သက်ဆိုင်ရာ ဂိုဏ်းတွေကို အမြန်ဆုံး သတင်းပို့ပြီး... ဝိညာဉ်စွမ်းအင် စီးဆင်းမှုက ဘယ်ဘက်ကို ဦးတည်နေသလဲ ဆိုတာ မေးမြန်းလိုက်ပါ... စွမ်းအင် စီးဆင်းမှုရဲ့ အဆုံးသတ် နေရာကို အတိအကျ သတ်မှတ်ရမယ်...”

ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များ သဘောတူလိုက်ကြ၏။

ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသဖြင့်၊ အခြားဂိုဏ်းများတွင် ကျန်ရစ်ခဲ့သော သူများသည်လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ လူများကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုများကို ထွက်ကြည့်နေကြ၏။

ဂိုဏ်းချုပ်များထံမှ သတင်းစကား ရောက်ရှိလာသောအခါ အဓိက ပုဂ္ဂိုလ်များသည် သတိဝင်လာပြီး ချက်ချင်း တုံ့ပြန်ကြသည်။

သတင်းများ တစ်ခုပြီး တစ်ခု ပြန်ရောက်လာပြီး၊ ဂိုဏ်းချုပ်များ တင်ပြကြ၏။

လော့ထျန်း အဆင့်မြင့်ဂိုဏ်းမှ လော့ဖေးယွီ က ပြောသည်။

“နယ်မြေအရှင်သခင်ကို အစီရင်ခံပါတယ်... ဝိညာဉ်စွမ်းအင် စီးဆင်းမှုက ကျွန်တော်တို့ ဂိုဏ်းရဲ့ တောင်ဘက်ကို ဦးတည်နေပါတယ်...”

ဟု ဟဲမင်ရှင်း ကလည်း အလားတူ အတည်ပြုလာသည်။

နျူတင်းထျန် က ပြန်ပြောလာ၏။

“နယ်မြေအရှင်သခင်... ကျုပ်ဂိုဏ်းက သတင်းရတာတော့ ဆန့်ကျင်ဘက် ဖြစ်နေတယ်... ဝိညာဉ်စွမ်းအင်တွေက မြောက်ဘက်ကို စီးဆင်းနေတာပါ...”

ရှရှင်း ကလည်း ထောက်ခံသည်။

“ကျွန်တော့် ဂိုဏ်းလည်း အတူတူပါပဲ...”

မကြာမီ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများရှိ ဂိုဏ်းအားလုံးသည် ၎င်းတို့၏ ရှုထောင့်အသီးသီးမှ မတူညီသော အခြေအနေများကို တင်ပြလာကြ၏။

နောက်ဆုံးတွင် လူတိုင်းသည် ပြောင်းလဲမှု၏ ဗဟိုချက်ကို တွက်ချက် နိုင်လိုက်ကြ၏။

တိုက်ဆိုင်စွာပင်... ထိုနေရာသည် တစ်ချိန်က "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" တည်ရှိခဲ့သော နေရာ ဖြစ်နေသည်။

ပြန်စဉ်းစားကြည့်လျှင် အဓိပ္ပာယ် ရှိပေသည်။ နယ်မြေနှစ်ခု ကွဲသွားခြင်းမှာ ထိုလျှို့ဝှက်နယ်မြေ ပေါ်ထွက်လာခြင်းကြောင့်ပင် ဖြစ်၏။

လျှို့ဝှက်နယ်မြေ ပျက်စီးသွားပြီးနောက်၊ အတွင်းရှိ စည်းမျဉ်းများနှင့် ဝိညာဉ်စွမ်းအင် အားလုံးသည် ကမ္ဘာလောကထဲသို့ ပြန်လည် ရောက်ရှိလာပြီး၊ ထိုနေရာတွင် အကြီးမားဆုံး ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခြင်းမှာ သဘာဝကျလှသည်။

ယခု "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ပြန်လည် ပေါ်ပေါက်လာသဖြင့် လူတိုင်း အလွန် စိတ်လှုပ်ရှားနေကြ၏။

ဝမ်းနည်းစရာ တစ်ခုမှာ... လက်ရှိ ဂိုဏ်းများ၏ တည်နေရာသည် ပြီးပြည့်စုံခြင်း မရှိပေ။

သူတို့သည် နင်ချီကို ကြည့်လိုက်ကြသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း တည်ရှိရာ နေရာသည် ကောင်းမွန်သော်လည်း၊ နယ်မြေအသစ် ပေါ်ပေါက်လာပြီးနောက်တွင်မူ အစစ်အမှန် ရတနာမြေ မဟုတ်တော့ကြောင်း သိနေကြ၏။

ရုတ်တရက် နင်ချီက ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ဒီနေ့က မင်္ဂလာရှိတဲ့ နေ့ရက်ပါပဲ... လူတိုင်းလည်း ကျွန်တော့်ရဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ စုံညီနေကြတယ်... ကျွန်တော်တို့ အတူတူ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စကြီး တစ်ခုလောက် လုပ်ကြမလား...”

ဓားဘိုးဘေးကြီး ကြောင်သွားသည်။ နင်ချီ၏ စကားတွင် ပါဝင်သော ရည်ရွယ်ချက်ကို သူ နားမလည်။

အခြားသူများလည်း ထို့အတူပင် ဇဝေဇဝါ ဖြစ်နေကြ၏။

ထိုစဉ် နင်ချီ ဆက်ပြောလာသည်ကို သူတို့…ကြားလိုက်ရလေသည်။

“ကျွန်တော့်မှာ ဂိုဏ်းတစ်ခုလုံးကို နေရာရွှေ့ပြောင်းနိုင်တဲ့ နည်းလမ်း တစ်ခု ရှိပါတယ်... အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ဒီပြောင်းလဲမှုကြီးရဲ့ အလယ်ဗဟိုချက်ဆီ ရွှေ့ပြောင်းဖို့... ခင်ဗျားတို့ ကူညီပေးနိုင်ကြမလား…”

All Chapters