အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
အခန်း (၆၇၉) - သရဲပုဆိန်
~လူတိုင်း၏ မျက်နှာထက်တွင် ဦးစွာပထမ တုန်လှုပ်အံ့ဩရိပ်များ ယှက်သန်းသွားပြီးနောက်၊ နားမလည်နိုင်သော သံသယများဖြင့် ပြည့်နှက်သွားကြ၏။
နင်ချီ ပြောလိုက်သည့် "ဂိုဏ်းတစ်ခုလုံးကို နေရာရွှေ့ပြောင်းမည်" ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။
အကန့်အသတ်မဲ့ ဓားဂိုဏ်းရှိ အရင်းအမြစ် ပစ္စည်းများကိုသာ သယ်ယူပြီး၊ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ အလယ်ဗဟိုချက်တွင် ဂိုဏ်းသစ် ပြန်လည် တည်ထောင်မည်လော။ သို့တည်းမဟုတ်... အကန့်အသတ်မဲ့ ဓားဂိုဏ်း တည်ရှိရာ နယ်မြေ တစ်ခုလုံးကို အမြစ်ပါမကျန် ရွှေ့ပြောင်းမည်လော။
အကယ်၍ ပထမနည်းလမ်း ဆိုလျှင် လက်ခံနိုင်စရာ ရှိသော်လည်း၊ ဒုတိယ နည်းလမ်းသာ ဖြစ်ခဲ့လျှင်မူ... သူတို့ စိတ်ကူးနှင့်ပင် မတွေးရဲအောင် ဖြစ်နေကြ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ နယ်မြေ အကျယ်အဝန်းသည် အလွန် ကျယ်ပြောလှရာ... ဂိုဏ်းနယ်မြေ တစ်ခုလုံးကို ရွှေ့ပြောင်းမည် ဆိုသည်မှာ ဒဏ္ဍာရီ ပုံပြင် ဆန်လွန်းလှသည်။
ထို့ပြင် အကန့်အသတ်မဲ့ ဓားဂိုဏ်း နှင့် မူလ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" တည်ရှိရာ နေရာသည် အတော်အတန် ဝေးကွာ၏။ ယခင်က နင်ချီ "မူလဝိညာဉ် နယ်ပယ်" တွင် ရှိစဉ်က၊ ရတနာသင်္ဘောဖြင့် သွားခဲ့ရသည်မှာ လဝက်ကျော် ကြာမြင့်ခဲ့သည်။
ယခု နင်ချီ၏ ကျင့်ကြံခြင်း အဆင့်သည် "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း၊ တစ်ကိုယ်တည်း ခရီးသွားခြင်းနှင့် ဂိုဏ်းကြီးတစ်ခုလုံးကို သယ်ဆောင်သွားခြင်းမှာ လုံးဝ မတူညီပေ။ အချိန် မည်မျှ ကြာမြင့်လိုက်မည်နည်း။
ဓားဘိုးဘေးကြီးက တီးတိုး ရေရွတ်လိုက်သည်။
"ဟေ့ကောင်လေး... မင်း နောက်နေတာလား..."
နင်ချီသည် စကားများများစားစား မပြောဘဲ၊ သူ၏ "မူလဝိညာဉ် အာရုံ"
အသုံးပြု၍ သတင်းစကား တစ်ခု ပေးပို့လိုက်သည်။ "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို ရောက်ရှိနေသူ အားလုံး၏ စိတ်အာရုံထဲသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်၏။
ထို့ပြင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ အနေဖြင့်၊ အစစ်အမှန် အမွေခံများမှသည် ဂိုဏ်းပြင်ပ တပည့်များအထိ ဤနည်းစနစ်ကို လက်ဆင့်ကမ်း ဖြန့်ဝေပေးရန်လည်း ညွှန်ကြားလိုက်သည်။
လူတိုင်းသည် မိမိတို့၏ စိတ်အာရုံဖြင့် "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို အလျင်အမြန် ဖတ်ရှုလိုက်ကြ၏။ တစ်ခေါက် ဖတ်ပြီးသည်နှင့် မယုံနိုင်လောက်အောင် ဖြစ်သွားကြပြီး ထပ်ခါတလဲလဲ ပြန်လည် လေ့လာမိကြ၏။
ဤနည်းစနစ်သည် တောင်များကို ရွှေ့ပြောင်းရုံ သက်သက် မဟုတ်ပေ။ လူတိုင်းကို အံ့အားသင့်စေသည်မှာ ၎င်းတွင် ပါဝင်သော ကျယ်ပြန့်နက်ရှိုင်းသည့် ပညာရပ်များပင် ဖြစ်သည်။
၎င်းတွင် "ဝိညာဉ်စွမ်းအင်" ကို မည်သို့ ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ရမည်ကို အသေးစိတ် ဖော်ပြထားရုံသာမက၊ "အခင်းအကျင်း ပညာရပ်" ၏ အနှစ်သာရများနှင့်လည်း ပေါင်းစပ်ထားသည်။ ထို့ပြင် "လက်နက်သွန်းလုပ်ခြင်း" သဘောတရားများ ပါဝင်နေပြီး၊ ၎င်းမှတဆင့် တိုက်ခိုက်ရေး နည်းစနစ် အချို့ကိုပင် ထိုးထွင်းသိမြင်နိုင်ပေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ အတွက်မူ ဤကဲ့သို့သော အခြေအနေမျိုးကို နေသားကျနေပြီ ဖြစ်သော်လည်း၊ အခြားဂိုဏ်းသားများ မှာမူ နင်ချီထံမှ ကျင့်စဉ်နှစ်ခု (ယခင်က ပေးထားသော ကျင့်စဉ်နှင့် ယခု နည်းစနစ်) ကို ဆက်တိုက် ရရှိလိုက်သဖြင့်၊ ထီပေါက်သကဲ့သို့ ဝမ်းသာအားရ ဖြစ်နေကြ၏။ အံ့ဩမှုနှင့် ပျော်ရွှင်မှုတို့ ရောထွေးနေသော မျက်နှာထားများ ဖြစ်ပေါ်နေကြ၏။
သူတို့၏ ရင်ထဲတွင် နင်ချီကို ပိုမို ကိုးကွယ် လေးစားလာကြ၏။ သူ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် အဘယ်ကြောင့် ဤမျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ကာ၊ အခြားဂိုဏ်းများကို လျင်မြန်စွာ ကျော်တက်သွားနိုင်သလဲ ဆိုသည်မှာ မဆန်းတော့ပေ။
လူတိုင်း ဖတ်ရှုပြီးသောအခါ နင်ချီ ဆက်ပြောသည်။
"ခဏလောက် အနားယူကြပါ... ကျွန်တော် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ပြန်လည် မွမ်းမံလိုက်ပါဦးမယ်... အဲဒီအခါကျရင် ခင်ဗျားတို့ရဲ့ အင်အားကို ငှားပြီး ဂိုဏ်းတစ်ခုလုံးကို အတူတူ ရွှေ့ပြောင်းကြတာပေါ့..."
နင်ချီက ရှင်းလင်းစွာ ပြောလိုက်သည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးကို ရွှေ့ပြောင်းရန်အတွက် လူတိုင်း၏ အကူအညီ လိုအပ်ကြောင်း အတိအလင်း ဆိုလိုက်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၌ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" မှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ စုဝေးနေကြ၏။ ဤနေရာသို့ မလာရောက်မီက နင်ချီသည် "နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့"ကို တည်ထောင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့သလို၊ ယခုကဲ့သို့ စိတ်ကူးနှင့်ပင် မတွေးရဲသော ကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်ကြီးတွင် ကိုယ်တိုင် ပါဝင်ခွင့် ရလိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့ကြပေ။
နယ်မြေအရှင်သခင်၏ စကားအရ... အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ရွှေ့ပြောင်းမည် ဆိုသည်မှာ ဂိုဏ်းနယ်မြေ မြေပြင်ကြီး တစ်ခုလုံးကိုပါ ရွှေ့ပြောင်းမည်ဟု ဆိုလိုခြင်း ဖြစ်ရပေမည်။
ခေတ္တမျှ အတွင်းမှာပင်... နက်ရှိုင်းသော တုန်လှုပ်မှု လှိုင်းလုံးများသည် လူတိုင်း၏ စိတ်နှလုံးထဲသို့ ဖြတ်သန်း စီးဆင်းသွားကြ၏။ သူတို့သည် အံ့ဖွယ်အမှု တစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည်။
နင်ချီ စကားပြောပြီးသည်နှင့် ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။
"ဂိုဏ်းထဲက အခင်းအကျင်း ပညာရပ် လေ့လာသူတွေ... ရှေ့ထွက်ခဲ့ကြပါ..."
ချက်ချင်းပင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းရှိ ကျင့်ကြံသူ ဆယ်ပုံတစ်ပုံခန့်သည် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြပြီး၊ နင်ချီ၏ ရှေ့မှောက် ကောင်းကင်ယံသို့ ပျံသန်း ရောက်ရှိလာကြ၏။
သူတို့ တစ်ဦးစီတိုင်းသည် အလွန် စိတ်လှုပ်ရှားနေကြ၏။ ဂိုဏ်းချုပ်၏ အခင်းအကျင်း ပညာရပ် စွမ်းရည်အပေါ် အကန့်အသတ်မဲ့ လေးစားမှု ထားရှိကြသူများ ဖြစ်သည်။
ဂိုဏ်းချုပ်သည် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကြီးကို ပြန်လည် တည်ဆောက်ခဲ့စဉ်ကတည်းက၊ လက်ရှိ အခင်းအကျင်းသည် ပြီးပြည့်စုံလွန်းနေသဖြင့် သူတို့အနေဖြင့် ပါဝင်ကူညီခွင့် မရရှိခဲ့ကြပေ။
သာမန်အချိန်များတွင် ဤအခင်းအကျင်း ပညာရှင်များသည် မဟာ အခင်းအကျင်းကြီးကို ပြုပြင်ထိန်းသိမ်းရုံသာ တတ်နိုင်ကြပြီး၊ အချိန်အများစုကို ဂိုဏ်းချုပ်၏ အခင်းအကျင်းများမှ နည်းစနစ် အမျိုးမျိုးကို လေ့လာရင်း ကုန်ဆုံးလေ့ ရှိကြ၏။
သူတို့သည် ဂိုဏ်းချုပ်၏ လက်ရာတွင် မည်သည့် အားနည်းချက်ကိုမျှ ရှာမတွေ့ခဲ့ကြပေ။ နားလည်လေလေ၊ နင်ချီကို နှလုံးသားထဲမှ နှစ်နှစ်ကာကာ လေးစားလေလေ ဖြစ်သည်။
ယခု ဂိုဏ်းချုပ်က ပြီးပြည့်စုံနေပြီးသား မဟာ အခင်းအကျင်းကြီးကို ထပ်မံ မွမ်းမံ ပြင်ဆင်တော့မည် ဟု ဆို၏...။ ဒါက ဘာကို ဆိုလိုသနည်း။
ဆိုလိုသည်မှာ... ဂိုဏ်းချုပ်သည် ယခင် အခင်းအကျင်းကို တည်ဆောက်စဉ်က သူ၏ အစွမ်းအစ အကုန်လုံးကို ထုတ်မသုံးခဲ့သေးဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုအဆင့်နှင့်တင် သူတို့အတွက် တန်ဖိုးမဖြတ်နိုင်သော ပညာရပ် ဖြစ်နေခဲ့ပြီ ဖြစ်၏။
ယခု ဂိုဏ်းချုပ် ကိုယ်တိုင် ဦးဆောင်ပြီး မဟာ အခင်းအကျင်းကြီးကို ပြန်လည် မွမ်းမံမည် ဆိုပါက၊ ဒါက အခင်းအကျင်း ပညာရှင်များ အတွက် တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေး ဖြစ်၏။
နင်ချီသည် ဂိုဏ်းသား အခင်းအကျင်း ပညာရှင်များကို ဝေ့ဝဲကြည့်လိုက်ပြီး၊ လျင်မြန်စွာပင် အဖွဲ့ (၆) ဖွဲ့ ခွဲလိုက်သည်။
"ကျုပ်အမိန့်ကို နာခံကြပါ..."
"အမိန့်အတိုင်းပါ..."
ထို့နောက် နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဘဏ္ဍာတိုက်ကို တိုက်ရိုက် ဖွင့်လှစ်လိုက်သည်။ သူ၏ "မူလဝိညာဉ် စွမ်းအား" ကို အသုံးပြု၍ မရေမတွက်နိုင်သော "ဝိညာဉ်ကျောက်တုံး"များနှင့် "ကောင်းကင်နှင့် မြေကြီး ရတနာ" များကို ဆွဲထုတ်လိုက်၏။
သူသည် အခင်းအကျင်း မွမ်းမံခြင်း အဆင့်တိုင်းအတွက် လိုအပ်သော ပစ္စည်းများကို ရွေးချယ်ပြီး၊ ပုံလိုက် ခွဲခြားလိုက်သည်။ ထို့နောက် ချက်ချင်းပင် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်၏။
နင်ချီသည် လက်ဟန်များ အသုံးပြု၍ ရတနာပစ္စည်းများ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲလိုက်၏။ သို့မဟုတ် "အစစ်အမှန် မီးတောက်" ကို မှုတ်ထုတ်၍ သန့်စင်လိုက်ကာ အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။ သို့မဟုတ် ထိုပစ္စည်းများ အတွင်းသို့ "စည်းမျဉ်း" များကို ထည့်သွင်းလိုက်သည်။ သို့မဟုတ် အခင်းအကျင်း အသေးစားလေးများကို ရေးထိုးလိုက်၏။
ရောက်ရှိနေသူ အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ "မူလဝိညာဉ် စွမ်းအား" မြင့်မားသူ အများအပြား ပါဝင်သော်လည်း၊ နင်ချီ၏ လှုပ်ရှားမှုများကို ကြည့်ရင်း မျက်စိလည်ကာ ခေါင်းမူးလာကြ၏။ နင်ချီ၏ လှုပ်ရှားမှုတိုင်းတွင် "တာအို"၏ စည်းချက်များ ပါဝင်နေသည်ဟု ခံစားနေကြရသည်။
ကောင်းကင်ပေါ်ရှိ အခင်းအကျင်း ပညာရှင်များမှာမူ အလွန် ပျော်ရွှင်နေကြ၏။ အများစုသည် အပြည့်အဝ နားမလည်ကြသော်လည်း၊ မသိမသာပင် အကျိုးကျေးဇူးများ ရရှိနေကြ၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မည်သူမျှ မသိလိုက်ကြ။ နင်ချီ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် အခင်းအကျင်း အခြေစိုက်စခန်း အသေးစားလေး (၃၆၀) ခု ပေါ်ထွက်လာသည်။
နင်ချီက လက်ညှိုး တစ်ချက် ထိုးလိုက်၏။
ချက်ချင်းပင် အခြေစိုက်စခန်း (၆၀) သည် သီးသန့် ကွဲထွက်သွားသည်။ တစ်ခုစီတွင် မတူညီသော လုပ်ဆောင်ချက်များ ပါရှိပြီး၊ အားလုံး ပေါင်းစပ်လိုက်သောအခါ "စကြဝဠာငယ်" တစ်ခုကဲ့သို့ ဖြစ်တည်နေလေ၏။
ထို့နောက် ဝိညာဉ်ကျောက်တုံးများနှင့် ရတနာပစ္စည်း အများအပြားသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ ပျံသန်း သွားကြသည်။
"အခြေစိုက်စခန်းတွေ ချထားပြီးပြီ... မင်းတို့အဖွဲ့ အဲဒီကို သွားပြီး အဲဒီ အခြေစိုက်စခန်းတွေရဲ့ ဆက်စပ် လုပ်ဆောင်ချက်တွေကို ဆက်ပြီးတော့ မွမ်းမံကြ..."
"ဟုတ်ကဲ့ပါ..."
နင်ချီသည် အခင်းအကျင်း ပညာရှင် (၆) ဖွဲ့အနက် တစ်ဖွဲ့ကို ထိုနေရာသို့ တာဝန်ချထားလိုက်၏။
ဆယ်စုနှစ်များစွာ ကြာအောင် ဂိုဏ်းထဲတွင် အခင်းအကျင်း ပညာရှင်များကို သူ ပြုစုပျိုးထောင်ခဲ့ပြီးပြီ ဖြစ်ရာ၊ ယခု သူတို့ အစွမ်းပြရမည့် အချိန် ရောက်လာပြီ ဖြစ်၏။
မဟာ အခင်းအကျင်းကြီး၏ အလုံးစုံ တည်ဆောက်ပုံနှင့် အဓိက အူတိုင်ကို နင်ချီက အပြည့်အဝ ထိန်းချုပ်ထားမည် ဖြစ်သော်လည်း၊ အသေးစိတ် အချက်အလက်များကိုမူ ကိုယ်တိုင် လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိပေ။
ကျန်ရှိသော အဖွဲ့ (၅) ဖွဲ့ကိုလည်း နင်ချီက ဆက်လက် တာဝန်ခွဲဝေ ပေးလိုက်သည်။
သူတို့ မလုပ်တတ်မည်ကို နင်ချီ မပူပေ။ အဘယ်ကြောင့်ဆိုသော် သူသည် "မူလဝိညာဉ် စွမ်းအား" ကို အသုံးပြု၍ မွမ်းမံရမည့် နည်းလမ်းများကို အခင်းအကျင်း ပညာရှင် အဖွဲ့တိုင်း၏ စိတ်အာရုံထဲသို့ ထည့်သွင်းပေးထားပြီး ဖြစ်သောကြောင့်ပင်။
အောက်ဘက်ရှိ ဂိုဏ်းအသီးသီးမှ လူများသည် နင်ချီကို မော့ကြည့်နေကြ၏။
သူသည် နာရီဝက်အတွင်းမှာပင် အခင်းအကျင်း (၃၆၀) ခုကို ပြီးစီးအောင် ဖန်တီးလိုက်သည်ကို မြင်သောအခါ၊ လူတိုင်း၏ မျက်နှာပေါ်တွင် နောက်တစ်ကြိမ် အံ့အားသင့်မှုများ ဖြစ်ပေါ်လာရပြန်လေသည်။
အခန်း (၆၈၀) - သရဲပုဆိန် (အပိုင်း ၂)
~ယခင်က နင်ချီသည် သွေးမိစ္ဆာ အဆင့်မြင့်ဂိုဏ်းနှင့် ယူဟွာ အဆင့်မြင့်ဂိုဏ်းတို့၏ မှော်အခင်းအကျင်းများကို အဘယ်ကြောင့် အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သလဲ ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူ၏ တိုက်ခိုက်မှု စွမ်းရည်က ကြောက်စရာ ကောင်းရုံသာမက၊ "မဟာ အခင်းအကျင်း ပညာရှင်" တစ်ဦး ဖြစ်နေမှတော့ အခင်းအကျင်း တစ်ခုကို ဖျက်ဆီးရခြင်းသည် သူ့အတွက် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်နေသည်မှာ မဆန်းတော့ချေ။
ကောင်းကင်တာရာ ဂိုဏ်းသားများသည် အကြောက်ရွံ့ဆုံး ဖြစ်နေကြ၏။
တော်သေးသည်ဟု ဆိုရမည်... ထိုစဉ်က လက်ရှိဂိုဏ်းချုပ် ရှရှင်း သည် အစောကြီးကတည်းက လက်နက်ချ အညံ့ခံခဲ့၍သာ။ သို့မဟုတ်ပါက သူတို့ဂိုဏ်း၏ အခင်းအကျင်းများသည်လည်း နယ်မြေအရှင်သခင်၏ ဓားချက်အောက်တွင် တစစီ ပျက်စီးသွားမည်မှာ သေချာသည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ... နင်ချီ စေလွှတ်လိုက်သော အခင်းအကျင်း ပညာရှင် အဖွဲ့ (၆) ဖွဲ့သည် အခြေစိုက်စခန်းများကို အသီးသီး မွမ်းမံပြီးစီးသွားကြ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်းကြီးသည် သဘာဝကျကျ ပေါ်ထွက်လာသည်။
အဖွဲ့ (၆) ဖွဲ့၏ အခင်းအကျင်းများသည် တစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ ပေါင်းစပ်သွားပြီး၊ တစ်သားတည်း ဖြစ်တည်သွား၏။ ထိုအခိုက်အတန့်တွင် ဓားဂိုဏ်း တစ်ခုလုံး၌ ကြီးမားသော အပြောင်းအလဲကြီး တစ်ရပ် ဖြစ်ပေါ်လာလေသည်။
မြေကြီး တုန်ခါသွားပြီး၊ အတွင်းရှိ တောင်များ၊ မြစ်များ၊ လွင်ပြင်များနှင့် ကုန်းမြင့်များသည် တောက်ပစွာ လင်းလက်လာကြ၏။
ကောင်းကင်ယံ အထက်တွင် ကြယ်တာရာ ထောင်ပေါင်းများစွာ ပေါ်ထွက်လာပြီး၊ မရေမတွက်နိုင်သော ကြယ်စွမ်းအင်များသည် ရေတံခွန်များပမာ စီးဆင်းကျလာသည်။
"ကြယ်စွမ်းအင်"ကို အထူးပြု ကျင့်ကြံသော ကောင်းကင်တာရာ ဂိုဏ်းသားများသည် ခါးသက်သက် မျက်နှာထားဖြင့် ကြည့်နေမိကြ၏။ သူတို့ဂိုဏ်း၏ မဟာ အခင်းအကျင်းကို ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး သုံးဦး ပူးပေါင်းပြီး အသက်သွင်းရင်တောင်မှ ကြယ်အလုံး တစ်ရာ ခန့်သာ ဆင့်ခေါ်နိုင်ခဲ့ကြသည်။
သို့သော် ယခု နယ်မြေအရှင်သခင် ခင်းကျင်းလိုက်သော အခင်းအကျင်းမှာမူ ကြယ်အလုံး တစ်ထောင် ကို တစ်ပြိုင်နက်တည်း ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။ နှိုင်းယှဉ်၍ပင် မရနိုင်၊ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါတကား။
တောင်ဘက်သို့ စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်းကြီးက အကုန် လုယူ စုပ်ငင်လိုက်သဖြင့်၊ မိုင်ထောင်ချီ အတွင်းရှိ စွမ်းအင်များ အားလုံး နောက်ပြန်လှည့်ကာ အခင်းအကျင်း အတွင်းသို့ အပြည့်အဝ စီးဝင်သွား၏။
မကြာမီ... အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ပတ်လည် မိုင်တစ်သောင်းခန့် အတွင်းတွင် "ဝိညာဉ်စွမ်းအင် လေဟာနယ်" တစ်ခု ဖြစ်ပေါ်လာသည်။
လူတိုင်း အံ့အားသင့်သွားကြ၏။
ယခုအခါ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ပြန်လည် ပေါ်ပေါက်လာပြီ ဖြစ်ရာ၊ ကောင်းကင်နှင့် မြေကြီးကြားတွင် ဝိညာဉ်စွမ်းအင် မည်မျှ ပေါ်ထွက်လာသည်ကို မည်သူမျှ မသိနိုင်ပေ။
လူတိုင်း တွေးတောမိကြသည်မှာ... အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်းကြီး စုပ်ယူလိုက်သော ဝိညာဉ်စွမ်းအင် ပမာဏသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ရှိ ဂိုဏ်းအားလုံး တစ်နှစ်စာ သုံးစွဲရန် လုံလောက်နေပေလိမ့်မည်။
သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်းရှိ ပြောင်းလဲမှုများသည် ဤမျှနှင့် ပြီးဆုံးမသွားသေးပေ။
ဝိညာဉ်စွမ်းအင်များ လေဟာနယ်ထဲသို့ တိုးဝင်သွားသည်နှင့် အမျှ၊ မဟာ အခင်းအကျင်းကြီးသည် ပိုမို ပြီးပြည့်စုံလာပုံ ရသည်။
အထက်ရှိ အခင်းအကျင်းသည် အဆက်မပြတ် လည်ပတ်နေပြီး၊ ရုတ်တရက် ဟင်းလင်းပြင်ထဲမှ "စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်" များကို မဟာ အခင်းအကျင်းကြီးက ဆွဲထုတ်လိုက်၏။
ထို့နောက် တစ်ခုပြီး တစ်ခု အခင်းအကျင်းထဲသို့ ဆွဲသွင်းကာ တစ်သားတည်း ပေါင်းစပ်လိုက်သည်။
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်ထွက်သွားကြ၏။
ကောင်းကင်နှင့် မြေကြီးမှ စည်းမျဉ်းများကို သန့်စင် ရယူနိုင်ခြင်းသည် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" မဟာစွမ်းအားရှင်၏ စွမ်းရည်ဖြစ်သည်။ စည်းမျဉ်းများကို ရုပ်ခန္ဓာထဲသို့ သန့်စင် ပေါင်းစပ်နိုင်ခြင်းသည် "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး၏ စွမ်းရည် ဖြစ်၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်၏ တံခါးဝတွင် ရပ်တန့်ခဲ့ကြရသည်။ သို့သော် ယခုတွင်မူ... အခင်းအကျင်း တစ်ခုက ဟင်းလင်းပြင်ထဲမှ စည်းမျဉ်းများကို ဆွဲယူပြီး သူ့အလိုလို ပေါင်းစပ်နိုင်စွမ်း ရှိနေသည်မှာ တကယ့်ကို ဘီလူးဆန်လွန်းလှသည်။
ရောက်ရှိနေသော ဟင်းလင်းပြင် လမ်းစဉ် မဟာစွမ်းအားရှင်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခါးသက်သက် ပြုံးလိုက်မိကြ၏။ သူတို့ တစ်သက်လုံး ကျင့်ကြံလာခဲ့သမျှ အသီးအပွင့်များသည် အခင်းအကျင်း တစ်ခုလောက်ပင် စွမ်းဆောင်ရည် မရှိပါလား။
အခုချိန်မှာ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်းကြီးကို ဘယ်သူ တိုက်ခိုက်နိုင်တော့မည်နည်း။
"တသားတည်းဖြစ်ခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်" ရောက်ရှိလာလျှင်တောင်မှ ဖောက်ထွင်းနိုင်ပါ့မလား ဟု လူတိုင်း တွေးမိလိုက်ကြ၏။
ထို့ပြင် ဤမဟာ အခင်းအကျင်းကြီး၏ ပြောင်းလဲမှုသည် အဆုံးသတ် မဟုတ်သေးပေ။ နယ်မြေအရှင်သခင် နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးကို "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ အလယ်ဗဟိုချက်သို့ ရွှေ့ပြောင်းရန် ရည်ရွယ်ထားသည်။
အကယ်၍ အမှန်တကယ် ရွှေ့ပြောင်းနိုင်ခဲ့ပြီး၊ နေရာကောင်း၏ အားသာချက်ကို ရယူနိုင်ခဲ့လျှင်... ဤမဟာ အခင်းအကျင်းကြီး၏ စွမ်းအားသည် မည်မျှ ထပ်မံ တိုးတက်သွားမည်ကို ခန့်မှန်းရခက်ပေ၏။
မဟာ အခင်းအကျင်းကြီး၏ ပြောင်းလဲမှုများ တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက်၊ လူတိုင်းသည် နယ်မြေအရှင်သခင် နင်ချီ ဘက်သို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။ သူ ဘာဆက်လုပ်မည်ကို သိချင်စိတ် ပြင်းပြနေကြသည်။
နင်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။
"ခန္ဓာကိုယ် သန့်စင်ခြင်း .. နတ်ဘုရား ခန္ဓာ ကျင့်ကြံထားသူများ... ရှေ့ထွက်ခဲ့ကြပါ..."
ဝမ်ယဲ့ က ဦးစွာ တုံ့ပြန်လိုက်၏။ သူသည် နင်ချီ ကိုယ်တိုင် ပြီးပြည့်စုံအောင် ပြုပြင်ပေးထားသော "လက်ခြောက်ဖက် ခေါင်းသုံးလုံး မိစ္ဆာစစ်သည် ခန္ဓာ" ကို ကျင့်ကြံထားပြီး၊ ယခုအခါ "ဟင်းလင်းပြင် လမ်းစဉ် အလယ်အလတ်အဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ၏ ခွန်အားသည် သာမန် ဂိုဏ်းများမှ ဟင်းလင်းပြင် လမ်းစဉ် မဟာစွမ်းအားရှင်များထက် များစွာ သာလွန်သည်။
ဝမ်ယဲ့ ရှေ့ထွက်လာသည်နှင့် တပြိုင်နက်၊ ဒါဇင်နှင့်ချီသော ပုံရိပ်များသည်လည်း လျင်မြန်စွာ ပျံသန်း ထွက်ပေါ်လာကြ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် အလွန် ကြီးမားသဖြင့်၊ ဤနေရာတွင် ခန္ဓာကိုယ် သန့်စင်ခြင်းကို အထူးပြု ကျင့်ကြံသူ များစွာ ရှိသည်။
နင်ချီ သူတို့ကို ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ပြောသည်။
"ခင်ဗျားတို့ရဲ့ နတ်ဘုရား ပုံရိပ်ယောင် ကိုယ်ခန္ဓာတွေကို ထုတ်ဖော်လိုက်ကြ... အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ပါတော့..."
"ဟုတ်ကဲ့ပါ..."
ဒါဇင်နှင့်ချီသော ခန္ဓာကိုယ် သန့်စင်သူများသည် နင်ချီ၏ ညွှန်ကြားချက်အတိုင်း အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အစွန်အဖျား နေရာအသီးသီးသို့ ပျံသန်း သွားကြ၏။ ထို့နောက် တစ်ယောက်စီတိုင်းသည် (၁၀၀) ကျန်း [ပေ ၁၀၀၀ ခန့်] မြင့်မားသော ဧရာမ လူ့ဘီလူးကြီးများ အဖြစ် ပြောင်းလဲကာ တိတ်ဆိတ်စွာ အသင့်ပြင်လိုက်ကြ၏။
ထို့နောက်... နင်ချီ ကိုယ်တိုင် သူ၏ နတ်ဘုရား ပုံရိပ်ယောင် ကိုယ်ခန္ဓာကို ထုတ်ဖော်လိုက်သည်။
လူတိုင်း အံ့အားသင့်စွာ မြင်လိုက်ရသည်မှာ... (၃၀၀၀) ကျန်း [ပေ ၃၀၀၀၀ ခန့်] မြင့်မားသော ဧရာမ လူဘီလူးကြီး တစ်ကောင် အကန့်အသတ်မဲ့ ဓားဂိုဏ်း အပြင်ဘက်တွင် ပေါ်ထွက်လာခြင်းပင်။ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကို ထောက်မထားသော တိုင်မကြီး တစ်တိုင်အလား ထင်မှတ်ရသည်။
ဝမ်ယဲ့နှင့် အခြားသူများ၏ (၁၀၀) ကျန်း မြင့်သော လူဘီလူးကြီးများသည် နင်ချီ၏ ရှေ့တွင် ပုရွက်ဆိတ်လေးများသဖွယ် သေးငယ်သွားသည်။ အခြား ကျင့်ကြံသူများ ဆိုလျှင် ပြောစရာပင် မလိုတော့။
နင်ချီ အော်ဟစ်လိုက်သည်။ သူ၏ အသံသည် မိုင်ထောင်ချီ ဟိန်းထွက်သွားသော မိုးကြိုးသံကဲ့သို့ ကျယ်လောင်လှသည်။
"အားလုံးပဲ... သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ် ကို အတူတူ အသုံးပြုကြမယ်..."
"ဟေး..."
နင်ချီ၏ အသံဆုံးသည်နှင့် တပြိုင်နက်၊ လူတိုင်းသည် နင်ချီ၏ ညွှန်ကြားချက်အတိုင်း အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ထောင့်အသီးသီးသို့ ပျံသန်း သွားကြ၏။ ထို့နောက် နင်ချီ သင်ကြားပေးထားသော "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို စတင် လည်ပတ်စေလိုက်ကြ၏။
လူတိုင်း နေရာယူပြီးသည်ကို မြင်သောအခါ နင်ချီ ထပ်မံ အော်ဟစ်လိုက်သည်။
"မဟာ အခင်းအကျင်းကြီးကို အသက်သွင်းလိုက်..."
သူ၏ (၂၀၀၀) ကျန်း [ပေ ၂၀၀၀၀ ခန့်] အရွယ်အစား ရှိသော ဧရာမ လက်ကြီးနှစ်ဖက်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်းကြီး တစ်နေရာကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ မရေမတွက်နိုင်သော စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များသည် သူ့ပတ်လည်တွင် ပေါ်ထွက်လာပြီး၊ မဟာ အခင်းအကျင်းကြီး တစ်လျှောက် ပျံသန်းသွားကြ၏။
လူတိုင်း အသုံးပြုလိုက်သော "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" သည် တဖြည်းဖြည်း အစွမ်းပြလာပြီး၊ နင်ချီ၏ လှုပ်ရှားမှုနှင့် ဟန်ချက်ညီစွာ ပေါင်းစပ်သွားသည်။ စွမ်းအားများသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းသို့ စီးဝင်သွားပြီး မဟာ အခင်းအကျင်းကြီးထဲသို့ ထိုးသွင်းလိုက်ကြ၏။
"ဝုန်း..."
ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ လှိုင်လှိုင် ထွက်ပေါ်လာသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးသည် သံပြားကြီး တစ်ချပ်ကဲ့သို့ ဖြစ်သွားပြီး၊ နင်ချီနှင့် လူတိုင်း၏ ပေါင်းစပ် အင်အားကြောင့် တဖြည်းဖြည်း ကြွတက်လာသည်။ မြေကြီးထဲမှ (၁၀) ကျန်း [ပေ ၁၀၀ ခန့်] ထူထဲပြီး အလွန် သိပ်သည်းသော မြေလွှာကြီး တစ်ခုလုံးကို ခြစ်ထုတ်ကာ ဖြည်းညှင်းစွာ မ တင်လိုက်သည်။
ဝမ်ယဲ့နှင့် အခြားသူများသည် အံ့ဩချိန်ပင် မရလိုက်ဘဲ၊ သူတို့၏ (၁၀၀) ကျန်း ခန္ဓာကိုယ်များကို ချက်ချင်း လှုပ်ရှားကာ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံးကို ဝိုင်းဝန်း ပင့်တင်လိုက်ကြ၏။
ဒါက အလွန်တရာ အံ့မခန်းဖွယ်ရာ ကောင်းသော မြင်ကွင်းကြီး တစ်ခု ဖြစ်သည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပေ့ရွှမ်နယ်မြေ မူလ နယ်မြေဧရိယာ၏ (၁၅) ပုံ (၁) ပုံ ခန့်ကို နေရာယူထားသည်။ နင်ချီသည် ထို (၁၅) ပုံ (၁) ပုံလုံးကို မဟာ အခင်းအကျင်းကြီးဖြင့် လွှမ်းခြုံထားခြင်း မဟုတ်ဘဲ၊ အဓိက အူတိုင် နေရာကိုသာ ရွေးချယ်ထားသော်လည်း၊ ထိုပမာဏသည်ပင် အလွန်တရာ ကျယ်ပြောလှ၏။
ဂိုဏ်းကြီး တစ်ခုလုံး မြေကြီးပေါ်မှ ရုတ်တရက် ကြွတက်လာပုံမှာ... အဝေးမှ ကြည့်လျှင် ကောင်းကင်နှင့် မြေကြီးကြား၌ ဧရာမ လက်ဝါးကြီး တစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်နေသည်။
အပေါ်မှ နေရောင်ခြည်ကို ပိတ်ဆို့ထားပြီး၊ အောက်ဘက်ရှိ ကျယ်ပြန့်သော မြေပြင်ကို လွှမ်းမိုးထား၏။ ဘယ်ညာ အဆုံးမမြင်နိုင်အောင် ကျယ်ပြန့်ပြီး၊ ရှေ့နောက် အဆုံးမရှိအောင် ရှည်လျားလှသည်။
လူတိုင်း၏ မျက်နှာများသည် နီရဲနေကြ၏။ မောပန်း၍ မဟုတ်ဘဲ၊ စိတ်လှုပ်ရှားလွန်း၍ ဖြစ်သည်။
ဒီလောက် ကြီးမားသည့် ဂိုဏ်းကြီး တစ်ခုလုံးကို နယ်မြေပါ မကျန် ရွှေ့ပြောင်းနိုင်သည် ဆိုတာ... တကယ့်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပါပင်။
ထိုအခိုက်အတန့်၌၊ နင်ချီ ဖန်တီးထားသော ဧရာမ လူ့ဘီလူးကြီး ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းရှိ နေရာ တစ်ခုသို့ ပြန်လည် ရောက်ရှိသွားသည်။
သူ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံး တစ်ခု ပေါ်လာပြီး လူတိုင်းကို ပြောလိုက်၏။
"ရှေ့ဆက်သွားကြစို့... ဒီ ဝိညာဉ်စွမ်းအင်နဲ့ စည်းမျဉ်း လေဟာနယ် နေရာကို ကျော်လွန်သွားရင်... ရှေ့ခရီးက အများကြီး ပိုလွယ်ကူသွားလိမ့်မယ်…”
အခန်း (၆၈၁) - သရဲပုဆိန် (အပိုင်း ၃)
~ဤစကားကို ကြားသောအခါ လူတိုင်းသည် သဘာဝကျကျပင် နာခံလိုက်ကြ၏။
ဝမ်ယဲ့ နှင့် အခြားသော ခန္ဓာကိုယ် သန့်စင်သူများသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံးကို လက်ဖြင့် ဆက်လက် ထောက်မထားရန် မလိုအပ်တော့ပေ။ မြေကြီးထဲမှ ကြွတက်လာသော ဂိုဏ်းကြီးသည် ဟန်ချက်ညီသွားသည်နှင့် တပြိုင်နက်၊ အပေါ်ဘက်ရှိ အခင်းအကျင်းများသည် မြေပြင်နှင့် အကွာအဝေးကို ထိန်းညှိပေးထားနိုင်ပြီ ဖြစ်သည်။
ထိုအချက်က သူတို့ကို သက်ပြင်းချနိုင်စေ၏။ သူတို့ ထင်ထားသည်မှာ ခရီးလမ်းဆုံးသည်အထိ ဤမျှ ဝေးကွာသော ခရီးကို ဂိုဏ်းကြီးအား.. မ,တင်ပြီး သယ်သွားရမည်ဟု တွေးကာ စိတ်ပျက်နေခဲ့ကြ၏။ ထိုသို့သာ ဆိုလျှင် မောပန်းပြီး သေဆုံးသွားလောက်ပေသည်။
ယခုအခါ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီးသည် ဂိုဏ်းအသီးသီးတွင် ရှိတတ်သော "ပျံဝဲနေသည့် တောင်ထွတ်"များကဲ့သို့ ဖြစ်သွားချေပြီ။ နင်ချီသည် ပိုမို ပြီးပြည့်စုံသော အခင်းအကျင်း ပညာရပ်ကို အသုံးပြုပြီး၊ ဓားဂိုဏ်းကြီး တစ်ခုလုံးကို ပျံသန်းနိုင်သော အရာဝတ္ထု တစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းတည်း။
ဝမ်ယဲ့နှင့် အခြား ခန္ဓာကိုယ် သန့်စင်သူများသည် ယခုအခါ ဂိုဏ်းကြီး တစ်ခုလုံးကို တောင်ဘက်သို့ ဦးတည် ရွေ့လျားသွားစေရန် တွန်းပို့ပေးရုံသာ လိုအပ်တော့သည်။
တချိန်တည်းမှာပင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းပေါ်ရှိ ကျင့်ကြံသူ အားလုံးသည် "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို ဆက်လက် လည်ပတ်စေနေကြ၏။
ဒဏ္ဍာရီ ပုံပြင်များတွင် ကျင့်ကြံသူများသည် တောင်များကို ရွှေ့ပြောင်းနိုင်၊ ပင်လယ်များကို ဖြည့်ဆည်းနိုင်သည်ဟု ဆိုလေ့ရှိသော်လည်း၊ မည်သူမျှ အမှန်တကယ် မြင်ဖူးခြင်း၊ လက်တွေ့ လုပ်ဆောင်ဖူးခြင်း မရှိကြပေ။
ကြားဖူးသလောက် ဆိုလျှင်... အများစုသည် ကြမ်းတမ်းသော ခွန်အားကို အသုံးပြုပြီး လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။
သို့သော် နင်ချီ ပေးသော နည်းစနစ်သည် ရိုးရှင်းသော အရာ မဟုတ်ကြောင်း ထင်ရှားလှ၏။
ဤနည်းစနစ်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်းကြီးနှင့် ပေါင်းစပ်လိုက်သောအခါ၊ ကျွမ်းကျင်ပိုင်နိုင်သော စွမ်းအားကို အသုံးပြုခြင်း၊ ကောင်းကင်နှင့် မြေကြီးကြားမှ စည်းမျဉ်းများကို အသုံးချခြင်းနှင့် လက်ရှိ ကမ္ဘာ့အပြောင်းအလဲ အခွင့်အရေးကို ဆုပ်ကိုင်ခြင်းတို့ ပါဝင်နေသည်။
လူတိုင်းသည် မိမိတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသကြ၏။ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" နှင့် အထက်ရှိသူများသည် "စည်းမျဉ်း စွမ်းအား"အား အသုံးပြုကြပြီး၊ "မူလဝိညာဉ် နယ်ပယ်"
အောက်ရှိသူများသည် မိမိတို့၏ ဓာတ်သဘောသဘာဝ အသီးသီးကို ထုတ်ဖော်ကြ၏။
ဓာတ်သဘောသဘာဝ တစ်ခုစီတိုင်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တောင်ဘက် ခရီးစဉ်အတွက် အထောက်အကူ ဖြစ်စေသည်။
ဥပမာအားဖြင့်... "လေ စွမ်းအား" သည် ဂိုဏ်းကြီးကို ပင့်တင်ပေးပြီး၊ အလေးချိန်ကို လျော့ကျစေကာ အရှိန်မြှင့်ပေးသည်။ "မြေ စွမ်းအား" သည် အသုံးဝင်သော တွန်းကန်အားနှင့် ဆွဲငင်အားများကို ဖန်တီးပေး၏။
အတိုချုပ် ပြောရလျှင်... စွမ်းရည် အမျိုးမျိုး ပေါင်းစပ်လိုက်သောအခါ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံး တောင်ဘက်သို့ လျင်မြန်စွာ ရွေ့လျားသွားတော့သည်။
အစပိုင်းတွင် ဓားဂိုဏ်းကြီးသည် နှေးကွေးစွာ ရွေ့လျားခဲ့သော်လည်း၊ နောက်ပိုင်းတွင် ပျံသန်းမှု အရှိန်အဟုန်သည် တဖြည်းဖြည်း မြန်ဆန်လာသည်။
မကြာမီ... မိုင်တစ်သောင်းခန့် ကျယ်ဝန်းသော "ဝိညာဉ်စွမ်းအင် လေဟာနယ်"မှ လွတ်မြောက်သွားခဲ့၏။
ထိုအချိန်တွင် လူတိုင်း၏ အတွင်းအားများသည် သုံးပုံနှစ်ပုံခန့် ကုန်ခမ်းနေပြီ ဖြစ်သည်။
စွမ်းအင် ကုန်ခမ်းမှုအတွက် စိုးရိမ်ပူပန်နေကြစဉ်... ရုတ်တရက် အကန့်အသတ်မဲ့ ဓားဂိုဏ်း အထက်ရှိ အခင်းအကျင်းကြီးသည် နောက်တစ်ကြိမ် တောက်ပလာ၏။ လမ်းခရီး တစ်လျှောက်မှ ဝိညာဉ်စွမ်းအင်များနှင့် ဟင်းလင်းပြင်ထဲမှ စည်းမျဉ်းများကို စုပ်ယူလိုက်သည်။
လူတိုင်း ချက်ချင်း လန်းဆန်းသွားကြ၏။ "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို ဆက်လက် လည်ပတ်စေနေရင်း၊ ထူးခြားဆန်းပြားသော အရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ကြသည်။
ဝိညာဉ်စွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းသို့ စီးဝင်သွား၏။ စည်းမျဉ်းများသည်လည်း ထို့အတူပင် သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကြသည်။
သေချာသည်မှာ... ဤဖြစ်စဉ်သည် လူတစ်ဦးစီ၏ တည်နေရာနှင့် သူတို့ ကျွမ်းကျင်သော ဓာတ်သဘောသဘာဝ မတူညီမှုအပေါ် မူတည်လေသည်။
ဤရှာဖွေတွေ့ရှိမှုသည် လူတိုင်းကို အံ့အားသင့်သွားစေပြီး၊ တပြိုင်နက်တည်းမှာပင် အဆုံးမဲ့သော ပျော်ရွှင်မှုများ နှလုံးသားထဲတွင် ပြည့်နှက်သွားစေ၏။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်းများ သူတို့ကို ဖြတ်သန်းသွားသည်နှင့် အမျှ၊ သက်ဆိုင်ရာ စွမ်းအားများကို ထိန်းချုပ်ရာတွင် ပိုမို ကျွမ်းကျင်လာသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ကျင့်ကြံသူ အများအပြားသည် မိမိတို့၏ ကျင့်ကြံမှု အဆင့် သိသိသာသာ တိုးတက်လာသည်ကို ခံစားမိလိုက်ကြ၏။
"မူလဝိညာဉ် နယ်ပယ်" အောက်ရှိသူများသည် ခန္ဓာကိုယ် အတွင်း၌ ဝိညာဉ်စွမ်းအင်များ ပိုမို ကြွယ်ဝလာသည်ကို ခံစားရသည်။ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူများသည် စည်းမျဉ်းများနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှု အချို့ကို ရရှိလိုက်ကြ၏။ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူများမှာမူ စည်းမျဉ်းများကို ပိုမို နက်ရှိုင်းစွာ နားလည်လာပြီး၊ "ပေါင်းစည်းခြင်း နယ်ပယ်" သို့ တက်လှမ်းရန် အရေးပါသော နားလည်မှုများပင် ရရှိလာကြ၏။
ဤအချက်က လူတိုင်းကို နယ်မြေအရှင်သခင် နင်ချီအပေါ် .. ပိုမို အထင်ကြီးလေးစားလာစေသည်။
ပင်ပန်းသော အလုပ်ဟု ထင်မှတ်ခဲ့သော်လည်း၊ မထင်မှတ်ဘဲ ကျင့်ကြံမှုနှင့် နားလည်မှုများကို တိုးတက်စေသော အခွင့်အရေး ဖြစ်နေပါလား။
တချိန်တည်းမှာပင်... လူတိုင်း တွေ့ရှိလိုက်သည်မှာ "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို ပိုမို အားစိုက်ထုတ်လေ၊ ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်းများ သူတို့ ခန္ဓာကိုယ်ကို ပိုမို ဖြတ်သန်းစီးဆင်းလေ ဖြစ်၏။
ကုန်ခမ်းသွားသော စွမ်းအင်များသည် ပြန်လည် ပြည့်ဖြိုးလာပြီး၊ သူတို့၏ အခြေခံ စွမ်းဆောင်ရည်ကိုပါ ချဲ့ထွင်ပေးနေသည်။
အထူးသဖြင့် အခြားဂိုဏ်းမှ လူများအတွက်... အစပိုင်းတွင် စိတ်မပါသူ များပြားခဲ့သော်လည်း၊ ယခုအခါတွင်မူ အားလုံးသည် မိမိတို့၏ အစွမ်းကုန် ထုတ်ဖော်ကာ ဤအခွင့်အရေးကို အရယူရန် ကြိုးစားနေကြပြီ ဖြစ်၏။
ထို့ကြောင့် လူတိုင်း၏ စုပေါင်း ညီညွတ်သော ကြိုးပမ်းမှုကြောင့်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံးသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ အလယ်ဗဟိုချက်ဆီသို့ လျင်မြန်စွာ ပျံသန်း သွားနေတော့သည်။
နောက်ပိုင်းတွင်... လူတိုင်း နောက်ထပ် ကိစ္စ တစ်ခုကို ရှာဖွေ တွေ့ရှိလိုက်ကြပြန်၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်း စုပ်ယူမှု အကွာအဝေး ကျယ်ပြန့်လာသည်နှင့် အမျှ၊ ဂိုဏ်း၏ နယ်မြေ အကျယ်အဝန်းသည် မျက်စိဖြင့် မြင်သာလောက်အောင် ကျုံ့ဝင်လာနေသည်။
လူတိုင်း အံ့အားသင့်သွားကြ၏။ "လက်နက်သွန်းလုပ်ခြင်း" ကို နားလည်သော ကျင့်ကြံသူများသည် ပို၍ပင် တုန်လှုပ်သွားကြသည်။ နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံးကို "မှော်ရတနာ" တစ်ခုသဖွယ် သဘောထားပြီး သွန်းလုပ်နေကြောင်း သဘောပေါက်လိုက်ကြ၏။
ဤနှုန်းထားအတိုင်း သွားလျှင်... လိုရာခရီးသို့ ရောက်သောအခါ၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ နယ်မြေသည် မိုင်ငါးဆယ် ပတ်လည်လောက်သာ ကျန်ရှိတော့မည် ဖြစ်သည်။
သေချာသည်မှာ... ဒါက ဂိုဏ်းတစ်ခုလုံးကို လက်နက်တစ်ခု အဖြစ် သွန်းလုပ်ခြင်း ဖြစ်ပြီး၊ ကျုံ့ဝင်ပြီးနောက် ပြန်လည် ချဲ့ထွင်နိုင်စွမ်း ရှိ၏။ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို အမှန်တကယ် တစ်သားတည်း ဖြစ်စေခြင်း ဖြစ်သည်။
နောင်တွင် နင်ချီ၏ ကျင့်ကြံမှု အဆင့် မြင့်မားလာသည်နှင့် အမျှ၊ ပိုမို နက်ရှိုင်းစွာ သွန်းလုပ်လိုက်ပါက၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံးကို သူသွားလေရာ နေရာတိုင်းသို့ အချိန်မရွေး သယ်ဆောင်သွားနိုင်ပေလိမ့်မည်။
အခြားဂိုဏ်းမှ လူများသည် ဘာပြောရမှန်းပင် မသိတော့ပေ။
သူတို့၏ ရင်ထဲတွင် အတွေး တစ်ခုတည်းသာ ရှိတော့သည်။ အနာဂတ်တွင် ဘာပဲဖြစ်ဖြစ်... သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် မိမိကိုယ်ကို ချည်နှောင်ထားရမည်။ နင်ချီ၏ နောက်သို့ တစိုက်မတ်မတ် လိုက်ပါရမည်။
ဒါက သူတို့ဘဝ၏ အကြီးမားဆုံးသော အခွင့်အရေး ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုပေ။
သူတို့သည် ဤယုံကြည်ချက်ကို စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမှတ်လိုက်ကြပြီး၊ "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို အသည်းအသန် ဆက်လက် လည်ပတ်စေကြတော့၏။
လည်ပတ်စေမှု တစ်ကြိမ်တိုင်းသည် သူတို့၏ ကျင့်ကြံမှုကို ပိုမို ခိုင်မာစေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် အကျိုးအမြတ် အများဆုံး ရရှိသူများ ဖြစ်ကြ၏။ နင်ချီ၏ လမ်းညွှန်မှုအောက်တွင် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ အကောင်းဆုံး ကျင့်စဉ်များကို သင်ယူခွင့် ရရှိရုံသာမက၊ အကောင်းဆုံးသော ထိုးထွင်းသိမြင်နိုင်စွမ်း ကိုလည်း ပိုင်ဆိုင်ထားကြ၏။
အခြားဂိုဏ်းမှ လူများသည် ဓားဂိုဏ်းသားများကြားတွင် ရောနှော ပါဝင်နေကြပြီး၊ အများစုသည် သူတို့နှင့် အဆင့်တူသူများ ဝိုင်းရံလျက် ရှိသည်။
ဤအချိန်တွင် သူတို့သည် ဓားဂိုဏ်းသားများနှင့် သူတို့ကြား ကွာဟချက်ကို ချက်ချင်း သဘောပေါက်လိုက်ကြသည်။
နည်းစနစ် လည်ပတ်စေမှုတွင် ဖြစ်စေ၊ ကျင့်ကြံမှု တိုးတက်နှုန်းတွင် ဖြစ်စေ... ဓားဂိုဏ်းသားများက ပိုမို လျင်မြန်ကြ၏။
သူတို့ခမျာ.. ငိုချင်စိတ်ပင် ပေါက်သွားကြသည်။ မိမိတို့၏ ဂိုဏ်းများကို စွန့်လွှတ်ပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ဝင်ရောက်လိုက်လျှင် ကောင်းမလားဟု တွေးတောမိကြ၏။
သို့သော် သူတို့အားလုံးသည် မိမိတို့ဂိုဏ်းတွင် အရေးပါသော ရာထူးများ ရယူထားသူများ ဖြစ်ကြသည်။ ဂိုဏ်းချုပ်များ၊ အာဏာရှိသော အကြီးအကဲများ သို့မဟုတ် ထိပ်တန်း အစစ်အမှန် အမွေခံများ ဖြစ်ကြ၏။
နင်ချီက သူတို့ကို လက်ခံမခံ ဆိုသည့် ကိစ္စကို မပြောနှင့်ဦး... သူတို့သာ ဂိုဏ်းကို စွန့်ခွာလိုက်လျှင် သူတို့၏ ဂိုဏ်းသားများ မည်သို့ ဖြစ်သွားကြမည်နည်း။
ရှုပ်ထွေးသော ခံစားချက်များဖြင့်... သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး နေရာရွှေ့ပြောင်းရေး လုပ်ငန်းစဉ်တွင် ဆက်လက် ပါဝင် ကူညီနေကြလေသည်။