အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
အခန်း (၆၈၂) - သရဲပုဆိန် (အပိုင်း ၄)
~ဂိုဏ်းချုပ် အသီးသီးတို့သည် ဤခရီးစဉ်တွင် မိမိတို့ဂိုဏ်းမှ လူအင်အား ပိုမို ခေါ်ဆောင်မလာမိခဲ့သည့် အတွက် အလွန်ပင် နောင်တရနေကြလေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မြောက်ဘက်နှင့် တောင်ဘက်တကြောရှိ အနီးနား ပတ်ဝန်းကျင်မှ ဂိုဏ်းများသည်လည်း အခြေအနေကို ရိပ်စားမိကြ၏။ ထို့ကြောင့် ချက်ချင်းပင် မိမိတို့ ဂိုဏ်းအသီးသီးထံသို့ သတင်းစကားပါးကာ၊ ဂိုဏ်းထဲရှိ လူကုန် ထွက်ခွာလာပြီး လာရောက် ကူညီကြရန် တိုက်တွန်းကြတော့သည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ရည်မှန်းထားသော ပန်းတိုင်သို့ မရောက်ရှိသေးသမျှ ကာလပတ်လုံး၊ သူတို့အားလုံးတွင် မိမိတို့၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်နိုင်မည့် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။
ဂိုဏ်းစောင့် ကျန်ရစ်ခဲ့သော မဟာစွမ်းအားရှင်များသည် ဂိုဏ်းချုပ်များထံမှ သတင်းစကားကို ရရှိသောအခါ မျက်နှာများ ရှုပ်ထွေးကုန်ကြ၏။
ဂိုဏ်းချုပ်များ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပြီလော။
ဂိုဏ်းကို လုံးဝ စွန့်ခွာပြီး လူကုန် ထွက်လာခိုင်းနေသည်မှာ ဖြစ်နိုင်ပါ့မလား။
သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ထောင်ချောက် ဖြစ်နေမည်ကို စိုးရိမ်သဖြင့် ဂိုဏ်းချုပ်များထံ စာပြန်ရန်ပင် မရဲကြပေ။
ထို့ကြောင့် ဂိုဏ်းသားများကို ဆင့်ခေါ် စုဝေးစေပြီး၊ လူစုံသောအခါ ဆက်လက် ဆွေးနွေးတိုင်ပင်ကြ၏။
လက်ရှိအချိန်တွင် မည်သူမျှ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွားရောက် မစော်ကားရဲကြပေ။ ဂိုဏ်းချုပ်များထံမှ ရောက်ရှိလာသော ထူးဆန်းသည့် သတင်းစကားတွင် အခြား လျှို့ဝှက်သော အဓိပ္ပာယ်များ ရှိနေမလား။
မည်သည့် တန်ဖိုးပေးရသည် ဖြစ်စေ အင်အားအကုန်သုံးပြီး လာရောက် ကူညီရန် တိုက်တွန်းနေခြင်းများလား။ သို့သော် သူတို့ ထွက်သွားလိုက်လျှင် ဂိုဏ်းကို သူများ ဝင်တိုက်သွားပါက မည်သို့ လုပ်မည်နည်း။
ထိုအချိန်တွင် ဂိုဏ်းချုပ်များထံမှ နောက်ထပ် စာတိုတစ်စောင် ရောက်ရှိလာသည်။ စာသားမှာ တိုတောင်းလှသည်။
"မင်းတို့ ထွက်လာကြပြီလား..."
ဂိုဏ်းစောင့် အကြီးအကဲများ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်၊ သတိကြီးစွာဖြင့် စာပြန်လိုက်ကြ၏။
"ဂိုဏ်းချုပ်ကြီး... ဘေးကင်းပါရဲ့လား..."
ဂိုဏ်းထဲရှိ မဟာစွမ်းအားရှင်များထံမှ ထိုစာကို ရရှိသောအခါ၊ ဂိုဏ်းချုပ်များသည် ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်ပင် ပေါက်သွားကြ၏။
ကြီးမားသော အခွင့်အရေးကြီးက မျက်စိရှေ့တွင် ရောက်နေပါလျက်၊ ဂိုဏ်းထဲက ငတုံးတွေက အချိန်ဖြုန်းပြီး တွေဝေနေကြသေးသည်။
သို့သော် ခဏမျှ စဉ်းစားပြီးနောက် သူတို့ သဘောပေါက်သွားကြ၏။ ထို့ကြောင့် စိတ်ရှည်လက်ရှည်ဖြင့် အခြေအနေကို ရှင်းပြကာ စာပြန်လိုက်ကြ၏။
မထင်မှတ်ထားသည်မှာ ဂိုဏ်းစောင့် အကြီးအကဲများထံမှ နောက်ထပ် မေးခွန်းတစ်ခု ထပ်ရောက်လာပြန်သည်။
"ဂိုဏ်းချုပ်ကြီး... ဂိုဏ်းမှာ တကယ်ပဲ ဘယ်သူမှ မချန်ထားခဲ့တော့ဘူးလား..."
ဂိုဏ်းချုပ် အနည်းငယ်သည် သက်ပြင်းချလိုက်မိကြ၏။
ဤမျှ ကောင်းမွန်သော အခွင့်အရေးကြီး ရှိနေပါလျက်၊ ဂိုဏ်းကို လူမစောင့်လည်း ဘာဖြစ်သနည်း။
ယခုအခါ နယ်မြေအရှင်သခင် နင်ချီသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံးကို ပေါင်းစည်းထားပြီးဖြစ်ရာ ဂိုဏ်းအချင်းချင်း တိုက်ခိုက်မည့်အန္တရာယ် မရှိပေ။
အခြားနယ်မြေမှ ကျင့်ကြံသူများသည်လည်း ဤအချိန်တွင် လာရောက် တိုက်ခိုက်ခြင်း ပြုမည် မဟုတ်။ ထို့ကြောင့် ဂိုဏ်းတွင် လူမကျန်ခဲ့လျှင်လည်း ကိစ္စမရှိပေ။
သူတို့ နောက်ထပ် စာတစ်စောင် ထပ်ပို့ကာ၊ ဂိုဏ်းသားများကို အစွမ်းကုန် ကြိုးစားပြီး လာကြရန်၊ သို့မဟုတ်ပါက အခွင့်အရေး ဆုံးရှုံးသွားလိမ့်မည် ဖြစ်ကြောင်း အမိန့်ပေးလိုက်ရသည်။
ရလဒ် အနေဖြင့်... မြောက်မှသည် တောင်အထိ ဂိုဏ်းပေါင်းစုံ လှုပ်ရှားလာကြပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း လက်ရှိ ရောက်ရှိနေသော နေရာသို့ အုပ်စုလိုက် ပျံသန်းလာကြ၏။
ဧရာမ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တောင်ဘက်သို့ ရွေ့လျားနေစဉ်၊ လမ်းခုလတ်တွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူ အများအပြား လာရောက် ပူးပေါင်းကြ၏။
နင်ချီသည် သူတို့ ရောက်ရှိလာမှုကို ဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါသည်။
"သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်"အား သင်ကြားပေးပြီး၊ အခင်းအကျင်းကို အသုံးပြုကာ လူများကို နေရာအသီးသီးတွင် ချထားပေးလိုက်၏။ ထိုမျှသာ။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ "ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်းများ" စုပ်ယူမှု အကွာအဝေး ကျယ်ပြန့်လာသည်နှင့်အမျှ၊ လူအင်အား ပိုမို များပြားလာသည်။ "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကို ကျင့်ကြံသူများ ပိုမို စိတ်ဓာတ်ခိုင်မာလာသည်နှင့်အမျှ၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပိုမို ကျုံ့ဝင်လာပြီး တောင်ဘက်သို့ ဦးတည်သွားသော အရှိန်မှာလည်း လျင်မြန်လာ၏။
ခရီးလမ်း၏ သုံးပုံတစ်ပုံ ရောက်သောအခါ၊ ယခင်က နင်ချီတို့ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" သို့ သွားရောက်စဉ်က စီးနင်းခဲ့သော ရတနာသင်္ဘော၏ အမြန်နှုန်းကို မီသွားခဲ့ပြီ ဖြစ်၏။ ထိုအချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း နေရာရွှေ့ပြောင်းမှု စတင်ခဲ့သည်မှာ တစ်ပတ်ခန့်သာ ရှိသေးသည်။
နောက်ပိုင်းတွင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံးသည် စကြဝဠာ ဟင်းလင်းပြင်မှ ကမ္ဘာမြေသို့ တောင်ဘက်အရပ်ဆီ ဦးတည် ပျံသန်းလာသော ဥက္ကာခဲကြီး တစ်လုံးအလား ဖြစ်လာတော့၏။
"နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ ပြောင်းလဲမှု ဗဟိုချက်သို့ ရောက်ရှိရန် နောက်ထပ် (၅) ရက်သာ ကြာမြင့်တော့သည်။
ထိုစဉ်က နင်ချီနှင့် အခြားသူများသည် ရတနာသင်္ဘောဖြင့် လဝက်ကျော် ခရီးနှင်ခဲ့ရသော်လည်း၊ ယခု ဂိုဏ်းကြီး တစ်ခုလုံးကို ရွှေ့ပြောင်းရာတွင် (၁၂) ရက်သာ ကြာမြင့်ခဲ့သည်။
ဤအမြန်နှုန်းသည် အံ့ဖွယ်ရာ တစ်ခုဟု ဆိုနိုင်၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ နယ်မြေတစ်ခုလုံးသည် ယခင် လျှို့ဝှက်နယ်မြေ တည်ရှိခဲ့သော နေရာ၏ အထက် ကောင်းကင်ယံတွင် ရပ်တန့်သွားသည်။ လူတိုင်း အပြင်သို့ ပျံထွက်လာပြီး၊ ယခုအခါ မိုင် (၅၀) ပတ်လည်လောက်သာ ကျန်ရှိတော့သည်အထိ ကျုံ့ဝင်သွားသော အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကြည့်လိုက်ကြ၏။
နေရာရွှေ့ပြောင်းမှုတွင် ပါဝင်ကူညီခဲ့ကြသူ အားလုံးသည် ဤကဲ့သို့ အံ့ဖွယ် ဖြစ်ရပ်ကြီးကို ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် ဂုဏ်ယူဝင့်ကြွားသော ခံစားချက်ကို ရရှိလိုက်ကြ၏။
ဤဂုဏ်ယူမှုသည် စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်း မဟုတ်ပေ။ "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" အောက်ရှိ ကျင့်ကြံသူ အားလုံးနီးပါးသည် အဆင့်တစ်ဆင့်စီ တက်လှမ်းသွားနိုင်ခဲ့ကြသည်။
ပါရမီထူးချွန်သူများဆိုလျှင် နှစ်ဆင့်၊ သို့မဟုတ် အမြင့်ဆုံး အနေဖြင့် နယ်ပယ်ကြီး တစ်ခုလုံးကိုပင် ကျော်ဖြတ်နိုင်ခဲ့ကြ၏။
လူတိုင်းသည် နင်ချီကို နတ်ဘုရား တစ်ပါးသဖွယ် ကြည်ညိုလေးစားစွာ ကြည့်နေမိကြ၏။
အခြားဂိုဏ်းမှ လူများသည် အစပိုင်းတွင် နင်ချီ တည်ထောင်သော "နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" အပေါ် သံယောဇဉ် မရှိခဲ့ကြသော်လည်း၊ ယခုအခါ စစ်မှန်သော သံယောဇဉ်နှင့် ဂုဏ်ယူမှုတို့ကို ခံစားလိုက်ရပြီ ဖြစ်သည်။
တကယ်တမ်း ပြောရလျှင်... မဟာမိတ်အဖွဲ့ကို ခဏထား၊ အကယ်၍ နယ်မြေအရှင်သခင် နင်ချီသာ သူတို့ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်ပါက၊ ချက်ချင်း သဘောတူကြမည် ဖြစ်၏။
အနည်းငယ် တွေဝေနေလျှင်ပင် သူတို့သည် သူရဲဘောကြောင်သူများ ဖြစ်သွားပေလိမ့်မည်။
သို့သော် နယ်မြေအရှင်သခင် နင်ချီတွင် ထိုကဲ့သို့သော ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားနေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် အခြားဂိုဏ်းသားများ၏ အားကျသော မျက်လုံးများကို မြင်သောအခါ ကြက်ဖကြီးများပမာ ရင်ကော့ကာ ဂုဏ်ယူနေကြ၏။
သူတို့အကြားတွင် ရောနှောပါဝင်နေသော "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားသူများ၏ မျက်လုံးများတွင်လည်း အရောင်များ တောက်ပနေသည်။
နယ်မြေအရှင်သခင် ဘယ်ရောက်ရောက်၊ လူအများသည် သူ့နောက်သို့ အလိုအလျောက် ရွေးချယ် လိုက်ပါလာကြစမြဲပင်...။
အခန်း (၆၈၃) - ဂုဏ်ရောင် ပြန်လည် ထွန်းတောက်ခြင်း
~နင်ချီသည် ဟင်းလင်းပြင်ထက်တွင် မားမားမတ်မတ် ရပ်တည်လျက်၊ လက်ကို ညင်သာစွာ မြှောက်လိုက်သည်။ ကျုံ့ဝင်နေသော အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီး တစ်ခုလုံးကို အဝေးမှ ညွှန်ပြကာ လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။
“ဆင်းသက်စေ...”
တဆက်နည်း၌၊ ဧရာမ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီးသည် ချက်ချင်း တရိပ်ရိပ် နိမ့်ဆင်းလာတော့၏။
အောက်ဘက်ရှိ မြေပြင်ကို လူတိုင်းက ကြိုတင် ပြုပြင် ညှိထားပြီး ဖြစ်သဖြင့်၊ ဂိုဏ်းကြီး အခြေချရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မြေသားအနေအထားနှင့် ကွက်တိ နေရာကျသွားမည့် အနေအထားပင်။
“ဝုန်း...”
ကျယ်လောင်သော မြည်ဟီးသံကြီးနှင့် အတူ၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မြေသားထုသည် နောက်ဆုံးတွင် ကြိုတင် ပြင်ဆင်ထားသော မြေပြင်ပေါ်သို့ အောင်မြင်စွာ သက်ဆင်း အခြေချလိုက်ပြီ ဖြစ်၏။
ယခုအခါ ၎င်းသည် သန့်စင်ထားသော "လက်နက်ကိရိယာ" တစ်ခု အဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ရာ၊ အောက်ဘက်ရှိ မြေကြီးနှင့် တမဟုတ်ချင်း တသားတည်း ပေါင်းစပ်သွား၏။
တချိန်တည်းမှာပင် နင်ချီ၏ ထိန်းချုပ်မှုအောက်၌... အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ နယ်မြေအကျယ်အဝန်းသည် မူလအရွယ်အစားထက် သုံးဆခန့် ပြန်လည် ကျယ်ပြန့်လာပြီး၊ အတွင်းပိုင်းတွင် အနည်းငယ်သော ဟာလာဟင်းလင်း ဖြစ်မှုများကို ဖန်တီးလိုက်သည်။
သို့သော် ဂိုဏ်းကာကွယ်ရေး မဟာ အခင်းအကျင်းကြီးသည် အလင်းရောင်များ ဖြာထွက်လာပြီး၊ ဤနေရာရှိ ဝိညာဉ်စွမ်းအင်များနှင့် စည်းမျဉ်းများကို အငမ်းမရ စုပ်ယူလိုက်၏။
ဤနေရာသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ အပြောင်းအလဲ ဖြစ်ပေါ်ရာ ဗဟိုချက် ဖြစ်သည်။ ဝိညာဉ်စွမ်းအင်များသည် သိပ်သည်းလွန်းလှသဖြင့် လက်ဖြင့်ပင် ဆုပ်ကိုင်၍ ရနိုင်မတတ် ဖြစ်နေသည်။
ကောင်းကင်နှင့် မြေကြီး၏ ကြီးမားသော အပြောင်းအလဲအောက်တွင်၊ ဖန်ဆင်းခြင်း စွမ်းအားများ ပါဝင်သော "စည်းမျဉ်း" များသည် အလိုအလျောက် ပေါ်ထွက်လာပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း ကျယ်ပြန့်လာမှုကြောင့် ဖြစ်ပေါ်လာသော ဟာကွက်များကို တဖြည်းဖြည်း ဖြည့်ဆည်းပေးလိုက်သည်။
တောင်တန်းများ၊ မြစ်ချောင်းများ၊ လွင်ပြင်များနှင့် ကုန်းမြင့်များသည် မျက်စိရှေ့မှောက်တွင်ပင် စွမ်းအင်များ ပြန်လည် ပြည့်ဖြိုးလာကြ၏။
လမ်းခရီးတလျှောက် လိုက်ပါလာသူ အားလုံးသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်း စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်းများကို စုပ်ယူမှုနှုန်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် ကောင်းကင်နှင့် မြေကြီး အပြောင်းအလဲ ဗဟိုချက်သို့ ရောက်ရှိသောအခါ၊ ဤနေရာရှိ ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်းများသည် အဆုံးမရှိသော ပင်လယ်ကြီးသဖွယ် ဖြစ်နေပြီး၊ မည်မျှပင် စုပ်ယူစေကာမူ ကုန်ခမ်းသွားခြင်း မရှိပေ။
ထို့ကြောင့် အကန့်အသတ်မဲ့သော ဝိညာဉ်စွမ်းအင် ထောက်ပံ့မှုအောက်တွင်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပိုမို ခိုင်ခံ့ မာကျောလာပြီး၊ ထိုးဖောက်၍ မရနိုင်သော ခံတပ်ကြီး တစ်ခု ဖြစ်လာသည်။
လူတိုင်း လက်ရှိ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ကြည့်လိုက်ကြ၏။ နှိုင်းယှဉ် စဉ်းစားကြည့်ပြီးနောက် သူတို့ တွေ့ရှိလိုက်သည်မှာ... "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ရှိ ဂိုဏ်းအားလုံး ပေါင်းစည်းလိုက်လျှင်ပင် ဤဂိုဏ်းကြီးကို ယှဉ်နိုင်မည် မဟုတ်ပေ။
ဂိုဏ်းတည်နေရာ၊ အရွယ်အစားနှင့် အခင်းအကျင်း စွမ်းအား... မည်သည့် ဘက်က ကြည့်ကြည့် ပြိုင်ဘက်ကင်း ဖြစ်နေပြီ ဖြစ်၏။
မကြာမီ... အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မဟာ အခင်းအကျင်းကြီးသည် ဗိုက်ဝသွားသော လူတစ်ယောက်ကဲ့သို့ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
တောက်ပနေသော အခင်းအကျင်း အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး၊ အထူးနေရာ အချို့မှ လွဲ၍ ကျန်နေရာအားလုံးသည် လူတိုင်း၏ မြင်ကွင်းရှေ့တွင် ထင်ရှားစွာ ပေါ်ထွက်လာ၏။
နန်းဆောင်များ၊ မျှော်စင်များ၊ အင်မော်တယ် တောင်တန်းများနှင့် ဝိညာဉ်စမ်းရေပူများသည် နေရာတိုင်းတွင် "တာအို စည်းချက်"များဖြင့် ပြည့်နှက်နေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသား အားလုံးသည် လက်ရှိ မိမိတို့၏ ဂိုဏ်းကို ကြည့်ပြီး ပျော်ရွှင် ဝမ်းမြောက်နေကြတော့၏။
ဂိုဏ်းချုပ် စတင် တာဝန်ယူချိန်မှ စ၍၊ သာမန် အဆင့်မြင့်ဂိုဏ်း အဆင့်မှသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံး၏ အုပ်စိုးသူ အဖြစ်သို့ ဦးဆောင်လာခဲ့သည်။ အနာဂတ်တွင် သူတို့ ဂိုဏ်းချုပ်က ဘယ်နေရာထိ ခေါ်ဆောင်သွားဦးမည်ကို မသိနိုင်သော်လည်း၊ ဤအခြေအနေသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အဆုံးသတ် မဟုတ်ကြောင်း လူတိုင်း နားလည်ထားကြ၏။
သူတို့သည် နင်ချီကို ကြည့်လိုက်ကြ၏။ မည်သူမျှ စကားမပြောကြသော်လည်း၊ နင်ချီ၏ စကားကို စောင့်မျှော်နေကြ၏။
နင်ချီ လူအုပ်ကို ဝေ့ဝဲကြည့်ပြီး ပြုံးလိုက်သည်။
“ဘာလို့ အဲဒီမှာ ရပ်နေကြတာလဲ... အားလုံး ဂိုဏ်းထဲ ဝင်ခဲ့ကြလေ...”
“ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ်ကြီး...”
နင်ချီ ခေါင်းညိတ်လိုက်ပြီး၊ အခြားဂိုဏ်းမှ လူများကို အကြည့် ပို့လွှတ်လိုက်သည်။
“ခင်ဗျားတို့လည်း ဝင်လာခဲ့ကြ... ကျွန်တော် ခင်ဗျားတို့ကို တာဝန်ပေးစရာ ရှိတယ်...”
ထိုစကားကို ကြားသောအခါ လူတိုင်း ချက်ချင်း တုံ့ပြန်လိုက်ကြ၏။
“အမိန့်အတိုင်းပါ... မဟာမိတ် ခေါင်းဆောင်ကြီး...”
အကန့်အသတ်မဲ့ ဓားဂိုဏ်း နေရာရွှေ့ပြောင်းရေးတွင် ကူညီခဲ့ကြသဖြင့်၊ ဤလူများသည် အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြပြီး ဖြစ်ရာ၊ နင်ချီ၏ "မဟာမိတ် ခေါင်းဆောင်" နေရာသည် သူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် နင်ချီက မဟာမိတ် ခေါင်းဆောင် မလုပ်ချင်ဘူး ငြင်းလျှင်တောင်မှ၊ သူတို့က အတင်းအကျပ် တင်မြှောက်ကြမည့် အနေအထား ဖြစ်၏။
နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဗဟိုရင်ပြင်သစ် ဆီသို့ ပျံသန်းသွားပြီး၊ အဓိက ပလ္လင်ထက်တွင် နေရာယူလိုက်သည်။
လူတိုင်း နောက်မှ လိုက်ပါလာကြပြီး သက်ဆိုင်ရာ နေရာများတွင် ထိုင်လိုက်ကြ၏။
နျူတင်းထျန်က ဦးစွာ လက်သီးဆုပ် ဂါရဝပြုပြီး မေးမြန်းလိုက်သည်။
“မဟာမိတ် ခေါင်းဆောင်ကြီး... အခု ရရှိခဲ့တဲ့ ဖန်ဆင်းခြင်း လက်ဆောင်မွန်ကို ကျွန်တော်တို့ အမြဲ သတိရနေမှာပါ... ကျုပ်တို့ကို ညွှန်ကြားစရာများ ရှိသေးလား... အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ပါ့မယ်...”
နင်ချီ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ ကောင်းကင်ယံထက်တွင် စီးဆင်းနေပြီး၊ တိမ်တိုက်များကို လှိမ့်ဝင် လှုပ်ရှားစေသည်ကို တွေ့လိုက်ရသည်။
သူ ပြောလိုက်သည်။
“နက်ရှိုင်းသော သစ္စာတရား နယ်မြေရဲ့ အပြောင်းအလဲက အခုမှ စတင်တာ ဆိုတာ ခင်ဗျားတို့ သိကြမှာပါ... ဒီနယ်မြေရဲ့ အထွတ်အထိပ် အချိန်ကာလ အတိုင်း ပြန်လည် ရောက်ရှိဖို့ ဘယ်လောက် ကြာမယ်လို့ ထင်ကြသလဲ...”
နျူတင်းထျန် အနည်းငယ် တုံ့ဆိုင်းသွား၏။
ထိုစဥ်၊ သူ့ဘေးတွင် ရှိသော လော့ထျန်း အဆင့်မြင့်ဂိုဏ်း၏ ဂိုဏ်းချုပ် လော့ဖေးယွီက ပြောလိုက်သည်။
“မဟာမိတ် ခေါင်းဆောင်ကြီးကို တင်ပြလိုပါတယ်... ကျွန်တော်တို့ လော့ထျန်း အဆင့်မြင့်ဂိုဏ်းက ကောင်းကင်နဲ့ မြေကြီးရဲ့ ပြောင်းလဲမှု နိမိတ်တွေကို လေ့လာစောင့်ကြည့်ရာမှာ အထူး ကျွမ်းကျင်ပါတယ်... ကျွန်တော် ခန့်မှန်းရသလောက်... နက်ရှိုင်းသော သစ္စာတရား နယ်မြေ ဟာ သူ့ရဲ့ မူလ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ နောက်ထပ် နှစ်ပေါင်း တစ်ရာ လောက် ကြာဦးမှာပါ...”
“နှစ်တစ်ရာ...”
လူအများအပြား အာမေဋိတ် သံများ ထွက်ပေါ်လာသည်။
သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး၊ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာကြရ၏။
နယ်မြေတစ်ခု ပြန်လည် နိုးထလာခြင်းသည် ကောင်းသော ကိစ္စ ဖြစ်ပြီး၊ ဂိုဏ်းအားလုံးအတွက် အကျိုးရှိစေသည်။
သို့သော် "ဝိညာဉ်ကမ္ဘာ စစ်ပွဲ" သည် အချိန်မရွေး ဖြစ်ပွားလာနိုင်ရာ၊ သူတို့ အနေဖြင့် နှစ်ပေါင်း တစ်ရာ တောင့်ခံ စောင့်ဆိုင်းနိုင်ရန် မဖြစ်နိုင်ပေ။
ယခု နင်ချီက အင်အားစု အားလုံးကို စုစည်းပြီး မဟာမိတ်အဖွဲ့ တည်ထောင်လိုက်သဖြင့်၊ ဂိုဏ်းအားလုံးအတွက် လုံခြုံရေး အကာအကွယ် တစ်ခု ရရှိသွားခဲ့ပြီပင်။
ဂိုဏ်းရွှေ့ပြောင်းရေး လုပ်ငန်းစဉ်တွင်လည်း လူတိုင်း၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ပေးခဲ့သဖြင့်၊ စစ်ပွဲအတွင်း အသက်ရှင်သန်နိုင်စွမ်းကို သေချာပေါက် တိုးတက်စေခဲ့သည်။
အကယ်၍ စစ်ပွဲ မစတင်မီ နယ်မြေတစ်ခုလုံး အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်နိုင်ခဲ့လျှင်... သူတို့၏ ယုံကြည်မှု ပိုမို ပြင်းထန်လာမည်မှာ အမှန်ပင်။
စဉ်းစားပြီးနောက်... လူအုပ်ကြီးသည် ဘာလုပ်ရမှန်း မသိ ဖြစ်နေကြ၏။
ဉာဏ်ကောင်းသော သူအချို့ကမူ နင်ချီ ဘာကြောင့် ဒီမေးခွန်း မေးသလဲ ဆိုတာ ရိပ်မိလိုက်ကြ၏။ သေချာပေါက် သူ့မှာ နည်းလမ်း ရှိရမည်။
ထို့ကြောင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း၏ ဂိုဏ်းချုပ် ရှရှင်း မတ်တတ်ရပ်လိုက်ပြီး မေးလိုက်သည်။
“မဟာမိတ် ခေါင်းဆောင်ကြီး... နယ်မြေရဲ့ အပြောင်းအလဲကို ပိုမြန်အောင် လုပ်မယ့် နည်းလမ်းများ တွေ့ထားလို့လား...”
သူ့စကားသည် ရောက်ရှိနေသူ အားလုံးကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
လူတိုင်း မျှော်လင့်တကြီးဖြင့် နင်ချီကို ကြည့်လိုက်ကြ၏။
နင်ချီ.. ရှရှင်းကို သဘောကျစွာ ကြည့်လိုက်သည်။
တကယ်ပဲ "အစစ်အမှန်သိုင်း ကမ္ဘာ" က လူတွေက ငါ့သဘောကို ပိုနားလည်ကြတာပဲ။
ထို့နောက် နင်ချီ ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း... ကျွန်တော် ကိစ္စ သုံးခုကို စီစဉ်ခဲ့တယ်... အားလုံးက ဝိညာဉ်ကမ္ဘာ စစ်ပွဲ အတွက် ပြင်ဆင်မှုတွေချည်းပါပဲ...”
“ပထမအချက်က... ခင်ဗျားတို့အားလုံး ကျွန်တော့်ကို နယ်မြေအရှင်သခင် အဖြစ် လေးစားကြတဲ့အတွက်... အင်အားစု အားလုံးကို စုစည်းပြီး 'နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့' ကို တည်ထောင်ဖို့ ရည်ရွယ်ခဲ့တယ်... ဒါမှ စစ်ပွဲအတွင်းမှာ ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေရဲ့ အသက်ရှင်သန်နိုင်စွမ်း မြင့်မားလာမှာ ဖြစ်တယ်...”
“ဒုတိယအချက်ကတော့... ခင်ဗျားတို့ကို အကန့်အသတ်မဲ့ ဓားဂိုဏ်း ရွှေ့ပြောင်းရေးမှာ ပါဝင်စေခဲ့တာပါ... ပထမကတော့ ကျွန်တော့်ကို နယ်မြေအရှင်သခင်၊ မဟာမိတ် ခေါင်းဆောင် အဖြစ် ခင်ဗျားတို့ စိတ်ရင်းမှန်နဲ့ ထောက်ခံရဲ့လား ဆိုတာ စမ်းသပ်ချင်လို့ပါ... ဒုတိယ အနေနဲ့ကတော့ ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ပေးချင်လို့ပါ...”
သူ ပြုံးလိုက်ပြီး ရောက်ရှိနေသော ဂိုဏ်းချုပ်အချို့ကို ကြည့်ကာ ပြောသည်။
“ခင်ဗျားတို့ထဲက တချို့ကတော့ အခွင့်အရေးကို အရယူရာမှာ တော်တော် ကျွမ်းကျင်ကြတယ်... တစ်ဂိုဏ်းလုံးက လူတွေကို ခေါ်ထုတ်လာပြီး ကူညီစေခဲ့တယ်... ကျွန်တော် အစက အဲဒီလောက်ထိ မမျှော်လင့်ထားခဲ့ပါဘူး...”
သူ့စကားကို ကြားရသောအခါ၊ ထိုဂိုဏ်းချုပ်များသည် သွားဖြီးကာ ပြုံးလိုက်ကြ၏။
မှန်ပေသည်...၊ သူတို့ အခွင့်အရေးကို လက်မိလက်ပိုင် ဖမ်းဆုပ်နိုင်ခဲ့ကြ၏။
သူတို့ဂိုဏ်းမှ လူတိုင်း၏ ကျင့်ကြံမှု အဆင့် သိသိသာသာ တိုးတက်လာခဲ့သည် မဟုတ်ပါလော။
အခန်း (၆၈၄) - ဂုဏ်ရောင် ပြန်လည် ထွန်းတောက်ခြင်း (အပိုင်း ၂)
~သို့သော်လည်း... ဤအရာအားလုံးသည် နင်ချီ ပေးသနားသော အခွင့်အရေးများသာ ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိကြ၏။
ထို့ကြောင့် လူတိုင်း တညီတညွတ်တည်း ပြောဆိုလိုက်ကြ၏။
"ဒါတွေအားလုံးဟာ မဟာမိတ် ခေါင်းဆောင်ကြီး ပေးသနားတဲ့ အခွင့်အရေးတွေပါ... ကျွန်တော်တို့ ခေါင်းဆောင်ကြီးရဲ့ နောက်ကို သေသည်အထိ လိုက်ပါပါ့မယ်လို့ သစ္စာဆိုပါတယ်..."
နင်ချီက လျစ်လျူရှုထားသော လေသံဖြင့် ပြန်ပြောသည်။
"အခွင့်အရေးကို အရယူတတ်ပြီး... သစ္စာရှိတဲ့ သူတွေကိုတော့... ကျွန်တော် အမြဲတမ်း အခွင့်အရေးတွေ ပေးနေဦးမှာပါ..."
ထိုစကားကို ကြားသောအခါ၊ မဟာမိတ် ခေါင်းဆောင်ကြီးက သူတို့ကို သစ္စာရှိမှု၏ အရေးပါပုံကို သွယ်ဝိုက်သော နည်းလမ်းဖြင့် သတိပေးနေခြင်း ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြ၏။ သို့မဟုတ်ပါက... ပေးထားသော အခွင့်အရေးများကို အချိန်မရွေး ပြန်လည် ရုပ်သိမ်းသွားနိုင်ပေသည်။
နင်ချီ ဆက်ပြောသည်။
"တတိယ ကိစ္စကတော့... နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို သူ့ရဲ့ မူလ အထွတ်အထိပ် အချိန်ကာလ အတိုင်း အချိန်စောပြီး ပြန်ရောက်အောင် လုပ်ဖို့ပဲ..."
လူတိုင်း ခေတ္တမျှ ကြောင်သွားကြ၏။
အမှန်တကယ်ပင်... အရာရာတိုင်းသည် မဟာမိတ် ခေါင်းဆောင်ကြီး၏ မဟာဗျူဟာ စီမံကိန်းများ အောက်တွင် ရှိနေပါလား။
မဟာမိတ် ခေါင်းဆောင်ကြီး စီစဉ်ထားသော ကိစ္စရပ် သုံးခုအနက်၊ ပထမ နှစ်ခုသည် အပြည့်အဝ အောင်မြင်ခဲ့ပြီ ဖြစ်ရာ... ဤတတိယ ကိစ္စသည်လည်း သေချာပေါက် အောင်မြင်မည်ဟု ယုံကြည်စိတ်ချရသည်။
လူအုပ်ကြီး၏ စိတ်ဓာတ်များ တက်ကြွလာပြီး နားစွင့်နေကြ၏။ စာသင်ခန်းထဲတွင် ဆရာ၏ ပို့ချချက်ကို အာရုံစိုက် နားထောင်နေသော လိမ္မာသည့် ကျောင်းသားလေးများ ကဲ့သို့ပင်။
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း... ကျွန်တော် ဝိညာဉ်နယ်မြေရဲ့ အရှိန်အဝါကို တွက်ချက် စောင့်ကြည့်ခဲ့တယ်... ရံဖန်ရံခါ အပြင်ထွက်ပြီး ဝိညာဉ်စွမ်းအင် ဆုံမှတ်တွေကို လိုက်ရှာခဲ့တယ်... အဲဒီကနေ 'ဟင်းလင်းပြင် ဝိညာဉ်ကြော ပြန်လည် ဖြည့်ဆည်းခြင်း နည်းစနစ်' ကို ထိုးထွင်းသိမြင်ခဲ့တယ်... ဒီနည်းစနစ်က နက်ရှိုင်းသော သစ္စာတရား နယ်မြေကို ရာစုနှစ် တစ်ခု စောပြီး သူ့ရဲ့ မူလ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်စေနိုင်တယ်..."
လူတိုင်း၏ မျက်လုံးများ အရောင်တောက်သွားကြ၏။
မဟာမိတ် ခေါင်းဆောင်ကြီးက မိမိတို့ကို ဆင့်ခေါ်ပြီး ဒီကိစ္စကို ဆွေးနွေးတယ်၊ ပြီးတော့ အသစ် စမ်းသပ် တွေ့ရှိထားတဲ့ နည်းစနစ်ကိုပါ ပြောပြတယ် ဆိုတော့... ။
လူတိုင်း ကိုယ်စီ ခန့်မှန်းမိလိုက်ကြ၏။
ထိုစဦ၊ နျူတင်းထျန် ရှေ့ထွက်လာပြီး မေးလိုက်သည်။
"မဟာမိတ် ခေါင်းဆောင်ကြီးကို မေးခွင့်ပြုပါ... ဟင်းလင်းပြင် ဝိညာဉ်ကြောတွေ အတွက် ကျုပ်တို့ ပူးပေါင်းပြီး ဒီနည်းစနစ်ကို အကောင်အထည် ဖော်ရမှာလား..."
နင်ချီက ပြန်ဖြေလိုက်သည်။
"အတိအကျပဲ..."
သာမန်အားဖြင့် ဆိုလျှင်... အများအကျိုးအတွက် ကိုယ်ပိုင် လုပ်အား စိုက်ထုတ်ရမည့် ကိစ္စမျိုးကို လူအများက ငြင်းဆန်လေ့ ရှိကြ၏။
သို့သော် ယခင်က ဂိုဏ်းရွှေ့ပြောင်းခြင်းနှင့် ကျင့်ကြံမှု အဆင့် မြှင့်တင်ခြင်း အဖြစ်အပျက်များ ကြုံတွေ့ပြီးနောက်တွင်မူ၊ လူတိုင်းသည် ရှေ့ဆုံးမှ ထွက်ပြီး အစွမ်းကုန် ကြိုးစား လုပ်ဆောင်ရန် စိတ်အားထက်သန်နေကြပါသည်။
"မဟာမိတ် ခေါင်းဆောင်ကြီး... ကျွန်တော်တို့ လော့ထျန်း အဆင့်မြင့်ဂိုဏ်း က ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲတွေကို ကျွမ်းကျင်ပါတယ်... ခေါင်းဆောင်ကြီး ဖန်တီးထားတဲ့ 'ဟင်းလင်းပြင် ဝိညာဉ်ကြော ပြန်လည် ဖြည့်ဆည်းခြင်း နည်းစနစ်' နဲ့ဆိုရင် ကွက်တိပါပဲ... ကျွန်တော်တို့ ဒီတာဝန်ကို ယူပါရစေ..."
"မဟာမိတ် ခေါင်းဆောင်ကြီး... ကျွန်တော်တို့ ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း က ကောင်းကင် ကြယ်တာရာတွေရဲ့ စွမ်းအားကို ဆွဲယူ အသုံးပြုနိုင်ပါတယ်... ကျွန်တော်တို့လည်း ဒီတာဝန်ကို ထမ်းဆောင်နိုင်ပါတယ်..."
"မဟာမိတ် ခေါင်းဆောင်ကြီး... ကျွန်တော်တို့ စိမ်းပြာ မြူခိုး အဆင့်မြင့်ဂိုဏ်း က..."
ဂိုဏ်း တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း အလုအယက် ပြောဆိုနေကြရာ၊ နျူတင်းထျန် တစ်ယောက် ခေါင်းကုတ်ပြီး ဗျာများနေရှာသည်။ သူတို့ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း က ဒီနယ်ပယ်မှာ မကျွမ်းကျင်တော့ ဘာလုပ်ရမလဲ မသိ ဖြစ်နေရှာသည်။
ထိုအခိုက်အတန့်၌၊ နင်ချီ လက်ကို မြှောက်ကာ ညင်သာစွာ ဟန့်တားလိုက်ရာ၊ လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြ၏။
ရင်ပြင် တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားခြင်းက... နင်ချီသည် သူတို့၏ နှလုံးသားထဲတွင် မည်မျှ ကြီးမားသော နေရာ ရယူထားသည်ကို ပြသနေသည်။
"ခင်ဗျားတို့ ယှဉ်ပြိုင်စရာ မလိုပါဘူး... မမေ့ပါနဲ့... ကျွန်တော်တို့ အခု တသားတည်း ဖြစ်နေပြီ ဆိုတာ... ဂိုဏ်းတိုင်းမှာ တာဝန် ကိုယ်စီ ရှိတယ်..."
လူတိုင်း ထပ်မံ ဝမ်းမြောက်သွားကြပြန်၏။
နင်ချီ ဆက်ပြောသည်။
"ဂိုဏ်းအသီးသီးက နက်ရှိုင်းသော သစ္စာတရား နယ်မြေ အနှံ့မှာ ဖြန့်ကျက် တည်ရှိနေကြတာလေ... နယ်မြေတစ်ခုလုံး မြန်မြန် ပြန်ကောင်းမွန်လာစေချင်ရင်... ခင်ဗျားတို့ အားလုံး ဝိုင်းဝန်း ပါဝင်မှ ရမယ်..."
"အခု ကျွန်တော် 'ဟင်းလင်းပြင် ဝိညာဉ်ကြော ပြန်လည် ဖြည့်ဆည်းခြင်း နည်းစနစ်' ကို ခင်ဗျားတို့ဆီ လွှဲပြောင်းပေးမယ်... သက်ဆိုင်ရာ ဂိုဏ်းတွေကို ပြန်ရောက်ရင်... ခင်ဗျားတို့ရဲ့ ဩဇာလွှမ်းမိုးမှု အောက်မှာ ရှိတဲ့ နယ်မြေတွေနဲ့ အနီးနားက ပိုင်ရှင်မဲ့ နေရာတွေမှာ ဝိညာဉ်ကြောတွေကို ပြည့်စုံအောင် လုပ်ပေးရုံပဲ... အဲဒါဆိုရင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ဟာ အမြန်ဆုံး ပြန် ကောင်းလာလိမ့်မယ်..."
သူသည် မဆိုင်းမတွပင်၊ ထိုနည်းစနစ်ကို လူတိုင်း၏ စိတ်အာရုံထဲသို့ ပေးပို့လိုက်၏။
လူတိုင်း၏ မူလဝိညာဉ်ထဲသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက်၊ နောက်တစ်ကြိမ် အံ့အားသင့်သွားကြပြန်သည်။
ဤနည်းစနစ်သည် ယခင်က "သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်" ကဲ့သို့ပင် နက်ရှိုင်းသော သဘောတရားများ ပါဝင်နေပြီး၊ သေချာပေါက် အလွန် အဆင့်မြင့်သော မှော်နည်းစနစ် တစ်ခု ဖြစ်၏။
သို့သော် နင်ချီ ဖန်တီးသမျှ အရာတိုင်းသည် ထူးခြားကောင်းမွန်သော အရည်အသွေး ရှိစမြဲ ဖြစ်ပြီး၊ အပိုင်းကဏ္ဍ တစ်ခုစီတိုင်းကို ရိုးရှင်း ရှင်းလင်းစွာ ရေးသားထားသည်။
ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရုံဖြင့် မည်သည့် အမှားအယွင်းမျှ ရှိမည် မဟုတ်ပေ။
သူတို့ကို ဝီရိယ ရှိရှိ ကြိုးစားစေရန် အလို့ငှာ၊ နင်ချီက ထပ်လောင်း ပြောကြားလိုက်၏။
"ဒီနည်းစနစ်က 'သရဲပုဆိန် တောင်ရွှေ့ပြောင်းခြင်း နည်းစနစ်' နဲ့ ဆင်တူတယ်... ဝိညာဉ်ကြောတွေကို ဖြည့်ဆည်းနေရင်းနဲ့ ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုတွေပါ တိုးတက်လာပါလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ လူတိုင်း၏ နှလုံးသားထဲတွင် စိတ်အားထက်သန်မှု မီးတောက်များ တောက်လောင်လာပြီး၊ မိမိတို့ ဂိုဏ်းသို့ အမြန်ဆုံး ပြန်ချင်စိတ်များ ဖြစ်ပေါ်လာကြ၏။
သို့သော် မဟာမိတ် ခေါင်းဆောင်ကြီးက စကားမဆုံးသေးမီ၊ ဂိုဏ်းပြင်ပရှိ အရပ်မျက်နှာ တစ်ခုသို့ ညွှန်ပြလိုက်သည်ကို တွေ့လိုက်ရသည်။
"အဲဒီ နေရာမှာ 'နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့' ရဲ့ ဌာနချုပ်ကို တည်ဆောက်ဖို့ ကျွန်တော် .. လူတွေ စီစဉ်လိုက်မယ်... နောက်ကျရင် ခင်ဗျားတို့ ဂိုဏ်းအသီးသီးက ကိုယ်စားလှယ် တစ်ယောက်စီ စေလွှတ်ပြီး အဲဒီမှာ တာဝန်ထမ်းဆောင်စေရမယ်..."
"ဟုတ်ကဲ့ပါ..."
"တခြား ကိစ္စ မရှိတော့ရင်... ခင်ဗျားတို့ ဂိုဏ်းတွေကို အမြန်ဆုံး ပြန်ပြီး ဟင်းလင်းပြင် ဝိညာဉ်ကြောတွေကို ဖြည့်ဆည်းကြတော့... နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို အမြန်ဆုံး အထွတ်အထိပ် အခြေအနေ ပြန်ရောက်အောင် လုပ်ကြပါ..."
လူတိုင်း ဦးညွှတ် ဂါရဝပြုပြီး ဆုတ်ခွာသွားကြ၏။
သို့သော် မဟာမိတ် ခေါင်းဆောင်ကြီးကို နှုတ်မဆက်မီ၊ သူတို့ တစ်ဦးစီတိုင်းသည် အဖိုးတန် ပစ္စည်းများစွာကို ထုတ်ယူပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း နေရာရွှေ့ပြောင်းခြင်း အထိမ်းအမှတ် လက်ဆောင် အဖြစ် ရင်ပြင်ပေါ်တွင် ပုံပေးလိုက်ကြ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ရင်ပြင်ပေါ်တွင် ဝိညာဉ်ရတနာ ပစ္စည်းများ တောင်ပုံရာပုံ ဖြစ်သွားပါသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် ထိုမြင်ကွင်းကို ကြည့်ပြီး ဂုဏ်ယူဝင့်ကြွားမှုများ နောက်တစ်ကြိမ် ခံစားလိုက်ရပြန်၏။
သူတို့၏ ဂိုဏ်းချုပ်ကြီးသည် ဂိုဏ်းပေါင်းစုံမှ ဤမျှ များပြားသော အရင်းအမြစ်များကို လွယ်ကူစွာ ပေးအပ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်ပါလော။
ထို့နောက်... နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းနှင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းမှ လူများသည် အလျင်မြန်ဆုံး လှုပ်ရှားကြသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ၏ ဦးဆောင်မှုဖြင့်၊ သူတို့သည် ဂိုဏ်းအတွင်းရှိ "နေရာ ရွှေ့ပြောင်း အခင်းအကျင်း" ပေါ်သို့ ပျံလွှား တက်ရောက်လိုက်ကြ၏။ မိမိတို့ ဂိုဏ်းများသို့ သုတ်ခြေတင်၍ ပြန်သွားကာ ဟင်းလင်းပြင် ဝိညာဉ်ကြော ဖြည့်ဆည်းခြင်း လုပ်ငန်းကို ချက်ချင်း စတင်ကြတော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ ပျံသန်း ထွက်ခွာရန် ပြင်ဆင်နေသော အခြားဂိုဏ်းသားများသည် ကသောကမျော.. ရပ်တန့်လိုက်ကြ၏။
ဂိုဏ်းချုပ်များသည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း၊ သူတို့သည် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းနှင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းတို့၏ အတွင်းရေး သတင်းများကို စုဆောင်းခဲ့ကြ၏။ မဟာမိတ် ခေါင်းဆောင်ကြီး နင်ချီသည် ထိုဂိုဏ်းများ အတွင်း၌ နေရာ ရွှေ့ပြောင်း အခင်းအကျင်းများ တည်ဆောက်ပေးထားကြောင်း သိရှိထားကြ၏။
ထိုဂိုဏ်းနှစ်ဂိုဏ်းသည် နင်ချီ၏ တံဆိပ်ပြားကို အသုံးပြုပြီး အချိန်မရွေး လူအနည်းငယ်ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ စေလွှတ်နိုင်သည်။
ထိုနည်းတူစွာပင်... နင်ချီသည်လည်း တည်ဆောက်ထားသော နေရာ ရွှေ့ပြောင်း အခင်းအကျင်းမှတဆင့် သူ လိုချင်သလောက် လူအင်အားကို ထိုဂိုဏ်းများဆီသို့ အပြန်အလှန်.. ပို့ဆောင်နိုင်စွမ်း ရှိ၏။
ဆိုလိုသည်မှာ... နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းနှင့် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းတို့သည် နင်ချီကို အပြည့်အဝ ကိုးကွယ်ယုံကြည်ပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဦးဆောင်မှုကို လုံးဝ လိုက်နာနေကြခြင်း ဖြစ်သည်။
ဤသတင်းကို စတင် သိရှိခဲ့စဉ်က၊ ဂိုဏ်းချုပ်များသည် နှစ်ပေါင်း သိန်းချီ တည်တံ့ခဲ့သော ထိုဂိုဏ်းနှစ်ဂိုဏ်း အနေဖြင့် လွတ်လပ်မှုကို စွန့်လွှတ်လိုက်ခြင်းသည် မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများအတွက် အရှက်ရစရာ ကောင်းသည်ဟု ညည်းတွားခဲ့ကြဖူး၏။
သို့သော် ယခုအခါတွင်မူ... သူတို့ ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းသားများလည်း ရပ်တန့်နေသည်ကို မြင်လိုက်ရသည်။ နွားမိစ္ဆာနှင့် ကောင်းကင်တာရာ ဂိုဏ်းသားများ.. နေရာ ရွှေ့ပြောင်း အခင်းအကျင်းမှတဆင့် ထွက်ခွာသွားသည်ကို ငေးကြည့်နေကြရင်း…သူတို့၏ စိတ်ထဲတွင် လှုံ့ဆော်မှု တစ်ခု ဖြစ်ပေါ်လာတော့သည်။
လော့ထျန်း အဆင့်မြင့်ဂိုဏ်း အဖွဲ့ အတွင်း...
လော့ဖေးဝေါ် (ခေါ်) ကျွမ်းချန် သည် သူ့အဖေအိုကြီး ဂိုဏ်းချုပ် လော့ဖေးယွီ ထံသို့ အသံလွှဲပြောင်း စနစ်ဖြင့် ပြောလိုက်၏။
"အဖိုးကြီး... ဘာစောင့်နေတာလဲ... မြန်မြန် ရှေ့ထွက်လေ... ပထမဆုံး လုပ်ပြနိုင်ရင် မဟာမိတ် ခေါင်းဆောင်ကြီး ရှေ့မှာ မျက်နှာရမှာနော်..."
ထိုအခါ၊ လော့ဖေးယွီ သူ့သားကို မကျေမနပ် ကြည့်လိုက်သည်။
ဒီကောင်စုတ်လေးက လုံးဝ ရိုသေမှု မရှိဘူး... တကယ် လက်မြှောက်ရတယ်။
ဒါပေမဲ့ သူ့စကားကို နားထောင်ရမှာပဲ။
သူသည် လူအုပ်ကြီးကို အလျင်အမြန် ဝေ့ဝဲကြည့်လိုက်ပြီး၊ ရင်ပြင်ဆီသို့ ပြန်လည် ပျံသန်းကာ နင်ချီကို ဦးညွှတ်လိုက်တော့သည်။
"မဟာမိတ် ခေါင်းဆောင်ကြီး... ကျွန်တော်တို့ လော့ထျန်း အဆင့်မြင့်ဂိုဏ်းမှာလည်း နေရာ ရွှေ့ပြောင်း အခင်းအကျင်း တစ်ခုလောက် တည်ဆောက်ပေးဖို့ တောင်းဆိုပါရစေ…”