အခန်း (၆၈၅-၆၈၇)
Vol. 46 Ch. 685-687
အခန်း (၆၈၅) - ဂုဏ်ရောင် ပြန်လည် ထွန်းတောက်ခြင်း (အပိုင်း ၃)
~နင်ချီသည် အဓိက ပလ္လင်ထက်တွင် မြင့်မြတ်စွာ ထိုင်နေပြီး၊ သူ၏ နတ်ဘုရား မျက်ဝန်းများကို အနည်းငယ် နှိမ့်ချကာ လော့ဖေးယွီကို ငုံ့ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်လော့... အရင်ဆုံး သတိပေးစကား ပြောပါရစေ... နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်လိုက်ပြီ ဆိုတာနဲ့... ခင်ဗျားတို့ ဂိုဏ်းဟာ အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဩဇာလွှမ်းမိုးမှုအောက်ကို ရောက်ရှိသွားမှာပါ... တကယ်ပဲ သေသေချာချာ စဉ်းစားပြီးပြီလား..."
ထိုအခါ၊ လော့ဖေးယွီ က လေးနက်သော အမူအရာဖြင့် ပြန်ဖြေလာ၏။
"မဟာမိတ် ခေါင်းဆောင်ကြီးရဲ့ လုပ်ရပ်တွေကို ကျွန်တော် ကြားသိနေတာ ကြာပါပြီ... ခေါင်းဆောင်ကြီးက အမြဲတမ်း တရားမျှတမှုကို ဦးထိပ်ထားပြီး... သူတစ်ပါးနဲ့ တိုက်ခိုက်ရင်တောင်မှ မလွှဲသာလို့ ခုခံကာကွယ်တာ၊ မကောင်းမှုကို ဖယ်ရှားပြီး တရားဓမ္မကို စောင့်ထိန်းတာတွေပဲ လုပ်ဆောင်ခဲ့တာပါ..."
"ကျွန်တော်တို့ လော့ထျန်း အဆင့်မြင့်ဂိုဏ်းနဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းဟာ အရင်တုန်းက ဆက်ဆံရေး သိပ်မရှိခဲ့ပေမယ့်... အခုလောလောဆယ်မှာတော့ ခေါင်းဆောင်ကြီးရဲ့ ကျေးဇူးတရားတွေကို ခံစားနေရပါပြီ... ဒီကျေးဇူးတွေက အင်မတန် ကြီးမားလွန်းလို့... ဂိုဏ်းပြန်ရောက်ပြီး ဟင်းလင်းပြင် ဝိညာဉ်ကြောတွေကို ဖြည့်ဆည်းပေးရင်တောင်မှ ကျေပွန်နိုင်မှာ မဟုတ်ပါဘူး..."
"ဒါကြောင့်... ကျွန်တော် မဟာမိတ် ခေါင်းဆောင်ကြီးကို ယုံကြည်ပါတယ်... ဂိုဏ်းထဲမှာ နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ဖို့ ဆန္ဒရှိပါတယ်... ခေါင်းဆောင်ကြီး အနေနဲ့ ကိုယ်တိုင် ကြွရောက်ပြီး တည်ဆောက်ပေးနိုင်မလား ဆိုတာ သိချင်မိပါတယ်..."
နင်ချီသည် သူ့နောက်တွင် ရပ်နေသော ကျွမ်းချန် ကို တစ်ချက် အကြည့် ပို့လွှတ်လိုက်သည်။
ကျွမ်းချန်သည် (ဂိုဏ်းတူ အစ်ကိုကြီးနင်... မြန်မြန် လုပ်ဗျာ...) ဟု ဆိုလိုသည့်အလား၊ နင်ချီကို လျှပ်တပြက်.. မျက်စိမှိတ်ပြလိုက်သည်။
နင်ချီ၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း၊ စိတ်ထဲတွင် ရယ်ချင်နေမိပါ၏။
သူက လေးနက်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်လော့ ကိုယ်တိုင် တောင်းဆိုမှတော့... ကျွန်တော် သဘောတူပါတယ်..."
ဤအခြေအနေကို မြင်လိုက်ရသောအခါ၊ အခြားဂိုဏ်းများမှ လူများသည်လည်း ချက်ချင်း ပြန်လည် ပျံသန်းလာကြပြီး၊ မိမိတို့၏ ခံစားချက်များကို ထုတ်ဖော်ကာ နင်ချီအား မိမိတို့ဂိုဏ်းသို့ လာရောက်ပြီး နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ပေးပါရန် ဝိုင်းဝန်း တောင်းဆိုကြတော့၏။
ဤမြင်ကွင်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများကို အံ့အားသင့်သွားစေသည်။
နင်ချီ၏ ဘေးတွင် ထိုင်နေသော ဓားဘိုးဘေးကြီး၏ မျက်လုံးများထဲတွင် ကျေနပ်အားရမှုများ ပြည့်နှက်နေပြီး၊ မျက်ရည်များပင် ဝဲလာနေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း ဤအဆင့်ထိ ရောက်ရှိလာရခြင်းမှာ နင်ချီ၏ ဦးဆောင်မှုကြောင့်သာ ဖြစ်၏။ ဓားဘိုးဘေးကြီးသည် ကျေနပ်မိသလို၊ ကောင်းကင်ဘုံကိုလည်း ကျေးဇူးတင်မိပါသည်။ ထို့ပြင် နင်ချီကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ရောက်အောင် ခေါ်ဆောင်လာနိုင်ခဲ့သော "လုဇီယွဲ့" ဆိုသည့် ဂျူနီယာလေးကိုလည်း ကျေးဇူးတင်မိပါသည်။
ထိုစဉ်က နင်ချီသာ အခြားဂိုဏ်းတစ်ခု၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပါက... ယခုအချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ကံကြမ္မာသည် တခြားတစ်မျိုး ဖြစ်နေပေလိမ့်မည်။
ဂိုဏ်းအားလုံးက မတရားသော သဘောတူညီချက်ဟု ဆိုနိုင်သည့် နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ခြင်းကို မိမိတို့သဘောဆန္ဒအလျောက် လက်ခံနေကြသည်ကို မြင်သောအခါ၊ နင်ချီပင် အနည်းငယ် အံ့ဩသွားမိ၏။
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး၊ လူအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်း... ခင်ဗျားတို့ ဂိုဏ်းတွေမှာ ပါရမီရှင်တွေ ပေါ်ထွက်လာကြတယ် မဟုတ်လား... ဒီလိုလုပ်ကြမလား... အဲဒီ ပါရမီရှင်တွေကို ကျွန်တော်ကိုယ်တိုင် အခင်းအကျင်း တည်ဆောက်တဲ့ နည်းစနစ်တချို့ သင်ပေးမယ်... ပြီးရင် ကျွန်တော့်ဂိုဏ်းက အခင်းအကျင်း ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ခင်ဗျားတို့ ဂိုဏ်းတွေမှာ နေရာ ရွှေ့ပြောင်း အခင်းအကျင်းတွေကို သွားပြီး တည်ဆောက်ခိုင်းမယ်လေ..."
ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များ နားလည်လိုက်ကြ၏။ မဟာမိတ် ခေါင်းဆောင်ကြီး တစ်ယောက်တည်း ဂိုဏ်းအားလုံးကို လိုက်လံ တည်ဆောက်ပေးဖို့ ဆိုတာ လက်တွေ့ မကျပေ။
ထို့ပြင် နင်ချီက သူတို့ဂိုဏ်းမှ ပါရမီရှင်များကို ပညာသင်ပေးမည်ဟု ကမ်းလှမ်းလာသဖြင့်၊ လူတိုင်း ပို၍ သဘောကျသွားကြ၏။
မိမိတို့ ဂိုဏ်းသားများ ကိုယ်တိုင် ပါဝင် တည်ဆောက်မည် ဆိုပါက၊ နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ပြီးစီးသော အခါတွင်လည်း ပိုမို စိတ်ချရမည်ဟု ခံစားမိကြသည်။
ထို့ကြောင့် သူတို့ တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြ၏။
"မဟာမိတ် ခေါင်းဆောင်ကြီး... အဲဒီ နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့..."
နင်ချီသည် ချက်ချင်းပင် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များကို ရွေးချယ်လိုက်ပြီး၊ အခင်းအကျင်း တည်ဆောက်ခြင်း နည်းစနစ်များကို သင်ကြားပေးလိုက်သည်။ ထို့ပြင် နေရာ ရွှေ့ပြောင်း အခင်းအကျင်းကို လည်ပတ်စေနိုင်မည့် တံဆိပ်ပြားများကိုလည်း ပေးအပ်လိုက်သည်။
ထိုပါရမီရှင်များသည် နင်ချီကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြ၏။
ကျွမ်းချန် လည်း ထိုလူအုပ်ထဲတွင် ပါဝင်သည်။ ဂိုဏ်းတူ အစ်ကိုကြီးနင် ၏ တစ်ကွက်ပြီး တစ်ကွက် ဆက်စပ်နေသော အစီအမံများကို မြင်ပြီး သူ လေးစားအားကျသွားသည်။ ရွေးချယ်ခံရသူ အားလုံးသည် "အစစ်အမှန်သိုင်း ကမ္ဘာ"မှ ဝင်စားသူများ ဖြစ်နေကြသည် မဟုတ်ပါလော။
ဂိုဏ်းအသီးသီးကတော့ ဒီပါရမီရှင်တွေဟာ သူတို့ဂိုဏ်းက လူတွေလို့ ထင်မှတ်နေကြပေမယ့်... တကယ်တမ်းကျတော့ နင်ချီရဲ့ လူရင်းတွေ ဖြစ်နေကြ၏။
သို့သော် လက်ရှိ အခြေအနေအရ ဂိုဏ်းအားလုံး နင်ချီကို သစ္စာခံထားကြပြီ ဖြစ်ရာ၊ နင်ချီကို ဆန့်ကျင်မည့် အင်အားစု မရှိတော့ပေ။ ထို့ကြောင့် ထိုဝင်စားသူများသည်လည်း မိမိတို့ ကြီးပြင်းလာရာ ဂိုဏ်းများကို သံယောဇဉ် အနည်းငယ် ရှိနေကြသဖြင့်၊ ဂိုဏ်း၏ ပါရမီရှင်များ အဖြစ် ဆက်လက် ဟန်ဆောင်နေကြခြင်း ဖြစ်၏။
ဂိုဏ်းချုပ်များသည် မိမိတို့၏ ပါရမီရှင်များ နင်ချီ၏ သင်ကြားမှုကို ခံယူနေရသည်ကို မြင်သောအခါ ပြုံးပျော်နေကြသည်။
မဟာမိတ် ခေါင်းဆောင်ကြီး ကဲ့သို့သော ထူးခြားသည့် ပုဂ္ဂိုလ်မျိုးနှင့် ရင်းနှီးခွင့် ရခြင်းသည် ကောင်းသော ခြေလှမ်း တစ်ရပ်ဟု ယူဆနေကြ၏။ သို့သော် သူတို့၏ နားလည်နိုင်စွမ်းသည် ပထမအဆင့်လောက်သာ ရှိသေးကြောင်း သူတို့ မသိရှာပေ။
ထို့နောက် နင်ချီ ဆက်ပြောသည်။
"ဂိုဏ်းချုပ်ကြီးတွေ အကုန်လုံး ရှိနေကြတာပဲ... နေရာ ရွှေ့ပြောင်း အခင်းအကျင်းတွေကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ဖို့... ခင်ဗျားတို့ရဲ့ ဂိုဏ်း တည်နေရာပြ ညွှန်းကိန်း တွေကို ဒီမှာ ထားခဲ့ကြပါ... ကျွန်တော် အခုပဲ တစ်ဖက်သွား နေရာ ရွှေ့ပြောင်း တံခါးပေါက်တွေကို ဖွင့်ပေးပြီး ခင်ဗျားတို့ကို ဂိုဏ်းပြန်ပို့ပေးမယ်..."
လူတိုင်း အံ့အားသင့်သွားကြ၏။ ဒါ ဖြစ်နိုင်ပါ့မလား။
သို့သော် သူတို့ မတုံ့ဆိုင်းကြပေ။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းမှာ နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရမှာပဲလေ... တည်နေရာ ညွှန်းကိန်း ပေးရတာက စောတာနဲ့ နောက်ကျတာပဲ ကွာခြားမှာပါ။
ထို့နောက် နင်ချီသည် ဂိုဏ်းအသီးသီးမှ ပေးသော တည်နေရာ ညွှန်းကိန်းများကို အခြေခံပြီး၊ ရင်ပြင်ပေါ်တွင် တစ်ဖက်သွား နေရာ ရွှေ့ပြောင်း တံခါးပေါက် ဒါဇင်ပေါင်းများစွာကို တိုက်ရိုက် တည်ဆောက်လိုက်သည်။
နေရာ ရွှေ့ပြောင်း တံခါးပေါက် တစ်ခုစီမှ သက်ဆိုင်ရာ ဂိုဏ်းများ၏ ပုံရိပ်ယောင်များ ထွက်ပေါ်လာ၏။
လူတိုင်း အံ့ဩမှင်သက်သွားကြပြန်သည်။
‘ဒီနည်းလမ်းနဲ့ ဆိုရင်... မဟာမိတ် ခေါင်းဆောင်ကြီး အနေနဲ့ တည်နေရာ ညွှန်းကိန်း သိရုံနဲ့တင် နေရာမရွေး စစ်ချီနိုင်၊ သွားလာနိုင်ပြီပဲ။
အနာဂတ် ဝိညာဉ်ကမ္ဘာ စစ်ပွဲတွေမှာ ဒီလို နည်းလမ်းမျိုး သုံးနိုင်ရင်... မဟာမိတ် ခေါင်းဆောင်ကြီး နောက်လိုက်ရတာ ကံတရားကို အန်တုနိုင်မယ့် အခွင့်အရေးပဲ။’
နင်ချီသည် တံခါးပေါက်များ အတွင်းရှိ အခင်းအကျင်း ပညာရှင်များကို ဆင့်ခေါ်ပြီး (၆) ဖွဲ့ ထပ်မံ ခွဲလိုက်၏။
ပထမဆုံး အနေနှင့်၊ ဂိုဏ်း (၆) ဂိုဏ်းနောက်သို့ လိုက်ပါသွားပြီး နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရာတွင် ကူညီစေလိုက်သည်။
လက်ရှိ လူအင်အား မလုံလောက်သေးသဖြင့် ဂိုဏ်းအားလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အလှည့်ကျ စနစ်ဖြင့် လုပ်ဆောင်ရမည်။
ကံကောင်းသည်မှာ... ဂိုဏ်းတစ်ဂိုဏ်းတွင် အခင်းအကျင်း တည်ဆောက်ပြီးသည်နှင့် ချက်ချင်း ပြန်လာနိုင်ပြီး အခြားဂိုဏ်းများသို့ ဆက်လက် သွားရောက်နိုင်သဖြင့်၊ လုပ်ငန်းတွင်ကျယ်မှု အလွန် မြင့်မား၏။
လူတိုင်း နင်ချီကို ဖိတ်ခေါ်ပြီး လိုက်လံ ပို့ဆောင်ရမည့် နည်းလမ်းထက် အများကြီး သာလွန်ကောင်းမွန်သည်။
ထို့ကြောင့် လူတိုင်းသည် မိမိတို့ ဂိုဏ်းနှင့် သက်ဆိုင်သော နေရာ ရွှေ့ပြောင်း တံခါးပေါက်များ အတွင်းသို့ ဝင်ရောက်သွားကြပြီး၊ ပုံရိပ်များ ပျောက်ကွယ်သွားကြ၏။
အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် မိမိတို့ ဂိုဏ်းသို့ အမှန်တကယ် ပြန်ရောက်သွားကြကြောင်း သိလိုက်ရသောအခါ၊ မဟာမိတ် ခေါင်းဆောင်ကြီး၏ စွမ်းရည်ကို လေးစားကြောင်း နောက်တစ်ကြိမ် ဝန်ခံလိုက်ရပြန်လေသည်။
လူအားလုံး ထွက်ခွာသွားပြီးနောက်၊ နင်ချီသည် ဂိုဏ်းထဲရှိ ကျန်ရစ်သူများကို အကန့်အသတ်မဲ့ ဓားဂိုဏ်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ဝိညာဉ်ကြောများကို ဖြည့်ဆည်းရန် ညွှန်ကြားလိုက်သည်။
ထို့နောက် အခြား အဖွဲ့တစ်ဖွဲ့ကို ဂိုဏ်းပြင်ပတွင် "နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" ဌာနချုပ် တည်ဆောက်ရန် စေလွှတ်လိုက်၏။
ဤ အသေးအဖွဲ ကိစ္စရပ်များကို လက်အောက်ငယ်သားများက စီမံခန့်ခွဲနိုင်ပြီ ဖြစ်ရာ၊ နင်ချီ အနေဖြင့် မဟာဗျူဟာ စီမံကိန်းများနှင့် ကိုယ်ပိုင် ကျင့်ကြံမှုအပေါ် အာရုံစိုက်ရန် အချိန်ရသွားခဲ့လေပြီ။
နောက်ဆုံးတွင် ကိစ္စရပ်များ ပြီးဆုံးသွားခဲ့သည်။
လက်အောက်ငယ်သားများက နင်ချီ၏ ညွှန်ကြားချက်အတိုင်း ဟင်းလင်းပြင် ဝိညာဉ်ကြောများကို ဖြည့်ဆည်းပြီးသည်နှင့် တပြိုင်နက်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း နယ်မြေရှိ ဝိညာဉ်စွမ်းအင်များသည် နောက်တစ်ကြိမ် လှိုင်းထလာ၏။
ခဏအတွင်းမှာပင် ကောင်းကင်ယံ၌ အဆုံးမဲ့သော ရောင်စုံ အလင်းတန်းများ ပေါ်ထွက်လာပြီး၊ ဝိညာဉ်စွမ်းအင်များသည် ရေပန်းများအလား ပေါက်ကွဲထွက်လာသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံး၏ ပတ်ဝန်းကျင် အနေအထားသည် မျက်စိဖြင့် မြင်သာလောက်အောင် တိုးတက် ကောင်းမွန်သွားခဲ့လေ၏။
...
မျက်စိတစ်မှိတ် အတွင်းမှာပင်... နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားပါသည်။
သုံးနှစ် အတွင်း ဂိုဏ်းအားလုံးတွင် နေရာ ရွှေ့ပြောင်း အခင်းအကျင်းများ တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် အကန့်အသတ်မဲ့ ဓားဂိုဏ်း ဘေးရှိ "နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" ဌာနချုပ်တွင် အမြဲတမ်း တာဝန်ထမ်းဆောင်မည့် ကိုယ်စားလှယ်များကို စေလွှတ်ထားကြပြီး၊ မဟာမိတ် ခေါင်းဆောင်ကြီး၏ အမိန့်ကို အချိန်မရွေး နာခံရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်၏။
အခန်း (၆၈၆) - ဂုဏ်ရောင် ပြန်လည် ထွန်းတောက်ခြင်း (အပိုင်း ၄)
သုံးနှစ်တာ ကာလအတွင်း... ဂိုဏ်းအသီးသီးသည် "ဟင်းလင်းပြင် ဝိညာဉ်ကြော ပြန်လည် ဖြည့်ဆည်းခြင်း နည်းစနစ်" ကို အခြေခံလျက်၊ မိမိတို့ ဂိုဏ်းအင်အား တစ်ရပ်လုံးကို အသုံးပြုကာ သက်ဆိုင်ရာ နယ်မြေများတွင် ဝိညာဉ်စွမ်းအင်များကို ပြည့်ဝစုံလင်အောင် ဖြည့်ဆည်းခဲ့ကြလေ၏။
ဤနေ့ရက်တွင်...
"နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံးသည် နောက်တစ်ကြိမ် တုန်ခါသွားခဲ့သည်။
ဟင်းလင်းပြင် အာကာသထဲတွင် ကမ္ဘာလောကကြီး တစ်ခုလုံး ပိုမို ပြည့်စုံ ကောင်းမွန်သွားသကဲ့သို့ လူတိုင်း ခံစားလိုက်ကြရသည်။
ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးကြားတွင် လွတ်လပ်စွာ စီးဆင်း လည်ပတ်နေကြပြီး၊ "စည်းမျဉ်း"တစ်ခုစီတိုင်းသည် မြစ်ကြီးများသဖွယ် အဆုံးမရှိ စီးဆင်းနေကြ၏။
နယ်မြေတစ်ခုလုံးသည် ဝိညာဉ်စွမ်းအင် မိုးရေစက်များအောက်တွင် နှစ်မြှုပ်နေပြီး၊ လူတိုင်း၏ နှလုံးသားတွင် ကြည်နူး ပျော်ရွှင်မှုများ ပြည့်နှက်နေကြသည်။
ဒါက "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" သည် ၎င်း၏ မူလ အထွတ်အထိပ် အချိန်ကာလသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြသနေသော နိမိတ်လက္ခဏာ ဖြစ်သည်ကို လူတိုင်း နားလည်လိုက်ကြ၏။
သုံးနှစ်တာ ကာလအတွင်း ဂိုဏ်းအားလုံး ညီညွတ်စွာ ကြိုးပမ်းခဲ့ကြသဖြင့်၊ "ဝိညာဉ်ကမ္ဘာ စစ်ပွဲ" မစတင်မီ အချိန်၌ပင် နယ်မြေ ပြန်လည် ပြည့်ဖြိုးရေးကို အောင်မြင်ခဲ့ကြသည်။
မကြာသေးမီ နှစ်များအတွင်း ဂိုဏ်းတိုင်းတွင် ပါရမီရှင်များ ပိုမို များပြားလာခဲ့ပြီး၊ ယနေ့တွင် ကျင့်ကြံသူ အများအပြားသည် မိမိတို့၏ အဆင့်အတားအဆီးများကို ချက်ချင်း ချိုးဖျက်ကာ အဆင့်တက်သွားကြ၏။
ဂိုဏ်းများသည် နယ်မြေကြီးကဲ့သို့ပင် မိမိတို့၏ အင်အား အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ခံစားကြရပြီး အလွန် ဝမ်းမြောက်နေကြသည်။
ဤအရာအားလုံး၏ အဓိက အရင်းအမြစ်သည် နယ်မြေ၏ အလယ်ဗဟိုတွင် ထိုင်နေသော "မဟာမိတ် ခေါင်းဆောင်ကြီး" ကြောင့် ဖြစ်ကြောင်း လူတိုင်း ရှင်းလင်းစွာ နားလည်ထားကြ၏။
ခေါင်းဆောင်ကြီးသည် နယ်မြေအရှင်သခင် ဖြစ်လာချိန်မှ စ၍ ဂိုဏ်းအချင်းချင်း ပဋိပက္ခ ဖြစ်ပွားမှု နည်းပါးသွားခဲ့သည်။ "နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" သို့ ဝင်ရောက်ပြီး သုံးနှစ်တာ ကာလအတွင်း၊ ပြင်ပ ရန်ပွဲများ ပျောက်ကွယ်သွားရုံသာမက၊ အတွင်းရေး ပဋိပက္ခများပါ ရင်တွင်း ငြိမ်းချမ်းသွားခဲ့သည်။
နင်ချီ၏ နောက်သို့ လိုက်ပါခြင်းသည် ကျင့်ကြံမှု တိုးတက်ခြင်းပင် ဖြစ်သည်ဟု လူတိုင်း ယုံကြည် လက်ခံလာကြပြီး၊ ဤသုံးနှစ်တာ ကာလသည် သူတို့ဘဝ၏ အသက်သာဆုံး၊ အငြိမ်းချမ်းဆုံး နေ့ရက်များ ဖြစ်သည်ဟု ခံစားနေကြရ၏။
ထို့ကြောင့် နင်ချီ၏ ဂုဏ်သတင်းနှင့် ဩဇာအာဏာသည် မသိမသာပင် အဆမတန် မြင့်တက်သွားခဲ့သည်။
မဟာမိတ် ခေါင်းဆောင်ကြီး အဖြစ် ဖြစ်စေ၊ နယ်မြေအရှင်သခင် အဖြစ် ဖြစ်စေ... သူ့ကို "အင်မော်တယ် တောင်တော်" တစ်လုံးကဲ့သို့ ယိမ်းယိုင်ခြင်း မရှိသော သက်ဝင် ယုံကြည်မှုမျိုးဖြင့် လူတိုင်း၏ နှလုံးသားထဲတွင် အမြစ်တွယ်နေပြီ ဖြစ်သည်။
ဂိုဏ်းအသီးသီး အတွင်းရှိ "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားသူများသည်လည်း ဤအခြေအနေကို ကြည့်ပြီး ကျေနပ်နေကြ၏။
"နယ်မြေအရှင်သခင်" သည် စစ်တပ်ကြီး ချီတက် တိုက်ခိုက်စရာ မလိုဘဲ ဂိုဏ်းအားလုံး၏ သစ္စာခံမှုကို ရယူနိုင်ခဲ့သည်။ စစ်ပွဲ နည်းပါးခြင်းက သူတို့အတွက်လည်း ပိုမို သက်သာစေသည်။
အခြေအနေများ ဤအတိုင်း.. တိုးတက်သွားပါက... နောင် နှစ်ပေါင်း တစ်ရာ၊ သို့မဟုတ် ရာစုနှစ် အနည်းငယ် ကြာသောအခါ... ဤ "နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" သည် ဂိုဏ်းကြီး တစ်ခုအသွင်သို့ လုံးဝ ပြောင်းလဲသွားနိုင်သည်။
ထိုသို့ဆိုလျှင် "အစစ်အမှန်သိုင်း ကမ္ဘာ" သည် "တောင်နှင့် ပင်လယ် ကမ္ဘာ" အတွင်း၌ နယ်မြေတစ်ခုကို တိုက်ရိုက် တည်ထောင်လိုက်ခြင်းပင် မဟုတ်ပါလော။
...
စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း
ဘိုးဘေးကြီး "စစ်ခုန်ချင်း" သည် "သခင်ကျန့်ရွှမ်" ၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရချိန်မှ စ၍ တံခါးပိတ် ကျင့်ကြံနေခဲ့၏။
မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများ ပေါင်းစည်းသွားသော်လည်း၊ စစ်ခုန်ချင်း တွင် ထွက်လာရန် အစီအစဉ် မရှိခဲ့ပေ။
သူ့အမြင်အရ နယ်မြေ ပြန်လည် ကောင်းမွန်ရန် အနည်းဆုံး နှစ်တစ်ရာ ကြာမည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ သူ ဒဏ်ရာ ပြန်ကောင်းလာတဲ့ အချိန်ကျမှ အခွင့်အရေး ပြန်ရှာမည်ဟု တွေးထားသည်။
သို့သော် ယနေ့တွင်... ကင်းထောက်များထံမှ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" သည် အထွတ်အထိပ် အခြေအနေသို့ အပြည့်အဝ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရောက်ရှိလာ၏။
သူသည် ကုသနေမှုမှ လန့်နိုးသွားပြီး၊ ဂိုဏ်းပြင်ပသို့ ပျံသန်း ထွက်ခွာလာကာ နယ်မြေဘက်သို့ အကြည့် ပို့လွှတ်လိုက်သည်။
သူ၏ "သဟဇာတဖြစ်ခြင်း နယ်ပယ်" စွမ်းရည်ဖြင့် အဝေးမှ အာရုံခံ ကြည့်လိုက်ရာ၊ သတင်းမှာ မှန်ကန်ကြောင်း တွေ့လိုက်ရသည်။
စစ်ခုန်ချင်း မျက်လုံးများ ပြူးကျယ်သွားရ၏။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နှစ်အနည်းငယ် အတွင်း ဒီလောက် ပြန်ကောင်းသွားတယ် ဟုတ်လား။
သူ၏ မျက်မှောင်များ တွန့်ချိုးသွားသည်။ နောက်ကွယ်တွင် မမြင်ရသော လက်မည်းကြီး တစ်ခုက အရာအားလုံးကို ကြိုးကိုင် ခြယ်လှယ်နေသကဲ့သို့ ခံစားလိုက်ရသည်။
တွေးလေလေ... စစ်ခုန်ချင်း ပိုမို ကြောက်ရွံ့ ထိတ်လန့်လေ ဖြစ်လာ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းက သူတို့ဂိုဏ်းမှ အကြီးအကဲ လေးဦးကို သတ်ဖြတ်ခဲ့သော ရန်ငြိုးကို ပြန်သတိရလိုက်သည်။ အချိန်ဆွဲနေလျှင် အခွင့်အရေး မရှိတော့မည်ကို စိုးရိမ်လာ၏။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူသည် "သခင်ကျန့်ရွှမ်" အကြောင်း သတင်းအချက်အလက် စုဆောင်းခိုင်းခဲ့သည်။
သို့သော် နှစ်နှစ်တာ ကာလအတွင်း သတင်း နှစ်ခုသာ ရရှိခဲ့သည်။
ပထမ သတင်းမှာ... ပေ့ရွှမ် နယ်မြေရှိ "ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း" ကို သခင်ကျန့်ရွှမ် က မျိုးဖြုတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယ သတင်းမှာ... စစ်ခုန်ချင်း ကိုယ်တိုင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ စာရင်းရှင်းရန် သွားစဉ်က သခင်ကျန့်ရွှမ် နှင့် မတော်တဆ တွေ့ဆုံပြီး သေမလို ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော သခင်ကျန့်ရွှမ် သည် နှစ်ကြိမ်သာ လှုပ်ရှားခဲ့သော်လည်း၊ အကြိမ်တိုင်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် ဆက်စပ်နေသည်။
ဤအချက်များကို ဆက်စပ် တွေးတောရင်း... စစ်ခုန်ချင်း သံသယ ဝင်လာသည်။ နင်ချီ၏ နောက်ကွယ်တွင် ဖဲချပ်များကို စီစဉ်ပေးနေသော "အင်မော်တယ် ဂိုဏ်း" ကြီး တစ်ခု ရှိနေသည်များလား။
ထိုသို့ တွေးမိသောအခါ၊ သတိထားခြင်းက ပိုကောင်းသည်ဟု စစ်ခုန်ချင်း ဆုံးဖြတ်လိုက်သည်။
လက်ရှိ အချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို သွားရောက် လက်စားချေရန် မဖြစ်နိုင်တော့ပေ။ "ဝိညာဉ်ကမ္ဘာ စစ်ပွဲ" စတင်မည့် အချိန်ကို စောင့်ဆိုင်းခြင်းက ပိုကောင်းလိမ့်မည်။
ရန်သူ၏ ဩဇာအာဏာသည် ဝိညာဉ်ကမ္ဘာ စစ်မြေပြင် အတွင်းပိုင်းအထိ လိုက်ပါ သက်ရောက်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
အခန်း (၆၈၇) - ဝိညာဉ်ကမ္ဘာ စစ်ပွဲ
~နက်ရှိုင်းသော သစ္စာတရား နယ်မြေသည် မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများနှင့် ပေါင်းစည်းသွားပြီး၊ ၎င်း၏ မူလ အထွတ်အထိပ် အခြေအနေသို့ အပြည့်အဝ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
တချိန်တည်းမှာပင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ အလယ်ဗဟိုချက်တွင် နေရာယူထားပြီး၊ နယ်မြေအတွင်းရှိ ဂိုဏ်းပေါင်းစုံကို ကွပ်ကဲအုပ်ချုပ်လျက် ရှိသည်။ ထို့ပြင် နယ်မြေအတွင်းရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင် စည်းမျဉ်းများကိုလည်း ထိန်းညှိပေးထားသည်။
ဤအခြေခံ အကြောင်းတရားများ ပြည့်စုံသွားသည်နှင့် အမျှ၊ နင်ချီသည် ငြင်းချက်ထုတ်ရန် မလိုတော့သော "နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်" ဖြစ်လာခဲ့၏။
သူ၏ စိတ်အာရုံ နက်ရှိုင်းသော နေရာတွင် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။
ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိုဂိုဏ်းပိုင် နယ်မြေကို ထိန်းချုပ်ထားသကဲ့သို့... သို့မဟုတ် တိုင်းပြည်တစ်ပြည်၏ ဘုရင်မင်းမြတ်သည် မိမိ၏ ဘုန်းတန်ခိုး အာဏာ လွှမ်းမိုးရာ နယ်မြေကို အုပ်ချုပ်သကဲ့သို့...။
ယခုအချိန်တွင် နင်ချီသည်လည်း ထူးဆန်းသော ခံစားမှုတစ်ခုကို ကြုံတွေ့နေရသည်။ သူသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံးအပေါ် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရရှိလာကြောင်း အာရုံခံမိလိုက်ခြင်း ဖြစ်၏။
ဒါက ဂိုဏ်းပေါင်းစုံကို အုပ်ချုပ်ခြင်းအားဖြင့် နယ်မြေအနှံ့အပြားကို စီမံခန့်ခွဲခြင်းမျိုး မဟုတ်ဘဲ၊ ကောင်းကင် နိယာမတရားကို ဖြည့်ဆည်းပေးလိုက်သကဲ့သို့ ဖြစ်သော ထူးခြားသည့် အာရုံခံစားမှုမျိုး ဖြစ်သည်။
နင်ချီသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး၊ ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးအုပ်လိုက်သကဲ့သို့ လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်၏။
ချက်ချင်းပင် ကောင်းကင်ထက်၌ တိမ်မည်းများ အလွှာလိုက် ထပ်ကာ ပေါ်ထွက်လာပြီး၊ ဝါဂွမ်းဆိုင်များသဖွယ် စုပုံလာကာ မျက်စိတစ်မှိတ် အတွင်း မြင်ကွင်းအဆုံးထိ ဖုံးလွှမ်းသွားတော့သည်။
ဤရာသီဥတု ပြောင်းလဲမှုကြောင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသား အများအပြား အပြင်သို့ ထွက်လာကြ၏။
ဂိုဏ်းချုပ်ကြီးက လက်ကို ပေါ့ပါးစွာ ဆန့်ထုတ်လိုက်ရုံဖြင့် ရာသီဥတုကို ပြောင်းလဲပစ်လိုက်သည်ကို မြင်သောအခါ၊ လူတိုင်း တုန်လှုပ် အံ့အားသင့်သွားကြပြီး ဘာဖြစ်နေသနည်းဟု ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
ဤကျင့်ကြံသူများသည် မိမိတို့၏ ကျင့်ကြံမှု မြင့်မားလာသည်နှင့် အမျှ "ကောင်းကင် နိမိတ်" များကို လွှမ်းမိုးနိုင်စွမ်း ရှိကြသော်လည်း၊ ကမ္ဘာလောကကို သက်ရောက်မှု ရှိစေရန် မိမိတို့၏ ကိုယ်ပိုင် စွမ်းအားကို ထုတ်သုံးကြရစမြဲ ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်ကြီး ဆီတွင်မူ... မည်သည့် စွမ်းအင် အတက်အကျမျှ မတွေ့ရသလို၊ ကောင်းကင်ထက်မှလည်း မည်သည့် စွမ်းအင် တုံ့ပြန်မှုမျှ မရှိပေ။ ဤအချက်ကပင် သူတို့ကို အံ့အားသင့်စေခြင်း ဖြစ်သည်။
လူတိုင်းသည် ဂိုဏ်းချုပ်ကြီးကို ငေးကြည့်နေရုံသာ တတ်နိုင်ပြီး၊ မည်သူမျှ ဝင်ရောက် မနှောင့်ယှက်ရဲကြပေ။
ဂိုဏ်းချုပ်ကြီး တစ်စုံတစ်ခုကို စမ်းသပ်နေပုံရကြောင်း သူတို့ ရိပ်စားမိကြ၏။
ဆန့်ထုတ်ထားသော နင်ချီ၏ လက်ဝါးသည် ရုတ်တရက် တစ်ဖက်သို့ လှန်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ကို ဖုံးလွှမ်းထားသော တိမ်မည်းများသည် မျက်စိတစ်မှိတ် အတွင်း ကွယ်ပျောက်သွားပြီး၊ ကြည်လင် ပြာလဲ့သော ကောင်းကင်ပြာကြီး ပြန်လည် ပေါ်ထွက်လာသည်။
နေရောင်ခြည်သည် သူ့အပေါ်သို့ ကျရောက်လာပြီး၊ အောက်မှ ကြည့်နေသူများကို အင်မော်တယ် နတ်ဘုရား တစ်ပါးကို ဖူးမျှော်နေရသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေသည်။
နင်ချီသည် သူတို့ လက်လှမ်းမမီနိုင်သော အမြင့်တစ်ခုသို့ တက်လှမ်းသွားပြီး၊ သူတို့ မော့ကြည့်ရုံသာ တတ်နိုင်သော အခြားကမ္ဘာတစ်ခုသို့ ခြေချသွားသကဲ့သို့ ခံစားလိုက်ရသည်။
နင်ချီသည် သူတို့၏ မျက်စိရှေ့မှောက်တွင် ရှိနေသော်လည်း၊ ချဉ်းကပ်ရန် ခက်ခဲလှပေသည်။
လူတိုင်း ဤခံစားမှုအပေါ် နားမလည်နိုင် ဖြစ်နေကြ၏။ ဂိုဏ်းချုပ်ကြီး ဘာဖြစ်သွားသနည်း ဆိုသည်ကို သူတို့ သဘောမပေါက်ကြ။
နင်ချီသည် ကောင်းကင်ထက်တွင် ရပ်လျက်၊ မေးစေ့ကို ပွတ်သပ်ကာ အရာရာကို တွေးတော ဆင်ခြင်နေသည်။
"တောင်နှင့် ပင်လယ် ကမ္ဘာ" ၏ ဆန္ဒတော်သည် သူ့အား လုပ်ပိုင်ခွင့် အာဏာ အချို့ ပေးသနားလိုက်ပုံ ရသည်။ ထိုအရာက သူ့ကို အင်အားကြီးမားသော ရှုထောင့်မှနေ၍ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံးကို ထိန်းချုပ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်း၌ သူသည် "ကမ္ဘာ့အရှင်သခင်" သို့မဟုတ် "ဝိညာဉ်နယ်မြေ သခင်" ကဲ့သို့သော ထူးခြားသည့် တည်ရှိမှုမျိုး ဖြစ်လာခဲ့သည်။ ရန်သူများကို ဖိနှိပ်ရန် "ဝိညာဉ်နယ်မြေ စွမ်းအား" ကို ဆင့်ခေါ် အသုံးပြုနိုင်သည့် အဆင့်အတန်းမျိုး ရရှိသွားခြင်း ဖြစ်သည်။
ပို၍ တိကျစွာ ပြောရလျှင်... သူ ကိုင်စွဲထားသော စွမ်းအားသည် ထိုနယ်မြေ၏ "ဝိညာဉ်နယ်မြေ စွမ်းအား" ပင် ဖြစ်သည်။
ကျင့်ကြံသူများ၏ စွမ်းရည်များနှင့် မတူ၊ "စည်းမျဉ်း စွမ်းအား" အမျိုးမျိုးနှင့်လည်း မတူဘဲ၊ ၎င်းတို့ အားလုံး၏ အထက်တွင် ရှိသော သာလွန် ထူးကဲသည့် မဟာ စွမ်းအား တစ်ရပ် ဖြစ်သည်။
နင်ချီ၏ မူလ ခန္ဓာကိုယ်သည် "အစစ်အမှန်သိုင်း ကမ္ဘာ" ၏ ကမ္ဘာ့စွမ်းအားနှင့် ပေါင်းစပ်ထားသကဲ့သို့ပင်... ဤ ဝင်စားခန္ဓာကိုယ်သည်လည်း "တောင်နှင့် ပင်လယ် ကမ္ဘာ" ထံမှ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ ဝိညာဉ်နယ်မြေ စွမ်းအားကို အပ်နှင်းခြင်း ခံလိုက်ရသည်။
သေချာသည်မှာ... မူလ ခန္ဓာကိုယ်၏ "ကမ္ဘာ့စွမ်းအား" နှင့် ယှဉ်လျှင်၊ ဤ "ဝိညာဉ်နယ်မြေ စွမ်းအား" သည် တောင်နှင့် ပင်လယ် ကမ္ဘာက ပေးသနားသော ခွင့်ပြုချက် အာဏာမျှသာ ဖြစ်ပြီး၊ နင်ချီ ကိုယ်တိုင် အမှန်တကယ် ပိုင်ဆိုင်သော အရာ မဟုတ်ပေ။ သို့သော် ၎င်းသည် နင်ချီကို "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံးအား အပြည့်အဝ ထိန်းချုပ်ခွင့် ပေးထားသည်။
ယခုမှ စ၍... တောင်နှင့် ပင်လယ် ကမ္ဘာ၏ အခြား ဝိညာဉ်နယ်မြေများမှ မည်သူပင် လာရောက်စေကာမူ၊ နင်ချီ ထိန်းချုပ်ထားသော ဝိညာဉ်နယ်မြေ စွမ်းအားအောက်တွင် အသာစီး ရယူနိုင်မည် မဟုတ်ပေ။
တစ်ဖက်ရန်သူသည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံးနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားလျှင်တော့ တစ်မျိုးပေါ့။
မည်သို့ပင် ဆိုစေကာမူ... နင်ချီ၏ စွမ်းအားသည် သွယ်ဝိုက်သော နည်းလမ်းအားဖြင့် မိုးထိအောင် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ အိမ်နီးချင်း ဖူယောင် နယ်မြေ ရှိ "စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း" မှ စစ်ခုန်ချင်း နောက်တစ်ကြိမ် လာရောက်ခဲ့လျှင်ပင်၊ နင်ချီသည် သူ့ကို ဗြောင်ကျကျ အနိုင်ယူနိုင်ပြီ၊ သို့မဟုတ် မျိုးဖြုတ် သတ်ဖြတ်နိုင်ပြီ ဖြစ်သည်။
နင်ချီ၏ ပုံရိပ်သည် ဂိုဏ်းချုပ် နန်းဆောင် အတွင်းသို့ ဆင်းသက်လာပြီး၊ အတွေးထဲတွင် နစ်မြောနေသည်။
ဓားဘိုးဘေးကြီး သည် နန်းဆောင် အတွင်းသို့ ဝင်ရောက်လာပြီး၊ နင်ချီ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
“ဟေ့ကောင်လေး... စောစောက အဲဒါ ဘာစွမ်းအားလဲ...”
နင်ချီ က မော့ကြည့်လိုက်ပြီး ပြန်ဖြေသည်။
“ဓားဘိုးဘေးကြီး... တောင်နှင့် ပင်လယ် ကမ္ဘာရဲ့ ဆန္ဒတော်က သူ့ရဲ့ ဝိညာဉ်နယ်မြေတွေထဲက နယ်မြေအရှင်သခင်တွေကို စွမ်းအား ပေးသနားတတ်တယ် ဆိုတာ ကြားဖူးလား...”
ဓားဘိုးဘေးကြီး အနည်းငယ် ကြောင်သွားသည်။ သူသည် နှစ်ပေါင်း ထောင်ချီ နေထိုင်လာခဲ့သော သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး၊ ပါရမီ ထူးချွန်သူ ဖြစ်သော်လည်း၊ နယ်မြေ သို့မဟုတ် ကမ္ဘာ နှင့် ပတ်သက်သော ဤကဲ့သို့ လျှို့ဝှက်ချက်များကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ထို့ကြောင့် သူသည် ရိုးသားစွာ ခေါင်းခါလိုက်ပြီး ခါးသက်သက် ပြောလိုက်၏။
“ငါ မင်းကို ကူညီနိုင်တော့မယ့်ပုံ မပေါ်ဘူး... မင်းက ငါ နားမလည်နိုင်တော့တဲ့ အမြင့်တစ်ခုကို ရောက်သွားပြီပဲ...”
နင်ချီ က နှစ်သိမ့်လိုက်သည်။
“တကယ်တော့ သိပ်ထူးဆန်းတာ မဟုတ်ပါဘူး... ဒါက တောင်နှင့် ပင်လယ် ကမ္ဘာရဲ့ ဆန္ဒတော်က သူ့ဝိညာဉ်နယ်မြေတွေ အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း တစ်ခု ဖြစ်လောက်တယ်... နယ်မြေတစ်ခုကို အမှန်တကယ် ထိန်းချုပ်နိုင်ပြီ ဆိုတာနဲ့... တောင်နှင့် ပင်လယ် ကမ္ဘာဆီက သက်ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာ ရရှိပြီး၊ နယ်မြေတစ်ခုလုံးရဲ့ စွမ်းအားကို ဆင့်ခေါ်ခွင့် ရတာပါ...”
ထိုစကားကို ကြားမှ ဓားဘိုးဘေးကြီးသည် စောစောက နင်ချီ အသုံးပြုလိုက်သော စွမ်းအားမှာ ဘာလဲ ဆိုတာ နားလည်သွားတော့သည်။
သူ သဘောပေါက်သွား၏။
“မင်း ဆိုလိုတာက... တောင်နှင့် ပင်လယ် ကမ္ဘာမှာ ရှိတဲ့ ရာပေါင်းများစွာသော ဝိညာဉ်နယ်မြေတွေထဲမှာ... နယ်မြေတစ်ခုကို ဦးဆောင်နိုင်တဲ့သူတိုင်းကို ကမ္ဘာ့ဆန္ဒတော်က စွမ်းအား ပေးအပ်တယ် ပေါ့...”
“ဟုတ်ပါတယ်... ဒါကြောင့် တခြား နယ်မြေတွေမှာလည်း အလားတူ အခြေအနေမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် သံသယ ရှိတယ်...”
ဓားဘိုးဘေးကြီးက ထပ်မေးသည်။
“ဒါဆို... ဖူယောင် နယ်မြေမှာရော မင်းလိုမျိုး ဝိညာဉ်နယ်မြေကို ထိန်းချုပ်နိုင်တဲ့သူ ရှိနေမလား...”
နင်ချီ သုံးသပ်ပြ၏။
“ဖူယောင် နယ်မြေမှာတော့ အဲဒီလိုလူမျိုး ရှိဖို့ မလွယ်ပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်တော်က နက်ရှိုင်းသော သစ္စာတရား နယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီးမှ တောင်နှင့် ပင်လယ် ကမ္ဘာရဲ့ မျက်နှာသာ ပေးမှုကို ရရှိခဲ့တာလေ... ဒီနယ်မြေထဲမှာ ဂိုဏ်းအားလုံးက ကျွန်တော့်အမိန့်ကို နာခံကြတယ်... လူတိုင်းက ကျွန်တော့်ကို မဟာမိတ် ခေါင်းဆောင်၊ နယ်မြေအရှင်သခင် အဖြစ် လေးစားကြတယ်...”
“ဒါကြောင့်... ကျွန်တော့်လို လူမျိုး သိပ်မများနိုင်ဘူး... ဒါပေမဲ့ အရမ်း နည်းပါးမယ်လို့လည်း မဆိုနိုင်ဘူး... ဘာလို့လဲ ဆိုတော့ နယ်မြေတစ်ခုလုံးကို အမှန်တကယ် ထိန်းချုပ်နိုင်ဖို့ ဆိုတာ ဘယ်နယ်မြေမှာမဆို ရှားပါးတဲ့ ကိစ္စမို့လို့ပါ...”
ဓားဘိုးဘေးကြီး နားလည်စွာ ခေါင်းညိတ်လိုက်ပြီး ထပ်လောင်း ပြောဆိုသည်။
“အကယ်၍ ဖူယောင် နယ်မြေမှာသာ ဒီအဆင့်ထိ ရောက်တဲ့သူ တကယ် ရှိခဲ့ရင်... သူက ဖူယောင် နယ်မြေကို ထိန်းချုပ်ရုံနဲ့ ရောင့်ရဲနေမှာ မဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပေ့ရွှမ် နယ်မြေနဲ့ တောင်ပိုင်း အစစ်အမှန် နယ်မြေကို လာတိုက်ပြီးပြီ... အခုလို နယ်မြေနှစ်ခု သီးခြားစီ တည်ရှိနေတာကို နှစ်ပေါင်း သိန်းချီ ထိုင်ကြည့်နေမှာ မဟုတ်ဘူး...”
ထိုစကားကို ကြားသောအခါ၊ သူတို့ နှစ်ဦးစလုံး ထိုအချက်ထဲမှ အဓိပ္ပာယ် တစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်ကြ၏။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ ဓားဘိုးဘေးကြီးက မေးလိုက်သည်။
“ဒါဆို... ဖူယောင် နယ်မြေမှာ အရှင်သခင် မပေါ်လာခင် မင်း သွားသိမ်းပိုက်လို့ ရတယ်လို့ ဆိုလိုတာလား...”
နင်ချီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြော၏။
“ဖြစ်နိုင်ချေတော့ ရှိပါတယ်... ဒါပေမဲ့ သတိထားစရာ တစ်ချက် ရှိတယ်... ဝိညာဉ်နယ်မြေ စွမ်းအား ဆိုတာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်းမှာပဲ အသက်ဝင်တာပါ... အကယ်၍ ကျွန်တော်က ဖူယောင် နယ်မြေကို ထိန်းချုပ်ချင်လို့ နယ်မြေကျော်ပြီး သွားတိုက်မယ် ဆိုရင်... ဒီနယ်မြေ စွမ်းအားကို သုံးလို့ရမှာ မဟုတ်ဘူး…”