← Chapters

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈) - ဝိညာဉ်ကမ္ဘာ စစ်ပွဲ (အပိုင်း ၂)

~"လက်ရှိအချိန်မှာ ဖူယောင် နယ်မြေ ထဲ၌ အင်မော်တယ် ဂိုဏ်းကြီး နှစ်ဂိုဏ်း ရှိနေပြီး... ကျွန်တော့် တစ်ကိုယ်ရည် စွမ်းအားနဲ့ သူတို့ကို အနိုင်ယူဖို့ မဖြစ်နိုင်သေးဘူး..."

ဓားဘိုးဘေးကြီး တွေးတောလိုက်သည်။

"ဒါက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ရဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်နိုင်တာပဲ..."

နင်ချီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကွဲအက်သွားစေခဲ့တဲ့ စစ်ပွဲကြီးတုန်းက... အဲဒီ အင်မော်တယ် ဂိုဏ်းကြီး နှစ်ဂိုဏ်းဟာ 'နယ်မြေအရှင်သခင်' ဆိုတဲ့ တည်ရှိမှုကို သဘောပေါက်သွားကြလို့... ပဋိပက္ခတွေ ဖြစ်ပွားပြီး နယ်မြေ ကွဲသွားတာလား မသိဘူး..."

"ဖြစ်နိုင်ချေ ရှိတာပဲ..." ဓားဘိုးဘေးကြီးက နင်ချီကို ကြည့်ပြီး ပြုံးလိုက်သည်။

"မင်းက ငါ့ရင်ထဲက သံသယ တစ်ခုကို ဖြေရှင်းပေးလိုက်တာပဲ... အဲဒီတုန်းက အင်မော်တယ် ဂိုဏ်းကြီး နှစ်ဂိုဏ်း ဘာလို့ အသည်းအသန် တိုက်ခိုက်ခဲ့ကြသလဲ ဆိုတာ ငါ အမြဲ တွေးနေခဲ့တာ... အကယ်၍ နယ်မြေတစ်ခုကို ထိန်းချုပ်ပြီး နယ်မြေအရှင်သခင် ဖြစ်ဖို့ လုကြတာ ဆိုရင်တော့... အဓိပ္ပာယ် ရှိသွားပြီ..."

ထို့နောက် သူတို့နှစ်ဦးသည် လက်ရှိ အခြေအနေအပေါ် အမြင်ချင်း ဖလှယ်ကြပြီး လမ်းခွဲလိုက်ကြ၏။

နင်ချီ တစ်ယောက်တည်း ကျန်ရစ်ချိန်တွင် သူ..မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။

ထိုအခိုက်အတန့်၌၊ အတိတ်က ရရှိခဲ့ဖူးသော သတင်းအချက်အလက် တစ်ခုသည် သူ့ခေါင်းထဲတွင် ဖြတ်သန်းသွားလေ၏။ တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ မဟာစွမ်းအားရှင်ကြီး နှစ်ပါး ရှိသည်။ တစ်ပါးမှာ "တောင်ဘိုးဘေးကြီး" ဖြစ်ပြီး၊ အခြားတစ်ပါးမှာ "ပင်လယ်ဘိုးဘေးကြီး" ဖြစ်သည်။

သူတို့၏ နာမည်များသည် ခေတ်အဆက်ဆက် တည်တံ့ခဲ့ပြီး၊ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သော်လည်း သူတို့ကို ယှဉ်ပြိုင်ရဲသူ မပေါ်ပေါက်ခဲ့ဖူးပေ။

ဤနှစ်ကာလများ တစ်လျှောက်လုံးတွင် ပါရမီရှင်များ မြောက်မြားစွာ ပေါ်ထွက်ခဲ့သော်လည်း၊ မည်သူမျှ သူတို့နှစ်ဦးကို မကျော်ဖြတ်နိုင်ခဲ့ကြပေ။

ယုတ္တိနည်းအရ တွေးကြည့်လျှင်... ထိုဘိုးဘေးကြီး နှစ်ပါးသည်လည်း "ကမ္ဘာ့စွမ်းအား" ကို ပိုင်ဆိုင်ထားကြရမည်။ နယ်မြေပေါင်းများစွာမှ စွမ်းအားများကို ပိုင်ဆိုင်ထားခြင်းကြောင့်လည်း သူတို့၏ ပြိုင်ဘက်ကင်း အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။

ဤအချက်ကို တွေးမိသောအခါ နင်ချီသည် အခြား ကိစ္စတစ်ခုကို ဆက်စပ် စဉ်းစားမိလိုက်သည်။

နယ်မြေအရှင်သခင်များကို "ဝိညာဉ်နယ်မြေ စွမ်းအား" ပေးအပ်လိုက်ခြင်းဟာ... တောင်နှင့် ပင်လယ် ကမ္ဘာ၏ ထိန်းချုပ်မှု အာဏာ တစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးလိုက်ခြင်း ဖြစ်နေမလား။

နယ်မြေအရှင်သခင်များ ကိုင်စွဲထားသော ဝိညာဉ်နယ်မြေ စွမ်းအားသည် သူတို့ ကိုယ်ပိုင်အစစ် မဟုတ်သော်လည်း... ဘာပဲဖြစ်ဖြစ် သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာထံမှ အသုံးပြုခွင့် ရရှိထားသည် မဟုတ်ပါလော။

ဘုရင်တစ်ပါးက သူ့လက်အောက်ခံတွေကို နယ်မြေ အပိုင်စား ပေးသလိုမျိုးပေါ့။ ဘုရင်က တိုင်းပြည်တစ်ခုလုံးကို ပိုင်ဆိုင်ပေမယ့်... ဒေသအလိုက် လုပ်ပိုင်ခွင့် အာဏာတွေကိုတော့ အောက်ခြေအဆင့်ထိ ခွဲဝေပေးထားသလိုမျိုးလေ။

နင်ချီ ဆက်လက် တွေးတောမိသည်။

အကယ်၍ ဒါသာ အမှန်ဆိုရင်... အနာဂတ်မှာ "အစစ်အမှန်သိုင်း ကမ္ဘာ" နဲ့ "တောင်နှင့် ပင်လယ် ကမ္ဘာ" ထိပ်တိုက် တွေ့ကြတဲ့အခါ... သူ့ရဲ့ နိုင်ခြေက အများကြီး မြင့်တက်လာလိမ့်မယ်။

ထို့ပြင် ဝိညာဉ်နယ်မြေ စွမ်းအားကို ရရှိထားသော နယ်မြေအရှင်သခင်တိုင်းသည် လက်ရှိ အခြေအနေကို ရောင့်ရဲတင်းတိမ် နေကြမည် မဟုတ်ပေ။ ဤစွမ်းရည်ကို မိမိတို့ ကိုယ်ပိုင် အစစ်အမှန် ဖြစ်လာအောင် ကြိုးစားကြမည်မှာ သေချာ၏။

ဒီတစ်ခေါက် တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် "ကျယ်ပြန့်သော ကမ္ဘာ" တို့၏ ပဋိပက္ခတွင်... တောင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ ဆန္ဒတော်များ ပါဝင် ပတ်သက်နေသည်။

ဖြစ်နိုင်သည်မှာ... ထိုဘိုးဘေးကြီး နှစ်ပါးသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ အစိတ်အပိုင်း အချို့ကို သိမ်းပိုက်ထားပြီး ဖြစ်ကောင်း ဖြစ်နိုင်သည်။

ထို့နောက် နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ပေးသနားသော ဝိညာဉ်နယ်မြေ စွမ်းအားကို လေးလေးနက်နက် စတင် လေ့လာတော့၏။

သူသည် တံခါးပိတ် ကျင့်ကြံရာ နေရာသို့ ဝင်ရောက်သွားပြီး၊ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို ရင်တွင်း ဖွင့်လှစ်လိုက်သည်။ "အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအား" တစ်မျှင်ကို ဆွဲယူပြီး ဘယ်ဘက်လက်ဝါးပေါ်တွင် တင်လိုက်၏။

ထို့နောက် နယ်မြေအရှင်သခင် စွမ်းရည်ကို အသုံးပြုပြီး "ဝိညာဉ်နယ်မြေ စွမ်းအား" တစ်မျှင်ကို ဆင့်ခေါ်ကာ ညာဘက်လက်ဝါးပေါ်တွင် တင်လိုက်သည်။

နင်ချီ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများသည် လမ်းကြောင်း နှစ်ခု ကွဲထွက်သွားပြီး၊ ကွဲပြားခြားနားသော ကမ္ဘာ့စွမ်းအား နှစ်ခုထဲသို့ တပြိုင်နက်တည်း စီးဝင်သွားသည်။

အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအားသည် သူ့ကိုယ်ပိုင် ထိန်းချုပ်မှုအောက်တွင် ရှိသဖြင့်၊ ဝိညာဉ်နယ်မြေ စွမ်းအားထက် များစွာ ပိုမို အားကောင်း၏။

သို့သော် ဝိညာဉ်နယ်မြေ စွမ်းအားတွင်လည်း သူ့အဖိုးတန် အရည်အသွေးနှင့်သူ ရှိနေသည်။ ဘာပဲပြောပြော သူက ဝိညာဉ်ကမ္ဘာကြီး စွမ်းအား တစ်စိတ်တစ်ဒေသ ဖြစ်နေတော့... အဆင့်အတန်း အားဖြင့် အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအားထက် ပိုမြင့်မားနေသည်။

အစစ်အမှန်သိုင်း ကမ္ဘာက "ဝိညာဉ် ကမ္ဘာ" အဆင့် မဟုတ်သေးဘဲ၊ စည်းမျဉ်းများ ပိုမို စုံလင်လာရုံသာ ရှိသေးသည်ကိုး။

နင်ချီ၏ စွမ်းအားများသည် ကမ္ဘာ့စွမ်းအား နှစ်မျှင်ထဲသို့ ဝင်ရောက်သွားရာ... အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအားက သူ့စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။

သို့သော် ဝိညာဉ်နယ်မြေ စွမ်းအားကတော့ သူ့စွမ်းအင်ကို မက်မောခြင်း မရှိသည့်အပြင်၊ မာန်မာနကြီးသော အငွေ့အသက်များပင် ထုတ်လွှတ်နေ၏။

၎င်း၏ အမြင်တွင်... နင်ချီ ဆိုသော သတ္တဝါသည် တောင်နှင့် ပင်လယ် ကမ္ဘာအောက်တွင် မှီခိုနေရသူ ဖြစ်ပြီး၊ သူ့စွမ်းအား အားလုံးသည် ဤကမ္ဘာမှ ရရှိထားခြင်း ဖြစ်သည်ဟု ယူဆထားပုံ ရသည်။

ဘုရင်တစ်ပါးက သူ့ပြည်သူတွေကို ကိုယ်ပိုင် ပစ္စည်းအဖြစ် သဘောထားသလိုမျိုးပေါ့... ပြည်သူက ကိုယ်ပိုင် ပစ္စည်းကို ဘုရင်ဆီ လာဆက်သရင် ဘုရင်က အထူးတလည် ဂရုစိုက်နေပါ့မလား။

နင်ချီ မတတ်သာသလို ပြုံးလိုက်သည်။

ဝိညာဉ်နယ်မြေ စွမ်းအားက သူ့ကို တကယ်ပဲ အထင်သေးနေပါလား။

သို့သော် သူ ဒေါသ မထွက်သလို၊ အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအားနှင့် ဝိညာဉ်နယ်မြေ စွမ်းအားကို ပေါင်းစပ်ဖို့လည်း မကြိုးစားပေ။

,’အခုက အချိန်မဟုတ်သေးဘူး... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကသာ အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအားကို အာရုံခံမိသွားရင် အားလုံး သွားပြီ။’

သူသည် ကမ္ဘာ့စွမ်းအား နှစ်ခုကို ဂရုတစိုက် ဆက်လက် နှိုင်းယှဉ် လေ့လာနေသည်။

ယခင်က နားလည်ထားသည့် အတိုင်းပင်... ဝိညာဉ်နယ်မြေ စွမ်းအားသည် အဆင့်အတန်း ပိုမြင့်သည်။ ဝိညာဉ်ကမ္ဘာကြီး၏ အစိတ်အပိုင်း ဖြစ်သောကြောင့်၊ အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအားထက် ပိုမို ပြည့်စုံနေကြောင်း နင်ချီ ရှင်းလင်းစွာ ခံစားမိ၏။

၎င်း၏ အတွင်း၌ "လမ်းစဉ် တစ်သောင်း" ပါဝင်နေပြီး၊ ၎င်းတို့ကို ပေါင်းစပ်ခြင်း၊ အမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်သည်... အမှန်တကယ်ပင် အားကောင်းလှသည်။

ဝိညာဉ်နယ်မြေ စွမ်းအားကို ကြည့်ရင်း နင်ချီ၏ စိတ်ထဲတွင် လိုချင်တပ်မက်မှုများ ဖြစ်ပေါ်လာသည်။

ဒီစွမ်းအားကို စုပ်ယူလို့ ရမလား။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က နယ်မြေအရှင်သခင်တွေကို အသုံးပြုခွင့် ပေးထားမှတော့... အသုံးပြုခွင့် သက်သက်ထက် ပိုတဲ့ အကျိုးခံစားခွင့်တွေ ရှိရမယ် မဟုတ်လား။

ထို့ကြောင့် နင်ချီသည် အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအားကို ဖျောက်ဖျက်လိုက်ပြီး၊ အံကိုကြိတ်ကာ ဝိညာဉ်နယ်မြေ စွမ်းအားကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ရန် ကြိုးစားလိုက်၏။

ထို ဝိညာဉ်နယ်မြေ စွမ်းအားမျှင်လေး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာစမှာပင် သူ တုန်လှုပ်သွားသည်။

တစ်စုံတစ်ခုက သူ့ကို စောင့်ကြည့်နေကြောင်း နင်ချီ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဤမျှ လျင်မြန်စွာ ရောက်ရှိလာနိုင်သည်မှာ "တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်" သာ ဖြစ်ရပေမည်။

သို့သော် ၎င်းသည် နင်ချီကို တစ်ချက်သာ ဝေ့ကြည့်ပြီး၊ ထို ဝိညာဉ်နယ်မြေ စွမ်းအားမျှင်မှ တဆင့် သတင်းစကား တစ်ခု ပေးပို့လိုက်၏။

"နယ်မြေအရှင်သခင်များ အနေဖြင့်... ကျင့်ကြံခြင်း အတွက် ဝိညာဉ်နယ်မြေ စွမ်းအားကို ပေါင်းစပ် အသုံးပြုနိုင်သည်... တစ်နှစ်လျှင် (၁၀) မျှင် ရရှိမည်..."

"နယ်မြေအရှင်သခင်များတွင် တာဝန် ရှိသည်... တောင်နှင့် ပင်လယ် ကမ္ဘာကြီး အတွက် နယ်မြေတစ်ခုကို စီမံခန့်ခွဲပေးရမည်... တောင်နှင့် ပင်လယ် ကမ္ဘာကြီး လိုအပ်သော တာဝန်များကို ထမ်းဆောင်ရမည်... ကမ္ဘာငယ်လေးများကို တိုက်ခိုက် သိမ်းပိုက်ပြီး တောင်နှင့် ပင်လယ် ကမ္ဘာထဲသို့ ပေါင်းထည့်ပေးရမည်... ထိုသို့ လုပ်ဆောင်ပါက ဆုလာဘ်များ ပိုမို ပေးသနားမည်..."

ထို့နောက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပျောက်ကွယ်သွားသည်။

နင်ချီသည် ဟင်းလင်းပြင်ထဲတွင် တင်ပျဉ်ခွေ ထိုင်လျက်၊ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

ထင်ထားသည့် အတိုင်းပင်... နယ်မြေအရှင်သခင် ဖြစ်ရခြင်းမှာ အကျိုးခံစားခွင့်တွေ ရှိနေပါလား။

တောင်နှင့် ပင်လယ် ကမ္ဘာကြီးက နယ်မြေတွေကို စီမံခန့်ခွဲဖို့ နယ်မြေအရှင်သခင်တွေကို လိုအပ်သလို... ကမ္ဘာငယ်လေးတွေကို တိုက်ခိုက် သိမ်းပိုက်ပြီး သူ့ကိုယ်သူ အားဖြည့်ဖို့လည်း လူအင်အား လိုအပ်နေတာပဲ။

ဒါကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ငါတို့ရဲ့ ကျင့်ကြံမှုကို ထောက်ပံ့ဖို့ တစ်နှစ်ကို ကမ္ဘာ့စွမ်းအား (၁၀) မျှင် ခွဲဝေပေးဖို့ ဆန္ဒရှိနေတာပဲ။ ဒါက ငါတို့ကို သွယ်ဝိုက်ပြီး အင်အား ဖြည့်ပေးနေတာပဲ။

ပြီးတော့ တောင်နှင့် ပင်လယ် ကမ္ဘာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင်... နယ်မြေအရှင်သခင်တွေကို ကမ္ဘာ့စွမ်းအား ပိုပြီး ဆုချဦးမယ်တဲ့။

နင်ချီ၏ မျက်လုံးများ တောက်ပလာသည်။

လောလောဆယ် ငါက တောင်နှင့် ပင်လယ် ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်လို့ မရသေးပေမယ့်... စွမ်းအားတွေကို ရင်တွင်း ခိုးယူလို့ ရနေပြီပဲ။

တောင်နှင့် ပင်လယ် ကမ္ဘာ၏ ခွင့်ပြုချက် ရရှိပြီးနောက်၊ နင်ချီသည် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်နယ်မြေ စွမ်းအား တစ်မျှင်ကို တိုက်ရိုက် ဖြန့်ခွဲလိုက်ပြီး၊ သူ့အသွေးအသားထဲသို့ ပေါင်းစပ်လိုက်၏။

အရာအားလုံးကို ရင်တွင်း အာရုံခံလိုက်ရာ... သူ့ခန္ဓာကိုယ် အတွင်းရှိ လမ်းကြောင်းများ အားလုံး အနည်းငယ် ကြီးထွားလာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

အခန်း (၆၈၉) - ဝိညာဉ်ကမ္ဘာ စစ်ပွဲ (အပိုင်း ၃)

~တစ်ချိန်တည်းမှာပင်... သူသည် ယခင်က မတတ်မြောက်သေးသော "စည်းမျဉ်း စွမ်းအား"အချို့ကိုပါ ထိုးထွင်းသိမြင်မည့် အရိပ်အယောင်လေးများ ရရှိလိုက်၏။

နင်ချီ ချက်ချင်း ဝမ်းမြောက်သွားသည်။

ဤ "ဝိညာဉ်နယ်မြေ စွမ်းအား" သည် အမှန်တကယ်ပင် ဝိညာဉ်ကမ္ဘာ၏ စွမ်းအား ဟူသော အမည်နာမနှင့် လိုက်ဖက်ညီလှ၏။ "အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအား" သည် သူ့ကိုယ်ပိုင် အားထုတ်မှုဖြင့် စဉ်ဆက်မပြတ် တိုးတက်အောင်၊ သန်မာအောင် ပြုလုပ်ပေးရန် လိုအပ်သည်။

သို့သော် ဤ ဝိညာဉ်နယ်မြေ စွမ်းအားမှာမူ သူ့ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား အမျိုးမျိုးကို ပြီးပြည့်စုံအောင် ချက်ချင်း ကူညီပေးနိုင်စွမ်း ရှိ၏။

နင်ချီသည် ဝိညာဉ်နယ်မြေ စွမ်းအား နောက်တစ်မျှင်ကို ထပ်မံ ထုတ်ယူလိုက်သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ကမ္ဘာ့စွမ်းအား တစ်မျှင်ကို မည်မျှ ရှည်လျားရမည်၊ သို့မဟုတ် ထူထဲရမည်ဟု သတ်မှတ် မထားကြောင်း သူ ပြန်လည် သတိရလိုက်၏။ ထို့ကြောင့် နင်ချီသည် အစွမ်းကုန် အားထုတ်ပြီး ဆံခြည်မျှင်လောက် သေးငယ်သော်လည်း တစ်မီတာခန့် ရှည်လျားသော စွမ်းအားမျှင် တစ်ခုကို ဆွဲထုတ်လိုက်သည်။

လက်ရှိ စွမ်းအားအရ သူသည် တစ်မီတာ အရှည်သာ ဆွဲထုတ်နိုင်သေးသည်။ ဒါက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ကန့်သတ်ချက် တစ်ခုခုကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင် ဆိုစေ... အလင်းတန်း တစ်ခုပမာ တွန့်လိမ်နေသော ဤ ဝိညာဉ်နယ်မြေ စွမ်းအားမျှင်ကို ကြည့်ရင်း၊ စောစောက စမ်းသပ် ဆွဲထုတ်လိုက်သော ဆယ်စင်တီမီတာလောက်သာ ရှိသည့် စွမ်းအားမျှင် အတွက် နှမြောမိသွား၏။

ထိုစဉ်က အစွမ်းကုန် မသုံးဘဲ စမ်းသပ်ရုံ သက်သက် ဆွဲထုတ်လိုက်သဖြင့် အရှုံးပေါ်သွားခြင်း ဖြစ်သည်။

ထို့နောက် နင်ချီသည် ကျန်ရှိသော (၈) မျှင်ကိုပါ ဆက်လက် ထုတ်ယူလိုက်ပြီး၊ စုစုပေါင်း (၉) မျှင်သော ဝိညာဉ်နယ်မြေ စွမ်းအားများကို သူ့ရှေ့တွင် စီတန်းထားလိုက်သည်။

နင်ချီသည် နောက်ထပ် စွမ်းအား တစ်မျှင်ကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်ရာ၊ သူ၏ စွမ်းအား အနည်းငယ် တိုးတက်လာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။

သို့သော် နင်ချီသည် မိုက်မဲစွာဖြင့် ကမ္ဘာ့စွမ်းအား အားလုံးကို တစ်ပြိုင်နက်တည်း ပေါင်းစပ်လိုက်ခြင်း မပြုပေ။ သူသည် "အစစ်အမှန်သိုင်း ကမ္ဘာ့စွမ်းအား" နှင့် ဆက်လက် နှိုင်းယှဉ် လေ့လာပြီး၊ ၎င်းတို့ကြားမှ ကွာခြားချက်များကို ရှာဖွေ နားလည်ရန် ကြိုးစားနေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး၊ မျက်စိတစ်မှိတ် အတွင်း ဆယ်နှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။

ဆယ်နှစ်တာ ကာလအတွင်း နင်ချီသည် ဝိညာဉ်နယ်မြေ စွမ်းအား အမျှင်ပေါင်း တစ်ရာ ခန့်ကို ထုတ်ယူခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ခဲ့သည်။ ထို့ပြင် သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုနှင့် ပေါင်းစပ်လိုက်သောအခါ၊ သူ၏ အဆင့်သည် "ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်" သို့ ရောက်ရှိသွားခဲ့သည်။

ကျင့်ကြံမှု အဆင့် တစ်ဆင့်သာ တက်လှမ်းခဲ့သော်လည်း၊ နင်ချီ၏ ကိုယ်ပိုင် စွမ်းအားမှာမူ သိသိသာသာ တိုးတက်လာခဲ့၏။

ဥပမာအားဖြင့်... နင်ချီသည် "နယ်မြေများ ပင်လယ်" အတွင်း ထားရှိသော "ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်"သည် ယခင်က "အစစ်အမှန်သိုင်း ကမ္ဘာ" အတွက် တစ်နှစ်လျှင် "စည်းမျဉ်း မူလအစ" တစ်ခုသာ စုစည်းပေးနိုင်ခဲ့သည်။

ယခုအခါတွင်မူ တစ်နှစ်ခွဲ အတွင်း နှစ်ခု စုစည်းပေးနိုင်ပြီ ဖြစ်ရာ၊ စွမ်းအား (၅၀) ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်၏။

အလားတူပင်... နင်ချီ၏ ကျင့်စဉ်များနှင့် နတ်ဘုရား နည်းစနစ် အမျိုးမျိုးတို့၏ စွမ်းအားသည်လည်း (၅၀) ရာခိုင်နှုန်းစီ တိုးတက်လာခဲ့သည်။

ဆယ်နှစ်တာ ကာလအတွင်း "အစစ်အမှန်သိုင်း ကမ္ဘာ" ၌ စည်းမျဉ်း မူလအစ အသစ် (၁၆) ခု ပေါ်ထွက်လာခဲ့၏။

"ဓာတ်ကြီးငါးပါး နတ်ဘုရား စွမ်းအားမျှင်" က (၁၀) ခု စုစည်းပေးခဲ့ပြီး၊ ကျန် (၆) ခုမှာ နင်ချီက ဝိညာဉ်နယ်မြေ စွမ်းအားကို ပေါင်းစပ် လေ့လာရင်း ထိုးထွင်းသိမြင်ခဲ့ခြင်း ဖြစ်သည်။

ထိုအထဲတွင် အလွန် အရေးပါသော စည်းမျဉ်း မူလအစ တစ်ခု ပါဝင်သည်။ ၎င်းမှာ "ဟင်းလင်းပြင် စည်းမျဉ်း" ဖြစ်ပြီး၊ သူက လွယ်ကူစွာ တတ်မြောက်ခဲ့ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာနှစ်ခုကြား ဟင်းလင်းပြင် လမ်းကြောင်း ဖွင့်လှစ်နိုင်ခြင်း၊ အခင်းအကျင်း ပညာရပ်တွင် ပြိုင်ဘက်ကင်း ပါရမီ ရှိခြင်းနှင့် လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း ဝိညာဉ်နယ်မြေ စွမ်းအားကို လေ့လာခဲ့ခြင်းတို့ကြောင့်၊ ရှားပါးပြီး တန်ဖိုးရှိလှသော "ဟင်းလင်းပြင် စည်းမျဉ်း" ကို သဘာဝကျကျ နားလည် သဘောပေါက်သွားခြင်းတည်း။

"ဟင်းလင်းပြင် စည်းမျဉ်း" နှင့် "အချိန် စည်းမျဉ်း"တို့သည် ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် စည်းမျဉ်းများ ဖြစ်ကြ၏။

ကမ္ဘာတစ်ခုအတွင်းရှိ သန်းပေါင်း ကုဋေချီသော သက်ရှိများထဲတွင် ကိုယ်ပိုင် ဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်သူ အလွန် ရှားပါးလှသည်။

မျိုးနွယ်စု အချို့သည် မွေးရာပါ ဟင်းလင်းပြင် စွမ်းရည် ပါလာတတ်သော်လည်း၊ ၎င်းသည် ကိုယ်ပိုင် သိမြင်မှု မဟုတ်ဘဲ ဖန်ဆင်းရှင်၏ ကောင်းချီးပေးမှုသာ ဖြစ်၏။

ထို့ကြောင့် နင်ချီသည် "မဟာ ဟင်းလင်းပြင် အကန့်အသတ်မဲ့ခြင်း" ဟူသော နတ်ဘုရား နည်းစနစ်သစ် တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ဤနည်းစနစ်သည် နင်ချီ ရှိနေသော နေရာ၌ သူ့တစ်ဦးတည်းပိုင် ဟင်းလင်းပြင် တစ်ခုကို ချက်ချင်း ဖွင့်လှစ်နိုင်ပြီး၊ ရန်သူများကို ထိုနေရာသို့ ဆွဲသွင်းကာ ပိတ်လှောင် ချေမှုန်းနိုင်စွမ်း ရှိ၏။

ထို့ပြင် နင်ချီသည် အခြားသူများနှင့် အတူ ထိုဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းကာ ရန်သူများ၏ လိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်သဖြင့်၊ အလွန် ဘက်စုံသုံးနိုင်သော နတ်ဘုရား နည်းစနစ် တစ်ခု ဖြစ်သည်။

တချိန်တည်းမှာပင်... ဟင်းလင်းပြင် စည်းမျဉ်းကို တတ်မြောက်ပြီးနောက် နင်ချီ၏ အခြား စွမ်းရည်များသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ဥပမာအားဖြင့်... ယခင်က နေရာ ရွှေ့ပြောင်း တံခါးပေါက် ဖွင့်လှစ်ရန် စွမ်းအားနှင့် အရင်းအမြစ် အမြောက်အမြား ကုန်ကျခဲ့ရ၏။

ယခုတွင်မူ ထိုမျှ မရှုပ်ထွေးတော့ပေ။ ဟင်းလင်းပြင် စည်းမျဉ်း၏ ကူညီပံ့ပိုးမှုဖြင့်၊ နင်ချီသည် အရင်းအမြစ်နှင့် စွမ်းအား အနည်းငယ်မျှ သုံးရုံဖြင့် ပိုမို ခိုင်ခံ့သော နေရာ ရွှေ့ပြောင်း တံခါးပေါက်ကို လျင်မြန်စွာ ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါသည်။

ထို့ပြင် ဟင်းလင်းပြင် သဘောတရားကို ပိုမို နက်ရှိုင်းစွာ နားလည်လာသဖြင့်၊ နေရာ ရွှေ့ပြောင်း လုပ်နေစဉ် လမ်းခုလတ်တွင် ရပ်တန့်နိုင်ပြီး ဆင်းသက်မည့် နေရာကို ပြန်လည် ပြောင်းလဲ သတ်မှတ်နိုင်စွမ်းပင် ရှိလာ၏။

"ဟင်းလင်းပြင် ဖြတ်တောက်ခြင်း" ကဲ့သို့သော တိုက်ခိုက်ရေး နည်းစနစ်များကိုမူ နင်ချီ အားစိုက်စရာ မလိုဘဲ တတ်မြောက်ခဲ့ပြီး၊ ထူးခြားသော နည်းစနစ်များဟုပင် မသတ်မှတ်တော့ပေ။

သို့သော် ၎င်းတို့ကို အခြား စွမ်းအားများနှင့် ပေါင်းစပ်လိုက်သောအခါ၊ တိုက်ကွက် တစ်ခုစီတိုင်းသည် ဖမ်းဆုပ်ရ ခက်ခဲပြီး ကာကွယ်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားစေသည်။

ဆယ်နှစ်တာ ကာလအတွင်း...

"နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့"သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့ပြီ။ နယ်မြေအတွင်းရှိ ဂိုဏ်းအားလုံးသည် ယခင်က အပြန်အလှန် သံသယ ဝင်ခြင်း၊ ရန်လိုခြင်းများကို စွန့်လွှတ်လိုက်ကြပြီး၊ တစ်သားတည်း ပေါင်းစပ်သွားကြ၏။

ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ စုဝေးရာ မဟာမိတ် ဌာနချုပ် ရှိနေခြင်းကြောင့်၊ ဂိုဏ်းအသီးသီးသည် နှစ်စဉ် လူအများအပြား စေလွှတ်ကာ အမြင်ချင်း ဖလှယ်ခြင်း၊ အပြန်အလှန် သင်ယူခြင်းများ ပြုလုပ်ကြပြီး၊ တစ်ဖက်သား၏ အားသာချက်များကို အတုယူကြ၏။

ထိုအထဲတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း သည် ဂိုဏ်းအားလုံးကို နောက်တစ်ကြိမ် အံ့အားသင့်စေခဲ့ပြန်၏။

နင်ချီ ကိုယ်တိုင် မပါဝင်သော်လည်း၊ ဂိုဏ်းမှ မျိုးဆက်သစ်များသည် အခြားဂိုဏ်းမှ လူကြီးပိုင်းများကိုပင် ကျော်တက်သွားကြပြီ ဖြစ်သည်။

သူတို့သည် ဂိုဏ်းအချင်းချင်း ဖလှယ်ပွဲများတွင် လွှမ်းမိုးထားနိုင်ပြီး၊ သူတို့၏ ထိုးထွင်းသိမြင်မှုများသည် အခြားဂိုဏ်းသားများကို အမြဲ အံ့ဩစေသည်။ နယ်မြေတစ်ခုလုံး၏ ပါရမီရှင် (၈၀) ရာခိုင်နှုန်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် စုဝေးနေသကဲ့သို့ ဖြစ်နေသည်။

သို့သော် ဓားဂိုဏ်းသားများကမူ နှိမ့်ချစွာဖြင့် ခေါင်းခါကာ ပြောလေ့ရှိသည်။

"ကျွန်တော်တို့လည်း အရင်တုန်းက သာမန်ပါပဲ... ဂိုဏ်းချုပ်ကြီးရဲ့ လမ်းညွှန်မှုကြောင့်သာ အခုလို အခြေအနေ ရောက်လာတာပါ..."

ရလဒ် အနေဖြင့်... ဂိုဏ်းအသီးသီးသည် နယ်မြေအရှင်သခင် နင်ချီကို ပိုမို လေးစား ကြည်ညိုလာကြ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသည်လည်း ဤဆယ်နှစ်တာ ကာလအတွင်း အံ့မခန်း ဖွံ့ဖြိုးတိုးတက်လာ၏။

မူလက "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" မဟာစွမ်းအားရှင် အယောက် (၂၀) ကျော်သာ ရှိခဲ့သော်လည်း၊ ယခုအခါ နှစ်ဆ တိုးလာခဲ့သည်။

အောက်ခြေအဆင့် ကျင့်ကြံသူများသည်လည်း နှစ်ဆ တိုးပွားလာ၏။

"ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး" စလုံးသည် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" သို့ ရောက်ရှိသွားကြပြီး၊ ထူးချွန်သူ အချို့ဆိုလျှင် "ခြေလှမ်းဝက် ပေါင်းစည်းခြင်း နယ်ပယ်" တံခါးဝသို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

လူကြီးပိုင်း မျိုးဆက်ဟောင်းများသည်လည်း တိုးတက်မှုများ ရှိကြ၏။ များစွာသော သူများသည် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့်" သို့ ရောက်ရှိကြပြီး၊ နောက်ထပ် နှစ်ဦးသည် "ခြေလှမ်းဝက် ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရှိသွားကြ၏။ သူတို့မှာ ဒုဂိုဏ်းချုပ် "ချန်ဝမ်ဟဲ" နှင့် ဂိုဏ်းချုပ်ဟောင်း "ကျန်းပိုင်ချွမ်" တို့ ဖြစ်ကြ၏။

မဟာအကြီးအကဲ "ဇီယန်" သည် "ပေါင်းစည်းခြင်း နယ်ပယ် အစောပိုင်းအဆင့်" သို့ တက်လှမ်းသွားနိုင်ပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တတိယမြောက် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး ဖြစ်လာခဲ့သည်။

"ကျန်းရူဟိုင်" မှာမူ အဆင့်မတက်နိုင်သေးဘဲ "ခြေလှမ်းဝက် ပေါင်းစည်းခြင်း နယ်ပယ်" တွင်သာ ရှိနေသေး၏။

အခြားဂိုဏ်းများသည်လည်း အင်အား သိသိသာသာ တိုးတက်လာကြပြီး၊ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တစ်ခုလုံး၏ အသွင်အပြင်ကို သစ်လွင်စေခဲ့သည်။

...

"နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" အတွင်းရှိ ဝိညာဉ်ဥယျာဉ် တစ်ခုထဲတွင်၊ ဝိညာဉ်ဆေးပင်များက လှပစွာ ယိမ်းနွဲ့နေကြ၏။ အင်မော်တယ် သစ်ပင်ကြီးများသည် လေပြေအောက်တွင် တရှဲရှဲ မြည်နေကြလေ၏။

အခန်း (၆၉၀) - ဝိညာဉ်ကမ္ဘာ စစ်ပွဲ (အပိုင်း ၄)

~ဂိုဏ်းချုပ် အသီးသီးတို့သည် ဤနေရာတွင် စုဝေးရောက်ရှိနေကြပြီး၊ တစ်ယောက်ပြီး တစ်ယောက် နေရာယူထားကြသော်လည်း အဓိက ပလ္လင်ထက်၌မူ လူသူကင်းမဲ့လျက် ရှိနေသေးသည်။

"နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့" ကို တည်ထောင်ခဲ့သည်မှာ (၁၀) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ရာ၊ ဤအခါသမယကို ခမ်းနားစွာ ကျင်းပသင့်ကြောင်း လူတိုင်း သဘောတူထားကြ၏။

နျူတင်းထျန် သည် လူမရှိသော ပလ္လင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ပိုမို ခန့်ညားထည်ဝါသော အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ၏ နွားခေါင်းကြီးဖြင့် စူးစိုက်ကြည့်ရင်း...

မျှော်လင့်တကြီးဖြင့် ဓားဘိုးဘေးကြီးအား မေးမြန်းလိုက်သည်။

“ဓားဘိုးဘေးကြီး... မဟာမိတ် ခေါင်းဆောင်ကြီး ထွက်မလာသေးဘူးလား...”

ဓားဘိုးဘေးကြီး ပြုံးလိုက်ပြီး ပြန်ဖြေသည်။

“သူက ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ပြီး အရူးအမူး ဖြစ်တတ်တာ မင်းလည်း သိသားပဲ... တစ်ခုခု ထပ်ပြီး ထိုးထွင်းသိမြင်သွားတာ နေမှာပေါ့...”

နျူတင်းထျန် လှစ်ခနဲ ပြုံးမိသွား၏။

“မဟာမိတ် ခေါင်းဆောင်ကြီး ထွက်လာတိုင်း တုန်လှုပ်စရာတွေ ပါလာစမြဲပဲ... ကျွန်တော် ထင်တာကတော့ ဒီနေရာက လူတွေအကုန်ပေါင်းပြီး ဝိုင်းတိုက်ရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”

ဓားဘိုးဘေးကြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ စုဝေးရောက်ရှိနေသော ဂိုဏ်းပေါင်းစုံမှ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက်၊ ခါးသက်သက် လေသံဖြင့် ဝန်ခံပြောဆိုလိုက်သည်။

“ပြောမနေပါနဲ့တော့... တကယ်လည်း အဲဒီလို ဖြစ်လောက်ပါတယ်... နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံးက လူတွေ ပေါင်းတိုက်ရင်တောင် သူ့ကို မကျော်ဖြတ်နိုင်ဘူး...”

ဓားဘိုးဘေးကြီး အနေဖြင့် နင်ချီသည် "တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်" ၏ မျက်နှာသာပေးမှုကို ရရှိထားပြီး၊ ဝိညာဉ်နယ်မြေ စွမ်းအားကို ဆင့်ခေါ် အသုံးပြုနိုင်ကြောင်း သိရှိထားလေသည်။ သို့သော် သူ ယခု တွေးနေသည်မှာ ဝိညာဉ်နယ်မြေ စွမ်းအားကို မသုံးဘဲ နင်ချီ၏ ကိုယ်ပိုင် စွမ်းရည် သက်သက်ဖြင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ကြောင်း တွေးမိခြင်း ဖြစ်၏။

လွန်ခဲ့သော ဆယ်နှစ်ကျော် ကတည်းက နင်ချီသည် "ပေါင်းစည်းခြင်း နယ်ပယ်" ခုနစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခဲ့သူ မဟုတ်ပါလော။

ယခုအခါ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံး ပေါင်းစည်းသွားပြီး၊ ကျင့်ကြံသူ အရေအတွက်သည် စံချိန်တင် များပြားလာကာ၊ ဂိုဏ်းအသီးသီးမှ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးများ ဆက်တိုက် ပေါ်ထွက်လာနေသော်လည်း...

ဤမျှ နှစ်များစွာ ကုန်ဆုံးပြီးနောက် ပိုမို စွမ်းအားကြီးလာသော နင်ချီကို ကျော်ဖြတ်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်လောက်တော့ဟု ဓားဘိုးဘေးကြီး ယူဆမိသည်။

ထိုစကားကို ကြားသောအခါ ဂိုဏ်းချုပ်များသည် မကျေမနပ် ဖြစ်မသွားကြသည့်အပြင်၊ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်သွားကြ၏။

“မဟာမိတ် ခေါင်းဆောင်ကြီး ပိုစွမ်းအားကြီးလေ... ဝိညာဉ်ကမ္ဘာ စစ်ပွဲမှာ ကျွန်တော်တို့ကို ပိုပြီး ကာကွယ်ပေးနိုင်လေပေါ့... ဒါက မင်္ဂလာသတင်းပါပဲ...”

သူတို့သည်လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်သို့ လှမ်းမျှော်ကြည့်ရင်း၊ နင်ချီ ထွက်ပေါ်လာမည့် အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။

လူတိုင်း စကားပြောနေကြစဉ်မှာပင်၊ ကမ္ဘာမြေကြီး တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးများသည် သူတို့၏ နားစည်ကို ရိုက်ခတ်လာသော်လည်း ကောင်းကင်ယံတွင် မိုးတိမ်ဟူ၍ တစ်စက်မျှ မရှိပေ။

ကောင်းကင် တစ်ခွင်လုံးတွင် အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး၊ မျက်စိဖြင့် သေချာ မမြင်နိုင်သော ရွှေရောင် ပုံရိပ်ယောင်ကြီး တစ်ခု အဖြစ် စုစည်းသွားသည်။

လူအများစုသည် ဘာဖြစ်နေမှန်း နားမလည်ကြပေ။

သို့သော် "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီးများ အားလုံး မတ်တတ်ရပ်လိုက်ကြ၏။ အဆုံးမရှိ ကြီးမားသော ပုံရိပ်ယောင်ကြီးကို မော့ကြည့်ရင်း၊ သူတို့၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲသွားကြ၏။

“ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီး... ဒီနေ့ စတင်ပြီ...”

မှုန်ဝါးဝါး "တာအို အသံ" တစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး၊ လူတိုင်း၏ နှလုံးသားထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်လာသည်။

ချက်ချင်းပင်... ကောင်းကင်ထက်မှ ပုံရိပ်ယောင်ကြီးသည် "တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်" ၏ ကိုယ်ပွားဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းဘက်ခြမ်းမှ အဖြူရောင် ဝတ်ရုံနှင့် လူရိပ်တစ်ခု ကောင်းကင်သို့ ပျံတက်လာသည်။ မင်္ဂလာ တိမ်တိုက်များက သူ့ကို ဝန်းရံလျက် အလိုအလျောက် ပင့်တင်ပေးလိုက်သည်။

နင်ချီ... နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

“ဂိုဏ်းချုပ် အစ်ကိုကြီး...”

“ဂိုဏ်းချုပ် အစ်ကိုကြီး တံခါးပိတ် ကျင့်ကြံရာက ထွက်လာတာကို ကြိုဆိုပါတယ်...”

“မဟာမိတ် ခေါင်းဆောင်ကြီး...”

“မဟာမိတ် ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်...”

တစ်ဖက်မှ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ၏ အသံများ၊ အခြားတစ်ဖက်မှ နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့ဝင်များ၏ ကြွေးကြော်သံများ ဆူညံသွားသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ စစ်ပွဲ ကြေညာချက်ကြောင့် လူတိုင်း ယာယီ ကြောင်အမ်းသွားခဲ့သော်လည်း၊ နင်ချီ ပေါ်လာသည်နှင့် တပြိုင်နက် သူတို့အတွက် ကျောထောက်နောက်ခံ တိုင်မကြီး တစ်တိုင် ရရှိလိုက်သကဲ့သို့ အားတက်သွားကြ၏။

နင်ချီ လူအုပ်ကို ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

မည်သည့် လှုပ်ရှားမှုမျှ မမြင်ရဘဲ၊ သူ၏ ပုံရိပ်သည် မဟာမိတ် ဌာနချုပ် အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားပြီး၊ လွတ်နေသော ပလ္လင်ထက်တွင် ဝင်ထိုင်လိုက်၏။

သူ ထိုင်လိုက်ရုံ ရှိသေးသည်... မည်သည့် စကားမျှ မဆိုရသေးမီ...။

“ဝုန်း...”

နောက်ထပ် ကြီးမားသော တုန်ခါမှုကြီး တစ်ခု ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ကမ္ဘာလောကကြီး တစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်ပြီး၊ ရောက်ရှိနေသော ထိပ်သီး ပုဂ္ဂိုလ်များပင် ယိုင်နဲ့သွားကြ၏။

သူတို့၏ မျက်နှာထားများ နောက်တစ်ကြိမ် ပြောင်းလဲသွားကြပြန်သည်။

နင်ချီသည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ပြီး၊ လေထုကို ဖိချလိုက်သကဲ့သို့ ပြုမူလိုက်သည်။

ချက်ချင်းပင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွားသည်။ မဟာမိတ် ခေါင်းဆောင်ကြီးသည် ကောင်းကင်နှင့် မြေကြီး၏ အဖြစ်အပျက်များကို လွှမ်းမိုးနိုင်သော နက်နဲသည့် စွမ်းအားတစ်မျိုး ပိုင်ဆိုင်ထားကြောင်း လူတိုင်း ခံစားလိုက်ရ၏။

ထို့နောက်တွင်... ပြတ်တောင်းပြတ်တောင်း မြည်ဟီးသံ သဲ့သဲ့ကိုသာ သူတို့ ကြားရတော့သည်။

သူတို့သည် မဟာမိတ် ခေါင်းဆောင်ကြီးကို ကြည့်လိုက်ကြ၏။ ကမ္ဘာ့ တုန်ခါမှုကြီးသည် ယခင်ကထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသော်လည်း၊ နင်ချီ၏ ဖိနှိပ် ထိန်းချုပ်မှုကြောင့် ငြိမ်သက်သွားရခြင်း ဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြ၏။

တိတ်ဆိတ် ငြိမ်သက်ခြင်း...။

စကားလုံးများ ထွက်မလာကြသော်လည်း၊ ဝိညာဉ်ကမ္ဘာ၏ ပြောင်းလဲမှုနှင့် စစ်ပွဲ စတင်ခြင်းတို့ကြောင့် တုန်လှုပ်နေသော သူတို့၏ နှလုံးသားများသည် တဖြည်းဖြည်း တည်ငြိမ်လာကြ၏။

မြည်ဟီးသံကြီးသည် အချိန်အတန်ကြာ ဆက်လက် ထွက်ပေါ်နေပြီးနောက်၊ နောက်ဆုံးတွင် ယာယီ ငြိမ်သက်သွားသည်။

ဖော်ပြရခက်သော စိုးရိမ်ပူပန်မှု တစ်ခုသည် လူတိုင်း၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။ သူတို့၏ စိတ်အာရုံထဲတွင် တူညီသော နေရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ပေးပို့လိုက်သော မြင်ကွင်း တစ်ခု...။

တောင်နှင့် ပင်လယ် ကမ္ဘာ၏ ပြင်ပတွင် အဆုံးမဲ့ ရှုပ်ထွေးသော "နယ်မြေများ ပင်လယ်" ရှိနေသည်။ ယခုအခါ နေရာတစ်ခု၏ အထက်တွင် ဧရာမ ကမ္ဘာကြီးတစ်ခု ပေါ်ထွက်လာသည်။

တောင်နှင့် ပင်လယ် ကမ္ဘာသည် ထိုကမ္ဘာကြီးနှင့် ချိတ်ဆက်မိသွားပြီး၊ ဆုံမှတ် နေရာတွင် အတိုင်းအဆမဲ့သော အလင်းတန်းများ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိ နယ်မြေများ ပင်လယ်ကို လင်းထိန်သွားစေသည်။

နယ်မြေများ ပင်လယ် အတွင်း၌ စွမ်းအင်များသည် ဖရိုဖရဲ ဖြစ်ကာ ရှုပ်ထွေးနေ၏။

သို့သော် ယခုအချိန်တွင် ကမ္ဘာကြီး နှစ်ခုစလုံးသည် တပြိုင်နက်တည်း အားစိုက်ထုတ်လိုက်ကြပြီး၊ နယ်မြေများ ပင်လယ် အတွင်းမှ ကြီးမားသော စွမ်းအင်များကို စုပ်ယူကာ၊ သူတို့၏ ဆုံမှတ် နေရာတွင် "ကမ္ဘာ့ ချိတ်ဆက်မှု" တစ်ခုကို စတင် တည်ဆောက်လိုက်ကြ၏။

ဤနေရာသည် ကမ္ဘာနှစ်ခု စစ်ပွဲ အတွက် ကူးသန်းသွားလာရာ "တံတားခေါင်း" ဖြစ်လာပေတော့မည်...။

All Chapters