← Chapters

အခန်း (၄၉၁-၄၉၂)

Vol. 25 Ch. 491-492

အခန်း (၄၉၁-၄၉၂)

Vol. 25 Ch. 491-492

အပိုင်း(၄၉၁) ရေခဲတူးဖော်ရေးကုမ္ပဏီ၏ ပရောဂျက်သစ်

"တပ်ခွဲ တစ်၊ နှစ်၊ သုံးနဲ့ လေးမှ ဝန်ထမ်းများက အမှတ်(၁) ဆင်းသက်ပေါက်ကို တန်းစီပြီး ဝင်ရောက်ကြပါ"

"ငါး၊ ခြောက်၊ ခွန်နဲ့ ရှစ်မှ ဝန်ထမ်းများက အမှတ်(၂) ဆင်းသက်ပေါက်ကို တန်းစီပြီး ဝင်ရောက်ကြပါ"

"ကိုး၊ တစ်ဆယ်၊ ဆယ့်တစ်နဲ့ ဆယ့်နှစ်မှ ဝန်ထမ်းများက အမှတ်(၃) ဆင်းသက်ပေါက်ကို တန်းစီပြီး ဝင်ရောက်ကြပါ"

...

နူးညံ့သော အီလက်ထရောနစ်အသံက အပေါ်ထပ်ရှိ ကျယ်ဝန်းလှသော နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဧရာမ အရေးပေါ်အာကာသယာဉ်ပျံကြီး၏ အရိပ်အောက်တွင် ဇီဝနာနိုကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်ထားသော မရေမတွက်နိုင်သည့် အလုပ်သမားများက သေသပ်စွာ တန်းစီနေကြပြီး အာကာသယာဉ်အတွင်းသို့ စည်းကမ်းတကျ ဝင်ရောက်နေကြသည်။

အချိန်များက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လော်ယွမ် ကမ္ဘာမြေသို့ နောက်ဆုံးအကြိမ်ဆင်းသက်၍ ဧရာမသားရဲကြီး၏ စွမ်းအင်ဗဟိုချက်ကို ရယူခဲ့သည်မှာ လေးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ယခုအခါ လူသားများက ကမ္ဘာမြေပေါ်သို့ တစ်ဖန်ပြန်လည်ခြေချကာ ထိုဧရာမသားရဲကြီး၏ ရုပ်အလောင်းကို ရယူရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

တကယ်တမ်းတွင် ဧရာမသားရဲကြီးသည် စွမ်းအင်ဗဟိုချက်ကို ဆုံးရှုံးသွားပြီးနောက် နှစ်ရက်မျှသာ တောင့်ခံနိုင်ခဲ့ပြီး အပြီးတိုင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လော်ယွမ်က အရာရာကို ကိုယ်တိုင်ဝင်မပါချင်တော့သလို သူ့အပေါ် မှီခိုလွန်းသည့် အကျင့်မျိုးကိုလည်း မပြုစုပျိုးထောင်ချင်ပေ။

တစ်ချိန်တည်းမှာပင် အလုပ်လက်မဲ့ ပြန်ဖြစ်သွားသော လူအများအပြားကို အချည်းနှီး အချိန်မကုန်စေချင်ပေ။

ထို့ကြောင့် ရုပ်အလောင်းကို သွားရောက်ရယူမည့် တာဝန်က ရေခဲတူးဖော်ရေး ပရောဂျက်ပြီးကတည်းက အလုပ်လက်မဲ့ ပြန်ဖြစ်နေသော အင်ဂျင်နီယာကုမ္ပဏီထံသို့ အလိုအလျောက်ပင် ကျရောက်လာခဲ့သည်။

ယခုစစ်ဆင်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများကို သေချာစွာ ပြင်ဆင်နိုင်ရန် စက်ရုံအမြောက်အမြားက နေ့ညမပြတ် လည်ပတ်နေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သုတေသနရလဒ် အသစ်အချို့ကိုလည်း ဤပစ္စည်းကိရိယာများ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည်။

ဤသည်မှာ နည်းပညာသစ်များကို စမ်းသပ်ခြင်း တစ်ခုဟုပင် ဆိုနိုင်ပေသည်။

သို့သော် အင်ဂျင်နီယာကုမ္ပဏီက မူလသတ်မှတ်ထားသော ပရောဂျက်စတင်မည့်ရက်မှာမူ တစ်ရက်ပြီးတစ်ရက် နောက်ဆုတ်နေခဲ့ရ၏။

စက်ပစ္စည်းများကို မထုတ်လုပ်နိုင်၍ မဟုတ်ဘဲ နည်းပညာ တိုးတက်ပြောင်းလဲမှုနှုန်းက မြန်ဆန်လွန်းနေသောကြောင့် ဖြစ်သည်။

ပြည့်စုံသော ဗိုရှင်းဂြိုဟ်သားတို့၏ စက်မှုလုပ်ငန်းစနစ်ကြီးကို ပိုင်ဆိုင်ထားသဖြင့် လေ့လာစူးစမ်းစရာများ ရှိလာခဲ့သည်။

အထူးသဖြင့် နာနိုပစ္စည်းစက်ရုံကို ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် လူသားနည်းပညာရှင်များ အလွန်အမင်း ရှားပါးနေလင့်ကစား လူသားတို့၏ နည်းပညာအဆင့်အတန်းက တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။

ရက်အနည်းငယ်ကြာတိုင်း ရလဒ်အသစ်များ ထွက်ပေါ်လာတတ်ပြီး တစ်လတစ်ခါ နည်းပညာ အဆင့်မြှင့်တင်မှုများ ရှိလာခဲ့သည်။

လူသားတို့၏ သိပ္ပံနှင့်နည်းပညာသည် ပေါက်ကွဲထွက်မတတ် မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပေသည်။

အချိန်များစွာတွင် စက်ပစ္စည်းများကို အခုမှစတင်ထုတ်လုပ်ပြီးခါစ ရှိသေးသော်လည်း ထိုနည်းပညာများက ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြန်လည်သိရှိလိုက်ရတတ်သည်။

အမှိုက်သဖွယ်ဖြစ်သွားပြီး အသုံးမဝင်တော့ပေ။

အင်ဂျင်နီယာကုမ္ပဏီ၏ ထွက်ခွာမည့်ရက်သည် မူလက တစ်လအတွင်းဟု သတ်မှတ်ထားရာမှ နှစ်လ၊ ထိုမှ သုံးလအထိ အချိန်ဆွဲလာခဲ့ရာ ယခုဆိုလျှင် လေးလကျော်ပင် ရှိနေပြီဖြစ်သည်။

အခြေအနေမဟန်တော့သည်ကို လော်ယွမ် သတိထားမိပြီး အတင်းအကျပ် ဆုံးဖြတ်ချက်မချခဲ့လျှင် လုပ်ငန်းစတင်မည့်အချိန်က နောက်ထပ် နှစ်ပေါင်းများစွာအထိ ကြန့်ကြာသွားနိုင်ပေသည်။

...

အာကာသယာဉ်ပြင်ပတွင် လူအုပ်ကြီးက ပြည့်နှက်နေပြီး သေသပ်သော စစ်ရေးပြတန်းစီပုံစံများဖြင့် နေရာယူထားကြသည်။

ချွေ့ဝေ့ချွမ်က သူ၏အဖွဲ့သားများကို သူတို့တပ်ခွဲရှိရာသို့ လာရန် လှမ်းခေါ်လိုက်သည်။

"အားလုံးပဲ... လူစာရင်း စစ်မယ်"

"တပ်ခွဲမှူးကို သတင်းပို့ပါတယ်...ပထမတပ်စု၊ ရှိရမည့်အရေအတွက် ၃၀၀၊ ရောက်ရှိအရေအတွက် ၃၀၀ ပါ"

"တပ်ခွဲမှူးကို သတင်းပို့ပါတယ်... ဒုတိယတပ်စု၊ ရှိရမည့်အရေအတွက် ၃၀၁ ယောက်၊ ရောက်ရှိအရေအတွက် ၃၀၁ ယောက်ပါ"

ဤနေရာရှိ အလုပ်သမားတိုင်းက အရန်တပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး လူတိုင်းနီးပါးတွင် စစ်ရေးလေ့ကျင့်မှု အတွေ့အကြုံများ ရှိကြသည်။

အင်ဂျင်နီယာကုမ္ပဏီ၏ စီမံခန့်ခွဲမှုကလည်း စစ်တပ်ပုံစံ အပြည့်အဝ ဖြစ်ပေသည်။

ရေခဲတူးဖော်ရေး ပရောဂျက်တွင် ချွေ့ဝေ့ချွမ်က စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သောကြောင့် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ယခုအခါ သူက တပ်စုမှူးတစ်ဦးဖြစ်နေပြီဖြစ်ပြီး သူအုပ်ချုပ်ရသည့် လူဦးရေကလည်း ၁၀၀ မှ ၃၀၀ အထိ တိုးလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အလှည့်သို့ ရောက်လာသဖြင့် ချွေ့ဝေ့ချွမ်က ရင်ကိုကော့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"တပ်ခွဲမှူးကို သတင်းပို့ပါတယ်... ဒုတိယတပ်စု၊ ရှိရမည့်အရေအတွက် ၃၀၀၊ ရောက်ရှိအရေအတွက် ၂၉၉ ယောက်... တစ်ယောက် ခွင့်ယူထားပါတယ်"

"ဘယ်သူက ခွင့်ယူတာလဲ... ဘာကြောင့်ဆိုတာ ပြောသွားလား" တပ်ခွဲမှူးက မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ပြီးခဲ့သည့် ပရောဂျက်ပြီးကတည်းက သူတို့ အလုပ်လက်မဲ့ဖြစ်နေခဲ့သည်မှာ ခြောက်လနီးပါး ရှိနေပြီဖြစ်သည်။

သူသာဆိုလျှင် နေမကောင်းဖြစ်နေလျှင်တောင် အရင်ဆုံးလာရောက် သတင်းပို့မည်သာ ဖြစ်သည်။

ယခုပရောဂျက်က အနီးနားတွင် လုပ်ရမည့်အလုပ် မဟုတ်ဘဲ မိုင်ပေါင်း ၃၇ သောင်းကျော် ကွာဝေးသည့် ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်သည်။

ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်အတွက် ကမ္ဘာမြေသို့ သီးသန့် အသွားအပြန် လုပ်ပေးမည် မဟုတ်ချေ။

ဤအခွင့်အရေးကို လက်လွတ်ခံလိုက်လျှင် ကုမ္ပဏီမှ အလုပ်ထုတ်ခံရမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီတွင်လည်း တင်းကျပ်သော စည်းကမ်းများ ရှိသောကြောင့် ဖြစ်၏။

"နောက်ရက်အနည်းငယ်နေရင် လူကြီးများအတွက် စာမေးပွဲတစ်ခု ရှိပါတယ်... အဲဒီလူက စာမေးပွဲဖြေဖို့ ပြင်ဆင်နေတာပါ... ကမ္ဘာမပျက်ခင်က သူက အထက်တန်းကျောင်းသားလေးပါ... သူ့ပညာရေးက တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားလို့ပါ" ချွေ့ဝေ့ချွမ်က တိုတိုနှင့်လိုရင်းကို ရှင်းပြလိုက်သည်။

"ဒီလိုကိုး... ဒါဆိုလည်း သူအဆင်ပြေဖို့ဆုတောင်းပေးရမှာပေါ့... ဘာပဲပြောပြော သူက ငါတို့တပ်ခွဲထဲက လူတစ်ယောက်ပဲလေ" တပ်ခွဲမှူးက သက်ပြင်းချရင်း ပြောလိုက်သည်။

ယခုအခါ မျှော်လင့်ချက်မြို့တော်တွင် ပညာသင်ကြားရေး အငွေ့အသက်များက အားကောင်းနေသည်။ အစိုးရက အခမဲ့ လူကြီးပညာသင်တန်းများစွာကို ဖွင့်လှစ်ပေးထားသည်။

ထိုလှိုင်းဂယက်၏ လွှမ်းမိုးမှုကြောင့် ကမ္ဘာမပျက်မီက ကျောင်းသားများ၊ အလုပ်လုပ်သက် ရင့်နေပြီဖြစ်သော လူငယ်များပင်လျှင် စာအုပ်များကို ပြန်လည်ကိုင်ဆောင်ကာ မိမိတို့၏ အနာဂတ်အတွက် ကြိုးစားရုန်းကန်နေကြသည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းခွဲခြားမှုများက အလွန်တင်းကျပ်လှသည်။ အရင်းအမြစ်အားလုံးကို သိပ္ပံသုတေသနလုပ်ငန်းများအတွက်သာ အဓိကထား အသုံးပြုကြသည်။

အစိုးရက အခမဲ့ခွဲဝေပေးသော အိမ်အကျယ်အဝန်းကို ကြည့်ခြင်းအားဖြင့် ထိုအချက်ကို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။

သာမန်လူအများစုအတွက် လူတစ်ဦးလျှင် အိမ်အကျယ်အဝန်း စတုရန်းပေ ၁၀၀ ခန့်သာ ရရှိသော်လည်း သုတေသန အလုပ်သင် သို့မဟုတ် လက်ထောက် အင်ဂျင်နီယာတစ်ဦးဆိုလျှင် စတုရန်းပေ ၂၀၀ အထိ ခွဲဝေရရှိနိုင်ပြီး နှစ်ဆတိတိ ကွာခြားသွားသည်။

အိမ်ထောင်သည်ဖြစ်လျှင် ထိုအကျယ်အဝန်းက နောက်ထပ် နှစ်ဆ ထပ်တိုးသွားမည် ဖြစ်သည်။

အဆင့်မြင့် သုတေသီများ သို့မဟုတ် အဆင့်မြင့် အင်ဂျင်နီယာများဆိုလျှင် လူတစ်ဦးကို စတုရန်းပေ ၁,၁၀၀ အထိပင် ရရှိနိုင်ပြီး အိမ်ထောင်သည်ဖြစ်ပါက ၎င်းလည်း နှစ်ဆတိုးရရှိမည် ဖြစ်၏။

သူက တပ်ခွဲမှူးတစ်ဦး ဖြစ်နေလင့်ကစား ဤအင်ဂျင်နီယာကုမ္ပဏီမှာ ယာယီဖွဲ့စည်းထားခြင်းသာ ဖြစ်ပြီး တရားဝင်ဖွဲ့စည်းပုံ မရှိသေးပေ။

ထို့ကြောင့် သူတို့မိသားစု၏ နေအိမ်အကျယ်အဝန်းမှာ သာမန်အဆင့်တွင်သာ ရှိသေးသည်။ ခံစားခွင့်များက ယာယီခေါ်ယူထားသော နည်းပညာရှင်အချို့ကိုပင် မမီသေးပေ။

သူတို့မိသားစု သုံးယောက်မှာ အခန်းကျဉ်းလေးတစ်ခုထဲတွင် ပြွတ်သိပ်နေထိုင်နေရပြီး အချိန်ကြာလာသည်နှင့်အမျှ အသက်ရှူရပင် ကျပ်လာသလို ခံစားရသည်။

သို့သော်လည်း သူ၏ရင်ထဲတွင် မကျေနပ်ချက် အနည်းငယ်မျှ မရှိပေ။ လူ့အဖွဲ့အစည်းဆိုသည်မှာ ဘယ်သောအခါမှ တန်းတူညီမျှမှု မရှိခဲ့ချေ။

ယခင်ကလည်း ဤအတိုင်းပင်ဖြစ်ပြီး ယခုလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

ကမ္ဘာမပျက်မီက ငွေကြေးဖြင့် တိုင်းတာခဲ့သည်များနှင့် နှိုင်းယှဉ်လျှင် ယခုလို အရည်အချင်းဖြင့် တိုင်းတာခြင်းက ပို၍တရားမျှတသည်ဟု သူ ခံစားရသည်။

သူသာ အသက်မကြီးသေးလျှင်၊ စာသင်ယူရန် မခက်ခဲသေးလျှင် တက္ကသိုလ်ဝင်ခွင့်ကို ပြန်လည်ဖြေဆိုရန်ပင် စဉ်းစားမိမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူ၏သားလေးအတွက်တော့ မျှော်လင့်ချက် ရှိနေသေးသည်။

"ငါတို့အလှည့် ရောက်တော့မယ်... အားလုံး ကိုယ့်နေရာကိုယ်ယူ... အမှတ်(၅) အခန်းကို ဝင်ကြမယ်"

ရှေ့မှတန်းစီနေသူများ၏ သွားလာနေမှုအရှိန်ကို ကြည့်ကာ တပ်ခွဲမှူးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ချွေ့ဝေ့ချွမ်က သူ၏အဖွဲ့ကို ဦးဆောင်ကာ နေထိုင်ရာအခန်းတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဤနေထိုင်ရာအခန်းကြီးမှာ ယခင်ကလို ဟာလာဟင်းလင်းကြီး မဟုတ်တော့ကြောင်း သူ သတိပြုမိလိုက်သည်။

ယခုမစ်ရှင်အတွက် ဤနေရာကို အထူးပြုပြင်မွမ်းမံထားပြီး ဘေးကင်းလုံခြုံရေး ထိုင်ခုံများစွာကို ထပ်မံတပ်ဆင်ထားသည်။

အခန်းတစ်ခုလုံး၏ ဖွဲ့စည်းပုံက အလွန်ကြီးမားသော အစည်းအဝေးခန်းမကြီး တစ်ခုနှင့်တူနေပြီး လူပေါင်း တစ်သိန်းကျော်ကို တစ်ပြိုင်နက်တည်း ဝင်ဆံ့နိုင်ပေသည်။

မကြာမီမှာပင် သူက တပ်ခွဲနှင့်အတူ သူတို့၏ သတ်မှတ်နေရာသို့ ရောက်ရှိသွားသည်။

ထိုင်ခုံများပေါ်ရှိ လုံခြုံရေးခါးပတ်များမှာ လူနေအိမ်များတွင် တပ်ဆင်ထားသည်များနှင့် အတိအကျ တူညီသည်။

သူက ကျွမ်းကျင်စွာပင် လုံခြုံရေးခါးပတ်ကို ပတ်လိုက်ရာ ချက်ချင်းဆိုသလို ရင်ဘတ်နှင့် ဝမ်းဗိုက်တစ်ခုလုံးကို ပျော့ပျောင်းသော ပစ္စည်းများက ဖုံးအုပ်သွားတော့သည်။

သူ့ဘေးရှိ လုပ်ဖော်ကိုင်ဖက်က အဆက်မပြတ် အသက်ပြင်းပြင်း ရှူနေသည်ကို သူ သတိထားမိလိုက်သဖြင့် ပြုံးကာ ပြောလိုက်သည်။

"ကိုလင်း... ဘာတွေစိတ်လှုပ်ရှားနေတာလဲဗျ... အရင်က စီးဖူးတယ်မလား... အဲဒီတုန်းကဆို ဒီလိုလုံခြုံရေးထိုင်ခုံတွေတောင် မပါသေးဘူး"

"တပ်စုမှူး... ကျွန်တော် တကယ်နည်းနည်းတော့ ကြောက်တယ်... ဒီဧရာမယာဉ်ကြီးက အာကာသထဲကနေ ကမ္ဘာမြေပေါ်ကို ပျံသန်းသွားမှာဆိုတော့ တွေးကြည့်ရုံနဲ့တင် ရင်တမမ ဖြစ်နေတာ... တကယ်ကို စိတ်မချတာပါ"

လင်းဟူမှာ ကမ္ဘာမပျက်မီက ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး ဖြစ်သည်။

ယခင်ပြောင်းရွှေ့စဉ်က ဤယာဉ်ပျံကြီးကို တစ်ကြိမ်စီးဖူးသော်လည်း ယခုအချိန်အထိ လက်ဖျားခြေဖျားများ အေးစက်ကာ ကြောက်ရွံ့နေဆဲဖြစ်သည်။

"ဒါက ဂြိုဟ်သားတွေ ဖန်တီးထားတာကွ... စကြဝဠာထဲကို ပျံသန်းရတာတောင် မကြောက်တဲ့ဟာကို ဒီလောက်ခရီးတိုလေးကိုများ ကြောက်နေသေးလား... ခင်ဗျားကားစီးရတာထက် အများကြီး ပိုလုံခြုံပါတယ်ကွာ"

"အဲ့လိုဆိုရင်တောင် ကျွန်တော်က ကားပဲ စီးချင်တယ်... အနည်းဆုံးတော့ စိတ်ချရတယ်လေ" လင်းဟူက ခေတ္တမျှ ငေးကြောင်သွားပြီးနောက် ပြန်ပြောလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ယာဉ်ပျံကြီးက ရုတ်တရက် တုန်ခါသွားပြီး ဖြည်းညင်းစွာ စတင်ရွေ့လျားသွားသည်။

ချွေ့ဝေ့ချွမ်က သူပြောမည့်စကားများကို ချက်ချင်းမျိုချလိုက်ပြီး မျက်နှာမှာ အနည်းငယ် ဖြူရော်သွားသည်။

သူက စိတ်မလှုပ်ရှားသလိုဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင်မူ ချွေးစေးများပင် ပျံနေပြီဖြစ်သည်။

မြေပြင်ပေါ်တွင် တစ်သက်လုံး နေထိုင်လာခဲ့ပြီး လေယာဉ်တောင် ခပ်ရှားရှားသာ စီးဖူးသူတစ်ယောက်အနေဖြင့် ရုတ်တရက် အာကာသထဲမှ ကမ္ဘာမြေသို့ ယာဉ်ပျံကြီးစီးကာ ပြန်ရခြင်းက သာယာသော ခံစားမှုမျိုးတော့ မဟုတ်ချေ။

ကံကောင်းထောက်မစွာပင် အရာအားလုံးက အဆင်ပြေချောမွေ့ခဲ့သည်။ လမ်းခရီးတစ်လျှောက် တုန်ခါမှုပင် မရှိခဲ့ချေ။

အသံချဲ့စက်မှ အသံထွက်ပေါ်လာချိန်မှသာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်ပြီးပြီဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။

ချွေ့ဝေ့ချွမ်က တပ်ဖွဲ့နှင့်အတူ ယာဉ်ပျံထဲမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ရှေ့မှလူများ ရုတ်တရက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

"ဘုရားရေ... ရှေ့ကဟာကြီးက ဘာကြီးလဲ"

"ဒါ... ဒါက ငါတို့တူးဖော်ရမယ့် သန္ဓေပြောင်းသားရဲကြီးရဲ့ အလောင်းများလား"

"ဒါက တောင်ကြီးတစ်လုံးကျနေတာပဲ"

အံ့ဩတကြီး ရေရွတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရသဖြင့် ချွေ့ဝေ့ချွမ်က သူ၏စူးစမ်းလိုစိတ်ကို မြိုသိပ်ကာ တပ်ဖွဲ့၏ စည်းကမ်းကို ဆက်လက်ထိန်းသိမ်းနေခဲ့သည်။

ကံကောင်းစွာဖြင့် မကြာမီမှာပင် တပ်ဖွဲ့က ပြန်လည်ရွေ့လျားသွားခဲ့သည်။ ခဏအကြာတွင် သူ၏မျက်စိရှေ့မှောက်ရှိ အံ့မခန်းမြင်ကွင်းကြီးကို သူ မြင်တွေ့လိုက်ရတော့သည်။

မလှမ်းမကမ်းတွင် တောင်ငယ်တစ်လုံးအရွယ်ရှိ ရုပ်အလောင်းကြီးတစ်ခုက ရေခဲမြစ်ထဲတွင် တစ်ဝက်ခန့် နစ်မြုပ်နေသည်ကို တွေ့လိုက်ရ၏။

ရုပ်အလောင်း၏ အစိတ်အပိုင်းအများစုမှာ နှင်းများ ဖုံးလွှမ်းနေပြီဖြစ်သည်။ သို့သော် ဖော်ပြနေသော အကြေးခွံနှင့် လက်သည်းအချို့ကို ကြည့်ရုံဖြင့် ၎င်း၏ကိုယ်လုံးကိုယ်ပေါက်မှာ မည်မျှ အံ့မခန်းကြီးမားကြောင်း သိနိုင်ပေသည်။

သူက အံ့ဩတကြီး အော်ဟစ်ချင်စိတ်ကို မြိုသိပ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ယခုအခါ သူက တပ်စုမှူးတစ်ယောက်ဖြစ်နေပြီမို့ စံပြအဖြစ် နေထိုင်ရမည်ဖြစ်သည်။

သို့သော်လည်း သူ၏မျက်လုံးများက ထိုနေရာသို့ မကြာခဏဆိုသလို ရောက်သွားတတ်သည်။

လူပေါင်း ငါးသောင်းခန့် ခေါ်ယူထားသော ဤပရောဂျက်ကြီးအတွက် သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သလို ထိုသားရဲကြီး၏ အရွယ်အစားကိုလည်း အကြီးမားဆုံး ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။

သို့တိုင်အောင် အပြင်လက်တွေ့မြင်ကွင်းနှင့် ယှဉ်လိုက်လျှင် ဆယ်ပုံတစ်ပုံခန့်ပင် မမီခဲ့ပေ။

ကံကောင်းသည်မှာ ပထမရက်အနည်းငယ်အတွင်း ပြုလုပ်ရသည်များက ပြင်ဆင်ရေးလုပ်ငန်းများသာ ဖြစ်သည်။

အင်ဂျင်နီယာသုံး မော်တော်ယာဉ်ကားပေါင်း ထောင်ချီနှင့် အကြီးစား ဖြတ်တောက်ရေး စက်ကိရိယာများကို ယာဉ်ပျံပေါ်မှချကာ ရေခဲပြင်ပေါ်တွင် ရွေ့လျားအနုမြူစွမ်းအင်ပေးစက်ရုံများကို စတင်တည်ဆောက်ခဲ့ကြသည်။

ယနေ့ခေတ် အင်ဂျင်နီယာသုံး ယာဉ်များအားလုံးကို လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်ကြသည်။

နာနိုပစ္စည်းနည်းပညာ၏ အောင်မြင်မှုနှင့်အတူ ဘက်ထရီနည်းပညာ၏ အတားအဆီးများကိုလည်း အလွယ်တကူ ကျော်လွှားနိုင်ခဲ့သည်။

ယခုအခါ ဤကားများသည် ရှည်လျားသော လျှပ်စစ်ဝါယာကြိုးကြီးများကို တရွတ်တိုက်ဆွဲကာ သွားစရာ မလိုတော့ပေ။

နောက်ဆက်တိုက် ရက်အနည်းငယ်အတွင်း အလုပ်သမားများသည် သားရဲကြီး၏ ပတ်ပတ်လည်တွင် မီးလုံးများစွာကို တပ်ဆင်ခြင်း၊ လုပ်ငန်းခွင် အရေးပေါ်ဆေးရုံနှင့် စက်ပစ္စည်း ပြုပြင်ရေးစက်ရုံများ တည်ဆောက်ခြင်း၊ သံမဏိငြမ်းများ တပ်ဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အလုပ်လုပ်နေစဉ်အတွင်း လူတိုင်းသည် မိမိတို့၏ ခန္ဓာကိုယ်တွင် လုံခြုံရေးကြိုးများကို ချည်နှောင်ထားရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤဧရာမသားရဲကြီးမှာ အလွန်ကြီးမားလွန်းလှရာ လုံခြုံရေးအစီအမံများ မရှိပါက မတော်တဆမှုများ အလွယ်တကူ ဖြစ်ပွားနိုင်ပေသည်။

ချွေ့ဝေ့ချွမ်က နေ့တိုင်း မနက်နိုးလာသည်နှင့် ခဲရည်စိမ်ထားသော နာနိုဇီဝကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ကာ ဧရာမသားရဲကြီး၏ ပတ်ပတ်လည်ကို တစ်ပတ်ပတ်လေ့ရှိသည်။

ဤသည်မှာ သူ၏စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးရုံသာမက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ရာလည်း ရောက်ပေသည်။

သူ၏အပြုအမူက ထူးခြားပေါ်လွင်နေခြင်းတော့ မဟုတ်ပေ။ သားရဲကြီး၏ ပတ်ပတ်လည်တွင် အချိန်တိုင်းလိုလို လာရောက်ကြည့်ရှုသူ အများအပြား ရှိနေတတ်သည်။

ဤခဲရည်စိမ်ထားသော နာနိုဇီဝကာကွယ်ရေးဝတ်စုံမှာ အလွန်ပါးလွှာသော်လည်း အအေးဒဏ်ကို အနည်းငယ်မျှပင် မခံစားရစေပေ။

ထို့အပြင် ခမောက်နှင့် တွဲလျက်တပ်ဆင်ထားပြီး လုံးဝလေလုံသောကြောင့် အပြင်ဘက်မှ လေအေးများကို အပြည့်အဝ ကာကွယ်ပေးထားနိုင်သည်။

အသက်ရှူရန်အတွက် သယ်ဆောင်ရလွယ်ကူသော အောက်ဆီဂျင်ဘူးများကိုသာ အားကိုးရသည်။

အနည်းငယ် အဆင်မပြေသော်လည်း မည်သူမျှ ခမောက်ကို မချွတ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ အေးခဲနေသော ရာသီဥတုကြောင့်သာမက သားရဲကြီးထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို ကာကွယ်ရန်အတွက်ပါ ဖြစ်သည်။

ရက်အနည်းငယ်က တပ်ခွဲတစ်ခုမှ အလုပ်သမားတစ်ဦးသည် သတိပေးချက်များကို နားမထောင်ဘဲ ခမောက်ချွတ်ခဲ့ရာ နေရာမှာတင် သတိလစ်မေ့မြောသွားခဲ့ပြီး သုံးရက်တိုင်တိုင် သတိမရတော့ကြောင်း ကြားသိရသည်။

နောက်ပိုင်း သတိပြန်ရလာချိန်တွင်လည်း စိတ်ကျန်းမာရေး ထိခိုက်သွားကာ ရူးကြောင်ကြောင်ဖြစ်သွားပြီး လူက ပုံမှန်မဟုတ်တော့ပေ။

ထိုအရာများက ကောလာဟလများသာ ဖြစ်နိုင်သော်လည်း ထိုနေ့မှစ၍ ထိုအလုပ်သမားကို သူ လုံးဝ မတွေ့ရတော့ချေ။

ထိုနေ့ညမှာပင် တပ်ခွဲမှူးက အစည်းအဝေးခေါ်ယူကာ ဤကဲ့သို့ ပြင်းထန်သော စည်းကမ်းဖောက်ဖျက်မှုမျိုးကို တင်းတင်းကျပ်ကျပ် သတိပေးခဲ့သည်။

ပြင်ဆင်ရေးလုပ်ငန်းများကို ငါးရက်တိုင်တိုင် လုပ်ဆောင်ခဲ့ကြပြီး ဆဋ္ဌမမြောက်နေ့ မနက်ခင်းသို့ ရောက်သောအခါ ဖောက်ခွဲရေးအဖွဲ့က သားရဲကြီး၏ ရုပ်အလောင်းပေါ်ရှိ ရေခဲလွှာများအတွင်းသို့ ယမ်းဘီလူးများ ထည့်သွင်းမြှုပ်နှံလိုက်ကြသည်။

ပေါက်ကွဲသံတစ်ချက်နှင့်အတူ ရုပ်အလောင်းမျက်နှာပြင်ပေါ်မှ ရေခဲနှင့်နှင်းများ အလုံးအရင်း ပြိုကျသွားကာ ဤခမ်းနားကြီးကျယ်လှသော သားရဲကြီး၏ အသွင်အမှန်က နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့တော့သည်။

ရေခဲနှင်းများ ဖုံးလွှမ်းမနေတော့သဖြင့် ၎င်း၏အရွယ်အစားက အနည်းငယ် သေးငယ်သွားသလို ထင်ရသော်လည်း လူများကို ပို၍တုန်လှုပ်ချောက်ချားစေကာ ကြောက်ရွံ့လေးစားစိတ်ကို ဖြစ်ပေါ်စေသည်။

တစ်ကိုယ်လုံးရှိ ငွေဖြူရောင် အကြေးခွံများက မီးရောင်အောက်တွင် တောက်ပနေပြီး အလင်းရောင်များပင် ထွက်ပေါ်နေသကဲ့သို့ ထင်မှတ်ရသည်။

ဤသတ္တဝါမျိုးက လူ့လောကတွင် လုံးဝမရှိသင့်ဘဲ ဒဏ္ဍာရီပုံပြင်များထဲတွင်သာ ရှိသင့်သည်ဟု လူတိုင်းကို ခံစားသွားရစေသည်။

ဦးခေါင်းအပါအဝင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေခဲလွှာများအောက်တွင် နစ်မြုပ်နေပြီး မြေပြင်ပေါ်သို့ ပေါ်ထွက်နေသည့် အပိုင်းမှာ သုံးပုံတစ်ပုံပင် မပြည့်နိုင်ပေ။

သို့တိုင်အောင် ၎င်း၏ ဒေါင်လိုက်အမြင့်မှာ ပေသုံးရာကျော် ရှိနေဆဲဖြစ်ပြီး တောင်ငယ်တစ်လုံးနှင့်ပင် တူနေတော့သည်။

ချွေ့ဝေ့ချွမ်က မသိမသာ တံတွေးမျိုချလိုက်မိသည်။ သို့သော် သူ့ကို မည်သူကမျှ သတိမထားမိကြပေ။

လူတိုင်း၏ အာရုံများက ဤကြောက်မက်ဖွယ်ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လှသော သတ္တဝါကြီးဆီသို့သာ အပြည့်အဝ ရောက်ရှိနေကြသည်။

စူးရှသော ခရာမှုတ်သံတစ်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး သတိပြန်ဝင်လာခဲ့သည်။ အင်ဂျင်နီယာ ပရောဂျက်ကြီးက နောက်ဆုံးတွင် စတင်ပြီ ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၄၉၂) ဉာဏ်ပညာဆေးရည်

လျှပ်စစ်ပတ်လမ်းစက်ပစ္စည်း သုတေသနဓာတ်ခွဲခန်းတစ်ခုအတွင်း၌ အရာအားလုံးက ဖရိုဖရဲဖြစ်နေသည်။

ဖြုတ်ချထားသော ဗိုရှင်းဂြိုဟ်သားတို့၏ စက်ပစ္စည်းများကို နေရာအနှံ့ တွေ့မြင်နေရပြီး အမျိုးမျိုးသော အစိတ်အပိုင်းများနှင့် ဝါယာကြိုးများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသောကြောင့် ခြေချစရာနေရာပင် သိပ်မရှိတော့ချေ။

သို့သော်လည်း ဓာတ်ခွဲခန်းအတွင်းရှိ သုတေသီများအားလုံးက ထိုအခြေအနေကို သတိမပြုမိကြသည့်အလား ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်များနေကြသည်။

ထိုအထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နံရံတွင်ချိတ်ဆွဲထားသော ရှုပ်ထွေးလှသည့် လျှပ်စစ်ပတ်လမ်းပုံစံကြမ်းတစ်ခုကို မျက်မှောင်ကြုတ်ကာ မလှုပ်မယှက် စူးစိုက်ကြည့်နေသည်။

၎င်းက အာကာသယာဉ်တစ်စင်း၏ လျှပ်စစ်ပတ်လမ်းဒီဇိုင်းပုံစံ ဖြစ်သည်။ သေချာပေါက် ၎င်းက မူရင်းပုံစံအပြည့်အစုံတော့ မဟုတ်ပေ။

အာကာသယာဉ်၏ ပင်မလျှပ်စစ်ပတ်လမ်းကြောင်းမျှသာ ဖြစ်သည်။

အကယ်၍ ပတ်လမ်းအားလုံးကိုသာ ဖော်ပြထားမည်ဆိုလျှင် ၁၀ ပေ ပတ်လည်ရှိသော ထိုပတ်လမ်းပုံစံကြမ်းကို သာမန်မျက်စိဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်ရန် အဆပေါင်းတစ်ထောင်ခန့် ချဲ့ကားရပေလိမ့်မည်။

သို့တိုင်အောင် ထိုလျှပ်စစ်ပတ်လမ်းပုံစံတစ်ခုလုံးသည် ပြည့်နှက်ရှုပ်ထွေးနေပြီး ပြင်ပလူတစ်ယောက်အတွက်မူ မြင်ရုံဖြင့်ပင် မျက်စိလည်ခေါင်းမူးသွားစေနိုင်လောက်သည်။

ဤလျှပ်စစ်ပတ်လမ်းပုံစံကြမ်းကို ဉာဏ်ရည်တုကွန်ပျူတာစနစ်ထဲမှ ထုတ်ယူထားခြင်းဖြစ်သည်။

လျှပ်စစ်ပတ်လမ်းပုံစံသာမက အာကာသယာဉ်၏ အသေးစိတ်ဒီဇိုင်းပုံစံများ၊ အစိတ်အပိုင်းတစ်ခုချင်းစီနှင့် စက်ပစ္စည်းတစ်ခုချင်းစီ၏ ဒီဇိုင်းပုံစံများကိုပါ လူသားများက စောစောစီးစီးပင် ရရှိထားပြီးဖြစ်သည်။

သို့သော်လည်း အဆိုးရွားဆုံးအချက်မှာ နည်းပညာပိုင်းဆိုင်ရာ ကြီးမားသော ကွာဟချက်ပင် ဖြစ်သည်။

ဒီဇိုင်းပုံစံအားလုံးကို သင့်လက်ထဲ ထည့်ပေးထားလျှင်တောင်မှ သင်က နားလည်နိုင်မည် မဟုတ်ပေ။ ကိုယ်တိုင်တည်ဆောက်ရန်ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။

ထိုအရာများနှင့် နှိုင်းယှဉ်ကြည့်လျှင် လျှပ်စစ်ပတ်လမ်းပုံစံက အတော်လေး ရိုးရှင်းနေသေးသည်။

နှမြောစရာကောင်းသည်မှာ သူက နာရီပေါင်းများစွာကြာအောင် မတ်တတ်ရပ်ကြည့်နေခဲ့သော်လည်း သဲလွန်စအနည်းငယ်မျှသာ ရရှိခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်တော့ အာကာသယာဉ်တစ်စင်းလုံး၏ ပင်မလျှပ်စစ်ပတ်လမ်းကြောင်းသည် သူ့လို လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်အတွက် ရှုပ်ထွေးသည်ဟု ဆိုရလောက်အောင် မခက်ခဲလှပေ။

မည်မျှပင် ကြီးမားလှသော စက်ယန္တရားဖြစ်ပါစေ ပင်မပတ်လမ်းကြောင်းမှာ အရှင်းလင်းဆုံးနှင့် အနားလည်ရဆုံး ဖြစ်စမြဲပင်။

ဗိုရှင်းဂြိုဟ်သားတို့၏ အာကာသယာဉ် ပင်မပတ်လမ်းကြောင်းမှာ လူသားတို့၏ စက်ယန္တရားများထက်ပင် ပို၍ ရိုးရှင်းနေသေးသည်။

အဓိကပြဿနာမှာ ဤလျှပ်စစ်ပတ်လမ်းက အလွန်အမင်း ရိုးရှင်းလွန်းနေခြင်းပင်ဖြစ်သည်။

ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာသည် အဆင့်မြင့်ရုံသာမက လူသားတို့နှင့် လုံးဝကွဲပြားခြားနားနေပြီး လုံးဝမတူညီသော စနစ်နှစ်ခုဖြစ်နေသည်။

လူသားများအတွက် သဘာဝကျပြီး အခြေခံကျသော သီအိုရီများစွာသည် ဤနေရာတွင် လုံးဝ အသုံးမဝင်ချေ။

ထို့အပြင် သာမန်အားဖြင့် သတိမထားမိနိုင်သော နေရာများရှိ လျှို့ဝှက်ဆန်းကြယ်သည့် စက်ပစ္စည်းအချို့ကလည်း သူ့ကို ခေါင်းရှုပ်စေခဲ့သည်။

ကမ္ဘာပျက်ကပ်ဘေးအပြီးတွင် ထိပ်တန်းစာရင်းဝင် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးအနေဖြင့် ဤအရာက သေချာပေါက် အဝမ်းနည်းရဆုံး ကိစ္စပင်ဖြစ်သည်။

အကယ်၍ လျှပ်စစ်ပတ်လမ်းကိုပင် နားမလည်နိုင်ဘဲ လျှပ်စစ်စက်ပစ္စည်းများအကြောင်းကိုလည်း မသိထားလျှင် တစ်စုံတစ်ရာ ပျက်စီးသွားသောအခါ မည်သို့ ပြင်ဆင်မည်နည်း။

လူသားများအနေဖြင့် အာကာသယာဉ် ပျံသန်းနေစဉ်အတွင်း မည်သည့်မတော်တဆမှုမျှ မဖြစ်ပွားနိုင်ဟု မျှော်လင့်ထား၍ မရပေ။

အာကာသယာဉ်ကို ကိုယ်တိုင် မတည်ဆောက်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ မည်သို့ပြင်ဆင်ရမည်ကို တတ်မြောက်ထားရန် လိုအပ်သည်။

ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံက သူ့အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။

သူက စိတ်အိုက်သွားဟန်ဖြင့် ခေါင်းကို ကုတ်လိုက်ရင်း "ရှောင်ဟူ... သွားပြီး တံခါးဖွင့်လိုက်ပါဦး" ဟု လှမ်းပြောလိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

ရှောင်ဟူက လက်ထဲရှိအလုပ်များကို အမြန်ချထားလိုက်ပြီး တံခါးဖွင့်ရန် ပြေးသွားလေသည်။

သူက အသစ်ခွဲဝေချထားခံရသော အလုပ်သင်တစ်ဦးဖြစ်သည်။ ဤလျှပ်စစ်ပတ်လမ်း ဓာတ်ခွဲခန်းရှိ သူနှင့်တစ်သုတ်တည်း အလုပ်သင်များထဲတွင် သူမှလွဲ၍ အခြားဆယ့်နှစ်ယောက် ရှိသေးသည်။

ယခုအချိန်တွင် လူသားများ၌ သုတေသနပညာရှင်များ အလွန်ရှားပါးနေပြီး ဓာတ်ခွဲခန်းတိုင်းကလည်း အတိုင်းအတာကို အပြင်းအထန် တိုးချဲ့နေကြသည်။

ထို့ပြင် ရက်အနည်းငယ်ကြာတိုင်း ဓာတ်ခွဲခန်းအသစ်များလည်း ပေါ်ထွက်လာလေ့ရှိသည်။

ထို့ကြောင့် သူတို့လို ဘွဲ့ရကာစ ကျောင်းသားများအတွက် ယှဉ်ပြိုင်မှုမှာ သိပ်မပြင်းထန်လှဟု ဆိုနိုင်သည်။

သို့သော်လည်း လက်ထောက်လျှပ်စစ်အင်ဂျင်နီယာအဖြစ် ရွေးချယ်ခံရပြီး ကံကြမ္မာကို ပြောင်းလဲနိုင်ရန်အတွက် သူက ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များကို ပြသရန် လိုအပ်ပေသည်။

ရှောင်ဟူက တံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရောက်နေသူများမှာ အနီးအနားရှိ ဓာတ်ခွဲခန်းမှ သုတေသီများမဟုတ်ဘဲ အစိုးရဝန်ထမ်း နှစ်ဦးဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။

ဤအချက်ကို ခွဲခြားသိမြင်ရန်မှာ မခက်ခဲလှပေ။ သုတေသီများမှာ အများအားဖြင့် ဓာတ်ခွဲခန်းသုံး ကုတ်အင်္ကျီအဖြူများကို ဝတ်ဆင်လေ့ရှိပြီး အစိုးရဝန်ထမ်းများကမူ ရုံးဝတ်စုံများကို ဝတ်ဆင်လေ့ရှိကြသည်။

လူလုပ် ပိုလီမာပစ္စည်းများ၏ နည်းပညာတိုးတက်လာမှုနှင့် ထုတ်လုပ်နိုင်စွမ်း အဆမတန် မြင့်တက်လာမှုတို့ကြောင့် လူသားများ၏ အဝတ်အစားများမှာလည်း ပုံစံအမျိုးမျိုး ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

လူတိုင်း တိုက်ခိုက်ရေးဝတ်စုံများ ဝတ်ဆင်ရသည့် ခေတ်မဟုတ်တော့ဘဲ အစိုးရဝန်ထမ်းများမှာလည်း ကမ္ဘာမပျက်မီကကဲ့သို့ တရားဝင်ရုံးဝတ်စုံများကို ပြန်လည်ဝတ်ဆင်လာကြပြီ ဖြစ်သည်။

"အင်ဂျင်နီယာဝူ... ဝူကွမ်ဖိန် ရှိပါသလား ခင်ဗျာ"

တံခါးဝမှ အသံကို ကြားလိုက်ရသောအခါ လူလတ်ပိုင်းအမျိုးသားက သံသယဖြင့် လှည့်ကြည့်လိုက်ပြီး "ကျွန်တော်ပါပဲ... ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

"ကျွန်တော်တို့က ဗဟိုထောက်ပံ့ရေးဌာနကပါ... ခင်ဗျားဆီကို ပစ္စည်းတစ်ခု လာပို့တာပါ... လက်မှတ်ထိုးပြီး လက်ခံပေးပါ" ဟု အစိုးရဝန်ထမ်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက သူ၏လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။

ဗဟိုထောက်ပံ့ရေးဌာနဟူသော အမည်ကြောင့် ဝူကွမ်ဖိန်မှာ လန့်ဖျပ်သွားပြီး အနည်းငယ် ကပျာကယာဖြစ်သွားကာ "ဘာ... ဘာပစ္စည်းများလဲ" ဟု မေးလိုက်သည်။

"အရင်ဆုံး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးပါ"

မြို့တော်ဝန် ကိုယ်တိုင် အထူးအလေးထားရသော သုတေသနဌာနတစ်ခု ဖြစ်သည့်အတွက် သာမန်လူများ ရရှိရန်ခက်ခဲသော ခံစားခွင့်အချို့ မကြာခဏ ချပေးလေ့ရှိသည်မှာ သူ့အတွက်တော့ အဆန်းတကြယ် မဟုတ်တော့ပေ။

သို့သော်လည်း ယခုကဲ့သို့ တရားဝင်ဆန်လွန်းနေသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အရင်ကဆိုလျှင် ပစ္စည်းများ လာပို့ပြီးသည်နှင့် ချက်ချင်း ပြန်သွားလေ့ရှိကြသည်။

ဝူကွမ်ဖိန်က စာရွက်စာတမ်းကို သံသယဖြင့် လှမ်းယူလိုက်ပြီး အမြန်ဖတ်ကြည့်လိုက်သည်။ ၎င်းက တရားဝင် ပစ္စည်းလက်ခံလွှာတစ်ခုဖြစ်ပြီး စည်းကမ်းချက်များစွာ ပါဝင်နေသည်။

သို့သော်လည်း သူ၏အမြင်တွင် ထိုအရာများက စာမျက်နှာပြည့်အောင် ရေးထားသည့်အလား ထင်ရသည်။

နောက်ဆုံးအကြောင်းရာတွင် အနီရောင်စာလုံးအမည်းဖြင့် ရေးသားထားသော စာကြောင်းလေးတစ်ခုကသာ သူ၏အာရုံကို ဖမ်းစားသွားခဲ့သည်။

"အပြင်းအထန် သတိပေးချက်... ဆေးရည်သည် နိုင်ငံတော်ပိုင်ပစ္စည်း ဖြစ်သည်... ကာယကံရှင်ကိုယ်တိုင်သာ သောက်သုံးရမည်... မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးမိတ်ဆွေများကို လွှဲပြောင်းပေးကမ်းခြင်း မပြုရ... ချိုးဖောက်ပါက ရာဇဝတ်မှုဖြင့် အရေးယူခံရမည်။"

ထိုစဉ် သူက တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပြီး ရင်ခုန်သံများ မြန်ဆန်လာတော့သည်။

ပြီးခဲ့သည့်အပတ်ကတည်းက စတင်ခဲ့ခြင်းလား မသိသော်လည်း "ဉာဏ်ပညာဆေးရည်" ဟူသော စကားလုံးက စမ်းသပ်ဇုန်အတွင်း၌ ပျံ့နှံ့နေခဲ့ပြီး ကောလာဟလများကလည်း ပို၍ ပို၍ ဆန်းကြယ်လာခဲ့သည်။

အစပိုင်းတွင် သူက ကောလာဟလတစ်ခုမျှသာဟု ထင်မှတ်ခဲ့သော်လည်း သတင်းများက ပိုမိုများပြားလာပြီး အသေးစိတ်ကျလာကာ မည်သည့်ဓာတ်ခွဲခန်းမှ မည်သူက သောက်သုံးခဲ့ရသည်အထိ တိတိကျကျ ထွက်ပေါ်လာသောအခါ သူကိုယ်တိုင်လည်း ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်လာခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ လူတိုင်းက ဓာတ်ခွဲခန်းအဆောက်အအုံ တစ်ခုတည်းတွင် ရှိနေကြသော်လည်း ဤအဆောက်အအုံကြီးမှာ မြို့ငယ်လေးတစ်မြို့စာမျှ ကြီးမားကျယ်ဝန်းလွန်းလှသောကြောင့် ဖြစ်သည်။

ဆက်စပ်နေသော ဓာတ်ခွဲခန်းများ သို့မဟုတ် အထပ်တစ်ခုတည်းရှိ သူများမှလွဲ၍ အချင်းချင်း ထိတွေ့ဆက်ဆံမှုမှာ အလွန်နည်းပါးလှသည်။

"ဒါပေမဲ့ အခုအခြေအနေကို ကြည့်ရတာ... တကယ်ပဲ ဉာဏ်ပညာဆေးရည် ဆိုတာ ရှိနေတာလား"

ဝူကွမ်ဖိန်က စိတ်ထဲမှ တွေးလိုက်ရင်း စာရွက်ပေါ်တွင် လျင်မြန်စွာ လက်မှတ်ထိုးပေးလိုက်သည်။

"ခင်ဗျားရဲ့ အနားယူခန်းကို လိုက်ပြပေးပါလား" ဟု အစိုးရဝန်ထမ်းက စာရွက်စာတမ်းကို ပြန်သိမ်းရင်း ပြောလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါ"

ဝူကွမ်ဖိန်က စိတ်လှုပ်ရှားစွာဖြင့် ကပျာကယာ ပြန်ဖြေလိုက်သည်။

ဓာတ်ခွဲခန်း သုတေသီတစ်ယောက်အနေဖြင့် အိပ်ချိန်စားချိန် မမှန်ခြင်းမှာ အလွန်သာမန်ကိစ္စတစ်ခု ဖြစ်သည်။

တချို့သော အချိန်များတွင် သုတေသနလုပ်ငန်းတစ်ခု အောင်မြင်လုနီးပါး ဖြစ်နေပါက အိမ်မပြန်ဘဲ ရက်ပေါင်းများစွာ နေလေ့ရှိကြသည်။

ထို့ကြောင့် ဓာတ်ခွဲခန်းတိုင်းတွင် အနားယူခန်းများမှာ မရှိမဖြစ် ပါဝင်လေ့ရှိသည်။

ထို့နောက် သူတို့သုံးယောက်လုံး အနားယူခန်းဆီသို့ ရောက်ရှိသွားကြသည်။

"အားနာပါတယ်ဗျာ... အရင်တုန်းက မမျှော်လင့်ထားတဲ့ ကိစ္စတချို့ ဖြစ်ခဲ့ဖူးလို့ပါ... သုတေသီ တော်တော်များများက ဆေးရည်ကို အိမ်ပြန်ယူသွားပြီး သူတို့ရဲ့ သားသမီးတွေ ဆွေမျိုးတွေကို တိုက်ခဲ့ကြတယ်လေ"

"အဲဒါကြောင့် နိုင်ငံတော်ပိုင် အရင်းအမြစ်တွေ အများကြီး ပြုန်းတီးသွားခဲ့ရတယ်... ဒါကြောင့် အခု နောက်ဆုံးထုတ်ပြန်ထားတဲ့ စည်းမျဉ်းအရ ဆေးရည်ကို အခုချက်ချင်း သောက်ပြရပါမယ်"

အစိုးရဝန်ထမ်းက ပြောရင်း သူ၏လုံခြုံရေးသေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာအတွင်း၌ ခရမ်းရောင်အရည်များ ထည့်ထားသော လေလုံဖန်ပြွန်များကို စီရီစွာ တွေ့လိုက်ရသည်။

"ရပါတယ်... ပြဿနာမရှိပါဘူး"

ဝူကွမ်ဖိန်က လက်ခါပြလိုက်သည်။ ထိုအချိန်တွင် သူ၏အကြည့်များက ဆေးရည်များဆီသို့ လုံးဝ ရောက်ရှိနေပြီ ဖြစ်သည်။

"ဒါက... ဉာဏ်ပညာဆေးရည်လား"

"ခင်ဗျား ထင်တာ မှန်ပါတယ်... လောလောဆယ်တော့ ဒီဆေးရည် ထုတ်လုပ်နိုင်မှုက ကန့်သတ်ချက်ရှိနေသေးတော့ လူတိုင်းကို မပေးနိုင်သေးဘူး... အရေးကြီးတဲ့ သုတေသနပညာရှင် တချို့ကိုပဲ ရွေးချယ်ပြီး တိုက်နေရတာပါ"

အစိုးရဝန်ထမ်းက ဖန်ပြွန်တစ်ခုကို ကမ်းပေးလိုက်ရင်း "ကုတင်ပေါ်မှာ လှဲနေပေးပါ... ပြီးရင် ဆေးကို သောက်လိုက်ရုံပါပဲ... နောက်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားပါ... မထားနိုင်လည်း ပြဿနာတော့ မရှိပါဘူး... မစိုးရိမ်ပါနဲ့... ဒါက အရမ်းကို ဘေးကင်းစိတ်ချရပါတယ်"

ဤဉာဏ်ပညာဆေးရည်မှာ လူသားများ ဖန်တီးထားသော အရာမဟုတ်ဘဲ ဉာဏ်ပညာသစ်ပင်မှ ရိတ်သိမ်းရရှိသော အသီးအပွင့်များသာ ဖြစ်သည်။

ဆေးရည်အဖြစ် ဖန်တီးရခြင်း၏ အကြောင်းရင်းမှာ ဉာဏ်ပညာနှလုံးသား၏ ပုံသဏ္ဌာန်က ကြည့်ရဆိုးလွန်းခြင်းကြောင့် တစ်ကြောင်း၊ ဆေးစွမ်းပြင်းလွန်းသဖြင့် အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် တစ်ကြောင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အရွယ်ရောက်နေသော အဆင့်(၈) ဉာဏ်ပညာသစ်ပင်သည် ယခင်က လော်ယွမ် ရရှိခဲ့ဖူးသည့် မဖွံ့ဖြိုးသေးသော သစ်ပင်နှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။

ဆေးရည်အဖြစ် ဖော်စပ်လိုက်ပြီးနောက် ဉာဏ်ပညာနှလုံးသား တစ်လုံးကို လူနှစ်ယောက် အသုံးပြုနိုင်ပေသည်။

ဝူကွမ်ဖိန်က ဖန်ပြွန်ကို လှမ်းယူလိုက်ပြီး အဆို့ရှင်ကို ဖွင့်လိုက်သောအခါ ခါးသက်သက်အနံ့တစ်မျိုးက သူ၏နှာခေါင်းထဲသို့ တန်းခနဲ ဝင်ရောက်သွားသည်။

သူက စိတ်ထဲတွင် အနည်းငယ် တုံ့ဆိုင်းသွားပြီး "တစ်ကျိုက်တည်း မော့သောက်လိုက်ရမှာလား" ဟု ထပ်မံအတည်ပြုလိုက်သည်။

အစိုးရဝန်ထမ်း နှစ်ဦးက ဘာမှပြန်မပြောဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်ကြသည်။

ဤလူနှစ်ယောက်က သူ့ကို ဒုက္ခပေးလိမ့်မည် မဟုတ်ဟု ဝူကွမ်ဖိန်က တွေးလိုက်သည်။

ထို့ပြင် သူကဲ့သို့ ရက်ပေါင်းများစွာ ရေမချိုးရသေးသော ဖရိုဖရဲ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဆီမှ ဘာများ လိုချင်စရာရှိမည်နည်း။

ထို့ကြောင့် သူက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ မျက်စိစုံမှိတ်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ပါးစပ်တစ်ခုလုံး ခါးသက်သွားသည့်အပြင် ဗိုက်ထဲတွင်ပါ ရုတ်တရက် ပြည့်အင့်သွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် သူ၏အစာအိမ်တစ်ခုလုံး မီးစွဲလောင်နေသကဲ့သို့ ပူလောင်လာခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် ထိုပူလောင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး အရေပြားများမှာလည်း နီရဲလာတော့သည်။

ဉာဏ်ပညာနှလုံးသားသည် ဉာဏ်ပညာသစ်ပင်တစ်ပင်လုံး၏ အဆီအနှစ်ဖြစ်သည်။

ဦးနှောက်ကို ဆင့်ကဲပြောင်းလဲစေနိုင်ရုံသာမက အလွန်ကြွယ်ဝသော သက်ဝင်လှုပ်ရှားစွမ်းအင်များလည်း ပါဝင်နေသည်။

ထိုစွမ်းအင်များက လော်ယွမ်အတွက်မူ အာနိသင် သိပ်မပြနိုင်ဘဲ ထူးခြားမှုကို ခံစားရမည်မဟုတ်သော်လည်း သာမန်လူတစ်ယောက်အတွက်မူ ဘက်စုံပြောင်းလဲမှုကြီး တစ်ရပ်နှင့် အလားသဏ္ဌာန်တူပေသည်။

သေချာပေါက် အကြီးမားဆုံးသော အပြောင်းအလဲက သူ၏ဦးနှောက်ပင် ဖြစ်သည်။

သို့သော် ထိုဖြစ်စဉ်ကတော့ လုံးဝ သာယာလှပမည် မဟုတ်ပေ။

ဆယ်မိနစ်ကျော် ကြာပြီးနောက် ဆေးအာနိသင်များ ပြယ်သွားသောအခါ သူက ငရဲပြည်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင်မူ သူက ရုတ်တရက် ကြက်သေ သေသွားတော့သည်။

သူ၏ဘဝတစ်လျှောက်လုံးရှိ မှတ်ဉာဏ်များက အချိန်တိုအတွင်း သူ၏ခေါင်းထဲ၌ လျင်မြန်စွာ ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။

သူ၏အတွေးအခေါ်များက ယခင်ကထက် ပိုမို ကြည်လင်ပြတ်သားပြီး လျင်မြန်လာသည်ဟု ခံစားရသည်။

မဟုတ်သေး... လျင်မြန်သည်ဟု ဆိုရုံဖြင့် မလုံလောက်ပေ။ လျှပ်စီးကြောင်းတစ်ခုအလား မြန်ဆန်လွန်းလှသည်။

ယခင်က သုတေသနလုပ်ငန်းများတွင် ကြုံတွေ့ခဲ့ရသော ရှုပ်ထွေးမှုများစွာသည် ရုတ်တရက် ရှင်းလင်းပြတ်သားသွားခဲ့ပြီး အရာအားလုံးက သဘာဝကျစွာ လွယ်ကူရိုးရှင်းသွားသကဲ့သို့ ဖြစ်သွားသည်။

အချို့သော အခက်အခဲများကို ချက်ချင်း မဖြေရှင်းနိုင်လျှင်တောင်မှ သူ၏ခေါင်းထဲတွင် စိတ်ကူးဉာဏ်များက စမ်းရေပေါက်ကဲ့သို့ အဆက်မပြတ် စီးဆင်းလာခဲ့သည်။

ထို့ပြင် သူ၏မျက်နှာမှာလည်း နီမြန်းရွှန်းစိုနေပြီး မျက်လုံးထောင့်ရှိ အရေတွန့်များမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

တစ်မုဟုတ်ချင်းမှာပင် ဆယ်နှစ်ခန့် နုပျိုသွားသကဲ့သို့ ဖြစ်သွားကာ လူလတ်ပိုင်းအရွယ်မှ လူရွယ်တစ်ယောက်အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

ဝူကွမ်ဖိန်က အစိုးရဝန်ထမ်း နှစ်ဦးကို လှည့်ကြည့်လိုက်သည်။

သူ၏မျက်လုံးများက အရောင်လက်နေသကဲ့သို့ ဖြစ်နေပြီး သူ၏တစ်ကိုယ်လုံးတွင် စကားဖြင့် ဖော်ပြ၍မရနိုင်သော ယုံကြည်မှုများ ပြည့်နှက်နေကာ အထက်စီးမှ နတ်ဘုရားတစ်ပါးအလား ဖြစ်နေတော့သည်။

ဆယ်မိနစ်ကျော်မျှ တိုတောင်းသော အချိန်လေးအတွင်းမှာပင် လူတစ်ယောက် လုံးဝ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါက တကယ့်ကို ပါရမီရှင်တွေအတွက် ဆေးရည်ပဲ... ခင်ဗျားတို့နှစ်ယောက်မှာ တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော် အလုပ်ဆက်လုပ်လိုက်ပါဦးမယ်"

ဆက်ရန်...

All Chapters