← Chapters

အခန်း (၄၉၃-၄၉၄)

Vol. 25 Ch. 493-494

အခန်း (၄၉၃-၄၉၄)

Vol. 25 Ch. 493-494

အပိုင်း(၄၉၃) နည်းပညာ ပေါက်ကွဲတိုးတက်မှု (၁)

"မြို့တော်ဝန်... အခုဆိုရင် ဉာဏ်ပညာနှလုံးသား ထွက်ရှိမှုက တည်ငြိမ်လုနီးပါး ဖြစ်နေပါပြီ... ကျွန်တော်တို့ အပင်ရဲ့ ရင့်မှည့်ချိန်ကိုလည်း အကြမ်းဖျင်း တွက်ချက်ထားပြီးပါပြီ... ပျိုးပင်ပေါက်ကနေ ရင့်မှည့်ဖို့အတွက် သုံးလနဲ့ ဆယ်ရက် ကြာမြင့်ပါတယ်... အသစ်စိုက်ပျိုးထားတဲ့ ငါးဆယ့်သုံးပင်ကတော့ နောက်ထပ် ဆယ်ရက်လောက်နေရင် ရိတ်သိမ်းလို့ ရပါပြီ"

ဉာဏ်ပညာသစ်ပင် စိုက်ပျိုးရေးစခန်း၏ တာဝန်ခံတစ်ဦးက လော်ယွမ်၏ဘေးတွင် ရပ်ကာ ရိုသေကျိုးနွံစွာဖြင့် ပြောလာသည်။

"အခု လက်ရှိ ဘယ်နှစ်ပင်လောက် စိုက်ထားပြီးပြီလဲ" လော်ယွမ်က မေးလိုက်သည်။

"၂၆၇ ပင်ပါ... ဒါက အများဆုံး ပမာဏပါပဲ... ဒီထက် ပိုများလာရင်တော့ ရင့်မှည့်ချိန်က ပိုကြာသွားပါလိမ့်မယ်"

အပင် ၂၆၇ ပင်ဆိုသည်မှာ နည်းပါးလှသော်လည်း ဤဉာဏ်ပညာသစ်ပင်များသည် အဆင့်(၈) အပင်များ ဖြစ်ကြသည်။

ထို့ပြင် ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားသော သဘာဝအရ တက်ကြွစွမ်းအင် လိုအပ်ချက်မှာလည်း သာမန် အဆင့်(၈) သက်ရှိများထက် များစွာ ပိုမိုများပြားလှသည်။

ဉာဏ်ပညာသစ်ပင် ၂၆၇ ပင်အား သုံးလဝန်းကျင်အတွင်း ရင့်မှည့်လာစေရန်အတွက် လိုအပ်သော တက်ကြွစွမ်းအင် ပမာဏမှာ အလွန်ပင် အံ့မခန်း ဖြစ်ပေသည်။

လော်ယွမ်က သဘောတူခြင်း၊ မတူခြင်းကို အတိအကျ မပြဘဲ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့ဘက်ရှိ လုံခြုံရေး အထူးချထားသော အဆောက်အအုံကြီးဆီသို့ ခပ်သုတ်သုတ် လျှောက်သွားရာ အနောက်မှ လူတစ်စုကလည်း အမြန်လိုက်ပါလာကြသည်။

စွမ်းအင်ဗဟိုချက်မှ ထုတ်လွှတ်သော တက်ကြွစွမ်းအင်များသည် ဉာဏ်ပညာသစ်ပင် ကြီးထွားမှုအတွက် အထောက်အကူပြုကြောင်း တွေ့ရှိပြီးနောက်ပိုင်းတွင်၊ လော်ယွမ်က ဉာဏ်ပညာသစ်ပင် စိုက်ပျိုးမှု ပမာဏကို ချက်ချင်းပင် တိုးချဲ့ခဲ့သည်။

ထို့ကြောင့် သူသည် အသုံးမပြုဘဲ အားလပ်နေသော အဆောက်အအုံတစ်လုံးကို အထူးတလည် အသုံးပြုကာ ပြုပြင်မွမ်းမံမှုများနှင့် ကြံ့ခိုင်ရေးလုပ်ငန်းများကို လုပ်ဆောင်စေခဲ့သည်။

ရင့်မှည့်နေသော ဉာဏ်ပညာသစ်ပင်များသည် အခြားသော သန္ဓေပြောင်းအပင်များနှင့် နှိုင်းယှဉ်လျှင် သဘာဝအရ အတော်လေး ပုသော်လည်း အမြင့်ပေ ရာဂဏန်း ဝန်းကျင်ခန့် ရှိပေသည်။

အထပ်တစ်ထပ်လျှင် အမြင့် ၁၀ ပေခန့်သာရှိသော အဆောက်အအုံမှာ ၎င်းတို့၏ ပုံမှန်ကြီးထွားမှုကို ထောက်ပံ့ပေးရန် လုံးဝ မဖြစ်နိုင်ချေ။

ကံကောင်းထောက်မစွာဖြင့် အဆိုပါ အဆောက်အအုံကြီးကို အလွယ်တကူ ဖြုတ်တပ်နိုင်သော စနစ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ တည်ဆောက်ရ လွယ်ကူသကဲ့သို့ ပြန်လည်ဖြုတ်ချရန်လည်း လွယ်ကူလှသည်။

ပြုပြင်မွမ်းမံပြီးနောက် အထပ် ခုနစ်ဆယ်ရှိသော အဆောက်အအုံကြီးမှာ လေးထပ်သာ ကျန်ရှိတော့သည်။

အထပ်တစ်ထပ်စီတိုင်း၏ နေရာလွတ် အမြင့်မှာ ပေ ၁၆၀ ခန့်စီ ရှိကြပြီး အတွင်းဘက်တွင် သတ္တုတိုင်လုံးကြီးများက စီတန်းလျက် ရှိသည်။

ထို့အပြင် တစ်ပင်နှင့်တစ်ပင် ကပ်လျက် ပေါက်ရောက်နေကြသော ဉာဏ်ပညာသစ်ပင်များ၊ သန်မာတုတ်ခိုင်သော သစ်ပင်ပင်စည်များ၊ စိမ်းလန်းစိုပြည်နေသော သစ်ရွက်များကြောင့် ထိုနေရာတွင် လမ်းလျှောက်နေရသည်မှာ သစ်တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားရကာ စိတ်အစဉ်ကို လန်းဆန်းတက်ကြွသွားစေသည်။

လော်ယွမ်က တစ်ထပ်ပြီးတစ်ထပ် ကြည့်ရှုလာခဲ့ရာ မကြာမီမှာပင် အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားသည်။

အောက်ဘက်ရှိ အထပ်သုံးထပ်နှင့် ယှဉ်လိုက်ပါက ဤနေရာတွင် ဉာဏ်ပညာသစ်ပင် သိပ်မရှိဘဲ ဟိုတစ်ပင် ဒီတစ်ပင်သာ ရှိပြီး နေရာအများစုမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။

မလှမ်းမကမ်းတွင် ကျည်အပြည့်ဖြည့်ထားသော သေနတ်များကိုင်ဆောင်ထားသည့် အစောင့်တပ်ဖွဲ့တစ်ဖွဲ့က ရေသိုလှောင်ကန်နှင့်တူသော ခဲသတ္တုဖြင့် ပြုလုပ်ထားသည့် ဧရာမ သတ္တုစည်ကြီးတစ်ခုကို အထူးစောင့်ကြပ်နေကြရာ အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။

ထိုသတ္တုစည်ကြီးမှာ အမြင့်ပေ ၃၀ ခန့်နှင့် အချင်း ၁၆ ပေနီးပါးခန့် ရှိသည်။ ၎င်း၏ မျက်နှာပြင်တွင် ပိုက်လုံးအမြောက်အမြားကို ပင့်ကူအိမ်သဏ္ဌာန် အရပ်မျက်နှာ အသီးသီးသို့ သွယ်တန်း ဆက်သွယ်ထားပေသည်။

ထိုအထဲတွင် စွမ်းအင်ဗဟိုချက်ကို ထည့်သွင်းထားပြီး ၎င်းသည် တစ်ခုလုံးသော ဉာဏ်ပညာသစ်ပင် စိုက်ပျိုးရေးစခန်း၏ အရေးကြီးဆုံးသော အဓိက အစိတ်အပိုင်းလည်း ဖြစ်သည်။

စွမ်းအင်ဗဟိုချက်သာ မရှိပါက ဤစိုက်ပျိုးရေးစခန်းသည်လည်း အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။

"တက်ကြွစွမ်းအင်ကို ချွေတာနိုင်ဖို့အတွက် ကျွန်တော်တို့က အပင်တွေရဲ့ အမြစ်ဆီကို တိုက်ရိုက်ရောက်ရှိနိုင်တဲ့ ပို့ဆောင်ရေးပိုက်လိုင်းတွေကို အထူးဒီဇိုင်းဆွဲထားပါတယ်"

"ပြီးတော့ သိပ္ပံနည်းကျ စီမံခန့်ခွဲမှုတွေကိုလည်း လုပ်ဆောင်ထားတဲ့အတွက် တက်ကြွစွမ်းအင် အစက်တိုင်းကို အမြင့်ဆုံး အသုံးချနိုင်ရုံသာမက မတော်တဆမှု ဖြစ်တာတွေကိုပါ အများကြီး လျှော့ချနိုင်ခဲ့ပါတယ်"

"အခုအချိန်အထိဆိုရင် မတော်တဆမှု ကင်းရှင်းတဲ့ မှတ်တမ်းက ၂၁ ရက်အထိ ရှိလာခဲ့ပါပြီ"

"ကောင်းတယ်... မင်းတို့တော်တယ်"

လော်ယွမ်က နောက်ဆုံးတွင်တော့ ချီးကျူးစကား ဆိုလိုက်သည်။

လော်ယွမ်ထံမှ ရခဲလှသော ချီးကျူးစကားကို ကြားလိုက်ရသောအခါ တာဝန်ခံဖြစ်သူ၏ ရင်ထဲတွင်လည်း သက်ပြင်းချနိုင်သွားတော့သည်။

ဤဉာဏ်ပညာသစ်ပင် စိုက်ပျိုးရေးစခန်းကို တည်ဆောက်ရန်အတွက် ပေးဆပ်ခဲ့ရသော အရင်းအနှီးများမှာ နည်းပါးလှသည်မဟုတ်ပေ။

အထူးသဖြင့် ကနဦးကာလများတွင် ဝန်ထမ်းအတော်များများက ဗဟုသုတ နည်းပါးမှုကြောင့် ဉာဏ်ပညာသစ်ပင်များကို သွားရောက်နှိုးဆွမိကာ အသက်ဆုံးရှုံးခဲ့ရသည်။

ရိတ်သိမ်းချိန်တွင်မူ မတော်တဆမှုကြောင့် သေဆုံးရသူ အရေအတွက်မှာ ပို၍ပင် များပြားလှသည်။

တိုတောင်းလှသော လေးလကျော် ကာလအတွင်းမှာပင် လူပေါင်း သုံးဆယ့်နှစ်ယောက်ခန့် အသက်စွန့်ခဲ့ရပြီး ဖြစ်သည်။

ကံကောင်းသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်လာနိုင်ခြင်း၊ အထူးသဖြင့် ရိတ်သိမ်းရာတွင် အထူးပြုလုပ်ထားသော လေဆာဖြတ်စက်များကို အသုံးပြုလာနိုင်ခြင်းတို့ကြောင့် သေဆုံးသူ အရေအတွက်မှာ သိသိသာသာ လျော့ကျသွားခဲ့ပြီး ယခုအခါတွင် မတော်တဆမှုများ ဖြစ်ပွားခြင်းမှာ အလွန်ပင် ရှားပါးသွားပြီ ဖြစ်သည်။

……

စစ်ဆေးမှု မပြီးဆုံးမီ လော်ယွမ်က ထိုဉာဏ်ပညာသစ်ပင်များကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင် လှိုင်းလုံးများပမာ လှုပ်ရှားသွားသည်။

ယခုအခါ ဤဉာဏ်ပညာသစ်ပင် စိုက်ပျိုးရေးစခန်းသည် လူသားတို့၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသော တွန်းအားပေးစက်ကြီးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

စိုက်ပျိုးရေးစခန်း တစ်ခုလုံးသည် တစ်နှစ်လျှင် ဉာဏ်ပညာနှလုံးသား တစ်ထောင်ခန့်ကို ထောက်ပံ့ပေးနိုင်ပြီး ဆေးရည်အဖြစ် ဖော်စပ်လိုက်ပါက လူပေါင်း နှစ်ထောင်ခန့် သောက်သုံးနိုင်မည် ဖြစ်သည်။

ယခုလက်ရှိ လူသားတို့၏ သိပ္ပံသုတေသနပညာရှင် တစ်သိန်းကျော် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ထိုပမာဏမှာ သနားစရာကောင်းလောက်အောင် နည်းပါးနေသည်။

လူတိုင်းကို ဖြန့်ဝေပေးရန် မဆိုထားနှင့်၊ သုတေသနပညာရှင် အားလုံးကို တစ်ယောက်တစ်ပုလင်းစီ ဝေငှပေးနိုင်ရန်ပင် ဝေးကွာလွန်းလှပေသည်။

သို့သော် ထိုမျှလောက် နည်းပါးသော အရေအတွက်လေးကပင် လူသားတို့၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တွန်းအားပေးနိုင်စွမ်းမှာ စိတ်ကူးယဉ်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။

အချိန်တိုတောင်းသေးသော်လည်း ပထမဆုံးအသုတ် ဉာဏ်ပညာဆေးရည်ကို သောက်သုံးခဲ့သည့် အချိန်မှစ၍ ယခုအထိ ဆယ်ရက်ကျော်ခန့်သာ ကြာမြင့်သေးသော်လည်း၊ ထိုဆယ်ရက်ကျော် ကာလတိုလေးအတွင်းမှာပင် လူသားတို့၏ နည်းပညာမှာ ပေါက်ကွဲထွက်မတတ် အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ပေါ်ထွက်လာသော ရလဒ်များမှာ ယခင် သုံးလတာကာလအတွင်း ရရှိခဲ့သော ရလဒ်များအားလုံး ပေါင်းထားသည်ထက်ပင် သာလွန်နေခဲ့သည်။

ယခုရက်ပိုင်းအတွင်းမှာပင် ဗိုရှင်းဂြိုဟ်သားတို့၏ စက်ရုံ သုံးဆယ်ကျော်ခန့်ကို ပြန်လည် စတင်လည်ပတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ပထမမျိုးဆက် လက်တွေ့အသုံးပြုနိုင်မည့် ကွမ်တမ်ကွန်ပျူတာကိုလည်း တရားဝင် ပုံစံထုတ်နိုင်ခဲ့ပြီး အရေအတွက် အနည်းငယ် စတင်ထုတ်လုပ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ဤသည်မှာ အချိန်တိုတောင်းလွန်းသေးသည့်အပြင် ပထမဆုံး သောက်သုံးခွင့်ရသူ အရေအတွက်မှာလည်း လူတစ်ရာကျော်ခန့်သာ ရှိသေးခြင်းကြောင့် ရရှိလာသော ရလဒ်မျှသာ ဖြစ်သည်။

ဤထက် ပိုမိုကြီးမားသော အလားအလာများစွာမှာ ပေါ်ထွက်လာရန် အလှမ်းဝေးနေသေးသည်။

လုပ်ငန်းနယ်ပယ် အများစုတွင် လူတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လတို့က မွေးရာပါ ပါရမီ နည်းပါးမှုကို အစားထိုးနိုင်သော်လည်း သိပ္ပံသုတေသန နယ်ပယ်တွင်မူ ထိုသို့ လုံးဝ မဖြစ်နိုင်ချေ။

သုတေသနပညာရှင် အများစုမှာ တစ်သက်လုံး အလုပ်လုပ်သွားသော်လည်း ထူးခြားသော အောင်မြင်မှုများ မရရှိခဲ့ကြပေ။

သာမန် သုတေသနပညာရှင် တစ်ဦးနှင့် ကြီးကျယ်ခမ်းနားသော သိပ္ပံပညာရှင်ကြီး တစ်ဦးတို့ကြားရှိ ကွာဟချက်မှာ မူလတန်းကျောင်းသားနှင့် တက္ကသိုလ်ကျောင်းသားတို့ကြားရှိ ကွာဟချက်ထက်ပင် ပိုမို ကြီးမားလှသည်။

ထို့အပြင် လူသားတို့၏ နည်းပညာ တိုးတက်လာသည်နှင့်အမျှ၊ အထူးသဖြင့် နှစ်ဆယ်ရာစုကို ကျော်လွန်လာပြီးနောက်တွင် လူသားတို့ ရရှိလာသော အသိပညာများမှာ ပိုမိုများပြားလာပြီး ပိုမိုနက်ရှိုင်းလာကာ ဘာသာရပ်ခွဲများမှာလည်း ပိုမို သေးငယ်စိတ်ဖြာလာခဲ့သည်။

ယခင်ကကဲ့သို့ နယ်ပယ်များစွာကို ကျွမ်းကျင်ပိုင်နိုင်သော ပညာရှင်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လူအများစုမှာ တစ်သက်လုံး သီးသန့် ဘာသာရပ်တစ်ခုထဲတွင်သာ အချိန်ကုန်ဆုံးသွားကြပြီး ဘာသာရပ်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံကို ကျွမ်းကျင်သော သုတေသနပညာရှင်များမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ပိုမို ကျွမ်းကျင်မှု ရှိစေရန်အတွက် မဟုတ်ဘဲ ခွန်အားစိုက်ထုတ်မှု မလုံလောက်ခြင်းနှင့် အသိပညာများ များပြားလွန်းလှသဖြင့် အကုန်အစင် မသင်ယူနိုင်ခြင်းကြောင့်သာ ဖြစ်သည်။

အထူးသဖြင့် လူသားတို့က ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို ဖော်ထုတ်ရာတွင် အသိပညာ အသစ်အဟောင်း ပြောင်းလဲမှုမှာ ပိုမို၍ပင် မြန်ဆန်ပြင်းထန်လှသည်။

ရက်အနည်းငယ် ကြာတိုင်း ရလဒ်အသစ်များ ထွက်ပေါ်လာတတ်ပြီး တစ်လခြားတိုင်း သီအိုရီအသစ်များ ထပ်တိုးလာခြင်း သို့မဟုတ် ယခင်သီအိုရီများကို ချေဖျက်ပစ်ခြင်းများ ဖြစ်ပေါ်လာတတ်သည်။

ယနေ့ သင်ယူထားသော အသိပညာများသည် တစ်လခန့်အကြာတွင် ခေတ်နောက်ကျသွားနိုင်ပြီး အသစ်ပြန်လည် သင်ယူရန် လိုအပ်လာပေမည်။

အသိပညာ အသစ်အဟောင်း ပြောင်းလဲမှု အမြန်နှုန်းမှာ သင်ယူနိုင်စွမ်းထက်ပင် ကျော်လွန်နေပေသည်။

ဤသို့ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသော နည်းပညာ အဟုန်အောက်တွင် သုတေသနလုပ်ငန်းများအတွက် ဉာဏ်ရည်ဉာဏ်သွေး လိုအပ်ချက်မှာလည်း ပိုမို မြင့်မားလာခဲ့သည်။

လျင်မြန်စွာ သင်ယူနိုင်စွမ်း မရှိခြင်း၊ အသိပညာနှင့် အယူအဆသစ်များကို နားမလည်နိုင်ခြင်းတို့ကြောင့် သုတေသနလုပ်ငန်းများနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရန် ခက်ခဲလာခဲ့သည်။

တကယ်တမ်းတွင်လည်း သုတေသနပညာရှင် အများစုမှာ ထိုကဲ့သို့သော အခြေအနေမျိုးကို အမီမလိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

အကယ်၍ ဤအခြေအနေအတိုင်းသာ ဆက်သွားနေမည်ဆိုပါက လူသားတို့၏ နည်းပညာ တိုးတက်မှုမှာ တဖြည်းဖြည်း နှေးကွေးသွားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် လူသားတို့၏ သုတေသနပညာရှင် အရေအတွက်မှာ သနားစရာကောင်းလောက်အောင် နည်းပါးလွန်းလှသောကြောင့် ဖြစ်သည်။

ထိုမျှလောက် အရေအတွက်လေးဖြင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်ခံရန်ပင် ခက်ခဲနေသေးသည်။ ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို စတင်ထိတွေ့စဉ်က ခေတ္တမျှ ပေါက်ကွဲတိုးတက်လာခဲ့ခြင်းမှလွဲ၍ နောက်ပိုင်းတွင်မူ အရှိန်အဟုန် ကျဆင်းသွားမည်သာ ဖြစ်ပေသည်။

သို့သော် ဉာဏ်ပညာဆေးရည် ပေါ်ထွက်လာခြင်းက အချိန်ကိုက်ပင် ဖြစ်သည်။ ၎င်းက လူသားတို့၏ ဉာဏ်ပညာကို လူသားတို့၏ အကန့်အသတ်ထက် ကျော်လွန်ကာ မြင့်မားလာစေသည်။

မြင့်မားလှသော သင်ယူနိုင်စွမ်းနှင့် လျှပ်စီးကဲ့သို့ လျင်မြန်ထက်မြက်သော တွေးခေါ်နိုင်စွမ်းတို့ကြောင့် မည်မျှပင် သာမန်ဖြစ်နေသော သုတေသနပညာရှင်ဖြစ်ပါစေ ထူးခြားသူများ ဖြစ်လာကြတော့သည်။

တစ်နည်းအားဖြင့် ဆိုရလျှင် လူတိုင်းနီးပါးသည် ထူးချွန်သော သိပ္ပံပညာရှင်ကြီးများ ဖြစ်လာနိုင်ပြီး ထူးချွန်သော သိပ္ပံပညာရှင်ကြီးများ ဖြစ်လာနိုင်သည့် အလားအလာများကိုလည်း ပိုင်ဆိုင်ထားကြပြီဟု ဆိုနိုင်ပေသည်။

၎င်းက ယနေ့ခေတ် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လေဟာနယ်ထဲမှနေ၍ အားကောင်းသော တွန်းအားပေးစက်ကြီးတစ်ခုကို ပေါင်းထည့်ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

…………

အေးစက်သော လေပြင်းများက မြေပြင်ပေါ်မှ ဖြတ်သန်းတိုက်ခတ်နေသည်။ အင်ဂျင်နီယာကုမ္ပဏီမှ လူများက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို သယ်ဆောင်ကာ ယာဉ်ပျံဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြသည်။

တစ်နေ့တာ အလုပ်များကတော့ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချွေ့ဝေ့ချွမ်က သူ၏ လက်အောက်ရှိ အဖွဲ့ခေါင်းဆောင်များကို အဖွဲ့၏ ကိရိယာတန်ဆာပလာများကို စာရင်းစစ်ဆေးရန်နှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အထက်သို့ အစီရင်ခံရန် ညွှန်ကြားလိုက်သည်။

ထို့နောက်တွင်တော့ သူသည် နေရာတွင် ဖင်ထိုင်ချလိုက်ကာ ဦးထုပ်ကို ချွတ်၍ တဟဲဟဲ အသက်ရှူနေမိသည်။ ထမင်းစားချင်စိတ်ပင် မရှိတော့ချေ။

တစ်နေ့ကုန် အလုပ်လုပ်ခဲ့ရသော်လည်း ခန္ဓာကိုယ်က သိပ်မပင်ပန်းလှပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်သည် ယခင်ကနှင့် မတူတော့သောကြောင့် ဖြစ်သည်။

ယခုအခါ အင်ဂျင်နီယာကုမ္ပဏီ တစ်ခုလုံးတွင် အင်ဂျင်နီယာသုံး ယာဉ်များ ထောင်ချီရှိနေပြီး အခြားသော စက်ကိရိယာများမှာလည်း မရေမတွက်နိုင်အောင် များပြားလှသည်။

ယခင် ရေခဲတူးဖော်စဉ်ကကဲ့သို့ ခွန်အားသက်သက်ကို အသုံးပြုရသော အလုပ်မျိုး မဟုတ်တော့ချေ။

သို့သော် ဧရာမ သားရဲကြီးနှင့် နီးကပ်သွားသောအခါ အသက်ရှူမဝတော့သကဲ့သို့ ဖိနှိပ်ခံထားရသော ခံစားချက်က သူ့ကို စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းနွမ်းနယ်စေသည်။

ဤသည်မှာ အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ထား၍သာ တော်သေးသည်။ အကယ်၍ မဝတ်ဆင်ထားပါက ယခင်က ကြားခဲ့ဖူးသော ကောလဟာလများအတိုင်း သတိလစ် မေ့မြောသွားနိုင်ပေသည်။

"ဧရာမ သားရဲကြီးရဲ့ ကျောပေါ်မှာ အလုပ်လုပ်နေရတဲ့ လူတွေ ဘယ်လိုများ ခံစားနေရမလဲဆိုတာ... တကယ်ကို မသိနိုင်တော့ဘူး"

ထိုသို့ တွေးလိုက်မိသောအခါ ချွေ့ဝေ့ချွမ်၏ ရင်ထဲတွင် ချက်ချင်းပင် ပေါ့ပါးသွားတော့သည်။

သူတို့တပ်ခွဲ မဲနှိုက်ရရှိသော နေရာမှာ မဆိုးလှပေ။ ဧရာမ သားရဲကြီး၏ ခြေထောက်ပေါ်ရှိ ခရမ်းရောင် ဆူးတောင်များကို ဖြတ်တောက်ရန် တာဝန်ယူရခြင်း ဖြစ်သည်။

ဆူးတောင်ဟု ဆိုသော်လည်း တကယ်တမ်းတွင် တစ်ချောင်းစီတိုင်းက အလျား ပေ ၂၀ ကျော်ခန့်ရှည်ပြီး အလုံးအပတ်မှာ ၁၃ ပေခန့် ရှိသည်။

အပေါ်တွင် သေးငယ်သော အကြေးခွံများ ပြည့်နှက်နေပြီး ခပ်မှိန်မှိန် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေကာ ကြည့်လိုက်ရုံဖြင့် ကြက်သီးထစရာ ကောင်းလှသည်။

ထို့အပြင် ထိုဆူးတောင်များမှာ အံ့မခန်း မာကျောလှသည်။ သာမန် စက်ယန္တရားများဖြင့် ဖြတ်တောက်၍ လုံးဝ မရချေ။

မိနစ်အနည်းငယ်အတွင်းမှာပင် စက်သွားများ ပြောင်သလင်းခါသွားတတ်သည်။

စွမ်းအားမြင့် လေဆာဖြတ်စက်များပင် သိပ်အလုပ်မဖြစ်လှပေ။ အကောင်းဆုံးနည်းလမ်းမှာ ရေဖိအားမြင့်စနစ်ကို အသုံးပြု၍ ဖြည်းဖြည်းချင်း တိုက်စားဖြတ်တောက်ခြင်းသာ ဖြစ်သည်။

ယခုအခါ ရာသီဥတု အလွန်အေးခဲနေသဖြင့် ရေဖိအားမြင့် ဖြတ်တောက်ရေးအတွက် လိုအပ်သော ရေအရင်းအမြစ်မှာ ပြဿနာတစ်ရပ် ဖြစ်လာခဲ့သော်လည်း အလုပ်ခွင်ထဲတွင် ရွေ့လျား အနုမြူစွမ်းအင်ပေးစက်ရုံ ရှိနေသောကြောင့် စွမ်းအင်များ အလျှံပယ် ရရှိနေသည်။ ထို့ကြောင့် ရေရရှိရန် အနည်းငယ်သာ အားထုတ်ရပေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ယနေ့ တစ်ရက်လုံးလုံး သူတို့ တပ်စုရှိ လူသုံးရာနှင့် ရေဖိအားဖြတ်စက် ရှစ်ဆယ်တို့သည် အသေးဆုံး ဆူးတောင် ငါးချောင်းကိုသာ ဖြတ်တောက်နိုင်ခဲ့သည်။

သို့သော် ကံကောင်းသည်မှာ ဆူးတောင် အများစုကို တစ်ဝက်ခန့်အထိ ဖြတ်တောက်ထားပြီးဖြစ်ရာ မနက်ဖြန်တွင်မူ ဖြတ်တောက်နိုင်သော အရေအတွက်မှာ များစွာ တိုးတက်လာမည် ဖြစ်သည်။

"တပ်စုမှူးကြီး... ထမင်းမစားရသေးဘူးမလား... ကျွန်တော် ဒီမှာ အပိုတစ်ပွဲ ယူလာခဲ့တယ်"

ထိုစဉ် လင်းဟူ၏ အသံက နားထဲသို့ ဝင်ရောက်လာသည်။

"အာ... ကျေးဇူးပဲ ကိုလင်း"

ချွေ့ဝေ့ချွမ်က လူငယ်လေးတစ်ယောက် မဟုတ်တော့သဖြင့် ထိုအရာကို အပိုယူလာသည်ဆိုခြင်းအား မယုံကြည်ပေ။

ထမင်းဗူးကို လှမ်းယူလိုက်ပြီးနောက် ဗိုက်ဆာနေမှန်း သူ သတိထားမိလိုက်သည်။

"ဘာမှ ကျေးဇူးတင်စရာ မလိုပါဘူး... အဆင်သင့်လို့ ယူလာခဲ့တာပါ"

လင်းဟူက ရိုးအအဖြင့် ရယ်မောကာ ပြောလိုက်သည်။

ထမင်းဟင်းများမှာ နေ့လယ်ကလိုပင် ဟင်းသုံးခွက် ပါဝင်ပြီး အဓိက အစားအစာမှာ ပထမတန်းစား ရှားစောင်းလက်ပတ် မန်ထိုပေါက်စီ ဖြစ်သည်။

သူက တောင်ပိုင်းသား တစ်ယောက်ဖြစ်ပြီး ကမ္ဘာမပျက်မီက ထမင်းကိုသာ စားခဲ့သော်လည်း ယခုလို နှစ်ပေါင်းများစွာ စားလာခဲ့ပြီးနောက်တွင်တော့ အတော်လေး အသားကျနေပြီ ဖြစ်သည်။

ထို့အပြင် ဤကဲ့သို့သော အစားအစာများကို အင်ဂျင်နီယာအဖွဲ့တွင် အလုပ်လုပ်နေချိန်၌သာ စားသုံးခွင့် ရရှိခြင်း ဖြစ်သည်။

အလုပ်လက်မဲ့ ဖြစ်သွားချိန်တွင်တော့ ဤကဲ့သို့သော အခွင့်အရေးမျိုး မရနိုင်တော့ချေ။

ထမင်းစားနေစဉ် လင်းဟူက မေးလိုက်သည်။

"တပ်စုမှူးကြီး... ခင်ဗျားကို တစ်ခုလောက် မေးချင်လို့ပါ"

"အင်း... မေးလေ"

ချွေ့ဝေ့ချွမ်က ထမင်းစားရင်း ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်တို့ ဒီအင်ဂျင်နီယာကုမ္ပဏီက ဘယ်အချိန်အထိ အလုပ်လုပ်ရမှာလဲ... ဒီပရောဂျက် ပြီးသွားရင် ပြန်ပြီး ဖျက်သိမ်းလိုက်မှာတော့ မဟုတ်ပါဘူးနော်"

လင်းဟူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ဒါကတော့ ကျုပ်ကို မေးလည်း အပိုပါပဲဗျာ... အထက်က လူတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တာလေ"

ချွေ့ဝေ့ချွမ်က ပါးစပ်ထဲမှ ထမင်းများကို မြိုချရင်း ပြောလိုက်သည်။ ထို့နောက် အနည်းငယ် စဉ်းစားလိုက်ပြီး ဆက်ပြောသည်။

"ဒါပေမဲ့ ကျုပ် ထင်တာတော့ အထက်က လူတွေက ဒီလောက် မြင့်မားနေတဲ့ အလုပ်လက်မဲ့နှုန်းကို ဒီတိုင်း ဆက်ပြီး ကြည့်နေမှာတော့ မဟုတ်ဘူး... ပြီးတော့ အခု ယာဉ်ပျံပေါ်မှာ စက်ရုံတွေ အများကြီး ပြန်ဖွင့်နေပြီလေ... တကယ်လို့ ဖျက်သိမ်းလိုက်ရင်တောင်မှ ကျုပ်တို့ အများစုက စက်ရုံတွေထဲကို ရောက်သွားဖို့ များပါတယ်"

"အဲဒီလိုဆိုရင် ကျွန်တော့်လို ပညာလည်းမတတ်... ကျွမ်းကျင်မှုလည်း မရှိတဲ့သူက အဆင်ပြေပါ့မလား"

လင်းဟူက သက်ပြင်းတစ်ချက် ချလိုက်နိုင်သော်လည်း ချက်ချင်းပင် စိုးရိမ်တကြီး ထပ်မေးလိုက်ပြန်သည်။

"မတတ်ရင် သင်လို့ရတာပဲလေ... ဘယ်သူမှ မွေးကတည်းက တတ်လာတာမှ မဟုတ်တာ... ခင်ဗျား ကြည့်ရတာလည်း သိပ်မကြီးသေးပါဘူး... ခင်ဗျားဘဝက အရှည်ကြီး ကျန်ပါသေးတယ်"

ချွေ့ဝေ့ချွမ်က နှစ်သိမ့်ပေးလိုက်သည်။ သူကတော့ အကောင်းမြင်တတ်သူ တစ်ယောက် ဖြစ်သည်။

ယခုအခါ လူသားအားလုံး ပေါင်းမှ ငါးသန်း၊ ခြောက်သန်းခန့်သာ ကျန်ရှိတော့ရာ ဖြုန်းတီးပစ်စရာ လူ့စွမ်းအား အရင်းအမြစ်ဟူ၍ လုံးဝ မရှိတော့ပေ။

လူမှုအသိုက်အဝန်းကြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်နှင့် အလုပ်မရမည်ကို ပူပန်နေစရာ မလိုတော့ချေ။ လစာ အနည်းအများသာ ကွာခြားသွားမည် ဖြစ်သည်။

"ကျွန်တော်က ငါးဆယ့်ရှစ်နှစ်တောင် ရှိနေပြီဗျ"

လင်းဟူက စကားဆက်မရတော့ဘဲ ပြောလိုက်သည်။

"တကယ် မသိသာဘူးဗျ... ကျုပ်က ခင်ဗျားကို အသက် လေးဆယ်လောက်ပဲ ရှိဦးမယ် ထင်နေတာ"

ချွေ့ဝေ့ချွမ်က အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။ ယခုခေတ် လူသားအများစုမှာ အိုမင်းရင့်ရော်မှု မသိသာကြတော့ပေ။

လူတစ်ဦးချင်းစီ၏ သက်တမ်းကို တရားဝင် စာရင်းမကောက်ရသေးသော်လည်း ကမ္ဘာမပျက်မီကထက် များစွာ ပိုမို ရှည်လျားလာမည် ဖြစ်ကြောင်း ထင်ရှားနေသည်။

ထိုစဉ် အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ် အရွယ် ကလေးတစ်စုက သူတို့အနီးမှ ဖြတ်လျှောက်သွားကြသည်။ လင်းဟူက ခဏမျှ ကြောင်ကြည့်နေပြီးနောက် မေးလိုက်သည်။

"ကျွန်တော်တို့ ကုမ္ပဏီက ကလေးအလုပ်သမားတွေပါ ခေါ်နေတာလား"

"မဆင်မချင် မပြောနဲ့... အဲဒါက အစောင့်တပ်ဖွဲ့ကဗျ"

နှုတ်ကြောင့် ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် ချွေ့ဝေ့ချွမ်က ကပျာကယာ တားလိုက်သည်။

မထွက်ခွာမီ ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် ကုမ္ပဏီ၏ အလယ်အလတ်အဆင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူလည်း ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ရသည်။

ထိုစဉ်ကတည်းက ဤကလေးများကို သူ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထိုကလေးများကို မြို့တော်ဝန်၏ အတွင်းရေးမှူး ကိုယ်တိုင် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရာ သူတို့၏ နောက်ခံမှာ အလွန် ကြီးမားလှပေသည်။

……

ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ထိုကလေးများမှာ လော်ယွမ်၏ ကိုယ်ပွား ကလေးများပင် ဖြစ်ကြသည်။

အနုမြူပေါင်းစပ်ခြင်း ခန္ဓာကိုယ်ကြောင့် တစ်နှစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ ကြီးကောင်ဝင်စ အရွယ်များအဖြစ်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ထို့ပြင် အိမ်တွင်းဆရာမ နှစ်ဦးထံမှ ပညာရပ်အားလုံးကိုလည်း စောစီးစွာ သင်ယူတတ်မြောက်သွားကြပြီး ကိုယ်တိုင် လေ့လာသင်ယူနေကြပြီ ဖြစ်သည်။

သူတို့၏ လက်ရှိ အသိပညာ အဆင့်အတန်းမှာ သာမန် သုတေသနပညာရှင်များထက် မနိမ့်ကျတော့ပေ။

အသိပညာ ကျယ်ပြန့်မှု အပိုင်းတွင်မူ သာမန် ပညာရှင်များထက် များစွာ သာလွန်နေပြီး နက်ရှိုင်းမှု အပိုင်းတွင်သာ အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်။

သို့သော် သူတို့၏ ထူးခြားသော ခန္ဓာကိုယ်များကို ထည့်သွင်းစဉ်းစားကာ စိတ်ပိုင်းဆိုင်ရာ အရလည်း ရင့်ကျက်မှု မရှိသေးသောကြောင့် လော်ယွမ်က သူတို့ကို လူ့အဖွဲ့အစည်းအတွင်းသို့ စောစီးစွာ ဝင်ရောက်စေလိုခြင်း မရှိပေ။

ယခု တစ်ကြိမ် သူတို့ကို စေလွှတ်လိုက်ခြင်းမှာ တစ်ဖက်တွင် အတွေ့အကြုံ ရင့်ကျက်စေရန်အတွက် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ အလုပ်သမားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန်အတွက် ဖြစ်သည်။

ယခုတစ်ကြိမ် ဧရာမ သားရဲကြီး၏ အလောင်းကို တူးဖော်ရယူရာတွင် အကြေးခွံများ၊ မျက်လုံးများ၊ ဆူးတောင်များ၊ လက်သည်းများ စသည့် မျက်နှာပြင် အစိတ်အပိုင်းများကိုသာ စုဆောင်းရယူမည် ဖြစ်သည်။

အများဆုံး မျက်နှာပြင်ပေါ်ရှိ အသားများကိုသာ အနည်းငယ် ဖြတ်တောက်ယူမည်ဖြစ်ပြီး ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ် အတွင်းပိုင်းအထိ ဝင်ရောက်မည် မဟုတ်ပေ။

သို့သော်လည်း အန္တရာယ်ကတော့ အတော်လေး ရှိနေဆဲပင် ဖြစ်သည်။ မည်သူကမျှ အတွင်းပိုင်းရှိ ကပ်ပါးကောင်များက အပြင်သို့ ထွက်မလာနိုင်ဟု အာမမခံနိုင်သောကြောင့် ဖြစ်သည်။

မလာရောက်မီ လော်ယွမ်က အချိန်ပေး၍ သူတို့ကို တစ်လကြာ ကာလတို လေ့ကျင့်ရေးတစ်ခု ပြုလုပ်ပေးခဲ့သည်။

ဝန်ခံရမည်ဆိုလျှင် သူ၏ ကိုယ်ပွား ကလေးများမှာ မွေးရာပါ စစ်သည်တော်များ ဖြစ်လာရန် ဖန်တီးခံထားရသူများပင် ဖြစ်သည်။

တိုတောင်းလှသော တစ်လတာ ကာလအတွင်းမှာပင် သူ၏ ဓားပညာများကို ခြောက်ဆယ်၊ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်အထိ သင်ယူတတ်မြောက်သွားကြသည်။

သာမန်လူများ စုစည်းရန် အလွန်ခက်ခဲလှသော စိတ်စွမ်းအားဆိုလျှင်လည်း သူတို့အတွက် လုံးဝ အခက်အခဲ မရှိဘဲ ရေစီးကြောင်းအတိုင်း အလိုလို ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် လော်ယွမ်ကိုယ်တိုင်ပင် သူတို့၏ အံ့မခန်း ပါရမီများကို အနည်းငယ် မနာလို ဖြစ်သွားခဲ့ရသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့၏ စိတ်ဝင်စားမှုက ထိုနေရာတွင် ရှိမနေခြင်းပင် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၄၉၄) နည်းပညာ ပေါက်ကွဲတိုးတက်မှု (၂)

အချိန်တွေက မသိမသာ ကုန်ဆုံးသွားခဲ့ရာ ၂၀၁၈ ခုနှစ်သို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပျက်ကပ်ဘေးကြီး စတင်ဖြစ်ပွားခဲ့သည်မှာလည်း ၅ နှစ်နီးပါးခန့် ရှိလာခဲ့ပြီတည်း။

ကမ္ဘာမြေကို စွန့်ခွာခဲ့ရပြီး နေရာကျဉ်းကျဉ်းလေးထဲတွင် ပိတ်လှောင်နေထိုင်ကာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသော လူသားမျိုးနွယ်က သူတို့၏ ရှင်သန်လိုစိတ် ပြင်းပြမှုကို ထပ်မံပြသလိုက်ပြန်သည်။

အနာဂတ်အတွက် အဆိုးမြင်မှုများနှင့် ဖိနှိပ်ခံရသလို ခံစားနေရသော စိတ်ဓာတ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ယာဉ်ပျံ၏ လူနေရပ်ကွက် တစ်ခုလုံးတွင်လည်း စည်ကားသိုက်မြိုက်သော မြင်ကွင်းများက အစားထိုး နေရာယူလာခဲ့သည်။

ယာဉ်ပျံပေါ်သို့ ပြောင်းရွှေ့လာခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်းတွင် နည်းပညာပိုင်း၌ ပေါက်ကွဲထွက်မတတ် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ဗိုရှင်းဂြိုဟ်သားများ၏ စက်ရုံများကို တစ်ရုံပြီးတစ်ရုံ ပြန်လည်ပတ်နိုင်ခဲ့ကာ အလုပ်သမား အများအပြားကလည်း ကာလတို သင်တန်းများ တက်ရောက်ပြီးနောက် သက်ဆိုင်ရာ လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။

နာနိုနည်းပညာ၊ လျှပ်စစ်သံလိုက်နည်းပညာ၊ ဇီဝဗီဇပြုပြင်ပြောင်းလဲခြင်း၊ ကွမ်တန်နည်းပညာ၊ ဉာဏ်ရည်တုနှင့် အနုမြူ ပေါင်းစပ်စွမ်းအင် နည်းပညာတို့သည် ယခုနှစ်အတွင်း အဆင့်ဆင့် တိုးတက်အောင်မြင်လာခဲ့သည်။

ဤနည်းပညာ အများစုမှာ ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာကို အတုယူထားခြင်းသာ ဖြစ်သော်လည်း၊ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ယာဉ်ပျံ၏ အသိဉာဏ်တု စက်ရုပ်များကို အားမကိုးဘဲ လူသားအလုပ်သမားများ၏ စွမ်းဆောင်ရည် သက်သက်ဖြင့် ယခုကဲ့သို့ အောင်မြင်လာခြင်းမှာ အလွန်ပင် ချီးကျူးစရာ ကောင်းလှသည်။

ထိုနည်းပညာရပ်များ အောင်မြင်လာခြင်းက ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာများကို ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကုလားကာကို ဆွဲခွာလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခင်လို ဘာမှန်းမသိ၊ နားမလည်နိုင်သော အခြေအနေမျိုး မဟုတ်တော့ချေ။

သေချာသည်မှာ လူသားတို့၏ နည်းပညာသည် ဗိုရှင်းဂြိုဟ်သားများကို မှီသွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။

လွန်ခဲ့သော နှစ်ငါးဆယ်၊ ခြောက်ဆယ်ခန့်က ဗိုရှင်းဂြိုဟ်သားများ၏ အဆင့်တွင်သာ ရှိနေသေးသည်။

လူသားများက ဗိုရှင်း ဉာဏ်ရည်တုထံမှ ရရှိသော အသိပညာများမှာ စနစ်တကျ မရှိလှဘဲ သီအိုရီပိုင်းထက် လက်တွေ့အသုံးချမှုပိုင်းသာ ပိုများနေသည်။

အသိပညာ အများအပြားမှာ အပိုင်းအစများသာ ဖြစ်နေ၍ ကိုးကားပြီး ဖြည်းဖြည်းချင်း စမ်းသပ်လေ့လာနေရဆဲပင်။

……

ထိုအချိန်တွင် စက်မှုဇုန်ရှိ ဗိုရှင်းဂြိုဟ်သား စက်ရုံတစ်ခုအတွင်း၌ လော်ယွမ်နှင့် မြို့တော်အစိုးရအဖွဲ့မှ အဓိကခေါင်းဆောင် အချို့သည် စက်ရုံ၏ နောက်ဆုံးပေါ် တီထွင်အောင်မြင်မှု အသစ်ကို လာရောက်ကြည့်ရှု စစ်ဆေးနေကြသည်။

ဧရာမ စမ်းသပ်ကွင်းကြီးထဲတွင် အရပ်ပေ ၆၀ ကျော်ခန့်ရှိသော စက်ရုပ်ကြီးတစ်ရုပ်က မြေပြင်ပေါ်၌ တပိုင်းတစ ထိုင်ချနေသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ကိရိယာတန်ဆာပလာ အစုံအလင် တပ်ဆင်ထားသော စက်ရုပ်လက်တံ ဆယ်ခုကျော်က လေထဲတွင် တွဲလောင်းကျနေ၏။

မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ ငြိမ်သက်နေသော်လည်း ထိုစက်ရုပ်ကြီးက ကြီးမားသော ဖိအားတစ်ရပ်ကို ခံစားရစေသည်။

"ဒါက မူလဗိုရှင်းဂြိုဟ်သားတွေရဲ့ အင်ဂျင်နီယာ စက်ရုပ်ကြီးမလား..."

ဘေးနားတွင် ရပ်နေသော ထျန်ကျင်းဖိန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

"လူကြီးမင်း ခန့်မှန်းတာ မမှားပါဘူး... လေးစားရပါသော မြို့တော်ဝန်နဲ့ ခေါင်းဆောင်ကြီးများခင်ဗျာ... ဒီစက်ရုပ်တွေက အရင်တုန်းက ယာဉ်ပျံပင်မကွန်ပျူတာနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားတဲ့အတွက် အိပ်မောကျနေခဲ့တာပါ... လူသားတွေ အနေနဲ့ လုံးဝ ထိန်းချုပ်လို့ မရနိုင်ခဲ့ပါဘူး"

"ဒါပေမဲ့ အခုတော့ ကျွန်တော်တို့က သူ့ရဲ့ ဦးနှောက်ကို လူသားတွေဖန်တီးထားတဲ့ ဦးနှောက်နဲ့ အစားထိုးလိုက်ပါပြီ... အခုဆိုရင် ဒါဟာ ကျွန်တော်တို့ လူသားပိုင် အင်ဂျင်နီယာ စက်ရုပ်ကြီး ဖြစ်သွားပါပြီ"

စက်ရုံ၏ အင်ဂျင်နီယာချုပ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှင်းပြလေသည်။

ဒီအင်ဂျင်နီယာချုပ်သည်လည်း ဉာဏ်ရည်မြှင့်ဆေးရည်ကို သောက်သုံးထားသူ တစ်ဦးဖြစ်သည်။

ဆေးသောက်ပြီးကာစ အချိန်တွင် မိမိကိုယ်ကိုယ် အရာအားလုံး စွမ်းဆောင်နိုင်သည်ဟု ထင်ယောင်ထင်မှား ဖြစ်ကာ သာမန်လူများကို ဉာဏ်ရည်ပိုင်းဖြင့် အထက်စီးမှ ဆက်ဆံလိုသော စိတ်များ ဖြစ်ပေါ်တတ်သော်လည်း လူအများစုမှာ ထိုစိတ်ကူးယဉ်ကမ္ဘာမှ ရုန်းထွက်ကာ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာနိုင်ကြသည်။

သေချာသည်က ထိုခံစားချက်ထဲတွင် နစ်မွန်းနေသူများလည်း ရှိသည်။ သို့သော် ဥပဒေကို မချိုးဖောက်သရွေ့ လော်ယွမ်က ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

လော်ယွမ်က ဤဧရာမ စက်ရုပ်ကြီးကို စိတ်ဝင်တစား ကြည့်ရှုနေရင်း မေးလိုက်သည်။

"အင်ဂျင်နီယာချုပ်ချန်... ဒီစက်ရုပ်အကြောင်းကို နည်းနည်းလောက် ရှင်းပြပေးပါလား"

လော်ယွမ်ကိုယ်တိုင် မေးမြန်းလာသည်ကို မြင်သောအခါ အင်ဂျင်နီယာချုပ်ချန်က မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်သွားပြီး ပြာပြာသလဲ ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ မြို့တော်ဝန်... ဒီစက်ရုပ်အမျိုးအစားက ဗိုရှင်းဂြိုဟ်သားတွေရဲ့ စက်ရုပ်တွေထဲမှာ အကြီးဆုံးဖြစ်သလို အရေအတွက်လည်း အများဆုံးပါပဲ"

"သူ့ရဲ့ အလေးချိန်က ၅၃၅ တန် ရှိပါတယ်... အလယ်အလတ်တန်းစား အနုမြူ ပေါင်းစပ်စွမ်းအင် ဖိုတစ်ခုနဲ့ သွေးခုန်နှုန်း အင်ဂျင်တစ်လုံး ပါဝင်တဲ့အတွက် အာကာသထဲမှာ ခရီးတို ပျံသန်းနိုင်စွမ်း ရှိပါတယ်"

"အကြီးစား စက်မှုလုပ်ငန်းတွေ... အာကာသထဲမှာ ယာဉ်ပျံ ပြုပြင်ရေး လုပ်ငန်းတွေနဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေမှာ သတ္တုတူးဖော်ရေးတွေအတွက် အဓိက အသုံးပြုကြပါတယ်... ဒါဟာ ယာဉ်ပျံရဲ့ အာကာသခရီးစဉ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ စက်ကိရိယာတစ်ခုပါပဲ"

"သူ့ရဲ့ လုံခြုံရေးပိုင်းကရော ဘယ်လိုနေလဲ... ယာဉ်ပျံရဲ့ ဉာဏ်ရည်တုက ပြန်ပြီး ထိန်းချုပ်သွားနိုင်ချေ ရှိလား"

လော်ယွမ်က ခေါင်းညိတ်ရင်း မေးလိုက်သည်။ သူက ယာဉ်ပျံ၏ ဉာဏ်ရည်တုက တိတ်တဆိတ် သစ္စာဖောက်မည်ကို စိုးရိမ်နေခြင်းတော့ မဟုတ်ပေ။

ယခုအခါ ယာဉ်ပျံတစ်ခုလုံးကို လူသားများက ထိန်းချုပ်ထားပြီး ဖြစ်ကာ ၎င်း၏ ရှင်သန်ရေးအတွက် ဉာဏ်ရည်တုက တမင်တကာ သစ္စာဖောက်မည် မဟုတ်မှန်း သူသိသည်။

သို့သော် ဗိုရှင်းဂြိုဟ်သားတို့၏ ပင်မကွန်ပျူတာက နောက်ပေါက်များ ချန်ထားခဲ့နိုင်ပြီး ထိုအရာက ဉာဏ်ရည်တု၏ ဆန္ဒအပေါ်တွင် မူတည်နေမည် မဟုတ်သောကြောင့် ဖြစ်သည်။

အင်ဂျင်နီယာချုပ်ချန်က ဤတစ်ကြိမ်တွင် အနည်းငယ် စဉ်းစားခန်း ဝင်သွားသည်။ သူ၏ ထက်မြက်သော ဦးနှောက်က ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတောသုံးသပ်ပြီးမှ ပြန်လည် ဖြေကြားလိုက်သည်။

"အဲဒီလို ဖြစ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး... ကျွန်တော်တို့က ဆက်သွယ်ရေး စနစ်အသစ်နဲ့ စက်ကိရိယာအသစ်တွေကို ပြန်လည် သတ်မှတ်ထားပါတယ်... လူသားတွေနဲ့ ကိုက်ညီမယ့် ကွန်ပျူတာ ဘာသာစကား အသစ်ကိုလည်း ဖန်တီးထားပါတယ်"

"ဒါ့အပြင် အခုချိန်မှာ စက်မှုဇုန်တစ်ခုလုံးကို လူသားတွေက ထိန်းချုပ်ထားတာပါ... ဉာဏ်ရည်တုကို ကျွန်တော်တို့ ကိုယ်တိုင် ဆက်သွယ်ရေး ကိရိယာတွေ တပ်ဆင်ပေးပြီး ချိတ်ဆက်ခွင့် မပေးသရွေ့ သူတို့နှစ်ခုကြားက ဆက်သွယ်ရေးဟာ လုံးဝ ပြတ်တောက်နေမှာပါ... နောက်ပိုင်းမှာတော့ ဒီစက်ရုပ်တွေကို ကျွန်တော်တို့ ဖန်တီးထားတဲ့ မျှော်လင့်ချက် အမှတ်(၃) ပင်မကွန်ပျူတာနဲ့ပဲ ထိန်းချုပ်သွားမှာပါ"

မျှော်လင့်ချက် အမှတ်(၃) ဆိုသည်မှာ နာမည်အတိုင်းပင် လူသားများ တီထွင်ဖန်တီးထားသော တတိယမျိုးဆက် စူပါကွမ်တန် ကွန်ပျူတာ ဖြစ်သည်။

၎င်း၏ တွက်ချက်နိုင်စွမ်းမှာ ကမ္ဘာမပျက်ခင်က လူသားများ အသုံးပြုခဲ့သော မိုဘိုင်းဖုန်းများ အပါအဝင် ကွန်ပျူတာ စက်ကိရိယာ အားလုံး၏ စုစုပေါင်း တွက်ချက်နိုင်စွမ်းထက် အဆပေါင်း သောင်းချီ၍ ပိုမို မြင့်မားလေသည်။

ယာဉ်ပျံ၏ ပင်မကွန်ပျူတာနှင့် ယှဉ်လျှင် အများကြီး ကွာဟနေသေးသော်လည်း၊ ၎င်း၏ တွက်ချက်နိုင်စွမ်းမှာ ပင်မကွန်ပျူတာ၏ တစ်သိန်းပုံ တစ်ပုံခန့် ရှိလာပြီ ဖြစ်သည်။

ဤအချိုးအစားကို အထင်မသေးသင့်ပေ။ ယခုလက်ရှိ လူသားတို့၏ နည်းပညာ တိုးတက်မှုနှုန်းအရ ဆိုလျှင် ထိုနှစ်ခုမှာ အတော်လေး နီးစပ်နေပြီဟု ဆိုနိုင်သည်။

ပထမမျိုးဆက် စူပါကွမ်တန် ကွန်ပျူတာမှာ ပင်မကွန်ပျူတာ၏ အပုံဘီလီယံတစ်ထောင်ပုံ တစ်ပုံခန့်သာ ရှိခဲ့ရာမှ ပထမမျိုးဆက်မှ တတိယမျိုးဆက်သို့ ကူးပြောင်းရန် အချိန် တစ်နှစ်ခွဲခန့်သာ ကြာမြင့်ခဲ့သည်။

"ဒါဆို အခုပဲ စက်နှိုးကြည့်လိုက်ရအောင်... သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းက ဘယ်လိုရှိလဲ ဆိုတာ ကြည့်ကြတာပေါ့"

လော်ယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... လုံခြုံရေးအရ မြို့တော်ဝန်နဲ့ ခေါင်းဆောင်ကြီးတွေ နည်းနည်းလောက် နောက်ဆုတ်ပေးကြပါခင်ဗျာ..."

အင်ဂျင်နီယာချုပ်ချန်က ပြောရင်း လူတိုင်း နောက်သို့ ဆုတ်သွားသည်ကို စောင့်ဆိုင်းနေလိုက်သည်။

ထို့နောက် သူ၏ ဘယ်ဘက်လက်ရှိ သယ်ဆောင်ရလွယ်ကူသော သုံးဖက်မြင် ဖန်သားပြင်ပေါ်တွင် နှိပ်လိုက်သည်။

တိတ်ဆိတ်နေသော စမ်းသပ်ကွင်းအတွင်း၌ လေးလံသော မြည်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

အသံက သိပ်မကျယ်သော်လည်း အားကောင်းသော စွမ်းအင်များကို ခံစားရစေသည်။

ဤသည်မှာ စက်ရုပ်၏ အင်ဂျင်နှိုးသံပင် ဖြစ်သည်။

စက်ရုပ်၏ ဦးခေါင်းပိုင်းတွင် အစိမ်းရောင်မီးလိုင်းလေးတစ်ခု တဖြည်းဖြည်း လင်းလက်လာပြီးနောက် ဖြည်းညင်းစွာ မတ်တတ်ရပ်လာလေသည်။

လေးလံလှသော ခန္ဓာကိုယ်ကြီးဖြင့် ယာဉ်ပျံ၏ ကြမ်းပြင်ပေါ်တွင် လျှောက်လှမ်းနေရင်း မိမိကိုယ်ကိုယ် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။

ဧရာမ ခန္ဓာကိုယ်ကြီးက အံ့ဩစရာကောင်းလောက်အောင် ပေါ့ပါးသွက်လက်နေပုံရသည်။

၎င်းတွင် ဆွဲငင်အားဆန့်ကျင်ရေး စနစ် ပါဝင်နေပြီး ဟန်ချက်ထိန်း စနစ်ကလည်း အလွန်ကောင်းမွန်သောကြောင့် မည်သည့် ပတ်ဝန်းကျင် အခြေအနေမျိုးတွင်မဆို အကောင်းဆုံး အလုပ်လုပ်နိုင်စွမ်း ရှိသည်။

ထိုအချိန်တွင် စက်ရုပ်၏ ဦးခေါင်းပိုင်းရှိ အာရုံခံစနစ်က ပတ်ဝန်းကျင် အခြေအနေကို အဆက်မပြတ် စကင်ဖတ်နေသည်။

များမကြာမီမှာပင် ၎င်းက အနီးအနားရှိ ပြင်းထန်စွာ ပျက်စီးနေသော စက်ယန္တရား တစ်လုံးဆီသို့ လျှောက်သွားလေသည်။

လော်ယွမ်၏ အမြင်တွင် ထိုစက်ယန္တရားမှာ လုံးဝ အသုံးမဝင်တော့ဘဲ ပျက်စီးနေပြီ ဖြစ်သည်။ အစိတ်အပိုင်း အကြီးအသေးများ ပြန့်ကျဲနေရုံသာမက ပင်မ ထိန်းချုပ်ခလုတ်ခုံပင်လျှင် အပိုင်းပိုင်း ကွဲကြေနေပြီ ဖြစ်သည်။

ခေါင်းဆောင်များက အင်ဂျင်နီယာ စက်ရုပ်၏ လုပ်ဆောင်ချက်များကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်ကို မြင်သောအခါ အင်ဂျင်နီယာချုပ်ချန်က ဘေးမှနေ၍ ရှင်းပြသည်။

"သူ့ရဲ့ ဗဟိုအချက်အလက်သိုလှောင်ကန်ထဲမှာ သောင်းနဲ့ချီတဲ့ ပုံစံကြမ်းတွေ ရှိပါတယ်... ဒါတွေအကုန်လုံးက မူလဒေတာဘေ့စ်ထဲက အချက်အလက်တွေပါ... ကျွန်တော်တို့ ပရိုဂရမ်အသစ် ရေးဆွဲတဲ့အခါမှာလည်း အဲဒါတွေကို ကူးယူထည့်သွင်းပေးခဲ့ပါတယ်... အခု ကျွန်တော်တို့ သူ့ကို ပျက်စီးနေတဲ့ ဒီစက်ယန္တရားကို ပြုပြင်ဖို့ အမိန့်ပေးထားပါတယ်... သူ့ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက် ကောင်းမလဲဆိုတာ စောင့်ကြည့်ရအောင်ပါ"

ထိုအချိန်တွင် အင်ဂျင်နီယာ စက်ရုပ်ထံမှ လှုပ်ရှားမှုများ စတင်လာသည်။

၎င်း၏ လုံးဝန်းသော ခန္ဓာကိုယ်မှ ယပ်တောင်ပုံစံ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး စက်ယန္တရားကို အကြိမ်ကြိမ် စကင်ဖတ်ကာ အချက်အလက်များကို ရယူနေပုံရသည်။

နောက်တစ်ခဏတွင်တော့ ၎င်းက စတင် လှုပ်ရှားလာလေသည်။ ကိရိယာတန်ဆာပလာ အစုံအလင် တပ်ဆင်ထားသော စက်ရုပ်လက်တံ ဆယ်ခုကျော်က လေထဲတွင် ဝှေ့ယမ်းလှုပ်ရှားလာသည်။

ထိုအထဲတွင် အလေးချိန် လေးငါးတန်ခန့်ရှိသော ဧရာမ တူကြီးများ၊ သတ္တုညှပ်များကဲ့သို့သော ရိုးရှင်းသည့် စက်ကိရိယာများ ပါဝင်သလို၊ အသုံးပြုရမည့် ရည်ရွယ်ချက်ကို မသိနိုင်သော နည်းပညာမြင့် ကိရိယာများစွာလည်း ပါဝင်သည်။

အချို့သော ကိရိယာများဆိုလျှင် လော်ယွမ်ပင်လျှင် ဘာအတွက် သုံးရမှန်း နားမလည်နိုင်ချေ။

အင်ဂျင်နီယာ စက်ရုပ်ကြီး၏ ပထမခြေလှမ်းမှာ ပျက်စီးနေသော စက်ယန္တရားကို ထပ်မံ၍ တစ်စစီ ဖြုတ်ချခြင်းပင် ဖြစ်သည်။

ဖြုတ်ချသည့် လုပ်ငန်းစဉ်က အတော်လေး ကြမ်းတမ်းလှသည်။ ဖိသိပ်ခံထားရမှုကြောင့် ခွဲထုတ်၍မရသော အစိတ်အပိုင်း အချို့ကို လေဆာဖြင့်ပင် တိုက်ရိုက် ဖြတ်တောက်လိုက်လေသည်။

စက္ကန့်အနည်းငယ် အတွင်းမှာပင် စက်ယန္တရားကြီးမှာ ရေတွက်မရအောင် များပြားလှသည့် အစိတ်အပိုင်းငယ်များအဖြစ် ပြောင်းလဲသွားပြီး ဘေးဘက်တွင် သေသပ်စွာ စီရီထားလျက် ရှိသည်။

ထို့နောက် စက်ရုပ်ကြီးက နောက်ထပ် တစ်ကြိမ် စကင်ဖတ်လိုက်ပြန်သည်။

နောက်တစ်ခဏတွင် စက်ရုပ်လက်တံ နှစ်ခုက အပျက်စီးဆုံး အစိတ်အပိုင်း တစ်ခုကို ပေါ့ပါးသွက်လက်စွာ ညှပ်ယူလိုက်သည်။

၎င်းသတ္တုအစိတ်အပိုင်းမှာ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေပြီး တစ်ဝက်ခန့်မှာ အစောပိုင်းက ဖြတ်တောက်ခံထားရသဖြင့် နှစ်ပိုင်း ကွဲနေသည်။

ထို့နောက် စက်ရုပ်လက်တံ အချို့မှ ထွက်ပေါ်လာသော ပြင်းထန်သည့် အပူရှိန်နှင့် လေပြင်းများကြောင့် သတ္တုပေါ်ရှိ အညစ်အကြေးများ အားလုံး ပြောင်စင်သွားသည်။

ထို့နောက် စက်ရုပ်လက်တံ နှစ်ခုကို အသုံးပြု၍ နှစ်ပိုင်းကွဲနေသော အစိတ်အပိုင်းများကို ပြန်လည် ပူးကပ်လိုက်လေသည်။

ဒီလို လုပ်လိုက်ရုံနဲ့တင် ပြင်လို့ ပြီးသွားတာလား...

လော်ယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ သူ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် နောက်ထပ် စက်ရုပ်လက်တံ တစ်ခုက နီးကပ်လာပြန်သည်။

ထိုစက်ရုပ်လက်တံတွင် တပ်ဆင်ထားသော ကိရိယာမှာ အတော်လေး ထူးဆန်းလှသည်။

၎င်းသည် အချင်း ၃ ပေခန့်ရှိသော သတ္တုဆလင်ဒါတိုင်ကြီး တစ်ခုဖြစ်ပြီး ထိပ်ပိုင်းတွင် ခွက်နေသော သလင်းကျောက်လုံး တစ်လုံး ပါရှိကာ မည်သည့် နေရာတွင် အသုံးပြုရမှန်း မသိနိုင်ပေ။

"အင်ဂျင်နီယာချုပ်ချန်... ဒီလက်တံထိပ်က ကိရိယာက ဘာအတွက် သုံးတာလဲ"

နားမလည်နိုင်သည့်အဆုံး လော်ယွမ်က အင်ဂျင်နီယာချုပ်ချန်ကိုသာ မေးလိုက်တော့သည်။

"ဒါက အသေးစား လျှပ်စစ်သံလိုက် ပုံသွင်းကိရိယာပါ" အင်ဂျင်နီယာချုပ်ချန်က ကမန်းကတန်း ရှင်းပြသည်။

"ပြင်းထန်တဲ့ သံလိုက်စက်ကွင်းထဲမှာ သတ္တုတွေကို အရည်လို ပုံသွင်းနိုင်ပြီးတော့ ပရိုဂရမ်က သတ်မှတ်ထားတဲ့အတိုင်း အစိတ်အပိုင်းတွေကို ပြန်လည် ပုံဖော်ပေးနိုင်ပါတယ်... ဒါဟာ အင်ဂျင်နီယာ စက်ရုပ်တွေအတွက် အရေးအပါဆုံး ပြုပြင်ရေး ကိရိယာပါပဲ"

တစ်ဖက်လူက ကိရိယာ၏ အမည်ကို ပြောလိုက်သည်နှင့် လော်ယွမ်က သဘောပေါက်သွားသည်။

ဤနည်းပညာမျိုးကို အခြားစက်ရုံများတွင် သူ မြင်ဖူးထားပြီးသား ဖြစ်သည်။

သတ္တုအရည်ကျိုခြင်းနှင့် ပုံသွင်းခြင်း စက်ရုံများတွင် ဤနည်းပညာကို အသုံးပြုကြသော်လည်း၊ ယခုကဲ့သို့ အသေးစားလေးကိုတော့ သူ မမြင်ဖူးခဲ့ပေ။

ထိုအချိန်တွင် အင်ဂျင်နီယာ စက်ရုပ်ကြီး၏ အင်ဂျင်က စတင် ဟိန်းဟောက်လာသည်။ ဤကိရိယာကို အသုံးပြုရန်အတွက် လျှပ်စစ်စွမ်းအင် အမြောက်အမြား လိုအပ်သည်မှာ ထင်ရှားလှသည်။

သံလိုက်ပုံသွင်းကိရိယာ အနီးရှိ လေထုက ပြင်းထန်စွာ တွန့်လိမ်သွားသည်ကို လော်ယွမ် မြင်တွေ့လိုက်ရသည်။

အနီးအနားရှိ သတ္တုအမှုန်အမွှားများပင် တုန်ခါနေပြီး စုပ်ယူခံရတော့မည့်အလား ဖြစ်နေသည်။

သို့သော် ဤကိရိယာတွင် အားကောင်းသော သံလိုက်စက်ကွင်း ထိန်းချုပ်မှုစနစ် ပါဝင်သည့်အတွက် လွတ်ထွက်သွားသော သံလိုက်စက်ကွင်း အနည်းငယ်သာ ရှိပြီး ကြီးမားသော သက်ရောက်မှုမျိုးတော့ မဖြစ်စေခဲ့ပေ။

သံလိုက်စက်ကွင်း၏ လွှမ်းခြုံမှုအောက်တွင် မကြာမီမှာပင် အစိတ်အပိုင်းများက တဖြည်းဖြည်း ပုံစံပြောင်းလဲလာသည်။

တွန့်လိမ်နေသော သတ္တုများက ပြန်လည် ဖြောင့်တန်းလာပြီး ကျိုးပဲ့နေသော နေရာများက တဖြည်းဖြည်း ပူးကပ်သွားလေသည်။

စက္ကန့်အနည်းငယ် အတွင်းမှာပင် သာမန်လူတို့ အမြင်၌ အမှိုက်ဟု သတ်မှတ်ရမည့် အစိတ်အပိုင်းလေးမှာ ပြုပြင်ပြီးစီးသွားကာ အသစ်စက်စက်ကဲ့သို့ တောက်ပနေလေသည်။

အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်ထိရောက်လွန်းလှသည်။

ဗိုရှင်းဂြိုဟ်သားများ၏ သံလိုက်စက်ကွင်း အသုံးချမှု နည်းပညာမှာ အံ့မခန်း အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဝန်ခံရပေမည်။

သူတို့သည် သံလိုက်စက်ကွင်း စွမ်းအင်ကို အသေးစိတ် ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။

၎င်းနှင့် နှိုင်းယှဉ်လျှင် လူသားတို့သည် ဗိုရှင်းနည်းပညာနှင့် မထိတွေ့မီက သံလိုက်စက်ကွင်း အသုံးချမှုတွင် အခြေခံအဆင့်၌ပင် မရှိခဲ့ကြပေ။

အကယ်၍ ပြန်လည်ထူထောင်ရေးဇုန် ကာလတုန်းကသာ လူသားများတွင် ဤကဲ့သို့သော နည်းပညာများ ရှိခဲ့မည်ဆိုလျှင် လူသားတို့၏ ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် စက်မှုနည်းပညာ အဆင့်အတန်းသည် အဆများစွာ မြင့်တက်လာမည် ဖြစ်ပြီး သန္ဓေပြောင်းသားရဲများကလည်း လူသားများကို ထိုမျှလောက် ခြိမ်းခြောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

သို့သော် တစ်ဖက်မှ ပြန်တွေးကြည့်လျှင် ဤနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသုံးချရန်အတွက် အားကောင်းပြီး စရိတ်သက်သာသော စွမ်းအင်ရင်းမြစ်များ မရှိမဖြစ် လိုအပ်ပေသည်။

အနုမြူ ပေါင်းစပ်စွမ်းအင် အဆင့်အထိ မရောက်ရှိသေးသရွေ့၊ လူသားများအနေဖြင့် ဤနည်းပညာကို ရရှိခဲ့လျှင်တောင် အသုံးချနိုင်စွမ်း ရှိမည်မဟုတ်ချေ။

နည်းပညာဆိုသည်မှာ အချင်းချင်း အမှီသဟဲပြုနေပြီး သစ်ပင်တစ်ပင်၏ ကိုင်းဖျားများကဲ့သို့ ဖြာထွက် တိုးတက်လာခြင်း ဖြစ်ရာ သီးခြားခွဲ၍ ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပေ။

မည်မျှပင် အဆင့်မြင့်သော နည်းပညာဖြစ်ပါစေ သာမန် နားလည်နိုင်စွမ်းဘောင်အတွင်းမှ လုံးဝ သွေဖည်သွားခြင်းမျိုးတော့ မရှိနိုင်ပေ။

စက်ရုပ်လက်တံ အမျိုးမျိုး၏ ချောမွေ့သွက်လက်ပြီး စနစ်ကျသော လှုပ်ရှားမှုများကြားတွင် အစိတ်အပိုင်း တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြုပြင်ပြီးစီးသွားသည်။

နောက်ဆုံးတွင် ဧရာမ ထိန်းချုပ်ခလုတ်ခုံကြီးကို ပြုပြင်ရာ၌ အချိန်အနည်းငယ် ပိုယူလိုက်ရသော်လည်း၊ ကျန်အစိတ်အပိုင်းများအတွက်မူ အများဆုံး စက္ကန့်နှစ်ဆယ်ပင် မကြာခဲ့ပေ။

တန်ချိန် ဆယ်ဂဏန်းခန့်ရှိသော စက်ယန္တရားကြီး တစ်ခုလုံးကို တပ်ဆင်ပြီးစီးသွားချိန်တွင် အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့သေးကြောင်း လော်ယွမ် တွက်ဆမိလိုက်သည်။

လော်ယွမ်က ဖြည်းညင်းစွာ လက်ခုပ်တီးလိုက်သည်။ အနီးအနားရှိ အတူတကွ လိုက်ပါလာသော အဆင့်မြင့် ခေါင်းဆောင်များကလည်း အလျင်အမြန် လိုက်လံ လက်ခုပ်တီးကြသဖြင့် ထိုနေရာတစ်ဝိုက်တွင် လက်ခုပ်သံများ ဆူညံသွားလေသည်။

အင်ဂျင်နီယာချုပ်ချန်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီရဲနေလေသည်။

ယခုကဲ့သို့ အာဏာရှင်ဆန်သော လူ့အဖွဲ့အစည်းမျိုးတွင် အထက်လူကြီးများ၏ အသိအမှတ်ပြု ခံရခြင်းထက် ပိုအရေးကြီးသော ဆုလာဘ်နှင့် ဂုဏ်ပုဒ်မျိုး မရှိတော့ပေ။

……

လတ်တလော နည်းပညာ ပေါက်ကွဲတိုးတက်မှု နောက်ခံအခြေအနေအောက်တွင် ဗိုရှင်းဂြိုဟ်သားတို့၏ အင်ဂျင်နီယာ စက်ရုပ်ကြီးကို ပြန်လည်ပြုပြင်နိုင်ခဲ့ခြင်းက ကြီးမားသော အောင်မြင်မှုကြီး တစ်ခုဟု မဆိုနိုင်သော်လည်း၊ လူသားများအတွက်မူ အလွန် ကြီးမားသော အဓိပ္ပာယ်တစ်ရပ်ကို ဆောင်ကြဉ်းပေးနေသည်။

ဤသည်မှာ လူသားတို့သည် ယာဉ်ပျံကို ပြုပြင်ထိန်းသိမ်းနိုင်စွမ်း ရှိလာပြီ ဖြစ်ကြောင်း ပြသနေသည်။

ထို့အပြင် အာကာသအတွင်း လုပ်ငန်းများ ဆောင်ရွက်နိုင်စွမ်း ရှိလာပြီဖြစ်ရာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် သတ္တုတူးဖော်ရေး ပြုလုပ်ရန်လည်း ဖြစ်နိုင်လာပြီ ဖြစ်သည်။

ဤကာလအတွင်း ဗိုရှင်းစက်ရုံများ တစ်ရုံပြီးတစ်ရုံ ဖွင့်လှစ်ကာ အကြီးအကျယ် ထုတ်လုပ်မှုများ ပြုလုပ်လာသည်နှင့်အမျှ ယာဉ်ပျံပေါ်ရှိ အရန်ပစ္စည်းများမှာ အလျင်အမြန် လျော့ကျလာခဲ့သည်။

ပစ္စည်းအများစုမှာ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး အများဆုံး အသုံးပြုရသည့် သံသတ္တုစစ်စစ် ဆိုလျှင် ၃၀ ရာခိုင်နှုန်းအထိပင် လျော့ကျသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုမိုးမျှော်တိုက်ကြီးများကို သတ္တုဖြင့်သာ တည်ဆောက်ထားရသောကြောင့် ဖြစ်သည်။

ဤသို့ လုပ်ဆောင်ခြင်းက အတော်လေး အန္တရာယ်များကြောင်းကို လော်ယွမ် သေချာပေါက် သိထားသည်။

ယာဉ်ပျံပေါ်ရှိ ဤအရန်ပစ္စည်းများမှာ အာကာသအတွင်း ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရန်နှင့် အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် သိုလှောင်ထားခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်တွင်လည်း လူသားတို့အတွက် နေ့စဉ်သုံး ပစ္စည်းများ အလွန်အမင်း ရှားပါးနေပြီး နေရာတိုင်းတွင် လိုအပ်ချက်များ ရှိနေသည်။

ယခုအချိန်သည် အရင်ကလို မဟုတ်တော့ပေ။ အရင်က အခြေအနေများ ခက်ခဲကြမ်းတမ်းပြီး ပစ္စည်းအထောက်အပံ့များ အကန့်အသတ် ရှိခဲ့သဖြင့် ဝမ်းရေးမှလွဲ၍ အခြားအရာများကို ထည့်မတွက်နိုင်ခဲ့ကြပေ။

သို့သော် ယခုအခါ ဘဝများ တဖြည်းဖြည်း တည်ငြိမ်လာပြီး နည်းပညာများလည်း ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်ရာ အရင်လိုမျိုးသာ ဆက်နေမည်ဆိုလျှင် ပြည်သူများ၏ မကျေနပ်မှုများ ပေါက်ကွဲလာနိုင်ပေသည်။

အခြားတစ်ဖက်တွင်လည်း ပြည်သူများကို အလုပ်လက်မဲ့ မဖြစ်စေဘဲ လူပိုများများ အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

သေချာသည်မှာ အလုပ်အကိုင် ရရှိရေး တစ်ခုတည်းအတွက်သာ ဆိုလျှင် အခြားသော ပိုကောင်းသည့် နည်းလမ်းများ ရှိသေးသည်။

ဥပမာအားဖြင့် ဝန်ဆောင်မှု လုပ်ငန်းများကို ဖွင့်လှစ်ပေးခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားစေရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး အလုပ်လက်မဲ့ လူဦးရေ အများစုကိုပင် ဖြေရှင်းပေးနိုင်သည်။

ကမ္ဘာမပျက်ခင်က တရုတ်နိုင်ငံရှိ ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေသူ အရေအတွက်မှာ စက်မှုလုပ်ငန်း လုပ်ကိုင်သူများထက် အများကြီး ပိုများခဲ့သည်။

တရုတ်နိုင်ငံထက် စီးပွားရေး ပိုမိုဖွံ့ဖြိုးသော အမေရိကန်ကဲ့သို့ နိုင်ငံမျိုးတွင် ဆိုလျှင် ထိုအချိုးအစားက ပို၍ပင် မြင့်မားလေသည်။

အမှန်တကယ်တော့ ယခုလက်ရှိ လူသားတို့၏ နည်းပညာ အဆင့်အတန်းအရ ဆိုလျှင် ပြည်သူတစ်ရပ်လုံး ပျော်ရွှင်စွာ အနားယူ အပန်းဖြေနေရန်ပင် ဖြစ်နိုင်ချေ ရှိနေပြီ ဖြစ်သည်။

အင်ဂျင်နီယာ စက်ရုပ်များကိုပင် အောင်မြင်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီ ဖြစ်ရာ သာမန် ဉာဏ်ရည်တု စက်မှုစက်ရုပ်များ ဆိုလျှင် အခက်အခဲ မရှိနိုင်တော့ပေ။

ဗိုရှင်းဂြိုဟ်သားများ၏ အလိုအလျောက် စက်ရုံများကဲ့သို့ ဖန်တီးရန်မှာ လုပ်ချင်သလား၊ မလုပ်ချင်ဘူးလား ဆိုသည့်အပေါ်တွင်သာ မူတည်နေပြီ ဖြစ်သည်။

သို့သော် ထိုသို့ လုပ်ဆောင်ခြင်းက လူသားတို့၏ အနာဂတ်ကို ဖျက်ဆီးပစ်လိုက်ခြင်းမှလွဲ၍ မည်သည့် အဓိပ္ပာယ်မှ ရှိမည် မဟုတ်ပေ။

လူသားတို့သည် အေးအေးချမ်းချမ်း အပန်းဖြေနိုင်မည့် အချိန်သို့ ရောက်ရှိရန် အလှမ်းဝေးနေဆဲပင်။

လူသားတို့သည် နေအဖွဲ့အစည်းမှ ထွက်ခွာပြီး စကြာဝဠာ၏ အမှောင်လောကထဲသို့ ထွက်ပြေးပုန်းရှောင်ရန် ပြင်ဆင်နေကြဆဲ ဖြစ်ကာ အနာဂတ်မှာလည်း မှုန်ဝါးနေဆဲ ဖြစ်သည်။

အကယ်၍ ယခုအချိန်တွင်သာ အလျော့ပေးလိုက်မည် ဆိုလျှင် အကောင်းဆုံး ရလဒ်အနေဖြင့် မိခင်ကမ္ဘာမြေသို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် လေလွင့်နေသော ခရီးသည် တစ်စုသာ ဖြစ်သွားပေလိမ့်မည်။

ဤသည်မှာ လော်ယွမ် လုံးဝ မမြင်တွေ့လိုသော အရာပင် ဖြစ်သည်။

လူသားတို့၏ ကြိုးစားအားထုတ်လိုစိတ်ကို ထိန်းသိမ်းထားနိုင်ရန်နှင့် တွန်းအားပေးနိုင်ရန်အတွက် ဝန်ဆောင်မှု လုပ်ငန်းများကို တင်းကြပ်စွာ ကန့်သတ်ထားခဲ့သည်။

ဝါဒဖြန့်ချိရေးအတွက် အသုံးပြုသော ရုပ်ရှင်အချို့မှလွဲ၍ ယခုအချိန်အထိ လူသားများအတွက် ဖျော်ဖြေရေး လုပ်ငန်းဟူ၍ မရှိသလောက် ရှားပါးလှသည်။

၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လူကြီး ပညာရေး ကျောင်းများနှင့် အလုပ်သမား ညကျောင်းများစွာကို အဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရပိုင် ကျူရှင်သင်တန်းများကို နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။

ထို့အပြင် သိပ္ပံနည်းကျ သုတေသန အဆင့်အတန်းများအပေါ် အခြေခံသည့် မမြင်ရသော လူတန်းစား ခွဲခြားမှု စနစ်ကို တည်ဆောက်ထားကာ လူ့အဖွဲ့အစည်းအတွင်း ပညာရေးကို လေးစားတန်ဖိုးထားသည့် အလေ့အထများကို ဖော်ဆောင်ပေးထားသည်။

တစ်ဦးတည်းသော ရည်ရွယ်ချက်မှာ နည်းပညာများ ဆက်လက် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တွန်းအားပေးရန်ပင် ဖြစ်ပေတော့သည်။

ဆက်ရန်...

All Chapters