← Chapters

အခန်း (၄၉၅-၄၉၆)

Vol. 25 Ch. 495-496

အခန်း (၄၉၅-၄၉၆)

Vol. 25 Ch. 495-496

အပိုင်း(၄၉၅) အနာဂတ်အတွက် ကလေးတစ်ယောက် မွေးဖွားရန်

ချန်ရှင်းကျယ်က တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ သူမ၏ ကိုယ်ဟန်က သွယ်လျကျော့ရှင်းနေပြီး မွှေးပျံ့သော ရနံ့သင်းသင်းလေးကလည်း လေနှင့်အတူ ပါလာခဲ့သည်။

သူမက လက်ထဲရှိ လက်ဖက်ရည်ခွက်ကို လော်ယွမ်၏ အရှေ့တွင် ချပေးလိုက်ပြီးနောက် သူ၏ နားအနီးသို့ ကပ်ကာ "မြို့တော်ဝန်... အစည်းအဝေးစဖို့ ဆယ်မိနစ်ပဲ လိုပါတော့တယ်" ဟု နူးညံ့တိုးဖျော့သော အသံလေးဖြင့် သတိပေးလိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း နည်းပညာများ အကြီးအကျယ် တိုးတက်လာခဲ့ရုံသာမက မြို့တော်အစိုးရအဖွဲ့၏ လူသားအရင်းအမြစ်ပိုင်းတွင်လည်း အပြောင်းအလဲအချို့ ရှိလာခဲ့သည်။

အချို့မှာ အဂတိလိုက်စားမှုကြောင့် ဖြစ်စေ၊ ခေတ်ရေစီးကြောင်းနှင့် အံမဝင်တော့၍ ဖြစ်စေ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး အချို့မှာမူ ရာထူးတိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရသည်။

သူ၏ ယခင်အတွင်းရေးမှူးဖြစ်သူ ချန်ကွမ်ဟွေးက အလုပ်တာဝန် အသစ်တစ်ခုသို့ ပြောင်းရွှေ့သွားပြီး စက်မှုလုပ်ငန်းဌာန၏ ညွှန်ကြားရေးမှူးရာထူးကို ရယူခဲ့သည်။

ထို့ကြောင့် လစ်လပ်သွားသော အတွင်းရေးမှူး နေရာကို ချန်ရှင်းကျယ်က အစားထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ချန်ကွမ်ဟွေးအတွက်မူ ဤသို့ ရာထူးတိုးခြင်းက သိပ်ပြီး ဝမ်းသာစရာတော့ ကောင်းမည် မဟုတ်ပေ။

တစ်ဖက်တွင် ကိုယ်ပိုင်အာဏာရသွားသည် ဆိုသော်ငြား အခြားတစ်ဖက်တွင်မူ အဓိက အချက်အချာကျသော အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ ဝေးကွာသွားခြင်းပင် ဖြစ်သည်။

တကယ်တော့ လော်ယွမ်က ချန်ကွမ်ဟွေးအပေါ် မကျေနပ်ချက် ရှိနေ၍ မဟုတ်သလို အခြားသော မကောင်းသည့် ရည်ရွယ်ချက်များကြောင့်လည်း မဟုတ်ပေ။

အရာအားလုံးက အဖွဲ့အစည်း၏ ပုံမှန် အပြောင်းအရွှေ့တစ်ခုမျှသာ ဖြစ်သည်။

ယေဘုယျအားဖြင့် ဆိုရလျှင် ခေါင်းဆောင်များ၏ ဘေးရှိ အတွင်းရေးမှူးများသည် သုံးနှစ်ထက်ပို၍ တာဝန်ထမ်းဆောင်လေ့ မရှိဘဲ အခြားနေရာများသို့ ပြောင်းရွှေ့ခံရလေ့ ရှိသည်။

ဤသည်မှာ လက်အောက်ငယ်သားများ၏ တိုးတက်ရာတိုးတက်ကြောင်းကို မပိတ်ပင်လိုခြင်းကြောင့် ဖြစ်သလို အခြားတစ်ဖက်တွင်လည်း အထက်လူကြီးများ၏ အာဏာကို အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ အတွင်းရေးမှူးဆိုသည်မှာ သူ၏ ကိုယ်စားလှယ်နှင့် အာဘော်ပင် ဖြစ်သည်။

အတွင်းရေးမှူး၏ လှုပ်ရှားမှုတိုင်းက သူ၏ဆန္ဒကို ကိုယ်စားပြုနေသလို အခြားသူများ၏ အမြင်တွင်လည်း ထိုသို့ပင် ရှုမြင်ကြမည် ဖြစ်သည်။

အထူးသဖြင့် ယခုကဲ့သို့ အာဏာအားလုံး တစ်နေရာတည်းတွင် စုစည်းနေသော ခေတ်ကာလတွင် အတွင်းရေးမှူးတစ်ယောက်၏ ဩဇာအာဏာနှင့် ဩဇာလွှမ်းမိုးမှုသည် အခြားသော ကော်မတီဝင်များထက်ပင် ပိုမိုကြီးမားနေတတ်သည်။

ဤသည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ ပုံမှန်မဟုတ်သော အခြေအနေတစ်ရပ်ပင် ဖြစ်သည်။

ချန်ရှင်းကျယ်ကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမ၏ အကြောင်းကို အူမချေးခါးမကျန် သိထားသောကြောင့် ဖြစ်သည်။

သူမက အာဏာမက်မောမှု သိပ်မရှိသလို ကိုယ်ပိုင်ခံယူချက်လည်း အလွန်ခိုင်မာသည်။

ထို့အပြင် လော်ယွမ်က သူစိမ်းများထက်စာလျှင် မိမိနှင့် ရင်းနှီးကျွမ်းဝင်သူများကို ပို၍ ယုံကြည်တတ်သည့် သဘာဝရှိသည်။

ဤကိစ္စတွင်မူ လော်ယွမ်သည်လည်း သာမန်လူသားများနည်းတူ ကင်းလွတ်နိုင်ခြင်း မရှိခဲ့ပေ။

လော်ယွမ်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး "စောပါသေးတယ်... ဒီစာရွက်စာတမ်းတွေကို အရင်ဖတ်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

ချန်ရှင်းကျယ်ကလည်း ထပ်မံနှောင့်ယှက်ခြင်း မပြုတော့ဘဲ အမြန်ပင် ထွက်သွားခဲ့သည်။

လော်ယွမ်က အရှေ့ရှိ စာရွက်စာတမ်း အနည်းငယ်ကို စစ်ဆေးပြီးစီးသွားသောအခါ မတ်တတ်ရပ်၍ အဝတ်အစားကို သေသပ်စွာ ပြင်ဆင်လိုက်ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

အတွင်းရေးမှူးရုံးခန်းထဲရှိ ချန်ရှင်းကျယ်ကလည်း စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ ချက်ချင်းပင် အနောက်မှ လိုက်ပါလာခဲ့သည်။

လမ်းလျှောက်လာရင်း အားလပ်နေခိုက်တွင် ချန်ရှင်းကျယ်က "အခု လူသားတွေရဲ့ မွေးဖွားနှုန်းက အဲဒီလောက်တောင် နိမ့်ကျသွားတာလား" ဟု တိုးညင်းစွာ မေးလိုက်သည်။

"ကမ္ဘာပျက်ကပ်ဘေး စတင်ကတည်းက ဒီလိုဖြစ်နေတာပဲလေ... သော့ဖွင့်ဗိုင်းရပ်စ်က လူအများစုကို သန္ဓေပြောင်းသွားအောင် မလုပ်နိုင်ခဲ့ပေမဲ့ သေးငယ်တဲ့ အပြောင်းအလဲလေးတွေတော့ ဖြစ်ပေါ်သွားစေခဲ့တယ်... အခုဆိုရင် လူသားတစ်ဦးချင်းစီကြားက ကွာခြားချက်တွေဟာ ကမ္ဘာမပျက်ခင်ကထက် ဆယ်ဆကျော်လောက် ပိုများနေပြီ... ဒီအချက်က မွေးဖွားနှုန်းကို အကြီးအကျယ် ထိခိုက်စေတာပဲ" လော်ယွမ်က လေးလံသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ဗိုရှင်းဂြိုဟ်သားများ၏ ရက်စက်ယုတ်မာမှုများကို လူအများ သိရှိစေရန်အတွက် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို သန္ဓေပြောင်းစေပြီး လူသားအမြောက်အမြားကို သေဆုံးစေခဲ့သော ထိုသော့ဖွင့်ဗိုင်းရပ်စ် အကြောင်းကို အများပြည်သူအား အသိပေး ကြေညာထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ချန်ရှင်းကျယ်အနေဖြင့်လည်း ထိုအကြောင်းကို ကြားဖူးထားပြီး စိမ်းသက်နေမည် မဟုတ်ချေ။

သူတို့နှစ်ယောက် စကားအနည်းငယ် ပြောဆိုပြီးချိန်တွင် အစည်းအဝေးခန်းမသို့ ရောက်ရှိလုနီးပါး ဖြစ်နေချေပြီ။

အစည်းအဝေးခန်းမ အပေါက်ဝတွင် စောင့်ကြပ်နေသော လုံခြုံရေးတပ်သားများက သူတို့နှစ်ယောက် လာသည်ကို မြင်သောအခါ ချက်ချင်းပင် အသင့်အနေအထားဖြစ်သွားကြပြီး အစည်းအဝေးခန်းမ တံခါးကြီးကို ဆွဲဖွင့်ပေးလိုက်ကြသည်။

ဤအစည်းအဝေးမှာ အထက်တန်းအဆင့် အစည်းအဝေးတစ်ခု မဟုတ်ဘဲ မူဝါဒရေးရာ ဆွေးနွေးပွဲတစ်ခုသာ ဖြစ်သည်။

အထက်တန်း ခေါင်းဆောင်များအပြင် တက်ရောက်လာသူ အများစုမှာ နာမည်ကျော် သိပ္ပံပညာရှင်များနှင့် ပါမောက္ခကြီးများ ဖြစ်ကြသည်။

အချိန်ဆွဲမနေတော့ဘဲ လော်ယွမ် ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ဦးဆောင်မှုဖြင့် အစည်းအဝေးကို စတင်လိုက်သည်။

"ဒါက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဆေးရုံကြီးတွေမှာ မွေးဖွားခဲ့တဲ့ ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ စာရင်းအင်း အချက်အလက်တွေပဲ... အခုအချိန်အထိ စုစုပေါင်း ကလေး ၃၃၂၀ ယောက်သာ မွေးဖွားခဲ့ပါတယ်... ဒီမွေးဖွားနှုန်းက ကြောက်စရာကောင်းလောက်အောင်ကို နိမ့်ကျနေတာပါ... လူသားမျိုးနွယ် အတွက်ဆိုရင်တော့ ရေရှည်တည်တံ့နိုင်ဖို့ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားပါပဲ"

"တကယ်လို့များ ကျွန်တော်တို့ဘက်က အစီအမံ တစ်ခုခုသာ မချမှတ်နိုင်ဘူးဆိုရင် အလွန်ဆုံး နောက်ထပ် အနှစ် ၅၀၀ လောက်ဆိုရင် လူသားမျိုးနွယ်တွေ အားလုံး မျိုးသုဉ်းပျောက်ကွယ်သွားပါလိမ့်မယ်... အသေးစိတ် အချက်အလက်တွေကိုလည်း ခင်ဗျားတို့လက်ထဲ ကြိုတင်ပေးပို့ထားပြီးသားမို့လို့ ဖတ်ပြီးလောက်ပြီလို့ ထင်ပါတယ်"

"ခင်ဗျားတို့ဆီမှာ ဘယ်လို အဖြေရှာနိုင်မယ့် နည်းလမ်းတွေရှိလဲ ဆိုတာကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ်... ပြီးတော့ လူသားတွေကို ကိုယ်ပွားဖန်တီးမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ခင်ဗျားတို့ရဲ့ အမြင်တွေကို ဆွေးနွေးပေးကြပါ" ဟု လော်ယွမ်က ပြောလိုက်သည်။

ထောင့်တစ်နေရာတွင် ထိုင်နေသော ချန်ရှင်းကျယ်က အစည်းအဝေး မှတ်တမ်းများကို လျင်မြန်စွာ ရေးမှတ်နေပြီး လော်ယွမ်ကိုလည်း ရံဖန်ရံခါ စူးရှသော မျက်လုံးများဖြင့် လှမ်းကြည့်နေခဲ့သည်။

သူမ၏ စိတ်ထဲတွင် ယခုကဲ့သို့ အချိန်မျိုး၌ လော်ယွမ်က အဆွဲဆောင်နိုင်ဆုံး ဖြစ်သည်ဟု ထင်မြင်နေမိသည်။

"လေးစားရပါသော မြို့တော်ဝန်နဲ့ ခေါင်းဆောင်ကြီးများခင်ဗျာ... ကျွန်တော်ကတော့ ကိုယ်ပွားဖန်တီးမယ့် ကိစ္စကို ဆန့်ကျင်ပါတယ်... လက်ရှိ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ဆိုရင် ကိုယ်ပွားဖန်တီးဖို့ ဆိုတာက တကယ်ကို မခက်ခဲပါဘူး... ဒါပေမဲ့ လူဦးရေကို ဒီအတိုင်း သက်သက် တိုးပွားလာအောင် လုပ်ရုံနဲ့တော့ မွေးဖွားနှုန်း တိုးတက်လာမှာ မဟုတ်ပါဘူး"

"နောင်တစ်ချိန်မှာ လူသားတွေက သဘာဝအတိုင်း မွေးဖွားတဲ့ စနစ်ကို စွန့်လွှတ်ပြီး မျိုးဆက်ပြန့်ပွားဖို့အတွက် ကိုယ်ပွားနည်းပညာကိုပဲ လုံးလုံးလျားလျား အားကိုးလာမယ် ဆိုရင်တောင် ဒီအရာက လက်ရှိ လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါလိမ့်မယ်... အရင်က မိသားစုဆိုတဲ့ လူ့အဖွဲ့အစည်း ပုံစံမျိုးကလည်း ပြိုကျပျက်စီးသွားပြီး လူ့အဖွဲ့အစည်းအတွင်း ဖရိုဖရဲ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်"

"ကျွန်တော့်အမြင်ကတော့ ဒီလို မွေးဖွားနှုန်း ကျဆင်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် သီးသန့် ဆေးဝါးတွေကို သုတေသနပြုပြီး ဖြည်းဖြည်းချင်း ဖြေရှင်းသွားတာကသာ ရေရှည်တည်တံ့နိုင်မယ့် နည်းလမ်းကောင်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု တက္ကသိုလ်တစ်ခုမှ ဆံပင်အဖြူရောင်နှင့် လူမှုရေးသိပ္ပံ ပါမောက္ခတစ်ဦးက မတ်တတ်ရပ်ကာ လေးနက်သော လေသံဖြင့် ပြောကြားလိုက်သည်။

လော်ယွမ်က မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။ ပထမဆုံး ထွက်ဆိုလာသူက ကိုယ်ပွားဖန်တီးခြင်းကို ဆန့်ကျင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဒီ ပါမောက္ခကြီးက အရမ်း ရှေးရိုးစွဲဆန်လွန်းနေတယ်လို့ ကျွန်တော်ထင်တယ်... လူ့အဖွဲ့အစည်း တိုးတက်လာတိုင်းမှာ လူ့အဖွဲ့အစည်းကို ရိုက်ခတ်မှုတွေ ရှိလာစမြဲပါပဲ... ရှေးခေတ်က မိခင်အုပ်ချုပ်တဲ့ ခေတ်ကာလတွေ... မြေရှင်ပဒေသရာဇ်ခေတ်က ဆွေမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ ခေတ်ကာလတွေနဲ့ ကမ္ဘာမပျက်ခင်က သီးခြား မိသားစုလေးတွေ နေထိုင်တဲ့ ခေတ်ကာလတွေက ဒါကို သက်သေပြနေတာပါပဲ"

"ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတက်လာတာနဲ့အမျှ မူလ လူ့အဖွဲ့အစည်းကို သဘာဝအတိုင်း ရိုက်ခတ်လာမှာပါပဲလေ... ဒါက ရှောင်လွှဲလို့မရသလို ရှောင်လွှဲလို့လည်း မဖြစ်ပါဘူး... ပြီးတော့ အခုဆိုရင် လူသားတွေလည်း သိပ်မကျန်တော့ပါဘူး... အာကာသ ဆိုတာကလည်း ဘေးကင်းတဲ့ နေရာတစ်ခု မဟုတ်ဘူးလေ"

"လူသားတွေအနေနဲ့ အန္တရာယ်ကနေ လုံးဝ ကင်းလွတ်မသွားသေးခင်မှာ ကိုယ်ပွားဖန်တီးခြင်းက လူ့အဖွဲ့အစည်းကို ဘယ်လို ရိုက်ခတ်လာမလဲ ဆိုတာကို တွေးပူနေတာကတော့ အဓိကနဲ့ သာမညကို ခွဲခြားမသိတာပဲလို့ ကျွန်တော်ထင်တယ်" ဟု စကားသံဆုံးသည်နှင့် သိပ္ပံပညာရှင်တစ်ဦးက မတ်တတ်ရပ်ကာ ကန့်ကွက်လိုက်သည်။

သူက အလွန်ငယ်ရွယ်ပြီး အသက် ၃၀ ပင် မပြည့်သေးသည့်ပုံ ပေါ်သည်။ သို့သော် ယနေ့ခေတ်ကာလတွင် ဤကဲ့သို့သော သိပ္ပံပညာရှင်မျိုးက နေရာတိုင်းလိုလိုတွင် ရှိနေတတ်သည်။

ငယ်ရွယ်သည်ဟူသော အဓိပ္ပာယ်မှာ အရာရာကို အလွယ်တကူ လက်ခံနိုင်စွမ်းရှိသည်ဟုလည်း ဆိုလိုနိုင်သည်။

ရှေးရိုးစွဲဆန်သော ပညာရှင်အိုကြီးများနှင့် နှိုင်းယှဉ်လျှင် သူက ပို၍ တက်ကြွပြီး ပြတ်သားသူ ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဤကိစ္စနှင့် ပတ်သက်၍ လော်ယွမ်က ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်း မပြုလုပ်ခဲ့ပေ။

ကိုယ်ပွားဖန်တီးခြင်းဆိုသည်မှာ လူဦးရေ ပြဿနာကို ဖြေရှင်းရန်အတွက် ပြင်းထန်သော ဆေးတစ်ခွက် ဖြစ်ပြီး ၎င်း၏ အကျိုးသက်ရောက်မှုမှာလည်း ချက်ချင်း လက်ငင်း သိသာစေနိုင်သည်။

သို့သော် ပြင်းထန်သော ဆေးတိုင်းတွင် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ရှိတတ်စမြဲပင်။

ပြန်လည်ထူထောင်ရေးဇုန် ခေတ်ကာလက လူသားများသည် ကြီးမားလှသော ရှင်သန်ရေးဖိအားများကို ရင်ဆိုင်ခဲ့ရသော်လည်း ကိုယ်ပွားဖန်တီးခြင်း ကိစ္စကိုမူ လျှို့ဝှက်ထားခဲ့ပြီး အများပြည်သူအား လုံးဝ ချပြခဲ့ခြင်း မရှိချေ။

ယခုအခါ ရှင်သန်ရေး ဖိအားများမှာ ယာယီအားဖြင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ လူသားများကို ကိုယ်ပွားဖန်တီးမည်ဆိုသည့် ကိစ္စကို ပြည်သူလူထုက သိရှိသွားပါက ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာပြီး အငြင်းပွားမှုများ ကြီးမားလာနိုင်ပေသည်။

သူက ဤကိစ္စကို အတင်းအကျပ် အကောင်အထည်ဖော်နိုင်သော်လည်း ပြည်သူလူထုကြားရှိ သူ၏ ဂုဏ်သိက္ခာမှာလည်း အောက်ဆုံးအထိ ထိုးကျသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် လော်ယွမ်အနေဖြင့် ကိုယ်ပွားဖန်တီးလိုသည့် အကြံအစည်ရှိနေလျှင်တောင်မှ အထူး သတိထား၍ လုပ်ဆောင်ရမည် ဖြစ်သည်။

"ပါမောက္ခကြီးရဲ့ ထင်မြင်ချက်တချို့ကိုတော့ ကျွန်တော် သဘောတူပါတယ်... ဒါပေမဲ့ လူသားတွေကို ကိုယ်ပွားဖန်တီးမယ့် ကိစ္စကိုလည်း ကျွန်တော် မဆန့်ကျင်ပါဘူး... အစီအစဉ်တကျ မရှိဘဲ ပရမ်းပတာ ကိုယ်ပွားဖန်တီးမှာကိုပဲ ဆန့်ကျင်တာပါ... လူသားတွေ အနေနဲ့ လူ့ဗီဇစီမံကိန်းကို နောက်တစ်ကြိမ် ပြန်လည်ရေးဆွဲရမယ့် အချိန်ရောက်နေပြီလို့ ကျွန်တော်ထင်တယ်"

ထိုစဉ် ဝူဌာနမှူးကလည်း မတ်တတ်ရပ်လိုက်သည်။ ဉာဏ်ပညာဆေးရည် ဖော်စပ်သည့် စီမံကိန်းကြောင့် သူသည် တစ်ချိန်က ဗီဇဆိုင်ရာ အကြီးမားဆုံး အာဏာပိုင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

ဝမ်းနည်းစရာမှာ တစ်နှစ် နှစ်နှစ်သာ ကြာသွားသော်လည်း ယခုအချိန်အထိ ထိုစီမံကိန်းက မည်သည့် ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် ယခုအခါ သူ့အား ချောင်ထိုးထားသလိုပင် ဖြစ်နေချေပြီ။

(ဉာဏ်ပညာဆေးရည်က လင်းယွမ်ရခဲ့တဲ့စွမ်းအင်ဗဟိုချက်ကြောင့် အောင်မြင်သွားတာပါ။ ဓာတ်ခွဲခန်းမှာ ဉာဏ်ပညာဆေးရည်ကို တီထွင်ဖို့လုပ်နေကြပေမယ့် အခုထိ မအောင်မြင်သေးပါဘူး)

"ဒီတစ်ကြိမ်က အရင်ကလို ဗီဇအစီအစဉ်ကို တိုင်းတာတာမျိုး မဟုတ်ဘဲ ဗီဇအုပ်စုအမျိုးမျိုးရဲ့ လုပ်ဆောင်ချက်တွေကို နားလည်သဘောပေါက်အောင် လုပ်ပြီး ပြီးပြည့်စုံတဲ့ ဗီဇလုပ်ဆောင်ချက် မြေပုံကို ရေးဆွဲရမှာပါ"

"လူသားတွေရဲ့ ဗီဇစံနှုန်းတွေကို ကျွန်တော်တို့က အသစ်ပြန်လည် သတ်မှတ်ရမယ်... သော့ဖွင့်ဗိုင်းရပ်စ်ရဲ့ လွှမ်းမိုးမှုကြောင့် မွေးဖွားနှုန်းကို ဟန့်တားနေတဲ့ တစ်သီးပုဂ္ဂလ ဗီဇတွေနဲ့ ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်မှာ ကျန်ရစ်ခဲ့တဲ့ ဗီဇချို့ယွင်းချက်တွေကို ဖယ်ရှားပစ်ရပါမယ်"

"အဲဒီအချိန်ကျရင် ကျွန်တော်တို့က မျိုးအောင်ပြီးသား ဥဘဝမှာကတည်းက အကောင်းဆုံး မျိုးဆက်တွေကို ရွေးချယ်မွေးမြူနိုင်လိမ့်မယ်..."

အစောပိုင်းက ထွက်ဆိုခဲ့သော အဘိုးအိုက တစ်ဖက်လူမှာ သူ၏အမြင်ကို ထောက်ခံနေသည်ဟု အစပိုင်းတွင် ထင်မှတ်ထားခဲ့သော်လည်း နားထောင်လေလေ ပို၍ အဓိပ္ပာယ်မဲ့လာလေ ဖြစ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။

ဤအမြင်က ယခင်လူထက်ပင် ပို၍ ပြတ်သားလွန်းနေကာ သူ့အတွက် လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပေ။

ထို့ကြောင့် တစ်ဖက်လူ စကားပြော၍ပင် မဆုံးသေးခင် သူက မတ်တတ်ရပ်ကာ ဒေါသတကြီးဖြင့် စကားဖြတ်ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ... ဒါက လူတွေလို့ ခေါ်လို့ရသေးလို့လား... စက်ရုံကထွက်တဲ့ စက်မှုထုတ်ကုန်တွေလို ဖြစ်နေပြီပေါ့... တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ"

"ဗီဇပိုင်းဆိုင်ရာ သုတေသီတစ်ယောက်အနေနဲ့ ပြောရရင်တော့ ကျွန်တော့်အမြင်မှာ လူသားတွေနဲ့ စက်မှုထုတ်ကုန်တွေကြားမှာ သိပ်ပြီး ကွာခြားချက် မရှိပါဘူး"

ဝူဌာနမှူးက ချက်ချင်းပင် အလျော့မပေးဘဲ ပြန်လည်ချေပလိုက်သည်။

"အသက်ဝိဉာဉ်ဆိုတာ အဲဒီလောက်လည်း မြင့်မြတ်မနေပါဘူး... ဆင့်ကဲပြောင်းလဲမှု ဆိုတာကိုလည်း ဝင်ရောက်စွက်ဖက်လို့ ရတာပါပဲ... နည်းပညာ တိုးတက်လာတယ်ဆိုတာ လူသားတွေအတွက် ဝန်ဆောင်မှု ပေးဖို့ပဲလေ"

"ကျွန်တော်တို့ဆီမှာ ပိုကောင်းတဲ့ နည်းပညာတွေ ရှိနေမှတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဘာလို့ မဖြည့်ဆည်းရမှာလဲ... ပိုထူးချွန်တဲ့ လူသားတွေ... ပိုရှည်လျားတဲ့ သက်တမ်းတွေဆိုတာက လူ့ယဉ်ကျေးမှု တိုးတက်လာဖို့အတွက် နောက်ထပ် တွန်းအားတစ်ခု ဖြစ်လာမှာပါ"

အစည်းအဝေးခန်းမ တစ်ခုလုံး ချက်ချင်းပင် ဆူညံသွားခဲ့သည်။

လူတိုင်းက အချင်းချင်း တီးတိုးစကားပြောဆိုခြင်းများ၊ ခပ်တိုးတိုး ငြင်းခုံခြင်းများကို ပြုလုပ်လာကြပြီး အချိန်ကြာလာသည်နှင့်အမျှ အခြေအနေက ပို၍ ဆူညံလာခဲ့သည်။

"အစည်းအဝေးခန်းမရဲ့ စည်းကမ်းကို ထိန်းသိမ်းပေးကြပါ" လော်ယွမ်က မလွှဲမရှောင်သာ သတိပေးလိုက်ရသည်။

ဤအတိုင်း ဆက်၍ ငြင်းခုံနေကြမည်ဆိုလျှင် ရှေးရိုးစွဲအုပ်စုနှင့် တိုးတက်ရေးအုပ်စု နှစ်ဖက်ကြားတွင် ရိုက်ပွဲပင် ဖြစ်သွားနိုင်ချေ ရှိသည်။

သေချာသည်မှာ လော်ယွမ်ကလည်း လူငယ်တစ်ဦး ဖြစ်သည့်အတွက် တိုးတက်ရေးအုပ်စု၏ အမြင်ကို ပို၍ ယိမ်းယိုင်နေမိသည်။

မှိုင်းညို့နေသော ရှေးရိုးစွဲအုပ်စုများနှင့် နှိုင်းယှဉ်လျှင် တိုးတက်ရေးအုပ်စုက ယနေ့ခေတ် လူ့ယဉ်ကျေးမှု၏ တက်ကြွလှုပ်ရှားမှုကို ပို၍ ကိုယ်စားပြုနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သို့သော် တစ်ဖက်မှ ပြန်တွေးကြည့်လျှင်လည်း အလွန်အမင်း တက်ကြွလွန်းပါက လူအများစုက လက်ခံနိုင်မည် မဟုတ်ချေ။

သူ၏ လက်ရှိ ရာထူးနေရာအရ သူက အုပ်စုနှစ်စုကြားရှိ အမြင်များကို ချိန်ခွင်လျှာ ညှိပေးရမည် ဖြစ်ပြီး ခိုင်မာသေချာသော အစီအမံတစ်ခုကို ရွေးချယ်ရမည် ဖြစ်သည်။

လော်ယွမ်က အနည်းငယ် စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ပြောလိုက်သည်။

"အားလုံး အရမ်းကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်... ဒါပေမဲ့ ကိုယ်ပွားဖန်တီးတာနဲ့ သဘာဝအတိုင်း မွေးဖွားတာက ဆန့်ကျင်ဘက်တွေ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"

"ကိုယ်ပွားဖန်တီးတာရဲ့ ဆိုးကျိုးတွေကြောင့်ပဲ ဒီကိစ္စကို လုံးဝ လက်မခံဘဲ နေလို့လည်း မရဘူး... အခုဆို ဇနီးမောင်နှံ အတော်များများက ကလေးတစ်ယောက်လောက် လိုချင်နေကြတယ်... ဒီလို လိုအပ်ချက်ရှိနေတဲ့ လူတွေအတွက် ရည်ရွယ်ပြီး မျိုးအောင်ပြီးသား ဥတွေကို ဝန်ဆောင်မှု ပေးလို့ရနိုင်တယ်လေ"

"မြို့တော်ဝန်ရဲ့ အမြင်ကို ကျွန်တော် သဘောတူပါတယ်"

ဘေးတွင်ရှိနေသော ပိကျန့်ဖိန်က ချက်ချင်းပင် ထောက်ခံပြောဆိုလိုက်သည်။

"ကြေညာတာကို သေသေချာချာလေး လုပ်နိုင်မယ်ဆိုရင် ဒီဘက်မှာ လိုအပ်ချက်က အများကြီး ရှိလာနိုင်တယ်... ဥပမာ... လူသားတွေရဲ့ အနာဂတ်အတွက် ကလေးတစ်ယောက် မွေးဖွားပါ ဆိုတာမျိုးပေါ့"

...

လော်ယွမ် အဆိုပြုခဲ့သော အစီအစဉ်မှာ အငြင်းပွားဖွယ်ရာ မရှိဘဲ အတည်ပြုချက် ရရှိသွားခဲ့သည်။

သို့သော် ထိုအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ၎င်းတွင် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။

ပထမဆုံးအနေဖြင့် ကိုယ်ပွားဖန်တီးခံရသူနှင့် ကိုယ်ပွားများ၏ ရုပ်ရည်သွင်ပြင် တူညီနေမည့် ပြဿနာပင် ဖြစ်သည်။ ဤသည်မှာ လူသားများ အစိုးရိမ်ဆုံး ပြဿနာလည်း ဖြစ်သည်။

ဤပြဿနာကိုသာ မဖြေရှင်းနိုင်ပါက အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာပေလိမ့်မည်။

သို့သော် ဤအချက်က မည်သည့် အတားအဆီးမှ မဖြစ်စေနိုင်ပေ။ လူသားများ၏ ဗီဇနှင့် ပတ်သက်လာလျှင် သူကသာ အမှန်တကယ် ကျွမ်းကျင်သူ ဖြစ်သည်ကို မည်သူကမျှ တွေးမိမည် မဟုတ်ချေ။

သူတစ်ယောက်တည်း နီးပါးဖြင့်ပင် လူသားဗီဇ လုပ်ဆောင်ချက် မြေပုံကို ရေးဆွဲနိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းတွင် သောင်းနှင့်ချီသော ဆင့်ကဲပြောင်းလဲသူများ၏ ဗီဇများလည်း ပါဝင်နေသည်။

သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်နှင့် အိမ်တွင်ရှိသော အမျိုးသား၊ အမျိုးသမီး ကိုယ်ပွားများက အကောင်းဆုံး အဖြေပင် ဖြစ်သည်။

ထို့အပြင် ဗိုရှင်းဂြိုဟ်သားများ၏ စမ်းသပ်ခန်းသုံး ကိရိယာများ၏ အကူအညီဖြင့် လူသားများက ဗီဇများကို အဏုကြည့်မှန်ပြောင်းအဆင့်အထိ တိုက်ရိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ခန့် အချိန်ယူလိုက်ရုံဖြင့် အခြေအနေအားလုံးက အဆင်သင့် ဖြစ်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

ထို့အပြင် လော်ယွမ် အရင်က တင်ပြခဲ့သော အစီအစဉ်မှာ ယာယီ ဖြေရှင်းနည်း တစ်ခုသာ ဖြစ်ပြီး ကူးပြောင်းရေးကာလ တစ်ခုသာ ဖြစ်သည်။

လူသားများက ကိုယ်ပွား ကလေးငယ်များကို စတင်မွေးဖွားလာပြီး ကိုယ်ပွားများ ရှိနေခြင်းကို ဖြည်းဖြည်းချင်း လက်ခံလာသောအခါ အကြီးစား ကိုယ်ပွားဖန်တီးမည့် အချိန်အခါမှာလည်း အဆင်သင့် ဖြစ်လာပေလိမ့်မည်။

အစည်းအဝေး ပြီးဆုံးသွားသောအခါ သူက ဗီဇပိုင်းဆိုင်ရာ သိပ္ပံပညာရှင်များကို ချန်ရစ်ခဲ့ပြီး အစည်းအဝေးကို ဆက်လက် ပြုလုပ်ခဲ့သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် "လူသားဗီဇ အဆင့်မြှင့်တင်ရေး စီမံကိန်း" ဟု အမည်ရသော အကြီးစား သုတေသနဌာန တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့နောက် ရက်အနည်းငယ်အကြာတွင် အုပ်ချုပ်ရေး အမိန့်များမှတစ်ဆင့် သုတေသီ အမြောက်အမြားကို ထိုသုတေသနဌာနသို့ ပြောင်းရွှေ့ တာဝန်ချထားခဲ့သည်။

လော်ယွမ် ကိုယ်တိုင် ရေးဆွဲထားသော ဗီဇလုပ်ဆောင်ချက် မြေပုံကို ကိုးကားချက်အဖြစ် အသုံးပြုကာ ဉာဏ်ပညာဆေးရည်များကိုလည်း တမင်သက်သက် ပံ့ပိုးပေးလိုက်သောအခါ လူသားဗီဇ အဆင့်မြှင့်တင်ရေး စီမံကိန်းသည် အတောင်ပံများ တပ်ဆင်လိုက်ရသကဲ့သို့ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့တော့သည်။

ဆက်ရန်...

အပိုင်း(၄၉၆) နွေဦးပွဲတော်

အချိန်က နွေဦးပွဲတော်ကာလသို့ တဖြည်းဖြည်း နီးကပ်လာရာ စက်ရုံများကလည်း တစ်ရုံပြီးတစ်ရုံ အားလပ်ရက် စတင်ပိတ်ပေးနေကြပြီ ဖြစ်သည်။

ဤသည်မှာ ကမ္ဘာပျက်ကပ်ဘေး စတင်ပြီးနောက်ပိုင်း လူသားတို့ ပြန်လည်ကျင်းပနိုင်ခဲ့သည့် ဒုတိယမြောက် နွေဦးပွဲတော်ပင် ဖြစ်သည်။

ပထမနှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်က ပို၍စည်ကားနေမည်မှာ ယုံမှားဖွယ်မရှိပေ။

အထပ်မြင့် အဆောက်အအုံကြီးများ၏ အပြင်ဘက်တွင်ပင် မင်္ဂလာရှိခြင်းကို ကိုယ်စားပြုသော ဧရာမ အနီရောင် မီးပုံးကြီးများကို အစီအရီ ချိတ်ဆွဲထားသည်။

လမ်းမများထက်တွင်လည်း မီးရောင်စုံများ၊ အလှဆင်ပစ္စည်းများဖြင့် တန်ဆာဆင်ထားသဖြင့် နှစ်သစ်ကူးပွဲတော်၏ အငွေ့အသက်များက လွှမ်းခြုံနေလေသည်။

ကုန်တိုက်များ၊ စူပါမားကတ်များနှင့် စိုက်ပျိုးရေးဈေးများတွင် လူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်။

အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသော လူသားတို့၏ ဆန္ဒများက ဤကာလအတွင်း၌ ပြန်လည်နိုးကြားလာခဲ့ပြီ ဖြစ်သည်။

ယခုနှစ် နွေဦးပွဲတော်အတွက် ကုန်ပစ္စည်း ထောက်ပံ့မှုက ပိုမိုကြွယ်ဝပြည့်စုံနေသည်။

ကုန်တိုက်များတွင် နောက်ဆုံးပေါ် အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးအစားပေါင်းများစွာကို ဖြန့်ချိရောင်းချပေးနေရုံသာမက စိုက်ပျိုးရေးဈေးကွက်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် အသားများကို ရောင်းချပေးနေသဖြင့် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော မြို့သူမြို့သားများကို ဆွဲဆောင်နိုင်ခဲ့လေသည်။

ထိုအသားများက သဘာဝအတိုင်း ကြီးထွားလာသော သက်ရှိများထံမှ ရရှိလာခြင်း မဟုတ်ပေ။

သေချာသည်မှာ ဒြပ်စင်များကို အသုံးပြု၍ အစွန်းရောက် ပေါင်းစပ်ထုတ်လုပ်ထားခြင်းလည်း မဟုတ်ချေ။

၎င်းမှာ မွေးမြူထားသော အသားတစ်မျိုးသာ ဖြစ်သည်။

၎င်း၏ ကြီးထွားမှုက လုံးဝ ကန့်သတ်ချက်မရှိဘဲ အာဟာရအရည်ထဲတွင် ကင်ဆာဆဲလ်များကဲ့သို့ အကန့်အသတ်မရှိ ကြီးထွားရှင်သန်နိုင်စွမ်း ရှိသည်။

ဤသည်မှာ အလွန်တိုက်ဆိုင်စွာ ပေါ်ထွက်လာသော ရလဒ်တစ်ခုဖြစ်သည်။

အာကာသ သားရဲကြီး ဂလက်၏ အသားများကို သုတေသနပြုလုပ်နေစဉ်အတွင်း ဘွဲ့ရခါစ လူငယ်အလုပ်သင်တစ်ဦးက မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းကို အာဟာရအရည်ထဲတွင် စိမ်ထားပြီး ပြင်းထန်ဆိုးရွားသော ပတ်ဝန်းကျင်အခြေအနေတွင် ထားရှိသောအခါ ၎င်း၏အသားများက မေ့မြောနေသည့် အခြေအနေတစ်မျိုးမှ နိုးထလာကာ အကန့်အသတ်မရှိ စတင်ပွားများလာကြောင်း တွေ့ရှိခဲ့ရသည်။

၎င်းက အနီးအနားရှိ စုပ်ယူနိုင်သမျှသော အာဟာရဓာတ်အားလုံးကို အစွမ်းကုန် စုပ်ယူကာ ဆဲလ်များကို ခွဲခြမ်းစိတ်ဖြာပြီး မိမိကိုယ်ကိုယ် လျင်မြန်စွာ ကြီးထွားလာစေသည်။

ဤနည်းဖြင့် အန္တရာယ်ရှိသော ပတ်ဝန်းကျင်ကို ခုခံကာကွယ်ပြီး အသားများ၏ အသက်ဝင်လှုပ်ရှားမှုကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။

သေချာသည်မှာ အကယ်၍ ဤမျှသာဆိုလျှင် အမြောက်အမြား ပွားများလာစေကာမူ သတ္တုကဲ့သို့ မာကျောလှသော ဤထူးကဲသတ္တဝါကြီး၏ အသားများကို လုံးဝ စားသုံး၍ရမည် မဟုတ်ပေ။

တစ်ခုတည်းသော ရလဒ်မှာ စမ်းသပ်မှုအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ပိုမိုရရှိလာခြင်းသာ ဖြစ်လိမ့်မည်။

သို့သော် ဂိုဒေါင်တစ်ခုလုံး အပြည့်ရှိနေပြီး အနည်းဆုံး နှစ်တစ်ရာကြာအောင် စမ်းသပ်လျှင်ပင် ကုန်ဆုံးနိုင်မည်မဟုတ်သော အံ့မခန်း သိုလှောင်ထားမှုကြီးအတွက်မူ ဤရလဒ်က လုံးဝ အဓိပ္ပာယ်မရှိသလောက်ပင် ဖြစ်နေသည်။

ဤဖြစ်စဉ်ကို ရှာဖွေတွေ့ရှိပြီးနောက် ဓာတ်ခွဲခန်းက လက်မလျှော့ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုအသားပုံကြီးကို ခြောက်လတိုင်တိုင် ဆက်တိုက် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး အချိန်အတိုင်းအတာတစ်ခု ကြာတိုင်း နမူနာယူ၍ နှိုင်းယှဉ်လေ့လာခဲ့ကြသည်။

နောက်ဆုံးတွင် အံ့မခန်းဟု ဆိုရလောက်မည့် သတင်းတစ်ခုကို တွေ့ရှိခဲ့ရလေသည်။

အသားများ ဆက်တိုက်ပွားများနေသည့် လုပ်ငန်းစဉ်အတွင်း သုတေသီများက ထိုအသားပုံကြီးမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြောင်း တွေ့ရှိခဲ့ကြသည်။

ရှိနေသော ပတ်ဝန်းကျင်က ဤမျှမြင့်မားသော အဆင့်ရှိသည့် အသားများကို မထောက်ပံ့နိုင်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပွားများလာတိုင်း သတိမပြုမိနိုင်လောက်သော ဆုတ်ယုတ်မှု လက္ခဏာများ ပေါ်ပေါက်လာခဲ့သည်။

အသားများ၏ မာကျောမှုက စတင်ပျော့ပျောင်းလာပြီး ထိခိုက်စေတတ်သော သဘာဝများ ပျောက်ကွယ်သွားကာ မျိုးရိုးဗီဇပင်လျှင် ပြောင်းလဲသွားခဲ့လေသည်။

အဆက်မပြတ် ပွားများလာပြီးနောက် ယခု ဈေးကွက်သို့ တင်ပို့ရောင်းချနေသည်များကို အာကာသ သားရဲကြီး၏ အသားများဟု မခေါ်ဆိုနိုင်တော့ပေ။

၎င်းတို့က ပတ်ဝန်းကျင်နှင့် ပြန်လည်အသားကျသွားသော အဆင့်သုံးမျှသာရှိသည့် အသားတစ်မျိုး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

……

"ငါ့ကို ဂျုံလေး နည်းနည်းလောက် ပေးပါဦး… ငါ့ဘက်မှာ ကုန်တော့မယ်" ကျိုးယလီက ဂျုံထဲသို့ အဆာများကို သွက်လက်စွာ ထည့်သွင်းရင်း ပြောလိုက်သည်။

"နင်က ဘယ်လိုလုပ် အဲ့လောက်မြန်မြန် ထုပ်နိုင်ရတာလဲ" ဝမ်ရှာကွမ်က အံ့အားသင့်စွာ ပြောလိုက်သည်။

တူညီသော ဂျုံပမာဏကို သူမက ငါးပုံတစ်ပုံပင် မထုပ်ရသေးခင် ကျိုးယလီက အကုန်ထုပ်ပြီးသွားပြီ ဖြစ်သည်။

"ရော့... နင့်အတွက်" ဟွမ်ကျားဟွေက ပြောလိုက်သည်။

"ငယ်ငယ်က အိမ်မှာ သရေစာဆိုင် ဖွင့်ဖူးတယ်လေ… ညတိုင်း မိဘတွေနဲ့အတူ ဖက်ထုပ်တွေထုပ်… မန်ထိုမုန့်တွေ လုပ်ရတော့ စောစောစီးစီး ကျွမ်းကျင်နေတာပေါ့"

ကျိုးယလီက ဟွမ်ကျားဟွေ ကမ်းပေးလာသော ဂျုံကို လှမ်းယူရင်း ပြောလိုက်သည်။

သူမ၏ လေသံတွင် ထူးခြားမှု သိပ်မရှိတော့ပေ။ အချိန်က အကောင်းဆုံး ဆေးတစ်ခွက်ပင် ဖြစ်သည်။

အချိန်အတော်ကြာမြင့်သွားပြီ ဖြစ်ရာ အတိတ်က နာကျင်ကြေကွဲမှုများကလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

လော်ယွမ်၏ အိမ်တွင် လူအားလုံးက ဧည့်ခန်းရှိ စားပွဲဝိုင်းကို ဝိုင်းရံကာ ဖက်ထုပ်များ ထုပ်နေကြသဖြင့် ပတ်ဝန်းကျင်အခြေအနေက အလွန်စည်ကားသက်ဝင်နေသည်။

ဗီဇပြောင်းလူသားမလေးက ဘေးမှနေ၍ ခဏမျှ စောင့်ကြည့်နေပြီးနောက် စိတ်ဝင်စားစရာကောင်းသည်ဟု ထင်သွားပုံရကာ ဂျုံတစ်ချပ်ကို ခိုးယူ၍ အတုခိုး ထုပ်ပိုးကြည့်လေသည်။

သို့သော် သူမတွင် ထိုသို့သော ပါရမီမပါကြောင်း လက်တွေ့သက်သေပြသွားခဲ့သည်။

သူမ၏ ထက်မြက်သော လက်သည်းခွံများက ဂျုံများကို အမြဲတမ်း ဖောက်ထွင်းမိနေသဖြင့် ထုပ်လိုက်သော ဖက်ထုပ်တို့က ပုံပန်းသဏ္ဍာန် အမျိုးမျိုး ဖြစ်နေကာ အထဲမှ အသားအဆာများပင် အပြင်သို့ ထွက်နေတတ်သည်။

သို့တိုင်အောင် သူမကတော့ ပျော်ရွှင်စွာဖြင့် မမောနိုင်မပန်းနိုင် လုပ်ဆောင်နေဆဲပင်။

ဝမ်ရှီရှီက သူမရှေ့ရှိ မည်သည့်ပုံစံမှန်း မသိရသော အရာများကို မျက်စောင်းထိုးကြည့်လိုက်ပြီး ရွံရှာဟန်ဖြင့် ပြောလိုက်သည်။

"တုံးလိုက်တာ… အချိန်တန်ရင် ကိုယ်ထုပ်ထားတာ ကိုယ်ဖာသာ စားနော်"

ဝမ်ရှီရှီက သူမကို တုံးသည်ဟု ပြောလိုက်သည်ကို ကြားသောအခါ ဗီဇပြောင်းလူသားမလေးက ချက်ချင်းပင် နှုတ်ခမ်း စူလိုက်သည်။

သူမက အလွန်ဒေါသထွက်သွားပုံရပြီး နောက်ထပ်အနည်းငယ်ကို မကျေမနပ်ဖြင့် ဆက်ထုပ်လိုက်သေးသည်။

ထို့နောက် ဂျုံများကို ချထားခဲ့ကာ အစောပိုင်းက သူမကိုယ်တိုင် ထုပ်ထားသော ဖက်ထုပ်များကို ခြင်းတောင်းငယ်လေးထဲသို့ ဒေါသတကြီး ထည့်လိုက်သည်။

ထို့နောက် လက်တစ်ဖက်က ခြင်းတောင်းလေးကို ဆွဲကာ အခြားလက်တစ်ဖက်က ထိုင်ခုံကို ဆွဲငင်ရင်း ဝမ်ရှီရှီ၏ အနီးမှ ထွက်ခွာသွားလေသည်။

သူမက လော်ယန်နှင့် လော်ယွီတို့ရှိရာသို့ လျှောက်သွားပြီး သူမအတွက် နေရာဖယ်ပေးရန် လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်သည်။

မိန်းကလေးနှစ်ဦးကလည်း စိတ်မခုဘဲ ထိုင်ခုံများကို လိုလိုလားလား ရွှေ့ပေးလိုက်ကြသည်။

ထိုအခါ ဗီဇပြောင်းလူသားမလေးကလည်း သူတို့နှစ်ဦးကြားရှိ နေရာတွင် ထိုင်ခုံကို ဝင်ချလိုက်လေသည်။

ယခုအချိန်တွင် သူမနှင့် အတူကစားပေးနိုင်သူမှာ ဝမ်ရှီရှီ တစ်ယောက်တည်း မဟုတ်တော့ပေ။

သူမကို မကြာခဏ အပြစ်ပြောတတ်သော ဝမ်ရှီရှီနှင့် ယှဉ်လျှင် လော်ယွီနှင့် လော်ယန်တို့ကသာ သူမရင်ထဲမှ အကောင်းဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။

သူမက ထိုင်ခုံပေါ်သို့ ခုန်တက်သွားပြီး ဝမ်ရှီရှီကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်ရာ ဝမ်ရှီရှီထံမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။

သို့သော် ဗီဇပြောင်းလူသားမလေး၏ မွေးရာပါ စရိုက်က အငြိမ်မနေတတ်ပေ။ ဘာအလုပ်ပဲလုပ်လုပ် သုံးမိနစ်လောက်သာ စိတ်အားထက်သန်တတ်သည်။

ခဏလောက် ထုပ်ပြီးသည်နှင့် သူမ၏ သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဝမ်ရှီရှီ၏ လှောင်ပြောင်မှုကို မခံရစေရန်အတွက် သူမက ဂဏာမငြိမ်စွာဖြင့် ဆက်လက် အောင့်အည်းနေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် အပြင်ဘက်မှ ခြေသံက သူမကို အချိန်မီ ကယ်တင်ပေးလိုက်လေသည်။

သူမ၏ ခပ်ချွန်ချွန် နားရွက်လေးများက ယုန်တစ်ကောင်ကဲ့သို့ အနည်းငယ် လှုပ်ရှားသွားပြီးနောက် ကုလားထိုင်ပေါ်မှ ချက်ချင်း ခုန်ဆင်းကာ အပြင်ဘက်သို့ လျှပ်စီးလက်သည့်အလား ပြေးထွက်သွားလေသည်။

"လော်ယွမ် ဖြစ်ရမယ်" အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားသော ဗီဇပြောင်းလူသားမလေးကို ကြည့်ကာ ဟွမ်ကျားဟွေက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဖေဖေ ပြန်လာတာ" လော်ဖန်က အတည်ပြုပေးလိုက်သည်။

သူတို့ကဲ့သို့ ကိုယ်ပွားလူသားများ၏ နားရွက်များက အခြားသူများထက် ပို၍ အာရုံခံနိုင်စွမ်း မြင့်မားကြသည်။

လူအားလုံးထဲတွင် ဗီဇပြောင်းလူသားမလေးသာလျှင် သူတို့နှင့် မတိမ်းမယိမ်း ယှဉ်နိုင်စွမ်း ရှိသည်။

ထင်သည့်အတိုင်းပင် မကြာမီတွင် လော်ယွမ်က တံခါးဝမှ ဝင်လာခဲ့ပြီး နောက်တွင် ဗီဇပြောင်းလူသားမလေးက ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

"ဖေဖေ"

"ဖေဖေ"

သားသမီးများက အလျင်အမြန် မတ်တတ်ရပ်ကာ လိမ္မာရေးခြားရှိသော မျက်နှာထားများဖြင့် နှုတ်ဆက်လိုက်ကြသည်။

လော်ယွမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲရှိ စက္ကူဂျပ်ဖာတစ်ခုကို ကြမ်းပြင်ပေါ်သို့ အလွယ်တကူ ချထားလိုက်ကာ အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်သည်။

လော်ယွီက ချက်ချင်းပင် အလိုက်တသိ လှမ်းယူကာ အဝတ်ချိတ်တွင် ချိတ်ဆွဲပေးလိုက်ပြီးနောက် မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

"ဖေဖေ… ဒါက ဘာတွေလဲဟင်"

"အင်း... သမီးတို့အတွက် နှစ်သစ်ကူး လက်ဆောင်လေ" လော်ယွမ်က ပြုံး၍ ပြောလိုက်သည်။

"ဖေဖေ ဘာလက်ဆောင်လဲ" လော်ယွီက လော်ယွမ်၏ လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်သည်။

လော်ယွမ်က သတိမထားမိစေရန် လက်မောင်းကို ရုပ်သိမ်းလိုက်သည်။ ဤနှစ်နှစ်အတွင်း သူတို့၏ ကြီးထွားမှုနှုန်းက အံ့မခန်း မြန်ဆန်လှသည်။

ယခုဆိုလျှင် ဆယ်ကျော်သက် အရွယ်များ ဖြစ်နေကြပြီ ဖြစ်သည်။

အထူးသဖြင့် သမီးနှစ်ယောက်ဆိုလျှင် လွန်ခဲ့သော ခြောက်လခန့်ကတည်းက ပထမဆုံး ဓမ္မတာပင် လာခဲ့ကြပြီ ဖြစ်ရာ ဤမျှ ရင်းရင်းနှီးနှီး နေထိုင်ရန်မှာ အနည်းငယ် မသင့်တော်တော့ပေ။

သူက စက္ကူဖာထဲမှ လက်ဆောင်ဘူးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းအပေါ်တွင် မင်္ဂလာရှိသော ထုပ်ပိုးမှုမျိုးကို သီးသန့် ပြုလုပ်ထားသည်။

ထို့နောက် လော်ယွီထံသို့ ကမ်းပေးလိုက်သည်။

"ဖွင့်ကြည့်လိုက်ရင် သိမှာပေါ့"

"ဖေဖေ သမီးလည်း လိုချင်တယ်" လော်ယန်ကလည်း ချက်ချင်း အော်ဟစ်တောင်းဆိုလိုက်သည်။

"ပါပါတယ်... လူတိုင်းအတွက် ပါပါတယ်"

သူမကို မည်သူကမှ ဂရုမစိုက်သည်ကို မြင်သောအခါ ဗီဇပြောင်းလူသားမလေးက ဘေးမှနေ၍ စိတ်လောကြီးစွာဖြင့် ရှူးရှူးရှားရှား အသံများပြုလုပ်ကာ သတိပေးလေတော့သည်။

လော်ယွမ်က ရယ်ချင်စိတ်ဖြင့် သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"သေချာပေါက် နင့်ကို မေ့မထားပါဘူး"

ထို့နောက် လော်ယွမ်က လူတိုင်းကို လက်ဆောင်များ ခွဲဝေပေးလိုက်သည်။ ယဲ့ချိုးယွီပင်လျှင် တစ်ခု ရရှိခဲ့လေသည်။

လော်ယွီက ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် မျက်ကပ်မှန်နှင့်ဆင်တူသော အရာတစ်ခုကို တွေ့လိုက်ရသည်။

အထဲတွင် သန့်စင်ရည် ပုလင်းတစ်ပုလင်းလည်း ပါဝင်သည်။ သို့သော် သေချာစဉ်းစားကြည့်စရာမလိုဘဲ ၎င်းမှာ မျက်ကပ်မှန် မဟုတ်ကြောင်း သူမ သိလေသည်။

"ဖေဖေ ဒါက ဘာကြီးလဲ"

"နောက်ဆုံးပေါ် အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ မိုက်ခရို ကွမ်တမ်ကွန်ပျူတာလေ… မျက်လုံးပေါ်မှာ တပ်ဆင်ထားလိုက်ရုံနဲ့ စိတ်အာရုံကိုသုံးပြီး စက်ဖွင့်လို့ရတယ်"

လော်ယွမ်က အကြမ်းဖျင်း ရှင်းပြလိုက်သည်။

"သူက ကွန်ရက်နဲ့ ချိတ်ဆက်နိုင်ပြီး အဝေးရောက် ဆက်သွယ်ရေးတွေကို ပြုလုပ်နိုင်တယ်… ပတ်ဝန်းကျင်ကို ထောက်လှမ်း ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါတယ်… တွက်ချက်နိုင်စွမ်းကလည်း အရင်မျိုးဆက်တွေထက် မညံ့ဘူး… အင်း... တခြား လုပ်ဆောင်ချက်တွေလည်း ပါသေးတယ်… အချိန်ရရင် လမ်းညွှန်စာအုပ်ကို ဖတ်ကြည့်လိုက်ကြပေါ့"

"ကွန်ရက် ချိတ်ဆက်လို့ရတော့ရော ဘာပျော်စရာရှိလို့လဲ" ဝမ်ရှီရှီက တိုးတိုးလေး ညည်းတွားလိုက်သည်။

အာဏာရှင်အဖွဲ့အစည်း၏ စစ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် လော်ယွမ်နှင့် လော်ယွမ်၏ မိသားစုဝင်များမှာ သေချာပေါက် ထောက်ပံ့ရေးဌာန၏ အရေးကြီးဆုံး ဝန်ဆောင်မှုပေးရမည့် ပစ်မှတ်များ ဖြစ်ကြသည်။

အချိန်အတိုင်းအတာတစ်ခု ကြာတိုင်းခန့်၌ အဆင့်မြင့် နည်းပညာသုံး ထုတ်ကုန်အသစ်များကို အထူးထောက်ပံ့မှုအနေဖြင့် ပေးပို့လေ့ရှိသည်။

ဥပမာအားဖြင့် ကွမ်တမ်ကွန်ပျူတာဆိုလျှင် ဝမ်ရှီရှီ၏ အိပ်ခန်းထဲ၌ ပထမမျိုးဆက်မှစ၍ တတိယမျိုးဆက်အထိ ဗားရှင်းအားလုံး ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူမက ကွန်ရက်များနှင့် စိမ်းသက်မနေခြင်းမှာ သဘာဝပင် ဖြစ်သည်။

လက်ရှိ ကွန်ရက်များကို ပြောရလျှင် ဝမ်ရှီရှီက အမှန်တကယ် စိတ်ပျက်လွန်းလှသည်။

ကမ္ဘာမပျက်မီက ကျယ်ပြောလှပြီး စိတ်ဝင်စားဖွယ်ကောင်းလှသော အင်တာနက်နှင့် ယှဉ်လျှင် ကွာခြားလွန်းလှပြီး ကျောင်းဝင်းတစ်ခုစာ ကွန်ရက်တစ်ခုနှင့်ပင် တူနေသေးသည်။

အထဲရှိ ဝဘ်ဆိုဒ်များမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှပြီး အရေအတွက်အားဖြင့် တစ်ရာပင် မပြည့်ပေ။

ရှိနေသော ဝဘ်ဆိုဒ် အနည်းငယ်ကလည်း ပညာရပ်ဆိုင်ရာ ဂျာနယ်များ စသည်တို့သာ ဖြစ်ကြပြီး ကျန်သည်များမှာ သတင်း သို့မဟုတ် ပညာရေး ဝဘ်ဆိုဒ်များသာ ဖြစ်ကြသည်။

သာမန်လူများအတွက်မူ ၎င်းတို့ကို ဝင်ရောက်ကြည့်ရှုမည့်သူ ကင်းမဲ့သလောက်ပင် ဖြစ်သည်။

ဂိမ်းများ၊ ဗီဒီယိုများကဲ့သို့သော ဝဘ်ဆိုဒ်များကို လုံးဝ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ဘဲ ဖျော်ဖြေရေးကဏ္ဍမှာ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။

ဆက်သွယ်ရေး ဆော့ဖ်ဝဲလ် အပိုင်းတွင်ပင် ပြောစရာမရှိအောင် ညံ့ဖျင်းလှသည်။

အခြေခံ ဆက်သွယ်ရေး လုပ်ဆောင်ချက်များမှလွဲ၍ စီးပွားရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ ပရောဂျက်များအားလုံးကို အစအနမကျန် ဖယ်ရှားခံထားရသည်။

မျက်နှာပြင် ဒီဇိုင်းကလည်း အလွန်ရိုးရှင်းလွန်းလှသဖြင့် ဆော့ဖ်ဝဲရေးဆွဲသူများထံ ဓားများ ပေးပို့ချင်စိတ်ပင် ပေါ်ပေါက်လာစေသည်။

သို့သော် ထိုသို့ဖြစ်နေလင့်ကစား ဝမ်ရှီရှီက မျက်ကပ်မှန်နှင့်တူသော မိုက်ခရို ကွန်ပျူတာကို မျက်လုံးပေါ်သို့ မစောင့်ဆိုင်းနိုင်တော့ဘဲ တပ်ဆင်လိုက်သည်။

သူမက အီလက်ထရောနစ် ပစ္စည်းများကို အရူးအမူး နှစ်သက်သူတစ်ဦး ဖြစ်သည်။

ဖျော်ဖြေရေး ဘာမျှမရှိလျှင်တောင် သူမက အချိန်အများစုကို ကွန်ရက်ပေါ်တွင် ကုန်ဆုံးကာ နောက်ဆုံးရ သတင်းများကို ဖတ်ရှုခြင်း သို့မဟုတ် စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်များကို ဖတ်ရှုခြင်းတို့ ပြုလုပ်လေ့ရှိသည်။

သူမက မိုက်ခရို ကွန်ပျူတာကို တပ်ဆင်ပြီးနောက် မျက်တောင်ခတ်ကြည့်လိုက်ရာ မည်သည့်ထူးခြားမှုကိုမျှ မခံစားရကြောင်း တွေ့ရှိလိုက်ရသည်။

"အယ်... စက်ကို ဘယ်လို ဖွင့်ရတာလဲ"

သို့သော် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်စိရှေ့တွင် ရုတ်တရက် လင်းထိန်လာသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

"ဟုတ်သားပဲ… ဦးနှောက်လှိုင်းနဲ့ ထိန်းချုပ်တာပဲ" သူမက လော်ယွမ် စောစောက အကြမ်းဖျင်း ပြောသွားခဲ့သော အသုံးပြုနည်းကို သတိရသွားလေသည်။

အလင်းရောင်က မျက်စိမကျိန်းဘဲ အတော်လေး နူးညံ့သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မိုက်ခရို ကွန်ပျူတာက စက်ဖွင့်သည့် လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့သည်။

ချက်ချင်းပင် သူမ၏ အသက်ရှူသံများ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

ဤသည်မှာ ဂန္ထဝင်မြောက် ပြာလဲ့သော ကောင်းကင်နှင့် တိမ်ဖြူများ၏ မြင်ကွင်းတစ်ခုဖြစ်ပြီး တကယ့်အစစ်အမှန် မြင်ကွင်းတစ်ခုကဲ့သို့ အသက်ဝင်လှသည်။

၎င်းက သူမကို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေသကဲ့သို့ ခံစားရစေပြီး ရုတ်တရက် ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက ကမ္ဘာမြေကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသလို ထင်မှတ်သွားစေသည်။

ကံကောင်းစွာပင် သူမက စိတ်ခံစားလွယ်သူ တစ်ယောက် မဟုတ်ပေ။

မကြာမီမှာပင် သူမက ဆက်လက် စမ်းသပ်ကြည့်လိုက်ရာ မျက်စိရှေ့ရှိ မြင်ကွင်း၏ အလင်းဖောက်ထွင်းနိုင်မှုကို အလိုအလျောက် ချိန်ညှိနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

အလင်းဖောက်ထွင်းနိုင်မှု ၅၀ ရာခိုင်နှုန်းသို့ ရောက်သောအခါ လမ်းလျှောက်ခြင်းကို လုံးဝ ထိခိုက်မှု မရှိတော့ပေ။

၎င်း၏ လုပ်ဆောင်ပုံက အလွန်ရိုးရှင်းလွယ်ကူလှသည်။ ရှင်းလင်းပြတ်သားသော အတွေးတစ်ခု ဖြစ်နေသရွေ့ တုံ့ပြန်မှုက အလွန်လျင်မြန်ပြီး အမှားအယွင်းများ လုံးဝမရှိသလောက်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အလိုအလျောက် ပေါ်လာသော အတွေးအချို့ကိုလည်း အလိုအလျောက် ပိတ်ဆို့ပေးထားနိုင်ပြီး အသုံးပြုမှုကို ထိခိုက်စေမည် မဟုတ်ပေ။

လူတစ်ယောက်၏ အတွေးပေါင်းစုံက အချိန်တိုင်းလိုလို ဖြစ်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေတတ်သည်။

အကယ်၍ အလွန်အမင်း အာရုံခံနိုင်လွန်းပါက အသုံးပြုသူ၏ စိတ်ဆန္ဒကို စုစည်းထားခြင်း မရှိလျှင် လုံးဝ အသုံးပြုနိုင်မည် မဟုတ်ပေ။

ဝမ်ရှီရှီက အထဲတွင် သူမ ယခင်က ကြည့်ဖူးသော ရုပ်ရှင်ကား အချို့ကိုလည်း ရှာတွေ့ခဲ့သည်။

သူမက ထိုအထဲမှ တစ်ကားကို ရွေးချယ်လိုက်ပြီး ဤမိုက်ခရို ဉာဏ်ရည်တု ကွန်ပျူတာ၏ စွဲမက်ဖွယ်ကောင်းသော အာနိသင်ကို ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ မြင်ကွင်းများကပင် ဤမျှ ထူးခြားနေပြီဖြစ်ရာ ဗီဒီယိုများက ပို၍ အသက်ဝင်နေမည်မှာ ထင်ရှားလှသည်။

နောက်တစ်စက္ကန့်တွင် သူမက ပြင်းထန်သော မြင်ကွင်း၏ ရိုက်ခတ်မှုတစ်ရပ်ကို ခံစားလိုက်ရသည်။

သူမကိုယ်တိုင် ရုပ်ရှင်၏ ပုံရိပ်ယောင်ကမ္ဘာထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းနှင့် နှိုင်းယှဉ်လျှင် သုံးဖက်မြင် ဖန်သားပြင်မှာ လုံးဝ အမှိုက်ကဲ့သို့ ဖြစ်သွားတော့သည်။

ထိုစဉ် ဝမ်ရှီရှီ၏ ရင်ထဲတွင် ရုတ်တရက် အလွန်အမင်း ဝမ်းနည်းကြေကွဲသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"နှမြောစရာကောင်းတာက ဂိမ်းတွေ မရှိတာပဲ... ဒီလောက် အဆင့်မြင့်တဲ့ နည်းပညာထုတ်ကုန်ကို ဖြုန်းတီးသလိုဖြစ်နေတယ်"

……

ဤအလွယ်တကူ သယ်ဆောင်သွားနိုင်သော ကွန်ပျူတာမှာ ကွန်ပျူတာ သုတေသနဌာနက ဗိုရှင်းဂြိုဟ်သားတို့၏ အလွယ်တကူ သယ်ဆောင်နိုင်သော ကိုယ်ပိုင်အချက်အလက် စက်ပစ္စည်းများကို နမူနာယူ၍ လူသားတို့၏ ကိုယ်ပိုင် အချက်အလက် စက်ပစ္စည်းများကို ဖန်တီးရန် ကနဦး ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။

၎င်းတွင် တီထွင်ဆန်းသစ်မှုဆိုင်ရာ ရလဒ်အချို့ကို အသုံးပြုထားသည်။ အထူးသဖြင့် ဦးနှောက်လှိုင်း ထိန်းချုပ်မှု နည်းပညာဖြစ်ပြီး နမူနာယူစရာ ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာ အချက်အလက် လုံးဝ မပါဝင်ဘဲ လူသားများ ကိုယ်တိုင် တီထွင်ဖန်တီးထားသော နည်းပညာတစ်ခု ဖြစ်သည်။

ဗိုရှင်းနည်းပညာများအတွက်မူ ဤနည်းပညာက စောစောစီးစီးကပင် ခေတ်နောက်ကျနေခဲ့ပြီ ဖြစ်နိုင်ပေသည်။

သူတို့၏ ကိုယ်ပိုင်အချက်အလက် စက်ပစ္စည်းများက သက်ရှိများ၏ ဦးနှောက်အာရုံကြောများနှင့် တိုက်ရိုက် ချိတ်ဆက်ထားနိုင်ပြီး ဖန်အိုးထဲမှ ဦးနှောက်များကဲ့သို့ အစစ်နှင့် အတု ခွဲခြား၍မရနိုင်သော စစ်မှန်သည့် ပုံရိပ်ယောင် ကွန်ရက်များကို ဖန်တီးနိုင်စွမ်းရှိသည်။

၎င်းနှင့် နှိုင်းယှဉ်လျှင် ထိုနှစ်ခုကြားရှိ နည်းပညာအဆင့်အတန်းမှာ ရှုထောင့်တစ်ခုစာမျှ ကွာခြားနေလေသည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ လူသားတို့ ပထမဆုံးအကြိမ်အဖြစ် ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာ မူဘောင်များမှ ခွဲထွက်ကာ သီးခြား တီထွင်ဖန်တီးနိုင်ခဲ့သော နည်းပညာတစ်ခုဖြစ်ပြီး ကြီးမားသော လက်တွေ့ကျသည့် အဓိပ္ပာယ်များ ရှိနေပေသည်။

ဆက်ရန်...

All Chapters