အခန်း (၄၉၉-၅၀၀)
Vol. 25 Ch. 499-500
အပိုင်း(၄၉၉) မျိုးဆက်ပွားနည်းပညာသစ်
မျက်စိတစ်မှိတ်အတွင်းမှာပင် စက်တင်ဘာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ညဆယ်နာရီအချိန်တွင် ချွေ့ဝေ့ချွမ်က လူကြီးညကျောင်းမှ ပြန်လာခဲ့ပြီး ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ ကျဉ်းမြောင်းလှသော နေအိမ်လေးဆီသို့ ပြန်ရောက်လာခဲ့သည်။
ယခင်က သူအလုပ်လုပ်ခဲ့သော အင်ဂျင်နီယာကုမ္ပဏီက နောက်ဆုံးပရောဂျက်ကို ပြီးစီးသွားပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် ဖျက်သိမ်းသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဝန်ထမ်းအများစုမှာ နေရာချထားမှု အစီအစဉ်များ ရရှိခဲ့ကြပြီး သူ့လို အလယ်အလတ်တန်းစား အရာရှိတစ်ဦးအနေဖြင့် ပို၍ပင် ကောင်းမွန်သော နေရာချထားမှုကို ရရှိခဲ့ပေသည်။
သူက နေ့စဉ်သုံးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် ထုတ်လုပ်ရေး အလုပ်ရုံမှူးအဖြစ် တာဝန်ချထားခြင်း ခံရသည်။
လစာငွေမှာ အင်ဂျင်နီယာကုမ္ပဏီထက် အနည်းငယ် လျော့နည်းသော်လည်း တည်ငြိမ်မှုရှိခြင်းက အားသာချက်ဖြစ်သည်။
ယခင်ကလို အချိန်အများစုကို အလုပ်လက်မဲ့ဘဝဖြင့် ဖြတ်သန်းရမည့် အလုပ်မျိုးကို ထပ်မံလုပ်ကိုင်စရာ မလိုတော့ပေ။
သို့သော်လည်း အလုပ်ဝင်၍ လဝက်ပင် မပြည့်သေးခင်မှာပင် ထိုစက်ရုံက အလုပ်လက်မဲ့နှုန်း လျှော့ချရန်အတွက် အစိုးရက ဖွင့်လှစ်ပေးထားသော သက်သာချောင်ချိရေး စက်ရုံတစ်ရုံသာ ဖြစ်ကြောင်းကို သူက ထက်မြက်စွာ ရိပ်မိသွားခဲ့သည်။
ဤနေရာတွင် လူ့လုပ်အားဖြင့် ဖြေရှင်းနိုင်သမျှ စက်ယန္တရားများကို လုံးဝ အသုံးမပြုပေ။
လူပေါင်း တစ်ထောင်ကျော်ရှိသော စက်ရုံကြီးတစ်ခုတွင် စက်ကိရိယာ အလုံး ၅၀ ပင် မပြည့်ဘဲ ထိုစက်များထဲမှ တစ်ဝက်လောက်သာ အလုပ်လုပ်နေခြင်း ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်လုပ်ပြီးနောက် သူ၏စိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်မှုက ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး အချိန်များကို အလဟဿ ဖြုန်းတီးနေရသကဲ့သို့ ခံစားလာရသည်။
ဤနေရာတွင် သူက မည်သည့်မျှော်လင့်ချက်ကိုမျှ မမြင်တွေ့ရပေ။
ကြိုးစားပမ်းစား အလုပ်လုပ်ပြီး လုပ်သက်ရင့်လာပါက အထက်တန်းအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိသွားနိုင်သော်လည်း စက်ရုံမှူး ဖြစ်လာခဲ့လျှင်တောင်မှ ဘာများထူးခြားသွားမည်နည်း။
နည်းပညာပိုင်းဆိုင်ရာ ဘာမှမရှိဘဲ နေ့စဉ်နှင့်အမျှ အစီအစဉ်တကျသာ ထုတ်လုပ်နေရသော သက်သာချောင်ချိရေး စက်ရုံတစ်ရုံသည် ယနေ့ခေတ် လူမှုအဖွဲ့အစည်း စနစ်ကြီးထဲတွင် ပြောပလောက်သည့် အဆင့်အတန်းမျိုး မရှိပေ။
သူသိထားသလောက်ဆိုလျှင် စက်ရုံမှူးဖြစ်နေလျှင်တောင်မှ သူတို့မိသားစု၏ တစ်ဦးကျ နေထိုင်ခွင့် အကျယ်အဝန်းမှာ သူ့လိုပင် စတုရန်းပေ ၁၀၀ ခန့်သာ ရှိမည်ဖြစ်သည်။
အားလပ်ချိန်များတွင် သူက ခေတ်မီစက်ရုံကြီးများဆီသို့ တိတ်တဆိတ် သွားရောက်လေ့လာဖူးသည်။
ကျယ်ဝန်းလှသော အလိုအလျောက် စက်ရုံကြီးများအတွင်း အင်ဂျင်နီယာများက ဒီဇိုင်းအစီအစဉ် တစ်ခုအတွက် ပြင်းပြင်းထန်ထန် ငြင်းခုံနေကြသည့် မြင်ကွင်းများကို ကြည့်ရင်း သူက အားကျစိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။
သူက ငယ်ရွယ်နေသေးပြီး စိတ်အားထက်သန်မှုများလည်း ပျောက်ကွယ်မသွားသေးပေ။
ဤကဲ့သို့ ရေစုန်မျောကာ သာမန်လူတစ်ယောက်အဖြစ် ဘဝကို အဆုံးသတ်သွားရန် သူ သဘောမတူနိုင်သလို၊ စတုရန်းပေ ၁၀၀ မျှသာကျယ်ဝန်းသည့် ကျဉ်းမြောင်းသော အခန်းလေးထဲတွင် နေထိုင်ရင်း လူ့အသိုင်းအဝိုင်း၏ အောက်ခြေတွင် တစ်သက်လုံး နေသွားရန်လည်း ဆန္ဒမရှိပေ။
မိသားစုအတွက်ဖြစ်စေ၊ မိမိကိုယ်တိုင်အတွက်ဖြစ်စေ သူက အစွမ်းကုန် ကြိုးစားရုန်းကန်ရမည် ဖြစ်သည်။
...
"ညကျောင်းက ပြန်လာပြီလား... ရှင်စားဖို့ ညလယ်စာလေး လုပ်ပေးမယ်လေ" ဇနီးဖြစ်သူက ကြမ်းတိုက်နေရင်းမှ ရပ်တန့်ကာ ပြောလိုက်သည်။
"မလိုပါဘူးကွာ... မအိပ်သေးဘူးလား" ချွေ့ဝေ့ချွမ်က ပြဋ္ဌာန်းစာအုပ်များ ထည့်ထားသော လက်ဆွဲအိတ်ကို ချလိုက်ပြီး အိမ်ထောင့်မှုနိုင်ကာ လှပသည့် ဇနီးဖြစ်သူကို ဖက်ကာ ပါးပြင်ကို အားရပါးရ နမ်းလိုက်သည်။
ဤသည်မှာ သူ၏ ဒုတိယမြောက်ဇနီးဖြစ်ပြီး အလုပ်ခွင်မှ စီစဉ်ပေးသော ကြင်ဖက်ရှာဖွေရေးပွဲတစ်ခုတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယခုဆိုလျှင် လက်ထပ်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးဘဲ ကြင်စဦး ဇနီးမောင်နှံတို့၏ သာယာချိုမြိန်သော အချိန်ကာလလေးပင် ဖြစ်သည်။
"မလုပ်နဲ့... နင်နင် မအိပ်သေးဘူးလေ"
"အိမ်စာ မလုပ်ရသေးဘူးလား"
သမီးဖြစ်သူအကြောင်း ကြားလိုက်ရသဖြင့် ချွေ့ဝေ့ချွမ်က အမြန်လွှတ်ပေးလိုက်သည်။
"ဒီနှစ် ပြဋ္ဌာန်းစာအုပ်အသစ်တွေက ပိုခက်လာတယ်လို့ တခြားသူတွေပြောကြတယ်… သူ နည်းနည်းများ အခက်တွေ့နေမလား စိုးရိမ်မိတယ်"
ဇနီးဖြစ်သူက ခေါင်းညိတ်ရင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ထိုအချက်နှင့် ပတ်သက်၍ ချွေ့ဝေ့ချွမ်က ပို၍ နားလည်ထားသည်။
ယနေ့ခေတ်တွင် ကျောင်းသင်ရိုးညွှန်းတမ်းများကို နှစ်စဉ် ပြောင်းလဲနေပြီး စာအုပ်အထူမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုထူထဲလာခဲ့သည်။
ယခင်က မူလတန်းအဆင့်အတွက် အခြေခံ အပေါင်းအနုတ် တွက်ချက်မှုများနှင့် ရိုးရှင်းသော စာရေးသားမှုများကိုသာ လိုအပ်ခဲ့သည်။
သို့သော် ယခုအခါတွင် အလယ်တန်း သုံးနှစ်စာ သင်ခန်းစာများကိုပါ ထည့်သွင်းထားပြီး ဖြစ်သည်။ ဤသည်မှာ အလွယ်ကူဆုံးပင် ရှိသေးသည်။
အလယ်တန်းအဆင့်တွင်မူ ယခင်က တက္ကသိုလ်အဆင့် သင်ခန်းစာအချို့ကိုပါ သင်ကြားနေရပြီဟု ဆိုကြသည်။
လူသားတို့၏ အသိပညာ ဗဟုသုတများသည် နှစ်စဉ် ဂျီဩမေတြီအချိုးအစားဖြင့် အဆမတန် တိုးပွားလျက်ရှိပြီး ယခင် ပညာရေးစနစ်က ယနေ့ခေတ် လူ့အဖွဲ့အစည်းကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့ပေ။
အမှန်တကယ်တော့ ကံဆိုးလှသော ကျောင်းသားများကို မဆိုထားဘိ၊ ယခင်က တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသူ သူကိုယ်တိုင်ပင်လျှင် ယခုတက်ရောက်နေသော ညကျောင်း၌ အနည်းငယ် အခက်တွေ့နေရသည်။
မျက်လုံးတွင် တပ်ဆင်ထားသော အဏုမြူ ဉာဏ်ရည်တု ကွန်ပျူတာလေးက တွက်ချက်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှု အဆင့်များကို များစွာ လျှော့ချပေးနိုင်ခြင်း မရှိခဲ့ပါက ထိုမျှ သိပ်သည်းလှသော အသိပညာများ ဖြည့်သွင်းမှုကို သူ လုံးဝ လိုက်မီနိုင်မည် မဟုတ်ချေ။
ဝမ်းနည်းစရာကောင်းသည်မှာ ကျောင်းသားများအနေဖြင့် အထက်တန်းအဆင့်သို့ ရောက်ရှိမှသာ ယင်းကိရိယာကို ဝယ်ယူခွင့်နှင့် အသိအမှတ်ပြုခွင့် ရရှိကြသည်။
သူ၏သမီးလေးမှာမူ မူလတန်းအဆင့်သာ ရှိသေးပြီး အခြေခံအုတ်မြစ် ချရမည့်အချိန် ဖြစ်နေသည်။
"သူ့ကို ကျူရှင်လေးဘာလေး ထားပေးလိုက်ရမလား" ချွေ့ဝေ့ချွမ်က စဉ်းစားကာ ပြောလိုက်သည်။
"ဒါလည်းကောင်းတာပဲ... အချိန်ရောက်ရင် သူ့သဘောထားကို မေးကြည့်ရမယ်" ဇနီးဖြစ်သူက ဆိုသည်။
ထိုကလေးမလေးက သူမနှင့် သွေးသားတော်စပ်ခြင်း မရှိသော်လည်း မိသားစုတစ်ခု ဖြစ်လာပြီဖြစ်ရာ သူမက အရင်းအချာသမီးလေး တစ်ယောက်လိုပင် သဘောထားခဲ့သည်။
ကံကောင်းသည်မှာ သမီးလေးက လိမ္မာရေးခြားရှိပြီး သူမကို မိထွေးတစ်ယောက်လို သဘောထားကာ ဖယ်ကြဉ်ထားခြင်းမျိုး မရှိပေ။
တကယ်တော့ ဤသမီးလေးမှာလည်း သနားစရာကောင်းလှသည်။
ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖခင်ဖြစ်သူနှင့်အတူ ကပ်ဘေးကာလကြီးထဲတွင် အရှေ့အနောက် လှည့်လည်သွားလာခဲ့ရသည်။
ငလျင်လှုပ်စဉ်ကဆိုလျှင် အသက်အန္တရာယ်နှင့်ပင် ကြုံတွေ့ခဲ့ရပြီး ဒုက္ခပေါင်းစုံကို ဖြတ်သန်းခဲ့ရသည်။ ဤသည်ကပင် သူမကို လိမ္မာရေးခြားရှိလာစေရန် တွန်းအားပေးခဲ့ခြင်း ဖြစ်ပေမည်။
အချိန်အနည်းငယ် ကြာပြီးနောက် ချွေ့ဝေ့ချွမ်က သမီးလေး၏ အိပ်ခန်းတံခါးကို ခေါက်လိုက်သည်။
"အိမ်စာ လုပ်လို့ ပြီးပြီလား"
"ခဏလေးပဲ လိုတော့တယ်... သမီးကို စိတ်မပူနဲ့"
"ဒါဆိုလည်း အချိန်လေးကြည့်ဦး... စောစောအိပ်" ချွေ့ဝေ့ချွမ်က ပြောလိုက်သည်။
ထိုမျှ ငယ်ရွယ်သော ကလေးလေး တစ်ယောက်အတွက် ပညာရေး ဝန်ထုပ်ဝန်ပိုးက အလွန် ကြီးမားနေသည်ကို တွေးမိပြီး သူက စိတ်မကောင်း ဖြစ်မိသည်။
သူ့ခေတ်သူ့အခါတုန်းကတော့ ဆော့ကစားဖို့ကိုသာ သိခဲ့ကြသည် မဟုတ်ပါလား။
...
သူက ဇနီးဖြစ်သူ ကြမ်းတိုက်သည်ကို ကူညီပေးပြီးနောက် အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူတို့နှစ်ဦး ကုတင်ပေါ်တွင် လှဲလျောင်းရင်း တီးတိုး စကားပြောနေကြသည်။
"ကလေး နောက်တစ်ယောက်လောက် ယူရင် ကောင်းမလားဟင်" ထိုစဉ် ဇနီးဖြစ်သူက မေးလိုက်သည်။
"မယူပါနဲ့တော့ကွာ... ဖန်ပြွန်သန္ဓေသားက အောင်မြင်နိုင်ခြေ သိပ်မမြင့်ဘူးလို့ ကြားတယ်… တကယ်လို့များ ထပ်ပြီး မအောင်မြင်ခဲ့ရင် ခန္ဓာကိုယ်ကို အများကြီး ထိခိုက်လိမ့်မယ်" ချွေ့ဝေ့ချွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
ယခင်ကလည်း သူတို့ ဖန်ပြွန်သန္ဓေသား ယူခဲ့ဖူးသော်လည်း ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။ သန္ဓေသားလေး သုံးလသား အရွယ်သို့ ရောက်သောအခါ ကိုယ်ဝန်ပျက်ကျသွားခဲ့သည်။
"ဒီတစ်ကြိမ်က မတူဘူးလေ... နည်းပညာအသစ်တဲ့… အောင်မြင်နိုင်ခြေက ရာနှုန်းပြည့်နီးပါးပဲ... ရှင် အခုတလော သတင်းစာတွေ… သတင်းတွေ မကြည့်ဘူးလား" ဇနီးဖြစ်သူက ပြောလိုက်သည်။
ချွေ့ဝေ့ချွမ်က နေ့လယ်ဘက်တွင် အလုပ်လုပ်ရပြီး ညဘက်တွင် ညကျောင်းတက်ရသဖြင့် အလွန်အလုပ်များနေခဲ့ရာ သတင်းစာနှင့် သတင်းများကို ဖတ်ရှုရန် အချိန်မရှိခဲ့ပေ။
ထို့ကြောင့် သူက "အခုခေတ် နည်းပညာ တိုးတက်တာက အရမ်းမြန်လွန်းတယ်… နောက်နေ့ကျမှ သွားကြည့်ရမယ်" ဟု အံ့သြတကြီး ပြောလိုက်သည်။
ကလေးတစ်ယောက် ထပ်ယူရန်အတွက် သူ၏စိတ်ထဲတွင် ဖိအား သိပ်မရှိလှပေ။
ယခုအခါ အစိုးရက ကလေးယူရန် အားပေးအားမြှောက် ပြုလုပ်နေပြီး ကလေးမွေးဖွားပြီးပါက ထောက်ပံ့ကြေး အမြောက်အမြားနှင့်အတူ သုံးနှစ်တိတိ မီးဖွားခွင့် ရရှိမည်ဖြစ်သည်။
ထို့အပြင် ပညာရေးကလည်း အခမဲ့ဖြစ်သောကြောင့် လူနေမှုဘဝအတွက် ဖိအား သိပ်မရှိလှပေ။
ထိုအချိန်သို့ ရောက်လျှင် အိမ်ကိုပင် ပို၍ကျယ်ဝန်းသော နေရာတစ်ခုသို့ ပြောင်းရွှေ့နိုင်မည် ဖြစ်သည်။
"ဒီနည်းပညာက တော်တော်လေး အဆင့်မြင့်တယ်လို့ ကြားတယ်… မျိုးအောင်ဆဲလ် အဆင့်မှာတင် ဆေးရုံက ဗီဇတွေကို ပြုပြင်မွမ်းမံပေးမှာတဲ့… ချို့ယွင်းနေတဲ့ ဗီဇတွေကို ဖယ်ရှားပေးပြီး မွေးလာမယ့် ကလေးကို ပိုပြီး ဉာဏ်ကောင်း၊ ချောမောလှပပြီး သန်စွမ်းလာစေမှာတဲ့လေ… မနက်ဖြန်ကျရင် ကျွန်မတို့ ခွင့်ယူလိုက်ကြမလား" ဇနီးဖြစ်သူက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။
သူမက ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ ကလေးလိုချင်နေသော မိခင်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ကလေးမျိုးကို မည်သူက ငြင်းပယ်နိုင်မည်နည်း။
သို့သော် ချွေ့ဝေ့ချွမ်၏ စရိုက်က အနည်းငယ် ရှေးရိုးစွဲဆန်ပြီး ဘေးကင်းမှု ရှိမရှိ အတည်မပြုရသေးသော နည်းပညာအသစ်အပေါ် အနည်းငယ် တွေဝေနေမိသည်။
ပို၍ဆိုးသည်က မိမိ၏ ကိုယ်ပိုင်ကလေးနှင့် သက်ဆိုင်နေခြင်းပင် ဖြစ်သည်။
သို့သော် ဇနီးဖြစ်သူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသောအခါ သူပြောမည့် စကားများက လည်ချောင်းဝတွင် ရပ်တန့်သွားပြီး "မနက်ဖြန် ကိုယ် စက်ရုံမှူးကို ပြောလိုက်မယ်လေ... ခွင့်ယူလို့ ရလောက်ပါတယ်" ဟု ပြောင်းလဲပြောဆိုလိုက်သည်။
...
နောက်တစ်နေ့ နံနက်စောစောတွင် သူတို့နှစ်ဦးက ဆေးရုံသို့ စိတ်အားထက်သန်စွာဖြင့် ရောက်ရှိလာခဲ့ကြသည်။
ဆေးရုံက အဆောက်အအုံအတွင်း၌ပင် ရှိပြီး သူတို့နေအိမ်၏ အပေါ်နှစ်ထပ်တွင် ရှိသောကြောင့် လမ်းသိပ်လျှောက်စရာ မလိုပေ။
ပုံမှန်အားဖြင့် ဆေးရုံတွင် လူသိပ်မရှိတတ်သော်လည်း ယနေ့တွင်မူ လူစည်ကားလျက်ရှိသည်။
ချွေ့ဝေ့ချွမ်က သွားလာလှုပ်ရှားနေကြသူများမှာ ဇနီးမောင်နှံများသာ ဖြစ်ကြောင်း သတိပြုမိလိုက်ရာ သူတို့တစ်တွဲတည်းသာ မဟုတ်ဘဲ အားလုံးက ဤနည်းပညာသစ်အတွက် လာရောက်ကြခြင်း ဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက်သွားသည်။
တန်းစီစောင့်ဆိုင်းနေစဉ်အတွင်း ဆေးခန်းအတွင်းမှ ထွက်လာသော ဇနီးမောင်နှံအချို့၏ မျက်မှောင်ကြုတ်နေသော မျက်နှာများကို ချွေ့ဝေ့ချွမ် သတိထားမိလိုက်သည်။
သူတို့က ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေပုံရသည်။
သူ၏စိတ်ထဲတွင် သံသယအချို့ ဝင်ရောက်လာသော်လည်း သိပ်အများကြီး မတွေးတောမိပေ။
နှစ်နာရီခန့် တန်းစီပြီးနောက် သူတို့အလှည့်သို့ ရောက်ရှိလာခဲ့သည်။
...
"ဆရာဝန် ပြောချင်တာက မွေးလာမယ့်ကလေးက မိဘတွေနဲ့ သိပ်တူမှာ မဟုတ်ဘူး... သွေးသားတော်စပ်မှု ဗီဇတွေတောင် ပြဿနာ ရှိလာနိုင်တယ်ဆိုတဲ့ သဘောလား" နည်းပညာသစ်နှင့် ပတ်သက်၍ ဆရာဝန်၏ သွယ်ဝိုက်သော ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ဇနီးဖြစ်သူက ရေအေးဖြင့် ပက်ခံလိုက်ရသကဲ့သို့ အံ့သြမှင်တက်စွာဖြင့် မေးလိုက်သည်။
ဖောက်သည်များ၏ သံသယများနှင့် ပတ်သက်၍ ဆရာဝန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"အခြေအနေက ဒီလိုပါ... ဒီနည်းပညာက ပြုပြင်မွမ်းမံပေးမယ့် ဗီဇတွေ အများကြီး ရှိပါတယ်… အခြေခံအားဖြင့် အပြောင်းအလဲကြီး လုပ်လိုက်တာပေါ့… ဥပမာ- မိဘတချို့က ရုပ်ရည် သိပ်မပြေပြစ်ဘူးဆိုပေမယ့် ပြုပြင်မွမ်းမံပြီးတဲ့နောက် မွေးလာမယ့် ကလေးလေးက အရမ်းကို ချောမောလှပနေပါလိမ့်မယ်။"
"ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကျွန်တော် နားလည်ပါတယ်… ဒါပေမယ့် အခုချိန်မှာ အစိုးရက ဒီနည်းပညာသစ်ကို ဖြန့်ကြက်ဖို့ လုပ်ဆောင်နေတာလေ… ကလေးမွေးဖွားမယ့် မိသားစုတိုင်းက ထောက်ပံ့ကြေး အမြောက်အမြား ရကြလိမ့်မယ်… တကယ်လို့ ကိုယ်တိုင် မပြုစုပျိုးထောင်ချင်ဘူး ဆိုရင်တောင် အစိုးရက ဖွင့်လှစ်ထားတဲ့ ကလေးပြုစုစောင့်ရှောက်ရေး ဂေဟာတွေကို ပို့လိုက်လို့ရတယ်… ကလေးမွေးလိုက်လို့ ခင်ဗျားတို့အတွက် ဘာနစ်နာမှုမှ မရှိပါဘူး"
ပေးလာသော ကမ်းလှမ်းချက်များက ကောင်းမွန်လေလေ၊ ချွေ့ဝေ့ချွမ်၏ စိတ်ထဲတွင် ပြဿနာရှိနေကြောင်း ပို၍ ခံစားရလေလေ ဖြစ်သည်။
ဒီအန်အေ စစ်ဆေးမှုပင်လျှင် ပြဿနာရှိနိုင်သည်ဆိုပါက ဤသည်က မိမိ၏ ကိုယ်ပိုင်ကလေး ဟုတ်ပါသေးသလော။
သူက ဇနီးဖြစ်သူ၏ အင်္ကျီစကို တိတ်တဆိတ် ဆွဲလိုက်သော်လည်း သူမ၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသည့် အမူအရာကို တွေ့လိုက်ရပြီး ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေပုံရသည်။
...
သံသယဖြစ်ဖွယ်မရှိ၊ ဤနည်းပညာမှာ လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့သည့် "လူသားဗီဇ အဆင့်မြှင့်တင်ရေး စီမံကိန်း" ၏ ရလဒ်ပင် ဖြစ်သည်။
၎င်းက လူသားဗီဇစံနှုန်းများကို အသစ်ပြန်လည် သတ်မှတ်ပေးခဲ့ပြီး သန္ဓေအောင်နိုင်စွမ်းအပေါ် သက်ရောက်နေသော မျိုးရိုးဗီဇသော့ခတ် ဗိုင်းရပ်စ်၏ သက်ရောက်မှုများကို ဖယ်ရှားပေးခဲ့သည်။
ဤနည်းပညာကို တရားဝင် အကောင်အထည်ဖော်လိုက်သည်နှင့်အမျှ ပြီးပြည့်စုံစွာ အဆင့်မြှင့်တင်ထားသော လူသားမျိုးနွယ်သစ်တစ်ရပ် ပေါ်ထွန်းလာတော့မည်ကို ဆိုလိုပေသည်။
ယနေ့မှစ၍ လူသားတို့တွင် ဗီဇပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ရှိတော့မည် မဟုတ်ဘဲ မျိုးရိုးလိုက်ရောဂါများ ဆိုသည်မှာလည်း ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။
သန်စွမ်းရုံ၊ ဉာဏ်ကောင်းရုံ၊ ချောမောလှပရုံသာမက သက်တမ်းလည်း အလွန်ရှည်လျားလာမည် ဖြစ်သည်။
မျိုးဆက်သစ် လူသားများ၏ ပျမ်းမျှ အရည်အသွေးများဖြစ်သည့် ဉာဏ်ရည်ဉာဏ်သွေးမှာ ယေဘုယျအားဖြင့် ၁၃ မှတ်မှ ၁၄ မှတ်အထိ ရောက်ရှိနိုင်ပြီး ပျမ်းမျှသက်တမ်းမှာ နှစ် ၃၀၀ ခန့်အထိ ရှိလာမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လူသားတို့၏ သဘာဝ မျိုးဆက်ပွားနိုင်စွမ်းကိုလည်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေမည် ဖြစ်သည်။
အမှန်တကယ်တော့ လော်ယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိလာသော ဗီဇစံနှုန်းအစီအစဉ်မှာ တစ်ခုတည်းသာ မဟုတ်ပေ။
အခြားသော အစီအစဉ်များက ပို၍ အစွန်းရောက်လှသည်။
၎င်းတို့နှင့် နှိုင်းယှဉ်ပါက ဤလူသားဗီဇစံနှုန်းမှာ ရှေးရိုးအဆန်ဆုံးနှင့် အသတိထားဆုံး အစီအစဉ်တစ်ခု ဖြစ်ပေသည်။
ဤအစီအစဉ်မှ မွေးလာမည့် လူသားအသစ်များသည် သာမန်လူသားများ၏ သဘောတရားမှ သွေဖည်မသွားခဲ့သလို ထူးခြားဆန်းကြယ်လှသော ဆင့်ကဲပြောင်းလဲမှု စွမ်းရည်မျိုးလည်း မရှိပေ။
သက်တမ်းကို ပိုမိုရှည်လျားစေနိုင်မည့် အားနည်းသော ကိုယ်တိုင်ကုစားနိုင်စွမ်း တစ်မျိုးကို ထည့်သွင်းထားသည်မှလွဲ၍ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ထားချေ။
၎င်းကို အဆင့်မြှင့်တင်ခြင်း ဟုသာ ခေါ်ဆိုနိုင်သည်။
သို့သော် ထိုအစီအစဉ်များကို တင်ပြလာပြီးနောက် လော်ယွမ်က အဖန်ဖန်အထပ်ထပ် စဉ်းစားတွေးတောခဲ့ပြီးနောက်ဆုံးတွင် ရှေးရိုးအဆန်ဆုံး အစီအစဉ်ကိုသာ ရွေးချယ်ခဲ့သည်။
ဤအစီအစဉ်၏ အကြီးမားဆုံး အားသာချက်မှာ လူသားအသစ်များ၏ မျိုးဆက်ပွားနိုင်စွမ်းကို များစွာ ကျဆင်းမသွားစေခြင်းပင် ဖြစ်သည်။
ဤအချက်တစ်ချက်တည်းနှင့်ပင် အခြားသော အစွန်းရောက် အစီအစဉ်များကို စွန့်လွှတ်ရန် လုံလောက်နေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကိုယ်ပွားဖန်တီးခြင်း နည်းပညာမှာ ယာယီအရေးပေါ် အခြေအနေကိုသာ ဖြေရှင်းနိုင်မည် ဖြစ်သည်။
သဘာဝမျိုးဆက်ပွားခြင်းကို စွန့်လွှတ်ကာ ကိုယ်ပွားဖန်တီးခြင်းကိုသာ အားထားရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော် ၎င်းက လမ်းမှားသို့ ရောက်ရှိသွားမည်မှာ သေချာလှသည်။
ရှင်သန်ရပ်တည်ရေးသည် ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု၏ အဓိကတာဝန်ဖြစ်ပြီး လူသားတို့၏ တိုးတက်မှုကလည်း အမြဲတမ်း ချောမွေ့နေမည် မဟုတ်ပေ။
အချိန်ကာလ တစ်ခုအရ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွင်း အတက်အကျများ အမြဲရှိနေမည် ဖြစ်သည်။
အကယ်၍ ယဉ်ကျေးမှု အဖွဲ့အစည်းက မမျှော်လင့်ထားသော အခြေအနေများနှင့် ရင်ဆိုင်ရပြီး နည်းပညာများ နောက်ပြန်ဆုတ်သွားခဲ့ပါက၊ ကောင်းမွန်သော သဘာဝ မျိုးဆက်ပွားနိုင်စွမ်း မရှိလျှင် လူသားများကို စောင့်ကြိုနေသည်မှာ မျိုးသုဉ်းပျောက်ကွယ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
ဆက်ရန်...
အပိုင်း(၅၀၀) အာကာသတိုက်လေယာဉ်
"ဘာကြောင့် ပြည်သူတွေကို အမှန်တရား မပြောပြရတာလဲ... သေချာလေး ရှင်းပြမယ်ဆိုရင် ပြည်သူတွေ လက်ခံလာနိုင်လောက်ပါတယ်"
ရုံးခန်းအတွင်း၌ ချန်ရှင်းကျယ်က လက်ဖက်ရည်တစ်ခွက် ဖျော်ပေးရင်း လော်ယွမ်ကို နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
သူမအမြင်တွင်တော့ ယခုဆုံးဖြတ်ချက်မှာ အလွန်ဉာဏ်ပညာ ကြီးမားလှသည်ဟု မဆိုနိုင်ချေ။
လောကတွင် လေမတိုးနိုင်သော နံရံဟူ၍ မရှိသလို၊ ထာဝရဖုံးကွယ်ထားနိုင်မည့် လျှို့ဝှက်ချက်ဟူသည်လည်း မရှိပေ။
မည်မျှပင် တင်းကျပ်စွာ လျှို့ဝှက်ထားစေကာမူ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အမှန်တရားက ပေါ်ပေါက်လာမည်သာ ဖြစ်ပြီး ထိုအခါ ပြည်သူများ၏ မကျေနပ်မှုများနှင့် ဒေါသများကို မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်သည်။
လော်ယွမ်၏ အတွင်းရေးမှူး တစ်ယောက်အနေဖြင့် လက်ရှိ ကြေညာထားသော သန္ဓေသားဖန်တီးမှု နည်းပညာသည် ကြေညာထားသလောက် အပြစ်အနာအဆာကင်းပြီး ပြီးပြည့်စုံခြင်းမရှိကြောင်းကို သူမက ကောင်းစွာ သိရှိထားသည်။
မိဘနှစ်ပါးစလုံးထံမှ မျိုးရိုးဗီဇပစ္စည်းများကို ထောက်ပံ့ပေးသည်ဆိုသည်မှာ အယောင်ပြသက်သက်သာ ဖြစ်သည်။
မိခင်လောင်း၏ သားအိမ်ထဲသို့ ထည့်သွင်းပေးလိုက်သော အရာများ၏ အဓိက အနှစ်သာရမှာ သုတေသနဌာနတွင် ဖန်တီးပျိုးထောင်ထားသော ကိုယ်ပွား(ကလုံး)များသာ ဖြစ်ပေသည်။
ထို့အပြင် ယနေ့ခေတ် နည်းပညာများအရ ပုံမှန် သန္ဓေအောင်ပြီးသား မျိုးဥကို အခြေခံကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်မှာလည်း သိပ်မခက်ခဲလှပေ။
ဤသို့လုပ်ဆောင်ရန် သိပ္ပံနှင့် သုတေသနစွမ်းအား အမြောက်အမြား လိုအပ်မည်ဖြစ်သော်လည်း ယင်းသို့သာ လုပ်ဆောင်ခဲ့လျှင် နောက်ဆက်တွဲဆိုးကျိုးများ အခြေခံအားဖြင့် ကျန်ရှိတော့မည် မဟုတ်ပေ။
"လက်ရှိ အသက် ၁ရက်ကနေ ငါးနှစ်ကြား ကလေးအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မင်းသိလား" ချန်ရှင်းကျယ်၏ နားမလည်နိုင်ဖြစ်နေမှုကို လော်ယွမ်က မေးခွန်းပြန်ထုတ်လိုက်သည်။
သူမ ပြန်ဖြေမည့်အချိန်ကိုပင် မစောင့်တော့ဘဲ လော်ယွမ်က သူကိုယ်တိုင်ပင် ပြန်ဖြေလိုက်သည်။
"ငါးသောင်းတောင် မပြည့်ဘူး... အသက် ခြောက်နှစ်ကနေ ဆယ်နှစ်ကြားဆိုရင်တော့ နည်းနည်းလေး ပိုများတယ်... အဲဒီအရွယ်တွေက မွေးပြီး သိပ်မကြာခင်မှာပဲ ကမ္ဘာပျက်ကပ်ဘေးကြီးနဲ့ ကြုံလိုက်ရတာ"
"သူတို့ရဲ့ ရှင်သန်နိုင်စွမ်းက သိပ်မမြင့်မားလှဘူး... အဲဒီရှုပ်ထွေးနေတဲ့ ကပ်ဘေးကာလကြီးထဲမှာ လူတော်တော်များများဟာ ဆေးဝါးမလုံလောက်လို့ သေဆုံးခဲ့ရတာမျိုး မဟုတ်ရင်တောင် ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရတယ်... လက်ရှိအချိန်မှာ အဲဒီအရွယ် ကလေးစုစုပေါင်း တစ်သိန်းရှစ်သောင်းလောက်ပဲ ကျန်တော့တယ်... စုစုပေါင်း လူဦးရေရဲ့ အပုံသုံးဆယ်ပုံ တစ်ပုံလောက်ပဲ ရှိတာ"
"အလားတူပဲ အသက် ဆယ့်တစ်နှစ်ကနေ ဆယ့်ငါးနှစ်ကြား အရွယ်တွေရဲ့ အချိုးအစားကလည်း ပုံမှန်ထက် အများကြီး လျော့နည်းနေတယ်... လူသားတွေရဲ့ အသက်အရွယ် တည်ဆောက်ပုံ အချိုးအစားက ကြီးမားတဲ့ ဟာကွက်ကြီးတစ်ခု ဖြစ်နေပြီ"
"မျိုးဆက်ပွားရေး ပြဿနာက အရမ်းကို ကြီးလေးတဲ့ ပြဿနာတစ်ခု ဖြစ်နေတာ... သေချာရှင်းပြမယ်ဆိုရင်တော့ လူတွေက ကိုယ်ပွားနည်းပညာကို လက်ခံလာနိုင်ပေမဲ့ ဒီလုပ်ရပ်က အရမ်းနှေးကွေးလွန်းတယ်... နောက်ဆုံးရလဒ်ကလည်း သိပ်ကောင်းမှာမဟုတ်ဘူး"
"အပြစ်တင်စရာရှိရင် အရင်က ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲမှာ ကိုယ်ပွားလူသားတွေနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ ပုံရိပ်တွေကို အမြစ်တွယ်နေအောင် ရိုက်သွင်းခဲ့တာကိုပဲ အပြစ်တင်ရလိမ့်မယ်... လူတွေက ဒီအပေါ်မှာ အကြောက်တရားတွေ ရှိနေကြတယ်... အဲဒီအမြင်ကို အပြည့်အဝ ပြောင်းလဲပစ်ဖို့ဆိုတာ ရိုးရှင်းတဲ့ ရှင်းပြတာလောက်နဲ့ လုံးဝကို မဖြစ်နိုင်ဘူး"
"အုပ်ချုပ်ရေးအာဏာကိုသုံးပြီး အတင်းအကျပ် အကောင်အထည်ဖော်လို့ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို ခံယူနေမယ့်အစား... အရင်ဆုံး သူတို့ကို မွေးဖွားခိုင်းလိုက်တာက ပိုကောင်းတယ်"
"တကယ်တော့ ငါတို့ရဲ့ ကြေညာချက်ထဲမှာ အမှန်တရားကို အခြေခံအားဖြင့် ရှင်းပြပြီးသားပါ... လက်ခံနိုင်တဲ့သူကတော့ သဘာဝကျကျ လက်ခံလိမ့်မယ်... လက်ခံမနိုင်တဲ့သူအတွက်ကျတော့လည်း လှည့်စားခံလိုက်ရတယ်လို့ မဆိုသာဘူးလေ"
"တကယ်လို့ ကလေးမွေးပြီးမှ နောင်တရပြီး ဆက်မမွေးချင်တော့ဘူးဆိုရင်တောင် အစိုးရဆီ အပ်နှံပြီး စုပေါင်းစောင့်ရှောက်လို့ရတယ်... အဲဒီအချိန်ကျရင် ဓာတ်ခွဲခန်းထဲက ကိုယ်ပွားတွေနဲ့ ရောနှောလိုက်ပြီး ဓာတ်ခွဲခန်းက ကိုယ်ပွားအရေအတွက် အစစ်အမှန်ကို လုံးဝ ဖုံးကွယ်ထားလို့ရသွားပြီ"
"ဒါပေမဲ့ ဒီလိုလုပ်တာက နောက်ဆုံး ရှင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်နော်" ချန်ရှင်းကျယ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
သူမက လွန်ကဲစွာ ကြင်နာတတ်သည့် မိခင်တစ်ယောက် မဟုတ်ပေ။
ယခုကဲ့သို့ ကန့်ကွက်နေရခြင်းမှာလည်း အမှန်တရား ပေါ်ပေါက်လာသည့်အခါ လော်ယွမ်ကို ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
"မင်းက ငယ်ပါသေးတယ်... နိုင်ငံရေးက မင်းနဲ့ တကယ်ကို မသင့်တော်ဘူး... အမှန်တရားပေါ်လာတဲ့ အချိန်ကျရင် အရာအားလုံးကို တာဝန်ယူဖြေရှင်းပေးမယ့်သူတွေ အလိုလို ပေါ်လာလိမ့်မယ်... ငါကတော့ ဘာမှမသိတဲ့သူအနေနဲ့ အပြစ်ကင်းစင်နေမှာပဲ... ဒါ့အပြင်..."
လော်ယွမ်က မတ်တတ်ရပ်လိုက်ပြီး အေးစက်စက် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်။
"ငါ ဒီနေရာမှာ ထိုင်နေနိုင်တာက ဂုဏ်သိက္ခာဆိုတဲ့ အရာကြောင့်မှ မဟုတ်ပဲ"
ချန်ရှင်းကျယ်သည် လော်ယွမ်၏ အရှက်ကင်းမဲ့မှုကြောင့် အံ့အားသင့်သွားဟန်ဖြင့် အချိန်အတော်ကြာ ငေးမောနေမိသည်။
လော်ယွမ်၏ အသံက ထပ်မံထွက်ပေါ်လာမှသာ သူမ အသိပြန်ဝင်လာခဲ့တော့သည်။
"လေယာဉ်ထုတ်လုပ်ရေး စက်ရုံကို အကြောင်းကြားလိုက်... ခဏနေရင် ငါ အဲဒီကို လာခဲ့မယ်လို့"
လော်ယွမ်က အတွင်းရေးမှူး ယူလာပေးသည့် စာရွက်စာတမ်းအသစ်များကို ခေတ္တမျှ ဖတ်ရှုနေရင်းမှ ရုတ်တရက် သူ၏ မျက်ဝန်းများ အရောင်လက်သွားကာ ပြောလိုက်သည်။
"ကျွန်မ အခုချက်ချင်း ဖုန်းဆက်လိုက်ပါ့မယ်"
……
စက်ရုံတံခါးဝသို့ မရောက်မီမှာပင် စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမားကိုယ်စားလှယ် တစ်စုက တံခါးဝ၌ စောင့်ဆိုင်းနေကြသည်။
အနီးပတ်ဝန်းကျင်တွင်လည်း အစောင့်အကြပ်များ အပြည့်ချထားသဖြင့် လေထုမှာ အလွန် ခမ်းနားထည်ဝါနေသည်။
"ငါ့ကြောင့် စက်ရုံရဲ့ ပုံမှန်အလုပ်တွေကို မထိခိုက်စေနဲ့... စက်ရုံဇုန်ထဲကို သွားကြရအောင်... မင်းတို့ရဲ့ တိုက်လေယာဉ်သစ်ကို ကြည့်ချင်တယ်" လော်ယွမ်က လက်ကာပြလိုက်သည်။
ယခုကဲ့သို့ အပေါ်ယံ ဟန်လုပ်ပြနေမှုများကို သူ သိပ်သဘောမကျသော်လည်း ရှောင်လွှဲ၍ မရနိုင်မှန်းကို သူ ကောင်းစွာ သိရှိထားပေသည်။
ယခင်ကဖြစ်စေ၊ ယခုအခါ၌ဖြစ်စေ နည်းပညာများ တိုးတက်လာနိုင်သော်လည်း လူ့သဘာဝကတော့ ပြောင်းလဲသွားမည် မဟုတ်ချေ။
အာဏာဟူသည်က အထက်စီးတွင် ရှိနေသရွေ့ ဤအချက်ကို မည်သို့မျှ ပပျောက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် အခြားတစ်ဖက်မှ တွေးကြည့်လျှင် သူကိုယ်တိုင် လာရောက်စစ်ဆေးသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ လာရောက်ကြိုဆိုခြင်း မရှိဘဲ သူ့ကို လျစ်လျူရှုထားကြမည် ဆိုပါက ထိုလူများတွင် နိုင်ငံရေးအမြင် ပြဿနာ တစ်ခုခုရှိနေသလား၊ သို့မဟုတ် အစိုးရနှင့် သူ့အပေါ် မကျေနပ်မှုများ ရှိနေသလားဟူသည်ကို သူကိုယ်တိုင် အသေအချာ စဉ်းစားရတော့မည် ဖြစ်သည်။
ခဏအကြာတွင်တော့ လော်ယွမ်နှင့် အတွင်းရေးမှူး ချန်ရှင်းကျယ်တို့သည် စက်ရုံဇုန်ထဲသို့ ရောက်ရှိသွားကြပြီး သူတို့၏ မျက်စိရှေ့မှောက်တွင် တြိဂံပုံတောင်ပံများ ပါရှိသော အကြီးစား လေယာဉ်ကြီးတစ်စီးကို မြင်တွေ့လိုက်ရသည်။
၎င်းသည် ဧရာမ သံမဏိဘီလူးကြီး တစ်ကောင်နှယ် ကြီးမားလှသည်။ လေယာဉ်၏ ခေါင်းပိုင်းမှာ အနည်းငယ် ချွန်ထက်နေပြီး ဓားသွားပုံသဏ္ဌာန်ရှိကာ အမြီးပိုင်းမှာမူ ကတ်ကြေးပုံသဏ္ဌာန် ကန့်လန့်ဖြတ် တည်ရှိနေသည်။
သို့သော်လည်း ၎င်း၏ ပုံပန်းသွင်ပြင်မှာ ကြမ်းတမ်းအရုပ်ဆိုးနေခြင်း မရှိပေ။
ချောမွေ့ပြေပြစ်သော ကိုယ်ထည်ကောက်ကြောင်းများနှင့် တစ်ဆက်တည်း သွန်းလောင်းထားသော တောက်ပသည့် အနက်ရောင် မျက်နှာပြင်တို့က အလွန်လှပခမ်းနားသည့် အသွင်ကို ဆောင်နေပြီး သိပ္ပံစိတ်ကူးယဉ်ဆန်သည့် အငွေ့အသက်များကို ပြင်းထန်စွာ ထုတ်လွှတ်နေသည်။
ကြီးမားခမ်းနားပြီး သပ်ရပ်လှပသည်။ တည်ငြိမ်ပြီး စွမ်းရည်ထက်မြက်သည်။ ကျက်သရေရှိပြီး အစွမ်းထက်လှသည်။
၎င်းသည် ဝပ်ခိုနေသော အနက်ရောင် ကျားသစ်တစ်ကောင်နှယ် အချိန်မရွေး ခုန်အုပ်ကိုက်ဖြတ်ရန် အသင့်ရှိနေပုံရသည်။
"မြို့တော်ဝန်... ဒါက လေကြောင်းရော မြေပြင်မှာပါ အသုံးပြုနိုင်တဲ့ တိုက်လေယာဉ်တစ်စီးပါ... အလျားက ၆၅ ပေ ရှိပြီး တောင်ပံနှစ်ဖက်ကတော့ နည်းနည်းကျဉ်းပါတယ်... အကျယ် ၅၀ ပေလောက်ပဲ ရှိပါတယ်... ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အဓိက လှုပ်ရှားရမယ့်နယ်ပယ်က အာကာသထဲမှာ ဖြစ်နေလို့ လေဟပ်အား ပညာရပ်ပိုင်းဆိုင်ရာ လိုအပ်ချက် သိပ်မမြင့်မားလို့ပါ"
၎င်းကို ပုံစံထုတ်ခဲ့သော အင်ဂျင်နီယာက ဘေးနားမှနေ၍ စိုးရိမ်တကြီးဖြင့် မိတ်ဆက်ပေးနေသည်။
"သူ့ရဲ့ နည်းပညာအဆင့်အတန်းက ဗိုရှင်းဂြိုဟ်သားတွေရဲ့ လေယာဉ်တွေနဲ့ အကြမ်းဖျင်းအားဖြင့် တန်းတူလောက်ရှိပါတယ်... အလတ်စား အနုမြူပေါင်းစပ်ဓာတ်အားဖို နှစ်လုံးနဲ့ အသေးစား တွန်းကန်အင်ဂျင် နှစ်လုံး ပါဝင်ပါတယ်... အမြင့်ဆုံး အမြန်နှုန်းက အလင်းအလျင်ရဲ့ ဝ.၁ဆ အထိ ရောက်ရှိနိုင်ပါတယ်"
"ဒါပေမဲ့ ဥက္ကာခဲတွေ ထူထပ်တဲ့ ကြယ်စင်စုတွေထဲမှာ ပျံသန်းမယ်ဆိုရင်တော့ သူ့ရဲ့ ဘေးကင်းလုံခြုံတဲ့ အမြန်နှုန်းက အလင်းအလျင်ရဲ့ ဝ.၀၀၅ဆ ဖြစ်ပါတယ်... အဲဒီထက်ကျော်လွန်သွားရင်တော့ ဥက္ကာခဲ အပိုင်းအစတွေနဲ့ တိုက်မိပြီး ပျက်စီးသွားဖို့ အရမ်းလွယ်ကူပါတယ်"
လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာတွင်လည်း အာကာသယာဉ်၏ ကာကွယ်ရေးစနစ်နှင့် ပတ်သက်၍ ထူးထူးခြားခြား ကောင်းမွန်သည့် နည်းလမ်းမရှိလှပေ။
ဗိုရှင်းနည်းပညာများကို သင်ယူရယူထားသော လူသားများတွင်လည်း အလားတူ အားနည်းချက်မျိုး ရှိနေသည်။
ဥက္ကာခဲများကို ကာကွယ်ရန်အတွက် ၎င်းတွင် နည်းလမ်းနှစ်ခုသာ ရှိသည်။
ပထမနည်းလမ်းမှာ အာကာသယာဉ်၏ သံချပ်ကာကိုယ်ထည်ဖြင့် အကြမ်းပတမ်း ခုခံခြင်းဖြစ်ပြီး ယင်းမှာ အမြန်နှုန်း နည်းပါးချိန်၌ ဝင်တိုက်မည့် ဥက္ကာခဲများကိုသာ ကာကွယ်နိုင်ပေသည်။
ဒုတိယနည်းလမ်းမှာ အာကာသယာဉ်၏ ထောက်လှမ်းရေးစနစ်နှင့် တွက်ချက်မှုစွမ်းရည် မြင့်မားသော ဉာဏ်ရည်တုဦးနှောက်ကို ပူးပေါင်းအသုံးပြုကာ မတိုက်မိမီ ဥက္ကာခဲများကို ကြိုတင်ရှောင်တိမ်းခြင်း ဖြစ်သည်။
ပထမနည်းလမ်းနှင့် နှိုင်းယှဉ်လျှင် ဤနည်းလမ်းကသာ အဓိကအကျဆုံး ကာကွယ်ရေးနည်းလမ်း ဖြစ်သည်။
အာကာသယာဉ်ပေါ်ရှိ အဆင့်မြင့် ပင်မထိန်းချုပ် ကွမ်တန်ကွန်ပျူတာ အနေဖြင့် ဆိုရလျှင် အနည်းငယ် ကြီးမားသော ဥက္ကာခဲများကိုပင် အလင်းစက္ကန့် တစ်ရာ အကွာအဝေးအတွင်းမှာပင် အခြေခံအားဖြင့် ထောက်လှမ်းသိရှိနိုင်ပြီး ကြိုတင်ရှောင်တိမ်းနိုင်သည်။
လေယာဉ်ကို ဝင်တိုက်နိုင်သည့် အရာများမှာ အခြေခံအားဖြင့် ဖုန်မှုန့် အမှုန်အမွှားများသာ ဖြစ်သည်။
အာကာသယာဉ်၏ သံချပ်ကာ မျက်နှာပြင်ပေါ်ရှိ လူအနည်းငယ် ဝင်လှဲအိပ်လျှင်ပင် မပြည့်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ချိုင့်ခွက်ကြီးများမှာ ထိုဖုန်မှုန့် အမှုန်အမွှားလေးများ ဝင်တိုက်ထားသည့် ရလဒ်များပင် ဖြစ်သည်။
အလင်းအလျင် နီးပါးဖြင့် ပျံသန်းနေချိန်တွင် အလေးချိန်အားဖြင့် တစ်အောင်စ၏ အပုံသုံးသောင်းပုံ တစ်ပုံမျှသာရှိသော အလွန်ပေါ့ပါးသည့် ဒြပ်စင်လေးတစ်ခု ဖြစ်နေလျှင်တောင်မှ တစ်ခုနှင့်တစ်ခု အရှိန်ပြင်းပြင်း ဝင်တိုက်မိချိန်၌ ထွက်ပေါ်လာမည့် ရွေ့လျားစွမ်းအင်မှာ ယမ်း ၁၀ တန် ပေါက်ကွဲသည့် စွမ်းအင်နှင့် ညီမျှပေသည်။
အကယ်၍ ထိုအရာဝတ္ထုက တစ်အောင်စ၏ အပုံသုံးဆယ်ပုံ တစ်ပုံခန့်သာ ရှိမည်ဆိုလျှင်တော့ အခြေခံအားဖြင့် လေယာဉ်ရော လူပါ ပျက်စီးသေဆုံးသွားမည်သာ ဖြစ်သည်။
လက်ရှိအခြေအနေတွင် ဤကဲ့သို့ အလွန်အားပြင်းသော အထူးသံချပ်ကာဖောက် ကျည်ဆန်နှင့်တူသည့် ဝင်တိုက်မှုကို ခုခံနိုင်မည့် မည်သည့် ကာကွယ်ရေးနည်းလမ်းမျှ မရှိသေးပေ။
ကြယ်စင်စု တစ်ခုနှင့်တစ်ခု ကြားရှိ အမှောင်နယ်မြေများတွင် ဒြပ်စင်များ ရှားပါးလှသော်လည်း လုံးဝမရှိခြင်းမျိုးတော့ မဟုတ်ပေ။
ယခု အာကာသယာဉ်ကြီး ဤနေရာအထိ ပျံသန်းလာနိုင်ခြင်းမှာ ကံကောင်းမှုတစ်ခုဟု ဆိုရပေမည်။
"သူ့ကို မောင်းနှင်ဖို့ လူလိုသေးလား" လော်ယွမ်က အသိပြန်ဝင်လာကာ မေးလိုက်သည်။
"မလိုပါဘူး မြို့တော်ဝန်... ဒါက လူမဲ့လေယာဉ် အမျိုးအစားပါ... မောင်းနှင်ဖို့ စနစ်နှစ်မျိုး ရှိပါတယ်... ပထမတစ်မျိုးကတော့ အဝေးထိန်းစနစ်ပါ... မျက်လုံးထဲမှာ တပ်ဆင်ထားတဲ့ တစ်ကိုယ်ရည်သုံး အသေးစား ကွမ်တန်ကွန်ပျူတာကနေတစ်ဆင့် ဦးနှောက်လှိုင်းတွေကို အသုံးပြုပြီး မောင်းနှင်ရတာပါ... နောက်တစ်မျိုးကတော့ ပင်မထိန်းချုပ်ကွန်ပျူတာမှာ ပါဝင်တဲ့ ဉာဏ်ရည်တုကနေတစ်ဆင့် တိုက်ရိုက်ခိုင်းစေပြီး တာဝန်တွေကို ပြီးမြောက်စေတာပဲ ဖြစ်ပါတယ်"
"လက်နက်ပိုင်းဆိုင်ရာမှာတော့ သူ့မှာ ကီလိုဝပ် သန်းတစ်ရာ စွမ်းအားရှိတဲ့ ၂ ပေါင်တန် လျှပ်စစ်သံလိုက် အမြောက် နှစ်လက် ပါဝင်ပါတယ်... လေဟာနယ်ထဲမှာ သီအိုရီအရ ပစ်ခတ်နိုင်စွမ်း အလျင်က အလင်းအလျင်ရဲ့ ဝ.၀၁၂ဆ အထိ ရောက်ရှိနိုင်ပါတယ်... ပြီးတော့ ကီလိုဝပ် သန်းတစ်ရာ့ငါးဆယ် စွမ်းအားရှိတဲ့ လေဆာအမြောက် တစ်လက်နဲ့ အနုမြူပေါင်းစပ်ဓာတ်ပြု အင်ဂျင်တပ်ဆင်ထားတဲ့ မျိုးဆက်သစ် ဒုံးကျည် ဆယ့်ငါးစင်းလည်း ပါဝင်ပါတယ်... လိုအပ်လာရင် ဆန့်ကျင်ဘက်ဒြပ်သား ထိပ်ဖူးတွေကိုလည်း တပ်ဆင်နိုင်ပါသေးတယ်"
"သူက တိုတောင်းတဲ့ အကွာအဝေးအတွင်းမှာ ဖျက်ဆီးရေး တာဝန်အားလုံးကို ထမ်းဆောင်နိုင်စွမ်း ရှိပါတယ်။"
သေချာသည်မှာ ထိုတိုတောင်းသော အကွာအဝေးဆိုသည်မှာ ပုံမှန် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှ တိုတောင်းသောအကွာအဝေးမျိုး မဟုတ်ဘဲ နက္ခတ္တဗေဒ တိုင်းတာရေး ယူနစ်များအရ တိုတောင်းသော အကွာအဝေးကို ဆိုလိုခြင်း ဖြစ်သည်။
ဤလေယာဉ်မှာ လော်ယွမ်၏ အမြင်တွင် အတော်လေး အစွမ်းထက်နေပြီ ဖြစ်သည်။ ဗိုရှင်းဂြိုဟ်သားများ၏ လေယာဉ်များနှင့် နှိုင်းယှဉ်လျှင် အမီလိုက်နိုင်ပြီဟု မဆိုနိုင်သော်လည်း တူညီသော နည်းပညာအဆင့်အတန်းတစ်ခုတွင် ရှိနေပြီး အများဆုံးမှ အရည်အသွေး ကွာဟချက် အနည်းငယ်သာ ရှိမည်ဖြစ်သည်။
ထို့နောက် လော်ယွမ်သည် ထိုစက်ရုံရှိ အခြားသော အလုပ်ရုံများကို ဆက်လက် လေ့လာကြည့်ရှုခဲ့သည်။
မိခင်အာကာသယာဉ်ကြီး အတွင်းရှိ တစ်ခုတည်းသော လေယာဉ်ထုတ်လုပ်ရေး စက်ရုံဖြစ်သည်နှင့်အညီ ပြီးခဲ့သည့် နှစ်နှစ် သုံးနှစ်အတွင်း သူတို့၏ အောင်မြင်မှုရလဒ်များမှာ ယခု အာကာသတိုက်လေယာဉ် တစ်စီးတည်းသာ မဟုတ်သည်မှာ ထင်ရှားလှသည်။
ဘေးဘက်ရှိ အခြား အလုပ်ရုံတစ်ခုတွင်တော့ လော်ယွမ်တစ်ယောက် မထင်မှတ်ထားသော အံ့အားသင့် ဝမ်းသာစရာ တစ်ခုကို တွေ့ရှိလိုက်ရသည်။
၎င်းသည် အသေးစား အာကာသယာဉ်ငယ် တစ်စီးဖြစ်သည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ မိခင်အာကာသယာဉ်ကြီးနှင့် တစ်ပုံစံတည်း တူညီနေသည်။
သို့သော် အသေးစား အာကာသယာဉ် ဖြစ်လင့်ကစား ၎င်းမှာ ဧရာမ သံမဏိဘီလူးကြီး တစ်ကောင်နှယ် ကြီးမားနေဆဲပင် ဖြစ်သည်။
၎င်း၏ အချင်းမှာ ပေ ၂၆၀ ခန့်ရှိပြီး အမြင့်မှာ ပေ ၁၀၀ မှ ၁၃၀ ခန့်အထိ ရှိသည်။
စက်ရုံဇုန်၏ မျက်နှာကြက် အမြင့်မှာ အတော်လေး မြင့်မားနေ၍သာ တော်သေးသည်ဟု ဆိုရမည်။
သို့မဟုတ်ပါက ထိုယာဉ်ကြီးကို ဆံ့အောင်ထားရန်မှာ တကယ်ကို မလွယ်ကူသည့် ကိစ္စပင်။
"ဒါက စမ်းသပ်လေ့လာဖို့အတွက် တည်ဆောက်ထားတဲ့ အာကာသယာဉ် ပုံစံငယ်လေးပါ"
လော်ယွမ်၏ အကြည့်များ ထိုနေရာသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသောအခါ စက်ရုံတာဝန်ရှိသူက ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ကျွန်တော်တို့ လက်ရှိနေထိုင်နေတဲ့ မိခင်ယာဉ်ကြီးနဲ့ဆိုရင် အချိုးအစားက (၂၀) အချိုး (၁) ရှိပါတယ်... ကျွန်တော်တို့က သူ့ကိုသုံးပြီး နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်အတည်ပြုမှုတချို့ကို အဓိက လုပ်ဆောင်နေတာပါ"
"မင်းတို့တွေ ဒီလောက် ကြီးမားတဲ့ ပရောဂျက်ကြီးကို တည်ဆောက်နေတာ ဘာလို့ သတင်းမကြားမိတာလဲ" ထိုစကားကို ကြားသောအခါ လော်ယွမ်မှာ ဝမ်းသာအံ့ဩသွားသော်လည်း သံသယဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
စက်ရုံတာဝန်ရှိသူမှာ အနည်းငယ် အနေရခက်သွားသည်ကို မြင်လိုက်ရချိန်တွင် လော်ယွမ် ချက်ချင်း သဘောပေါက်လိုက်သည်။
သေချာပေါက် သူတို့က ဖုံးကွယ်ကာ အစွမ်းပြချင်နေပြီး အောင်မြင်သွားသည့်အချိန်ကျမှသာ ကြီးမားသည့် ဂုဏ်သတင်းကို ရယူချင်နေကြခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် သုတေသနဌာန အများစု၌ ဤကဲ့သို့သော အကျင့်ဆိုးလေးများ ရှိနေကြသည်။
ယခုအခါ သိပ္ပံသုတေသန အဖွဲ့အစည်း အသီးသီးကြားတွင် ပြိုင်ဆိုင်မှုများက အလွန် ပြင်းထန်လှပြီး အောင်မြင်မှုရလဒ်များကလည်း အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။
အကယ်၍သာ အချိန်ကြာမြင့်သည်အထိ ဟိုးလေးတကျော် ဖြစ်စေမည့် အောင်မြင်မှုရလဒ် တစ်ခုမျှ မပြသနိုင်ပါက မကြာမီမှာပင် အရေးမပါသော ဌာနတစ်ခုအဖြစ် ဘေးဖယ်ခံရမည် ဖြစ်ပြီး ဖျက်သိမ်းခံရခြင်း သို့မဟုတ် အခြားဌာနများနှင့် ပေါင်းစည်းခံရခြင်းတို့သာ အဖတ်တင်တော့မည် ဖြစ်သည်။
"လုပ်ငန်းစဉ်က ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ" လော်ယွမ်က သူ့ကို အကျပ်မရိုက်စေတော့ဘဲ စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည်။
"အခုဆိုရင် ရာခိုင်နှုန်း ရှစ်ဆယ့်ငါးရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ... ဒါပေမဲ့ ဒါက ဌာနခွဲတွေအများကြီးက ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ ရလဒ်ပါ" စက်ရုံတာဝန်ရှိသူက ဂုဏ်ဆာခြင်း မပြုရဲပေ။
အဘယ်ကြောင့်ဆိုသော် အခြားဌာနများက အရည်အသွေးမီသော အပိုပစ္စည်းများကို ပူးပေါင်းထုတ်လုပ်ပေးခြင်း မရှိပါက ယာဉ်၏ ကိုယ်ထည် အခွံတစ်ခုကိုပင် သူတို့ချည်းသက်သက် ထုတ်လုပ်နိုင်မည် မဟုတ်ပေ။
ယခုအခါ မိခင်အာကာသယာဉ်ကြီးပေါ်ရှိ စက်ရုံကြီးများသည် ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် သက်ဆိုင်သော လူမှုဖူလုံရေး စက်ရုံအချို့မှလွဲ၍ အခြေခံအားဖြင့် ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို သုတေသနပြုလေ့လာခြင်းနှင့် သင်ယူရယူခြင်းကိုသာ အဓိကထား လုပ်ဆောင်နေကြသည်။
သူတို့တွင် ထုတ်လုပ်ရေး တာဝန်များ သိပ်မရှိလှသောကြောင့် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ လိုအပ်သော အပိုပစ္စည်းအချို့ကို ထုတ်လုပ်ပေးရန် အချိန်အလုံအလောက် ရှိကြပြီး ပူးပေါင်းသုတေသနပြုခြင်းများကိုပင် လုပ်ဆောင်နိုင်ကြသည်။
"အရမ်းကောင်းတယ်" လော်ယွမ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ချီးကျူးလိုက်သည်။
"နောက်တစ်ခေါက် ငါ ထပ်လာတဲ့အချိန်ကျရင်... ဒီအာကာသယာဉ်လေး အပြီးသတ် တည်ဆောက်ပြီးစီးနေဖို့ မျှော်လင့်တယ်"
……
လော်ယွမ်သည် ထိုစက်ရုံမှ ထွက်ခွာလာချိန်တွင် စိတ်ထဲ၌ အလွန် တက်ကြွရွှင်လန်းနေခဲ့သည်။
ထိုအာကာသယာဉ် ပုံစံငယ်လေးကို ကြည့်ခြင်းအားဖြင့် လူသားတို့သည် ဗိုရှင်းဂြိုဟ်သားတို့၏ နည်းပညာများကို ထက်ဝက်ကျော်ခန့် သင်ယူရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ဤကာလများအတွင်း လူသားများ၏ တိုးတက်မှု အဟုန်မှာ မယုံနိုင်လောက်အောင် လျင်မြန်လှသည်။
မူလက သူ၏ အကောင်းမြင်ဆုံး ခန့်မှန်းချက်အရ ကြယ်တာရာများဆီသို့ ခရီးနှင်နိုင်ရန် လိုအပ်သော အခြေအနေများ ပြည့်စုံလာစေရန် အနည်းဆုံး ငါးနှစ်ခန့် အချိန်ယူရမည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း လက်ရှိ လုပ်ငန်းစဉ်များ၏ တိုးတက်မှု အမြန်နှုန်းကို ကြည့်ရမည်ဆိုလျှင် မကြာမီ အချိန်အတွင်းမှာပင် လူသားတို့သည် ဤမိခင်ယာဉ်ကြီး တစ်စီးလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်လာမည့်အပြင် အာကာသယာဉ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းပါ ပိုင်ဆိုင်လာတော့မည် ဖြစ်သည်။
သို့သော် အသိတရားအရ သူ ကောင်းစွာ သိရှိထားသည်မှာ ကျန်ရှိနေသေးသော ဆယ့်ငါးရာခိုင်နှုန်းသည်သာ တကယ့် အခက်ခဲဆုံး အပိုင်းဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
ထိုကျန်ရှိနေသော ဆယ့်ငါးရာခိုင်နှုန်းကို ဖြေရှင်းနိုင်ရန်အတွက် ပြီးခဲ့သည့် ရှစ်ဆယ့်ငါးရာခိုင်နှုန်းအတွက် အသုံးပြုခဲ့ရသော အချိန်ထက် ပိုမိုကြာမြင့်နိုင်ပြီး မည်သည့်အချိန်မှ အဆုံးသတ်နိုင်မည်ကိုပင် မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်သွားနိုင်ပေသည်။
သို့သော် ဤသည်မှာ အဆိုးရွားဆုံး အခြေအနေကို တွေးကြည့်ခြင်းသာ ဖြစ်သည်။
ဉာဏ်ပညာဆေးရည်ကို သောက်သုံးသူ အရေအတွက် တစ်နေ့တခြား ပိုမိုများပြားလာသည်နှင့်အမျှ တကယ်တမ်းတွင် လူသားတို့၏ နည်းပညာ တိုးတက်မှုမှာ အဆက်မပြတ် အရှိန်အဟုန် မြင့်မားနေဆဲ ဖြစ်သည်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှု ရလဒ်များကလည်း အများအပြား ပေါ်ထွက်လျက်ရှိရာ ဤအာကာသယာဉ်ကို ပုံတူကူးယူ တည်ဆောက်နိုင်မည့် အချိန်မှာ တွေးထင်ထားသည်ထက် များစွာ ပိုမိုလျင်မြန်လာနိုင်ပေသည်။
ဆက်ရန်...