အခန်း (၄၈၃-၄၈၄)
Vol. 25 Ch. 483-484
အပိုင်း(၄၈၃) ဒုတိယမြောက် အာကာသသားရဲကြီး
မြို့တော်ခန်းမသို့ ပြန်ရောက်ပြီးနောက် လော်ယွမ်က ချန်ကွမ်ဟွေးကို ခေါ်လိုက်ပြီး စာအုပ်အချို့ဝယ်ရန်နှင့် ကိုယ်ပိုင်ဆရာနှစ်ဦး စီစဉ်ပေးရန် အကူအညီတောင်းလိုက်သည်။
ကိုယ့်ဘာသာလေ့လာခြင်းက ဆရာတစ်ယောက်က သေချာသင်ပေးသလောက် ထိရောက်မှုမရှိနိုင်ပေ။
ထိုကလေးတစ်စုတွင် ဤကဲ့သို့သော စိတ်ဝင်စားမှုနှင့် ပါရမီရှိနေမှတော့ သူလုပ်ပေးနိုင်သည်မှာ အားပေးအားမြှောက်ပြုရန်သာ ရှိတော့သည်။
သို့သော် သူထိုင်လိုက်ရုံရှိသေး ဆက်သွယ်ရေးခန်းမှ တာဝန်ကျဝန်ထမ်းက ဖုန်းဆက်ကာ အစီရင်ခံလာသည်။
အာကာသယာဉ်ဆီမှ အရေးပေါ်သတင်းတစ်ခုရောက်နေပြီး ဆက်သွယ်ပြောဆိုခွင့် တောင်းခံထားကြောင်း ဆို၏။
လော်ယွမ်က ကြားသည်နှင့် မျက်နှာပျက်သွားပြီး ဆက်သွယ်ရေးခန်းဆီသို့ ချက်ချင်း ထွက်သွားလိုက်သည်။
အပြင်ဘက်တွင် အစောင့်တစ်တန်း ရပ်နေသဖြင့် ထိုဆက်သွယ်ရေးခန်း၏ လုံခြုံရေးက အလွန်တင်းကျပ်နေပုံရသည်။
"သက်သေခံကတ်ပြား ပြပါခင်ဗျာ" လော်ယွမ် လာနေသည်ကို မြင်သောအခါ အစောင့်တပ်မှူးက ချက်ချင်း အလေးပြုလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။
လော်ယွမ်က ခေါင်းအနည်းငယ်ညိတ်ပြကာ ကတ်ပြားကို ထုတ်ပြလိုက်သည်။ ဤသည်မှာ သူကိုယ်တိုင် ချမှတ်ထားသော စည်းကမ်းဖြစ်ပြီး ဤနေရာက အလွန်အရေးကြီးသောကြောင့် သူကိုယ်တိုင်လာလျှင်တောင် ချွင်းချက်မရှိပေ။
ကပ်ဘေးဆိုက်ပြီးနောက်ပိုင်း ကမ္ဘာမြေ၏ ဂြိုဟ်တုများနှင့် ဆက်သွယ်ရေးစခန်းများအားလုံး လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။
သာမန်ဆက်သွယ်ရေးနည်းလမ်းများဖြင့် အာကာသယာဉ်ကို ဆက်သွယ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
ယခုအခါ ကမ္ဘာမြေနှင့် အာကာသယာဉ်ကြား တစ်ခုတည်းသော ဆက်သွယ်ရေးနည်းလမ်းမှာ ယာဉ်ပျံတစ်စီးမှ ဖြုတ်ယူထားသော ကြယ်အဆင့် ကွမ်တမ်ဆက်သွယ်ရေးစက်တစ်ခုသာဖြစ်သည်။ ၎င်းကို ဤနေရာတွင် ထားရှိထားသည်။
လော်ယွမ် ဖျက်ဆီးခဲ့သော ကြယ်တာရာအဆင့် ကွမ်တမ်ဆက်သွယ်ရေးစက်နှင့် နှိုင်းယှဉ်လျှင် ဤစက်က သိသိသာသာ သေးငယ်ပြီး လက်ပ်တော့ပ်တစ်လုံးစာခန့်သာ ရှိသည်။
၎င်းသည် သုံးဘက်မြင် ရုပ်လုံးကြွပုံရိပ်များကို ထောက်ပံ့ပေးနိုင်ပြီး နက္ခတ္တဗေဒယူနစ် သုံးခုခန့်အကွာအဝေးအတွင်း ဆက်သွယ်နိုင်သည်။
(နက္ခတ္တဗေဒယူနစ်တစ်ခုသည် ကမ္ဘာနှင့် နေအကြား ပျမ်းမျှအကွာအဝေးနှင့် ညီမျှသည်။ မိုင်ပေါင်း သန်း၂၈၀ခန့်)
ကမ္ဘာနားရှိ အာကာသယာဉ်နှင့် ဆက်သွယ်ရန်အတွက်မူ ဤစက်ကိုအသုံးပြုခြင်းက ကြက်သတ်ရာတွင် နွားသတ်ဓားကို သုံးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ဗိုရှင်းဂြိုဟ်သားများတွင် သယ်ဆောင်ရလွယ်ကူသော ကိုယ်ပိုင်ဆက်သွယ်ရေးစက်များ မရှိသည်တော့မဟုတ်ပေ။
သို့သော် သူတို့၏နည်းပညာက လူသားများထက် များစွာအဆင့်မြင့်လွန်းနေသဖြင့် မိုဘိုင်းဖုန်းကဲ့သို့သော စက်ပစ္စည်းများကို စွန့်ပယ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူတို့၏ ဆက်သွယ်မှုအားလုံးကို ဦးနှောက်အမြှေးပါးတွင် ကပ်တွယ်နေသော ရေမြှုပ်ပုံစံ ကိုယ်ပိုင်ဆက်သွယ်ရေးဂိတ်မှတစ်ဆင့် ပြုလုပ်ကြသည်။
စကားပြောရုံသာမက ထိုဂိတ်မှတစ်ဆင့် ဗိုရှင်းဂြိုဟ်သားများ၏ အင်တာနက်ကဲ့သို့သော ဒေတာကွန်ရက်သို့ တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး စက်ရုပ်အမျိုးမျိုးကိုလည်း တိုက်ရိုက်ထိန်းချုပ်နိုင်သည်။
ထို့အပြင် ဤဇီဝပုံစံတူ ရေမြှုပ်ဂိတ်က ဦးနှောက်အမြှေးပါးနှင့် အာရုံကြောများကို ချိတ်ဆက်ထားသောကြောင့် သူတို့သည် အတုအယောင်ကမ္ဘာ ထဲသို့ပင် ဝင်ရောက်ကာ လေ့လာသင်ယူမှုများ၊ နေထိုင်မှုများ ပြုလုပ်နိုင်ကြသည်။
(အတုအယောင်ကမ္ဘာ ဆိုတာက Virtual World ကိုပြောတာပါ)
ကံမကောင်းစွာဖြင့် ဤနည်းပညာ ကွာဟချက်က ကြီးမားလွန်းလှသည်။ ၎င်းသည် ဗိုရှင်းဂြိုဟ်သားများ၏ အဆင့်မြင့်စက်မှုလုပ်ငန်း အခြေခံအပေါ်တွင် လုံးဝတည်ဆောက်ထားခြင်းဖြစ်သည်။
ခုနစ်ဆယ်၊ ရှစ်ဆယ်ခုနှစ်များက နည်းပညာအဆင့်ကိုပင် မမီတော့သော ယနေ့ခေတ် လူသားတို့အနေဖြင့် ဤဆက်သွယ်ရေးဂိတ်ကို ကြည့်ကာ မျက်စိလည်လမ်းမှား ဖြစ်ရုံသာ တတ်နိုင်ပေမည်။
မည်မျှပင် အကောင်းမြင်စိတ်ဖြင့် ခန့်မှန်းပါစေ အနည်းဆုံး ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း ၎င်းကို ဖော်ထုတ်နိုင်မည် မဟုတ်ချေ။
ကံကောင်းသည်မှာ ဗိုရှင်းဂြိုဟ်သားများအတွက် စွမ်းအားမြင့် အဝေးရောက်သွယ်ရေးစက်များက မရှိမဖြစ် လိုအပ်နေဆဲဖြစ်ခြင်းပင်။
သို့မဟုတ်ပါက အာကာသယာဉ်နှင့် မည်သို့ဆက်သွယ်ရမည်ဆိုသည်မှာ အလွန်ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
လော်ယွမ်က ဆက်သွယ်ရေးခန်းထဲသို့ ခပ်သုတ်သုတ်ဝင်သွားပြီး ခေါ်ဆိုမှုကို ချိတ်ဆက်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ" သူက အသံဩဩဖြင့် မေးလိုက်သည်။
"မြို့တော်ဝန်ကြီး... ကျွန်တော် အရေးပေါ်အခြေအနေတစ်ခုကို အစီရင်ခံချင်လို့ပါ..." အစီရင်ခံသူမှာ အာကာသယာဉ်၏ လုပ်ငန်းများကို ဦးစီးနေသော ပိကျန့်ဖိန်ဖြစ်ပြီး စကားပြောနေစဉ် သူ၏မျက်နှာက အတော်လေး ပျက်ယွင်းနေသည်။
ခဏမျှ နားထောင်ပြီးနောက် လော်ယွမ်၏ မျက်နှာက မှိုင်းညို့သွားသည်။ ပြဿနာဖြစ်နေသည်မှာ အာကာသယာဉ်မဟုတ်ဘဲ ကမ္ဘာမြေပင်ဖြစ်သည်။
အာကာသယာဉ်မှ စောင့်ကြည့်ပုံရိပ်များအရ အကြောင်းရင်းမသိရဘဲ အာကာသသားရဲကြီးတစ်ကောင်က ကမ္ဘာမြေထဲသို့ ဝင်ရောက်ရန် ကြိုးစားနေသည်။
ယခုဆိုလျှင် လေထုအလွှာထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကာ နာရီဝက်ခန့်အကြာတွင် ကမ္ဘာမြေပေါ်သို့ ကျဆင်းလာမည်ဟု ခန့်မှန်းရသည်။
သာမန်အခြေအနေမျိုးတွင်ဆိုလျှင် ဘာမျှမဖြစ်သော်လည်း အဓိကပြဿနာမှာ ၎င်းကျဆင်းမည့် နေရာက အရှေ့အာရှ ဖြစ်နေနိုင်ခြေ ရှိခြင်းပင်။
ဤအချက်က သူ့ကို မျက်နှာလေးနက်သွားစေရုံသာမက ဒေါသထွက်သွားစေသည်။
ဤသည်မှာ တာဝန်ပေါ့လျော့ခြင်းပင်။ အာကာသသားရဲကြီးတစ်ကောင်ကို ကမ္ဘာမြေထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်ပါက မည်မျှပျက်စီးဆုံးရှုံးမှု ဖြစ်စေမည်ဆိုသည်ကို လပေါ်တွင် ရှိစဉ်ကတည်းက မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲသွားသကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ထိုမြင်ကွင်းကို လော်ယွမ်က ယနေ့တိုင် မှတ်မိနေဆဲပင်။
ယခုသူ၏စွမ်းအားဖြင့်ပင် ဤကဲ့သို့သော ဧရာမ သက်ရှိကြီးကို ရင်ဆိုင်ဖို့ ဆန္ဒရှိသော်လည်း စွမ်းဆောင်နိုင်စွမ်း မရှိသေးပေ။
အကယ်၍ ဤအာကာသသားရဲကြီးသာ မျှော်လင့်ချက်မြို့တော်အနီးသို့ ကျဆင်းလာပါက လူသားတစ်ရပ်လုံးအတွက် ဖျက်ဆီးပစ်နိုင်လောက်သော ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော လူသားများပင် ပြာကျသွားနိုင်သည်။
"ဘာလို့ အဲဒီမတိုင်ခင်က ကမ္ဘာမြေကို စောင့်မကြည့်ခဲ့ကြတာလဲ" လော်ယွမ်က အသံနှိမ့်ကာ ပြောလိုက်သည်။ တွေးလေတွေးလေ ဒေါသထွက်လေပင်။
ဤကဲ့သို့သော ချို့ယွင်းချက်ဖြစ်ပေါ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ အာကာသယာဉ်ပေါ်ရှိ လူများ ပေါ့ဆမှုကြောင့်သာ ဖြစ်ပေမည်။
ယခု အာကာသယာဉ်ကို ထိန်းချုပ်နေသူများက ကျွမ်းကျင်သူများ မဟုတ်ကြပေ။ အစိုးရအရာရှိများ မဟုတ်လျှင် သိပ္ပံပညာရှင်များသာ ဖြစ်ကြပြီး သူတို့၏ အဓိကအလုပ်မှာ ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာကို လေ့လာခြင်းနှင့် လူနေရပ်ကွက်များ တည်ဆောက်ရေးသာ ဖြစ်သည်။
ထို့အပြင် အာကာသယာဉ်၏ အဆင့်မြင့် ဉာဏ်ရည်တုစနစ်နှင့် အဆင့်မြင့် အလိုအလျောက် ကာကွယ်ရေးစနစ်တို့ကြောင့် အာကာသပတ်ဝန်းကျင်ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရန် လစ်လျူရှုမိသွားခြင်း ဖြစ်သည်။
ကျွမ်းကျင်သောအာကာသယာဉ် အမှုထမ်းများ ဖွဲ့စည်းရန်အတွက်က ဆိုင်းငံ့ထား၍မရတော့ကြောင်း လော်ယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
ယခုပင် ဤမျှဖြစ်နေလျှင် ပိုမိုပြောင်းလဲလွယ်သော ကြယ်တာရာခရီးစဉ်များအတွင်း သွားလာရပါက ပြဿနာများ ပိုမိုဖြစ်ပေါ်လာနိုင်ချေရှိသည်။
လော်ယွမ်၏ ပေါက်ကွဲလုမတတ် ဒေါသများကို ခံစားမိသောကြောင့် ပိကျန့်ဖိန်၏ မျက်နှာက ဖြူလျော့သွားသည်။
"ဒီတစ်ခေါက် ကျွန်တော် ပေါ့ဆသွားတာပါ... ဒီအပေါ်မှာ သေချာအာရုံမစိုက်မိခဲ့ဘူး... ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီကိစ္စမှာ ကျွန်တော့်တာဝန်အပြည့်ရှိပါတယ်"
"ခင်ဗျားရဲ့တာဝန်ကို အဖွဲ့အစည်းက ဆုံးဖြတ်ပါလိမ့်မယ်... အခုကစပြီး ကျွမ်းကျင်သူတွေ ချက်ချင်းဖွဲ့စည်းပြီး ကမ္ဘာမြေရဲ့ အခြေအနေကို အချိန်ပြည့်စောင့်ကြည့်ပါ... ပြဿနာတစ်ခုခုရှိတာနဲ့ ကျွန်တော့်ဆီ ချက်ချင်း အစီရင်ခံပါ" လော်ယွမ်က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ မြို့တော်ဝန်" ပိကျန့်ဖိန်က လွတ်မြောက်သွားသကဲ့သို့ သက်ပြင်းချကာ ချက်ချင်း ပြန်ဖြေလိုက်သည်။
ထို့နောက် လော်ယွမ်က သူ့ကို ထပ်ဂရုမစိုက်တော့ဘဲ အဆက်အသွယ်ဖြတ်ကာ ဆက်သွယ်ရေးခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားလိုက်သည်။
အာကာသယာဉ်တစ်စီးလုံးတွင် ပစ်ခတ်ခွင့်အာဏာကို သူတစ်ဦးတည်းကသာ ကိုင်စွဲထားသည်။ သို့သော် အဝေးမှနေ၍ အာဏာပိုင်ဆိုင်ခွင့် အတည်ပြုချက်ကို ရယူရန် လုံးဝမဖြစ်နိုင်ပေ။
အကြောင်းမှာ ပုံရိပ်ယောင်ဖန်တီး၍ အာကာသယာဉ်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများစွာ ရှိသောကြောင့်ဖြစ်သည်။ ဤမျှအဆင့်မြင့်သော အာကာသယာဉ်တစ်စီးက ဤမျှကြီးမားသော ဟာကွက်မျိုးကို ချန်ထားခဲ့မည် မဟုတ်သည်မှာ ထင်ရှားသည်။
အသိဉာဏ်တု ကွန်ပျူတာက သက်ရှိလက္ခဏာများ ရှိနေပုံရပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း၊ ဤသက်ရှိလက္ခဏာမှာ အခြေခံအကျဆုံး သတ္တဝါများ၏ အန္တရာယ်ရှောင်ရှားလိုသော ဗီဇနှင့်သာ ပိုတူသည်။
စည်းကမ်းချက် ကန့်သတ်ချက်များအောက်တွင် လက်တွေ့၌ လှုပ်ရှားနိုင်သော နေရာများစွာမရှိသလို အသုံးချစရာ ဟာကွက်များလည်း သိပ်မရှိပေ။
ယခုအခါ ဤသားရဲကြီးက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာတော့မည်ဖြစ်သည်။ သူက အာကာသယာဉ်ဆီသို့ အပြေးအလွှားသွားပြီး အာကာသသားရဲကြီးကို ပစ်ခတ်ရန်မှာ သိသာစွာ နောက်ကျနေပြီဖြစ်သည်။
ခဏအကြာတွင် သူမြေအောက်မြို့တော်မှ ထွက်ခွာလာခဲ့သည်။
ကောင်းကင်ယံက မှုန်မှိုင်းနေဆဲဖြစ်ပြီး ခဲရောင်တိမ်မည်းများ ဖုံးလွှမ်းနေသည်။ မြေပြင်မှနေ၍ အထက်သို့ ကြည့်လိုက်ပါက ယခုအချိန်တွင် အာကာသသားရဲကြီး၏ အရိပ်အယောင်ကိုပင် လုံးဝမမြင်ရသေးပေ။
လော်ယွမ်က ခြေဆောင့်နင်းလိုက်ရာ အနီးအနားတွင် ရေခဲတုံးများ တူးဖော်နေကြသော အလုပ်သမားများ၏ အာမေဍိတ်သံများကြားတွင် သူ၏ခန္ဓာကိုယ်က မြားတစ်စင်းကဲ့သို့ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားသည်။
တိမ်လွှာများဆီသို့ မရောက်မီမှာပင် လော်ယွမ်က တိမ်လွှာများကြားမှ အောက်သို့ကျဆင်းလာသော အားနည်းသည့် စွမ်းအားတစ်ခုကို ခပ်ရေးရေး ခံစားလိုက်ရသည်။
ထိုစွမ်းအား၏ ဦးတည်ရာကို အာရုံခံလိုက်ပြီး ချက်ချင်း လားရာပြောင်းကာ ပစ်မှတ်ဆီသို့ ပျံသန်းသွားလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် သူသည် ထူထပ်သော တိမ်မည်းများထဲသို့ တိုးဝင်သွားလေသည်။
ဤသည်မှာ ဖုန်မှုန့်များ၊ ပေါ့ပါးသော မီးတောင်ပြာများနှင့် သေးငယ်သော ရေခဲပွင့်များဖြင့် ဖွဲ့စည်းထားသည့် လွင့်မျောနေသော အလွှာတစ်ခုဖြစ်သည်။
ထိုအလွှာတစ်ခုလုံး၏ အထူမှာ အံ့မခန်းဖွယ် ပေတစ်သောင်းခွဲခန့် ရှိပြီး ကမ္ဘာမြေဆီသို့ ဖြာကျနေသော နေရောင်ခြည်ကို ကွယ်ကာထားသည့် ထူထဲသော ကန့်လန့်ကာကြီးတစ်ခုနှင့် တူနေသည်။
အောက်ပိုင်းရှိ တိမ်လွှာများက အနည်းငယ် ပါးလွှာသောကြောင့် လျှပ်စစ်ဓာတ်များစွာ မရှိပေ။ အထက်သို့ တက်သွားလေလေ ငြိမ်သက်လျှပ်စစ်ဖြစ်စဉ်က ပိုမိုပြင်းထန်လာလေလေဖြစ်သည်။
ပေနှစ်ထောင်ခန့် အထိ နက်ရှိုင်းစွာ ဝင်ရောက်သွားသောအခါ တိမ်လွှာများကြားတွင် လျှပ်စီးများ စတင်ပေါ်ထွက်လာသည်။
ထိုလျှပ်စီးများက တိမ်မည်းများကြားတွင် လျှပ်စီးမြွေများအလား ကူးလူးနေကြသဖြင့် မှောင်မိုက်နေသော တိမ်လွှာများပင် အနည်းငယ် လင်းလက်လာသည်။
အခါအားလျော်စွာ လျှပ်စီးတန်းများက လော်ယွမ်၏ ခန္ဓာကိုယ်ဆီသို့ ဆွဲငင်ခံရပြီး သူ၏ခေါင်းပေါ်သို့ ကျရောက်ကာ မရေမတွက်နိုင်သော လျှပ်စစ်မီးပွင့်များ ဖြာထွက်သွားသည်။
သေချာသည်မှာ ထိုကဲ့သို့သော လျှပ်စီးတန်းများက သူ့အတွက် မည်သည့်သက်ရောက်မှုမှ မရှိခြင်းပင်။
အရေပြားကို အနည်းငယ် ပူနွေးသွားစေရုံမှလွဲ၍ သူ့ကို ပြင်းထန်သော ဒဏ်ရာရစေရန် မစွမ်းဆောင်နိုင်ချေ။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ ပေခြောက်ထောင်ခွဲခန့်သို့ ရောက်သောအခါ ဤလွင့်မျောနေသော အလွှာ၏ သိပ်သည်းဆက အထွတ်အထိပ်သို့ ရောက်သွားပြီး တိမ်မည်းများကြားတွင် အစစ်အမှန် လျှပ်စီးများ ပေါ်ထွက်လာသည်။
ဤကဲ့သို့သော အန္တရာယ်ကို ရင်ဆိုင်ရချိန်တွင် လော်ယွမ်ပင်လျှင် ပေါ့ပေါ့ဆဆ မနေရဲပေ။
သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအရ အပစ်ခံရလျှင်တောင် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း၊ လျှပ်စီး၏ ပြင်းထန်သော လျှပ်စစ်စွမ်းအင်က ဇီဝလျှပ်စစ်အပေါ် သက်ရောက်မှုကိုတော့ လုံးဝခုခံနိုင်စွမ်း မရှိသေးပေ။ အကယ်၍ အပစ်ခံရပါက ထုံကျဉ်သွားမည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်။
သူ၏အရေပြားပေါ်တွင် စိတ်စွမ်းအား အလင်းလွှာတစ်ခု ချက်ချင်း ပေါ်လာသည်။ ဤသို့သော စိတ်စွမ်းအား အလင်းလွှာမျိုးက ယခုအချိန်၌ သူ၏အတွက် အားကောင်းသော ကာကွယ်မှုဟု မဆိုနိုင်တော့သော်လည်း လျှပ်စီးများကို ကာကွယ်ရန်အတွက်မူ အတော်လေး ထိရောက်မှုရှိသည်။
အကြောင်းရင်းကလည်း အလွန်ရိုးရှင်းပါသည်။ စိတ်စွမ်းအား အလင်းလွှာ ပေါ်လာခြင်းကြောင့် သူ၏ခန္ဓာကိုယ်က လျှပ်ကူးပစ္စည်းမှနေ၍ လျှပ်ကာပစ္စည်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
လျှပ်စီးများကို ကာထားနိုင်သည့်အပြင် တိုက်ရိုက်အပစ်ခံရလျှင်တောင် အားပျော့သွားသော လျှပ်စီးက သူ့အပေါ် သိပ်သက်ရောက်မှု မရှိတော့ပေ။
လော်ယွမ်က လမ်းတစ်လျှောက်တွင် လျှပ်စစ်ဓာတ်လိုက်မှု ငါးကြိမ်ကို ခံနိုင်ရည်ရှိခဲ့ပြီး၊ စက္ကန့်သုံးဆယ်ခန့်အကြာတွင် တိမ်မည်းများကို ဖောက်ထွက်နိုင်ခဲ့သည်။
လွမ်းဆွတ်ဖွယ်ကောင်းသော နေရောင်ခြည်က နွေးထွေးပြီး တောက်ပသော အငွေ့အသက်များနှင့်အတူ ခေါင်းပေါ်မှ ဖြာကျလာသဖြင့် သူ၏ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်း တစ်လွှာလွှမ်းခြုံထားသကဲ့သို့ ဖြစ်သွားစေသည်။
အောက်ဘက်ရှိ တိမ်မည်းများပင် နေရောင်အောက်တွင် အနည်းငယ်မည်းနက်နေသော သလင်းကျောက်တစ်တုံးကဲ့သို့ တစ်ပိုင်းပွင့်လင်းသော အရောင်အသွေးကို ပြသနေသည်။
သို့သော် ဤကဲ့သို့ လှပသောရှုခင်းက လော်ယွမ်၏ အာရုံကို လုံးဝမဖမ်းစားနိုင်ပေ။
သူက မော့ကြည့်ကာ ကောင်းကင်ကို သေချာစိုက်ကြည့်လိုက်သည်။ မှိုင်းညို့နေသော အပြာရင့်ရောင် နောက်ခံအောက်တွင် သေးငယ်သော ကြယ်ပျံတစ်စင်းက ဤဘက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသည်။
မီးတောက်များနှင့် အခြားသော စွမ်းအားများ၏ နှောင့်ယှက်မှုကြောင့် အပြင်ဘက်အသွင်အပြင်ကို ကြည့်ရုံမျှဖြင့် လော်ယွမ်၏ ပုံမှန်မဟုတ်သော အမြင်အာရုံစွမ်းအားဖြင့်ပင် ၎င်းက မည်သည့်အရာဖြစ်ကြောင်း အတိအကျ မမြင်နိုင်ပေ။
သို့သော် ၎င်း၏ပတ်ဝန်းကျင်တွင် ဖြာထွက်နေသော လင်းလက်တောက်ပနေသည့် စွမ်းအားနယ်ပယ်နှင့် စိတ်နှလုံးအတွင်းပိုင်းမှ နက်နဲသော အာရုံခံစားမှုတို့ကြောင့် ဤအရာသည် သူစောင့်ဆိုင်းနေသော အာကာသသားရဲကြီးဖြစ်ကြောင်း အပြည့်အဝ သေချာသွားစေသည်။
ကြိုတင်သိမြင်နိုင်စွမ်းကို ပိုင်ဆိုင်ပြီးကတည်းက၊ အထူးသဖြင့် လေးဘက်မြင် အမြင်အာရုံ ပိုမိုနက်ရှိုင်းလာပြီးနောက် သူ၏ အတွင်းသိစိတ် ခံစားမှုက ပိုမိုပြင်းထန်လာခဲ့သည်။
ဗိုရှင်းဂြိုဟ်သားများ၏ ဖျက်ဆီးမှု ဖြစ်ပေါ်လာတော့မည့်အချိန်က ကြိုတင်သိမြင်နိုင်ခဲ့သကဲ့သို့ တချို့ကိစ္စများ မဖြစ်ပေါ်လာမီမှာပင် သူက ဝေဝါးသော ကြိုတင်ခံစားချက်မျိုး ရရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် ၎င်းသည် ဤနေရာမှ မိုင်လေးရာ့ငါးဆယ်မှ ငါးရာခန့် ကွာဝေးနေပြီး၊ ကျဆင်းလာမည့် လားရာကို ခန့်မှန်းကြည့်ရလျှင် ဤသားရဲကြီး၏ ဦးတည်ရာသည် မျှော်လင့်ချက်မြို့တော်နှင့် မိုင်ခြောက်ရာခန့် ကွာဝေးပေလိမ့်မည်။
လော်ယွမ်၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အချိန်တိုအတွင်း မျှော်လင့်ချက်မြို့တော်က ဘေးကင်းလုံခြုံနေဦးမည်ဖြစ်သည်။
သို့သော် သူ လုံးလုံးလျားလျား စိတ်မချရဲသေးပေ။ အာကာသသားရဲကြီး၏ လှုပ်ရှားနိုင်စွမ်းအရ ဤမျှလောက်အကွာအဝေးသည် လက်တွေ့တွင် လုံးဝစိတ်ချရသည်ဟု မဆိုနိုင်ပေ။
"ကြည့်ရတာ နောက်ပိုင်း နေရာပြောင်းရွှေ့တဲ့ အစီအစဉ်တွေကို ပိုမြန်မြန်လုပ်မှ ရတော့မယ်" လော်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုအချိန်မှာပင် အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သော စနစ်ဆီမှ မစ်ရှင်သတင်းအချက်အလက်များ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။
ဒင်... (စီ) အဆင့် မစ်ရှင် - အာကာသ သားရဲကြီး သတ္တုစားကောင် ကို သတ်ရန်။
အချိန်ကန့်သတ်ချက် - မရှိ။ လက်ခံ / ငြင်းပယ်
စနစ်၏ မစ်ရှင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် လော်ယွမ်က အကြည့်လွှဲကာ ထိုကြယ်ပျံကိုသာ ဆက်ကြည့်နေလိုက်သည်။
အာကာသသားရဲကြီးများဆိုသည်မှာ သတ်ဖြတ်ရန် ထိုမျှမလွယ်ကူပေ။ အဆမတန် ကွာခြားလှသော ခန္ဓာကိုယ်အရွယ်အစားကပင် လူကို မျှော်လင့်ချက်မဲ့သွားစေသည်။
တောင်တစ်လုံးကို သူ မခွဲခြမ်းနိုင်သကဲ့သို့ ဂြိုဟ်သိမ်တစ်ခုနှင့်တူသော ဤသားရဲကြီးကို ရင်ဆိုင်ရချိန်တွင် သူ့၌ မည်သည့်နည်းလမ်းကောင်းမှ မရှိပေ။
သူ အရင်က တစ်ကြိမ် ကြိုးစားဖူးသော်လည်း ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ယခု သူ၏စွမ်းအားက ယခင်ကထက် ပိုမိုအားကောင်းလာသော်လည်း ကြီးမားသည့် အပြောင်းအလဲတော့ မရှိသေးပေ။
စွမ်းအင်ထုတ်လွှတ်မှုကို တွက်ကြည့်မည်ဆိုပါက ယခင် ၀ ဒသမ ၅ ပမာဏမှ ယခု ၃ ပမာဏအထိ ခြောက်ဆသာ တိုးလာခဲ့သည်။
ဤမျှလောက် တိုးတက်လာမှုက ဤကဲ့သို့သော ဧရာမ သက်ရှိကြီးကို ရင်ဆိုင်ရာတွင် ဘာမှအသုံးမဝင်လှပေ။
အပေါက်ကြီးတစ်ပေါက်ဖြစ်အောင် ထိုးနှက်နိုင်ခဲ့လျှင်တောင် ၎င်းအတွက် ခြင်ကိုက်ခံရသလောက်သာ ရှိပေမည်။
ထို့အပြင် ယခု သူအဆင့်တက်ရန် လိုအပ်သော ဧရာမ အတွေ့အကြုံမှတ်များအရ အာကာသသားရဲကြီး တစ်ကောင်၊ နှစ်ကောင်က အရေးမပါတော့ပေ။
မလွှဲမရှောင်သာ အခြေအနေမျိုး မဟုတ်ပါက ဤကဲ့သို့သော ကြောက်မက်ဖွယ် သတ္တဝါမျိုးကို သူ လုံးဝ မရင်ဆိုင်လိုပေ။
လော်ယွမ်က တိမ်လွှာများပေါ်တွင် ထိုင်ကာ ၎င်းကျဆင်းလာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
အချိန်တွေ တစ်မိနစ်၊ တစ်စက္ကန့် ကုန်ဆုံးလာသည်နှင့်အမျှ မီးလုံးကြီးက ပိုမိုကြီးမားလာသည်။
ပထမတွင် ပင်ပေါင်ဘောလုံးအရွယ်၊ ထို့နောက် ဘောလုံးအရွယ်၊ မကြာမီ တောင်းတစ်လုံးအရွယ်အထိ ပြောင်းလဲလာသည်။
ထိုသားရဲကြီးက ခန္ဓာကိုယ်ကို အလုံးတစ်ခုလို ကွေးညွတ်ထားပုံရပြီး လေထုနှင့် ပြင်းထန်စွာ ပွတ်တိုက်မှုကြောင့် ပူပြင်းလောင်ကျွမ်းနေသော မီးတောက်များ ပေါက်ကွဲထွက်နေသည်။
သို့သော် ဥက္ကာပျံအများစုကို ပြာကျသွားစေနိုင်လောက်သည့် ဤအပူချိန်က ၎င်းအပေါ် လုံးဝသက်ရောက်မှုရှိပုံ မရပေ။
၎င်း၏ပတ်လည်ရှိ လေထုက အလွန်အမင်း ပုံပျက်သွားပြီး အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို ပြသနေသည်။
လျှပ်စီးများနှင့် ရောနှောနေသော မရေမတွက်နိုင်သည့် အလင်းတန်းများက ၎င်း၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး လွင့်မျောနေသော အမွေးအမှင်များ၊ ရောင်စုံဖဲကြိုးများအလား တောက်ပပြီး အရောင်အသွေးစုံလင်လှသည်။
ထိုအလှတရားထဲတွင် သေစေနိုင်လောက်သော အန္တရာယ်ကလည်း ကိန်းအောင်းနေသည်။
ဤနေရာသည် ဂြိုဟ်၏ နယ်ပယ်အတွင်း ရောက်ရှိနေပြီဖြစ်ကာ သိပ်သည်းဆမြင့်မားသော သံလိုက်စက်ကွင်းများ ပျံ့နှံ့နေသည်။
ဟင်းလင်းပြင်အာကာသနှင့် နှိုင်းယှဉ်ပါက အာကာသသားရဲကြီး၏ စွမ်းအားက ဤနေရာတွင် ပိုမိုပေါ်လွင်လာသည်မှာ သေချာပြီး လူကို ကြောက်ရွံ့တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
သားရဲကြီး ပိုမိုနီးကပ်လာသည်ကို မြင်သောအခါ လော်ယွမ်ကလည်း စတင်လှုပ်ရှားလိုက်သည်။
စိတ်စွမ်းအားကို စုစည်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်က သားရဲကြီးဆီသို့ ပျံသန်းသွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် သူ၏အရှိန်က အသံထက်မြန်သောနှုန်းကို ကျော်လွန်သွားကာ မူလနေရာတွင် အသံလှိုင်းတိမ်တိုက်တစ်ခုကို ချန်ရစ်ထားခဲ့ပြီး ကောင်းကင်ယံကို လျှပ်စီးအလား လျင်မြန်စွာ ခွဲထွက်သွားသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူက သားရဲကြီးအနီးသို့ ရောက်ရှိသွားသည်။
သို့သော် သူ သိပ်မကပ်ရဲဘဲ သားရဲကြီးနှင့် ၁၀ မိုင်ကျော်ခန့် အကွာအဝေးတွင် ရပ်တန့်လိုက်သည်။
အကွာအဝေးက မနီးလှသော်လည်း ဤနေရာသည် သားရဲကြီး၏ ထူးဆန်းသော ဖြစ်စဉ်များရှိသည့် နယ်ပယ်အတွင်း ကျရောက်နေဆဲဖြစ်သည်။
လက်တွေ့တွင် ထိုဖြစ်စဉ်၏ နယ်ပယ်တစ်ခုလုံးမှာ ၁၈ မိုင်ခန့်အထိ ကျယ်ဝန်းပြီး ကြီးမားခမ်းနားလွန်းလှသည်။
တောက်ပသော အလင်းတန်းများ၊ ရိုင်းစိုင်းကြမ်းတမ်းသော လေစီးကြောင်းများနှင့် မရေမတွက်နိုင်သော လျှပ်စီးများကြောင့် ဤဒေသတစ်ခုလုံးက ကသောင်းကနင်း ဖြစ်နေသည်။
ဤဖြစ်စဉ်က သာမန်လူများအတွက် အသက်အန္တရာယ်ရှိနိုင်သော်လည်း လော်ယွမ်လို အဆင့်မျိုးအတွက်မူ ဤပေါ်ထွက်လာသော ဖြစ်စဉ်များအားလုံးမှာ အပေါ်ယံမျှသာဖြစ်ပြီး အပြင်သို့စိမ့်ထွက်လာသည့် စွမ်းအားဂယက်များသာ ဖြစ်သည်။
သူ့အတွက်တော့ မည်သည့်အစွမ်းမျှ မရှိသလို ခြိမ်းခြောက်မှုတစ်ခုဟုပင် မဆိုနိုင်ပေ။ အစွမ်းကို နှိုင်းယှဉ်ရလျှင် ယခင်တိမ်မည်းများထဲမှ လျှပ်စီးများနှင့်ပင် အလှမ်းဝေးသေးသည်။
သူကိုယ်တိုင်ပင် အကယ်၍ ဆန္ဒရှိပါက အလားတူဖြစ်စဉ်မျိုး ဖန်တီးနိုင်စွမ်းရှိသည်။ သို့သော် နှိုင်းယှဉ်ကြည့်လျှင် အသေးစားပုံစံဟုသာ ဆိုနိုင်ပြီး နယ်ပယ်နှင့် မြင်ကွင်းက မရေမတွက်နိုင်အောင် နိမ့်ကျနေဦးမည်ဖြစ်သည်။
သူ့ကို အနည်းငယ် အနှောင့်အယှက်ဖြစ်စေသော တစ်ခုတည်းသောအရာမှာ ပတ်ပတ်လည်ရှိ ကြမ်းတမ်းသော လေစီးကြောင်းများသာဖြစ်သည်။
ကံကောင်းသည်မှာ သရဲမျက်နှာမြင်း၏ အမွေးဖြင့် ရက်လုပ်ထားသော ခါးပတ်က ရှိနေသေးသဖြင့် သူသည် ပျံသန်းမှုကို အနိုင်နိုင်ထိန်းထားနိုင်သေးသည်။
အမှန်တကယ်တော့ မည်သည့် ဧရာမသတ္တဝါမျိုးမဆို အနီးကပ်ရောက်သွားမှသာ မူလဗီဇမှလာသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားရနိုင်ပေသည်။
လပေါ်တွင် သူမြင်ခဲ့ရသော အလျား ပေနှစ်ထောင်ကျော်ရှိသည့် ပထမဆုံး အာကာသသားရဲကြီးနှင့် နှိုင်းယှဉ်လျှင် ၎င်းက အနည်းငယ် သေးငယ်ပုံရပြီး အရွယ်အစား ပေတစ်ထောင်ခန့်သာ ရှိသည်။
သေချာသည်မှာ ၎င်းက ခန္ဓာကိုယ်ကို လုံးဝန်းစွာ ကွေးညွတ်ထားသောကြောင့်လည်း ဖြစ်နိုင်သည်။
အမျိုးမျိုးသော အနှောင့်အယှက်များကြောင့် လော်ယွမ်အနေဖြင့် ၎င်း၏ အစစ်အမှန်ပုံစံကို သေချာစွာ မြင်နိုင်ရန် ခက်ခဲနေပြီး ဝေဝါးသောအမြင်အာရုံနှင့် လေးဘက်မြင် အမြင်အာရုံတို့မှတစ်ဆင့် ၎င်းသည် ထင်ရှားသော ခြေလက်လေးဖက်ပါရှိသည့် ကျောရိုးရှိသတ္တဝါတစ်ကောင်ဖြစ်ကြောင်းသာ ခန့်မှန်းနိုင်တော့သည်။
အကယ်၍ ခန္ဓာကိုယ်ကို အပြည့်အဝ ဆန့်ထုတ်လိုက်မည်ဆိုပါက အလျား ပေတစ်ထောင်ခြောက်ရာခန့် သို့မဟုတ် ထိုထက်မက ရှည်လျားနိုင်ပြီး၊ အမြင့်မှာ ပေခြောက်ရာ့ငါးဆယ်ခန့် ရှိနိုင်ပေသည်။
ဒေါင်လိုက်အမြင့် ပေခြောက်ရာ့ငါးဆယ်ဆိုသည်မှာ သာမန်တောင်တစ်လုံးထက် လုံးဝမနိမ့်ကျလှပေ။
ဤကဲ့သို့သော သားရဲကြီးကို ရင်ဆိုင်ရချိန်တွင် လော်ယွမ်က ဆန္ဒရှိသော်လည်း စွမ်းဆောင်နိုင်စွမ်း မရှိသကဲ့သို့သာ ခံစားနေရသည်။
ထိုအချိန်တွင် ၎င်း၏ခန္ဓာကိုယ်က အောက်ဘက်ရှိ တိမ်မည်းများအနီးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ခန္ဓာကိုယ်က မိုင်အနည်းငယ် အကွာတွင် ရှိနေသေးသော်လည်း၊ အစိုင်အခဲဖြစ်နေသကဲ့သို့ရှိသော ဤတိမ်မည်းများက ရုတ်တရက် လှိုင်းထန်လာကာ မရပ်မနား တုန်ခါလာသည်။
ထို့နောက် မျက်မြင်မရသော စွမ်းအားတစ်ခုဖြင့် ဖိချခံလိုက်ရသကဲ့သို့ တိမ်မည်းကြီးတစ်ခွင်က ပန်းကန်လုံးပုံသဏ္ဌာန် ချိုင့်ဝင်သွားသည်။
နောက်တစ်စက္ကန့်တွင် အာကာသသားရဲကြီးက တိမ်မည်းများထဲသို့ အရှိန်ပြင်းပြင်း ထိုးဆင်းသွားသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါလှိုင်းတစ်ခုက လျင်မြန်စွာ ပြန့်နှံ့သွားပြီး တိမ်မည်းပြင်တစ်ခုလုံး ချက်ချင်း ပေါက်ထွက်ကာ အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။
စက္ကန့်ဆယ်ဂဏန်းခန့် အကြာတွင် လော်ယွမ်က ထိုအပေါက်ဝသို့ ပျံသန်းသွားပြီး ကြည့်လိုက်ရာ သူ၏ မျက်နှာက မှင်တက်သွားသည်။
အပေါက်ကြီးတစ်ခုလုံး၏ အချင်းက သုံးမိုင်မှ လေးမိုင်ခန့်ရှိပြီး ပေပေါင်းများစွာ ထူထဲသော တိမ်မည်းများက အာကာသသားရဲကြီး၏ တစ်ရှိန်ထိုး ဖောက်ထွက်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။
တိမ်လွှာများအထက်မှ နေရောင်ခြည်က ဧရာမ အလင်းတိုင်ကြီးတစ်ခုအလား ထိုအပေါက်ဝမှတစ်ဆင့် မြေပြင်ဆီသို့ တိုက်ရိုက် ထိုးဆင်းသွားရာ နတ်ဘုရားများ၏ ဖန်ဆင်းမှုတစ်ခုကဲ့သို့ပင် ထင်မှတ်ရသည်။
လော်ယွမ် မှင်တက်နေဆဲမှာပင် အောက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ဆက်ရန်...
အပိုင်း(၄၈၄) မြေဆွဲအား၏ သက်ရောက်မှု
ယခုအချိန်တွင် လော်ယွမ်က ပေသောင်းချီမြင့်သော ကောင်းကင်ယံ၌ ရောက်ရှိနေသော်လည်း ထိုကျယ်လောင်လှသော ပေါက်ကွဲသံကြီးကို ရှင်းလင်းပြတ်သားစွာ ကြားနေရဆဲဖြစ်သည်။
ဤမျှပြင်းထန်သော ဝင်တိုက်မှုကြီးကြောင့် ကမ္ဘာ့မြေလွှာတည်ငြိမ်မှုကို ထိခိုက်စေပြီး ငလျင်များလှုပ်ခတ်လာမည်ကို သူက စိုးရိမ်မိသည်။
ထို့ကြောင့် အချိန်ဆွဲမနေရဲတော့ဘဲ အောက်ဘက်ရှိ အခြေအနေကို စစ်ဆေးရန် သူ၏ခန္ဓာကိုယ်ကို အောက်သို့ ချက်ချင်း ထိုးဆင်းလိုက်လေသည်။
တိမ်လွှာများကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် လော်ယွမ်က ဧရာမ မှိုပွင့်ပုံသဏ္ဌာန် တိမ်တိုက်ကြီးတစ်ခု ကောင်းကင်သို့ တအိအိ တက်လာနေသည်ကို မြင်လိုက်ရ၏။
ထိုမှိုပွင့်တိမ်တိုက်ကြီးသည် အနုမြူဗုံးပေါက်ကွဲသကဲ့သို့ အလင်းရောင်နှင့် အပူရှိန်များ ပြည့်နှက်နေခြင်းမျိုး မဟုတ်ဘဲ၊ ရေခိုးရေငွေ့များဖြင့်သာ လုံးဝဖွဲ့စည်းထားသည့် နှင်းပွင့်ကဲ့သို့ ဖြူလွှလွှတိမ်တိုက်တစ်မျိုး ဖြစ်ပေသည်။
မြေပြင်ပေါ်ရှိ ရေခဲလွှာများသည် ပင့်ကူအိမ်သဖွယ် အရပ်မျက်နှာအနှံ့သို့ ကွဲအက်ပျံ့နှံ့သွားလေသည်။
မရေမတွက်နိုင်သော ကြောက်မက်ဖွယ် အက်ကွဲကြောင်းကြီးများသည် ကွေ့ကောက်နေသော နဂါးကြီးများအလား ထင်မှတ်ရပြီး ရေခဲလွှာတစ်ခုလုံးမှာ တစ်စစီ ကွဲကြေသွားတော့သည်။
အဝေးမှ ရေခဲတောင်ကြီးများပင်လျှင် တဖြည်းဖြည်း ပြိုကျပျက်စီးလာကာ ရေခဲစအမြောက်အမြား လွင့်စင်ထွက်လာ၏။
လော်ယွမ် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင်မူ ကောင်းကင်ယံမှ နွေးထွေးသော မိုးပေါက်ကြီးများ ရွာသွန်းနေသည့်အလား ခံစားလိုက်ရသည်။
ဝင်တိုက်မိသည့် ဧရိယာတစ်ခုလုံးမှာ အံ့မခန်းဖွယ် ကိုးမိုင်ခန့်အထိ ကျယ်ဝန်းလှပြီး ၎င်း၏ ရိုက်ခတ်မှုသက်ရောက်သည့် အဝန်းအဝိုင်းမှာ မိုင်သုံးဆယ်ခန့်အထိပင် ရှိနေလေသည်။
သို့သော်လည်း ထိုဧရာမသားရဲကြီးမှာ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။ ၎င်း၏ ကိုယ်ထည်ကြီးမှာ ဗဟိုချက်ရှိ ပြင်းထန်လှသော အပူရှိန်နှင့် ရေခိုးရေငွေ့များကြားတွင် လုံးဝဖုံးကွယ်နေသည်။
ငလျင်လှုပ်သကဲ့သို့ တဒုန်းဒုန်း ထွက်ပေါ်နေသော ခြေသံကြီးများကို နားထောင်ခြင်းဖြင့်သာ ၎င်းက အဝေးသို့မထွက်သွားသေးဘဲ ထိုနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သိနိုင်ပေသည်။
ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရှောင်ရှားနိုင်ရန်အတွက် လော်ယွမ်က ဗဟိုချက်ဆီသို့ ရမ်းသမ်းပြီး မဝင်ရဲခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် ထိုရေခိုးရေငွေ့များက ကြာရှည်မခံပေ။ အစောပိုင်းက ဝင်တိုက်မိချိန်တွင် ဖြစ်ပေါ်လာသော ပြင်းထန်သည့် လေစီးကြောင်းများနှင့် အလွန်အမင်း အေးခဲနေမှုတို့ ပေါင်းစပ်သွားသောအခါ မကြာမီမှာပင် ထိုရေခိုးရေငွေ့များက တဖြည်းဖြည်း လွင့်စင်သွားကြသလို၊ အချို့မှာလည်း ရေခဲပွင့်များအဖြစ် ပြောင်းလဲကာ ကျဆင်းလာကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ထိုအထဲမှ ဧရာမသားရဲကြီး၏ ပုံရိပ်ကို ဝိုးတဝါး မြင်လာရသည်။
၎င်းက ဥက္ကာပျံဝင်တိုက်ထားသကဲ့သို့ ဖြစ်နေသော တွင်းကြီးထဲမှ တွားသွားကာ ထွက်လာပုံရပြီး ယခုအခါ ရေခဲလွှာပေါ်တွင် အတော်လေး ခက်ခက်ခဲခဲ လမ်းလျှောက်နေရလေသည်။
၎င်း၏ လှုပ်ရှားမှုများက လေးလံထိုင်းမှိုင်းနေသော်လည်း လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် လော်ယွမ်ကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် ခွန်အားများ ပြည့်နှက်နေ၏။
တန်ချိန် သန်းဆယ်ချီလေးလံသော ဤသတ္တဝါကြီး၏ ရှေ့မှောက်တွင် မာကျောလှသော ရေခဲလွှာများသည် ရွှံ့နွံများထက်ပင် ပို၍မစွမ်းသာတော့ချေ။
လော်ယွမ်က ၎င်း၏ တုတ်ခိုင်လှသော ခြေတံကြီးလေးချောင်းမှာ ရေခဲလွှာထဲသို့ နက်ရှိုင်းစွာ ကျွံဝင်နေပြီး ၎င်း၏ ပေါင်တံများအထိပင် နစ်မြုပ်နေကြောင်း သတိပြုမိလိုက်သည်။
၎င်းလှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် အောက်ခံရေခဲလွှာများမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားရပြီး ၎င်းနှင့် ယှဉ်လိုက်ပါက မည်မျှပင် အစွမ်းထက်သော ရေခဲခွဲသင်္ဘောဖြစ်ပါစေ ကစားစရာအရုပ်လေးတစ်ရုပ်အလား ဖြစ်သွားရပေမည်။
ဤကမ္ဘာဂြိုဟ်၏ ပြင်းထန်လှသော မြေဆွဲအားသည် တန်ချိန် သန်းဆယ်ချီရှိသော ဤဧရာမသားရဲကြီးအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေကြောင်း ထင်ရှားလှသည်။
၎င်း၏ ကိုယ်ခန္ဓာရှိ ခွန်အားအများစုကို မြေဆွဲအားအား တွန်းလှန်ရာတွင် အသုံးပြုနေရသဖြင့် လှုပ်ရှားမှုများက အတော်လေး နှေးကွေးနေခြင်းဖြစ်သည်။
လော်ယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော အလင်းရောင်များ တလက်လက် တောက်ပလာသည်။
သူသည် သမရိုးကျ အတွေးအခေါ်များ၏ လွှမ်းမိုးမှုကို ခံနေရကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။
အာကာသသားရဲကြီးများက တကယ်ပင် အစွမ်းထက်ကြပြီး ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် အနုမြူဗုံးများနှင့်ပင် ယှဉ်နိုင်စွမ်းရှိသော်လည်း အားနည်းချက်မရှိသည်တော့ မဟုတ်ပေ။
ထို့အပြင် ဤအားနည်းချက်မှာ အလွန်တရာ အသက်အန္တရာယ် ပေးနိုင်စွမ်းရှိလှပေသည်။
၎င်း၏ ဒြပ်ထုမှာ အံ့မခန်းဖြစ်ပြီး တောင်တန်းကြီးတစ်ခုအလား ရှိနေ၏။ ဤမျှကြီးမားသော ဒြပ်ထုမျိုးသည် အာကာသထဲတွင် ပြဿနာမရှိလှပေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ မြေဆွဲအား မရှိသလောက်နည်းပါးပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများဖြင့် ရွေ့လျားမှု၏ သက်ရောက်မှုကို အလွယ်တကူ တွန်းလှန်နိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ဒြပ်ထုကြီးမားသော ဂြိုဟ်တစ်ခုပေါ်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ လှုပ်ရှားသွားလာမှုများမှာ အလွန်တရာ ခက်ခဲသွားတော့သည်။
ထို့အပြင် ဤနေရာရှိ မြေဆွဲအားက အာကာသသားရဲကြီးများ၏ ပင်ကိုယ်အသိစိတ်ဖြစ်သော ပျံသန်းနိုင်စွမ်းကိုပါ သက်ရောက်မှုရှိနေပုံရသည်။
ယခုအချိန်တွင် ၎င်းက ရွှံ့နွံထဲ နစ်ကျွံနေသကဲ့သို့ အလွန်သနားစရာကောင်းအောင် ဖြစ်နေသော်လည်း ထိုပျံသန်းနိုင်စွမ်းကို အသုံးပြုလာသည်ကို အလျဉ်းမတွေ့ရချေ။
သို့သော်လည်း ဤသို့ဖြစ်နေသည့်တိုင် ၎င်း၏ စွမ်းရည်များက အဆင့်ကိုးအောက်ရှိ မည်သည့်သားရဲကိုမဆို အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။
အဆင့်ရှစ်နှင့် အဆင့်ကိုး ကြားတွင် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးတစ်ခု ခြားထားသကဲ့သို့ အရေအတွက်မှသည် အရည်အသွေးသို့ ပြောင်းလဲသွားခြင်းမျိုး ဖြစ်သည်။
ကမ္ဘာပေါ်တွင် ၎င်းနှင့် အဆင့်တူ သက်ရှိများမှလွဲ၍ အခြားမည်သည့် သဘာဝရန်သူမျှ မရှိချေ။
ထို့ကြောင့်လည်း ၎င်းက ကမ္ဘာမြေပေါ်သို့ ဂရုမစိုက် ဝင်ရောက်ရဲခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လော်ယွမ်၏ စိတ်ထဲတွင် အေးချမ်းတည်ငြိမ်နေပြီး မဆင်မချင် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
အမှန်တကယ်တော့ ဤသို့ဖြစ်နေသော်ငြား သူကိုယ်တိုင်လည်း သိပ်ပြီး ယုံကြည်ချက်မရှိလှချေ။
အရွယ်အစားချင်း အလွန်အမင်း ကွာဟလွန်းနေသဖြင့် သူ၏ မည်သည့်တိုက်ခိုက်မှုမဆို တစ်ချက်တည်းဖြင့် ၎င်းကိုအသက်အန္တရာယ် ဖြစ်စေနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ တစ်ဖက်လူက သတိထားမိသွားပါက သူ၏ အောင်မြင်နိုင်ခြေမှာ ထိုးကျသွားမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကမ္ဘာ၏မြေဆွဲအားက ၎င်း၏ လှုပ်ရှားနိုင်စွမ်းကိုသာ သက်ရောက်မှုရှိစေပြီး ၎င်း၏ စွမ်းရည်များကိုမူ ကန့်သတ်ထားနိုင်ခြင်း မရှိချေ။
အာကာသသားရဲကြီးတစ်ကောင်အနေဖြင့် အစွမ်းကို အသုံးပြုခြင်းမှာ ၎င်း၏ ပင်ကိုယ်အသိစိတ်တစ်ခုလို ဖြစ်နေပြီဖြစ်သည်။
မြူခိုးများ ခြားနေသည့်တိုင် တလက်လက် တောက်ပနေသော အလင်းရောင်များနှင့် ကောက်ကွေးနေသော လေထုကို ကြည့်ရုံဖြင့် ၎င်းကို သွားရောက်ရန်စရန် လုံးဝမလွယ်ကူကြောင်း အလွယ်တကူ သိနိုင်ပေသည်။
အထူးသဖြင့် ၎င်း၏ မသိရှိသေးသော စွမ်းရည်များနှင့် ပေါင်းစပ်လိုက်ပါက ဤအမဲလိုက်မှုကြီးက အန္တရာယ်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်နိုင်စွမ်းက အားကောင်းသော်လည်း ဤသို့သော သက်ရှိမျိုးကို ထိပ်တိုက်ရင်ဆိုင်ရန် စိတ်ကူးမျိုး လုံးဝမရှိချေ။
...
သားရဲကြီးက မြူခိုးများထဲမှ ထွက်လာတော့မည်ကို မြင်လိုက်ရသဖြင့် လော်ယွမ်က ချက်ချင်းပင် လေထဲသို့ ပျံတက်သွားကာ အဝေးဆီသို့ ပျံသန်းသွားတော့သည်။
သူက သေချာစွာ စောင့်ကြည့်လေ့လာပြီး သတင်းအချက်အလက်များကို ပိုမိုစုဆောင်းရန် လိုအပ်နေသေးသည်။
သားရဲကြီး ဆင်းသက်လာသည့် နေရာမှာ ချွမ်ရှုဒေသတွင်ဖြစ်ပြီး အနီးတစ်ဝိုက်၌ တောင်တန်းများ သွယ်တန်းနေသည်။
မကြာမီမှာပင် သူက ကြမ်းတမ်းပြီး မတ်စောက်သော တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
သူက ဤတောင်ထိပ်ကို ရွေးချယ်လိုက်ခြင်းမှာ သားရဲကြီး ရှေ့ဆက်သွားမည့် လမ်းကြောင်းနှင့် မဝေးလှသောကြောင့်ဖြစ်သည်။
ဤနေရာက ကိုယ်ယောင်ဖျောက်ထားနိုင်ရုံသာမက စောင့်ကြည့်လေ့လာရန်အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပေသည်။
တောင်ထိပ်တွင် တုတ်ခိုင်သော သစ်ပင်ကြီး အနည်းငယ်ကို ဟိုတစ်ပင် ဒီတစ်ပင် တွေ့ရသည်။
ကောက်ကွေးရှုပ်ထွေးနေသော ပင်စည်များကို ကြည့်ရခြင်းအားဖြင့် ကမ္ဘာပျက်ကပ်မတိုင်မီကတည်းက နှစ်ထောင်ချီ သက်တမ်းရှိခဲ့သော သစ်ပင်ကြီးများဖြစ်ကြောင်း ထင်ရှားလှသည်။
သို့သော်လည်း ယခုအခါ အလွန်အမင်း အေးခဲနေမှုအောက်တွင် ဤသစ်ပင်ကြီးများသည်လည်း အေးခဲကာ အိပ်စက်သွားရမည့် ကံကြမ္မာမှ မလွတ်ကင်းနိုင်ခဲ့ကြပေ။
လော်ယွမ်က ထိုအထဲမှ တုတ်ခိုင်သော သစ်ကိုင်းကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်ကို ဝပ်ချကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ယခုအချိန်တွင် သားရဲကြီးသည် မြူခိုးများထဲမှ အပြည့်အဝ ထွက်ပေါ်လာပြီဖြစ်သည်။
၎င်း၏ ခြေလှမ်းများက အမှန်တကယ်ပင် နှေးကွေးနေသော်လည်း ၎င်း၏ လမ်းလျှောက်နှုန်းက မမြန်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပေခြောက်ရာကျော်ခန့် အကွာအဝေးကို ရောက်ရှိသွားသဖြင့် မည်မျှပင် နှေးကွေးစွာ လှမ်းနေပါစေ နှေးကွေးခြင်းဟူသော စကားလုံးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိချေ။
အမှန်တကယ်အားဖြင့် ၎င်းက တစ်စက္ကန့်လျှင် တစ်လှမ်းနှုန်းခန့် လှမ်းနေသဖြင့် ၎င်း၏ အမြန်နှုန်းမှာ အသံထက်အနည်းငယ်သာနှေးသော အမြန်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။
၎င်း ဖြတ်သန်းသွားသည်နှင့်အမျှ ရေခဲလွှာများမှာ ပေါက်ကွဲသွားသကဲ့သို့ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး လေပြင်းများ တိုက်ခတ်လာသည်။
၎င်း၏ ခြေအောက်မှ မရေမတွက်နိုင်သော ရေခဲစများ လွင့်စင်တက်လာကာ ၎င်း၏ အောက်ဘက် တစ်မိုင်ခန့် ပတ်လည်တွင် ရေခဲမုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။
ထိုမြင်ကွင်းမှာ အလွန်တရာ အံ့မခန်းဖြစ်လှပေသည်။
ကမ္ဘာမြေပေါ်တွင် ဖြစ်နေသည့်တိုင် ၎င်းက အလွန်အားကောင်းသော လှုပ်ရှားနိုင်စွမ်းကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။
ချွမ်ရှုဒေသမှာ ပြန်လည်တည်ဆောက်ရေးဇုန်နှင့် နီးကပ်လှသဖြင့် ဤသားရဲကြီးကို အလိုလိုက်ကာ သွားချင်ရာသွားခွင့်ပေးထားပါက အလွန်အန္တရာယ်များလှပေသည်။
ဤသည်မှာလည်း လော်ယွမ်က ဤအဆင့်ရှိ သားရဲကြီးကို ထပ်မံ၍ အမဲလိုက်ရန် ကြိုးစားရသည့် အဓိကအကြောင်းရင်းပင် ဖြစ်သည်။
အမှန်တကယ် အဓိကကျဆုံး အချက်မှာ အန္တရာယ်များစွာ မရှိခြင်းပင်ဖြစ်သည်။ ကြိုတင်သိမြင်နိုင်စွမ်း ရှိနေခြင်းက သူ့ကို မွေးရာပါ ရှုံးပွဲမရှိသော အခြေအနေတစ်ခုသို့ ရောက်ရှိစေပြီး ၎င်းမှာ အတိုင်းအတာမြင့်မားသော သတင်းအချက်အလက်များက အတိုင်းအတာနိမ့်ကျသော အရာများအပေါ် လုံးဝဖိနှိပ်ထားခြင်းပင် ဖြစ်သည်။
ထို့အပြင် နေရာရွှေ့ပြောင်းနိုင်စွမ်းကလည်း တစ်ဖက်လူက ပြန်လည်တိုက်ခိုက်လာချိန်တွင် သူ့ကို ချက်ချင်း ထွက်ပြေးလွတ်မြောက်နိုင်စေပေသည်။
...
ဤဧရာမသားရဲကြီး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ဒီပလိုဒိုးကပ်စ် ဒိုင်နိုဆောကြီးများနှင့် အလွန်ဆင်တူသည်။ ၎င်း၏ လည်ပင်းမှာ ရှည်လျားသွယ်လျပြီး ခြေလက်များမှာ တုတ်ခိုင်လှသည်။
၎င်း၏ နောက်ဘက်ရှိ တန်ချိန် သန်းချီလေးလံသော ဧရာမအမြီးကြီးမှာ မြေဆွဲအားကြောင့် အောက်သို့ တွဲလောင်းကျကာ မြေပြင်ပေါ်၌ တရွတ်တိုက်ဆွဲလာသဖြင့် ရေခဲပြင်ပေါ်တွင် ရှည်လျားသော မြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေလေသည်။
(ဒီပလိုဒိုးကပ်စ် - diplodocus ဆိုတာက လည်ပင်းရှည်ပြီး အရွယ်အစားအရမ်းကြီးတဲ့ အသီးအနှံစား ဒိုင်နိုဆောတစ်မျိုးဖြစ်ပါတယ်)
သို့သော်လည်း ၎င်းမှာ ယေဘုယျအားဖြင့် ဆင်တူရုံသာဖြစ်ပြီး နှစ်ခုကြားတွင် လုံးဝနှိုင်းယှဉ်၍မရပေ။
ယဉ်ကျေးသိမ်မွေ့သော ဒီပလိုဒိုးကပ်စ်များနှင့် ယှဉ်လျှင် ဤသားရဲကြီးမှာ ကြောက်မက်ဖွယ်ကောင်းမှုများကြားတွင် ကျက်သရေရှိမှုတစ်မျိုး ပါဝင်နေသည်။
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ငွေရောင်များ ဖုံးလွှမ်းနေပြီး မျက်နှာပြင်ပေါ်ရှိ စိန်ပွင့်ပုံသဏ္ဌာန် အကြေးခွံများမှ အလင်းရောင်များ ဖြာထွက်နေသည်။
ယခုလို အမြင်အာရုံ မကောင်းလှသော အခြေအနေမျိုးတွင်ပင် ၎င်းက တလက်လက် တောက်ပနေဆဲဖြစ်သည်။
၎င်း၏ ခြေတံလေးချောင်းမှာ တုတ်ခိုင်ကာ အားပါးတရရှိလှပြီး အပေါ်တွင် ခရမ်းရင့်ရောင် ဆူးချွန်သေးသေးလေးများ ပြည့်နှက်နေသည်။
ထိုဆူးချွန်လေးများသည် အသက်ရှူနေသကဲ့သို့ တလင်းလင်း တမှိန်မှိန်ဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ်ကာ ကျောချမ်းဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေ၏။
လော်ယွမ်၏ အကြည့်က ၎င်း၏ လည်ပင်းဆီသို့ ပထမဆုံး ရောက်ရှိသွားသည်။
၎င်း၏ ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် ၎င်း၏ လည်ပင်းမှာ သေချာပေါက်ကို အလွန်ရှည်လျားသွယ်လျနေပြီး ဤကဲ့သို့ ရှည်လျားသွယ်လျသော လည်ပင်းမျိုးမှာ မည်သည့် သန္ဓေပြောင်းသားရဲအတွက်မဆို အသက်အန္တရာယ်ဖြစ်စေနိုင်သော အားနည်းချက်တစ်ခုပင် ဖြစ်သည်။
သို့သော်လည်း သူက တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်လေသည်။
၎င်း၏ လည်ပင်းမှာ တကယ်ပင် သေးသွယ်လှသော်လည်း ၎င်းမှာ အဆင့်တူ အရွယ်အစားရှိ သားရဲကြီးများနှင့် နှိုင်းယှဉ်လျှင်သာဖြစ်သည်။
လော်ယွမ်ကဲ့သို့ အရွယ်အစားရှိသော သက်ရှိတစ်ဦးအတွက် တစ်ဖက်လူ၏ အသေးသွယ်ဆုံး အစိတ်အပိုင်းဖြစ်သည့် ပေသုံးရာကျော်ခန့်ရှိသော လည်ပင်းကြီးကပင် သူ့ကို အားငယ်သွားစေရန် လုံလောက်လှပေသည်။
ထို့ထက်ပိုဆိုးသည်မှာ တစ်ဖက်လူ၏ လည်ပင်းတွင် အကြေးခွံသေးသေးလေးများ အပြည့်ဖုံးလွှမ်းနေပြီး ထိုနေရာမှ ထွက်ပေါ်နေသော အလင်းရောင်လေးများမှာ စိန်ပွင့်လေးများအလား ထူထပ်နေ၏။ ဤအစိတ်အပိုင်း၏ ကာကွယ်နိုင်စွမ်းမှာ ပိုမိုအားကောင်းကြောင်း ထင်ရှားလှပေသည်။
ကျန်းမာတောက်ဓားက လေဟာနယ်ကို ပိုင်းဖြတ်နိုင်စွမ်းရှိသော်လည်း ပြိုင်ဘက်ကင်းတော့ မဟုတ်ဘဲ ကန့်သတ်ချက်များ ရှိနေသေးသည်။
စွမ်းအင်သည် လေဟာနယ်ပိုင်းဖြတ်ခြင်း၏ အာနိသင်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ကြောင်း လော်ယွမ် စောစောကတည်းက သတိပြုမိခဲ့သည်။
ဒြပ်ဝတ္ထုနှင့် စွမ်းအင်တို့၏ ဆက်စပ်မှုကို ထည့်သွင်းစဉ်းစားမည်ဆိုပါက သိပ်သည်းဆများပြားသော ဒြပ်ဝတ္ထုအချို့ကိုပါ ထည့်သွင်းရပေမည်။
ဤကဲ့သို့ သိပ်သည်းဆများပြားသော ဒြပ်ဝတ္ထုမျိုးသည် ကမ္ဘာပေါ်တွင် တွေ့ရှိနိုင်သော ဒြပ်ဝတ္ထုမျိုး မဟုတ်ဘဲ သာမန်ဒြပ်ဝတ္ထုများ၏ သိပ်သည်းဆထက် များစွာသာလွန်ကာ အက်တမ်များကိုပင် ဖိသိပ်ထားသဖြင့် မရှိတော့သည့် အရာမျိုးဖြစ်သည်။
ကြယ်ဖြူပု သို့မဟုတ် နျူထရွန်ကြယ် များမှ ဒြပ်ဝတ္ထုများထက်ပင် သာလွန်လှသည်။
ဤအဆင့်သို့ ရောက်ရှိသွားသော ဒြပ်ဝတ္ထုများတွင် စွမ်းအင်နှင့် ဒြပ်ဝတ္ထုကြားရှိ နယ်နိမိတ်မျဉ်းမှာ ဝေဝါးလာပြီး သာမန်ပတ်ဝန်းကျင်တစ်ခုသို့ ရွှေ့ပြောင်းလိုက်ပါက ထိုဒြပ်ဝတ္ထုများသည် စွမ်းအင်အဖြစ် အလွယ်တကူ ပြောင်းလဲသွားကာ ကြီးမားလှသော တွန်းကန်အားစွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်လေသည်။
သားရဲကြီးက ဤတောင်ထိပ်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခုက ဤနေရာဆီသို့ တဖြည်းဖြည်း လွှမ်းခြုံလာကာ လေထုမှာလည်း ပို၍ပို၍ မွန်းကျပ်လာတော့သည်။
ငလျင်လှုပ်သကဲ့သို့ တုန်ခါနေသော မြေပြင်ကို ခံစားရင်း သူက ခန္ဓာကိုယ်ရှိ စွမ်းအင်များကို ရုပ်သိမ်းလိုက်ကာ စိတ်နှလုံးကို တဖြည်းဖြည်း တည်ငြိမ်စေလိုက်သည်။
လော်ယွမ်ရှိနေသော တောင်ထိပ်မှာ သိပ်မမြင့်လှဘဲ ဒေါင်လိုက်အမြင့်မှာ ပေတစ်ထောင်ခန့်သာ ရှိသဖြင့် သားရဲကြီး၏ အမြင့်နှင့် တစ်တန်းတည်းနီးပါး ဖြစ်နေသည်။
ဤကဲ့သို့သော အတားအဆီးလေးတစ်ခုကို ရင်ဆိုင်ရချိန်တွင် ၎င်းက ဦးတည်ချက် ပြောင်းလဲရန် လုံးဝစိတ်ကူးမရှိကြောင်း သိသာလှသည်။
၎င်းက ရွေ့လျားနေသော တောင်တန်းကြီးတစ်ခုအလား ဤနေရာဆီသို့ တည့်တည့်မတ်မတ် လျှောက်လာလေသည်။
၎င်း၏ ဟန်ပန်ကို ကြည့်ရခြင်းအားဖြင့် တောင်ကို တိုက်ရိုက်ဝင်တိုက်ကာ ဖြိုခွဲပစ်လိုပုံရသည်။
ကမ္ဘာပေါ်ရှိ ဒြပ်ဝတ္ထုများသည် ဤအာကာသသားရဲကြီးအတွက် အလွန်တရာ ကြွပ်ဆတ်လွန်းလှသဖြင့် ၎င်းကို မည်သို့မျှ အန္တရာယ်မပေးနိုင်ကြောင်း သိထားသောကြောင့် ဤ "မြေစာပုံလေး" ကို ကျော်ဖြတ်ရန် လေးလံလှသော ခြေလှမ်းများကို မကြွချင်တော့ခြင်းလည်း ဖြစ်နိုင်ပေသည်။
မကြာမီမှာပင် ၎င်းတို့နှစ်ခုကြားရှိ အကွာအဝေးမှာ လျင်မြန်စွာ နီးကပ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားသကဲ့သို့ တောင်ထိပ်မှာ ရုတ်တရက် ပွင့်ထွက်သွားပြီး ဝင်တိုက်မိသည့်နေရာမှ မီးတောက်များ ထွက်ပေါ်လာသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။
ထို့နောက်တွင်တော့ တန်ချိန် သောင်းချီရှိသော ရွှံ့နွံများနှင့်အတူ တန်ချိန် ရာချီ၊ ထောင်ချီ လေးလံသော ကျောက်တုံးကြီးများစွာမှာ အလေးချိန်မရှိသည့်အလား ကောင်းကင်ယံသို့ လွင့်စင်တက်သွားကြလေသည်။
လော်ယွမ်၏ ခန္ဓာကိုယ်မှာလည်း ထိုရိုက်ခတ်မှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ ကျောက်ခဲများနှင့်အတူ အဝေးသို့ လွင့်စင်သွားပုံရသည်။
သို့သော်လည်း သူ၏ အမြန်နှုန်းမှာ ကျောက်ခဲများထက် သိသိသာသာ နှေးကွေးနေခဲ့သည်။
သူ၏ ဦးနှောက်ထဲရှိ ကြိုတင်သိမြင်နိုင်စွမ်းမှာ အစွမ်းကုန် အလုပ်လုပ်နေပြီး မရေမတွက်နိုင်သော ပုံရိပ်များစွာက ရူးသွပ်မတတ် ဖြတ်ပြေးနေကာ အကောင်းဆုံး တိုက်ခိုက်မည့်နည်းလမ်းကို အကြိမ်ကြိမ် တွက်ချက်နေလေသည်။
၁၇ မှတ်အထိ ရောက်ရှိနေသော ဉာဏ်ရည်က သူ့အား တစ်စက္ကန့်အတွင်း အကြိမ်ဒါဇင်ပေါင်းများစွာ ပြောင်းလဲနေသည့် တွက်ချက်မှုပုံရိပ်များကို အလွယ်တကူ ခံနိုင်ရည်ရှိစေသည်။
ဆက်တိုက် ကျရှုံးမှုများ ကြုံတွေ့ပြီးနောက် နောက်ဆုံးတွင် သူ၏ မျက်လုံးများ တောက်ပသွားတော့သည်။
သူက ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ သုံးပေခန့် အနည်းငယ် ရွှေ့လိုက်သည်။
ထို့နောက်တွင် ဧရာမ ကျောက်တုံးကြီးတစ်ခုက သူ့ကို ဝင်တိုက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ဂေါက်သီးတစ်လုံးအလား လားရာချက်ချင်းပြောင်းသွားကာ သားရဲကြီး၏ ခေါင်းဆီသို့ လွင့်ပျံသွားတော့သည်။
ထိုအချိန်တွင် အာကာသသားရဲကြီးက တစ်စုံတစ်ခုကို သတိထားမိသွားပုံရကာ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်လိုက်သည်။
ရေကန်ကြီးတစ်ခုအလား ကြီးမားလှသော မျက်လုံးကြီးများထဲတွင် သံသယအနည်းငယ် ကိန်းအောင်းနေသော်လည်း ၎င်း၏ ရှေ့တည့်တည့်သို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် လော်ယွမ်ကိုမူ မမြင်သည့်အလား လျစ်လျူရှုထားလေသည်။
အမှန်တကယ်တော့ ဤသည်မှာ အံ့သြစရာမဟုတ်ပေ။
၎င်းတို့နှစ်ခု၏ အရွယ်အစားမှာ အလွန်အမင်း ကွာဟလွန်းလှသဖြင့် လူတစ်ယောက်က သူ့ဆီသို့ အသံတိတ် ပျံသန်းလာသော ခြင်တစ်ကောင်ကို သတိထားမိရန် ခက်ခဲသကဲ့သို့ပင်၊ သားရဲကြီးအတွက် လော်ယွမ်၏ တည်ရှိမှုမှာ လျစ်လျူရှုရန် အလွန်လွယ်ကူလှပေသည်။
(မင်မင်ကတော့ ခြင်ပျံလာရင် တန်းသိတယ် XD)
တချို့အချိန်များတွင် သတိထားမိတတ်သော်လည်း ထိုအရာများအားလုံးမှာ ကျရှုံးသွားခဲ့သော ကြိုတင်သိမြင်မှု ပုံရိပ်များသာ ဖြစ်သည်။
စက္ကန့်အနည်းငယ်အကြာတွင် လော်ယွမ်က သားရဲကြီး၏ နှာခေါင်းပေါက်အနီးသို့ ပြင်းထန်စွာ ဝင်တိုက်မိသွားသည်။
သားရဲကြီးနှင့်ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားတစ်ခုက လော်ယွမ်၏ အကာအကွယ်မဲ့နေသော လက်ဖဝါးထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလာသဖြင့် လော်ယွမ်၏ အရေပြားများ စူးရှစွာ နာကျင်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်မှာ ထိမိပြီးသည်နှင့် ချက်ချင်း ခွာသွားခဲ့ကာ လျှပ်တစ်ပြက်အတွင်း သူ၏ ခန္ဓာကိုယ်က လင်းလက်သွားပြီး ၎င်း၏ နှာခေါင်းပေါက်ထဲသို့ ဝင်ရောက်သွားတော့သည်။
၎င်း၏ နှာခေါင်းပေါက်ကြီးမှာ ကားနှစ်စီးသွားနိုင်သော ဥမင်လှိုင်ခေါင်းကြီးတစ်ခုအလား ကြီးမားပြီး အတော်လေး ဟာလာဟင်းလင်းဖြစ်နေသည်။
နှာခေါင်းမွေးများပင်လျှင် လက်မဝက်ခန့် တုတ်ခိုင်ပြီး ပေါင်းပင်များအလား ရှုပ်ထွေးစွာ ယှက်နွယ်နေကြသည်။
အထဲတွင် သန့်ရှင်းမှုမရှိဘဲ နှပ်ချေးများ အပြည့်ပေကျံနေသည်။
နှာခေါင်းပေါက် နံရံများတွင် မူလအရောင်ကိုပင် မမြင်ရတော့ဘဲ မည်းမှောင်နေသည်ကိုသာ မြင်ရကာ အောက်ခြေတွင် အလွှာထူကြီးတစ်ခုအဖြစ် စုပုံနေ၏။
သို့သော်လည်း ထိုအရာများမှာ သာမန်သက်ရှိများ၏ စွန့်ပစ်ပစ္စည်းများ မဟုတ်ဘဲ စုပုံနေသော ဖုန်မှုန့်များနှင့် ကျောက်ခဲစများသာ ဖြစ်သဖြင့် အလွန်အမင်း ရွံရှာဖွယ်ကောင်းမနေချေ။
ထိုအချိန်တွင် လက်ဖဝါးက စူးရှစွာ နာကျင်နေဆဲဖြစ်ကြောင်း ခံစားမိသဖြင့် လော်ယွမ်က တစ်ချက်ကြည့်လိုက်ရာ မျက်နှာပြင်မှာ အနည်းငယ် နီရဲကာ ရောင်ရမ်းနေသည်ကို တွေ့လိုက်ရသည်။
သူက အနည်းငယ် ထိတ်လန့်သွားမိသည်။ ကံကောင်းထောက်မစွာဖြင့် ထိတွေ့ချိန်က မကြာလိုက်ပေ။
အကယ်၍ အချိန်ပိုကြာသွားပါက သူ၏ လက်ဖဝါးတစ်ဖက်လုံး ပျက်စီးသွားလောက်ပေသည်။ ဤသားရဲကြီးက သူထင်ထားသည်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းကြောင်း သိသာလှသည်။
လော်ယွမ်က အကြာကြီး မနေရဲတော့ဘဲ နှာခေါင်းပေါက် အနက်ပိုင်းဆီသို့ လျင်မြန်စွာ ရှေ့ဆက်သွားလိုက်သည်။
သူ့ကို အနည်းငယ် ကံကောင်းသည်ဟု ခံစားရစေသည်မှာ ဤသားရဲကြီးသည် အာကာသထဲတွင် အချိန်အကြာကြီး ရှင်သန်ခဲ့ရသဖြင့် အသက်ရှူသည့် အလေ့အထ မရှိတော့ခြင်းပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူ၏ လှုပ်ရှားမှုများမှာ မည်သည့်အနှောင့်အယှက်မျှ မခံရချေ။ သို့မဟုတ်ပါက တစ်ဖက်လူ၏ အသက်ရှူခြင်းကြောင့် ဖြစ်ပေါ်လာမည့် လေပြင်းမုန်တိုင်းများကပင် လော်ယွမ်အတွက် ဒုက္ခများစွာကို ပေးစွမ်းနိုင်လောက်ပေသည်။
လော်ယွမ်က လမ်းတစ်လျှောက် ပေတစ်ရာကျော်ခန့် လျှောက်သွားပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်ကာ ခန္ဓာကိုယ်ကို တိတ်ဆိတ်စွာ လေထဲသို့ ပျံတက်စေလိုက်သည်။
သူက အပေါ်ဘက်ကို ကြည့်လိုက်ပြီး လေကို ရှည်လျား နှေးကွေးစွာ ရှူသွင်းလိုက်သည်။ ဤတစ်ကြိမ် လေရှူသွင်းမှုမှာ သုံးမိနစ်တိတိ ကြာမြင့်ခဲ့ပြီး သူ၏ ဗိုက်ပင် ဖောင်းကားလာခဲ့သည်။
နောက်တစ်စက္ကန့်တွင် လော်ယွမ်၏ ပါးစပ်ထဲမှ ဖိအားမြင့် လေစီးကြောင်းတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသည်။
နှာခေါင်းပေါက် အမိုးပိုင်းရှိ ဖုန်မှုန့်များစွာမှာ ဤအဆင့်ရှစ်၊ ကိုးခန့်ရှိသော လေဖိအားအောက်တွင် လျင်မြန်စွာ လွင့်စင်သွားကြပြီး အတွင်းပိုင်း နှာခေါင်းဖွဲ့စည်းပုံကို ဖော်ပြလာသည်။
သူက သေချာစွာ အကဲခတ်ကြည့်လိုက်ရာ တြိဂံပုံသဏ္ဌာန်နှင့် ဆင်တူသော အရိုးတစ်ချောင်းကို မကြာမီ တွေ့ရှိသွားလေသည်။
"ဒီနေရာပဲ ဖြစ်ရမယ်... ဒီလိုသက်ရှိမျိုးမှာတောင် ဒီလိုအားနည်းတဲ့နေရာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး" လော်ယွမ်က သက်ပြင်းချလိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
သူက သားရဲကြီး၏ နှာခေါင်းပေါက်ထဲသို့ ဝင်ရောက်လာရခြင်းမှာ နှာခေါင်းနှင့် ဦးနှောက်က ဆက်စပ်နေသောကြောင့် ဖြစ်သည်။
အခြားအစိတ်အပိုင်းများနှင့် ယှဉ်လျှင် ဦးနှောက်ကသာ သက်ရှိတစ်ခု၏ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ဦးနှောက်ပျက်စီးသွားသည်နှင့် သက်ရှိများ သေဆုံးသွားပြီဟု မှတ်ယူရမည်ဖြစ်သည်။
နှာခေါင်းနှင့် ဦးနှောက်ကြားတွင် အရွတ်ရိုးလေး တစ်ခုသာ ခြားနေသည်။ ဤအရိုးမှာ သက်ရှိများ၏ ခေါင်းပေါ်တွင် အားအနည်းဆုံး နေရာဖြစ်ပြီး သူ ထိုးဖောက်ရန် အလွယ်ကူဆုံး နေရာလည်း ဖြစ်ပေသည်။
ကံကောင်းသည်မှာ အာကာသသားရဲကြီး ဖြစ်နေသည့်တိုင် ဤအစိတ်အပိုင်းက သိပ်ပြီး ပြောင်းလဲမှု မရှိသေးခြင်းပင်ဖြစ်သည်။
လော်ယွမ်က ထိုတြိဂံပုံအရိုး၏ မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်များကို သုတ်သင်လိုက်သည်။ သားရဲကြီးကို အနှောင့်အယှက် မဖြစ်စေရန် သူ၏ လှုပ်ရှားမှုများကို အလေးချိန်မရှိသည့်အလား အလွန်အမင်း ပေါ့ပါးစွာ ပြုလုပ်ခဲ့ပြီး လုံးဝ အားမသုံးရဲခဲ့ချေ။
အရိုးမှာ အလွန်ချောမွေ့နေပြီး ဖြည်းညင်းစွာ သုတ်လိုက်သည်နှင့် ၎င်း၏ မူလအရောင် ပေါ်လာတော့သည်။
ထိုအချိန်တွင် လော်ယွမ်က ဤအရိုးကို အရွတ်ရိုးဟု သတ်မှတ်၍ မရတော့ကြောင်း သတိပြုမိလိုက်သည်။
မျက်နှာပြင်မှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေကာ သလင်းကျောက်ဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။
၎င်းမှာ အတော်လေး ခိုင်မာမာကျောကြောင်း သိသာလှပြီး ၎င်း၏ အထူမှာလည်း မထင်မှတ်ထားလောက်အောင် အထူပေသုံးဆယ်ကျော်ခန့်အထိ ရှိနေလေသည်။
၎င်းကို တစ်ချက်တည်းဖြင့် အစပျောက်သွားအောင် ရိုက်ခွဲကာ သားရဲကြီး သတိမထားမိမီ ၎င်း၏ ဦးနှောက်ထဲသို့ ချက်ချင်း ဝင်ရောက်သွားရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
"ဒီတစ်ခါတော့ အစွမ်းကုန် သုံးရတော့မယ် ထင်တယ်" လော်ယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
မတိုက်ခိုက်မီ သူက အရည်အသွေးပြဇယားကို ဖွင့်လိုက်သည်။ အစောပိုင်းက မစ်ရှင်ကို မဖျက်သိမ်းရသေးသဖြင့် ဤမစ်ရှင်က ရှိနေသေးရာ သူက ချက်ချင်းပင် လက်ခံလိုက်လေသည်။
ထို့နောက် သူက မျက်လုံးများကိုမှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ မကြာမီ သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ တဖြည်းဖြည်း ဖောင်းကြွလာကာ မျက်နှာပြင်ပေါ်တွင် မျက်စိဖြင့်မြင်နိုင်သော စွမ်းအင်လှိုင်းလေးများ ထွက်ပေါ်လာပြီး အားကောင်းလှသော ခွန်အားလှိုင်းများ ထိန်းချုပ်မရအောင် ထွက်ပေါ်လာတော့သည်။
...
တောင်ကို ဝင်တိုက်ဖြိုခွဲပြီးနောက် ဆက်လက်လျှောက်လှမ်းနေသော အာကာသသားရဲကြီးမှာ ရုတ်တရက် အနည်းငယ် စိတ်ရှုပ်ထွေးလာပြီး ပြင်းထန်သော မလုံမခြုံ ခံစားချက်တစ်ခုကြောင့် ရှေ့ဆက်သွားခြင်းကို ရပ်တန့်လိုက်လေသည်။
၎င်း၏ မျက်လုံးများထဲတွင် ထိတ်လန့်သံသယဖြစ်မှုများ အပြည့်ဖြစ်နေပြီး တစ်ကိုယ်လုံးရှိ စွမ်းအားလှိုင်းများမှာလည်း ပေါ်လာလိုက် ပျောက်သွားလိုက်၊ လင်းလာလိုက် မှိန်သွားလိုက် ဖြစ်နေသည်။
လေထုထဲရှိ လျှပ်စစ်သံလိုက်စက်ကွင်းများ ကောက်ကွေးသွားကာ မရေမတွက်နိုင်သော ဥတ္တရအလင်းတန်းများက ကောင်းကင်ယံတွင် ကခုန်နေကြသည်။
မရေမတွက်နိုင်သော ရေခဲစများပင်လျှင် မြေဆွဲအားကို ဆန့်ကျင်ကာ လေထဲသို့ တဖွဲဖွဲ လွင့်ပျံတက်လာကြသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ၎င်း၏ ခေါင်းမှာ အနည်းငယ် တုန်ခါသွားပြီးနောက် များပြားလှသော သွေးများ၊ အရိုးစများနှင့်အတူ ပြင်းထန်လှသော မီးတောက်နှစ်ခုက နှာခေါင်းပေါက်ထဲမှ ပန်းထွက်လာတော့သည်။
ကောင်းကင်ယံရှိ ထူးဆန်းသော မြင်ကွင်းများအားလုံးမှာ ချက်ချင်း ရပ်တန့်သွားကြပြီး မီးလောင်ရာလေပင့်သကဲ့သို့ ပို၍ပင် ပြင်းထန်လာတော့သည်။
"ဝေါင်း..."
ပြင်းထန်လှသော နာကျင်မှုကြောင့် ဤသားရဲကြီးထံမှ သင်္ဘောဥသြဆွဲသံကဲ့သို့ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ဇီဝဗေဒ နိယာမများကို ဆန့်ကျင်နေသည့် ဤဧရာမ သတ္တဝါကြီးက လေထုထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်ခြင်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသနည်းဆိုသည်ကို ယခုပင် အဖြေပေးလိုက်ပြီဖြစ်သည်။
အသံလှိုင်းများက လေထုထဲတွင် နို့နှစ်ရောင် ဒြပ်ရှိ လေစီးကြောင်းများအဖြစ် ပြောင်းလဲသွားကာ ရေခဲလွှာများကို ချက်ချင်းပင် တစ်လွှာခွာချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
ပေထောင်ချီအကွာအဝေးရှိ တောင်တစ်တောင်ပင်လျှင် ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်နှာပြင်ပေါ်ရှိ ရေခဲနှင့်နှင်းများ ချက်ချင်း "လွင့်စင်" သွားတော့သည်။
မကြာမီ အောက်ဘက်ရှိ အေးခဲနေသော မြေဆီလွှာများမှာလည်း အလားတူပင် လွင့်စင်သွားကာ အတွင်းပိုင်းရှိ ကျောက်ဆောင်များကလည်း ကြာရှည်မခံနိုင်ခဲ့ပေ။
စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ပြီးနောက် တောင်တစ်တောင်လုံးမှာ တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလား လုံးဝ ပျောက်ကွယ်သွားတော့သည်။
သားရဲကြီး၏ အသံအိုးနှင့် "လက်တစ်ကမ်းအကွာ" တွင် ရှိနေကာ ထိပ်တိုက်ရင်ဆိုင်နေရသော လော်ယွမ်မှာလည်း အလားတူပင် မလွတ်ကင်းနိုင်ခဲ့ချေ။
ဤမျှကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းကြီးကို ရင်ဆိုင်ရချိန်တွင် လော်ယွမ်ပင်လျှင် ခေါင်းကွဲထွက်မတတ် နာကျင်သွားရပြီး ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်မှာ သံမဏိများပင် မယှဉ်သာအောင် အလွန်တရာ ကြံ့ခိုင်လွန်းလှသဖြင့် ခဏအကြာတွင် ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။
တစ်ဝက်ကျော်ခန့် ပွင့်ထွက်သွားပြီဖြစ်သော အရွတ်ရိုးကို ကြည့်ရင်း လော်ယွမ်က တစ်စက္ကန့်လေးမျှပင် အချိန်ဆွဲမနေရဲတော့ချေ။
အသံလှိုင်းကြောင့် ထုံကျင်နေပြီဖြစ်သော ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးသည့် ခွန်အားများကို စုစည်းကာ အစွမ်းကုန် အသုံးပြုပြီး လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
အလွန်မြန်ဆန်လှသော လက်သီးက ချက်ချင်းပင် နီရဲလာပြီး ထို့နောက် ဖြူလွှသွားတော့သည်။
ပစ်မှတ်ကို မထိရသေးမီမှာပင် အပူချိန်က ဖာရင်ဟိုက် ဒီဂရီ ငါးထောင်ကျော်အထိ ရောက်ရှိနေပြီဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခုက ဗဟိုချက်မှစ၍ ပေါက်ကွဲထွက်လာကာ နှာခေါင်းပေါက်တစ်ခုလုံး မီးတောက်များဖြင့် ပြည့်နှက်သွားတော့သည်။
အရွတ်ရိုး အပြီးတိုင် ကျိုးကြေသွားချိန်တွင် လက်သီး၌ တွေ့ကြုံနေရသော အတားအဆီးများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် လော်ယွမ်က စိတ်ထဲမှ ဝမ်းသာသွားလေသည်။
သားရဲကြီးက နောက်ထပ် တုံ့ပြန်မှု မပြုလုပ်နိုင်မီမှာပင် ရိုက်ခတ်မှုအရှိန်ကြောင့် ခြေနှစ်ဖက်စလုံး သားရဲကြီး၏ အရေပြားထဲသို့ နစ်ကျွံနေပြီဖြစ်သော လော်ယွမ်က ခြေထောက်ကို အားကုန်သုံးကာ ကန်ထွက်လိုက်သည်။
လျှပ်တစ်ပြက်အတွင်း သူ၏ ခန္ဓာကိုယ်က လျှပ်စီးတစ်ခုအလား သားရဲကြီး၏ ဦးနှောက်ထဲသို့ ချက်ချင်း တိုးဝင်သွားလေတော့သည်။
ဆက်ရန်...