အခန်း (၄၈၅-၄၈၆)
Vol. 25 Ch. 485-486
အပိုင်း(၄၈၅) မသေနိုင်သောအရာ
သာမန်သက်ရှိများ၏ ပျော့ညံ့လှသော ဦးနှောက်များနှင့် နှိုင်းယှဉ်လျှင် ဤဧရာမသားရဲကြီး၏ ဦးနှောက်ကမူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
ဦးနှောက်အနှစ်များက အလွန်ပင် စေးကပ်ခိုင်မာလှပြီး ရော်ဘာထက်ပင် အဆပေါင်းများစွာ ပို၍ခိုင်မာသည်။ ၎င်း၏ မာကျောမှုက ကျောက်တုံးများနှင့်ပင် သိပ်မကွာခြားလှချေ။
ကမ္ဘာမြေ၏ ဆွဲငင်အားအောက်တွင် ပေါင်ချိန် သန်းနှစ်ထောင်ကျော်မျှ လေးလံသော ဤဦးနှောက်အနှစ်လုံးကြီးက အနည်းငယ်မျှပင် ပျက်စီးမသွားသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့ရာတွင် မည်သို့ပင်ဖြစ်စေကာမူ ဦးနှောက်အနှစ်ဆိုသည်မှာ သက်ရှိများအတွက် အထိခိုက်အလွယ်ဆုံး နေရာတစ်ခု ဖြစ်နေဆဲပင်။
လော်ယွမ်၏ ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်းမှာပင် အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး နောက်တစ်စက္ကန့်၌ အလွန်ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးချလိုက်သည်။
ဤလက်သီးချက်၏ ဖျက်ဆီးနိုင်စွမ်းကို ဖော်ပြရန်ပင် ခက်ခဲလှသည်။ ဖြတ်ခနဲ အချိန်လေးအတွင်းမှာပင် ဧရာမ အဖြူရောင် မီးတောက်ကြီးတစ်ခုက ဗဟိုချက်မှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ရွေ့လျားစွမ်းအင်က ဦးနှောက်တစ်ခုလုံးကို တုန်ခါသွားစေပြီး ဧရာမသားရဲကြီး၏ ဦးနှောက်ဖွဲ့စည်းပုံ အားလုံးကို အစတုံး ဖျက်ဆီးပစ်လိုက်လေသည်။
လော်ယွမ်က အနည်းငယ်မျှ ပေါ့ဆခြင်းမရှိဘဲ လက်သီးများကို ဆက်တိုက် ထိုးနှက်နေခဲ့သည်။
အသက်တစ်ရှိုက်စာ အချိန်လေးအတွင်းမှာပင် သားရဲကြီး၏ ဦးနှောက်မှာ သူ့လက်ချက်ဖြင့် သစ်သီးယိုတစ်ပွဲသဖွယ် ကြေမွသွားခဲ့ရပြီဖြစ်သည်။
ဧရာမသားရဲကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ရုတ်တရက် ဆတ်ခနဲ တုန်ခါသွားပြီး လေစီးကြောင်းများပါ လှုပ်ခတ်သွားသည်။
သေပွဲမဝင်မီ နောက်ဆုံး ရုန်းကန်နေသည့်အလား ၎င်း၏ တစ်ကိုယ်လုံးမှ ပြင်းထန်စူးရှသော အလင်းရောင်များ ဖြာထွက်လာရာ နေမင်းငယ်လေးတစ်စင်းနှင့်ပင် တူနေတော့သည်။
အစွမ်းထက်လှသော စွမ်းအင်ဖြာထွက်မှုများကြောင့် ပတ်ဝန်းကျင်ရှိ ရေခဲနှင့် နှင်းများက လျင်မြန်စွာ အငွေ့ပျံသွားကြသည်။
မျက်မြင်မရသော စွမ်းအားတစ်ရပ်၏ ပင့်မမှုအောက်တွင် ၎င်း၏ ဧရာမ ကိုယ်ထည်ကြီးက တဖြည်းဖြည်း လေထဲသို့ မြောက်တက်လာခဲ့သည်။
သို့သော်လည်း ဤအချိန်တွင် ၎င်း၏ဦးနှောက်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်ရာ ၎င်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်ပေးနေသည်မှာ ခန္ဓာကိုယ်၏ ပင်ကိုယ်အသိစိတ်သက်သက်မျှသာ ကျန်ရှိတော့သည်။
၎င်း၏ မျက်လုံးကြီးများက ပြူးကျယ်နေသော်လည်း အကြည့်များက အသက်မဲ့ကာ မှိုင်းတွေနေသည်။
ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုစီးကျနေပြီး မျက်လုံးများမှပင် သွေးများ စိမ့်ထွက်နေသည်မှာ အလွန်ပင် စိတ်မချမ်းမြေ့ဖွယ် ကောင်းလှသည်။
၎င်းက သွေးဆာနေသော ပါးစပ်ကြီးကို ဟလိုက်ရာ အပြာနုရောင် အပူချိန်မြင့် အခိုးအငွေ့များက ပါးစပ်ထဲမှ တဖြည်းဖြည်း လျှံထွက်လာခဲ့သော်လည်း မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိပေ။
စက္ကန့်အနည်းငယ်ခန့်သာ လေထဲတွင် ဝဲပျံနေပြီး ပေတစ်ရာခန့် အထက်သို့ တက်သွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကြီးက အောက်သို့ လျင်မြန်စွာ ပြုတ်ကျလာခဲ့သည်။
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ မြေပြင်တစ်ခုလုံးပင် တုန်ခါသွားခဲ့သည်။
၎င်းက မတ်တပ်ရပ်နိုင်ရန် ကြိုးစားကာ မရပ်မနား ရုန်းကန်နေသည်။
သို့သော် ဦးနှောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်၍ ဟန်ချက်ထိန်းနိုင်စွမ်း လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်ရာ ဤလုပ်ရပ်က အချည်းနှီးသာ ဖြစ်နေတော့သည်။
လော်ယွမ်က သားရဲကြီး၏ ဦးနှောက်ထဲမှ ပျံသန်းထွက်ခွာလာပြီး ဤမြင်ကွင်းအားလုံးကို ခံစားချက်မဲ့စွာဖြင့် စောင့်ကြည့်နေလိုက်သည်။
ကမ္ဘာပျက်ကပ် စတင်ချိန်မှစ၍ ယနေ့အထိ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ပေါ်ပေါက်လာခဲ့သော အာကာသ သားရဲကြီးများ၏ အရေအတွက်မှာ ဆယ်ကောင်ထက် မပိုနိုင်ဟု ခန့်မှန်းရသည်။
ဆင့်ကဲမပြောင်းလဲမီ သာမန်သက်ရှိအဆင့်မှသည် ယခုအခါ အာကာသအတွင်း လွတ်လပ်စွာ သွားလာနိုင်သည့် သာလွန်သက်ရှိများအဖြစ်သို့ ရောက်ရှိလာခဲ့သော ၎င်းတို့တစ်ကောင်စီတိုင်းသည် သက်ရှိအားလုံး၏ ရှင်သန်ရေးတိုက်ပွဲတွင် အောင်ပွဲခံခဲ့သူများပင် ဖြစ်ကြသည်။
၎င်းတို့သည် ကြံ့ခိုင်သန်စွမ်းလှသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားရုံသာမက သာမန် သန္ဓေပြောင်းသားရဲများနှင့် ကွဲပြားသည့် ထူးကဲသော ဉာဏ်ရည်ဉာဏ်သွေးကိုလည်း ပိုင်ဆိုင်ထားကြသည်။
၎င်းတို့သည် သက်ရှိများ ဆင့်ကဲပြောင်းလဲမှု၏ အံ့ဖွယ်ရာများဖြစ်ပြီး ကြီးမားလှသော ဖြစ်တန်စွမ်းများအောက်မှ မမျှော်လင့်ဘဲ ပေါ်ထွက်လာသည့် ရလဒ်များပင်ဖြစ်သည်။
သို့သော် လူသားမျိုးနွယ်အတွက်မူ သန္ဓေပြောင်းသားရဲများ ပို၍ အစွမ်းထက်လာလေလေ၊ လူသားတို့၏ ရှင်သန်ရေးအတွက် ပို၍ကြီးမားသော အဟန့်အတားများ ဖြစ်လာလေလေပင် ဖြစ်သည်။
သူ၏ ရင်ထဲတွင် သနားညှာတာမှုဟူ၍ အနည်းငယ်မျှ ရှိမနေခဲ့ပေ။
ကပ်ဘေးဆိုက်ပြီးကတည်းက မျှော်လင့်ချက်မြို့တော်တွင် အသားဟင်း ရင်းမြစ်ဟူ၍ လုံးဝ မရှိတော့ပေ။
နေ့စဉ် စားသောက်နေရသည့် အနပ်တိုင်းတွင် သူကိုယ်တိုင် အပါအဝင် လူတိုင်းက သက်သတ်လွတ်သာ စားနေကြရပြီး လူနေမှုအဆင့်အတန်းကလည်း အောက်ခြေအထိ ထိုးဆင်းသွားခဲ့သည်။
အကယ်၍ ဤသန္ဓေပြောင်းသားရဲကြီးများက စား၍မရသောကြောင့်သာ မဟုတ်ခဲ့လျှင် ၎င်းအသေအချာ သေဆုံးသွားချိန်ကို စောင့်ဆိုင်းကာ အလောင်းကို အပိုင်းပိုင်းဖြတ်၍ အာကာသယာဉ်ဖြင့် မျှော်လင့်ချက်မြို့တော်သို့ သယ်ဆောင်သွားရန်ပင် သူ တွေးမိလိုက်သေးသည်။
ဤမျှ ကြီးမားလှသော အသားတောင်ကြီးသာဆိုလျှင် မျှော်လင့်ချက်မြို့တော်ရှိ လူဦးရေ ငါးသန်းအတွက် တစ်ဦးလျှင် ပေါင်လေးထောင်ကျော်ခန့် ဝေငှပေးနိုင်ပြီး တစ်နှစ်စာမျှပင် စားသုံးရန် လုံလောက်ပေလိမ့်မည်။
သို့ရာတွင် အသားအဖြစ် စားသုံး၍ မရလျှင်တောင်မှ ဤဧရာမသားရဲကြီးထံမှ တန်ဖိုးရှိသော အရာအချို့ကို ရရှိနိုင်သေးသည်။
သူစိတ်ကြိုက် ရွေးချယ်နိုင်သော ရှားပါးပါဝင်ပစ္စည်းများကို ထည့်မတွက်လျှင်ပင် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သလင်းကျောက်အနှစ်က ရှိနေသေးသည်။
အမှန်တကယ်တော့ လော်ယွမ်က ဤသို့သော အာကာသသားရဲကြီးများ၏ စွမ်းအင်ရင်းမြစ်မှာ မည်သည့်နေရာမှ လာသနည်း၊ ဤမျှ ယုံကြည်နိုင်ဖွယ်မရှိလောက်အောင် ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို မည်သို့လှုပ်ရှားစေကာ သက်ရှိတို့၏ လုပ်ငန်းဆောင်တာများကို မည်သို့ လုပ်ဆောင်သနည်း ဆိုသည်ကို အမြဲတမ်း သိချင်နေခဲ့သည်။
လကမ္ဘာပေါ်တွင် ယခင်တစ်ခေါက်က တွေ့ဆုံခဲ့ရသည့် အာကာသသားရဲကြီးထံမှ အရေခွံတစ်ခုကို ရရှိခဲ့ပြီးကတည်းက အာကာသ သက်ရှိတိုင်းသည် သူ့ကဲ့သို့ အနုမြူပေါင်းစပ်ခြင်းအစွမ်းကို ပိုင်ဆိုင်ထားခြင်း မဟုတ်ကြောင်း လော်ယွမ် ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။
၎င်းတို့ အာကာသထဲတွင် ရှင်သန်နိုင်ပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားရခြင်းမှာ အခြားသော နည်းလမ်းများကြောင့်သာ ဖြစ်သည်။
ထိုအရေခွံကို ဥပမာပေးရလျှင် ၎င်း၏ ဆဲလ်များက အလွန်ခိုင်မာစေးကပ်ပြီး သိပ်သည်းကျစ်လစ်ရုံသာမက အလွန်လည်း ကြီးမားလှသည်။
ဆဲလ်တစ်ခုစီ၏ အရွယ်အစားမှာ လူသားများ၏ ဆဲလ်ထက် ငါးဆခန့် ပိုမိုကြီးမားနေပြီး မိုက်တိုကွန်ဒရီးယား များကလည်း ပုံမှန်ထက် များစွာ ကွဲပြားနေသည်။
ထို့အပြင် စွမ်းအားများကို ထုတ်လွှတ်ရန်အတွက် အသုံးပြုမည်ဟု ခန့်မှန်းရသော အခြားသော ထူးခြားသည့် ဖွဲ့စည်းပုံများလည်း ပါဝင်နေသေးသည်။
သို့သော်လည်း ထိုဆဲလ်များမှ ထုတ်လွှတ်ပေးသော စွမ်းအင်သက်သက်ဖြင့် ဤမျှ ကြီးမားလှသော လှုပ်ရှားနိုင်စွမ်းကို မရရှိနိုင်ကြောင်း လော်ယွမ်က ရှာဖွေတွေ့ရှိခဲ့သည်။
ဤဆဲလ်များ၏ ခိုင်မာမှုက ကြောက်မက်ဖွယ်ကောင်းလှသော ကိုယ်အလေးချိန်ကို ထောက်ပံ့ပေးရန် လုံလောက်ကောင်း လုံလောက်နိုင်သော်လည်း ၎င်းတို့၏ ကြောက်မက်ဖွယ် ဖျက်ဆီးနိုင်စွမ်းကို ထောက်ပံ့ပေးရန်မူ လုံးဝ မဖြစ်နိုင်ပေ။
ဤသည်က ဤသက်ရှိမျိုးတွင် မိုက်တိုကွန်ဒရီးယားများနှင့် မတူညီသော သီးသန့် စွမ်းအင်ဗဟိုချက်တစ်ခု အသေအချာ ရှိနေကြောင်းကို သက်သေပြနေသည်။
ထို့အပြင် ဤစွမ်းအင်ဗဟိုချက်က စွမ်းအင်များကို သိုလှောင်ထားရန်သာ အသုံးပြုနိုင်သည့် သာမန် စွမ်းအင်သလင်းကျောက်များနှင့် မတူညီဘဲ စစ်မှန်သော စွမ်းအင်အနှစ်သာရတစ်ခု ဖြစ်ပေလိမ့်မည်။
ဤစွမ်းအင်အနှစ်သာရက မည်မျှ ကြီးမားသော စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်မည်ကို လော်ယွမ် တွေး၍ပင် မရနိုင်တော့ပေ။
သို့သော် ပေါင်ချိန် ဘီလီယံနှစ်ဆယ်ကျော် လေးလံသော ဤဧရာမ ကိုယ်ထည်ကြီးကို လှုပ်ရှားနိုင်စေရန်နှင့် အာကာသထဲသို့ ပျံသန်းနိုင်စေရန်အတွက် အချိန်တိုင်း စက္ကန့်တိုင်း ထုတ်လွှတ်နေရမည့် စွမ်းအင်ပမာဏမှာ ရေအားလျှပ်စစ်စက်ရုံကြီးတစ်ခုလုံးက ထုတ်လွှတ်သော စွမ်းအင်ထက် လျော့နည်းမည်မဟုတ်ကြောင်းကိုမူ သူ ခန့်မှန်းမိသည်။
သက်ရှိတစ်ခုအနေဖြင့် ဤသည်က သံသယဝင်စရာမလိုလောက်အောင် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။
လော်ယွမ်က ဤလျှို့ဝှက်ဆန်းကြယ်သော သက်ရှိကြီး၏ အကြောင်းကို လေ့လာသိရှိလိုစိတ်များဖြင့် မစောင့်ဆိုင်းနိုင်လောက်အောင်ပင် ဖြစ်နေခဲ့ပြီဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဤဧရာမသားရဲကြီးက မရပ်မနား ရုန်းကန်နေပြီး အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်သွားသည့် အရိပ်အယောင်မပြသဖြင့် သူက စိတ်ကိုလျှော့ကာ သည်းခံ၍သာ စောင့်ဆိုင်းနေရတော့သည်။
ကံမကောင်းစွာဖြင့် တစ်နာရီတိတိ စောင့်ဆိုင်းပြီးသည့်တိုင် ဤသားရဲကြီးက လုံးဝ သေဆုံးသွားခြင်း မရှိသေးပေ။
သေဆုံးရန်မပြောနှင့်၊ ၎င်း၏ ရုန်းကန်နေသည့် လှုပ်ရှားမှုများကပင် အနည်းငယ်မျှ အားပျော့သွားမည့် အရိပ်အယောင် မရှိသေးချေ။
ခန္ဓာကိုယ်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းလှသော ဤအသက်စွမ်းအင်များက ၎င်းကို ထာဝရ ရှင်သန်နေစေနိုင်မည်ဟုပင် ထင်မှတ်ရသည်။
အကယ်၍ သူ ဖျက်ဆီးခဲ့သည်မှာ ဦးနှောက်မဟုတ်ဘဲ နှလုံးကဲ့သို့သော အခြား အရေးကြီး အစိတ်အပိုင်းများသာ ဖြစ်ခဲ့ပါက သေလောက်သည့် ဒဏ်ရာမျိုး ဖြစ်လာရန်ပင် ခဲယဉ်းလှပေသည်။
လော်ယွမ်က နောက်ထပ် သုံးနာရီခန့် ဆက်လက်စောင့်ဆိုင်းခဲ့သည်။
သို့သော် ကောင်းကင်ကြီး မှောင်မိုက်လာသည့်တိုင် ဤဧရာမသားရဲကြီး၏ လှုပ်ရှားမှုများက ယခင်ကနှင့် များစွာ ကွာခြားမနေသေးပေ။
ဦးနှောက်သေဆုံးနေသည့် သက်ရှိတစ်ကောင်နှင့် လုံးဝမတူဘဲ ဆက်လက်၍ ရုန်းကန်လှုပ်ရှားနေဆဲပင် ဖြစ်သည်။
သားရဲကြီး၏ အသိမဲ့စွာ ရုန်းကန်နေသည့် ဧရာမ လှုပ်ရှားမှုကြီးများအပြင် ၎င်း၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော ကြီးမားလှသည့် စွမ်းအင်များကြောင့် ရေခဲနှင့်နှင်းများ အရည်ပျော်ကာ အနီးတစ်ဝိုက်တွင် ရေကန်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို သူ လှမ်းကြည့်လိုက်သည်။
လော်ယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် မစွန့်စားတော့ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤသားရဲကြီးမှာ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘဲ သေဆုံးရန်အတွက် အချိန်သာလိုတော့သည် မဟုတ်ပါလား။
သို့ဖြစ်ရာ သည်းခံပြီး အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းလိုက်သည်က ပိုကောင်းပေလိမ့်မည်။
……
လော်ယွမ်က မျှော်လင့်ချက်မြို့တော်သို့ ပြန်သွားပြီးနောက် နေ့လယ်ကတည်းက စုပုံနေသော စာရွက်စာတမ်းများကို ဖြေရှင်းနေလိုက်ရာ ညခုနစ်နာရီထိုးမှသာ အိမ်သို့ ပြန်ရောက်တော့သည်။
ဧည့်ခန်းထဲသို့ ဝင်ဝင်ချင်းပင် အိမ်ထဲ၌ သူစိမ်း အမျိုးသမီးနှစ်ဦး ရောက်နေသည်ကို တွေ့လိုက်ရသည်။
"ဒီနှစ်ယောက်က..." လော်ယွမ်က သံသယဖြင့် မေးလိုက်သည်။
"ဒါက ရှင်ငှားထားတဲ့ အိမ်တိုင်ရာရောက် စာပြပေးမယ့် ဆရာမတွေလေ" ဟွမ်ကျားဟွေက စိတ်မကြည်သာသည့်လေသံဖြင့် ပြောလိုက်သည်။ သူမ၏ စိတ်အခြေအနေက တည်ငြိမ်မနေပေ။
"အော်... သူတို့နှစ်ယောက်ကိုး" လော်ယွမ်က စိတ်ထဲတွင် သဘောပေါက်သွားသည်။
သို့သော် သူက ချန်ကွမ်ဟွေးကို ဆရာမနှစ်ယောက် စီစဉ်ပေးရန်သာ ခိုင်းခဲ့ခြင်းဖြစ်ပြီး ငယ်ရွယ်လှပသည့် အမျိုးသမီးနှစ်ယောက်ကို ရှာခိုင်းခဲ့ခြင်း မဟုတ်ပေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ချန်ကွမ်ဟွေးက သူ၏ သဘောဆန္ဒအတိုင်း အလွန်အကျွံ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။
သို့ရာတွင် ငှားရမ်းပြီးသွားပြီဖြစ်ရာ ပြန်လွှတ်လိုက်ရန်ကလည်း မကောင်းလှပေ။
သူက ရိုးသားဖြောင့်မတ်သူဖြစ်၍ ဘာကိုမျှ စိုးရိမ်မနေဘဲ ဘေးတွင် အေးဆေးစွာ ဝင်ထိုင်လိုက်ကာ "ဆရာမတို့ စောင့်နေရတာ ကြာပြီလား... နာမည်ဘယ်လိုခေါ်လဲဗျ" ဟု မေးလိုက်သည်။
"မကြာပါဘူးရှင့်... ကျွန်မနာမည်က ကျိုးရှောင်ယန်း ပါ"
"ကျွန်မကတော့ စွန်းလီဖေး ပါ"
လော်ယွမ်နှင့် မျက်နှာချင်းဆိုင်လိုက်ရချိန်တွင် အမျိုးသမီးနှစ်ဦးမှာ သိသာစွာပင် အနည်းငယ် စိတ်လှုပ်ရှားသွားကြပြီး ချီတုံချတုံ အမူအရာဖြင့် အမြန် ပြန်ဖြေလိုက်ကြသည်။
"နောက်ဆိုရင် နေ့ဘက်ပဲ စာသင်ပေးပါ... ညပြန်လို့ရပါတယ်... လစာကတော့ တစ်လကို ယွမ်တစ်ရာပါ" လော်ယွမ်က စဉ်းစားပြီးနောက် ပြောလိုက်သည်။
တစ်လလျှင် ယွမ်တစ်ရာဆိုသည်မှာ မဆိုးလှသော ခံစားခွင့်တစ်ခုပင် ဖြစ်သည်။
ယခုခေတ်၏ ယွမ်တစ်ရာဆိုသည်မှာ ယခင်က ယွမ်တစ်ရာနှင့် မတူတော့ပေ။
ဤနေရာတွင် သုံးနှုန်းသော "ယွမ်" ဆိုသည်မှာ အမှန်တကယ်တော့ စားနပ်ရိက္ခာ အလေးချိန်နှင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး အားလုံးက အကျင့်ပါနေသောကြောင့် "ယွမ်" ဟုသာ ခေါ်ဆိုနေကြခြင်း ဖြစ်သည်။
ယွမ်တစ်ရာဆိုသည်မှာ စားနပ်ရိက္ခာ ပေါင်တစ်ရာစာ ရိက္ခာလက်မှတ်ပင် ဖြစ်သည်။
ဤခံစားခွင့်က သာမန် အစိုးရဝန်ထမ်းများထက်ပင် ပိုများပြီး မိသားစုဝင် သုံးဦးပါဝင်သော အိမ်ထောင်စုတစ်ခုအတွက် ကောင်းမွန်စွာ နေထိုင်နိုင်ရန် လုံလောက်ပေသည်။
ဤအတွက် အမျိုးသမီးနှစ်ဦးမှာ မကျေနပ်စရာ အကြောင်းမရှိခဲ့ပေ။
"ဒီနေ့တော့ ပြန်လို့ရပါပြီ... မနက်ဖြန်မှ အလုပ်တရားဝင် စဆင်းကြနော်"
လော်ယွမ်က ၎င်းတို့၏ အရည်အချင်းနှင့် ပညာအရည်အချင်းကိုလည်း မမေးမြန်းခဲ့ပေ။
ချန်ကွမ်ဟွေးက သူ့သဘောနှင့်သူ လုပ်ဆောင်ခဲ့သည့်အတွက် အနည်းငယ် မကျေမနပ် ဖြစ်မိသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးတွင် တစ်ဖက်လူက သူ့ကို လိမ်လည်လှည့်ဖြားမည် မဟုတ်ကြောင်းကိုမူ သူ ယုံကြည်ထားသည်။
ဆက်ရန်...
အပိုင်း(၄၈၆) အာကာသထဲသို့ ပြောင်းရွှေ့ခြင်း
နောက်တစ်နေ့နံနက်စောစောတွင် လော်ယွမ်က ဧရာမသားရဲကြီး၏ အလောင်းကို သွားရောက်ကြည့်ရှုရန် ထပ်မံပျံသန်းသွားခဲ့သည်။
သို့သော် ထိုသတ္တဝါကြီးက အသက်ရှင်လျက် လှုပ်ရှားရုန်းကန်နေဆဲဖြစ်သည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။
ထို့အပြင် ထိုဧရာမသတ္တဝါကြီး ထပ်တလဲလဲ သောင်းကျန်းဖျက်ဆီးထားမှုကြောင့် ၎င်းရှိနေသည့်နေရာတစ်ဝိုက်သည် ဧရာမရေကန်ကြီးတစ်ခုအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။
ရေကန်အတွင်းရှိ ရေများက ပြင်းထန်စွာ ဆူပွက်နေပြီး အခိုးအငွေ့များ ထောင်းထောင်းထကာ အလွန်ပူပြင်းလှသော အပူရှိန်ကို ထုတ်လွှတ်နေသည်။
ထိုသတ္တဝါကြီး ရှိနေမှုကြောင့် ရေကန်ပတ်လည် မိုင်အနည်းငယ်ခန့်အကွာအဝေးရှိ ပတ်ဝန်းကျင်နှင့် ရာသီဥတုမှာပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
မူလက အေးခဲနေသင့်သည့် မလှမ်းမကမ်းမှ အပင်အချို့မှာ အရည်ပျော်သွားပြီး သစ်ကိုင်းများကြားမှ အဖူးအညှောက်များပင် ထွက်လာသည်ကို လော်ယွမ်က တွေ့လိုက်ရသည်။
လော်ယွမ်က အတန်ကြာ စောင့်ကြည့်နေခဲ့သော်လည်း ဘာမှမထူးခြားသဖြင့် လက်ဗလာဖြင့်သာ လှည့်ပြန်ခဲ့ရတော့သည်။
ထို့နောက် ရက်အနည်းငယ်ကြာသည့်တိုင် ထိုဧရာမသားရဲကြီးက ပြင်းပြလှသော ရှင်သန်လိုစိတ်ဖြင့် အသက်ဆက်နေဆဲပင်။
ကံကောင်းသည်မှာ လော်ယွမ်က အလျင်စလို မဖြစ်နေခြင်းပင်ဖြစ်သည်။ ဤဧရာမသားရဲကြီး လုံးဝသေဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းရန် သူ့တွင် အချိန်အလုံအလောက် ရှိနေသည်။
ထိုသို့စောင့်ဆိုင်းနေခဲ့ရာ တစ်လနီးပါးခန့်ပင် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
သားရဲကြီး သေဆုံးသွားသည်ကို မတွေ့ရသေးခင်မှာပင် အပြင်ဘက်အာကာသထဲရှိ အာကာသယာဉ်ပျံကြီးထံမှ သတင်းကောင်းတစ်ခု ရောက်ရှိလာခဲ့သည်။
ပထမဆုံး အဆောက်အအုံကြီးကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ရာ ပြောင်းရွှေ့မှုများကို နောက်ဆုံးတွင် စတင်နိုင်ပြီဖြစ်သည်။
မိခင်ယာဉ်ပျံကြီး၌ အမြဲရပ်နားထားလေ့ရှိသော အရေးပေါ် အာကာသယာဉ်ငယ်များက စတင်၍ အလုပ်များလာကြတော့သည်။
ယာဉ်ငယ်များအပြည့် တင်ဆောင်ထားသော ကုန်ပစ္စည်းများကို အာကာသထဲသို့ ပျံသန်းကာ အာကာသယာဉ်ပျံကြီးထံသို့ ဦးစွာ ပို့ဆောင်ကြရသည်။
ပြောင်းရွှေ့ခြင်းဆိုသည်မှာ လူများကို သယ်ယူပို့ဆောင်ရုံသက်သက် မဟုတ်ပေ။
အာကာသယာဉ်ပျံပေါ်တွင် အချိန်ကာလကြာရှည်စွာ ရှင်သန်နေထိုင်ရမည့်အရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ပြောင်းရွှေ့မည့်သူများ၏ စားဝတ်နေရေးကို ဦးစွာ အာမခံချက်ပေးနိုင်ရမည်ဖြစ်သည်။
ထိုအထဲတွင် အိမ်တွင်းစိုက်ပျိုးရေးဇုန်မှာ အရေးအကြီးဆုံးဖြစ်သည်။ စက်ရုံအချို့မှာပင် ပြောင်းရွှေ့မည့်စာရင်းထဲတွင် ပါဝင်နေသည်။
အဘယ်ကြောင့်ဆိုသော် လူသားများအနေဖြင့် ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာကို ဖော်ထုတ်ရာတွင် ထင်သလောက် ခရီးမပေါက်သောကြောင့် ဖြစ်သည်။
ဗိုရှင်းစက်ရုံ အများအပြားကို လူသားများက အသုံးပြု၍ မရနိုင်သေးဘဲ အချို့သော ကုန်ထုတ်လုပ်ငန်းများအတွက် လူသားတို့၏ စက်ယန္တရားများကို မဖြစ်မနေ အားထားနေရဆဲဖြစ်သည်။
ထို့အပြင် ပြောင်းရွှေ့လာသူများအနေဖြင့် လုပ်စရာအလုပ်မရှိဘဲ အလကားဖြစ်မနေစေရန်လည်း ရည်ရွယ်ပေသည်။
ဤအချက်များကပင် ယခုလုပ်ငန်းစဉ်ကြီးကို အထူးကြီးမားကျယ်ပြန့်စေပြီး အချိန်ကြာမြင့်စေခဲ့သည်။
အလုပ်သမားဦးရေ ဆက်တိုက်တိုးပွားလာမှုကြောင့် အာကာသယာဉ်ပျံပေါ်ရှိ လူနေရပ်ကွက် တည်ဆောက်ရေးအရှိန်မှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။
ပထမအသုတ် ပြောင်းရွှေ့မှုအပြီး ရက်အနည်းငယ်မျှပင် မနားရသေးဘဲ ဒုတိယအသုတ် ပြောင်းရွှေ့မှုကို ဆက်လက် စတင်ရပြန်သည်။
ထို့နောက် လအနည်းငယ်အတွင်း မျှော်လင့်ချက်မြို့တော်တစ်ခုလုံး အလုပ်များလျက် ရှိနေခဲ့သည်။
ယခင်က စည်ကားပြီး လူနေထူထပ်လှသော မျှော်လင့်ချက်မြို့တော်မှာ တဖြည်းဖြည်း ခြောက်ကပ်လာခဲ့သည်။
စက်မှုဇုန်ကို လုံးဝပြောင်းရွှေ့ရှင်းလင်းပြီးဖြစ်သလို ကုန်ပစ္စည်းသိုလှောင်ရုံများမှာလည်း ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။
နောက်ဆုံးအသုတ် ပြောင်းရွှေ့မည့်သူများ အာကာသယာဉ်ပျံပေါ်သို့ တက်ရောက်သွားပြီးနောက် မျှော်လင့်ချက်မြို့တော်တစ်ခုလုံးကို အပြီးတိုင် ချိပ်ပိတ်လိုက်တော့သည်။
သောင်းနှင့်ချီသော လူများက တန်းစီစောင့်ဆိုင်းနေရင်း မျှော်လင့်ချက်မြို့တော်ရှိရာဘက်သို့ ခဏခဏ လှည့်ကြည့်နေမိကြသည်။
သူတို့၏ ခြေလှမ်းများက လေးလံနေပြီး မျက်နှာအမူအရာများမှာလည်း ရှုပ်ထွေးနေကြသည်။
သူတို့သက်ရှိထင်ရှားရှိနေစဉ် ကာလအတွင်း ကမ္ဘာမြေသို့ ပြန်လာနိုင်ပြီး မျှော်လင့်ချက်မြို့တော်ကို ပြန်လည်ဖွင့်လှစ်နိုင်ပါဦးမည်လားဆိုသည်ကို မည်သူကမျှ မသိနိုင်ကြချေ။
ကမ္ဘာပျက်ကပ် စတင်ချိန်မှစ၍ သေမလုမျောပါး ရုန်းကန်ရှင်သန်ခဲ့ရပြီး ယခုအခါတွင်တော့ ကမ္ဘာမြေမှ အတင်းအကျပ် ထွက်ပြေးရကာ အမှောင်တိကျနေသော အာကာသထဲသို့ ဦးတည်သွားနေရပြီဖြစ်သည်။
ကမ္ဘာမြေကို တစ်ခါမျှ မစွန့်ခွာဖူးသော လူသားများအတွက်မူ ပြင်းထန်လှသော မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုတို့က လူတိုင်း၏ ရင်ထဲတွင် ပြည့်နှက်နေတော့သည်။
လူသားတို့သည် စကြဝဠာနှင့်ပတ်သက်၍ သိရှိနားလည်မှု အလွန်နည်းပါးလှပြီး မသိနားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများစွာဖြင့် ပြည့်နှက်နေသည်။
ကျယ်ပြောလှသော စကြဝဠာကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် လူသားများကို မဆိုထားနှင့်၊ ကမ္ဘာမြေကြီးသည်ပင် ဖုန်မှုန့်တစ်စက်ပမာ အလွန်သေးငယ်လွန်းလှပေသည်။
……
ယခုအချိန်တွင်မူ အာကာသယာဉ်ပျံပေါ်ရှိ လူနေရပ်ကွက်သည် ယခင်ပုံစံမျိုး မဟုတ်တော့ချေ။
ဧရာမအဆောက်အအုံကြီး ဆယ့်နှစ်လုံးက ထောက်တိုင်ကြီးများပမာ ဤနေရာလွတ်ကြီးကို ထောက်မထားရာ ကျယ်ဝန်းသော လူနေရပ်ကွက်ကြီးမှာ ကျဉ်းကျပ်သွားသလို ခံစားရစေသည်။
ဤစူပါအဆောက်အအုံကြီးများ၏ မျက်နှာပြင်တွင် မည်သည့်အလှဆင်မှုမျှ မပါရှိဘဲ သတ္တု၏ ငွေဖြူရောင်နှင့် ကြိုတင်ပုံသွင်းထားသော အစိတ်အပိုင်းများကို တပ်ဆင်ထားသည့် အကွက်ပုံစံများက အရာအားလုံးကို အေးစက်မာကျောနေစေပြီး သိပ္ပံစိတ်ကူးယဉ်ဆန်သော ခံစားချက်ကို အပြည့်အဝ ပေးစွမ်းနေသည်။
ဤနေရာရှိ နေရာလက်တစ်ဆုပ်စာတိုင်းကို အစွမ်းကုန် အသုံးချထားသည်။ မျက်စိတစ်ဆုံး မြင်ရသမျှမှာ ရှုပ်ယှက်ခတ်နေသော လမ်းအချို့မှလွဲ၍ အဆောက်အအုံကြီးများသာ ဖြစ်သည်။
များပြားလှသော လူဦးရေကို နေရာချထားနိုင်ရန်နှင့် အနာဂတ်တွင် လူဦးရေ ထပ်တိုးလာမည့်အရေးကို ဖြေရှင်းနိုင်ရန် အဆောက်အအုံအတွင်းပိုင်းမှာလည်း အလားတူ ကျဉ်းကျပ်လှသည်။
လက်ရှိအသုံးပြုနေသော အဆောက်အအုံတိုင်းတွင် လူဦးရေ ခုနစ်သိန်းခန့် နေထိုင်ကြပြီး လူများ အဝင်အထွက် လွယ်ကူစေရန် ဓာတ်လှေကား အစင်းသုံးရာခန့် တပ်ဆင်ထားသည်။
အတွင်းဘက်ရှိ ပန်းခြံများ၊ လမ်းများနှင့် စီးပွားရေးဇုန်စသည့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ဖယ်ချန်လိုက်ပါက အထပ်တိုင်းရှိ လူနေရပ်ကွက်များသည် သိပ်သည်းစွာ စီစဉ်ထားသော အကွက်လေးများကဲ့သို့ ဖြစ်နေသည်။
သာမန်လူအများစုမှာ တစ်ဦးလျှင် ၉၇ စတုရန်းပေခန့်ရှိသော နေထိုင်စရာ နေရာလေးကိုသာ ရရှိကြသည်။
မိသားစုရှိသူများဆိုလျှင် တော်သေးသည်။ အနည်းဆုံးတော့ အခန်းတွင်း၌ အိမ်သာပါရှိပေမည်။ အကယ်၍ လူပျိုလူလွတ်များသာဆိုလျှင်တော့ အများသုံးအိမ်သာကိုသာ အသုံးပြုကြရသည်။
ထို့အပြင် မြေပြင်နှင့် နှိုင်းယှဉ်ပါက ဤအခန်းများသည် အာကာသယာဉ်ပျံပေါ်တွင် ရှိနေသောကြောင့် ကုတင်နှင့် ပရိဘောဂအားလုံးကို သတ္တုဖြင့် ပြုလုပ်ထားပြီး ပုံစံတူ အရွယ်အစားများသာ ဖြစ်ကြသည်။ ထိုအရာများကို ကြမ်းပြင်နှင့် တစ်ပါတည်း သံမှိုစွဲထားသည်။
ဤနေရာတွင် နေထိုင်ရသည်မှာ လူများကို မလွှဲမရှောင်သာ ဖိနှိပ်ခံရသလိုနှင့် စိတ်အိုက်စရာကောင်းသလို ခံစားရစေသည်။
ထို့အပြင် အခန်းတိုင်းတွင် အနည်းဆုံး လုံခြုံရေးထိန်းချုပ်ကိရိယာ တစ်ခုစီ ပါရှိသည်။
ဤသည်မှာ အာကာသယာဉ်ပျံ အရှိန်တင်ချိန် သို့မဟုတ် အရှိန်လျှော့ချိန်တွင် လူများ လွင့်ထွက်သွားပြီး ထိခိုက်ဒဏ်ရာရမည့် အန္တရာယ်မှ ကာကွယ်ရန်ဖြစ်သည်။
လူအများအပြား ပြောင်းရွှေ့လာမှုကြောင့် လူနေရပ်ကွက်တစ်ခုလုံး ဆူညံပွက်လောရိုက်နေပြီး လမ်းမများပေါ်တွင် လူများ ပြည့်ကျပ်နေကာ အလွန်အမင်း ကျဉ်းကျပ်နေတော့သည်။
လော်ယွမ်က နောက်ဆုံးအသုတ် ပြောင်းရွှေ့လာသူများကို သေချာနေရာချထားပေးရန် အတူပါလာသော အရာရှိများကို ညွှန်ကြားလိုက်သည်။
ထို့နောက် သူနှင့် အတွင်းရေးမှူးဖြစ်သူ ချန်ကွမ်ဟွေးတို့နှစ်ဦးသည် ဗဟိုထိန်းချုပ်ရေးအခန်းဆီသို့ လျှောက်သွားကြသည်။
"မြို့တော်ဝန်..."
"မြို့တော်ဝန်..."
"လုပ်စရာရှိတာ ဆက်လုပ်ကြ" လော်ယွမ်က ခေါင်းညိတ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ယခုအခါ ထိန်းချုပ်ရေးအခန်းမှာ ဟာလာဟင်းလင်း ဖြစ်မနေတော့ချေ။
အာကာသယာဉ်မှူးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်သည်နှင့်အမျှ လူတိုင်းက ကိုယ့်နေရာနှင့်ကိုယ် အသင့်ရှိနေကြပြီး ဉာဏ်ရည်တုစနစ်၏ အကူအညီဖြင့် ဗိုရှင်းဂြိုဟ်သားများ၏ အာကာသယာဉ်ပျံကြီးကို မည်သို့မောင်းနှင်ရမည်ကို စတင်ရင်းနှီးကျွမ်းဝင်လာကြပြီ ဖြစ်သည်။
သာမန်စစ်သားများနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ လူတိုင်းသည် အဆင့်မြင့် ပညာအရည်အချင်းများ ရှိကြသည်။
အများစုမှာ မူလကတည်းက သိပ္ပံသုတေသနပညာရှင်များ သို့မဟုတ် အင်ဂျင်နီယာများ ဖြစ်ကြပြီး စစ်သားအတွေ့အကြုံ လုံးဝမရှိကြသူများပင် ဖြစ်သည်။
သို့သော် လော်ယွမ်က ထိုအချက်ကို ဂရုမစိုက်ပေ။ အဆင့်မြင့်နည်းပညာသုံး အာကာသယာဉ်ပျံကြီးကို ကိုင်တွယ်ရမည်ဖြစ်ရာ စစ်သားတစ်ယောက်၏ အရည်အချင်းထက် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အရည်အသွေးက ပို၍အရေးကြီးသည်။
ထို့အပြင် တိုက်ခိုက်နိုင်စွမ်းဆိုသည်မှာ နောက်မှ လေ့ကျင့်သင်ကြားပေး၍ ရသော်လည်း ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာမူ ပို၍ခက်ခဲလှသည်။
"ဘယ်လောက်ထိ ရင်းနှီးကျွမ်းဝင်နေပြီလဲ" လော်ယွမ်က ဘေးနားရှိ ပိကျန့်ဖိန်ကို မေးလိုက်သည်။
"အာကာသထဲ ဘယ်တော့လောက် ပျံသန်းနိုင်မလဲ"
"အချိန်တချို့တော့ လိုပါသေးတယ်... ခရီးတိုပျံသန်းတာကတော့ ပြဿနာမရှိနိုင်ပေမဲ့ ခရီးဝေးဆိုရင်တော့ မရသေးပါဘူး"
လော်ယွမ်၏ ပြစ်တင်ကြိမ်းမောင်းမှုကို ခံရပြီးကတည်းက ပိကျန့်ဖိန်သည် သူ၏အာရုံစိုက်မှု အများစုကို ဤနေရာတွင်သာ ထားရှိခဲ့သည်။
"အာကာသယာဉ်ကို ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်းက အခြေခံအဆင့်မှာပဲ ရှိနေပါသေးတယ်... တကယ်လို့ ယာဉ်ပျံမှာ ပြဿနာတစ်ခုခုပေါ်လာရင် ပြန်မောင်းနှင်နိုင်ဖို့က အရမ်းခက်ခဲသွားလိမ့်မယ်"
လော်ယွမ်က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကြယ်တာရာများကြား ကွမ်တမ်သယ်ယူပို့ဆောင်ရေးကိရိယာကို သူဖျက်ဆီးလိုက်ပြီးကတည်းက အာကာသယာဉ်၏ ဉာဏ်ရည်တုစနစ်မှာ စက်မှုဇုန်များနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
အလိုအလျောက် ထုတ်လုပ်ပေးနိုင်သော စက်ရုံများ ရပ်တန့်သွားရုံသာမက အင်ဂျင်နီယာ စက်ရုပ်များနှင့် ပြုပြင်ရေး စက်ရုပ်များပင်လျှင် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။
အကယ်၍ အစိတ်အပိုင်းတစ်ခုခု ပျက်စီးသွားပါက သို့မဟုတ် အပြင်ဘက် သံချပ်ကာ ပျက်စီးသွားပါက လက်ရှိ လူသားတို့၏ နည်းပညာအဆင့်အတန်းဖြင့် အစားထိုး ပြုပြင်ရန် လုံးဝမဖြစ်နိုင်ပေ။
ပျက်စီးနေသည့်အတိုင်းသာ ပစ်ထားရမည်ဖြစ်ရာ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိ အလွန်အန္တရာယ်များလှပေသည်။
"ဒီအာကာသယာဉ်ကို အမြန်ဆုံး ကျွမ်းဝင်အောင်လုပ်ပါ... လိုအပ်ရင် နည်းပညာရှင်တွေကို ပိုခေါ်လိုက်... ကျောင်းပြီးခါနီး ကျောင်းသားတချို့ကိုလည်း ဝင်လုပ်ခွင့်ပေးပြီး အာကာသယာဉ်ရဲ့ အရာအားလုံးကို အမြန်ဆုံး ကျွမ်းကျင်အောင် လုပ်ပါ" လော်ယွမ်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
အချိန်သိပ်မကျန်တော့ချေ။ လူသားများအနေဖြင့် ဤနေရာတွင် အမြဲတမ်း ရပ်တန့်နေ၍မဖြစ်ပေ။ ဤအာကာသနယ်မြေမှ အမြန်ဆုံး ထွက်ခွာရမည်ဖြစ်သည်။
"ဟုတ်ကဲ့ပါ မြို့တော်ဝန်" ပိကျန့်ဖိန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
"လတ်တလော လူတွေရဲ့ စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ" လော်ယွမ်က ယာဉ်မောင်းခန်းကို အတန်ကြာ ကြည့်ရှုပြီးနောက် ထပ်မေးလိုက်သည်။
"အခြေခံအားဖြင့်တော့ တည်ငြိမ်ပါတယ်... ဒါပေမဲ့ တချို့ကတော့ စိုးရိမ်ပူပန်နေကြတုန်းပါပဲ... ဘာပြဿနာမှ မဖြစ်ရအောင် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုးချထားပါတယ်"
"အရမ်းကောင်းတယ်... လုံခြုံရေးကိစ္စကို လုံးဝ လျှော့ပေါ့ထားလို့ မရဘူးနော်"
ဤသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ ကမ္ဘာမြေမှနေ၍ အာကာသထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ရာ ခြေချစရာ မြေကြီးမရှိတော့သည့်အတွက် လူများကို မလွှဲမရှောင်သာ စိတ်တိုစရာ၊ စိုးရိမ်ပူပန်စရာ ခံစားချက်များ ဖြစ်ပေါ်လာစေသည်။
ပုံမှန်လူမှုအဖွဲ့အစည်းသာဆိုလျှင် ဖျော်ဖြေရေးကဏ္ဍများ တိုးချဲ့ပေးကာ အာရုံပြောင်းစေခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှုများ ပြုလုပ်ပေးကာ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်သည်။
သို့သော် ယခုအချိန်တွင်မူ စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းနေပြီး လူမှုရေးနယ်ပယ်မှ ကျွမ်းကျင်သူများလည်း ရှားပါးနေသဖြင့် ထိုသို့ ဇိမ်ကျကျ လုပ်ဆောင်နိုင်မည့် အရင်းအမြစ်များ လုံးဝမရှိချေ။
ယခုအချိန်တွင် အရေးအကြီးဆုံးအလုပ်မှာ ဤအာကာသယာဉ်ပျံကြီးကို အမြန်ဆုံး ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်နှင့် ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာကို ဖော်ထုတ်ရန် အင်အားများကို စုစည်းထားရန်ပင်ဖြစ်သည်။
ကျန်သည့်ကိစ္စများကိုတော့ နောက်မှသာ ဖြေရှင်းရတော့မည်။
လော်ယွမ်က ထိုနေရာတွင် ခဏနေပြီးနောက် ထိန်းချုပ်ရေးအခန်းမှ ထွက်ခွာလာခဲ့သည်။
မကြာမီတွင် မျိုးဗီဇဓာတ်ခွဲခန်းသို့ ရောက်ရှိလာခဲ့သည်။
အတွင်းဘက်ရှိ ပျိုးထောင်ရေးအခန်းထဲတွင် ဉာဏ်ပညာသစ်ပင်၏ မျိုးပွားအပင်လေးများမှာ အပင်တစ်ထောင်ကျော်အထိ ရှိနေပြီဖြစ်ကာ သစ်ပင်ငယ်လေးများ စိုက်ပျိုးထားသည့် ဥယျာဉ်ငယ်တစ်ခုနှင့်ပင် တူနေသည်။
သို့သော် အခြေခံအားဖြင့် ဉာဏ်ပညာသစ်ပင်တိုင်းက လန်းဆန်းမှုမရှိဘဲ သစ်ရွက်များ ညှိုးရော်နေကာ ရှင်သန်တက်ကြွနေသည့် အရိပ်အယောင်ကို လုံးဝမတွေ့ရပေ။
"မြို့တော်ဝန်... ဒီဉာဏ်ပညာသစ်ပင်တွေက ကြီးထွားမှု အရမ်းနှေးကွေးနေတယ်... ၁.၅ ပေလောက်အထိ ကြီးလာပြီးတာနဲ့ အခြေခံအားဖြင့် ရပ်တန့်သွားကြတယ်... ကျွန်တော်တို့ အလင်းရောင်၊ စိုထိုင်းဆနဲ့ ဓာတ်သတ္တု အချိုးအစားတွေကို ညှိတာအပါအဝင် နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ကြည့်ခဲ့ပေမဲ့ ရလဒ်တွေက သိပ်မကောင်းဘူး..."
ပျိုးထောင်ရေးအခန်းထဲရှိ ဉာဏ်ပညာသစ်ပင်များကို ကြည့်နေသော လော်ယွမ်၏ မျက်နှာထား တင်းမာနေသည်ကို သတိထားမိလိုက်သဖြင့် သုတေသနဌာနမှူးက သတိထားကာ ရှင်းပြလိုက်သည်။
ဤကိစ္စအတွက် လော်ယွမ်က သိပ်အံ့ဩမနေပေ။ ဉာဏ်ပညာသစ်ပင်သာ ပုံမှန်အတိုင်း ကြီးထွားနိုင်မည်ဆိုလျှင် ၎င်းရှိနေသည့် အနီးတစ်ဝိုက်တွင် အရိုးစုအမြောက်အမြား ရှိနေမည်မဟုတ်ချေ။
"တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က ဉာဏ်ပညာသစ်ပင်ရဲ့ ပါဝင်ပစ္စည်းတွေကို လေ့လာစမ်းသပ်ပြီး သက်ရှိတွေနဲ့လည်း စမ်းသပ်မှုတချို့ လုပ်ခဲ့ပါတယ်... ဘာထူးခြားတဲ့ အာနိသင်မှတော့ မတွေ့ရသေးဘူး... ဒါပေမဲ့ မြို့တော်ဝန် ပေးထားတဲ့ နမူနာတွေထဲမှာတော့ ထူးခြားတဲ့ မော်လီကျူးကြီးတစ်ခုကို တွေခဲ့တယ်... ကျွန်တော်တို့က အဲဒီကနေ အသုံးဝင်မယ့် ဒြပ်စင်တွေကို သေချာထုတ်ယူပြီး စမ်းသပ်မှုတွေ လုပ်ကြည့်ခဲ့ပါတယ်"
"ရလဒ်က ဘယ်လိုလဲ" လော်ယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"တော်တော်လေးကို အံ့ဩစရာကောင်းပါတယ်" သုတေသနဌာနမှူးက အံ့ဩသဘောကျသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ဒီပစ္စည်းကို ထိုးသွင်းလိုက်ပြီးကတည်းက သန္ဓေပြောင်း ကြွက်တစ်ကောင်ရဲ့ ဉာဏ်ရည်က အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာတယ်... သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတွေကို သူကိုယ်တိုင် သတိထားမိလာပြီး ကြောက်ရွံ့တတ်လာတယ်... အစာကျွေးတဲ့သူကိုတောင် မျက်နှာလိုမျက်နှာရ လုပ်တတ်လာတယ်"
လော်ယွမ်က ထိုသနားစရာကောင်းသော သန္ဓေပြောင်းကြွက်ကို ဂရုမစိုက်ဘဲ သူစိတ်ဝင်စားသော မေးခွန်းကိုသာ မေးလိုက်သည်။
"ဒီမော်လီကျူးကို ပေါင်းစပ်ဖန်တီးလို့ ရနိုင်မလား"
သုတေသနဌာနမှူးက စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။
"ဒီမော်လီကျူးက လုံးဝကို မတည်ငြိမ်ဘူးဗျ... တကယ်တော့ သီအိုရီအရဆိုရင် ဒီလိုဒြပ်စင်မျိုးက လုံးဝကို မဖြစ်တည်နိုင်ဘူး... အလွန်မြင့်မားတဲ့ တက်ကြွစွမ်းအင် ပတ်ဝန်းကျင်မှာသာ ဖြစ်တည်နိုင်တာ... ဒါတောင်မှ အဲဒါက ပြိုကွဲခြင်းနဲ့ ပေါင်းစပ်ခြင်းဆိုတဲ့ အခြေအနေနှစ်ခုစလုံးမှာ တစ်ပြိုင်နက်တည်း ရှိနေတာ"
"တက်ကြွစွမ်းအင် ပတ်ဝန်းကျင်ဆိုတာက အရင်က အဆင့်မြင့် သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်အရည်တွေကနေပဲ စစ်ထုတ်ပြီး ရယူနိုင်တာ... လူကဖန်တီးလို့ မရဘူး... အခု အဆင့်မြင့် သန္ဓေပြောင်းသားရဲတွေဆီက ရနိုင်မယ့် အရင်းအမြစ်က မရှိတော့လို့ စမ်းသပ်မှုအခြေအနေကလည်း ရပ်တန့်နေတယ်"
"တက်ကြွစွမ်းအင်ပေါ့... အဲဒီအတွက် ငါနည်းလမ်းရှာကြည့်မယ်... အချိန်ကျရင် လူလွှတ်ပြီး ပို့ခိုင်းလိုက်မယ်" လော်ယွမ်က ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်းပင် ထောက်ခံအားပေးလိုက်သည်။
စွမ်းအင်သလင်းကျောက်ကို ရေတွင် ပျော်ဝင်စေခြင်းက မြင့်မားသော တက်ကြွစွမ်းအင်ပင် ဖြစ်သည်။
ထိုအရာများ သူ့ထံတွင် အများအပြား ကျန်ရှိနေသေးသည်။
တန်ဖိုးကြီးမားသော်လည်း ဉာဏ်ပညာဆေးရည်ကို ထုတ်လုပ်နိုင်မည်ဆိုပါက အရာအားလုံးက တန်ကြေးရှိပေသည်။
"အခု အရေးတကြီး လိုအပ်နေတာက ဉာဏ်ပညာဆေးရည်ကို အမြန်ဆုံး ဖော်စပ်နိုင်ဖို့ပဲ... ခင်ဗျားတို့ရဲ့ ဓာတ်ခွဲခန်းနဲ့ မျိုးဗီဇတည်းဖြတ်တဲ့ ဓာတ်ခွဲခန်းကို ခဏ ပေါင်းစည်းဖို့ ငါစဉ်းစားထားတယ်... ဟိုဘက် ဓာတ်ခွဲခန်းက ဗိုရှင်းဂြိုဟ်သားတွေရဲ့ စမ်းသပ်ကိရိယာတချို့ကို ဖော်ထုတ်နိုင်ထားတယ်... ဒါက သုတေသနလုပ်ငန်းစဉ်ကို အများကြီး မြန်ဆန်သွားစေလိမ့်မယ်လို့ ငါယုံတယ်"
"ကျွန်တော်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားပါ့မယ်" ထိုအခါ သုတေသနဌာနမှူးက အနည်းငယ် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဒီပရောဂျက်ကို ဘယ်သူက တာဝန်ယူရမှာလဲဗျ"
လော်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သိပ္ပံသုတေသနနယ်ပယ်ဆိုသည်မှာလည်း ဖြူစင်သည့် နေရာတစ်ခု မဟုတ်ဘဲ အာဏာနှင့် အကျိုးအမြတ် လုယက်မှုများ ရှိနေသည်မှာ မလွှဲမရှောင်သာပင်။
သူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ခင်ဗျားတို့ဆီက အရင်ဆုံး ရလဒ်တွေ ထွက်လာတာဆိုတော့ ဒီပရောဂျက်ကို ခင်ဗျားတို့ပဲ အဓိက ဦးဆောင်ရမယ်... အားလုံး ဝိုင်းဝန်းပူးပေါင်းပြီး မကြာခင်မှာ သတင်းကောင်း ကြားရဖို့ မျှော်လင့်တယ်"
……
ထို့နောက် လော်ယွမ်က စက်မှုဇုန်ကို တစ်ပတ် ထပ်မံလှည့်လည်ကြည့်ရှုခဲ့ပြီး အပြန်တွင်တော့ ဝမ်းသာတစ်ဝက် ဝမ်းနည်းတစ်ဝက် ဖြစ်နေခဲ့သည်။
ပြီးခဲ့သည့်အကြိမ် လာရောက်စစ်ဆေးစဉ်ကနှင့် နှိုင်းယှဉ်ပါက အသစ်စတင်လည်ပတ်နေသော ဗိုရှင်းစက်ရုံ ဆယ့်သုံးရုံ ထပ်တိုးလာခဲ့သည်။
မူလ အာကာသယာဉ် အစိတ်အပိုင်း ထုတ်လုပ်ရေးစက်ရုံ ကိုးရုံအပြင် နာနိုချစ်ပ်စက်ရုံ၊ နာနိုပစ္စည်းစက်ရုံ၊ ပိုလီမာပစ္စည်း ပေါင်းစပ်စက်ရုံနှင့် ပြင်းထန်ဗဟိုခွာအား ဒြပ်စင်ထုတ်ယူ သန့်စင်ရေးစက်ရုံစသည့် အရေးကြီးသော အခြေခံအဆောက်အအုံ စက်ရုံများလည်း ပါဝင်သည်။
ဤစက်ရုံများမှတစ်ဆင့် လူသားတို့၏ နည်းပညာစွမ်းရည်မှာ ကြီးမားစွာ ဖြည့်ဆည်းခံရပြီး အဆင့်ကျော်လွန်၍ပင် တိုးတက်လာခဲ့သည်။
ဥပမာအားဖြင့် နာနိုချစ်ပ်များကို ဆိုရလျှင် ဤဗိုရှင်းဂြိုဟ်သားများ၏ ချစ်ပ်နည်းပညာမှာ လူသားများအသုံးပြုသော အလင်းထိန်းချုပ်နည်းပညာ မဟုတ်ဘဲ အက်တမ်ထိန်းချုပ်နည်းပညာမှတစ်ဆင့် အက်တမ်အဆင့်တွင် တိုက်ရိုက်စီစဉ်ကာ ချစ်ပ်များအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
တူညီသော လုပ်ဆောင်နိုင်စွမ်းရှိသည့် ချစ်ပ်တစ်ခု၏ အရွယ်အစားမှာ လူသားတို့ထုတ်လုပ်သည့် ချစ်ပ်များ၏ အပုံတစ်ထောင်ပုံ တစ်ပုံပင် မရှိချေ။
ဤအဓိကစက်ရုံများမှတစ်ဆင့် လူသားများသည် မိမိတို့၏ အီလက်ထရောနစ် ထုတ်လုပ်မှုစွမ်းရည်ကို အခြေခံအားဖြင့် ပြန်လည်ရရှိနေပြီဖြစ်သည်။
ယခုနောက်ဆုံး ထုတ်လုပ်ထားသော ကွန်ပျူတာများသည် သုတေသနပြုဆဲဖြစ်သော ကွမ်တမ်ကွန်ပျူတာနည်းပညာကို အသုံးမပြုရသေးသော်လည်း ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းမှာ အဆပေါင်းတစ်ရာခန့် ပိုမိုအားကောင်းနေပြီး အရွယ်အစားကိုလည်း လက်မအရွယ်အစားအထိ သေးငယ်သွားအောင် ပြုလုပ်နိုင်နေပြီဖြစ်သည်။
အချိန်တိုတို ခြောက်လအတွင်း လူသားများသည် ပုံမှန်အခြေအနေတွင် နှစ်ဆယ် သို့မဟုတ် နှစ်ငါးဆယ်ခန့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှသာ ဖောက်ထွက်နိုင်မည့် နည်းပညာကို ရရှိခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် အသုံးမပြုရသေးသော စက်ရုံများစွာနှင့် နှိုင်းယှဉ်ပါက လူသားများ ယခု ဖော်ထုတ်နိုင်ခဲ့သော စက်ရုံများမှာ ဆယ်ပုံတစ်ပုံပင် မရှိသေးပေ။
ဤအာကာသယာဉ်ပျံကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်ဆိုသည်မှာ ပို၍ပင် ဝေးကွာနေသေးသည်။
အကြောင်းရင်းမှာ တစ်ဖက်တွင် အချိန်တိုတောင်းနေသေးသောကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ကျွမ်းကျင်ပညာရှင်များ နည်းပါးလွန်းနေသောကြောင့်ဖြစ်သည်။
ဤအချက်ကပင် လော်ယွမ်အား ဉာဏ်ပညာဆေးရည်အပေါ် ပို၍ အရေးတကြီး လိုလားလာစေတော့သည်။
ဆက်ရန်...