← Chapters

အခန်း (၄၈၇-၄၈၈)

Vol. 25 Ch. 487-488

အခန်း (၄၈၇-၄၈၈)

Vol. 25 Ch. 487-488

အပိုင်း(၄၈၇) ဧရာမသားရဲကြီး၏ ကိုယ်တွင်းသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ခြင်း

စစ်ဆေးမှုများ ပြုလုပ်အပြီးတွင် လော်ယွမ်က "အေ" အဆောက်အအုံဟုခေါ်သည့် ဗဟိုအဆောက်အအုံ၏ အပေါ်ဆုံးထပ်ရှိ သူ၏နေအိမ်သို့ ပြန်လာခဲ့သည်။

သူ၏နေအိမ်မှာ သာမန်စံသတ်မှတ်ထားသော အခန်းမျိုးမဟုတ်သလို၊ တစ်ဦးလျှင် စတုရန်းပေ ၁၀၀ ခန့်သာ နေရသည့် အခန်းကျဉ်းလေးမျိုးလည်း မဟုတ်ပေ။

စတုရန်းပေ တစ်သိန်းကျော် အကျယ်အဝန်းရှိသော တစ်လွှာလုံးမှာ သူ၏ ကိုယ်ပိုင်ပိုင်နက် ဖြစ်သည်။ မျက်နှာကြက်အမြင့်မှာလည်း ပုံမှန်ထက်လွန်ကဲကာ ပေ ၃၀ ကျော်ခန့် မြင့်မားသည်။

သို့သော် အခြားသာမန်အလွှာများနှင့် နှိုင်းယှဉ်ပါက ဤနေရာတွင် သတ္တုတိုင်များစွာကို ပိုမိုထည့်သွင်းတည်ဆောက်ထားရာ အဆောက်အအုံ၏ ကြံ့ခိုင်မှုကိုတော့ ထိခိုက်စေမည်မဟုတ်ချေ။

ထိုသတ္တုတိုင်များကိုလည်း အသေအချာ စိတ်ကူးပုံဖော်ထားသည်။ တိုင်တိုင်းတွင် သေသပ်လှပသော ပန်းပုလက်ရာများကို ထွင်းထုထားရာ ကြည့်လိုက်သည်နှင့် အလွန်တင့်တယ်ခမ်းနားနေသည်။

နေရာလွတ်များလွန်းနေသည်ဟု မခံစားရစေရန် အသေးစား ရုက္ခဗေဒဥယျာဉ်၊ လေ့ကျင့်ရေးကွင်း၊ လူလုပ်ရေကန်၊ စာကြည့်တိုက်နှင့် ရုပ်ရှင်ရုံတို့ကိုပါ ထည့်သွင်းထားသေးသည်။

သူ အမှန်တကယ် နေထိုင်သည့် အိမ်မှာမူ ရေကန်ဘေးတွင် သီးသန့်ဆောက်လုပ်ထားသော သုံးထပ်စံအိမ်လေးပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤသည်မှာ သာမန်မျှသာ ဖြစ်သော်လည်း၊ လူအများစုမှာ ကျဉ်းကျပ်ပိတ်လှောင်သော နေရာများတွင်သာ နေထိုင်နေရသည့် ယနေ့ခေတ်ကာလတွင်မူ ဤအရာက အလွန်အမင်း ဇိမ်ကျလွန်းနေသည်မှာ သေချာလှသည်။

အမှန်တကယ်တော့ ဤသည်မှာ လော်ယွမ်၏ ဆန္ဒမဟုတ်သလို၊ သူ၏ စရိုက်အရလည်း ဤသို့လုပ်ရန် ညွှန်ကြားမည် မဟုတ်ပေ။

လက်အောက်ငယ်သားများက သူတို့သဘောနှင့်သူတို့ စီစဉ်ထားခြင်းသာ ဖြစ်ရာ ယမန်နေ့က လော်ယွမ် တရားဝင် ပြောင်းရွှေ့လာချိန်တွင် သူကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

အာဏာကို အပြည့်အဝ စုစည်းထားသည့် ဤလူ့အဖွဲ့အစည်း ဖွဲ့စည်းပုံအရ လော်ယွမ်က အသက်ကိုပင် ပေးစွမ်းနိုင်၊ ရုတ်သိမ်းနိုင်သော အထွတ်အထိပ် ဘုရင်တစ်ပါးနှင့် တူနေသည်။

သူ မလိုလားလျှင်တောင်မှ သူ အမြင်မစောင်းစေရန်အတွက် လူပေါင်းများစွာက အသက်လုကာ မျက်နှာလိုမျက်နှာရ ဖားယားနေကြမည်သာ ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ လော်ယွမ်က ဘာမျှဝင်မပြောခဲ့ချေ။ ချီးကျူးအားပေးခြင်း မရှိသလို၊ လူပုံလယ်တွင်လည်း အပြစ်မတင်ခဲ့ပေ။

သူကိုယ်တိုင်က သူတော်စင်တစ်ပါး မဟုတ်သည့်အတွက် ဤအရာများကို ခံစားစံစားရခြင်းအပေါ် မည်သည့် အပြစ်ရှိသလိုမျိုးမှ ခံစားရမည် မဟုတ်ချေ။

ထို့ပြင် တစ်နည်းအားဖြင့် ပြောရလျှင် ဤအာကာသယာဉ်တစ်ခုလုံးက သူ၏အပိုင်ဖြစ်ရာ ဤမျှ "သေးငယ်သော" နေရာလေးတစ်ခုကို ယူထားခြင်းက သဘာဝကျလှပေသည်။

မိသားစုထဲတွင် အမျိုးသမီးများ များပြားနေသဖြင့် အိမ်ထဲသို့ ဝင်ရန် မသင့်တော်သည်ကို ထည့်တွေးကာ လော်ယွမ်က အတွင်းရေးမှူး ချန်ကွမ်းဟွေးကို ရေကန်ဘေးရှိ ခုံတန်းလျားတွင် စောင့်နေရန် ပြောပြီးနောက် စံအိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားခဲ့သည်။

"ကိုကြီးယွမ်.. ပြန်ရောက်ပြီလား"

ကြမ်းပြင်ကို သုတ်သင်ရှင်းလင်းနေသော ချန်ကျားယီက လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ အမြန်မတ်တတ်ရပ်လိုက်ပြီး ရှက်ရွံ့စွာ နှုတ်ဆက်လိုက်သည်။

"နင်တစ်ယောက်တည်း အလုပ်ရှုပ်နေတာလား... ကျန်တဲ့သူတွေရော ဘယ်သွားကြလဲ" လော်ယွမ်က ခြေလှမ်းကို ရပ်တန့်ကာ မေးလိုက်သည်။

"သူတို့တွေ ဒီနား လျှောက်ကြည့်နေကြတယ်" ချန်ကျားယီက အဝတ်စုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ကြောက်ရွံ့တုန်လှုပ်စွာ ဖြေလိုက်သည်။

လော်ယွမ်က နောက်ဆုံးအသုတ် ပြောင်းရွှေ့လာသူများနှင့်အတူ ယနေ့မှ ရောက်လာခြင်း ဖြစ်သော်လည်း၊ သူမတို့အဖွဲ့ကမူ ဤနေရာသို့ တစ်ရက်ကြိုတင် ပြောင်းရွှေ့လာခဲ့ကြသည်။

ထို့ကြောင့် သူမတို့အတွက် ဤနေရာက အတော်လေး အဆန်းတကြယ် ဖြစ်နေဆဲပင်။

သို့သော် ချန်ကျားယီ အတွက်တော့ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းမနေသည်မှာ သိသာလှသည်။

ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ကပ်ပါးမှော်ပင်များ၏ ကပ်တွယ်မှုကို အချိန်ကြာမြင့်စွာ ခံခဲ့ရခြင်းက သူမအပေါ် သက်ရောက်မှုများ ရှိနေဆဲဖြစ်သည်။

ထိုအရာက သူမကို အလွန်အမင်း အထီးကျန်ဆန်သူတစ်ဦး ဖြစ်သွားစေခဲ့ပြီး ပုံမှန်တွင်လည်း စကားနည်းကာ အပြင်ထွက်လေ့ သိပ်မရှိတော့ချေ။

"ဗီဇပြောင်းလူသားမလေးရော အတူပါသွားတာလား" လော်ယွမ်က မေးလိုက်သည်။

"ဟုတ်တယ်၊ နှာခေါင်းစည်း တပ်ပြီး သွားကြတာ... သူက အတင်းလိုက်သွားချင်နေတာလေ" ဟု ချန်ကျားယီက ပြန်လည်ဖြေကြားသည်။

လော်ယွမ်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသော်လည်း ချက်ချင်းပင် ပြန်လည်ပြေလျော့သွားသည်။

ဗီဇပြောင်းလူသားမလေး၏ ယခုပုံပန်းသဏ္ဌာန်မှာ လူသားတစ်ဦးနှင့် ပို၍တူညီလာပြီ ဖြစ်ရာ သေချာမကြည့်ပါက သာမန်လူနှင့် ခွဲခြားသိနိုင်ရန် အလွန်ခက်ခဲပေသည်။

သတိထားပြီး သွားလာပါက ဆူပူအုံကြွမှုများကို ဖြစ်ပေါ်စေမည် မဟုတ်ချေ။

လော်ယွမ်က ဘာမျှ ဆက်မပြောတော့ဘဲ အိပ်ခန်းထဲသို့ ခပ်သုတ်သုတ် ဝင်သွားကာ စွမ်းအင်သလင်းကျောက်ကို သိမ်းဆည်းထားသည့် သံလုံးကို ရှာဖွေလိုက်သည်။

ထို့နောက် လက်ဖြင့် လှည့်ဖွင့်လိုက်သည်။

အဆင့်(၈) စွမ်းအင်သလင်းကျောက်မှာ အမျိုးသမီးများက အချိန်အတိုင်းအတာတစ်ခုခြား၍ မှီဝဲခဲ့ကြသဖြင့် သိပ်မကျန်တော့ချေ။ တစ်လုံးခွဲခန့်သာ ကျန်ရှိတော့သည်။

သူက သံအဖုံးတစ်ဝက်ကို ပုလင်းငယ်လေးတစ်ခုအဖြစ် ဖိချေပုံဖော်လိုက်ပြီးနောက် လက်သည်းဖြင့် ဝက်အူရစ်များကို သေချာစွာ ထွင်းထုလိုက်သည်။

ယခုအချိန်တွင် သူ၏ ခွန်အားထိန်းချုပ်နိုင်စွမ်းမှာ အလွန်တိကျသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤသို့သော ရိုးရှင်းလှသည့် လက်မှုအလုပ်လေးက သူ့အတွက် အခက်အခဲ မရှိချေ။

သိပ်မကြာမီမှာပင် ကြမ်းတမ်းသော သတ္တုပုလင်းငယ်တစ်ခုကို ဖန်တီးပြီးစီးသွားသည်။

လော်ယွမ်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း အပြည့်အစုံရှိနေသော သလင်းကျောက်တစ်လုံးကို ယူကာ ပုလင်းထဲသို့ထည့်၍ အဖုံးကို တင်းကျပ်စွာ ပိတ်လိုက်သည်။

ကျန်ရှိနေသော သလင်းကျောက်တစ်ဝက်ကိုမူ ကျန်နေသည့် သံအဖုံးတစ်ဝက်ဖြင့် ပြန်လည် ချိပ်ပိတ်ထားလိုက်သည်။

ခဏအကြာတွင် လော်ယွမ်က စံအိမ်ထဲမှ ထွက်လာခဲ့သည်။

သူက ချန်ကွမ်းဟွေးကို ဤစွမ်းအင်သလင်းကျောက်၏ အသုံးပြုပုံနှင့် အာနိသင်များကို အသေးစိတ် ရှင်းပြလိုက်ပြီး ပုလင်းကို ကမ်းပေးရင်း "ဒါကို ညွှန်ကြားရေးမှူးကျိုး ဆီ ငါ့ကိုယ်စား သွားပေးလိုက်ပါ" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ မြို့တော်ဝန်" ချန်ကွမ်းဟွေးက မပေါ့ဆရဲဘဲ အမြန်ပြန်ဖြေလိုက်သည်။

ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် လော်ယွမ်က ပြန်ခေါ်လိုက်သည်။

"သူ့ကို ငါ့ကိုယ်စား စကားတစ်ခွန်း ပါးလိုက်ဦး.. ဒီပစ္စည်းက ဒီတစ်လုံးပဲ ရှိတော့တာမို့လို့ စမ်းသပ်တဲ့အခါ ချင့်ချိန်ဖို့နဲ့... စမ်းသပ်မှုတိုင်းနဲ့ အသုံးပြုလိုက်တဲ့ ပမာဏတိုင်းကို အသေးစိတ် မှတ်တမ်းတင်ထားဖို့ လိုအပ်တယ်လို့ ပြောလိုက်"

သိချင်စိတ် ပြင်းပြလွန်းခြင်းက သုတေသီများ၏ ယေဘုယျအားနည်းချက် ဖြစ်သည်။

သူ့ထံတွင် နောက်ထပ် တစ်ဝက် ကျန်နေသေးသည် ဆိုသော်ငြားလည်း၊ သတိမပေးထားဘဲ ရမ်းသန်းစမ်းသပ်ကာ အလဟဿ ဖြုန်းတီးပစ်လိုက်မည်ဆိုလျှင် ဆယ်လုံးရှိနေလျှင်ပင် လောက်မည် မဟုတ်ပေ။

"ဟုတ်ကဲ့ပါ မြို့တော်ဝန်... အဲဒီစကားကို သေချာပေါက် ပြောလိုက်ပါ့မယ်"

ချန်ကွမ်းဟွေးက ဗဟိုအဆောက်အအုံ၏ အပေါ်ဆုံးထပ်မှ အလျင်စလို ထွက်ခွာလာပြီး အောက်ထပ်သို့ဆင်းကာ ဓာတ်လှေကားကို တမင်စီးခဲ့သည်။

အပေါ်ဆုံးထပ်တွင် ဓာတ်လှေကား ရှိသော်လည်း ၎င်းမှာ မြို့တော်ဝန် သီးသန့်အသုံးပြုရန် ဖြစ်သည်။

သူက စိတ်ကူးသိမ်မွေ့ပြီး လုပ်ငန်းဆောင်တာများတွင် သတိကြီးသူဖြစ်ရာ ဤသို့သော အမှားအယွင်းသေးသေးလေးမျိုးကို လုံးဝကျူးလွန်မည် မဟုတ်ချေ။

ဓာတ်လှေကားထဲသို့ ဝင်ရောက်ပြီးနောက်၊ ချန်ကွမ်းဟွေးက သတ္တုပုလင်းကို ကြည့်လိုက်ရာ သူ၏ နှလုံးခုန်နှုန်းများက အလိုအလျောက် အနည်းငယ် မြန်ဆန်လာခဲ့သည်။

မြို့တော်ဝန်ကသာ စောစောက စကားပါးခိုင်းခြင်း မရှိခဲ့လျှင် ဤထူးခြားမှုမရှိသော သတ္တုပုလင်းငယ်အတွင်း၌ အဆင့်(၈) သတ္တဝါတစ်ကောင်၏ စွမ်းအင်သလင်းကျောက် ပါရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

မျှော်လင့်ချက်မြို့တော်ကို တစ်ချိန်က ဖျက်ဆီးခဲ့သော ဧရာမသားရဲကြီး နှစ်ကောင်ကို သူ အမှတ်ရသွားမိသည်။

၎င်းမှာ လူသားတို့၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေသော စွမ်းအားမျိုးဖြစ်ပြီး၊ ထိုသို့သော သားရဲကြီးများရှေ့တွင် လူသားတို့၏ လက်နက်များက အလွန်ပင် အားနည်းဖျော့တော့လွန်းလှသည်။

ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ၎င်း၏ ကိုယ်တွင်းရှိ ထိုစွမ်းအင်သလင်းကျောက်ပင် ဖြစ်သည်။

၎င်းက လူသားတို့၏ အရည်အသွေး အဖက်ဖက်ကို မြှင့်တင်ပေးနိုင်ပြီး သာမန်လူတစ်ယောက်ကို စူပါလူသားအဖြစ် ပြောင်းလဲသွားစေကာ ပိုမိုစွမ်းအားကြီးမားလာစေနိုင်သည်။

တစ်ချိန်တည်းမှာပင် သက်တမ်းကိုလည်း ပိုမိုရှည်ကြာလာစေနိုင်သည်။

ရှေ့အချက်နှင့် နှိုင်းယှဉ်ပါက သူက နောက်အချက်ကို ပို၍ အလေးထားမိသည်မှာ သေချာလှသည်။

ယခုမူ အသက်ရှည်ခြင်းဆီသို့ သွားရာ ထိုသော့က သူ၏ လက်ထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ စိတ်ထဲတွင် ထိန်းချုပ်မရသော လှိုင်းဂယက်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက များများစားစားလည်း မလိုချင်ပေ၊ အကြောင်းမှာ အလွယ်တကူ ပေါ်လွင်သွားနိုင်သောကြောင့် ဖြစ်သည်။

တစ်ဝက်... မဟုတ်သေးဘူး.. သုံးပုံတစ်ပုံလောက်ဆိုလျှင်ပဲ ရပြီ... သူ၏ အသက်ရှူနှုန်းများက တဖြည်းဖြည်း မြန်ဆန်လာပြီး မျက်နှာအမူအရာကလည်း ပြင်းထန်စွာ ပြောင်းလဲလာသည်။

သူ၏ စိတ်ထဲတွင် ပြင်းထန်စွာ လွန်ဆွဲနေပြီး သတ္တုပုလင်းကို မသိစိတ်က တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

ထိုစဉ် ပုလင်းထဲမှ အပူငွေ့လေးတစ်ခု စိမ့်ထွက်နေသည်ကို သူ ရုတ်တရက် ခံစားလိုက်ရသည်။

သူ၏ စိတ်ထဲတွင် သိချင်စိတ် တစ်ချက်ပေါ်လာကာ ပုလင်းကို သေချာစွာ စူးစမ်းကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလို ပုလင်းတစ်ခုလုံး၏ မျက်နှာပြင်တွင် ထင်ရှားသော လက်ဗွေရာများက တံဆိပ်တုံးများ ရိုက်နှိပ်ထားသကဲ့သို့ ပြည့်နှက်နေသည်ကို အထိတ်တလန့် တွေ့လိုက်ရသည်။

ထိုအခါမှ ပုလင်း၏ အပူငွေ့ကို သူ ရုတ်တရက် သတိရသွားသည်။

သူ၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားပြီး ပုလင်းကို ကိုင်ထားသော လက်များက အလိုအလျောက် တုန်ယင်လာခဲ့သည်။

မြို့တော်ဝန်၏ လူယုံတစ်ဦးအနေဖြင့် အချိန်ကြာမြင့်စွာ အတူနေလာခဲ့ရခြင်းက သူ့ကို မြို့တော်ဝန်၏ ကြောက်မက်ဖွယ်ကောင်းပုံများကို တဖြည်းဖြည်း မေ့လျော့သွားစေခဲ့သည်။

အကယ်၍ သူသာ တစ်စိတ်တစ်ပိုင်းကို ခိုးယူသိမ်းဆည်းလိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ် ထူးခြားပြောင်းလဲလာမှုနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို မြို့တော်ဝန် မသိအောင် တကယ်ပဲ ဖုံးကွယ်ထားနိုင်ပါမည်လား။

မည်သို့ပင်ဆိုစေ မြို့တော်ဝန်က ဂြိုဟ်သားများကို သုတ်သင်ကာ အာကာသယာဉ်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည့် နတ်ဘုရားတစ်ပါးနှင့် တူသော သူပင် မဟုတ်ပါလား။

သူ၏ တစ်ကိုယ်လုံး တုန်တက်သွားပြီး တပ်မက်မှုများထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ သတိပြန်ဝင်လာချိန်တွင် သူ၏ အတွင်းခံအင်္ကျီများပင် ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

"ငါတောင်မှ သွေးဆောင်မှုကို မလွန်ဆန်နိုင်ဖြစ်တော့မလို့ပဲ" ချန်ကွမ်းဟွေးက ခါးသီးစွာ ပြုံးလိုက်သည်။

ယခုအခါ သူက လုံးဝ အသိစိတ်ပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။

"မြို့တော်ဝန်က နည်းနည်းလေး ပေါ့ဆသွားသလိုပဲ... အင်းလေ... သူ့ရဲ့ အရမ်းမြင့်တဲ့ အစွမ်းတွေနဲ့ဆိုတော့ ဒီပစ္စည်းက သူ့အတွက် သိပ်ပြီး တန်ဖိုးရှိမှာ မဟုတ်ဘူး... ဒါပေမဲ့ သာမန်လူတွေ အတွက်တော့ ဆွဲဆောင်မှုက တကယ်ကို ကြီးမားလွန်းတယ်"

"သုတေသီတွေက ကိုယ်ကျိုးအတွက် ခိုးမဝှက်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး... ဒါကို သီးသန့် ထိန်းသိမ်းဖို့ သက်တော်စောင့် တစ်ဖွဲ့လောက်ကို စီစဉ်ထားမှ ဖြစ်မယ်"

နောက်တစ်နေ့ နံနက်စောစောတွင် လော်ယွမ်က အာကာသယာဉ်ပေါ်မှ ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်လာခဲ့ပြီး မည်သို့မှ သတ်၍မသေနိုင်သော အာကာသ ဧရာမသားရဲကြီးအား ထပ်မံ၍ "သွားရောက်ကြည့်ရှု" ရန် ပြင်ဆင်လိုက်သည်။

သားရဲကြီး၏ အခြေအနေကို ပြီးခဲ့သည့်အကြိမ် လာရောက်စစ်ဆေးခဲ့ပြီးကတည်းက အာရုံမစိုက်မိသည်မှာ နှစ်လတိုင်တိုင် ရှိနေပြီဖြစ်သည်။

ယခုကဲ့သို့ အချိန်ကြာမြင့်နေပြီဖြစ်ရာ မည်မျှပင် အသက်ပြင်းသည့် သက်ရှိဖြစ်ပါစေ လုံးဝ သေဆုံးသွားလောက်ပြီဟု သူ တွေးထင်ထားခဲ့သည်။

သို့သော် သားရဲကြီး၏ အလောင်းရှိရာ မူလနေရာသို့ ပြန်လည်ရောက်ရှိချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ မျက်လုံးပြူးကာ အချိန်အတန်ကြာ ဆွံ့အသွားခဲ့ရသည်။

ဤနေရာက စိမ်းလန်းစိုပြည်သော အိုအေစစ်တစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မရေမတွက်နိုင်သော အပင်များက သန်စွမ်းစွာ ပေါက်ရောက်နေပြီး အကိုင်းအခက် အရွက်များ ဝေဆာကာ ရှင်သန်တက်ကြွနေသည့် အသက်ဝင်မှုကို ပြသနေသည်။

တစ်ချိန်တည်းမှာပင် အလယ်ဗဟိုရှိ ရေကန်ကြီးမှာလည်း အဆပေါင်းများစွာ ကျယ်ပြန့်လာပြီး ပင်လယ်ပြင်တစ်ခုအလား ဖြစ်ပေါ်နေကာ ရေကန်တစ်ပြင်လုံးတွင် မြူခိုးများ ရစ်သိုင်းနေသဖြင့် နတ်ပြည်တစ်ခွင်ကဲ့သို့ ထင်မှတ်ရသည်။

ရေကန်ဗဟိုချက်ရှိ ကျွန်းငယ်လေးတစ်ကျွန်းနှင့် တူနေသော ဧရာမသားရဲကြီးမှာမူ ဆက်လက်၍ အားယူလှုပ်ရှားနေဆဲပင် ဖြစ်သည်။

ဤမျှ အချိန်ကြာမြင့်လာပြီးနောက်တွင် ၎င်း၏ လှုပ်ရှားမှုများက သိသိသာသာ နည်းပါးသွားပြီး ရုန်းကန်မှုများကလည်း တချက်တချက်သာ ရှိတော့သည်။

အများစုမှာ အနည်းငယ်မျှသာ လှုပ်ရှားတော့သော်လည်း ၎င်း၏ သက်ရှိအငွေ့အသက်များက အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိသေးသည်ကို လော်ယွမ် မြင်နိုင်ပေသည်။

ရုန်းကန်မှုများ အားနည်းသွားခြင်းမှာ ၎င်း၏ ဦးနှောက် ပျက်စီးသွားပြီးနောက် ကျောရိုးအာရုံကြောများ၏ အလိုအလျောက် တုံ့ပြန်မှုများက အရင်ကလောက် မပြင်းထန်တော့၍သာ ဖြစ်သည်။

အခြားတစ်နည်းဖြင့် ပြောရလျှင် ၎င်း၏ ကျောရိုးအာရုံကြောများက ဤကဲ့သို့ ဦးနှောက်မရှိတော့သည့် အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်သွားပြီ ဖြစ်သည်။

သို့သော် ခန္ဓာကိုယ်ကို တိုက်ခိုက်ခံရခြင်း သို့မဟုတ် နာကျင်မှုကို ခံစားရပါက ၎င်းက တစ်ဖန်ပြန်လည် "နိုးထ" လာပြီး အပြင်းအထန် ပြန်လည်ရုန်းကန်လာနိုင်ပေသည်။

၎င်းကို သေဆုံးသွားပြီဟု ပြော၍ရသကဲ့သို့ တခြားသော ပုံစံတစ်မျိုးဖြင့် အသက်ပြန်ရှင်လာသည်ဟုလည်း ဆိုနိုင်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းက ဦးနှောက်ပါရှိသော အဆင့်မြင့်သက်ရှိအဖြစ်မှ အန္တရာယ်ကို ရှောင်ရှားတတ်သည့် အလိုအလျောက် တုံ့ပြန်မှုသာ ကျန်ရှိတော့သော အဆင့်နိမ့်သက်ရှိအဖြစ်သို့ ဆုတ်ယုတ်သွားခြင်းပင် ဖြစ်သည်။

၎င်း လုံးဝသေဆုံးသွားမည့် အချိန်ကို စောင့်ဆိုင်းရမည်ဆိုပါက နှိုင်းယှဉ်မရအောင် ရှည်လျားလွန်းလှသည့် ကာလတစ်ခု ဖြစ်လာပေလိမ့်မည်။

လူသားများ ဤကြယ်တာရာစုထဲမှ ထွက်ခွာသွားရမည့် အချိန်ရောက်လာလျှင်ပင် ဤဧရာမသားရဲကြီးက "အသက်ရှင်" နေနိုင်သေးသည်။

သို့သော် လော်ယွမ်က ထိုမျှလောက် အချိန်ကြာကြာ စောင့်ဆိုင်းနိုင်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။

စွမ်းအင်သလင်းကျောက်များက ဉာဏ်ရည်မြှင့်ဆေးရည် ဖော်စပ်ရာတွင် အထောက်အကူပြုကြောင်း ရှာဖွေတွေ့ရှိပြီးနောက်တွင် ဤသားရဲကြီး၌ ရှိနေနိုင်သည့် စွမ်းအင်အနှစ်သာရကို သူ ပို၍ အာရုံကျလာခဲ့သည်။

အဆင့်(၈) စွမ်းအင်သလင်းကျောက်နှင့် ယှဉ်လျှင် ဤအာကာသ ဧရာမသားရဲကြီး၏ စွမ်းအင်သလင်းကျောက်က သူ့ကို ကြီးမားလှသော အံ့ဩဝမ်းသာမှုများကို ပေးစွမ်းနိုင်ပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားပြီး ထို "ကျွန်းငယ်" လေးဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

သားရဲကြီး၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများက မှေးမှိန်သွားခဲ့ပြီ ဖြစ်ကာ အလင်းရောင်ဖျော့တော့တော့ ပါးလွှာသည့် အလွှာပါးလေးတစ်ခုသာ ကျန်ရှိတော့သည်။

သို့တိုင် လော်ယွမ်က ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ရမ်းသန်း၍ ခြေမချရဲသေးချေ။

ဤအာကာသ ဧရာမသားရဲကြီး၏ စွမ်းအင်များက ပြင်းထန်သောအပူရှိန်ကို ထုတ်လွှတ်သည့်အပြင်၊ သူ၏ ကာကွယ်မှုစွမ်းရည်များဖြင့်ပင် မခုခံနိုင်သော ပြင်းထန်သည့် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်များ ပါဝင်နေသည်ကို သူ စောစောကတည်းက ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။

ထင်သည့်အတိုင်းပင် ၎င်း၏ အနီးတွင် စက္ကန့်အနည်းငယ်မျှ နေလိုက်ရုံဖြင့် လော်ယွမ်၏ အရေပြားများက အနည်းငယ် ယားယံလာခဲ့ပြီ ဖြစ်သည်။

ထိုသို့ ယားယံခြင်းက သူ့ကို ကြီးကြီးမားမား ထိခိုက်စေမည် မဟုတ်သော်လည်း ဘေးကင်းစေရန်အတွက် လော်ယွမ်က သူ၏ စိတ်စွမ်းအင်အလင်းလွှာကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားလိုက်သည်။

ထို့နောက် သူက အပူရှိန်ပြင်းစွာဖြင့် ပွက်ပွက်ဆူနေသော ရေကန်ထဲသို့ ခုန်ချလိုက်သည်။

သားရဲကြီး၏ သွယ်လျရှည်လျားသော လည်ပင်းက ရေအောက်တွင် နစ်မြုပ်နေသည်။

၎င်း၏ ကိုယ်တွင်းသို့ ဝင်ရောက်ပြီး ရှိနေနိုင်သည့် စွမ်းအင်သလင်းကျောက်ကို ရယူရန်အတွက် အလွယ်ကူဆုံးနည်းလမ်းမှာ ယခင်နည်းလမ်းဟောင်းအတိုင်း ၎င်း၏ နှာခေါင်းပေါက်မှတစ်ဆင့် ဝင်ရောက်ခြင်းပင် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ကျွန်းငယ်လေးတစ်ကျွန်းနှင့်တူသော ဤသားရဲကြီး၏ အလောင်းကို အပြင်ဘက်မှဖောက်ဝင်ကာ ခုတ်ထစ်ပိုင်းဖြတ်မည်ဆိုပါက သူ၏ ခွန်အားက ယခုထက် နှစ်ဆပိုမိုကြီးမားနေလျှင်ပင် ဘယ်အချိန်မှ ပြီးစီးမည်ကို သိနိုင်မည် မဟုတ်ပေ။

သိပ်မကြာခင်မှာပင် လော်ယွမ်က ရှည်လျားသော လည်ပင်းမှတစ်ဆင့် ၎င်း၏ ဦးခေါင်းရှိရာ နေရာကို ရှာတွေ့သွားခဲ့သည်။

၎င်း၏ ဦးခေါင်းတစ်ခြမ်းက ဧရာမ ကျောက်တုံးကြီးတစ်ခုကြားတွင် ညပ်နေခဲ့သည်။

ကံကောင်းစွာဖြင့် နှာခေါင်းပေါက်က အပြင်ဘက်သို့ ထွက်ပေါ်နေသေးရာ လော်ယွမ်အတွက် အလုပ်မရှုပ်သွားခဲ့ပေ။

ချက်ချင်းပင် သူက ကျွမ်းကျင်နေပြီးသားဖြစ်သည့် နှာခေါင်းပေါက်ထဲသို့ လွယ်ကူစွာ ဝင်ရောက်သွားခဲ့သည်။

ရှည်လျားလှသော နှာခေါင်းပေါက်ကို ဖြတ်သန်းပြီးနောက်တွင် လော်ယွမ်က ပြီးခဲ့သည့်အကြိမ် ဖျက်ဆီးခဲ့သော နေရာသို့ ရောက်ရှိလာခဲ့သည်။

သို့သော် ယခုအချိန်တွင် ထိုနေရာက လုံးဝ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရခဲ့သည့် အရိပ်အယောင်လေးမျှပင် မတွေ့ရတော့ချေ။

တြိဂံပုံစံ အရိုးနုလေးပင် အသစ်ပြန်လည်ထွက်ပေါ်နေပြီ ဖြစ်သည်။ ဤသားရဲကြီးတွင် ကြောက်မက်ဖွယ်ကောင်းသည့် အလိုအလျောက် ကုစားနိုင်စွမ်း ရှိနေသည်မှာ သိသာလှသည်။

လော်ယွမ်က သားရဲကြီး၏ ဦးနှောက်တစ်အုံလုံးကို ပျော့ဖတ်ဖြစ်သွားသည်အထိ မွှေနှောက်ခဲ့သောကြောင့် မည်မျှပင် အားကောင်းသည့် ကုစားနိုင်စွမ်းဖြစ်စေ အသုံးဝင်တော့မည် မဟုတ်သော်လည်း ဦးနှောက်တစ်ဝက်သာ အဖြတ်ခံရလျှင် အကောင်းပကတိအတိုင်း ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။

သူက နှာခေါင်းလမ်းကြောင်းကို ကျော်ဖြတ်ကာ အစာရေမျိုပြွန်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

၎င်း၏ လည်ပင်းက ရှည်လျားလွန်းသည့်အတွက် အသက်ရှူပြွန်ကလည်း အံ့ဩဖွယ်ကောင်းလောက်အောင် ရှည်လျားလှသည်။

လော်ယွမ်က ပေ ၃၀၀ ကျော်ခန့် လမ်းလျှောက်ပြီးမှသာ ၎င်း၏ အဆုတ်ထဲသို့ လုံးဝ ဝင်ရောက်နိုင်ခဲ့သည်။

၎င်း၏ အဆုတ်မှာ အခြေခံအားဖြင့် ဆုတ်ယုတ်နေပြီ ဖြစ်သည်ကို လော်ယွမ် သတိပြုမိလိုက်သည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက လေပြွန်များက အလွန်အမင်း ကျဉ်းမြောင်းလွန်းနေရာ သူက ခန္ဓာကိုယ်ကို ကိုင်းထားမှသာ ဆက်လက်၍ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်ပေမည်။

ထို့အပြင် အဆုတ်လေအိတ်များ အားလုံးနီးပါးကလည်း ပိတ်ဆို့နေပြီး အသုံးမဝင်တော့ရာ ၎င်းက အသက်ရှူနိုင်စွမ်း လုံးဝနီးပါး ဆုံးရှုံးနေပြီဟု ပြော၍ရပေသည်။

လော်ယွမ် ရှေ့သို့ ဆက်သွားရန် ပြင်လိုက်စဉ်မှာပင် သူ၏ဆီသို့ ချဉ်းကပ်လာဟန်တူသော သဲ့သဲ့မျှ လှုပ်ရှားသံများကို ရုတ်တရက် ကြားလိုက်ရသည်။

အသံကို နားထောင်ကြည့်ရသလောက် အရေအတွက်က နည်းပါးလှပုံ မရချေ။

ဆက်ရန်...

အပိုင်း(၄၈၈) နှလုံးသား

ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော အနှောင့်အယှက်များကြောင့် လော်ယွမ်၏အာရုံခံနိုင်စွမ်းများက ဤနေရာတွင် လုံးဝအသုံးမဝင်တော့ပေ။

ယခုအချိန်၌ လော်ယွမ်က သူ၏နားနှင့် လေးဘက်မြင်အမြင်အာရုံကိုသာ အသုံးပြုနိုင်တော့သည်။

သူက ကွေ့ကောက်နေသော လမ်းကြောင်းများကို ဖြတ်ကျော်သွားပြီးနောက် အသံထွက်ပေါ်လာရာ ဇာစ်မြစ်ကို အလျင်အမြန်ပင် တွေ့မြင်လိုက်ရသည်။

လော်ယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ သားရဲကြီး၏ ခန္ဓာကိုယ်အတွင်း၌ အခြားသက်ရှိများကို တွေ့ရလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

၎င်းတို့က မှက်ကောင်များနှင့်ဆင်တူသော သန္ဓေပြောင်း အင်းဆက်တစ်မျိုးဖြစ်သည်။

ခြေတံရှစ်ချောင်းရှိပြီး ဖောင်းကားဝိုင်းစက်နေသော ဝမ်းဗိုက်ပိုင်းရှိကာ တစ်ကိုယ်လုံးတွင် တောက်ပသော ရွှေရောင်အစင်းအကျားများ ယှက်နွယ်နေသဖြင့် မြင်ရသူအဖို့ အလွန်အာရုံစိုက်မိစေသည်။

တန်ချိန်ပေါင်းများစွာ လေးလံသော သန္ဓေပြောင်းသားရဲကြီးများနှင့် နှိုင်းယှဉ်လျှင် ထိုအင်းဆက်များက သနားစရာကောင်းလောက်အောင် သေးငယ်လွန်းလှသည်။

အကောင်တိုင်းက အရှည် တစ်ပေခွဲခန့်သာ ရှိသည်။ သို့သော် ၎င်းတို့၏ သွားလာလှုပ်ရှားမှု အမြန်နှုန်းကတော့ အလွန်မြန်ဆန်လှပေသည်။

သေးသွယ်သော ခြေတံရှစ်ချောင်းက အလွန်မြန်ဆန်သော နှုန်းထားဖြင့် လှုပ်ရှားနေပြီး အနိမ့်အမြင့် မညီညာဘဲ ရှုပ်ထွေးနေသော ဤလမ်းကြောင်းများပေါ်တွင် ပြန့်ပြူးသော မြေပြင်ပေါ် လမ်းလျှောက်နေသည့်အလား သွားလာနေကြသည်။

မကြာမီမှာပင် အနီးဆုံးရှိ ကပ်ပါးကောင်အချို့က ကွေ့ကောက်နေသော လမ်းကြောင်းကို ဖြတ်ကျော်လာခဲ့သည်။

၎င်းတို့ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လော်ယွမ်က ခြေလှမ်းတစ်ချက်တည်းဖြင့် ပေသုံးဆယ်ကျော် အကွာအဝေးသို့ လှမ်းခုန်လိုက်သည်။ လျှပ်စီးလက်သကဲ့သို့ တောက်ပသွားသော ဓားချက်နှင့်အတူ ကပ်ပါးကောင်အချို့က ချက်ချင်းပင် နှစ်ပိုင်းပြတ်ကျသွားတော့သည်။

"တော်တော်ကို မာကျောတဲ့ အခွံတွေပဲ... အာကာသ သားရဲကြီးတွေနဲ့တောင် သိပ်မကွာလောက်ဘူး"

လော်ယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ မူလက သူသည် သာမန်ဓားချက်ဖြင့်သာ ပိုင်းဖြတ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ဓားသွားက ၎င်း၏အခွံနှင့် ထိတွေ့လိုက်သည်နှင့် သူ၏အတွေးကို ချက်ချင်းပြောင်းလဲပစ်ခဲ့သည်။

ကျန်းမာတောက်ဓား ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် လေဟာနယ်ပိုင်းဖြတ်ခြင်း စွမ်းရည်ကို သူက ချက်ချင်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။

"ဒီအကောင်တွေက ဒီဧရာမသားရဲကြီးရဲ့ ကပ်ပါးကောင်တွေပဲ ဖြစ်ရမယ်"

ရုန်းကန်နေဆဲဖြစ်သော အသေကောင်များကို လော်ယွမ်က ခြေထောက်ဖြင့် ကန်ကြည့်လိုက်ရင်း နားလည်သွားခဲ့သည်။

၎င်းတို့၏ ဝမ်းဗိုက်တစ်ခုလုံးမှာ သွေးများဖြင့် ပြည့်နှက်နေပြီး ယခုလို နှစ်ပိုင်းပြတ်သွားချိန်တွင်တော့ အလျင်အမြန်ပင် ပိန်လိန်သွားတော့သည်။

ဤသည်က အံ့သြစရာတော့ မဟုတ်ပေ။ ဤကပ်ပါးကောင်များက မူလသက်ရှိများ သန္ဓေမပြောင်းလဲမီကတည်းက ၎င်း၏ခန္ဓာကိုယ်အတွင်း၌ ကပ်ပါးအဖြစ် ရှင်သန်နေခဲ့ခြင်း ဖြစ်တန်ရာ၏။

ထို့နောက် သန္ဓေပြောင်းသားရဲကြီး ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့က အာဟာရများကို စုပ်ယူကာ တစ်ပြိုင်နက်တည်း ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သက်ရှိတိုင်းက လော်ယွမ်ကဲ့သို့ စိတ်စွမ်းအားကို မြင့်မားစွာ စုစည်းနိုင်ပြီး မိမိခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်ကာ ကပ်ပါးကောင်များကို ကိုယ်တိုင် သတ်ဖြတ်နိုင်စွမ်း ရှိကြသည်တော့ မဟုတ်ပေ။

သန္ဓေပြောင်းသားရဲကြီး အားလုံးနီးပါးက ၎င်းတို့ ခန္ဓာကိုယ်အတွင်းရှိ ကပ်ပါးကောင်များကို ဖြေရှင်းရန် ကောင်းမွန်သော နည်းလမ်း မရှိကြချေ။

သို့သော် ဤတစ်ကြိမ်တွင်တော့ ထိုအချက်က အမြဲတမ်း မှန်ကန်နေမည် မဟုတ်ကြောင်း လော်ယွမ်က တွေ့ရှိလိုက်ရသည်။

စောစောက သတ်ဖြတ်မှုက ပျားအုံကို တုတ်ဖြင့်ထိုးဆွလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ လှုပ်ရှားသံများက ပိုမိုဆူညံလာပြီး မရေမတွက်နိုင်သော တရှပ်ရှပ် အသံများက တစ်ဆက်တည်း ထွက်ပေါ်လာတော့သည်။

မရေမတွက်နိုင်သော ကပ်ပါးကောင်များက ဒီရေလှိုင်းကြီးတစ်ခုအလား သူရှိရာဘက်သို့ တိုးဝင်လာနေကြသည်ကို သူက သတိထားမိလိုက်သည်။

ဤကပ်ပါးကောင်များ၏ ပေါ်ထွက်လာမှုက အလွန်ရုတ်တရက် ဆန်လွန်းလှသည်။

သူက သားရဲကြီး၏ အဆုတ်အတွင်းသို့ ခြေချလိုက်ကတည်းက ၎င်းတို့၏ အာရုံစိုက်မှုကို ခံလိုက်ရပုံရသည်။

ဤတစ်ကြိမ် သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် သူက အလွန်သတိထားခဲ့ပြီး ယခုအချိန်အထိ မည်သည့်ဆူညံသံကိုမျှ မဖြစ်ပေါ်စေခဲ့ပေ။

သို့တိုင်အောင် ဤကပ်ပါးကောင်များက ကြိုတင်သိမြင်နိုင်စွမ်း ရှိနေသကဲ့သို့ သူ့ကို တမင်သက်သက် လာရောက်ရှာဖွေနေကြသည်။

ဤသားရဲကြီးက ကပ်ပါးကောင်များကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်မှာ သိသာထင်ရှားလှပေသည်။

ဤကဲ့သို့သော ထူးကဲသည့် သက်ရှိများကို သာမန်အသိဉာဏ်ဖြင့် မှန်းဆ၍မရနိုင်ပေ။

၎င်း၏ ဆဲလ်တစ်ခုစီတိုင်းတွင် ပြင်းထန်သော စိတ်ဆန္ဒ အမှတ်အသားများ ပါဝင်နေသည်။

ဦးနှောက် သေဆုံးသွားခဲ့လျှင်ပင် ဆဲလ်များ၏ စုပေါင်းအသိစိတ်က ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး၊ ဦးနှောက်၏ ဝင်ရောက်စွက်ဖက်မှု မရှိတော့သည့်အတွက် ပိုမိုလွတ်လပ်ကာ ပိုမိုအားကောင်းလာနိုင်သေးသည်။

တစ်နေ့နေ့တွင် ဆဲလ်များအားလုံး၏ အသိစိတ်များ ပေါင်းစည်းသွားခဲ့ပါက၊ ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်ကို ဆက်ခံမည့် သက်ရှိအသစ်တစ်ခု မွေးဖွားလာနိုင်ပေသည်။

၎င်း၏ အသားအသွေးများကို စားသုံးနေကြသော ခန္ဓာကိုယ်တွင်းရှိ ကပ်ပါးကောင်များကလည်း စိတ်ဆန္ဒ အမှတ်အသား၏ လွှမ်းမိုးမှုကြောင့် သွေးစည်းသွားကြပြီး ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပုံရသည်။

သားရဲကြီးအတွက်မူ ဤကပ်ပါးကောင်များက သာမန် အန္တရာယ်ပေးတတ်သော သက်ရှိများ မဟုတ်တော့ဘဲ၊ ခန္ဓာကိုယ်တွင်း အကာအကွယ် တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ လော်ယွမ်က သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ပြင်ပအရာဝတ္ထုတစ်ခု ဖြစ်နေပေသည်။

မူလက လော်ယွမ်သည် အဆုတ်မှတစ်ဆင့် သွေးလွှတ်ကြောများကို အရင်ရှာဖွေပြီး၊ ထိုမှတစ်ဆင့် နှလုံးရှိရာ နေရာသို့ သွားရောက်စစ်ဆေးရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် နီးကပ်လာသော ကပ်ပါးကောင် တပ်သားများနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ မူလအစီအစဉ်ကို ချက်ချင်း ပြောင်းလဲလိုက်ရသည်။

သူက ဤနှောင့်ယှက်တတ်သော ကပ်ပါးကောင်များကို အရင်ဆုံး ရှောင်ရှားရန် ဆုံးဖြတ်လိုက်သည်။

ဤကပ်ပါးကောင်များက ထူးခြားမှုမရှိသလို စွမ်းအားလည်း သိပ်မကြီးမားဟု ထင်ရသော်လည်း၊ ၎င်းမှာ နှိုင်းယှဉ်ကြည့်မှသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့က အဆင့်(၉) သတ္တဝါ၏ ကပ်ပါးကောင်များ ဖြစ်ကြရာ၊ ကာကွယ်မှုနှင့် တိုက်ခိုက်မှုစွမ်းအားများက အလွန်အံ့မခန်းပင် ဖြစ်သည်။

သူ့အနေဖြင့်ပင်လျှင် ၎င်းတို့၏ ကိုက်ခဲမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ တစ်ကောင်၊ နှစ်ကောင်ဆိုလျှင် ကိစ္စမရှိသော်လည်း အရေအတွက် များပြားလာပါက အလွန်ရင်ဆိုင်ရ ခက်ခဲလာမည်ဖြစ်သည်။

ထို့အပြင် ဤကျဉ်းမြောင်းသော လမ်းကြောင်းက တိုက်ခိုက်ရန် သင့်တော်သော နေရာလည်း မဟုတ်ပေ။

ရှောင်တိမ်းရန် မဆိုထားနှင့်၊ မတ်တပ်ရပ်ရန်ပင် ခက်ခဲလှသည်။

အထူးသဖြင့် သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းတွင် သူ၏ အာရုံခံနိုင်စွမ်းများက လုံးဝနီးပါး အသုံးမဝင်တော့ဘဲ၊ နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကလည်း တစ်ဝက်ခန့် အသုံးမဝင်ဖြစ်နေသဖြင့် သူ၏စွမ်းဆောင်ရည်များက အများအပြား ကျဆင်းနေသည်။

လော်ယွမ်က အခြားထွက်ပေါက်ကို ချက်ချင်း ရှာဖွေလိုက်သည်။ လမ်းကြောင်း၏ အထူကို စမ်းသပ်ရန် ကျန်းမာတောက်ဓားကို လေပြွန်၏ အသားနံရံအတွင်းသို့ ထိုးသွင်းလိုက်သည်။

အသားနံရံက မသက်မသာ ခံစားရသကဲ့သို့ အနည်းငယ် တွန့်လိမ်သွားသည်။

လော်ယွမ်က ထပ်မံထိုးသွင်းခြင်း မပြုတော့ဘဲ ခဏအကြာတွင် အခြားနေရာ အချို့ကို စမ်းသပ်ကြည့်လိုက်ရာ အားနည်းသော နေရာတစ်ခုကို အမြန်ပင် ရှာတွေ့သွားခဲ့သည်။

ပို၍နီးကပ်လာသော ကပ်ပါးကောင်များကို ခံစားသိရှိရသဖြင့် လော်ယွမ်က အချိန်မဖြုန်းရဲတော့ဘဲ ထိုအားနည်းသော နေရာကို အားကုန်ထုတ်၍ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

သို့သော် ကြီးမားသော လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပါက အသားနံရံတွင် ဘတ်စကက်ဘောလုံး အရွယ်အစားခန့်ရှိသော အပေါက်ငယ်လေး တစ်ပေါက်သာ ပွင့်သွားခဲ့သည်။ ဤအတွက် လော်ယွမ်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ အဆုတ်ဖြစ်ပြီး ပျော့ညံ့သော ဦးနှောက်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။

မျက်တောင်တစ်ခတ်အတွင်း သူက လက်သီးချက်ပေါင်း များစွာကို ဆက်တိုက် ထိုးချလိုက်သည်။

မကြာမီမှာပင် အသားနံရံက သုံးပေခန့် ကျယ်ဝန်းသော အပေါက်တစ်ခုအဖြစ် ပွင့်သွားခဲ့သည်။

သို့သော် လော်ယွမ်က တစ်ဖက်လမ်းကြောင်းသို့ မဝင်ရောက်နိုင်မီမှာပင် နေရာတစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာတော့သည်။

အစပိုင်းက လှုပ်ရှားမှုများက ဧရာမသားရဲကြီး၏ ကြီးမားသော ခန္ဓာကိုယ်အတွက် အနည်းငယ် မသက်မသာဖြစ်ရုံမျှသာ ဖြစ်ပြီး အရေးမကြီးခဲ့သော်လည်း ယခုအချိန်တွင်တော့ နာကျင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အသားနံရံ တစ်ခုလုံးက တက်ကြွစွာ လှုပ်ရှားနေပြီး ခြေအောက်ရှိ မြေပြင်က ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါနေသည်။

ကံကောင်းထောက်မစွာဖြင့် ဤတုန်ခါမှုက လော်ယွမ်အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပေ။ သူက ခန္ဓာကိုယ်ကို နှိမ့်ချကာ တစ်ဖက်လမ်းကြောင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထို့နောက် လော်ယွမ်က လမ်းကြောင်းများကို ဆက်တိုက် ဖျက်ဆီးရင်း ကပ်ပါးကောင်များကို ရှောင်ရှားကာ သွေးလွှတ်ကြော နေရာကို ရှာဖွေရန် ကြိုးစားခဲ့သည်။

၎င်း၏ အဆုတ်က ဧရာမ ဝင်္ကပါကြီးတစ်ခုနှင့် တူပြီး လမ်းကြောင်းပေါင်း များစွာနှင့် လမ်းခွဲပေါင်း များစွာ ရှိနေသည်။

စိတ်စွမ်းအင်၏ အာရုံခံနိုင်စွမ်းများ မရှိတော့သဖြင့် သူက မျက်စိနှစ်ကွင်း ကန်းသွားသူတစ်ဦးအလား ဦးတည်ချက်မဲ့ ယင်ကောင်တစ်ကောင်လို နေရာအနှံ့ လျှောက်သွားနေရသည်။

ထိုအချိန်အတောအတွင်း သူက သေးငယ်သော ကပ်ပါးကောင် အုပ်စုများနှင့် အကြိမ်ကြိမ် ရှောင်လွှဲမရဘဲ ထိပ်တိုက်တွေ့ခဲ့ရသည်။

ကြိုတင်သိမြင်နိုင်စွမ်း၏ အကူအညီဖြင့် အကြိမ်တိုင်းတွင် သူက တိုက်ပွဲများကို လျှပ်စီးလက်သကဲ့သို့ အလျင်အမြန်ပင် အဆုံးသတ်နိုင်ခဲ့သည်။

သူက မျက်စိစုံမှိတ် ပြေးလွှားနေစဉ် သူ၏နားထဲသို့ ရေစီးဆင်းသံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

"ရေ... ဖြစ်နိုင်ပါ့မလား" သူက အနည်းငယ် တွေးတောလိုက်ပြီးနောက် မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ထင်ထားသည့်အတိုင်းပင် လမ်းကြောင်းသုံးခုကို ဖြတ်ကျော်ပြီးနောက်တွင် ဧရာမ သွေးကြောကြီးတစ်ခုကို သူက နောက်ဆုံး၌ တွေ့မြင်လိုက်ရသည်။

ဤသွေးကြောကြီးက အလွန်ကြီးမားပြီး ခြောက်ပေကျော်ခန့် တုတ်ခိုင်သည်။

သို့သော် ဧရာမသားရဲကြီး၏ အရွယ်အစားနှင့် ယှဉ်လျှင်တော့ ၎င်းက သွေးကြောမျှင်လေးတစ်ခုသာ ဖြစ်လောက်ပေသည်။

သွေးကြော၏ အရောင်ကိုကြည့်ပြီး ၎င်းက သွေးလွှတ်ကြောတစ်ခု ဖြစ်ရမည်ဟု လော်ယွမ်က ခန့်မှန်းလိုက်သည်။

သူက သွေးကြောတစ်လျှောက် ချက်ချင်း ဆက်လျှောက်သွားခဲ့ရာ သွေးကြောက တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး မကြာမီမှာပင် သွေးကြောမျှင်မှ သွေးလွှတ်ကြောခွဲအဖြစ် ပြောင်းလဲသွားသည်။

လမ်းတစ်လျှောက်လုံး သွေးကြောတွင် ကပ်နေသော အဖြူရောင် အသားမြှေးပါးများကို အမြဲလိုလို တွေ့ရသဖြင့် ၎င်းတို့ကို ဖျက်ဆီးရင်း သွားနေရသောကြောင့် သူ၏အမြန်နှုန်းက များစွာ နှေးကွေးသွားခဲ့သည်။

တစ်နာရီတိတိ လမ်းလျှောက်ပြီးမှသာ သားရဲကြီး၏ အဆုတ်အတွင်းမှ နောက်ဆုံးတွင် သူ ထွက်ခွာလာနိုင်ခဲ့သည်။

ထို့နောက် သွေးလွှတ်ကြောတစ်လျှောက် ပေရာနှင့်ချီ၍ ဆက်လက်လျှောက်လှမ်းလာပြီးနောက် မကြာမီမှာပင် ဧရာမ နှလုံးကြီးတစ်ခုက လော်ယွမ်၏ မျက်စိရှေ့တွင် ပေါ်ထွက်လာတော့သည်။

မျက်စိရှေ့ရှိ အံ့မခန်းမြင်ကွင်းကြောင့် လော်ယွမ်က တစ်ခဏမျှ သတိလွတ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။

လုံးပတ် ပေတစ်ရာခန့်ရှိသော ဧရာမ နှလုံးကြီးက နှေးကွေးလေးလံစွာ ခုန်လှုပ်နေသည်။

၎င်း၏ ခုန်လှုပ်မှုတိုင်းက လေဟာနယ်ကို တုန်ခါသွားစေပြီး လူ၏ခန္ဓာကိုယ်ကို ထုံကျဉ်သွားစေသည်။

သို့သော် ဤမြင်ကွင်းမျှဖြင့် လော်ယွမ်ကို ထိတ်လန့်သွားစေရန် လုံလောက်မှု မရှိသေးပေ။

လော်ယွမ်ကို အမှန်တကယ် တုန်လှုပ်သွားစေသည်မှာ ဤနှလုံးကြီးက ပြင်းထန်စွာ သန္ဓေပြောင်းလဲနေပြီ ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရခြင်းပင် ဖြစ်သည်။

ခန္ဓာကိုယ် နေရာအနှံ့အပြားမှ တွဲလွဲကျနေသော ဧရာမ စပါးကြီးမြွေများနှင့်တူသည့် အသားစိုင်၊ အကြောမျှင်ပေါင်း များစွာက နှလုံးကြီးနှင့် တင်းကျပ်စွာ ဆက်သွယ်နေသည်။

ပို၍အံ့သြစရာကောင်းသည်မှာ နှလုံးကြီး တစ်ခုလုံးက မှိန်ဖျော့ဖျော့ အလင်းရောင်များကို ထုတ်လွှတ်နေပြီး ဤနေရာရှိ အမှောင်ထုတစ်ခုလုံးကို မောင်းထုတ်ပေးနေသည့် ဧရာမ အလင်းရောင်အရင်းအမြစ် တစ်ခုနှင့် တူနေခြင်းဖြစ်သည်။

လော်ယွမ်က နှလုံးအတွင်းရှိ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားလှသော စွမ်းအင်များကိုပင် ရှင်းလင်းစွာ ခံစားနေရကာ ၎င်းက သူ၏ ဦးရေပြားကိုပင် ထုံကျဉ်သွားစေသည်။

သို့သော် ဤအရာများက သူ့ကို နောက်ဆုတ်သွားစေနိုင်မည်တော့ မဟုတ်ပေ။

တစ်စက္ကန့်မျှပင် မကြာသော အသိလွတ်သွားချိန်အပြီးတွင် သူက အလျင်အမြန် သတိပြန်ဝင်လာပြီး တည်ငြိမ်မှုကို အပြည့်အဝ ပြန်လည်ရရှိသွားခဲ့သည်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ကြိုတင်သိမြင်နိုင်စွမ်း မြင်ကွင်းများကို စစ်ဆေးကြည့်လိုက်ရာ ဤလုပ်ငန်းစဉ်တွင် မည်သည့်အန္တရာယ်မှ မရှိကြောင်း တွေ့ရှိလိုက်ရသည်။

နှလုံးကြီး တစ်ချက်ခုန်ပြီးသည်အထိ စောင့်ဆိုင်းပြီးနောက် လော်ယွမ်က ချက်ချင်း လှုပ်ရှားလိုက်သည်။

သူက ခြေဖျားကို အားပြုကာ သားရဲကြီး၏ ခန္ဓာကိုယ်အရည်များကြားမှ နှလုံးကြီးဆီသို့ လျင်မြန်စွာ ချော်ဆင်းသွားခဲ့သည်။

မကြာမီမှာပင် အကြောမျှင်တစ်ခုကို ဆွဲကိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်က နှလုံးကြီးပေါ်သို့ ကျဆင်းသွားတော့သည်။

သူက ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ပြီး နှလုံးကြီးကို ချက်ချင်း စတင်ခွဲစိတ်လိုက်သည်။

နှလုံးက ပြင်းထန်သော နာကျင်မှုကြောင့် အလိုအလျောက် တွန့်လိမ်သွားပြီး လော်ယွမ်ကို မတ်မတ်ရပ်ရန် ခက်ခဲစေခဲ့သည်မှလွဲ၍ ကျန်းမာတောက်ဓား၏ လေဟာနယ်ပိုင်းဖြတ်ခြင်း စွမ်းရည်ကြောင့် ဤလှုပ်ရှားမှုက အတော်လေး ချောမွေ့ခဲ့သည်။

မကြာမီမှာပင် နှလုံးကြီးတွင် အပေါက်ငယ်တစ်ခု ပွင့်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် တောက်ပနေသော သွေးများက ရေဖိအားမြင့်ပိုက်မှ ပန်းထွက်လာသကဲ့သို့ ချက်ချင်း ပန်းထွက်လာတော့သည်။

ကံကောင်းစွာဖြင့် လော်ယွမ်၏ ခန္ဓာကိုယ်တွင် စိတ်စွမ်းအား အလင်းလွှာတစ်ခု ကြိုတင်စုစည်းထားပြီး ဖြစ်သောကြောင့် သွေးများပေကျံမည့် အဖြစ်မှ ကင်းလွတ်သွားခဲ့သည်။

ထို့နောက် အပေါက်ငယ်ကို သူက ထပ်မံချဲ့လိုက်သည်။ သူဝင်ဆံ့နိုင်လောက်အောင် ကြီးမားသော အပေါက်တစ်ခု ဖြစ်သွားသည်ကို မြင်သောအခါ သူက တုံ့ဆိုင်းမနေတော့ဘဲ ဒဏ်ရာမှတစ်ဆင့် အတွင်းသို့ ချက်ချင်း တိုးဝင်သွားခဲ့တော့သည်။

ဆက်ရန်...

All Chapters