← Chapters

အခန်း (၄၈၉-၄၉၀)

Vol. 25 Ch. 489-490

အခန်း (၄၈၉-၄၉၀)

Vol. 25 Ch. 489-490

အပိုင်း(၄၈၉) စွမ်းအင်ဗဟိုချက်

လော်ယွမ်က အထဲသို့ ဝင်ဝင်ချင်းမှာပင် ခေါင်းမူးနောက်သွားခဲ့သည်။

မြန်နှုန်းမြင့် စီးဆင်းနေသော သွေးကြောများအတွင်း သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ မျောပါသွားပြီး လမ်းစပျောက်သွားခဲ့၏။

အတန်ကြာမှသာ သူသည် ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

လော်ယွမ်က စေးပျစ်ပြီး စီးဆင်းနေသော ရွှံ့နွံထဲသို့ ကျွံကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဧရာမသားရဲကြီး၏ သွေးများသည် အစိုင်အခဲတစ်ပိုင်းနီးပါး ဖြစ်နေပြီး အလွန်လျင်မြန်သော နှုန်းဖြင့် အဆက်မပြတ် စီးဆင်းနေ၏။

ပတ်ပတ်လည်တွင် ရေဝဲများနှင့် ရေစီးကြောင်းများ ပြည့်နှက်နေသည်။

အကယ်၍ သူသာ လက်ခြေတို့ကို အဆက်မပြတ် လှုပ်ရှားကာ ထိုတွန်းကန်အားများကို မခုခံခဲ့လျှင် မည်သည့်နေရာသို့ မျောပါသွားမည်မှန်းပင် သိနိုင်မည်မဟုတ်ချေ။

လော်ယွမ်၏ မျက်နှာက အနည်းငယ် တည်တင်းသွားသည်။ ဧရာမသားရဲကြီး၏ ဟိန်းဟောက်သံကို သူ၏စိတ်ထဲတွင် သဲ့သဲ့လေး ကြားနေရ၏။

ဤသည်မှာ သူ၏စိတ်ကူးယဉ် ထင်ယောင်ထင်မှားဖြစ်မှု မဟုတ်ဘဲ တကယ့်ကို အစစ်အမှန် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုပင်ဖြစ်သည်။

သူ၏ စိတ်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို သူ ခံစားနေရသည်။

၎င်းမှာ သူ၏ ကိုယ်ပိုင်စိတ်စွမ်းအားနှင့် သွေးထဲတွင်ရှိသော သားရဲကြီး၏ စိတ်စွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် ချေဖျက်နေကြခြင်း ဖြစ်သည်မှာ သေချာလှသည်။

သာမန်လူတစ်ယောက်သာ ဤနေရာသို့ ဝင်လာပါက စက္ကန့်အနည်းငယ်အတွင်း မျိုးဗီဇများ ပြိုကွဲကာ တစ်ကိုယ်လုံး ပြည်တည်သွေးများအဖြစ် အရည်ပျော်သွားပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်က ဤကဲ့သို့သော မျိုးဗီဇ ထိုးဖောက်ဝင်ရောက်မှုကို ခံနိုင်ရည်ရှိမရှိ သူ သေချာမသိပေ။

သို့သော် သူက စွန့်စားရသည်ကို မလိုလားချေ။ ရှောင်လွှဲ၍ရသမျှ ရှောင်လွှဲခြင်းက အကောင်းဆုံးဖြစ်သည်။

ထိုသို့ အထိအတွေ့ကို ရှောင်ရှားရန်အတွက် သူ၏ စိတ်စွမ်းအားများကိုသာ အကုန်ခံလိုက်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံးသည် လင်းထိန်နေ၏။ သွေးကြောထဲတွင် ဖြစ်သောကြောင့် ထိုအလင်းရောင်သည် နီရဲရဲ အရောင်အဆင်းကို ဆောင်နေသည်။

ထို့အပြင် စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသော ဧရာမဟိန်းဟောက်သံကြီးများကြောင့် အချိန်ကြာလာသည်နှင့်အမျှ စိတ်အနှောင့်အယှက်ဖြစ်ကာ ဂနာမငြိမ် ဖြစ်လာစေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်က သူ့ကို အလွန်အမင်း နေရထိုင်ရခက်စေပြီး မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နှက်နေသည်ဟု ခံစားရစေသည်။

ဤနေရာရှိ အရာအားလုံးက သူ့ကို ဖယ်ကြဉ်ထားသလို၊ သို့မဟုတ် သူ့ကို သူတို့နှင့် တစ်သားတည်းဖြစ်အောင် ဝါးမျိုရန် ကြိုးစားနေသကဲ့သို့ပင်။

သူ ဤနေရာတွင် အကြာကြီး မနေရဲတော့ချေ။ အလင်းရောင် အတောက်ပဆုံးနှင့် အလင်းရင်းမြစ်ရှိရာ နေရာဆီသို့ သူ၏ အကြည့်များကို စူးစိုက်လိုက်သည်။ ထိုနေရာက သူရှာဖွေနေသော ပစ်မှတ်ရှိရာ နေရာပင် ဖြစ်ရမည်။

ထို့နောက် ရေကူးသည့်ဟန်ဖြင့် ထိုနေရာဆီသို့ လျင်မြန်စွာ ကူးခတ်သွားခဲ့သည်။

ပို၍ နီးကပ်လာလေလေ၊ အလင်းရောင်က ပိုမိုတောက်ပလာလေလေဖြစ်သည်။

အနီးသို့ ရောက်သွားသောအခါ ထိုအလင်းရောင်သည် ဝပ်တစ်ရာ စွမ်းအင်ချွေတာရေးမီးသီးတစ်လုံးနီးပါး လင်းထိန်နေပြီဖြစ်သည်။

ဤအလင်းရောင်က သိပ်မများလှသော် ဖောက်ထွင်းမြင်နိုင်စွမ်းမှာမူ အလွန်အားကောင်းလှသည်။

ထို့အပြင် ၎င်း၏ မျက်နှာပြင်မှ ပေါက်ကွဲထွက်လုမတတ် ပြင်းထန်သော စွမ်းအင်များ ဖြာထွက်နေသဖြင့် လော်ယွမ်တစ်ယောက် အထိတ်တလန့် ဖြစ်သွားရသည်။

နောက်ဆုံး ၃ ပေခန့် အကွာအဝေးသို့ ရောက်သောအခါ သူသည် အသက်ရှူရန်ပင် မေ့လျော့သွားပြီး သူ၏ လှုပ်ရှားမှုများကို အလွန်အမင်း သိမ်မွေ့ညင်သာစွာ ပြုလုပ်လိုက်သည်။

ကြိုတင်သိမြင်နိုင်စွမ်းက အရာအားလုံး ဘေးကင်းကြောင်း ပြသနေသော်လည်း တစ်ခုခု ချွတ်ချော်သွားပါက ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သူ စိုးရိမ်နေမိသည်။

၎င်းအတွင်း၌ ပါဝင်နေသော စွမ်းအင်များကို လော်ယွမ် ခန့်မှန်းကြည့်လိုက်သည်။

အကယ်၍ ၎င်းသာ ပေါက်ကွဲသွားပါက အသေးစား အနုမြူဗုံးတစ်လုံး၏ အဖျက်စွမ်းအားထက် လျော့နည်းမည်မဟုတ်ပေ။

ဤမျှ နီးကပ်သော အကွာအဝေးတွင် သူကိုယ်တိုင်ပင်လျှင် အရိုးအဆစ်များပင် ကျန်ရစ်မည် မဟုတ်ချေ။

ယခုအချိန်တွင် သူသည် အလင်းရင်းမြစ်၏ ပုံသဏ္ဍာန်အမှန်ကို ရှင်းလင်းစွာ မြင်တွေ့နေရပြီဖြစ်သည်။

၎င်းသည် ပင်ပေါင်ဘောလုံးခန့် အရွယ်အစားရှိသော သလင်းကျောက်တစ်ခု ဖြစ်သည်။

တစ်ခုလုံး လုံးဝန်းနေပြီး မည်သည့် အပြစ်အနာအဆာမျှ မရှိပေ။

မျက်နှာပြင်ပေါ်တွင် ထူထပ်သော "မြူခိုးများ" ယှက်သန်းနေသဖြင့် ထူးဆန်းနက်နဲသော အသွင်ကို ဆောင်နေသည်။

၎င်းသည် နှလုံးအတွင်းရှိ မည်သည့် သွေးသားနှင့်မျှ ထိတွေ့နေခြင်းမရှိဘဲ လေဟာပြင်တွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်။

သို့သော် သွေးကြောစီးဆင်းမှု မည်မျှပင် ပြင်းထန်စေကာမူ ၎င်းမှာ အနည်းငယ်မျှပင် တုန်ခါခြင်းမရှိချေ။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ၎င်းကို ထိန်းထားသကဲ့သို့ပင်။

လော်ယွမ်က သူ၏ ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြု၍ စိတ်ကူးထဲတွင် အကြိမ်ကြိမ် ပုံဖော်စမ်းသပ်ကြည့်သော်လည်း မည်သည့် အန္တရာယ်မျှ မတွေ့ရပေ။

သို့တိုင်အောင် သူ၏ နှလုံးသားကမူ ထိတ်လန့်တုန်လှုပ်နေဆဲပင်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက အံကိုကြိတ်ကာ ထိုသလင်းကျောက်ကို လှမ်းဖမ်းလိုက်သည်။

ချက်ချင်းပင် သူ၏လက်က သလင်းကျောက်ကို အောင်မြင်စွာ ဆုပ်ကိုင်မိသွားသည်။

ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော သားရဲဟိန်းဟောက်သံကြီး တစ်သံက လော်ယွမ်၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

ဧရာမသားရဲကြီး၏ ပုံရိပ်ယောင်တစ်ခုက သူ၏ ခေါင်းထဲတွင် ရှင်းလင်းစွာ ပေါ်လာပြီး သူ၏ စိတ်စွမ်းအားများ လွင့်စင်သွားလုမတတ် ဖြစ်သွားရသည်။

သူက လျှာဖျားကို အားကုန်ကိုက်ချလိုက်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ ဦးနှောက်က လုံးဝ ကြည်လင်သွားသည်။

သတိပြန်လည်လာသောအခါ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏ စိတ်စွမ်းအားများ ကုန်ခန်းလုနီးပါး ဖြစ်သွားကြောင်း တွေ့လိုက်ရသည်။

သူက သလင်းကျောက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး ညာဘက်လက်ကို အမြန်ပြန်ရုပ်လိုက်သည်။

ထိုသို့ ပြုလုပ်စဉ်တွင် အတားအဆီးတချို့ကို သူ ခံစားလိုက်ရသည်။ သို့သော် ပေါင် ၁၁,၀၀၀ ခန့်မျှသာရှိသော ထိုခုခံအားက လော်ယွမ်၏ ဧရာမခွန်အားကို ယှဉ်နိုင်စွမ်း မရှိသည်မှာ ထင်ရှားလှသည်။

အံ့သြစရာကောင်းသည်မှာ သလင်းကျောက်သည် ထင်ထားသလောက် အပူချိန် မပြင်းထန်ခြင်းပင်ဖြစ်သည်။

၎င်း၏ အပူချိန်က ပတ်ဝန်းကျင်ရှိ သွေးများထက်ပင် ဒီဂရီအနည်းငယ် ပို၍ အေးနေပြီး ကိုင်ကြည့်လိုက်လျှင် ခပ်အေးအေးလေး ဖြစ်နေသည်။

ထိုအချိန်မှာပင် သွေးကြောများက ပြင်းထန်စွာ တုန်ခါသွားပြီး ရေကန်တစ်ခုအတွင်း လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ဖြစ်သွားသည်။

ဤစွမ်းအင်သလင်းကျောက်၏ ရွေ့လျားမှုက သားရဲကြီး၏ ခန္ဓာကိုယ်အား ကြီးမားသော အန္တရာယ်ကို ခံစားရစေပြီး တစ်ဖန် ပြန်လည်ရုန်းကန်လာစေသည်မှာ သိသာထင်ရှားလှသည်။

လော်ယွမ်က ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ဝင်လာခဲ့သော ဒဏ်ရာပေါက်ကို ပြန်လည်ရှာဖွေရန် ကြိုးစားလိုက်သည်။

သို့သော် ဖောက်ထွင်းမမြင်ရသော သွေးများထဲတွင် ရောက်နေသောကြောင့် လေးဘက်မြင် အမြင်အာရုံပင်လျှင် အသုံးမဝင်တော့ပေ။

သူက အချိန်ဖြုန်းနေမည့်အစား နှလုံးနံရံဆီသို့ ကူးသွားကာ လမ်းကြောင်းအသစ်တစ်ခု ဖောက်ရန် ပြင်ဆင်လိုက်သည်။

သူက နှလုံးသားကြွက်သားများကို ပိုင်းဖြတ်ရန် ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သောအခါ ဓားကို ကိုင်ရသည်မှာ ယခင်ကဲ့သို့ အဆင်မပြေတော့ဘဲ အနည်းငယ် တောင့်တင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

"ဒုက္ခပဲ"

သူ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။ သူက ကျန်းမာတောက်ဓားကို အမြန် စစ်ဆေးကြည့်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် အချိန်တိုတောင်းသေးသောကြောင့် ကျန်းမာတောက်ဓားက ပျက်စီးမသွားသေးပေ။

သို့သော် စိတ်စွမ်းအား တံဆိပ်ခတ်နှိပ်ထားမှုများမှာမူ ထက်ဝက်ကျော် ပျောက်ကွယ်သွားပြီး ဝေဝါးနေပြီဖြစ်သည်။

ကျန်းမာတောက်ဓား အကောင်းပကတိ ရှိနေသေးသည်ကို တွေ့လိုက်ရမှ လော်ယွမ် သက်ပြင်းချနိုင်တော့သည်။

ယခုမှ ပြန်တွေးကြည့်မိသောအခါ ကျန်းမာတောက်ဓားကို ဤနေရာသို့ ယူလာခြင်းက သူ၏ အမှားတစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။

ကျန်းမာတောက်ဓားကို အဆင့်ဆင့် မြှင့်တင်ခဲ့သော လုပ်ငန်းစဉ်များတစ်လျှောက်တွင် ၎င်း၏ အဓိက ပါဝင်ပစ္စည်းမှာ သတ္တုမဟုတ်တော့ဘဲ သန္ဓေပြောင်းသားရဲများထံမှ ရရှိသော အရာများ ဖြစ်လာခဲ့သည်။

အခြားအခြေအနေများတွင်မူ ကိစ္စမရှိပေ။ သာမန်သတ္တုများထက် များစွာ မာကျောသော သဘာဝကြောင့် ၎င်းသည် သာမန်သတ္တုဖြင့် ပြုလုပ်ထားသော လက်နက်ကောင်းများထက် အဆပေါင်းများစွာ ပိုမိုထက်ရှသည်။

ထို့အပြင် အပူ၊ အအေးနှင့် အက်ဆစ်၊ အယ်လ်ကာလီ တိုက်စားမှုမျိုးစုံကိုလည်း ကောင်းစွာ ခုခံနိုင်စွမ်းရှိသောကြောင့် ပြီးပြည့်စုံသော လက်နက်တစ်ခုဟု ဆိုနိုင်သည်။

သို့သော် ပိုမိုမြင့်မားသော အဆင့်ရှိသည့် သန္ဓေပြောင်း သက်ရှိများ၏ ခန္ဓာကိုယ်အတွင်းတွင်မူ ထိုခုခံနိုင်စွမ်းမှာ ပြင်းထန်စွာ ထိခိုက်ခံရတတ်သည်။

ဤကဲ့သို့သော အခြေအနေမျိုး ယခင်က တစ်ကြိမ် ကြုံဖူးသည်။

ထိုစဉ်က သန္ဓေပြောင်းမြွေတစ်ကောင်၏ ခေါင်းထဲသို့ ကျန်းမာတောက်ဓားကို အချိန်အတော်ကြာ စိုက်ထားခဲ့မိသောကြောင့် ဓားထဲရှိ ဇီဝဒြပ်စင်များ စုပ်ယူခံရပြီး ကျန်းမာတောက်ဓား တစ်လက်လုံး အဆင့်ကျဆင်းသွားခဲ့ရသည်။

သွေးများက ကျန်းမာတောက်ဓားကို ဆက်လက် စားစားခြင်းမှ ကာကွယ်ရန်နှင့် ကုစားမရသော ဆိုးကျိုးများ မဖြစ်ပေါ်စေရန်အတွက် လော်ယွမ်က ကျန်ရှိနေသေးသော သူ၏ စိတ်စွမ်းအားများကို ကျန်းမာတောက်ဓားထဲသို့ ချက်ချင်း သွင်းထည့်လိုက်သည်။

ကျန်းမာတောက်ဓားက ချက်ချင်းပင် တောက်ပလင်းလက်လာပြီး တောင့်တင်းနေသည့် ခံစားချက်လည်း အတော်လေး ပျောက်ကွယ်သွားသည်။

သို့သော် ယခင်အခြေအနေအတိုင်း ပြန်ဖြစ်ရန်အတွက်မူ "ပြန်လည် သန့်စင်ခြင်း" ကို အသစ်တစ်ဖန် ပြုလုပ်ရဦးမည်ဖြစ်သည်။

လော်ယွမ်က အချိန်မဆွဲတော့ဘဲ နှလုံးကို ချက်ချင်း စတင်ပိုင်းဖြတ်လိုက်သည်။

စက္ကန့်အနည်းငယ် အကြာတွင်တော့ ဤကျိန်စာသင့်နေသော နေရာမှ သူ နောက်ဆုံးတွင် ထွက်ခွာနိုင်ခဲ့လေပြီ။

မြေကြီးက ပြင်းထန်စွာ တုန်ခါနေပြီး ကမ္ဘာမြေကြီး တစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်နေသည်။

သို့သော် လော်ယွမ်အတွက်မူ ဤသည်က အနည်းငယ် အနှောင့်အယှက်ဖြစ်ရုံမျှသာ ဖြစ်သည်။

သူက သွေးကြောများတစ်လျှောက် အဆုတ်ဆီသို့ ပြန်သွားပြီး ထိုမှတစ်ဆင့် သားရဲကြီး၏ နှာခေါင်းပေါက်မှတဆင့် ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခွာလာခဲ့သည်။

ဆယ်မိနစ်ကျော်ခန့် အကြာတွင် သူက ရေကန်ကို ဖောက်ထွက်လာပြီး ကောင်းကင်ယံတွင် ရပ်တန့်လိုက်ကာ သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။

သူ၏ လက်ဝါးကို ဖြန့်လိုက်သောအခါ အလင်းရောင်များ ဖြာထွက်နေသော သလင်းကျောက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။

အမည် - ဇီဝစွမ်းအင်ဗဟိုချက်

ရှားပါးမှုအဆင့် - ခရမ်းရောင်

အလေးချိန် - ဝ.၂ ပေါင်

ထပ်တိုးအစွမ်း - မရှိ

သုံးသပ်ချက် - ဤသည်မှာ စွမ်းအင်များကို အလိုအလျောက် ထုတ်လုပ်ပေးနိုင်သော စွမ်းအင်ဗဟိုချက်တစ်ခု ဖြစ်သည်။ ၎င်းသည် အဆင့်မြင့် စွမ်းအင်များကို စုပ်ယူနိုင်ပြီး သက်ရှိများ စုပ်ယူအသုံးပြုနိုင်သော တက်ကြွစွမ်းအင်များကို ပြန်လည်ထုတ်လွှတ်ပေးနိုင်သည်။ ဤသည်မှာ အာကာသသားရဲများ၏ စွမ်းအင်ဗဟိုချက်ဖြစ်ပြီး ၎င်းတို့၏ သက်ဝင်လှုပ်ရှားမှု အားလုံးကို ထောက်ပံ့ပေးထားသည်။

စနစ်မှ ခွဲခြားသတ်မှတ်ပေးသော အချက်အလက်များကို ကြည့်ပြီးနောက် လော်ယွမ်၏ လက်များ အနည်းငယ် တုန်ယင်သွားကာ သလင်းကျောက် လွတ်ကျသွားလုမတတ် ဖြစ်သွားရသည်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စနစ်၏ အချက်အလက်များကို နောက်တစ်ကြိမ် ထပ်ဖတ်ကြည့်လိုက်သည်။

သူ အမှန်တကယ် အမြင်မမှားကြောင်းကို အတည်ပြုလိုက်သည်။

သူ၏ စိတ်ထဲတွင် လှိုင်းဂယက်များ ထနေပြီး အလွန်အမင်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။

သူ့လိုလူတစ်ယောက်ကို ဤမျှအထိ ထိန်းချုပ်မှု ကင်းမဲ့သွားစေသည်မှာ ဤအရာက အလွန်ကို အံ့မခန်း ဖြစ်နေသောကြောင့်ပင်။

စနစ်၏ သုံးသပ်ချက်အရ ဤသည်မှာ စွမ်းအင်များကို အလိုအလျောက် ထုတ်လုပ်ပေးနိုင်သော စွမ်းအင်ဗဟိုချက်တစ်ခု ဖြစ်သည်။

ဆိုလိုသည်မှာ ဤသေးငယ်သော သလင်းကျောက်လေးသည် မည်သည့်အခါမှ ခမ်းခြောက်သွားခြင်းမရှိဘဲ စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။

ယုံမှားသံသယဖြစ်ဖွယ်မရှိ ဤသည်မှာ ထာဝရစွမ်းအင်ရင်းမြစ်တစ်ခုပင် ဖြစ်သည်။

"ဒါကိုသာ မီးလုံးအဖြစ် သုံးလိုက်ရင် တစ်သက်လုံး လင်းနေမှာပဲ" လော်ယွမ်က သူ၏စိတ်ထဲတွင် မချင့်မရဲ တွေးလိုက်မိသည်။

သေချာသည်မှာ ထိုကဲ့သို့ အသုံးပြုခြင်းက အလွန်တန်ဖိုးရှိသော အရာကို ဖြုန်းတီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

ဤသလင်းကျောက်၏ အကြီးမားဆုံးသော အသုံးဝင်မှုမှာ သာမန် စွမ်းအင်တစ်ခုအဖြစ် အသုံးပြုရန် မဟုတ်ပေ။

၎င်းမှ ထုတ်လွှတ်ပေးသော တက်ကြွစွမ်းအင်များကို လူသားများအနေဖြင့် စက်မှုလုပ်ငန်းများတွင် အသုံးချရန် အလွန်ခက်ခဲလှသည်။

အကယ်၍ အသုံးချနိုင်ခဲ့လျှင်တောင် အာကာသယာဉ်ပေါ်ရှိ အနုမြူစွမ်းအင်ပေါင်းစပ်ဖိုက ၎င်းကို အစားထိုးရန် လုံလောက်နေပြီဖြစ်သည်။

၎င်း၏ အကြီးမားဆုံးသော အသုံးဝင်မှုမှာ ယုံမှားသံသယဖြစ်ဖွယ်မရှိ ထုတ်လွှတ်ပေးသော တက်ကြွစွမ်းအင်များပင် ဖြစ်သည်။

တက်ကြွစွမ်းအင်ကို ပြန်လည်တည်ဆောက်ရေးဇုန် ခေတ်ကာလများကတည်းက ပမာဏအနည်းငယ် အသုံးပြုခဲ့ကြသည်။

လူတို့သည် သန္ဓေပြောင်းသားရဲများ၏ သွေးများထဲမှ နည်းလမ်းမျိုးစုံကို အသုံးပြု၍ သန့်စင်စစ်ထုတ်ကာ သန့်စင်သော အာဟာရအရည်များကို ရယူခဲ့ကြသည်။

၎င်းကို ဇီဝဗေဒနယ်ပယ် အားလုံးနီးပါးတွင် အသုံးပြုနိုင်သည်။

သို့သော် ထုတ်လုပ်နိုင်မှု ပမာဏ အကန့်အသတ်ရှိသောကြောင့် ဤတန်ဖိုးကြီးမားသော အာဟာရအရည်များကို လူသားကိုယ်ပွား ဖန်တီးသည့်နေရာတွင် အများဆုံး အသုံးပြုခဲ့ကြသည်။

ကိုယ်ပွားဖန်တီးရာတွင် အာဟာရအရည် ရှိခြင်းနှင့် မရှိခြင်းတို့ကြား၌ အကျိုးသက်ရောက်မှု အဆပေါင်းများစွာ ကွာခြားရုံသာမက ဖန်တီးလိုက်သော သန္ဓေသားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်လည်း အာဟာရအရည် မရှိလျှင် များစွာ အားနည်းနေတတ်သည်။

ယခုအချိန်တွင်မူ အာဟာရအရည်များ ရရှိနိုင်သည့် အရင်းအမြစ်များ မရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

စိုက်ပျိုးရေးဇုန်ရှိ အပင်များတွင် တက်ကြွစွမ်းအင်များ ရှိသည်ဟု ဆိုသော်လည်း ထိုစွမ်းအင် ပြင်းအားမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှသဖြင့် ထုတ်ယူရန် တန်ဖိုးမရှိပေ။

သို့သော် ယခုအခါ ဤအရာရှိနေပြီဖြစ်၍ နောင်တွင် အာဟာရအရည်များကို အမြောက်အမြား ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။

ထို့အပြင် ဤတက်ကြွစွမ်းအင်၏ အဆင့်မှာလည်း ပိုမိုမြင့်မားလှသည်။

၎င်းကို လူသားများ သောက်သုံးလိုက်ပါက မည်ကဲ့သို့သော အကျိုးသက်ရောက်မှု ရှိမည်ကို လော်ယွမ် အသေအချာ မသိသော်လည်း အနည်းဆုံးတော့ အဆင့်(၈) စွမ်းအင်သလင်းကျောက်ထက်တော့ အားနည်းမည်မဟုတ်ပေ။

လူသားအားလုံး စူပါမင်းများ ဖြစ်လာမည့်ခေတ်က သိပ်မဝေးတော့ဟု ဆိုရမည်။

သူ စဉ်းစားလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။ အချိန်အတော်ကြာမှသာ သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တည်ငြိမ်သွားကာ မြေပြင်ဆီသို့ ငုံ့ကြည့်လိုက်သည်။

ယခုအချိန်တွင် "ဦးနှောက်မရှိသော" ထိုဧရာမသားရဲကြီးသည် ရေကန်ထဲတွင် ပြင်းထန်စွာ ရုန်းကန်နေဆဲဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် အနီးတစ်ဝိုက်တွင် ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းများပင် တိုက်ခတ်နေပြီး ရှစ်မိုင်ခန့် ပတ်လည်တစ်ဝိုက်တွင် လေပြင်းများ တဟူးဟူး တိုက်ခတ်နေသည်။

သို့သော် ဤသည်မှာ ၎င်း၏ နောက်ဆုံး ရူးသွပ်မှုပင်ဖြစ်သည်။ စွမ်းအင်ဗဟိုချက်ကို ဆုံးရှုံးလိုက်ရသဖြင့် ၎င်း၏ အသက်ရှင်သန်မှု လက္ခဏာများက ရုတ်တရက် အလွန်အားနည်းသွားခဲ့သည်။

နဂိုက ပြင်းထန်သော စွမ်းအင်လှိုင်းများမှာလည်း ထက်ဝက်ကျော် ပျောက်ကွယ်သွားပြီး သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် ဆက်တိုက် မှေးမှိန်လာနေသည်။

ဤကဲ့သို့ ပြင်းထန်စွာ ရုန်းကန်နေခြင်းက ၎င်း၏ သေဆုံးမှုကို ပို၍ပင် မြန်ဆန်စေသည်။

မိနစ်အနည်းငယ် အကြာတွင် ၎င်း၏ လှုပ်ရှားမှုများက စတင် နှေးကွေးလာပြီး ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်လှိုင်းများလည်း တဖြည်းဖြည်း မှေးမှိန်လာသည်။

အချိန်သိပ်မကြာလိုက်ဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ ခန္ဓာကိုယ်ရှိ နောက်ဆုံးကျန်ရစ်နေသော အင်အားများ အားလုံး ကုန်ခန်းသွားပြီး ဝုန်းခနဲ လဲကျသွားလေသည်။

၎င်းက ထပ်မံထရန် ကြိုးစားနေသော်လည်း မည်သို့ပင် ရုန်းကန်စေကာမူ ခန္ဓာကိုယ်က အနည်းငယ်သာ တုန်ယင်နေတော့သည်။

ဤကဲ့သို့သော အာကာသသားရဲကြီးများအတွက် သာမန်သက်ရှိများကဲ့သို့ အစားအစာ စားသောက်ခြင်းဖြင့် စွမ်းအင်များ ရယူသည့်စနစ် မရှိတော့ပေ။

ထို့အပြင် ထိုသို့သော အကျိုးသက်ရောက်မှုနည်းပါးသည့် နည်းလမ်းက တန်ချိန် သန်းပေါင်းဆယ်ချီ လေးလံသော ၎င်းတို့၏ ခန္ဓာကိုယ်ကြီးကို ထောက်ပံ့နိုင်မည် မဟုတ်ချေ။

စွမ်းအင်ဗဟိုချက် မရှိတော့သည်နှင့် ၎င်းတို့၏ အသက်ရှင်သန်မှုလည်း ပြီးဆုံးသွားပြီဟု ဆိုနိုင်သည်။

အသက်ရှင်သန်ရန် အခြေခံ လိုအပ်ချက်များကပင် ၎င်း၏ အသက်ကို နုတ်ယူသွားရန် လုံလောက်နေပြီဖြစ်သည်။

နာရီဝက်ခန့် အကြာတွင် ထိုသားရဲကြီးသည် အလောင်းကောင်တစ်ခုကဲ့သို့ ငြိမ်သက်သွားခဲ့သည်။

စနစ်၏ မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးချက် မပေါ်လာသေးခြင်းကြောင့်သာ မဟုတ်လျှင် လော်ယွမ်တစ်ယောက် ၎င်းသေဆုံးသွားပြီဟု ထင်မိမည်မှာ သေချာသည်။

(ဤမစ်ရှင်က အချိန်ကန့်သတ်ချက် မရှိသောကြောင့် ယခုအထိ မစ်ရှင် မကျရှုံးသေးခြင်းဖြစ်သည်။)

လော်ယွမ်က ဆက်လက်၍ ခဏမျှ စောင့်ကြည့်နေသော်လည်း ၎င်းက နောက်ဆုံးထွက်သက်ကို ခက်ခဲစွာ ရှူရှိုက်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူလုံးဝ စိတ်မရှည်နိုင်တော့ပေ။

သူ၏ စိတ်စွမ်းအားများ ထက်ဝက်ကျော် ပြန်လည်ပြည့်ဝလာသည်ကို တွေ့လိုက်ရသဖြင့် အာကာသဟင်းလင်းပြင်ဆီသို့ လေဟာနယ်ကူးပြောင်း ပျံသန်းခြင်းကို အသုံးပြုကာ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ဤသားရဲကြီး၏ အလောင်းကိုမူ သူ စွန့်လွှတ်လိုက်ခြင်း မဟုတ်ပေ။ ၎င်း လုံးဝ သေဆုံးသွားမှသာ ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အဆင့်(၉) သားရဲကြီးတစ်ကောင်သည် သူ၏အဖို့ သိပ်အသုံးမဝင်သော်လည်း သိပ္ပံသုတေသန လုပ်ငန်းများအတွက်မူ အလွန် အရေးပါလှသည်။

၎င်း၏ ခန္ဓာကိုယ်မှ အလွန်မာကျောသော ဇီဝဒြပ်စင်များဖြစ်စေ၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင် အသုံးပြုပုံ နည်းလမ်းများဖြစ်စေ လူသားများအတွက် ကြီးမားလှသော ရတနာသိုက်ကြီး တစ်ခုနှင့် မခြားပေ။

အထူးသဖြင့် နောက်ဆုံးအချက်ပင်ဖြစ်သည်။ ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာပင်လျှင် ဤကိစ္စနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာ နားလည်ထားကြသည်။

အနည်းဆုံးတော့ အာကာသယာဉ်ပေါ်တွင် စွမ်းအင်ဖြင့် ကာကွယ်သည့်စနစ်မျိုး လော်ယွမ် လုံးဝ မတွေ့ခဲ့ရပေ။

ကြယ်တာရာ ခရီးစဉ်များအတွင်း အန္တရာယ်အမျိုးမျိုးကို ကာကွယ်ရန် ကိုယ်ပိုင် ထူထဲသော သံချပ်ကာများကိုသာ အားထားနေရသည်။

အကယ်၍ ဤအာကာသသားရဲကြီး၏ လျှို့ဝှက်ချက်များကိုသာ ဖော်ထုတ်နိုင်မည်ဆိုပါက ထိုအချိန်ကျလျှင် လူသားများအနေဖြင့် ဗိုရှင်းဂြိုဟ်သားများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလာနိုင်ပေလိမ့်မည်။

ဆက်ရန်...

အပိုင်း(၄၉၀) စမ်းသပ်ချက်

အချိန်အနည်းငယ်ကြာသော် လော်ယွမ်က ယာဉ်ပျံဆီသို့ ပြန်ရောက်လာခဲ့သည်။

နေထိုင်ရာ အခန်းသို့ ပြန်ရောက်သောအခါ လော်ယွမ်က အိတ်ကပ်ထဲမှ စွမ်းအင်ဗဟိုချက်ကို ထုတ်ယူလိုက်သည်။

ထိုအခါ တောက်ပလင်းလက်နေသော အလင်းရောင်များက အထပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

လော်ယွမ်က ဤအရာအား ဇီဝဗီဇဓာတ်ခွဲခန်းသို့ လေ့လာဖို့အတွက် ချက်ချင်းပေးအပ်ရန် အစီအစဉ်မရှိသေးပေ။

တစ်ဖက်တွင်လည်း ဉာဏ်ပညာဆေးရည်က လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါပြီး လက်ရှိ ဗီဇဓာတ်ခွဲခန်း၏ အဓိကလုပ်ငန်းစဉ် ဖြစ်နေသည်။

မည်သည့်စီမံကိန်းမဆို ၎င်းအတွက် ဖယ်ပေးရမည်ဖြစ်ကာ အာရုံစိုက်မှု လျော့ပါးသွားစေရန် မဖြစ်နိုင်ပေ။

အခြားတစ်ဖက်တွင်မူ ဤကဲ့သို့ အံ့ဖွယ်ကောင်းသော ထာဝရစွမ်းအင်ကို မျက်မြင်ကိုယ်တွေ့ မြင်ရသောအခါ လော်ယွမ်၏ စိတ်ထဲတွင် လှုပ်ရှားလာပြီး လေ့လာစူးစမ်းလိုစိတ်များ ပြန်လည်နိုးကြားလာခဲ့သည်။

လူကို စက်ယန္တရားတစ်ခုနှင့် နှိုင်းယှဉ်ပြီး ကိန်းဂဏန်းများဖြင့် တိုင်းတာမည်ဆိုလျှင် လော်ယွမ်၏ ပြင်းထန်သော တိုက်ပွဲဝင်ချိန်၌ သူ၏စွမ်းအင်ထုတ်လွှတ်မှုက ကီလိုဝပ် ငါးသောင်းခန့်အထိ ရှိနိုင်သည်။

ထိုကိန်းဂဏန်းက အသေးစား ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတစ်ခုနှင့် ညီမျှပြီး သာမန်လူများနှင့် ယှဉ်လျှင် ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။

သို့သော် စစ်မှန်သော အာကာသသားရဲကြီးများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သည့် အနေအထားပင်။

၎င်းတို့နှစ်ခုကြားရှိ စွမ်းအင်အဆင့်ကွာဟချက်မှာ အနည်းဆုံး ဆယ်ဆမှ သိန်းဆအထိပင် ကွာဟနိုင်သည်။

ထိုသို့ ကြီးမားသော ကွာဟချက်ရှိရခြင်းမှာ ခန္ဓာကိုယ် အရွယ်အစား ကွာခြားမှုကြောင့် ဖြစ်သကဲ့သို့ စွမ်းအင်ထောက်ပံ့မှု အရင်းအမြစ် နောက်ကျနေခြင်းကြောင့်လည်း ဖြစ်သည်။

လော်ယွမ်က အစစ်အမှန် အာကာသ သက်ရှိတစ်ဦး မဟုတ်ပေ။ အကယ်၍ သက်ရှိအဆင့်ခွဲခြားမှုအရ သတ်မှတ်မည်ဆိုလျှင် သူ၏အဆင့်က အဆင့်(၈) ဝန်းကျင်ခန့်တွင် ရှိမည်ဖြစ်သည်။

သူက အာကာသသက်ရှိများကဲ့သို့ အာကာသထဲတွင် ရှင်သန်နိုင်ရခြင်းမှာ အနုမြူပေါင်းစပ်ခြင်း ခန္ဓာကိုယ် ဟူသော ထူးခြားလှသည့် ဆင့်ကဲပြောင်းလဲမှု စွမ်းရည်ကြောင့်ပင် ဖြစ်သည်။

သို့သော် အခြားသော အပိုင်းများတွင်မူ အများကြီး နောက်ကျကျန်နေသေးသည်။

ဥပမာ - အခြေခံ စွမ်းအင်အသုံးပြုမှုနှင့် စကြာဝဠာအတွင်းရှိ စက်ကွင်းအမျိုးမျိုးကို ထိန်းချုပ်မှု စသည်တို့တွင် သူ၏စိတ်စွမ်းအားကို အသုံးမပြုပါက လုံးဝနားမလည်ဘဲ အတုအယောင် အာကာသသက်ရှိတစ်ဦးကဲ့သို့ ဖြစ်နေသည်။

ထိုနှစ်ခုကြားရှိ အဓိကအကျဆုံး ကွာခြားချက်မှာ ထာဝရစွမ်းအင် ပိုင်ဆိုင်မှု ရှိ၊ မရှိ ပင်ဖြစ်သည်။

ဤထာဝရစွမ်းအင်ကိုသာ ပိုင်ဆိုင်လိုက်ပါက ရုပ်ဝတ္ထုများအပေါ် သူ၏မှီခိုအားထားရမှုက ပိုမိုလျော့ကျသွားပေလိမ့်မည်။

"ဒါကို နှလုံးထဲ အစားထိုးထည့်လိုက်ရင် ကောင်းမလား" လော်ယွမ်က ထိုစွမ်းအင်ဗဟိုချက်ကို ကြည့်ရင်း စိတ်ထဲတွင် လှုပ်ရှားလာကာ မူလကရှိနေသော အတွေးများပင် လွင့်ပျောက်သွားတော့သည်။

"ဒီကိစ္စက တော်တော်လေး ဖြစ်နိုင်ခြေရှိတယ်... ဒီစွမ်းအင်ဗဟိုချက်က နည်းနည်းကြီးနေပေမဲ့ အခုချိန်မှာ ငါ့ရဲ့နှလုံးက သိပ်ပြီး အသုံးမဝင်တော့ဘူး... သွေးကြောစီးဆင်းမှုကို အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့သွားရင်တောင် ငါ့အတွက် သိပ်ပြီး အရေးမကြီးဘဲ ဘာသက်ရောက်မှုမှ ရှိလာမှာမဟုတ်ဘူး။

"ခန္ဓာကိုယ်က လက်မခံဘဲ ဆန့်ကျင်မယ့် တုံ့ပြန်မှုအတွက်လည်း ပူစရာ လုံးဝမလိုဘူး... ဆန့်ကျင်တုံ့ပြန်မှုဆိုတာက အဓိကအနေနဲ့ စိတ်စွမ်းအင်အမှတ်အသား မတူညီလို့ ဖြစ်ရတာ... ဒါကို ငါကိုယ်တိုင် ကျင့်ကြံပေါင်းစပ် လိုက်တာနဲ့... ခန္ဓာကိုယ်က ဒါကို ငါ့ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သတ်မှတ်သွားလိမ့်မယ်"

သူက စိတ်ထဲတွင် စဉ်းစားချင့်ချိန်နေသော်လည်း များမကြာမီ ထိုအကြံအစည်ကို ဖျက်သိမ်းလိုက်သည်။

ဤအရာက လူသားများအတွက် အရေးပါသည်ဆိုသည့် အချက်ကို တွေးမိ၍မဟုတ်ပေ။

အာကာသသားရဲကြီးများမှာ ရှားပါးလှသော်လည်း နေစကြဝဠာအတွင်း၌ တစ်ကောင်တည်းသာ ရှိသည်မဟုတ်ချေ။

အနည်းဆုံးတော့ ပြီးခဲ့သည့်အကြိမ်က လပေါ်တွင် အာကာသသားရဲတစ်ကောင်ကို သူတွေ့ခဲ့ဖူးသည်။

ယာဉ်ပျံဖြင့် သေချာရှာဖွေပြီး အချိန်ယူမည်ဆိုလျှင် အမြဲတမ်း တွေ့ရှိနိုင်သည်။

ထို့အပြင် အာကာသသားရဲကြီးများက စွမ်းအားကြီးမားလှသော်လည်း ဗိုရှင်းဂြိုဟ်သားများ၏ ယာဉ်ပျံနှင့် ရင်ဆိုင်ရချိန်တွင်မူ ရုန်းကန်နိုင်စွမ်း မရှိဘဲ အလွယ်တကူ သုတ်သင်ခံရနိုင်ကာ စွမ်းအင်ဗဟိုချက်များ ပိုမိုရရှိနိုင်ပေသည်။

သူတွေးပူနေသည်မှာ စွမ်းအင်ဗဟိုချက်ကို အစားထိုးလိုက်သည်နှင့် တစ်ပြိုင်နက် လှိုင်းတံပိုးကဲ့သို့ ပြင်းထန်သော စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားမည်ကိုပင်။

မည်သို့ပင်ဆိုစေ ဤအရာက ပေါင် ဘီလီယံနှစ်ဆယ်ကျော် အလေးချိန်ရှိသော သားရဲကြီးကိုပင် မောင်းနှင်နိုင်စွမ်းရှိသည်။

၎င်းကို သူ့ခန္ဓာကိုယ်တွင် အစားထိုးခြင်းက စက်ဘီးတစ်စီးတွင် ဂျက်အင်ဂျင်ကို တပ်ဆင်လိုက်သည်နှင့် အတိအကျ တူညီနေပေမည်။

တစ်ခုတည်းသော ရလဒ်မှာ စက်ဘီးလည်းပျက်၊ လူလည်းသေမည့် အဖြစ်ပင်တည်း။

အလုံခြုံဆုံး နည်းလမ်းမှာ ၎င်း၏ ဒြပ်စင်ဖွဲ့စည်းပုံကို သေချာလေ့လာပြီး သူ၏နှလုံးနေရာရှိ စွမ်းအင်ပုံဆောင်ခဲကို အသေးစား စွမ်းအင်ဗဟိုချက်အဖြစ် ပြောင်းလဲတည်ဆောက်ရန်ပင် ဖြစ်သည်။

ကံကောင်းသည်မှာ ယခုအချိန်တွင် လက်တလောအတွင်း လူသားများအတွက် အင်အားကြီးမားသော ရန်သူမရှိဘဲ အလွန်လုံခြုံနေပေသည်။

ထို့ကြောင့် ဤစွမ်းအင်ဗဟိုချက်ကို လေ့လာရန် သူ့တွင် အချိန်လုံလောက်စွာ ရှိနေသည်။

သူက စိတ်စွမ်းအားကို အသုံးပြု၍ တစ်ချက် စူးစမ်းကြည့်လိုက်သည်။ ဤပုံဆောင်ခဲ၏ အတွင်းပိုင်းက အစိုင်အခဲမဟုတ်ဘဲ အခေါင်းပေါက်ဖြစ်နေကာ ဖွဲ့စည်းပုံကလည်း အလွန်ရှုပ်ထွေးလှသည်။

လက်မ၏ သန်းပေါင်းများစွာပုံ တစ်ပုံခန့် အလွန်သေးငယ်သော ထောင့်ချွန်းပုံဆောင်ခဲအစုအဝေး သန်းပေါင်းများစွာက သဘာဝအတိုင်း အလွန်တရာ သေသပ်လှပသော သုံးဖက်မြင်ပုံစံတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။

အကြမ်းဖျင်း တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် မျက်စိလည်မူးနောက်သွားစေမည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။

သူ၏စိတ်စွမ်းအားက အက်တမ်အရွယ်အစားရှိ ဖွဲ့စည်းပုံများကို စူးစမ်းနိုင်စွမ်း မရှိသေးသဖြင့် ဤပုံဆောင်ခဲက မည်သည့်ဒြပ်စင်များဖြင့် ဖွဲ့စည်းထားသည်ကို မမြင်နိုင်ပေ။

ဓာတ်ခွဲခန်းတွင်မူ စကန်ဖတ်နိုင်သော အီလက်ထရွန် အဏုကြည့်မှန်ပြောင်း တစ်လုံးရှိသဖြင့် လေ့လာကြည့်ရှုနိုင်သည်။

သို့သော် လူသားမျိုးနွယ်တစ်ရပ်လုံးတွင် ထိုအရာတစ်လုံးတည်းသာ ရှိပြီး အလွန်တန်ဖိုးကြီးမားလှသည်။

ဗိုရှင်းဂြိုဟ်သားများ၏ စမ်းသပ်ခန်းသုံး ကိရိယာများကို နားလည်အောင် မဖြေရှင်းနိုင်သေးမီ အချိန်အထိ ထိုအဆင့်မြင့် ကိရိယာကို ဓာတ်ခွဲခန်းအားလုံးက မျှဝေအသုံးပြုနေရသည်။

ထို့ကြောင့် သူတစ်ကိုယ်ရေအတွက် သီးသန့်ယူသုံးရန် သူ့အနေဖြင့် အားနာမိသည်။

သူက အင်အားကြီးမားလာစေရန် အလောတကြီး လိုလားမှု မရှိသောကြောင့်လည်း ဖြစ်နိုင်သဖြင့် သိပ်ပြီး စိတ်ပျက်မသွားပေ။

လော်ယွမ်က စိတ်စွမ်းအားကို ရုပ်သိမ်းလိုက်ပြီး သာမန် စမ်းသပ်မှုအချို့ကို ဆက်လုပ်နေလိုက်သည်။

၎င်းက သာမန်စွမ်းအင်ပုံဆောင်ခဲများကဲ့သို့ မပျော့ပျောင်းဘဲ တော်တော်လေး မာကျောသည်။

ပျက်စီးသွားမည်စိုး၍ လော်ယွမ်က အကြမ်းပတမ်း စမ်းသပ်ခြင်းမျိုးကိုတော့ မလုပ်ဝံ့ပေ။

ထို့အပြင် ရေနှင့်ထိတွေ့လျှင်လည်း ၎င်းက အရည်ပျော်မသွားချေ။

ထိုအချိန်တွင် လော်ယွမ်က အပင်စိုက်ပျိုးရာဥယျာဉ်ရှိ အပင်များက ယခင်ကထက် ပိုမိုစိမ်းလန်းစိုပြည်လာသည်ကို သတိပြုမိလိုက်သည်။

လော်ယွမ်က သူမျက်စိများသွားသည်ဟု ထင်မှတ်ကာ အနီးသို့သွား၍ သေချာစွာ အကဲခတ်ကြည့်လိုက်သည်။

သူ၏မှတ်ဉာဏ်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်သောအခါ သူမြင်ရသည်မှာ မမှားကြောင်း တွေ့လိုက်ရသည်။

ဤအပင်များကို လွန်ခဲ့သည့် အချိန်တိုလေးကမှ ပြောင်းရွှေ့စိုက်ပျိုးထားခြင်း ဖြစ်ပြီး အစောပိုင်းက ညှိုးနွမ်းနေခဲ့သော်လည်း ယခုအခါ အပြည့်အဝ ရှင်သန်လန်းဆန်းနေပြီ ဖြစ်သည်။

အစပိုင်းဝင်လာချိန်နှင့် နှိုင်းယှဉ်လျှင် ဤအပင်များက နွေရာသီ နံနက်ခင်း၌ နှင်းပေါက်များ ခိုတွဲနေသော မြက်ပင်ငယ်လေးများကဲ့သို့ စိမ်းလန်းစိုပြည်ကာ ရေစက်များပင် ကျလာတော့မည့်အလား ထင်မှတ်ရသည်။

သူက လက်ထဲရှိ ပုံဆောင်ခဲကို ကြည့်ရင်း အလိုလို တွေးတောမိသွားသည်။

လေထုထဲတွင် သိပ်သည်းလှသော တက်ကြွစွမ်းအင်များ ပျံ့နှံ့နေပြီး ဤနေရာရှိ အပင်များ၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနေပုံရသည်။

ကျောဘက်မှ ခြေသံများ ကြားလိုက်ရသည်။ လော်ယွမ်က လှည့်မကြည့်ဘဲနှင့်ပင် ဗီဇပြောင်းလူသားမလေး ဖြစ်မှန်း သိလိုက်သည်။

ဤစွမ်းအင်က သူမကိုလည်း ဆွဲဆောင်သွားပုံရသည်။ သူမက မနီးမဝေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လော်ယွမ်၏ လက်ထဲရှိ ပုံဆောင်ခဲကို တပ်မက်စွာ စိုက်ကြည့်နေသည်။

သူမ၏ ပန်းရောင်သန်းနေသော လျှာလေးက စိုစွတ်နေသော နှုတ်ခမ်းကို အလိုအလျောက် သပ်လိုက်မိသည်။

လော်ယွမ်က သတိဝီရိယဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမကို အမြန်နှင်ထုတ်လိုက်သည်။

"နောက်ဆိုရင် ဒီဟာကို ဗီဇပြောင်းလူသားမလေး လုံးဝရှာမတွေ့နိုင်တဲ့ နေရာမှာ သိမ်းထားရမယ်... ဒါမှမဟုတ် ကိုယ်နဲ့မကွာ ဆောင်ထားမှဖြစ်မယ်"

အဝေးတွင် ပုန်းကွယ်နေပြီး ဤနေရာသို့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေသော ဗီဇပြောင်းလူသားမလေးကို ကြည့်ရင်း လော်ယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

ဤစွမ်းအင်ဗဟိုချက်က အတော်လေး အန္တရာယ်များလှသည်။ အကယ်၍ သူမ ရှာတွေ့သွားပြီး မဆင်မခြင် မြိုချလိုက်မိလျှင် နောင်တရ၍ပင် ဆုံးမည်မဟုတ်ချေ။

ဗီဇပြောင်းလူသားမလေး၏ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေခြင်းကို လော်ယွမ်မှာလည်း ဘာမှမတတ်နိုင်သဖြင့် သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်တော့သည်။

ထို့နောက် သူက ချန်ကွမ်ဟွေးကို ဖုန်းဆက်ခေါ်လိုက်သည်။

"ဓာတ်ခွဲခန်းရဲ့ တိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲ"

"အခုအချိန်အထိ ဘာသတင်းမှ မရှိသေးပါဘူး" ချန်ကွမ်ဟွေးက ယခင်ကထက် ပိုမို ရိုသေကိုင်းရှိုင်းစွာဖြင့် ပြန်လည်ဖြေကြားလာသည်။

လော်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း အသေးစိတ် ဆက်မမေးတော့ပေ။

သူက ခေတ္တမျှ စဉ်းစားပြီးနောက် "ဓာတ်ခွဲခန်းကိုသွားပြီး ဉာဏ်ပညာသစ်ပင် အပင်ပေါက် နည်းနည်းလောက် သွားယူလာခဲ့... ငါ အသုံးလိုလို့"

"ဟုတ်ကဲ့ပါ မြို့တော်ဝန်... တခြား ဘာများ ခိုင်းစရာရှိပါသေးလဲ"

"မရှိတော့ဘူး... မင်းလုပ်စရာရှိတာ သွားလုပ်တော့" လော်ယွမ်က လက်ခါပြလိုက်ပြီးမှ ရုတ်တရက် ပြန်ခေါ်လိုက်သည်။

"အော် ဒါနဲ့... ရေဒီယိုသတ္တိကြွတာကို ကာကွယ်နိုင်တဲ့ ဂိုထောင်တစ်ခု စီစဉ်ထားလိုက်ဦး... နောက်ရက်အနည်းငယ်နေရင် ကုန်ပစ္စည်း တစ်သုတ် ရောက်လာလိမ့်မယ်"

လော်ယွမ် ကိုယ်တိုင် ညွှန်ကြားထားသည့် ကိစ္စဖြစ်သောကြောင့် လုပ်ငန်းစွမ်းဆောင်ရည်က အလွန်မြန်ဆန်လှသည်။

နာရီဝက်ပင် မပြည့်မီ အချိန်အတွင်း ဓာတ်ခွဲခန်းမှ သုတေသီအချို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လုပ်ဆောင်ပေးမှုကြောင့် သူ၏နေအိမ်ရှိ အပင်စိုက်ပျိုးရာဥယျာဉ်ထဲတွင် ဉာဏ်ပညာသစ်ပင် အပင်ပေါက် အနည်းငယ် ထပ်တိုးလာခဲ့သည်။

လူများ ထွက်သွားပြီးနောက် လော်ယွမ်က ကိုယ်တိုင် ရေတစ်ပုံး ခပ်လိုက်ပြီး စွမ်းအင်ဗဟိုချက်ကို ရေပုံးထဲသို့ ထည့်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် စွမ်းအင်ဗဟိုချက်ကို ပြန်ထုတ်လိုက်ရာ မူလက အရောင်အဆင်းမရှိ ကြည်လင်နေသောရေက တောက်ပသည့် အလင်းရောင် အမျှင်တန်းလေးများ ရောယှက်နေသည်ကို တွေ့လိုက်ရသည်။

အချိန်တိုလေးအတွင်း ရေထဲတွင်ရှိသော တက်ကြွစွမ်းအင် သိပ်သည်းဆမှာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

သူက ရေပုံးကိုမကာ ဉာဏ်ပညာသစ်ပင် ငါးပင်ကို တစ်ပင်ချင်းစီ လိုက်လောင်းပေးလိုက်သည်။

ဉာဏ်ပညာသစ်ပင်အပေါ် တက်ကြွစွမ်းအင်၏ အကျိုးသက်ရောက်မှုကို လေ့လာကြည့်ရန် သူရည်ရွယ်ထားသည်။

အကယ်၍ တကယ်ပဲ အကျိုးသက်ရောက်မှု ရှိမည်ဆိုပါက ဉာဏ်ပညာဆေးရည်ကို အောင်မြင်အောင် မဖော်စပ်နိုင်သည့်တိုင်အောင် အရန်အစီအစဉ်တစ်ခုအနေဖြင့် အသုံးပြုနိုင်ပေမည်။

အထွက်နှုန်း ကန့်သတ်ချက်များကြောင့် လူတိုင်း အကျိုးခံစားခွင့် ရရှိနိုင်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ အဓိက သုတေသနပညာရှင်များ၏ ဉာဏ်ရည်ဉာဏ်သွေး မြင့်တက်လာစေရန် အာမခံနိုင်ပေသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။

လော်ယွမ်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ဆယ်စက္ကန့် ပြည့်သွားပြီးနောက် ဉာဏ်ပညာသစ်ပင်များထံမှ လှုပ်ရှားမှုအချို့ စတင်ပေါ်ထွက်လာသည်။

ရေလောင်းထားသော နေရာများအနှံ့ အမြစ်များမှ သေးငယ်သော အမျှင်တန်းများစွာ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး မကြာမီမှာပင် ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

လော်ယွမ်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ဤဖြစ်စဉ်က တက်ကြွစွမ်းအင်သည် သစ်ပင်များအပေါ် အကျိုးသက်ရောက်မှု ရှိကြောင်း သက်သေပြနေသည်။

သန္ဓေပြောင်းသားရဲများ၏ အသားများကို ၎င်းတို့ စုပ်ယူရခြင်း၏ အဓိကအကြောင်းရင်းမှာ ပိုမိုများပြားသော တက်ကြွစွမ်းအင်များကို ရရှိရန်ပင် ဖြစ်ကောင်းဖြစ်ပေမည်။

ဤဖြစ်စဉ်တစ်ခုလုံးက နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီးမှ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။

ထိုဉာဏ်ပညာသစ်ပင်များရှိ မူလက ဝါကြန့်ကြန့်ဖြစ်နေသော အရွက်များမှာ စိမ်းလန်းစိုပြည်လာရုံသာမက ပင်စည်များပင် သိသိသာသာ မြင့်တက်လာခဲ့သည်။

အကယ်၍သာ တက်ကြွစွမ်းအင်များကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်မည်ဆိုပါက မကြာမီအချိန်အတွင်း ဤဉာဏ်ပညာသစ်ပင်များကို ခူးဆွတ်ရိတ်သိမ်းနိုင်တော့မည် ဖြစ်သည်။

ဆက်ရန်...

All Chapters