အခန်း (၅၅၆-၅၅၈)
Vol. 38 Ch. 556-558
Chapter 556: မျိုးနွယ် (၃) ခု အရှင်သခင်
[အမည် - ကျိရွှမ်]
[အဆင့် - နိဗ္ဗာန်အဆင့်၊ အစပျိုးအဆင့်]
[ကံကြမ္မာ - နိမ့်ပါးသောဘဝမှ ရုန်းထွက်လာသူ၊ မျိုးနွယ်သုံးပါး၏ အရှင်သခင်၊ တည်ထောင်သူဘုရင်၊ ကောင်းကင်ဘုံဆန္ဒ၏ သားတော်၊ ဘေးဒုက္ခကြယ်ပွင့်၊ နောက်ကွယ်မှ ကြိုးကိုင်သူ၊ နတ်ဘုရားအလား ခန့်ညားသူ၊ ဓားနှင့်သန်လျက်တို့၏ မဟာဆရာကြီး၊ မဟူရာနတ်ဆိုး နိဗ္ဗာနခန္ဓာ၊ သေခြင်းမှ ရှင်သန်လာသူ]
[နိမ့်ပါးသောဘဝမှ ရုန်းထွက်လာသူ - အဆင့်ဖြူကံကြမ္မာ။ သင်သည် သတ္တုတွင်းကျင်းတစ်ခုအတွင်း မွေးဖွားခဲ့ပြီး မိဘများမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ကြသည်။ မွေးဖွားချိန်မှစ၍ သတ္တုတွင်းကျွန်တစ်ဦး ဖြစ်ခဲ့သည်။]
[မျိုးနွယ်သုံးပါး၏ အရှင်သခင် - ရွှေအဆင့်ကံကြမ္မာ။ သင်သည် လူသား၊ မိစ္ဆာနှင့် နဂါးအနွယ်ဝင် သုံးမျိုးလုံး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး သုံးမျိုးနွယ်လုံး၏ ဘုံအရှင်သခင် ဖြစ်လာခဲ့သည်။ သင်၏ကျော်ကြားမှုမှာ တစ်ကမ္ဘာလုံးကို တုန်ဟိန်းစေခဲ့သည်။]
[တည်ထောင်သူဘုရင် - အဆင့်နီကံကြမ္မာ။ သင်သည် နတ်ဆိုးများကို နှိမ်နင်းပြီး ကျင်းနိုင်ငံကို တည်ထောင်ခဲ့သည်။ ကျင့်နိုင်ငံ၏ ပထမဆုံးသော လူသားဧကရာဇ်နှင့် တည်ထောင်သူဘုရင် ဖြစ်လာခဲ့သည်။]
[ကောင်းကင်ဘုံဆန္ဒ၏ သားတော် - အဆင့်ရွှေကံကြမ္မာ။ သင်သည် နတ်ဆိုးပင်လယ်ရှိ နတ်ဆိုးများကို နှိမ်နင်းရန် မျိုးနွယ်သုံးပါးကို ဦးဆောင်ခဲ့သဖြင့် ကောင်းကင်ဘုံဆန္ဒ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။ ဤကမ္ဘာအတွင်း၌ သင်သည် ကောင်းကင်ဘုံဆန္ဒ၏ ကိုယ်ပွားဖြစ်ပြီး မည်သူ၏ ဖိနှိပ်မှုကိုမျှ မခံရချေ။]
[ဘေးဒုက္ခကြယ်ပွင့် - အဆင့်နီကံကြမ္မာ။ သင့်တွင် ရင်းနှီးသော မိတ်ဆွေ၊ မိသားစု သို့မဟုတ် ယုံကြည်ရသူဟူ၍ လုံးဝမရှိချေ။ ရှိခဲ့လျှင်ပင် ထိုသူအားလုံးသည် မတော်တဆမှု အမျိုးမျိုးကြောင့် ကြေကွဲဖွယ်ရာ သေဆုံးကြရပေလိမ့်မည်။]
[နောက်ကွယ်မှ ကြိုးကိုင်သူ - အဆင့်နီကံကြမ္မာ။ သင်သည် အလွန်အမင်း စေ့စပ်သေချာပြီး ဗျူဟာခင်းကျင်းရာတွင် ထူးချွန်သည်။ သင်၏ အစီအစဉ်များသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်သော်လည်း အပြစ်အနာအဆာမရှိ တည်ရှိနေနိုင်သည်။]
[နတ်ဘုရားအလား ခန့်ညားသူ - အဆင့်ရွှေကံကြမ္မာ။ သင်၏ ရုပ်ရည်မှာ ပြိုင်ဘက်ကင်းပြီး အပြစ်ပြောစရာမရှိချေ။ လူ့လောကသို့ ဆင်းသက်လာသော နတ်သားတစ်ပါးနှင့် တူလှသည်။ ကျား၊ မ၊ ကြီး၊ ငယ် မရွေး လူတိုင်းက သင့်အပေါ် ပထမဆုံးအမြင်တွင်ပင် သဘောကျကြမည်ဖြစ်ပြီး သူတို့ကို သင်အလွယ်တကူ ဖျောင်းဖျနိုင်သည်။]
[ဓားနှင့်သန်လျက်တို့၏ မဟာဆရာကြီး - အဆင့်ရွှေကံကြမ္မာ။ ဓားနှင့် သံလျက်ပညာရပ်များတွင် သင်သည် ပြိုင်ဘက်ကင်းသည်။ သင်သည် ထိုပညာရပ်များကို သာမန်ထက် များစွာသာလွန်သော အရှိန်အဟုန်ဖြင့် လေ့ကျင့်နိုင်သည်။]
[မဟူရာနတ်ဆိုး နိဗ္ဗာန်ခန္ဓာ - အဆင့်ရွှေကံကြမ္မာ။ သူတော်စင်အဆင့်လတ် ခန္ဓာကိုယ်အမျိုးအစား။ သင်၏ခန္ဓာကိုယ်ကို စင်ကြယ်သော နတ်ဆိုးစွမ်းအင်များဖြင့် အလုံးစုံ ပြောင်းလဲသန့်စင်ထားသဖြင့် မဟူရာနတ်ဆိုး နိဗ္ဗာန်ခန္ဓာ ဖြစ်လာခဲ့သည်။ သင်သည် နတ်ဆိုးစွမ်းအင်များကို ဘေးဥပဒ်မရှိဘဲ စိတ်ကြိုက်စုပ်ယူနိုင်ပြီး ၎င်းတို့ကို စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် သွေးစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။]
[သေခြင်းမှ ရှင်သန်လာသူ - အဆင့်ရွှေကံကြမ္မာ။ သင်သည် သေခြင်းဘေးမှ ပြန်လည်ရှင်သန်ရမည့် ကံကြမ္မာကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သင်သည် အသက်ရှင်ကျန်ရစ်ခဲ့လျှင် သင်၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပပေလိမ့်မည်။ မဟုတ်ပါက ရုပ်ခန္ဓာရော ဝိညာဉ်ပါ ပျက်စီးသွားပေလိမ့်မည်။]
ရှန်မိုသည် မချီးကျူးဘဲ မနေနိုင်တော့ချေ။
ပထမဆုံးသော လူသားဧကရာဇ်၊ ကောင်းကင်ဘုံဆန္ဒ၏ သားတော်ဆိုသည့်အတိုင်းပင်။
ဤကံကြမ္မာများ ပေါင်းစပ်လိုက်ပါက ရှောင်ဖန်၊ ယဲ့ယန်နှင့် လင်းတုန်းထျန် သုံးယောက်ပေါင်းထက်ပင် ပို၍ အံ့အားသင့်စရာ ကောင်းနေတော့သည်။
"သွားရမယ့် အချိန်ရောက်ပြီ"
ကျိရွှမ်သည် လူစုကို အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်သည်။
သူ၏ အခြေခံအုတ်မြစ်များ ပျက်စီးသွားခဲ့စဉ်ကပင် သူ၏ စိတ်နေစိတ်ထားမှာ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရပြီ။ နှစ်ပေါင်းထောင်ချီကြာအောင် အိပ်မောကျနေခဲ့ခြင်းကလည်း သူ့ကို ပို၍ပင် ပြောင်းလဲသွားစေခဲ့သည်။ ယခုမူ ဤဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များသည် သူ၏အမြင်တွင် လမ်းလျှောက်နေသော 'ရှင်သန်နေသည့် ဝိညာဉ်များ' သာ ဖြစ်နေတော့သည်။
ဝုန်း!
ကြီးကျယ်ခမ်းနားလှသော ဓားချီများမှာ ကောင်းကင်ယံမှ ကျဆင်းလာသည်။ လူတိုင်းကို အသားစလေးများဖြစ်အောင် ပိုင်းဖြတ်ပစ်တော့မည့်အလားပင်။ ထိုစွမ်းအင် မကျရောက်လာမီမှာပင် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တိုင်းသည် သူတို့၏ အသားစများ၊ အကြေးခွံများနှင့် အရေပြားများမှာ ဆွဲခွာခံနေရသလို ခံစားလိုက်ရ၏။ ဤကြောက်မက်ဖွယ်ကောင်းသော ဓားချီရှေ့တွင် သူတို့သည် အရိုးစုများမျှသာ ဖြစ်သွားသလို ခံစားနေရပြီး သေမည့်အချိန်ကိုသာ စောင့်နေကြရတော့သည်။
လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်ပေါက်လာ၏။
မာန်ဝင့်ထည်လှသော သွေးနတ်ဘုရားခံတပ် အရှင်သခင် ရှီထျန် ဖြစ်စေ၊
ဉာဏ်များလှသော နဂါးပြာခံတပ် အရှင်သခင် ထန်ကျင့်လုံ ဖြစ်စေ၊
အမြဲတမ်း အကောင်းမြင်တတ်သော ကျားဖြူခံတပ် ရ အရှင်သခင် ပိုင်လျဲ့ကျို ဖြစ်စေ၊
လူတိုင်း၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
ထိုအခိုက်အတန့်တွင်ပင် ဟိန်းထွက်လာသော ဓားသံတစ်ချက် ပဲ့တင်ထပ်သွားသည်။
ချွတ်!
ရှေးဟောင်းဓား ခြောက်စင်းမှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပြီး ရှေးခေတ်သမိုင်း၏ မြစ်ကို ဖြတ်ကျော်လာသကဲ့သို့ပင်။ ၎င်းတို့သည် ကောင်းကင်မှ ကျဆင်းလာသော ကြောက်မက်ဖွယ် ဓားချီကို တားဆီးလိုက်ကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
နားကွဲမတတ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။
ကြောက်စရာကောင်းသော တုန်ခါလှိုင်းများမှာ ဘေးပတ်ပတ်လည်သို့ လွင့်စင်သွားတော့သည်။ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အားလုံးမှာ သွေးများအန်လျက် အရပ်မျက်နှာအသီးသီးသို့ လွင့်ထွက်သွားကြသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲ တုန်ခါမှုလေးကိုပင် သူတို့ မခုခံနိုင်ကြချေ။
သို့သော်လည်း…
မည်သူမျှ ထွက်မပြေးကြပေ။
တစ်ဦးချင်းစီမှာ မျက်လုံးများ ပြူးကျယ်လျက်
မတုန်မလှုပ် တည့်တည့်မတ်မတ် ရပ်နေသည့် ထိုတစ်ဦးတည်းသော ပုံရိပ်ပေါ်သို့ အကြည့်များ စိုက်ထားကြသည်။
ရှန်မို။
ဒါ... ရှန်မိုပါလား။
Chapter 557: ငါ မဟာကမ္ဘာကို သွားရင်
ထန်ကျင့်လုံ၊ ပိုင်လျဲ့ကျိုနှင့် ကျန်ရှိနေသူများအားလုံးသည် သူ့ကို မယုံနိုင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားချီများအောက်တွင် ရှန်မိုသည် မည်သို့မျှ ထိခိုက်ဒဏ်ရာမရဘဲ တည့်တည့်မတ်မတ် ရပ်နေနိုင်သည်ကို သူတို့ လုံးဝ စိတ်ကူးမယဉ်နိုင်ခဲ့ကြချေ။ ထိုရှေးဟောင်း ဧရာမ ဓားကြီးခြောက်စင်းသည် ကျိရွှမ်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို အမှန်တကယ်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
ကျိရွှမ်၏ ခြေရင်းတွင် ဒူးထောက်နေသော အောင်ကွမ်းမှာလည်း မှင်တက်သွားရ၏။ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။ ကျိရွှမ်၏ ကျင့်ကြံမှုအဆင့်မှာ သေချာပေါက် 'နိဗ္ဗာန်အဆင့်' ဖြစ်သည်။ နိဗ္ဗာန်အဆင့်ရှိသူတစ်ဦးက ဓမ္မရုပ်ပွားတော်အဆင့်ကို လုံးဝလွှမ်းမိုးထားနိုင်ခြင်းမှာ သဘာဝကျလှသည်။ ရှန်မိုတွင် မည်မျှပင် အစွမ်းထက်သော စိတ်ဝိညာဉ်လက်နက် သို့မဟုတ် လျှို့ဝှက်ပညာရပ် ရှိနေပါစေ၊ ကျိရွှမ်၏ ပေါ့ပေါ့ပါးပါး ရိုက်ချက်ကို ခုခံနိုင်စရာ အကြောင်းမရှိပေ။ ဖြစ်နိုင်ခြေ တစ်ခုတည်းသာရှိသည်...။
ရှန်မိုသည်လည်း နိဗ္ဗာန်အဆင့်သို့ ရောက်ရှိနေခြင်းပင်။ သို့သော် ထိုအချက်မှာ ပို၍ပင် မဖြစ်နိုင်သယောင်ရှိနေသည်။ ထိုစဉ်က ကျိရွှမ်သည် အခွင့်အရေးများစွာကို ပိုင်ဆိုင်ထားပြီး မျိုးနွယ်သုံးပါး၏ အရှင်သခင်အဖြစ် စိုးစံကာ ရတနာပေါင်းစုံကို တစ်ဦးတည်း အပိုင်စီးပြီးမှသာ နိဗ္ဗာန်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုမူ နှစ်ပေါင်းထောင်ချီကြာအောင် အိပ်မောကျပြီးနောက် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ၏ ရုပ်အလောင်းကို အသုံးချကာ နိဗ္ဗာန်အဆင့်သို့ မနည်းပြန်လည် ရောက်ရှိအောင် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။
ရှန်မိုက အသက်ဘယ်လောက်ရှိဦးမှာလဲ။
သူ ကျင့်ကြံလာခဲ့သည်မှာ နှစ်တစ်ရာပင် ပြည့်ဦးမည်မဟုတ်ပေ။
သူ ကျိရွှမ်နှင့် မည်သို့ယှဉ်နိုင်ပါမည်နည်း။
ဤအတွေးဝင်လာသည်နှင့် အောင်ကွမ်း ချက်ချင်းပင် ပြန်ထုတ်ပယ်လိုက်သည်။
မဖြစ်နိုင်ဘူး၊ လုံးဝကို မဖြစ်နိုင်ဘူး။
သူသည် လူသားဧကရာဇ်၏ မျက်နှာကိုကြည့်ကာ တစ်စုံတစ်ခုကို သိရှိနိုင်ရန် ခိုးကြည့်လိုက်သည်။ အကယ်၍ ကျိရွှမ်၏ မျက်နှာအမူအရာ မပြောင်းလဲပါက ရှန်မိုသည် နိဗ္ဗာန်အဆင့်မဟုတ်ဘဲ တစ်စုံတစ်ရာသော လျှို့ဝှက်ပညာဖြင့် တိုက်ခိုက်မှုကို မနည်းခုခံလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ ကျိရွှမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လျှင်မူ...။
အောင်ကွမ်း ခိုးကြည့်လိုက်၏။ သူ၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားရသည်။ ကျိရွှမ်၏ မျက်နှာအမူအရာမှာ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ချေပြီ။
"ဒါကို တကယ်မမျှော်လင့်ထားမိဘူး… တကယ်ကို မမျှော်လင့်ထားခဲ့တာ"
"မျိုးနွယ်သုံးပါးထဲက အသန်မာဆုံးတွေဟာ နတ်ဆိုးပင်လယ်ထဲက ခံတပ်တွေမှာ နှစ်ပေါင်းထောင်ချီ ပိတ်မိနေခဲ့ကြတယ်… ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တွေဟာလည်း နတ်ဆိုးတွေကို တိုက်ခိုက်ရင်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြရတယ်… ဒါတောင်မှ နိဗ္ဗာန်အဆင့်တစ်ယောက် ပေါ်ထွက်လာသေးတာပဲ"
ကျိရွှမ်သည် အံ့ဩမှုရော ဝမ်းသာမှုပါ ပေါင်းစပ်နေသော မျက်လုံးများဖြင့် ရှန်မိုအား ကြည့်လိုက်သည်။ သူ၏ အပြစ်ပြောစရာမရှိသော စီမံကိန်းတွင် ဤကဲ့သို့ ကြိုတင်မခန့်မှန်းနိုင်သော အပြောင်းအလဲတစ်ခု ကြုံတွေ့လိုက်ရသဖြင့် သူ အံ့ဩသွားခြင်းဖြစ်သည်။ သူ ဝမ်းသာရခြင်းမှာမူ ပြိုင်ဘက်သည် သူ့လို နိဗ္ဗာန်အဆင့်သို့ ရောက်ရှိနေသောကြောင့်ပင်။ အကယ်၍ သူ့ကို သတ်ဖြတ်ပြီး 'ရှင်သန်နေသော ဝိညာဉ်' ကို ထုတ်ယူနိုင်ခဲ့လျှင် ၎င်းသည် ဤနေရာတွင် ရှိနေသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အားလုံး စုပေါင်းထားသည်ထက်ပင် များစွာ တန်ဖိုးရှိပေလိမ့်မည်။
ကျိရွှမ်၏ စကားများကြောင့် ကြားရသူအားလုံး၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
နိဗ္ဗာန်အဆင့် ဟုတ်လား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှန်မိုက အဲဒီ ဒဏ္ဍာရီလာအဆင့်ကို တကယ်ကြီး ရောက်သွားတာလား။
ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံ၊ အောင်ချင်း၊ အောင်ကွမ်း၊ ရှီထျန် နှင့် လန်ပန်… မည်သူပင်ဖြစ်စေ ကျိရွှမ်၏ ပါးစပ်မှ 'နိဗ္ဗာန်အဆင့်' ဆိုသည့် စကားလုံး ထွက်လာသည်နှင့် သူတို့အားလုံး အကြီးအကျယ် တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များထဲတွင် သက်တမ်းအရှည်ဆုံးဖြစ်သော အောင်ကွမ်းအတွက်မူ ရှန်မိုကို ကြည့်သည့် အကြည့်များမှာ အံ့ဩရုံတင်မကဘဲ မနာလိုမှုနှင့် ဒေါသများပါ ရောယှက်နေတော့သည်။
ဘာလို့လဲ။
သူသည် နှစ်ပေါင်းထောင်ချီ အသက်ရှင်လာခဲ့သော်လည်း အသက်နှစ်တစ်ရာပင် မပြည့်သေးသော လူသားလူငယ်လေးကို ရှုံးနိမ့်နေရသည်။ သူသည် အဆုံးမရှိသော နှစ်ကာလများကို ရုန်းကန်ဖြတ်သန်းရင်း အစီအရင်များ၊ အင်းမှော်စာများနှင့် လက်နက်များကို လေ့လာရာတွင် သူ၏ နှလုံးသွေးကို ရင်းနှီးမြှုပ်နှံခဲ့ရသည်။ သို့တိုင်အောင် လူသားလူငယ်လေးက လအနည်းငယ်အတွင်း တီထွင်လိုက်သော အရာများကို သူ ရှုံးနိမ့်နေရဆဲပင်။
အောင်ကွမ်းသည် စဉ်းစားလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်လာပြီး မနာလိုစိတ်နှင့် ဒေါသများမှာ သူ၏ ရင်ဘတ်ကို ပေါက်ကွဲထွက်မတတ် ပြည့်နှက်နေတော့သည်။
"မင်း နာမည် ဘယ်သူလဲ"
ကျိရွှမ်မှ ရှန်မိုကို ကြည့်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ ကြိုတင်မမြင်နိုင်သော အပြောင်းအလဲများ ရှိတတ်သည်မှာ ဓမ္မတာပင်။ အမှန်တော့ သူ နိုးထလာချိန်၌ သူ ကြိုတင်ပြင်ဆင်ထားသော 'ထိုက်ကျိ ချပ်ဝတ်တန်ဆာ' နှင့် 'နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ' တို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးသား ဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာလည်း သူ မျှော်မှန်းထားသကဲ့သို့ နိဗ္ဗာန်အဆင့်၏ 'အောင်မြင်မှုအငယ်စား' သို့ မရောက်ရှိဘဲ နိဗ္ဗာန်အဆင့်သို့ မနည်းရောက်ရုံသာ ရှိသေးသည်။ ထို့ကြောင့် အခြားသော နိဗ္ဗာန်အဆင့်တစ်ဦး ပေါ်ထွက်လာခြင်းမှာ မျှော်လင့်မထားသော်လည်း ကျိုးကြောင်းဆီလျော်မှုတော့ ရှိပေသည်။
ကျိရွှမ်တွင် ဤအရာအားလုံးကို ဖြေရှင်းရန် နည်းလမ်းများ ရှိ၏။ သူသည် မိမိ၏ အစွမ်းအပေါ် အလွန်ယုံကြည်မှု ရှိသည်။ ဤနိဗ္ဗာန်အဆင့် လူငယ်တွင် မည်မျှပင် ထူးခြားသော ကံကြမ္မာနှင့် ပါရမီရှိပါစေ သူ့ကို သတ်ဖြတ်နိုင်မည်ဟု ကျိရွှမ် ယုံကြည်နေဆဲပင်။
ရှန်မို တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ရှန်မို"
ကျိရွှမ် မျက်ခုံးတစ်ချက် ပင့်လိုက်၏။
"မို… မဆိုးပါဘူး… ငါ အဲဒီစာလုံးကို သဘောကျတယ်"
"မင်း သေသွားတဲ့အခါ မင်းရဲ့ ရှင်သန်နေတဲ့ ဝိညာဉ်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်"
"နိဗ္ဗာန်အဆင့် ပညာရှင်တစ်ယောက်ရဲ့ ရှင်သန်နေတဲ့ ဝိညာဉ်ဟာ ငါ့ကို ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်အောင် ကူညီဖို့ လုံလောက်ပါတယ်"
"ငါ 'မဟာကမ္ဘာ' ကို ခရီးထွက်တဲ့အခါ မင်းအတွက် အထိမ်းအမှတ် ကျောက်တိုင်တစ်ခု စိုက်ထူပေးပါ့မယ်"
"ကဲ... လိမ်လိမ်မာမာနဲ့ပဲ သေမင်းဆီကို သွားလိုက်ပါတော့"
Chapter 558: ဓမ္မရုပ်ပွါးတော် (၂) ခုအစွမ်း
စကားပြောပြီးသည်နှင့် ကျိရွှမ်မှ လက်ကိုဆန့်ထုတ်ကာ အချက်ပြလိုက်သည်။
ဝုန်း!
ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်အားလုံးမှာ လွင့်စင်သွားတော့သည်။ ဟင်းလင်းပြင်ထဲတွင် ဧရာမ အနက်ရောင် သစ်ပင်ကြီးအချို့ ပေါ်ထွက်လာ၏။ ၎င်းတို့သည် သစ်ရွက်များ ဝေဆာနေပြီး အသီးများလည်း ပြွတ်ခဲနေသည်။ သို့သော် အနီးကပ် သေချာကြည့်လိုက်သည့်အခါတွင်မူ သစ်ပင်စည်ပိုင်းများမှာ လိမ်ဖည်ကောက်ကွေးကာ ထူးဆန်းရှုပ်ထွေးလှသည်။ သစ်ရွက်များမှာ လူသားအရေခွံများ၊ နတ်ဆိုးအရေခွံများနှင့် နဂါးအရေခွံများ ဖြစ်နေကြ၏။
အသီးများမှာမူ ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းများ၊ လူခေါင်းများ၊ နတ်ဆိုးခေါင်းများနှင့် နဂါးခေါင်းများ တစ်လုံးပြီးတစ်လုံး ဖြစ်နေချေပြီ။ ၎င်းတို့သည် သစ်ပင်ထိပ်ဖျားတွင် ဝေဒနာပြင်းထန်စွာဖြင့် အော်ဟစ်ငိုကြွေးနေကြ၏။ ဤသည်မှာ စိတ်ဝိညာဉ်ကို ထိုးဖောက်သွားနိုင်သော နတ်ဆိုးအသံကဲ့သို့ပင် ဖြစ်ပြီး စိတ်အာရုံစူးစိုက်ရန် မဖြစ်နိုင်အောင် လုပ်ဆောင်နေသည်။
ထိုစဉ် ပင်လယ်ထဲမှ လက်ပေါင်းများစွာ ထွက်ပေါ်လာပြီး သူတို့၏ စိတ်အလိုကို မှောင်မိုက်အေးစက်လှသော အနက်ဆုံး ချောက်ကမ်းပါးထဲသို့ ဆွဲချရန် ကြိုးစားနေသကဲ့သို့ ခံစားရလေ၏။
အောင်ချင်းသည် ထိုအော်ဟစ်သံများ သူ၏စိတ်ကို ကျူးကျော်လာမှုအား အံကြိတ်ခုခံနေသည်။ သူ ကျိရွှမ်၏ ဦးခေါင်းပေါ်ရှိ ဓမ္မရုပ်ပွားတော်ကို မော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ငါ မှတ်မိပြီ… အဲဒါ ကျိရွှမ်ရဲ့ ဓမ္မရုပ်ပွားတော်ပဲ… 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' လို့ ခေါ်တယ်"
"သစ်ရွက်တွေက 'ထာဝရစိမ်းလန်းသော သစ်ရွက်' ဓမ္မရုပ်ပွားတော်၊ အသီးတွေက 'ထောင်စုနှစ်ကောက်နှံ' ဓမ္မရုပ်ပွားတော်၊ စည်ပိုင်းကတော့ 'ချန်းဝူသစ်သား' ဓမ္မရုပ်ပွားတော်တွေပေါ့… အသီးရော စည်ပိုင်းပါ တိုက်ခိုက်ရေးလက်နက်တွေအဖြစ် သုံးလို့ရတယ်"
"ဒီ 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' ဓမ္မရုပ်ပွားတော်ဟာ အဲဒီ ဓမ္မရုပ်ပွားတော် သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ဖန်တီးထားတာပဲ!"
"ဒါပေမဲ့ အရင်တုန်းက ဒီသစ်ပင်က ခန့်ညားထည်ဝါပြီး တောက်ပခဲ့တာလေ… အခုကျမှ ဘာလို့ ဒီလောက်တောင် ယုတ်မာညစ်ထေးပြီး ကြောက်စရာကောင်းသွားရတာလဲ"
အောင်ချင်းမှာ မယုံနိုင်အောင် ဖြစ်နေရသည်။
ထန်ကျင့်လုံသည် ထိုအော်ဟစ်သံများကို တောင့်ခံရင်း အသံတိုးတိုးဖြင့် ပြောလိုက်၏။
"နတ်ဆိုးစွမ်းအင်တွေရဲ့ စိမ့်ဝင်မှုကို ခံလိုက်ရလို့ ဖြစ်မယ်… သူ့ရဲ့ ဓမ္မရုပ်ပွားတော်ကိုတောင် သူကိုယ်တိုင် အသွင်ပြောင်းပစ်လိုက်တာပဲ"
အောင်ချင်းမှာ လန့်သွားပြီး
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဓမ္မရုပ်ပွားတော်ကို ဘယ်လိုလုပ် အသွင်ပြောင်းလို့ ရမှာလဲ"
ပိုင်လျဲ့ကျိုမှာ လေးနက်သော လေသံဖြင့် ဆိုသည်။
"ငါ ကျိရွှမ်အကြောင်း အများကြီး မသိပေမဲ့ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ကြောက်စရာကောင်းတယ်ဆိုတာတော့ သိတယ်… အဲဒီလို ပါရမီမျိုးနဲ့ဆိုရင် ဒီလိုမျိုးကို သူ အောင်အောင်မြင်မြင် လုပ်နိုင်မှာပဲ"
အောင်ချင်း တိတ်ဆိတ်သွားသည်။
၎င်းမှာ အမှန်ပင်။
ကျိရွှမ်၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ ပြိုင်ဘက်ကင်းလှပြီး အရင်ကရော ယခုနောက်မှာပါ သူ့လိုလူမျိုး ရှိလိမ့်မည်မဟုတ်ပေ။ ကျိရွှမ်၏ အစွမ်းဖြင့်ဆိုလျှင် ဓမ္မရုပ်ပွားတော်ကို ပုံစံပြန်ဖော်ပြီး ပိုမိုအစွမ်းထက်အောင် လုပ်ရန်မှာ သူ့အတွက် စိန်ခေါ်မှုတစ်ခု မဟုတ်ပါချေ။
"ရှန်မို... တောင့်ခံနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့တာပဲ!"
ရှီထျန်နှင့် လန်ပန်တို့မှာလည်း အနားသို့ ကပ်လာကြပြီး အံကြိတ်ထားကြသည်။
"သွားစမ်း"
ကျိရွှမ်သည် ရှန်မိုကို တစ်ချက်ကြည့်ကာ လက်ကို အသာအယာ ဝေ့ယမ်းလိုက်၏။ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး သစ်ရွက်များကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။ သစ်ရွက်တစ်ရွက်သည် ရုတ်တရက် အောက်သို့ လွင့်ပါးကျဆင်းလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်ရွက်အစုအဝေးကြီးမှာ အောက်သို့ စတင်ကျလာတော့သည်။ သို့သော် တစ်ရွက်မျှ မြေပြင်ပေါ်သို့ မကျပေ။ အသက်ဝင်နေသည့်အလား ၎င်းတို့သည် ရှန်မိုဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားကြသည်။ လမ်းခုလတ်တွင် သစ်ရွက်များသည် ချက်ချင်းပင် အသွင်ပြောင်းလဲသွားကြပြီး သွေးဆာ၍ အသားကို ကိုက်ခဲတတ်သော ပါးစပ်များပါရှိသည့် မီးခိုးရောင် လိပ်ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ ရှန်မိုကို အကုန်အစင် ဝါးမြိုပစ်တော့မည့်အဟန် ပြုမူကြသည်။ ထိုမီးခိုးရောင် လိပ်ပြာများသည် အပေါ်ယံမှ ကျဆင်းလာပြီး ရှန်မို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝိုင်းရံထားသဖြင့် သူ လွတ်မြောက်ရန် လမ်းစမရှိတော့ပေ။
ထိုအကောင်လေးများကို စိုက်ကြည့်ရင်း ရှန်မို၏ မျက်နှာအမူအရာမှာတော့ ပြောင်းလဲခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
ထို့နောက် 'ယွမ်ရှန့်' ဓမ္မရုပ်ပွားတော် ပေါ်ထွက်လာ၏။ ၎င်း၏ နှာမောင်းမှာ အောက်သို့ ကွေးညွတ်လျက် ကြယ်တာရာများဆီသို့ ဦးတည်ကာ ဟိန်းဟောက်လိုက်သည်။ သွေးနီရောင် ဧရာမ ပုံရိပ်ကြီးတစ်ခု၏ အရိပ်မှာလည်း ချက်ချင်းပင် နောက်မှ လိုက်ပါလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် မားမားမတ်မတ် ရပ်နေသော ဘီလူးကြီးတစ်ကောင်ကဲ့သို့ ရှိနေသည်။
လေပြင်းများ မည်သို့ပင် တိုက်ခတ်နေပါစေ သူသည် မတုန်မလှုပ် ရှိနေဆဲပင်။
ဤသည်မှာ 'နတ်ဘုရားဆင်ကဲ့သို့ ငရဲကို နှိမ်နင်းသော အစွမ်း' ရဲ့ သတ္တမမြောက်အဆင့်ကို ကျင့်ကြံပြီးမှ ရရှိလာတဲ့ 'စစ်မှန်သော သွေးစိမ်း သူတော်စင်ဘုရင် ခန္ဓာ'ပင် ဖြစ်တော့သည်။
ဝုန်း! ဝုန်း! ဝုန်း!
ထောင်သောင်းမကသော မီးခိုးရောင် လိပ်ပြာများမှာ အောက်သို့ ကျဆင်းလာသည်။ ၎င်းတို့သည် 'စစ်မှန်သော သွေးစိမ်း သူတော်စင်ဘုရင် ခန္ဓာ' ပေါ်သို့ ရိုက်ခတ်သွားကြသည်မှာ မီးပုံထဲသို့ တိုးဝင်သော ပိုးဖလံများကဲ့သို့ပင် မီးခိုးရောင် မြူတိမ်များအဖြစ် ပေါက်ကွဲသွားကြတော့သည်။ 'စစ်မှန်သော သွေးစိမ်း သူတော်စင်ဘုရင် ခန္ဓာ' ကို ဖုံးလွှမ်းထားသော သွေးနီရောင်အလင်းတန်းမှာ အနည်းငယ်မျှ မှိန်ဖျော့သွားသော်လည်း ကျိရွှမ်၏ တိုက်ခိုက်မှုကြောင့် တစ်စုံတစ်ရာ ပျက်စီးသွားခြင်း မရှိပေ။
ကျိရွှမ် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး
"ဒီလောက်အထိ အစွမ်းထက်တဲ့ သွေးချီ ကာကွယ်ရေးပညာမျိုးလား… မဆိုးပါဘူး"
ထိုသို့ပြောကာ သူ လက်ကို ထပ်မံမြှောက်လိုက်သည်။ "သွားစမ်း"
ရှဲ... ရှဲ... ရှဲ…
သစ်ကိုင်းများပေါ်တွင် တွဲလောင်းကျနေသော ဝဖြိုးသောအသီးများမှာ စတင်တုန်ခါလာကြ၏။ ထို့နောက် ရုတ်တရက်ဆိုသလို ၎င်းတို့သည် အရှေ့သို့ ပစ်ထွက်သွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်မို၏ ရှေ့တွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါင်းများစွာဖြင့် ပြည့်နှက်သွား၏။ ဦးခေါင်းတစ်ခုချင်းစီတွင် သေခါနီးအချိန်မှ နာကျည်းမှုနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
ကျိရွှမ်၏ စေခိုင်းမှုကြောင့် သူတို့ အခုအလိုချင်ဆုံးအရာမှာ ရှန်မို၏ ခန္ဓာကိုယ်မှ အသားစများကို ကိုက်ခဲဖဲ့ယူရန်ပင် ဖြစ်သည်။
ရှန်မိုမှာ မတုန်မလှုပ် ရှိနေသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားများမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ သူ၏ အထက်တွင် စီးဆင်းနေသော မြစ်ကြီးတစ်စင်း ပေါ်လာ၏။ ၎င်းမှာ 'မသေနိုင်သောမြစ်' ဓမ္မရုပ်ပွားတော်ပင် ဖြစ်သည်။ 'မသေနိုင်သောမြစ်' နှင့် 'ယွမ်ရှန့်' ဓမ္မရုပ်ပွားတော် နှစ်ခုစလုံး၏ ပံ့ပိုးမှုဖြင့် 'စစ်မှန်သော သွေးစိမ်း သူတော်စင်ဘုရင် ခန္ဓာ' ၏ ကာကွယ်ရေးစွမ်းအားမှာ တစ်ရှိန်ထိုး ထပ်မံ မြင့်တက်လာတော့သည်။