အခန်း (၅၅၉-၅၆၁)
Vol. 38 Ch. 559-561
Chapter 559: နတ်ဆိုးဧကရာဇ် လှုပ်ရှားခြင်း
ကျိရွှမ်သည် ဓမ္မရုပ်ပွားတော် နှစ်ခုကို မြင်လိုက်ရသောအခါ ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဓမ္မရုပ်ပွားတော် နှစ်ခုလား… မဆိုးပါဘူး" "ဒီဧကရာဇ်နောက်ပိုင်းခေတ်မှာလည်း ဒီကမ္ဘာရဲ့ ပါရမီရှင်တွေ ရှိနေသေးတာပဲ"
ကျိရွှမ် လက်ကို ဝေ့ယမ်းလိုက်ရာ 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' သည် အမြစ်မှ ကျွတ်ထွက်လာပြီး ထိုရက်စက်ကြမ်းကြုတ်သော ဦးခေါင်းများနှင့်အတူ ရှန်မိုဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။ ၎င်းသည် ကောင်းကင်ဘုံမှ ဧရာမ သစ်ပင်ကြီးတစ်ပင် ပြိုကျလာသကဲ့သို့ ဖြစ်ပြီး ရှန်မိုနှင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြေလှန်ပစ်တော့မည့်အလား ခြိမ်းခြောက်နေသည်။
ဝုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် လိမ်ဖည်ရှုပ်ထွေးလှသော သစ်ပင်ကြီးနှင့် ကြောက်မက်ဖွယ် ဦးခေါင်းများသည် ရှန်မိုရှိရာ ပတ်ဝန်းကျင်ကို ဝါးမြိုသွားတော့သည်။ ဖုန်မှုန့်များ ထစပြုလာပြီး နတ်ဆိုးစွမ်းအင်များလည်း လှိုင်းထန်နေသည်။ ထိုနေရာတစ်ခုလုံးမှာ မီးခိုးမြူများ ဖုံးလွှမ်းသွားပြီး ဘာကိုမျှ မမြင်ရတော့ချေ။
ကျိရွှမ်၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်း မရှိပေ။ သူ၏ 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' ဓမ္မရုပ်ပွားတော်သည် အဆင့်မြင့်ဆုံး ကောင်းကင်အဆင့် ဓမ္မရုပ်ပွားတော် သုံးခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အစွမ်းထက်မှုမှာ ပြိုင်ဘက်ကင်းလှ၏။ အတိတ်ကာလက 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ပင်လျှင် ဤဓမ္မရုပ်ပွားတော်၏ အစွမ်းကုန်တိုက်ခိုက်မှုအောက်တွင် ကျဆုံးခဲ့ရဖူးသည်။ သူ၏ရှေ့မှ နိဗ္ဗာန်အဆင့် လူငယ်လေးသည်လည်း 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ထက် ပို၍ မစွမ်းနိုင်ပါချေ။ သူသည်လည်း ထိုနည်းတူစွာပင် သေဆုံးရမည်သာ။ အခြားသော ရလဒ်ဟူ၍ မရှိနိုင်။
ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံနှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဖုန်မှုန့်များကို စိုက်ကြည့်နေကြသည်။ သူတို့၏ ရင်ထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေ၏။
ဒီလိုနဲ့ပဲ ပြီးသွားပြီလား… အကန့်အသတ်မရှိ မျှော်လင့်ချက်ရှိတဲ့ နိဗ္ဗာန်အဆင့် ပညာရှင်တစ်ယောက် သူတို့ကြားမှာ ပေါ်လာခါစပဲ ရှိသေးတာ… ဒီလောက် မြန်မြန်ကြီးပဲ ပြီးသွားရတာလား။
နောက်တစ်ခဏတွင်မူ ထက်ရှသော ဓားသံတစ်သံသည် ဖုန်မှုန့်များကို ထိုးဖောက်ကာ ထွက်ပေါ်လာသည်။ ခန့်ညားထည်ဝါပြီး ရိုင်းစိုင်းကြမ်းကြုတ်လှသော ဧရာမမျောက်ဝံကြီး ဓမ္မရုပ်ပွါးတော်မှာ ၎င်း၏ လက်ခြောက်ဖက်စလုံးကို ဝေ့ယမ်းလိုက်သည်။ ၎င်းသည် ရှေးဟောင်းသန်လျက် ခြောက်စင်းကို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်ခြင်းပင်။ ၎င်းမှာ 'စစ်နတ်ဘုရား ဘီလူး' ဓမ္မရုပ်ပွားတော် ဖြစ်ပေသည်။
ထိုရှေးဟောင်းဓားများ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ရက်စက်လှသော ဦးခေါင်းတိုင်းမှာ သူတို့၏ နဂိုကတည်းက ကြောက်ရွံ့ရသော ရန်သူတော်နှင့် တွေ့လိုက်ရသကဲ့သို့ပင်။ ၎င်းတို့အားလုံး ထိတ်လန့်တကြား ဆုတ်ခွာသွားကြပြီး အပိုင်းပိုင်းအစစ ကြေမွကုန်ကြသည်။ 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' ၏ ပင်စည်မှာလည်း ဟင်းလင်းပြင် ရှေးဟောင်းဓား ခြောက်စင်းစလုံး၏ တစ်ပြိုင်နက်တည်း ရိုက်ခတ်မှုကို ခံလိုက်ရသည်။ ၎င်းမှာ ကြာရှည်မခံဘဲ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားပြီး အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားကာ ဘာမှမရှိတော့သည်အထိ ပျော်ဝင်ပျောက်ကွယ်သွားတော့သည်။
ဝုန်း!
ဖုန်မှုန့်များ ချက်ချင်းပင် လွင့်စင်သွားသည်။
ရှန်မိုမှာတော့ သူရပ်နေသော နေရာမှာပင် ဘာမျှမဖြစ်ဘဲ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေဆဲပင်။
ကျိရွှမ်၏ မျက်ဆံနက်နက်မှာ သိသိသာသာ ကျုံ့သွားသည်။ အမြဲတမ်း တည်ငြိမ်နေခဲ့သော သူ၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ပင်လျှင် ဤတိုက်ခိုက်မှုကို မတောင့်ခံနိုင်ခဲ့ပေ။
ရှန်မို အမှန်တကယ်ပင် တောင့်ခံနိုင်ခဲ့သည်လား။ ဆိုလိုသည်မှာ ရှန်မို၏ အစွမ်းသည် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ထက်ပင် သာလွန်နေသည်ဟု အဓိပ္ပာယ်ရသည်။
ထန်ကျင့်လုံ၊ ရှီထျန်နှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ အားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။
ပိုင်လျဲ့ကျိုမှာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
"ကောင်းတယ်… တကယ်ကို တော်တယ်"
ရှန်မို ဒဏ်ရာအနာတရ မရရုံတင်မကဘဲ ကျိရွှမ်၏ 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' ဓမ္မရုပ်ပွားတော်ကိုပါ ဖျက်ဆီးပစ်လိုက်နိုင်လိမ့်မည်ဟု သူတို့ စိတ်မကူးခဲ့ကြပေ။
ဓမ္မရုပ်ပွားတော်တစ်ခု ကြေမွသွားခဲ့လျှင် ၎င်းကို ပြန်လည်စုစည်းရန် အချိန်အတော်ကြာတတ်သည်ကို လူတိုင်းသိကြသည်။
ထို့ကြောင့် ဤအတောအတွင်း ကျိရွှမ်၏ အစွမ်းမှာ အကြီးအကျယ် လျော့ပါးသွားပေလိမ့်မည်။
သေချာပါသည်။
ကျိရွှမ်မှာ နတ်ဆိုးပညာရပ်များကို ကျင့်ကြံထားသူဖြစ်ရာ တစ်စုံတစ်ရာသော လျှို့ဝှက်ပညာဖြင့် သူ၏ ဓမ္မရုပ်ပွားတော်ကို အတင်းအဓမ္မ ပြန်လည်တည်ဆောက်ကောင်း တည်ဆောက်နိုင်ပေလိမ့်မည်။ သို့သော် သေချာပေါက် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများကိုတော့ ချန်ထားခဲ့မည်သာ။
မည်သို့ပင်ဖြစ်စေ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် ရှန်မိုသည် ကျိရွှမ်အပေါ် အသာစီး ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
"မဆိုးဘူး… မဆိုးဘူး"
ကျိရွှမ် ထပ်၍ ပြောလိုက်ပြမ်သည်။ ရှန်မိုကို ကြည့်သော သူ၏အကြည့်မှာ အထင်သေးရွံရှာမှုမှသည် တကယ့် အဆင့်တူတစ်ယောက်ကို ကြည့်သကဲ့သို့ ပြောင်းလဲသွားခဲ့ချေပြီ။ ယခုမူ သူသည် ရှန်မိုကို သူနှင့် အဆင့်တူသော ပြိုင်ဘက်တစ်ဦးအဖြစ် အမှန်တကယ် သတ်မှတ်လိုက်ပြီ ဖြစ်၏။
"မင်းရဲ့ ဝှက်ဖဲတွေကို ထုတ်ပြလိုက်တော့"
ရှန်မို တည်ငြိမ်စွာ ပြန်ပြောသည်။
ကျိရွှမ်၏ စီမံကိန်းများသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ခြင်းဖြစ်ရာ ဖြစ်နိုင်ခြေရှိသမျှ အရာအားလုံးအတွက် သူ ကြိုတင်ပြင်ဆင်ထားလိမ့်မည်ကို ရှန်မို သိသည်။ ထို့ကြောင့် သူ့တွင် ယှဉ်ပြိုင်နိုင်မည့် ဝှက်ဖဲများစွာ ရှိနေမည်မှာ သဘာဝကျလှ၏။
"မင်းဆီက ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုကို ငါ ခံစားနေရတယ်"
‘'ထိုက်ရိ ချပ်ဝတ်တန်ဆာက မင်းဆီမှာ ရှိနေတာ မဟုတ်လား"
ကျိရွှမ် အေးဆေးစွာ ပြောလိုက်သည်။
ရှန်မိုလည်း အသာအယာ ခေါင်းငြိမ့်ပြ၏။
"'ထိုက်ရိ ချပ်ဝတ်တန်ဆာ' နဲ့ 'နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ' ပေါင်းစပ်မှုက ငါ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ခုပေါ့"
"ဒါပေမဲ့ အဲဒီဖဲကို ငါ ဆုံးရှုံးသွားခဲ့ရင်တောင် ကိစ္စမရှိပါဘူး"
"မင်းကို ကိုင်တွယ်ဖို့ ငါ့ကိုယ်တိုင် ရှိတယ်… ပြီးတော့ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' လည်း ရှိတယ်… ဒါဆိုရင် လုံလောက်ပါပြီ"
ကျိရွှမ် သူ၏လက်ချောင်းကို အသာအယာ တောက်လိုက်သည်။
ထိုအခါ ယခုအချိန်အထိ မလှုပ်မယှက် ရပ်နေခဲ့သော 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ၏ ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် လှုပ်ရှားလာတော့သည်။ သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် တောင်များ ပြိုကျပြီး မြေကမ္ဘာကြီး တစ်ခုလုံး တုန်ခါသွားသကဲ့သို့ မြေပြင်မှာလည်း ပြင်းထန်စွာ တုန်ဟိန်းသွားတော့၏။
Chapter 560: ကျောက်ယောင်လုနှင့် လုတုံရွှမ်
အရှေ့တွင် ကျိရွှမ်၊ အနောက်တွင် မသေနိုင်သော နတ်ဆိုးဧကရာဇ်။
တစ်ယောက်က ရှေ့၊ တစ်ယောက်က နောက်ဖြင့် ညှပ်ပိတ်တိုက်ခိုက်မည့် အနေအထားမျိုး ဖြစ်နေသည်။ မည်သူပင်ဖြစ်စေ ဤကဲ့သို့ အခြေအနေမျိုးတွင် ပိတ်မိပါက နှစ်ဖက်လုံးကို စိုးရိမ်ပူပန်နေရမည်ဖြစ်ပြီး ရှုံးနိမ့်သွားရန်လည်း အလွန်ပင် လွယ်ကူလှပေသည်။
"ဒါက နိဗ္ဗာန်အဆင့် ပညာရှင်နှစ်ယောက် တစ်ပြိုင်နက်တည်း ဝိုင်းတိုက်နေသလိုပဲ… ရှန်မို တကယ်ပဲ တောင့်ခံနိုင်ပါ့မလား"
အောင်ချင်းမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
"ခက်ခဲလိမ့်မယ်… ငါတို့ အသင့်ပြင်ထားမှ ဖြစ်မယ်"
ရှီထျန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ငါတို့ ဒီအခွင့်အရေးကို သုံးပြီး ဒီနေရာကနေ ထွက်သွားသင့်တယ်… ပြီးတော့ တခြား ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တွေနဲ့ ဆက်သွယ်နိုင်သမျှ ဆက်သွယ်ရမယ်… နည်းနည်းဖြစ်ဖြစ် အကူအညီရတာက ဘာမှမရှိတာထက်စာရင် ပိုကောင်းတာပေါ့”
ထန်ကျင့်လုံ မနည်းအားယူကာ မတ်တပ်ရပ်လိုက်သည်။
သူတို့အားလုံးမှာ ရှန်မိုနှင့် ကျိရွှမ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ပြင်းထန်သော ဒဏ်ရာများ အသီးသီး ရရှိထားကြ၏။ ယခုအချိန်တွင် မတ်တပ်ရပ်နိုင်သည်ကိုပင် ကံကောင်းသည်ဟု ဆိုရပေမည်။ သို့သော် ထိုစဉ်မှာပင် ဝါဂွမ်းရောင် ပုံရိပ်တစ်ခုက သူတို့၏လမ်းကို ပိတ်ဆို့လိုက်သည်။
၎င်းမှာ အောင်ကွမ်းပင်။
အောင်ကွမ်း၏ မျက်လုံးများထဲတွင် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ရှိနေသည်။
"မင်းတို့ ထွက်သွားလို့မရဘူး"
အောင်ချင်းမှာ အံကြိတ်လိုက်ရင်း
"အောင်ကွမ်း… မင်းကရော နဂါးအနွယ်ဝင် တစ်ယောက် ဟုတ်ရဲ့လား"
သူ ဟိန်းဟောက်လိုက်သည်။
အောင်ကွမ်းမှ လေးနက်စွာ ပြန်ဖြေ၏။
"ငါဟာ နဂါးအနွယ်ဝင်တစ်ယောက် ဖြစ်နေလို့ပဲ 'စစ်မှန်သော နဂါးအမွေအနှစ်' ကို ဒီလောက်အထိ အသည်းအသန် လိုချင်နေတာပေါ့"
"ငါ အလိုချင်ဆုံး အရာမှန်သမျှ သူ့ဆီမှာ အကုန်ရှိနေတာ”
'စစ်မှန်သော နဂါးအမွေအနှစ်' ဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ အောင်ချင်း၏ နှလုံးသားပင် တုန်လှုပ်သွားရသည်။ ဤကမ္ဘာတွင် 'နဂါးအသွင်ပြောင်း မြွေကြီး'များသာ ရှိကြသည်။ သူတို့ မှတ်မိသလောက် ခေတ်တစ်လျှောက်လုံးတွင် စစ်မှန်သော နဂါးတစ်ကောင်တစ်လေမျှ ပေါ်မလာခဲ့ဖူးချေ။ နဂါးအသွင်ပြောင်း မြွေတစ်ကောင်မှသည် စစ်မှန်သော နဂါးတစ်ကောင်အဖြစ် မည်သို့ ပြောင်းလဲရမည်ဆိုသည့် နည်းလမ်းကိုပင် သူတို့ မသိကြချေ။ စစ်မှန်သော နဂါးအမွေအနှစ်ဆိုသည်မှာ နဂါးအနွယ်ဝင် မည်သူ့အတွက်မဆို အလွန်ကြီးမားသော မက်မောစရာတစ်ခု ဖြစ်ပေ၏။
"ငါတို့အားလုံးဟာ နတ်ဆိုးပင်လယ် ခံတပ်ထဲမှာ နှစ်ပေါင်းများစွာ အတူဖြတ်သန်းလာခဲ့ကြတာ... ငါ့ကို အတင်းအကျပ် အင်အားသုံးရအောင် မလုပ်ပါနဲ့"
အောင်ကွမ်း အသာအယာ သက်ပြင်းချလိုက်သည်။ ရှေ့က တိုက်ပွဲအတွင်း ကျိရွှမ်၏ ကာကွယ်ပေးမှုကြောင့် သူသည် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေသည်။ ယခုမူ သူ အင်အားအပြည့်ရှိနေပြီး အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များမှာမူ ပြင်းထန်စွာ ဒဏ်ရာရထားကြ၏။ အကယ်၍ တကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့အားလုံး ပေါင်းလိုက်သော်လည်း အောင်ကွမ်းကို ယှဉ်နိုင်မည် မဟုတ်ချေ။
"လမ်းမပိတ်နဲ့"
အောင်ချင်းမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
အောင်ကွမ်းလည်း သက်ပြင်းချပြန်သည်။
"ဒါဆိုလည်း ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့… စစ်မှန်တဲ့ နဂါးအမွေအနှစ်အတွက်ဆိုရင် ငါ ဘာမဆို လုပ်မှာပဲ"
နောက်တစ်ခဏတွင်မူ နှစ်ဖက်စလုံးသည် ရှန်မိုနှင့် ကျိရွှမ်တို့၏ တိုက်ပွဲမြေပြင်မှ ခွဲထွက်ကာ သူတို့ဘာသာသူတို့ စတင်တိုက်ခိုက်ကြတော့သည်။ ထန်ကျင့်လုံ၊ ပိုင်လျဲ့ကျို၊ ရှီထျန်၊ လန်ပန်နှင့် အောင်ချင်း ဟူသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် ငါးဦးသည် အောင်ကွမ်းကို တစ်လှည့်စီ ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
အဝေးတစ်နေရာတွင်မူ အရပ်ရှည်သူတစ်ဦးနှင့် ပုသူတစ်ဦး၊ ပုံရိပ်နှစ်ခုသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည်။
"မြည်းလေး... မင်းက တကယ်ပဲ လှံဝိညာဉ်ဝင်စားတာလား… ကြည့်ရတာတော့ အဲဒီလို မဟုတ်သလိုပဲ"
အရပ်ပုပုလေးမှ နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
အရပ်ရှည်သူသည် နှာခေါင်းရှုံ့လိုက်ပြီး
"ကျွန်တော်က တကယ်ပဲ လှံဝိညာဉ်ပါဆို… နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံရဲ့ ဝိညာဉ်လေ"
"ကျွန်တော် တော်တော်ကြာကြာတည်းက စုံစမ်းပြီးသား… နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံဟာ တစ်ချိန်က လူသားဧကရာဇ် ကျိရွှမ်ရဲ့ ကိုယ်ပိုင်လက်နက်၊ သူ အသုံးအများဆုံး စိတ်ဝိညာဉ်လက်နက်ပဲ… ပြောကြတာတော့ အဲဒါက သူတော်စင်အဆင့်တောင် ရောက်တယ်ဆိုပဲ"
ထို့နောက် သူ ဂုဏ်ယူစွာဖြင့် ဆက်ပြောသည်။
"ဟဲဟဲ... ကျွန်တော်က သူတော်စင်အဆင့် လက်နက်တစ်ခုရဲ့ လှံဝိညာဉ် ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
ပုပုလေးမှာ ဝေခွဲမရဖြစ်နေဟန်ဖြင့်
"ဒါဆို မင်း အဲဒီအနားကို မသွားတာ ပိုကောင်းမယ်ထင်တယ်… ကျိရွှမ်က မင်းကို အသုံးချဖို့ ကြိုးစားမှာ ငါစိုးရိမ်တယ်"
အရပ်ရှည်သူသည် အသာအယာ ပြုံးလိုက်၏။
"စီနီယာမမ... ကျွန်တော်က ဘာပြင်ဆင်မှုမှ မရှိဘဲ နတ်ဆိုးပင်လယ်အထိ ဒီလောက်ခရီးပေါက်အောင် လာခဲ့တယ်လို့ တကယ်ပဲ ထင်နေတာလား" "ကျွန်တော်က စီနီယာ့အတွက် ပိုစိုးရိမ်နေတာ… မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ သွေးမျိုးဆက်က စီနီယာ့ကို ထိတ်လန့်သွားစေပြီး ဘက်ပြောင်းသွားအောင် လုပ်မှာကိုလေ"
ပုပုလေးမှ ဆဲရေးလိုက်သည်။
"ပေါက်ကရတွေ… ငါက နတ်ဆိုးမျိုးနွယ်ဘက်ကို ပါမယ့်လူစားမျိုး မဟုတ်ဘူး"
"သွားကြမယ်... တိုက်ပွဲဝင်ဖို့ အချိန်ရောက်ပြီ"
သူတို့နှစ်ဦးသည် တိုက်ပွဲမြေပြင်ဆီသို့ အတူတကွ ရှေ့တိုးလာကြသည်။
တိုက်ပွဲ၏ အလင်းရောင်များမှာ သူတို့၏ မျက်နှာပေါ်တွင် ဟပ်နေသည်။ သူတို့မှာ လုတုံရွှမ် နှင့် ကျောက်ယောင်လုတို့ပင်။
လုတုံရွှမ်မှာ သူ၏ အာရုံခံစားမှုနောက်သို့ လိုက်ရင်း နဝမအလွှာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ကျောက်ယောင်လုမှာမူ နတ်ဆိုးမျိုးနွယ်စုတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသဖြင့် နဝမအလွှာ၌ ပုန်းအောင်းနေခဲ့သည်မှာ ကြာပြီဖြစ်၏။ သူတို့နှစ်ဦးလည်း ယခုမှ ဆုံတွေ့ကြခြင်း ဖြစ်လေသည်။
သူတို့ကို မျက်စိထောင့်မှ မြင်လိုက်ရသည့်အခါ ရှန်မို ရုတ်တရက် လှမ်းအော်ပြောလိုက်သည်။
"စီနီယာ... ဟိုအကောင်ကြီးကို သွားပြီး နှိမ်နင်းလိုက်တော့… ကျွန်တော် လွှတ်လိုက်တာလို့သာ ပြောလိုက်"
"တကယ်လို့ အသားမည်းမည်းနဲ့ လူက မယုံဘူးဆိုရင်... သူက လျှာနှစ်ခွနဲ့ မိန်းမတွေကို သဘောကျတာလို့သာ ပြောလိုက်… သူ သေချာပေါက် ယုံသွားလိမ့်မယ်”
ကျောက်ယောင်လု ခဏမျှ မှင်တက်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီ… ငါ သွားလိုက်မယ်"
Chapter 561: မီးတောက် (၂) ခုလုံး ဘယ်လိုဖြစ်တာလဲ
ကျိရွှမ်သည်လည်း မျက်စိထောင့်မှ လုတုံရွှမ်နှင့် ကျောက်ယောင်လုတို့ကို မြင်လိုက်ရသည်။ သူ၏အကြည့်မှာ လုတုံရွှမ်ထံတွင် ခဏမျှ ရပ်တန့်သွားပြီး မျက်ဝန်းများမှာ လှုပ်ခတ်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။
"ငါ့ရဲ့ ဓမ္မရုပ်ပွားတော် ကြေမွသွားပြီလို့ မင်းထင်နေတာလား… အဲဒါ မဟုတ်ဘူး" "ပျက်စီးသွားတာက 'ငရဲနတ်ဆိုးသစ်ပင်' ဓမ္မရုပ်ပွားတော်ပဲ"
"အဲဒါက တခြားသော ဓမ္မရုပ်ပွားတော်တွေလို ပျက်စီးသွားရင် ပြန်လည်စုစည်းဖို့ အချိန်အကြာကြီး မလိုဘူး… စိတ်ကြိုက် ဖျက်ဆီးလိုက် ပြန်တည်ဆောက်လိုက် လုပ်လို့ရတယ်"
"ကဲ... အခုတော့ ငါ့ရဲ့ ဓမ္မရုပ်ပွားတော် နှစ်ခုစလုံးကို ပြပေးမယ်"
ကျိရွှမ် လက်ကို ဆန့်ထုတ်လိုက်ရာ ဧရာမ သစ်ပင်ကြီးနှစ်ပင်မှာ ဟင်းလင်းပြင်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာသည်။ ဘယ်ဘက်ရှိ သစ်ပင်မှာ သန့်ရှင်းမွန်မြတ်ပြီး ခန့်ညားလှကာ လောကီလောကရှိ အမှန်တရား၊ ကောင်းမှုနှင့် အလှတရားအားလုံး၏ ကိုယ်ပွားအလားပင် ဖြစ်သည်။ ညာဘက်ရှိ သစ်ပင်မှာမူ လိမ်ဖည်ကောက်ကွေးကာ ကြောက်မက်ဖွယ်ကောင်းလှ၍ မုသား၊ မကောင်းမှုနှင့် ရုပ်ဆိုးခြင်းအားလုံး၏ ကိုယ်ပွားအလား ဖြစ်နေသည်။
ရှန်မို မျက်ခုံးပင့်လိုက်မိသည်။
သူ တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။
ကျိရွှမ် ပြန်လည်ရှင်သန်လာပြီးနောက် သူ၏ ဓမ္မရုပ်ပွားတော်မှာ နတ်ဆိုးအသွင်ပြောင်းလဲမှုကို ခံလိုက်ရပြီး တဖြည်းဖြည်းနှင့် နှစ်ခြမ်းကွဲသွားခြင်း ဖြစ်သည်။ 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်'မှာ မွန်မြတ်ခြင်း၊ တောက်ပခြင်းနှင့် ခန့်ညားခြင်း ဂုဏ်အင်္ဂါများကို ထိန်းသိမ်းထားပြီး 'ငရဲနတ်ဆိုးသစ်ပင်' ကမူ နာကျည်းမှု၊ ပုံပျက်ပန်းပျက်ဖြစ်မှု၊ သတ်ဖြတ်မှုနှင့် အခြားသော အဖျက်သဘောဆောင်သည့် အရာအားလုံးကို စုပ်ယူထား၏။
ယခု ဓမ္မရုပ်ပွားတော် နှစ်ခုလုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာချိန်တွင် ကျိရွှမ်၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ရှန်မို ခံစားမိနေ၏။
ကျိရွှမ်ကို ဗဟိုပြု၍ ပေတစ်ထောင်အတွင်းတွင် သူသည်သာ တစ်ဦးတည်းသော အရှင်သခင် ဖြစ်နေ၏။ ရန်သူအားလုံးနှင့် သူ့အတွက် မကောင်းသော အရာမှန်သမျှမှာ ချက်ချင်းပင် အဖျက်သဘောဆောင်သော သက်ရောက်မှုများကို ခံစားရတော့သည်။
ခေါင်းမူးခြင်း၊ စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ နောင်တရခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ တွေဝေခြင်း...။
ဆိုးဝါးသော စိတ်ခံစားမှုများမှာ ဒီရေအလား တက်လာတော့သည်။
ဓမ္မရုပ်ပွားတော်အဆင့် အမြင့်ဆုံး ပညာရှင်များပင်လျှင် ဤခံစားချက်များကို မတွန်းလှန်နိုင်ကြချေ။ သူတို့၏ ခွန်အားများမှာ အလိုအလျောက် ကျဆင်းသွားကြသည်။
ရှန်မိုလည်း ပိုင်လျဲ့ကျိုနှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်။ သူတို့အားလုံး အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များကို ပြသနေကြပြီဖြစ်သည်။ အမှားအယွင်းများ ဆက်တိုက်ပေါ်ပေါက်လာ၏။ တစ်ယောက်ကိုတစ်ယောက်ပင် ဆဲဆိုနေကြတော့သည်။ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် ငါးဦးအပြင် သူတော်စင်အဆင့် စိတ်ဝိညာဉ်လက်နက်ကို ကိုင်ဆောင်ထားသော လုတုံရွှမ်ပါရှိနေသော်လည်း ဖိနှိပ်မှုကို ခံနေကြရသည်။
ရှန်မိုကိုယ်တိုင်ပင်လျှင် အနည်းငယ် အပြောင်းအလဲကို ခံစားလာရ၏။ ထိန်းချုပ်ရခက်သော စိတ်ပျက်အားငယ်မှုနှင့် စိုးရိမ်စိတ်များမှာ ရင်ထဲတွင် ပြည့်လျှံလာသည်။
"ဒီပြဇာတ်ကတော့ ဒီမှာတင် ပြီးသင့်ပြီ"
ကျိရွှမ် လက်ကို ဝေ့ယမ်းလိုက်သည်။ 'ငရဲနတ်ဆိုးသစ်ပင်' ၏ သစ်ရွက်များ၊ အသီးများနှင့် ပင်စည်တို့မှာ တစ်ပြိုင်နက်တည်း ပြိုဆင်းလာကြသည်။ 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' ထံမှလည်း မရေမတွက်နိုင်သော ထက်ရှသည့် သန်လျက်အလင်းတန်းများနှင့် ဓားချီများ ချက်ချင်း ဖြစ်ပေါ်လာပြီး ရှန်မိုထံသို့ တိုက်ခတ်လာသည်။ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ကလည်း သူ၏ ဧရာမလက်ကြီးကို မြှောက်ကာ နတ်ဆိုးစွမ်းအင်များကို စုစည်းလျက် ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
ဤအခြေအနေကို ရင်ဆိုင်ရသော်လည်း ရှန်မိုသည် လုံးဝပင် ကြောက်ရွံ့ခြင်း မရှိပေ။ ထိုစဉ် တောက်လောင်နေသော ဧရာမမျက်လုံးကြီးပုံစံ ဓမ္မရုပ်ပွားတော်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းမှာ 'ကောင်းကင်ဘုံတောက်လောင် မျက်လုံး' ဓမ္မရုပ်ပွားတော်ပင် ဖြစ်သည်။ ဤဓမ္မရုပ်ပွားတော် ပေါ်လာသည့် ခဏမှာပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ နှေးကွေးသွားသကဲ့သို့ ခံစားရ၏။ ဓားချီ၊ သန်လျက်အလင်း၊ ဓမ္မရုပ်ပွားတော်များ၏ တိုက်ခိုက်မှုနှင့် နတ်ဆိုးဧကရာဇ်၏ ဧရာမလက်ဝါးကြီး...။
ထိုအရာအားလုံးကို အသေးစိတ်အထိ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
"မသေနိုင်သော နတ်ဆိုးဧကရာဇ်ကိုတော့ မင်းတို့ပဲ ကိုင်တွယ်လိုက်တော့"
ရှန်မိုမှ တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ နတ်ဘုရားနန်းတော်အတွင်းမှ တည်ငြိမ်သော အသံတစ်ခုနှင့် ကြည်လင်ပြတ်သားသော ကလေးငယ်တစ်ဦး၏ အသံတို့ ထွက်ပေါ်လာသည်။ "ကောင်းပါပြီ"
"ကျွန်တော်တို့ဆီသာ လွှဲထားလိုက်”
ဝုန်း!
မီးတောက်နှစ်ခုမှာ ရှန်မို၏ လက်ဝါးထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ တစ်ခုမှာ ရေခဲပြင်ကဲ့သို့ ဖြူဖွေးနေပြီး အဆုံးမရှိသော ရှေးဟောင်းအအေးဓာတ်များ စိမ့်ဝင်နေသည်။ အခြားတစ်ခုမှာမူ ရွှေစင်ရောင်ဖြစ်ပြီး လျှပ်စီးများ ရစ်ပတ်နေကာ နတ်ဘုရားဆန်သော အစွမ်းများ ဖြာထွက်နေသည်။ ၎င်းတို့မှာ အခြားမဟုတ်။ ကိုးဘုံငရဲရေခဲမီးတောက် နှင့် 'ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်' တို့ပင် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ဘုံမီးတောက် အဆင့်သတ်မှတ်ချက်တွင် အဆင့်လေးနှင့် အဆင့်နှစ်တို့တွင် အသီးသီး ရှိကြ၏။ ၎င်းတို့သည် နတ်ဆိုးများအပေါ်တွင် အထူးပင် အစွမ်းထက်ကြသည်။ နတ်ဆိုးမျိုးနွယ်စု၏ နဂိုကတည်းက ကြောက်ရွံ့ရသော ရန်သူတော်များဟုပင် ခေါ်ဆိုနိုင်၏။
၎င်းတို့ကို 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' အား ကိုင်တွယ်ရန် လွှတ်လိုက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေခဲဖြူရောင်နှင့် ရွှေရောင်မီးတောက်များသည် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ၏ လက်မောင်းများကို ရစ်ပတ်သွားပြီး သူ၏ ပါးစပ်နှင့် နှာခေါင်းပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် စီးဝင်သွားတော့သည်။ ခဏချင်းမှာပင် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ၏ အတွင်းပိုင်းမှ အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ၏အတွင်းတွင် မီးဖိုကြီးတစ်ခု တောက်လောင်နေသည့်အလားပင်။
ဤသည်ကို မြင်လိုက်ရသည့်အခါ ကျိရွှမ်မှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
"ကိုးဘုံ ငရဲရေခဲမီးတောက်… ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်”
"ဒီကောင်းကင်ဘုံမီးတောက် နှစ်ခုစလုံးက မင်းဆီကို ဘယ်လိုဖြစ်ပြီး ရောက်နေရတာလဲ”