← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

Chapter 562: ဟင်းလင်းပြင် နတ်ဘုရားသံစဉ်

နိုးထလာချိန်မှစ၍ ကျိရွှမ်သည် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်ခြောက်ခြားသော မျက်နှာအမူအရာ ပေါ်ထွက်လာခဲ့၏။ သူသည် ကိုးဘုံ ငရဲရေခဲမီးတောက်' နှင့် 'ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်' တို့ကို သဘာဝကျကျပင် မှတ်မိနေသည်။ ထိုစဉ်က သူသည်လည်း ဤထာဝရမီးတောက်နှစ်ခုကို အောင်နိုင်ရန် ကြိုးစားခဲ့ဖူး၏။ ကံမကောင်းစွာဖြင့် သူ မည်သည့်အခါမျှ မပိုင်ဆိုင်နိုင်ခဲ့ချေ။ အထူးသဖြင့် ကိုးဘုံ ငရဲရေခဲမီးတောက် မှာမူ သူ့ထံတွင် အညံ့ခံမည့်အစား သာမန်လူတစ်ယောက်နောက်သို့သာ လိုက်ပါသွားလိုခဲ့သည်။

ကျိရွှမ်သည် 'ကောင်းကင်ဘုံ၏ သားတော်' ဖြစ်နေသော်လည်း အရာအားလုံးကို မလုပ်ဆောင်နိုင်ပါလားဟု သူ ပထမဆုံးအကြိမ် သဘောပေါက်လိုက်မိသည်။

သူ အကူအညီမဲ့စွာဖြင့် အခြားသော ထာဝရမီးတောက်များကိုသာ ရွေးချယ်အောင်နိုင်ခဲ့ရလေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ၎င်းတို့အနက် တစ်ခုနှင့် အလွန်အမင်း ကိုက်ညီမှုရှိနေခဲ့သည်။ အားစိုက်ထုတ်မှု များများစားစားမရှိဘဲ သူ ထိုမီးတောက်ကို အောင်နိုင်ခဲ့သည်။ သူ၏ ထူးခြားသော စွမ်းပကားကို အသုံးချကာ ကျိရွှမ်သည် 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ရုပ်အလောင်း၏ မသေနိုင်သော ရှင်သန်ခြင်းစွမ်းအားကို ငှားရမ်းပြီး သူ၏ ပြန်လည်ရှင်သန်ခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။

'ငရဲနတ်ဆိုးသစ်ပင်' ဓမ္မရုပ်ပွားတော်နှင့် 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' ဓမ္မရုပ်ပွားတော်တို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း ရှန်မို၏ တစ်ကိုယ်လုံးတွင် သွေးစွမ်းအင်များ ပွက်ပွက်ထလာပြီး သူ၏ ပါးစပ်ကို ဖွင့်လိုက်သည်။

ဟူး! ဟား!

ရှေးဟောင်းပြီး ဆန်းကြယ်လှသော အသံများစွာမှာ သူ၏ နှုတ်ခမ်းဖျားမှ စီးထွက်လာသည်။ ၎င်းတို့သည် ခေတ်အဆက်ဆက်၏ တိုက်စားမှုများကို ကြံ့ကြံ့ခံရင်း ဟင်းလင်းပြင်ကြီးထဲမှပင် စီးဆင်းလာသကဲ့သို့ ရှိနေသည်။ ကမ္ဘာဦးခေတ်ဦးကာလမှ ရောက်ရှိလာသကဲ့သို့ပင်။

ဝိန်း... ဝိန်း... ဝိန်း!

မရေမတွက်နိုင်သော သေးငယ်သည့် ဝိညာဉ်လေးများမှာ လေထုထဲတွင် ပြည့်နှက်သွားပြီး ရှန်မို၏ ပါးစပ်မှ ထွက်ပေါ်လာသော ထိုရှေးဟောင်းဆန်းကြယ်သည့် အသံများနှင့် ဟန်ချက်ညီစွာ တုန်ခါနေသကဲ့သို့ ခံစားရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုရှေးဟောင်းအသံမှာ ပတ်ဝန်းကျင် ပေပေါင်းသောင်းချီအထိ ပဲ့တင်ထပ်သွားတော့သည်။

ထိုအသံ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သူနှင့် သူ၏ဘက်တော်သားအားလုံးမှာ ကောင်းမွန်သော အငွေ့အသက် သုံးထောင်၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး စိတ်ဓာတ်များ မြင့်တက်လာကာ ခွန်အားများလည်း ဒီရေအလား တိုးပွားလာသည်။ ရန်သူများနှင့် သူ့ကို ဆန့်ကျင်သူ အားလုံးမှာမူ ဆိုးဝါးသော အငွေ့အသက် သုံးထောင်၏ ဖုံးလွှမ်းမှုကို ခံလိုက်ရပြီး စိုးရိမ်ပူပန်မှုများ ခံစားရကာ ခွန်အားများလည်း ဆုတ်ယုတ်ကုန်သည်။ ၎င်းမှာ 'ဟင်းလင်းပြင် နတ်ဘုရားသံစဉ်' မြတ်နိုးဖွယ်အတတ်ပညာပင် ဖြစ်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' နှင့် 'ငရဲနတ်ဆိုးသစ်ပင်' တို့ ယူဆောင်လာသော ကောင်းကျိုး၊ ဆိုးကျိုး အာနိသင်များမှာ 'ဟင်းလင်းပြင် နတ်ဘုရားသံစဉ်' ကြောင့် အကုန်အစင် သန့်စင်သွားတော့သည်။

ကျိရွှမ်တွင်ရှိသော ဓမ္မရုပ်ပွားတော် နှစ်ခု၏ အာနိသင်များကို ဖယ်ရှားပြီးနောက်တွင်လည်း ထိုအတတ်ပညာ၏ ကိုယ်ပိုင်လွှမ်းမိုးမှုမှာ ကျန်ရှိနေဆဲပင်။

အောင်ကွမ်းတစ်ယောက် ထန်ကျင့်လုံနှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များကို အပြတ်အသတ် ဖိနှိပ်ထားပြီး လန်ပန်ကို သတ်ရန် လက်တစ်ကမ်းအလို ရောက်နေလေပြီ။ ထိုစဉ် ရှန်မိုမှ 'ဟင်းလင်းပြင် နတ်ဘုရားသံစဉ်' ကို အသုံးပြုလိုက်ပြီးနောက်တွင် အောင်ကွမ်း၏ အပေါ်သို့ လေးလံသော သံခြေကျင်းများ ကျရောက်လာသကဲ့သို့ ဖြစ်သွားသည်။ သူ၏စိတ်မှာ စိုးရိမ်ပူပန်မှုများဖြင့် လေးလံလာပြီး မကြာမီမှာပင် အားနည်းချက်များ ပြသလာတော့သည်။ အခြားတစ်ဖက်တွင်မူ ထန်ကျင့်လုံ၊ ပိုင်လျဲ့ကျိုနှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များမှာ ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း 'ဟင်းလင်းပြင် နတ်ဘုရားသံစဉ်' ၏ အာနိသင်ကြောင့် သူတို့၏ ဒဏ်ရာများမှာ လျင်မြန်စွာ ကျန်းမာလာကြသည်။ သူတို့သည် အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်လိုက်ကြပြီး အောင်ကွမ်းကို ပြန်လည်ဖိနှိပ်လိုက်ကြတော့သည်။

"ကဲ... အခုတော့ မင်းနဲ့ငါပဲ ပြန်ကျန်ခဲ့ပြီ"

ရှန်မိုမှ ကျိရွှမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ကျိရွှမ်သည် သူ့အပေါ်ပါ ကျရောက်နေသော ဆိုးဝါးသော အာနိသင်များကို ခံစားမိသဖြင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူသည် အမြဲတမ်း အခြားသူများကို အမျိုးမျိုးသော ဆိုးဝါးသည့် အာနိသင်များဖြင့် ဖုံးလွှမ်းခဲ့သူသာ ဖြစ်သည်။ ယနေ့တွင်မူ သူကိုယ်တိုင် ထိုအတွေ့အကြုံကို မြည်းစမ်းလိုက်ရချေပြီ။ ယခုနည်းပညာ၏ စွမ်းပကားမှာ သူ၏ ဓမ္မရုပ်ပွားတော် နှစ်ခုပေါင်းထက်ပင် ပိုမိုကြီးမားနေသည်။

ထို့ကြောင့် သူ့ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေ၏။

"မင်းက ငါ့ကို အံ့ဩစရာတွေ အများကြီး ပေးနိုင်တာပဲ"

ကျိရွှမ်သည် ရှန်မိုကို တိတ်တဆိတ် အကဲခတ်နေသည်မှာ ဤမျိုးဆက်သစ် လူငယ်လေးကို အမြင်သစ်ဖြင့် ကြည့်နေသကဲ့သို့ပင်။

"မင်းမှာ တခြားအတတ်ပညာတွေ ရှိသေးရင် အခုပဲ ထုတ်သုံးလိုက်တော့"

"မင်း ထပ်စောင့်နေမယ်ဆိုရင် ငါ့ရဲ့ စစ်ကူတွေ ရောက်လာတော့မယ်"

ရှန်မိုမှ အေးဆေးစွာ ပြောလိုက်သည်။

ကျိရွှမ်၏ မျက်ဝန်းများမှာ နက်ရှိုင်းသွား၏။ သူ့တွင် အင်အားဆအကြီးဆုံး လှည့်ကွက်ဖြစ်သော ဝှက်ဖဲတစ်ခု ကျန်ရှိနေသေးသည်မှာ အမှန်ပင်။ သို့သော် ၎င်းကို သုံးရမည့်အချိန် မဟုတ်သေးမှန်း သူသိသည်။ တစ်ဖက်လူ ခေါ်ထားသည့် စစ်ကူများမှာ မည်သူများ ဖြစ်သနည်းဆိုသည်ကို သူ ပို၍ သိလိုနေ၏။

ထိုစဉ်မှာပင် ရှန်မို၏ မျက်ခုံးများ ပင့်တက်သွားသည်။

"ငါ ထင်ထားတာထက်တောင် ပိုမြန်မြန် ရောက်လာကြတာပဲ"

"ဟိုမှာကြည့်… သူတို့ ရောက်လာပြီ"

ရှန်မိုမှ အရှေ့ဘက်သို့ ညွှန်ပြလိုက်သည်။

၎င်းမှာ အဋ္ဌမအလွှာနှင့် နဝမအလွှာကြားရှိ လမ်းကြောင်းပင် ဖြစ်သည်။

ကျိရွှမ်လည်း မျက်မှောင်ကြုတ်ကာ အဝေးရှိ မှောင်မိုက်နေသော နေရာသို့ လှမ်းကြည့်လိုက်သည်။ နောက်တစ်ခဏတွင်မူ ဧရာမ အရိပ်ကြီးတစ်ခုသည် ထူထပ်လှသော နတ်ဆိုးအငွေ့အသက်များကို တိုးဝှေ့ကာ သူ၏ မျက်စိရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ၎င်းမှာ ဧရာမ သင်္ဘောကြီးတစ်စင်း ဖြစ်သည်။ ပေါ်လာခါစ သင်္ဘောဦးပိုင်းလေးတင် ပေပေါင်း ရာချီကျယ်ဝန်းပြီး ခန့်ညားထည်ဝါလှသည်။

ဤမျှ ကြီးမားပြီး အထင်ကြီးစရာကောင်းသော အရာမျိုး ဘယ်ကနေ ရောက်လာသနည်း။

ကျိရွှမ်သည် ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ဤသင်္ဘောကြီးထံမှ ခြိမ်းခြောက်မှု အငွေ့အသက်တစ်ခုကို သူ အမှန်တကယ် ခံစားလိုက်ရ၏။

"ဗိုလ်ချုပ်ရှန်... ကျွန်တော်တို့ 'နဂါးပျံ တိမ်တိုက်သင်္ဘော'ကို ယူလာခဲ့ပြီ"

သင်္ဘောဦးတွင် ဝူကျန့်ယွမ်၊ လီဟေးထန်နှင့် ကျောက်ယောင်လုတို့မှာ ယှဉ်တွဲလျက် ရပ်နေကြသည်။ ဝူကျန့်ယွမ်မှ ဂုဏ်ယူဝင့်ကြွားသော စိတ်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်းဖြစ်၏။

Chapter 563 : ငါနှစ်ပေါင်းများစွာ ပြင်ဆင်ထားတာတွေ ခဏအတွင်း ပျက်စီးတော့မယ်

ဤဧရာမသားရဲကြီး ပေါ်ထွက်လာမှုသည် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အားလုံးကို ချက်ချင်းပင် မှင်တက်သွားစေ၏။ ၎င်းမှာ အလွန်တရာ ကြီးမားလွန်းလှပြီး အလျားမှာ အတောင်နှစ်ထောင်နီးပါးရှိကာ အနံမှာ အတောင်ငါးရာကျော် ရှိသည်။ သင်္ဘော၏ ဘေးတစ်ဖက်တစ်ချက်စီတွင် စိတ်ဝိညာဉ်စွမ်းအင် အမြောက်ကြီးများနှင့် သွေးစွမ်းအင် အမြောက်ကြီးများစွာကို တပ်ဆင်ထား၏။ 'မီးတောက်နဂါး တိမ်တိုက်သင်္ဘော' များနှင့် 'ဧရာမနဂါးပု တိမ်တိုက်သင်္ဘော' များကလည်း အရပ်မျက်နှာအနှံ့မှ ခြံရံလိုက်ပါလာကြသည်။ ၎င်းသည် ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲထားသော ခန့်ညားသည့် နန်းဆောင်ကြီးတစ်ခုနှင့် အမှန်ပင် တူလှသည်။ အမိန့်တစ်ခု ပေးလိုက်ရုံဖြင့် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ပစ်ခတ်မှုစွမ်းအားများ ကျရောက်လာပြီး မည်သည့် အစွမ်းထက်သော ရန်သူကိုမဆို ဖုန်မှုန့်ဖြစ်အောင် ချေမှုန်းပစ်နိုင်စွမ်း ရှိပေ၏။

"ဒါက ဘာကြီးလဲ 'နဂါးပျံ တိမ်တိုက်သင်္ဘော' လား… ငါ တစ်ခါမှ မကြားဖူးပါဘူး"

ပိုင်လျဲ့ကျိုမှ အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ဒါဟာ 'မြောက်ပိုင်းလိပ်နက်ခံတပ်' ရဲ့ လက်နက်သစ် ဖြစ်ရမယ်… သူတို့ ဒါကို အကြာကြီး ဖုံးကွယ်ထားခဲ့တာပဲ… အခုမှပဲ ငါတို့ မြင်ခွင့်ရတော့တယ်”

ထန်ကျင့်လုံမှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျိရွှမ်သည် ထိုဧရာမ ဖန်တီးမှုကြီးကို စိုက်ကြည့်နေသော်လည်း တည်ငြိမ်စွာပင် ပြုံးနေလေသည်။

"ပြင်ပအရာဝတ္ထုတွေဟာ ပြင်ပအရာဝတ္ထုတွေပါပဲ… ဘယ်လောက်ပဲ ကြီးမားပါစေ အလွယ်တကူ ဖျက်ဆီးပစ်လို့ ရပါတယ်"

"မင်းက အဲဒီအရာကိုပဲ အားကိုးပြီး ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေရင်တော့ မင်း သိပ်ကို နုနယ်သေးတာပဲ"

ရှန်မို ပြုံးလိုက်ပြီး

"စမ်းကြည့်ကြတာပေါ့"

'နဂါးပျံ တိမ်တိုက်သင်္ဘော' ပေါ်တွင် ဝူကျန့်ယွမ်နှင့် လီဟေးထန်တို့သည် ရှန်မို၏ အချက်ပြမှုကို မြင်သည်နှင့် ချက်ချင်းပင် အမိန့်ပေးလိုက်ကြ၏။ "ပစ်ကြ… ပစ်မှတ်က ကျိရွှမ်”

"ဟုတ်ကဲ့ပါခင်ဗျာ"

သင်္ဘောကုန်းပတ်ပေါ်ရှိ 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' များသည် သွေးစွမ်းအင် အမြောက်ကြီးများနှင့် စိတ်ဝိညာဉ်စွမ်းအင် အမြောက်ကြီးများကို လျင်မြန်စွာ မောင်းနှင်လိုက်ကြသည်။ သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများသည် လက်နက်များအတွင်းသို့ စီးဝင်သွားပြီး အစီအရင်များ၏ အားဖြည့်မှုကြောင့် ၎င်းတို့၏ အစွမ်းမှာ ဓမ္မရုပ်ပွားတော်အဆင့် အမြင့်ဆုံး ပညာရှင်များကိုပင် ခြိမ်းခြောက်နိုင်သည့် အဆင့်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

'မီးတောက်နဂါး တိမ်တိုက်သင်္ဘော' များ၊ 'ဧရာမနဂါးပု တိမ်တိုက်သင်္ဘော' များနှင့် 'လင်းယုန်နက် တိမ်တိုက်သင်္ဘော' များအားလုံးသည် 'နဂါးပျံ တိမ်တိုက်သင်္ဘော' ၏ ပတ်ဝန်းကျင်မှ ပျံသန်းထွက်ခွာလာကြသည်။ ၎င်းတို့ပေါ်ရှိ သွေးစွမ်းအင် အမြောက်များနှင့် စိတ်ဝိညာဉ်စွမ်းအင် အမြောက်များမှလည်း အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြ၏။

ဝုန်း! ဝုန်း! ဝုန်း!

မျက်စိတစ်မှိတ်အတွင်းမှာပင် သောင်းနှင့်ချီသော အလင်းတန်းများသည် ကျိရွှမ်ထံသို့ ဦးတည်ပစ်ခတ်သွားကြသည်။

နဝမအလွှာ၏ မှောင်မိုက်သော ပတ်ဝန်းကျင်မှာ နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်သွားတော့သည်။

ကျိရွှမ်၏ မျက်ဆံများလည်း သိသိသာသာ ကျုံ့သွားသည်။ ထိုအလင်းတန်းများထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို သူ အာရုံခံမိလိုက်၏။

ဝုန်း!

အလင်းတန်းများမှာ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မီးခိုးရောင် ဖုန်မှုန့်မုန်တိုင်းကြီးမှာ ကောင်းကင်ယံသို့ လွင့်တက်သွားတော့သည်။

ရှဲ...။

ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။ ကျိရွှမ်၏ ပုံရိပ်မှာ ပြန်လည် ပေါ်ထွက်လာ၏။ သူ၏ မျက်နှာအမူအရာမှာ ခက်ထန်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေချေပြီ။ သူ ဒဏ်ရာမရရှိသော်လည်း သူ၏ အရှိန်အဝါမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။

"မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်သွားပြီပဲ"

ကျိရွှမ်က အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ရင်း လက်နှစ်ဖက်ကို ရိုက်လိုက်သည်။ တောက်ပသော ရွှေရောင်အလင်းတန်းများမှာ သူ၏ လက်ဝါးများမှ ပေါက်ကွဲထွက်လာပြီး အတောင်နှစ်ရာရှည်သော ဧရာမ သန်လျက်ကြီးအဖြစ် စုစည်းသွားကာ 'နဂါးပျံ တိမ်တိုက်သင်္ဘော' ဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

"ဆုတ်ကြ!"

လီဟေးထန်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ တိမ်တိုက်သင်္ဘောများ အားလုံးသည် တစ်ပြိုင်နက်တည်း ဆုတ်ခွာသွားကြပြီး 'နဂါးပျံ တိမ်တိုက်သင်္ဘော' ၏ ကာကွယ်ရေးစက်ဝန်းအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

နောက်တစ်ခဏတွင်မူ 'နဂါးပျံ တိမ်တိုက်သင်္ဘော' သည် ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်ရှိ တိမ်တိုက်သင်္ဘောများကို အလုံးစုံ ဖုံးအုပ်ကာကွယ်လိုက်သည်။

ဝုန်း!

ရွှေရောင် ဧရာမသန်လျက်ကြီးသည် တိမ်တိုက်သင်္ဘော၏ ကာကွယ်ရေး အလင်းတံတိုင်းကို ရိုက်ခတ်သွား၏။

နားကွဲမတတ် ဟိန်းသံကြီး ထွက်ပေါ်လာသည်။

အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် လူတိုင်း သေချာကြည့်လိုက်ကြသည်။ 'နဂါးပျံ တိမ်တိုက်သင်္ဘော' ကို ဖုံးအုပ်ထားသော ရွှေရောင်ဒိုင်းမှာ အနည်းငယ်မျှသာ မှိန်သွားခဲ့သည်။ သို့သော် ရွှေရောင် ဧရာမသန်လျက်ကြီးမှာမူ အစအနမကျန် ကြေမွသွားခဲ့ချေပြီ။

ကျိရွှမ်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။ ဤထူးဆန်းသော အရာ၏ ကာကွယ်ရေးစွမ်းအားမှာ သူ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ အခြားတစ်ဖက်တွင်မူ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' သည် 'ကိုးဘုံ ငရဲရေခဲမီးတောက်' နှင့် 'ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်' တို့၏ တစ်ပြိုင်နက် တိုက်ခိုက်ခြင်းကို ခံနေရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသားနှင့် သွေးများသည် ထိုထာဝရမီးတောက်နှစ်ခုအတွက် အကောင်းဆုံး လောင်စာများ ဖြစ်လာခဲ့သည်။

နောက်တစ်ခဏတွင်မူ သူသည် ဝုန်းခနဲ မြေပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ၏ လက်မောင်းများ၊ ခြေထောက်များနှင့် ဦးခေါင်းတို့မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။ သူ၏ ကိုယ်ထည်မှာမူ အကုန်အစင် ပြာကျသွားခဲ့ချေပြီ။

'မသေနိုင်သော နတ်ဆိုးဧကရာဇ်' သေဆုံးရန်မှာ အချိန်ပိုင်းမျှသာ လိုတော့သည်။ 'နတ်ဆိုးဧကရာဇ်' အဆင့် ကျင့်ကြံမှုရှိနေသော်ငြား နတ်ဆိုးမျိုးနွယ်၏ လုံးဝဥဿုံ ရန်သူတော်ဖြစ်သော ဤမီးတောက်နှစ်ခုရှေ့တွင် သေချာပေါက် ပျက်စီးခြင်းမှလွဲ၍ အခြားကံကြမ္မာ မရှိပါချေ။

ထ်ု့ကြောင့်လည်း နတ်ဆိုးမျိုးနွယ်စုဝင်များသည် 'ကိုးဘုံ ငရဲရေခဲမီးတောက်' ကို အမြဲတမ်း အသည်းအသန် ကြောက်ရွံ့နေခဲ့ကြခြင်းပင်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုမီးတောက်ကို အောင်နိုင်ခဲ့လျှင် နတ်ဆိုးများအနေဖြင့် ထိုသူကို သတ်ရန်နှင့် မီးတောက်ကို ငြှိမ်းသတ်ရန် ဘာမဆို လုပ်ကြပေလိမ့်မည်။

ကျိရွှမ်သည် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ မျက်နှာအမူအရာမှာ ပို၍ မှောင်မိုက်သွား၏။ အခြေအနေများမှာ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်စပြုလာချေပြီ။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူ နှစ်ပေါင်းထောင်ချီ စီစဉ်ခဲ့သော ကြီးကျယ်လှသော လုပ်ငန်းကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားနိုင်ပေသည်။

Chapter 564: ရှန်မိုက ဒါတွေ ဘယ်လိုသိနေတာလဲ

"ထိုက်ရိ ချပ်ဝတ်တန်ဆာ… နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ"

ကျိရွှမ်သည် အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် လက်ကွက်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။ ထိုအခါ ရှေးဟောင်းပြီး ဆန်းကြယ်သော အင်းကွက်များမှာ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပုံပေါ်လာတော့၏။

ရှန်မိုသည် သူ၏ သိုလှောင်လက်စွပ် တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင်မူ 'ထိုက်ရိ ချပ်ဝတ်တန်ဆာ' မှာ အလိုအလျောက် အပြင်သို့ ပျံထွက်သွားတော့သည်။ 'ထိုက်အာ' မှာလည်း ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။

"မင်းပဲ… ဒါ ဘယ်လိုလုပ် မင်း ဖြစ်နိုင်မှာလဲ… မင်း အသက်ရှင်နေသေးတာလား"

သူသည် ကျိရွှမ်ကို ကြောက်လန့်တကြား စိုက်ကြည့်နေမိသည်။

မနီးမဝေးတွင် လုတုံရွှမ်သည် ပိုင်လျဲ့ကျိုနှင့် အခြားသူများကို အောင်ကွမ်းအား ဝိုင်းတိုက်ရာတွင် ကူညီပေးနေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ တစ်ယောက်တည်း ဝိညာဉ်လွင့်သွားသည့်အလား ဖြစ်သွားပြီး ကျိရွှမ်ထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားတော့၏။

ချောက်!

'ထိုက်ရိ ချပ်ဝတ်တန်ဆာ' သည် လုတုံရွှမ်၏ ကိုယ်ပေါ်သို့ ချက်ချင်း ဖုံးလွှမ်းသွားသည်။ လုတုံရွှမ်၏ မျက်နှာအမူအရာမှာ ပြင်းထန်သော မီးတောက်များဖြင့် အလောင်ခံရသည့်အလား မခံမရပ်နိုင်သော ဝေဒနာကို အလူးအလဲ ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌လည်း သူနှင့်မသက်ဆိုင်သော အစွမ်းထက်သည့် အင်အားတစ်ခုမှာ တဖြည်းဖြည်း နိုးထလာနေပြီဖြစ်သည်။

ရှန်မိုသည် ထိုအရာအားလုံးကို တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။ ကျိရွှမ်၏ ဝှက်ဖဲမှန်သမျှကို သူ၏ ကံကြမ္မာစနစ်ပေါ်တွင် သူ ကြိုတင်မြင်တွေ့ထားပြီးသား ဖြစ်သည်။ 'ထိုက်ရိ ချပ်ဝတ်တန်ဆာ' နှင့် 'နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ' တို့ အထိန်းအကွပ်မဲ့သွားမည့် အခြေအနေကိုပါ သူ သိထား၏။

အစောပိုင်းက ရှန်မိုအနေဖြင့် လုတုံရွှမ်ကို ကြိုတင်ရှာဖွေပြီး 'မြောက်ပိုင်းလိပ်နက်ခံတပ်' အတွင်း၌ ဘေးကင်းစွာ ထားရှိရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုသို့လုပ်ဆောင်ပါက လုတုံရွှမ်၏ အနာဂတ်မှာ ထိုနေရာမှာတင် ရပ်တန့်သွားပေလိမ့်မည်။ အကြောင်းမှာ သူသည် မွေးရာပါ အားနည်းချက်ရှိသော လက်နက်ဝိညာဉ် တစ်ခုသာ ဖြစ်နေသောကြောင့်ပင်။ ပိုးအိမ်ကို ဖောက်ထွက်ပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာမှသာ လုတုံရွှမ်သည် စစ်မှန်သော လူသားတစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ရွေးချယ်မှု ရှိနေသည့်အတွက် ရှန်မိုသည် ဂိုဏ်းတူညီငယ်တစ်ယောက်၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး လုတုံရွှမ်၏ လုံးဝဥဿုံ အသွင်ပြောင်းလဲမှုကို ကူညီပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ငါ ဘာလို့ 'ထိုက်ရိ ချပ်ဝတ်တန်ဆာ' နဲ့ 'နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ' ကို လိုအပ်ရသလဲဆိုတာ မင်းသိလား"

ကျိရွှမ်မှ ဝေဒနာခံစားနေရသော လုတုံရွှမ်ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ဒီ စိတ်ဝိညာဉ်လက်နက် နှစ်ခုစလုံးဟာ သူတော်စင်အဆင့်တွေဖြစ်ပြီး ငါ ဟင်းလင်းပြင် ဝဲဂယက်ထဲကနေ တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တာ"

"ဒါပေမဲ့ သူတို့မှာ မွေးရာပါ အားနည်းချက် ရှိနေတယ်"

"သူတို့နှစ်ခုဟာ အနီးကပ် ရှိနေမယ်ဆိုရင် လက်နက်ဝိညာဉ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အကြီးအကျယ် မြင့်တက်လာတတ်ပေမဲ့ တိုက်ပွဲထဲမှာတော့ မိတ်ဆွေ၊ ရန်သူ ခွဲခြားနိုင်စွမ်း မရှိတော့ဘူး"

"အချိန်ကြာလာလေလေ သူတို့ဟာ ရူးသွပ်မှုထဲကို ပိုပြီး နစ်မွန်းသွားလေလေပဲ"

"ဒါဟာ လက်နက်ဝိညာဉ်တွေအတွက် တော်တော်လေး ထိခိုက်စေပေမဲ့ ဘာမှမရှိတဲ့နေရာကနေ အစွမ်းထက်တဲ့ အင်အားတစ်ခု ရရှိလာတာကတော့ လုံလောက်ပါတယ်"

ဤတိုက်ပွဲတွင် ကျိရွှမ်သည် တစ်ဦးတည်း တိုက်ခိုက်နေရခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ နိဗ္ဗာန်အဆင့် ပညာရှင် ရှန်မို၊ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အစုအဝေးနှင့် ကောင်းကင်ယံ၌ ပျံသန်းနေသော တိမ်တိုက်သင်္ဘောများ ရှိနေသည်။ အကယ်၍ 'ထိုက်ရိ ချပ်ဝတ်တန်ဆာ' နှင့် 'နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ' တို့ ရူးသွပ်သွားပြီး အားလုံးကို တိုက်ခိုက်မည်ဆိုလျှင်တောင် ရှန်မိုတို့ဘက်ကိုသာ တိုက်ခိုက်မည်ဖြစ်သည်။ ထိုအခါ ကျိရွှမ်အနေဖြင့် အခွင့်ကောင်းယူပြီး မရေရာမှုများနှင့် အံ့ဩစရာအားလုံးကို အမြစ်ပြတ် ချေမှုန်းနိုင်ပေလိမ့်မည်။

"ကျိရွှမ်... 'ထိုက်ရိ ချပ်ဝတ်တန်ဆာ' ထဲမှာ အပိုပစ္စည်းတစ်ခု ပါနေတာကို မင်း သတိမထားမိဘူးလား"

ရှန်မို ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။

ကျိရွှမ်မှာ အံ့အားသင့်သွားပြီး သေချာစွာ အာရုံခံကြည့်လိုက်သည်။

'ထိုက်ရိ ချပ်ဝတ်တန်ဆာ' အတွင်း၌ အခြားသော ချပ်ဝတ်တန်ဆာ တစ်စုံကို ထပ်မံပတ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်သွားရသည်။ ထိုချပ်ဝတ်တန်ဆာအတွင်း၌ သန်လျက်ကျမ်းလိပ်တစ်ခုနှင့် သန်လျက်ရှည်တစ်စင်းတို့ ရှိနေပြီး ၎င်းတို့အားလုံးမှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။ ၎င်းတို့သည် အထွတ်အထိပ်ရောက်ချိန်ရှိ 'ထိုက်ရိ ချပ်ဝတ်တန်ဆာ' နှင့် 'နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ' တို့ကို မယှဉ်နိုင်သော်ငြား အနည်းဆုံးတော့ ထိပ်တန်း ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။

ပို၍ အရေးကြီးသည်မှာ ထိုလက်နက် သုံးခုစလုံးတွင် လက်နက်ဝိညာဉ်များ ရှိနေခြင်းပင်။

"ဟေးယန် ၊ ဆွေ့ရှင်း ၊ ကျီလင်း… 'ထိုက်အာ' နဲ့ စီနီယာအကိုကြီးကို ကူညီပြီး ကြည့်ရှုပေးလိုက်ကြစမ်း"

ရှန်မိုမှ ညွှန်ကြားလိုက်သည်။

ဆွေ့ရှင်းမှာ စာလုံးကြီးကြီးများဖြင့် ရေးသားလိုက်၏။

"အဖေ... ကျွန်မ နားလည်ပါပြီ”

"ဟုတ်ကဲ့… သခင်ကြီး စိတ်ချပါ… သူတို့ကို စိတ်အေးသွားအောင် ကျွန်မတို့ အစွမ်းကုန် ကြိုးစားပါ့မယ်"

ဟေးယန်မှ ကျယ်လောင်စွာ ပြောလိုက်သည်။

ကျီလင်းမှာ ဘာမှမပြောသော်လည်း 'ထိုက်အာ' နှင့် လုတုံရွှမ်တို့ကို စတင်နှစ်သိမ့်ပေးနေပြီ ဖြစ်သည်။

သူတို့၏ စောင့်ရှောက်မှုအောက်တွင် အစောပိုင်းက ဂယောင်ခြောက်ခြားဖြစ်နေသော 'ထိုက်အာ' နှင့် လုတုံရွှမ်တို့မှာ တည်ငြိမ်သွားကြ၏။ သို့သော် လုတုံရွှမ်၏ မျက်နှာတွင် ပြင်းထန်သော ဝေဒနာမှာ ကျန်ရှိနေဆဲပင်။ သူ၏ ဝိညာဉ်မှာ အဆုံးမရှိသော လောင်မြိုက်မှုကို ခံစားနေရသည့်အလား ဖြစ်နေသည်။

ကျိရွှမ်၏ မျက်နှာအမူအရာမှာ မှောင်မိုက်သွား၏။ ရှန်မိုတွင် ကိုယ်ပိုင်လက်နက်ဝိညာဉ်များပါရှိသည့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် သုံးခု ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ လက်နက်ဝိညာဉ်များသည် အချင်းချင်း ဆက်သွယ်ရာတွင် အတော်ဆုံး ဖြစ်ကြသည်။ 'ထိုက်ရိ ချပ်ဝတ်တန်ဆာ' နှင့် 'နတ်ဆိုးလိုက်လံနှိမ်နင်းရေး လှံ' တို့၏ ရူးသွပ်နေသော ဝိညာဉ်များကို တည်ငြိမ်စေရန် အခြားသော လက်နက်ဝိညာဉ်များ၏ အကူအညီ လိုအပ်သည်ကို သူ ကြိုသိထားသည်။

သို့သော် ရှန်မိုကရော ဘယ်လိုလုပ်ပြီး သိနေရတာလဲ။

All Chapters