← Chapters

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

Chapter 565: ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်၏ စိတ်လှုပ်ရှားမှု

ကိုးဘုံ ငရဲရေခဲမီးတောက်နှင့် ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်တို့သည် ဆက်လက်တောက်လောင်နေဆဲဖြစ်သည်။ တဖြန်းဖြန်းမြည်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ အသားနှင့် သွေးသားများမှာ ထိုမီးတောက်များ၏ ဝါးမြိုမှုကို လုံးဝဥဿုံ ခံလိုက်ရချေပြီ။

ရှန်မိုသည် အစမှအဆုံးအထိ တစ်ချက်ကလေးမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။

ကြီးမြတ်လှသော နတ်ဆိုးဧကရာဇ်တစ်ပါးသည် မတူညီသော ထာဝရမီးတောက်နှစ်ခု၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရ၏။

ကျိရွှမ်သည် ရှန်မိုကို နက်ရှိုင်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းက ဒီဧကရာဇ်ကို နောက်ဆုံးဝှက်ဖဲ ထုတ်သုံးအောင် အတင်းအကျပ် ဖိအားပေးမယ်ဆိုရင်တော့ ဘယ်သူမှ ကောင်းကောင်းမွန်မွန် နေရမှာမဟုတ်ဘူး"

ရှန်မို ပြုံးလိုက်ပြီး

"စမ်းမကြည့်ဘဲ ဘယ်သိပါ့မလဲ"

"စီနီယာ ကျိရွှမ်... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေပါနဲ့ဦး"

ကျိရွှမ်၏ မျက်ဝန်းများ အေးစက်သွားသည်။ "ကောင်းပြီ… ဒါဆိုလည်း မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးရတာပေါ့”

စကားပြောနေစဉ်မှာပင် သူ လက်ကွက်တစ်ခု ဖော်ဆောင်လိုက်ရာ သူ၏ လက်ဝါးထဲတွင် တစ်စုံတစ်ခု ပေါ်လာပုံရသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ စတင်ပြိုကွဲလာတော့၏။ လူတိုင်း၏ အာရုံမှာ ထိုနေရာသို့ ရောက်သွားကြသည်။ သို့သော် သူတို့ ဘာကိုမျှ မမြင်ရပေ။ အနီးနားရှိ အလင်းတန်းအားလုံးမှာ စုပ်ယူခံလိုက်ရသည့်အလား ရှိနေသည်။

ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံနှင့် အခြားသူများသည် ဆက်ကြည့်ရန် မဝံ့တော့ဘဲ အကြည့်များ ချက်ချင်း လွှဲလိုက်ကြသည်။

ရှီထျန်မှာ တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။

"ငါ တစ်ခုခု သတိရလာပြီ… 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' လို့ ခေါ်တဲ့ ထာဝရမီးတောက် တစ်မျိုးရှိတယ်… အဲဒါက ဟင်းလင်းပြင်ထဲကနေ မွေးဖွားလာတာဖြစ်ပြီး ပုံသဏ္ဌာန်ရော အရောင်ပါ မရှိဘူး… သာမန်လူတွေအနေနဲ့ သတိထားမိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

"ကြီးမားတဲ့ ကံကြမ္မာနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိသူတွေမှသာ အဲဒါကို အောင်နိုင်တာ"

"ကျိရွှမ် အားကိုးနေတာက အဲဒီအရာများလား"

အောင်ချင်းမှ ခေါင်းငြိမ့်လိုက်သည်။

"'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ပေါ့… ငါလည်း အဲဒီအကြောင်း ကြားဖူးတယ်… ဒီလိုမီးတောက်မျိုးကို အောင်နိုင်ဖို့ဆိုတာ ကျင့်ကြံသူအများစုအတွက် မဖြစ်နိုင်သလောက်ပဲ… ဒါပေမဲ့ ကျိရွှမ်ကတော့… သူက အခြားသူတွေ မလုပ်နိုင်တာကို အမြဲတမ်း လုပ်နိုင်ခဲ့တဲ့သူပဲလေ”

ထန်ကျင့်လုံမှလည်း လေးနက်စွာ ဆိုသည်။

"'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' က ကြောက်စရာကောင်းတယ်လို့ ငါကြားဖူးတယ်… အဲဒါက တခြားထာဝရမီးတောက်တွေကို နှိမ်နင်းနိုင်တာလား"

အောင်ချင်း ခေါင်းညိတ်ပြလိုက်ပြီး

"အတိအကျပဲ… 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' မှာ နောက်ထပ် နာမည်တစ်ခုရှိသေးတယ်… အဲဒါက 'ဝါးမြိုခြင်း မီးတောက်' ပဲ"

"အဲဒါက တခြားထာဝရမီးတောက်တွေကို နှိမ်နင်းနိုင်တယ်… မီးတောက်တွေရဲ့ အဆင့်ကွာဟချက် ကြီးမားလေလေ နှိမ်နင်းနိုင်စွမ်းက ပိုအားကောင်းလေလေပဲ"

"ရှန်မိုပိုင်ဆိုင်ထားတဲ့ ကိုးဘုံ ငရဲရေခဲမီးတောက်နဲ့ ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်တို့ဆိုရင်တော့ ဒီ 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်လိမ့်မယ်လို့ ငါထင်တယ်"

သို့သော် အဝေးရှိ အောင်ကွမ်းမှ လှောင်ပြုံးပြုံးကာ

"မင်းတို့အားလုံးက ရိုးရိုးလေးပဲ တွေးနေကြတာပဲ… 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ဟာ လူသားဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းထောင်ချီပြီး ပြုစုပျိုးထောင်ခံထားရတာ… အဲဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ”

"အဲဒီ ကိုးဘုံ ငရဲရေခဲမီးတောက်က အခုမှ ပြန်လည်တောက်လောင်ခါစပဲ ရှိသေးတယ်… ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်ကလည်း အစပျိုးရုံပဲရှိသေးတဲ့ မီးစလေးပဲ… အရမ်းကို နုနယ်လွန်းသေးတယ်"

"ဒီမီးတောက်နှစ်ခုတည်းနဲ့တင် 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ကို ယှဉ်နိုင်မယ်လို့ မင်းတို့ တကယ်ထင်နေတာလား… အိပ်မက်တောင် မမက်နဲ့”

ထန်ကျင့်လုံ၊ ရှီထျန်နှင့် အခြားသူများ အားလုံး တိတ်ဆိတ်သွားကြသည်။ ဤအချက်ကို သူတို့လည်း သိကြသည်။ ကျိရွှမ်၏ လက်ထဲတွင် တောက်လောင်နေသော 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ကို သူတို့ မမြင်ရသော်လည်း ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ခံစားနေရ၏။ ယှဉ်ကြည့်လိုက်လျှင် ရှန်မို၏ ကိုးဘုံ ငရဲရေခဲမီးတောက်နှင့် ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်တို့မှာ ထိုမျှအထိ လွှမ်းမိုးနိုင်သော ခြိမ်းခြောက်မှု အငွေ့အသက်မျိုး မရှိသေးချေ။

များသောအားဖြင့် ထာဝရမီးတောက်တစ်ခု၏ အဆင့်သတ်မှတ်ချက်သည် ၎င်း၏ အစွမ်းကို ဖော်ပြနေသော်လည်း လက်တွေ့တိုက်ပွဲတွင်မူ ထိုမီးတောက်၏ အဆင့်မှာ မီးစအဆင့်လား၊ အထွတ်အထိပ်အဆင့်လား သို့မဟုတ် ဆုတ်ယုတ်နေသောအဆင့်လား ဆိုသည့်အပေါ်တွင် မူတည်နေသည်။

'နဂါးပျံ တိမ်တိုက်သင်္ဘော' ၏ ကုန်းပတ်ပေါ်တွင် ရှေးဟောင်းကျမ်းစာများကို နှံ့စပ်သော 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' အချို့ကလည်း ကျိရွှမ်၏ လက်ထဲရှိ မီးတောက်မှာ 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။

"ဗိုလ်ချုပ်ရှန် သေချာပေါက် အနိုင်ရမှာပါ..." ဝူကျန့်ယွမ်က သူ၏လက်သီးကို တင်းတင်းဆုပ်ထား၏။

"စီနီယာ... စီနီယာရော အစ်ကိုမိုကို ယုံလား" လီဟေးထန်က ခေါင်းငုံ့ပြီး ဘေးနားရှိ ပုပုလေးကို ကြည့်ကာ မေးလိုက်သည်။

ကျောက်ယောင်လု ပါးနပ်စွာ ပြုံးလိုက်ပြီး

"ရှန်မို နိုင်မှာပါ… သူ့မှာ ဒီထာဝရမီးတောက် နှစ်ခုထက် ပိုပြီး ရှိသေးတယ်"

"ဒါ့အပြင် ဒါတွေက သူ့ရဲ့ ဝှက်ဖဲတွေ အကုန် မဟုတ်ဘူးလို့လည်း ငါယုံကြည်တယ်"

လီဟေးထန်နှင့် ဝူကျန့်ယွမ်တို့ နှစ်ဦးစလုံးက ခိုင်မာစွာ ခေါင်းငြိမ့်လိုက်ကြသည်။ ရှန်မိုတွင် ထာဝရမီးတောက် စုစုပေါင်း ဘယ်နှစ်ခုရှိသည်ကို သူတို့ မသိကြချေ။ သို့သော် အတိတ်က ရှန်မိုအသုံးပြုခဲ့သော ထာဝရမီးတောက်များသည် ရေခဲဖြူရောင် သို့မဟုတ် ရွှေစင်ရောင် မဟုတ်ခဲ့သည်ကိုတော့ သူတို့ သိထားကြ၏။

ထို့ကြောင့် ရှန်မို၏ ခန္ဓာကိုယ်ထဲတွင် အခြားသော ထာဝရမီးတောက်များ ရှိနေဦးမည်မှာ သေချာသည်။ သို့သော် ထိုမီးတောက်များ၏ အဆင့်သတ်မှတ်ချက်မှာ အလွန်မမြင့်မားနိုင်ကြောင်း သူတို့ ခန့်မှန်းမိကြသည်။

ဤထာဝရမီးတောက်များ အားလုံးပေါင်းလိုက်လျှင်ရော 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ကို အမှန်တကယ် အနိုင်ယူနိုင်ပါ့မလား။

Chapter 566: ဟင်းလင်းပြင် ရှေးဟောင်းသန်လျက်

ကျိရွှမ်သည် သူ၏လက်ဝါးနှစ်ဖက်ကို နောက်တစ်ကြိမ် ပြန်လည်ပူးကပ်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူ၏လက်ထဲ၌ မမြင်ရဘဲ အရောင်အဆင်းမရှိသော ဧရာမသန်လျက်ကြီးတစ်စင်း ပေါ်ထွက်လာသည်။ ၎င်း၏ ပုံသဏ္ဌာန်ကို မမြင်ရသော်လည်း ထိုနေရာရှိ ဟင်းလင်းပြင်မှာ တစ်စုံတစ်ခု၏ အတွင်းသို့ ဆွဲငင်ခြင်းကို ခံနေရသကဲ့သို့ အနည်းငယ် ပြိုကွဲပျက်စီးနေသည်ကို လူတိုင်း ဝေဝေဝါးဝါး အာရုံခံမိနေကြသည်။ ရှန်မိုကလည်း ၎င်းကို ထက်မြက်စွာပင် အာရုံခံမိလိုက်သည်။

"ဒီအကွက်က ငါသေခါနီးအချိန်မှာ ရှိသမျှခွန်အားအားလုံးကို အကုန်အစင် သုံးပြီးမှ ဖော်ထုတ်နိုင်ခဲ့တဲ့ အရာပဲ"

"ကံဆိုးတာက ဒီအကွက်ကို ငါနားလည်သဘောပေါက်ပြီးပြီးချင်းမှာပဲ နှစ်ရှည်လများ အိပ်စက်ခြင်းထဲ ကျရောက်သွားခဲ့လို့ အခုထိ ထုတ်သုံးခွင့် မရသေးတာ"

"ဒီအတတ်ပညာရဲ့ အဆင့်ကတော့ အနည်းဆုံး သူတော်စင် အနိမ့်ဆုံးအဆင့်ကို ရောက်တယ်"

"ဒါကို ငါက 'ဟင်းလင်းပြင် ချေမှုန်းခြင်း ခုတ်ချက်'လို့ ခေါ်တယ်"

ကျိရွှမ်က အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး မမြင်ရသော ဧရာမသန်လျက်ကြီးဖြင့် ခုတ်ချလိုက်တော့သည်။ ဤသန်လျက်ကို မမြင်ရသလို ထိတွေ့၍လည်း မရသော်လည်း ရောက်ရှိနေသူအားလုံးမှာမူ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားနေရသည်။ သူတို့အတွက်မူ ကျိရွှမ်နှင့် ရှန်မိုရှိနေသော ဟင်းလင်းပြင်တစ်ခုလုံးမှာ ကျန်ရှိသောအရာများမှ သီးသန့်ဖြတ်တောက်ခံလိုက်ရသကဲ့သို့ပင်။ မရေမတွက်နိုင်သော မှန်စများမှာ လွင့်စင်သွားကြပြီး တစ်ခုချင်းစီတွင် ကျိရွှမ်နှင့် ရှန်မိုတို့၏ ပုံရိပ်များ ထင်ဟပ်နေသည်။ သို့သော် သေချာစွာ ထပ်မံကြည့်ရှုလိုက်သည့်အခါတွင်မူ ဘာမျှပြောင်းလဲသွားခြင်းမရှိသကဲ့သို့ပင်။ ဤဆန်းကြယ်သော ဖြစ်ရပ်ဆန်းကြောင့် လူတိုင်းမှာ ဘာဖြစ်သွားမှန်း မသိဘဲ ဝေခွဲမရ ဖြစ်ကုန်ကြသည်။

ရှန်မိုသည် သူ၏ရှေ့မှ ဟင်းလင်းပြင်အလွတ်ကို စူးစိုက်ကြည့်ကာ အာရုံအပြည့် ထားထားသည်။ အခြားသူများ မမြင်ရ၊ မထိတွေ့ရသော သန်လျက်မှာ သူ၏ဦးခေါင်းဆီသို့ ဦးတည်ခုတ်ဆင်းလာနေသည်။ သူ မြင်နေရ၏။ အကြောင်းမှာ သူသည် ဟင်းလင်းပြင်စွမ်းအားကို နားလည်သဘောပေါက်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်ပင်။

ရှန်မို လက်ကို ဆန့်ထုတ်လိုက်သည်။ 'ကောင်းကင်ဘုံကို ချေမှုန်းသော သန်လျက်' သည် သူ၏လက်ထဲသို့ ပျံဝင်လာသည်။ သိုလှောင်ထားသော 'ဝိညာဉ်အနှစ်သာရ' များမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့၏။ ဤစွမ်းအင်အားလုံးမှာ မြင့်မားသော စိတ်ဝိညာဉ်စွမ်းအား ပုံစံများ ဖြစ်ကြသော်လည်း 'နတ်ဘုရားလျှပ်စီးဖြင့် နတ်ဆိုးနှိမ်နင်းရေး ကျမ်းစာ' မှ ကျင့်ကြံရရှိသော 'နတ်ဘုရားလျှပ်စီး စွမ်းအား' မှာမူ ဝိညာဉ်အနှစ်သာရနှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ပါးနေသေးသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် ဝိညာဉ်အနှစ်သာရကို အသုံးပြုခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ရှဲ... ရှဲ... ရှဲ။

ဝိညာဉ်အနှစ်သာရ စီးကြောင်း ခြောက်ခုမှာ လျင်မြန်စွာ စုစည်းပြီး အသွင်ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ခန့်ညားထည်ဝါပြီး ရှေးဟောင်းဆန်သော ပျံသန်းသည့် သန်လျက် ခြောက်စင်းအဖြစ် ပုံပေါ်လာသည်။ တစ်ချက်ကြည့်လိုက်လျှင် သာမန်ဟု ထင်ရသော်လည်း သေချာကြည့်လိုက်ပါက ၎င်းတို့၏ ပတ်ဝန်းကျင်တွင် နတ်ဆိုးနတ်ဘုရားများ၏ မရေမတွက်နိုင်သော ငိုကြွေးမြည်တမ်းသံများ ဝဲလည်နေသကဲ့သို့ ရှိနေသည်။ ၎င်းတို့မှာ 'ဟင်းလင်းပြင် ရှေးဟောင်းသန်လျက်' များပင် ဖြစ်သည်။

စုစည်းထားသော ဝိညာဉ်အနှစ်သာရများဖြင့် ဖန်တီးထားသည့် ဟင်းလင်းပြင် ရှေးဟောင်းသန်လျက် ခြောက်စင်းမှာ လွှမ်းမိုးနိုင်သော ဖိအားများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် ဟင်းလင်းပြင်ကြီးတစ်ခုလုံးကိုပင် ထိုးဖောက်နိုင်စွမ်း ရှိသည့်အလားပင်။

"ဒီအကွက်ကို ငါ မြင်ဖူးပြီးသား… ဒါက ငါ့ကို ဘာမှလုပ်လို့မရဘူး"

ကျိရွှမ် ခပ်ဖွဖွ ပြုံးလိုက်သည်။

ရှန်မို ပထမဆုံးအကြိမ် တိုက်ခိုက်စဉ်က ဤဟင်းလင်းပြင် ရှေးဟောင်းသန်လျက်များကို အသုံးပြုခဲ့သည်။ ကျိရွှမ်က ၎င်းတို့ကို မြင်ဖူးပြီးသားဖြစ်သဖြင့် မကြောက်ရွံ့တော့ပေ။

"တကယ့် အဓိကအချက်က ဒါပဲ"

ရှန်မိုမှာ လေထဲတွင် သူ၏လက်ဖြင့် မျဉ်းကြောင်းတစ်ခု ဆွဲလိုက်သည်။ သူသည် နတ်ဘုရားနန်းတော်အတွင်း နှစ်ပေါင်းများစွာ နှစ်မြှုပ်ကျင့်ကြံခဲ့သော ဟင်းလင်းပြင်စွမ်းအားမှာ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။ ဟင်းလင်းပြင် ရှေးဟောင်းသန်လျက် ခြောက်စင်းမှာ ကျယ်လောင်စွာ မြည်ဟိန်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

ဟင်းလင်းပြင်စွမ်းအားများ ပေါင်းစပ်သွားသည်နှင့်အမျှ ဟင်းလင်းပြင် ရှေးဟောင်းသန်လျက်သည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် စတင်ကြီးထွားလာသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ၎င်းသည် ပေပေါင်း ဒါဇင်အနည်းငယ်မှသည် ပေငါးရာအထိ ရှည်လျားသွားတော့သည်။ ၎င်း၏ အနံမှာ ယခုအခါ 'နဂါးပျံ တိမ်တိုက်သင်္ဘော' နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်၏။

ဤဟင်းလင်းပြင်စွမ်းအား အစအနလေး ပေါင်းစပ်သွားသည့် အခိုက်အတန့်တွင် ကျိရွှမ်၏ နှလုံးသားမှာ ထိတ်လန့်တကြား ခုန်သွားရသည်။ သူသည် ဟင်းလင်းပြင်စွမ်းအားနှင့် တစ်ခါမျှ မကြုံဖူးသဖြင့် ၎င်းမှာ ဘာမှန်းမသိသော်လည်း ၎င်း၏ အန္တရာယ်ရှိမှုကိုမူ ဗီဇအရ အာရုံခံမိနေသည်။

"အဲဒါ ဘာကြီးလဲ"

ကျိရွှမ်မှ ဟိန်းဟောက်လိုက်သည်။

"သတ်စမ်း"

ရှန်မို ပြန်မဖြေဘဲ သူ၏လက်ကို ရုတ်တရက် ဝေ့ယမ်းလိုက်သည်။

ဟင်းလင်းပြင်စွမ်းအားများ လှိုင်းထန်လာသည်။ ဝိညာဉ်အနှစ်သာရများ စုစည်းလာသည်။ သန်လျက် ခြောက်စင်းမှာ တစ်စင်းတည်းအဖြစ် ပေါင်းစည်းသွားတော့၏။

ဝူး...။

ဟင်းလင်းပြင် ရှေးဟောင်းသန်လျက်သည် လေထဲတွင် တိုးဝှေ့ထွက်ခွာသွားသည်။ အရှေ့ဘက်ရှိ ဟင်းလင်းပြင်မှာ မခံမရပ်နိုင်သော ဖိအားအောက်တွင် ဝမ်းနည်းပူဆွေးဖွယ် မြည်တမ်းသံ ထွက်ပေါ်လာသည်။ 'ဟင်းလင်းပြင် ချေမှုန်းခြင်း ခုတ်ချက်' မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး မရေမတွက်နိုင်သော အမှုန်အမွှားလေးများ ဖြစ်သွားတော့၏။

လေထဲတွင် 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' မှာ ဝေဒနာပြင်းထန်စွာဖြင့် အော်ဟစ်နေသည်။

'ကိုးဘုံ ငရဲရေခဲမီးတောက်' က ကျေနပ်အားရစွာဖြင့် လှောင်လိုက်လေ၏။

"နောက်ဆုံးတော့ အဲဒီ အောက်တန်းစား အော်သံကို ကြားလိုက်ရပြီ… တကယ်ကို အရသာရှိတာပဲ”

'ကိုးကမ္ဘာ နတ်ဘုရားလျှပ်စီးမီးတောက်' မှာ နှာခေါင်းရှုံ့လိုက်ရင်း

"မင်းက တိုက်ခိုက်မှုတောင် မထိသေးဘဲနဲ့ ဘာတွေ ဒီလောက် ဂုဏ်ယူနေတာလဲ"

သူ့စကားကြောင့် ကိုးဘုံ ငရဲရေခဲမီးတောက် စွံ့အသွားလေ၏။

Chapter 567: ညီလေးရှန်မို တော်တယ်

'ဟင်းလင်းပြင် ချေမှုန်းခြင်း ခုတ်ချက်' အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည့် ခဏချင်းမှာပင် ကျိရွှမ်၏ မျက်နှာအမူအရာမှာ သိသိသာသာကြီး ပြောင်းလဲသွားတော့သည်။

ထိုရှေးဟောင်းပြီး ခန့်ညားလှသော သန်လျက်ကြီးထဲတွင် သူ မတွန်းလှန်နိုင်သော စွမ်းအားတစ်ခု ကိန်းအောင်းနေသည်ကို ကောင်းကောင်း ခံစားလိုက်ရသည်။

၎င်းမှာ အဘယ်အရာမှန်း သူ မသိပါချေ။ အကြောင်းမှာ ထိုအရာသည် သူတစ်ခါမျှ မကြုံဖူးသေးသည့် ဆန်းကြယ်သော စွမ်းအားတစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

"ဒါဟာ ဟင်းလင်းပြင်စွမ်းအားများလား"

ကျိရွှမ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရပြီး သူ၏ နှလုံးခုန်သံများ ရပ်တန့်မတတ် ဖြစ်သွားရသည်။ မနာလိုဝန်တိုမှု ဒီရေလှိုင်းများမှာလည်း သူ၏ ရင်ထဲတွင် ထိန်းချုပ်မရအောင်ပင် ပွက်ထလာတော့သည်။ သူသည် ကောင်းကင်ဘုံ၏ အလိုတော်အရ မွေးဖွားလာသူ၊ အနှိုင်းမဲ့သော ကံကြမ္မာ၊ အာရုံခံစားမှုနှင့် ပါရမီတို့ဖြင့် ကောင်းချီးပေးခံထားရသူ ဖြစ်သည်။ ထိုကဲ့သို့သော သူပင်လျှင် ဟင်းလင်းပြင်စွမ်းအားကို နားလည်သဘောပေါက်ရန် ပျက်ကွက်ခဲ့ဖူးသည်။ သို့သော် အသက်တစ်ရာပင် မပြည့်သေးသည့် မျိုးဆက်သစ်လူငယ်လေး ရှန်မိုကမူ သူ မလုပ်နိုင်ခဲ့သည်ကို လုပ်ဆောင်နိုင်ခဲ့ချေပြီ။

သူ့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ 'ဟင်းလင်းပြင် ချေမှုန်းခြင်း ခုတ်ချက်' ကို ချေမှုန်းပြီးနောက်တွင်လည်း ထိုရှေးဟောင်းသန်လျက်ကြီးမှာ အရှိန်မပျက်ဘဲ သူ၏ထံသို့ တည့်တည့်မတ်မတ် ခုတ်ဆင်းလာနေခြင်းပင်။ ၎င်း၏ စွမ်းအားမှာ သုံးဆယ်ရာခိုင်နှုန်းခန့်သာ လျော့ပါးသွားခဲ့သည်။ တစ်နည်းအားဖြင့် သူ၏ 'ဟင်းလင်းပြင်လောင်ကျွမ်းခြင်း မီးတောက်' ကို အစွမ်းကုန် အသုံးပြုခဲ့သော်လည်း ဤသန်လျက်၏ အရှိန်အဟုန်ကို အနည်းငယ်မျှသာ လျော့ကျအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

"တောက်… သောက်ကျိုးနည်းပဲ"

"ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းလိုက်စေ”

ကျိရွှမ်က အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှ သွေးချီများ၊ စိတ်ဝိညာဉ်စွမ်းအားများနှင့် နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။ အစောပိုင်းက ကြေမွသွားခဲ့သော 'ဖန်ဆင်းခြင်း မြတ်နိုးဖွယ်သစ်ပင်' ဓမ္မရုပ်ပွားတော်နှင့် 'ငရဲနတ်ဆိုးသစ်ပင်' ဓမ္မရုပ်ပွားတော်တို့ကို သူ အတင်းအဓမ္မ ပြန်လည်ဖော်ဆောင်လိုက်သည်။ နောက်တစ်ခဏတွင်မူ ဧရာမ သစ်ပင်ကြီးနှစ်ပင်မှာ မီးတောက်များဖြင့် တောက်လောင်လာတော့၏။

မိမိ၏ ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းစေခြင်းမှာ အသက်နှင့်ရင်းရသော နောက်ဆုံးလက်နက် ဝှက်ဖဲပင် ဖြစ်သည်။ ၎င်း၏ အစိတ်အပိုင်းတစ်ခုကိုပင် လောင်ကျွမ်းစေခဲ့လျှင် ထိုဓမ္မရုပ်ပွားတော်ကို နောက်နောင် မည်သည့်အခါမျှ အသုံးမပြုနိုင်တော့ချေ။ တစ်ကြိမ် လောင်ကျွမ်းပြီးသည်နှင့် ထိုဓမ္မရုပ်ပွားတော်၏ သက်တမ်းမှာ လုံးဝ ပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရသည်။

ကျိရွှမ်သည် ဤတိုက်ခိုက်မှုကို ဟန့်တားနိုင်ရန်အတွက် သူ၏ အနာဂတ်ကိုပင် စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။

"သူ့ရဲ့ ဓမ္မရုပ်ပွားတော်ကိုတောင် လောင်ကျွမ်းစေနေပြီ..."

ထန်ကျင့်လုံနှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များမှာ မှင်တက်နေကြတော့၏။

ရှန်မို့အနေဖြင့် ကျိရွှမ်ကို ဤအဆင့်အထိ အတင်းအဓမ္မ ဖိအားပေးနိုင်လိမ့်မည်ဟု သူတို့ထဲမှ မည်သူမျှ စိတ်မကူးခဲ့မိကြချေ။ ထိုသူမှာ ကျိရွှမ် ဖြစ်နေသောကြောင့်ပင်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း အစွမ်းအထက်ဆုံးသူ! ပထမဆုံးသော လူသားဧကရာဇ်။

မျိုးနွယ်စု သုံးခုစလုံး၏ ဘုံအရှင်သခင်။

မသေနိုင်သော နတ်ဆိုးဧကရာဇ်ကို သတ်ခဲ့သည့် မဟာပညာရှင်ကြီး။

သို့သော် ယခုမူ သူသည် ရှန်မို၏ လက်ချက်ဖြင့် သူ၏ ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းစေရသည့် အခြေအနေသို့ ဆိုက်ရောက်နေရချေပြီ။ ၎င်းမှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလှပေ။ မျက်မြင်ကိုယ်တွေ့ မြင်နေရသော်လည်း သူတို့၏ စိတ်များမှာ ဇဝေဇဝါဖြစ်နေဆဲ ဖြစ်သည်။

"ဒီတိုက်ခိုက်မှုကိုတော့ မင်း တားလို့မရဘူး"

ရှန်မိုသည် ကျိရွှမ် လုပ်ဆောင်သမျှကို ကြည့်ရင်း တည်ငြိမ်စွာပင် ဆိုလိုက်သည်။

ဝုန်း!

ဟင်းလင်းပြင် ရှေးဟောင်းသန်လျက်သည် ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ခတ်မှုတစ်ခုအလား ကျရောက်လာပြီး ကျိရွှမ်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးကို နှစ်ခြမ်းခွဲပစ်တော့မည့်အလား ရှိနေသည်။ အစပိုင်းတွင် လောင်ကျွမ်းနေသော ဧရာမ သစ်ပင်ကြီးနှစ်ပင်မှာ ၎င်းကို မနည်းတောင့်ခံထားနိုင်သေးသည်။ သို့သော် ဟင်းလင်းပြင်သန်လျက် ပို၍ နိမ့်ဆင်းလာသည်နှင့်အမျှ ၎င်းတို့ လောင်ကျွမ်းသည့် အရှိန်မှာ ပို၍ မြန်လာတော့သည်။

အသက်ရှူကြိမ် ဒါဇင်အနည်းငယ်အတွင်းမှာပင် တစ်ချိန်က အကောင်းပကတိရှိခဲ့သော ဓမ္မရုပ်ပွားတော်ကြီးများမှာ အမြစ်များအထိ လောင်ကျွမ်းသွားကြတော့၏။ ထို့နောက်တွင်မူ ဓမ္မရုပ်ပွားတော် နှစ်ခုစလုံးသည် တစ်ခဏချင်းအတွင်းမှာပင် ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော အလင်းစက်ကလေးများအဖြစ် လွင့်စင်ပျောက်ကွယ်သွားတော့သည်။

ကျိရွှမ်၏ မျက်ဆံများလည်း ရုတ်တရက် ကျုံ့သွားသည်။

နောက်တစ်ခဏတွင်မူ ဟင်းလင်းပြင်သန်လျက်သည် သူ၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ထိုးဖောက်သွားတော့သည်။

ဖျတ်ခနဲ။

သွေးများ ပန်းထွက်မလာခဲ့ပေ။

ပြတ်ထွက်သွားသော အင်္ဂါအစိတ်အပိုင်းများလည်း မရှိပေ။

ကျိရွှမ်က ငုံ့ကြည့်လိုက်သည်။

သူ၏ ရင်ဘတ်တွင် ဧရာမ အပေါက်ကြီးတစ်ခု ပေါ်ပေါက်နေချေပြီ။ သူ၏ နှလုံးနှင့် အနီးနားရှိ ကိုယ်တွင်းအင်္ဂါများမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့၏။ ၎င်းမှာ ထိုနေရာရှိ ဟင်းလင်းပြင် တစ်ခုလုံးကိုပါ လှီးဖြတ်ယူသွားသည့်အလားပင်။

"ငါ..."

ကျိရွှမ်မှာ စကားပြောရန် ကြိုးစားသော်လည်း မည်သည့်စကားလုံးမျှ ထွက်မလာခဲ့ပေ။

ဝုန်း။

သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။

"သေသွားပြီလား"

ပိုင်လျဲ့ကျိုနှင့် အခြားသူများမှာ အံ့အားသင့်နေကြ၏။

အောင်ကွမ်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အော်ဟစ်လိုက်သည်။

"ကျိရွှမ်... မင်း သေသင့်တာ ကြာလှပြီ… ကောင်းတယ် ရှန်မိုညီလေး… တကယ်ကို တော်တယ်"

"ငါဟာ အရှက်တရားကို မြိုသိပ်ပြီး အဲဒီလူယုတ်မာ ယုံကြည်လာအောင် ဟန်ဆောင်နေခဲ့ရတာ… အခုတော့ ရှန်မိုက ငါ့အတွက် လက်စားချေပေးလိုက်ပြီ”

ထန်ကျင့်လုံနှင့် အခြားသူများ - "..."

အောင်ချင်းမှာ သူ၏ လက်သည်းဖြင့် မျက်နှာကို အုပ်လိုက်ပြီး

"ငါတို့ နှစ်ယောက်လုံးက နဂါးမျိုးနွယ်တွေပါ... မင်း သိက္ခာလေး နည်းနည်းလောက် ဆည်ပါဦးလား"

ရှန်မို အောင်ကွမ်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"သူ သေသွားပြီလို့ မင်းထင်လား… မဟုတ်ဘူး... မသေသေးဘူး"

အောင်ကွမ်း၏ နှလုံးသား အလွန် တုန်လှုပ်သွားရသည်။

'သောက်ကျိုးနည်းပဲ… ငါ ဘက်ပြောင်းတာ နှစ်ခါရှိပြီ… မင်းက ငါ့ကို တတိယအကြိမ်ပါ ထပ်ပြောင်းခိုင်းနေတာလား'

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး… သူ သေကို သေရမယ်"

အောင်ကွမ်းမှ အတင်းအကျပ် ပြောဆိုလိုက်သည်။

နောက်တစ်ခဏတွင်မူ ကျိရွှမ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ခုန်ထလိုက်ပြီး အဝေးတစ်နေရာသို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားတော့၏။

သူ အမှန်တကယ်ပင် မသေသေးပါချေ။

All Chapters