← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

Chapter 568: ရှန်မိုရယ် မင်းကို ရယ်ချင်မိတယ်

ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံနှင့် အခြားသူများမှာ ထိတ်လန့်သွားကြပြီး ကျိရွှမ် လဲကျသွားသည့် နေရာသို့ သူတို့၏အကြည့်များ ချက်ချင်း ရောက်သွားကြသည်။ ထိုနေရာတွင် စွန့်ပစ်ထားသော ပုစဉ်းရင်ကွဲ အခွံတစ်ခုသာ ကျန်ရှိတော့ပြီး ကျိရွှမ်၏ ရုပ်အလောင်းမှာမူ မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ။

"ပုစဉ်းရင်ကွဲ အခွံလဲတာလား"

အောင်ချင်း၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားရသည်။

"ဒါက ဘယ်လိုမျိုး အတတ်ပညာလဲ… ငါ တစ်ခါမှ မမြင်ဖူးဘူး… ဒီလောကမှာ တကယ်ပဲ ဒီလို အသက်ကယ် ဝှက်ဖဲမျိုး ရှိနေတာလား"

ထန်ကျင့်လုံက မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်ရင်း အံ့ဩတကြီး မေးလိုက်သည်။

အောင်ချင်း ခဏမျှ စဉ်းစားပြီးမှ ရှင်းပြလိုက်သည်။

"ရှေးဟောင်းကာလတုန်းက 'တစ်ဖန်ပြန်လည်မွေးဖွားခြင်း ပုစဉ်းရင်ကွဲ' လို့ ခေါ်တဲ့ ရှားပါးသားရဲတစ်မျိုး ရှိခဲ့ဖူးတယ်လို့ ပြောကြတယ်"

"အဲဒီအကောင်က နှစ်တစ်ထောင်မှာ တစ်ကြိမ် အခွံလဲလေ့ရှိတယ်… သူချန်ထားခဲ့တဲ့ အခွံဟာ သေဘေးကနေ တစ်ကြိမ် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး အသက်ကယ်ပစ္စည်းပဲ"

"ဒီပုစဉ်းရင်ကွဲတွေဟာ အလွန်တရာ ရှားပါးလှတယ်… ခုနစ်ကြိမ် အခွံလဲပြီးတာနဲ့ သူတို့ သေဆုံးသွားကြတာ… အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကလည်း သူတို့ကို အလုအယက် လိုက်လံရှာဖွေကြတော့ သူတို့ရဲ့ အရေအတွက်က ပိုပြီး နည်းသွားခဲ့တာပေါ့"

"ကျိရွှမ်က အဲဒီအခွံတစ်ခုကို ရအောင် ယူထားနိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ပိုင်လျဲ့ကျိုက သူ၏ပေါင်ကို ခပ်ပြင်းပြင်း ပုတ်လိုက်ရင်း

"သူ့ကို အလွတ်မပေးနိုင်ဘူး"

သူ ထအော်လိုက်သည်။

"ကျိရွှမ်က အရမ်းကို ပါးနပ်တဲ့သူပဲ… သူ့မှာ တခြား အကြံအစည်တွေ ရှိနေမှာ သေချာတယ်… အကယ်၍ ဒီနေ့သာ သူ လွတ်သွားမယ်ဆိုရင် ငါတို့ ဘယ်တော့မှ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး"

ရှီထျန်နှင့် လန်ပန်တို့ကလည်း ချက်ချင်း ခေါင်းငြိမ့်ထောက်ခံကြသည်။

"သူပြောတာ မှန်တယ်"

လူတိုင်း၏ အာရုံမှာ ရှန်မိုထံသို့ ရောက်သွားကြသည်။ သို့သော် ရှန်မိုကမူ လုတုံရွှမ်ထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်၏။

"စီနီယာအစ်ကိုကြီး... အခြေအနေ ဘယ်လိုလဲ"

သူက ကုထုံးဆေးလုံးတစ်လုံးကို ထုတ်ကာ လုတုံရွှမ်၏ ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်သည်။

ထိုအခါ လုတုံရွှမ် ခံစားနေရသော ဝေဒနာမှာ သိသိသာသာ လျော့ပါးသွားခဲ့၏။ သို့သော် သူ၏ ဝတ်ရုံ ရှေ့ရော နောက်ရော တစ်ကိုယ်လုံးတွင် ချွေးများဖြင့် ရွှဲနစ်နေသည်မှာ ရေထဲမှ ဆယ်ယူထားသူအလား ဖြစ်နေသည်။

လုတုံရွှမ်မှာ အားယူကာ ပြုံးလိုက်ရင်း

"ညီလေး... ကျေးဇူးတင်ပါတယ်"

ရှန်မိုသာ မရှိခဲ့လျှင် သူသည် သတိတရားများ လုံးဝ ပျောက်ဆုံးသွားပြီး ကျိရွှမ်၏ လက်ထဲမှ လက်နက်တစ်ခု ဖြစ်သွားလိမ့်မည်မှန်း သဘောပေါက်ပါသည်။ သူ ယခုတိုင် ကိုယ့်ကိုယ်ကိုယ် သတိရှိနေပြီး ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာခြင်းမှာ ရှန်မို၏ အကူအညီကြောင့်သာ ဖြစ်ပေသည်။

"ညီလေး... ကျိရွှမ်ကရော"

လုတုံရွှမ်မှာ ကျိရွှမ် ထွက်ပြေးသွားသော ဘက်သို့ လှမ်းကြည့်ကာ မေးလိုက်သည်။

ရှန်မို ခပ်ဖွဖွ ပြုံးလိုက်ရင်း

"သူ ထွက်ပြေးသွားတဲ့ လမ်းကြောင်းမှာ တစ်ယောက်ယောက် စောင့်နေတယ်"

လုတုံရွှမ် ခေါင်းငြိမ့်လိုက်၏။

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

ပိုင်လျဲ့ကျို၊ ထန်ကျင့်လုံနှင့် အခြားသူများမှာလည်း သက်ပြင်းချနိုင်သွားကြတော့သည်။ ကျိရွှမ် ထွက်ပြေးသွားခြင်းကပင် ရှန်မို၏ တွက်ချက်မှုအတွင်း ရှိနေခဲ့သည်ကိုး။

အရာအားလုံးကို ကြိုတင်မြင်နိုင်သော ရှေ့ဖြစ်ဟော ဆရာတစ်ယောက်အလားပင်။

အောင်ချင်းမှာ လွန်ခဲ့သော ခဏက တိုက်ပွဲကို ပြန်လည် စဉ်းစားမိသည်။ ပို၍ စဉ်းစားလေ ရှန်မိုသည် အဆုံးအစမရှိ နက်ရှိုင်းသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင် ခန့်မှန်းရခက်လှသည်ဟု ခံစားမိလေ ဖြစ်၏။ ကျိရွှမ် မည်သည့် လှည့်ကွက်ကို သုံးသည်ဖြစ်စေ ရှန်မိုတွင် အမြဲတမ်း တုံ့ပြန်နိုင်စွမ်း ရှိနေသည်။ တိုက်ပွဲတစ်ခုလုံးမှာ အစကတည်းက ရှန်မို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။

"အဲဒီ အဖိုးကြီးယုတ်ကို ဖမ်းကြ”

ရှီထျန်မှ အောင်ကွမ်းကို ညွှန်ပြကာ ဆဲဆိုလိုက်သည်။ အောင်ကွမ်း အနေခက်စွာ ရယ်လိုက်ရင်း မည်သည့် တုံ့ပြန်မှုမျှ မပြုဘဲ သူ၏ လက်သည်းများကို မြှောက်ပြလိုက်သည်။

"ငါ အရှုံးပေးပါတယ်"

အောင်ချင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေ၏။

"အခုမှ အရှုံးပေးတာလား… စောစောက အမူအရာတွေက ဘယ်ရောက်ကုန်ပြီလဲ"

အောင်ကွမ်းမှာမူ မြေကျင်းတစ်ခုတူးပြီး ကိုယ့်ကိုယ်ကိုယ် မြှုပ်လိုက်ချင်စိတ်ပင် ပေါက်နေတော့သည်။

"သွားကြစို့… လူသားဧကရာဇ်ရဲ့ နိဂုံးကို သွားကြည့်ကြတာပေါ့"

ရှန်မိုမှာ မြေပြင်ကို အသာအယာ နင်းလိုက်ရာ လေပြင်းတစ်ချက်အလား လွင့်ပျံထွက်ခွါသွားတော့၏။ အခြားသူများကလည်း နောက်မှ အလျင်အမြန် လိုက်ပါသွားကြသည်။ ရှန်မိုတစ်ယောက် ကျိရွှမ်ကို တားဆီးရန် မည်သူ့ကို ထားခဲ့သနည်းဆိုသည်ကို သူတို့လည်း သိလိုနေကြသည်။

…

နဝမအလွှာ၊ နတ်ဆိုး ပင်လယ်၏ နက်ရှိုင်းသော နေရာရှိ လျှို့ဝှက်ချိုင့်ဝှမ်းတစ်ခု။

ကျိရွှမ်သည် အံကြိတ်ကာ ထိုချိုင့်ဝှမ်းအတွင်းသို့ ထွက်ပြေးဝင်ရောက်လာသည်။ သူသည် သူ၏ နောက်ဆုံးကျန်ရှိသော အဆောင်လက်ဖွဲ့များကို အသုံးပြုကာ အရှိန်ကို အစွမ်းကုန်မြှင့်ပြီး အသက်လု ထွက်ပြေးလာခဲ့ခြင်း ဖြစ်၏။ သူ၏ ဓမ္မရုပ်ပွားတော်များမှာ ပျက်စီးသွားခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်။ သို့သော် အနည်းဆုံးတော့ သူ၏ နိဗ္ဗာန်အဆင့် ခန္ဓာကိုယ် ကျန်ရှိနေသေးသည်။ သာမန် ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူများသည် သူ့ကို ယှဉ်နိုင်ဦးမည် မဟုတ်ချေ။ အလွန်အမင်း အစွမ်းထက်သူတစ်ယောက်နှင့်သာ မဆုံတွေ့ပါက သူ အသက်ရှင်နိုင်ပါသေးသည်။

"တောက်… ကောင်းကင်ဘုံရဲ့ အလိုတော်ကို ငါ အာရုံမခံနိုင်သေးဘူး"

"ဒါကိုသာ ကြိုသိခဲ့ရင် နတ်ဆိုး ပင်လယ်ထဲကနေ စောစော ထွက်သွားခဲ့ပါတယ်"

"ကောင်းကင်ဘုံရဲ့ အလိုတော်သာ ငါ့နောက်မှာ ရှိနေရင် ဒီလို အခြေအနေမျိုး ဘယ်လိုလုပ် ဆိုက်ရောက်မှာလဲ"

ကျိရွှမ်သည် ကောင်းကင်ဘုံ၏ အလိုတော်နှင့် ဆက်သွယ်ရန် အသည်းအသန် ကြိုးစားနေသည်။ သို့သော် ဤနေရာမှာ နတ်ဆိုး ပင်လယ်၏ နဝမအလွှာ ဖြစ်၍ ပို၍ နက်ရှိုင်းသော နေရာသို့ ရောက်လေလေ ကောင်းကင်ဘုံ အလိုတော်၏ လွှမ်းမိုးမှုမှာ ပို၍ အားနည်းလေလေ ဖြစ်သည်။ ဤနေရာတွင် အာရုံမခံနိုင်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

ကျိရွှမ်သည် သူ၏ရှေ့မှ မှောင်မိုက်နေသော လိုဏ်ခေါင်းလမ်းကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်တော့၏။

ဤလမ်းသည် နတ်ဆိုး ပင်လယ်၏ ပထမအလွှာသို့ တည့်တည့် ရောက်ရှိသွားမည် ဖြစ်သည်။ ထိုနေရာသို့ ရောက်သည်နှင့် သူသည် ကောင်းကင်ဘုံ၏ အလိုတော်နှင့် ပြန်လည်ဆက်သွယ်နိုင်မည် ဖြစ်သည်။

"ရှန်မို... မင်းရဲ့ မိုက်မဲမှုကို ငါ တကယ် ရယ်ချင်မိတယ်!"

"အကယ်၍ မင်းသာ ဒီလမ်းအကြောင်းကို သိပြီး ဒီနေရာမှာ တစ်ယောက်ယောက်ကို ကြိုတင် စောင့်ခိုင်းထားမယ်ဆိုရင်တော့ ငါ သေချာပေါက် သေရမှာပဲ”

Chapter 569: ကျိရွှမ်အား ရှင်းလင်းခြင်း

ထိုစဉ်မှာပင် ကျိရွှမ်သည် သူ့ထံသို့ တည့်တည့်မတ်မတ် ဦးတည်လာနေသော အေးစက်သည့် အလင်းတန်းတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ ပြင်းထန်သော အန္တရာယ်သတိပေးချက်တစ်ခု သူ၏ရင်ထဲတွင် ပွင့်အန်တက်လာသဖြင့် ခန္ဓာကိုယ်ကို အသည်းအသန် လိမ်ဖယ်ကာ ရှောင်တိမ်းလိုက်ရ၏။ သို့သော်လည်း 'တစ်ဖန်ပြန်လည်မွေးဖွားခြင်း ပုစဉ်းရင်ကွဲ' အခွံကို သုံး၍ သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ရသူဖြစ်ရာ သူ၏ ခွန်အားမှာ ဆယ်ပုံတစ်ပုံပင် မရှိတော့ချေ။ ပုံမှန်ဆိုလျှင် အလွယ်တကူ ရှောင်နိုင်မည့် တိုက်ခိုက်မှုမှာ ယခုမူ သူ့ကို တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။ ညာဘက်ပခုံးမှ ပြင်းထန်သော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာ၏။ သွေးများမှာလည်း အရှိန်အဟုန်ဖြင့် ပန်းထွက်လာတော့သည်။

ကျိရွှမ် ရှေ့သို့ စူးစိုက်ကြည့်လိုက်ရာ သာမန်ဟု ထင်ရသော လူလတ်ပိုင်းအမျိုးသားတစ်ဦး သူ၏ထံသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ ထိုသူထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ဓမ္မရုပ်ပွားတော်အဆင့် အမြင့်ဆုံးပညာရှင်ထက် များစွာ သာလွန်နေ၏။ သူသည် ထင်ရှားလှသော နိဗ္ဗာန်အဆင့်သို့ ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနေသူ ဖြစ်သည်။

"တစ်ယောက်ယောက်က ဒီဘက်ကို အသက်လုထွက်ပြေးလာလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး"

ကျန်းလုံရှန်းတစ်ယောက် ကျိရွှမ်ကို ကြည့်ကာ အံ့ဩတကြီးဖြင့် လျှာသပ်လိုက်သည်။ သူသည် ရှန်မို၏ ညွှန်ကြားချက်အရ ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ နဝမအလွှာမှ ပထမအလွှာသို့ တည့်တည့်ရောက်သော လျှို့ဝှက်လမ်းကြောင်း ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ပို၍ အံ့ဩစရာကောင်းသည်မှာ ရှန်မိုက အရာအားလုံးကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းပင်။

"ငါ့အသက်ကို ချမ်းသာပေးပါ… မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်"

ကျိရွှမ် အသက်ကို ပြင်းပြင်းရှူရင်း အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ ဤလူ၏ အစွမ်းမှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ကျိရွှမ်သာ အကောင်းပကတိ အခြေအနေတွင် ရှိနေပါက တစ်ဖက်လူမှာ သူ့ကို ယှဉ်နိုင်မည်မဟုတ်သော်လည်း ယခုမူ သူ့အနေဖြင့် နှိမ့်ချရုံမှတစ်ပါး အခြားမရှိတော့ချေ။

ကျန်းလုံရှန်းမှာ တဟားဟား ရယ်မောလိုက်ပြီး

"အဲဒါတော့ မဖြစ်နိုင်ဘူးဗျ"

ထိုအခါ ကျိရွှမ် အံကြိတ်ကာ ကောင်းကင်အဆင့် အဆောင်လက်ဖွဲ့တစ်ခုကို လောင်ကျွမ်းစေပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ကျန်းလုံရှန်းကလည်း သူ၏ 'နဂါးဆင် ဓမ္မရုပ်ပွားတော်'ကို ချက်ချင်း ဖော်ဆောင်လိုက်လေ၏။ သူတို့၏ လက်သီးချင်းမှာ တည့်တည့်မတ်မတ် ထိပ်တိုက်တွေ့သွားကြသည်။

ဝုန်း!

ပေါက်ကွဲမှုအရှိန်ကြောင့် နှစ်ယောက်စလုံး နောက်သို့ လွင့်ထွက်သွားကြသည်။

"ဗိုလ်ချုပ်ကျန်း... ကျွန်တော် ရောက်ပါပြီ"

သာယာသော အသံတစ်ခု လေထဲတွင် လွင့်ပျံလာသည်။ ကျိရွှမ်၏ မျက်နှာအမူအရာမှာ သိသိသာသာကြီး ပျက်ယွင်းသွားတော့သည်။

ရှန်မိမှာ အလွန်မြန်သော အရှိန်ဖြင့် ရောက်လာချေပြီ။

"ငါ့လမ်းက ဖယ်စမ်း!"

သူသည် ရူးသွပ်နေသည့်အလား မျက်နှာကြီး ရှုံ့မဲ့လျက် ဒေါသတကြီး ဟိန်းဟောက်ကာ လက်သီးနှစ်ဖက်စလုံးဖြင့် ရှေ့သို့ ထိုးနှက်လိုက်သည်။ ဘယ်ဘက်လက်တွင် နတ်ဆိုးချီများ၊ ညာဘက်လက်တွင် သွေးချီများ ရှိနေ၏။ သူ ထိုစွမ်းအင်နှစ်ခုကို လေထဲတွင် ရိုက်နှိပ်ပေါင်းစပ်လိုက်သည်။ မူလအားဖြင့် နတ်ဆိုးချီနှင့် သွေးချီမှာ သဘာဝအလျောက် ပေါင်းစပ်၍ မရနိုင်ချေ။ 'ယိုယွင်းပျက်စီးသော အလိုတော်' အာဏာစက်ကို ပိုင်ဆိုင်သည့် အန်ချန်းပင်လျှင် ထိုစွမ်းအင်နှစ်ခုကို 'သွေးနတ်ဆိုး စွမ်းအား' အဖြစ် မနည်းပေါင်းစပ်နိုင်ရန် ရာစုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

ကျိရွှမ်တွင်မူ ထိုသို့လုပ်ရန် အချိန်မရှိပေ။

သို့သော် သူသည် ထိုအင်အားနှစ်ခုကို အတင်းအဓမ္မ ပေါင်းစပ်လိုက်ခြင်းဖြစ်ရာ ရလဒ်မှာ တစ်ခုတည်းသာ ရှိသည်။

ပေါက်ကွဲခြင်း!

ကျန်းလုံရှန်းကို နောက်သို့ ဆုတ်သွားစေနိုင်မည်ဆိုလျှင် သူ၏ လက်မောင်းနှစ်ဖက်စလုံးကို စွန့်လွှတ်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ရှန်မိုသာ အနားသို့ ကပ်လာပါက သူ သေချာပေါက် သေရမည်ကို သိနေသောကြောင့် ဖြစ်သည်။

"ဒီလမ်းကို ငါစောင့်နေတာ… ဘယ်သူမှ ဖြတ်သွားလို့မရဘူး!"

ကျန်းလုံရှန်းမှ ဟိန်းဟောက်လိုက်ရာ သူ၏ 'နဂါးဆင် ဓမ္မရုပ်ပွားတော်' မှာ ဧရာမတောင်ကြီးအလား ကြီးမားလာပြီး အပြောင်းအလဲမရှိ မတ်တပ်ရပ်နေတော့သည်။

ဝုန်း!

မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။ ကျန်းလုံရှန်း၏ ဝတ်ရုံမှာ စုတ်ပြတ်သွားပြီး ပါးစပ်မှ သွေးများ ထွက်လာသော်လည်း သူသည် နေရာမှ တစ်လက်မမျှပင် မရွေ့ခဲ့ပေ။

ကျိရွှမ်မှာမူ ရှေ့သို့ မတက်နိုင်သည့်အပြင် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားခဲ့ရ၏။ သူ၏ လက်မောင်းများမှာ အမြစ်မှစ၍ လွင့်စင်ကာ ပျောက်ကွယ်သွားချေပြီ။ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေသည်။ သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ပေါက်ကွဲပစ်ရပါစေ ကျန်းလုံရှန်းကို ဖယ်ထုတ်ပစ်မည်ဟု သူ ကြုံးဝါးနေသည်။

"မင်းမှာ နောက်ထပ် အခွင့်အရေး မရှိတော့ဘူး"

သူ၏နောက်ကွယ်မှ တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင်မူ ဟင်းလင်းပြင် ရှေးဟောင်းသန်လျက်သည် ကျိရွှမ်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ထိုးဖောက်သွားတော့သည်။

သူ၏ အမူအရာမှာ အေးခဲသွား၏။ မျက်လုံးများလည်း ပြူးကျယ်သွားသည်။ အသက်ဓာတ်များမှာ လေထဲတွင် လွင့်ပါးသွားသော သဲပွင့်များအလား သူ၏ ခန္ဓာကိုယ်မှ အလျင်အမြန် ကွယ်ပျောက်သွားတော့သည်။ ထူးခြားသော ပုဂ္ဂိုလ်များသာ မြင်နိုင်သည့် ရွှေရောင်နှင့် အနီရောင် ကံကြမ္မာ စွမ်းအင်တန်းများမှာ ကျိရွှမ်၏ ခန္ဓာကိုယ်မှ စီးထွက်လာပြီး ရှန်မို၏ အတွင်းသို့ စီးဝင်သွားသည်။ ထိုအခိုက်အတန့်တွင် ရှန်မို၏ ကံကြမ္မာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူ့တွင် ရှိနှင့်ပြီးသား ဖြစ်သော ကံကြမ္မာမျဉ်းများမှာ ပိုမိုမြင့်မား အားကောင်းလာပြီး တစ်ခါမျှ မရှိဖူးသေးသော ကံကြမ္မာမျဉ်းသစ်များကိုလည်း ရရှိလိုက်သည်။

ရှန်မိုက သူ၏အတွင်းစိတ်ကို အာရုံစိုက်ကာ ကံကြမ္မာစနစ်ကို ကြည့်လိုက်သည်။

[အမည် - ရှန်မို]

[အဆင့် - နိဗ္ဗာန်အဆင့် အစပျိုးခြင်း]

[ကံကြမ္မာမျဉ်းများ - ဆေးဆရာ၏သားတော်၊ နတ်မျက်စိ အာရုံခံစားမှု၊ မျိုးနွယ်စု သုံးခု၏ အရှင်သခင်၊ သန်လျက်လမ်းစဉ် မဟာဆရာကြီး၊ ကောင်းကင်ဘုံ အလိုတော်၏ သားတော်၊ ကမ္ဘာဦး တစ်သားတည်း ခန္ဓာ၊ ကောင်းကင်ဘုံကို ဆန့်ကျင်သော ကံတရား၊ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်]

သူ၏ မျက်နှာတွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ကျိရွှမ်သည် အမှန်တကယ်ပင် ရတနာသိုက်ကြီး ဖြစ်သည်။ သူ့ကို သတ်လိုက်ခြင်းက ရှန်မို၏ ကံကြမ္မာကို အကြီးအကျယ် မြင့်တက်စေခဲ့သည်။ နှမြောစရာ ကောင်းသည်မှာ ကျိရွှမ်က အလွန်အမင်း အစွမ်းထက်ပြီး အန္တရာယ်များလွန်းနေခြင်းပင်။ အကယ်၍ သူသာ အစွမ်းအနည်းငယ် နိမ့်ပါးခဲ့ပါက ရှန်မိုအနေဖြင့် သူ့ကို ယဲ့ယန်နှင့် လင်းတုံထျန်တို့ကဲ့သို့ ဘေးနားတွင် ထားရှိကာ အကျိုးအမြတ်များကို တဖြည်းဖြည်း ဆွတ်ခူးနေမည် ဖြစ်သည်။ ထိုမှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေလိမ့်မည်။

"အားလုံးပဲ... ပြီးသွားပါပြီ"

ရှန်မိုမှာ အခုလေးတင် ရောက်ရှိလာသော အခြားသူများဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြုံးပြလိုက်သည်။

သူတို့သည် ကျိရွှမ်၏ အလောင်းကို ကြည့်ကာ လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။ ကြီးမားသော စိတ်သက်သာရာရမှုတစ်ခု သူတို့ဆီသို့ စီးဝင်လာသော်လည်း တစ်ဖက်တွင်လည်း ဟာတာတာဖြစ်မှု အနည်းငယ် ခံစားနေရသည်။ နှစ်ပေါင်းထောင်ချီကြာအောင် ထိန်းသိမ်းခဲ့ရသည့် နတ်ဆိုး ပင်လယ်၏ စောင့်ကြပ်မှုမှာ... နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့ချေပြီ။

Chapter 570: သက်ရှိအားလုံးကို ကယ်တင်ခြင်း

တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေးလုပ်ရန်မှာ ရှန်မိုကိုယ်တိုင် လုပ်ဆောင်ရမည့် အလုပ်မဟုတ်ပေ။ ကျိရွှမ်ကို သတ်ဖြတ်ပြီးနောက် သူသည် နတ်ဆိုး ပင်လယ်မှ ထွက်ခွာခဲ့ပြီး 'မြောက်ပိုင်းလိပ်နက်ခံတပ်' ဆီသို့ ပြန်လည်ဦးတည်ခဲ့သည်။

ထို့နောက် သူ ပင်လယ်ပြင်ထက်သို့ ပြန်လည်ပေါ်ထွက်လာသည့် ခဏမှာပင် ကြီးမားခန့်ညားပြီး ရှေးဟောင်းဆန်သော အလိုတော်တစ်ခု သူ့ထံသို့ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။

ရှန်မိုသည် မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ဘာမျှမရှိသော ဟင်းလင်းပြင်အဖြစ်သို့ ပျောက်ကွယ်သွားသကဲ့သို့ပင်။ သူ၏ရှေ့တွင် ဧရာမ တည်ရှိမှုကြီးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းတွင် ပုံသဏ္ဌာန်မရှိသလို ပုံဖော်ရန်လည်း မဖြစ်နိုင်ပေ။ သို့သော် ၎င်းသည် ဤနေရာတွင် ရှိနေပြီး နေရာတိုင်းတွင်လည်း ရှိနေသည်ကို သူ ရှင်းလင်းစွာ အာရုံခံမိနေသည်။ အစောပိုင်းက မြင်တွေ့ခွင့်မရခဲ့သော်လည်း ယခုမူ ၎င်းသည် ကိုယ်ထင်ပြလာချေပြီ။ သံသယဖြစ်စရာမလိုဘဲ ၎င်းမှာ 'ကောင်းကင်ဘုံ၏ အလိုတော်' ပင် ဖြစ်သည်။ ဤကမ္ဘာလောကကြီး၏ အလိုတော်ပင် ဖြစ်တော့သည်။

ရှန်မို သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ကောင်းကင်ဘုံ၏ အလိုတော်နှင့် ဆက်သွယ်မှု ထူထောင်လိုက်နိုင်ပြီ ဖြစ်၏။

ထိုအခိုက်အတန့်တွင် သူသည် ဤကမ္ဘာလောကကြီးတစ်ခုလုံးကို နှံ့စပ်အောင် ဖြတ်သန်းသွားရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အသိစိတ်မှာ မြင့်တက်လာပြီး ဤလောက၏ နယ်နိမိတ်များကို ကျော်လွန်သည်အထိ အထက်သို့ ပျံသန်းသွားတော့သည်။

သူ မြင်တွေ့လိုက်ရသည်မှာ ပြင်းထန်ပြီး ဖရိုဖရဲဖြစ်နေသော အနက်ရောင် ရေစီးကြောင်းကြီးတစ်ခုဖြစ်ကာ ၎င်းမှာ မြစ်ကြီးတစ်စင်းအလား အဆုံးမရှိသော်လည်း အလွန်တရာ ရှုပ်ထွေးနေသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူလာခဲ့သော ကမ္ဘာကြီးမှာ ရွှေရောင်အလင်းတန်းလေးများ မှိန်ပျပျ တောက်ပနေပြီး ဝါးမြိုမည့် ရေစီးကြောင်းများရန်မှ ကာကွယ်ထားသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာမူ မည်းမှောင်နေပြီး မည်သည့်အရပ်တွင်မှ အလင်းရောင် အစအနမျှ မရှိချေ။ ဤကမ္ဘာလောကကြီးမှာ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် အထီးကျန်နေသည့် ကျွန်းလေးတစ်ကျွန်းအလားပင်။

ထိုစဉ် ရှန်မို၏ စိတ်ထဲတွင် နားလည်သဘောပေါက်မှု တစ်ခုက ဖျတ်ခနဲ ရိုက်ခတ်သွားသည်။ သူသည် အရပ်မျက်နှာတစ်ခုသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် သူသည် အလွန်အားနည်းသော ဆက်သွယ်မှုအသစ်တစ်ခု ယခုလေးတင် နိုးထလာသော အရာတစ်ခုကို အာရုံခံမိလိုက်သည်။

ထို့နောက် သူ၏ အသိစိတ်မှာ သူ၏ ရုပ်ခန္ဓာအတွင်းသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဤကမ္ဘာလောက၏ 'ကောင်းကင်ဘုံ၏ သားတော်' အစစ်အမှန် ဖြစ်လာခဲ့ချေပြီ။ သူသာ အလိုရှိပါက ဤလောက၏ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်သည်။ စိတ်ကူးလိုက်ရုံဖြင့် ကမ္ဘာကြီးမှာ သူ၏ရှေ့တွင် လည်ပတ်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်မိုသည် နတ်ဆိုး ပင်လယ်မှ မိုင်ပေါင်း သန်းနှင့်ချီ ဝေးကွာသော 'ချင်းရှန်းမြို့' သို့ ရောက်ရှိသွားသည်။ ၎င်းမှာ သူ မွေးဖွားရာ ဇာတိမြေပင် ဖြစ်သည်။ သာမန် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်မှာမူ ဤမျှဝေးကွာသော ခရီးကို ဤသို့ မဖြတ်သန်းနိုင်ပေ။ သို့သော် 'ကောင်းကင်ဘုံ၏ သားတော်' ဖြစ်သော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်မှာမူ ကောင်းကင်ဘုံ၏ အလိုတော်နှင့် မိမိ၏ ကျင့်ကြံမှုကို အသုံးချကာ လုပ်ဆောင်နိုင်ပေသည်။

ရှန်မိုမှ စိတ်ညွှန်ကြားလိုက်ပြန်သည်။ 'ချင်းရွှမ်ဂိုဏ်း' ၊ 'ကျောက်စိမ်းဂိုဏ်း' ၊ နတ်ဆိုးတစ်သောင်းနယ်မြေ ... ဤလောကတွင် သူ မရောက်နိုင်သော နေရာဟူ၍ မရှိတော့ချေ။ ရှန်မို၏ ရင်ထဲတွင် ကြည်နူးဝမ်းမြောက်မှုများ ပေါ်ပေါက်လာ၏။ ၎င်းမှာ ကျင့်ကြံခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ပင် ဖြစ်သည်။ အနှောင်အဖွဲ့ကင်းကင်းဖြင့် အချုပ်အခြာအာဏာ ပိုင်စိုးကာ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ခြင်းပင်။

ထိုအခိုက်အတန့်တွင် ခန့်ညားထည်ဝါပြီး ရှေးဟောင်းဆန်သော အသံကြီးတစ်သံ ရုတ်တရက် ပဲ့တင်ထပ်သွားတော့သည်။ ၎င်းမှာ ရှန်မို၏ နားထဲတွင်သာမက ဤလောကအတွင်းရှိ သက်ရှိအားလုံး၏ နားထဲတွင်ပါ ကြားလိုက်ရခြင်း ဖြစ်သည်။ တောင်ဘက်စွန်း ပင်လယ်ပြင်မှသည် မြောက်ဘက်စွန်း တောင်ထိပ်များအထိ၊ အရှေ့ဘက်အစွန်မှသည် အနောက်ဘက်အဆုံးအထိ လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ နဂါးဖြစ်စေ သူတို့ ဘာပဲလုပ်နေနေ၊ ထိုအခိုက်အတန့်တွင် အားလုံးမှာ ဗီဇအရပင် ရပ်တန့်သွားကြပြီး နားစွင့်လိုက်ကြသည်။

ကြီးမားခန့်ညားပြီး ရှေးဟောင်းဆန်သော အသံကြီးမှ ဖြည်းဖြည်းချင်း ပြောကြားလိုက်၏။

"ကျိရွှမ်... ပထမဆုံးသော လူသားဧကရာဇ်၊ မျိုးနွယ်စု သုံးခု၏ ဘုံအရှင်သခင်၊ မသေနိုင်သော နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့သူ၊ တစ်ချိန်က နတ်ဆိုးမျိုးနွယ်ကို နှိမ်နင်းရာတွင် ကောင်းမှုကုသိုလ် ပြုခဲ့သူ"

"သို့သော် ကျိရွှမ်သည် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ရုပ်အလောင်းကို အသုံးပြုကာ သူ၏ အခြေခံကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်… 'ကောင်းကင်ဘုံ၏ သားတော်' အဖြစ် သူသည် လူသား၊ နတ်ဆိုး၊ နဂါးနှင့် မကောင်းဆိုးဝါး ကျင့်ကြံသူများ၏ တိုးတက်မှုကို ကန့်သတ်ရန် 'နတ်ဆိုးနှိမ်နင်းရေး ခံတပ်' ဆယ်ခုကို တည်ထောင်ခဲ့သည်"

"ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်ရန်အတွက် သူသည် ဤကမ္ဘာလောကရှိ သက်ရှိအားလုံးကို သတ်ဖြတ်ပြီး သူတို့၏ ဝိညာဉ်များကို ထုတ်ယူရန် စီစဉ်ခဲ့သည်… ဤကဲ့သို့သော ပြစ်မှုများမှာ ရေတွက်၍ မကုန်နိုင်အောင်ပင်"

"နတ်ဆိုးနှိမ်နင်းရေး ခံတပ်မှ 'နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်' ရှန်မိုသည် ကျိရွှမ်ကို သတ်ဖြတ်ခဲ့ပြီး အခြေအနေကို ပြောင်းလဲပေးခဲ့သည်… သက်ရှိအားလုံးကို ဘေးအန္တရာယ်မှ ကယ်တင်ခဲ့ကာ အနှိုင်းမဲ့သော အမွေအနှစ်ကို တည်ထောင်ခဲ့ပြီ!"

"ရှန်မို!"

ထိုအမည်နာမမှာ အရပ်မျက်နှာ ရှစ်ခွင်နှင့် ပင်လယ်လေးစင်အနှံ့ ပဲ့တင်ထပ်သွားတော့သည်။ သက်ရှိတိုင်း၏ နှလုံးသားထဲတွင်လည်း ဟိန်းထွက်သွား၏။ လူများစွာမှာ ဘာဖြစ်ခဲ့သည်ကို မသိကြချေ။ သို့သော် ဤကမ္ဘာတွင် မွေးဖွားလာသူများဖြစ်ရာ ဤအသံမှာ 'ကောင်းကင်ဘုံ၏ အလိုတော်' ထံမှ လာခြင်းဖြစ်ကြောင်း ဗီဇအရ သိကြသည်။

ကျိရွှမ်ကို သတ်ဖြတ်ခြင်းဖြင့် ရှန်မိုမှ ဝိညာဉ်တိုင်းကို သူတို့၏ သေဆုံးမည့် ကံကြမ္မာမှ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အမြင့်မြတ်ဆုံးသော ကုသိုလ်ထူးပင် ဖြစ်တော့သည်။

ယနေ့မှစ၍ ရှန်မိုကို တိုက်ခိုက်ခြင်းသည် ဤကမ္ဘာလောကကြီးကို တိုက်ခိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ရှန်မိုကို ဆန့်ကျင်ခြင်းသည်... ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းပင် ဖြစ်တော့၏။

All Chapters