အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
Chapter 571: ဒီနှစ်တွေအတွင်း အားလုံး ပင်ပန်းသွားကြပါပြီ
"ခင်ဗျားက ဒီလောက်တောင် အစွမ်းထက်တာ… ဘာလို့ ကျိရွှမ်ကို မကူညီခဲ့တာလဲ… ငါ သူ့ကို သတ်ပြီးတဲ့အထိ စောင့်ပြီးမှ ဘာလို့ ကိုယ်ထင်ပြလာရတာလဲ"
ကောင်းကင်ဘုံ၏ အလိုတော်ကို အာရုံခံရင်း ရှန်မိုမှ ရုတ်တရက် မေးလိုက်သည်။ ကံကြမ္မာဖြစ်စဉ် တစ်လျှောက်လုံးတွင် ကောင်းကင်ဘုံ၏ အလိုတော်သည် တစ်ခါမျှ ပေါ်ထွက်မလာခဲ့ဖူးချေ။
ကောင်းကင်ဘုံ အလိုတော်၏ အသံမှာ မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။
"ငါ မွေးဖွားလာတဲ့ အချိန်ကစပြီး ငါဟာ အမြဲတမ်း မပြည့်စုံခဲ့ဘူး"
"ကျိရွှမ်ဟာ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' ကို သတ်ခဲ့လို့ သူဟာ သဘာဝကျကျ 'ကောင်းကင်ဘုံရဲ့ သားတော်' ဖြစ်လာခဲ့တယ်… ဒါက နိယာမပဲ"
"ဒါပေမဲ့ သူဟာ ကိုယ်ကျိုးအတွက် နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ဒီကမ္ဘာပေါ်က သက်ရှိအားလုံးအပေါ် သတ်ဖြတ်လိုစိတ် ထားရှိလာတဲ့အခါမှာတော့ သူဟာ ဒီလောကရဲ့ ကာကွယ်စောင့်ရှောက်မှုကို သဘာဝအတိုင်း ဆုံးရှုံးသွားခဲ့တယ်… ဒါကလည်း နိယာမပဲ"
ထိုအခါမှ ရှန်မို ခေါင်းငြိမ့်လိုက်သည်။
ခဏမျှ တုံ့ဆိုင်းပြီးနောက် သူ ထပ်မံမေးမြန်းလိုက်၏။
"စောစောက ငါအာရုံခံမိတဲ့ နေရာက 'မဟာကောင်းကင်နှင့် မြေပြင်'လား"
ကောင်းကင်ဘုံ အလိုတော်က ပြန်လည်ဖြေကြားသည်။
"မှန်ပါတယ်… ငါဟာ 'မဟာကောင်းကင်နှင့် မြေပြင်' ရဲ့ တည်ရှိမှုကို အားနည်းစွာပဲ အာရုံခံနိုင်တယ်"
ရှန်မို ခေါင်းငြိမ့်ပြလိုက်ပြီး
"ပြန်ရမယ့် အချိန်ရောက်ပြီ"
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် 'မြောက်ပိုင်းရွှေ့ဝူခံတပ်' သို့ ပြန်ရောက်သွားတော့သည်။
တစ်ရက်ကြာပြီးနောက် အဖြစ်အပျက် အလုံးစုံကို သိရှိသွားကြသော 'နတ်ဆိုးပင်လယ်' အတွင်းရှိ ခံတပ်အသီးသီးမှ ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူအားလုံးသည် တစ်ပြိုင်နက်တည်း အပြေးအလွှား ရောက်ရှိလာကြလေ၏။ 'မြောက်ပိုင်းရွှေ့ဝူခံတပ်' ၏ သိုင်းကွင်းအတွင်း၌ ကြီးကျယ်ခမ်းနားသော အောင်ပွဲခံစားသောက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြသည်။
ရှန်မိုနှင့် အရင်းနှီးဆုံးဖြစ်သော ကျန်းလုံရှန်းနှင့် ကျူရွှမ်ကျီတို့က သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်ကြပြီး အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူများကမူ ရင်းနှီးမှုနှင့် အစွမ်းအပေါ် မူတည်ကာ အစဉ်လိုက် ထိုင်ကြသည်။
သို့သော် ရှန်မိုမှာ တိတ်ဆိတ်နေသဖြင့် အခြားသူများလည်း စကားမပြောရဲကြချေ။
ကျန်းလုံရှန်းမှ ပထမဆုံး ထရပ်လိုက်ပြီး
"အားလုံးပဲ... ဗိုလ်ချုပ်ရှန်ကို ဂုဏ်ပြုပြီး သောက်ကြရအောင်"
"ဗိုလ်ချုပ်ရှန်သာ မရှိရင် ငါတို့အားလုံးဟာ ကျိရွှမ်ရဲ့ အကြံအစည်တွေကြောင့် သေဆုံးသွားကြမှာဖြစ်သလို ဒီကမ္ဘာကြီးလည်း သူ့ရဲ့ နတ်ဆိုးလက်ခုပ်ထဲကို ကျရောက်သွားမှာပါ"
၎င်းကို မြင်သည့်အခါ အခြားသူများလည်း အလျင်အမြန် ထရပ်ကြပြီး ရှန်မိုကို ဂုဏ်ပြုကာ သောက်လိုက်ကြသည်။
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်၏။
"အခုဆိုရင် နတ်ဆိုးမျိုးနွယ်တွေဟာ ဒီကမ္ဘာပေါ်ကနေ အမြစ်ပြတ်သွားပါပြီ"
"ဒီနေ့ကစပြီး 'နတ်ဆိုးနှိမ်နင်းရေး ခံတပ်' တွေ မလိုအပ်တော့ပါဘူး"
"ခင်ဗျားတို့အားလုံး 'နတ်ဆိုးပင်လယ်' ကနေ ထွက်ခွာပြီး ကိုယ့်ဘဝနဲ့ကိုယ် ပြန်လည် နေထိုင်နိုင်ပါပြီ"
သူ၏စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ အချို့က ဝမ်းသာကြပြီး အချို့က စိုးရိမ်ပူပန်ကာ အချို့မှာမူ လွမ်းဆွတ်တသမှုများဖြင့် ပြည့်နှက်နေကြသည်။ အချို့မှာ အမှန်တကယ်ပင် ကျင်းနိုင်ငံ ၊ နတ်ဆိုးတစ်သောင်းနယ်မြေ သို့မဟုတ် 'လေးပင်လယ် နဂါးနန်းတော် များမှ လာကြသူများ ဖြစ်သည်။ သို့သော် နှစ်ပေါင်းထောင်ချီ ကြာပြီးနောက် ထိုနေရာများမှာ မှတ်မိနိုင်စရာမရှိအောင် ပြောင်းလဲသွားချေပြီ။ သူတို့ ပြန်သွားလျှင်ပင် ရင်းနှီးသလိုလိုနှင့် သူစိမ်းပြင်ပြင် ဖြစ်နေသော မြေပြင်သို့သာ ရောက်ရှိရမည် ဖြစ်၏။
ထို့ပြင် လူအများစုမှာ 'နတ်ဆိုးပင်လယ်' အတွင်း၌ပင် မွေးဖွားကြီးပြင်းလာသူများ ဖြစ်ကြသည်။ သူတို့အတွက်မူ ကျင်းနိုင်ငံ၊ နတ်ဆိုးတစ်သောင်းနယ်မြေ နှင့် လေးပင်လယ် တို့မှာ ဝေးလံပြီး မသိနားမလည်သော နေရာများသာ ဖြစ်သည်။ တစ်ချိန်က သူတို့ကို စုဆောင်းခဲ့သော 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' များ ပြောပြသည့် ပုံပြင်များအဖြစ်သာ ထိုဝေးလံသော နယ်မြေများအကြောင်းကို ကြားဖူးကြခြင်း ဖြစ်လေ၏။ ယခုအခါ အိမ်ပြန်ရမည့်ခံစားချက်အစား ထိုနေရာများသို့ ပို့ဆောင်ခံရမည်မှာ သူတို့အတွက် ကြောက်ရွံ့မှုများသာ ဖြစ်စေသည်။
ထို့အပြင် အခြားသော နယ်မြေများတွင် မရင်းနှီးသော ကျင့်ကြံသူများ ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာ ပဋိပက္ခများကို မလွဲမသွေ ဖြစ်စေပေလိမ့်မည်။ အရင်းအမြစ်များမှာ ကန့်သတ်ချက်ရှိသည် မဟုတ်ပါလား။ ကျင့်ကြံသူ များပြားလာသည်နှင့်အမျှ တိုက်ပွဲများလည်း ပိုမိုများပြားလာမည်သာ ဖြစ်သည်။
ရှန်မိုက ပတ်ဝန်းကျင်ကို ကြည့်ကာ လူတိုင်း၏ မျက်နှာအမူအရာနှင့် ခံစားချက်များကို အကဲခတ်လိုက်သည်။
ထို့နောက် သူ ပြုံးလိုက်ပြီး
"နတ်ဆိုးပင်လယ်ကတော့ ဆက်ရှိနေဦးမှာပါ… ဒါပေမဲ့ နတ်ဆိုးတွေကို ခုခံဖို့တော့ မလိုတော့ပါဘူး"
"ဒီမှာ မွေးဖွားကြီးပြင်းလာသူတွေအနေနဲ့ ဒီနေရာမှာပဲ ဆက်လက်နေထိုင်၊ ကြီးထွားပြီး တိုးတက်နိုင်ပါတယ်"
"ကျွန်တော် ခင်ဗျားတို့ကို ပေးနေတာက ရွေးချယ်ပိုင်ခွင့် နဲ့ လွတ်လပ်ခွင့်ပါ"
"နတ်ဆိုးပင်လယ်အတွင်းမှာ 'ပင်လယ်မျက်စိ' လေးခု ပေါ်ထွက်လာပါပြီ… အဲဒီကတစ်ဆင့် လေးပင်လယ်ကို ရောက်နိုင်သလို၊ ကျင်းနိုင်ငံ ဒါမှမဟုတ် နတ်ဆိုးတစ်သောင်းနယ်မြေကိုလည်း သွားနိုင်ပါတယ်"
"ထွက်ခွာဖို့ ရွေးချယ်တာဖြစ်ဖြစ်၊ နေထိုင်ဖို့ ရွေးချယ်တာဖြစ်ဖြစ် အားလုံးကို ကြိုဆိုပါတယ်"
"ဒီနှစ်တွေတစ်လျှောက်လုံး နတ်ဆိုးပင်လယ် ကို စောင့်ကြပ်ရင်း ခင်ဗျားတို့တွေ ပင်ပန်းခဲ့ကြပါပြီ!"
ထိုသို့ပြောပြီးနောက် ရှန်မို သူ၏ ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှန်"
ရုတ်တရက်ဆိုသလို 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' တစ်ဦးက မျက်ရည်များ ဝဲလျက် အော်ဟစ်လိုက်၏။
"တောက်… နောက်ဆုံးတော့ ငါ အိမ်ပြန်လို့ ရပြီဟေ့”
ရှန်မို သေချာကြည့်လိုက်သည့်အခါ သူ ခံတပ်သို့ စတင်ရောက်ရှိစဉ်က လမ်းပြပေးခဲ့သော ရှီတင့်ယွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ မပြုံးဘဲ မနေနိုင်တော့ချေ။ ရှီတင့်ယွဲ့သည်လည်း အတင်းအဓမ္မ စုဆောင်းခံခဲ့ရသော 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' တစ်ဦး ဖြစ်သည်။
သူ၏ စကားမှာ အချက်ပြလိုက်သကဲ့သို့ပင်။ 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' အားလုံးက တစ်ညီတစ်ညွတ်တည်း ဟိန်းဟောက်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှန်!"
ခဏချင်းအတွင်းမှာပင် သူတို့၏ အသံများမှာ ဒီရေလှိုင်းကြီးတစ်ခုအလား မြည်ဟိန်းသွားတော့သည်။
Chapter 572: မိန်းကလေး မင်း နောင်တမရဘူးလား
စားသောက်ပွဲ၏ ထောင့်တစ်နေရာတွင် ဖြစ်သည်။ ကျိုးမင်ယီ၊ လီကျန်ထောင်းနှင့် အခြားလူအနည်းငယ်တို့မှာ စားပွဲတစ်ခုတည်းတွင် စုဝေးနေကြသည်။ သူတို့၏ စစ်ဘက်ရာထူးများမှာ မမြင့်မားသလို အစွမ်းမှာလည်း မကြီးမားလှသော်လည်း ထင်ရှားလှသော အကြောင်းပြချက်များကြောင့် သူတို့အတွက် သီးသန့်စားပွဲတစ်ခု ပေးထားခြင်းဖြစ်သည်။ သူတို့အားလုံးမှာ ရှန်မိုနှင့် နက်ရှိုင်းသော ပတ်သက်မှုများ ရှိကြသူများ ဖြစ်သည်။
မကြာမီမှာပင် 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' အများအပြားမှာ သူတို့ကို ဂုဏ်ပြုသောက်စားရန် ရောက်ရှိလာကြသည်။ ဝမ်ရှင်းအန်းမှာ မူးနေချေပြီဖြစ်ကာ လီကျန်ထောင်း၏ ပုခုံးကို ဖက်ထားရင်း
"လီ... အီး... ညီအစ်ကို လီ… ဒါတွေအားလုံးက မင်းတို့ရဲ့ ကျောက်… အဲ... ကျောက် ဘာဂိုဏ်းလဲ"
လီကျန်ထောင်းမှ အားရပါးရ ရယ်မောလျက် "ကျောက်စိမ်းဂိုဏ်းပါ… ဗိုလ်ချုပ်ရှန်နဲ့ ကျွန်တော် အတင်းအဓမ္မ စုဆောင်းမခံရခင်က ကျွန်တော်တို့နှစ်ယောက်လုံး ကျောက်စိမ်းဂိုဏ်းက ကျင့်ကြံသူတွေပါ"
ဝမ်ရှင်းအန်းမှာ ခေါင်းကို တဆက်ဆက်ငြိမ့်ရင်း
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါပဲ… ကျောက်စိမ်းဂိုဏ်း"
"ပြောစမ်းပါဦး… မင်းတို့ ကျောက်စိမ်းဂိုဏ်းက ရှန်မိုလို ဖုံးကွယ်နေတဲ့ ရတနာတစ်ပါးကို ရှာတွေ့ဖို့ ဘယ်လိုတောင် အမြင်စူးရှခဲ့ကြတာလဲ"
"ရှန်မိုသာ မရှိရင် နောက်ထပ် နှစ်ပေါင်းထောင်ချီ ကြာရင်တောင် ငါတို့ နတ်ဆိုးတွေကို အပြီးတိုင် နှိမ်နင်းနိုင်မှာ မဟုတ်ဘူး”
ဝမ်မူချွမ်မှာ ဘေးမှနေ၍ ပြုံးပျော်နေသည်။
ရှန်မို၏ ဆရာတစ်ယောက်အနေဖြင့် ရှန်မိုနှင့် သူ၏ ပတ်သက်မှုမှာ အရင်းနှီးဆုံး ဖြစ်ပေသည်။ ယခု ဝမ်ရှင်းအန်း၏ ချီးကျူးစကားများကို ကြားရသောအခါ သူ၏မျက်နှာမှာ ထိုချီးကျူးမှုများက သူ့ကို တိုက်ရိုက်ပြောနေသည့်အလား ဝမ်းသာပီတိများဖြင့် ပြည့်နှက်နေတော့၏။
ကျိုးမင်ယီနှင့် မိုလင်းရှောင်တို့မှာ သူတို့၏ ခွက်ချင်း တိုက်လိုက်ကြပြီး နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များစွာ၏ ဝန်းရံခြင်းကို ခံထားရသော ရှန်မိုကို ကြည့်ကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။ ကျိုးမင်ယီမှာ တဟားဟား ရယ်မောလိုက်ပြီး
“မိုကြီး ငါတို့ ဒီကို ရောက်လာတုန်းက တစ်နေ့မှာ ပြန်ရလိမ့်မယ်လို့ မင်း တကယ်တွေးခဲ့ဖူးလား"
မိုလင်းရှောင် သူ၏ခေါင်းကို အမြန်ခါလိုက်သည်။
"ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး… နှစ်ပေါင်းသန်းချီ ကြာရင်တောင် မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ"
" 'နတ်ဆိုးနှိမ်နင်းရေး ခံတပ်' ကို ရောက်လာပြီးရင် တစ်သက်လုံး ဒီမှာတင် ပိတ်မိနေတော့မယ်လို့ ငါ ထင်ခဲ့တာ… ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”
မိုလင်းရှောင်မှာ ရယ်မောရင်း ရွှယ်ကျီယီဘက်သို့ လှည့်ကာ
"မိန်းကလေး… မင်း နောင်တမရဘူးလား"
"အဲဒီတုန်းက မင်းတို့ရဲ့ 'ဝူယင်းဂိုဏ်း' သာ ယုကျောက်က ဂိုဏ်းသုံးဂိုဏ်းကို ကူညီပြီး နတ်ဆိုးတစ်သောင်းနယ်မြေ ကို ခုခံခဲ့မယ်ဆိုရင် ငါတို့ကြားမှာ အခြေအနေတွေက ဒီလောက်အထိ တင်းမာမှာ မဟုတ်ဘူး"
"မင်းရဲ့ အစွမ်းနဲ့ အလှအပဆိုရင် အဲဒီတုန်းက ရှန်မိုရဲ့ 'ကျင့်ကြံဖော်'တောင် သေချာပေါက် ဖြစ်နိုင်မှာ"
"ဒါပေမဲ့ အခုတော့..."
သူသည် ကျန်သည့် စကားလုံးများကို အဆုံးမသတ်ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
ရွှယ်ကျီယီသည်လည်း ထိုဝိုင်းတွင် ထိုင်နေခြင်းဖြစ်သည်။ အစကတည်းက သူ ဘာမှဝင်မပြောဘဲ အစားအသောက်များကို တိတ်ဆိတ်စွာ စားသောက်နေခဲ့၏။ သူ့ အကြည့်မှာ အဝေးမှ ရှန်မိုထံသို့ ရံဖန်ရံခါ ရောက်ရှိသွားတတ်ပြီး မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာတတ်သည်။
မိုလင်းရှောင်၏ စကားများကို ကြားသောအခါ ရွှယ်ကျီယီတစ်ယောက် သူ့ ဝတ်ရုံစွန်းကို မသိမသာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို အမြန်ခါလိုက်သည်။
"နောင်တ မရပါဘူး"
ကျိုးမင်ယီနှင့် မိုလင်းရှောင်တို့မှာ အချင်းချင်း ကြည့်ကာ ဘာမှပြန်မပြောဘဲ ပြုံးလိုက်ကြသည်။ ဝမ်ရှင်းအန်း ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်ပြီး အရက်နာကျသံဖြင့် အီးကနဲ လေချဉ်တက်လိုက်ကာ
"နောင်တ မရဘူး ဟုတ်လား… ဗိုလ်ချုပ်ရှန်မှာ အကန့်အသတ်မဲ့ အလားအလာတွေ ရှိနေတာ… အဲဒီတုန်းက သူ့နဲ့ ပတ်သက်မှုတစ်ခု မတည်ဆောက်ခဲ့တာဟာ… မင်းအတွက် ဆုံးရှုံးမှုပဲ… အကြီးအကျယ် ဆုံးရှုံးမှုပဲ”
ထိုစကားကို ကြားသောအခါ ရွှယ်ကျီယီမှာ ဝတ်ရုံကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ သူ့ ရင်ထဲတွင်တော့ နောင်တများဖြင့် ပြည့်နှက်နေချေပြီ။
မှန်ပါသည်။
အကယ်၍ နတ်ဆိုးတစ်သောင်းနယ်မြေ ကျူးကျော်စဉ်က 'ဝူယင်းဂိုဏ်း' သာ ယုကျောက်မှ ဂိုဏ်းသုံးဂိုဏ်းကို ကူညီခဲ့လျှင် ယခု အခြေအနေမှာ ဘယ်လောက်တောင် ကွာခြားသွားမည်နည်း။
ဖြစ်နိုင်သည်မှာ သူသည်လည်း ကြယ်တာရာများအလယ်မှ လတစ်စင်းအလား ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ၏ ချီးကျူးမှုကို ခံနေရပေလိမ့်မည်။
ရွှယ်ကျီယီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ ထို့နောက် အတင်းအဓမ္မ ပြုံးလိုက်ပြီး
"ကျွန်မ နေလို့ သိပ်မကောင်းလို့ ခဏလောက် သွားနားပါဦးမယ်… စီနီယာတို့ စားသောက်ကြပါဦး"
ထိုသို့ပြောပြီးနောက် သူ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
ကျိုးမင်ယီနှင့် မိုလင်းရှောင်တို့မှာ သူ ထွက်ခွာသွားသည်ကို ကြည့်ကာ ခေါင်းကို ညင်သာစွာ ခါလိုက်ကြသည်။ သူတို့ ထိုမိန်းကလေး၏ ရင်ထဲတွင် ဘာရှိသည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ နေမကောင်းဘူး ဟုတ်လား… အလကားပါ။
သူ တစ်ယောက်တည်း ဝမ်းနည်းနိုင်မည့် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာနေခြင်းသာ ဖြစ်သည်။
'မြောက်ပိုင်းရွှေ့ဝူခံတပ်' ၏ ထိပ်ပိုင်းတွင် ဖြစ်သည်။ ယခုအခါ 'မသေနိုင်သော နတ်ဆိုးဧကရာဇ်' မှာ ပြာဖြစ်သွားခဲ့ပြီး အာဏာစက်ပိုင်ရှင် (၁၀) ဦးစလုံးလည်း သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ကျန်ရှိနေသော နတ်ဆိုးများမှာ ကြက်၊ ဝက်များအလားသာ ဖြစ်တော့သဖြင့် ပြန်လည်တိုက်ခိုက်ရန် လုံးဝ မစွမ်းဆောင်နိုင်တော့ပေ။ အချိန်တန်လျှင် ၎င်းတို့မှာ သဘာဝအတိုင်း အပြီးတိုင် ကွယ်ပျောက်သွားပေလိမ့်မည်။ ခံတပ်အနားတွင် 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' အနည်းငယ်သာ ကင်းလှည့်နေကြ၏။ သူတို့သည် အောက်ထပ်တွင် စားသောက်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနေသော လုပ်ဖော်ကိုင်ဖက်များကို အားကျနေကြလေသည်။
ရွှယ်ကျီယီ ရောက်ရှိလာခြင်းက သူတို့ကို ဇဝေဇဝါ ဖြစ်စေသည်။
ကောင်းမွန်သော စားသောက်ပွဲကို ထားခဲ့ပြီး လေတိုက်နေသည့်နေရာတွင် ပင်လယ်ကို လာကြည့်နေသည်လား။
ရွှယ်ကျီယီသည် ခံတပ်အစွန်းသို့ လျှောက်သွားသောအခါ ထိုနေရာတွင် အခြားလူတစ်ယောက် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
"ယဲ့ယန်လား"
သူ ထိုလူ၏ ကျောပြင်ကို ကြည့်ကာ မှတ်မိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
Chapter 573: ကောင်းကင်တာအိုရဲ့သားတော်က ငါပဲ ဖြစ်သင့်တာ
ယဲ့ယန် နောက်သို့လှည့်ကြည့်လိုက်ရာ ရင်းနှီးသောမျက်နှာတစ်ခုကို တွေ့လိုက်ရသဖြင့် အလွန် အံ့အားသင့်သွားသည်။
နတ်ဆိုးပင်လယ်သို့ မလာရောက်မီက သူတို့နှစ်ဦးမှာ 'ကျောက်စိမ်းဂိုဏ်း' နှင့် 'ဝူယင်းဂိုဏ်း' တို့မှ အသီးသီး ထွက်ပေါ်လာကြသည့် ပါရမီရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဆက်ဆံမှု များများစားစား မရှိခဲ့ကြသော်လည်း တစ်ဦး၏အဆင့်အတန်းနှင့် အစွမ်းကို တစ်ဦးက ကောင်းစွာ သိရှိထားကြသည်။
"မင်းလည်း ရောက်လာတာပဲ"
ယဲ့ယန်မှ တည်ငြိမ်သော ပင်လယ်ပြင်ကို ဆက်လက်ကြည့်ရှုရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ရွှယ်ကျီယီသည် သူ၏ဘေးနားရှိ နံရံကို မှီလိုက်ရင်း အားတင်း ပြုံးကာ ဆိုသည်။
“ရှင်က ကျွန်မထက်တောင် စောရောက်နေသေးတာပဲ"
ယဲ့ယန်ကို ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးသူငယ်အိမ်ထဲတွင် မီးတောက်တစ်ခု တောက်လောင်နေသည်ဟု သူ ထင်မြင်မိသွား၏။
"ရှင် ရှန်မိုကို မုန်းနေတာပဲ"
ရွှယ်ကျီယီမှ ရုတ်တရက် ပြောလိုက်သည်။
ယဲ့ယန် ပြုံးဖြဲဖြဲဖြင့် ခေါင်းခါလိုက်လေ၏။
"ဘာတွေ ပြောနေတာလဲ… ဗိုလ်ချုပ်ရှန်ကို မုန်းရမယ်… ငါက ဘယ်လိုလုပ် မုန်းရမှာလဲ"
"သူက ကျိရွှမ်ကို သတ်ပြီး သက်ရှိအားလုံးကို ကယ်တင်ခဲ့တာ… သူက အားလုံးရဲ့ ကျေးဇူးရှင်ပဲလေ… ငါက ဘယ်လိုလုပ် သူ့ကို မုန်းဝံ့ပါ့မလဲ"
ရွှယ်ကျီယီ တိတ်ဆိတ်သွား၏။
မုန်းဝံ့ပါ့မလဲ ဆိုသည်မှာ ဘယ်လိုလုပ် မုန်းနိုင်မှာလဲ ဆိုသည့် အဓိပ္ပာယ်မျိုး မဟုတ်ချေ။
သူ ညင်သာစွာ သက်ပြင်းချလိုက်ရင်း
"ရှန်မိုက အခုဆို နိဗ္ဗာန်အဆင့်ကို ရောက်နေပြီ… ရှင့်ထက် အဆင့်ကြီးတစ်ခုလုံး သာနေတာ… ရှင် သူ့ကို မမုန်းသင့်တော့ဘူး"
ယဲ့ယန်မှာ ရုတ်တရက် ခေါင်းလှည့်လာပြီး သူ့ကို စူးစိုက်ကြည့်၍
"ငါက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူပဲ… နိဗ္ဗာန်အဆင့်မှာ ရှိနေရမှာက ငါဖြစ်သင့်တာ" "သက်ရှိအားလုံးရဲ့ ကယ်တင်ရှင်အဖြစ် ချီးကျူးခံရမှာက ငါဖြစ်သင့်တာ"
"နတ်ဆိုးနှိမ်နင်းရေး တပ်မတော်ရဲ့ ဗိုလ်ချုပ်တွေ ဝိုင်းဝိုင်းလည်နေရမှာက ငါဖြစ်သင့်တာ"
သူ အဆက်မပြတ် ဟိန်းဟောက်နေသည်။
"အဲဒါ ရှန်မို မဖြစ်သင့်ဘူး”
ယဲ့ယန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး မျက်လုံးအိမ်အတွင်း သွေးကြောများ ယှက်ဖြာနေ၏။ သူသည် ရူးသွပ်နေသော သားရဲတစ်ကောင်နှင့် တူနေတော့သည်။
ရွှယ်ကျီယီ ထိတ်လန့်သွားရ၏။
ထိုအခိုက်အတန့်တွင် ယဲ့ယန်၏ ခန္ဓာကိုယ်အတွင်းမှ အသံနှစ်သံမှာ ထိုသို့သော ရူးသွပ်မှုမျိုးကို အတူတူ ဟိန်းဟောက်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။ စိတ်ချောက်ချားမှုများလား။
ရွှယ်ကျီယီ ထပ်မံသက်ပြင်းချလိုက်သည်။
"ဒါဆို အခု မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ… ကျောက်စိမ်းဂိုဏ်းကို ပြန်မှာလား"
"ရှန်မိုက ငါတို့အတွက် 'ပင်လယ်မျက်စိ' လေးခုကို ပြောင်းရွှေ့ပေးထားတယ်… ငါတို့..."
ယဲ့ယန်မှာ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ခဏအကြာတွင် သူ နှာခေါင်းရှုံ့လိုက်ရင်း
"ပြန်မယ် ဟုတ်လား… ဘာအတွက်လဲ"
"ရှန်မို ရှိနေသရွေ့ ငါဟာ သူ့ရဲ့ အရိပ်အောက်မှာပဲ အမြဲရှိနေမှာ… ငါ့ရဲ့ ကံကြမ္မာဟာ သူ့အောက်မှာပဲ အမြဲတမ်း ဖိနှိပ်ခံနေရမှာ"
"ဒီကမ္ဘာမှာ သူဟာ အမြဲတမ်း အစွမ်းအထက်ဆုံး ဖြစ်နေလိမ့်မယ်"
တစ်ချိန်က ဝူယင်းဂိုဏ်း၏ သခင်မလေး ဖြစ်ခဲ့ဖူးသော ရွှယ်ကျီယီသည် ပါးနပ်ထက်မြက်သူ ဖြစ်၏။ ယဲ့ယန်၏ စကားနောက်ကွယ်မှ ဆိုလိုရင်းကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။
"ရှင် ဆိုလိုတာက... ဒီကမ္ဘာကနေ ထွက်ခွာဖို့လား” "ဒါပေမဲ့ ရှင်က ဓမ္မရုပ်ပွားတော်အဆင့်မှာပဲ ရှိသေးတာ… ဒီလောကကနေ ဘယ်လို ထွက်ခွာနိုင်မှာလဲ"
"ကျွန်မကြားဖူးတာကတော့ စိတ်ကူးလို့တောင် မရအောင် အစွမ်းထက်တဲ့ စီနီယာကြီးတွေမှသာ ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်တာတဲ့" "ဒါမှမဟုတ်ရင်တော့ ဟင်းလင်းပြင်ထဲကို ဝင်သွားတဲ့ ဘယ်သူမဆို သေဆုံးဖို့ပဲ ရှိတာ"
"ရှင် ဘယ်ကိုသွားရမလဲဆိုတာရော သိလို့လား"
"ဖရိုဖရဲဖြစ်နေတဲ့ ဟင်းလင်းပြင်က အဆုံးအစမရှိ ကျယ်ပြောနေတာကို… ရှင့်မှာ သွားရမယ့် ပန်းတိုင်ရော ရှိရဲ့လား"
ယဲ့ယန် လှောင်ပြုံးပြုံးလိုက်သည်။
"ငါ့မှာ နည်းလမ်းမရှိဘူးလို့ မင်းထင်နေတာလား"
"ငါ့ရဲ့ ပန်းတိုင်အတွက်ကတော့… ငါ သေချာပေါက် သိပြီးသားပါ"
သူ ခဏရပ်လိုက်ပြီးမှ
"ငါ မင်းကိုပါ ခေါ်သွားလို့ရတယ်… ဘယ်လိုလဲ… လိုက်မလား"
သူ ထပ်ပြောလိုက်သည်။
ရွှယ်ကျီယီ၏ မျက်ခုံးများ မြင့်တက်သွားပြီး ခဏမျှ စိတ်လှုပ်ရှားသွားမိသည်။ သို့သော် ယဲ့ယန်၏ အေးစက်ပြီး အတ္တဆန်သော ဗီဇကို သတိရသွားသဖြင့် ခိုင်မာစွာပင် ခေါင်းခါလိုက်သည်။ အကယ်၍ သူ့ နောက်လိုက်သွားပြီး ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ခု မှားယွင်းသွားပါက သူကိုယ်တိုင် ပထမဆုံး စတေးခံရမည့်သူ ဖြစ်လိမ့်မည်မှန်း သိနေသည်။
ရွှယ်ကျီယီတစ်ယောက် သွားချင်သည်ဆိုလျှင်ပင် ယဲ့ယန်နှင့်တော့ လိုက်မည်မဟုတ်ပေ။
ဤသည်မှာ သေတွင်းထဲ ဆင်းသည်နှင့် အတူတူပင် ဖြစ်သည်။
"ငါ့ကို ငြင်းတယ်ပေါ့လေ… ရပါတယ်… ဒါဆိုရင်တော့ ဒီရေတွင်းထဲမှာပဲ နေပြီး တစ်သက်လုံး ကောင်းကင်ကို ကြည့်နေတဲ့ ဖားတစ်ကောင်လိုပဲ နေခဲ့တော့"
သူ ခေါင်းခါသည်ကို မြင်သောအခါ ယဲ့ယန် အံ့အားသင့်သွားသော်လည်း နှာခေါင်းရှုံ့လိုက်သည်။
"နှုတ်ဆက်ခဲ့ပါတယ်… နောက်ထပ် မဆုံကြပါစေနဲ့တော့"
ထိုသို့ပြောပြီးနောက် ယဲ့ယန်သည် အတောင်တစ်ထောင် မြင့်သော ခံတပ်နံရံပေါ်မှ ခုန်ချလိုက်ပြီး နတ်ဆိုးပင်လယ်အတွင်းသို့ နောက်တစ်ကြိမ် ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
ရွှယ်ကျီယီ ညင်သာစွာ သက်ပြင်းချလိုက်၏။ သူမသည် ယခုတိုင် မူလဝိညာဉ် အဆင့် အထွတ်အထိပ်တွင်သာ ရှိသေးပြီး 'စိတ်ဝိညာဉ်နန်းတော်' အဆင့်သို့ပင် မရောက်သေးချေ။ ဟင်းလင်းပြင်ကို ဖြတ်သန်းရန်မှာ သူ့အတွက် အလွန်စောလွန်းသေးသည်။
ထို့ကြောင့် ယခု သူ အိမ်ပြန်သွားနိုင်ပြီဖြစ်ရာ ဝူယင်းဂိုဏ်းသို့ ပြန်သွားပြီး မည်သည့်ဆုံးဖြတ်ချက်မဆို မချမီ မှန်မှန်ကန်ကန် ကျင့်ကြံနေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
စားသောက်ပွဲသို့ ပြန်ရောက်သည့်အခါ။
ရှန်မိုတစယောက် သူ၏ခွက်ကို မော့သောက်လိုက်သည်။ ထိုအရက်မှာ "စစ်မှန်သော နတ်မင်းပင် မူးစေနိုင်သည့်အရက်" ဟု ခေါ်ပြီး စစ်မှန်သော နတ်မင်းတစ်ပါးပင် ယိုင်လဲသွားစေနိုင်သည်။ သို့သော် ရှန်မိုကမူ သူ၏ ဝမ်းဗိုက်အတွင်း နွေးထွေးသည့် ခံစားချက်ကိုသာ ခံစားရ၏။ တစ်ဖက်တွင်မူ ကျန်းလုံရှန်း၊ ရှီထျန်နှင့် အခြားသူများမှာ မူးပြီး လဲကျကုန်ကြချေပြီ။
"ဟင်… သူ ထွက်သွားပြီလား"
ယဲ့ယန် ထွက်ခွာသွားသည်ကို အာရုံခံမိသဖြင့် ရှန်မို မျက်ခုံးပင့်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်တော့သည်။