← Chapters

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

Chapter 574: ယဲ့ယန်နှင့် ဝိညာဉ် (၄) ခု

ကျိရွှမ်ကို သတ်ဖြတ်ပြီးနောက် ဤလောကတွင် 'ကောင်းကင်ဘုံ၏ သားတော်' ဖြစ်လာပြီးကတည်းက ရှန်မိုသည် လက်တွေ့တွင် နတ်မင်းတစ်ပါးအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။ သူ၏ နတ်ဘုရားအသိစိတ်မှာ လောကတစ်ခုလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိသေးသော်လည်း ကောင်းကင်ဘုံ၏ အလိုတော်က သူ့ကိုယ်စား ချဲ့ထွင်ပေးနိုင်ပေသည်။ ထို့ကြောင့် သူသာ အလိုရှိပါက မည်သည့်သက်ရှိ၏ လှုပ်ရှားမှုကိုမဆို အချိန်မရွေး စောင့်ကြည့်နိုင်လေ၏။

အစောပိုင်းကာလကတည်းက ရှန်မိုသည် ကောင်းကင်ဘုံအလိုတော်ကို အသုံးချကာ ယဲ့ယန်ကဲ့သို့သော 'ကောင်းကင်ဘုံ၏ ရွေးချယ်ခံ'များကို မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းထားခဲ့သည်။ ကောင်းကင်ဘုံအလိုတော်သည် ရှောင်ဖန်းကိုပင် ရှာဖွေတွေ့ရှိထားပြီးဖြစ်၏။ ရှောင်ဖန်းသည် နတ်ဆိုးတစ်ကောင်အဖြစ် ဝင်စားခဲ့သည်မှာ ကြာပြီဖြစ်ကာ ယခုအခါ 'အန်ဖန်း' ဟု အမည်တွင်နေသည်။ ဤအချိန်၌ သူသည် နတ်ဆိုးပင်လယ်၏ အဋ္ဌမအလွှာရှိ ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေးပုန်းအောင်းကာ တုန်လှုပ်နေချေပြီ။

အန်ဖန်း၏ ကံကြမ္မာမှာ ယဲ့ယန်နှင့် လင်းတုံထျန်တို့ထက် အနည်းငယ် ပို၍ အားနည်းသည်။ ယဲ့ယန်တွင် ဤကမ္ဘာငယ်လေးမှ ထွက်ခွာပြီး 'မဟာကမ္ဘာ'သို့ သွားနိုင်သည့် နည်းလမ်းရှိသော်လည်း အန်ဖန်းတွင်မူ မရှိပေ။ ကံကြမ္မာအလှည့်အပြောင်း တစ်စုံတစ်ရာသာ မရှိခဲ့ပါက သူသည် နောက်ဆုံးတွင် 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' များ၏ ရှာဖွေတွေ့ရှိခြင်းကို ခံရကာ အမည်မသိ ထောင့်တစ်နေရာ၌ အသတ်ခံရမည်သာ ဖြစ်သည်။

ကောင်းကင်ဘုံအလိုတော်၏ အကူအညီဖြင့် ရှန်မို၏ အကြည့်မှာ ယဲ့ယန်ထံသို့ ကျရောက်သွားပြီး သူ၏ ကံကြမ္မာမှတ်တမ်းကို ဖတ်ရှုလိုက်သည်။

"ဟင်… စိတ်ဝင်စားစရာပဲ"

ရှန်မို ပြုံးလိုက်မိသည်။

[မကြာမီ ကြုံတွေ့ရမည့် အခွင့်အရေး ၁ - ယဲ့ယန်သည် မဟာကမ္ဘာသို့ ဦးတည်သော ဟင်းလင်းပြင် ဝဲဂယက်တစ်ခုကို ရှာဖွေနေစဉ် အန်ဖန်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လိမ့်မည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် သူသည် အန်ဖန်း၏ ရုပ်ခန္ဓာကို သတ်ဖြတ်လိမ့်မည်။ သို့သော် အန်ဖန်းသည် တားမြစ်ထားသော အတတ်ပညာတစ်ခုကို အသုံးပြုကာ သူ၏ ဝိညာဉ်ကို ယဲ့ယန်၏ ဝိညာဉ်နှင့် အတင်းအဓမ္မ ရောယှက်လိုက်လိမ့်မည်။ ယဲ့ယန်သည် ကံကောင်းထောက်မစွာဖြင့် ပိုမိုကြီးမားသော စွမ်းအားများကို ရရှိသွားကာ ဝိညာဉ်လေးခု ပူးကပ်ခြင်းကို ခံရလိမ့်မည်။]

[မကြာမီ ကြုံတွေ့ရမည့် အခွင့်အရေး ၂ - ငါးနှစ်အကြာတွင် သူသည် အတော်အတန် ဘေးကင်းသော ဟင်းလင်းပြင် ဝဲဂယက်တစ်ခုကို ရှာဖွေတွေ့ရှိကာ 'ဟင်းလင်းပြင် နဂါးသားရဲ' ၏ ဝမ်းဗိုက်အတွင်း ပုန်းအောင်းလျက် ဤကမ္ဘာငယ်လေးမှ ထွက်ခွာသွားလိမ့်မည်။]

[မကြာမီ ကြုံတွေ့ရမည့် အခွင့်အရေး ၃ - ...]

"ယဲ့ယန်... မင်းက တကယ်ကို ကံကောင်းတာပဲ" "ရှောင်ဖန်းရော၊ လင်းတုံထျန်ရော... အခုတော့ နှစ်ယောက်စလုံးက မင်းအတွက် ခြေနင်းတုံးတွေ ဖြစ်ကုန်ကြပြီ"

"ငါတို့ မဟာကမ္ဘာမှာ ထပ်တွေ့ကြဦးမှာပေါ့"

ရှန်မို ပြုံးလိုက်သည်။

ယဲ့ယန်သည် ကျိရွှမ်နှင့် မတူပေ။

ထိုစဉ်က ကျိရွှမ်မှာ နှိမ်နင်းရန် အလွန်အမင်း အစွမ်းထက်နေသဖြင့် သူ့ကို သတ်ဖြတ်ပြီး ကံကြမ္မာကို လုယူရန်မှတစ်ပါး အခြားမရှိခဲ့ပေ။ သို့သော် ယဲ့ယန်မှာမူ ဓမ္မရုပ်ပွားတော်အဆင့်မှာသာ ရှိသေးသဖြင့် ရှန်မို၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်။ သူသည် အန္တရာယ်မရှိသော သိုးသူငယ်လေးတစ်ကောင်သာ ဖြစ်၏။ ကောင်းကောင်းမွေးမြူထားသရွေ့ နောင်တွင် သူ၏ သိုးမွေးများကို ရိတ်သိမ်းရန် အခွင့်အရေးများစွာ ရှိပေလိမ့်မည်။

ယဲ့ယန်၏ အဆင့်ထပ်တက်တော့မည့်အခြေအနေကို မြင်ရသဖြင့် ရှန်မိုတစ်ယောက် သဘာဝကျစွာ ကျေနပ်နေမိသည်။ သီးနှံများ အဆမတန် ထွက်နှုန်းကောင်းနေသည်ကို ရိတ်သိမ်းရသကဲ့သို့ ခံစားချက်မျိုးပင်။

...

စားသောက်ပွဲ ပြီးဆုံးသွားကာ လူအုပ်ကြီးလည်း လူစုခွဲသွားကြပြီဖြစ်သည်။ နတ်ဆိုးမျိုးနွယ် အကြွင်းအကျန်များ ကျန်ရှိနေသေးသော်လည်း သူတို့အထဲတွင် အစွမ်းထက်ဆုံးမှာ 'စစ်မှန်သော နတ်ဆိုးသခင်' အဆင့် အနည်းငယ်သာ ရှိတော့သည်။ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များ အချင်းချင်း ဆွေးနွေးပြီးနောက် ရှန်မို၏ ကြီးကြပ်မှုအောက်တွင် သူတို့သည် တာဝန်မှ ချက်ချင်း အနားမယူသေးဘဲ ယုံကြည်ရသော တပ်ဖွဲ့များကို ဦးဆောင်ကာ နောက်ဆုံးလက်ကျန် နတ်ဆိုးများကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်ကြသည်။

သာမန် 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' များအတွက်မူ သူတို့၏ ဆန္ဒအတိုင်း ဤနေရာတွင် ဆက်နေသည်ဖြစ်စေ၊ ကျင်းနိုင်ငံ၊ နတ်ဆိုးတစ်သောင်းနယ်မြေ သို့မဟုတ် လေးပင်လယ် နဂါးနန်းတော်များသို့ ပြန်သည်ဖြစ်စေ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားသည်။ နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုလုံးတွင် အောင်ပွဲခံသည့် ပျော်ရွှင်စရာ အငွေ့အသက်များ လွှမ်းခြုံနေတော့သည်။

ရှန်မိုမှာမူ နတ်ဆိုးပင်လယ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး ကျောက်စိမ်းဂိုဏ်းသို့ ပြန်လာခဲ့ချေပြီ။ ဆယ်စုနှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော ဂိုဏ်းဆီသို့ သူ ပြန်ရောက်လာခြင်း ဖြစ်လေ၏။

...

ကျောက်စိမ်းဂိုဏ်း၏ နောက်ဘက်တောင်ကုန်း ထိပ်ပိုင်းတွင် ဖြစ်သည်။ လပြည့်ဝန်းရောင် ဝတ်ရုံကို ဆင်မြန်းထားသော လှပသည့် အမျိုးသမီးတစ်ဦးသည် အရှေ့ဘက် ပင်လယ်ပြင်ဆီသို့ တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေသည်။ သူ့ အမူအရာမှာ တည်ငြိမ်အေးဆေးလှ၏။ သူမသည် နေ့စဉ် ဤနေရာ၌ နှစ်နာရီကြာအောင် မတ်တပ်ရပ်နေလေ့ရှိသည်။ ရပ်မြဲရပ်လျက်၊ ကြည့်မြဲကြည့်လျက်သာ။

“ခေါင်းဆောင်... ဝူယင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရောက်နေပါတယ်… သူက 'မီးကြာပန်း အိမ်ရာ' နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးချင်လို့ပါတဲ့"

သူ့နောက်ကွယ်တွင် ခရမ်းရောင်ဝတ်စုံနှင့် တပည့်မလေးတစ်ဦးက အပြေးအလွှား ရောက်လာပြီး ရိုသေစွာ လျှောက်တင်လိုက်သည်။

အမျိုးသမီးမှာ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"သူ့ကို စောင့်ခိုင်းလိုက်ပါ"

"ဟုတ်ကဲ့"

တပည့်မလေးမှာ ဦးညွှတ်ကာ သတင်းစကားပါးရန် ထွက်ခွာသွားသည်။

ကျင်းနိုင်ငံ၏ အစွမ်းထက်ဆုံးဂိုဏ်း ဖြစ်သော ကျောက်စိမ်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သလို ရှန်မို၏ ကျင့်ကြံဖော်လည်း ဖြစ်သဖြင့် သူ့အနေဖြင့် ဝူယင်းဂိုဏ်းချုပ်ကို အလေးထားပြရန် မလိုပေ။ သူ့ကို စောင့်ခိုင်းထားခြင်းကပင် ဆွေးနွေးပွဲတွင် အသာစီးရရန်အတွက် တွက်ချက်ထားသော ဗျူဟာတစ်ခု ဖြစ်ပေသည်။

“ခေါင်းဆောင်... နတ်ဆိုးပင်လယ်က ဗိုလ်ချုပ်ရှန် ရောက်နေပါတယ်… သူ့ကိုလည်း စောင့်ခိုင်းထားရဦးမလား"

ရင်းနှီးနေသော အသံတစ်ခု သူ၏ နောက်ကွယ်မှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

Chapter 575: ပြင်းထန်သောတိုက်ပွဲ ဆင်နွှဲခြင်း

ထိုအမျိုးသမီးမှာ မှင်တက်သွားတော့သည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထိုအသံကို သူ လုံးဝ မှတ်မိနေဆဲပင်။ ထို့နောက် ချက်ချင်းဆိုသလို နောက်သို့ လှည့်ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ရင်းနှီးသော ပုံရိပ်တစ်ခု သူ၏ မျက်စိရှေ့တွင် ပေါ်လာချေပြီ။ အရပ်အမောင်း မြင့်မားဖြောင့်စင်းပြီး ခန့်ညားသော မျက်နှာပိုင်ရှင်... သူသည် ရှန်မိုပင် ဖြစ်သည်။

သူ့ မျက်ဝန်းများမှာ ချက်ချင်းပင် ရဲတက်လာပြီး အသိုက်ပြန်လာသော ပျံလွှားလေးတစ်ကောင်အလား ရှန်မို၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်တွယ်လိုက်တော့သည်။ "မို... မင်းကို ငါ အရမ်းသတိရနေတာ... တကယ်ကို အများကြီး သတိရနေတာ..."

မူယုံးယွဲ့ ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်မို၏ ရင်ဘတ်တစ်ခုလုံး စိုရွှဲသွားတော့သည်။

ရှန်မိုသည် အမျိုးသမီး၏ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ရယ်မောလိုက်သည်။ "အခု ကျွန်တော် ပြန်လာပြီ မဟုတ်လား" "နတ်ဆိုးဘေးအန္တရာယ်လည်း ပြီးသွားပြီ… ရှုပ်ထွေးမှုတွေလည်း ငြိမ်းအေးသွားပြီ… ကျွန်တော်တို့ အခုကစပြီး အချိန်အကြာကြီး အတူတူ ဖြတ်သန်းလို့ ရပါပြီ"

မူယုံးယွဲ့မှာ ခေါင်းကို အားပါးတရ ငြိမ့်လိုက်သည်။ သူ၏ လှပနုနယ်သော မျက်နှာလေးကို ပင့်မော့လိုက်ပြီး ရှန်မို၏ နှုတ်ခမ်းများကို အားရပါးရ ကိုက်လိုက်ကာ

"ဘာလို့ စောစောကတည်းက ပြန်မလာတာလဲ"

သူ အေးစက်စက် နှာမှုတ်ရင်း မေးလိုက်၏။

ရှန်မိုမှာ ခါးသက်သက် ပြုံးလိုက်ပြီး

"လုပ်စရာ ကိစ္စတွေက အများကြီး ရှိနေလို့ပါ..."

မူယုံးယွဲ့၏ အကြည့်များက စူးရှသွားပြန်သည်။

"ငါ့ထက် ပိုအရေးကြီးတဲ့ ကိစ္စက ဘာရှိလို့လဲ"

ရှန်မိုသည် ချက်ချင်းပင် ခေါင်းခါလိုက်ပြီး

"မရှိပါဘူး… မရှိပါဘူး… ခေါင်းဆောင်က အရေးကြီးဆုံးပါ"

"လာ... ငါ့အခန်းကို သွားရအောင်… ငါတို့ သေချာ စကားပြောဖို့ လိုတယ်"

မူယုံးယွဲ့ အံကြိတ်ကာ ဆိုလိုက်သည်။

ရှန်မို မျက်ခုံးပင့်လိုက်မိ၏။

ပြင်းထန်သော တိုက်ပွဲတစ်ခုမှာ မလွဲမသွေ ဖြစ်လာတော့မည့်ပုံပင်။

သူသည် ချက်ချင်းပင်

"ဆရာမရဲ့ အမိန့်ကို ကျွန်တော်မျိုး မလွန်ဆန်ဝံ့ပါဘူး"

အိပ်ခန်းအတွင်း၌။

ငွေရောင်ပုလင်း ကွဲအက်ကာ ရေများ ပန်းထွက်ကုန်သကဲ့သို့လည်းကောင်း၊ သံချပ်ကာ စစ်သည်များ တိုးဝင်တိုက်ခိုက်ကာ လက်နက်များ ထိတွေ့သံ ထွက်ပေါ်နေသကဲ့သို့လည်းကောင်း၊ သူတို့၏ ခန္ဓာကိုယ်များမှာ တစ်ခုနှင့်တစ်ခု နက်ရှိုင်းစွာ ရောယှက်နေခဲ့ကြသည်မှာ အတော်ပင် ကြာမြင့်ခဲ့သည်။

သူတို့ အတူတူ လဲလျောင်းနေစဉ်မှာပင် ရှန်မိုမှ နတ်ဆိုးမျိုးနွယ်များနှင့် သူ တိုက်ခိုက်ခဲ့ပုံများ၊ နှစ်ပေါင်းထောင်ချီ ကြာအောင် ကြံစည်ခဲ့သော ကျိရွှမ်၏ ကြီးမားသော အစီအမံများအကြောင်းကို မူယုံးယွဲ့အား ပြောပြခဲ့သည်။

မူယုံးယွဲ့မှလည်း 'မင်ထျန် နတ်ဖီးနစ် ကျမ်းစာ' ကို ကျင့်ကြံရာတွင် မည်မျှ ခက်ခဲခဲ့ကြောင်းနှင့် အကြီးအကဲများ၏ ထောက်ခံမှုဖြင့် သူ မည်သို့ ကျောက်စိမ်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာခဲ့ကြောင်း ပြန်ပြောပြလေသည်။

မူယုံးယွဲ့သည် ပြုံးလျက်

"အကြီးအကဲ ဟိုင်ချန်းခွန်းနဲ့ တခြားသူတွေရဲ့ အကူအညီ၊ ပြီးတော့ မင်းရဲ့ နာမည်ကျော် အရှိန်အဝါတွေကြောင့် ဂိုဏ်းဟာ အရင်ကထက် ပိုပြီး စည်ပင်ထွန်းကားလာခဲ့တယ်"

"အစောပိုင်းနှစ်တွေမှာ ဂိုဏ်းအချို့က လှုပ်လှုပ်ရှားရှား လုပ်တာကလွဲရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အတော်လေး ငြိမ်းချမ်းခဲ့ပါတယ်"

ရှန်မို အသာအယာ ပြုံးလိုက်ပြီး

"ဘယ်ဂိုဏ်းတွေက အဲဒီလို လုပ်ခဲ့တာလဲ?"

မူယုံးယွဲ့ ရယ်မောရင်း

"ကန်ကျောက် က ရှန့်လင်းဂိုဏ်းနဲ့ မိုကျောက် က ရူးသွပ်ဓားမဟာမိတ်ပေါ့… ဒါပေမဲ့ သူတို့ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက အမြစ်ပြတ် သုတ်သင်ခံလိုက်ရပါပြီ"

ရှန်မို ခေါင်းငြိမ့်ပြလိုက်ပြီး

"ဒါဆို ကောင်းတာပေါ့"

မူယုံးယွဲ့မှာ ခဏမျှ တိတ်ဆိတ်သွားပြီးမှ

"ဒါနဲ့... အခု မင်း ဘယ်အဆင့်ကို ရောက်နေပြီလဲ"

သူ တုန်ရင်သော အသံဖြင့် မေးလိုက်သည်။

ရှန်မိုမှ အသံနိမ့်နိမ့်ဖြင့် ဖြေလိုက်သည်။

"နိဗ္ဗာန်အဆင့်"

မူယုံးယွဲ့မှာ ခါးသက်သက် ပြုံးလိုက်ရင်း

"ငါကတော့ အခုထိ 'နတ်ဘုရားအသွင်ပြောင်းခြင်း' အဆင့် အထွတ်အထိပ်မှာပဲ ပိတ်မိနေတုန်း… နတ်ဘုရားနန်းတော်အဆင့်ကိုတောင် မရောက်သေးဘူး"

"အဲဒီအထက်မှာ 'ဓမ္မရုပ်ပွားတော်'အဆင့် ရှိသေးတယ်လို့ ကြားဖူးတယ်"

"ငါတို့ကြားက ကွာဟချက်က ပိုပိုပြီး ကျယ်ပြန့်လာနေပြီပဲ"

ရှန်မိုမှာ ပြုံးလိုက်ပြီး

"ကျွန်တော် ရှိနေတာပဲ… ခေါင်းဆောင် လွယ်လွယ်ကူကူ တိုးတက်လာမှာပါ"

မူယုံးယွဲ့မှ ခေါင်းခါလိုက်ပြီး

"အတင်းအဓမ္မ မြှင့်တင်တာက လမ်းကောင်းတစ်ခု မဟုတ်ဘူး"

ရှန်မိုမှာ ရယ်မောရင်း

"ဒီကမ္ဘာပေါ်မှာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ အဆင့်ကို အမြန်မြှင့်ပေးနိုင်တဲ့ ကောင်းကင်ဘုံရတနာတွေနဲ့ ဆေးလုံးတွေ အများကြီး ရှိပါတယ်"

"ကံကောင်းတာက အဲဒါတွေကို ဘယ်မှာ ရှာရမလဲဆိုတာ ကျွန်တော် သိနေတာပဲ”

မူယုံးယွဲ့ အလွန် အံ့အားသင့်သွားပြီး

"တကယ်လား"

ရှန်မို ပြုံးလျက်

"လာ… ခေါင်းဆောင်ကို နေရာကောင်းတစ်ခု ခေါ်သွားမယ်"

သူ ပြောပြောဆိုဆိုနှင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့၏ ရှေ့တွင် တောက်ပနေသော တံခါးပေါက်တစ်ခု ပေါ်လာသည်။

"ဒီတံခါးပေါက်ထဲကို တည့်တည့်ကြည့်လိုက်"

ရှန်မိုမှ လေးနက်စွာ ပြောလိုက်သည်။

သူတို့၏ နတ်ဘုရားအသိစိတ်များမှာ ချက်ချင်းပင် အတွင်းသို့ ဝင်ရောက်သွားကြလေ၏။

မူယုံးယွဲ့သည် ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့ဩသွားတော့သည်။

"မို... ဒါက ဘာနေရာလဲ… ဘာမှလည်း မရှိပါလား"

ရှန်မိုသည် စကားလုံးလေးများကို ညင်သာစွာ ပြောလိုက်သည်။

"ကောင်းကင်ဘုံ တာအို ရတနာတိုက်" ထိုစကားအဆုံးမှာပင် ကောင်းကင်ယံမှ ကြီးမားသော ရွှေရောင်စာရင်းကြီးတစ်ခု သူတို့၏ရှေ့သို့ ဆင်းသက်လာသည်။

ရှန်မိုမှာ ပေါ့ပေါ့ပါးပါးပင်

"နတ်ဘုရားနန်းတော် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ကောင်းကင်ဘုံကုန်ကြမ်းတွေကို ရှာပေးပါ… အကောင်းဆုံးအဆင့် ဖြစ်ရမယ်"

သူ အမိန့်ပေးလိုက်သည်။

ထိုအခါ ကြီးမားသော စာရင်းကြီးမှာ လျင်မြန်စွာ လှုပ်ရှားသွားပြီး အသက်ရှူရုံမျှ အချိန်အကြာတွင် ရပ်တန့်သွားသည်။

ထို့နောက် ထိပ်တန်းအဆင့် ကောင်းကင်ဘုံကုန်ကြမ်း လေးမျိုးမှာ အစဉ်လိုက် ပေါ်ထွက်လာတော့သည်။

Chapter 576: သူက အဆင့်အရမ်းမြင့်သွားလိမ့်မယ်

မူယုံးယွဲ့သည် စာရင်းကို စိုက်ကြည့်ရင်း အမည်ငါးခုကို ခပ်ကျယ်ကျယ် အသံဖြင့် ရွတ်ဖတ်လိုက်မိကာ အံ့အားသင့်သွားရသည်။

"ကောင်းကင်အဆင့် အထွတ်အထိပ်၊ ချန်းကုရွှမ် ပုံဆောင်ခဲ"

"ကောင်းကင်အဆင့် အထွတ်အထိပ်၊ အရိပ်မဲ့ အရည်"

"ကောင်းကင်အဆင့် အထွတ်အထိပ်၊ ပုရွှီအရွက်"

"ကောင်းကင်အဆင့် အထွတ်အထိပ်၊ ဟင်းလင်းပြင် ပြာမှုန့်"

"ဒါ... ဒါက..."

သူ ရှန်မိုကို ကြည့်လိုက်သော်လည်း ဘာပြောရမှန်း မသိတော့ချေ။

ရှန်မိုမှာ ပြုံးလျက်

“ခေါင်းဆောင် ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ"

မူယုံးယွဲ့သည် စဉ်းစားခန်းဝင်သွားဟန်ဖြင့် ခဏမျှ တုံ့ဆိုင်းနေပြီးနောက်

"ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်အကြွင်းအကျန်ကတော့ 'ဟင်းလင်းပြင် ပြာမှုန့်' က ငါနဲ့ အသင့်တော်ဆုံးပဲလို့ ပြောတယ်… အဲဒါက 'ဟင်းလင်းပြင် မီးလျှံ' ရဲ့ အဖော်မွန် ရတနာတစ်ခုဖြစ်ပြီး ငါ့ရဲ့ ဟင်းလင်းပြင် စွမ်းအားအပေါ် နားလည်မှုကို ပိုပြီး နက်ရှိုင်းစေလိမ့်မယ်တဲ့"

"မို... ဟင်းလင်းပြင် မီးလျှံဆိုတာ ဘာလဲ… ပြီးတော့ ဟင်းလင်းပြင် စွမ်းအားဆိုတာရော ဘာလဲ"

ရှန်မိုမှာ တစ်ချက်ရယ်မောလိုက်ပြီးနောက် သူ့ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ထိုအခါမှ မူယုံးယွဲ့ သဘောပေါက်သွားတော့၏။

"ဒီကမ္ဘာကို ကျော်လွန်ဖို့အတွက် ဟင်းလင်းပြင် စွမ်းအားကို နားလည်ဖို့ လိုအပ်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး… သမိုင်းတစ်လျှောက်မှာ ဒီကမ္ဘာလောကကြီးရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်သူ ဘာလို့ ဒီလောက်တောင် နည်းပါးနေရတာလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး"

သူ ခဏပြန်ရပ်သွားပြီးမှ

"ဒါပေမဲ့ ဒီရတနာတွေကို မင်း ဘယ်လိုရမှာလဲ"

"ဒါတွေအားလုံးက ကောင်းကင်အဆင့် အထွတ်အထိပ် ပစ္စည်းတွေ… အရမ်း ရှားပါးတာလေ… ဒါတွေက အရပ်မျက်နှာ ရှစ်ခွင်နဲ့ ပင်လယ်လေးခု အနှံ့အပြားမှာ ပြန့်ကျဲနေမှာ မဟုတ်ဘူးလား"

ရှန်မို ပြုံးလိုက်သည်။

"ဒါက 'ကောင်းကင်ဘုံ တာအို ရတနာတိုက်' လေ… တိုက်ပွဲဝင် ကုသိုလ်အမှတ်တွေကို အသုံးပြုပြီး ကောင်းကင်ဘုံရတနာတွေ၊ နတ်ဆေးလုံးတွေနဲ့ အစွမ်းထက် လက်နက်တွေကို လဲလှယ်လို့ရတယ်"

"နတ်ဆိုးမျိုးနွယ်တွေ ရှိနေတုန်းကတော့ ဒီရတနာတိုက်က 'နတ်ဆိုးနှိမ်နင်းရေး အစောင့်တပ်' အားလုံးအတွက် ဖွင့်ထားတာ… ဒါပေမဲ့ အခုတော့ ကျွန်တော့် တစ်ယောက်တည်းအတွက်ပဲ ဖွင့်ထားတော့တာ… ကျွန်တော့်အနေနဲ့ ကုသိုလ်အမှတ်တွေတောင် မလိုတော့ဘူး"

"အလိုရှိသရွေ့ ကျွန်တော် မရနိုင်တာ ဘာမှမရှိဘူး"

ထိုသို့ပြောပြီးနောက် သူသည် လက်ကိုမြှောက်ကာ တစ်ချက် တို့လိုက်သည်။

ထိုအခါ တောက်ပနေသော အလင်းလုံးလေးတစ်ခုသည် ဟင်းလင်းပြင်ထဲမှ လွင့်ထွက်လာပြီး သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာ၏။ မူယုံးယွဲ့မှ အာရုံစိုက် ကြည့်လိုက်သည်။ ၎င်းမှာ မီးခိုးရောင်နှင့် အနက်ရောင် ရောယှက်နေသော အမှုန့်တစ်စုပင်။ သို့သော် ၎င်းမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာထွက်နေသည်။ အစွန်းလေးကို ထိလိုက်ရုံမျှဖြင့်ပင် သူ၏ လက်ချောင်းများမှာ တည်ရှိမှုကင်းမဲ့သွားမည့်အလား ခံစားလိုက်ရသည်။

"ဒါက..."

မူယုံးယွဲ့ အသက်ရှူမှားသွားရသည်။

"ဟင်းလင်းပြင် ပြာမှုန့်ပါ"

ရှန်မို ပြုံးလျက် ပြောသည်။

သူ ထပ်မံ တို့လိုက်ပြန်၏။

“ခေါင်းဆောင်က ဓားသိုင်းတွေကို အကြိုက်ဆုံး မဟုတ်လား… ဒါတွေကိုရော ဘယ်လိုထင်လဲ"

စာရင်းပေါ်တွင် သူတော်စင်အဆင့် ဓားသိုင်း သုံးမျိုး ပေါ်လာသည်။

'မဟာချီထျန် တောင်ခြင်္သေ့ဓား'၊ 'စစ်မှန်သော ကိုယ်ပိုင်ဝိညာဉ်ဖြတ်ဓား' နှင့် 'နဂါးကိုးကောင် ကောင်းကင်သတ်ဓားသိုင်း' တို့ဖြစ်သည်။

မူယုံးယွဲ့၏ လှပသော မျက်ဝန်းများမှာ မယုံနိုင်လောက်အောင် ဝိုင်းစက်သွား၏။

"သူတော်စင်အဆင့်..."

ရှန်မိုကမူ ပြုံးရုံသာ ပြုံးနေသည်။

အတော်ကြာအောင် မှင်တက်နေပြီးနောက် မူယုံးယွဲ့ အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ထိန်းလိုက်သည်။

"ငါ 'စစ်မှန်သော ကိုယ်ပိုင်ဝိညာဉ်ဖြတ်ဓား' ကိုပဲ ယူပါ့မယ်"

"ကောင်းပြီလေ"

ရှန်မိုမှ 'စစ်မှန်သော ကိုယ်ပိုင်ဝိညာဉ်ဖြတ်ဓား' ကျမ်းစာကို ထုတ်ယူပေးလိုက်သည်။ ထိုဓားသိုင်းတွင် စုစုပေါင်း ပုံစံကိုးမျိုး ပါဝင်ပြီး များပြားလှသော ပြောင်းလဲမှုများနှင့် ရှုပ်ထွေးသော အကူးအပြောင်းများ ရှိသည်။

မူယုံးယွဲ့တွင် ဓားလမ်းစဉ်နှင့် ပတ်သက်၍ အသင့်အတင့် ပါရမီရှိ၏။ အချိန်ပေးပြီး လေ့ကျင့်နိုင်သရွေ့ ပုံစံ လေး၊ ငါးမျိုးခန့်ကို နောက်ဆုံးတွင် သူ နားလည်သွားပေလိမ့်မည်။ အားလုံးကို မကျွမ်းကျင်နိုင်လျှင်ပင် ၎င်းမှာ သူတော်စင်အဆင့် ကိုယ်ခံပညာဖြစ်ရာ ပုံစံတစ်မျိုးတည်းနှင့်တင် သူ၏ ရန်သူများကို ချေမှုန်းရန် လုံလောက်နေပြီဖြစ်သည်။

"'စစ်မှန်သော ကိုယ်ပိုင်ဝိညာဉ်ဖြတ်ဓား' ဆိုတာ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ငါ ကိုယ်တိုင် ဖန်တီးခဲ့တဲ့ နည်းစနစ်တစ်ခုပဲ… ငါ့ရဲ့ အကူအညီနဲ့ဆိုရင် ကျင့်ကြံရတာ ပိုလွယ်ကူလိမ့်မယ်"

မူယုံးယွဲ့၏ စိတ်ထဲတွင် ကြားနေကျ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သူ 'ဝိညာဉ်သန္ဓေ' အဆင့်သို့ ရောက်ရှိစဉ်က နိုးထလာခဲ့သော ရှေးဟောင်း ဝိညာဉ်အကြွင်းအကျန်ပင် ဖြစ်သည်။

မူယုံးယွဲ့မှာ ဝမ်းသာအားရ ဖြစ်သွားပြီး အမြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ”

ဝိညာဉ်အကြွင်းအကျန်မှ ဆက်ပြော၏။

"ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံဖော်ကတော့ တကယ်ကို ကြောက်စရာကောင်းတာပဲ… သူက နှစ်ပေါင်းတစ်ရာတောင် မပြည့်သေးခင်မှာ 'နိဗ္ဗာန်အဆင့်' ကို ရောက်သွားတယ်… ဒီလို ပါရမီမျိုးနဲ့ဆိုရင် 'ဧကရာဇ်မင်းဆက် နှစ်ခု'၊ 'မြင့်မြတ်သော နဂါးနန်းတော် လေးခု' နဲ့ 'မြင့်မြတ်သော နယ်မြေ ငါးခု' မှာတောင်မှ သူဟာ ထောင်သောင်းချီတဲ့သူတွေ ကိုးကွယ်ခံရမယ့် ရွေးချယ်ခံတစ်ဦး ဖြစ်နေမှာ သေချာတယ်။"

မူယုံးယွဲ့၏ ရင်ထဲတွင် နွေးထွေးကြည်နူးမှုများ လှိုက်တက်လာသည်။

သူသည် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဤလျှို့ဝှက်ဆန်းကြယ်သော စီနီယာကိုသာ အားကိုးခဲ့ရ၏။ သူ ထိုဝိညာဉ်ကို ဆရာတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့သည်။ ယခုအခါ ထိုသူ၏ ဆရာကပင် ရှန်မိုကို ချီးကျူးနေသဖြင့် ပျော်ရွှင်မှုမှာ အတိုင်းအထက်အလွန် ဖြစ်နေတော့သည်။

"သိပ်ပြီးတော့ ဝမ်းမသာနေနဲ့ဦး… ဒီလောက်အထိ နိယာမတွေကို ဆန့်ကျင်နိုင်တဲ့ ပါရမီမျိုးနဲ့ဆိုရင် သူဟာ တစ်နေ့မှာ 'သူတော်စင်နယ်ပယ်' ကို လှမ်းကြည့်နိုင်လိမ့်မယ်"

"သူတော်စင်နယ်ပယ် ဆိုတာ သက်ရှိအားလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီး ကောင်းကင်ဘုံနဲ့ သက်တမ်းတူတဲ့အဆင့်ပဲ"

"အကယ်၍ မင်းသာ အဲဒီအဆင့်ကို မရောက်နိုင်ဘူး… အနည်းဆုံး အဲဒီနားအထိတောင် မကပ်နိုင်ဘူးဆိုရင် သူ လုပ်နိုင်တာကတော့ မင်း အိုမင်းရင့်ရော်သွားတာကို... မင်း သေဆုံးသွားတဲ့အထိ ကြည့်နေရရုံပဲ ရှိလိမ့်မယ်"

ဝိညာဉ်အကြွင်းအကျန်၏ လေသံမှာ တည်ငြိမ်နေသော်လည်း အေးစက်စက် အငွေ့အသက်လေးတစ်ခု ပါဝင်နေတော့သည်။

All Chapters