အခန်း (၅၇၇-၅၇၉)
Vol. 39 Ch. 577-579
Chapter 577: ထွက်သွားစမ်း ငါ့ကို ထိန်းချုပ်လို့ မရဘူး
မူယုံးယွဲ့မှာ ရုတ်တရက် မှင်တက်သွားတော့သည်။
ရှန်မို သူ၏ စိတ်ခံစားချက် အပြောင်းအလဲကို သတိပြုမိသွားပြီး
"ဘာဖြစ်လို့လဲ”
မူယုံးယွဲ့မှ ခေါင်းခါပြလိုက်၏။
သူ ပြတ်သားသော အကြည့်တို့ဖြင့် ရှန်မိုကို ကြည့်ကာ
"မို... ငါ အခုချက်ချင်းပဲ အခန်းပိတ်ကျင့်ကြံဖို့ လိုအပ်တယ်"
ရှန်မိုလည်း သူ၏ အတွေးကို ချက်ချင်းပင် ရိပ်မိသွားသည်။ သူ လေးနက်စွာ ခေါင်းငြိမ့်ပြရင်း
"ကောင်းပြီလေ… တစ်ခုခု လိုအပ်ရင် ငါ့ကို ပြောပါ"
မူယုံးယွဲ့မှာ တည်ကြည်စွာဖြင့်
"သုံးနှစ်အတွင်းမှာ ငါ နတ်ဘုရားနန်းတော်အဆင့်ကို တက်လှမ်းမယ်"
"အနှစ်သုံးဆယ်အတွင်းမှာ 'ဓမ္မရုပ်ပွားတော်' အဆင့်ကို ရောက်အောင် ကြိုးစားမယ်"
"မင်းရဲ့နောက်မှာ အများကြီး ကျန်ရစ်နေလို့ မဖြစ်ဘူး… မဟုတ်ရင် တစ်နေ့ကျရင် မင်း ငါ့ကို ထားရစ်ခဲ့လိမ့်မယ်"
ရှန်မိုမှ ညင်သာစွာ သက်ပြင်းချလိုက်ပြီး မူယုံးယွဲ့ကို ရင်ခွင်ထဲသို့ တင်းကြပ်စွာ ဆွဲပွေ့လိုက်သည်။ ကျင့်ကြံသူများမှာ ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ကြသည်။ အဆင့်ကြီးတစ်ခု ကွာဟသွားခြင်းသည်ပင် သက်တမ်းအားဖြင့် နှစ်ပေါင်း ထောင်ချီ၊ သောင်းချီ ကွာခြားသွားခြင်းကို ဆိုလို၏။ မိမိချစ်ရသူက မိမိမျက်စိရှေ့မှာတင် အိုမင်းရင့်ရော်ကာ သေဆုံးသွားသည်ကို မည်သူမျှ မကြည့်ရက်ကြပေ။ မူယုံးယွဲ့ ဘာကို တွေးနေသည်ကို သူ နားလည်ပါသည်။ သူ လုပ်ပေးနိုင်သည်မှာ ထိုအမျိုးသမီးလေးကို အစွမ်းကုန် ပံ့ပိုးပေးရန်သာ ရှိတော့သည်။
...
နှစ်အနည်းငယ် ကြာပြီးနောက်။
ဤကမ္ဘာငယ်လေး၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် အရပ်အမောင်း မြင့်မားဖြောင့်စင်းသော ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်။ ဤနေရာရှိ တောင်ပေါ်လေပြင်းများမှာ အရိုးထဲထိ စိမ့်အောင် အေးစက်ပြီး ကြမ်းတမ်းလှ၏။ လေထုထဲတွင် အေးခဲနေသော ဓားသွားပေါင်း ထောင်သောင်းချီ ရှိနေသကဲ့သို့ ခံစားရပြီး အရေပြားကို ခွာထုတ်ပစ်တော့မည့်အလား ခြိမ်းခြောက်နေကြသည်။ ၎င်းမှာ မုန်တိုင်းကြီးတစ်ခုနှင့်ပင် တူလှသည်။
သို့သော် ထိုပုံရိပ်မှာမူ မည်သည့် အမူအရာမှ မပြောင်းဘဲ ရပ်နေဆဲပင်။
သူကား ရှန်မို ဖြစ်သည်။
သူသည် ထာဝရမီးလျှံတစ်ခုဖြစ်သော 'ထာဝရရှင်သန်ခြင်းမီးလျှံ' ကို ရှာဖွေရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်လေ၏။ ၎င်းမှာ 'ထာဝရမီးလျှံများ အဆင့်သတ်မှတ်ချက်'တွင် အဆင့် (၈) ရှိသည်။ မီးလျှံတစ်ခု ဖြစ်သော်လည်း ၎င်း၌ တက်ကြွသော ဇီဝအင်အားများ ပြည့်နှက်နေသည်။
သူသည် အအေးဆုံးနှင့် အခြောက်သွေ့ဆုံးသော မြေရိုင်းများတွင်သာ ပေါ်ထွက်တတ်၏။ အကယ်၍ အေးခဲနေသော မြေရိုင်းတစ်ခု၌ သက်ရှိများဖြင့် စည်ကားနေသော စိမ်းလန်းစိုပြည်သည့် အိုအေစစ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရလျှင် ၎င်းမှာ 'ထာဝရရှင်သန်ခြင်းမီးလျှံ' ၏ လက်ချက်ဖြစ်ရန် များပေသည်။ ဤနေရာမှာ ကျင်းနိုင်ငံ၏ မြောက်ဘက်အကျဆုံးဒေသဖြစ်ပြီး 'နှင်းနန်းတော်ကြီး' တည်ရှိရာ မြင့်မားသော တောင်တန်းများကြားတွင် ဖြစ်သည်။
ထိုနေရာသို့ မလာခင်က ရှန်မိုသည် ဤလောက၌ အခြားထာဝရမီးလျှံများ ရှိသေးသလားဟု ကောင်းကင်ဘုံတာအိုကို မေးမြန်းခဲ့သည်။ ကောင်းကင်ဘုံတာအိုမှ တစ်ခုသာ ကျန်တော့ကြောင်း ပြန်ဖြေခဲ့လေ၏။ သို့သော် ထာဝရမီးလျှံများမှာ ကောင်းကင်နှင့် မြေပြင်၏ နတ်ဘုရားဆန်သော အရာများ ဖြစ်ကြသည်။ ဤလောက၏ 'ကောင်းကင်ဘုံအလိုတော်' မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသောကြောင့် ထိုမီးလျှံ၏ တည်နေရာအတိအကျကို မဖော်ထုတ်နိုင်ပေ။
ရှန်မိုအား 'ထာဝရရှင်သန်ခြင်းမီးလျှံ' မှာ ဤမြင့်မားသော တောင်တန်းကြီးများထဲတွင် ရှိနေကြောင်းသာ ပြောပြနိုင်သည်။
ရှန်မိုတစ်ယောက် ဤနေရာတွင် တစ်နှစ်ပတ်လုံး ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ သို့သော် သူ အလွန် စိတ်ရှည်သည်။ ဤကမ္ဘာငယ်လေးတွင် ထာဝရမီးလျှံ တစ်ခုတည်းသာ ကျန်တော့သည် မဟုတ်ပါလား။ ၎င်းကို မရဘဲ ထွက်သွားရမည်ဆိုလျှင် နှမြောစရာကောင်းလှပေမည်။
"ဟိုဘက်မှာ..."
ရှန်မို ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဆုံးမရှိသော ဆီးနှင်းဖြူဖြူများကိုသာ မြင်ရသည်။ အစပိုင်းတွင် နှင်းဖုံးနေသော ရှုခင်းမှာ လှပနေခဲ့သော်လည်း ကြာလာသောအခါ ငြီးငွေ့စရာ ဖြစ်လာခဲ့သည်။ သို့သော် ယခုအကြိမ်တွင်မူ သူ၏ မျက်လုံးထောင့်မှ စိမ်းလန်းသော အရောင်တစ်ခု ဖျတ်ခနဲ မြင်လိုက်ရသည်။
ရှန်မို၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ မြင့်တက်လာပြီး သူသည် ချက်ချင်းပင် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
ထို့နောက် စိမ်းလန်းသော တောင်ကြားလေးတစ်ခုကို မြင်လိုက်ရသည်။ တောင်ကြားအတွင်း၌ မြင့်မားသော သစ်ပင်ကြီးများ၊ လှပသော ပန်းများနှင့် အသီးအနှံများမှာ အားမာန်အပြည့်ဖြင့် ဝေဆာနေကြသည်။ အပြင်ဘက်မှ တိုက်ခတ်နေသော လေပြင်းများမှာ တောင်ကြားထဲသို့ မဝင်ရောက်နိုင်သဖြင့် ၎င်း၏ သက်ရှိကမ္ဘာလေးမှာ ထိခိုက်မှုမရှိဘဲ တည်ရှိနေခြင်း ဖြစ်သည်။
ခြေလှမ်းတစ်လှမ်းတည်းဖြင့် ရှန်မိုသည် တောင်ကြားအတွင်းသို့ ရောက်ရှိသွားသည်။ ထာဝရမီးလျှံများအချင်းချင်း ဆွဲဆောင်မှု၏ လမ်းပြမှုဖြင့် သူသည် မကြာမီမှာပင် မြေအောက်လိုဏ်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ လိုဏ်ဂူ၏ အနက်ဆုံးနေရာတွင် စိမ်းလန်းသော မီးလျှံတစ်ခုကို သူ မြင်လိုက်ရ၏။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလွန်ကြီးမားသော ဇီဝအင်အားများ စီးဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မမှားနိုင်တော့ပေ။
ဒါဟာ 'ထာဝရရှင်သန်ခြင်းမီးလျှံ' ပဲ။
သို့သော် တစ်ချက်ကြည့်ရုံဖြင့် ဤမီးလျှံမှာ ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ ရောက်နေကြောင်း သူ သိလိုက်သည်။ ၎င်း၏ စွမ်းအားမှာ 'နိဗ္ဗာန်အဆင့်' ကို တက်လှမ်းရန် ခြေတစ်လှမ်းအလိုရှိသော ပညာရှင်တစ်ဦးထက် မနိမ့်ပေ။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦး ချဉ်းကပ်လာသည်ကို အာရုံခံမိသောအခါ 'ထာဝရရှင်သန်ခြင်းမီးလျှံ' သည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး မီးလျှံများဖြင့် ပြုလုပ်ထားသော ကျား၊ မ ခွဲခြားမရသည့် မျက်နှာတစ်ခု ဖြစ်ပေါ်လာသည်။
"ထွက်သွားစမ်း"
"ငါ့ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး"
"ငါဟာ ငါပဲ… ဘယ်သက်ရှိရဲ့ ပိုင်ဆိုင်မှုမှ မဖြစ်စေရဘူး"
ခဏချင်းအတွင်းမှာပင် လိုဏ်ဂူတစ်ခုလုံး စိမ်းလန်းသော မီးလျှံများဖြင့် ပြည့်နှက်သွားပြီး ရန်စမှုတစ်ခုခု ရှိလာပါက ချက်ချင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
ရှန်မိုမှာ ပြုံးလိုက်ပြီး
"မင်းတို့နှစ်ယောက် ထွက်လာခဲ့ပြီး သူနဲ့ စကားပြောလိုက်ပါဦး"
Chapter 578: ဓမ္မတာအို အမှတ်အသားများ
'ထာဝရရှင်သန်ခြင်းမီးလျှံ' မှာ ဇဝေဇဝါဖြစ်သွားသော အမူအရာ ပေါ်လာသည်။ နောက်တစ်ခဏတွင် ရှန်မို၏ ခန္ဓာကိုယ်ထဲမှ သန့်စင်သော အဖြူရောင် ရေခဲမီးလျှံတစ်ခုနှင့် ရွှေရောင်မီးလျှံတစ်ခု လွင့်ပျံထွက်လာတော့၏။
'ထာဝရရှင်သန်ခြင်းမီးလျှံ' ၏ မျက်လုံးများမှာ ချက်ချင်းပင် ဝိုင်းစက်သွားသည်။
"ကိုးဘုံငရဲ ရေခဲမီးလျှံ!"
"ကိုးပါးကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ"
"မင်းတို့နှစ်ယောက်စလုံးက လူသားတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ဘယ်လိုလုပ် ခံလိုက်ကြတာလဲ"
'ကိုးဘုံငရဲ ရေခဲမီးလျှံ' မှ အသာအယာ ချောင်းဟန့်လိုက်ပြီး
"မင်းရှေ့မှာ ရပ်နေတဲ့ ဒီလူသားက မျှော်လင့်ချက်မဲ့တဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်ခဲ့တယ်… မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ကယ်တင်ခဲ့တယ်… ပြီးတော့ ကောင်းကင်ဘုံအလိုတော်ရဲ့ မျက်နှာသာပေးမှုကိုတောင် ရထားတာ..."
'ကိုးပါးကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ' မှ ကြားဖြတ်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"စကားတွေ အများကြီး လျှောက်ပြောမနေနဲ့တော့… မင်း ရှန်မိုနောက်ကို လိုက်တာက သူ့နားမှာနေရင် နတ်ဆိုးနှလုံးသားတွေကို အစာကျွေးလို့ရလို့ မဟုတ်လား"
"ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်စမ်းပါ… ငါလည်း အတူတူပဲလေ"
'ကိုးဘုံငရဲ ရေခဲမီးလျှံ' မှာ ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်ပြီး ဘာမှပြန်မပြောနိုင်တော့ချေ။ 'ထာဝရရှင်သန်ခြင်းမီးလျှံ' မှာ မှင်တက်သွားရ၏။ နတ်ဆိုးမျိုးနွယ်များ သောင်းကျန်းစဉ်ကာလက သူသည် 'ကိုးဘုံငရဲ ရေခဲမီးလျှံ'၊ 'ကိုးပါးကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ' တို့နှင့်အတူ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ဖူးသဖြင့် သူတို့မှာ အချင်းချင်း ရင်းနှီးကြသည်။ ယခုအခါ ရဲဘော်ဟောင်း နှစ်ဦးလုံးမှာ လူသားတစ်ယောက်တည်း၏ လက်အောက်သို့ ရောက်နေသည်ဆိုတော့ သူ မဖော်ပြနိုင်သော ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"သူငယ်ချင်းဟောင်းကြီး... သွားကြရအောင်… ဒီမှာ ဆက်နေဖို့ အကြောင်းပြချက် မရှိတော့ပါဘူး"
'ကိုးဘုံငရဲ ရေခဲမီးလျှံ'မှ တိုက်တွန်းလိုက်သည်။
"ရှန်မိုက နောင်ကျရင် 'မဟာကမ္ဘာ' ကို သွားမှာ… မင်း ပြန်မသွားချင်ဘူးလား"
'ကိုးပါးကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ' က 'ထာဝရရှင်သန်ခြင်းမီးလျှံ' ၏ စိတ်ဝင်စားသွားသော အရိပ်အယောင်ကို မြင်သဖြင့် ထပ်လောင်းပြောလိုက်သည်။
'ထာဝရရှင်သန်ခြင်းမီးလျှံ' မှာ ခေတ္တရပ်တန့်သွားပြီး ရှန်မိုဘက်သို့ လှည့်ကာ
"မင်း တကယ် ပြန်သွားနိုင်မှာလား"
ရှန်မို ခိုင်မာစွာပင် ပြန်ဖြေလိုက်၏။
"ငါ မဟာကမ္ဘာကို သေချာပေါက် သွားမှာပါ… အဲဒီနေရာက ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ စင်မြင့်ထက်ပဲ"
'ထာဝရရှင်သန်ခြင်းမီးလျှံ' မှာ အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် စကားပြောလာသည်။
"ကောင်းပြီလေ… ငါ မင်းနောက်ကို ခဏလောက် လိုက်ခဲ့ပါ့မယ်"
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြပြီး လက်ကို ကမ်းပေးလိုက်သည်။
ထိုအခါ ထာဝရရှင်သန်ခြင်းမီးလျှံ သည် စိမ်းလန်းသော မြွေငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ရှန်မို၏ လက်မောင်းတစ်လျှောက် တွားသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့၏။
ရှန်မိုက သူ၏ နတ်ဘုရားနန်းတော် အတွင်းရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ နတ်ဘုရားနန်းတော် အတွင်း၌ ယခုဆိုလျှင် ထာဝရမီးလျှံ (၅) ခု ရှိနေချေပြီ။ သူ ထိန်းချုပ်နိုင်ခဲ့သည့် အစဉ်လိုက်အတိုင်း ပြောရလျှင် ကြာနီမီးလျှံ၊ နေဝန်းနှစ်သာရမီးလျှံ၊ ကိုးဘုံငရဲ ရေခဲမီးလျှံ၊ ကိုးပါးကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံ နှင့် ထာဝရရှင်သန်ခြင်းမီးလျှံ တို့ ဖြစ်ကြသည်။
မူလက ရှန်မိုသည် ဟင်းလင်းပြင် လောင်ကျွမ်းခြင်းမီးလျှံကိုပါ ထိန်းချုပ်ရန် ရည်ရွယ်ခဲ့၏။
ကံမကောင်းစွာဖြင့် ကျိရွှမ်နှင့် တိုက်ခိုက်သည့် တိုက်ပွဲကြီးအတွင်း၌ ဟင်းလင်းပြင် လောင်ကျွမ်းခြင်းမီးလျှံမှာ အမြုတေအဆင့်အထိ ပြန်လည်ရိုက်ထုတ်ခြင်း ခံခဲ့ရသည်။ ထိုအခြေအနေရှိ ဟင်းလင်းပြင် လောင်ကျွမ်းခြင်းမီးလျှံမှာ ဟင်းလင်းပြင် ဝဲဂယက်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားမည်ဖြစ်ရာ သဘာဝအတိုင်းပင် ပြန်လည်ရယူရန် မဖြစ်နိုင်တော့ပေ။
"မီးလျှံဇယားထဲမှာ စုစုပေါင်း ထာဝရမီးလျှံ (၄၉) ခု ရှိတယ်"
"အဲဒီအထဲကမှ ဂုကျိုး ကမ္ဘာမှာ (၆) ခုပဲ ရှိတာ… ကျန်တဲ့ မီးလျှံတွေကတော့ မဟာကမ္ဘာမှာပဲ ရှိနေမှာ သေချာတယ်"
ရှန်မို၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ ထာဝရမီးလျှံ အားလုံးကိုသာ သူ ထိန်းချုပ်နိုင်ခဲ့လျှင် မည်သို့ဖြစ်လာမည်နည်းဟု မတွေးဘဲ မနေနိုင်ပေ။
နောက်ရက်များတွင် ရှန်မိုသည် ဟင်းလင်းပြင်လွန်းပျံယာဉ်ကို စတင်ပြုပြင်တော့သည်။ ထိုအတောအတွင်း ထာဝရမီးလျှံ (၅) ခုကိုလည်း အားလပ်နေခွင့် မပေးခဲ့ပေ။ 'ဓမ္မရုပ်ပွားတော်' အဆင့်တွင် ဓမ္မအမှတ်အသားများ ပေါ်ပေါက်လာစေရန် ပြင်ပမီးလျှံများဖြင့် လောင်ကျွမ်းစေဖို့ လိုအပ်ပါသည်။ ထိုလုပ်ငန်းစဉ်အတွက် 'ထာဝရမီးလျှံ' များမှာ အကောင်းဆုံးသော ပြင်ပမီးလျှံများပင် ဖြစ်သည်။
'ယွမ်ဆင်ဓမ္မရုပ်ပွားတော်'မှာ 'ကိုးဘုံငရဲ ရေခဲမီးလျှံ' နှင့် ကိုက်ညီပြီး 'မသေနိုင်သောမြစ် ဓမ္မရုပ်ပွားတော်'မှာ 'ထာဝရရှင်သန်ခြင်းမီးလျှံ' နှင့် ကိုက်ညီသည်။ 'တောက်လောင်သော ကောင်းကင်မျက်လုံး ဓမ္မရုပ်ပွားတော်' မှာမူ 'နေဝန်းအနှစ်သာရမီးလျှံ' နှင့် ကိုက်ညီလေ၏။
'မြင်းဖြူဓမ္မရုပ်ပွားတော်' နှင့် 'စစ်နတ်ဆိုးဘုရင် ဓမ္မရုပ်ပွားတော်' တို့အတွက်မူ အသင့်တော်ဆုံးသော 'ထာဝရမီးလျှံ' များမှာ 'နတ်ဘုရားအရိပ် ကောင်းကင်မီးလျှံ' နှင့် 'အရပ်ရှစ်မျက်နှာ ချေမှုန်းခြင်းမီးလျှံ'တို့ ဖြစ်ကြသည်။ ထိုမီးလျှံနှစ်ခုကို ရှာမတွေ့သေးသဖြင့် ထိုကိစ္စကို ခေတ္တ ဘေးဖယ်ထားလိုက်ရ၏။
'နိဗ္ဗာန်အဆင့်' သည် အစောပိုင်း၊ အလယ်အလတ်၊ အထွတ်အထိပ် စသည်ဖြင့် ခွဲခြားထားသော အခြားအဆင့်များနှင့် မတူပေ။ 'နိဗ္ဗာန်အဆင့်' ကျင့်ကြံသူတစ်ဦး၏ အစွမ်းကို တိုင်းတာရန် တစ်ခုတည်းသော နည်းလမ်းမှာ 'ဓမ္မအမှတ်အသား' အရေအတွက်ကို ရေတွက်ခြင်းပင် ဖြစ်လေ၏။ ဓမ္မအမှတ်အသား များလေလေ အစွမ်းကြီးလေလေ ဖြစ်သည်။
၎င်းတို့အနက် ဓမ္မအမှတ်အသား (၃၀)၊ (၆၀) နှင့် (၉၀) တို့မှာ အဆင့်အတားအဆီး သုံးခုဟု သတ်မှတ်ကြသည်။ ကျင့်ကြံသူ အများအပြားမှာ မိမိတို့၏ အကန့်အသတ်ကို သိရှိပြီး ဓမ္မအမှတ်အသား (၃၀) ထက် ပိုမိုရရှိရန် အချိန်မရှိတော့သဖြင့် (၃၀) ပြည့်သည်နှင့် ပိုမြင့်သော အဆင့်သို့ တက်လှမ်းရန် ကြိုးစားလေ့ရှိကြသည်။ ဓမ္မအမှတ်အသား (၃၀) မှာ ပိုမြင့်သော အဆင့်သို့ တက်လှမ်းရန် အနိမ့်ဆုံး လိုအပ်ချက် ဖြစ်သည်။
ရှန်မိုအတွက်မူ ဤအရာမှာ ပိုမိုကြီးမားသော စိန်ခေါ်မှု ဖြစ်နေ၏။ အခြားသူများတွင် 'ဓမ္မရုပ်ပွားတော်' တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိတတ်သော်လည်း သူ၏ထံတွင်မူ (၅) ခု ရှိနေသည်။ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်သော တစ်ခုလျှင် ဓမ္မအမှတ်အသား (၃၀) စီဖြင့် တွက်လျှင်ပင် စုစုပေါင်း (၁၅၀) အထိ ရှိနေမည် ဖြစ်သည်။
'ကြီးထွားတိုးတက်ဖို့ လမ်းစဉ်ကတော့ တကယ်ကို ရှည်လျားခက်ခဲတာပဲ’
ရှန်မို ပြုံးလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားကာ 'ဟင်းလင်းပြင်လွန်းပျံယာဉ်' ကို ဆက်လက်ပြုပြင်နေတော့သည်။
Chapter 579: ဟင်းလင်းပြင်ဝဲဂယက်ထဲ ဝင်ရောက်ခြင်း
နောက်ထပ် နှစ်အနည်းငယ် ကုန်လွန်သွားပြန်သည်။
ရှန်မိုသည် သူ၏ရှေ့တွင် အသစ်စက်စက် ပြန်လည်ဖြစ်ပေါ်နေသော ဟင်းလင်းပြင်လွန်းပျံယာဉ်ကို ကြည့်ရင်း အတန်ငယ် မိန်းမောနေမိ၏။ ထူးချွန်ပြောင်မြောက်လှသော လက်နက်သွန်းလုပ်ခြင်း အတတ်ပညာကို ပိုင်ဆိုင်ထားပါသော်လည်း ဤလွန်းပျံယာဉ်ကို အပြည့်အဝ ပြုပြင်ရန်အတွက် (၈) နှစ်တိတိ အချိန်ယူခဲ့ရသည်။ ၎င်းကို နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာစေရန် ရှားပါးပြီး မျိုးသုဉ်းလုနီးပါးဖြစ်နေသော ကောင်းကင်ဘုံကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများစွာ လိုအပ်ရုံသာမက ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် သွန်းလုပ်ခြင်းအတတ်ပညာများစွာလည်း လိုအပ်ပေသည်။
အကယ်၍ ကောင်းကင်ဘုံတာအို ရတနာတိုက်သာ မရှိခဲ့ပါက ရှန်မိုအဖို့ (၈) နှစ်အတွင်း ဤပြုပြင်မှုများကို အပြီးသတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သုံးဆမျှသော အချိန်ကို ပေးလျှင်ပင် ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပေလိမ့်မည်။
"ငါ့ရဲ့ တွက်ချက်မှုအရဆိုရင် ဒီနှစ်မှာ ငါ အသက်တစ်ရာ တိတိ ပြည့်ပြီပဲ"
ရှန်မို စိတ်ထဲမှ အမြန်တွက်ချက်ကြည့်လိုက်ပြီး အသာအယာ ပြုံးလိုက်သည်။ အသက်တစ်ရာအရွယ်နှင့် 'နိဗ္ဗာန်အဆင့်' သို့ ရောက်ရှိခြင်း။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအရှိန်အဝါမှာ သူ့ကို ဤလောကတွင် ပြိုင်ဘက်ကင်း ဖြစ်စေခဲ့ပြီ။
"အခုဆို လွန်းပျံယာဉ်က အပြည့်အဝ ပြုပြင်ပြီးသွားပြီ… ဒီကမ္ဘာငယ်လေးနားမှာရှိတဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟင်းလင်းပြင် ဝဲဂယက်တွေထဲကို ဝင်ကြည့်တာ အကောင်းဆုံးပဲ"
"ဒါပေမဲ့ အရင်ဆုံး ငါ့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံချက်ရှိအောင် လုပ်ရမယ်"
ရှန်မိုသည် ကောင်းကင်ဘုံတာအိုနှင့် ခေတ္တ ဆက်သွယ်ကြည့်လိုက်သည်။
ကောင်းကင်ဘုံ၏ စွမ်းအားမှာ ဤလောက၏ ပတ်ပတ်လည် အတောင်သုံးသောင်းခန့်အထိ ချဲ့ထွင်နိုင်ကြောင်း သိလိုက်ရသဖြင့် သူ စိတ်အေးသွားရသည်။ သူသည် အလွန်ဝေးလံခေါင်ဖျားသော နေရာများသို့ ထွက်မသွားသရွေ့ ဟင်းလင်းပြင်ဝဲဂယက်များ၏ တိုက်စားခြင်းကို ခံရလျှင်ပင် ကောင်းကင်ဘုံတာအိုမှ သူ့ကို ပြန်လည်ဆွဲခေါ်နိုင်ပေသည်။
ဟင်းလင်းပြင်ဝဲဂယက်များနှင့် စောစီးစွာ ရင်းနှီးကျွမ်းဝင်နေခြင်းမှာ ရှန်မိုအတွက် အလွန်အရေးကြီးသည်။ ရှေးဟောင်းတိုက်ကြီးသည် 'မဟာကမ္ဘာ' နှင့် မည်မျှဝေးကွာသည်ကို သူ မသိရှိပေ။ အဆိုးဆုံး အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လေ၏။ ထိုအခါမှသာ တကယ့် ဘေးဒုက္ခနှင့် ကြုံတွေ့ရချိန်တွင် အလန့်တကြားမဖြစ်ဘဲ အဆင်သင့် ဖြစ်နေပေလိမ့်မည်။
စိတ်အာရုံတစ်ခုနှင့်တင် ရှန်မိုသည် နတ်ဆိုးပင်လယ်၏ စတုတ္ထအလွှာသို့ ရောက်ရှိသွားသည်။
ကျိရွှမ် သေဆုံးခဲ့သည်မှာ အနှစ်နှစ်ဆယ်နီးပါး ရှိခဲ့ပြီဖြစ်ရာ နတ်ဆိုးမျိုးနွယ်များမှာလည်း သုတ်သင်ခံခဲ့ရသည်မှာ ကြာပြီဖြစ်၏။ သို့သော် နတ်ဆိုးစွမ်းအင် အကြွင်းအကျန်များမှာ အရိုးကို တွယ်ကပ်နေသော လောက်ကောင်များကဲ့သို့ ဤနေရာတွင် ရှိနေဆဲပင်။
ပထမ သုံးလွှာမှာတော့ ထိုစွမ်းအင်များ ကင်းစင်လုနီးပါး ဖြစ်သွားခဲ့ပြီ။ သို့သော် စတုတ္ထအလွှာမှစ၍ အောက်ဘက်ပိုင်းများမှာမူ အနည်းငယ်မျှသာ သန့်စင်သွားခြင်းဖြစ်ပြီး အလုံးစုံ မဟုတ်သေးပေ။
ဤကျန်ရှိနေသော နတ်ဆိုးစွမ်းအင်များသည် ရှန်မိုနှင့် ကောင်းကင်ဘုံတာအိုအကြား ဆက်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေပါသည်။ သို့သော် ဟင်းလင်းပြင် ဝဲဂယက်များမှာ နတ်ဆိုးပင်လယ်၏ အနက်ဆုံးအဆင့်များတွင်သာ တည်ရှိ၏။
အကောင်းအဆိုးကို ချိန်ဆပြီးနောက် ရှန်မိုသည် စတုတ္ထအလွှာကို ရွေးချယ်လိုက်သည်။ ဟင်းလင်းပြင်ဝဲဂယက်များနှင့် ပိုမိုကျွမ်းဝင်လာမှသာ ပိုမိုနက်ရှိုင်းသော အဆင့်များကို စူးစမ်းလေ့လာနိုင်ပေမည်။
"တွေ့ပြီ"
ရှန်မိုသည် သူ၏ အနှစ်သာရသွေးနှင့် စိတ်ဝိညာဉ်စွမ်းအင်တို့ကို အသုံးပြုကာ တောက်ပသော သွေးအလင်းတန်း တစ်ခုကို ဖန်တီးလိုက်ပြီး သေးငယ်သော ဟင်းလင်းပြင်ဝဲဂယက်တစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။
ဟင်းလင်းပြင် ဝဲဂယက်များမှာ အရွယ်အစား အမျိုးမျိုး ရှိကြသည်။ သေးငယ်သော ဝဲဂယက်များမှာ ပိုမိုတည်ငြိမ်ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်လှိုင်းတံပိုးများမှာလည်း ပိုမိုညင်သာ၏။ ၎င်းမှာ ရှန်မိုကဲ့သို့ ဟင်းလင်းပြင်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်မည့် ကျင့်ကြံသူတစ်ဦးအတွက် အကောင်းဆုံး ဖြစ်ပေသည်။
သူသည် ရှေ့ရှိ ဟင်းလင်းပြင်ကို စိုက်ကြည့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ နောက်တစ်ခဏတွင် သူသည် 'ဟင်းလင်းပြင်လွန်းပျံယာဉ်' ကို စီးနင်းလျက် ဝဲဂယက်အတွင်းသို့ ရဲရဲဝံ့ဝံ့ လှမ်းဝင်လိုက်တော့၏။
ဝုန်း!
ခဏချင်းအတွင်းမှာပင် ကမ္ဘာကြီးမှာ ပြင်းထန်စွာ လည်ပတ်သွားပြီး ရောင်စုံပန်းချီကားချပ်တစ်ခုအလား လိမ်ယှက်သွားတော့သည်။ အရာအားလုံးမှာ ခေါင်းမူးနောက်စရာကောင်းလှသော အရှိန်အဝါဖြင့် လည်ပတ်ပြောင်းလဲနေသည်။ ခဏအကြာတွင် ရှန်မိုသည် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
ပတ်ပတ်လည်တွင် အလင်းရောင် လုံးဝမရှိဘဲ မှောင်အတိ ကျနေသည်။ သူ မောင်းနှင်လာသော ဟင်းလင်းပြင်လွန်းပျံယာဉ်ထံမှ ထွက်ပေါ်နေသော အလင်းရောင်သာ ရှိတော့သည်။ သူ အထက်အောက် ဝေ့ကြည့်လိုက်ရာ ဟင်းလင်းပြင်လွန်းပျံယာဉ်သည် တောက်ပသော အကာအကွယ်ဒိုင်းကို အသက်သွင်းထားပြီး သူ့ကို အတွင်း၌ ထည့်သွင်းထားကာ အပြင်ဘက်မှ ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်လှိုင်းတံပိုးများနှင့် သီးခြားစီ ခွဲထုတ်ထားပေးသည်။ လွန်းပျံယာဉ်သာ မရှိပါက သူသည် အဆုံးမရှိသော ဟင်းလင်းပြင်၏ ဝါးမြိုတိုက်စားခြင်းကို ခံလိုက်ရချေပြီ။
"လွန်းပျံယာဉ်က ဟင်းလင်းပြင်လှိုင်းတံပိုးတွေဆီက စွမ်းအင်ကို စုပ်ယူပြီး အကာအကွယ်ဒိုင်းကို ထိန်းသိမ်းထားနိုင်တာပဲ"
"ဒါက ငါ့ရဲ့ စွမ်းအင်တွေကို အကုန်အကျ မများအောင် ကယ်တင်ပေးတာပဲ"
ရှန်မိုမှာ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိသည်။
ထို့နောက် သူ နောက်သို့ လှည့်ကြည့်လိုက်ရာ ရွှေရောင် တောက်ပနေသော ကျယ်ပြောလှသည့် တိုက်ကြီးတစ်ခုမှာ မျက်စိတစ်ဆုံး တည်ရှိနေသည်။ ၎င်းမှာ အခြားမဟုတ်။ ရှေးဟောင်းတိုက်ကြီးပင် ဖြစ်သည်။
ရှန်မိုသည် ကောင်းကင်နှင့် မြေကြီး၏ အကန့်အသတ်မရှိသော လျှို့ဝှက်ချက်များကို အံ့ဩမှင်တက်စွာဖြင့် ခဏမျှ စိုက်ကြည့်နေမိသည်။ ထို့နောက် ဟင်းလင်းပြင်လွန်းပျံယာဉ်ကို ထိန်းကျောင်းကာ ရှေးဟောင်းတိုက်ကြီး၏ အစွန်းတစ်လျှောက် ကင်းလှည့် စူးစမ်းရှာဖွေတော့သည်။
မကြာမီမှာပင် ဖရိုဖရဲဖြစ်နေသော ဤဟင်းလင်းပြင်လှိုင်းတံပိုးများကြားတွင် ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်မနေကြောင်း သူ တွေ့ရှိလိုက်ရ၏။
ထိုအတွင်း၌ တစ်စုံတစ်ခု ပုန်းကွယ်နေပါလား။