အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း (၃၇၁) တရားဝင်ထုတ်ပြန်ချက်
"တကယ်လား... ဒါကြီးက တော်တော်လေး ကြောက်စရာကောင်းတာပဲ”
"တကယ်ပေါ့အေ၊ ကျောင်းဘက်က ဖုံးဖိထားပေမဲ့ အဲဒီတုန်းက တော်တော်လေး ဂယက်ထသွားတာ သိတဲ့လူတွေ အများကြီးပဲ”
ကျိုးရှီယန်သည် ကျောင်းထဲတွင် သူမအပေါ် စူးစိုက်ကြည့်နေကြသော အကြည့်များကို ဆက်၍မခံစားနိုင်တော့သဖြင့် ကျောင်းပြင်သို့ အမြန်ပြေးထွက်လာခဲ့သည်။
ဤအချိန်၌ ကျောင်းပြင်ပတွင် အိမ်ငှားနေထိုင်ခြင်းမှာ သူမအတွက် အကြီးမားဆုံးသော ကံကောင်းခြင်းတစ်ခု ဖြစ်နေတော့သည်။
အိမ်ပြန်ရောက်သောအခါ သူမ၏ဖုန်းကိုပင် မကြည့်ရဲတော့ပေ။ အိပ်ရာထဲတွင်သာ ခွေနေပြီး အပြင်ထွက်စားသောက်ရန်ပင် သတ္တိမရှိတော့ဘဲ ထိတ်လန့်နေမိသည်။
အမှန်တကယ်တော့ လောကကြီးတွင် သူမအား အချိန်ပြည့်စောင့်ကြည့်နေသူဟူ၍ မရှိသလို သူမသည်လည်း လူသိများထင်ရှားသူတစ်ဦး မဟုတ်ခဲ့ပေ။ သို့သော် အပြစ်ရှိစိတ်နှင့် ကြောက်ရွံ့စိတ်တို့က သူမအား လွှမ်းမိုးထားလေသည်။
ရန်ကျင်းတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမအတွင်း၌ ပါမောက္ခယန်သည် တစ်ဖက်လူများ ပြန်လည်မချေပနိုင်အောင် ထိရောက်ပြတ်သားစွာ တုံ့ပြန်ပြောဆိုခဲ့သည်။
"ခင်ဗျားတို့ သဘောရှိတာသာ လုပ်ကြပါတော့”
သူသည် သူ၏တပည့်ဖြစ်သူကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးခဲ့သော်လည်း ရလဒ်မှာမူ ထိုတပည့်မ၏ ကိုယ်ကျင့်သိက္ခာပိုင်း ပျက်ယွင်းမှုကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သူ တစ်ပါးသူအား အပြစ်မတင်နိုင်တော့ဘဲ စိတ်ပျက်အားလျော့စွာဖြင့် နေရာ၌ ပြန်ထိုင်လိုက်လေသည်။
ထို့နောက် ကျောင်းအုပ်ကြီးက ကျိုးရှီယန်အပေါ် ချမှတ်သည့် အပြစ်ပေးအရေးယူမှုကို ကြေညာခဲ့သည်။ သူမအား ကျောင်းမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
မင်ယွဲ့၏ ကိစ္စဖြစ်ပွားစဉ်က ပါမောက္ခယန်သည် သူမအတွက် အားမလိုအားမရဖြစ်ကာ မနားမနေ ကူညီပေးခဲ့ဖူးသော်လည်း ယခုမူ အခြေအနေမှာ လုံးဝဆန့်ကျင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျောင်းတွင်းကွန်ရက်ပေါ်တွင်လည်း ဤကိစ္စရပ်များကို အာဏာပိုင်များက စနစ်တကျ ကိုင်တွယ်ဖြေရှင်းနေပြီဖြစ်သည်။
တစ်ဖက်တွင်မူ မိုဟန်ကျီ၏ မာန်ပါလှသော တရားဝင်ထုတ်ပြန်ချက်ကြောင့် အွန်လိုင်းတစ်ခွင် ဆုတောင်းစကားများ လှိုင်းလုံးကြီးသဖွယ် ပေါ်ထွက်လာသည်။
သို့သော်လည်း လူအချို့ကမူ မင်ယွဲ့သည် မိုဟန်ကျီနှင့် ထိုက်တန်မှုမရှိကြောင်း ဝေဖန်ပြောဆိုနေကြဆဲပင်။
ထိုအချိန်တွင် ရှင်းယောင်းလုပ်ငန်းစု၏ တရားဝင် ဝေပိုင် (Weibo) အကောင့်မှ နောက်ထပ် သတင်းစကားတစ်ခု တက်လာခဲ့သည်။
> "ကျွန်တော်ကသာ သူမနဲ့ မထိုက်တန်တာပါ သူမက ကျွန်တော့်အတွက်တော့ မမီနိုင်တဲ့ လမင်းကြီးလိုပါပဲ သူမ ကိုယ်တိုင် ကျွန်တော့်ဆီ ပြေးလာခဲ့ပေးလို့ ကျွန်တော် တကယ်ပဲ ဝမ်းသာမိပါတယ်”
> "အား... ရင်ခုန်လိုက်တာ အေးစက်ပြီး ခန့်ညားလွန်းတဲ့ CEO ကြီးက အခုတော့ အချိုသာဆုံး ချစ်စကားတွေ ပြောတတ်တဲ့သူ ဖြစ်နေပြီ ဘာမှပြောစရာမလိုဘူး၊ ငါတော့ ချစ်မိသွားပြီ”
"အချစ်ဆိုတာ ငွေကြေး ဒါမှမဟုတ် ဂုဏ်ဒြပ်နဲ့ တိုင်းတာလို့မရဘူး အခုအချိန်မှာတော့ အချစ်ဆိုတာ လက်တွေ့ဆုပ်ကိုင်လို့ရတဲ့ အရာတစ်ခု ဖြစ်လာပြီလို့ ခံစားရတယ်”
"အချို့လူတွေက သူများကိစ္စဆို ပါဝင်ချင်ကြတာပဲ သူတို့နှစ်ယောက်က အတွေးအခေါ်ချင်းဖလှယ်ပြီး အတူတူလက်တွဲနေကြတာကို ဘာလို့များ လိုက်ပြီး နှောင့်ယှက်နေကြတာလဲ”
"မစ္စတာမိုကို ခင်ဗျားတို့ စိတ်ကြိုက်ထိန်းချုပ်လို့ရတဲ့ အိုင်ဒေါ မင်းသားလေးလို့ ထင်နေကြတာလား”
"--- လူမိုက်တွေ၊ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောမနေကြနဲ့တော့ နင်တို့ရဲ့ ကွန်မန့်တွေက ငါတို့ အချစ်ဇာတ်လမ်းကြည့်နေတဲ့ စိတ် ခံစားမှုကို ဖျက်ဆီးနေပြီ”
"မမ မင်ယွဲ့က ဘာလို့ အကြောင်းမပြန်သေးတာလဲ မစ္စတာမိုကတော့ ဝန်ခံပြီးနေပြီလေ”
--- "အကြောင်းပြန်တာကို စောင့်နေကြစို့”
--- "အကြောင်းပြန်တာ စောင့်နေသူ +၁"
......
မင်ယွဲ့သည် ကျိုးရှီယန်နှင့် အွန်လိုင်းပေါ်ရှိ တိုက်ခိုက်သူများကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့သည်။
ထိုတိုက်ခိုက်သူများနှင့် အကောင့်ကြီးပိုင်ရှင်များသည် လူအများရှေ့ အရှက်ကွဲပြီး ဖော်လိုဝါများ ဆုံးရှုံးရခြင်းဖြင့် ပြီးဆုံးမည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အခြေအနေက ထိုထက်မက ဆိုးရွားလာခဲ့သည်။
၎င်းတို့၏ အကောင့်များ ပိတ်ပင်ခံရရုံသာမက တိုက်ခိုက်သူများ စုဖွဲ့ထားသည့် စတူဒီယိုပါ ဖျက်သိမ်းခြင်း ခံလိုက်ရလေသည်။
ဤမျှ ကြီးမားသော အရှိန်အဝါမျိုးကို မိုဟန်ကျီသာလျှင် ပြုလုပ်နိုင်မည်ဟု သူတို့ ခန့်မှန်းမိကြသော်လည်း မည်သူမျှ ပြန်လည်၍ မခုခံရဲဘဲ ဒေါသကို မြိုသိပ်ထားကြရုံသာ တတ်နိုင်ကြတော့သည်။
မင်ယွဲ့သည် သူမ၏ ကွန်ပျူတာကို ပိတ်လိုက်ပြီးနောက် ဖုန်းကိုဖွင့်ကြည့်လိုက်ရာ weibo မှ အကြောင်းကြားချက်တစ်ခု ဝင်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် ရှင်းယောင်းလုပ်ငန်းစုကို Follow မလုပ်ထားသော်လည်း အဆိုပါ အကြောင်းကြားချက်မှာ သူမဆီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
မိုဟန်ကျီ၏ ရင်ဖွင့်စကားကို မြင်သောအခါ မင်ယွဲ့သည် စကားများစွာ ပြောမနေတော့ဘဲ သူမ၏ အာကာသဟင်းလင်းပြင် ထဲမှ ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်သည်။
ဤကာလအတွင်း သူမသည် ပန်းချီကားများစွာ ဆွဲခဲ့ပြီး မိုဟန်ကျီမှာ သူမ၏ မော်ဒယ်လ်အဖြစ် ပါဝင်ပေးခဲ့သူဖြစ်သည်။ သို့သော် သူမသည် သူ့အား အံ့အားသင့်စေချင်သောကြောင့် တိတ်တဆိတ်သာ ဆွဲခဲ့ခြင်းဖြစ်သည်။
မင်ယွဲ့သည် သူ၏စကားများကို စာဖြင့်ပြန်မဖြေဘဲ ပန်းချီကားကိုသာ တိုက်ရိုက်တင်လိုက်ပြီး မိုဟန်ကျီကို Tag တွဲလိုက်သည်။
ဟုတ်ပါသည်။ မင်ယွဲ့ Tag တွဲလိုက်သည်မှာ မိုဟန်ကျီ၏ ကိုယ်ပိုင်အကောင့်ကို ဖြစ်သည်။ မိုဟန်ကျီကမူ ဖော်လိုဝါ ပိုမိုများပြားစေရန် ရှင်းယောင်၏ တရားဝင်အကောင့်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
အထူးသတိပေးသံ မြည်လာသည်နှင့် မိုဟန်ကျီသည် ချက်ချင်းပင် ဝင်ရောက်စစ်ဆေးလိုက် သည်။
ပထမဆုံး မြင်လိုက်ရသည်မှာ အပြာရောင်ရင့်ရင့် ဝတ်စုံကို ဆင်မြန်းကာ ထိုင်ခုံတွင် ပေါ့ပါးစွာ မှီထိုင်နေရင်း မျက်လုံးကို အသာအယာ မှိတ်ထားသည့် သူ၏ပုံရိပ်ပင် ဖြစ်သည်။
ဤနောက်ခံမြင်ကွင်းမှာ ရှင်းယောင်၏ အဆင့်မြင့် စီမံခန့်ခွဲသူများသာ အသုံးပြုခွင့်ရှိသည့် နေရာဖြစ်ကြောင်း ထင်ရှားလှသည်။
ကြီးမားသော မှန်ပြတင်းပေါက်များမှတစ်ဆင့် နေရောင်ခြည်က ဖြာကျနေပြီး ပတ်ဝန်းကျင် ရှုခင်းအလှနှင့်အတူ ထိုပုံရိပ်မှာ လွန်စွာ တင့်တယ်လှပနေတော့သည်။
"--- ဟဲဟဲ၊ တံတွေးတောင် ထွက်တယ်၊ ဒါက ချစ်သူရဲ့ အမြင်ကနေကြည့်တဲ့ CEO မိုရဲ့ ပုံရိပ်ပေါ့လေ”
"ငါတော့ ချစ်မိသွားပြီ လူရှေ့မှာတော့ အေးစက်ပြီး အာဏာရှိတဲ့ CEO ကြီး၊ ချစ်သူရှေ့မှာတော့ ဆွဲဆောင်မှုရှိတဲ့ အလှဘုရင်လေး ဖြစ်နေတာပဲ ဒီလို ဆန့်ကျင်ဘက် အလှတရားက တကယ့်ကို ရင်သပ်ရှုမောစရာပဲ”
"မျက်နှာပြင်တစ်ခုလုံး ပြည့်နေတဲ့ ခြေတံရှည်ကြီးတွေ၊ ပုံကျလှပတဲ့ လက်ဆစ်တွေ၊ ဆွဲဆောင်မှုရှိတဲ့ လည်စိနဲ့ ပေါ့ပေါ့ပါးပါး စည်းထားတဲ့ နက်ကတိုင်... ငါ့ခေါင်းထဲမှာတော့
'တိုးတက်ခြင်း၊ ဒီမိုကရေစီ၊ ယဉ်ကျေးသိမ်မွေ့ခြင်းနဲ့ ငြိမ်းချမ်းခြင်း' ဆိုတဲ့ စကားလုံးတွေနဲ့ပဲ အာရုံပြောင်းပြီး ငါ့ရဲ့ မကောင်းတဲ့ အတွေးတွေကို ထိန်းချုပ်လိုက်ရတယ်”
"အပေါ်ကလူရေ၊ အဲဒီလိုတွေ ဆက်တွေးနေရင်တော့ နင့်ကို လေဖုန်းစေတီအောက်မှာ ပိတ်လှောင်ထားလိုက်တော့မယ်”
"မတူညီတဲ့ အချက်ကို သတိထားမိတာ ငါတစ်ယောက်တည်းလား ဒါကို မမ မင်ယွဲ့ ကိုယ်တိုင်ဆွဲတာလား ဒါက ကျွမ်းကျင် ပညာရှင်အဆင့် လက်ရာပဲ မဟုတ်လား”
တစ်စုံတစ်ယောက်က စတင်သတိထားမိလိုက်သည်နှင့် ဆွေးနွေးမှု ခေါင်းစဉ်မှာ နောက်ထပ် တစ်နေရာသို့ ကူးပြောင်းသွားတော့သည်။
မကြာမီမှာပင် ယန်ကျင်းတက္ကသိုလ်နှင့် ပတ်သက်သော သတင်းခေါင်းစဉ်များမှာလည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့လေသည်။
အခန်း (၃၇၂) ဝေဖန်ကဲ့ရဲ့မှုများ
"မင်ယွဲ့က ယန်ကျင်းတက္ကသိုလ်ရဲ့ ဘဏ္ဍာရေးပညာရပ်နဲ့ ဘွဲ့လွန်တက်နေတဲ့ ကျောင်းသူတစ်ယောက်ပဲ”
"သူမမှာ ရုပ်ရည်ပဲရှိတယ်လို့ ဘယ်သူပြောတာလဲ ငါဆို ရုပ်လည်းမရှိဘူး၊ ပေကျင်းတက္ကသိုလ်ထဲတောင် ဝင်ခွင့်မရခဲ့ပါဘူး”
"မမ မင်ယွဲ့က ဘဏ္ဍာရေးမေဂျာ ဖြစ်နေတာတောင် ပန်းချီဆွဲတာ ဒီလောက်တော်နေတာကို ခင်ဗျားတို့ သတိမထားမိကြဘူးလား”
"တကယ့်ကို ထူးချွန်ထက်မြက်လွန်းတယ်ဘယ်သူကများ သူမနဲ့ မထိုက်တန်ဘူးလို့ ပြောရဲသေးတာလဲ”
အွန်လိုင်းပေါ်ရှိ ဆွေးနွေးငြင်းခုံမှုများသည် ကျန်ကျွင်း၏ စကားများကြောင့် ပိုမိုပြင်းထန်လာခဲ့သည်။
"အဲဒါ ငါ့အစ်မပဲ၊ သူမကို ရိုရိုသေသေ ဆက်ဆံကြရင် ပိုကောင်းမယ်"
ကျန်ကျွင်းသည် မိုဟန်ကျီထက်စာလျှင် လူမှုကွန်ရက်ပေါ်၌ ပိုမိုလှုပ်ရှားသူဖြစ်ရာ သူ၏ဓာတ်ပုံများကို အွန်လိုင်းတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည်။
"--- ဝံပုလွေသငယ်လေးပဲ၊ ငါတော့ ချစ်မိသွားပြီ”
"ရုန်းရင်းဆန်ခတ် ဖြစ်တတ်တဲ့ ဝံပုလွေလေးက သူ့အစ်မရှေ့မှာကျတော့ သိုးသူငယ်လေးလို ယဉ်ကျေးနေတာပဲ”
"အပေါ်ကလူရေ... စာရေးတံလေး ခဏပေးပါဦး၊ ဒီလို မောင်နှမသံယောဇဉ်မျိုးကို ငါတကယ် သဘောကျတာ”
"စကားကို ဆင်ခြင်ပြောကြဦး၊ မစ္စတာမိုရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံရမှာ မကြောက်ကြဘူးလား”
ဆဲဆိုကဲ့ရဲ့နေကြသူ အနည်းငယ်မှာလည်း ရှင်းယောင် လုပ်ငန်းစု၏ ပြည်သူ့ဆက်ဆံရေးအဖွဲ့ ၏ ထိရောက်သော နှိမ်နင်းမှုကြောင့် ငြိမ်ကျသွားရလေသည်။
"မစ္စတာမိုက ခင်ဗျားတို့ တော်တော်လေး ကြိုးစားကြတယ်လို့ ပြောတယ် ဒါကြောင့် ဒီလောက်အတွက် တစ်ယောက်ကို ဘောနပ်စ် သုံးထောင်စီ ပေးမယ်တဲ့”
"ဟုတ်ကဲ့ပါခင်ဗျာ”
"ဝမ်းသာလိုက်တာ”
ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများအားလုံး ပြုံးပျော်သွားကြသည်။
ယွမ်သုံးထောင်ဆိုသည်မှာ နည်းသောပမာဏ မဟုတ်ပေ။ နာရီပေါင်းများစွာ ပင်ပန်းနွမ်းနယ်ခဲ့သမျှသည် လက်ထဲသို့ ငွေသားများ ရောက်ရှိလာမည်ဖြစ်ရာ ပင်ပန်းရကျိုး နပ်သွားခဲ့ပြီ ဖြစ်သည်။
ရှင်းယောင်းလုပ်ငန်းစုက ထပ်မံကြေညာသည်မှာ
- "ဥက္ကဋ္ဌနှင့် ဇနီးလောင်းတို့၏ တရားဝင် လက်ထပ်မည့်သတင်း အထိမ်းအမှတ်အနေဖြင့် ကံထူးရှင် ပရိသတ် ၁၀၀ ဦးကို Smart Home အသုံးအဆောင် ပစ္စည်းစုံ အစုံလိုက်အား ကံစမ်းမဲဖောက်ပေးသွားပါမည်။"
"အား... အချစ်ကို တစ်ခါမှ မယုံကြည်ခဲ့ပေမဲ့ အခုတော့ ပြန်ပြီး ယုံကြည်သွားပြီ”
"ငွေကြေးရဲ့ ဆွဲဆောင်မှုအောက်မှာ ငါကျရှုံးသွားပြီ”
"ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ၊ တကယ် လိုချင်မိပါတယ်”
"Smart Home စနစ်တစ်ခုလုံးဆိုတာ ယွမ် သောင်းချီ တန်တာလေ ကံထူးတဲ့သူကတော့ တကယ့်ကို ကံကောင်းမှာပဲ"
--- "မစ္စတာမိုနဲ့ မစ္စမိုတို့ တစ်သက်လုံး ပျော် ရွှင်စွာ ပေါင်းသင်းနိုင်ပါစေ”
--- "+၁"
--- "+၁၀၀၈၆"
ကျိုးရှီယန်သည် သူမ၏ဖုန်းကို မကြည့်လိုသော်လည်း မနေနိုင်ဘဲ ဖွင့်ကြည့်မိရာမှ ဒေါသတကြီး အော်ဟစ်လိုက်မိပြီး ဖုန်းကိုပါ ရိုက်ခွဲပစ်လိုက်တော့သည်။
သူမသည် သူတို့နှစ်ဦးကို ကွဲကွာအောင် နည်းမျိုးစုံဖြင့် ကြံစည်ခဲ့သော်လည်း အဆုံးသတ်တွင်မူ သူတို့နှစ်ဦးအား လူအများ၏ ကောင်းချီးသြဘာများကြားတွင် တရားဝင် လက်တွဲပြခွင့်ရအောင် ကူညီပေးခဲ့သလို ဖြစ်သွားခဲ့ရသည်။
လျိုကျွန်းသည် သူ၏ အသုံးမကျသော သားဖြစ်သူ လုပ်ဆောင်ထားသည့် ကိစ္စရပ်များကို ဖြေရှင်းပြီးမှသာ မိုဟန်ကျီထံ သွားရောက် တောင်းပန်ရန် ကြံစည်ထားခဲ့သည်။
သို့သော် မိုဟန်ကျီ၏ လုပ်ဆောင်ချက်မှာ လျင်မြန်လွန်းလှသဖြင့် သက်သေအထောက်အထားများမှာ ခဏချင်းအတွင်း ပေါ်ထွက်လာခဲ့ပြီး တရားဝင် ထုတ်ပြန်ချက်ကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။
သူသာ အမြန်ဆုံး မသွားရောက်ခဲ့ပါက သူ၏သားဖြစ်သူ အွန်လိုင်းတိုက်ခိုက်ရေးသမားများကို ငွေပေးစေခိုင်းခဲ့သည့် အချက်အလက်များပါ ပျံ့နှံ့သွားမည်ကို သူ စိုးရိမ်မိသည်။ ထို့ကြောင့် လျိုကျွန်းသည် သူ၏မိုက်မဲသော သားကိုခေါ်၍ ချက်ချင်းပင် တောင်းပန်ရန် ထွက်ခွာခဲ့တော့သည်။
"မစ္စတာလျို၊ ခဏလောက် စောင့်ပေးပါဦး”
ရှင်းယောင်းလုပ်ငန်းစု၏ ဝန်ထမ်းက အထက်လူကြီးထံ ဖုန်းဆက်သွယ်မေးမြန်းပြီးနောက် -
"အပေါ်ကို တက်သွားလို့ ရပါပြီ”
ဟု ဆိုသည်။
လက်ထောက် လင်ကျင်းကမူ လျိုကျွန်းသည် စီးပွားရေးကိစ္စ ဆွေးနွေးရန် လာရောက်သည်ဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော် မိုဟန်ကျီကမူ သူတို့ ရောက်ရှိလာခြင်း၏ အကြောင်းရင်းကို ရိပ်မိနေပုံရသည်။
"သူ့သားကိုပါ ခေါ်လာတာလား”
မိုဟန်ကျီက မေးမြန်းလိုက်သည်။
ထိုအချိန်မှာပင် သူ၏လက်အောက်ငယ်သားထံမှ သတင်းပို့ချက် တစ်ခုရောက်ရှိလာသည်။
"မစ္စတာမို၊ အွန်လိုင်းပေါ်က တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ စုံစမ်းကြည့်တော့ ထိန်ဖေး နည်းပညာ ဥက္ကဋ္ဌရဲ့သား လျူးယွဲ့ ဖြစ်နေပါတယ်”
မင်ယွဲ့နှင့် ယွမ်ပေါ့တို့သည်လည်း လျူးယွဲ့နှင့် လျိုကျွန်းတို့အကြောင်းကို အသေအချာ စုံစမ်းထားပြီးဖြစ်သော်လည်း ကြီးမားသော လုပ်ငန်းစုတစ်ခု ဖြစ်နေသဖြင့် မိုဟန်ကျီနှင့် အရင်တိုင်ပင်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။ ထို့ကြောင့်သာ ယခုအချိန်ထိ သူတို့၏အမည်များမှာ အွန်လိုင်းပေါ်သို့ ပျံ့နှံ့ခြင်း မရှိသေးခြင်း ဖြစ်သည်။
"သူတို့ကို ဝင်ခိုင်းလိုက်ပါ”
သူတို့ ဘာများပြောမည်ကို မိုဟန်ကျီ သိလိုလှသည်။
"မစ္စတာမို၊ ကျွန်တော့်သားကို ခေါ်ပြီး တောင်းပန်ဖို့ လာခဲ့တာပါ”
လျိုကျွန်းသည် စီးပွားရေးလောကတွင် ဂုဏ်သိက္ခာရှိသူ တစ်ဦးဖြစ်သော်လည်း ယနေ့တွင်မူ သူ၏သားကြောင့် မျက်နှာပျက်နေရရှာသည်။
မိုဟန်ကျီသည် လက်နှစ်ဖက်ကို ယှက်လျက် သူတို့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ ထိုအေးစက်ပြီး အမူအရာကင်းမဲ့သော အကြည့်များအောက်တွင် လျိုကျွန်းတို့ သားအဖမှာ ကျောချမ်းဖွယ်ရာ ခံစားလိုက်ရသည်။
"ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်တို့ သိပြီးသားပါ ခင်ဗျားတို့ ဒါကို ဘယ်လိုဖြေရှင်းချင်တာလဲ”
မိုဟန်ကျီ၏ အကြည့်များမှာ အေးစက်လှသည်။
မင်ယွဲ့အပေါ် ဝေဖန်တိုက်ခိုက်မှုများ ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းကို သူ တွေးမိတိုင်း ဒေါသထွက်မိသည်။
"ခုချက်ချင်း တောင်းပန်စမ်း”
လျိုကျွန်းက သူ၏သားကို ကန်လိုက်ရာ လျူးယွဲ့မှာ ဟန်ချက်ပျက်သွားတော့သည်။ သူသည် မိုက်မဲသော်လည်း ဖခင်ဖြစ်သူ၏ ဒေါသကို မြင်သောအခါ ကြောက်ရွံ့စွာဖြင့် တောင်းပန် ရှာသည်။
"မစ္စတာမို၊ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ် ဒါတွေအားလုံးက ကျွန်တော့်အမှားတွေပါ"
လျိုကျွန်းသည် လျော်ကြေးပေးရန် အသင့် ပြင်လာခဲ့သည်။
"မစ္စတာမို၊ ထိန်ဖေး နည်းပညာအနေနဲ့ အဲဒီ ဉာဏ်ရည်တု စီမံကိန်းကနေ နုတ်ထွက်ပေးမှာဖြစ်သလို စွမ်းအင်သစ် စီမံကိန်းမှာလည်း အကျိုးအမြတ် နှစ်ရာခိုင်နှုန်းကို စွန့်လွှတ်ပေးပါ့မယ်”
သူ နှမြောသော်လည်း ဤလူငယ်အား စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးရမည်ကို သူ နားလည်သည်။ မိုဟန်ကျီသည် ငယ်ရွယ်သော်လည်း စီးပွားရေးလောကတွင် ဝါရင့်သူတစ်ဦးကဲ့သို့ ပါးနပ်လှသည်။
"ကျွန်တော့်ကို စော်ကားတာဆိုရင် ပြဿနာမရှိပေမဲ့ ကျွန်တော့်ချစ်သူကို နာကျင်အောင် မလုပ်သင့်ခဲ့ဘူး”
"ဒါတွေအားလုံးက ကျွန်တော်တို့ အမှားပါနောက်တစ်ချိန်မှာ မင်ယွဲ့နဲ့ လူချင်းတွေ့ပြီး တောင်းပန်ခွင့်ပြုပါဦး”
မိုဟန်ကျီက မင်ယွဲ့၏သဘောထားကို မေးမြန်းကြည့်ရာ သူမက တွေ့ဆုံလိုခြင်းမရှိဘဲ မိုဟန်ကျီအား သဘောရှိ ဆုံးဖြတ်ရန်သာ ပြောခဲ့သည်။
နှစ်ဖက်သဘောတူညီမှု ရရှိပြီးနောက် လျိုကျွန်းတို့ သားအဖ ထွက်ခွာသွားကြလေသည်။
"သူ့သားကတော့ တကယ့်ကို အဖေလုပ်စာ ဖြုန်းမယ့်သူပဲ”
လက်ထောက် လင်ကျင်းက တိုးတိုးလေး ပြောလိုက်သည်။
နောက်တစ်နေ့တွင် ကျိုးရှီယန်သည် ကျောင်းသို့သွားရန် ဝန်လေးနေသော်လည်း ပါမောက္ခက ခေါ်ယူသဖြင့် သွားခဲ့ရသည်။
သူမသည် ကျောင်းသားများ၏ ထူးဆန်းသော အကြည့်များကို ရင်ဆိုင်ရင်း ပါမောက္ခရုံးခန်းသို့ ရောက်သောအခါ ကျောင်းမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။
သူမသည် စိတ်ပျက်အားငယ်စွာဖြင့် ရုံးခန်းထဲမှ ထွက်လာစဉ် ယန်ကျင်းတက္ကသိုလ်၏ တရားဝင် ဝဘ်ဆိုက်ပေါ်တွင် စုံစမ်းစစ်ဆေးမှု ရလဒ်များမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
သူမသည် ဝမ်ကျန်းထံသို့ ဖုန်းဆက်သော်လည်း မရတော့သလို ဝီချက် တွင်လည်း သူမအား ပိတ်ပင်ထားကြောင်း ပြသနေသည်။ သူမသည် လုံးဝ အထီးကျန်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ကျန်းနှင့် ရှိနေစဉ်က သူမသည် ဝတ်ကောင်းစားလှ၊ စားကောင်းသောက်ဖွယ်များဖြင့် အချိန်ဖြုန်းခဲ့ပြီး စုဆောင်းထားခြင်း မရှိခဲ့ပေ။ ယခင်ရှိသမျှ စုဆောင်းငွေများကိုလည်း မင်ယွဲ့ကို တိုက်ခိုက်ရန်အတွက်သာ အကုန်အကျ ခံခဲ့ခြင်းဖြစ်သည်။
ကျိုးရှီယန်ဟူသော အမည်သည် ယန်ကျင်းတက္ကသိုလ်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"ကိုဝမ်၊ ခင်ဗျား အရင်က တွဲခဲ့တဲ့ မိန်းကလေး ဘာဖြစ်သွားလဲ”
ကလပ်တစ်ခုအတွင်း မီးရောင်စုံများကြားတွင် ဝမ်ကျန်းသည် ပျော်ပါးနေရင်း -
"သူမရဲ့ ရုပ်ရည်က သာမန်ပါပဲ ငါ့ကို ပျော်ရွှင်အောင် ထားနိုင်လို့ ငါက ကောင်းကောင်း ဆက်ဆံခဲ့တာ၊ အခုတော့ ငါ စိတ်မပါတော့ဘူးလေ အမှိုက်လိုပဲ လွှင့်ပစ်လိုက်တာပေါ့”
ဟု ဆိုသည်။
သူသည် ကျိုးရှီယန်မှာ မိုဟန်ကျီ၏ ချစ်သူနှင့် ရင်းနှီးသည်ဟု ထင်မှတ်ခဲ့သောကြောင့်သာ အသုံးချရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမ၏ အသုံးမကျမှုကြောင့် စိတ်ကုန်သွားခဲ့ပြီ ဖြစ်သည်။
"ဟားဟား၊ ကိုဝမ်ရေ... သူမ ကျောင်းက အထုတ်ခံလိုက်ရတယ်လို့ ကြားတယ်၊ ခင်ဗျားဆီ ဆက်သွယ်သေးလား”
ဝမ်ကျန်းနှင့် ပေါင်းသင်းနေသူများမှာလည်း စိတ်ဓာတ်ကောင်းသူများ မဟုတ်ကြပေ။
သူတို့သည် ကျိုးရှီယန်ကဲ့သို့သော သူများ ဒုက္ခရောက်နေသည်ကို ကြည့်၍ ပျော်မွေ့နေကြသူများသာ ဖြစ်သည်။
"ငါတို့ အဆက်အသွယ် မလုပ်တာ ကြာပြီလွှင့်ပစ်လိုက်တဲ့ အမှိုက်ကို ဘယ်သူက ပြန် ကောက်မှာလဲ”
အပျော်အပါးမက်သူ ဝမ်ကျန်းသည် သူ၏စကားအတိုင်းပင် ကျိုးရှီယန်အပေါ် ထားရှိခဲ့သည့် ပတ်သက်မှုများကို အစအနပင် မကျန်အောင် ဖျက်ဆီးပစ်ခဲ့လေသည်။
ဤလောကတွင် အချို့သော မိန်းကလေးများသည် ချမ်းသာသူများနောက်သို့ လွယ်လွယ်ကူကူ လိုက်ပါသွားတတ်ကြသော်လည်း အဆုံးသတ်တွင်မူ အသုံးချခံရုံသာ ရှိတတ်ကြသည်မှာ သင်ခန်းစာယူဖွယ်ပင် ဖြစ်တော့သည်။