← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇) ကျွမ်းကျင်မှုဖလှယ်ခြင်း

လူပျိုကြီးဖြစ်နေရသည်မှာ မကြောက်စရာသော်လည်း မိမိ၏သူငယ်ချင်းများအားလုံး အဖော်ကိုယ်စီ ရရှိသွားကြသည်ကို မြင်တွေ့ရခြင်းမှာ ကျန်းကျွန်းအတွက်တော့ ရင်နာစရာကောင်းလှသည်။

သူ၏ သူငယ်ချင်းများ တစ်ယောက်ပြီးတစ်ယောက် အောင်မြင်မှုရနေကြသည်ကို ကြည့်ရင်း သူသည် အားငယ်စိတ်တို့ ဝင်ရောက်လာမိသည်။

သူသည် ရည်းစားမထားဖူးသူမဟုတ်သော်လည်း လူတိုင်းက ထိုဆက်ဆံရေးများကို အပျော်အပါးသက်သက်ဟုသာ သတ်မှတ်ကြသည်။ ဖြစ်နိုင်သည်မှာ သူကိုယ်တိုင်က ဆက်ဆံရေးများအပေါ် အလေးအနက်မထားခဲ့သဖြင့် အလေးအနက်ထားမည့်သူနှင့် မဆုံတွေ့ခဲ့ခြင်းပင် ဖြစ်ပေမည်။

သူသည် စစ်မှန်သော အချစ်ကို မနာလိုဖြစ် နေသည်တော့မဟုတ်၊ မုန်ရှု့၏ လှောင်ပြောင်သရော်သော စကားများကိုသာ သည်းမခံနိုင်ခြင်းဖြစ်သည်။

"ငါက မင်းနဲ့မတူဘူး၊ ငါက မင်းထက် ပိုလိမ္မာတယ်လေ"

ဟု ကျန်းရှုယွီကပါ ဝိုင်း၍ ပြောလိုက်သောအခါ ကျန်းကျွန်းမှာ ဒေါသတကြီးဖြင့် သူတို့ကုမ္ပဏီသို့သွားကာ တစ်ယောက်ချင်းစီကို ထိုးကြိတ်ပစ် ချင်စိတ် ပေါက်သွားတော့သည်။ သို့သော် သူနိုင်မည်မဟုတ်မှန်း သိသဖြင့် အိမ်ပြန်အိပ်ရန်သာ ဆုံးဖြတ်လိုက်ရသည်။

မင်ယွဲ့၏ ဝီချက်ပို့စ်တွင် မှတ်ချက်များ တစ်ဟုန်ထိုး တိုးပွားလာသည်။

မိုဟန်ကျီ၏ မိခင်ပင်လျှင်

"ဒီကလေးမှာ ဒီလိုအရည်အချင်းလည်း ရှိတာပဲ၊ ငါတို့အတွက်ရော ဘယ်တော့ ချက်ကျွေးမှာလဲ"

ဟု ဝင်ရောက်၍ နောက်ပြောင်ခဲ့သည်။

ဤသည်မှာ မင်ယွဲ့နှင့် မိုမိသားစုကြားမှ ရင်းနှီးမှုကို သက်သေပြနေခြင်းပင် ဖြစ်သည်။

ထမင်းစားပြီးနောက် မင်ယွဲ့က ပန်းကန်ဆေးရန် ပြင်သော်လည်း မိုဟန်ကျီက သူမအား ခုံပေါ်သို့ ပြန်၍ ဖိသိပ်ထိုင်ခိုင်းလိုက်သည်။

"မင်းရဲ့ လက်လေးတွေက တခြားအရာတွေ လုပ်ဖို့ပဲ သင့်တော်တာပါ ဒီလို အိမ်အလုပ်တွေ လုပ်ဖို့မဟုတ်ဘူး”

သူသည် သူမ၏ ဖြူစင်နုနယ်သော လက်ကလေးများကို စူးစိုက်ကြည့်ရင်း ဆိုလိုက်သည်။

သူ၏ အကြည့်များတွင် မြတ်နိုးမှုတို့ အပြည့်အဝ ဖုံးလွှမ်းနေသည်။ မင်ယွဲ့သည် သူမ၏ လက်ဖဝါးပေါ်ရှိ ယခင်က လုပ်ငန်းခွင်များကြောင့် ဖြစ်ပေါ်ခဲ့သော အသားမာလေးများကို သတိရမိသော်လည်း ယခုအခါ စနစ်၏ ခန္ဓာကိုယ်သန့်စင်မှု ကျေးဇူးကြောင့် ထိုအရာများ ပျောက်ကွယ်ကာ နုနယ်ချောမွတ်နေပြီဖြစ်သည်။

မိုဟန်ကျီသည် မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေရင်း လှည့်ကြည့်လိုက်ရာ မင်ယွဲ့၏ လှပသော အပြုံးနှင့် ဆုံတွေ့လိုက်ရသည်။ ထိုအပြုံးက သူ၏ နှလုံးသားကို လှုပ်ခတ်သွားစေကာ ကိုင်ထားသော တူများကိုပင် လွတ်ကျမတတ် ဖြစ်သွားစေသည်။

ညအချိန်တွင် သူတို့နှစ်ဦး ဆိုဖာပေါ်၌ အတူတူ ထိုင်နေကြသည်။

မိုဟန်ကျီသည် ကျန်းကျွန်း၏ စာတိုများကို ကြည့်ကာ -

"ဒါက မင်းရဲ့ ဦးနှောက်ကုသဖို့အတွက် ပေးတဲ့ ပိုက်ဆံပဲ၊ ပါရဂူနဲ့ သွားပြလိုက်ဦး"

ဟု ပြတ်သားစွာ ပြန်လည် တုံ့ပြန်လိုက်လေသည်။

ထိုညတွင် မိုဟန်ကျီသည် မင်ယွဲ့၏ အိမ်၌ပင် တစ်ညအိပ်ခဲ့သည်။ အမှောင်ထုထဲတွင် သူသည် သူမအား တင်းကျပ်စွာ ဖက်ထားရင်း သူမ၏ နဖူးလေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။ မင်ယွဲ့သည်လည်း သူပေးသော လုံခြုံမှုအောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။

နောက်ရက်များတွင် မင်ယွဲ့သည် မိုဟန်ကျီ၏ မွေးနေ့အတွက် လက်ဆောင်များ ပြင်ဆင်ရန် အလုပ်များနေခဲ့သည်။ သူမသည် ပန်းချီကားပေါင်း တစ်ရာကျော်ကို ရေးဆွဲခဲ့ပြီး ယခုအခါ ထွင်းထုခြင်းပညာရပ်ကို စတင်သင်ယူရန် ဆုံးဖြတ်လိုက်သည်။

သူမသည် စနစ်စတိုးဆိုင်မှ ထွင်းထုခြင်း ပညာရပ် အထုပ်အပိုးကို ဂုဏ်သတင်းအမှတ် ၁၀၀,၀၀၀ ဖြင့် ဝယ်ယူလိုက်သည်။

၎င်းတွင် သစ်သားထွင်းခြင်း၊ ကျောက်စိမ်းထွင်းခြင်းနှင့် ကျောက်ထွင်းခြင်းဆိုင်ရာ နည်းပညာများ အားလုံး ပါဝင်သည်။

သူမသည် မိုဟန်ကျီအတွက် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လက်ကြယ်သီး လေးများကို ကိုယ်တိုင် ဖန်တီးပေးချင်နေခြင်းဖြစ်သည်။

ပညာရပ်များကို virtual ခန်းမထဲတွင် စနစ်တကျ လေ့လာပြီးနောက် မင်ယွဲ့သည် လက်တွေ့စမ်းသပ်ရန်အတွက် ကျောက်စိမ်းအကြမ်းစားအချို့ကို ဝယ်ယူရန် အပြင်သို့ ထွက်လာခဲ့သည်။

သူမသည် အနက်ရောင် ဆွယ်တာအင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ကာ သူမ၏ အားကစားကားလေးဖြင့် ရန်ကျင်းမြို့၏ ဟောင်းနွမ်းသော လမ်းကြားလေးတစ်ခုသို့ မောင်းနှင်လာခဲ့သည်။

ထိုလမ်းကြားသည် ကျောက်ပြားများ ခင်းထားပြီး ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသည်။ သူမသည် ဆိုင်ငယ်လေးတစ်ဆိုင်ထဲသို့ ဝင်ရောက်သွားရာ အလုပ်များနေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။

ဆိုင်အတွင်း၌ သစ်သားဖြင့် ပြုလုပ်ထားသော လှပသည့် မီးအိမ်များ၊ နဂါးနှင့် ဒေါင်းရုပ်များ ထွင်းထုထားသည့် ဝါးလုံးများ စီရရီ ရှိနေသည်။

မင်ယွဲ့သည် အဘိုးအို၏ လက်ရာများကို စိတ်ဝင်တစား ကြည့်ရှုနေမိသည်။ အဘိုးအိုသည် မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ အပြုံးတစ်ခုနှင့်အတူ ပြေလျော့သွားကာ သူမအား မေးလိုက်သည်။

"လိုချင်လို့လား”

အဘိုးအိုသည် မြက်ခြောက်များဖြင့် ကျားရုပ်ကလေးတစ်ရုပ်ကို ပြုလုပ်နေခြင်းဖြစ်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော တောဘုရင်ပုံစံ မဟုတ်ဘဲ ချစ်စရာကောင်းသော ပုံစံလေးဖြစ်သည်။

"အဘိုး... ပန်ဒါရုပ်လေးရော ရက်ပေးလို့ ရမလားဟင်”

မင်ယွဲ့သည် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

စားပွဲပေါ်တွင် ဆယ့်နှစ်ရာသီခွင် တိရစ္ဆာန်ရုပ်လေးများ စုံလင်စွာ ရှိနေသည်ကို မြင်တွေ့ရသည်မှာ သူမအတွက်တော့ ထူးခြားဆန်းပြားသော အနုပညာနယ်မြေတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ခံစားရလေတော့သည်။

အခန်း ၃၇၈ အလျှော့မပေးလိုစိတ်

မင်ယွဲ့သည် ပန်ဒါရုပ်လေးအား ရက်လုပ်ပေးရန် တောင်းဆိုပြီးနောက် မိမိကိုယ်ကို အခက်တွေ့စေမိပြီလားဟု တွေးတောနေစဉ်မှာပင် အဘိုးအိုက တည်ငြိမ်စွာဖြင့် "ရပါတယ်" ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဘိုးအိုသည် သူ၏အားလပ်ချိန်များတွင် ထိုအရာများကို စိတ်ကူးပုံဖော်လေ့ရှိသော်လည်း မည်သူမျှ လာရောက်တောင်းဆိုခြင်း မရှိသဖြင့် ပျင်းရိကာ မလုပ်ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်။

"ခဏတော့ စောင့်ရမယ်နော်၊ ရမလား”

"ရပါတယ် အဘိုး”

မင်ယွဲ့သည် ဘေးမှနေ၍ စိတ်ဝင်တစား စောင့် ကြည့်နေမိသည်။

အဘိုးအို၏ လက်အစုံမှာ အလွန်ပင် လျင်မြန်လှရာ တန်ဖိုးနည်းပါးသော မြက်ခြောက်ပင်လေးများသည် သူ၏လက်ထဲတွင် အသက်ဝင်သော အနုပညာလက်ရာများအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။

"ကျွန်မလည်း စမ်းကြည့်လို့ ရမလားဟင်”

သူမသည် စမ်းသပ်လိုစိတ် ပြင်းပြလာသဖြင့် ရက်လုပ်သည့် ကုန်ကြမ်းများကို ညွှန်ပြကာ မေးလိုက်သည်။

အဘိုးအိုကလည်း ဂရုမစိုက်ဟန်ဖြင့် ခွင့်ပြုလိုက်သည်။ သူ၏ဆိုင်သို့ လာရောက်သမျှ လူငယ်များစွာမှာလည်း ဤကဲ့သို့ပင် စမ်းသပ်လိုကြသော်လည်း အဆုံးအထိ စိတ်ရှည်သူ အလွန်ရှားပါးလှသည်။

သို့သော် မင်ယွဲ့သည် ထူးခြားနေခဲ့သည်။

သူမသည် အဘိုးအို၏ လက်လှုပ်ရှားမှုများကို တစ်ချက်မလွတ်စေဘဲ စူးစိုက်ကြည့်ကာ တစ်ဆင့်ချင်းစီ လိုက်လံလုပ်ဆောင်သည်။

သူမ၏ မှတ်ဉာဏ်နှင့် ပန်းချီပညာရပ်ဆိုင်ရာ အခြေခံများကြောင့် ပန်ဒါ၏ ပုံသဏ္ဌာန်ကို အချိုးအစားကျနစွာ ဖော်ဆောင်နိုင်ခဲ့သည်။ အဘိုးအိုသည် သူမ၏ လက်ရာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး -

“ဒါ မင်း တကယ်ပဲ ပထမဆုံးအကြိမ် လုပ်တာလား"

ဟုပင် မေးမြန်းခဲ့ရတော့သည်။

မြက်ခြောက်ဖြင့် ရက်လုပ်ထားသော အမှတ်တရပစ္စည်းများစွာကို ဝယ်ယူပြီးနောက် မင်ယွဲ့သည် သူမ၏ အဓိကရည်ရွယ်ချက်ဖြစ်သော ကျောက်စိမ်းဆိုင်သို့ ရောက်ရှိလာခဲ့သည်။

ဆိုင်အတွင်း၌ အမျိုးသမီးတစ်ဦးသည် ကျောက်စိမ်းထွင်းထုခြင်း အလုပ်ကို အာရုံစိုက်လုပ်ကိုင်နေသည်ကို တွေ့ရသည်။

"ကျောက်ရိုင်းတုံး၊ ကျောက်စိမ်းကုန်ကြမ်း ဒါမှမဟုတ် အချောထည်... ဘယ်လိုမျိုးကို ကြည့် ချင်တာလဲရှင့်”

မင်ယွဲ့သည် ထွင်းထုခြင်းပညာရပ်ကို လေ့ကျင့်ရန်အတွက် ကုန်ကြမ်းများကိုသာ ဝယ်ယူလိုသဖြင့် တန်ဖိုးသင့်တင့်သော ကျောက်စိမ်းများကို ရွေးချယ်ခဲ့သည်။

သူမသည် 'ချဲ့မော့ပြာ' ဟု ခေါ်သည့် စိမ်းပြာရောင် ကျောက်စိမ်းနှင့် 'ရေကြည်အဆင်း'ဟု အမည်ရသည့် ကောင်းကင်ပြာရောင် ကျောက်စိမ်းများကို ရွေးချယ်လိုက်သည်။

ထိုစဉ် ဆိုင်အတွင်းသို့ လူနှစ်ဦး စကားတပြောပြောဖြင့် ဝင်ရောက်လာကြသည်။ ၎င်းတို့အနက် တစ်ဦးမှာ မိုမိသားစုအိမ်တော်ဟောင်းတွင် ဆုံတွေ့ခဲ့ဖူးသော ဝမ်မိသားစု၏ သမီးကြီး ဝမ်ချင်း ဖြစ်နေသည်။

"မစ္စမင်... ကျွန်မတို့ အမေ့အတွက် လက်ဆောင်ဝယ်ဖို့ အလောတကြီး ဖြစ်နေလို့၊ ကျွန်မတို့ကို အရင် ဝန်ဆောင်မှုပေးဖို့ ခွင့်ပြုနိုင်မလား”

သူမ၏ လေသံမှာ ယဉ်ကျေးသယောင်ရှိသော်လည်း မင်ယွဲ့ကို အထင်အမြင်သေးသည့် အရိပ်အယောင်များ ပါဝင်နေသည်။

သူမ၏ သူငယ်ချင်းကမူ ပို၍ပင် ဆိုးရွားလှသည်။

"နင်က မစ္စတာမိုရဲ့ ရည်းစားဆိုတာလား ရုပ်လေးကတော့ လှသားပဲ”

သူမက မင်ယွဲ့ကို အထက်စီးမှနေ၍ ကြည့်ကာ ဆိုလိုက်သည်။

မင်ယွဲ့သည် အပြုံးမပျက်ဘဲ - "

ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရှင်ကတော့ ရုပ်မလှမှန်း ကျွန်မ သိထားပြီးသားမို့လို့ ထပ်ပြောနေဖို့ မလိုပါဘူး ပြီးတော့ မစ္စဝမ်က သူတစ်ပါးအပေါ် စာနာတတ်တယ်လို့ ကြားဖူးပေမဲ့ အခုတော့ မိခင်အတွက် လက်ဆောင်ဝယ်ဖို့ အကြောင်းပြပြီး တခြားသူကို ဖယ်ခိုင်းတာကတော့ လူ့ကျင့်ဝတ်နဲ့ မညီဘူး ထင်တယ်နော်"

ဟု အေးဆေးစွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။

ဝမ်ချင်းသည် ဒေါသကြောင့် မျက်နှာပျက်သွားသော်လည်း သူမ၏သူငယ်ချင်းက

"တို့ရဲ့ ဝမ်ချင်းက ဝမ်မိသားစုရဲ့ သမီးကြီးလေ၊ နင့်လို အမျိုးသားကို အားကိုးနေရတဲ့သူနဲ့ မတူဘူး"

ဟု ဆက်လက် တိုက်ခိုက်သည်။

"ဟုတ်ပါပြီ... ချမ်းသာတဲ့သူတွေဆိုတော့လည်း မတူဘူးပေါ့ စကားတောင် ပြောစရာမလိုဘဲ အနားမှာ ကူညီပေးမယ့်သူတွေ အဆင်သင့်ရှိနေတာပဲ"

ဟု မင်ယွဲ့က ခပ်နောက်နောက်လေး ဆိုလိုက် သည်။

နောက်ဆုံးတွင် ဝမ်ချင်းသည် သူမ၏ ဂုဏ်သိက္ခာကို ပြသရန်အတွက် ဆိုင်အတွင်း ခင်းကျင်းထားသည့် 'ဧကရာဇ်စိမ်း' ကျောက်စိမ်းတုံးကို ဝယ်ယူရန် ကြိုးစားတော့သည်။

"ဒါကို ဘယ်လောက်နဲ့ ရောင်းမလဲ။ ယွမ် သန်း ၃၀ ပေးမယ်”

မင်ယွဲ့သည် သူမ၏ မိုက်မဲမှုကို ကြည့်ကာ ရယ်မောမိတော့သည်။ ဤကဲ့သို့သော အဆင့်မြင့် ကျောက်စိမ်းမှာ ယွမ်သန်းပေါင်း ရာနှင့်ချီ တန်ဖိုးရှိကြောင်း သူမ လေ့လာထားခဲ့သည်။

ဝမ်ချင်းက ယွမ် သန်း ၃၀၊ သန်း ၅၀၊ နောက်ဆုံး သန်း ၆၀ အထိ ဈေးမြှင့်ပေးခဲ့သော်လည်း ဆိုင် မန်နေဂျာက ပြတ်သားစွာပင် ငြင်းဆိုလိုက်သည်။

"မစ္စဝမ်... ဒီကျောက်စိမ်းက ဘယ်လောက်ပဲ ပေးပေး မရောင်းနိုင်ပါဘူးရှင့်”

ဝမ်ချင်းမှာ အရှက်ရကာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။ မင်ယွဲ့သည် အရှက်ရနေသော သူမအား အေးဆေးစွာ ကြည့်နေရင်း ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် ကြည့်ပျော်ရှုပျော်ရှိသော ပြဇာတ်တစ်ခုကဲ့သို့ ခံစားနေရလေတော့သည်။

All Chapters