အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အပိုင်း (၁၅၁) အတူတူ မြင်းစီးခြင်း
"ခြေဖဝါး အရှေ့ပိုင်းကို နင်းခုံပေါ် တင်ပြီး စိတ်မပူနဲ့၊ တစ်ချက်တည်း တက်လိုက်"
ကျိုကော၏ လက်ကို ဆုပ်ကိုင်ထားပြီး သူ၏ ခိုင်မာသော ပံ့ပိုးမှုအောက်တွင် ရှန်မြောင်သည် နောက်ဆုံးတော့ ဂရုတစိုက်ဖြင့် မြင်းပေါ်သို့ တက်နိုင်သွားလေသည်။ သူမသည် ပုံမှန် အလုပ်လုပ်ရသဖြင့် ခြေဖနောင့်ထိ ရှည်သည့် စကပ်များကို ဝတ်လေ့မရှိဘဲ ယနေ့တွင်တော့ လိပ်ပြာပုံစံ အကွဲပါသည့် ချည်သား ဝတ်ရုံရှည်နှင့် ဘောင်းဘီစကပ်ကို ဝတ်ဆင်ထားရာ မြင်းစီးရန် အဆင်ပြေနေတော့သည်။
စုန့်ခေတ်၏ မြင်းကုန်းနှီးများသည် အတော်အတန် ကျယ်ဝန်း ပြားကပ်နေပြီး ကုန်းနှီးတောင်ပံများမှာ အပြင်ဘက်သို့ ကွေးညွှတ်နေကာ အပေါ်ယံတွင် နူးညံ့သည့် နွားရေဖြင့် ဖုံးအုပ်ထားသဖြင့် တစ်ယောက်တည်း စီးစီး၊ နှစ်ယောက်တည်း စီးစီး အနှောင့်အယှက် မဖြစ်ပေ။
မြင်းစီး တစ်ခါမှ မသင်ဖူးသူ တစ်ယောက်အဖို့ ပထမဆုံးအကြိမ် မြင်းစီးသည့်အခါ မြင်းပေါ် တက်ရသည်မှာပင် အလွန် ခက်ခဲလေသည်။
ကံကောင်းစွာဖြင့် Rolls-Royceမြင်းသည် စိတ်သဘောထား နူးညံ့ပြီး ရှန်မြောင်၏ လှုပ်ရှားမှုများ အဆင်မပြေဘဲ တုန်လှုပ်နေသော်လည်း အရုပ်မြင်းတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ရပ်နေပေးလေသည်။ သို့သော် မြင်းကုန်းနှီးပေါ် ရောက်သွားချိန်တွင် မြင့်မားသွားသည့် မြင်ကွင်းကြောင့် သူမ ရင်တုန်သွားသော်လည်း တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
အကြောင်းမှာ ရှဲ့ချီသည် ဇက်ကြိုးကို ကိုင်ကာ ကျွမ်းကျင်စွာဖြင့် ကိုယ်ကို တစ်ပတ်လှည့်ပြီး သူမအနောက်သို့ ရောက်လာသောကြောင့်ပင်။
ကျယ်ဝန်းပြီး နွေးထွေးသည့် ရင်ခွင်ကျယ်ကြီးက သူမကျောပြင်ကို ကပ်ထားပြီး လေဒဏ်ကို ကာကွယ်ပေးထားလေသည်။
"မြင်းစီးရင် လေတိုးတယ်၊ ရှန်ညန်ဇီ ဝတ်ရုံခြုံထားလိုက်ပါ" သူ၏ အသံမှာ တိုးညင်းနေပြီး သူမထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံ ရလေသည်။
ရှန်မြောင်လည်း လှည့်မကြည့်ရဲသလို တခြားသူများကိုလည်း မကြည့်ရဲပေ။ အားထောင်၏ လည်ချောင်းထဲမှ အောင့်အီးထားရသည့် ထူးဆန်းသော ရှိုက်သံသဲ့သဲ့ကို ကြားနေရသော်လည်း မကြားချင်ယောင် ဆောင်နေလိုက်ရသည်။
သူမ၏ မျက်နှာသည် ရေနွေးငွေ့ပေါင်းအိုးကဲ့သို့ တဖြည်းဖြည်း ပူနွေးလာတော့၏။
သူမသည် မြင်းကုန်းနှီးအစွန်းကိုသာ ဆုပ်ကိုင်ထားပြီး မကြားတကြား ပြန်ဖြေလိုက်လေသည်။
သိပ်မကြာခင်မှာပင် ရှန်မြောင်၏ ပခုံးသားများ အနည်းငယ် လေးလံသွားပြီး လည်ပင်းပေါက်မှ ပေါ်နေသည့် အသားစိုင်များသည် ထူထဲအိစက်သော ပိုးသား၏ အထိအတွေ့ကို ခံစားလိုက်ရသည်။ သူသည် သူဝတ်နေကျ မြေခွေးသားမွေးဝတ်ရုံကို ချွတ်လိုက်ပြီး အနောက်မှနေ၍ သူမကို လွှမ်းခြုံပေးလိုက်သည်။ သွယ်လျသည့် လက်မောင်းတံများက သူမ၏ ပခုံးကို ကျော်လွန်ကာ တိမ်လိပ်ပုံစံများ ထိုးထားသည့် ဖဲကြိုးများကို ကိုင်လျက် သူမ၏ လည်ပင်းရှေ့တွင် ခိုင်မြဲသည့် ကြိုးနှစ်ထပ်ချည်ရန် ပြင်ဆင်လိုက်လေသည်။
ရှန်မြောင်သည် သူ့လက်နှင့် မထိမိစေရန် မေးစေ့ကို အနည်းငယ် မော့လိုက်သော်လည်း မော့လိုက်သည့်အချိန်တွင် နားရွက်ဖျားလေးသည် ရှဲ့ချီ၏ လက်ကောက်ဝတ်မှ စူထွက်နေသော အရိုးစွန်းလေးနှင့် မတော်တဆ ထိမိသွားတော့သည်။
သူ့လက်များ ရပ်တန့်သွားတော့သည်။
အေးစက်နေသည့် နားရွက်ဖျားလေးသည် သူ့လက်ရိုးကို ပွတ်တိုက်မိသွားပြီး သူ့လက်မှ အပူငွေ့ ကူးစက်သွားသကဲ့သို့ ချက်ချင်း ပူနွေးသွားတော့သည်။ ရှန်မြောင် တောင့်တင်းသွားပြီး နေရခက်စွာဖြင့် ထိုအနေအထားအတိုင်း ဆက်နေလိုက်ကာ လှုပ်ပင် မလှုပ်ရဲတော့ပေ။
ကံကောင်းစွာဖြင့် ရှဲ့ချီသည် လျင်မြန်စွာဖြင့် ဝတ်ရုံကို ချည်ပေးလိုက်ပြီး ကတုန်ကရင်ဖြင့် လက်ကို ပြန်ရုတ်သိမ်းသွားတော့သည်။
လေကာအမွှေးများ ပါရှိသည့် ခေါင်းဆောင်းကြီးသည် သူမ၏ ပူနွေးနေသည့် မျက်နှာတစ်ဝက်ကို ဖုံးအုပ်သွားတော့သည်။ ရှဲ့ချီသည် သူမထက် အရပ်အများကြီး ပိုရှည်သဖြင့် သူ့ဝတ်ရုံသည်လည်း အလွန် ကျယ်ဝန်းရှည်လျားကာ သူမတစ်ကိုယ်လုံးကို ထွေးပိုက်ထားသကဲ့သို့ ဖြစ်နေသည်။
"သွားစို့"
အနောက်ဘက်မှ တိုးရှရှ သူ့အသံက ထွက်ပေါ်လာသည်။
ရှဲ့ချီ၏ လက်များသည် သူမဘေးမှ ထွက်လာကာ ဇက်ကြိုးကို ဆွဲကိုင်လိုက်ပြီး ခြေထောက်ဖြင့် မြင်းဗိုက်ကို ညှပ်လိုက်သည်နှင့် Rolls-Royceမြင်းသည် သူတို့နှင့် နားလည်မှုရှိစွာဖြင့် ဖြည်းဖြည်းချင်း ရှေ့သို့ တိုးထွက်သွားတော့သည်။ ဝတ်ရုံက ကွယ်ထားသဖြင့် လမ်းပေါ်ရှိ လူများကိုလည်း မမြင်ရတော့ပေ။
အနောက်ဘက်မှ ယန့်ရှူးနှင့် ရှန်းအာတို့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကလေးသီချင်း ဆိုနေသံ၊ ထိုသီချင်းသံကြားတွင် ချန်ချွမ်းနှင့် ကျိကောအာတို့ ဥပဒေအကြောင်း ဆွေးနွေးနေသံ၊ မြင်းပုလေးများ၏ ခွာသံများ တဖြည်းဖြည်း လိုက်ပါလာသံများကို သူမ ကြားနေရသည်။
သူမသည် မျက်လွှာချလိုက်ပြီး နူးညံ့သိပ်သည်းသည့် မြေခွေးမွေးများက သူမကို ဝန်းရံထားပြီး မျက်စိရှေ့တွင် မှောင်မည်းကာ ယိမ်းထိုးနေလေသည်။ နှာခေါင်းထဲတွင် ထင်းရှူးသားနှင့် သစ်မွှေးနံ့သင်းသင်းလေး ရနေသည်။ သူမသည် ရှဲ့ချီအမည်ရှိသည့် ထင်းရှူးတောအုပ်ထဲ ရောက်နေသကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် သစ်စေးနံ့ သင်းသင်းလေးနှင့် အေးမြသည့် ရနံ့များ ပြည့်နှက်နေလေသည်။
ရှန်မြောင်သည် အရင်ကတည်းက သစ်သားနံ့ကို ကြိုက်ပြီး သစ်သား၏ မူရင်းရနံ့ကို နှစ်သက်သည်။ ထင်းရှူးသားနံ့သည် သစ်တောထဲ မသွားလျှင် ခဲတံချွန်ထားသည့် အစအနများ၏ အနံ့နှင့် တူသော်လည်း မိုးမလင်းခင် မြူဆိုင်းနေသည့် ထင်းရှူးတောထဲ ဝင်သွားလျှင် လန်းဆန်းသည့် သစ်သားနံ့ကို ရရှိတတ်သည်။
ရှဲ့ချီ၏ ကိုယ်သင်းနံ့ကို ရှန်မြောင် အကြာကြီး စဉ်းစားပြီးနောက် ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။ လျှို့ဝှက်နက်နဲသည့် တောင်လေညင်းက ထင်းရှူးရွက်များကို တိုးဝှေ့တိုက်ခတ်သွားသကဲ့သို့၊ မိုးမလင်းမီ တောင်ပေါ်တောအုပ်ထဲတွင်သာ ရရှိနိုင်သည့် လေအေးကဲ့သို့၊ မြူနှင်းများကြားတွင် သစ်ပင်များ ငြိမ်သက်စွာ အသက်ရှူနေသကဲ့သို့ ဖြစ်လေသည်။
ဤသို့ တွေးလိုက်မိမှ သူမ စိတ်သက်သာရာ ရသွားတော့သည်။ သူမ၏ ကျောပြင်နောက်မှ ရှဲ့ချီ၏ ကိုယ်ငွေ့နွေးနွေးကို အဆက်မပြတ် ခံစားနေရသော်လည်း တည်ငြိမ်သွားတော့သည်။
ရင်းနှီးနေသည့် ကျင်းလျန်တံတားကို ဖြည်းဖြည်းချင်း ကျော်ဖြတ်ပြီး မြို့တံခါးအပြင်ဘက်သို့ ရောက်သွားမှ ရှန်မြောင် သက်ပြင်းချနိုင်တော့သည်။
လူများသည် ဝမ်းစာအတွက် အလုပ်ရှုပ်နေကြသဖြင့် သူမကို မည်သူမျှ ကြည့်မနေကြပေ။ အလွန်ဆုံး ကြည့်လျှင်လည်း ထူးခြားစွာ မြင့်မားနေသည့် မြင်းကြီးကိုသာ ကြည့်ကြလိမ့်မည်။
နောက်ဆုံးတော့ သူမသည် မျက်လုံးဖွင့်ပြီး မြင်းပေါ်မှနေ၍ ပြန့်ကျင်းမြို့တော်ကို ကြည့်ရဲသွားပြီ ဖြစ်သည်။
သူမ အရပ်မြင့်သွားပြီ ဖြစ်သဖြင့် အမိုးစွန်းများထက် မြင့်မားသည့် မြင်ကွင်းကို မြင်နေရသည်။ လမ်းဘေးဝဲယာရှိ ပြည့်သိပ်နေသည့် ဆင်းရဲသား ရပ်ကွက်မှ အိမ်နိမ့်လေးများနှင့် တဲအိမ်လေးများသည် ပိုပြီး သေးငယ်သွားသလို ခံစားရပြီး တစ်ခါတစ်ရံ ခေါင်းပေါ်မှ ဖြတ်သွားသည့် ဆိုင်းဘုတ်များကိုပင် ထိမိမတတ် ဖြစ်နေသည်။ အချို့အိမ်များ၏ ခြံစည်းရိုးများ နိမ့်လွန်းသဖြင့် ခြံထဲတွင် လှမ်းထားသည့် အဝတ်အစားများနှင့် တောင်းထဲမှ မှိုခြောက်များကိုပင် မြင်နေရသည်။
အပေါ်စီးကနေ ကြည့်ရတာ ဒီလိုခံစားချက်မျိုးပါလား။ မာန်မာန ထောင်လွှားခြင်း မဟုတ်ဘဲ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခြင်းပင်။
မြို့ပြင်သို့ ရောက်သည်နှင့် Rolls-Royceမြင်းသည် ကျယ်ဝန်းသည့် တရားဝင်လမ်းမကြီးပေါ်တွင် ဖြည်းဖြည်းချင်း စတင် ပြေးလွှားတော့သည်။ ရှန်းအာတို့ စီးလာသည့် မြင်းပုလေးများသည် မျက်စိတစ်မှိတ်အတွင်း အနောက်တွင် ကျန်ရစ်ခဲ့တော့သည်။ လေပြင်းများက နားဘေးမှ တဝေါဝေါ ဖြတ်တိုက်ခတ်သွားပြီး သူမ၏ အဝတ်အစားများကို လေပွစေသည်။ ရှန်မြောင် မြင်းမစီးတတ်သေးသဖြင့် မြင်းက အရှိန်ဖြင့် ပြေးလိုက်သည်နှင့် သူမ၏ ပေါင်နှင့် တင်ပါးများ လေထဲ မြောက်တက်သွားသလို ခံစားလိုက်ရသည်။
မြန်လိုက်တာ၊ မြင်းက ဒီလောက်တောင် မြန်တာလား။ ခေတ်သစ်က ကားမောင်းသလိုပဲ။
ဒါက အမိုးဖွင့်ကားကြီးပဲ!
ရှန်မြောင်သည် လန့်လွန်းသဖြင့် နှလုံးခုန်သံများ လည်ချောင်းဝ ရောက်လာမတတ် ဖြစ်သွားသည်။
သူမမှာ ကြောက်လွန်းသဖြင့် ပခုံးများ တွန့်သွားပြီး အော်ဟစ်လိုက်ချင်စိတ် ပေါက်သွားချိန်တွင် ရှဲ့ချီ၏ လက်မောင်းများက ရုတ်တရက် သူမ ခါးကို တင်းကျပ်စွာ ဖက်တွယ်လိုက်လေသည်။
"မကြောက်နဲ့၊ ခန္ဓာကိုယ်ကို ရှေ့နည်းနည်း ကိုင်းပြီး လိုက်စီးကြည့်" လေတိုးသံကြားမှ ရှဲ့ချီ၏ အသံ ထွက်ပေါ်လာသည်။
သူသည် သူမ၏ အနောက်မှ ခိုင်ခံ့သည့် တောင်ကြီးတစ်လုံးကဲ့သို့ သန်မာတောင့်တင်းသည့် လက်မောင်းများဖြင့် လှုပ်ရမ်းနေသော သူမ၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ မြဲမြံစွာ ဆွဲသွင်းထားလိုက်သည်။ ရှန်မြောင်၏ ကျောပြင်သည် သူ၏ ရင်ဘတ်နှင့် တင်းကျပ်စွာ ကပ်သွားပြီး သူမ၏ ခါးကို သူ၏ လက်မောင်းဖြင့် ထောက်မပေးထားသဖြင့် ပြိုင်ကားမောင်းသည့်အခါ ထိုင်ခုံခါးပတ် ပတ်ထားသကဲ့သို့ ခံစားလိုက်ရသည်။
ရှက်ဖို့အချိန်ပင် မရတော့ပေ။ လှုပ်ရမ်းမှု သိသိသာသာ လျော့နည်းသွားပြီး တင်ပါးများ လေထဲ မမြောက်တော့သလို သူမ၏ ပေါင်များသည်လည်း ပြေးလွှားနေသဖြင့် ကြွက်သားများ တင်းမာနေသည့် မြင်းခန္ဓာကိုယ်နှင့် အကြမ်းပတမ်း ရိုက်ခတ်ခြင်း မရှိတော့ပေ။
ရှန်မြောင် အသက်ဘေးမှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။
မြင်းစီး မကျွမ်းကျင်သူများ မြင်းအရှိန်မထိန်းနိုင်ဘဲ လိမ့်ကျကုန်ကြသည်မှာ မဆန်းပေ။ မြင်းပြေးသည့် အရှိန်နှင့် အားသည် ရှန်မြောင် ထင်ထားသည်ထက် များစွာ ပိုလေသည်။
ခေတ်သစ်တုန်းက သူမသည် မြင်းစီးသင်နိုင်လောက်အောင် ချမ်းသာသည့်သူ မဟုတ်ခဲ့ပေ။ အပန်းဖြေစခန်းများတွင် လူဆွဲပြီး ဖြည်းဖြည်းချင်း လျှောက်ပေးသည့် မြင်းများကို စီးရုံဖြင့် ယခုကဲ့သို့ ကြယ်တံခွန်လို မြန်ဆန်သည့် ခံစားမှုကို ရရှိနိုင်မည် မဟုတ်ပေ။
လေပြင်းများ မျက်နှာကို လာရိုက်ခတ်သဖြင့် ရှန်မြောင်၏ ခေါင်းဆောင်းကြီး ကျွတ်ကျသွားတော့သည်။
ရှဲ့ချီက လက်တစ်ဖက် လွှတ်လိုက်ပြီး တစ်ဖက်တည်းဖြင့် ဇက်ကို ကိုင်ကာ ခေါင်းဆောင်းကို လျင်မြန်စွာ ပြန်ဆွဲတင်ပေးလိုက်သည်။
မကြာမီ ပြန်ကျွတ်ကျသွားပြန်သည်။
ရှဲ့ချီက ဇွဲကောင်းကောင်းဖြင့် ပြန်ဆွဲတင်ပေးပြန်သည်။
သူက "လေတိုက်ရင် ခေါင်းကိုက်တတ်တယ်" ဟု ရှင်းပြသေးသည်။
ထိုသို့ အကြိမ်ကြိမ် ဖြစ်ပျက်ပြီးနောက် နောက်ဆုံးတွင် ရှန်မြောင်သည် မျက်နှာသေဖြင့် ခေါင်းဆောင်းအနားကို ကိုယ်တိုင် ဖမ်းဆုပ်ထားလိုက်တော့သည်။
ရှဲ့ချီသည် သူမ အနောက်မှနေ၍ တိုးတိုးလေး ရယ်မောလိုက်လေသည်။
အခုတော့ မှီခိုစရာ ရှိသွားပြီ ဖြစ်သဖြင့် ရှန်မြောင်သည် ထိုအရှိန်ကို တဖြည်းဖြည်း ကျင့်သားရလာသည်။ လမ်းဘေးဝဲယာမှ လယ်ကွင်းများ လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားသည်ကို ကြည့်ရင်း Rolls-Royceမြင်း၏ အရှိန်ကို တွက်ချက်ကြည့်ရန် စိတ်ကူးပေါက်လာသည်။ ခေတ်သစ် အမြန်နှုန်းဖြင့် တွက်မည်ဆိုလျှင် တစ်နာရီကို ၅၀-၆၀ ကီလိုမီတာလောက်တော့ ရှိပေလိမ့်မည်။
တစ်နေ့ မိုင်တစ်ထောင် ခရီးဆိုသည်မှာ ချဲ့ကားပြောဆိုခြင်း ဖြစ်နိုင်သော်လည်း Rolls-Royceမြင်းသည် တစ်နေ့ကို မိုင်ရာချီ ပြေးနိုင်သည်မှာ တကယ် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ သမိုင်းကြောင်းထဲမှ လျောင်နိုင်ငံနှင့် ကျင်းနိုင်ငံ မြင်းတပ်များ အဘယ်ကြောင့် ထိုမျှ စွမ်းရည်ထက်မြက်ခဲ့သနည်း ဆိုသည်ကို နားလည်သွားတော့သည်။ လက်နက်ဖြင့် တိုက်ခိုက်ရသည့် ခေတ်တွင် ဤမျှ မြန်ဆန်စွာ စစ်သည်များကို ရွှေ့ပြောင်းနိုင်ခြင်းသည် ဂိမ်းထဲတွင် Cheat ကုဒ် သုံးထားသကဲ့သို့ပင်။
ဧကရာဇ်မင်းမြတ်က တာ့ဝမ်မြင်းများကို ဘာကြောင့် ဒီလောက် လိုချင်နေရသလဲ ဆိုတာ မပြောနဲ့တော့။
ထို့အပြင် အကွေ့များတွင် အရှိန်မလျှော့ဘဲ မြန်မြန်ဆန်ဆန်နှင့် တည်ငြိမ်စွာ ပြေးနိုင်လေသည်။ ရှဲ့ချီသည် မတတ်သာသည့်အဆုံး အနောက်မှနေ၍ ကိုယ်ကို ကိုင်းလိုက်ရာ သူ့အသက်ရှူသံများသည် လေထဲတွင် ရောနှောသွားပြီး ရှန်မြောင်၏ နားဘေးတွင် ကပ်ပြောနေသကဲ့သို့ ဖြစ်နေသည်။ "တောင်းပန်ပါတယ်၊ အိမ်မှာ လှောင်ထားတာ ကြာလို့ ဒီနေ့ နည်းနည်း စိတ်လှုပ်ရှားလွန်နေတာ..."
"ကိစ္စမရှိပါဘူး၊ သူ့ကို စိတ်ကြိုက် ပြေးခိုင်းလိုက်ပါ" ရှန်မြောင်လည်း လိုက်ပါပြီး ကိုယ်ကို ကိုင်းလိုက်ကာ Rolls-Royceမြင်း၏ လည်ပင်းကို ဖက်ထားလိုက်သည်။ မြင်းသည် ပျော်မြူးစွာဖြင့် 'ရွှီး' ခနဲ အကွေ့ကို ကျော်ဖြတ်ပြီး အဝေးကြီးသို့ ရောက်ရှိသွားတော့သည်။
နာရီဝက် မပြည့်ခင်မှာပင် ရှန်မြောင်သည် မြို့စွန်ရှိ သူမ၏ ဘဲခြံနေရာသို့ ရောက်ရှိသွားတော့သည်။ Rolls-Royceမြင်းသည် အားမရသေးသည့်ပုံဖြင့် ရှဲ့ချီ ဇက်ကြိုးဆွဲကာ အကြိမ်ကြိမ် တားသော်လည်း ရပ်ချင်ပုံမရပေ။ နောက်ဆုံးတွင် နှင်တံရိုးဖြင့် လည်ပင်းကို ပုတ်လိုက်မှ မကျေမနပ်ဖြင့် အရှိန်လျှော့လိုက်တော့သည်။
နည်းနည်းလေး ပိုသွားရင် ကျော်သွားတော့မလို့။
မြင်းပေါ်မှ ဆင်းသည့်အခါ ရှဲ့ချီက အရင်ခုန်ဆင်းလိုက်ပြီး စိတ်လှုပ်ရှားနေသေးသည့် မြင်းကို ငြိမ်ငြိမ်နေစေရန် လက်တစ်ဖက်ဖြင့် ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်ထားကာ ကျန်လက်တစ်ဖက်ကို ရှန်မြောင်ထံ ကမ်းပေးလိုက်သည်။ သူက မော့ကြည့်ပြီး ပြောလိုက်သည်။ "ကိစ္စမရှိဘူး၊ လက်က ကုန်းနှီးကို ကိုင်ထား၊ ညာဘက်ခြေထောက်ကို နင်းခုံကနေ အရင်ချွတ်ပြီး ခွလိုက်၊ မကြောက်နဲ့၊ ကျွန်တော် ဖမ်းပေးမယ်"
ရှန်မြောင်လည်း ဘာဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် သဘောထားလိုက်ပြီး ညာဘက်ခြေထောက်ကို မြင်းကျောပေါ်မှ ကျော်ခွလိုက်သည်။ မြင်းပေါ်တွင် ဘေးတစောင်း ထိုင်လိုက်ပြီး ရှဲ့ချီဘက်သို့ ကိုယ်ကို ကိုင်းလိုက်ရာ သူ့လက်များက ချက်ချင်း ဝန်းရံလာပြီး သူမ၏ လက်မောင်းအောက်မှနေ၍ ကလေးချီသကဲ့သို့ ပွေ့ချီလိုက်လေသည်။
ခြေထောက် မြေကြီးနှင့် ထိပြီး ရှဲ့ချီ၏ လက်မောင်းကို ကိုင်ကာ မတ်တပ်ရပ်လိုက်နိုင်ပြီ ဖြစ်သည်။ သူမက မော့ကြည့်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရှဲ့ချီသည် သူမထက်ပင် တစ်စုံတစ်ခုကို ပိုမို ကြိုးစားထိန်းချုပ်ထားပုံရသည်ကို တွေ့လိုက်ရလေသည်။ သူ့မျက်ဝန်းထောင့်များ နီရဲနေပြီး သူမကို စိုက်ကြည့်နေသည့် မျက်လုံးများမှာ ရေကြည်တစ်ပေါက်ကဲ့သို့ ကြည်လင်ကာ ဆွဲဆောင်မှု ရှိလှသည်။
နွေဦးပေါက်စ နေရောင်ခြည်သည် ရှားရှားပါးပါး တောက်ပနေပြီး ကောင်းကင်ပြာပြာတွင် တိမ်တိုက်ပါးပါးလေးများ လွင့်မျောနေသည်။ ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေပြီး လေပြေလေညင်းများသာ တိုက်ခတ်နေကာ လယ်ကွင်းပြင်၊ ဆံနွယ်များနှင့် ရင်ထဲမှ လှုပ်ရှားမှုများကို နှိုးဆွပေးနေသည်။
ဤလောကကြီးတွင် သူမအပေါ် လုံးဝ ဥဿုံ ပိုင်ဆိုင်စေလိုသူ ရှိပါသလားဟု မေးလာလျှင် ...
"ကျိုကော"
ရှန်မြောင် ခြေဖျားထောက်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ပြန်လည် တိုးဝင်လိုက်လေသည်။
ပါးပြင်နှင့် သူ့ရင်ဘတ် ရိုက်ခတ်မိသွားသည့် ခဏ၌ သူ၏ ရင်ခုန်သံများ မြန်ဆန်ပြီး ကမောက်ကမ ဖြစ်သွားသည်ကို သူမ ကြားလိုက်ရသည်။
— ကျိုကော တစ်ယောက်တည်းသာ ရှိသည်။
"ကျွန်မ သစ္စာဖောက် ယောကျ်ား မလုပ်ပါဘူး"
ရှန်မြောင် သူ့ကို လွှတ်ပေးလိုက်ပြီး မော့ကြည့်ကာ မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးပြလိုက်သည်။
"ရှင့်ကို ကျွန်မ တာဝန်ယူပါ့မယ်"
....
ရှန်ကျိ ထန်းပင်ဆိုင် တံခါးဝတွင် ရှန်ညန်ဇီနှင့် ရှဲ့မိသားစုမှ ကျိုကောတို့ မြင်းစီးထွက်သွားကြသည်ကို ဝမ်းမြောက်ဝမ်းသာ ကြည့်ပြီးနောက် အားထောင်သည် သီချင်းလေး ညည်းကာ ပေါ့ပါးသွက်လက်စွာဖြင့် ခြံဝင်းထဲသို့ ပြန်ဝင်လာလေသည်။ အလိုက်ကမ်းဆိုး မသိသည့် ထန်အာနှင့် ဖူရှင်းတို့ကိုပါ မောင်းထုတ်လိုက်လေသည်။
တကယ်ပါပဲ၊ ညန်ဇီကို ကြည့်တဲ့ ကျိုကောရဲ့ အကြည့်တွေကို ဖုံးဖိထားလို့မှ မရတာ၊ သူ ရှန်မိသားစုအိမ် ရောက်လာတိုင်း ညန်ဇီကိုပဲ ကြည့်နေတာလေ၊ ဒီအရိုင်းအစိုင်း နှစ်ကောင်က မသိကြဘူးလား။ သူတို့နှစ်ယောက် မျက်လုံး သွားစစ်ဆေးဖို့ လိုနေပြီ ထင်တယ်။
အားထောင်က စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။
ကံကောင်းလို့ သူမလို နားလည်မှုရှိတဲ့လူ ရှိနေသေးလို့ပေါ့။ အားထောင် သက်ပြင်းချလိုက်ပြီး ခြံဝင်းထဲ ဝင်ကာ ကျွေးဖုန်းနှင့် လေထင် ခွေးနှစ်ကောင်ကို အစာကျွေးလိုက်သည်။ ထို့နောက် ကြက်ဥကောက်၊ ကြက်စာကျွေးပြီး ထင်းတဲထဲမှ ကောက်ရိုးများကို သယ်ကာ ရှစ်ယီးလန်နှင့် ရှစ်အာ့ညန် (မြည်းနှင့်နွား) ကို ကျွေးလိုက်သည်။
ချီလင်ကတော့ သီးသန့် အစားစာ စားရသည်။ ရှဲ့မိသားစုမှ ကျိုကောက ချီလင်အတွက် ချန်ကျိုးမှ ကြက်သားအိုးများ သယ်လာပေးခဲ့သည်။ ကြက်သားများကို ပြုတ်ပြီးသားဖြစ်ပြီး လေလုံသည့် မြေအိုးထဲ ထည့်ကာ နှင်းထဲတွင် အေးခဲထားသဖြင့် ရာသီဥတု အေးလျှင် မပုပ်သိုးပေ။ အားထောင်သည် သန့်ရှင်းခြောက်သွေ့သည့် ဇွန်းဖြင့် တစ်ဝက်ခန့် ခဲရာခဲဆစ် ခပ်ယူလိုက်ပြီး ရေနွေးငွေ့ဖြင့် အရည်ဖျော်ကာ နွေးသွားမှ ချီလင်ကို ကျွေးလေသည်။
အိမ်ရှိ တိရစ္ဆာန်အကြီးအသေး အားလုံးကို အစာကျွေးပြီးမှ ခါးထောက်ကာ သက်ပြင်းချနိုင်တော့သည်။
ဒီအိမ်အတွက် သူမလည်း အတော် ပင်ပန်းရပါဘိ။
ဖူရှင်းကတော့ ရိုးရိုးသားသားပင် ဘဲသွားသတ်လေသည်။ ဒီနေ့အတွက် ဘဲကင်များကို မနေ့ကတည်းက ကြိုတင်မှာယူထားကြပြီး မနက်စောစောကတည်းက ဖူရှင်း ကင်ထားပြီးပြီ ဖြစ်ရာ လာဝယ်သူများ တစ်ယောက်ပြီး တစ်ယောက် လာယူသွားကြသည်။ ယခု သူ ပြင်ဆင်နေသည်မှာ မနက်ဖြန်အတွက် ဘဲကင်များ ဖြစ်သည်။
ထန်အာက ပခုံးတွန့်ပြီး သိုးမွှေးများကို ဆေးကြောရန် ခြံဝင်းထဲ ဝင်သွားသည်။
ရှန်ညန်ဇီက သိုးမွှေးကို ချည်ငင်လို့ ရမလားဟု တစ်ခါ မေးဖူးသည်။ ထိုအခါ သူက လျောင်လူမျိုးများ၏ သိုးမွှေးဦးထုပ်ကို သတိရသွားသည်။ သူ့ဇာတိတွင် လျောင်နယ်စပ်မှ လူအများအပြားသည် သိုးမွှေးနှင့် ခွေးမွှေးများကို ချည်ငင်ပြီး "ခွေးသိုးသားမွေးထည်" ဟု ခေါ်ဝေါ်ကြသည်။ ယခု စမ်းကြည့်ရမည်။ ညှပ်ထားသည့် သိုးမွှေးများသည် ညစ်ပတ်နေပြီး ရွှံ့၊ ဖုန်၊ မြက်ခြောက်များ ပါဝင်နေသည်။ ထန်အာသည် ဆပ်ပြာရည်နှင့် ကင်ပွန်းသီးရည်တို့ဖြင့် အကြိမ်ကြိမ် ပွတ်လျှော်ပြီးနောက် ရေကြည်သွားသည်အထိ ဆေးကြောလိုက်သည်။
သူသည် အခန်းထဲဝင်ကာ အားထောင်ထံမှ သစ်သားဘီးစိပ်ကို ငှားပြီး သိုးမွှေးများကို စိတ်ရှည်လက်ရှည် ဖြီးလေသည်။ အားထောင်က သစ်တော်သီးခဲကို စားရင်း သိချင်စိတ်ဖြင့် ဝိုင်းကြည့်နေသည်။
"သိုးမွှေးက တကယ် ချည်ငင်လို့ ရလို့လား"
"လျောင်လူမျိုးတွေ လုပ်တာ မြင်ဖူးတယ်၊ စမ်းကြည့်တာပေါ့" ထန်အာက သိုးမွှေးများကို ဖွပြီး ဖြောင့်စင်းသွားအောင် ဖြီးလိုက်သည်။ ထို့နောက် မီးဖိုပေါ်တင်ကာ အခြောက်ခံပြီး လက်ဖြင့် အစုလိုက် ကျစ်ကာ ခြင်းတောင်းထဲ ထည့်လိုက်သည်။
"သွားစို့၊ အဒေါ်ကုဆီက ချည်ငင်စက် သွားငှားပြီး လုပ်ကြည့်ရအောင်"
ဒီနေ့ ဆိုင်ပိတ်ထားသလို နျိုစန်းရှစ်ကလည်း နွားခြံထဲတွင် နွားပေါက်လေးကို ဂရုစိုက်နေသဖြင့် အားထောင်သည် သူ့ကို အိမ်စောင့်ခိုင်းလိုက်ပြီး ပန်းထိုးသည့် တောင်းကို ယူကာ ထန်အာနှင့်အတူ သိုးမွှေးချည်ငင်သည်ကို ကြည့်ရန် အဒေါ်ကုအိမ်သို့ စိတ်အားထက်သန်စွာ လိုက်သွားလေသည်။
သူမ၏ တောင်းထဲတွင် အဝတ်စများ အများကြီး ရှိသေးသည်။ အဒေါ်ကု ချည်ငင်သည်ကို ကြည့်ရင်း အသစ်ရောက်လာသည့် ရှန်ရှစ်အာ့ညန် (နွားမကြီး) အတွက် ဦးထုပ်တစ်လုံး ချုပ်ပေးလို့ ရသည်။ သူမသည် သည်ရက်ပိုင်းတွင် အိမ်ရှိ တိရစ္ဆာန်များအတွက် အင်္ကျီချုပ်ပေးရသည်ကို သဘောကျနေလေသည်။
ကျွေးဖုန်း၊ လေထင်နှင့် ချီလင်တို့အတွက် ပြောစရာပင် မလိုပေ။ သူတို့သုံးကောင်လုံးတွင် နှစ်သစ်ကူး အင်္ကျီကိုယ်စီ ရှိကြသည်။ အားထောင်သည် ကျွေးဖုန်းနှင့် လေထင်အတွက် ကော်လာထောင် ရင်ဖုံး သစ်ရွက်ခြောက်ပုံ ချည်သား ခွေးဝတ်ရုံနှင့် အပြာရောင်အောက်ခံ မင်္ဂလာပုံပါ ဝတ်ရုံ တစ်ထည်စီ ချုပ်ပေးထားသည်။ အထူးသဖြင့် ချီလင်အတွက် ပိုများသည်။ ချီလင်က အိပ်ရတာ ကြိုက်ပြီး သန့်ရှင်းမှုကို မြတ်နိုးသည်။ ကျွေးဖုန်းကဲ့သို့ တစ်နေ့ကုန် မြည်းလိုက်ဆွဲ၊ ကြက်လိုက်ဖမ်းပြီး ညစ်ပတ်ပေရေနေတတ်သူ မဟုတ်သဖြင့် အင်္ကျီချုပ်ပေးရကျိုး နပ်သည်။ အားထောင်သည် ချီလင်ကို မျက်နှာလိုက်ပြီး အင်္ကျီအများဆုံး ချုပ်ပေးထားသည်။ ဝတ်ရုံရှည်၊ အပေါ်ထပ်အင်္ကျီ၊ စကပ်နှင့် အမြိတ်ပါသည့် လည်ပတ်များပါ ရှိလေသည်။
သူမသည် အိမ်ကြက်များကိုပင် အဝတ်စဖြင့် ရင်ဖုံး ဇီးပွင့်ကြယ်သီးတပ် ကော်လာတစ်ခု ချုပ်ပေးထားသေးသည်။
ရှန်ကျိဆိုင် ခဏတာ ပိတ်သိမ်းထားသော်လည်း လမ်းမပေါ်တွင်တော့ လမ်းမကြီး၌ အောက်ရှန်းမီးအိမ်တောင်ကို တည်ဆောက်ထားသဖြင့် လူအများအပြား စုဝေးနေကြသည်။ လူအတော်များများသည် တော်ဝင်လမ်းမကြီးသို့ သွားကြပြီး ဒီနှစ် မီးပုံးတောင်ကို ဝေဖန်သုံးသပ်ပြီးမှ ဟိုဟိုဒီဒီ လျှောက်လည်ကြသည်။
ခိုင်ဖုန်းမြို့တော်ဝန်ရုံးမှ စာရေး ကျန်းယွီရှန်းနှင့် လက်ထောက် လိယာတို့သည် ဗိုက်ဆာဆာဖြင့် ရုံးတော်မှ ထွက်လာကြရာ တော်ဝင်လမ်းမကြီးပေါ်ရှိ လူအုပ်ကြီးကို တိုးဝှေ့ရင်း စိတ်ပျက်လာကြသည်။
"ရှန်ကျိဆိုင်က ဘာလို့ ဒီနေ့မှ လာပိတ်ရတာလဲ" လိယာက ခြေလှမ်းကျဲကြီးဖြင့် လျှောက်ရင်း ညည်းတွားလိုက်သည်။ သူသည် ဝါးလုံးကဲ့သို့ ပိန်ပါးပြီး ငယ်ငယ်ရွယ်ရွယ်နှင့် မျက်ကွင်းညိုကာ မျက်အိတ်ကြီးများ တွဲကျနေပြီး မျက်နှာတွင် ထုံထိုင်းနွမ်းနယ်နေသည့် ပုံစံ ပေါက်နေသည်။
ခိုင်ဖုန်းမြို့တော်ဝန်ရုံးတွင် လက်ထောက်ဆိုသည်မှာ တရားသူကြီးနှင့် စီရင်ရေးမှူးများကို ကူညီပြီး အမှုတွဲများ စီစဉ်ပေးရသည့် စာရေးဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် အလုပ်ရှုပ်ရုံသာမက သက်သေအထောက်အထား အမျိုးမျိုးကို နေရာနှံ့ လိုက်လံရှာဖွေရပြီး အမှုနှင့် သက်ဆိုင်သူများ၊ သက်သေများနှင့် အကြိမ်ကြိမ် စကားပြောကာ သက်သေထွက်ဆိုချက်များ ရယူရသည်။ ထို့အပြင် ရရှိလာသည့် သက်သေအထောက်အထားများကို အမျိုးအစားခွဲ၊ နံပါတ်စဉ်တပ်ပြီး ဖိုင်တွဲပြုလုပ်ကာ သိမ်းဆည်းထားရသည်။ သူ့လက်ထဲ ရောက်လာသည့် စာရွက်စာတမ်းများကိုလည်း သူကပင် ထိန်းသိမ်းစောင့်ရှောက်ရသည်။ မြို့တော်ဝန်နှင့် တရားသူကြီးများ လိုအပ်သည့် သက်သေထွက်ဆိုချက်နှင့် သက်သေခံပစ္စည်းများကို သူ အလွတ်ရနေရမည် ဖြစ်ပြီး လိုအပ်သည်နှင့် ချက်ချင်း ရှာဖွေပေးနိုင်ရမည်။
ထို့ကြောင့် သူသည် ဝိညာဉ်လွင့်ထွက်မတတ် ပင်ပန်းနေပြီ။ ဒီနေ့ ထမင်းဘူးပါ မစားရတော့ စိတ်ပိုပင်ပန်းရသည်။
ကျန်းယွီရှန်းလည်း ထိုနည်းလည်းကောင်းပင်။ သူ့မျက်နှာ ဖြူဖျော့နေပြီး လက်ကောက်ဝတ်ကို အဆက်မပြတ် နှိပ်နယ်နေသည်။ စာရေးဖြစ်သည့်အတွက် သူသည် ရုံးတော်၏ စာရေးစာချီ ဖြစ်သည်။ အထက်သို့ တင်ပြသည့် စာများ၊ အောက်သို့ ချပေးသည့် အမိန့်စာများနှင့် အခြားရုံးဌာနများနှင့် ဆက်သွယ်သည့် စာများကို သူက မူကြမ်းရေးသား ကူးယူရသည်။ ကံဆိုးသည်မှာ သူ့အထက်အရာရှိ ကျာခုံမုသည် စည်းကမ်းကြီးပြီး အရာရာကို အသေးစိတ် စစ်ဆေးတတ်သူ ဖြစ်သည်။ — သူသည် မနေ့ညကမှ စာရွက်စာတမ်းတစ်ခုကို ၁၈ ကြိမ်မြောက် ပြင်ဆင်ရေးသားခဲ့ရသည်။
ညလုံးပေါက် နီးပါး မအိပ်ခဲ့ရပေ။
ဒီနေ့မနက်တွင် သူသည် ၁၉ ကြိမ်မြောက် ပြင်ဆင်ထားသည့် စာရွက်စာတမ်းကို ကျာခုံမု၏ စားပွဲပေါ် တင်ပြခဲ့ပြီး ယခုတစ်ကြိမ်တော့ စိတ်တိုင်းကျပါ့မလားဟု မသိနိုင်ပေ။ သူလည်း မတတ်နိုင်တော့။ ကျာခုံမု စစ်ဆေးအတည်ပြုမှသာ တရားဝင် ထုတ်ပြန်ခြင်း သို့မဟုတ် ဘယ်ညာ ကင်းလှည့်စစ်ဆေးရေးရုံးများသို့ တင်ပြခြင်း ပြုလုပ်နိုင်သည်။
ကျန်းယွီရှန်းသည် ခေါင်းများ ထုံနေပြီဖြစ်သော်လည်း စိတ်ပူပန်နေဆဲ ဖြစ်သည်။ ပြင်းထန်သည့် ဝေဖန်ပြစ်တင်မှုများနှင့် ပြင်ဆင်ရန် နေရာများကို စုတ်တံနီဖြင့် ဝိုင်းပြထားသည်များ ကြုံရမည်ကို စိုးရိမ်နေသည်။
ဒီနှစ် ပထမလတွင် ရုံးစောင့်ရန် အလှည့်ကျသည့် စာရေးများထဲတွင် သူတို့နှစ်ယောက် ပါဝင်သည်။ ဗိုက်ဆာဆာဖြင့် ပုံမှန်ထက် ပိုများသည့် အလုပ်များကို လုပ်နေရသဖြင့် ဒေါသထွက်သည်မှာ မဆန်းပေ။
ဒီရက်ပိုင်းအတွင်း ရှန်ကျိဆိုင်မှ နေ့စဉ် လာပို့သည့် ထမင်းဘူးများ ရှိနေသေး၍သာ တော်သေးသည်။ ရှုပ်ပွနေသည့် စားပွဲခုံလေး နောက်တွင် ပုန်းကာ စာရွက်စာတမ်းများ လှန်လှောရင်း အငမ်းမရ စားသောက်လိုက်ခြင်းဖြင့် အချိန်ကုန်သက်သာစေသလို ဗိုက်ဝပြီး အရသာရှိသည့် အစားအစာများကို စားရသဖြင့် စိတ်သက်သာရာ ရစေသည်။
ဒါကို ဒီနေ့ ရှန်ကျိဆိုင်က ပိတ်လိုက်သည်တဲ့!
မနေ့ကတည်းက လာပြောထားသော်လည်း ကျန်းယွီရှန်း စိတ်ထဲတွင် အလွန် စိတ်ညစ်နေမိသည်။
ယခု အပြင်ရောက်လာပြီး လိယာနှင့်အတူ လမ်းတစ်ဝက်လောက် လျှောက်လာပြီးပြီ ဖြစ်သော်လည်း ဘာစားရမှန်း မသိဖြစ်နေသည်။
"အရင်တစ်ခေါက် ရှန်ကျိဆိုင်က ဟင်းစာရင်းထဲမှာ ကြက်သားသုံးခွက်ဟင်း ပါတယ်လေ၊ မင်း မှာစားဖြစ်လား၊ အဲဒီကြက်သားက တကယ် စားကောင်းတာ"
လိယာက ကြက်ကင်ဆိုင် တစ်ဆိုင်၏ ဆိုင်းဘုတ်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ပြီး ရှေ့တိုးကြည့်လိုက်ရာ ကြက်ကင်က ခြောက်ကပ်ကပ်နှင့် အသားမာမည့်ပုံ ပေါက်နေသဖြင့် စားချင်စိတ် ပျောက်သွားတော့သည်။ သူ ခေါင်းခါလိုက်ပြီး ခြေလှမ်း ပြန်လှည့်လိုက်သော်လည်း ပါးစပ်ကတော့ ကျန်းယွီရှန်းကို ကြက်သားသုံးခွက်ဟင်း အကြောင်း ပြောနေမိသည်။
ကျန်းယွီရှန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။ "ငါ အဲဒီနေ့က ဝက်သားနီချက် မှာစားလိုက်တာ၊ ဝက်သားနီချက်က အဆီအသား မျှတပြီး နူးညံ့အိစက်နေတာပဲ၊ အရမ်း စားကောင်းတယ်"
လိယာက တံတွေးမြိုချလိုက်ပြီး ဆက်လက် တမ်းတနေသည်။ "အဲဒီ ကြက်သားသုံးခွက်ဟင်းက ငါ့ရင်ထဲအထိ စွဲသွားတာပဲ"
ရက်အတော်ကြာသွားပြီ ဖြစ်သော်လည်း သူ့ပါးစပ်ထဲတွင် အရသာပြင်းပြင်းနှင့် လတ်ဆတ်နူးညံ့သည့် ကြက်သားအရသာ ကျန်ရှိနေသယောင် ခံစားနေရသည်။
ကျန်းယွီရှန်းကလည်း သက်ပြင်းချလိုက်သည်။ "ရှန်ကျိဆိုင်က ပို့တဲ့ ထမင်းဘူးတွေက အမြဲတမ်း ငါ့ကို ကျေနပ်စေတယ်၊ အခုဆို ငါ နေ့တိုင်း မျှော်လင့်နေမိတာက ရှန်ကျိဆိုင် ထမင်းဘူးလာပို့တဲ့ ခေါင်းလောင်းသံလေးပဲ"
သူ့စားပွဲပေါ်တွင် မုန်လာဥနီ တစ်ဥတောင် အထူးတလည် ပြင်ဆင်ထားသေးသည်။ ရှန်ကျိဆိုင်က မြည်းကို ကျွေးဖို့လေ။
ကျန်းယွီရှန်းက ရှန်ကျိဆိုင်က မြည်းကို အရမ်း သဘောကျနေသည်။
အဲဒီမြည်းက သန့်ရှင်းသပ်ရပ်ပြီး ခေါင်းပေါ်မှာ ခပ်မြင့်မြင့် ဝိုင်းဝိုင်း ဦးထုပ်လေး ဆောင်းထားသလို လည်ပင်းမှာလည်း လည်စည်းလေး ပတ်ထားသေးတယ်။ တခြားမြည်းတွေလို အနံ့အသက်ဆိုးမနေသလို ဆိုင်ရှေ့ရပ်လိုက်တာနဲ့ ချေး ၃ ပိဿာလောက် ပါချတတ်တာမျိုး မဟုတ်ဘူး။ ရှန်ကျိဆိုင်က မြည်းကတော့ သန့်ရှင်းနေပြီး အဖြူရောင် မြည်းအမြီးလေးကအစ ပွယောင်းနေတာပဲ။ မုန်လာဥနီ ကျွေးလိုက်ရင် စားရင်းနဲ့ အမြီးလေးပါ ယမ်းပြသေးတယ်။
လိယာ၏ မျက်နှာတွင် နွမ်းနယ်မှုများ ပေါ်လွင်နေပြီး စည်ကားသိုက်မြိုက်နေသည့် လမ်းမကြီးကို ကြည့်ရင်း စိတ်မပါ ဖြစ်နေသည်။ တော်ဝင်လမ်းမကြီး တစ်ဝိုက်ရှိ စားသောက်ဆိုင် အကြီးအသေး အများစုကို သူနှင့် ကျန်းယွီရှန်း အရင်ကတည်းက စားဖူးကြသည်။
သူက မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်သည်။ "ထူးဆန်းတာက ရှန်ကျိဆိုင်က ငါတို့ ရုံးတော်ကို ထမင်းဘူးပို့တာ ၇ ရက်၊ ၈ ရက်လောက်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ ငါက အသားကျနေပြီ၊ နေ့တိုင်း ရုံးတော်မှာပဲ အဲဒီ ထမင်းပူပူလေးကို စောင့်စားနေမိပြီး အပြင်ထွက်စားချင်စိတ်တောင် မရှိတော့ဘူး"
"အပြင်စာတွေ စားရတာ ရိုးသွားလို့ နေမှာပါ" ကျန်းယွီရှန်းက ဝင်ပြောလိုက်သည်။
ရှန်ကျိဆိုင် ထမင်းဘူး မလုပ်ခင်က သူတို့နှစ်ယောက် နေ့တိုင်း ဒီနားတစ်ဝိုက် လျှောက်သွားပြီး အစားအသောက် ရှာစားလေ့ရှိသည်။ သိပ်ဝေးဝေးလည်း သွားလို့ မရ၊ ရုံးတော်မှာ အလုပ်တွေက နွားမွေးလောက် များနေတာ၊ အဝေးကြီးသွားလို့ အလုပ်ချိန် နောက်ကျသွားရင် အလုပ်မပြီးဘဲ ညဘက် ရုံးအိပ်ရကိန်း ဆိုက်လိမ့်မယ်။ နီးနီးနားနားက စားသောက်ဆိုင်တွေကလည်း နှစ်နဲ့ချီ စားလာကြတာ၊ လှည့်ပတ်ပြီး ဒီဆိုင်တွေပဲ စားနေရတာဆိုတော့ တကယ် ရိုးအီနေပြီ။
ဒါ့အပြင် နှစ်သစ်ကူး မပြီးသေးတော့ ဆိုင်တော်တော်များများ ပြန်မဖွင့်ကြသေးဘူး၊ ဒါက သူတို့နှစ်ယောက်အတွက် သွားစရာ မရှိ ဖြစ်စေတယ်။
နောက်ဆုံးတော့ နှစ်ယောက်သား တစ်ပတ်လောက် လှည့်ပတ်ကြည့်ပြီးနောက် ပါးစပ်ပျက်နေသဖြင့် ဘာမှ စားချင်စဖွယ် မတွေ့တော့ရာ ပေါင်မုန့်သည်ထံမှ ပေါင်မုန့်အကြီးကြီး နှစ်လုံး ဝယ်ကာ သက်ပြင်းချရင်း ရုံးတော်သို့ ပြန်လာခဲ့ကြသည်။
နှစ်ယောက်သား ပေါင်မုန့်ကို ကိုက်ဝါးရင်း ရုံးတော်သို့ ဝင်လာခိုက် စာရေးလေး တစ်ချို့ ဝိုင်းဖွဲ့ကာ ဝါးလင်ဗန်းလေးများ ကိုင်ပြီး ထမင်းဘူး စားနေကြသည်ကို မြင်လိုက်ရသည်။ လိယာ မျက်လုံးပြူးသွားပြီး မေးလိုက်သည်။ "ဟေ... မင်းတို့ ဘယ်လိုလုပ် ထမင်းဘူး စားရတာလဲ၊ ရှန်ကျိဆိုင် ပြန်ဖွင့်လိုက်တာလား"
စာရေးတစ်ယောက်က ခေါင်းခါပြီး ပြောလိုက်သည်။ "ဒါ ခန်းကျိဆိုင်က လုပ်တဲ့ ထမင်းဘူးလေ"
ကျန်းယွီရှန်းက သိချင်စိတ်ဖြင့် ကပ်ကြည့်လိုက်သည်။ "ခန်းကျိဆိုင်ကလည်း ထမင်းဘူး လုပ်နေပြီလား၊ အရသာ ဘယ်လိုလဲ" ကောင်းရင် သူလည်း တစ်ပွဲလောက် မှာစားမလို့။
နောက်စာရေးတစ်ယောက်က မဲ့ပြုံးပြုံးပြီး သက်ပြင်းချလိုက်သည်။ "ရှန်ကျိဆိုင်က ဟာတွေ စားဖူးပြီးတော့ ခန်းကျိဆိုင်က ဟာကို စားရတာ အရသာ ရှိတယ်လို့ မပြောနိုင်ဘူးကွာ၊ ပြီးတော့ မင်းတို့ ကြည့်ကြည့်ဦး..."
ပြောရင်းဆိုရင်း တူကို ဘေးချလိုက်ပြီး ခန်းကျိဆိုင်၏ ထမင်းဘူးကို ပြလိုက်သည်။
ခန်းကျိဆိုင်၏ ထမင်းဘူးသည် ရိုးရိုး ဝါးလင်ဗန်းထဲတွင် ထည့်ထားပြီး အကန့်များ မပါရှိပေ။ အဓိက အစားအစာမှာ ထမင်းမဟုတ်ဘဲ မန်ထို နှစ်လုံး ဖြစ်သည်။ ဟင်းရည်လည်း မပါဘဲ ဟင်းသုံးမျိုးသာ ပါသည်။ ဟင်းများကို ကြည့်လိုက်တော့လည်း ရှန်ကျိဆိုင်လောက် ဆွဲဆောင်မှု မရှိဘဲ အရောင်အဆင်း မှိန်ဖျော့ကာ စားချင်စဖွယ် မရှိပေ။
အထဲက မုန်ညင်းဖြူကြော်က ပျော့ဖတ်ပြီး အရည်တွေ ထွက်နေသည်။ အသားမျှင်ကြော်ကတော့ မဆိုးဘူး ဆိုပေမဲ့ သိပ်ပြီး စားကောင်းလှသည် မဟုတ်။
"ခန်းကျိဆိုင်ရဲ့ ထမင်းဘူး ဈေးနှုန်းက ရှန်ကျိဆိုင်နဲ့ အတူတူပဲ၊ ဒါပေမဲ့ ဟင်းစာရင်းထဲက ဟင်းတွေက ငါ့အမြင်တော့ ရှန်ကျိဆိုင်ကို မမီဘူးကွာ၊ ရှန်ကျိဆိုင်ရဲ့ ထမင်းဘူး ဟင်းစာရင်းက အမြဲတမ်း အသားနဲ့ အသီးအရွက် မျှတအောင် စီစဉ်ထားတယ်၊ ပြီးတော့ အရသာပေါ့တာ ရှိသလို လေးတာလည်း ရှိတယ်၊ အစပ်ရှိသလို အချိုလည်း ရှိတယ်"
ထိုစာရေးလေးသည် ပုံမှန်အားဖြင့် စေ့စပ်သေချာသူ ဖြစ်ရာ ဟင်းလျာကို ဖယ်ထားပြီး ဝါးလင်ဗန်းကို ကြည့်ကာ မကျေမနပ် ခေါင်းခါလိုက်သည်။ "နောက်တစ်ခါ သူ့ဆိုင်က ဟာကို ဘယ်တော့မှ မဝယ်တော့ဘူး၊ ဟင်းတွေက ရှန်ကျိဆိုင်လောက် မကောင်းတာ ထားလိုက်တော့၊ ပန်းကန်ကလည်း အတူတူပဲ အာမခံကြေး ယူတာချင်းတူပြီး လက်ရာက ဒီလောက် ကြမ်းတမ်းတာ၊ ငါ့အထင်တော့ အဲဒီ ခန်းကျိဆိုင်က ပိုက်ဆံမက်နေတာပဲ!"
သူက ဝါးလင်ဗန်းကို လက်ညှိုးထိုးပြီး ဒေါသတကြီး အော်ပြောလိုက်သည်။ "ဒီလို အစုတ်ပလုတ်ကို အာမခံကြေး ၁၀ ဝမ် တောင်းတယ်တဲ့ကွာ! ဒီအသုံးမကျတဲ့ဟာကို ငါ ဘာလုပ်ရမှာလဲ၊ ခဏနေ သွားပြန်ပေးပြီး အာမခံကြေး ပြန်တောင်းဦးမယ်!"
ရှန်ကျိဆိုင်၏ ပန်းကန်ကို စဉ်းစားကြည့်လိုက်ရင် အာမခံကြေး ၁၅ ဝမ် ပေးရပေမဲ့ သူတို့ ပန်းကန်က သေသပ်လှပပြီး မြေဖြူအိုးသားကို သုံးထားတာ။ ဒီလို ပန်းကန်ကောင်းမျိုး ပြန်မပေးရင်တောင် လုံးဝ မရှုံးဘူး။ အဲဒီပန်းကန်ကို အိမ်ပြန်ယူသွားရင် အသုံးဝင်မှဝင်၊ အထူးသဖြင့် အိမ်က ထမင်းစားရင် ပေပွနေအောင်စားတတ်တဲ့ ကလေးတွေအတွက်ဆို ကွက်တိပဲ!
လိယာနှင့် ကျန်းယွီရှန်း မျက်လုံးချင်း ဆုံလိုက်ကြပြီး လက်ထဲက ပေါင်မုန့်အကြီးကြီးကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ ယခုအချိန်တွင် ပေါင်မုန့်ကို ဝါးစားရသည်မှာ စိတ်ထဲတွင် သက်သောင့်သက်သာ ရှိလာပြီး စောစောကလို စိတ်ပျက်အားငယ်မှုများ ပျောက်ကွယ်သွားတော့သည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ ပိုက်ဆံအလကား မကုန်လိုက်ဘူး၊ ကောင်းတယ် ကောင်းတယ်။
နှစ်ယောက်သား လက်ယှက်နှုတ်ဆက်ပြီး ပုံမှန် အလုပ်လုပ်နေကျ အခန်းများသို့ ပြန်သွားကြသည်။ ကျန်းယွီရှန်း အခန်းထဲ ဝင်လိုက်သည်နှင့် လုပ်ဖော်ကိုင်ဖက်များက သနားစရာ အကြည့်ဖြင့် ကြည့်လာကြသဖြင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ စာရွက်စာတမ်းများ ပုံနေသည့် စားပွဲခုံသို့ အမြန်လျှောက်သွားလိုက်ရာ ဒီမနက်မှ တင်ပြထားသည့် စာရွက်စာတမ်းလေးက ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
"အရာရှိ ကျာက ပြောတယ်၊ မင်း မနေ့ညက ရေးထားတာက အသုံးအနှုန်းတွေက တမြန်နေ့ကလောက်တောင် မကောင်းဘူးတဲ့၊ သူ လုံးဝ မကျေနပ်ဘူးတဲ့၊ အခု အချိန်ကပ်နေပြီ၊ ဘယ်ဘက် ကင်းလှည့်စစ်ဆေးရေးရုံးကလည်း အရေးတကြီး တောင်းနေတော့ တမြန်နေ့က မူကြမ်းကိုပဲ နည်းနည်း ပြင်ပြီး တင်လိုက်တော့တဲ့၊ အလုပ်ရှုပ် သက်သာတာပေါ့ကွာ" လုပ်ဖော်ကိုင်ဖက်က သနားဂရုဏာသက်စွာဖြင့် ပြန်ပြောပြလေသည်။
တမြန်နေ့က ရေးတာ? သူ တမြန်နေ့က ဘာ ရေးခဲ့လဲဆိုတာ မေ့သွားပြီလေ!
သူ ပြန့်မြစ်ထဲ သွားခုန်ချလိုက်တာကမှ ပိုကောင်းဦးမယ်!
ကျန်းယွီရှန်း ဆံထုံးကို လက်နှစ်ဖက်ဖြင့် ဆွဲကာ မော့ကြည့်ပြီး ကွဲအက်လုမတတ် အော်ဟစ်လိုက်တော့သည်။
ရှန်မြောင် စိတ်ကူးပေါက်ပြီး ဆိုင်ပိတ်လိုက်သဖြင့် ဒုက္ခရောက်ရသူများထဲတွင် ဇာတိမြေမှ ပြန့်ကျင်းသို့ ခဲရာခဲဆစ် ပြန်လာခဲ့ရသည့် နဉ်ယီလည်း ပါဝင်လေသည်။
လွန်ခဲ့သည့် ရက်ပိုင်းက ဧကရာဇ်မင်းမြတ်သည် မျိုးရိုးကြီး ဆွေကြီးမျိုးကြီးများကို စစ်ဆေးအရေးယူခဲ့ရာ နဉ်မိသားစုလည်း မလွတ်ကင်းခဲ့ပေ။ နဉ်အဖေသည် ရာထူးငယ်လေး ပြုတ်သွားပြီး ငွေကြေးအမြောက်အမြား ဆုံးရှုံးခဲ့ရသဖြင့် မတတ်သာဘဲ နဉ်ယီကို ခေါ်ကာ ချန်လျိုမြို့ရှိ အိမ်ဟောင်းသို့ ပြန်ပြီး နှစ်သစ်ကူးခဲ့ရသည်။ ရာထူးမရှိတော့ဘဲ လယ်မြေများ အသိမ်းခံရသော်လည်း မိသားစု တစ်စုလုံး ဘေးကင်းကြသည်မှာပင် ကံကောင်းလှပြီ။
ယခု နှစ်သစ်ကူးပြီးခါစတွင် နဉ်ယီသည် မြည်းတစ်ကောင်ဆွဲကာ စာသင်သားအကူနှင့်အတူ ပြန်ရောက်လာသည်။
နှစ်သစ်ကူး ပြီးသည်နှင့် နယ်အသီးသီးမှ ရုံးများ ပြန်ဖွင့်တော့မည် ဖြစ်ပြီး စာမေးပွဲ အောင်စာရင်းလည်း ထွက်တော့မည်။ သို့သော် ဘယ်အချိန် ထွက်မည်ကို အတိအကျ မသိရသဖြင့် နဉ်အဖေက သူ့ကို စောစောပြန်လွှတ်ပြီး စောင့်ခိုင်းခြင်း ဖြစ်သည်။ ဤမျှ အရေးကြီးသည့် ကိစ္စကို လက်လွတ်မခံစေချင်ပေ။
နဉ်ယီ စိတ်ထဲတွင်လည်း ပြန်လာချင်နေသည်မှာ ကြာပြီ။
သူ ချန်လျိုမြို့တွင် ရှိနေစဉ် သူ့အစားအသောက် မှတ်တမ်းစာအုပ်၏ ထက်ဝက်ကျော် ရေးပြီးသွားပြီ ဖြစ်သည်။ သူသည် ရှန်ညန်ဇီ ချက်ပြုတ်သည့် ဟင်းလျာအမျိုးမျိုးကို အသေးစိတ် မှတ်တမ်းတင်ထားသည်။ အထူးသဖြင့် ဘဲကင်နှင့် ငါးကင်အကြောင်းကို စာလုံးရေ ခြောက်ထောင်ကျော် ရေးဖွဲ့ထားပြီး ရပ်တန့်၍ပင် မရနိုင်အောင် ဖြစ်နေသည်။ ထို့နောက် နန်ရွှင်တံခါးပေါက်က သိုးသားပန်ကိတ်၊ ဖန်လိုက သလင်းကျောက် ဝက်လက်ဟင်း၊ မက်မွန်ပွင့် ခေါက်ဆွဲပြုတ်၊ ကွမ်ဟန်ကိတ်မုန့် စသည့် အရသာရှိသည့် အစားအစာများကိုလည်း ထည့်သွင်း မှတ်တမ်းတင်ထားသည်။
ရှန်ညန်ဇီက မကြာသေးမီက ဟင်းအသစ်တွေ ထပ်ထွင်သေးလား မသိဘူး။ ဟင်းအသစ် မရှိရင်တောင် မွှေးကြိုင်နေတဲ့ ဘဲကင်တစ်ပွဲလောက် စားလိုက်ရရင် ကျေနပ်ပါပြီ။
နဉ်ယီသည် ရင်ဘတ်ထဲတွင် "ရှန်ကျိဆိုင် ဘဲကင်လက်မှတ်" တစ်ထပ်ကြီး ထည့်ကာ လေလည်တတ်သည့် မြည်းကို ဆွဲပြီး ကျင်းလျန်တံတားကို စိတ်လှုပ်ရှားစွာ ဖြတ်ကျော်လာခဲ့သည်။
ထင်မှတ်မထားဘဲ သူ့ကို ကြိုဆိုနေသည်မှာ ပိတ်ထားသည့် တံခါးရွက်များနှင့် လေတိုက်သဖြင့် ယိမ်းထိုးနေသော "ဒီနေ့ ဆိုင်ပိတ်သည်" ဟူသော သစ်သားဆိုင်းဘုတ်လေးသာ ဖြစ်လေသည်။
နောက်တစ်ကြိမ် မိုးကြိုးပစ်ခံလိုက်ရပြန်ပြီ။
နဉ်ယီတစ်ယောက် ကြောင်အသွားပြီး သူ့ဆံထုံးကို ဆွဲကာ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။
ဘာလို့ သူလာတိုင်း ရှန်ကျိဆိုင်က ပိတ်ထားရတာလဲ!
...
အပိုင်း (၁၅၂) စေ့စပ်လိုက်ကြမလား
ပထမလတွင် ဆောင်းဂျုံများသည် စိမ်းလန်းစပြုလာလေသည်။
နုနယ်သော ဂျုံပင်များပေါ်တွင် ကျန်ရစ်နေသေးသော ဆီးနှင်းရေများ ရှိနေသေးပြီး လယ်ကွင်းများရှိ မြေသားများသည်လည်း လုံးဝ အရည်မပျော်သေးပေ။ ကန်ထဲမှ ရေများသည် ဆီးနှင်းများ အရည်ပျော်ကျသဖြင့် ရေမျက်နှာပြင် မြင့်တက်လာပြီး ပြည့်လျှံနေသည်။ ရေမျက်နှာပြင်ပေါ်တွင် ကျိုးပဲ့နေသော သစ်ကိုင်းများနှင့် အရွက်ခြောက်များ မျောပါနေသော်လည်း ရေမှာ ကြည်လင်နေဆဲဖြစ်ကာ ကောင်းကင်ပြာပြာနှင့် ကမ်းစပ်တွင် အညှောက်ထွက်စပြုနေသော ကိုင်းပင်များကို ထင်ဟပ်နေလေသည်။
ရှဲ့ချီသည် လယ်ကွင်းများကို အာရုံစိုက် စစ်ဆေးနေသော ရှန်မြောင်၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
သူ့လက်မောင်းပေါ်တွင် ရှန်ညန်ဇီ ဝတ်ဆင်ခဲ့သော ဝတ်ရုံကို တင်ထားသည်။ ရှန်ညန်ဇီ ရှေ့သို့ လျှောက်လျှင် သူလည်း ရှေ့သို့ လိုက်လျှောက်သည်။ ရှန်ညန်ဇီက တစ်စုံတစ်ခုကို ကြည့်ရန် ရပ်လိုက်လျှင် သူလည်း ကြောင်တောင်တောင်ဖြင့် လိုက်ရပ်သည်။
သူသည် တကယ်ပင် ရှန်ညန်ဇီ၏ အမြီးလေး ဖြစ်သွားချေပြီ။
သို့သော် ယခုအချိန်တွင် သူသည် အနည်းငယ် စိတ်နှင့်ကိုယ် မကပ် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်သည် အသိစိတ်မရှိဘဲ ရှန်ညန်ဇီ နောက်သို့ လိုက်ပါနေသော်လည်း သူ့စိတ်ဝိညာဉ်မှာမူ ရှန်ညန်ဇီ သူ့ကို ပွေ့ဖက်လိုက်သည့် ခဏကတည်းက လွင့်ပါးသွားခဲ့ပြီ ဖြစ်သည်။
သူ့စိတ်အာရုံများသည် ထိုနေရာမှာပင် ကျန်ရစ်ခဲ့သည်။
ရှန်ညန်ဇီ၏ ခဏတာ ပွေ့ဖက်မှုထဲတွင် ကျန်ရစ်ခဲ့သည်။
ရှန်ညန်ဇီသည် ဉာဏ်ကောင်းပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်သူ ဖြစ်ရာ တည်ငြိမ်စွာဖြင့် အရင် ရုန်းထွက်ခဲ့သည်။ ပွေ့ဖက်ပြီးနောက် သူမသည် သူ့ကို နှာခေါင်းလေးရှုံ့ပြပြီး အသာအယာ ပြုံးပြကာ သူမ၏ လယ်ကွင်း၊ သူမ၏ ရေကန်နှင့် သူမ၏ ဂျုံပင်များကို ကြည့်ရှုရန် လှည့်ထွက်သွားခဲ့သည်။
သို့သော် သူကတော့ ပုံမှန်အတိုင်း ပြန်မဖြစ်နိုင်တော့ပေ။
သူသည် ပြာပုံထဲတွင် မငြိမ်းနိုင်ဘဲ ကျန်နေသော မီးပွားလေး တစ်စကဲ့သို့နှယ်။
ရှဲ့ချီသည် ကိုယ်ထိလက်ရောက် ထိတွေ့မှုကို ဤမျှ တောင့်တမိလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ ရှန်ညန်ဇီ၏ လက်မောင်းများဖြင့် ဖက်တွယ်ခံခဲ့ရသော ခါးသည် ယခုထိ ပူနွေးနေဆဲ။ ရှန်ညန်ဇီနှင့် ထိကပ်ခဲ့သော ရင်ဘတ်သည်လည်း သူမ အသာအယာ ထိလိုက်ရုံဖြင့် ပျော့ပျောင်းသွားသကဲ့သို့ ခံစားရပြီး အသက်ရှူပင် မဝတော့ပေ။
ထိုပွေ့ဖက်မှု တစ်ခုသည် ရေကာတာ တံခါးကို ဖွင့်လိုက်သကဲ့သို့ ရေစီးကြောင်းများက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို တိုက်စားသွားပြီး ရှန်ညန်ဇီကို နောက်ထပ် ထပ်ထိချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။
သူမလက်ကို ဆုပ်ကိုင်ချင်သည်။
သူမကို ရင်ခွင်ထဲ နောက်တစ်ကြိမ် ထပ်ထည့်ချင်သည်။
စဉ်းစားနေရင်းက... ရှဲ့ချီ ခြေချော်သွားပြီး မြောင်းထဲ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
ရှန်မြောင်က အခြားတစ်ဖက်သို့ လှည့်ကြည့်ရန် ပြင်လိုက်ချိန်တွင် ရှဲ့ချီ ဟန်ချက်ပျက်ပြီး ယိမ်းထိုးသွားကာ ကြိုးစား ဟန်ချက်ထိန်းနေသည်ကို မြင်လိုက်ရ၏။
သူမက အမြန်လှမ်းဆွဲလိုက်ရသည်။
"မြေကြီးက အခုမှ အရည်ပျော်တာဆိုတော့ ရေစိုနေသေးတယ်၊ ချော်နေမှာပေါ့"
ရှဲ့ချီသည် သူမ ဆွဲလိုက်သဖြင့် ပြန်လည် မတ်တပ်ရပ်နိုင်သွားပြီးနောက် ရှန်မြောင် လက်လွှတ်လိုက်ရန် ပြင်လိုက်သည်။
သူ စိတ်လောသွားပြီး ပြန်လည် ဆုပ်ကိုင်လိုက်မိသည်။
ရှန်မြောင် မျက်လုံးဝိုင်းသွားသည်ကို မြင်လိုက်ရသော်လည်း သူ ခေါင်းငုံ့ကာ နှုတ်ခမ်းကို စေ့ထားပြီး လွှတ်မပေးချင်ပေ။
ခဏတာ တောင့်တင်းသွားပြီးနောက် ရင်ခုန်သံများ ဆူညံနေသော ရှဲ့ချီသည် လုံးဝ မခိုင်လုံသော ဆင်ခြေတစ်ခု ပေးလိုက်လေသည်။ "...ဒီကန်သင်းရိုးက ကျဉ်းပြီး ချော်တယ်၊ လက်တွဲထားမှ မလဲမှာ"
ရှန်မြောင်လည်း မျက်တောင်ခတ်လိုက်ပြီး ရုန်းမထွက်တော့ပေ။
သူမသည် ခေတ်သစ်က လာသူဖြစ်ရာ လက်ဆွဲခြင်း၊ ပွေ့ဖက်ခြင်းများသည် သူမအတွက် သိပ်ပြီး လက်မခံနိုင်စရာ မဟုတ်ပေ။ ရှဲ့ချီ၏ ပုံစံကို ကြည့်ရသည်မှာ တစ်သက်တာ သတ္တိကို စုစည်းထားရသည့်ပုံ ပေါက်နေပြီး မျက်နှာတစ်ခုလုံး ပူထူနေလေပြီ။
"ဟိုဘက်ကို တစ်ပတ်ပတ်ပြီးရင် ရှန်းအာတို့ကို သွားကြိုရအောင်၊ သူတို့ ချွန်းကျွမ်း (နွေဦးစံအိမ်) သွားတဲ့ လမ်းမှာ စောင့်နေလောက်ပြီ" ရှန်မြောင်က ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
"အင်း" ရှဲ့ချီသည် ခက်ခဲစွာဖြင့် ဝိုးတဝါး ပြန်ဖြေလိုက်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် အာခေါင်များ ထုံကျဉ်ကာ စကားမပြောတတ်တော့သည့်ပုံ ပေါက်နေလေသည်။
နှစ်ယောက်သား လက်တွဲပြီး နှစ်လှမ်း သုံးလှမ်းလောက် လျှောက်ရုံ ရှိသေးသည်၊ သူ့လက်ဖဝါးထဲတွင် ချွေးများ စို့လာလေသည်။
လူသူကင်းမဲ့နေသော်လည်း ရှဲ့ချီသည် ခေါက်ထားသော ဝတ်ရုံကို အခြားတစ်ဖက်သို့ ပြောင်းလိုက်ပြီး သူနှင့် ရှန်ညန်ဇီ၏ တွဲထားသော လက်များပေါ်တွင် အုပ်လိုက်သည်။ အပြင်ဘက် ရောက်နေသဖြင့် သူ ခေါင်းနောက်နေသော်လည်း ရှန်ညန်ဇီ၏ ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားပေးနေခြင်း ဖြစ်သည်။
ရှန်ညန်ဇီက သူ့အပေါ် ဒီလောက် ကောင်းပြီး သူတစ်ပါး အမြင်ကို ဂရုမစိုက်ဘဲ သူ့ကို လက်ခံခဲ့ရာ သူမနှင့် ပတ်သက်သမျှကို သူ ပိုပြီး တန်ဖိုးထားရမည်။ သူ့ကြောင့် သူမ အပြောအဆို မခံရစေချင်ပေ။
ရှန်မြောင်က မျက်လွှာချကာ သူတို့လက်များကို ဖုံးအုပ်ထားသော ဝတ်ရုံကို ကြည့်လိုက်ပြီး ရှဲ့ချီ၏ စေတနာကို နားလည်လိုက်သည်။ သူမ စိတ်နှလုံးသား ပျော့ပျောင်းသွားပြီး လက်ချောင်းလေးများကို ကွေးကာ ရှဲ့ချီ၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်တော့သည်။
ရှဲ့ချီ၏ ခြေလှမ်းများ အနည်းငယ် တုန့်သွားပြီး ရှေ့ဆက်လျှောက်သောအခါ လက်နှင့်ခြေထောက် တစ်ပြိုင်တည်း မြောက်မိသွားတော့သည်။
"ကျိုကော... ကျွန်မတို့ကိစ္စကို ရှင့်မိဘတွေ သိရဲ့လား၊ သူတို့က ရှင့်လိုလူကို ကျွန်မလို သာမန်ဈေးသည်မလေးနဲ့ တစ်သက်လုံး ပေါင်းသင်းဖို့ သဘောတူပါ့မလား" ရှန်မြောင်က ခေါင်းစောင်းပြီး မေးလိုက်၏။ သို့သော် ကျိုကောသည် အနောက်လမ်းကြားသို့ ပြောင်းရွှေ့နေထိုင်ပြီး သူ့မိသားစုက ချန်ကျိုးသို့ ပြန်သွားကြသည်ကို တွေးမိလိုက်သောအခါ တစ်စုံတစ်ခုကို သက်သေပြပြီးသား ဖြစ်နေသယောင်...
"အမေ သိတယ်" ရှဲ့ချီက အသက်ပြင်းပြင်း ရှူလိုက်သည်။ "အဖေ သိသိ မသိသိ ကိစ္စမရှိဘူး၊ သူက အမေ ပြောတာ နားထောင်တယ်"
ရှန်မြောင်က ခေါင်းညိတ်လိုက်၏။ သိရင် ပြီးတာပဲ။
တကယ်တော့ ကျိုကော ပြန်ရောက်တဲ့ နေ့ကတည်းက သူမ စိတ်ထဲမှာ ကျိုကောနဲ့ စေ့စပ်ဖို့ စိတ်ကူး ရှိပြီးသားပါ။ သူမက သစ္စာဖောက် ယောကျ်ား မဟုတ်ပါဘူး၊ ကျိုကောအပေါ် တာဝန်ယူမယ့် မိန်းကောင်းတစ်ယောက်ပါ။
ကျိုကောနဲ့ အတူနေဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ လက်တွေ့ကျတဲ့ ကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားရတော့မယ်။
ကံကောင်းတာက ဒီနေရာမှာ နောက်ပိုင်းခေတ်တွေလို တင်းကျပ်လွန်းတဲ့ ကျင့်ဝတ်စည်းကမ်းတွေ သိပ်မရှိဘူး။ ဆွေကြီးမျိုးကြီးတွေမှာတော့ စည်းမျဉ်းစည်းကမ်းတွေ ရှိကောင်းရှိနိုင်ပေမဲ့ သာမန် ပြည်သူတွေကြားမှာတော့ သိပ်ပြီး အလေးမထားကြဘူး။
စေ့စပ်ပြီးသွားရင် နှစ်ဖက်မိသားစုက မိသားစု တစ်စုလို ဖြစ်သွားပြီး လယ်လုပ်တာတွေ ဝိုင်းကူကြ၊ ပွဲလမ်းသဘင်တွေ အတူတူ ကျင်းပကြတယ်။ အိမ်နီးနားချင်းတွေ ဆိုရင်လည်း အဝင်အထွက် ရှိတာက ပြဿနာ မဟုတ်ဘူး။
စေ့စပ်ပြီးတာနဲ့ အိမ်ထဲမှာပဲ နေပြီး မင်္ဂလာဆောင် ပစ္စည်းတွေ ထိုင်ချုပ်နေရမယ်၊ အပြင်မထွက်ရဘူး ဆိုတာမျိုး မရှိသလို သတို့သားလောင်းနဲ့ တွေ့တာ မသင့်တော်ဘူး၊ စည်းကမ်းမရှိဘူးလို့လည်း ဘယ်သူမှ ပြောမှာ မဟုတ်ဘူး။ မိန်းမတွေက အိမ်မှုကိစ္စပဲ လုပ်ရမယ်၊ အပြင်မထွက်ရဘူးလို့လည်း ဘယ်သူမှ ပြောမှာ မဟုတ်ဘူး။
အရင်တုန်းက ရှန်သာ့ကျဲအာနဲ့ ရုံသာ့လန် စေ့စပ်တုန်းကဆို ရုံသာ့လန်က ရှန်မိသားစု ဆိုင်ကို နေ့တိုင်းနီးပါး လာကူပေးခဲ့တာ၊ သမက်ကောင်း တစ်ယောက်လို့တောင် ချီးကျူးခံခဲ့ရသေးတယ်။
ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်။ သူမက ခိုးကြောင်ခိုးဝှက် နေရတာကို မကြိုက်ပါဘူး။ လူတစ်ယောက်ကို ချစ်မိရင် ဘာလို့ သူခိုးလို နေရမှာလဲ။ သူမနဲ့ ကျိုကောရဲ့ အချစ်ရေးက လူသိရှင်ကြား ထုတ်ပြနိုင်တဲ့အရာ ဖြစ်သင့်တယ်။
အရင်ဘဝတုန်းက သူမသည် အရည်အသွေး မမီသော အမျိုးသားပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ လူပေါင်းစုံ တွေ့ခဲ့ဖူးသဖြင့် ယခုဘဝတွင် ကိုယ့်ကိုယ်ကို ယုံကြည်သလို ကျိုကောကိုလည်း ယုံကြည်သည်။ ဒါက အချစ်စိတ်တက်ပြီး ရူးသွပ်နေတာ မဟုတ်ဘူး၊ သူမဆီမှာ အဲဒီလို ဦးနှောက်မျိုး မရှိဘူး။
သူမရဲ့စည်းမျဉ်းက အမြဲတမ်း ဒီအတိုင်းပဲ။
ချစ်ရင် ပွင့်ပွင့်လင်းလင်း ချစ်ရမယ်။
ပြီးတော့ သူမ ကြောက်စရာလည်း ဘာမှ မရှိဘူး။
ကျိုကောသာ သူမကို သစ္စာဖောက်ရဲရင် နောက်ထပ် ကွာရှင်းလိုက်ရုံပဲ ရှိတာပေါ့။
တစ်ခါ ကွာရှင်းဖူးပြီးသား။ အတွေ့အကြုံ ရှိသားပဲ။
ပြီးတော့... စုန့်ခေတ်ရဲ့ လူမှုထုံးတမ်းနဲ့ ဥပဒေတွေက အမျိုးသမီးတွေရဲ့ မင်္ဂလာကြေးနဲ့ လက်ထပ်မတိုင်ခင် ပိုင်ဆိုင်မှုတွေကို အကာအကွယ် ပေးထားတယ်။ ချန်ချွမ်း ဖတ်ပြတဲ့ အမျိုးသမီး ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေတွေကို သူမ အသေးစိတ် နားထောင်ဖူးတယ်။ "ဇနီးမောင်နှံ သဟဇာတ မဖြစ်လို့ ကွာရှင်းရင် ဇနီးဘက်က ပါလာတဲ့ ပစ္စည်းတွေကို ခွဲဝေယူလို့ မရဘူး" တဲ့။
အမျိုးသမီး ပါလာတဲ့ မင်္ဂလာကြေး၊ ဥပမာ - ရွှေငွေ လက်ဝတ်ရတနာ၊ လယ်ယာမြေ၊ အိမ်ခြံမြေတွေက အမျိုးသမီးရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်တယ်။ လက်ထပ်ပြီးရင်တောင် ဒီပစ္စည်းတွေနဲ့ ဒီပစ္စည်းတွေက ရလာတဲ့ အကျိုးအမြတ်တွေက ယောကျ်ားဘက်က ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘဲ သီးခြား ဖြစ်နေတယ်။ ယောကျ်ားဘက်က ဘယ်သူမှ သဘောတူညီချက် မပါဘဲ ယူသုံးလို့ မရဘူး။
ပုံမှန်အချိန်တွေမှာ ယောကျ်ားဘက်က အမျိုးသမီးရဲ့ မင်္ဂလာကြေးကို သုံးချင်ရင်တောင် အမျိုးသမီး သဘောတူမှ သုံးလို့ ရတယ်။ အမျိုးသမီးက သူ့သဘောနဲ့သူ ထုတ်ပေးမှ ယောကျ်ားဘက်က သုံးခွင့်ရှိတယ်။
ယောကျ်ားဘက်က အမွေခွဲတာပဲ ဖြစ်ဖြစ်၊ အကြွေးဆပ်တာပဲ ဖြစ်ဖြစ် ဇနီးသည် သဘောမတူရင် ဇနီးသည်ရဲ့ မင်္ဂလာကြေးနဲ့ ဆပ်လို့ မရဘူး။ အကယ်၍ လယ်ယာမြေ၊ အိမ်ခြံမြေ ဝယ်တုန်းက ဇနီးသည်ရဲ့ မင်္ဂလာကြေးကို ယူသုံးထားရင် ကွာရှင်းတဲ့အခါ အဲဒီ ငွေပမာဏကို သီးခြား တွက်ချက်ပြီး ဇနီးသည်ကို ပြန်ပေးရတယ်။
အရင်တုန်းက ရှန်သာ့ကျဲအာ ကွာရှင်းခံရတုန်းက ကျန်နေတဲ့ မင်္ဂလာကြေးတွေကို အလွယ်တကူ ပြန်ယူနိုင်ခဲ့တာက ဒီအကြောင်းရင်းကြောင့်ပဲ။ လူမှုကျင့်ဝတ်အရပဲ ဖြစ်ဖြစ်၊ ဥပဒေအရပဲ ဖြစ်ဖြစ် သူမ သဘောမတူရင် ရုံမိသားစုက သူမရဲ့ ပစ္စည်းတွေကို သိမ်းထားဖို့ အကြောင်းပြချက် မရှိဘူး။
ဒါဆိုရင်... အရင်တုန်းက ရုံသာ့လန်က ရှန်သာ့ကျဲအာရဲ့ မင်္ဂလာကြေးတွေကို ကုန်အောင် သုံးနိုင်ခဲ့တာက သာ့ကျဲအာက ဒီလူယုတ်မာရဲ့ လှည့်စားတာ ခံလိုက်ရလို့ပဲ။ သာ့ကျဲအာက လင်မယား သံယောဇဉ်ကို ထောက်ထားပြီး သူ စာသင်ဖို့အတွက် ထုတ်ပေးလိုက်တာ။
ရှန်မြောင်သာ အဲဒီတုန်းက ရုံမိသားစုနဲ့ ဇာတ်လမ်း ဆက်ဖြစ်ခဲ့ရင် တရားစွဲပြီး ပိုက်ဆံ ပြန်တောင်းလို့ ရတယ်။ ဒါပေမဲ့ မင်္ဂလာကြေးကိစ္စ ရှင်းရတာ အချိန်အရမ်း ကြာတတ်တယ်။ သူမက တစ်ကောင်ကြွက် ဖြစ်နေပြီး ကျန်းမာရေးကလည်း မကောင်းသေးဘူး၊ ကျင်းလင်ကလည်း သူမပိုင်တဲ့ နေရာ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီ လူယုတ်မာတွေကို စောစောစီးစီး စွန့်ခွာပြီး ဘဝသစ် စဖို့ ရွေးချယ်လိုက်တာ။
သာ့ကျဲအာအတွက် လက်စားမချေပေးနိုင်ခဲ့ပေမဲ့ သူမက မောင်လေး ညီမလေးတွေကို ကောင်းကောင်း စောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အခု ရှန်မိသားစုရဲ့ ခေါက်ဆွဲဆိုင်လေးက ပြန်လည် ဦးမော့လာပြီ။ သူမ နာမည်နဲ့ လယ်ကွက်တွေ၊ ဆိုင်ခန်းတွေ ပိုင်ဆိုင်လာပြီ။ ကျိအာနဲ့ ရှန်းအာတို့လည်း ဘေးကင်းကင်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာကြပြီ ဆိုတော့ သူမ စိတ်ထဲမှာ နည်းနည်းတော့ သက်သာရာ ရသွားတယ်။
သာ့ကျဲအာရဲ့ ဝိညာဉ်က သူမရဲ့ ရွေးချယ်မှုကို အပြစ်မတင်လောက်ပါဘူးလို့ မျှော်လင့်ပါတယ်။
ဒါပေမဲ့ ရုံမိသားစုကသာ နောက်ပိုင်း လာနှောင့်ယှက်ရဲရင်တော့ ဒီတစ်ခါ တရားစွဲဖို့ သူမ မကြောက်တော့ဘူး။
အတိုချုပ် ပြောရရင် အခုအချိန်မှာ လက်ထပ်တာ၊ ကွာရှင်းတာတွေအတွက် ပိုင်ဆိုင်မှု တစ်ဝက်ခွဲပေးရမှာတွေ၊ ကွာရှင်းဖို့ အချိန်စောင့်ရမှာတွေကို စိတ်ပူစရာ မလိုတော့ဘူး။ ရှေ့နေတုန့် ပြောပြချက်အရ ရုံးတော်ကို ပိုက်ဆံနည်းနည်း ထိုးပေးလိုက်ရင် ဇနီးသည်က ကွာရှင်းခွင့် တောင်းပြီး ခင်ပွန်းသည်က သဘောမတူရင်တောင် ဇနီးသည်က ရုံးတော်ကို တိုင်လို့ ရတယ်၊ ကြိမ်ဒဏ် နည်းနည်းလောက် ခံလိုက်ရင် ပြီးသွားရောတဲ့။
ပိုက်ဆံရှိရင် စာရေးစာချီတွေကို ကျွေးမွေးလိုက်ရင် ကွာရှင်းလို့ မရတာ မရှိပါဘူး။
ကောင်းတာရော ဆိုးတာရော သူမ အကုန် စဉ်းစားပြီးပါပြီ။
သူမ ဆုံးဖြတ်လိုက်ပြီ။
ရှန်မြောင်သည် ရှေ့သို့ ဆက်လျှောက်ရင်း ရှဲ့ချီနှင့် မနက်ဖြန် ဘာဟင်းချက်မလဲ တိုင်ပင်နေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဆက်ပြောလိုက်သည်။ "သာ့ညန်ဇီလည်း သိတယ်ဆိုတော့... ကျိုကော နောက်ရက်ကျရင် အချိန်လေးပေးပြီး ချန်ကျိုးကို တစ်ခေါက်လောက် ပြန်လိုက်ပါလား၊ သာ့ညန်ဇီကို အောင်သွယ်လွှတ်ပြီး စကားလာပြောခိုင်းလိုက်လေ၊ ကျွန်မတို့တွေ စေ့စပ်ထားလို့ ရတာပဲ၊ စေ့စပ်ပြီးရင် တွေ့ရတာ ခိုးကြောင်ခိုးဝှက် ဖြစ်စရာ မလိုတော့ဘူး၊ ကျိုကောလည်း ကျွန်မရဲ့ဂုဏ်သိက္ခာ ထိခိုက်မှာ စိတ်ပူစရာ မလိုတော့ဘူး၊ ဒါပေမဲ့ စေ့စပ်ပြီးရင် နှစ်နှစ်လောက်နေမှ လက်ထပ်ချင်တယ်၊ ရမလား၊ ကျွန်မ ဆိုင်ကို ပိုကောင်းအောင် လုပ်ချင်သေးလို့..."
ရှန်မြောင် စကားမဆုံးသေးခင်မှာပင် လက်မောင်းကို ဆွဲလိုက်သလို ခံစားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်သောအခါ ရှဲ့ချီသည် ကန်သင်းရိုးပေါ်တွင် ရပ်တန့်နေပြီး ခွေးပေါက်လေးကဲ့သို့ သနားစရာကောင်းသော မျက်လုံးများဖြင့် ကြည့်ကာ ငိုမဲ့မဲ့ဖြင့် ပြောလိုက်လေသည်။ "ကျွန်တော် မလျှောက်နိုင်တော့ဘူး"
"ဟင်?"
"ကျွန်တော့် ခြေထောက်တွေ... တ... တုန်နေလို့..."
ရုတ်တရက် ကောင်းကင်ပေါ်က ပိုင်မုန့်မိုး ရွာကျလာသဖြင့် သူ သတိမေ့လဲလုနီးပါး ဖြစ်နေလေပြီ။
.......
ရှန်မြောင်နှင့် ရှဲ့ချီ ကန်သင်းရိုးပေါ်တွင် ဘဝအကြောင်း ဆွေးနွေးနေကြစဉ် ရှန်းအာတို့အဖွဲ့သည် ရှဲ့မိသားစု၏ ချွန်းကျွမ်း (နွေဦးစံအိမ်) သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ရှန်းအာက ထူးဆန်းစွာ မေးလိုက်သည်။ "မကြီးတို့ ခုထိ မရောက်သေးဘူးလား"
ကျိအာက လက်ထဲတွင် သစ်တော်သီးခဲကို ကိုင်ရင်း ဖြေလိုက်သည်။ "လယ်ကွင်းကို သေချာ ကြည့်နေလို့ နေမှာပါ"
ကျိုးတာ့က ရှေ့ကနေ လမ်းပြနေသည်။ ချွန်းကျွမ်း အနောက်ဘက်တွင် မြင်းမွေးမြူရေး မြက်ခင်းပြင် ရှိသဖြင့် မြင်းစီးရန် အဆင်ပြေသည်။
"ကိစ္စမရှိပါဘူး၊ ခဏနေ ဖျာခင်းပြီး ကျိုးတာ့ကို လိုက်ကာ ကာခိုင်းလိုက်မယ်၊ ပြီးရင် မုန့်စားရင်း ရှန်ညန်ဇီနဲ့ ကျိုကောကို ထိုင်စောင့်ကြတာပေါ့" ယန့်ရှူးက ပြောရင်း ပခုံးပေါ်က လွယ်အိတ်ကြိုးကို ပြင်လိုက်သည်။ သူ့အိတ်ထဲတွင် ရှန်မြောင် မထွက်ခင်က ကင်ပေးလိုက်သည့် ကြက်ကင်နှစ်ကောင် ပါလာရာ လမ်းတစ်လျှောက်လုံး ကြက်ကင်နံ့ မွှေးမွှေးလေးကြောင့် သွားရည်ကျနေရသည်။
ချန်ချွမ်းလည်း တည်သီးခြောက်များ လွယ်ထားပြီး လမ်းလျှောက်ရတာ အဆင်မပြေဘဲ ခြေထောက်ကားပြီး လမ်းလျှောက်နေရသည်။ တစ်ခါမှ မြင်းမစီးဖူးသူ ဖြစ်ရာ ပေါင်ခြံများ ပူစပ်ပူလောင် ဖြစ်ပြီး နာကျင်နေလေသည်။
သိပ်မကြာခင်တွင်တော့ ရောက်သွားကြသည်။
ယန့်ရှူးသည် ကျိုးတာ့နှင့် ကျိုးချူးယိတို့ကို ကူညီပြီး လိုက်ကာများ ချိတ်ဆွဲခြင်း၊ ဖျာနှင့် ဂွမ်းစောင်များ ခင်းခြင်းတို့ကို ပြုလုပ်လိုက်ရာ နွေးထွေးပြီး သက်သောင့်သက်သာ ရှိသွားတော့သည်။ အိမ်စောင့်နေသည့် အစေခံများကို မီးသွေးနှင့် မီးဖို လာပို့ခိုင်းလိုက်သည်။
ကြက်ကင် အေးသွားပြီမို့ မီးဖိုပေါ်တင်ပြီး ပြန်နွှေးလိုက်သည်။
အပူပေးလို့လည်း ရတာပေါ့။
ရှန်းအာက တုတ်ထိုးထားသည့် ကြက်ကင်ကို စူးစိုက်ကြည့်ရင်း ခဏနေရင် ကြက်ပေါင်နှစ်ချောင်းလုံး ဖဲ့ပြီး မကြီးနဲ့ ကျိုကောအတွက် သီးသန့် ချန်ထားပေးမယ်ဟု တွေးလိုက်သည်။
ယန့်ရှူးက လိုက်ကာကို သေချာ ချိတ်ပြီးနောက် ရှန်းအာနား ကပ်လာပြီး လျှို့ဝှက်စွာ ပြောလိုက်သည်။ "စောစောက ငါ မြက်ခင်းထဲမှာ ယုန်တွင်းနဲ့ ခလုတ်တိုက်မိမလို့ ဖြစ်သွားတယ်၊ ရှန်းအာ ယုန်ဖမ်းချင်လား"
ရှန်းအာတစ်ယောက် မျက်လုံး အရောင်တောက်သွား၏။ "ဘယ်နားမှာလဲ"
"ဟိုဘက်မှာ" ယန့်ရှူးက ကုန်းမြင့်ဘေးရှိ ကျောက်တုံးကြီး တစ်တုံးဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ "ယုန်တွေက ကျောက်တုံးဘေးမှာ တွင်းတူးရတာ ကြိုက်တယ်၊ ငါ တွင်းတွေ အများကြီး တွေ့တယ်၊ တွင်းဝမှာ ယုန်ချေးတွေတောင် ရှိတယ်၊ အထဲမှာ သေချာပေါက် ယုန်ရှိမှာ"
"ကိုကြီးနဲ့ ချန်ချွမ်းပါ ခေါ်ပြီး ဖမ်းကြမယ်၊ မကြီး ရောက်လာရင် ယုန်သား စားရမလား မသိဘူး" ရှန်းအာက လက်သီးလက်မောင်းတန်းကာ တစ်ဖက်က ချန်ချွမ်းကို ဆွဲ၊ တစ်ဖက်က ကျိအာကို တွန်းရင်း ပြောလိုက်သည်။ "သွားမယ် သွားမယ်"
ယုန်ဖမ်းရတာ ရိုးရှင်းပါသည်။ စိုစွတ်နေသည့် သစ်ရွက်၊ သစ်ကိုင်း၊ မြက်ခြောက်များကို ယုန်တွင်းဝတွင် ပုံပြီး မီးရှို့လိုက်ကာ အခိုးအငွေ့များကို တွင်းထဲ ဝင်အောင် ယပ်ခတ်ပေးလိုက်လျှင် ယုန်သည် မကြာခင် အပြင်သို့ ပြေးထွက်လာလိမ့်မည်။
ယုန် ပြေးထွက်လာသည့်အချိန် ဖမ်းလိုက်ရုံပင်။
ပြောပြီးသည်နှင့် လုပ်ကြတော့သည်။ ကလေးများ လူစုခွဲလိုက်ကြပြီး မကြာခင်တွင် ရှန်းအာက ဆီးနှင်းရေ စိုနေသည့် သစ်ရွက်ခြောက်များ၊ သစ်ကိုင်းခြောက်များကို ပွေ့လာပြီး ချန်ချွမ်းက ထူထဲသည့် ကိုင်းမြက်ခြောက်များကို ရှာလာသည်။
ကျိအာက ထိုအရာများကို စုပုံပြီး တွင်းဝတွင် ပိတ်ဆို့လိုက်သည်။ ယန့်ရှူးက ရင်ဘတ်ထဲမှ မီးခတ်ကျောက်ကို ထုတ်ပြီး 'ချက်ချက်' ခတ်လိုက်ရာ မီးတောက်လေး ထွက်ပေါ်လာပြီး သစ်ရွက်နှင့် မြက်ခြောက်များကို မီးညှိလိုက်သည်။ မီးတောက် ထလာသည်နှင့် မီးခိုးလုံးကြီးများ ထွက်ပေါ်လာပြီး တွင်းထဲသို့ တလိမ့်လိမ့် ဝင်ရောက်သွားတော့သည်။
ယန့်ရှူးက အင်္ကျီကို လိပ်တင်ပြီး တွင်းဝကို အားကုန် ယပ်ခတ်ပေးရင်း "မြန်မြန် ထွက်လာခဲ့" ဟု ရေရွတ်နေ၏။ မီးခိုးများသည် တွင်းဝမှတစ်ဆင့် အဆက်မပြတ် ဝင်ရောက်နေလေသည်။
လက်ဖက်ရည်တစ်ပွဲ သောက်စာလောက် ကြာသွားသော်လည်း တွင်းထဲမှ ဘာသံမှ မကြားရပေ။ ရှန်းအာ စိတ်ဓာတ်ကျသွားပြီး ညည်းတွားတော့သည်။ "တွင်းမှားနေတာလား၊ အထဲမှာ ယုန်မရှိဘူးလား မသိဘူး"
ယန့်ရှူးက ခေါင်းခါပြီး သေချာပေါက် ပြောလိုက်သည်။ "မပူပါနဲ့၊ ယုန်ပါးက တွင်းသုံးပေါက် ရှိတယ်၊ ယုန်တွင်းက အရမ်းနက်တယ်၊ မီးခိုး နည်းနည်း ထပ်မှုတ်လိုက်ဦး၊ သေချာပေါက် အထဲမှာ ရှိတယ်"
ပြောနေရင်းမှာပင် တွင်းထဲမှ လှုပ်ရှားသံ တစ်ခု ကြားလိုက်ရသည်။ ကလေးများ ချက်ချင်း နိုးကြားသွားပြီး တွင်းဝကို စူးစိုက် ကြည့်နေကြသည်။ မီးခိုးရောင် ယုန်ကြီး နှစ်ကောင် သုံးကောင်ခန့် တွင်းထဲမှ ရုတ်တရက် ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
"ဒီမှာ ဒီမှာ!"
ယန့်ရှူး အော်ပြောပြီး ခုန်အုပ်လိုက်သည်။ ရှန်းအာက အနောက်မှ ကပ်လိုက်လာပြီး ပြေးရင်းလွှားရင်း လှမ်းဖမ်းလိုက်သည်။ သို့သော် ယုန်များက လျင်မြန်ဖြတ်လတ်သဖြင့် ခုန်ပေါက်ပြီး မြက်ခင်းထဲတွင် ဘယ်တိမ်းညာတိမ်းနှင့် အလွန် လျင်မြန်စွာ ပြေးလွှားနေကြသည်။
ချန်ချွမ်းက အခွင့်ကောင်းကို စောင့်ပြီး တစ်ကောင်ကို လှမ်းဖမ်းလိုက်သော်လည်း ယုန်က မြန်လွန်းသဖြင့် အလွတ်ဖမ်းမိပြီး မြက်ပင်များကိုသာ ကိုက်မိလိုက်သည်။
ယုန်များ လေးဘက်လေးတန် ထွက်ပြေးကုန်ကြပြီး တောင်စောင်းအောက်သို့ ပြေးဆင်းသွားရာ ပျောက်တော့မည့်ဆဲဆဲ ဖြစ်နေလေသည်။ ထိုအချိန်တွင် ရှန်းအာက စိတ်မြန်လက်မြန် ကျောက်ခဲတစ်လုံး ကောက်ယူပြီး လက်ကောက်ဝတ်ကို လွှဲကာ ပစ်လိုက်ရာ 'ရွှီး' ခနဲ မြည်သံနှင့်အတူ ကျောက်ခဲသည် တောယုန်၏ အမြီးနားမှ ဖြတ်သွားသည်။ မီးခိုးရောင် ယုန် လန့်သွားပြီး လမ်းကြောင်းပြောင်းကာ ဘေးဘက်သို့ ပြေးသွားသည်။
ကျိအာက ယုန်ပြေးလမ်းကြောင်းကို စောင့်ကြည့်နေပြီး ကြိုတင်ကာ အရှိန်ယူ၍ ခုန်အုပ်လိုက်ရာ ယုန်ကို လက်နှစ်ဖက်ဖြင့် မိအောင် ဖမ်းနိုင်လိုက်လေသည်။
"မိပြီ! မိပြီ!" ရှန်းအာနှင့် ယန့်ရှူးတို့ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ ကလေးများ အားလုံး နဖူးတွင် ချွေးများ ရွှဲနေပြီး ဝိုင်းအုံလာကာ ပျော်ရွှင်စွာ ရယ်မော အော်ဟစ်နေကြရာ မြက်ခင်းပြင်တွင် အသံများ ပဲ့တင်ထပ်နေလေသည်။
ရှန်မြောင်နှင့် ရှဲ့ချီတို့ ချွန်းကျွမ်းသို့ ရောက်လာပြီး သူတို့နှင့် လာတွေ့သည့်အချိန်တွင် ကလေးလေးယောက်သည် မီးခိုးရောင် ယုန်ကြီးတစ်ကောင်ကို ဝိုင်းကြည့်ပြီး လေးလေးနက်နက် တိုင်ပင်နေကြသည်ကို တွေ့လိုက်ရသည်။
ထိုယုန်၏ အဝါရောင် သွားကြီးနှစ်ချောင်းမှာ ရှည်ထွက်နေပြီး ပါးစပ်အပြင်ဘက်သို့ ရောက်နေကာ ရုပ်ရည်မှာ အလွန် ဆိုးသွမ်းပုံ ပေါက်သည်။ ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့်နင်းနေပြီး ကျိုးတာ့ ရှာပေးထားသည့် ဝါးခြင်းတောင်းကို ကိုက်ဖြတ်နေလေသည်။
"နင်တို့ ဘယ်က ယုန် ရလာတာလဲ" ရှန်မြောင်၏ လက်မောင်းပေါ်တွင် ဝတ်ရုံ တင်ထားဆဲပင်။
"ဖမ်းလာတာ" ရှန်းအာက စိတ်လှုပ်ရှားစွာဖြင့် သူတို့ ယုန်ဖမ်းခဲ့သည့် သူရဲကောင်း လုပ်ရပ်များကို ပြောပြလေသည်။
ရှန်မြောင်က ပြုံးပြီး ချီးကျူးလိုက်သည်။ "တော်လိုက်တာ"
ရှန်းအာက ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်သော်လည်း မကြာမီ စိတ်ဓာတ်ကျသွားပြီး ယန့်ရှူး၊ ချန်ချွမ်းတို့နှင့် မျက်လုံးချင်း ဆုံကာ လူကြီးတစ်ယောက်လို သက်ပြင်းချလိုက်သည်။ "အစက ယုန်သားဟင်း လုပ်စားမလို့ ဖမ်းလိုက်တာ၊ ဒါပေမဲ့ အခု မစားချင်တော့ဘူး"
ယန့်ရှူးက ခေါင်းညိတ်ပြီး မေးစေ့ကို ကိုင်ကာ မျက်နှာငယ်လေးဖြင့် သက်ပြင်းချလိုက်သည်။ "ကျိုးတာ့ ပြောတာတော့ ဒါက ယုန်မကြီး ဖြစ်လောက်တယ်တဲ့၊ သူ့ကိုယ်ပေါ်က အမွှေးတွေက ကွက်နေတာက အသိုက်လုပ်ဖို့ နုတ်ထားတာ ဖြစ်မယ်တဲ့၊ ဒါကြောင့် တွင်းထဲမှာ သူ့ကလေးတွေ ရှိလောက်တယ်"
ချန်ချွမ်းက ယုန်ကို သနားနေလေပြီ။ "သူ့ကို လွှတ်ပေးလိုက်ပါ၊ သူ့မှာ ကလေးတွေ ရှိတယ်လေ"
ကျိအာက ခေါင်းညိတ်လိုက်သည်။ "ငါတို့ ဒီတစ်လုပ် မစားရလို့ မဖြစ်တာမှ မဟုတ်တာ၊ မစားကြပါနဲ့တော့"
ရှန်မြောင်လည်း သဘာဝကျကျ ထောက်ခံလိုက်သည်။ "လွှတ်ပေးလိုက်ပါ၊ နင်တို့ ယုန်သား စားချင်ရင် နောက်မှ သူများမွေးထားတဲ့ အသားစားယုန် ဝယ်ပေးမယ်၊ ယုန်သားနီချက်၊ ယုန်သားအစပ်ကြော် ဒါမှမဟုတ် ယုန်ခေါင်းအစပ်ချက် လုပ်ကျွေးမယ်၊ အကုန် စားကောင်းတယ်"
ကလေးများ အချင်းချင်း ကြည့်လိုက်ကြပြီး ရှန်းအာက ဝါးခြင်းတောင်း၏ တံခါးကို မြက်ခြောက်တံလေးဖြင့် ဖွင့်ပေးလိုက်ရာ ယုန်ကြီးသည် ချက်ချင်း ခုန်ထွက်သွားပြီး ခဏချင်း ပျောက်ကွယ်သွားတော့သည်။
ယန့်ရှူးသည် ပျောက်သွားသည့် ယုန်ကို နှမြောတသ ကြည့်နေပြီးမှ ကျိုကောသည် ဝိညာဉ်လွင့်နေသကဲ့သို့ ရှန်ညန်ဇီ၏ နောက်တွင် ကြောင်တောင်တောင် ရပ်နေသည်ကို သတိထားမိလိုက်သည်။ ဘာတွေ တွေးနေမှန်းလည်း မသိ။
"ကျိုကော? ကျိုကော!"
ရှဲ့ချီတစ်ယောက် ရုတ်တရက် သတိဝင်လာသည်။ "ဘာလဲ"
ယန့်ရှူး ပိုပြီး သံသယ ဝင်သွားတော့သည်။
ရှန်မြောင်လည်း နှာခေါင်းကို ပွတ်လိုက်ပြီး နေရခက်သွားသည်။
ကျိုကော ဒီလောက်ထိ ဖြစ်သွားမယ်မှန်း သိရင် ပြန်ရောက်မှ ပြောပြပါတယ်လေ။
စေ့စပ်မည့်ကိစ္စ ပြောပြီးနောက် သူမနှင့် ကျိုကော ကန်သင်းရိုးဘေးရှိ ခြောက်သွေ့သော ကျောက်တုံးပေါ်တွင် အကြာကြီး ထိုင်နေခဲ့ကြသည်။ သူသည် အိပ်မက်မက်နေသကဲ့သို့ ဖြစ်နေပြီးမှ ပြန်လည် သတိဝင်လာခဲ့သည်။ နောက်ပိုင်း ချွန်းကျွမ်းသို့ မြင်းစီးလာကြသည့်အခါ သူသည် သူမကို တင်းကျပ်စွာ ဖက်ထားခဲ့ပြီး ရပ်လိုက်သည့်အချိန်တွင် သူ့ခေါင်းသည် အားမရှိသကဲ့သို့ သူမပခုံးပေါ်သို့ မှီကျလာပြီး ပွတ်သပ်ကာ အသံများ အက်ကွဲနေလေသည်။
"အားမြောင်"
"အားမြောင်"
သူမ နာမည်ကို တိုးတိုးလေး ထပ်ခါထပ်ခါ ရေရွတ်နေလေသည်။
ဘာကြောင့်မှန်းမသိ။ ရှန်မြောင်သည် ဘာမှထပ်မပြောခဲ့ချေ။
မြင်းပေါ်မှ ဆင်းပေးသည့်အချိန်တွင် သူမကို မော့ကြည့်နေသည့် သူ့မျက်ဝန်းများသည် နက်ရှိုင်းနေပြီး သူမ ပုံရိပ်တစ်ခုတည်းသာ ထင်ဟပ်နေသည်။
ထိုအချိန်ကျမှ ရှန်မြောင် သတိထားမိလိုက်သည်။ ရှဲ့ချီ၏ စိတ်နှလုံးသားသည် မြစ်ရေကြီးသကဲ့သို့၊ မီးပန်းများ ပွင့်ဖောက်သကဲ့သို့ ပြင်းထန်နေသော်လည်း သူ့ပင်ကိုစရိုက်က အေးဆေးတည်ငြိမ်သူ ဖြစ်သဖြင့် ဘယ်လောက်ပဲ ပြင်းထန်သည့် ခံစားချက်ဖြစ်ပါစေ အော်ဟစ်သောင်းကျန်းခြင်း မရှိသလို ရူးသွပ်သည့် အပြုအမူများလည်း မလုပ်ပေ။
သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း တကယ်တမ်းကျတော့ ဝမ်းသာလွန်းလို့ ခြေထောက်ပျော့ပြီး လဲကျတတ်သူ ဖြစ်နေသည်။
ရှန်မြောင်သည် သူ့ကို ချစ်ဖို့ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူမမှာ ရယ်ချင်စိတ်ကို ထိန်းပြီး ဘာမှ မပြောတော့ဘဲ သူ့ကို ကောင်းကောင်း အနားယူခိုင်းလိုက်တော့သည်။ သို့သော် သည်လိုပုံစံနှင့်တော့ ရှန်းအာကို မြင်းစီးသင်ပေးလို့ မရတော့ချေ။ နောက်ပိုင်း ကျိုးတာ့က ရှန်းအာကို တွဲပြီး မြင်းပေါ် ဘယ်လိုတက်ရတယ်၊ ဇက်ကြိုး ဘယ်လိုကိုင်ရတယ် ဆိုတာ သင်ပေးလိုက်ရသည်။ ရှန်မြောင်ကတော့ ကျိအာ၊ ချန်ချွမ်း၊ ယန့်ရှူးတို့နှင့်အတူ ဆီများရွှဲပြီး စားချင်စဖွယ် ကောင်းနေသော ကြက်ကင်နှင့် အေးမြချိုမြိန်သော သစ်တော်သီးခဲတို့ကို အရသာရှိရှိ စားသောက်နေလိုက်သည်။
"အရမ်း စားကောင်းတာပဲ" ယန့်ရှူးက ပါးစပ်ထဲတွင် ပလုတ်ပလောင်းဖြင့် ပြောလိုက်သည်။ သူက ကြက်သားတစ်တုံး ထပ်ဖဲ့လိုက်သည်။ ရှန်ညန်ဇီက ဘဲကင်တာ တော်သလို ကြက်ကင်တာလည်း မခေပါလား။ ဒီကြက်ကင်က မွှေးလိုက်တာ၊ ကြက်ကို ကြာဖက်ခြောက်နဲ့ ထုပ်ပြီး ကင်ထားတော့ စားလိုက်ရင် ကြာဖက်နံ့လေး ရနေတယ်၊ အရေခွံက ကျွတ်ပြီး အထဲက ကြက်သားအမျှင်တွေထဲအထိ ဆော့စ်အရသာ ဝင်နေတယ်၊ သူက ပါးစပ်ထဲ ဆီတွေ ရွှဲနေတဲ့အထိ စားနေပြီး ရှန်းအာအတွက် ကြက်တောင်ပံကြီး တစ်ခု ချန်ထားပေးဖို့လည်း မမေ့ဘူး။
ကြက်သားအောက်တွင် ခင်းထားသည့် ခြောက်သွေ့သော ကြာဖက်ကို ကြည့်ရင်း ရှန်မြောင် နောက်ထပ် ဟင်းတစ်ပွဲကို သတိရသွားသည်။ ကြာဖက်ထမင်းပေါင်း။ နွေရာသီတုန်းက ခူးပြီး အခြောက်လှမ်း သိမ်းထားတဲ့ ကြာဖက်တွေ အများကြီး ရှိသေးတယ်၊ အိမ်ပြန်ရောက်ရင် ကောက်ညှင်းကြက်သားပေါင်း လုပ်စားလို့ ရတယ်။ ကောက်ညှင်းထဲမှာ ကြက်သား၊ ဝက်သားကင်၊ ဝက်နံရိုး၊ ဘဲဥငန်အနှစ်၊ မှို စတဲ့ အစာတွေ ထည့်၊ ပါးစပ်ထဲ ထည့်လိုက်ရင် ကြာဖက်နံ့ သင်းနေပြီး ကြက်သားအရသာက ကောက်ညှင်းထဲ စိမ့်ဝင်နေလို့ အရမ်း လတ်ဆတ်ပြီး မွှေးကြိုင်မှာ။
မနက်ဖြန် ကောက်ညှင်းကြက်သားပေါင်း စားမယ်။ သူမ တိတ်တဆိတ် ဆုံးဖြတ်လိုက်ပြီး သစ်တော်သီး အရည်ကို စုပ်သောက်လိုက်၏။
ဘေးနားက ကျိုကောကိုလည်း တစ်ချက် လှမ်းကြည့်လိုက်သည်။
သူသည် မြေခွေးမွေး ဝတ်ရုံကို ပွေ့ဖက်ပြီး ခြေတံရှည်များကို ကွေးကာ ငြိမ်သက်စွာ ထိုင်နေလေသည်။
ရှန်မြောင်မှာ ခေါင်းခါမိတော့သည်။ သွားပါပြီ၊ ကျိုကောရဲ့ လွင့်သွားတဲ့ ဝိညာဉ်က ပြန်မရောက်လာသေးဘူးပဲ။
...........
နေ့ရက်များ ကုန်ဆုံးသွားပြီး ယွမ်ရှောင်းပွဲတော်တွင် သကြားညို မုန့်လုံးရေပေါ် လုပ်စားကြ၊ မီးပုံးပွဲတော် လှည့်ပတ်ကြည့်ကြနှင့် နှစ်သစ်ကူး ပြီးဆုံးသွားတော့သည်။
ဒီရက်ပိုင်းအတွင်း အရာရာ အဆင်ပြေနေသော်လည်း ရှဲ့ချီ တစ်ယောက်သာ ဝိညာဉ်လွင့်နေသကဲ့သို့ ဖြစ်နေလေသည်။ လမ်းလျှောက်ရင် နံရံတိုက်လိုက်၊ ထမင်းစားရင် တူပြုတ်ကျလိုက်၊ လှေကားထစ်ကနေတောင် နှစ်ခါ သုံးခါလောက် ချော်ကျသေးသည်။ ယန့်ရှူးခမျာ လန့်သွားပြီး သေတ္တာမွှေကာ ရောင်စုံစက္ကူ အဆောင်လက်ဖွဲ့တွေ ရှာထုတ်ပြီး ရှဲ့ချီ ခေါင်းကနေ ခြေဖျားအထိ ချိတ်ဆွဲပေးထားရသည်။
သူက ရှဲ့ချီကို ထူးထူးဆန်းဆန်း ပတ်ကြည့်ပြီး "ထူးဆန်းတယ်၊ ကံဆိုးတာတွေ ပြန်ရောက်လာတာလား၊ ဒါပေမဲ့ ဒီတစ်ခါ ကြည့်ရတာ တစ်မျိုးကြီးပဲ" ဟု ရေရွတ်လိုက်သည်။
ရှန်မြောင်ကတော့ အမြဲတမ်း ခြေသံလုံလုံဖြင့် ထွက်ပြေးသွားလေ့ ရှိသည်။
ရက်အနည်းငယ် ကြာပြီးနောက် ပြန့်မြစ်ရေခဲများ အရည်ပျော်ကာ ပေါင်ယွမ် ၄ နှစ်၏ နွေဦးရာသီ တရားဝင် ရောက်ရှိလာတော့သည်။
မနက်စောစောစီးစီးတွင် လျန်ချန်သည် မိန်းမစိုးလေးများနှင့်အတူ ဘဲကင် လာဝယ်လေသည်။ ရှန်မြောင်သည် ဘဲကင်ကို ထမင်းဘူးထဲ သေချာ ထည့်ပေးပြီး ပေးလိုက်ချိန်တွင် ပြုံးရွှင်စွာ ပြောလိုက်သည်။ "လျန်ကုန်းကုန်း၊ ဒါလေး ယူသွားပါဦး၊ ပြီးတော့ ကိစ္စလေး တစ်ခုလောက် ဒုက္ခပေးချင်လို့ပါ၊ ရေကြောင်းပို့ဆောင်ရေးဌာနက စာရေးတွေကို မိတ်ဆက်ပေးလို့ ရမလားဟင်၊ ဘဲပေါက်လေးတွေ ဝယ်ဖို့ တောင်ဘက်ကို သွားတဲ့ သင်္ဘော ကြုံစီးချင်လို့ပါ"
လျန်ချန်လည်း ဒီကိစ္စကို မှတ်မိနေပြီး ဘဲကင်ကို ယူကာ ပြောလိုက်လေသည်။ "ရှန်ညန်ဇီ စိတ်မပူပါနဲ့၊ အရှင်မင်းကြီးက အားလုံး စီစဉ်ထားပြီးသားပါ၊ သင်္ဘော ထွက်ခါနီးရင် ဆိုင်ကို လူလွှတ်ပြီး ရှန်ညန်ဇီနဲ့ လာတိုင်ပင်ပါလိမ့်မယ်"
ကောင်းလိုက်တာ။ ရှန်မြောင်သည် လျန်ချန်ကို မြင်းလှည်းပေါ် တက်သည်အထိ ယဉ်ကျေးသိမ်မွေ့စွာ လိုက်ပို့လိုက်သည်။
သေချာသည့် သတင်းစကား ရပြီဖြစ်၍ သူမသည် အဒေါ်လီ အိမ်သို့ အမြန်သွားကာ ကျင်းလင်သို့ ဘဲပေါက် သွားဝယ်မည့်ကိစ္စကို ဆွေးနွေးရလေသည်။
ဘဲပေါက်ဝယ်တဲ့ ကိစ္စက ယုံကြည်စိတ်ချရပြီး ဘဲရွေးကျွမ်းကျင်သူ သွားမှ ဖြစ်မယ်။ ဒီလိုကိစ္စမျိုးက အရှင်မင်းကြီး ခွင့်ပြုချက် ရထားပေမဲ့ ရေကြောင်းအရာရှိတွေကို အပြည့်အဝ အားကိုးလို့ မရဘူး၊ သူတို့က အလုပ်များသလို ဘဲမွေးတဲ့သူတွေလည်း မဟုတ်ဘူးလေ။ ခရီးကလည်း ဝေး၊ အချိန်ကလည်း ကြာတော့ လမ်းမှာ စိတ်ချရတဲ့သူ မပါရင် ငွေကုန်ခံပြီး ဝယ်လာတဲ့ ဘဲတွေက ရောဂါရနေတဲ့ဘဲ၊ သေနေတဲ့ဘဲတွေ ဖြစ်နေရင် အရင်းပြုတ်ပြီး အရှုံးကြီး ရှုံးသွားလိမ့်မယ်။
ယခင်က ရှန်မြောင်သည် အဒေါ်လီကို တစ်ခါ ပြောခဲ့ဖူးသည်။ ငွေယူသွားပြီး ကျင်းလင်ကို တစ်ခေါက်လောက် သွားပေးပါ၊ ဘဲကောင်းကောင်းလေးတွေ ရွေးလာပေးပါဟူ၍။ အဒေါ်လီက ကိုအာကို စိတ်မချရင် ရှန်မိသားစုဆီ ပို့ထားလိုက်ပါ၊ ကိုအာရဲ့ စားသောက်ရေး၊ ကျောင်းကြိုပို့ကိစ္စ အကုန် တာဝန်ယူပေးပါမယ်ဟု ပြောခဲ့ဖူးသည်။
ခရီးဝေး သွားခိုင်းရခြင်းဖြစ်သဖြင့် ရှန်မြောင်က ထိုက်ထိုက်တန်တန် အကျိုးခံစားခွင့်များကို ပြင်ဆင်ထားပေးသည်။
ထိုစဉ်ကက အဒေါ်လီက နည်းနည်း စိုးရိမ်နေခဲ့သည်။ သူမက တစ်သက်လုံး ယန်လျိုအရှေ့လမ်းကြားလေးထဲမှာပဲ နေလာတာလေ။ ပြန့်ကျင်းမြို့တော်ကနေ တစ်ခါမှ မခွာဖူးဘူးလေ။ အခု ရုတ်တရက်ကြီး ဒီလောက်ဝေးတဲ့ နေရာကို သွားရမယ် ဆိုတော့ စိတ်ထဲမှာ နည်းနည်း ကြောက်နေမိတာပေါ့။
သည်တစ်ခေါက်တွင်တော့ ရှန်မြောင်က လမ်းတစ်လျှောက်လုံး အစိုးရသင်္ဘော စီးရမည်။ သင်္ဘောပေါ်မှာလည်း အရာရှိများက စောင့်ရှောက်ပေးမည်။ ကျင်းလင်ရောက်လျှင် ဘဲပေါက်ဝယ်ပြီး ချက်ချင်း ပြန်လာမည်ဖြစ်သဖြင့် အသွားအပြန် တစ်လလောက်သာ ကြာမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။
အဒေါ်လီက အံကြိတ်ပြီး နောက်ဆုံးတော့ သဘောတူလိုက်တော့သည်။ "ကောင်းပြီလေ၊ အဲဒါဆို ဦးလေးလီနဲ့ အတူ သွားလိုက်မယ်၊ ကိုအာကိုတော့ တကယ် အပ်ခဲ့မယ်နော်"
သူမ တစ်ယောက်တည်းတော့ ခရီးဝေး မသွားရဲဘူးလေ။
သူတို့ရဲ့ ကြွေထည်ဖာဖေးတဲ့ လုပ်ငန်းကလည်း နောက်ပိုင်း သိပ်အဆင်မပြေတော့ဘူး။ ဦးလေးလီ အပြင်ထွက်ပြီး တစ်နေကုန် ရှာမှ ဝမ် ရာဂဏန်းလောက်ပဲ ရတာ။ ရှန်ညန်ဇီက ပြောသေးတယ်။ ဒီခရီးမှာ စားသောက်စရိတ် အကုန်လုံးကို စာရင်းမှတ်ထား၊ ပြန်ရောက်ရင် ရှင်းပေးမယ်တဲ့။
ဒါ့အပြင် လုပ်အားခအဖြစ် ငွေ ၁၀ လျန်လောက် ပိုပေးဦးမယ်တဲ့။
အဒေါ်လီက ကိုအာတွင် စာပေပါရမီ မပါဘူးဟူသည့်ကိစ္စကို လက်ခံလိုက်သွားခဲ့သည်။ စာသင်ကျောင်းက ဆရာကလည်း နည်းနည်းပါပါး အရိပ်အမြွက် ပြောဖူးသည်။ ကိုအာက စာကြိုးစားပေမဲ့ ဉာဏ်မမီဘူးဟူ၍။
မိဘဆိုတော့လည်း ကိုယ်လုပ်နိုင်တုန်း သားအတွက် ငွေများများ စုပေးထားရမှာပေါ့။
အဒေါ်လီက သဘောတူလိုက်တော့ ရှန်မြောင်လည်း သက်ပြင်းချနိုင်သွားတော့သည်။ မဟုတ်ရင် ထန်အာကို အဒေါ်လီဆီမှာ ဘဲရွေးနည်း၊ ဘဲကျွေးနည်း အမြန်သင်ခိုင်းပြီး လွှတ်လိုက်မလို့။ ဒါပေမဲ့ အသစ်သင်ထားတဲ့သူက အတွေ့အကြုံရှိတဲ့သူကို ဘယ်ယှဉ်နိုင်မလဲ။ လမ်းမှာ ဘာဖြစ်မယ်မှန်း မသိနိုင်ဘူး၊ ထန်အာ ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မှာ။
အဒေါ်လီ လက်ခံလိုက်တာ အကောင်းဆုံးပဲ။
အဒေါ်လီတို့ လင်မယား ရေကြောင်းသင်္ဘောနှင့် လိုက်သွားခါနီးတွင် စာမေးပွဲ အောင်စာရင်းထွက်မည့် သတင်းလည်း ကြားလိုက်ရလေသည်။
...