← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အပိုင်း (၁၅၃) အသားပေါင်း

၂လပိုင်းသို့ ရောက်လာသည်နှင့် ရာသီဥတုက တစ်ရက်ထက်တစ်ရက် ပိုနွေးလာလေသည်။

မွန်းလွဲ ၁နာရီမှ ၃နာရီအချိန်တွင် လမ်းထိပ်ရှိ မိုးမခပင်ကြီးသည် အကိုင်းအခက်သစ်များ ထွက်လာပြီး မီးခိုးငွေ့နှယ် စိမ်းစိုနုပျိုနေသည်။ အဒေါ်ကုနှင့် အခြားအိမ်နီးချင်းများသည် သစ်ပင်အောက်တွင် ထိုင်ကာ ပန်းထိုးခြင်း၊ ဟင်းရွက်သင်ခြင်းများကို ပြုလုပ်နေကြသည်။

နွေးထွေးသော နေရောင်ခြည်က ကိုယ်လုံးပြည့် ဖြာကျနေပြီး လမ်းပေါ်တွင် ဂန္ဓမာပန်းရောင်းသည့် ကလေးငယ်ကို လှမ်းခေါ်ကာ ပန်ဆင်ရန် ပန်းအနည်းငယ် ဝယ်လိုက်ကြသည်။

နေ့လယ်ခင်း ဧည့်သည်ပါးချိန်ကို အခွင့်ကောင်းယူပြီး ရှန်မြောင်သည် လေထင်နှင့် ကျွေးဖုန်းတို့ကို ဆွဲကာ လမ်းလျှောက်ထွက်လာရာ သူမတို့သည် မနှစ်ကတည်းက စတင်ကပြခဲ့ပြီး ယခုနှစ်အထိ လူပြည့်နေဆဲဖြစ်သည့် ဇာတ်ပွဲအကြောင်းကို အမှန်တကယ် စိတ်ပါလက်ပါ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရလေသည်။

အဒေါ်ကုသည် ဖိနပ်အောက်ခံ ပြုလုပ်နေရင်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

" 'ဝမ်ဝန်ကြီး ဇနီးသည်ကို ကွာရှင်းခြင်း' ပြဇာတ်က ဘယ်အခန်းရောက်နေပြီလဲ၊ ကျွန်မ သွားမကြည့်တာ နှစ်ရက်ရှိပြီ၊ ဇာတ်ရုံက ဇာတ်တိုက်တာလည်း အရမ်းနှေးတာပဲ၊ ၇ရက် ၈ရက်မှ တစ်ခန်း ထွက်တာ၊ ဇာတ်သိမ်းကို မကြည့်ရတော့ ကျွန်မစိတ်ထဲ တနုံ့နုံ့ဖြစ်နေပြီ"

" အခန်း ၁၂ 'ဖန်သခင်မ ရေထဲပြုတ်ကျပြီး သားဆုံးရှုံးရခြင်း' ကို ရောက်နေပြီ၊ ဖန်သခင်မက အဲဒီမုန်းစရာကောင်းတဲ့ မယားငယ်ရဲ့ စွပ်စွဲတာ ခံရပြီး ရေထဲပြုတ်ကျသွားတယ်၊ ကလေးကိုတောင် မကယ်နိုင်ခဲ့ဘူး၊ အဲဒီ ဝမ်ဝန်ကြီးက အဲဒီမယားငယ်ဘက်ကပါပြီး ဖန်သခင်မကို အပြစ်တင်နေသေးတယ်၊ တကယ့်ကို ကြည့်ရတာ ကျွန်မသွားတွေ ယားလာတာပဲ၊ စင်ပေါ်တက်သွားပြီး ဝမ်ဝန်ကြီးလုပ်တဲ့ ဇာတ်မင်းသားကို ဆွဲချပြီး အသေရိုက်ပစ်ချင်စိတ် ပေါက်သွားတယ်" အဘွားကျန့်က ဒေါသတကြီး ပြောလိုက်သည်။

အစ်မကူကလည်း သက်ပြင်းချလိုက်လေသည်။ " သနားစရာ ကောင်းလိုက်တာ၊ ဖန်သခင်မက အစကတည်းက စိတ်မပျော့ဘဲ အဲဒီအစေခံမယားငယ်ကို အိမ်ထဲ ပေးမဝင်ခဲ့သင့်ဘူး၊ အဲလိုသာမဟုတ်ရင် ဒီလိုကပ်ဘေးမျိုး ဘယ်ကြုံရပါ့မလဲ"

အဒေါ်ကုက ပြင်းပြင်းထန်ထန် နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲက ဖိနပ်အောက်ခံကို ဘတ်ခနဲမြည်အောင် ရိုက်လိုက်လေသည်။ " ကျွန်မအမြင်ကတော့ ပြဿနာအရင်းအမြစ်က အဲဒီ ဝမ်ဝန်ကြီးဆီမှာပဲ ရှိတယ်၊ ဖန်သခင်မကို ရုံးတော်သွားပြီး သူ့ကို တရားစွဲခိုင်းသင့်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ရှန်မိသားစုက ချန်ချွမ်း အိမ်လာလည်တုန်းက 'မယားကို မယားငယ်အဖြစ် လျှော့ချတဲ့သူကို တုတ်ချက် တစ်ရာ ရိုက်မယ်' လို့ ရွတ်နေတာ ကြားလိုက်သေးတယ်၊ တရားသူကြီးမင်းကို အဲဒီဝမ်ဝန်ကြီး သေအောင်ရိုက်ခိုင်းလိုက်သင့်တာ"

ရှန်မြောင်သည် ခွေးနှစ်ကောင်၏ ဆွဲခေါ်ခြင်းဖြင့် အဒေါ်ကြီးများဘေးမှ ဖြတ်ပျံသွားပြီး အားလပ်ချိန်ရတုန်း သူမတို့ကို နှုတ်ဆက်လိုက်သော်လည်း သူမတို့သည် ဆွေးနွေးရာတွင် အလွန်အာရုံစိုက်နေကြသည်။ အဒေါ်ကုကသာ ခေါင်းမမော့ဘဲ ပြီးစလွယ် ပြန်ထူးလိုက်သည်။ " အော်... သာ့ကျဲအာ ခွေးကျောင်းနေတာလား... ဘာ၊ အဲဒီ ဝမ်ဝန်ကြီးက မယားငယ်အတွက်နဲ့ ဇနီးသည်ကို ကွာရှင်းရဲတယ် ဟုတ်လား၊ မိုက်ရိုင်းလိုက်တဲ့လူ၊ ဒီအသုံးမကျတဲ့ ပြဇာတ်စာအုပ်ကို ဘယ်သူရေးတာလဲ၊ ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာပဲ၊ ဖန်သခင်မက သူ့ကို တရားစွဲသင့်တယ်၊ ရုံးတော်အမှုထမ်းတွေကို ငွေများများပေးပြီး သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခိုင်းပစ်၊ ပြီးရင် တခြားလူကောင်းတစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုလိုက်၊ ဒီလိုအပ်ဖျားလောက်တောင် သတ္တိမရှိတဲ့ လူယုတ်မာကို သိမ်းထားပြီး ဘာလုပ်မှာလဲ"

" တရားမစွဲရင်တောင် မိဘအိမ်ကို စာပို့ပြီး မောင်ဘွားတွေ တုတ်ဆွဲပြီး လာဆုံးမခိုင်းသင့်တယ်"

" ဟုတ်တယ်၊ အဲဒီကောင်ကို သေအောင် ရိုက်သတ်ပစ်သင့်တာ"

လေညင်းက အဒေါ်ကြီးများ၏ ပိုမိုစိတ်လှုပ်ရှားနေသော အသံများကို သယ်ဆောင်လာရာ နေ့တိုင်း ငွေရှာရန် အလုပ်များနေပြီး ပြဇာတ်မကြည့်ဖြစ်သည့် ရှန်မြောင်သည် ဒီတစ်ကြိမ်မှသာ ရုတ်တရက် သဘောပေါက်သွားတော့သည်။ ရှေးခေတ်တွင်လည်း ဇာတ်လမ်းတွဲများ ရှိနေပါလား။

ပြဇာတ်တစ်ပုဒ်ဆိုရင် ဇာတ်လမ်းတစ်ပုဒ်လို့ ထင်ထားခဲ့တာ၊ သေချာစဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ။ ပေကျင်းအော်ပရာမှာလည်း ဇာတ်လမ်းတွဲတွေ ရှိသလို ယွမ်ဇာတ်သဘင်မှာလည်း ပေါင်ချိန်ကို ဇာတ်လိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေ အများကြီးရှိတာပဲ၊ ကြည့်ရတာ ရှေးလူတွေရဲ့အမြင်မှာ ပြဇာတ်ကြည့်တာနဲ့ ခေတ်သစ်က ဇာတ်လမ်းတွဲစောင့်ကြည့်တာက အတူတူပဲ ဖြစ်လောက်တယ်။

ပြီးတော့ သူတို့ကြည့်ရတာက တကယ့်အပြင်မှာလေ။ ဇာတ်မင်းသားတွေက လက်တစ်ကမ်းအကွာမှာ ရှိတယ်။ ဇာတ်ရုံတွေထဲမှာ အအောင်မြင်ဆုံး 'ဇာတ်မင်းသား' (ခေတ်သစ်က နံပါတ်တစ် ဇာတ်လိုက်မင်းသား) က သီချင်းတစ်ပုဒ်ဆိုပြီးသည်နှင့် စင်ပေါ်သို့ ပိုးထည်များ၊ ငွေစများ ပစ်ချခံရရုံသာမက သူ့ဇာတ်ခေါင်းဆောင်းပေါ်တွင်လည်း ကတော်ကြီးများ ဆုချထားတဲ့ ငွေစက္ကူများနဲ့ ပြည့်နှက်နေတတ်တယ်လို့ ကြားဖူးတယ်။

ရှန်မြောင်သည် ခွေးများကို တစ်နာရီခန့် လမ်းလျှောက်ပေးပြီးနောက် မောဟိုက်ကာ ချွေးဒီးဒီးကျလျက် အိမ်ပြန်ရောက်လာသည်။

ယခု နေ့တိုင်း အချိန်ပေးပြီး လေထင်နှင့် ကျွေးဖုန်းတို့ကို အပြင်ခေါ်သွားသည်မှာ သူမအတွက် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်သလို ဖြစ်နေသည်။ ဒီခွေးနှစ်ကောင်က တဖြည်းဖြည်း ပိုလေးလာသည်။ သူမ ပြီးခဲ့တဲ့တစ်ခေါက်က လေထင်ကို ပွေ့ကြည့်ရာ ၇၀ ကျင်းလောက် ရှိနေပြီဟု သံသယရှိမိသည်။ ကျွေးဖုန်းကလည်း ၄၀ ကျင်းကျော်လောက် ရှိပုံရသည်။ ခွေးနှစ်ကောင် အတူတူ ပြေးကြလျှင် တကယ်ပင် မထိန်းနိုင်တော့ပေ။

ရှန်မိသားစု ခြံဝင်းငယ်လေးထဲတွင် အားထောင်က တံမြက်စည်း လှည်းနေပြီး ကြက်သုံးကောင်က ခြံဝင်းထဲတွင် အေးအေးလူလူ လမ်းလျှောက်ကာ ခေါင်းငုံ့ပြီး ပိုးကောင်ရှာစားနေကြသည်။ အားလပ်နေသူများက ရှစ်ယီးလန်နှင့် ရှစ်အာ့ညန်ကို ခေါ်ပြီး အမြန်စား အစားအစာများ လိုက်ပို့ရန် ထွက်သွားကြသည်။ ရှစ်အာ့ညန် ရောက်လာကတည်းက ရှန်မြောင်သည် အရင်က ငှားထားသည့် မြည်းလှည်းကို ပြန်အပ်လိုက်ပြီး ယခုအခါ ၎င်းတို့နှစ်ကောင်က 'စားစရာပို့လှည်း' နှစ်စီးကို ဆွဲကာ အတူတူ လိုက်ပို့ပေးကြသည်။

နှမြောစရာကောင်းသည်မှာ ပုကွကွပွဲစားက သူမအတွက် စားဖိုမှူးကောင်းကောင်း ရှာမပေးနိုင်သေးသဖြင့် ရှန်မြောင် စိတ်ညစ်နေရခြင်းပင်။ တော်သေးသည်မှာ ဆိုင်တစ်ဝက်၏ မီးဖိုခုံမှာ ဆောက်လုပ်ပြီးစီးလုနီးပါး ဖြစ်နေပြီး သံဒယ်အိုးများကိုလည်း လုပ်ပြီးသား ဖြစ်နေခြင်းပင်။ ကိစ္စအဝဝ အဆင်သင့် ဖြစ်နေပြီဖြစ်ရာ သန်မာထွားကျိုင်းသော စားဖိုမှူးတစ်ယောက်သာ လိုတော့သည်။

ကံကောင်းချင်တော့ အဒေါ်လီ နှင့် ဦးလေးလီ တို့ တောင်ဘက်သို့သွားမည့် သင်္ဘောပေါ် အဆင်ပြေချောမွေ့စွာ တက်ရောက်သွားနိုင်ခြင်းပင်။ ရှန်မြောင်သည် မြို့ပြင် ရေတံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီး အဒေါ်လီက ကိုအာကို မိနစ် (၃၀) ခန့် မှာကြားနေသည်ကို ပြုံးရယ်လျက် နားထောင်ပြီးမှ အိမ်ပြန်လာခဲ့သည်။

သူမ ပြန်ရောက်လာသည့်အချိန်တွင် မြည်းတင်းကုပ်ထဲ၌ အနည်းငယ် ဟာတာတာ ဖြစ်သွားပြန်သည်။ ကျိုးတာ့သည်လည်း ကျိုကော ၏ ထူထဲလှသော အိမ်ပြန်စာတစ်စောင်ကို ယူဆောင်ကာ Rolls-Royceမြင်း နှင့်အတူ ချန်ကျိုး သို့ ထွက်ခွာသွားပြီ ဖြစ်လေသည်။

ထို့ကြောင့် မြည်းတင်းကုပ်ထဲတွင် နွားပေါက်လေးတစ်ကောင်သာ ကျန်ရှိတော့သည်။ ၎င်းသည် စားခွက်ဘေးတွင် ရပ်ကာ နူးညံ့ပြီး အရည်ရွှမ်းကာ အာဟာရပြည့်ဝသော နှမ်းခါးပင်များကို စားနေလေသည်။ ၎င်းသည် နို့တဝက် ပြတ်နေပြီဖြစ်ရာ ယခုအခါ ရှစ်အာ့ညန် ထွက်ရှိသော နို့ရည်အားလုံးနီးပါးကို လူများ သောက်သုံးရန် ပေးထားလိုက်တော့သည်။

နျိုစန်းရှစ် သည် နို့ညှစ်သည့်အခါ နွားကို သီချင်းဆိုပြတတ်သေးသည်။ သီချင်းနားထောင်ရလျှင် နို့ပိုထွက်သည်ဟု ဆိုလေသည်။ သူ၏သီချင်းဆိုသံမှာ သံစဉ်စည်းဝါးမကျဘဲ လွှဆွဲသံကဲ့သို့ ဖြစ်နေသဖြင့် ကျွေးဖုန်း ပင် နားပိတ်ထားရသော်လည်း ထူးဆန်းသည်မှာ ရှစ်အာ့ညန် ကတော့ နေမထိထိုင်မသာ မဖြစ်သည့်အပြင် စည်းဝါးမကျသော သီချင်းသံနှင့်အညီ ခေါင်းရမ်းမြီးခါပင် လုပ်နေသေးသည်။

ယခုအခါ ရှန်ရှစ်အာ့ညန် ၏ ကျေးဇူးကြောင့် အိမ်တွင် နွားနို့ကို လိုသလောက် သောက်သုံးနိုင်လေပြီ။

ရှန်မြောင်သည် အိမ်ရှိကလေးများကို မနက်တိုင်း နွားနို့ပူပူတစ်ခွက် တိုက်လာခဲ့သဖြင့် အကျိုးရလဒ်မှာ သိသာထင်ရှားလှသည်။ ကျိအာ နှင့် ချန်ချွမ်း တို့ အရပ်အမောင်းမှာ လျင်မြန်စွာ ရှည်ထွက်လာသည်။ စင်္ကြံလမ်းတိုင်ပေါ်တွင် မှတ်သားထားသော ကလေးသုံးယောက်၏ အရပ်အမြင့် မျဉ်းကြောင်းများတွင် သူတို့နှစ်ယောက်၏ အမှတ်အသားသည် တစ်ခုနှင့်တစ်ခု သိသိသာသာ ကွာခြားလာခဲ့လေသည်။

ရှန်းအာ ၏ အရပ်မှာ သူတို့ထက် နှေးသော်လည်း တော်တော်လေး ရှည်လာခဲ့သည်။ အားထောင် က ရှန်းအာ ၏ အင်္ကျီလက်များ တိုကုန်ပြီဖြစ်ကြောင်း၊ အချိန်ရလျှင် အစဆက်ပြီး ချုပ်ပေးရမည်ဖြစ်ကြောင်း ပြောလေသည်။ ရှန်းအာ မျက်နှာပေါ်မှ ကလေးအဆီများသည်လည်း အရပ်ရှည်လာသည်နှင့်အမျှ တော်တော်များများ ကျသွားပြီး ယခုအခါ ကလေးကြီးတစ်ယောက်နှင့် တူနေပြီ ဖြစ်လေသည်။

ရှန်မြောင်သည် ရံဖန်ရံခါ နို့လက်ဖက်ရည်တစ်ခွက် ကျိုချက်ကာ သောက်လေ့ရှိသည်။ ဂျင်းရင့်၊ သကြားနီ၊ ဇီးသီးနီ၊ တရုတ်ဇီးသီးခြောက်တို့ ထည့်ပြုတ်ထားသဖြင့် အလွန် အားရှိစေသော်လည်း အပူကန်မည်စိုးသဖြင့် နေ့တိုင်းတော့ မသောက်ပေ။

အိမ်ထဲရောက်သည်နှင့် ခွေးကြိုးကို ဖြုတ်လိုက်ပြီး ရှန်မြောင်သည် ခွေးနှစ်ကောင်ကို လွတ်လပ်စွာ ဆော့ကစားစေလိုက်ကာ အိမ်ထဲဝင်ပြီး ချွေးသုတ်လျက် ပေါ့ပါးသော အိမ်နေရင်းအဝတ်အစားကို လဲလှယ်ဝတ်ဆင်လိုက်၏။ ခွေးကျောင်းထွက်ရာမှ တစ်ကိုယ်လုံး ချွေးရွှဲလာခဲ့သဖြင့် မည်သူက မည်သူ့ကို ကျောင်းပေးနေမှန်းပင် မသိတော့ချေ။

သူမ ပြန်ထွက်လာချိန်တွင် ကျိအာ အခန်းပြတင်းပေါက်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သူသည် နံရံကပ်စာကြည့်စားပွဲတွင် ထိုင်ကာ စာများကို အသည်းအသန် ရေးနေလေသည်။ နောက်ရက်အနည်းငယ်ကြာလျှင် စာသင်ကျောင်း ပြန်ဖွင့်တော့မည်။ ဆရာကြီးများက သူတို့ကို ‘ဆောင်းရာသီ ကျောင်းပိတ်ရက် အိမ်စာ’ အများအပြား ပေးလိုက်ကြောင်း ရှန်မြောင် ယခုမှ သိလိုက်ရသည်။ နှစ်သစ်ကူး နွေဦးပွဲတော် ပိတ်ရက်တွင် ပျော်ပါးခဲ့သမျှ ယခုအခါ တစ်ပုဒ်မှ မရေးရသေးသည်ကို သတိရသွားပြီး ကိုယ့်ဘာသာ အလျင်လိုကာ နေ့တိုင်း အခန်းထဲအောင်းပြီး အမီလိုက်ရေးနေရခြင်း ဖြစ်လေသည်။

ရှန်မြောင် သည် ကျိအာ အိမ်စာလုပ်မလုပ်ကို လုံးဝ ဝင်မစွက်ဖက်ဘဲ သူ့အသိစိတ်နှင့်သူသာ ထားလိုက်သည်။ ပထမအချက်မှာ သူမသည် ကျိအာကို သင်ပေးနိုင်ခြင်း မရှိပေ။ ဂန္ဓဝင်ကျမ်းစာ လေးမျိုးငါးမျိုးထဲမှ စာကြောင်းတစ်ကြောင်းကို အခြေခံပြီး ဆောင်းပါးတစ်ပုဒ် ရေးရမည့် ခေါင်းစဉ်မျိုးကို သူမလည်း မရေးတတ်ချေ။ ဒုတိယအချက်မှာ စာဖတ်ခြင်းသည် အများအားဖြင့် ကိုယ့်အားကိုယ် ကိုးရမည့်အရာဖြစ်ပြီး အတင်းအကျပ် တိုက်ကျွေးသည့် ပညာရေးစနစ်သည် ဆိုးကျိုးများလှသည်။

ထို့ကြောင့်... ကိုယ့်အိမ်စာ ကိုယ်လုပ်၊ စာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ကိုယ်တိုင်သာ တာဝန်ယူရမည်။

သို့သော် ယခုအချိန်တွင် အခန်းထဲ၌ ကျိအာ အိမ်စာလုပ်သည်ကို သူမအစား ကြီးကြပ်ပေးနေသူ တစ်ဦး ရှိနေသည်။ ရှဲ့ချီတစ်ယောက် ခေါင်းပေါ်တွင် ကြောင်တစ်ကောင် တင်ထားလျက် ကျိအာ ဘေးတွင် မတ်တပ်ရပ်နေ၏။ သူသည် ခါးကို အနည်းငယ်ကိုင်းကာ သူရေးထားသည့် စာများကို ကြည့်ရှုနေပြီး ရံဖန်ရံခါ စက္ကူပေါ်တွင် လက်ဖြင့် ထောက်ပြကာ တိုးတိုးညင်းညင်း ပြင်ဆင်ပေးနေလေသည်။

ပြတင်းပေါက်မှ ဖြာကျလာသော အလင်းရောင်သည် သူ၏ဘေးတိုက်မျက်နှာကို ဖြူစင်ဝင်းပကာ သန့်ရှင်းနေစေသည်။ နားရွက်အနီးတစ်ဝိုက်တွင် အလင်းရောင်အောက်၌ အမွေးနုလေးများ ရှိနေသည်ကိုပင် ခပ်ရေးရေး မြင်တွေ့နေရသည်။ ရှန်မြောင်သည် လည်ချောင်းထဲတွင် တံတွေးမြိုချလိုက်မိပြီး ရုတ်တရက် စကားလုံးတစ်လုံးကို သွားသတိရလိုက်မိသည်။ 'ရေစက်ကလေး ကျလုမတတ် လတ်ဆတ်နုပျိုခြင်း' ဟူ၍။

ယနေ့တွင် သူသည် လက်ဝကျယ်ကျယ်နှင့် မင်္ဂလာရှိသော ငှက်များနှင့် သားရဲပုံများ ပါရှိသည့် ပိုးသား ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် ခါးပတ်စည်းထားလေသည်။ ဝတ်ရုံအနားသည် ကွေးညွှတ်နေပြီး ကိုယ်ခန္ဓာကို ပတ်ကာ ဝတ်ဆင်ထားသဖြင့် တစ်ကိုယ်လုံး မြင့်မားသွယ်လျကာ နွေဦးပေါက်စ ဝါးပင်ပျိုလေးတစ်ပင်ကဲ့သို့ မတ်မတ်မတ်မတ် ရှိနေလေသည်။ နုနယ်ပျိုမြစ်နေပြီး ဝါးပင်ပေါ်တွင် နှင်းစက်ကလေးများ တင်ကျန်နေသကဲ့သို့ပင်။

စုန့်ခေတ်လူများသည် ရှေးခေတ်အဝတ်အစားများကို တန်ဖိုးထား ဝတ်ဆင်တတ်ကြသည်ကို ရှန်မြောင် စောစီးစွာကတည်းက သတိထားမိလေသည်။ ကျိုကော ၏ ယခု ဝတ်စားဆင်ယင်ပုံသည် ဝေကျင်းခေတ်၏ စံပြဝတ်ရုံပုံစံဖြစ်ပြီး တစ်ကိုယ်လုံးတွင် ခေါင်းဆောင်းတစ်ခု ဆောင်းရန်သာ လိုတော့သည်။

ကျိုကော သည် လွန်ခဲ့သည့် (၂) ရက်က သူ့အိမ်ထဲတွင် တစ်နေကုန် အောင်းနေခဲ့ပြီး အိမ်ပြန်စာ ရေးပြီးသည့်နောက်မှသာ စိတ်အခြေအနေ ပုံမှန်ပြန်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူ စာထဲတွင် ဘာတွေရေးထားမှန်း ရှန်မြောင် မသိပေ။ စာအိတ်သည် အုတ်ခဲတစ်ချပ်ကဲ့သို့ ထူပွနေပြီး စာအိတ်အဝပင် ပိတ်မရတော့ချေ။ သူသည် နောက်ထပ်စာအိတ်တစ်အိတ်ကို ထပ်ခေါက်ကာ အတင်းစွပ်ထည့်လိုက်ပြီးမှ ဖယောင်းတံဆိပ် ခတ်လိုက်သည်ကို ရှန်မြောင် ကိုယ်တိုင် တွေ့မြင်လိုက်ရလေသည်။

ဤခေတ်လူများသည် စာရေးရာတွင် လိုရင်းတိုရှင်းသာ ရေးတတ်ကြသည်။ ရှဲ့မိသားစုမှ သခင်မကြီးအား အောင်သွယ်ရှာပြီး ကမ်းလှမ်းခိုင်းရုံကိစ္စကို စာလုံးရေ အများကြီး ရေးနေစရာ ဘာများလိုအပ်ပါသနည်။ လက်တွေ့ဆန်သော သာမန်လူတစ်ယောက်ဖြစ်သည့် ရှန်မြောင် သည် ခေါင်းပေါက်မတတ် စဉ်းစားသော်လည်း နားမလည်နိုင်ခဲ့ပေ။

ရှဲ့ချီ ကလည်း သူမကို မပြောပြခဲ့ပေ။

သို့သော် နောက်ဆုံးတွင် သူ ပုံမှန်ပြန်ဖြစ်လာခဲ့သည့်အတွက် ဘုရားရှင်ကို ကျေးဇူးတင်ရပေမည်။ ပုံမှန်အတိုင်း စကားပြောပြီး ရယ်မောတတ်လာသော်လည်း ယခင်ကထက် ပိုပြီး တွယ်ကပ်လာသကဲ့သို့ ဖြစ်နေသည်။ ရှန်မြောင်က မီးဖိုဆောင်ထဲတွင် အလုပ်မရှုပ်နေသရွေ့ (၃) ပေအကွာအဝေးအတွင်းတွင် ကျိုကော ရှိနေတတ်လေသည်။

သူသည် ဘာမှ ထွေထွေထူးထူး လုပ်နေခြင်းမဟုတ်ပေ။ စောစောစီးစီး ရောက်လာပြီး ရှန်းအာကို ကိုယ်ခံပညာ သင်ပေးသည်။ ထို့နောက် ကျိအာ ကို အိမ်စာလုပ်ရာတွင် ကူညီပေးသည်။ သို့မဟုတ် ချီလင်ကို အမွေးဖြီးပေး၊ အစာကျွေးသည်။ သို့မဟုတ် ဆိုင်ထဲတွင် စာရင်းမှတ်၊ စားပွဲထိုး လုပ်ပေးသည်။ သူသည် ကိုယ့်ဘာသာ ပျော်ရွှင်နေပြီး ရှန်မိသားစု၏ နေ့ရက်များထဲတွင် ပြီးပြည့်စုံစွာ ဝင်ရောက်ရောယှက်နေလေသည်။

ထို့ကြောင့် တစ်ခါတစ်ရံ ရှန်မြောင် ကိုယ်တိုင် သတိလက်လွတ်ဖြစ်ပြီး ကျိုကော ၏ အရိပ်အယောင်ကို မတွေ့ရလျှင် 'ကျိုကော ဘယ်ရောက်သွားပါလိမ့်' ဟု မသိစိတ်မှ ရေရွတ်မိသည်အထိ ဖြစ်လာခဲ့သည်။

ပြတင်းပေါက်ထဲမှ ကျိုကော ၏ ကြည်လင်ပြတ်သားသော အသံကို သဲ့သဲ့ကြားနေရ၏။

" 'လူကြီးလူကောင်းဆိုတာ တူရိယာပစ္စည်း မဟုတ်ဘူး' ဆိုတဲ့စကားကို အဓိပ္ပာယ်ဖွင့်ရတာ မခက်ခဲပါဘူး၊ ဒါပေမဲ့ ကျိအာ မင်းက ‘လူကြီးလူကောင်းဆိုတာ တစ်ခုတည်းသော ကျွမ်းကျင်မှုအပေါ်မှာပဲ ကန့်သတ်မထားသင့်ဘူး၊ အသုံးဝင်တဲ့လူဖြစ်အောင် အဘက်ဘက်က နှံ့စပ်နေရမယ်’ ဆိုတဲ့ ရှုထောင့်ကနေပဲ ကြည့်မယ်ဆိုရင် နည်းနည်း ကျဉ်းမြောင်းနေလိမ့်မယ်၊ မင်း ပြန်စဉ်းစားကြည့်၊ ‘တူရိယာ’ ဆိုတာ ပုံသဏ္ဌာန်ရှိတဲ့ အရာဝတ္ထုပဲ၊ ဒါပေမဲ့ လူကြီးလူကောင်းရဲ့ ဂုဏ်ကျေးဇူးဆိုတာ ပုံသဏ္ဌာန်ရှိတဲ့ ကိရိယာတန်ဆာပလာ တစ်ခုလား၊ လူကြီးလူကောင်းဆိုတာ တရားဓမ္မကို ဦးတည်တယ်၊ ကိုယ်ကျင့်တရားကို အခြေခံတယ်၊ မေတ္တာတရားကို အမှီပြုတယ်၊ အနုပညာမှာ ပျော်မွေ့တယ်၊ ကျယ်ပြောပြီး အဆုံးမရှိတဲ့အရာမို့ ကိရိယာတန်ဆာပလာနဲ့ မတူဘူး၊ ဒီအလွှာကို ဖွင့်ဆိုရမယ်၊ နောက်ဆုံးအနေနဲ့ ပြောရုံပဲပြောပြီး လက်တွေ့မလုပ်ရင် ဘယ်ဖြစ်မလဲ၊ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ဒီစကားကို ဘယ်လို လက်တွေ့ကျင့်သုံးမလဲ ဆိုတာကိုပါ ရှင်းပြရမယ်"

ခဏလောက် ရပ်နားလိုက်ပြီး ရှဲ့ချီ က သူ့အတွက် ဂရုတစိုက် အနှစ်ချုပ်ပေးလိုက်ပြန်သည်။

"စာတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာရတဲ့ မေးခွန်းမျိုးဆိုရင် သေချာပေါက် အလွှာလိုက် ခွဲခြမ်းစိတ်ဖြာရမယ်၊ အကောင်းအဆိုး ဒွန်တွဲပြီး သက်သေပြရမယ်၊ အဓိပ္ပာယ်တစ်မျိုးတည်း ရှိနေမှာမဟုတ်ဘူး၊ ပြီးတော့ လက်တွေ့ကျရမယ်၊ လောကကြီးကို စီမံခန့်ခွဲတဲ့ ဆောင်းပါးရေးတဲ့နေရာမှာ လေကြီးလေကျယ်တွေချည်းပဲ ရေးနေလို့ လုံးဝ မဖြစ်ဘူး၊ ပြည်သူတွေရဲ့ဘဝနဲ့ တိုင်းပြည်အရေးကို စိတ်ထဲထားမှ မင်းရဲ့ဆောင်းပါးက အဆင့်အတန်းမြင့်မှာ၊ ကျိအာ မင်း သေချာ မှတ်ထားရမှာက စာမေးပွဲဖြေပြီး အရာရှိလုပ်တာက အစိုးရအမှုထမ်းဖို့ပဲ၊ အရာရှိဖြစ်မယ့်သူက သာမန်ပြည်သူလို တွေးခေါ်တာတွေကို စွန့်လွှတ်ပြီး အရာရှိရဲ့အမြင်နဲ့ လောကကြီးကို ကြည့်တတ်ရမယ်၊ မေးခွန်းဖြေတဲ့အခါ ဒီအချက်ကို သတိရမှ စာကောင်းကောင်း ရေးနိုင်မှာ"

ကျိအာ သည် နားထောင်ပြီးနောက် အမှန်ပင် သဘောပေါက်သွားပုံရကာ စုတ်တံကို ကိုင်ပြီး အလျင်အမြန် ရေးသားလိုက်လေသည်။

ဒါက ပြဿနာကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာရုံသာမက နည်းစနစ်ပိုင်းကိုပါ သင်ကြားပေးနေခြင်း ဖြစ်သည်။ ရှန်မြောင်ပင် ပြတင်းပေါက်မှတဆင့် နားထောင်ရင်း နားလည်သွားပြီး ပိုမို စိတ်ချသွားတော့သည်။ ကျိအာ ၏ ခေါင်းမီးတောက်နေသော ဆောင်းရာသီ အိမ်စာပြဿနာသည် ကျိုကော ကဲ့သို့သော အကူအညီကောင်း ရှိနေသဖြင့် စိတ်ချရပြီ ဖြစ်လေသည်။

သူမသည် လှည့်ထွက်လာပြီး လမ်းလျှောက်ရင်း ခါးဆန့်လိုက်ကာ ပေါ့ပေါ့ပါးပါးဖြင့် မီးဖိုဆောင်ထဲသို့ ဝင်သွားလိုက်၏။ မီးဖိုဆောင်ထဲတွင် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဈေးသည် လာပို့ထားသော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို ယူကာ ယနေ့ ညစာအတွက် စတင်ပြင်ဆင်လိုက်သည်။ ယနေ့တွင် ရှားရှားပါးပါး မီးဖိုဆောင်ထဲ၌ သူမတစ်ယောက်တည်း ရှိနေလေသည်။

ဖူရှင်း နှင့် ထန်အာ တို့သည် ယန့်ရှူး ကို ခေါ်ပြီး စာမေးပွဲအောင်စာရင်း သတင်းသွားမေးကြရာ ယခုထက်ထိ ပြန်မလာကြသေးပေ။ ရှန်မြောင် က စာမေးပွဲအောင်စာရင်း ထွက်တော့မည်ဟု ကြားသိရသဖြင့် ထန်အာ နှင့် ဖူရှင်း တို့ကို အခြေအနေ သွားရောက်စုံစမ်းခိုင်းလိုက်ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် ကျိုကော က သွားရောက်စုံစမ်းရန် စိတ်ကူးပင် မရှိခဲ့ပေ။ သူမကပင် သူ့ထက်ပိုပြီး စိတ်လှုပ်ရှားနေရသည်။

ကျိုကောကတော့ ကျိအာကို အိမ်စာလုပ်ရာတွင် ကူညီပေးရန် စိတ်ဝင်စားနေပြီး အေးအေးလူလူဖြင့် လုံးဝ ဂရုမစိုက်ပေ။ မျက်နှာထားက တည်ငြိမ်နေပြီး စာမေးပွဲ သွားရောက်ဖြေဆိုခဲ့သူမှာ သူ မဟုတ်သည့်အတိုင်းပင်။

ရှန်မြောင်က မူလတွင် သူသည် စိတ်တည်ငြိမ်ပြီး သဘာဝအတိုင်း အေးဆေးသူဟု ထင်မှတ်ခဲ့သော်လည်း ယန့်ရှူးက ထောပတ်သုတ်ထားသည့် နာနတ်သီးပေါင်မုန့်ကို ကိုက်ဝါးရင်း အစအနများကို ပါးစပ်ထဲ ကောက်ထည့်ကာ ပေါ့ပေါ့ဆဆ ပြောလိုက်သည်ကို ထင်မှတ်မထားခဲ့မိပေ။

"ရှန်ညန်ဇီ မလောပါနဲ့၊ ကျိုကော ရဲ့ကံကြမ္မာအရ စာမေးပွဲ ဖြေဆိုပြီးစီးတာနဲ့တင် မင်္ဂလာရှိနေပါပြီ၊ အောင်ခြင်း ရှုံးခြင်းက အရေးမကြီးတော့ပါဘူး"

စကားတစ်ခွန်းဖြင့် အိပ်မက်မက်နေသူကို နှိုးလိုက်သကဲ့သို့ပင်။ ရှဲ့ချီ ကလည်း ကြားလိုက်ရသည့်အခါ ပြုံးပြီး ခေါင်းညိတ်လေသည်။ "အဲဒီအတိုင်း တွေးထားတာပါ"

ရှန်မြောင် ကတော့ ဂရုမစိုက်ပေ။ ဖြေဆိုပြီးနောက် ကိုယ့်ဘာသာ စိတ်ဒုံးဒုံးချထားနိုင်သည်မှာ ကောင်းသော်လည်း အမှတ်စာရင်းကိုတော့ စစ်ဆေးရပေမည်။

အပြင်ဘက်တွင် ဤကိစ္စအတွက် စောစီးစွာကတည်းက စည်ကားနေပြီဖြစ်သည်။ မနက်စောစော၌ စာသင်သားအများအပြားသည် စာမေးပွဲဌာနအနီးတွင် စုဝေးနေကြပြီး အောင်စာရင်းကို ပထမဆုံး မြင်တွေ့ချင်နေကြသည်။ လူစားကြည့်ပေးသူများလည်း ရှိကြပြီး လက်ထဲတွင် စာရွက်နှင့် စုတ်တံကို ကိုင်ကာ ကြိတ်ဆုံဆွဲသည့် မြည်းတစ်ကောင်ကဲ့သို့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။

ရှန်းအာ ၊ ချန်ချွမ်း နှင့် ယိုယွီ တို့အကြောင်း ပြောရလျှင် သူတို့လည်း အလုပ်ရှုပ်နေကြသည်။ ချန်ချွမ်း သည် ရှေ့နေတုန့် ထံတွင် ဥပဒေပညာ သွားရောက်သင်ယူနေသည်။

ရှန်းအာ သည် မနက်ပိုင်းတွင် သဲအိတ်ပတ်ကာ မြင်းစီးသိုင်းကွက် လေ့ကျင့်ပြီးနောက် ကိုယ်ခံပညာ လေ့ကျင့်ခန်း ပြီးမြောက်သွားသည့်အခါ ယိုယွီ ၊ ခွေးကလေး နှင့် လျိုတို့ဟွား တို့ကို ခေါ်ဆောင်ပြီး ကူသာ့လန် အိမ်သို့ သွားဆော့လေသည်။

ကူသာ့လန်သည် အားပေါင် နှင့် အားတိ တို့အတွက် ခွေးပေါက်လေးများ ယူလာပြီး မွေးထားသည်ဟု ကြားသိရသည်။ အမည်းရောင်နှင့် အဖြူရောင် အကွက်များ ပါရှိပြီး နို့ပြတ်စ သွားပင်မပေါက်သေးဘဲ အမွေးပွပွ လုံးလုံးလေးများ ဖြစ်သည်။ ခြေလှမ်း နှစ်လှမ်းလောက် လမ်းလျှောက်လိုက်သည်နှင့် ဘယ်ခြေထောက်နှင့် ညာခြေထောက် ငြိကာ လုံးထွေးပြီး လဲကျသွားတတ်လေသည်။

ကိုယ့်အိမ်ရှိ ခွေးနံစော်များသည် ချစ်စရာမကောင်းတော့သဖြင့် ကလေးသုံးယောက်သည် သူများအိမ်က ခွေးပေါက်လေးများကို သဘောကျကာ တစ်နေကုန် သွားကြည့်ပြီး ပြန်မလာကြတော့ချေ။ နေ့လယ်စာကိုပင် ကူသာ့လန် အိမ်တွင် စားသောက်ခဲ့ကြသည်။

ရှန်မြောင်သည် လမ်းကြားထဲတွင် ခေါင်းပြူထွက်ပြီး မည်သို့ပင် အော်ခေါ်သော်လည်း ပြန်မလာကြပေ။ နောက်ဆုံးတွင် ကူသာ့လန် က အိမ်တံခါးဝမှ ခေါင်းပြူထွက်လာပြီး ပန်းကန်လုံးကြီးတစ်လုံးကို ကိုင်ကာ လှမ်းပြောလေသည်။ "သာ့ကျဲအာ မခေါ်ပါနဲ့တော့၊ ကလေးတွေ ကျွန်တော့်အိမ်မှာ စားလိုက်ပါပြီ"

ထိုအခါမှ ရှန်မြောင် သည် ခေါင်းခါလိုက်ပြီး လွှတ်ထားလိုက်တော့သည်။

ယခုအချိန်တွင် သူမသည် မျှစ်များကို အတုံးသေးသေး တုံးနေသည်။ လမ်းမပေါ်တွင် မြေကြီးထဲမှ အခုလေးတင် ထွက်လာသော နွေဦးမျှစ်များကို ရောင်းချနေကြပြီ။ ဤအချိန်တွင် ထွက်သော မျှစ်သည် အနုဆုံးနှင့် အမွှေးဆုံး ဖြစ်ပြီး စျေးအနည်းငယ် ကြီးသော်လည်း ရှန်မြောင် သည် မနေနိုင်ဘဲ မျှစ်အနည်းငယ် ဝယ်ယူခဲ့သည်။

ကြားထဲတွင် ဧည့်သည်အချို့ ရောက်လာပြီး ထန်းပင်မှာစားကြသဖြင့် သူမသည် လက်ထဲကအလုပ်ကို ချထားကာ သူတို့အတွက် ခေါက်ဆွဲ ပြုတ်ပေးလိုက်ရသည်။ အပြင်သို့ လာပို့ပေးချိန်တွင် မျက်မှန်းတန်းမိနေသော စားသုံးသူတစ်ယောက်က သူမ ပန်းကန်ခွက်ယောက်များ လဲလှယ်လိုက်သည်ကို သတိပြုမိသွားပြီး ချီးကျူးလေသည်။

"ရှန်ညန်ဇီ မင်း လဲလိုက်တဲ့ ပန်းကန်အသစ်က ချန်ကျိုး မြေထည်တွေမလား၊ ကျွန်တော် တစ်ချက်ကြည့်တာနဲ့ သိတယ်၊ ဒီလောက်ကောင်းတဲ့ ကြွေရည်သုတ်ပန်းကန်မျိုးက ပြန့်ကျင်း မှာ တွေ့ရခဲတယ်"

ရှန်မြောင် က ပြုံးပြီး ပြောလိုက်၏။ "ရှင်က အသေးစိတ် ဂရုစိုက်တတ်သူပဲ"

"ဂရုစိုက်တာ မဟုတ်ပါဘူး၊ ကျွန်တော့်အိမ်ဘေးမှာ ကြွေထည်ဆိုင်တစ်ဆိုင် ရှိလို့ပါ၊ ဒီလို မြေအိုးမည်းမျိုး ကျွန်တော် မြင်ဖူးတယ်၊ စျေးမပေါဘူးနော်"

ရှန်မြောင်သည် စကားအများကြီး မပြောတော့ဘဲ ပြုံးလျက် လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။ "ဖြည်းဖြည်း သုံးဆောင်ပါရှင်"

ထို့နောက် ဧည့်သည်များ ထပ်ရောက်လာပြီး တစ်သုတ်ပြီးတစ်သုတ် ဝင်လာကြရာ ရှန်မြောင် သည် ခေါက်ဆွဲ ပန်းကန် (၁၀) ပွဲကျော် ဆက်တိုက် လုပ်လိုက်ရပြီး ဆိုင်ထဲရှိ အသားနှပ်များလည်း ရောင်းကုန်သွားတော့သည်။

လမ်းမပေါ်တွင် ရုတ်တရက် လူအများအပြားသည် လမ်းမဘက်သို့ ပြေးသွားကြပြီးနောက် မောင်းတီးသံ၊ ဗုံတီးသံများ ဆူညံစွာ ထွက်ပေါ်လာ၏။ ကြည့်ရသည်မှာ စာမေးပွဲအောင်စာရင်း ထွက်ပြီထင်သည်။

ခဏအကြာတွင် ထန်အာသည် ခြေလက်များကို လှုပ်ရမ်းကခုန်နေသော ယန့်ရှူးကို ကျောပိုးထားပြီး ဖူရှင်း နှင့်အတူ အမောတကော ပြေးလာကြလေသည်။ သူတို့သုံးယောက်သည် မောင်းတီးပြီး သတင်းကောင်းလာပို့သူနှင့် တစ်ချိန်တည်းနီးပါး ပြန်ရောက်လာကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှန်မြောင် သည် မီးဖိုဆောင်ထဲ၌ စက္ကူသားကဲ့သို့ ပါးလွှာသော အသားပေါင်းများကို ထုပ်လုပ်နေဆဲ ဖြစ်လေသည်။

ဒီည၏ အဓိကအစားအစာမှာ အသားပေါင်း ဖြစ်သည်။ တလက်စတည်း ဟင်းနှစ်ပွဲခန့် ထပ်ကြော်လိုက်လျှင် ညစာကို ဤကဲ့သို့ ရိုးရိုးရှင်းရှင်း စားသောက်လိုက်မည်။

ရှန်မြောင်သည် မနေ့က မိသားစုဝင်အားလုံး၏ သဘောထားကို တောင်းခံခဲ့ပြီး ညဘက်တွင် အသားကင်စားပွဲ လုပ်ကာ ညလယ်စာ စားကြမည်။ ကျိုကော စာမေးပွဲမအောင်လျှင်တောင်မှ စာမေးပွဲ ဖြေဆိုပြီးသည်နှင့် စတင်အောင်ပွဲခံခြင်းသည် ရှန်မိသားစု၏ ထုံးစံတစ်ခု ဖြစ်နေလေပြီ။

အသားပေါင်းကို ရုတ်တရက် စားချင်ရသည့် အကြောင်းအရင်းကတော့ ပြီးခဲ့သည့်ရက်အနည်းငယ်က ကြာရွက်ဖြင့်ထုပ်ထားသော ကောက်ညှင်းကြက်သားပေါင်း လုပ်စားခဲ့ရာမှ စားရင်းစားရင်းနှင့် အသားပေါင်းကို သွားသတိရလိုက်မိပြီး သွားရည်ကျလာသောကြောင့်ပင်။ ယနေ့တွင် ပါဝင်ပစ္စည်းများ စုံလင်အောင် ဝယ်ယူခဲ့ပြီး ချက်ချင်းပင် စတင်ပြုလုပ်လိုက်သည်။ အသားပေါင်းကို မနက်စာအဖြစ်သာ အစားများသလားဆိုသည်ကို ရှန်မြောင် ဂရုမစိုက်ပေ။ စားချင်စိတ်ဖြစ်လာလျှင် ချက်ချင်း လုပ်စားလိုက်ရမှ ကျေနပ်သူဖြစ်ပြီး မနက်စာ၊ ညစာ ခွဲခြားမနေတော့ပေ။

...

အပိုင်း (၁၅၄)

မည်သို့ပင်ဆိုစေကာမူ အသားပေါင်း ဆိုသည်မှာ အဓိကအစားအစာကို အဓိကအစားအစာဖြင့် ပြန်လည်ထုပ်ပိုးထားခြင်းပင် ဖြစ်သည်။ တစ်နပ်စာ အဓိကအာဟာရအဖြစ် စားသုံးရန်အတွက် ၎င်း၏ဖွဲ့စည်းပုံမှာ အလွန်လိုက်ဖက်ညီနေသည် မဟုတ်ပါလား။

သူမသည် စောစောကမှ သေချာစွာ မှုန့်ထားသော ဂျုံမှုန့်ဖြင့် ဂျုံနယ်ထားပြီး ရေစိုအဝတ်ဖြင့် အုပ်ကာ နှပ်ထားလိုက်သည်။ အမှန်တကယ်တွင် စက္ကူသားကဲ့သို့ ပါးလွှာသော အသားပေါင်း၏ အခွံသည် ဖက်ထုပ်ရွက်ကို ပါးနိုင်သမျှ ပါးအောင် လှိမ့်ထားခြင်းပင် ဖြစ်ပြီး ပြုလုပ်ပုံမှာ အတူတူပင်။

ရှန်မြောင်သည် ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်လိုက်သည်။

အသားပေါင်း အတွက် အစာသွပ်ခြင်းနှင့် ပတ်သက်လျှင် ရှန်မြောင် သည် ပါဝင်ပစ္စည်း စုံလင်သည်ကို ပိုနှစ်သက်သည်။ နောက်ပိုင်းခေတ်များတွင် အသားပေါင်း ပြုလုပ်ပုံမှာ အမျိုးမျိုးကွဲပြားကြပြီး အချို့ အသားပေါင်းများတွင် ကောက်ညှင်းဆန် သက်သက်သာ ပါဝင်တတ်သော်လည်း ရှန်မြောင် ကမူ ဝက်သား၊ မျှစ်၊ မှိုခြောက်အတုံးလေးများနှင့် ဘဲဥငန်အနှစ်များ ထည့်သွင်းလေ့ရှိပြီး တစ်ခါတစ်ရံ မုန်ညင်းချဉ်ခြောက်ကိုပင် ထည့်တတ်လေသည်။

ရှေးဦးစွာ ဝက်သုံးထပ်သားကို အတုံးသေးသေး တုံးကာ ဆီပူအိုးထဲတွင် ဆီထွက်လာသည်အထိ လှော်လိုက်သည်။ ထို့နောက် မုန်လာဥနီ အတုံးလေးများ၊ မျှစ်အတုံးလေးများ၊ ရေစိမ်ပြီး လှီးဖြတ်ထားသော မှိုခြောက်အတုံးလေးများ စသည့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ပြီး မွှေကြော်လိုက်ရာ မွှေးကြိုင်သော အနံ့များ ထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ သကြား ထမင်းစားဇွန်းတစ်ဝက်နှင့် မိမိဘာသာ စိမ်ထားသော ပဲပိစပ်အနှစ် အနည်းငယ် (၎င်းသည် ယခုခေတ်တွင် မရှိသေးသော ကမာဆီအစား အစားထိုးသုံးခြင်း ဖြစ်သည်) တို့ကို ထည့်ကာ အရသာသွင်းလိုက်သည်။

ထို့နောက် ကြိုတင်ပေါင်းထားသော ကောက်ညှင်းများကို အစာပလာပုံထဲသို့ လောင်းထည့်ကာ သမအောင် မွှေလိုက်သည်။ သန့်စင်အောင် ဆေးကြောထားသော လက်ဖြင့် အလုံးလေးများ လုံးလိုက်ပြီး စက္ကူသားကဲ့သို့ ပါးလွှာကာ တစ်ဖက်မှ အလင်းရောင်ပင် ဖောက်ထွင်းမြင်နိုင်သော ဖက်ထုပ်ရွက်ထဲသို့ ထည့်လိုက်လေသည်။ ပေါက်စီကဲ့သို့ပင် အရေးကြောင်းလေးများ ပေါ်အောင် လက်ဖြင့် ဆွဲဖဲ့ကာ ပုံဖော်လိုက်ရုံသာ ဖြစ်သည်။

ထုပ်ပိုးပြီးသည်နှင့် ပေါင်းအိုးထဲသို့ တိုက်ရိုက်ထည့်ကာ ပေါင်းလိုက်သည်။

ပေါင်းနေစဉ် အချိန်တွင် အနံ့မှာ အလွန်မွှေးကြိုင်လှပြီး မကြာမီ မီးဖိုဆောင်တစ်ခုလုံးတွင် အသားပေါင်းနံ့များ သင်းပျံ့နေတော့၏။

ရှန်မြောင် နောက်ထပ်တစ်ပေါင်း ထပ်မံထုပ်ပိုးနေစဉ် ဆိုင်အပြင်ဘက်မှ တူရိယာတီးမှုတ်သံများကို ရုတ်တရက် ကြားလိုက်ရလေသည်။

ယန့်ရှူးသည်လည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ ပြေးဝင်လာလေသည်။ "ဟာ... မွှေးလိုက်တာ မွှေးလိုက်တာ... နေဦး၊ ရှန်ညန်ဇီ ၊ ကျိုကော စာမေးပွဲ အောင်ပြီ၊ ကျိုကော က ပထမရတယ်၊ ကျိုကော က ထိပ်ဆုံးက အောင်တာ"

"ပထမ ဟုတ်လား" ရှန်မြောင် သည် အံ့ဩဝမ်းသာ ဖြစ်သွားပြီး လက်ထဲရှိ ကောက်ညှင်းလုံးများနှင့် ဖက်ထုပ်ရွက်များကို ချကာ လက်သုတ်ပြီး ထွက်လာခဲ့လေသည်။ ကျိအာ နှင့် ရှဲ့ချီ တို့သည်လည်း အသံကြားသဖြင့် ထွက်လာကြသည်။

မဟုတ်သေးပေ။ လမ်းကြားတစ်ခုလုံးရှိ လူကုန် ထွက်လာကြခြင်း ဖြစ်သည်။

"ရှို့ချိုင်၊ တို့ ယန်လျို လမ်းကြားကနေ ရှို့ချိုင် တစ်ယောက် ထွက်ပေါ်လာပြီဟေ့"

သတင်းကောင်း လာပို့သူများကို ဧည့်ခံရာတွင် ယန့်ရှူးသည် ရှန်မြောင် ထက်ပင် လျင်မြန်သေးသည်။ ရှန်မြောင် ထွက်လာချိန်တွင် သူက သတင်းကောင်း လာပို့သူများအား လက်ဖက်ရည် ငှဲ့ပေးပြီး ဆုကြေးငွေများ ယူပေးနေပြီ ဖြစ်ကာ မျက်လုံးများ ပိတ်သည်အထိ ပြုံးရွှင်နေလေသည်။ "ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်၊ ထိုင်ပြီး လက်ဖက်ရည် သောက်ပါဦး..."

ယန့်ရှူးသည် အစားမက်သော်လည်း ယခင်က ကျိုကော နှင့်အတူ ခရီးထွက်ဖူးပြီး အပြင်တွင် တည်းခိုနေထိုင်စားသောက်သည့် ကိစ္စအဝဝကို သူကသာ စီမံခန့်ခွဲခဲ့ရသူ ဖြစ်သဖြင့် လူမှုဆက်ဆံရေး နယ်ပယ်တွင် ရဲရင့်နေလေပြီ။

ကျိုကော နှင့်အတူ အပြင်ထွက်လျှင် သူသည် ကျိုကော ကိုယ်စား ငွေကြေးအများစုကို ထိန်းသိမ်းပေးရသည်။ အကြောင်းမှာ ကျိုကော သည် မကြာခဏ လိမ်လည်ခံရတတ်သောကြောင့် ဖြစ်သည်။ တစ်ခါက လမ်းပေါ်တွင် ဖခင်ဖြစ်သူ အသုဘချရန် ကိုယ်ခန္ဓာရောင်းသည့်လူကို တွေ့ရရာ တစ်ဖက်လူက သနားစရာကောင်းအောင် ငိုကြွေးနေသဖြင့် ကျိုကောက ငွေအချို့ ပေးကမ်းသနားလိုက်သည်။ မည်သူက ထင်ထားပါမည်နည်း။ သေပြီဆိုသော ဖခင်ဖြစ်သူက ချက်ချင်း ထခုန်ကာ ကျိုကော လက်ထဲမှ ပိုက်ဆံအိတ်ကို လုယူပြီး ထွက်ပြေးသွားတော့သည်။

ထို့အပြင် မြစ်ထဲခုန်ချပြီး သတ်သေမည့်သူများ၊ လူကုန်ကူးခံရပြီး အိမ်ပြန်စရိတ်မရှိသောသူများ၊ မိထွေးနှိပ်စက်သဖြင့် အိမ်မှ ထွက်ပြေးလာသော သနားစရာ ကလေးငယ်များ စသဖြင့်... အလိမ်ခံရပါများလာသောအခါ ကျိုကောသည်လည်း သတိထားတတ်လာသော်လည်း နောက်ပိုင်းတွင် ပိုမိုဆိုးရွားသော အလိမ်အညာများနှင့် ကြုံတွေ့ရပြန်သည်။ ထို့ကြောင့် သူသည် အပြင်ထွက်လျှင် ငွေတစ်ဝက်ကို ယန့်ရှူး ထံ အပ်ထားသည့် အလေ့အကျင့် ဖြစ်လာခဲ့သည်။ သို့မှသာ သူ အလိမ်ခံရပြီး ငွေကုန်သွားလျှင်တောင် ယန့်ရှူး ဆီတွင် သုံးစွဲရန် ငွေအချို့ ကျန်ရှိနေလိမ့်မည်။

ယန့်ရှူးသည် ယနေ့ကဲ့သို့သော မင်္ဂလာရှိသည့် နေ့ရက်ကြီးတွင် ကပ်စေးမနှဲပေ။ သူသည် လူတစ်ယောက်လျှင် ငွေစတစ်တုံးစီ ဆုချလိုက်ရာ သတင်းကောင်း လာပို့သူများသည် သွားပင်မစေ့နိုင်အောင် ပြုံးရွှင်သွားကြပြီး မင်္ဂလာရှိသော စကားများကို ပိုက်ဆံပေးစရာမလိုသည့်အလား တရစပ် ရွတ်ဆိုနေကြတော့သည်။

ထိုလူများကို ပြန်လွှတ်ပြီးနောက် အိမ်နီးနားချင်းများက ဝင်ရောက်ကာ ဂုဏ်ပြုကြပြန်သည်။

ရှဲ့ချီသည် ချက်ချင်းပင် လူထုပရိသတ်ကြီး၏ လူပင်လယ်ကြားတွင် နစ်မြုပ်သွားတော့သည်။

လမ်းကြားထဲရှိ အဘွားများနှင့် အဒေါ်ကြီးများသည် သူ့ကို ဆွဲကာ ဟိုကြည့်ဒီကြည့် လုပ်နေကြပြီး အချို့ အဘွားကြီးများဆိုလျှင် သူ့လက်ယာဘက် လက်မောင်းကို ဆွဲထားရုံမက အခြားလက်တစ်ဖက်ဖြင့် သူ့ဆံထုံးကို လိုက်ပွတ်သပ်နေကြသေးသည်။ ရှဲ့ချီ ၏ ထက်မြက်သော ဦးနှောက်နှင့် စာပေအရှိန်အဝါကို ရယူပြီး အိမ်ပြန်ရောက်လျှင် သူတို့မြေးများကို ပြန်လည်မျှဝေပေးမည်ဟု ဆိုကြလေသည်။

ရှဲ့ချီ သည် လမ်းကြားထဲမှ လူများ၏ ‘နှိပ်စက်မှု’ ကို ခံလိုက်ရပြီးနောက် ဆံပင်များပင် ရှုပ်ပွသွားတော့၏။

အဘွားကျန့် က "မင်းသာ ငါတို့ သာ့ကျဲအာ နဲ့ စေ့စပ်တော့မှာ မဟုတ်ရင် ငါ့တူမနဲ့ မိတ်ဆက်ပေးချင်တာ၊ ငါ့တူမက သာ့ကျဲအာ လောက် အလုပ်မလုပ်တတ်ပေမဲ့ မညံ့ပါဘူး" ဟု နှမြောတသ ပြောလိုက်သေးသည်။

ရှဲ့ချီ မျက်နှာရဲသွားသော်လည်း ပြတ်သားစွာ ခေါင်းခါလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘွားကျန့်၊ ကျွန်တော်က ရှန်ညန်ဇီ ကိုပဲ ဇနီးအဖြစ် ပေါင်းသင်းချင်တာပါ"

ရှန်မြောင်သည် ထိုစကားကို ကြားလိုက်ရသဖြင့် မျက်နှာများပင် ယားကျိကျိ ဖြစ်လာတော့သည်။ အဒေါ်ကြီးများသည် ချက်ချင်းပင် သူမဘက်သို့ လှည့်လာပြီး ဝိုင်းအုံကာ ဘယ်တော့ စေ့စပ်မှာလဲ၊ ဘယ်တော့ မင်္ဂလာဆောင်မှာလဲ မေးမြန်းကြရုံသာမက ကလေးမွေးရမည့် နေ့ရက်ကောင်းကိုပင် တွက်ချက်ပေးနေကြလေပြီ။

အမှန်တကယ်တွင် ဤသတင်း မည်သို့ ပျံ့နှံ့သွားမှန်း ရှန်မြောင် ကိုယ်တိုင်လည်း မသိပေ။ တစ်ညတည်းနှင့် လမ်းကြားထဲရှိ အိမ်တိုင်းစေ့က ရှဲ့ချီ နှင့် သူမ စေ့စပ်တော့မည့်အကြောင်းကို သိရှိသွားကြခြင်း ဖြစ်သည်။

သူမက အဒေါ်ကု ကို ဘယ်ကကြားတာလဲဟု မေးရာ အဒေါ်ကု က အဒေါ်လီ ပြောသည်ဟု ဆိုသည်။ အဒေါ်လီ့ ကို ဘယ်ကကြားတာလဲဟု မေးပြန်ရာ အဒေါ်လီ က "ဒါ သတင်းကောင်းပဲလေ၊ ဘာကြောက်စရာ ရှိလို့လဲ၊ ရှဲ့မိသားစုက ဒီလောက်ကောင်းတာ" ဟု ပြန်မေးလေသည်။

စကားကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး သတင်းပျံ့သွားရတာလဲ။

ရှန်မြောင် သည် နေ့စဉ် လမ်းကြားထဲ ဝင်ထွက်တိုင်း လူများ၏ စနောက်မှုကို ခံနေရသဖြင့် မျက်နှာကြွက်သားများပင် ထုံကျဉ်နေတော့သည်။ ထူးဆန်းသည်မှာ ကျိုကောသည် စိတ်နှင့်ကိုယ် ပြန်ကပ်လာပြီးနောက်ပိုင်း သူသည် ဤကဲ့သို့သော "ကောလဟာလများ" ကို အလွန် သဘောကျနေပုံ ရလေသည်။ လူများက သူ့ကိုတွေ့လျှင် ဂုဏ်ပြုပါတယ်ဟု ပြောကြရာ သူကလည်း ဝမ်းသာပါတယ်ဟု ပြန်လည်ဖြေကြားတတ်သည်။ တစ်စုံတစ်ယောက်က ‘မင်း တော်တော်ကံကောင်းတာပဲ၊ သာ့ကျဲအာ က အရမ်းတော်တာ’ ဟု ပြောလျှင် သူက ‘ကျွန်တော်ကမှ မမှီမကမ်း လှမ်းယူထားရတာပါ’ ဟု သဘာဝကျကျ ဝင်ပြောတတ်သည်။ တစ်စုံတစ်ယောက်က ‘ဘယ်တော့ မင်္ဂလာဆောင်မှာလဲ’ ဟု မေးလျှင်လည်း ‘အဲဒီကျရင် ခင်ဗျားကို ဖိတ်စာ သေချာပေါက် ပို့ပေးပါ့မယ်’ ဟု ရယ်မောကာ ပြန်ဖြေတတ်သည်။

ပြန်လည်ဖြေကြားပုံမှာ ရေပေါက်ပင် မဝင်အောင် စေ့စပ်သေချာလှသည်။

သို့သော် ခြံဝင်းထဲသို့ ပြန်ရောက်သည်နှင့် သူမနှင့် အကြည့်ချင်းဆုံရုံမျှဖြင့် မျက်နှာရဲတတ်သော လူပျိုပေါက်လေး ပြန်ဖြစ်သွားတတ်ပြန်သည်။ တစ်ခါတစ်ရံ မည်သူမှ သတိမထားမိချိန်တွင် ရှန်မြောင် က သူ့လက်ကို အသာအယာ ဆွဲကိုင်လိုက်ရုံဖြင့် သူသည် ရေနွေးပူပြုတ်ထားသော ပုစွန်ကဲ့သို့ ချက်ချင်း ဖြစ်သွားကာ နဖူးမှ ရင်ဘတ်အထိ နီရဲသွားတတ်သည် (ရှန်မြောင် က ရင်ဘတ်ကို မမြင်ရသော်လည်း သူ့လည်ပင်းနှင့် ညှပ်ရိုးတစ်ခုလုံး နီရဲနေသည်ကို ကြည့်ပြီး ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်)။

ထိုသို့ ဖြစ်လေလေ၊ သူမက သူ့ကို ပိုစချင်လေလေပင်။

တစ်ခါတစ်ရံ ခြံဝင်းထဲတွင် လူမရှိချိန်၌ သူမသည် သူ့ကို အနောက်မှ သိုင်းဖက်လိုက်ပြီး လျင်မြန်စွာ ပြေးထွက်သွားတတ်သည်။ ထိုအခါမျိုးတွင် ကျိုကော တစ်ယောက် တစ်နေ့လုံး စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ တိုင်ဝင်တိုက်လိုက်၊ တံခါးဝင်တိုက်လိုက်၊ ခြေခေါက်လဲလိုက်နှင့် ဖြစ်နေတတ်ရာ တကယ့်ကို ရယ်စရာကောင်းလှသည်။

လက်ဖက်ရည်ကောင်း၊ မုန့်ကောင်းများဖြင့် အိမ်နီးနားချင်းများကို ပြန်လွှတ်လိုက်ပြီးနောက် ရှန်မြောင်သည် ထန်အာ နှင့် အားထောင် ကို ယန့်ရှူးကို ခေါ်သွားခိုင်းကာ မီးဖိုဆောင်ထဲတွင် အသားပေါင်း သွားစားခိုင်းလိုက်သည်။ ရှုပ်ယှက်ခတ်မနေစေရန် ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ဖူရှင်းကို ကူတာ့လန်အိမ်သို့ လွှတ်ပြီး ကလေးများကို သွားခေါ်ခိုင်းလိုက်သည်။

ခြံဝင်းထဲတွင် သူမနှင့် ရှဲ့ချီ နှစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။

လေပြေသည် ငြိမ်သက်သွား၏။ နှစ်ဦးသား မျက်နှာချင်းဆိုင် ရပ်နေကြပြီး ရှန်မြောင်သည် အဒေါ်ကြီးများ ကိုင်တွယ်ထားသဖြင့် ရှုပ်ပွနေသော သူ့ဆံပင်များကို တွေ့ရရာ ရှေ့တိုးပြီး ဖွာလန်နေသော ဆံစများကို သေသပ်အောင် လုပ်ပေးရန် လက်လှမ်းလိုက်သော်လည်း မထင်မှတ်ဘဲ ရှဲ့ချီ က သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

သူသည် ချီလင်ကို ပွေ့ဖက်ထားသကဲ့သို့ပင် ခါးကို အနည်းငယ်ကိုင်းကာ ခေါင်းငုံ့ပြီး မေးစေ့ကို သူမ၏ပခုံးပေါ် တင်ထားလိုက်သည်။

ရှန်မြောင်လည်း လက်မောင်းများကို ဆန့်ထုတ်ကာ သူ့ကို ပြန်လည်ပွေ့ဖက်လိုက်သည်။

"ကောင်းလိုက်တာ၊ နောက်ပိုင်းကျရင် အရာရာ ပိုကောင်းလာမှာပါ၊ အရင်တုန်းကလိုမျိုး ခက်ခဲတော့မှာ မဟုတ်ဘူး"

"ကိုယ့်ကိုလည်း ကံတရားက မျက်နှာသာပေးတဲ့အချိန် ရှိတာပဲ"

သူသည် မျက်လုံးများကို မှိတ်ထားပြီး သူမကိုယ်ပေါ်မှ အသားပေါင်းနံ့သင်းသင်းကို အားပါးတရ ရှူရှိုက်လိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အရင်တုန်းက ကိုယ်က မင်းအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မှာ အရမ်းစိုးရိမ်ခဲ့မိတယ်"

"ဘယ်ကလာ... ကျွန်မ ရှင်နဲ့ သိပြီးကတည်းက ကံတွေ ပိုကောင်းလာတာ၊ ကြည့်ရတာ ရှင့်မှာ ဇနီးမယားကို ကောင်းစားစေတဲ့ ဇာတာပါလာတယ် ထင်တယ်"

ရှန်မြောင် သည် သူ့ရင်ဘတ်ကို မှီကာ နှလုံးခုန်သံကို နားထောင်ရင်း ပြုံးပြီး ပြောလိုက်သည်။

ရှဲ့ချီ ၏ ရင်ဘတ်မှာ ယေဘုယျအားဖြင့် မာကျောသော်လည်း ကြွက်သားအနည်းငယ် ရှိသဖြင့် ကြွပ်ဆတ်ဆတ်နိုင်လှသည်။ ရှန်မြောင် သည် မနေနိုင်ဘဲ ပါးပြင်ဖြင့် သူ့ရင်ခွင်ကို ပွတ်သပ်လိုက်မိသည်။

ရုတ်တရက် မီးဖိုဆောင်တံခါးကို တစ်စုံတစ်ယောက် ဝင်တိုက်မိသဖြင့် 'ဒုန်း' ခနဲ အသံမြည်သွားပြီး အတွင်း၌ တစ်ခုခု ပြိုကျပျက်စီးသွားသကဲ့သို့ ဖြစ်သွားရာ ရှန်မြောင် မျက်နှာ ချက်ချင်း နီရဲသွားပြီး ရှဲ့ချီ ကို အလျင်အမြန် တွန်းထုတ်လိုက်သည်။

ရှဲ့ချီ၏ လက်မောင်းများသည် လေထဲတွင် တန့်နေပြီး ဖက်ထားသည့် ဟန်ပန်အတိုင်း နှမြောတသ ကျန်ရစ်ခဲ့သော်လည်း ချက်ချင်းပင် မျက်လုံးများကွေးသည်အထိ ပြုံးလိုက်သည်။ အကြောင်းမှာ ရှန်မြောင်သည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ မီးဖိုဆောင်တံခါးကို တွန်းဖွင့်လိုက်သောကြောင့်ပင်။

အားထောင် နှင့် ထန်အာ တို့သည် ငှက်ကလေးများကဲ့သို့ ဖရိုဖရဲ လွင့်စင်သွားကြပြီး မီးဖိုဆောင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ရုတ်တရက် အလုပ်ရှုပ်သွားကြသည်။

ယန့်ရှူး တစ်ယောက်သာ မီးဖိုခုံဘေးရှိ ခုံပုလေးပေါ်တွင် ကြောင်တောင်တောင် ထိုင်နေပြီး အသားပေါင်း စားခြင်းအမှု၌ အာရုံစိုက်နေလေ၏။ ရှန်မြောင် ဝင်လာသည်ကို မြင်သောအခါ လက်ထဲရှိ အသားပေါင်း အကြီးကြီး တစ်ဝက်ကို မြှောက်ပြကာ စိတ်လှုပ်ရှားစွာဖြင့် ဝူးဝူးဝါးဝါး အော်ပြောလေသည်။

"ရှန်ညန်ဇီ ... ဒါက ကောက်ညှင်းကြက်သားပေါင်းလိုပဲ အရမ်းစားလို့ကောင်းတယ်၊ ခုနက စားလိုက်တာ လျှာတောင် ဗိုက်ထဲ ဝင်သွားမလား မှတ်ရတယ်"

ရှန်မြောင်မှာ ရယ်မောလိုက်မိသည်။

"ယန့်ရှူး ... နင် မကြိုက်တဲ့အစားအစာရော ရှိသေးရဲ့လား"

ယန့်ရှူးသည် အမေးခံလိုက်ရသဖြင့် ကြောင်သွားပြီး အလေးအနက် စဉ်းစားကာ "မရှိပါဘူး" ဟု ဖြေလေသည်။

သူသည် အူမြူးစွာ ရယ်မောလိုက်ပြီး "ကျွန်တော် အကုန်ကြိုက်တယ်၊ အထူးသဖြင့် ရှန်ညန်ဇီ လုပ်တဲ့ဟာဆို အကောင်းဆုံးပဲ၊ အကြိုက်ဆုံးပဲ" ဟု ပြောလေသည်။

ယန့်ရှူး ၏ ကမ္ဘာကြီးသည် ရိုးရှင်းပုံရသည်။ အရသာရှိသော အစားအသောက်နှင့် ကျိုကောသာ ရှိသည်။ ပြောပြီးသည်နှင့် အသားပေါင်းကို ကျေနပ်စွာ ကိုင်ကာ ပါးစပ်အပြည့် ဆက်လက်ဝါးစားနေတော့သည်။

ရှန်မြောင် သည်လည်း လျှောက်သွားပြီး ဝါးညှပ်ဖြင့် ပေါင်းအိုးထဲမှ အချို့ကို ညှပ်ယူလိုက်ကာ ကိုယ်တိုင် မြည်းစမ်းကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

မဆိုးပါဘူး။ လက်ရာမပျက်ဘူးပဲ။ မူလက ကမာဆီမရှိလျှင် ဤကဲ့သို့ လတ်ဆတ်သော အရသာမျိုး ထွက်မလာနိုင်ဟု ထင်ထားသော်လည်း ပဲပိစပ်အနှစ်ဖြင့် အစားထိုးလိုက်ခြင်းကလည်း တမူထူးခြားသော အရသာကို ပေးစွမ်းနိုင်လေသည်။

ပေါင်းပြီးသောအခါ အသားပေါင်း အခွံသည် စက္ကူကဲ့သို့ ပါးလွှာနေပြီး အတွင်းမှ အသားဆီများသည် အခွံကို စိုစွတ်စေကာ တစ်ဖက်မှ အလင်းရောင်ပင် မြင်နိုင်လောက်သည်အထိ ကြည်လင်နေသည်။ စားလိုက်လျှင် နူးညံ့အိစက်ပြီး အရသာရှိလှသည်။ ထားလိုက်လျှင်လည်း ကြည်လင်တောက်ပကာ ကြည့်ကောင်းပြီး သာမန် အသားပေါင်း ထက် ပိုမို အရသာရှိလေသည်။

ထို့အပြင် ရှန်မြောင် သည် အတုံးကြီးကြီး ထုပ်ထားသဖြင့် တစ်တုံးလုံး လေးပင်နေပြီး စားရသည်မှာ ထိထိမိမိ ရှိလှသည်။ လူကြီးတစ်ယောက်လျှင် နှစ်တုံး သုံးတုံးခန့် စားရုံနှင့် ဗိုက်ဝနိုင်လေသည်။ ပထမတစ်ပေါင်းတွင် အသားပေါင်းတိုင်း၌ ဘဲဥငန်အနှစ် တစ်ဝက်စီ ပါဝင်ပြီး ကောက်ညှင်းစေ့များအပေါ်တွင် ကပ်နေသဖြင့် စားလိုက်လျှင် အိစက်ညက်ညောသော အရသာကို ခံစားရလေသည်။

ဒုတိယတစ်ပေါင်းတွင် ရှန်မြောင် သည် မုန်ညင်းချဉ်ခြောက် အသားပေါင်း များကို ပိုမိုထုပ်လုပ်ထားသည်။ စားလိုက်လျှင် တစ်ကိုက်ချင်းစီ၌ ပြည့်ဝသော အငန်အရသာနှင့် နူးညံ့အိစက်မှုကို ရရှိပြီး အရသာမှာလည်း မဆိုးလှပေ။

မုန်ညင်းချဉ်ခြောက်သည် ပေါင်းလိုက်လျှင် အလွန်အမင်း မွှေးကြိုင်လှသည်။ ရှန်မြောင် ပေါင်းပြီးသွား၍ အပြင်သို့ ထုတ်လာချိန်တွင် လမ်းကြားထဲ၌ မွှေးရနံ့များ လျင်မြန်စွာ ပျံ့နှံ့သွားရာ အဒေါ်ကု ပင် သူမလုပ်ထားသော ဆန်ခေါက်ဆွဲခြောက်များ ယူလာပြီး အသားပေါင်း အနည်းငယ်နှင့် လာရောက်လဲလှယ် စားသောက်တော့သည်။ အဒေါ်ကုသည် ခါးတွင် ကျပ်နေသော အဝတ်အစားကို ဆွဲလိုက်ပြီး ရှန်မြောင် ကို ရယ်မောကာ ညည်းတွားလေသည်။

"သာ့ကျဲအာ နေ့တိုင်း ဒီလို အရသာရှိတာတွေ လုပ်နေတော့ အဒေါ်တောင် ဝလာပြီ"

ရှန်မြောင် ဆိုင်ဖွင့်ပြီးကတည်းက အဒေါ်ကု သည် ထန်းပင်၊ သိုးသားများကို လာဝယ်လေ့ရှိပြီး နောက်ပိုင်းတွင် ဘဲကင်ကိုပါ နှစ်သက်လာကာ ကိုယ့်အိမ်၌ ထမင်းပင် မချက်ချင်တော့ပေ။ ထို့အပြင် အိမ်ရှိ ကျေးဇူးကန်းသော ယောက်ျားနှစ်ယောက်က ရှန်မြောင် လက်ရာနှင့် အသားကျသွားပြီး သူမ ချက်သော ထမင်းဟင်းများကို မကောင်းဘူးဟု အပြစ်ပြောလာကြသည်။

ထို့ကြောင့် ဒေါသထွက်ပြီး အဒေါ်ကုသည် ထိုနေ့က တံခါးကို ဂျက်ချပိတ်ထားလိုက်ကာ သူတို့နှစ်ယောက်ကို အရက်ချက်ရုံတွင် ကြမ်းပြင်၌ အိပ်ခိုင်းပြီး ပြန်မလာနှင့်ဟု မောင်းထုတ်ပစ်လိုက်လေသည်။

ခဏအကြာတွင် အဒေါ်ကုသည် အသားပေါင်းပန်းကန်ကို ကိုင်ကာ ခြံဝင်းထဲ ဝင်လာပြီး ရှေ့ဆိုင်ခန်းတွင် ဆိုင်စောင့်နေသော ကုထူစူး ကို တစ်တုံး သွားပေးပြန်သည်။

"သာ့ကျဲအာ နဲ့ ဟိုရှဲ့ကျိုကော တို့ စေ့စပ်တော့မယ်ဆိုတာ မင်း သိပြီးပြီလား" ဟု သွေးတိုးစမ်းကာ မေးမြန်းလိုက်သည်။

ကုထူစူးသည် လည်ပင်းမှ လက်ကိုင်ပဝါဖြင့် ချွေးသုတ်လိုက်ပြီး အသားပေါင်း ကို ယူကာ ပါးစပ်ထဲ အတင်းထိုးထည့်လိုက်သည်။ စားပြီးမှ ခေါင်းညိတ်လိုက်သည်။

"ကောင်းတာပေါ့၊ အဲဒီ ရှဲ့မိသားစုက စာသင်သားလေး ကြည့်ရတာ လူရိုးလူဖြောင့်ပုံ ပေါ်ပါတယ်"

အဒေါ်ကုသည် သူ့မျက်နှာထား တည်ငြိမ်နေသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားသည်။ "မင်း သဘောပေါက်ရင် ပြီးတာပါပဲ"

ကုထူစူးက အရက်အိုးကြီးကို ဂရုတစိုက် လှိမ့်ရင်း ပွစိပွစိ ပြန်ပြောလိုက်၏။ "ကျွန်တော်က ဘာကို သဘောမပေါက်ရမှာလဲ"

အဒေါ်ကု နောက်ဖေးခြံဝင်းသို့ ပြန်ဝင်သွားမှ သူသည် ခါးဆန့်လိုက်ပြီး နေဝင်ရီတရောအောက်မှ လူစည်ကားနေသော လမ်းမကြီးကို ငေးကြည့်လိုက်လေသည်။

ပြောရလျှင် ထူးဆန်းသည်။ ကြာပန်းကြည့်ပွဲတော်တွင် ထိုကိစ္စကြီးကို သူ လုပ်ဆောင်ပြီးကတည်းက ရှန်သာ့ကျဲအာ အပေါ်ထားသော သဘောထား တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ ယခင်က သံယောဇဉ်များသည် ရေလှိုင်းများနှင့်အတူ ပျောက်ကွယ်သွားသကဲ့သို့ပင်။ သို့မဟုတ်လျှင်လည်း သာ့ကျဲအာ ထံတွင် ယခင်က ပုံရိပ်ဟောင်းများကို ရှာမတွေ့တော့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ထိုအချိန်မှစ၍ သူ့ရင်ဘတ်ထဲတွင် နာကျင်မှု မရှိတော့ပေ။ အရာအားလုံး ပြီးဆုံးသွားသကဲ့သို့ ဖြစ်ပြီး အိပ်မက်ထဲမှ သာ့ကျဲအာ သည်လည်း သူ့အိပ်မက်ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့လေပြီ။

သူ သူမကို တစ်ခါမှ ထပ်မမက်တော့ပေ။

ဒါပေမဲ့ သာ့ကျဲအာက မျက်စိရှေ့မှာ ရှိနေတာပဲလေ။ သူမသည် မျက်နှာချင်းဆိုင်အိမ်တွင် သူမ၏ဘဝကို စည်စည်ကားကား ဖြတ်သန်းနေသည်။ ကုထူစူး သည် တစ်ခါတစ်ရံ ဇဝေဇဝါဖြစ်မိပြီး အမှန်တကယ် ဘာဖြစ်ခဲ့သလဲ ဆိုသည်ကိုပင် မသဲကွဲတော့ပေ။

....

ချန်ကျိုး မှ ပြန့်ကျင်း သို့ သွားသော တရားဝင်လမ်းမကြီးပေါ်တွင် ချွေးဝမ်ညန်တစ်ယောက် ဟူလူမျိုးဝတ်စုံနှင့် ယောက်ျားလေး အဝတ်အစားကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းမွှေးတု တပ်ထားလျက် မြင်းစီးကာ မြို့ထဲမှ ထွက်ခွာတော့မည်။

သူမသည် အထုတ်အပိုးများ တင်ထားသော ကုန်းနှီးပေါ်တွင် ထိုင်လျက် မြင်းဇက်ကြိုးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ အားစိုက်ထားမှုကြောင့် လက်ဆစ်များပင် ဖြူဖျော့နေလေသည်။ သူမသည် မျက်ရည်မကျအောင် အောင့်အီးထားပြီး တစ်ခါမှ လှည့်မကြည့်ခဲ့ပေ။

ညနေဆည်းဆာသည် မှေးမှိန်ဝါဖျော့နေသည်။

မြို့တံခါးဝတွင် ‘ချွေး’ စာလုံးပါ မီးအိမ် ချိတ်ဆွဲထားသော မြင်းရထားတစ်စီး ရပ်ထားပြီး လိုက်ကာမှာ တစ်ဝက်ခန့် လိပ်တင်ထားသည်။ အတွင်းမှ လူရိပ်ကို မသဲကွဲသော်လည်း မြင်းရထားဘေးတွင် ရပ်နေသော အစေခံမလေးသည် ချွေးမိသားစု သခင်မကြီး၏ အနီးကပ် အစေခံမလေး ဖြစ်သည်။

မြင်းရထား၏ အရိပ်သည် ရှည်လျားစွာ ကျရောက်နေပြီး တစ်ဝက်ခန့်မှာ မြို့ရိုးပေါ်သို့ ထိုးကျနေ၏။

ချွေးဝမ်ညန်သည် မျိုသိပ်ရခက်သော ဝမ်းနည်းမှုကို ကြိတ်မှိတ်ခံစားရင်း ကျောကို မတ်လိုက်ကာ မြင်းဇက်ကြိုးကို ခါလိုက်ပြီး မြင်းကို စတင်ထွက်ခွာရန် တိုက်တွန်းလိုက်၏။

မြင်းခွာသံ တခွပ်ခွပ် မြည်သွားပြီး ဖုန်မှုန့်များ ထသွားတော့သည်။

မြင်းအရှိန် မြန်လာသည်နှင့်အမျှ သူမသည် မြို့တံခါးနှင့် ဝေးကွာသွားပြီး ထိုမြင်းရထားသည်လည်း မိုးတိမ်လို ထနေသော ဖုန်မှုန့်ဝါများကြားတွင် ပိုမိုဝါးတားတား ဖြစ်သွားကာ သေးငယ်သွားတော့သည်။

ရရှိမည့် အမြတ်ငွေဝေစုကို ရှန်ညန်ဇီအား လွှဲအပ်ပေးခဲ့ပြီးနောက် ချက်ချင်းပင် ယိုကျိုးသို့ ပြန်ရတော့မည်ဖြစ်ကြောင်း၊ အချိန်ဆွဲ၍ မရတော့ကြောင်း ချွေးဝမ်ညန် တွေးလိုက်သည်။

ချန်ကျိုး တွင် ရှိနေစဉ်အတွင်း မိခင်ဖြစ်သူနှင့် ခိုးကြောင်ခိုးဝှက် အကြိမ်ကြိမ် တွေ့ဆုံခဲ့ရသော်လည်း ယခုအခါ ခွဲခွာရပြန်ပြီ။ ဤခရီးသည် တောင်တွေ ရေတွေ ခြားနားပြီး ပြန်လာမည့်ရက်ကို ခန့်မှန်းရ ခက်ခဲလှသည်။ သည်တစ်ခေါက် ခွဲခွာပြီးလျှင် မိခင်နှင့် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်ဆုံရမည်ကို မသိနိုင်တော့ပေ။ သို့သော် သူမ နောက်ပြန်လှည့်မကြည့်ရဲပေ။ အမေဖြစ်သူကို နောက်ထပ်တစ်ချက် ကြည့်လိုက်မိလျှင် ခရီးဆက်ရန် သတ္တိများ ပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့နေမိသည်။

သူမသည် အံ့ကို တင်းတင်းကြိတ်ကာ စိတ်ထဲမှ တိတ်တဆိတ် သစ္စာဆိုလိုက်သည်။ တစ်နေ့နေ့တွင် မည်သူမှ ဖျက်ဆီး၍မရသော လုပ်ငန်းကြီးတစ်ခုကို ထူထောင်ပြီး မိခင်နှင့်အတူ ခန့်ညားထည်ဝါစွာ ပြန်လည်ဆုံစည်းရမည် ဟူ၍။

အခြားတစ်ဖက်တွင်၊ နန်းတော်တွင်းရှိ ဖူနဉ်နန်းဆောင်အတွင်း...

ကျောက်ပေါ်ယွင်သည် ယနေ့ တင်ပြလာသော အစီရင်ခံစာများကို ဖတ်ရှုစစ်ဆေးပြီးနောက် ယန်ကျိုး ၊ မော့ကျိုး အစရှိသော ဒေသများတွင် ထန်းပင်အလုပ်ရုံများ တည်ဆောက်ရန်အတွက် ငွေသား သောင်းချီကို တစ်ရှိန်ထိုး ချပေးလိုက်ရာ ယခုလေးတင် ဖြည့်ထားသော အတွင်းဘဏ္ဍာတိုက်သည် တစ်ဝက်ကျော်ခန့် ပြန်လည် လျော့နည်းသွားတော့သည်။

သူသည် ငွေကို နှမြောသဖြင့် ရင်နာမတတ် ဖြစ်နေရပြီး ငွေကြေးသည် သုံးစွဲ၍ မလောက်ငှနိုင်ပေ။

ကျန်ရှိသော ငွေများသည်လည်း မြဲမည်မဟုတ်ပေ။ အနောက်ဘက်ဒေသသို့ လမ်းဖောက်ရန်အတွက် သူ့ကိုယ်စား သွားရောက်မည့် သံတမန်အဖွဲ့သည်လည်း ထွက်ခွာတော့လိမ့်မည်။

ကျောက်ပေါ်ယွင်သည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ခဏလောက် ထိုင်နေပြီးနောက် နန်းတော်ရိုးအပြင်ဘက်မှ ဈေးသည်များ၏ ဆူညံသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်နေသည်ကို သဲ့သဲ့ကြားလိုက်ရသည်။

ဟုတ်သားပဲ။ ဒီနေ့က စာမေးပွဲ အောင်စာရင်း ထွက်တဲ့နေ့ပဲ။

စစ်သူကြီးယွဲ့ အတွက် အလုပ်ရုံ ဆောက်ပေးရန် အလုပ်များနေသဖြင့် သူ မေ့နေခဲ့ခြင်း ဖြစ်သည်။

ကျောက်ပေါ်ယွင်သည် သတိရသွားပြီးနောက် စပ်စုချင်စိတ်ဖြင့် လျန်ချန် ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ဒီနှစ် စာမေးပွဲမှာ ပထမရတာ ဘယ်သူလဲ၊ ထိပ်ဆုံး သုံးယောက် ရေးထားတဲ့ ဆောင်းပါးတွေကို နန်းတော်ထဲ ပို့ပြီးပြီလား"

ဒီနှစ်သည် သူက ကြားဖြတ် စာမေးပွဲစစ်ဆေးကာ အရာရှိ ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သဖြင့် ယခင်နှစ်များထက် ပိုမို အလေးထားလေသည်။ ထို့အပြင် ဆင်းရဲသား ပညာတတ်များအတွက် လမ်းခင်းပေးရန် ရည်ရွယ်ပြီး မျိုးရိုးကြီး အရာရှိမျိုးဆက် (၃) ဆက်ကို စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ထားခဲ့သည်။ ယခုနှစ်တွင် ကော် ၊ ရှဲ့ ၊ ရွှီ ၊ ကျန်း စသည့် မျိုးရိုးကြီး ဆွေကြီးမျိုးကြီး သားသမီးများ မပါဝင်တော့သဖြင့် အောင်စာရင်းတွင် ဆင်းရဲသား ပညာတတ်များ ပိုမိုပါဝင်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် သူသည် မျှော်လင့်တကြီးဖြင့် လျန်ချန် ကို ကြည့်လိုက်ရာ လျန်ချန်က အနေခက်သော အပြုံးဖြင့် ပြန်လည်ဖြေကြားသည်ကို တွေ့လိုက်ရလေသည်။

"ပထမရသူက ရှဲ့ချီ ပါ၊ ချန်ကျိုး က ရှဲ့မျိုးနွယ်ပါ၊ ဒုတိယကတော့ မုန့်ချင်းယွမ် ပါ၊ သူကတော့ ချမ်းသာတဲ့ လယ်ပိုင်ရှင် သားပါ၊ သူ့အဖေက ငွေပေးပြီး ရာထူးဝယ်ထားလို့ သူက ဖိယုံးစာသင်ကျောင်း မှာ တက်ခွင့်ရတာပါ၊ ဒါပေမဲ့ သူကလွဲရင်... အဆင့် (၁) ကနေ (၂၃) အထိက အားလုံး ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းက ဆင်းသက်လာသူတွေချည်းပါပဲ..."

ကျောက်ပေါ်ယွင်တစ်ယောက် ဆွံ့အသွား၏။

သူသည် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကို တိုးချဲ့ပေးခဲ့ပြီး အင်အားအကြီးဆုံး မျိုးနွယ်ကြီးများကိုလည်း ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ဘာကြောင့် ဒီလို ဖြစ်နေရသေးပါသနည်း။ တစ်ယောက်တည်း၊ တစ်ယောက်တည်းပဲ ပါတယ်တဲ့လား။

သူသည် သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။

ဆင်းရဲသားထဲမှ လူတော်လူကောင်း ထွက်ပေါ်လာရန်မှာ အချိန်တိုအတွင်း မလွယ်ကူလှပေ။

"ရှဲ့ချီ နဲ့ မုန့်ချင်းယွမ် ရဲ့ စာရွက်တွေကို ယူလာခဲ့စမ်း၊ ဟို ရှဲ့ချီ ဆိုတဲ့ကောင်က ဆောင်းပါး ဘယ်လောက်ကောင်းကောင်း ရေးထားလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ကျောက်ပေါ်ယွင်သည် မကျေနပ်နိုင်သေးပေ။ မူလကပင် အိုးဖင်ကဲ့သို့ မဲနက်နေသော မျက်နှာသည် ပိုမိုအုံ့မှိုင်းသွားပြီး ရာဇပလ္လင်ပေါ်တွင် ထိုင်လျက် လက်ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။

"နေဦး၊ ထိပ်ဆုံး (၁၀) ယောက်လုံးရဲ့ စာရွက်တွေကို ယူလာခဲ့"

...

All Chapters