အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အပိုင်း (၁၅၅) အသားမွှပေါင်မုန့်
"အောက်...အီး... အီး... အွတ်..."
မိုးလင်းသည်နှင့် လီမိသားစုအိမ်မှ ကြက်ဖကြီးသည် တံတိုင်းပေါ်သို့ ပျံတက်ကာ လည်ပင်းဆန့်ထုတ်၍ တွန်လေသည်။
အရှေ့ဘက်ရှိ အခန်းငယ်၏ ပြတင်းပေါက်တွင် အဝတ်စုတ်များဖြင့် ချုပ်လုပ်ထားသော လိုက်ကာကြမ်းကို ချိတ်ဆွဲထားသည်။ လီကိုအာသည် မျက်လုံးပင် မဖွင့်ဘဲ စောင်ပုံထဲမှ လက်မောင်းကို ဆန့်ထုတ်ကာ ခုတင်ခေါင်းရင်း၌ လျှောက်စမ်းနေပြီး နောက်ဆုံးတွင် မနေ့က မြေကြီးပေါ်မှ သေချာကောက်ယူထားသော ကျောက်ခဲလေးတစ်လုံးကို စမ်းမိသွားလေသည်။
လက်ထဲတွင် ဆုပ်ကိုင်လျက် တံတောင်ဆစ်ဖြင့် ပြတင်းပေါက်ကို တွန်းဖွင့်ကာ ကြည့်ပင်မကြည့်ဘဲ တံတိုင်းဆီသို့ ပစ်ပေါက်လိုက်သည်။
ကျောက်ခဲသည် တံတိုင်းကို 'ဒေါက်' ခနဲ ထိမှန်သွားရာ အမည်းရောင်နှင့် အဖြူရောင် အကွက်များပါရှိသော ကြက်ဖကြီးသည် လန့်ဖျပ်သွားပြီး တောင်ပံခတ်ကာ အောက်သို့ ပျံဆင်းသွားလေသည်။ ထို့နောက် လည်ပင်းကို ပုလိုက်ဆန့်လိုက်လုပ်ကာ ခြံဝင်းထဲတွင် လမ်းလျှောက်နေပြီး ရံဖန်ရံခါ အသံပြုနေလေ၏။
သူ့အိမ်မှကြက်ကို ဂရုမစိုက်ဘဲ ထားလိုက်လျှင် အဒေါ်လီ ဇွန်းကိုင်ပြီး ပြေးထွက်လာကာ ရိုက်သည်အထိ တွန်နေပေလိမ့်မည်။ လီကိုအာသည် ခုတင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး အဒေါ်လီ ချုပ်ပေးထားသော ပျိုနီပန်းပွင့်ကြီးများ ပါရှိသည့် အနီရောင်အောက်ခံ စောင်ထူကြီးကို ဆွဲယူကာ ခေါင်းမြီးခြုံလိုက်၏။ ပြန်အိပ်ရန် ပြင်လိုက်ပြီး အိပ်ချင်မူးတူး ဖြစ်လာခါစရှိသေးချိန် ခြံဝင်းအပြင်ဘက်မှ ရင်းနှီးနေသော ဆူညံသံများ ထွက်ပေါ်လာပြန်လေသည်။
"လျိုတို့ဟွား... နင် ဒီသူခိုးမလေး၊ ငါ့ပိုးပန်းပွင့်ကို ခိုးပြန်ပြီမလား”
"သမီး မခိုးပါဘူး”
"မခိုးဘူးလို့ ထပ်ပြောရဲသေးတယ်၊ နင့်ပါးစပ်ပေါ်မှာ သုတ်ထားတာ ဘာတွေလဲ ကြည့်လိုက်ဦး၊ အဲဒါ ငါ့နှုတ်ခမ်းနီတွေလေ၊ နင် ဒီကောင်မလေး မပြေးနဲ့၊ နင့်ပါးစပ်ကို စုတ်ပြတ်သတ်သွားအောင် ဆွဲဖြဲပစ်မယ်၊ ငါ အိမ်မှာမရှိရင် ငါ့အခန်းထဲက ပစ္စည်းတွေကို မွှေနှောက်မရှာပါနဲ့လို့ ပြောထားတာ အခါတစ်ရာ မကတော့ဘူး၊ အထူးသဖြင့် ငါ့မိတ်ကပ်ပစ္စည်းတွေကိုလေ၊ နင့်နားရွက်ထဲမှာ မြည်းမွေးတွေ ပိတ်ဆို့နေတာလား၊ ဒါမှမဟုတ် ဦးနှောက်ထဲ ရေဝင်နေတာလား၊ ဘာလို့ နားမလည်ရတာလဲ”
ဝုန်းဒိုင်းကြဲသွားပြီး လျိုမိသားစု ခြံဝင်းထဲတွင် တောင်းပုံးများ ဝင်တိုက်မိသံများ ကြားလိုက်ရသည်။
"အား... အမေရေ... အမေရေ ကယ်ပါဦး၊ မကြီး က သမီးကို သတ်တော့မယ်၊ အဖေရေ... အဖေရေ..."
"နင် သိကြားမင်းကို ခေါ်လည်း အလကားပဲ”
လီကိုအာသည် ဆံပင်များ ရှုပ်ပွလျက် မျက်လုံးများက ဝေတေတေဖြစ်နေပြီး ပန်းပွင့်ရိုက် စောင်ကြီးကို ပတ်ကာ ထထိုင်လိုက်၏။ သူသည် ပြတင်းပေါက်ဘက်သို့ ငေးငိုင်စွာ လှည့်ကြည့်လိုက်ပြီး လျိုတို့ဟွား တစ်ယောက် သူ့အမကြီး လိုက်ရိုက်သဖြင့် အော်ဟစ်နေသံနှင့် ဦးလေးလျို ၊ အဒေါ်လျို တို့၏ မတတ်သာဘဲ ဝင်ဆွဲနေရသည့် အသံများကို နားထောင်ရင်း မျက်လုံးကို ပွတ်ကာ သမ်းဝေလိုက်လေသည်။
လုံးဝ အိပ်မပျော်တော့သဖြင့် သူသည် အိပ်ချင်မူးတူး မျက်နှာဖြင့် ထကာ အဝတ်အစား ဝတ်ဆင်လိုက်တော့သည်။
ပြင်ဆင်ပြီးသည်နှင့် တံခါးတွန်းဖွင့်ပြီး ခြံဝင်းထဲထွက်ကာ ရေခပ် မျက်နှာသစ်လိုက်သည်။ ပါးစပ်ထဲတွင် သွားပွတ်တံကို ကိုက်ထားရင်း မီးဖိုဆောင်သို့ ဝင်ကာ မီးမွှေးလိုက်သည်။ သို့မှသာ မီးဖိုဘေးရှိ ရေနွေးအိုးသည် တစ်နေ့တာလုံးအတွက် ရေနွေးများကို တစ်ပါတည်း ကျိုချက်ပြီးသား ဖြစ်သွားလိမ့်မည်။
မိဘနှစ်ပါးသည် ခရီးဝေးသွားကြသဖြင့် သူ့ကို ရှန်သာ့ကျဲအာထံ အပ်နှံခဲ့ကြသည်။
ရှန်သာ့ကျဲအာက သူ့ကို ဂရုစိုက်ရ လွယ်ကူစေရန် ရှန်မိသားစုအိမ်သို့ လာနေပြီး ချန်ချွမ်း နှင့် အတူအိပ်ရန် ခေါ်သော်လည်း သူက ကိုယ့်အိမ်မှာသာ နေချင်သဖြင့် မသွားခဲ့ပေ။ အိမ်တွင် အစာကျွေးရမည့် ကြက်၊ ဘဲ၊ ငန်းများ ရှိနေသေးသည်။ မိခင်ဖြစ်သူ မထွက်ခွာမီ ရေဘယ်လိုကျို၊ အိပ်ရာဘယ်လိုအပူပေး ဆိုသည်ထက် ကြက်ဘဲများကို အစာဘယ်လိုကျွေးရမည်ကိုသာ အဓိကထား မှာကြားခဲ့လေသည်။
ရေနွေးအိုးထဲမှ ရေပူလာသောအခါ ရေအေးနှင့်ရောပြီး မျက်နှာသစ်လိုက်သည်။ မျက်နှာသစ်ပြီးသွားမှ လန်းဆန်းသွားပြီး ထိုရေကိုပင် စပါးခွံ၊ ဂျုံဖွဲနုတို့နှင့် ရောနယ်ကာ ဟင်းရွက်စအနည်းငယ် လှီးထည့်ပြီး အခွံမချွတ်ရသေးသော စပါးစေ့အနည်းငယ် ရောမွှေလျက် ကြက်ဘဲများကို ကျွေးလိုက်သည်။
ရက်ခြားပြီး စပါးစေ့ ကျွေးမှသာ ကြက်ဘဲများ ဥဥချင်ကြသည်ဟု သူ့မိခင်က ပြောဖူးလေသည်။
လီကိုအာသည် ဇလုံကို ကိုက်လျက် ခြံဝင်းထဲ ဝင်လိုက်သည်နှင့် ကြက်ဘဲများက ဝိုင်းအုံလာပြီး "ကွပ်ကွပ်... ကပ်ကပ်" မြည်ကာ သူ့ဖိနပ်ကို လိုက်ဆိတ်ကြလေသည်။ သူသည် ခြေထောက်ဖြင့် တစ်ဖက်က မောင်းထုတ်ရင်း ခါးကိုင်းကာ ဝါးဖြင့်ပြုလုပ်ထားသော အစာခွက်ထဲသို့ ကြက်စာဘဲစာများ လောင်းထည့်ပေးလိုက်သည်။
ဘဲများအတွက် ရေသန့်လဲပေးပြီးနောက် ကိစ္စအဝဝ ပြီးစီးသွားခဲ့ပြီးနောက် လမ်းကြားထဲမှ ရှန်းအာ ၏ လှမ်းခေါ်သံကို အဝေးမှ ကြားလိုက်ရသည်။ "ကိုအာ... ထမင်းလာစားတော့”
"လာပြီ” လီကိုအာလည်း အသံကုန်ဟစ်ကာ ပြန်ထူးလိုက်ပြီး ရေခပ်ကာ လက်ဆေးလိုက်သည်။ ထို့နောက် ခြံတံခါးဖွင့်ပြီး ရှန်မိသားစုအိမ်သို့ ထမင်းသွားစားရန် ပြင်လိုက်တော့သည်။
သူ တံခါးဝမှ ထွက်လိုက်သည်နှင့် မျက်နှာချင်းဆိုင်အိမ်မှ "ဘုန်း" ခနဲ အသံမြည်သွားပြီး လျိုမိသားစု၏ ခြံတံခါး ပွင့်ထွက်သွားကာ နံရံကို ရိုက်မိသွားသည်။ လျိုတို့ဟွားသည် ဗြောက်အိုးဖြင့် ပစ်ပေါက်ခံရသော ကြွက်တစ်ကောင်ကဲ့သို့ အော်ဟစ်ပြေးထွက်လာပြီး နောက်တွင် မျက်လုံးပြူးကာ ဒေါသထွက်နေသော မျက်ဝန်းရှည်နှင့် မိန်းကလေးတစ်ဦး လိုက်ပါလာလေသည်။ "ဒီသူခိုးမလေး... သတ္တိရှိရင် ပြန်မလာနဲ့”
လီကိုအာသည် လန့်သွားပြီး နံရံနှင့်ကပ်ကာ လျှောက်သွားလိုက်၏။ ဒေါသထွက်နေသော ထိုမိန်းကလေးဘေးမှ ဖြတ်သွားချိန်တွင် ခါးကိုပင် ကိုင်းညွှတ်လျက် နှုတ်ဆက်လိုက်သည်။ "အမကြီးတို့ခို မင်္ဂလာနံနက်ခင်းပါ၊ မတွေ့တာတောင် ကြာပြီနော်၊ ထုန်းပေါင်ခရိုင်ကနေ ပြန်ရောက်လာပြီလား”
"ဪ... ကိုအာ ပါလား၊ အေး... ပြန်ရောက်ပြီ။ ရှန်မိသားစုအိမ်မှာ ထမင်းသွားစားမလို့လား၊ သွားလေ” လျိုတို့ခို က သူ့ကို တစ်ချက်ကြည့်ပြီး ခပ်တန်းတန်းပင် ပြန်ပြောလာသည်။
"ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်” လီကိုအာ သည် မျက်နှာချိုသွေးကာ ရယ်ပြလိုက်ပြီး ရှန်မိသားစုအိမ်ထဲသို့ အလျင်အမြန် ဝင်သွားတော့သည်။
ရှန်မိသားစု၏ ခြံဝင်းထဲတွင် သက်ဝင်လှုပ်ရှားနေလေပြီ။
ခေါင်မိုးပေါ်မှ မီးခိုးငွေ့များသည် ကောင်းကင်ပေါ်သို့ တက်နေပြီး ကောင်းကင်ပေါ်ရှိ တိမ်တိုက်များသည် အိမ်တိုင်းစေ့၏ မီးဖိုဆောင်မှ မှုတ်ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ လေထင် နှင့် ကျွေးဖုန်း တို့သည် သူ့ဘောင်းဘီကို လာရောက်နမ်းရှုံ့ကြရာ သူက ခါးကိုင်းပြီး ပြုံးလျက် လေထင် ၏ တုတ်ခိုင်ပြီး ပြောင်လက်နေသော လည်ပင်းကို ဖက်ကာ ခွေးခေါင်းကို ဘယ်ပြန်ညာပြန် ပွတ်သပ်ပေးလိုက်သည်။ "လေထင် က လိမ်မာလိုက်တာ”
ခေါင်းလှည့်ကြည့်လိုက်ရာ ကျွေးဖုန်း ကလည်း အမွေးပွပွခေါင်းလေး မော့ကာ အမြီးနှံ့ပြီး သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။ လီကိုအာ ၏ လက်က လေထဲတွင် တန့်သွားပြီး ခဏမျှ တုံ့ဆိုင်းနေပြီးမှ အင်္ကျီလက်ကို ဆွဲဆန့်ကာ လက်ကို အင်္ကျီလက်ထဲ ဝှက်ပြီး ခေါင်းကို အမြန်ပွတ်ပေးလိုက်သည်။ "ကျွေးဖုန်း လည်း လိမ်မာပါတယ်”
ခေါင်းပွတ်ခြင်းတည်းဟူသော ဖြတ်သန်းခွင့်လက်မှတ်ကို ပေးလိုက်ရပြီးနောက် လီကိုအာသည် ရှန်မိသားစု၏ ‘ခွေးနှစ်ကောင်ဂိတ်’ ကို ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ခဲ့သည်။ အတွင်းသို့ လှမ်းကြည့်လိုက်ရာ ယိုယွီသည် သူ့ထက်ပင် စောရောက်နေလေသည်။ ယခုမှ ထမ်းပိုးကို ချလိုက်ခြင်းဖြစ်ပြီး ရှန်မိသားစု၏ ရေကန်ကြီးများတွင် ရေများ ပြည့်လျှံနေကာ မနက်ခင်းနေရောင်အောက်တွင် ရေလှိုင်းများ တလက်လက် တောက်ပနေလေသည်။
သူမသည် ကျေနပ်စွာဖြင့် ခါးဆန့်လိုက်ပြီး ချွေးသုတ်ရန် လက်မြှောက်လိုက်စဉ်မှာပင် ချီလင်သည် အလျားခုန် ကစားသမားတစ်ဦးကဲ့သို့ ကျဉ်းမြောင်းသော ပြတင်းပေါက်ဘောင်တစ်လျှောက် လျှောက်လာပြီး လက်နှစ်လုံးခန့်သာ ကျယ်သော ရေကန်ဘောင်ပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် လူများ ဝိုင်းကြည့်နေသည့်ကြားမှပင် ခေါင်းငုံ့ကာ ရေကန်ထဲမှ ရေကို သောက်လိုက်လေသည်။
ယိုယွီ မှာ စိတ်ပူသွားပြီး ကြောင်ကို လက်ညှိုးထိုးကာ အား... အား... ဟု အော်လေ၏။
"ဒီရေကို မသောက်နဲ့လေ၊ ဒါက ထမင်းချက်မယ့်ရေ၊ ကြောင်မွေးတွေ ကျသွားရင် ဒုက္ခရောက်ကုန်မှာပေါ့” ကျိအာက အလျင်အမြန် ရောက်လာပြီး ကြောင်ကို ပွေ့ချီသွားကာ လမ်းလျှောက်ရင်း ကြောင်ကို ဆုံးမလေသည်။ "နင့်မှာ ခွက်ရှိတယ်လေ။ ကျိုကော ပေးထားတဲ့ ခွက်ကောင်းတွေ အများကြီး ရှိရဲ့သားနဲ့၊ ဘာလို့ ရေကန်ထဲကရေကို ပြောင်းသောက်ရတာလဲ”
ချီလင်သည် ကျိအာ ၏ လက်မောင်းကြားထဲတွင် မကျေမနပ်ဖြင့် ညောင်... ညောင်... ဟု အော်မြည်နေလေသည်။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင် စင်္ကြံလမ်းကို ဖြတ်သွားချိန်တွင် ရှန်းအာသည် ခေါင်းမော့ကာ ပလုပ်ကျင်းနေသည်။ အကြိမ်ကြိမ် ပလုပ်ကျင်းပြီးသည်တိုင် မျက်နှာရှုံ့မဲ့နေဆဲ။ သူမသည် တစ်ကိုယ်လုံး တုန်သွားပြီး ကြက်ဟင်းခါးအရသာ သွားတိုက်ဆေးမှုန့် ဘယ်လောက်ကျန်သေးလဲ ဆိုသည်ကို ခေါင်းပြူကြည့်လိုက်သည်။ ပုလင်းတစ်ဝက်ခန့် ကျန်နေသေးသည်ကို မြင်လိုက်ရသောအခါ စိတ်ဓာတ်ကျကာ ဝမ်းနည်းပက်လက် အော်ဟစ်လိုက်လေသည်။ "မကြီးရေ... ဒီသွားတိုက်ဆေးမှုန့်က အရမ်းခါးတာပဲ၊ ဘယ်တော့မှ ကုန်မှာလဲဟင်”
"သွားဆေးခန်းက သမားတော်က ဒါနဲ့တိုက်ရင် သွားမပိုးစားဘူးလို့ ပြောလို့ပါ၊ ဒီလောက်ခါးမယ်မှန်း ဘယ်သူက သိမှာလဲ” ရှန်မြောင် သည် မီးဖိုဆောင်ထဲမှ နွားနို့ပူပူကို ကိုင်ပြီး ထွက်လာရာ ရှန်းအာ ၏ အသံကုန်အော်ဟစ် ညည်းတွားသံကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ "ဖူး" ခနဲ ရယ်မိသွားသည်။ ဤကြက်ဟင်းခါး သွားတိုက်ဆေးမှုန့် ဝယ်ပြီးကတည်းက မိသားစုတစ်ခုလုံး သွားတိုက်တိုင်း သွားစေ့ထားကာ မျက်နှာရှုံ့မဲ့နေရပြီး အလွန်အမင်း နာကျင်ခံစားနေရသည်။ မသိသူများက ရှန်မိသားစု၏ သွားပွတ်တံသည် လူကို ကိုက်တတ်သည်ဟုပင် ထင်မှတ်သွားနိုင်လေသည်။ "ထားလိုက်ပါတော့၊ မနက်ဖြန်ကျရင် ပရုတ်အေးအရသာနဲ့ သွားလဲလိုက်မယ်”
"ဒါဆိုလည်း နေပါစေတော့၊ ဒီတစ်ဘူးကုန်မှပဲ ဝယ်ပါတော့မယ်၊ ဒီတစ်ဘူးကလည်း ဈေးပေါတာ မဟုတ်ဘူး”
ရှန်းအာသည် စိတ်ပျက်လက်ပျက်ဖြင့် သွားတိုက်ဆေးဘူးကို မူလနေရာတွင် ပြန်ထားလိုက်ပြီး ပါးစပ်ကို တပ်ခေါက်ကာ ကြံ့ကြံ့ခံပြီး ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ပလုပ်များများကျင်းလိုက်ရင် အနံ့ပျောက်သွားမှာပါ... ဟော... ကိုအာ ရောက်လာပြီလား”
လီကိုအာ က ပြုံးပြီး ခေါင်းညိတ်ကာ လှမ်းလာခဲ့သည်။ ရှန်းအာ ၏ နဖူးရှေ့ဆံပင်များ စိုစွတ်နေသည်ကို တွေ့ရသဖြင့် မေးလိုက်သည်။ "နင် အစောကြီးထတာလား၊ တုတ်သိုင်း လေ့ကျင့်ပြီးကာစမလား”
ရှန်းအာက ပြန်ထူးလိုက်ပြီး လက်ကိုင်ပဝါကို ဆွဲယူကာ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ "ဟုတ်တယ်၊ ကျိုကော လာခေါ်တာလေ။ အခု ရာသီဥတုက နွေးလာတော့ မိုးလင်းတာ စောတယ်၊ ငါနဲ့ ချန်ချွမ်း တို့ ကျိုကော နဲ့အတူ မြို့ပတ်ပြေးကြတာ”
မတူညီသည်မှာ ချန်ချွမ်း က ပြေးပြီးသည်နှင့် ရှင်းကော်ဘုရားကျောင်းသို့ သွားကာ ရှေ့နေတုန့် ကို သွားရှာခြင်းပင်။ သူသည် ယခုအခါ ရှေ့နေတုန့် နှင့်အတူ မနက်စာ စားလေ့ရှိပြီး အိမ်တွင်နေချိန် နည်းသွားသည်။ အိမ်ပြန်ရောက်လျှင် စာကျက်၊ အိမ်ကထွက်လျှင်လည်း စာကျက်ဖြင့် အလွန် ကြိုးစားလေသည်။ ရှန်းအာ စိတ်ထဲတွင် နားလည်သည်မှာ သူက အမြန်ကြီးပြင်းချင်နေပြီး မိဘများကို ရှာဖွေရန်သာမက လူကုန်ကူးသူ လူယုတ်မာများကို ကွပ်မျက်စင်ပေါ် တင်ပို့နိုင်ရန်အတွက် ဥပဒေပညာကို များများ လေ့လာသင်ယူချင်နေခြင်း ဖြစ်လေသည်။
ရှန်းအာ ကတော့ မြို့ပတ်ပြေးပြီးနောက် သိုင်းကျင့်ရသေးသည်။ သူမသည် မြင်းစီးသိုင်းကွက်နှင့် အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီး ပြေးလာသည်မှာ (၂) လရှိပြီဖြစ်သည်။ အိမ်ပြန်ရောက်လျှင် တုတ်သိုင်း ဆက်လက်လေ့ကျင့်ရပြီး တတိယမြောက် သိုင်းကွက်သို့ပင် ရောက်ရှိနေပြီ။
"မနက်စာ မစားဘဲ သွားပြေးတာလား” လီကိုအာ အံ့ဩသွားသည်။
"ဟုတ်တယ်”
ရှန်းအာ သည်လည်း အစပိုင်းတွင် ပင်ပန်းပြီး ဗိုက်ထဲမှ ဂွီဂွီမြည်သည်အထိ ဆာလောင်ခဲ့ရသည်။ သို့သော် ကျိုကောက သူမ၏ ခံနိုင်ရည်ကို နားလည်ပုံရသည်။ အစပိုင်းတွင် လမ်းနှစ်လမ်းစာလောက်သာ ပြေးခိုင်းပြီး တဖြည်းဖြည်း တိုးလာကာ မကြာသေးမီကမှ မြို့တစ်ဝက် ပတ်ပြေးသည်အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ယခုအခါ သူမလည်း ကျင့်သားရနေပြီ ဖြစ်ပြီး နေ့စဉ် အချိန်တန်သည်နှင့် သူ့အလိုလို နိုးလာကာ မည်သူမှ နှိုးစရာပင် မလိုတော့ပေ။
ကိုအာက လေးစားအားကျသော မျက်နှာထားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ရှန်းအာ ရင်ကော့လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ "အဲဒီလိုပဲလေ၊ ကျိုကောက ပြောတယ်၊ ပြေးတယ်ဆိုတာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခံနိုင်ရည်နဲ့ အသက်ရှူနှုန်းကို လေ့ကျင့်တာတဲ့၊ မနက်စောစော မျက်နှာသစ်ပြီး သကြားဆားရည်ချိုချိုတစ်ခွက် သောက်ပြီး ထွက်ပြေးရတယ်၊ ဗိုက်ဝအောင် စားပြီးမှ ပြေးရင် ဗိုက်နာတတ်တယ်တဲ့”
လီကိုအာသည် နားလည်သလိုလို ရှိသော်လည်း ရှန်းအာ သိုင်းကျင့်ပြီးနောက် သိသိသာသာ ပြောင်းလဲလာသည်ကို စိတ်ရင်းမှန်ဖြင့် ခံစားမိလေသည်။ သူမ အရပ်ရှည်လာသည်။ မျက်နှာက အရင်လို ဖောင်းဖောင်းအစ်အစ် မဟုတ်တော့ဘဲ ဘဲဥပုံသဏ္ဌာန် ဖြစ်လာသည်။ အသားအရေက ပိုမို ကြည်လင်ဝင်းပလာပြီး ဖြူဝင်းသော အသားအရေပေါ်တွင် ပန်းသွေးရောင် သမ်းနေကာ ကျန်းမာသန်စွမ်းပုံ ပေါ်လေသည်။
ယခု ရာသီဥတုက သိပ်မနွေးသေးသဖြင့် လီကိုအာ သည် မီးဖိုခုတင်ပေါ်တွင် အိပ်ပြီး ဝါဂွမ်းအင်္ကျီ ဝတ်ဆင်ရသော်လည်း ရှန်းအာသည် ဝါဂွမ်းပါသော ရင်စေ့အင်္ကျီတိုနှင့် အတွင်းတွင် ရှပ်အင်္ကျီပါးတစ်ထည်သာ ဝတ်ဆင်ထားပြီး ပူသည်ဟုပင် ပြောနေသေးသည်။
ရာသီဥတု နွေးလာပြီးနောက် ရှန်မိသားစု ခြံဝင်းထဲတွင် စားပွဲဝိုင်း ပြန်ခင်းထားသည်။ ရှန်မြောင်သည် နွားနို့နှင့် ခွက်များကို စားပွဲပေါ်တင်လိုက်ပြီး မြေမီးဖိုထဲရှိ ပေါင်မုန့် ကျက်မကျက် လှည့်ကြည့်ကာ မှာကြားလိုက်သည်။ "ကိုအာ ၊ ရှန်းအာ ... နင်တို့ ထိုင်ပြီး နွားနို့ သောက်နှင့်ကြ၊ ပြီးရင် ကိုအာက စာသင်ကျောင်း သွားရဦးမှာ၊ နောက်ကျမနေနဲ့”
လီကိုအာသည် ရှန်းအာ ဘေးတွင် ဝင်ထိုင်လိုက်ပြီး အငွေ့တထောင်းထောင်း ထနေသော နွားနို့ကို ကြည့်ကာ တံတွေးမြိုချလိုက်မိ၏။ သူသည်လည်း ရှန်မိသားစုအိမ်သို့ ရောက်မှသာ နွားနို့သောက်ဖူးခြင်း ဖြစ်လေသည်။
"ဒါ နင့်အတွက်၊ ခရမ်းသီးပုံခွက်လေ” ရှန်းအာ က သူ့အတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။
လီကိုအာသည် ရှန်မိသားစု၏ မြေထည်ခွက်ကြီးကို စပ်စုချင်စိတ်ဖြင့် ကိုင်ကြည့်လိုက်သည်။ အတွင်း၌ နွားနို့ပူပူ ထည့်ထားသဖြင့် ကိုင်လိုက်လျှင် နွေးထွေးနေသည်။ ရှန်မိသားစု၏ ခွက်များသည် နက်ရှိုင်းပြီး ကြီးမားကာ လက်ကိုင်ကွင်း တစ်ဖက်ပါရှိပြီး အပြင်ဘက်တွင် ရောင်စုံကြွေရည်များဖြင့် သစ်သီးဝလံပုံသဏ္ဌာန်များ ဖန်တီးထားသည်။ မုန့်ညှင်းဖြူခွက်၊ ခရမ်းသီးခွက်၊ ပန်းသီးခွက်၊ ချယ်ရီသီးခွက် စသဖြင့် ဧည့်သည်များအတွက် ထားရှိလေသည်။
လီကိုအာ လက်ထဲတွင် ကိုင်ထားသည်မှာ ခရမ်းရောင် ခရမ်းသီးခွက် ဖြစ်ပြီး ဗိုက်ဖောင်းဖောင်းနှင့်ဖြစ်ပြီး ခွက်ဖုံးလက်ကိုင်ကို အရွက်ပါသော ခရမ်းသီးရိုးတံပုံစံ ပြုလုပ်ထားရာ တော်တော်လေး တူလေသည်။
ရှန်းအာ သုံးသောခွက်မှာ မတူပေ။ သူမသည် ခွက်ကိုကိုင်ပြီး နွားနို့တစ်ငုံ သောက်လိုက်ကာ လီကိုအာ က သူမခွက်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် ခွက်ကို ယမ်းပြလိုက်သည်။ "ချစ်စရာကောင်းတယ်မလား။ ဒါတွေက မကြီးရဲ့အကြံလေ။ မကြီးက မြေအိုးသည်ဆီမှာ ထမင်းထည့်တဲ့ဗန်းတွေ မှာတုန်းက မြေသား အရင်မှာရတာ၊ အဲတုန်းက (၅) ထုပ် (၆) ထုပ်လောက် မှာလိုက်တာ၊ ဗန်းတွေလုပ်ပြီးတော့ မြေသားတစ်ဝက်လောက် ပိုနေသေးတာနဲ့ မကြီးက မြေအိုးသည်ကို ကျိုကော ဆွဲထားတဲ့ပုံစံအတိုင်း ခွက်တစ်စုံ ထွင်းခိုင်းလိုက်တာ၊ ငါ့ခွက်ပေါ်မှာ ဘယ်သူ့ပုံ ထွင်းထားလဲ နင် ကြည့်တတ်လား”
လီကိုအာသည် အစောကြီးကတည်းက မြင်ပြီးသားဖြစ်၏။ သူမ၏ မြေထည်ခွက်သည်လည်း မြေဖြူဖြင့် ပြုလုပ်ထားပြီး လျှာထုတ်ကာ ဟီးဟီးနှင့် ရယ်နေသော ခွေးမည်းကြီးပုံ ရေးဆွဲထားသဖြင့် ချက်ချင်းပင် ပြောလိုက်သည်။ "ဒါ လေထင် မလား”
"ဟုတ်တယ် ဟုတ်တယ်။ ဒါတွေအားလုံး ကျိုကော ဆွဲထားတာ၊ ပြီးတော့ မြေအိုးဖိုက ဆရာတွေကို တစ်ချက်ချင်းကြည့်ပြီး ထွင်းခိုင်းထားတာ၊ နောက်ဆုံးကျမှ ဆေးရောင်ခြယ်တာလေ။ ငါတို့အိမ်က တခြားလူတွေရဲ့ ခွက်တွေလည်း ဒီလိုပဲ၊ တိရစ္ဆာန်ပုံတွေ မတူကြဘူး။ မကြီး နဲ့ ကျိုကော ခွက်က ချီလင် ပုံ၊ တစ်ခုက အိပ်နေတဲ့ ချီလင်၊ တစ်ခုက လိပ်ပြာလိုက်ဖမ်းနေတဲ့ ချီလင်၊ ကျိအာ ခွက်က ဦးထုပ်ဆောင်းထားတဲ့ မြည်းခေါင်းပုံ၊ ယိုယွီ က ကြက်ဖဖြူလေးပုံ၊ အားထောင် က နွားပုံ၊ ထန်အာ နဲ့ ဖူရှင်း က ကြက်မအကြောင်နဲ့ ကြက်မအဝါရောင်ပုံ... သနားစရာကောင်းတာက ချန်ချွမ်း ပဲ၊ ခွက်တွေ လာပို့တုန်းက သူက ရှေ့နေတုန့် ဆီ ရောက်နေတာ၊ သူ ပြန်ရောက်လာတော့ လူတိုင်းက ရွေးပြီးနေကြပြီ၊ ပါးစပ်ကြီးဖြဲထားတဲ့ ကျွေးဖုန်း ပုံပဲ ကျန်တော့တယ်”
လီကိုအာ ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မိသွားသည်။ ချန်ချွမ်း ဒီလိုခွက်မျိုးနဲ့ ရေသောက်ရင် ဝင်ပါ့မလား၊ ရေထဲမှာ ထူးဆန်းတဲ့အနံ့ ရနေတယ်လို့များ ထင်နေမလားဟု တွေးမိလိုက်သည်။
ရှန်းအာသည် ခွက်ဝေသည့်နေ့က အဖြစ်အပျက်ကို သတိရသွားပြီး လက်ဟန်ခြေဟန်ဖြင့် လီကိုအာ ကို ပြောပြလေသည်။ "သူက ယိုယွီ ကိုတောင် လဲပေးဖို့ ညှိသေးတာ၊ လဲပေးရင် သူ စုထားတဲ့ သကြားလုံးတစ်ဘူး ပေးမယ်တဲ့၊ ယိုယွီ က ဉာဏ်ကောင်းတယ်၊ ခွက်ကို ပိုက်ပြီး 'ဟင့်အင်း ဟင့်အင်း' ဆိုပြီး နောက်ဆုတ်သွားတာ၊ ငါ့မှာ ရယ်လိုက်ရတာ အသေပဲ”
ရှန်မြောင် သည် ခြံဝင်းထဲရှိ မြေမီးဖိုရှေ့တွင် ထိုင်လျက် နှစ်ယောက်သား ချန်ချွမ်းအကြောင်း အတင်းပြောနေသည်ကို နားထောင်ပြီး ပြုံးလျက် ခေါင်းခါလိုက်သည်။ ခဏကြာသောအခါ သူမသည် ဝါဂွမ်းလက်အိတ်အထူကြီးကို စွပ်လိုက်ပြီး မီးဖိုတံခါးကို ဖွင့်ကာ အတွင်းမှ သံဗန်းကို ညှပ်ဆွဲထုတ်လိုက်သည်။ ချက်ချင်းပင် ရွှေရောင်သမ်းကာ ပွတက်နေသော ပေါင်မုန့်တန်း (၄) တန်းမှ ဂျုံနံ့၊ ကြက်သွန်ဖြူနံ့နှင့် ကြက်သွန်မြိတ်နံ့တို့ ပျံ့လွင့်လာပြီး နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။
ဒီနေ့မနက်စာကတော့ ဂျုံနယ်စရာမလိုသည့် ပေါင်မုန့်နဲ့ နွားနို့ဖြစ်သည်။
နို့ပေါင်မုန့် ဆိုသည်မှာ အရိုးရှင်းဆုံး ပေါင်မုန့်ပင်။ သေချာစစ်ထားသော ဂျုံမှုန့်ထဲတွင် သကြား၊ တဆေး၊ ကြက်ဥ၊ ထောပတ်၊ နွားနို့တို့ကို ထည့်ပြီး မွှေလိုက်ကာ နောက်ဆုံးတွင် အလုံးလိုက်လုံးပြီး မိနစ် (၃၀) ခန့် အချဉ်ဖောက်ထားလိုက်လျှင် ဂျုံသား အတော်အတန် ရရှိပြီ ဖြစ်လေသည်။
ရှန်မြောင်က အိမ်တွင် လူများသဖြင့် တစ်ခါတည်း အများကြီး လုပ်ထားပြီး အလုံးကြီး (၄) လုံး ခွဲလိုက်သည်။ ထို့နောက် ဒလိမ့်တုံးဖြင့် လှိမ့်ကာ မိမိနှစ်သက်ရာ ပဲနီ၊ မြေပဲထောင်း၊ စပျစ်သီးခြောက်၊ လက်ဖက်စိမ်းမှုန့်၊ အသားမွ စသည်တို့ကို ထည့်နိုင်သည်။ ထိုနေ့တွင် စားချင်သည့်အရာကို ထည့်နိုင်သည်။ အစာထည့်ပြီးသည်နှင့် လိပ်လိုက်ပြီး ထပ်မံလှိမ့်ကာ လိပ်လိုက်ဖြင့် (၂) ကြိမ်ခန့် ပြုလုပ်ပြီးနောက် မိနစ် (၃၀) ခန့် ထပ်မံ အချဉ်ဖောက်ကာ မြေမီးဖိုထဲသို့ ထည့်လိုက်ရုံသာ ဖြစ်လေသည်။
စေးကပ်နေသည်အထိ နယ်စရာလည်း မလိုသလို အခြားရှုပ်ထွေးသော အဆင့်များလည်း မရှိပေ။
ရှန်မြောင် ဒီတစ်ခါ လုပ်ထားသည်မှာ အငန်အရသာ ပေါင်မုန့်ဖြစ်သည်။ ထောပတ်ကြက်သွန်ဖြူအရသာ (၂) လုံးနှင့် ကြက်သွန်မြိတ် အသားမွအရသာ (၂) လုံး ဖြစ်သည်။ ရှစ်အာ့ညန် (နွားမ) ရှိလာကတည်းက ထောပတ်လည်း ရသလို နွားနို့လည်း ရှိသဖြင့် ရှန်မြောင် ပေါင်မုန့်လုပ်ရာတွင် တွန့်ဆုတ်မနေတော့ပေ။ သူမသည် တစ်ခါတစ်ရံ တရုတ်မနက်စာများကို ငြီးငွေ့လာလျှင် အရသာပြောင်းအောင် ပေါင်မုန့် ဖုတ်စားတတ်လေသည်။
ရှန်းအာ နှင့် ကျိအာ တို့သည် "ကင်ထားသော မန်ထိုအကြီးကြီး" ကို အလွန် သဘောကျကြသည်။ ပြီးခဲ့သည့်အကြိမ်က ချန်ချွမ်းသည် ရှေ့နေတုန့် မြည်းစမ်းရန် တစ်လုံး ယူသွားပေးရာ ရှေ့နေတုန့် စားပြီးသည်နှင့် ထိုညနေမှာပင် ရှန်မိသားစုဆိုင်သို့ ရောက်လာပြီး ပိုက်ဆံပေးကာ နောက်တစ်နေ့အတွက် (၂) လုံး ကူညီလုပ်ပေးရန်၊ အိမ်က ကလေးများနှင့် အတူစားချင်၍ဖြစ်ကြောင်း မှာကြားလေသည်။
ကြက်သွန်ဖြူအရသာ ပေါင်မုန့်အတွက် ထောပတ်ကြက်သွန်ဖြူအနှစ်ကို သီးသန့်လုပ်ရသည်။ လုပ်ပုံမှာ လွယ်ကူသည်။ ထောပတ်၊ ကြက်သွန်ဖြူထောင်းနှင့် ဆားအနည်းငယ် ထည့်ကာ နောက်ဆုံးတွင် နှမ်းရွက် အနည်းငယ် ဖြူးလိုက်ရုံသာ ဖြစ်သည်။ စုန့်ခေတ်တွင် ပါစလေ မရှိသော်လည်း နှမ်းရွက်သည် ပါစလေ ကဲ့သို့ ထူးခြားသော မွှေးရနံ့ရှိသဖြင့် အနည်းငယ် ထည့်လိုက်ရုံဖြင့် ပေါင်မုန့်သည် အလွန်မွှေးကြိုင်သွားလေသည်။
အသားမွနှင့် ကြက်သွန်မြိတ်အရသာက ပိုပြီး ရိုးရှင်းသည်။ ဂျုံလှိမ့်သည့်အခါ အသားမွနှင့် ကြက်သွန်မြိတ်ကို ထည့်လိပ်လိုက်ရုံသာ ဖြစ်ပြီး အပိုထပ်လုပ်စရာ မလိုပေ။
ပြုလုပ်ပြီးသည်နှင့် အပူပေးထားသော မြေမီးဖိုထဲတွင် မိနစ် (၃၀) ခန့် ထည့်ကင်လိုက်လျှင် ရပြီ။
ကျက်သွားသော ပေါင်မုန့်၏ မျက်နှာပြင်သည် ထောပတ်ကြောင့် ရွှေညိုရောင် သမ်းနေပြီး လှီးဖြတ်လိုက်လျှင် အလွှာလိုက် ဖြစ်နေသည်။ နွားနို့နှင့် ထောပတ် ပါဝင်သဖြင့် အသားမှာ အလွန်နူးညံ့ပြီး အတွင်း၌ ကြက်သွန်ဖြူ၊ အသားမွနှင့် ကြက်သွန်မြိတ်များ ပါဝင်ရာ ပူပူနွေးနွေး ကိုက်စားလိုက်လျှင် ပျော်ရွှင်မှုကို ခံစားရစေသည်။
သူမက ကြက်ဥကြော်ထားသေးသည်။ ပေါင်မုန့်ကို လှီးပြီး ကြက်ဥထည့်လိုက်လျှင် အသားညှပ်ပေါင်မုန့် အဖြစ် စားသုံးနိုင်သည်။
ရှန်မြောင်က ပေါင်မုန့်လှီးနေစဉ် လီကိုအာ သည် တံတွေးများပင် မြိုချနေမိသည်။
သူ ရှန်မိသားစုအိမ်သို့ ရောက်လာသည့် ရက်အနည်းငယ်အတွင်း တစ်နေ့တာ ထမင်းသုံးနပ်သည် သည်လောက် စားကောင်းမှန်း သိလိုက်ရသည်။ အဒေါ်လီသည် ပုံမှန်အားဖြင့် ချွေတာတတ်သဖြင့် သူ့ကို ဆိုင်ခေါ်ပြီး ကျွေးလေ့မရှိဘဲ အိမ်မှာပင် ချက်ပြုတ်ကျွေးမွေးသည်။ အဒေါ်လီ၏ လက်ရာ မဆိုးသော်လည်း ရှန်မြောင်၏ လက်ရာနှင့် ယှဉ်လိုက်လျှင်... လီကိုအာသည် ပါးစပ်မှ ထုတ်မပြောရဲသော်လည်း စိတ်ထဲတွင်တော့ သူ့မိခင်ဘက်မှ ရပ်တည်ပေး၍ မရတော့ပေ။
အိမ်တွင် စားသည်မှလွဲလျှင် ကျန်အချိန်များတွင် စာသင်ကျောင်း၌ စာဖတ်နေရပြီး ဆရာ့အိမ်မှ ထမင်းဟင်းကိုသာ စားရသဖြင့် အပြင်ဆိုင်များတွင် စားသောက်ရန် အခွင့်အရေး မရှိသလောက်ပင်။
ယခင်က ရှန်သာ့ကျဲအာကို ကူညီပေးခဲ့သဖြင့် သူမ ပေးသော ငါးကင်ကို စားဖူးရာ ထိုအရသာကို ယခုထက်ထိ လွမ်းဆွတ်နေမိသည်။ နောက်ပိုင်း သူ့မိခင်က ရှန်သာ့ကျဲအာအတွက် ဘဲမွေးပေးသဖြင့် အိမ်တွင် ရှန်မြောင် ပေးပို့သော ဘဲကင်ကို မကြာခဏ စားရလေ့ရှိသည်။ ထိုဘဲကင်သည် လီကိုအာ ကြီးပြင်းလာသည့်တိုင်အောင် စားဖူးသမျှထဲတွင် အကောင်းဆုံး ဘဲကင်ပင် ဖြစ်လေတော့သည်။
...
အပိုင်း (၁၅၆)
ထို့ကြောင့် သူသည် ရှန်သာ့ကျဲအာ ချက်ပြုတ်ကောင်းမှန်း သိထားသော်လည်း ထမင်းတစ်နပ်တိုင်း ဤမျှ စားကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ထို့အပြင် ရှန်သာ့ကျဲအာ လုပ်သော ဤအရသာရှိလှသည့် အစားအစာများသည် ဆိုင်တွင် အကုန်တင်ရောင်းသည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ပုံစံမျိုးစုံနှင့် အရသာရှိလှသော ဤမန်ထိုကင်မျိုးဆိုလျှင် သူမဆိုင်တွင် ဝယ်၍မရနိုင်သလို အပြင်တွင်လည်း မြင်ပင် မမြင်ဖူးပေ။
ရှန်သာ့ကျဲအာ၏ စီးပွားရေး ဒီလောက်ကောင်းတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီလိုလက်ရာမျိုးကို ဘယ်သူက စားပြီး မစွဲလမ်းဘဲ နေနိုင်ပါ့မလဲ။
"ကိုအာ ဘာအရသာ စားမလဲ" ရှန်မြောင် က မေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရှန်သာ့ကျဲအာ၊ ကျွန်တော် အသားမွအရသာ လိုချင်ပါတယ်" လီကိုအာ သည် အသားမွဟု ကြားလိုက်သည်နှင့် မျက်လုံးများ အရောင်တောက်လာသည်။ သူက အသားမွကို အလွန် ကြိုက်နှစ်သက်သူ ဖြစ်လေသည်။
ရှန်မြောင်က သူ့အတွက် အသားမွပေါင်မုန့် နှစ်ချပ် လှီးပေးလိုက်ပြီး ကြက်ဥကြော်တစ်လုံး ညှပ်ထည့်ကာ ဆီစိမ်စက္ကူဖြင့် ထုပ်ပြီး ပေးလိုက်သည်။ "ပူနေသေးတယ်နော်၊ သတိထားကိုင်"
လီကိုအ က ကျေးဇူးတင်စကား ထပ်ဆိုပြီး လှမ်းယူလိုက်သည်။
ထိုပေါင်မုန့်သည် ပူနွေးပြီး နူးညံ့နေသဖြင့် သူ ဆုပ်ကိုင်လိုက်သည်နှင့် လက်ချောင်းရာများ ချိုင့်ဝင်သွားလေသည်။ သူသည် တစ်ချက်မှုတ်လိုက်ပြီး ပါးစပ်အပြည့်ဟကာ တစ်ကိုက် ကိုက်လိုက်သည်။
သွားများက ပေါင်မုန့်သားထဲသို့ နစ်ဝင်သွားရာ ဂွမ်းစကို ကိုက်လိုက်ရသကဲ့သို့ နူးညံ့အိစက်နေသည်။ ထို့နောက်တွင် နူးညံ့သော ပေါင်မုန့်သားနှင့်အတူ ငန်ကျိကျိ အသားမွအရသာ၊ ပြင်းရှသော ကြက်သွန်မြိတ်မွှေးနံ့တို့သည် ပါးစပ်ထဲတွင် တစ်ပြိုင်နက် ပျံ့နှံ့သွားလေသည်။
လီကိုအာသည် ပါးစပ်ထဲတွင် မုန့်လုံးနှစ်လုံး ငုံထားသကဲ့သို့ ပါးဖောင်းဖောင်းဖြင့် ဝါးနေရင်း ဗလုံးဗထွေး ရေရွတ်လိုက်သည်။ "စားလို့ ကောင်းလိုက်တာ၊ အရမ်းမွှေးတာပဲ၊ ကင်ထားတဲ့ မန်ထိုက ပေါင်းထားတာထက် ပိုမွှေးတယ်"
သူသည် တစ်လုပ်မြိုချလိုက်ပြီး နောက်တစ်လုပ် အလျင်အမြန် ထပ်ကိုက်လိုက်ရာ ပါးစပ်ထောင့်တွင် အသားမွစများ ပေကျံနေပြီး လက်တွင်လည်း ဆီများ ဝင်းလက်နေတော့သည်။
နှစ်ကိုက် သုံးကိုက်ခန့်ဖြင့် ပေါင်မုန့်တစ်ဝက်သည် ဗိုက်ထဲရောက်သွားပြီး ပျောက်ချင်းမလှ ပျောက်သွားတော့သည်။
ရှန်းအာကတော့ ဉာဏ်ကောင်းစွာဖြင့် နှစ်မျိုးစပ်ကို တောင်းယူလိုက်သည်။ ကြက်သွန်ဖြူအရသာ တစ်ချပ်နှင့် ကြက်သွန်မြိတ်အရသာ တစ်ချပ်ကို ယူပြီး ကြားထဲတွင် ကြက်ဥညှပ်ကာ လက်ဖြင့် အုပ်ကိုင်ပြီး စားလိုက်ရာ မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ကျေနပ်နေလေသည်။
ခြံဝင်းတစ်ခုလုံး ဂျုံနံ့များ မွှေးကြိုင်နေသဖြင့် ချီလင်ပင် မနေနိုင်တော့ဘဲ စားပွဲပေါ်သို့ ခုန်တက်လာပြီး စားပွဲပေါ်တွင် ကျန်ရှိသော ပေါင်မုန့်များကို လက်သည်းထုတ်ကာ လှမ်းယူရန် ကြံစည်နေလေ၏။
ရှန်မြောင်က မမြင်လိုက်ပေ။ သူမသည် ယိုယွီ အတွက် ထူထဲသော ပေါင်မုန့်နှစ်ချပ်ကို သီးသန့် လှီးပေးလိုက်သည်။ ယိုယွီ သည် ရေကန်ဘေးတွင် ရပ်လျက် မျက်လုံးများ အရောင်တောက်ကာ စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ ရှန်မြောင်က ပေါင်မုန့်လှမ်းပေးလိုက်ရာ သူမက လှမ်းယူပြီး ရှန်မြောင် ကို ကြည့်ကာ ဟီးခနဲ ရယ်ပြလေသည်။ ရှန်မိသားစုအိမ်သို့ စရောက်ခါစကနှင့် ယှဉ်လျှင် သူမ၏ပုံစံသည် ပိုမိုပေါ့ပါးလန်းဆန်းလာပြီး မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ မရှိတော့ပေ။
သူမတွင် စိတ်ညစ်စရာဟူ၍ မရှိဘဲ လူမြင်သည်နှင့် ပြုံးပြတတ်သည်။ ဧည့်သည်ပါးချိန်များတွင် သူမသည် ခြံဝင်းထဲ၌ ဆောင့်ကြောင့်ထိုင်ကာ မြေကြီးပေါ်မှ ပုရွက်ဆိတ်များ အစာသယ်သည်ကို ငြိမ်သက်စွာ ထိုင်ကြည့်နေတတ်သည်ကို မြင်ရလျှင် ရှန်မြောင် ၏ စိတ်နှလုံးကို ကုစားပေးသကဲ့သို့ဖြစ်ပြီး မသိမသာ ပြုံးမိသွားတတ်သည်။
"မြန်မြန်စားလိုက်၊ နွားနို့တစ်ခွက်လည်း သောက်လိုက်ဦး၊ နင်က အလုပ်ကြမ်းလုပ်ရတာဆိုတော့ အားရှိအောင် နေရမယ်" ရှန်မြောင်က သူမအတွက် နွားနို့တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။ "ကုန်အောင်သောက်နော်၊ မနက်ဖြန်ကျရင် မကြီးက နင်အကြိုက်ဆုံး သိုးသားပန်ကိတ် လုပ်ကျွေးမယ်"
ယိုယွီသည် သိုးသားပန်ကိတ်ဟု ကြားလိုက်သည်နှင့် ကြက်သွန်ဖြူထောင်းသကဲ့သို့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလေ၏။ သူမက အသားစားရသည်ကို အလွန်နှစ်သက်သည်။ နှစ်သစ်မကူးမီ ကျိအာ နွေဦးကျောင်းပိတ်ရက်၌ ပြန်လာစဉ်က လမ်းတွင် နန်ရွှင်တံခါး၌ ဝင်ရပ်ပြီး သို့သားပန်ကိတ် အများအပြား ဝယ်လာကာ အားလုံးကို ကျွေးဖူးသည်။ ယိုယွီ သည် ထိုအရသာကို ယခုထိ မှတ်မိနေသေးသည်။
ကျိအာသည် မျက်နှာသစ်ပြီး ထွက်လာရာ ချီလင် ခိုးစားရန် ကြံနေသည်ကို တွေ့လိုက်ရသဖြင့် ချီလင်ကို ပွေ့ချီကာ စားပွဲအောက်သို့ ချလိုက်ပြီး လက်သည်းများကို ကိုင်ကာ ယမ်းခါလိုက်သည်။ "နင် ခုနလေးတင် ဗိုက်ဝအောင် စားထားတယ်မလား ချီလင်၊ ဘာလို့ ထပ်စားချင်နေရတာလဲ၊ ဒီ မျက်နှာကြီးကြီးနဲ့ ငတ်ကြီးကျတဲ့ ကြောင်စုတ်"
"ညောင်" ချီလင် မကျေမနပ် ဖြစ်သွားပြီး လက်သည်းမထုတ်ဘဲ ရှေ့ခြေဖြင့် ကျိအာ ကို တစ်ချက်ပုတ်လိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ခုန်ဆင်းသွားပြီး အမြီးကြီးကို ယမ်းခါလျက် ထွက်ခွာသွားလေသည်။
"သူက ငါ ပြောတာ နားလည်နေတာများလား" ကျိအာ သည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သံသယဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် ဓားကိုင်ပြီး ပေါင်မုန့်ခွဲနေသော ရှန်မြောင် ကို ပြောလိုက်သည်။ "မကြီး... ကျွန်တော်လည်း အသားမွအရသာ လိုချင်တယ်"
ပြောနေရင်းနှင့် တံတွေးကို မသိမသာ မြိုချလိုက်မိသည်။
"အင်း... ဒါဆို မကြီး ခဏနေရင် အသားမွအရသာ နှစ်လုံးလောက် ထပ်ကင်ပေးမယ်၊ ကျောင်းယူသွားပြီး စားလေ" ရှန်မြောင်သည် သွက်လက်စွာဖြင့် သူ့ကို လှီးပေးလိုက်ပြီး မေးလိုက်သည်။ "တကယ်ပဲ ထန်အာကို လိုက်ပို့ခိုင်းစရာ မလိုဘူးလား"
ကျိအာသည် ပါးစပ်အပြည့် ပလုပ်ပလောင်း ဝါးစားနေပြီး မျိုချရန်ပင် အချိန်မရဘဲ ခေါင်းကို အလျင်အမြန် ညိတ်ပြလိုက်သည်။ "မုန့်ဟုန်ဟယ်က ပြောတယ်၊ သူ့လှည်းနဲ့ လိုက်ခဲ့ပါတဲ့၊ သူ့အိမ်က လားကောင်ကြီးကြီး တစ်ကောင် အသစ်လဲထားတာ၊ လူနှစ်ယောက်စာ အထုတ်အပိုးလောက်က ပြဿနာမရှိဘူးတဲ့၊ နေ့လယ်ကျရင် သူ့မိဘတွေ လာကြိုရင်း ကျွန်တော့်ကိုပါ တစ်ခါတည်း ခေါ်သွားပေးမယ်တဲ့"
အိမ်ရှိ မြည်းနှင့် နွားတို့သည် မကြီးအတွက် အစားအသောက် လိုက်ပို့ပေးရမည်ဖြစ်ရာ ကျိအာ သည် မကြီးကို ဒုက္ခမပေးချင်ပေ။ သူနှင့် အဆောင်တူနေသော မုန့်ဟုန်ဟယ် သည် မနေ့က ရှန်မိသားစုဆိုင်သို့ ထန်းပင် လာစားရင်း သူ့ကို လှည်းအတူစီးရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန်ကျိသည် သူနှင့်အတူ ကျောင်းသို့ သွားရောက်သတင်းပို့ရန် ချိန်းဆိုထားလိုက်သည်။
မုန့်ဟုန်ဟယ်က သူ့ကို ဆောင်းပါးဘယ်နှစ်ပုဒ် ပြီးပြီလဲဟု မေးခဲ့သည်ကို သတိရသွားပြီး စိတ်ထဲတွင် ဝမ်းသာသွားမိသည်။ ကံကောင်းထောက်မစွာဖြင့် အိမ်တွင် ကျိုကော ရှိနေသဖြင့် သူ ရေးစရာရှိသော ဆောင်းပါးများအားလုံးကို မနေ့ကပင် အပြီးသတ်နိုင်ခဲ့ကာ ယနေ့တွင် စိတ်အေးလက်အေး ဖြစ်သွားရပြီ ဖြစ်လေသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် သူများကျေးဇူးကို သေချာ တုံ့ပြန်ရမယ်၊ နောက်ထပ် တစ်လုံးလောက် ပိုကင်ပေးလိုက်မယ်၊ အဆောင်ရောက်ရင် အတန်းဖော်တွေကို ခွဲကျွေးလိုက်ပေါ့"
ရှန်မြောင်က ပြောရင်းဆိုရင်း မီးဖိုဆောင်သို့ ပြန်ဝင်ကာ ဂျုံထပ်နယ်ရန် ပြင်လိုက်သည်။ တစ်ဆက်တည်းမှာပင် ဘဲကင်ရန် အလုပ်ရှုပ်နေသော ဖူရှင်း ၊ ဟင်းသီးဟင်းရွက် ပြင်ဆင်နေသော ထန်အာ နှင့် ရှေ့တွင် ဧည့်သည် ခေါ်နေသော အားထောင် တို့ကိုပါ အချိန်ယူပြီး တစ်ခုခု စားကြရန် လှမ်းခေါ်လိုက်သည်။
ယခုရက်ပိုင်း ထန်အာ ကျိုချက်သော ထျန်မော်နှင့် မုန်လာဥပိုင်မုန့်မုန့် များသည် ပိုမို အရသာရှိလာသည်။ လက်ရာတက်လာ၍လား မသိပေ။ မနက်စောစောစီးစီး လာရောက်စားသောက်သူများ ရှိနေပြီဖြစ်သည်။ အထူးသဖြင့် ထိုမုန်လာဥပိုင်မုန့်သည် ကလေးများကြားတွင် ရေပန်းစားပြီး ဆံပင်ကို ထောင်နေအောင် စည်းထားသော ကလေးငယ်များသည် တွန်းလှည်းဘေးတွင် ခြေဖျားထောက်ကာ ကြေးပြားစေ့များ ပေးပြီး ပိုင်မုန့် ဝယ်ရန် အော်ဟစ်နေကြသည်ကို မကြာခဏ တွေ့ရတတ်သည်။
"ကျိအာ စားပြီးရင် အနောက်လမ်းကြားဘက် သွားပြီး ကျိုကော နဲ့ ယန့်ရှူး ပြင်ဆင်ပြီးပြီလား သွားကြည့်လိုက်ဦး၊ မနက်စာ လာစားဖို့ ခေါ်ခဲ့လိုက်" ဒီနေ့မနက် ကျိုကော နှင့် ယန့်ရှူး သည် ရှန်းအာ ကို လိုက်ပို့ပြီးနောက် ရေချိုးရန် အိမ်ပြန်သွားကြရာ ယခုထိ ပြန်မလာကြသေးပေ။
ရှန်မြောင်သည် နူးညံ့သိမ်မွေ့စွာ မှာကြားပြီးနောက် စကပ်ကို မကာ ခြေလှမ်းသွက်သွက်ဖြင့် မီးဖိုဆောင်သို့ ဝင်ပြီး ဂျုံနယ်လေတော့သည်။
လီကိုအာသည် ရှန်သာ့ကျဲအာ၏ သွယ်လျသော ကျောပြင်ကို ကြည့်ပြီး အသံနှိမ့်ကာ လျိုတို့ဟွား သူမ၏မကြီးထံမှ အရိုက်ခံရသည့်အကြောင်းကို ပြောပြလေသည်။ "မကြီးတို့ခို ပြန်လာမယ်လို့ ထင်မထားမိဘူး၊ ဒီတစ်ခါတော့ လျိုတို့ဟွား ရဲ့ သက်သောင့်သက်သာ နေ့ရက်တွေ ကုန်ဆုံးသွားပြီပဲ"
ရှန်းအသည် လျိုတို့ခိုကို မမြင်ဖူးပေ။ နွားနို့တစ်ငုံသောက်၊ ပေါင်မုန့်တစ်လုပ်စားရင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "လျိုတို့ဟွား မှာ မကြီး ရှိတယ်လား၊ ငါ ဘာလို့ မသိရတာလဲ၊ ပုံမှန်ဆို တို့ဟွား ပြောတာလည်း မကြားဖူးဘူး၊ မြင်လည်း မမြင်ဖူးဘူး"
"နင် မေ့နေတာ နေမှာပါ၊ ဒါပေမဲ့ မကြီးတို့ခိုကို ငါလည်း ခဏလေးပဲ တွေ့ဖူးတာပါ၊ သူက ငယ်ငယ်ကတည်းက ရွာမှာ လျိုအဘွား နဲ့ အတူနေတာလေ" လီကိုအာ ၏ မိခင်သည် အရာရာကို သိရှိသော သတင်းအချက်အလက် စင်တာကြီး ဖြစ်သဖြင့် သူလည်း တော်တော်များများ သိရှိထားသည်။ သူက လျှို့ဝှက်သဲဖိုလေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "နင် တခြားသူတွေကို လျှောက်မပြောနဲ့နော်၊ ငါ့အမေ ပြောတာကတော့ လျိုအဘွား က တကယ့်ဆရာကြီးတဲ့၊ အပေါ်ယံကြည့်ရင် ဘယ်သူမှ မရိပ်မိဘူး၊ ဒါပေမဲ့ ကွယ်ရာမှာ ချွေးမကို ဒုက္ခပေးတာတဲ့၊ သူက မကြီးတို့ခိုကို သူ့နားမှာ တမင်ခေါ်ထားပြီး ပြုစုပျိုးထောင်တာက သူ့ချွေးမကို သားသမီးနဲ့ခွဲရတဲ့ အရသာ ခံစားရအောင် လုပ်တာတဲ့၊ ဒါမှ လူကို ချယ်လှယ်လို့ ကောင်းမှာလေ"
ရှန်းအာ အံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ "ဟင်... ဒါဆို တို့ဟွား ရဲ့မကြီးက သနားစရာ အရမ်းကောင်းတာပဲ"
"ဟုတ်တယ်၊ ဒါကြောင့် အဒေါ်လျို က မကြီးတို့ခိုကို အရမ်းချစ်တာ၊ သူက အိမ်ပြန်လာခဲတယ်၊ လျိုမိသားစုက သူ့အတွက် အခန်းကို အမြဲတမ်း ဖယ်ထားပေးတယ်၊ သူ ရက်နည်းနည်းလောက် ပြန်လာနေတာနဲ့ အိမ်မှာရှိတဲ့ အကောင်းဆုံးအရာတွေကို သူ့အတွက်ပဲ ဦးစားပေးတော့တာ၊ တို့ဟွား က နောက်မှပဲ ရတော့တယ်၊ နင်တို့က မနှစ်က (၄) လပိုင်းမှ ပြန်ရောက်လာတာဆိုတော့ ဒီကိစ္စတွေကို မသိတာ မဆန်းပါဘူး၊ မကြီးတို့ခိုက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နှစ်သစ်ကူးပြီးမှ ရက်နည်းနည်းလောက် ပြန်လာနေပြီး ပြန်သွားတတ်တာ"
ရှန်းအာ နှင့် လျိုတို့ဟွား တို့က ပိုခင်ကြသဖြင့် စိတ်ထဲတွင် တို့ဟွား ဘက်ကသာ ပါမိသည်။ "မနက်က အပြင်မှာ ဆူညံနေတာ တို့ဟွား အရိုက်ခံရပြီး အော်နေတာကိုး... တော်သေးတာပေါ့၊ ငါ့မကြီးက စိတ်သဘောထားကောင်းလို့၊ လူကို မရိုက်တတ်လို့"
"ပြီးတော့ ငါ့အမေ ပြောတာက ဒီနှစ် လျိုမိသားစုက တစ်အိမ်လုံး စုထားတဲ့ ပိုက်ဆံတွေကို လျိုအစ်ကိုကြီး အတွက် မြို့ပြင်မှာ ဆိုင်ခန်းဝယ်ဖို့ သုံးလိုက်တော့ မကြီးတို့ခိုရဲ့ ခန်းဝင်ပစ္စည်းအတွက် ဘာမှ မကျန်တော့ဘူးတဲ့၊ သူက လူတစ်ယောက်နဲ့ စေ့စပ်ထားပြီးသား ဆိုပေမဲ့ ဒီတိုင်းသာဆိုရင် အသက် (၂၀) ကျော်မှပဲ မင်္ဂလာဆောင်နိုင်တော့မယ် ထင်တယ်"
လီကိုအာသည် ဗိုက်ဝသွားသဖြင့် လေတစ်ချက်တက်လိုက်လေသည်။ "ဒါကြောင့် ဒီတစ်ခေါက် ပြန်လာတော့ ဒေါသကြီးနေတာ နေမှာ"
ရှန်းအာသည် ထိုကဲ့သို့ ရှုပ်ထွေးသော ကိစ္စရပ်များကို ကောင်းကောင်း နားမလည်သေးသော်လည်း လီကိုအာကို လေးစားအားကျသော မျက်နှာဖြင့် ကြည့်လိုက်သည်။ "ကိုအာ... နင်က ဘာလို့ အကုန်သိနေတာလဲဟင်"
"ငါ့အမေ ပြောပြတာလေ" လီကိုအာ သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။
ရှန်မြောင် ရေခပ်ရန် ထွက်လာရာ ကလေးနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အိမ်မှုကိစ္စ အတင်းအဖျင်းများကို တည်တည်ငြိမ်ငြိမ် ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသဖြင့် စိတ်ထဲတွင် ရယ်ချင်မိသွားတော့သည်။
'လူတွေရဲ့သဘာဝက အတင်းပြောရတာ ဝါသနာပါကြတာကိုး'
သူမ မီးဖိုဆောင်ထဲသို့ ဝင်ရန် ခြေလှမ်းပြင်လိုက်စဉ် အားထောင် က အလျင်အမြန် ပြေးလာပြီး အော်ပြောလိုက်သည်။ "ညန်ဇီ ... ဟို သခင်လေးထန် ပြန်ရောက်လာပြီ"
ရှန်မြောင် ကြားလိုက်သည်နှင့် အမြန်ထွက်သွားရာ မျှော်လင့်ထားသည့်အတိုင်း ချွေးဝမ်ညန်ကို တွေ့လိုက်ရ၏။ သူမသည် ဆိုင်ထဲတွင် ရပ်လျက် နံရံပေါ်ရှိ ပန်းချီကားများကို မော့ကြည့်နေပြီး ထိုင်မနေပေ။ ရှန်မြောင် က အထဲဝင်ထိုင်ရန်နှင့် တစ်ခုခု စားသွားရန် ခေါ်သော်လည်း သူမက နောက်လှည့်ကာ အသာပြုံးပြီး ပြောလေသည်။
"မထိုင်တော့ပါဘူး၊ ကျွန်မ အခုပဲ ခရီးဆက်ရတော့မှာ၊ ဒါလေး... ရှန်ညန်ဇီ ယူထားလိုက်ပါ"
သူမသည် အင်္ကျီလက်ထဲမှ အဝတ်ထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။ ရှန်မြောင် အနားရောက်လာမှ သူမနားနား ကပ်၍ တိုးတိုးလေး ပြောလေသည်။
"ဒီထဲမှာ မနှစ်က ထန်းပင် လုပ်ငန်းက ရတဲ့ အမြတ်ဝေစု (၆၀၀) ကွမ်းတန် ငွေစက္ကူ ပါတယ်၊ သေချာသိမ်းထားပါ၊ ငွေဆိုတာ လူသိရှင်ကြား ထုတ်မပြကောင်းဘူး၊ အခန်းထဲရောက်မှ ဖွင့်ကြည့်ပါ"
ရှန်မြောင်သည် ကြားလိုက်သည်နှင့် ခေါင်းကို အလျင်အမြန် ညိတ်ပြပြီး ရင်ဘတ်ထဲသို့ လျှပ်တစ်ပြက် ထည့်သိမ်းလိုက်တော့သည်။
ချွေးဝမ်ညန်က သူမ၏ လျင်မြန်သော ငွေသိမ်းသည့် လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး စိတ်ချသွားတော့သည်။ သူမသည် မြင်းကို ဆွဲကာ ရှန်မြောင် ကို နှုတ်ဆက်လိုက်သည်။ "ဒါဆို ကျွန်မ သွားတော့မယ်၊ နောက်ပိုင်း လုပ်ငန်းနဲ့ပတ်သက်ပြီး ကိစ္စရှိရင် လူကြုံနဲ့ စာပါးလိုက်ပါ့မယ်၊ ရှန်ညန်ဇီ ... နှစ်သစ်မှာ စီးပွားတွေ ဒီရေအလား တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်... ပြန်ဆုံကြသေးတာပေါ့"
ချွေးဝမ်ညန်သည် အလင်းရောင်နှင့် ကျောပေးကာ ရပ်နေသဖြင့် သူမ၏ အရိပ်သည် အထီးကျန်ဆန်နေသကဲ့သို့ ဖြစ်နေသည်။ ရှန်မြောင် သည် အဘယ်ကြောင့်မှန်းမသိ စိတ်ထဲတွင် ဝမ်းနည်းသွားပြီး ရှေ့တိုးကာ သူမကို ဖက်ထားလိုက်ပေးလိုက်ပြီး "ချွေးညန်ဇီ ... လမ်းခရီးမှာ ကျန်းမာရေး ဂရုစိုက်ပါနော်"
ချွေးဝမ်ညန် သည် နွေးထွေးသော ရင်ခွင်ဖြင့် ပွေ့ဖက်ခံလိုက်ရသဖြင့် ရင်ထဲတွင် နူးညံ့သွားပြီး ခဏမျှ ကြောင်သွားသည်။ ထို့နောက် လက်မြှောက်ကာ ရှန်မြောင် ၏ ကျောပြင်ကို ပုတ်ပေးလိုက်သည်။ "ကျေးဇူးပါ၊ ကျွန်မ သွားတော့မယ်"
ပြောပြီးသည်နှင့် သူမသည် ဆိုင်ထဲမှ ထွက်ခွာသွားပြီး မြင်းပေါ်သို့ သွက်လက်စွာ ခုန်တက်ကာ ဖုန်အလိမ်းလိမ်း ထလျက် ထွက်ခွာသွားလေသည်။
ရှန်မြောင် သည် သူမကို ဆိုင်တံခါးဝအထိ လိုက်ပို့ပေးပြီး သူမ မြင်းစီးထွက်ခွာသွားသည်ကို နေရာမှာပင် ရပ်ကြည့်နေလိုက်သည်။ တံတားကျော်လွန်သွားပြီး မမြင်ရတော့သည့်အချိန်ကျမှ နောက်သို့ လှည့်လိုက်ရာ လန့်ဖျပ်သွားလေသည်။
ရှဲ့ချီသည် နောက်ဖေးဆောင်နှင့် ရှေ့ဆိုင်ခန်း ဆက်သွယ်ထားသော တံခါးဝတွင် ရပ်နေလေသည်။ သူ့ဆံပင်များသည် တစ်ဝက်ခန့်သာ ခြောက်သေးပြီး အကုန်စည်းမထားသဖြင့် စိုစွတ်နေသော ဆံစများသည် ပါးပြင်နှင့် ပခုံးပေါ်တွင် ဝဲကျနေသည်။ သူသည် တံခါးဘောင်ကို မှီလျက် ရှန်မြောင် ကို ပြုံးပြီး ကြည့်နေသည်။ လက်ပိုက်ထားပြီး တိတ်တဆိတ် ကြည့်နေသည်မှာ ဘယ်လောက်ကြာပြီလဲ မသိပေ။
"လန့်လိုက်တာ၊ ဘာလို့ အသံမပေးရတာလဲ" ရှန်မြောင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
ရှဲ့ချီ က ပခုံးတွန့်ပြကာ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောလေသည်။ "ကျိအာ လာခေါ်လို့ပါ"
ရှန်မြောင်လည်း သူနှင့် စကားနိုင်လုမနေတော့ပေ။ သူမ ရင်ဘတ်ထဲတွင် (၆၀၀) ကွမ်းတန် ငွေစက္ကူ ရှိနေသည်။ ယခုအချိန်တွင် သူမသည် အခန်းထဲ အမြန်ပြန်ပြီး ငွေ (၆၀၀) ကွမ်းတန် ငွေစက္ကူသည် မည်သို့ပုံစံရှိသနည်း ဆိုသည်ကို တိတ်တဆိတ် ဖွင့်ကြည့်ချင်နေပြီး မည်သည့်ငွေတိုက်သို့ သွားရောက်လဲလှယ်ရမည်ကို စဉ်းစားချင်နေလေပြီ။
"သွားစားတော့၊ တော်ကြာ အေးကုန်လိမ့်မယ်" ရှန်မြောင် ရှေ့တိုးသွားပြီး သူ့လက်မောင်းကို ကိုင်ကာ လူကို တစ်ပတ်လှည့်လိုက်ပြီး ခြံဝင်းထဲသို့ တွန်းပို့လိုက်သည်။ ပါးစပ်မှလည်း ပွစိပွစိ ရေရွတ်နေလေသည်။ "ဆံပင်ကို ဘာလို့ ခြောက်အောင် မသုတ်ဘဲ လာရတာလဲ၊ ခဏနေရင် ခုတင်ပေါ်မှာ ဆံပင်သွားကင်လိုက်ဦး၊ အပြင်ထွက်ပြီး လေမခံနဲ့တော့"
ရှဲ့ချီ ကဲ့သို့ အရပ်ရှည်သော လူတစ်ယောက်သည် ရှန်မြောင် တွန်းထိုးသမျှကို မငြင်းဆန်ဘဲ မျက်လုံးများ ကွေးညွှတ်သည်အထိ ပြုံးရွှင်နေပြီး "ကောင်းပါပြီ" ဟုသာ လိမ္မာစွာ ပြန်ဖြေလေသည်။
'ကောင်းလိုက်တာ' ဟု သူ တွေးလိုက်မိ၏။
နာကျင်မှုများဖြင့် ပြင်းထန်စွာ ရိုက်ခတ်ခံခဲ့ရသော်လည်း နောက်ဆုံးတွင် ပြန်လည် မတ်မတ်ရပ်နိုင်ခဲ့ပြီ။ ချွေးပြောင်ကျဲ ကြည့်ရတာ အဆင်ပြေပုံရသည်။ ဒါဆို လုံလောက်ပါပြီ။
သူ မသိသလို ဟန်ဆောင်လိုက်မည်။
အင်း... အစကတည်းက သူသည် သခင်လေးထန်း ကို မသိခဲ့သင့်ပေ။
ရှန်မြောင်သည် ကျိုကောကို ခုံပုပေါ်တွင် အတင်းထိုင်ခိုင်းလိုက်ပြီး သူ့လက်ထဲသို့ ကြက်ဥညှပ်ထားသော ပေါင်မုန့် နှစ်ချပ် ထည့်ပေးလိုက်၏။ ထို့နောက် ထန်အာကို သူ့အတွက် စွပ်ပြုတ်တစ်ခွက် ခပ်ပေးရန် ပြောလိုက်သည်။ ကျိုကော က နွားနို့စစ်စစ် မသောက်တတ်သည်ကို သူမ မှတ်မိနေလေသည်။
ရှဲ့ချီသည် သစ်ပင်အောက်တွင် ထိုင်လိုက်ပြီး လက်ထဲတွင် နွေးထွေးမွှေးကြိုင်သော အစားအစာ ရှိနေပြီး မျက်စိရှေ့တွင် အလုပ်ရှုပ်ကာ တက်ကြွနေသော ရှန်ညန်ဇီ ရှိနေသည်။ လေညင်းက ညင်ညင်သာသာ တိုက်ခတ်လာပြီး ခေါင်မိုးစွန်းမှ ဆည်းလည်းသံ တချွင်ချွင်.... မြည်နေလေသည်။
သူသည် ပျော်ရွှင်စွာ မျက်လွှာချလိုက်ပြီး ကြက်သွန်မြိတ်နံ့မွှေးနေသော ပေါင်မုန့်ကို တစ်ကိုက် ကိုက်လိုက်သည်။
'အင်း... စားလို့ ကောင်းလိုက်တာ'
နန်းတော်တွင်းရှိ ဖူနဉ်နန်းဆောင်တွင် ကျောက်ပေါ်ယွင် သည် လက်ထဲတွင် ဘဲကင်လိပ်ထားသော ပန်ကိတ်ကို ကိုင်ထားပြီး ရှဲ့ချီ၏ စာမေးပွဲအဖြေလွှာကို ကိုယ်ကိုကိုင်းကာ သေချာကြည့်ရှုနေလေသည်။
ရှဲ့ချီ ၏ စာရွက်သည် (၂) ပေ (၇) လက်မ ရှည်လျားပြီး သူ၏ စားပွဲတော်ပေါ်တွင် ညီညာပြန့်ပြူးစွာ ဖြန့်ခင်းထားလေသည်။
ဆောင်းပါး ရေးသားချက် ကောင်းမကောင်းကို ခဏထားလိုက်ဦး၊ ဤစာရွက်ပေါ်ရှိ လက်ရေးတစ်ခုတည်းနှင့်ပင် ကျောက်ပေါ်ယွင် သဘောကျသွားရသည်။ ထိုမျှရှည်လျားသော စာရွက်ပေါ်တွင် စာလုံးရေ တစ်ထောင်ကျော်ကို မျဉ်းသားထားခြင်း မရှိဘဲ ရေးသားထားသော်လည်း စာလုံးတိုင်းသည် စတုရန်းကျကာ သေသပ်လှပသော လက်ရေးအသေးများ ဖြစ်နေပြီး အားပါကာ တစ်လုံးမှ ပြင်ရာဖျက်ရာ မပါရှိပေ။
ထွင်းထုလိုက်မည်ဆိုလျှင် စာလုံးပုံနှိပ်တုံးအဖြစ်ပင် အသုံးပြုနိုင်လောက်လေသည်။
ဒုတိယဆုရသော မုန့်ချင်းယွမ် ၏ လက်ရေးသည် ရှဲ့ချီ နှင့် ယှဉ်လိုက်လျှင် များစွာ ကွာခြားနေသည်။ မုန့်ချင်းယွမ် ၏ လက်ရေးသည် စာမေးပွဲဖြေရန် သက်သက် လေ့ကျင့်ထားသော လက်ရေးမှန်း သိသာပြီး သေသပ်ရှင်းလင်းသော်လည်း တောင့်တင်းနေကာ သက်ဝင်လှုပ်ရှားမှု မရှိပေ။
ရှဲ့ချီ ၏ လက်ရေး ရှားပါးရခြင်းမှာ သူ၏လက်ရေးသည် လှပရုံသာမက လက်ရေးအသေး ရေးထားသော်ငြား စုတ်ချက်များထဲတွင် ခံ့ညားထည်ဝါသော ဂုဏ်သတ္တိများ ပါဝင်နေခြင်းကြောင့်ပင်။
သူ၏ဆောင်းပါးကို ဖတ်ကြည့်လိုက်သောအခါ ကျောက်ပေါ်ယွင် အာခေါင်ခြောက်သွားသလို ခံစားလိုက်ရ၏။
ရှဲ့ချီ၏ ဆောင်းပါးသည် ချက်ချင်းကြည့်လိုက်လျှင် လှပသော စကားလုံးအသုံးအနှုန်းများ၊ ထူးခြားသော ဥပမာဥပမေယျများ မပါဝင်ပေ။ သူသည် ကိစ္စရပ်များကို ရိုးရှင်းစွာ ပြောပြနေသကဲ့သို့ ရှိသော်လည်း မြစ်ကြီးများ စီးဆင်းသကဲ့သို့ ချောမွေ့ကျယ်ပြန့်သော အရေးအသား ဖြစ်နေသည်။ သူသည် စာတစ်စောင်လုံးတွင် အကျိုးအကြောင်းကို အတင်းအကျပ် ရှင်းပြနေခြင်း မဟုတ်သော်လည်း ဖတ်ရှုသူအား အဓိပ္ပာယ်ကို ရှင်းလင်းစွာ သိရှိစေသည်။ ဓားမြှောင်တစ်လက်ကို ကိုင်စွဲပြီး အမှောင်ထုကို ထိုးခွင်းလိုက်သကဲ့သို့ နေ့ခင်းဘက် အလင်းရောင်များ ကျရောက်လာစေသည်။
ကျောက်ပေါ်ယွင်သည် ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် ဖတ်ရှုလိုက်၏။
ဤစာမေးပွဲသည် အရာရှိရွေးချယ်ပွဲအတွက် ပထမအဆင့်သာ ဖြစ်သဖြင့် မေးခွန်းများသည်လည်း ရိုးရှင်းလေသည်။ နောက်ဆုံးအဆင့် စာမေးပွဲတွင် "ကွန်ဖြူးရှပ် ကျမ်းစာ" ထဲမှ "လူကြီးလူကောင်းသည် ပညာသင်ယူရာတွင် လမ်းမှန်ရောက်အောင် သင်ယူသည်" ဟူသော စာကြောင်း တစ်ကြောင်းကိုသာ မေးထားခြင်း ဖြစ်သည်။
သို့သော် သူသည် ကျောက်ပေါ်ယွင် လိုချင်သော အဖြေကို ရေးပေးနိုင်ခဲ့သည်။ "ပညာသင်ယူရာတွင် အကျိုးရှိထိရောက်မှုကို ဦးစားပေးရမည်၊ မျက်စိစုံမှိတ် လုပ်ဆောင်ခြင်း မပြုရ၊ ပညာတတ်မြောက်သည်နှင့် လက်တွေ့အသုံးချရမည်၊ 'ငါသည် အရပ်လေးမျက်နှာသို့ ခရီးနှင်မည်၊ နေ့ရက်များ နှစ်လများ ကြာရှည်သည်တိုင်အောင်' ဟူသော စိတ်ဓာတ်ကို မွေးမြူရမည်"
ဒါက ဟန်ယွိရဲ့ ကဗျာပဲ။
ပညာကို လက်တွေ့အသုံးချခြင်း၊ စိတ်ကူးယဉ် အိပ်မက်များနောက် မလိုက်ခြင်း၊ အပေါ်ယံ ဂုဏ်သတင်းကျော်စောမှုကို မမက်မောခြင်း၊ အမှန်တရားကို နှလုံးသွင်းခြင်း၊ ဘယ်တော့မှ အရှုံးမပေးခြင်း။
"တောက်... ရေးထားလိုက်တာ ကောင်းလိုက်တာကွာ" ကျောက်ပေါ်ယွင် စိတ်ထဲတွင် ကျိန်ဆဲရင်း ဘဲကင်ကို အားရပါးရ ဝါးစားလိုက်၏။ သူသည် ပထမအဆင့် ပထမဆုကို ပေးအပ်ခြင်းသည် အမှန်တကယ် ထိုက်တန်ကြောင်း ဝန်ခံလိုက်ရသည်။
ဆွေကြီးမျိုးကြီးများနှင့် သာမန်ပြည်သူများ၏ ကွာခြားချက်သည် ဤစာရွက်များထဲတွင် အကုန်ပေါ်နေသလို သူတို့၏ လုံးဝကွဲပြားခြားနားသော အမြင်နှင့် ဉာဏ်ပညာတွင်လည်း ပေါ်လွင်နေသည်။ ကျောက်ပေါ်ယွင် သည် ရာဇပလ္လင်ပေါ်တွင် ထိုင်လျက် စားပွဲအပြည့်ရှိသော စာရွက်များကို ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။
သူ ဖိယုံးစာသင်ကျောင်း ကို ဖွင့်လှစ်ရခြင်းမှာ အရာရှိငယ်လေးများနှင့် သာမန်ပြည်သူများ၏ သားသမီးများကို အရာရှိမျိုးနွယ်များနှင့် တန်းတူ ပညာသင်ကြားခွင့် ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သူ စာမေးပွဲတိုးမြှင့်ကျင်းပရခြင်းမှာလည်း သူတို့အတွက် အခွင့်အရေး ပိုပေးချင်၍ ဖြစ်သည်။ သူ အိမ်များကို သိမ်းဆည်းရခြင်းမှာလည်း အမြစ်တွယ်နေပြီး အမိန့်မနာခံသော ဆွေကြီးမျိုးကြီးများကို သူတို့အတွက် ရှင်းလင်းပေးချင်၍ ဖြစ်သည်။
သို့သော် နောက်ဆုံးတွင်တော့ ချက်ချင်းကြီး အောင်မြင်လာမည် မဟုတ်ပေ။
ကျောက်ပေါ်ယွင်သည် မျက်နှာ မဲမှောင်ကာ ဖောင်းနေသော မျက်နှာ တင်းမာသွားပြီး ခဏမျှ ငူငူငိုင်ငိုင် ထိုင်နေလိုက်သည်။ ထို့နောက် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဝမ်းနည်းဒေါသများကို စားသောက်ခြင်းအဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်ကာ ဘေးဆောင်သို့ သွားပြီး ဘဲကင်သွားစားရန် ပြင်လိုက်တော့သည်။ ဤကိစ္စများသည် လော၍မရပေ။ အချိန်ယူရဦးမည်။
ကံကောင်းသည်မှာ သူသည် ငယ်ရွယ်သေးပြီး စောင့်နိုင်သေးသည်။ တစ်နေ့နေ့တွင် သူ့နန်းတော်၌ ဆွေကြီးမျိုးကြီးများကို ကျော်လွန်နိုင်သော ဆင်းရဲသား ပညာတတ်များစွာ ရှိလာလိမ့်မည်။ သူတို့၏ အရည်အချင်းနှင့် စွမ်းရည်သည် မည်သူ့ထက်မျှ လျော့နည်းမည် မဟုတ်ဘဲ သူ့အတွက် တိုင်းပြည်ကို ထူထောင်ပေးနိုင်ကြလိမ့်မည်။
သို့သော် ခြေလှမ်းစလှမ်းလိုက်သည်နှင့် လျန်ချန်သည် အင်္ကျီလက်ထဲတွင် ဖယောင်းတံဆိပ် ခတ်နှိပ်ထားသော စာလိပ်တစ်ခုကို ကိုင်ဆောင်လျက် နန်းဆောင်ပြင်ပမှ အလျင်အမြန် ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
"အရှင်မင်းကြီး... လဲ့ကျန်းနယ်စား ဥပဒေချိုးဖောက်တဲ့ ကိစ္စအချို့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူးက လျှို့ဝှက်လျှော်တင်လွှာ ပို့လာပါတယ်"
...