အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အပိုင်း (၁၅၇) နွေဦးမွန်းလွဲ
မွန်းတည့်ချိန် ကျော်လွန်သွားသည်နှင့် ဆိုင်ထဲတွင် လူပါးသွားသည်ကို မြင်သာထင်သာ တွေ့နေရသည်။
နေ့ခင်းဖက် အိပ်တတ်သောအကျင့်မရှိသည့် သူမနှင့် စာသင်ကျောင်းသို့ သွားရောက်သတင်းပို့ရမည့် ကျိအာ မှလွဲလျှင် အိမ်ထဲရှိ "ကာဗွန်ဒိုင်အောက်ဆိုဒ် မူးနေသော" စုန့်ခေတ်ဒေသခံများသည် အချိန်တန်သည်နှင့် တစ်ယောက်ပြီးတစ်ယောက် နေ့လယ်စာအိပ်ရန် အခန်းထဲ ဝင်သွားကြလေသည်။
ယခုအချိန်တွင် လေပြည်လေညင်းသည် နေရောင်ခြည်၏ အရိပ်များကို လှုပ်ခတ်စေပြီး ခြံဝင်းငယ်လေးအား ဟိုတစ်ကွက် ဒီတစ်ကွက် လင်းလက်နေစေသည်။ နှင်းခဲရိုက်ထားသဖြင့် ပြောင်ရှင်းနေသော ကွေ့ဟွားပင် အကိုင်းအခက်များတွင် အရွက်နုများ ထွက်ပေါ်လာပြီး အုတ်ကြားထဲမှ မြေကပ်ပန်းပွင့်လေးများလည်း ကြိုကြားကြိုကြား ပွင့်နေကြသည်။ နေရောင်ခြည် အကောင်းဆုံးရရှိသော အရှေ့တောင်ဘက်ထောင့်တွင် ရှန်မြောင် သည် စားပွဲပုအဟောင်းနှစ်လုံးကို ဆက်ပြီး ကုတင်ငယ်တစ်လုံး ဖန်တီးထားကာ ဖျာကြမ်းခင်းပေးထားရာ ကြောင်နှင့်ခွေးများသည် တိုင်ပင်စရာမလိုဘဲ ထိုနေရာတွင် နေစာလှုံရန် လှဲလျောင်းနေကြလေသည်။
အမွေးအမျှင်များသည် နွေးထွေးသော နေရောင်ခြည်အောက်တွင် စိုစွတ်နေသကဲ့သို့ တောက်ပနေသည်။ ချီလင်သည် ဗိုက်သားကို ဖော်ကာ နေစာလှုံရင်း ရှည်လျားသော ကြောင်ပိန်တစ်ကောင်လို ခြေလက်များကို ဆန့်တန်းထားသည်။ ဖုန်လူးထားသဖြင့် မီးခိုးရောင်သမ်းနေသော ကျွေးဖုန်း ၏ အမွေးများပင်လျှင် နေရောင်အောက်တွင် တစ်ချောင်းချင်းစီ ထင်းနေပြီး ပွပွအိအိ ဖြစ်နေလေသည်။
ရှန်မြောင်သည် ကျိအာ အတွက် စာသင်ကျောင်းယူသွားမည့် အထုတ်အပိုးများကို ပြင်ဆင်ပေးရန် အိမ်ထဲဝင်ရင်း ခြံဝင်းထဲတွင် ပျင်းရိလေးတွဲ့စွာ နေစာလှုံနေသော ကြောင်နှင့်ခွေးများကို တစ်ချက်လှမ်းကြည့်လိုက်၏။ ရာသီဥတု အလွန်အေးသဖြင့် တစ်ဆောင်းတွင်းလုံး ခွေးများကို ရေမချိုးပေးခဲ့ပေ။ လေထင် မှာမူ အမည်းရောင်ခွေးဖြစ်သဖြင့် ညစ်ပတ်နေသည်ကို သိပ်မသိသာလှပေ။ ကျွေးဖုန်း ကတော့ ကြည့်မကောင်းတော့ပေ။ သူမသည် နေ့စဉ် မီးခိုးရောင်သမ်းနေသော ကျွေးဖုန်းကို မြင်ရလွန်းသဖြင့် ယဉ်ပါးနေသော်လည်း ဒီနေ့မှ ရုတ်တရက် သတိရလိုက်သည်။ "နေဦး... ငါ့ခွေးက နို့နှစ်ရောင် မဟုတ်ဘူးလား"
တစ်ချိန်က အလွန်သေးငယ်သော ခွေးပေါက်လေးဘဝ၊ အိမ်ရောက်ကာစက အနှစ်သွပ်ထားသော နို့နှစ်ရောင် ပေါက်စီလုံးလေးနှင့် တူပြီး အမြီးတနှံ့နှံ့ဖြင့် လူခြေထောက်နား ကပ်ကာ ဘောင်းဘီစကို ကိုက်တတ်သဖြင့် ချစ်စရာကောင်းလှသည်။
ယခုတော့ မူလက ချစ်စရာကောင်းသောပုံစံ လုံးဝမရှိတော့ဘဲ "ချောကလက်ပေါင်မုန့်လုံးကြီး" ဖြစ်နေလေပြီ။
ခွေးကို ရေချိုးပေးရန် အသည်းတယားယား ဖြစ်လာကာ သူမ၏ မျက်လုံးကို မှေးစင်းထားလိုက်သည်။ ခဏနေရင် ခွေးတွေကို ရေချိုးပေးရမယ်။
ကျွေးဖုန်းသည် မူလက ဘေးစောင်းအိပ်ရင်း ဟောက်သံပေးကာ သွားရည်များပင် ကျနေသော်လည်း ရုတ်တရက် တစ်ကိုယ်လုံး တုန်သွားပြီး နေရောင်ရှိရာဘက်သို့ ပိုမိုတိုးကပ်လိုက်လေသည်။
ရှန်မြောင်သည် ကျိအာ အခန်းထဲ ဝင်သွားရာ သူက အထုတ်အပိုးများကို ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။ ရှန်မြောင်က လက်ထဲတွင် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ပေါင်မုန့်လုံးကြီး (၃) လုံးကို သူ့အထုတ်၏ အပေါ်ဆုံးတွင် ထိုးထည့်လိုက်ပြီး မှာကြားလေသည်။ "လဲဖို့ အဝတ်အစားတွေ ပိုထည့်ထားရဲ့လား၊ ဖိနပ်လည်း နှစ်ရံလောက် ယူသွားဦး၊ ဒါနဲ့ အဒေါ်ကု ပေးထားတဲ့ ခရမ်းရောင် ဆပ်ပြာသီးရည်ရော ထည့်ထားလား၊ နောက်ပိုင်း ရာသီဥတု ပူလာရင် ခြင်တွေ ပိုးကောင်တွေ များလာလိမ့်မယ်၊ ခရမ်းရောင် ဆပ်ပြာသီးရည်နဲ့ ရေချိုးမျက်နှာသစ်ရင် ပိုးမွှားကိုက်တာ သက်သာတယ်"
"ထည့်ထားပါတယ်၊ အကုန်ထည့်ထားတယ်" ရှန်ကျိသည် ယူသွားမည့် ပစ္စည်းအသေးအမွှားများကို လွယ်အိတ်ထဲ ထည့်လိုက်ပြီး ပခုံးပေါ်တင်ကာ ကြိုးချည်လိုက်သည်။ ထို့နောက် မော့ကြည့်ပြီး ပြုံးကာ ပြောလေသည်။ "မကြီး... ကျွန်တော့်အတွက် စိတ်မပူပါနဲ့၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ပါတယ်"
ရှန်မြောင်က ပြုံးပြီး သူ့အထုတ်ကို သေချာစွာ ကြိုးချည်ပေးလိုက်ပြီး လက်ဖြင့် မ,ကြည့်လိုက်သည်။ "ငါက နင့်ကို စိတ်မပူပါဘူး၊ နင်က အိမ်မှာ လူကို စိတ်အဒုက္ခအပေးဆုံးပဲဟာ"
ရှန်ကျိ သည် ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ရှန်မြောင် ကို မော့ကြည့်ကာ ပြောလေသည်။ "မကြီး... ကျွန်တော် အိမ်ကနေ အသင့်စား ခေါက်ဆွဲခြောက်နဲ့ ဝက်အူချောင်းခြောက် နည်းနည်းလောက် ဝယ်ချင်လို့၊ နောက်ကျမှ အစ်ကိုထန် အားရင် ကျွန်တော့်ဆီ လာပို့ပေးဖို့ အကူအညီတောင်းချင်လို့ ရမလား"
ရှန်မြောင်က ထူးဆန်းသွားသည်။ "ကိုယ့်အိမ်သားချင်းပဲ၊ ဘာလို့ ဝယ်ရမှာလဲ၊ ငါ နင့်အတွက် ထည့်ပေးထားပြီးသားပါ"
"ကျွန်တော်စားဖို့ မဟုတ်ဘူး... မကြီး ကြားရင် စိတ်မဆိုးနဲ့နော်" ရှန်ကျိ သည် ရှန်မြောင်ကို အကဲခတ်သလို ကြည့်လိုက်ပြီး နှာခေါင်းကို ပွတ်ကာ ရှက်ကိုးရှက်ကန်း ပြောလေသည်။ "မနှစ်က မကြီး ကျွန်တော့်ကို ပိုထည့်ပေးလိုက်တဲ့ ခေါက်ဆွဲခြောက်တွေကို အတန်းဖော်တွေကို ဝေမပေးဘဲ အကုန်ရောင်းစားလိုက်တယ်၊ မကြီး ပေးလိုက်တဲ့ မီးဖိုနှစ်လုံးနဲ့ အသင့်စား ခေါက်ဆွဲ ပြုတ်ရောင်းတာလေ၊ အိုးသေးသေး မီးဖိုသေးသေးနဲ့ ပြုတ်တဲ့ ခေါက်ဆွဲက ရေနွေးဖျောတာထက် ပိုမွှေးတာကိုး၊ ဝက်အူချောင်းနဲ့ မုန့်ညှင်းဖြူ မပါရင် (၁၈) ပြား၊ ပါရင် (၂၀) ပြား ယူတယ်၊ မထင်မှတ်ဘဲ ကျွန်တော့်လုပ်ငန်းလေးက တော်တော် အရောင်းသွက်နေတာ..."
ရှန်မြောင်မှာ မျက်လုံးပြူးကာ ကျိအာ ကို ကြည့်လိုက်သည်။ မျက်ခုံးကောင်း၊ မျက်လုံးကောင်းနှင့် လိမ္မာရေးခြားရှိပုံရသော ကလေးသည် ကျောင်းတွင် ခေါက်ဆွဲပြုတ်ရောင်းသည့် စီးပွားရေး လုပ်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ သို့သော် သူမ မေးလိုက်သည်။ "(၂၀) တောင်လား၊ နင် ရောင်းတာ ဈေးမကြီးလွန်းဘူးလား"
အစ်မဖြစ်သူက မဆူသဖြင့် ရှန်ကျိ စိတ်သက်သာရာ ရသွားပြီး အလျင်အမြန် ရှင်းပြလေသည်။ "ကျောင်းက အတန်းဖော် တော်တော်များများက ချမ်းသာကြတယ်လေ၊ (၂၀) ဆိုတာ သူတို့အတွက် စုတ်တံကောင်းကောင်း တစ်ချောင်းတောင် ဝယ်လို့မရဘူး၊ ပြီးတော့ ကျွန်တော်တို့က အပြင်ထွက်ဖို့ မလွယ်တော့ ကျောင်းထဲမှာ စားကောင်းသောက်ဖွယ် စားရဖို့ ခဲယဉ်းတယ်၊ မကြီး... မကြီး ထင်တောင်ထင်ထားမှာ မဟုတ်ဘူး၊ ကျောင်းက တော်တော်များများက စာသင်သားအကူ ခေါ်ထားနိုင်လောက်အောင်၊ အစေခံ ခိုင်းနိုင်လောက်အောင် မချမ်းသာကြပေမဲ့ သူတို့ထဲက တော်တော်များများက ရေနွေးမတည်တတ်ဘူး၊ အိပ်ရာခင်း မလဲတတ်ဘူး၊ ခြင်ထောင် မချတတ်ကြဘူး၊ ဒါကြောင့် ကျွန်တော်က သူတို့ကို ခေါက်ဆွဲတစ်ပွဲ ပြုတ်ပေးပြီး (၂၀) ယူတာ သူတို့အတွက် အရမ်းတန်နေတာ၊ ကျွန်တော်က စီးပွားကောင်း မကောင်း ဂရုစိုက်စရာ မလိုဘူး၊ သူတို့ ခေါက်ဆွဲစားချင်ရင် ကျွန်တော့်ဆီ အလိုလို ရောက်လာကြတာပဲ၊ တစ်ပွဲရောင်းရရင် တစ်ပွဲစာ မြတ်တာပေါ့၊ ဒါတွေက စာဖတ်ပြီး နားချိန်မှ လုပ်တာပါ"
ရှန်ကျိသည် ပညာရေးကို လစ်ဟင်းမှုမရှိကြောင်း အလျင်အမြန် ရှင်းပြလိုက်သည်။
ရှန်မြောင်လည်း နားလည်သွားတော့သည်။ မနှစ်က ကျိအာ ပြန်လာတုန်းက သို့သားပန်ကိတ်များ အများကြီး ဝယ်လာနိုင်ပြီး အိမ်ရှိလူကုန်သာမက ကြောင်နှင့်ခွေးပါမကျန် တစ်ကောင်တစ်ချပ် ဝယ်ကျွေးနိုင်သည်မှာ အကြောင်းမဟုတ်တော့ပေ။ ဒီကလေး ဉာဏ်ပြေးသားပဲ။
ငါတို့ ရှန်မိသားစုက မွေးတဲ့ကလေးပဲ ဖြစ်ရမယ်။
ရှန်မြောင်သည် ရယ်ချင်စိတ်ကို ထိန်းရင်း လက်ညှိုးကွေးပြကာ တိုးတိုးလေး မေးလိုက်သည်။ "နင် အရင်းအနှီး ဘယ်လောက် စုမိနေပြီလဲ"
"ကျွန်တော့် လုပ်ငန်းသေးသေးလေးက မကြီးကို ဘယ်မီပါ့မလဲ" ရှန်ကျိ ပြုံးပြီး လက်ချောင်းနှစ်ချောင်း ထောင်ပြလေသည်။ "နှစ်ကွမ်း (၂၀၀၀) ပါ"
ဟာ... မနည်းဘူးပဲ။
"ကောင်းပြီလေ၊ ဒါဆို ပိုက်ဆံပေး၊ ငါ နင့်ကို ခေါက်ဆွဲခြောက် လက်ကားဈေးနဲ့ ပေးမယ်" ရှန်မြောင်သည်လည်း အားမနာဘဲ လက်ဖြန့်လိုက်ရာ ရှန်ကျိ သည် ချက်ချင်းပင် အင်္ကျီအတွင်းအိတ်ထဲမှ ငွေတစ်တွဲကို ထုတ်ပြီး ထည့်ပေးလိုက်သည်။ "မကြီး ယူထားလိုက်"
ရှန်မြောင်က ငွေများကို လက်ထဲတွင် ချိန်ကြည့်လိုက်သည်။ ကျိအာ သည် အဆောင်တွင် သူငယ်ချင်းများကို ခေါက်ဆွဲပြုတ်ပေးရုံဖြင့် ပိုက်ဆံရှာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒီဟာက ရေနွေးတစ်အိုးတည် သို့မဟုတ် ကိုယ်ပိုင်မီးဖိုလေး ယူပြီး ပြုတ်လိုက်ရုံ မဟုတ်ဘူးလား။
"မကြီးလို လုံ့လဝီရိယရှိတဲ့သူက နားလည်မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကျောင်းက စာသင်ရတာ အရမ်းပင်ပန်းတယ်၊ တော်တော်များများက စာဖတ်ပြီးရင် ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီး ကျောင်းဆင်းရင် ဘာမှ မလုပ်ချင်ကြတော့ဘူး၊ ပုံမှန်ဆို ထမင်းစားရင်တောင် အတန်းဖော်တွေကို မှာစားခိုင်းကြတာ၊ တစ်ခါတစ်လေ အိပ်ရာပေါ်မှာပဲ ထိုင်စားကြတာ၊ ဒါကြောင့် ပိုက်ဆံပေးပြီး ပြုတ်ပြီးသား ခေါက်ဆွဲကို ဝယ်စားချင်ကြတာ"
ရှန်ကျိသည် ရှန်မြောင် နားမလည်သည်ကို မြင်သဖြင့် ပြုံးပြီး ရှင်းပြလေသည်။
သူသည် ပြောရင်းဆိုရင်း နောက်လှည့်ကာ တစ်စုံတစ်ခုကို ရှာဖွေနေပြီး နောက်ဆုံးတွင် ခေါင်းအုံးအောက်မှ ပန်းခက်နွယ်ပုံ ငွေလက်ကောက်တစ်ကွင်းကို ထုတ်ယူကာ ရှန်မြောင် လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် မော့ကြည့်ပြီး ပြောလေသည်။ "မကြီး... ဒါကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးမလို့ပါ၊ ဒါပေမဲ့ ကျွန်တော်က မကြီးအတွက်ပဲ ဝယ်ထားတော့ ရှန်းအာ မရလို့ စိတ်မကောင်းဖြစ်မှာစိုးလို့ မပေးဖြစ်ခဲ့တာ၊ မကြီး ကျင်းလင်က ပြန်လာတုန်းက ခေါင်းပေါ်မှာ အရောင်လွင့်နေတဲ့ ငွေဆံထိုးအဟောင်းလေး တစ်ချောင်းပဲ ရှိတော့တာလေ၊ အဲတုန်းက ကျွန်တော် တွေးထားတာ၊ ပိုက်ဆံစုပြီး မကြီးအတွက် ပိုကောင်းတဲ့ လက်ဝတ်ရတနာတွေ ဝယ်ပေးမယ်လို့၊ နောက်ဆိုရင် ကျွန်တော့်မကြီးက တခြားသူတွေလိုပဲ ခေါင်းအပြည့် ရတနာတွေ ဆင်မြန်းပြီး ကြွားကြွားဝါဝါ လျှောက်သွားနိုင်ရမယ်၊ အခုတော့ ကျွန်တော် တစ်ကွင်း စုမိပါပြီ"
ဤလက်ကောက်ကို ဝယ်ယူသည့်ငွေများသည် သူ ကျောင်းတွင် သူများအတွက် စာကူးပေးပြီး ရသည့်ငွေ၊ ခေါက်ဆွဲပြုတ်ရောင်းပြီး ရသည့်ငွေနှင့် နေ့စဉ် မုန့်ဖိုးထဲမှ ချွေတာစုဆောင်းထားသည့် ငွေများ ဖြစ်သည်။
သူသည် အချိန်အကြာကြီး စုဆောင်းခဲ့ရသည်။
သူသည် အံ့ဩနေသော ရှန်မြောင် ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ "မကြီးက ကျွန်တော့်ထက် ပိုတော်ပြီး ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးကို ထူထောင်ထားနိုင်ပြီ ဆိုပေမဲ့၊ ကျွန်တော်တို့အိမ်က အရင်လို ကျပ်တည်းတာတွေ မရှိတော့ပေမဲ့၊ ဒါက ကျွန်တော့်ရဲ့ စေတနာပါ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ ကတိလည်း ဟုတ်တယ်၊ ဒါက ပထမဆုံးတစ်ခုပါ၊ နောက်ကျရင်... မကြီးအတွက် အသစ်တွေ ထပ်ဝယ်ပေးဦးမှာ"
အများကြီး အများကြီး ဝယ်ပေးမှာ။
အစကတည်းက သူသည် မကြီးအတွက် ခေါင်းဆောင်းရတနာ တစ်စုံစာ စုဆောင်းပေးချင်ခဲ့ပြီး ထိုဆန္ဒသည် ပြောင်းလဲသွားခြင်း မရှိပေ။
သူသည် မကြီး၏ ဆံထုံးပေါ်မှ ကျောက်ဖြူဆံထိုးကို တစ်ချက်ကြည့်လိုက်သည်။ ထိုဆံထိုးသည် ကျိုကော ပေးထားမှန်း သူ သိသည်။ သို့သော် ကျိုကော က ကျိုကော ၊ သူက သူပင်။ နောက်ပိုင်း မကြီးနှင့် ကျိုကော လက်ထပ်ပြီး ဘာမှ ပူပန်စရာမလိုတော့သည့် အချိန်ကျရင်တောင် သူက မကြီးအတွက် လက်ဝတ်ရတနာများ ဝယ်ပေးနေဦးမည်။
ရှန်မြောင် သည် လက်ထဲရှိ တောက်ပနေသော ငွေလက်ကောက်ကို ငုံ့ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ခြံဝင်းတံခါးဝမှ တစ်စုံတစ်ယောက်က ရှန်ဒုတိယသခင်လေး ဟု လှမ်းခေါ်သံကြားမှ သူမ သတိပြန်ဝင်လာသည်။
သူမ ရင်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရပြီး ကျိအာ ၏ လက်မောင်းကို ဖွဖွလေး ထုလိုက်သည်။ "နင်က ကောင်းကောင်းမနေဘဲ ဒါတွေ ဘာလို့ ဝယ်ရတာလဲ၊ နင်က ဘယ်လောက်ရှိသေးလို့လဲ၊ မကြီးအတွက် စိတ်ပူစရာမလိုပါဘူး၊ မကြီးက လက်ဝတ်ရတနာ ဝယ်ဖို့ ပိုက်ဆံနှမြောနေတဲ့ပုံ ပေါက်နေလို့လား၊ မကြီးက သိပ်မဝတ်ချင်လို့ပါ၊ မဟုတ်ရင် တစ်သေတ္တာလောက် ဝယ်ပြီးနေပြီ၊ ခေါင်းအပြည့် ရတနာတွေ ဆင်မြန်းပြီး ကြွားကြွားဝါဝါ လျှောက်သွားရမယ် ဟုတ်လား၊ မလုပ်ရဲပါဘူး၊ သူခိုး ခိုးမသွားရင်တောင် လည်ပင်းကျိုးသွားမှာပေါ့"
ရှန်ကျိသည် လေးလံသော အထုတ်ကို ဆွဲမလိုက်ပြီး သွားဖြဲကာ ရယ်ပြလိုက်သည်။ "ကျွန်တော် ဂရုမစိုက်ဘူး၊ မကြီးကို ဝယ်ပေးချင်တာပဲ၊ ကျွန်တော် သွားတော့မယ်၊ မကြီး လိုက်မပို့နဲ့တော့၊ နေ့လယ်ကြီး အခန်းထဲပြန်ပြီး နားလိုက်ပါဦး"
ပြောပြီးသည်နှင့် ခြေကုန်သုတ်ကာ ပြေးထွက်သွားလေသည်။
သူသည် တံခါးဝသို့ ရောက်သည်အထိ ပြေးသွားပြီးမှ ရုတ်တရက် ပြန်လှည့်လာပြီး ရှန်မြောင်ကို လက်မောင်းဆန့်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သို့သော် ဘာမှမပြောဘဲ ခြံဝင်းထဲမှ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။ လှည်းမောင်းသည့် မုန့်အဖေ ကို နှုတ်ဆက်ပြီး တံခါးဝတွင် ရပ်ထားသော လားလှည်းပေါ်သို့ တက်လိုက်တော့သည်။
"မင်း လုပ်ထားတဲ့ ပုစ္ဆာတွေ ဘယ်မှာလဲ၊ ငါ့ကို အမြန်ငှားပြစမ်း၊ ငါ ပုစ္ဆာတစ်ပုဒ် ကျန်နေသေးတယ်၊ ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး" မုန့်ဟုန်ဟယ်သည် လားလှည်းပေါ်တွင် ထိုင်နေပြီဖြစ်၏။ သူသည် မျက်နှာပေါ်တွင် ဝိုင်းစက်ပြီး လေးလံသော သလင်းကျောက် မျက်မှန်ကို တပ်ဆင်ထားသည်။ ရှန်ကျိ ထံမှ အဖြေလွှာကို တောင်းရမ်းနေရင်း မျက်လုံးထောင့်မှ ယဉ်ကျေးသိမ်မွေ့ပြီး လှပသော ရှန်ကျိ ၏ အစ်မ လိုက်ပို့နေသည်ကို မြင်လိုက်ရသဖြင့် ကိုယ်ကို မတ်လိုက်ကာ နှာခေါင်းပေါ်မှ လျှောကျနေသော မျက်မှန်ကို ပင့်တင်လိုက်သည်တွင် နှာခေါင်းရိုးပေါ်တွင် အရာထင်ကာ နီရဲနေသည်ကို တွေ့နေရသည်။ သူသည် လှည်းပေါ်မှနေ၍ ယဉ်ကျေးသိမ်မွေ့စွာ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ "ရှန်သာ့ကျဲအာ မင်္ဂလာပါ၊ ကျွန်တော်တို့ သွားတော့မယ်နော်"
လှည်းမောင်းသည့် မုန့်အဖေ ကလည်း သူမကို ခေါင်းညိတ်ပြသည်။
ရှန်မြောင်သည် လက်ကောက်ကို ဆုပ်ကိုင်ထားရင်း "ဒုက္ခပေးရပြီ၊ လမ်းခရီး ဖြည်းဖြည်းသွားကြပါ" ဟူ၍သာ ပြောနိုင်လိုက်သည်။
လားလှည်း ထွက်ခွာသွားသည်နှင့် နေရောင်ခြည်သည် ကျဉ်းမြောင်းနိမ့်ပါးသော အိမ်ခေါင်မိုးများပေါ်မှ တစ်ကွက်ချင်း လိမ့်ဆင်းလာ၏။ ကျိအာသည် နေပူသဖြင့် မျက်လုံးမှေးထားပြီး နောက်လှည့်ကာ သူမကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် လားလှည်းသည် လမ်းကြားထဲမှ ထွက်ခွာသွားပြီး တံတားကို ကွေ့သွားတော့သည်။
ရှန်မြောင်သည် ခေါင်းငုံ့ကြည့်လိုက်ပြီး လက်ကောက်ကို လက်ကောက်ဝတ်တွင် စွပ်လိုက်သည်။ သူမ လက်ကောက်ဝတ် သေးသဖြင့် လက်ကောက်၏ အဆုံးသတ် အကွင်းကို အသေးဆုံးထိ ချုံ့လိုက်သော်လည်း ဝတ်ဆင်ရာတွင် လှုပ်ရမ်းနေဆဲပင်။ သို့သော် သူမသည် လက်ကိုမြှောက်ကာ နေရောင်အောက်တွင် အချိန်အတော်ကြာ ကြည့်ရှုနေပြီးမှ ပြုံးလျက် လက်ကောက်ကို လက်မောင်းရင်းထိ ဆွဲတင်ကာ အင်္ကျီလက်စဖြင့် ဖုံးအုပ်လိုက်သည်။
ခြံဝင်းထဲ ပြန်ရောက်သည်နှင့် သူမသည် တွန့်ဆုတ်မနေဘဲ ခွေးချိုးရန် ပြင်ဆင်လိုက်သည်။
လေထင် ကို ရေချိုးပေးရသည်မှာ တော်တော်လေး လွယ်ကူသည်။ ၎င်းသည် ဘဝကို လက်မြှောက်အရှုံးပေးထားသည့် မျက်နှာထားဖြင့် ထိုင်နေပြီး ရှန်မြောင်က တစ်ကိုယ်လုံးကို အမြှုပ်ထအောင် ပွတ်တိုက်ပေးကာ ခွေးဘီးဖြင့် အားရပါးရ ဖီးသင်ပေးလိုက်ရာ မကြာမီ ညစ်ပတ်နေသော ရေများနှင့် ကျွတ်ကျလာသော အမွေးအမျှင်များ ထွက်လာတော့သည်။ လေထင် ဤမျှ ညစ်ပတ်နေလိမ့်မည်ဟု ရှန်မြောင် ထင်မထားခဲ့မိပေ။ မသိသာရုံသာ ရှိခြင်းပင်။
ရေချိုးပြီးနောက် အမွေးနက်များ ပြောင်လက်သွားတော့သည်။
ကျွေးဖုန်း ကို ရေချိုးပေးရသည်မှာ ဆူညံပွက်လောရိုက်နေသည်။ ကျွေးဖုန်း သည် မတ်တပ်ရပ်ပြီး နံရံကို ကုတ်ကာ ရေတစ်ခွက်လောင်းလိုက်တိုင်း "ဂိန်" ခနဲ အော်လိုက်သဖြင့် တိတ်ဆိတ်နေသော ခြံဝင်းထဲတွင် သူ့အသံချည်း လွှမ်းမိုးနေလေသည်။ ရှန်မြောင် မှာ အိမ်နီးနားချင်းများကို အားနာသဖြင့် သူ့ပါးစပ်ကို အတင်းဖျစ်ညှစ်ထားလိုက်ရသည်။ "မအော်နဲ့၊ လူတွေ နားညီးကုန်မယ်"
လွှတ်လိုက်သည်နှင့် တိုးတိုးလေး ညည်းညူအော်ဟစ်ပြန်သည်။
နောက်ဆုံးတွင် စင်ကြယ်အောင် ဆေးကြောပြီး ဘီးဖြင့် ဖြီးပေးလိုက်ရာ သူမကို လှည့်ပြီး သွားဖြဲပြလေသည်။ ရှန်မြောင် သည် လက်မြှောက်ပြီး သူ့ပါးစပ်ကို ရိုက်ထည့်လိုက်ကာ ခြိမ်းခြောက်လိုက်သည်။ "ထပ်ရှုပ်ရင် ညစာ မကျွေးဘဲ ထားလိုက်မယ်"
ထိုအခါမှ မျက်လုံးများ အရောင်တောက်လာပြီး ကြောက်ရွံ့စွာဖြင့် ပါးစပ်ကို ပလပ်ပလပ် လုပ်ကာ ထပ်မရှုပ်ရဲတော့ပေ။
ခွေးနှစ်ကောင်ကို ဆေးကြောသန့်စင်ပြီးနောက် ရှန်မြောင်သည် ကြမ်းပြင်ပေါ်ရှိ ရေညစ်များဖြင့် ကြမ်းတိုက်လိုက်သည်။ အလုပ်ကိစ္စပြီးသွားမှ ချီလင်ကို ပွေ့ဖက်ကာ ဆိုင်ခန်းထဲတွင် ထိုင်လိုက်၏။
ရံဖန်ရံခါ ဧည့်သည်အချို့ ရောက်လာပြီး အသားနှပ် ဝယ်သွားကြသည်။
ရှန်မြောင်သည် ပျင်းရိနေသဖြင့် လမ်းပေါ်တွင် လူဘယ်နှစ်ယောက် ဖြတ်သွားသလဲ ဆိုသည်ကိုပင် ရေတွက်နေမိသည်။ ရုတ်တရက် ယန့်ရှူးတစ်ယောက် လွယ်အိတ်လေး တစ်လုံးလွယ်ကာ လမ်းကြားထဲမှ အလျင်အမြန် ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
"ယန့်ရှူး ... ဘယ်သွားမလို့လဲ" ရှန်မြောင် သည် ငိုက်မြည်းနေသော ကြောင်ကို ပွတ်သပ်ပေးရင်း လှမ်းမေးလိုက်သည်။
ယန့်ရှူး သည် အသံကြားသဖြင့် ခေါင်းလှည့်ကြည့်ရာ ရှန်မြောင် ဖြစ်နေသဖြင့် အမြန်လှည့်လာပြီး သူမကို အရိုအသေပေးကာ လိမ္မာစွာ ပြန်ဖြေလေသည်။ "ကျိုကော အတွက် မျက်စဉ်းဆေး သွားဝယ်မလို့၊ သခင်လေး မျက်ခွံတွေ ရုတ်တရက် ယားလာလို့တဲ့၊ ကျွန်တော် အခုပဲ ကြည့်လိုက်တာ မျက်ဝန်းထောင့်တွေ ရဲနေတယ်၊ ကြာရင် ရောင်လာမှာစိုးလို့"
"ဘယ်လိုဖြစ်တာလဲ၊ မနက်ကတုန်းက အကောင်းကြီးပါ" ရှန်မြောင် မျက်မှောင်ကြုတ်လိုက်သည်။
ယန့်ရှူး ကမူ တည်ငြိမ်သော မျက်နှာထားဖြင့် လွယ်အိတ်ကြိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ "ရှန်ညန်ဇီ စိတ်မပူပါနဲ့၊ ကြီးကြီးမားမား မဟုတ်ပါဘူး၊ နွေဦးဆိုတော့ ဝတ်မှုန်တွေ များလို့ ဖြစ်တာပါ၊ မနှစ်ကလည်း ဒီလိုပဲ ဖြစ်ဖူးတယ်၊ ဝတ်မှုန်နဲ့ထိပြီး ယားလာလို့ ကျောက်ညန်ဇီ မျက်စိဆေးခန်းမှာ မျက်စဉ်းဆေး ဝယ်ခတ်လိုက်တာ နှစ်ရက်လောက်နေတော့ ပျောက်သွားတာပဲ"
"ဒါဆို မြန်မြန်သွားလေ" ရှန်မြောင် ပြောရင်း မတ်တပ်ရပ်လိုက်ပြီး ချီလင် ကို ချကာ ကိုယ်ပေါ်မှ ကြောင်မွေးများကို ခါလိုက်သည်။ "ဒါဆို ကျိုကော က အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့၊ ငါ သွားကြည့်လိုက်ဦးမယ်"
"သူ နေ့လယ်စာ အိပ်နေတုန်းပါ" ယန့်ရှူး ပြောရင်း အိမ်သော့ကို ထုတ်ကာ ရှန်မြောင် အား ပေးလိုက်ပြီး မျက်လုံးမှိတ်ပြလိုက်သည်။ "ဟီးဟီး... ဒါဆို ပိုကောင်းတာပေါ့၊ ရှန်ညန်ဇီ အားရင် ကျိုကော ကို ကူကြည့်ပေးပါဦး၊ ကျွန်တော် (၁၅) မိနစ်လောက်ဆို ပြန်ရောက်ပါပြီ"
ရှန်မြောင် သည် လက်ထဲမှ သော့တွဲကို ကြည့်ရင်း ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ "နင် ကျိုကော ကို အိမ်ထဲမှာ ပိတ်ထားခဲ့တာလား"
"မဟုတ်ရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော် ထွက်သွားတုန်း သူခိုးဝင်လာရင် ဘယ်လိုလုပ်မလဲ၊ ရှန်ညန်ဇီ မသိလို့ပါ၊ ကျိုကောကို သူခိုးတွေ အရမ်းကြိုက်တာ၊ အရင်တုန်းက တည်းခိုခန်းမှာ တည်းတုန်းက အခန်းတွေ အများကြီးရှိတာကို ကျွန်တော်တို့အခန်းပဲ သူခိုး ဝင်တာ" ယန့်ရှူး ခေါင်းကုတ်လိုက်သည်။ သူ တကယ်ပဲ ကျိုကော ကို အခန်းထဲတွင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
"ခုနက ငါ့ကို အကူအညီလာမတောင်းဘဲ ဘာလို့လဲ" ရှန်မြောင် ရယ်မောလိုက်ပြီး လက်ကာပြလိုက်သည်။ "မြန်မြန် သွား၊ ငါ အခုပဲ သွားကြည့်လိုက်မယ်"
ယန့်ရှူးက လျှာထုတ်ပြလိုက်ပြီး "စာသင်ကျောင်းက ကျောင်းသားတွေလည်း နောက်ရက်နည်းနည်းဆို ကျောင်းပြန်တက်တော့မှာဆိုတော့ ကျိုကောက ကျွန်တော့်ကို အမြဲမှာထားတာ၊ သူ ကျောင်းတက်ရင် ကိစ္စသေးသေးမွှားမွှားလေးတွေနဲ့ ရှန်ညန်ဇီ ကို ဒုက္ခမပေးနဲ့တဲ့"
ရှန်မြောင်သည် သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ "သွားတော့ သွားတော့"
ယန့်ရှူး လည်း ပြုံးပြီး ပြေးထွက်သွားလေသည်။
ရှန်မြောင် သည် လက်ထဲမှ သော့ကို ငုံ့ကြည့်လိုက်ပြီး တစ်ချက်ညှစ်ကာ အနောက်ဘက် လမ်းကြားဆီသို့ လျှောက်သွားလိုက်သည်။
အိမ်တိုင်းစေ့မှ အဝတ်လှန်းထားသော တန်းများကြောင့် ဖြစ်ပေါ်နေသည့် အရိပ်များကို ဖြတ်ကျော်ပြီးနောက် ရှန်မြောင် သည် ရှဲ့ချီ အိမ်၏ ခြံတံခါးကို ဖွင့်လိုက်သည်။ သူမအိမ်ကဲ့သို့ စည်ကားခြင်း မရှိဘဲ ရှဲ့ချီ ၏ ခြံဝင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ ဝါးတန်းနှစ်ခုကြားတွင် အဝတ်လှန်းသည့် လျှော်ကြိုးတစ်ချောင်း ချည်ထားပြီး နောက်တွင် ချယ်ရီပင်တစ်ပင်သာ ရှိသည်။
ရှန်မြောင်သည် တံခါးပြန်ပိတ်လိုက်ပြီး တိတ်ဆိတ်နေသော အိမ်ထဲသို့ ဝင်သွားလိုက်၏။
ကျိုကော ၏ အခန်းသည်လည်း အလွန်ရိုးရှင်းသည်။ သူမ တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်ရာ ဝင်ဝင်ချင်းတွင် လိုက်ကာတစ်ခု ရှိနေသည်။ ဘယ်ဘက်တွင် စစ်တုရင်ခုံနှင့် ထိုင်ခုံပု ရှိပြီး ကစားလက်စ စစ်တုရင်များ တင်ထားသည်။ ညာဘက်တွင် စာကြည့်စားပွဲရှိပြီး စာအုပ်များ ပုံထားကာ အရွယ်အစား အမျိုးမျိုးရှိသော စုတ်တံများကို စုတ်တံချိတ်တွင် ချိတ်ဆွဲထားသည်။ ထို့အပြင် ပန်းချီဆွဲသည့် စုတ်တံများ ထည့်ထားသော စုတ်တံခွက်တစ်ခုလည်း ရှိလေသည်။
ပန်းချီထည့်သောဘူးနှင့် စက္ကူပုံးကို စားပွဲဘေးတွင် ထားရှိသည်။
လိုက်ကာကို ကျော်သွားလျှင် ကုတင်ရှိသည်။ ထွင်းထုထားခြင်း မရှိသော သစ်သားကုတင်တွင် ရိုးရှင်းသော ကုတင်လိုက်ကာကို တစ်ဝက်ခန့် စည်းထားပြီး သူ ဒီနေ့ဝတ်ထားသော လက်အဝကျယ်အင်္ကျီကို ဘေးရှိ သစ်သားစင်ပေါ်တွင် ချိတ်ဆွဲထားလေသည်။
ပြတင်းပေါက်ကို ပိတ်ပါးဖြင့် ကာထားပြီး ကျူလိုက်ကာ ချထားသဖြင့် အခန်းထဲတွင် ရေအောက်ရောက်နေသကဲ့သို့ မှိန်ဖျဖျ ဖြစ်နေသော်လည်း လိုက်ကာကြားမှ အလင်းရောင်များ ဝင်ရောက်နေပြီး မွန်းလွဲပိုင်း လေပြေအဝှေ့တွင် လှုပ်ခတ်နေလေသည်။
ရှဲ့ချီသည် ဖဲစောင်ကို ပတ်လျက် လင်းတလှည့် မှောင်တလှည့် ဖြစ်နေသော နွေဦးနေ့ရက်ထဲတွင် အိပ်မောကျနေလေသည်။
ကုတင်ဘေးတွင် စားပွဲဝိုင်းပုလေးတစ်လုံး ရှိသေးပြီး ယန့်ရှူး ထိုင်သောခုံ ဖြစ်လောက်သည်။ ခြေရင်းတွင် တစ်ဝက်စားပြီးသား ပုရစ်ပုံမုန့် တစ်ပန်းကန်နှင့် ပုံများသာပါသော ပန်းချီစာအုပ်တစ်အုပ် တင်ထားလေသည်။
ရှန်မြောင်သည် ထိုပန်းချီစာအုပ်ကို ရင်းနှီးနေသဖြင့် ခုံပုပေါ်ထိုင်ကာ ကောက်ယူကြည့်လိုက်ရာ ပိုးသားပေါ်တွင် ရေးဆွဲထားသော ပန်းချီစာအုပ်တစ်အုပ် ဖြစ်နေပြီး ပန်းချီလက်ရာကို ကြည့်ခြင်းအားဖြင့် ကျိုကောက ယန့်ရှူး အတွက် ဆွဲပေးထားမှန်း သေချာသလောက် ရှိနေသည်။ သူသည် ယန့်ရှူးအတွက် ပုံပြင်များစွာကို ရေးဆွဲပေးထားသည်။ ဇာတ်ကွက်တစ်ခုလျှင် ပုံတစ်ပုံနှုန်းဖြင့် "နေမင်းပုံပြင်"၊ "ကျားမကြောက်သော ကလေးငယ်"၊ "ဆီသည်အဘိုးအို"၊ "ကြက်တူရွေးစကားသင်" အစရှိသဖြင့် ရေးဆွဲထားရာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ပန်းချီကားတိုင်း၏ ညာဘက် သို့မဟုတ် ဘယ်ဘက်တွင် အကြောင်းအရာကို အကြမ်းဖျင်း ရှင်းပြထားသော စာတိုလေးများ ပါရှိသော်လည်း စာမဖတ်ဘဲနှင့်ပင် ဘာပုံလဲဆိုသည်ကို ခန့်မှန်း၍ ရနိုင်လေသည်။
...
အပိုင်း (၁၅၈)
ကာတွန်းစာအုပ်နှင့်တောင် နည်းနည်းဆင်နေသည်။
ယန့်ရှူး ကဲ့သို့ စာမတတ်သည့် ကလေးတစ်ယောက်အတွက် သေချာပေါက် အကြိုက်တွေ့စေမည့်အရာyif။ ဤပိုးသားပန်းချီစာအုပ်ကို စာအုပ်ဖုံးဖြင့် သေချာအုပ်ထားသော်လည်း နေ့တိုင်း ကိုင်တွယ်ကြည့်ရှုနေသဖြင့် စာရွက်များပင် အမွေးထနေသည်ကို တွေ့ရသည်။ သို့သော် ပျက်စီးသွားခြင်း လုံးဝမရှိပေ။
ရှန်မြောင်သည် ပြုံးလျက် ဂရုတစိုက် လှန်လှောကြည့်ရှုပြီးနောက် မူလနေရာတွင် ပြန်ထားလိုက်သည်။
ပြတင်းပေါက်မှ စောင်းဝင်နေသော အလင်းရောင်တန်းလေးများအောက်တွင် ဖုန်မှုန့်လေးများ လွင့်မျောနေ\။ ရှန်မြောင်onf ဘာမှလုပ်စရာမရှိသဖြင့် ပါးကို လက်ထောက်ကာ အိပ်ပျော်နေသော ရှဲ့ချီ ကို တိတ်တဆိတ် ထိုင်ကြည့်နေလိုက်သည်။
သူသည် ခေါင်းကို တစ်ဖက်စောင်းကာ အိပ်ပျော်နေပြီး ဝတ်ထားသော အတွင်းခံအင်္ကျီသည် တွန့်ကြေကာ လိပ်တက်နေသဖြင့် လည်ပင်းစည်း အောက်မှ ပြတ်သားသော မေးရိုးနှင့် လည်ပင်းလိုင်းကြောင်းများ ပေါ်လွင်နေသည်။ လည်ပင်းအောက် ညှပ်ရိုးတစ်နေရာကိုလည်း သဲ့သဲ့ မြင်နေရသည်။
ရှန်မြောင်သည် ရုတ်တရက် သတိထားမိလိုက်သည်။ ကျိုကော ၏ လည်စေ့ပေါ်တွင် မှဲ့နက်သေးသေးလေး တစ်လုံး ရှိနေပြီး သေးလွန်းသဖြင့် သတိထားကြည့်မှ မြင်ရသည်။
သူမသည် ထိုမှဲ့နက်ကလေးကို အကြောင်းမဲ့ စိုက်ကြည့်နေမိ၏။
တဖြည်းဖြည်း အနောက်ဘက်သို့ ယွန်းလာသော နေရောင်ခြည်နှင့် ရေခဲကွဲကြောင်းပုံ ပြတင်းပေါက်၏ အရိပ်များသည် သူ၏ မှိတ်ထားသော မျက်ခွံများပေါ်သို့ ကျရောက်နေသည်။ အလင်းရောင်သည် သူ၏ပါးပြင်နှင့် နားရွက်များကို တောက်ပစေပြီး မျက်တောင်နှင့် နှာတံအောက်တွင် အရိပ်များ ထင်ဟပ်စေသည်။
အောက်ဘက်သို့ ဆက်ကြည့်လိုက်သောအခါ...
ကျိုကော ၏ စိုစွတ်ပြီး နီရဲနေသော နှုတ်ခမ်းထောင့်စွန်းများသည် နူးညံ့သိမ်မွေ့မှုကို ပေးစွမ်းနေလေသည်။
သူမ၏အကြည့်များသည် ကမူးရှူးထိုးဖြစ်ကာ သူ့နှုတ်ခမ်းပေါ်မှ ဖယ်ခွာလိုက်ရသည်။ ရှန်မြောင်သည် မေးထောက်ထားသော လက်ချောင်းများ ကွေးညွှတ်သွားပြီး အမှောင်ရိပ်သမ်းနေသော အခန်းထဲတွင် အသက်ရှူသံကို မသိမသာ ထိန်းလိုက်မိသည်။
သို့သော် အပေါ်ဘက်သို့ ရွေ့လျားသွားသော သူမ၏အကြည့်များကို မထိန်းချုပ်နိုင်တော့ပေ။ သူမသည် သူ၏မျက်တောင်များကို တစ်ချောင်းချင်း ရေတွက်နေမိသည်။
ကံကောင်းသည်မှာ ခဏအကြာတွင် ယန့်ရှူးသည် ခြေသံလုံလုံဖြင့် ဝင်ရောက်လာသည်။
ထိုအခါမှ ရှန်မြောင် သည် ကိုယ့်ကိုယ်ကိုယ် သတိဝင်လာပြီး အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။ ယန့်ရှူး ကို မျက်လုံးချင်းဆုံကာ အချက်ပြလိုက်ပြီး ထုံကျဉ်နေသော ခြေထောက်ကို အနည်းငယ် နှိပ်နယ်ကာ အသာအယာ ထွက်ခွာလာခဲ့တော့သည်။
သူမ လာခဲ့တာ ဘယ်သူမှ မသိစေနဲ့။
ရှန်မြောင် ထွက်လာချိန်တွင် ရင်ဘတ်ကို ဖိကာ သက်ပြင်းချလိုက်မိသည်။
ယန့်ရှူးသည် ရှန်ညန်ဇီ ထွက်သွားသည်ကို မြင်မှ နောက်လှည့်လိုက်ပြီး ခြေဖျားထောက်ကာ လွယ်ထားသော အိတ်ကို အမြင့်တွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် ရင်ဘတ်ထဲမှ ဖန်ဘူးသေးသေးလေးကို ထုတ်ယူကာ ပါးစပ်မှလည်း ရေရွတ်နေလေသည်။ "ကျောက်ညန်ဇီက မှာလိုက်တယ်၊ တစ်နေ့နှစ်ကြိမ်၊ တစ်ခါခတ်ရင် နှစ်စက်တဲ့..."
သူသည် ဆေးအညွှန်းကို စိတ်ထဲတွင် သေချာမှတ်ထားပြီး မေ့သွားမည် သို့မဟုတ် မှားသွားမည်ကို စိုးရိမ်နေသည်။ ပါးစပ်မှ တီးတိုးရေရွတ်ရင်း ရုတ်တရက် နောက်လှည့်လိုက်ရာ "အမလေး... ဘုရား ဘုရား" ဟု အော်ဟစ်ကာ (၃) ပေခန့် ခုန်တက်သွားပြီး ဘေးရှိ အင်္ကျီချိတ်ဆွဲထားသော သစ်သားစင်ကို လှမ်းဖက်လိုက်သည်။ ထို့နောက် အသံကုန်ဟစ်ကာ ပြောလေသည်။ "ကျိုကော ... နိုးပြီလား၊ ဘယ်တုန်းက နိုးတာလဲ၊ နိုးရင်လည်း အသံပေးလေ၊ ကျွန်တော့်မှာ လန့်ပြီး သေတော့မယ်"
ယန့်ရှူးသည် လက်ထဲတွင် ဖန်ပုလင်းလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ခုနက လှည့်ကြည့်လိုက်ချိန်တွင် ကျိုကော မျက်လုံးဖွင့်ထားသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ဝယ်လာသော မျက်စဉ်းဆေးပုလင်း လွတ်ကျလုမတတ် ဖြစ်သွားရသည်။
ရှဲ့ချီသည် ကုတင်လိုက်ကာကို စိုက်ကြည့်ရင်း ဝိညာဉ်လွင့်နေသကဲ့သို့ ဖြစ်နေကာ ယန့်ရှူး ပြောသည်ကိုပင် မကြားပေ။
"ကျိုကော ... အိပ်ချင်မူးတူး ဖြစ်နေတာလား" ယန့်ရှူး သည် သစ်သားစင်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး ခေါင်းပြူကြည့်လိုက်ရာ ပါးစပ်မှ ပွစိပွစိ ရေရွတ်လိုက်မိသည်။ "သွားတုန်းက မျက်ခွံပဲ ရဲနေတာပါ..." အခုကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး နီရဲနေရုံမက လည်ပင်းထိအောင် နီရဲနေပြီး လက်မောင်းတွေပါ နီရဲနေပါလား။
ထူးဆန်းလိုက်တာ၊ အရင်တုန်းက ဝတ်မှုန်နဲ့ ထိရင် ဒီလောက် မဆိုးပါဘူး။
....
ရှန်မြောင် သည် ခြေလှမ်းသွက်သွက်ဖြင့် အိမ်ပြန်ရောက်လာရာ အားထောင် တို့အားလုံး နိုးနေကြပြီ ဖြစ်သည်။
ရှန်းအာသည် လမ်းကြားထဲတွင် လျိုတို့ဟွား နှင့်အတူ သရေကွင်း ခုန်တမ်းကစားနေပြီး ကလေးမလေးနှစ်ယောက် ခုန်လိုက်တိုင်း ကျစ်ဆံမြီးများ ယမ်းခါနေလေသည်။
ချန်ချွမ်း သည် ခြံဝင်းထဲတွင် စာအုပ်ကိုင်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ စာရွတ်နေသည်။
ယိုယွီသည် မြည်းတင်းကုပ်နားတွင် ထိုင်လျက် မုန်လာဥတစ်ဝက်ကို ကိုင်ကာ အား... အား... ဟု အော်ပြီး မြည်းကို စနောက်နေသည်။
နျိုစန်းရှစ်သည် တင်းကုပ်ရှင်းလင်းနေပြီး ရိတ်သိမ်းလာသော မြက်အသစ်များကို ခင်းကျင်းပေးနေသည်။
အားလုံးက အလုပ်ရှုပ်နေကြသည်။ ရှန်မြောင်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ မီးဖိုဆောင်ထဲ ဝင်သွားလိုက်သည်။ မီးဖိုဆောင်ထဲတွင် ခြင်းတောင်းအများအပြား ပုံထားသည်ကို တွေ့လိုက်ရရာ ဟင်းသီးဟင်းရွက် လာပို့သော လယ်သမားများ လာပို့သွားကြပြီ ဖြစ်သည်။ သူမသည် ပိုင်လောင်စန်း ကို ကြားလူလုပ်ခိုင်းပြီး ပိုင် မိသားစုရွာမှ လယ်သမားအချို့နှင့် စာချုပ်ချုပ်ဆိုထားသည်။ သူတို့သည် နေ့စဉ် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို လာပို့ပေးကြပြီး ဈေးကွက်ထဲမှ ကုန်သည်များထက် ဈေးအများကြီး သက်သာလေသည်။
ဤအချက်သည် သူမ၏ အစားအသောက်လုပ်ငန်း ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်စေသည်။
ထန်အာနှင့် ဖူရှင်း တို့သည် စားပွဲတွင် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေကြပြီး တဒေါက်ဒေါက် အသံများ ထွက်ပေါ်နေသည်။ ထန်အာသည် ရှန်မြောင် ဝင်လာသည်ကို မြင်သောအခါ ဓားကို ခဏရပ်လိုက်ပြီး ဟင်းသီးဟင်းရွက်တောင်းဘက်သို့ မေးငေါ့ပြလိုက်သည်။ "ညန်ဇီ ... ဒီနေ့ ဟင်းသီးဟင်းရွက်သည်က ရှန်းချွန်းရွက် တစ်ခြင်း အပို ပေးလိုက်တယ်၊ သစ်ပင်ပေါ်က အခုလေးတင် ခူးလာတာတဲ့၊ ညန်ဇီ မြည်းစမ်းကြည့်ဖို့ ပေးလိုက်တာ၊ ကြည့်ရတာ အရမ်းနုနေတော့ ကျွန်တော်လည်း ငွေပိုပေးလိုက်တယ်"
"ကောင်းတယ်၊ အဲလိုပဲ လုပ်ရမယ်၊ လာပို့တဲ့ လယ်သမားတွေလည်း ပင်ပင်ပန်းပန်း လုပ်ရတာ၊ သူတို့ပစ္စည်းကို အလကား မယူသင့်ဘူး" ရှန်မြောင် သည် 'အလှတရားမူးယစ်ဆေး' မိထားသဖြင့် မူးဝေနေသော ခေါင်းကို ခါလိုက်ပြီး ကျိုကောကို ခေါင်းထဲမှ မောင်းထုတ်လိုက်သည်။ ထို့နောက် ထိုင်ချလိုက်ပြီး ရှန်းချွန်းရွက်များ ထည့်ထားသော ခြင်းတောင်းကို မ,ကြည့်လိုက်သည်။
အတွင်း၌ အကိုင်းအခက်မှ ထွက်စ ရှန်းချွန်းရွက်နုလေးများ ရှိနေပြီး အနားသတ်များ တွန့်လိပ်နေကာ နီတာရဲရဲ အရွက်ကလေးများ ဖြစ်နေသည်။
ဒီအချိန်က ရှန်းချွန်းရွက်စားဖို့ အကောင်းဆုံးအချိန်ပဲ။
"ဒီနေ့ ရှန်းချွန်းရွက် စားကြတာပေါ့" ရှန်မြောင် သည် မွှေးကြိုင်သော ရနံ့ကြောင့် သွားရည်ကျလာပြီး မှာကြားလိုက်သည်။ "မနက်ဖြန် လယ်သမားတွေ လာပို့ရင် ရှန်းချွန်းရွက် များများ စုလာခဲ့ဖို့ ပြောလိုက်၊ ရှိသလောက် ယူမယ်လို့၊ ဆိုင်မှာ ရှန်းချွန်းရွက်သုပ် ရောင်းလို့ရတာပေါ့"
“ကျွန်တော် မှတ်ထားလိုက်ပါ့မယ်" ထန်အာ ပြန်ဖြေလိုက်ပြီး လှီးထားသော ဟင်းသီးဟင်းရွက်များကို ဇလုံကြီးထဲ ခွဲထည့်လိုက်သည်။
ပုံမှန်ရောင်းချနေကျ ခေါက်ဆွဲနှင့် ဟင်းပွဲများအပြင် ရာသီပေါ်ဟင်းလျာများသည်လည်း ရှန်ကျိဆိုင်၏ ထူးခြားချက်တစ်ခု ဖြစ်လေသည်။ နွေဦးတွင် ရှန်းချွန်းရွက်သုပ်၊ ရက်အနည်းငယ်ကြာလျှင် မျှစ်၊ ကညွတ်နှင့် ပဲသီးညွန့်၊ နွေရာသီတွင် ငရုတ်သီးစပ် ရှောင်လုံရှား၊ ငါးကင်နှင့် ပုစွန်ခေါက်ဆွဲ၊ ဆောင်းဦးရာသီတွင် သိုးသား၊ ကြာစွယ်၊ မုန်လာဥနှင့် သစ်အယ်သီး၊ ဆောင်းရာသီတွင် ဟော့ပေါ့ အမျိုးမျိုး ရရှိနိုင်လေသည်။
နှစ်ယောက်သား ဟင်းသီးဟင်းရွက် ပြင်ဆင်နေစဉ် ရှန်မြောင်သည် လက်မောင်းအင်္ကျီကို ပင့်တင်ကာ ယနေ့အတွက် အမြန်စားဟင်းပွဲများကို စတင်ချက်ပြုတ်လိုက်သည်။
ထမင်းဟင်းများ ချက်ပြုတ်ပြီးစီး၍ ထန်အာ ၊ ဖူရှင်း တို့နှင့်အတူ လှည်းပေါ်တင်ပေးနေစဉ် ကျိုးတာ့နှင့် အဒေါ်နျန် တို့သည် ဆိုင်ထဲတွင် လက်ဖက်ရည်သောက်ရင်း စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ အဒေါ်နျန် သည် မြေပဲလှော်တစ်ထုတ် ယူလာပြီး ရှန်မြောင် ကို ပေးလေသည်။ "ဒါ အဒေါ် ကိုယ်တိုင် ပြုတ်ပြီး လှော်ထားတာ၊ စားရင် အပူမကန်ဘူး၊ လည်ချောင်းမနာဘူး"
"ကြည့်လိုက်တာနဲ့ စားချင်စရာပဲ၊ ကျေးဇူးတင်ပါတယ် အဒေါ်" ရှန်မြောင်သည် မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် နောက်လှည့်ကာ ယိုယွီ ကို ခေါ်ပြီး အဒေါ်နျန် နှင့် စကားပြောခိုင်းရန် ပြင်လိုက်၏။
အဒေါ်နျန်က လက်ကာပြပြီး နွားလှည်းပေါ်သို့ ခုန်တက်လိုက်ပြီး "မခေါ်ပါနဲ့တော့၊ သူ့ကို ကောင်းကောင်း အလုပ်လုပ်ပါစေ၊ အဒေါ် သွားတော့မယ်၊ ညန်ဇီ့ အလုပ်တွေ ကြန့်ကြာပြီး ဧည့်သည်တွေ စောင့်နေရရင် မကောင်းဘူး"
ရှန်မြောင်သည် ရှစ်အာ့ညန် ၏ နွားခေါင်းကြီးကို ပွတ်သပ်ပေးပြီး အဒေါ်နျန် ကို ဖြည်းဖြည်းမောင်းရန် မှာကြားလိုက်သည်။
ပြန်ရောက်ပြီး မကြာမီ ဆိုင်ထဲတွင် ဧည့်သည်များ တဖြည်းဖြည်း များလာသည်။ ရှန်မြောင် သည် ဧည့်သည်တစ်သုတ်ကို ဧည့်ခံပြီးနောက် အချိန်ရသဖြင့် မုန့်လုံး (၃) လုံး ယူကာ သိုးသားဟင်းရည်တစ်ခွက် ထည့်ပြီး လမ်းမကြီးပေါ်ရှိ သူမ၏ ဆိုင်ခန်းတစ်ဝက်ကို သွားကြည့်ရန် ပြင်ဆင်လိုက်သည်။ မီးဖိုခုံ ဆောက်လုပ်မှု အခြေအနေကို ကြည့်ရှုရင်း ပန်းရံဆရာများကို ထမင်းသွားပို့ရန် ဖြစ်သည်။
ထိုဆိုင်ခန်းတွင် မီးဖိုခုံ ကူညီဆောက်လုပ်ပေးနေသော ပန်းရံဆရာကို လက်သမားဆရာဟယ်က မိတ်ဆက်ပေးထားခြင်း ဖြစ်သည်။ လက်သမားဆရာဟယ်သည် ယခုရက်ပိုင်း ရှန်မြောင် ၏ ဘဲခြံဘက်တွင် အလုပ်လုပ်နေရသဖြင့် မအားလပ်တော့ရာ သူ့မိတ်ဆွေ ပန်းရံဆရာများကို ခွဲဝေလုပ်ကိုင်စေခြင်း ဖြစ်သည်။
လက်သမားဆရာဟယ် ရှာပေးသော ပန်းရံဆရာချိုက်သည် အလုပ်လုပ်ရာတွင် အလွန်သွက်လက်သော်လည်း စကားပြောနည်းသည်။ မမေးလျှင် သူက တစ်ခွန်းမှ မဟပေ။ ငွေလိုသလား သို့မဟုတ် အခြားလိုအပ်ချက် ရှိသလား ဆိုသည်ကို ရှန်မြောင် ကပင် အမြဲတမ်း ဦးဆောင်မေးမြန်းရသည်။ ရှန်မြောင် အကြိမ်ကြိမ် မေးမြန်းမှသာ သူက "ထမင်းစားတိုင်း မုန့်တစ်လုံး ပိုပေးလို့ ရမလား" ဟု ဗလုံးဗထွေး ပြောလေသည်။
ရှန်မြောင် လုပ်သော ဂျုံမုန့်လုံးများသည် လက်ဝါးနှစ်ဖက်စာလောက် ကြီးမားသည်။ သူမက မုန့်နှစ်လုံးနှင့် ဟင်းရည်တစ်ခွက် ယူသွားပေးလျှင် လုံလောက်ပြီဟု ထင်ထားသော်လည်း ပန်းရံဆရာ ချိုက် ၏ အစာအိမ်က ကြီးမားသဖြင့် မဝဘဲ ရက်အနည်းငယ်ကြာအောင် ငတ်နေခဲ့ရသည်ကို မသိလိုက်ပေ။ ထို့ကြောင့် ယနေ့တွင် ရှန်မြောင် သည် မုန့်တစ်လုံး ပိုယူလာခဲ့ခြင်း ဖြစ်သည်။
သူမ ထွက်ရန် ပြင်လိုက်စဉ် လျိုတို့ခိုသည် ဆိုင်ရှေ့တွင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ ရှန်မြောင် သည် ခြင်းတောင်းကို လက်မောင်းတွင် ချိတ်လျက် သူမကို နှုတ်ဆက်လိုက်သည်။ "တို့ခို ... မတွေ့တာ ကြာပြီနော်"
သာ့ကျဲအာသည် လျိုတို့ခိုကို သိပေသည်။ တို့ခိုသည် သူမထက် အသက်နည်းနည်းငယ်ပြီး ငယ်စဉ်က အတူတူ ဆော့ကစားဖူးသော်လည်း သူမသည် အများအားဖြင့် ပြန့်ကျင်းတွင် မရှိသဖြင့် ရင်းနှီးမှု သိပ်မရှိလှပေ။
လျိုတို့ခိုသည် အလျင်အမြန် ပြုံးလိုက်ပြီး ရှေ့တိုးကာ မေးလေ၏။ "ရှန်သာ့ကျဲအာ... အလုပ်သမား ခေါ်နေတာလား၊ အမေ ပြောတာတော့ စားဖိုမှူး ရှာနေတယ်ဆို"
"ဟုတ်တယ်၊ ဒါပေမဲ့ ငါက ခွန်အားကြီးပြီး သန်မာတဲ့သူ လိုချင်တာ၊ လက်ရာလည်း သိပ်မညံ့တဲ့သူပေါ့၊ နင့်မှာ သင့်တော်တဲ့သူ ရှိလို့လား" ရှန်မြောင်သည် သူ့ကြားလိုက်သည်နှင့် မျှော်လင့်ချက် ရောင်ခြည်သမ်းလာ၏။ သူမ စားဖိုမှူးရှာနေရသည်မှာ ခေါင်းမီးတောက်မတတ် ဖြစ်နေပြီ။ ပုကွကွပွဲစားဆီကလည်း အခုထိ သတင်းမလာသေးပေ။
လျိုတို့ခိုသည် မျက်နှာရဲသွားပြီး ခေါင်းညိတ်လိုက်သည်။ "အဲဒါ... အဲဒါ ကျွန်မရဲ့..."
ရှန်မြောင်က မျက်တောင်ခတ်ပြီး သံသယဖြစ်သွားသည်။
လျိုတို့ခိုသည် အံကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်ပြီး အကုန်ပြောချလိုက်သည်။ "ကျွန်မအိမ်က ခန်းဝင်ပစ္စည်း (ဖိုးရွှေငွေ) စုမပေးနိုင်တော့ဘူး၊ ကျွန်မနဲ့ တင်းတာ့လန်တို့ တိုင်ပင်ပြီးပြီ၊ နှစ်အိမ်စလုံးက ဆင်းရဲကြတော့ တင်တောင်းရွှေငွေနဲ့ ခန်းဝင်ပစ္စည်း မယူကြတော့ဘူးလို့၊ သူ ပြန့်ကျင်းမြို့ မှာ အလုပ်လာလုပ်မယ်၊ ကျွန်မတို့နှစ်ယောက် ကိုယ့်ဘာသာ ဘဝတည်ဆောက်ကြမယ်လို့"
ဤခေတ်တွင် မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုရာ၌ ခန်းဝင်ပစ္စည်း မပါလျှင် အလွန် မျက်နှာငယ်ရလေသည်။ လျိုတို့ခိုမှာ ပြောရင်းနှင့် ရှက်လွန်းသဖြင့် မျက်ရည်ဝဲလာသော်လည်း ဆက်လက်ပြောဆိုလေသည်။ "တင်းတာ့လန်ကို ရှန်သာ့ကျဲအာ မှတ်မိလား၊ သူ့အဖေက အရင်တုန်းက ကျင်းလျန်တံတားပေါ်မှာ ဖက်ထုပ် ရောင်းတယ်လေ၊ အခုတော့ သူတို့မိသားစုက မြို့ပြင်တံခါးဝမှာ ဖက်ထုပ် ရောင်းကြတယ်၊ သူက ငယ်ငယ်ကတည်းက အရပ်ရှည်ပြီး ထွားတယ်၊ အခုဆိုရင် (၅) ပေ (၄) လက်မတောင် ရှိနေပြီ၊ နေ့တိုင်း ဖက်ထုပ် ကူရောင်းနေတာဆိုတော့ အားသန်တယ်"
ရှန်မြောင်သည် သာ့ကျဲအာ၏ မှတ်ဉာဏ်ထောင့်များထဲတွင် ရှာဖွေကြည့်ရာ ရေးရေးမျှ ပေါ်လာသော်လည်း သိပ်မမှတ်မိတော့ပေ။ ထို့ကြောင့် သူမ ခေါင်းခါလိုက်ပြီး ပြောလိုက်တော့သည်။ "ငါ သိပ်မမှတ်မိတော့ဘူး၊ မနက်ဖြန် သူ့ကို လာစမ်းကြည့်ခိုင်းလိုက်ပါလား"
လျိုတို့ခို ကြားလိုက်ရသဖြင့် ဝမ်းသာသွားပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလေသည်။ "ကောင်းပြီ ကောင်းပြီ၊ ငါ သူ့ကို စောစော လာခိုင်းလိုက်ပါ့မယ်"
ရှန်မြောင် လည်း ပြုံးလိုက်ပြီး ရှန်းအာ နှင့် လီကိုအာ တို့ မနက်က ပြောသော အတင်းအဖျင်းများကို သတိရသွားကာ တိုးတိုးလေး မေးလိုက်သည်။ "နင့်အဘွားက နင့်ကို ပြန်လွှတ်လိုက်တာလား"
လျိုတို့ခို သည် ရှုပ်ထွေးသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်ပြီး ဝမ်းနည်းမှုနှင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှုများ ရောပြွမ်းနေလေသည်။ "ဟုတ်တယ်၊ သူလည်း အသက်ကြီးပြီ၊ နေရမယ့်ရက် သိပ်မကျန်တော့ဘူး၊ နောက်ဆုံးတော့ စိတ်ပြောင်းပြီး ငါ့ကို ပြန်လွှတ်ပေးလိုက်တယ်၊ ကျွန်မလည်း အဘွားက အမေ့ကို နှိပ်စက်ဖို့သုံးတဲ့ ဓားအဖြစ် မနေရတော့ဘူးပေါ့..."
ရှန်မြောင် သည် သူမ၏ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ "ကိစ္စမရှိပါဘူး၊ နင့်အဖေနဲ့အမေက နင့်ကို သတိရနေကြတာ၊ ခန်းဝင်ပစ္စည်း မပါလည်း ဘာဖြစ်လဲ၊ နောက်ပိုင်း နင် အိမ်ထောင်ကျရင် နေ့ရက်တွေက ပိုကောင်းလာမှာပါ"
ထိုအခါမှ လျိုတို့ခို ၏ မျက်လုံးများတွင် အပြုံးရိပ်များ ယှက်သန်းလာသည်။ သူမသည် ရှန်မြောင် ကို ကြည့်ပြီး ပါးစပ်အုပ်ကာ ရယ်မောလေသည်။ "ရှန်သာ့ကျဲအာလည်း စေ့စပ်တော့မယ် မဟုတ်လား၊ ကျွန်မ ကြားပြီးပြီ၊ ဟို ရှဲ့မိသားစု သခင်လေးက အရမ်းချောတာပဲ၊ သာ့ကျဲအာနဲ့ အရမ်းလိုက်ဖက်တယ်"
ရှန်မြောင် ၏ မျက်စိထဲတွင် အလင်းရောင်အောက်မှ လည်ပင်းတစ်နေရာ ရုတ်တရက် ပေါ်လာသည်။ ထိုနေရာတွင် အသက်ရှူလိုက်တိုင်း လှုပ်ခါနေသော လည်စေ့ပေါ်ရှိ မှဲ့နက်ကလေး...
သူမ မျက်နှာ ရုတ်တရက် နီရဲသွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ "ငါ့အကြောင်း မပြောပါနဲ့"
လျိုတို့ခို သည် ပါးစပ်ပိတ်ပြီး ခိုးရယ်လိုက်သည်။ ထို့နောက် ရှန်မြောင် ကို ကျေးဇူးတင်စကားဆိုကာ ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ရှန်မြောင် ၏ အချိန်များကို နှောင့်နှေးစေမိသည့်အတွက် အားနာကြောင်း ပြောဆိုလေသည်။ ရှန်မြောင် လည်း ယဉ်ကျေးမှုစကား အနည်းငယ် ပြန်လည်ပြောကြားလိုက်သည်။
လျိုတို့ခို၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရှန်မြောင်သည် စိတ်ထဲတွင် တွေးလိုက်မိ၏။ တို့ခို ရဲ့ စိတ်နေသဘောထားက မဆိုးပါဘူး။
ထိုသို့ တွေးမိလိုက်ရုံ ရှိသေးသည်။ လမ်းကြားထဲမှ အိမ်ခေါင်မိုးများပင် လန်ထွက်သွားလောက်သော အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။ "လျိုတို့ဟွား ... နင်ဝတ်ထားတာ ဘယ်သူ့အင်္ကျီတိုလဲ၊ နင် ဒီသူခိုးမလေး၊ ငါ့အဝတ်သေတ္တာကို မွှေပြန်ပြီမလား၊ ဒီကိုလာစမ်း၊ ရှန်းအာ အနောက်မှာ ပုန်းမနေနဲ့၊ လာခဲ့... နင့်ကို ရိုက်သတ်မယ်"
"အမေ... အမေ... ဒီမှာ လာကြည့်ပါဦး၊ အစ်မကြီး လူရိုက်ပြန်ပြီ"
ရှန်မြောင် - "..." ထားလိုက်ပါတော့၊ ကောက်ချက်ချတာ စောသွားတယ်။
သူမသည် ခြင်းတောင်းကို ကိုင်ကာ တံတားကို ဖြတ်ကူးသွားလိုက်သည်။ လမ်းတွင် လက်အောက်ငယ်သားများကို ခေါ်ဆောင်လာသော နည်းပြလင်းသည် ကျင်းလျန်တံတားကို ဖြတ်ကူးလာသည်ကို တွေ့ရသဖြင့် ရှန်မြောင် အဝေးမှနေ၍ ပြုံးကာ နှုတ်ဆက်လိုက်သည်။
သို့သော် နည်းပြလင်း က မျက်မှောင်ကြုတ်ထားပြီး ရှေ့တိုးလာကာ သူမကို တိုးတိုးလေး ပြောလေသည်။ "ရှန်ညန်ဇီ သတိထားပါ၊ ရုံးတော်က လွန်ခဲ့တဲ့ (၃) နှစ်က မြင်းရိုင်းကိစ္စကို ပြန်စစ်နေတယ်ထင်တယ်၊ ကျုပ်က အဲဒီတုန်းက မှတ်တမ်းထဲက သက်သေတွေကို လိုက်ရှာဖို့ အမိန့်ရထားလို့ပါ၊ အထက်က ဘာတွေ စဉ်းစားနေလဲတော့ မသိဘူး၊ ဒါပေမဲ့... အဲဒီမှတ်တမ်းထဲမှာ ရှန်ညန်ဇီ ရဲ့ ဆိုင်လိပ်စာရော၊ ခင်ဗျားတို့ မိဘတွေနဲ့ မောင်နှမသုံးယောက်ရဲ့ နာမည်တွေရော ပါနေတယ်..."
ရှန်မြောင်တစ်ယောက် ထူးဆန်းသွားတော့သည်။ ဒီကိစ္စက မတော်တဆမှုလို့ ဆုံးဖြတ်ပြီး ငွေ (၁၀) လျန်လောက် လျော်ကြေးပေးပြီး ပြီးသွားပြီ မဟုတ်လား။ ဘာလို့ အခုမှ ပြန်လှန်နေရတာလဲ။
"လာပြောပြပေးတာ ကျေးဇူးတင်ပါတယ် နည်းပြလင်း ၊ ကျွန်မ သတိထားပါ့မယ်" ရှန်မြောင်က အရိုအသေပြုလိုက်သည်။
နည်းပြလင်း ခေါင်းညိတ်ပြပြီး ခါးကြားမှ ဓားကို ကိုင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
သူမသည် တံတားထိပ်တွင် ရပ်လျက် စဉ်းစားခန်း ဝင်သွားတော့သည်။ ဘာလို့ ရုတ်တရက် အမှုဟောင်းကို ပြန်ဖော်တာလဲ။ အထက်လူကြီးတွေ မျက်စိပွင့်သွားပြီး မတရားမှု ဖြစ်ခဲ့တာကို တွေ့သွားလို့များလား။
ဟူး... ထားလိုက်ပါတော့။
ရှန်မြောင်လည်း သက်ပြင်းချပြီး နန်းတော်လမ်းမကြီးဘက်သို့ ဆက်ထွက်လာခဲ့သည်။
သူတို့လို ပြည်သူပြည်သားလေးများအနေဖြင့် ဘာမှ လုပ်နိုင်သည် မဟုတ်ပေ။ တစ်ခါတစ်ရံ ဤအချက်ကို သိလိုက်ရသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ သူမကဲ့သို့ သာမန်ပြည်သူလေးများသည် လှိုင်းလေထန်သော ပင်လယ်ထဲမှ လှိုင်းပုတ်ခံရသော ရေမြှုပ်လေးများကဲ့သို့ပင်။ မည်သို့သော မုန်တိုင်းနှင့် ကြုံတွေ့ရပါစေ ရေစီးအတိုင်း မျောပါရုံသာ ရှိသည်။ သူတို့က မတရားမှုပါဆိုလျှင် မတရားမှု ဖြစ်သွားမည်။ ပြန်စစ်မယ်ဆိုလျှင်လည်း ပြန်စစ်မည်။ သူမကဲ့သို့ ကာယကံရှင် မိသားစုဝင်များမှာ ဘာမှ မတတ်နိုင်ကြပေ။
အာဏာရှိသူများ၏ ရှေ့မှောက်တွင် တရားမျှတမှု ဆိုသည်မှာ တစ်ပြားသားမှ မတန်ပေ။
ရှန်မြောင် အပြင်ထွက်သွားချိန်တွင် ရှန်ကျိဆိုင်သို့ အရေးပါသော ဧည့်သည်တစ်ဦး ရောက်ရှိလာလေသည်။ အားထောင် ၊ ထန်အာ ၊ ဖူရှင်း ၊ ရှန်းအာ နှင့် ချန်ချွမ်း တို့သည် တန်းစီရပ်လျက် ပါးစပ်အဟောင်းသားဖြင့် ရှေ့မှလူကို ငေးကြည့်နေကြသည်။
"နဉ်ညန်ဇီ ... ဒီနေ့ သိုးသားဟင်းရည် လာသောက်တာ မဟုတ်ဘူးလား"
ပြန့်ကျင်းမြို့တွင် နာမည်အကြီးဆုံး အစိုးရအသိအမှတ်ပြု အောင်သွယ်တော် နဉ်ညန်ဇီသည် ခြေထောက်ကို ကြိုးချည်ထားသော ငန်းအရှင်တစ်ကောင်ကို ပွေ့ထားပြီး တောင်ပံခတ်ကာ ရုန်းကန်နေသော ငန်းကို မနည်းထိန်းချုပ်နေရင်း ပြန်ဖြေလေသည်။
"ဒီနေ့ ဟင်းရည်လာသောက်တာ မဟုတ်ဘူး၊ ရှဲ့မိသားစု ကိုယ်စား လာပြီး ကမ်းလှမ်းတာ"
"နင်တို့ သာ့ကျဲအာရော"
...