အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အပိုင်း (၁၅၉.၁) ချွန်းရှန်းရွက်ခေါက်ဆွဲသုပ်
မီးဖိုဆောင်ထဲတွင် ရှန်မြောင် သည် ပန်းပွင့်လေးများပါသော ခါးစည်းအဝတ်ကို စည်းထားပြီး အင်္ကျီလက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားသဖြင့် သွယ်လျသန်မာသော လက်မောင်းသားများကို ဖော်ပြထားသည်။ သူမသည် ချွန်းရှန်းရွက်များကို ရေနွေးဖျောပြီးနောက် ရေအေးဖြင့် ဆေးလိုက်သည်။ ထို့နောက်မှ ချွန်းရှန်းရွက်များကို စဉ်းတီတုံးပေါ်တွင် သပ်ရပ်စွာ စီထားပြီး ဘေးရှိ ဓားမကြီးကို ကိုင်ကာ "ဒေါက် ဒေါက် ဒေါက်"နှင့် လှီးဖြတ်လိုက်လေသည်။ ခဏအကြာတွင် စဉ်းတီတုံးပေါ်၌ ချွန်းရှန်းရွက် အပိုင်းအစလေးများပုံကြီး ဖြစ်လာလေသည်။
ထူးခြားပြီး ပြင်းထန်သော မွှေးရနံ့တစ်ခုလည်း ပျံ့လွင့်လာသည်။
ရှန်းအာ နှင့် အားထောင် တို့သည် မီးဖိုဆောင် ပြတင်းပေါက်အပြင်ဘက်မှ တိတ်တဆိတ် ချောင်းကြည့်နေကြသည်။ ရှန်မြောင်သည် ဘာမှမဖြစ်ခဲ့သလို ချွန်းရှန်းရွက်ကြက်ဥကြော် လုပ်နေသည်ကို တွေ့လိုက်ရသောအခါ မနေနိုင်ဘဲ ထိုင်ချလိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
"ညန်ဇီ က မင်္ဂလာဆောင်ဖို့ အစဉ်အလား‘၆’ ဆင့်တောင် စလုပ်နေပြီ၊ ဘာလို့ ဒီလောက် အေးဆေးနေရတာလဲ" အားထောင် က မေးကို လက်ထောက်ကာ ပြောလိုက်သည်။
"ငါလည်း မသိဘူး" ရှန်းအာ ကလည်း သူမကို အတုခိုးပြီး မေးကို လက်ထောက်ကာ ပြန်ဖြေသည်။
ခုနက နဉ်ညန်ဇီ ပြန်သွားသည်နှင့် ရှန်မြောင် က ညစာအတွက် ချွန်းရှန်းရွက်ခေါက်ဆွဲသုပ် နှင့် ချွန်းရှန်းရွက်ကြက်ဥကြော် စားကြမည်ဖြစ်ကြောင်း စိတ်အားထက်သန်စွာ ကြေညာလေသည်။ နွေဦးတွင် ဤလတ်ဆတ်သော အရသာကို မစားရလျှင် နွေဦးရာသီ ကုန်ဆုံးသွားသည်မှာ နှမြောစရာကောင်းသည်ဟုလည်း ပြောသေးသည်။
"ကြည့်ရတာ ညန်ဇီ က မင်္ဂလာဆောင်ရမှာထက် ချွန်းရှန်းရွက်ကြက်ဥကြော် စားရမှာကို ပိုစိတ်လှုပ်ရှားနေသလိုပဲ" အားထောင်သည် ကြောင်သွားပြီး ရှန်းအာ ဘက်သို့ လှည့်မေးလိုက်သည်။ "ချွန်းရှန်းရွက်က အဲလောက် စားလို့ကောင်းလား"
ရှန်းအာက တံတွေးမြိုချလိုက်ပြီး အတည်ပြုပြောကြားလေသည်။ "စားလို့ကောင်းတယ်"
အားထောင် : "..."
သူမသည် ခေါင်းပြန်လှည့်ကာ ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်သည်။ ရှန်ညန်ဇီ သည် လမ်းမကြီး ပေါ်ရှိ အမြန်စားဆိုင်တွင် ရှိနေစဉ် ထန်အာ က အမောတကော သွားခေါ်သဖြင့် ပြန်လာခဲ့သည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် နဉ်ညန်ဇီ ၏ ရင်ခွင်ထဲတွင် လည်ပင်း၌ ပိုးပုဝါနီကြီး စည်းထားပြီး ခြေထောက်တွင် အနီရောင်ဖဲကြိုး ချည်ထားသော မင်္ဂလာရှိသည့် ငန်းအရှင်ကြီးကို တွေ့လိုက်ရသည်။
ရှန်မြောင်သည် ကြည့်လိုက်သည်နှင့် ချက်ချင်း နားလည်သွားသည်။
ရှန်ညန်ဇီ ပြန်မရောက်ခင်ကတည်းက အားထောင် ၊ ဖူရှင်း ၊ ရှန်းအာ နှင့် ချန်ချွမ်း တို့သည် နဉ်ညန်ဇီ ကို စိတ်လှုပ်ရှားစွာဖြင့် ခြံဝင်းထဲသို့ ဖိတ်ခေါ်ပြီး မုန့်နှင့် ရေနွေးကြမ်း တည်ခင်းဧည့်ခံထားကြသည်။ သူတို့သည် နဉ်ညန်ဇီအား ဝိုင်းအုံပြီး မေးခွန်းပေါင်းများစွာ မေးမြန်းခဲ့ကြသည်။ ဥပမာ : ရှဲ့မိသားစုက လူလာလား၊ ဘယ်သူလာတာလဲ၊ ဘယ်မှာလဲ၊ ရှဲ့မိသားစုက ဘာပြောလဲ၊ ပြီးတော့ ရှဲ့မိသားစုက ဒီလောက် လှပတဲ့ ငန်းအရှင်ကြီးကို ဘယ်ကဖမ်းလာတာလဲ၊ တကယ်ကို ဂရုစိုက်တာပဲ ဆိုပြီး တရစပ် မေးမြန်းကြရာ နဉ်ညန်ဇီ မှာ ဖြေပင် မဖြေနိုင်တော့ပေ။
"မင်္ဂလာလက်စွဲကျမ်း" တွင် "ကမ်းလှမ်းခြင်းအတွက် ငန်းကို အသုံးပြုသည်" ဟု ရေးသားထားသည်။ ၎င်းသည် ကျိုးခေတ် ကတည်းက ယနေ့တိုင် ဆက်လက်တည်ရှိနေသော မင်္ဂလာဆောင် ဓလေ့တစ်ခု ဖြစ်လေသည်။
ငန်းသည် ရာသီအလိုက် ရွှေ့ပြောင်းတတ်သော ငှက်ဖြစ်သည်။ ဆောင်းဦးတွင် တောင်ဘက်သို့ ပျံသန်းပြီး နွေဦးတွင် မြောက်ဘက်သို့ ပြန်လာတတ်သည်။ အချိန်မှန်ပြီး ရာသီဥတုကို မလွန်ဆန်ပေ။ ထို့အပြင် သစ္စာရှိသည်။ တစ်ကောင်သေလျှင် ကျန်တစ်ကောင်သည် နောက်အိမ်ထောင် မပြုတော့ပေ။ ထို့ကြောင့် သစ္စာရှိခြင်းနှင့် ရာသက်ပန် ပေါင်းသင်းခြင်း ဟူသော မင်္ဂလာအဓိပ္ပာယ်ကို ဆောင်လေသည်။
သို့သော် ယခုနောက်ပိုင်း ငန်းအရှင် ရှာရခက်ခဲလာသည်။ ငန်းအရှင်ကို လူရှာခိုင်းပြီး ဖမ်းလျှင်လည်း ဈေးကြီးလွန်းသည်။ ထို့ကြောင့် အိမ်တော်တော်များများက ဘဲငန်း သို့မဟုတ် သစ်သားထွင်းထားသော ငန်းရုပ်များဖြင့်သာ ပြီးစလွယ် လုပ်ကြသည်။ ချမ်းသာသော အိမ်များက ကြေးငန်းရုပ် တစ်စုံ လုပ်တတ်ကြသည်။
ရှဲ့မိသားစု ပို့လိုက်သော ငန်းကြီးမှာ လှပပြီး ကြီးမားသည်။ အညိုရောင်သမ်းသော ခေါင်း၊ နှုတ်သီးမှ လည်ပင်းဘေးဘက်အထိ ကျယ်ပြန့်သော အဖြူရောင် အစင်းကြောင်း ပါရှိပြီး အမွေးအတောင်များ စုံလင်လှသည်။ တောင်ပံခတ်လိုက်လျှင် အားကောင်းမောင်းသန် ရှိလှသည်။ ကြည့်ရတာ ငန်းခေါင်းဆောင် ဖြစ်ပုံရသည်။
လူတိုင်းက စိတ်လှုပ်ရှားနေကြသော်လည်း ထိုအချိန်တွင် ရှန်မြောင်သည် ဝင်လာပြီး ငန်းနှင့် နဉ်ညန်ဇီ ကို မြင်သောအခါ ပြုံးရုံသာ ပြုံးလိုက်၏။
ထို့နောက် တည်ငြိမ်စွာ အရိုအသေပြုလိုက်သည်။ "နဉ်ညန်ဇီ မင်္ဂလာပါ"
"ကျွန်မကလည်း ရှန်ညန်ဇီ ကို ဂုဏ်ပြုပါတယ်" နဉ်ညန်ဇီ လည်း အလျင်အမြန် ထပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။ ရှန်မြောင် ၏ မျက်နှာထား တည်ငြိမ်ပြီး ဟန်ဆောင်မှု ကင်းမဲ့နေသည်ကို မြင်သောအခါ စိတ်ထဲတွင် ချီးကျူးလိုက်မိသည်။ ထို့နောက် ညင်သာစွာ ရှင်းပြလေသည်။ "ရှန်ညန်ဇီ မှာ မိဘနဲ့ မောင်ဘွား မရှိပေမဲ့ ဦးကြီးတစ်ယောက် ရှိတယ်လေ၊ ကျွန်မက အစတုန်းက မြို့ပြင်သွားပြီး သူနဲ့ ဒီကိစ္စ ဆွေးနွေးမလို့ပါ၊ ဒါပေမဲ့ ချန်ကျိုးက ရှဲ့မိသားစု လွှတ်လိုက်တဲ့ တာဝန်ခံက မှာလိုက်တယ်၊ ရှန်ညန်ဇီ အိမ်ကိုပဲ တိုက်ရိုက်လာပြီး ကမ်းလှမ်းပါတဲ့... ဒါကြောင့် ဒီနေ့ ကျွန်မ ရဲတင်းပြီး လာခဲ့တာပါ၊ ရှန်ညန်ဇီ အပြစ်မမြင်ပါနဲ့"
အားထောင်တစ်ယောက် ကြားလိုက်ရသဖြင့် မျက်လုံးများ အရောင်တောက်လာသည်။ ဒီခေတ်တွင် "စာသုံးစောင် အစဉ်အလားခြောက်ဆင့်" အခမ်းအနား လုပ်ရာ၌ သတို့သားနှင့် သတို့သမီး ရှိနေရန် မလိုပေ။ အောင်သွယ်တော်နှင့် မိဘများ ရှိလျှင် လုံလောက်ပြီ။ သို့သော် ရှန်ညန်ဇီ တွင် မိဘမရှိသဖြင့် ထုံးစံအရ ရှန်ဦးကြီး နှင့် တင်းရှီ တို့ကို ဖိတ်ကြားရမည် ဖြစ်သည်။ သို့သော် သူမကဲ့သို့ နောက်မှရောက်လာသော အစေခံတစ်ယောက်ပင် ရှန်ညန်ဇီ နှင့် သူမဦးကြီးမိသားစု အဆက်အသွယ် မလုပ်တော့သည်ကို သိရှိသည်။ ရှဲ့မိသားစု... မဟုတ်ဘူး... ကျိုကော က သူမနှင့် သူမဦးကြီး မတည့်သည်ကို ကြိုသိပြီး မိဘများကို မှာကြားထားခဲ့ခြင်း ဖြစ်မည်။
အို... ကျိုကော က တကယ့်ကို စိတ်ထားနုညံ့တာပဲ၊ နေရာတိုင်းမှာ ရှန်ညန်ဇီ ကို ဦးစားပေးတယ်။ အားထောင် ဒီအချက်ကို သိလိုက်ရတော့ ရင်ထဲမှာ ပျားရည်စားလိုက်ရသလို ချိုမြိန်သွားသည်။
ရှန်မြောင် လည်း ပြုံးပြီး ပြန်ဖြေလေသည်။ "အပြစ်မြင်စရာ မရှိပါဘူး၊ မိဘတွေ မရှိတော့ပေမဲ့ ဦးကြီးနဲ့ကြီးတော်က မေတ္တာမရှိကြဘူး၊ ကျွန်မနဲ့ ဦးကြီးမိသားစုက အဆင်မပြေတာ ကြာပြီ၊ သူတို့ လာဆုံးဖြတ်ပေးလို့ ဘာထူးမှာလဲ၊ သူတို့က ကျွန်မအတွက် ခန်းဝင်ပစ္စည်း ပြင်ဆင်ပေးမှာလည်း မဟုတ်ဘူး၊ ဒီမင်္ဂလာကိစ္စကို ကျွန်မဘာသာ ဆုံးဖြတ်တာ ဘာဖြစ်လဲ"
တကယ့်ကို ပွင့်လင်းပြီး ထိမိတာပဲ။ အားထောင် စိတ်ထဲတွင် သူမသခင်မလေးကို ထပ်မံ ချီးကျူးလိုက်မိသည်။ တို့သခင်မလေးက တကယ်မိုက်တာပဲ။ အိမ်ထောင်ဦးစီး လုပ်လာတဲ့ သခင်မလေး ပီသပါပေတယ်။ ပြတ်သားတယ်။
ဒီစကားကြားတော့ နဉ်ညန်ဇီ လည်း ဒီ ရှန်ညန်ဇီ ရဲ့ စိတ်ဓာတ်ကို နားလည်သွားပြီ။
ကောင်းပြီလေ၊ စကားဝိုက်မနေတော့ဘူး။ နဉ်ညန်ဇီ ချက်ချင်းပင် မတ်တပ်ရပ်ပြီး အမွေးအမျှင် တောက်ပကာ လှပသော ငန်းကြီးကို လက်နှစ်ဖက်ဖြင့် ပင့်မလျက် ရှန်မြောင်အား ပေးအပ်လိုက်ပြီး လေးလေးနက်နက် ပြောလေသည်။ "ကျွန်မက ရှဲ့မိသားစုရဲ့ အကူအညီတောင်းခံရလို့ ဒီနေ့ ရှန်မိသားစုကို လာပြီး ကမ်းလှမ်းတာပါ၊ ဒီငန်းကြီးက ရှဲ့မိသားစုရဲ့ စေတနာပါ၊ ရှန်ညန်ဇီ လက်ခံပေးပါ၊ ဒီငန်းကြီးက သတင်းစကားပါးပြီး နှစ်ဖက်မိသားစုရဲ့ ကောင်းမွန်တဲ့ ကံကြမ္မာကို ဖွင့်လှစ်ပေးပါလိမ့်မယ်"
ရှန်မြောင်သည် လက်ကမ်းပြီး ငန်းကို လှမ်းယူကာ ရင်ခွင်ထဲတွင် ပွေ့ထားလိုက်သည်။ ထို့နောက် ငွေနှစ်ကွမ်း (၂၀၀၀) ထုတ်ပြီး နဉ်ညန်ဇီ ကို ပေးလိုက်သည်။ "နဉ်ညန်ဇီ ပင်ပန်းသွားပြီ၊ ဒါလေး လက်ခံပေးပါ"
"ရှဲ့မိသားစုက ပေးပြီးသားပါ" နဉ်ညန်ဇီ က လက်ကာပြီး ငြင်းလိုက်ပြီးပြုံးလျက် ဆက်ပြောလေသည်။ "ဒါဆိုရင် ကမ်းလှမ်းခြင်း အခမ်းအနား ပြီးဆုံးပါပြီ၊ နောက်ကျရင် ရှန်ညန်ဇီ က လူလွှတ်ပြီး ဒီငန်းကို ကျင်းမင်ကန်ဘေးမှာ သွားလွှတ်လိုက်ရုံပါပဲ၊ ဒါနဲ့... တင်တောင်းခြင်း အဆင့်ရောက်ရင် ရှဲ့မိသားစုက တင်တောင်းပစ္စည်းစာရင်းကို စာရင်းလုပ်ပြီး လူလွှတ်ကာ ပစ္စည်းတွေ လာပို့ပါလိမ့်မယ်၊ ရှန်ညန်ဇီ ဘက်ကလည်း ခန်းဝင်ပစ္စည်းစာရင်းကို လုပ်ထားရမယ်၊ ပြီးတော့ မိန်းကလေးဘက်က မင်္ဂလာစာချုပ် ကိုလည်း ပြင်ဆင်ထားရမယ်၊ အဲဒီကျရင် အပြန်အလှန် လဲလှယ်ကြတာပေါ့၊ နောက်ဆုံးကျမှ နှစ်ဖက်မိသားစုက ဗေဒင်ဆရာ ကို ဖိတ်ပြီး မင်္ဂလာရက် ရွေးလိုက်ရင် စေ့စပ်ခြင်း ပြီးပြည့်စုံသွားပြီ"
အားထောင် သည် ရှန်ညန်ဇီ ထက်ပင် နားစွင့်နေပြီး စိတ်ထဲတွင် ရှဲ့မိသားစု တင်တောင်းပစ္စည်းများ လာပို့မည့် စည်ကားသိုက်မြိုက်သော ပုံရိပ်များကို တွေးတောကာ ပျော်လွန်းသဖြင့် ခြေဆောင့်ပြီး ခုန်ပေါက်ချင်စိတ် ပေါက်နေတော့သည်။ သို့သော် ရှန်ညန်ဇီ ကမူ ခေါင်းညိတ်ရုံသာ ညိတ်လိုက်ပြီး သူမ ပြင်ဆင်ရမည့်အရာ နှစ်ခုကို မှတ်သားလိုက်သည်။ ထို့နောက် နဉ်ညန်ဇီ ကို ထပ်မံ ကျေးဇူးတင်လိုက်သည်။ "အကြံပေးတာ ကျေးဇူးပါ နဉ်ညန်ဇီ ၊ ခဏလောက် ထိုင်ပါဦးလား၊ ညနေစာ စားပြီးမှ ပြန်ပါလား"
"မစားတော့ပါဘူး၊ ကျွန်မ သွားပြောပေးရမယ့် အိမ်တွေ ကျန်သေးလို့ပါ" နဉ်ညန်ဇီ က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"ဒါဆို ကျွန်မ နဉ်ညန်ဇီ ကို လိုက်ပို့ပေးပါမယ်" သူမသည် နဉ်ညန်ဇီ ကို တံခါးဝအထိ လိုက်ပို့လိုက်သည်။
ပြန်ရောက်လာသောအခါ ခြံဝင်းထဲတွင် လူကြီးလူငယ်မရွေး သူမကို တိတ်တဆိတ် ကြည့်နေကြသည်ကို တွေ့ရသဖြင့် ထူးဆန်းသွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ၊ ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ၊ ဗိုက်ဆာလို့လား၊ ခဏနေရင် ချွန်းရှန်းရွက် ဟင်းပွဲစုံ လုပ်စားကြမယ်လေ၊ ဒါနဲ့... ထန်အာ ... ခဏနေရင် ငန်းကို သွားလွှတ်လိုက်တော့၊ ခြေထောက်ကို ဒီတိုင်း ချည်မထားနဲ့တော့"
ထို့ကြောင့် ထန်အာ သည် ကြောင်တောင်တောင်ဖြင့် ငန်းကို ပွေ့ကာ ထွက်ခွာသွားလေသည်။
အားထောင် က ရှန်ညန်ဇီ သိပ်ပြီး တည်ငြိမ်လွန်းနေသည်ဟု ခံစားမိသည်။ ဒါက သူမရဲ့ တစ်သက်တာကိစ္စလေ။
"မကြီးက ရုံးတော်သွားပြီး အလုပ်ကိစ္စ သွားလုပ်သလိုပဲ" ချန်ချွမ်း ကလည်း လေထင် ကို ဖက်ပြီး ထိုအတိုင်း ပြောလေသည်။
ရှန်းအာ က ကြက်ပေါင်ပေါင်းကို ကိုက်ဝါးရင်း ဘေးကနေ ခေါင်းခါပြလေသည်။ "မဟုတ်ဘူး မဟုတ်ဘူး၊ မကြီးက ခုနတုန်းက နဉ်ညန်ဇီ နဲ့ ဈေးသွားပြီး ဟင်းသီးဟင်းရွက် အတူတူဝယ်ဖို့ ချိန်းနေသလိုပဲ"
အားထောင်က အတင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဟုတ်တယ် ဟုတ်တယ်။
ရှန်မြောင် စဉ်းစားလိုက်ပြီး ရင်ဘတ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ကို ဟန်လုပ်ပြီး ထုတ်လိုက်ကာ မျက်ရည်မရှိသော မျက်ဝန်းထောင့်ကို တို့ထိလိုက်၏။ "အမလေး... ပျော်လွန်းလို့ မျက်ရည်တောင် ကျမိတယ်"
ခြံဝင်းထဲတွင် တိတ်ဆိတ်သွားပြီး ခေါင်းပေါ်မှ ဖြတ်ပျံသွားသော စာကလေးငှက်၏ အသံကိုသာ ကြားနေရသည်။
ရှန်မြောင်က လက်ကိုင်ပဝါကို သိမ်းပြီး ပြုံးလိုက်ကာ "ကဲပါ... ဒါက ပြောပြီးသား ကိစ္စပဲဟာ၊ ငါ့စိတ်ထဲမှာ ပျော်ပါတယ်၊ ထုတ်မပြမိရုံပါ၊ အချိန်မစောတော့ဘူး၊ ငါ ညစာ သွားချက်လိုက်ဦးမယ်၊ နင်တို့ဘာသာ သွားဆော့ကြတော့"
အားထောင် သည် ရှန်ညန်ဇီ မီးဖိုဆောင်ထဲ ဝင်သွားပြီး မနက်က လယ်သမား လာပို့ထားသော ချွန်းရှန်းရွက်များကို ဆေးကြောကာ ချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။ သူမ၏ မျက်နှာထားသည်လည်း ပုံမှန်အတိုင်းပင်။
"ရှန်ညန်ဇီ က အရမ်းတော်လွန်းလို့ ဒီလိုကိစ္စကြီး ကြုံတာတောင် မျက်နှာမပြောင်းဘူး" အားထောင်က ကောက်ချက်ချလိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ် တင်ထားသော လက်ကို ရုပ်သိမ်းကာ ရှေ့ဆိုင်ခန်းသို့ ပြန်သွားပြီး အလုပ်လုပ်လေတော့သည်။
ပြတင်းပေါက်ထဲတွင် ရှန်မြောင် သည် ဝါးခြင်းတောင်းထဲသို့ လက်နှိုက်ပြီး ကြက်ဥအလုံးဝိုင်းဝိုင်းလေးများကို ထုတ်ယူလိုက်သည်။ ဒေါက်ခနဲ့ ပန်းကန်လုံးအနားတွင် ရိုက်ခွဲလိုက်ရာ ရွှေရောင်အနှစ်နှင့် ကြည်လင်သော အကာတို့သည် အက်ကြောင်းကြားမှ ပန်းကန်ထဲသို့ စီးကျသွားသည်။ သူမသည် တူကို ကိုင်ကာ လျင်မြန်စွာ မွှေလိုက်ပြီး ကြက်ဥအနှစ်နှင့် အကာတို့သည် အပေါ်အောက် လှုပ်ရှားပြီး မကြာမီ တစ်သားတည်း ဖြစ်သွားသည်။ ထို့နောက် လှီးထားသော ချွန်းရှန်းရွက်များကို ကြက်ဥရည်ထဲသို့ လောင်းထည့်လိုက်ပြီး ဆားအနည်းငယ် ဖြူးကာ နှမ်းဆီအနည်းငယ် ထည့်ပြီး ထပ်မံမွှေလိုက်သည်။
ဆီအိုးတည်လိုက်ပြီး ဆီပူလာသောအခါ မွှေထားသော ချွန်းရှန်းရွက် ကြက်ဥရည်ကို အိုးထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်သည်။
ကြက်ဥရည် အိုးထဲရောက်သည်နှင့် "တစီစီ" အသံ ထွက်ပေါ်လာပြီး အိုးအောက်ခြေတွင် ချက်ချင်း ပြန့်ကားသွားကာ အနားသတ်များ၌ ရွှေရောင်ပူပေါင်းလေးများ ထလာလေသည်။ တစ်ချိန်တည်းမှာပင် ချွန်းရှန်းရွက်၏ ထူးခြားသော မွှေးရနံ့သည် ရေငွေ့နှင့်အတူ ပျံ့လွင့်လာပြီး မီးဖိုဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ကြက်ဥရည် တဖြည်းဖြည်း ခဲသွားပြီး အောက်ခြေတွင် အရောင်ပြောင်းကာ ပုံကျသွားသောအခါ ရှန်မြောင်သည် ယောက်မကို ကိုင်ပြီး ပေါ့ပါးသွက်လက်စွာဖြင့် ကြက်ဥတစ်ချပ်လုံးကို လှန်လိုက်သည်။
ချွန်းရှန်းရွက် အစိမ်းရောင် အစက်အပြောက်လေးများသည် ရွှေဝါရောင် ကြက်ဥကြော်ထဲတွင် မြှုပ်ဝင်နေပြီး မွှေးရနံ့လည်း ပိုမိုပြင်းထန်လာသည်။
မီးအေးအေးဖြင့် နှစ်ဖက်စလုံး ရွှေဝါရောင်သမ်းသည်အထိ ကြော်ပြီးနောက် ပန်းကန်ထဲ ထည့်လိုက်သည်။
ရှန်မြောင် အနံ့ခံကြည့်လိုက်ပြီး ကျေနပ်စွာဖြင့် ပန်းကန်ထဲ ထည့်လိုက်သည်။ အချို့ဒေသများတွင် ချွန်းရှန်းရွက်၏ မွှေးရနံ့ ပျက်စီးသွားမည် စိုးသဖြင့် ချွန်းရှန်းရွက်ကို ရေနွေးမဖျောဘဲ စားကြသည်။ သို့သော် ရှန်မြောင် ကမူ ကျန်းမာရေးအတွက် ရေနွေးဖျောလိုက်ခြင်း ဖြစ်သည်။
ချွန်းရှန်းရွက်သည် စားကောင်းသော်လည်း ရေနွေးမဖျောလျှင် အစာအဆိပ်သင့်နိုင်သည်။
ရေနွေးဖျောပြီး ရေအေးဆေးလိုက်သော်လည်း အညွန့်လေးများ၏ မူလရှိရင်းစွဲ ကြွပ်ရွချိုမြိန်မှုကို ထိန်းသိမ်းထားနိုင်ပြီး မွှေးရနံ့လည်း လုံးဝပျောက်ကွယ်သွားခြင်း မရှိပေ။ သို့သော် ရေနွေးမဖျောသည်နှင့် ယှဉ်လျှင် အနည်းငယ် ပေါ့သွားမည်ဖြစ်သည်။ ထို့အပြင် ရေနွေးဖျောလိုက်သည်နှင့် အနီရောင် ချွန်းရှန်းရွက်များသည် အစိမ်းရောင် ပြောင်းသွားသဖြင့် မူလလောက် ကြည့်မကောင်းတော့ပေ။
ကောက်ပဲသီးနှံမိုး မကျမီ ထွက်သော ချွန်းရှန်းရွက်သည် အရသာရှိပြီး နိုက်ထရိတ်ပါဝင်မှု နည်းသဖြင့် တစ်ခါစားရုံဖြင့် လုံလောက်လေသည်။
ရှန်မြောင်သည် ကြက်ဥကြော်ကို ဘေးဖယ်ထားပြီး ချွန်းရှန်းရွက်ခေါက်ဆွဲသုပ် လုပ်ရန် ပြင်ဆင်လိုက်၏။ အိုးဆေးနေရင်း ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ပြတင်းပေါက်အောက်ခြေမှ ချောင်းကြည့်နေသော ခေါင်းလုံးလုံးလေး နှစ်လုံး ပျောက်သွားပြီဖြစ်ပြီး ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။
သူမသည် သဘက်ကို ချထားလိုက်ပြီး မီးဖိုခုံကို ကျောပေးကာ ရင်ဘတ်ကို ဖိလျက် အသက်ပြင်းပြင်း ရှူလိုက်တော့သည်။ ထို့နောက် ရေတစ်ခွက်ခပ်ကာ မျက်နှာသစ်လိုက်မှသာ နဉ်ညန်ဇီ ရောက်လာကတည်းက ပြင်းထန်စွာ ခုန်နေသော နှလုံးခုန်သံများ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
သီသီလေး။ ခုနက အပြင်မှာ စိတ်မထိန်းနိုင် ဖြစ်တော့မလို့။
ဒီဘဝမှာ... သာ့ကျဲအာနဲ့ ရုံတာ့လန် တို့ရဲ့ အိမ်ထောင်ရေးကို ထည့်တွက်မယ်ဆိုရင် သူမခန္ဓာကိုယ်က ဒုတိယအကြိမ် အိမ်ထောင်ပြုတာ ဖြစ်တယ်။ ဒါပေမဲ့ သူမကိုယ်တိုင်၊ ဒီခန္ဓာကိုယ်ထဲက သူမပိုင်ဆိုင်တဲ့ "ဝိညာဉ်" အနေနဲ့ ပြောရရင်... ဘဝနှစ်ခု ပေါင်းမှ ပထမဆုံးအကြိမ် သူများနဲ့ လက်ထပ်ရမှာ။ သူမ ဘယ်လောက် ဆုံးဖြတ်ချက်ချထားရတယ်ဆိုတာ သူမကိုယ်တိုင်ပဲ သိလိမ့်မယ်။
ရှန်မြောင်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဓားကို ပြန်ကိုင်ကာ ခေါက်ဆွဲများကို တစ်ချောင်းချင်း လှီးဖြတ်လိုက်၏။
ဘေးတွင် ရေနွေးအိုး ဆူနေပြီဖြစ်ကာ ပဲပင်ပေါက်အချို့ ထည့်ပြုတ်ပြီး အမြန်ဆယ်ကာ ရေအေးဆေးလိုက်သည်။ ထို့နောက် ခုနက ကြက်ဥကြော်ရာတွင် မကုန်ဘဲ ကျန်နေသော ချွန်းရှန်းရွက်များနှင့်အတူ ပန်းကန်လုံးထဲ ထည့်ထားလိုက်သည်။
သူမသည် ယခင်ဘဝက အဘိုးဖြစ်သူ မေးခဲ့သည်ကို ရုတ်တရက် သတိရလိုက်မိသည်။ ဘာဖြစ်လို့ အခုထိ လက်မထပ်သေးတာလဲ၊ အခုခေတ်က ဖိစီးမှုများပြီး အလုပ်ရှုပ်လို့လား၊ ဒါမှမဟုတ် ဘေးနားက သူငယ်ချင်းတွေ လက်ထပ်ပြီး စိတ်ညစ်စရာတွေ ဖြစ်နေကြတာ တွေ့လို့လား၊ ဒါမှမဟုတ် အိမ်ထောင်မပြုဝါဒီလား၊ ဒါမှမဟုတ် ယောက်ျားလေးတွေကို မကြိုက်လို့လား။
နောက်ဆုံးမေးခွန်းကြောင့် လက်ဖက်ရည်သောက်နေသော ရှန်မြောင် သီးမတတ် ဖြစ်သွားခဲ့သည်။
အဘိုးကတော့ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောလေသည်။ "ပြောလေ၊ သမီး ဘယ်လိုအကြောင်းပြချက်ပဲ ပေးပေး အဘိုး ထောက်ခံတယ်"
ရှန်မြောင်တစ်ယောက် ပြုံးလိုက်မိတော့သည်။ သူမ အမြဲတမ်း သိထားသည်မှာ သူမအဘိုးသည် အတင်းအကျပ် လက်ထပ်ခိုင်းသော အခြားမိဘများထက် ပိုမိုပွင့်လင်းမြင်သာမှု ရှိသည်။ ထို့ကြောင့်သာ သူမနှင့် အေးအေးဆေးဆေး ဆွေးနွေးနိုင်ခြင်း ဖြစ်လေသည်။
အဲဒီတုန်းက သူမ ဘယ်လို ဖြေခဲ့သလဲ။ သူမ တစ်ခုချင်းစီ ငြင်းခဲ့သည်။ "အလုပ်များတာလည်း ဟုတ်တယ်၊ ဖိစီးမှုများတာလည်း ဟုတ်တယ်၊ ဒါပေမဲ့ အဲဒါကြောင့် မဟုတ်ပါဘူး။ သူငယ်ချင်းတွေ လက်ထပ်ပြီးရင် ဆိုးကျိုးက ကောင်းကျိုးထက် များတယ်ဆိုတာ သတိထားစရာတော့ ဟုတ်ပေမဲ့ အဲဒါကြောင့်လည်း မဟုတ်ပါဘူး၊ သမီးဘေးမှာ အချစ်စစ်နဲ့ ပေါင်းဖက်ပြီး ပျော်ရွှင်နေကြတဲ့ စုံတွဲတွေလည်း ရှိပါတယ်၊ အိမ်ထောင်မပြုဝါဒီ၊ လိင်ကိစ္စတွေကြောင့် ဆိုတာကတော့ ပိုလို့တောင် မဟုတ်သေးဘူး"
"ဒါဆို ဘာလို့လဲ"
ထိုအချိန်က ရှန်မြောင် သည် အိမ်အပြင်ဘက်မှ မီးရောင်စုံများကို ငေးကြည့်ရင်း အသံတိုးတိုးဖြင့် ပြောခဲ့သည်။ "သမီးက သမီး တကယ်ချစ်ပြီး သမီးကိုလည်း တကယ်ချစ်တဲ့သူကို ရှာချင်လို့ပါ၊ သမီးချစ်တဲ့၊ သမီးအရမ်းချစ်တဲ့သူ ဖြစ်မှ ရမှာ"
အရင်ဘဝတုန်းက သူမ ရှာမတွေ့ခင် သေဆုံးသွားခဲ့သည်။
ဒါပေမဲ့ ဒီဘဝမှာတော့ ကံကောင်းထောက်မစွာဖြင့် သူမ စောစောစီးစီး တွေ့ရှိခဲ့ပြီ။
မြောက်ဘက်သို့ ဆန်တက်လာသော စပါးသယ်လှေတစ်စင်း၊ မှိုနှင့် အသားဆော့စ် ခေါက်ဆွဲပြုတ်တစ်ပွဲ၊ ချဉ်စူးစူး တောပန်းသီးတစ်အိတ်။
ရေစက်က သိမ်မွေ့သလောက် ထောင်ချီသော ကြိုးမျှင်များဖြင့် ဆက်နွယ်နေလေသည်။
ရှန်မြောင် အတိတ်ကို ပြန်တွေးနေမိသော်လည်း လက်ကတော့ ခေါက်ဆွဲသုပ်အတွက် အနှစ်ကို ကျွမ်းကျင်စွာ ပြုလုပ်နေသည်။ ကြက်သွန်ဖြူထောင်း၊ ကြက်သွန်မြိတ်၊ နှမ်း၊ မြေပဲလှော်ထောင်းတို့ကို ထည့်ပြီး ဆီပူပူ လောင်းထည့်လိုက်ရာ မွှေးကြိုင်သော အနံ့များ ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် ပဲငံပြာရည်၊ ရှာလကာရည်နှင့် ဆား ထည့်လိုက်သည်။
မွှေလိုက်လျှင် ရိုးရှင်းပြီး မွှေးကြိုင်သော အနှစ် ရရှိပြီ ဖြစ်လေသည်။
ခေါက်ဆွဲပြုတ်ပြီး ဆယ်လိုက်သည်။ ထို့နောက် ပန်းကန်လုံးထဲတွင် ခေါက်ဆွဲ၊ ပဲပင်ပေါက်၊ ချွန်းရှန်းရွက်၊ တစ်စီးတည်း လှီးထားသော ချွန်းရှန်းရွက်ကြက်ဥကြော်တို့ကို ခွဲထည့်ပြီး ခုနက ဖျော်ထားသော အနှစ်ကို လောင်းထည့်လိုက်သည်။
ဒီခေါက်ဆွဲကို ရှန်မြောင် မနက်ဖြန်ကျရင် ရောင်းဖို့ စီစဉ်ထားသည်။ ဒီနေ့တော့ အားလုံးကို အရင်မြည်းစမ်းခိုင်းလိုက်မည်။
ရှန်မြောင်က ပြတင်းပေါက် ဖွင့်လိုက်ကာ "ဖူရှင်း ... ကျိုကော ကို ထမင်းစားဖို့ သွားခေါ်လိုက်" ပြီးနောက် အားထောင် ဘက်သို့ လှည့်အော်လိုက်လေသည်။ "ခေါက်ဆွဲ ရပြီ၊ စားပွဲခင်းလိုက်တော့၊ ခဏနေရင် ကိုယ့်ဘာသာ ဝင်ယူကြနော်"
...
အပိုင်း (၁၅၉.၂)
ရှန်မြောင် ပြောပြီးသည်နှင့် ချက်ချင်းပင် ဆိုင်ထဲသို့ ဧည့်သည်တစ်ယောက် ဝင်လာပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ "လူရှိလား"
"ရှိတယ် ရှိတယ်၊ ခဏလေးနော်၊ အခု လာပါပြီ" အားထောင် သည် စားပွဲကို အမြန်ခင်းကျင်းလိုက်ပြီး အပြင်ထွက်ကာ ဧည့်သည်ကို ကြိုဆိုလိုက်သည်။
ရှန်မြောင် သည် မီးဖိုဆောင်ထဲမှ လှမ်းကြည့်လိုက်ရာ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ဟန်တူသည်။ သူသည် သပ်ရပ်လှပသော ပန်းထိုးပိုးသား ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အပေါ်မှ တန်ဖိုးကြီးသော ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသည့် ပိတ်ပါးစကို လွှမ်းခြုံထားလေသည်။
သူမသည် တစ်ချက်သာ လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။ အကြောင်းမှာ ထိုအမျိုးသားသည် လက်နောက်ပစ်ကာ ဆိုင်၏ အခြားဘက်သို့ လျှောက်သွားသောကြောင့်ပင်။ သူသည် ခေါင်းမော့ကာ ဟိုကြည့်ဒီကြည့် လုပ်နေပြီး နံရံပေါ်ရှိ ကျိုကော ၏ စာနှင့်ပန်းချီများကို စိတ်ဝင်တစား ကြည့်ရှုနေလေ၏။
အသစ်ရောက်လာသော စားသုံးသူ အတော်များများသည် ဆိုင်ထဲဝင်သည်နှင့် ဤကဲ့သို့ပင် ဖြစ်ကြသည်။ ကျိုကော ၏ စာနှင့်ပန်းချီများသည် အလွန်အမင်း ဆွဲဆောင်မှု ရှိလေသည်။ ရှန်မြောင် ၏ ဆိုင်တွင် တော်ဝင်ကျောင်းတော် သို့မဟုတ် စာသင်ကျောင်းမှ ပညာတတ်များက စားပွဲကြိုတင်မှာယူပြီး စာပေဆွေးနွေးပွဲများ ကျင်းပလေ့ရှိကာ အမြဲတမ်းလိုလို "ဘဲကင်ပုံ" အနီးရှိ စားပွဲရှည်တွင် ထိုင်လေ့ရှိကြသည်။
ပြောရမယ်ဆိုရင် ကျိုကော ရဲ့ စာနဲ့ပန်းချီတွေက သူမအတွက် စာပေပညာရှင် ဧည့်သည်တွေကို အများကြီး ဆွဲဆောင်ပေးတာပဲ။
ရှန်မြောင်သည် ဂရုမစိုက်တော့ဘဲ စားပွဲရှည်နှင့် မီးဖိုခုံကို ငုံ့ပြီး ဆက်လက်သုတ်သင်နေလိုက်သည်။ ခေါက်ဆွဲလာယူသော ရှန်းအာ နှင့် ချန်ချွမ်း ကို ပန်းကန်ပူနေသေးကြောင်း၊ ဖြည်းဖြည်းကိုင်ရန် လှည့်ပြောလိုက်၏။
မကြာမီ အားထောင်က ဝင်လာပြီး ပြောလေသည်။ "ဧည့်သည်က ချွန်းရှန်းရွက်နံ့ ရလို့တဲ့၊ သူလည်း တစ်ပွဲစားချင်တယ်တဲ့၊ ညန်ဇီ လုပ်ပေးလိုက်မလား၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ အစားသောက်စာရင်း ထဲမှာ မပါသေးဘူးနော်"
ရှန်မြောင် က ပြန်ဖြေလိုက်သည်။ "ကိစ္စမရှိပါဘူး၊ လုပ်ပေးလိုက်ပါ၊ ဒါလုပ်ရတာ မြန်ပါတယ်၊ လက်စသတ်နဲ့ လုပ်လိုက်မယ်"
"ဒါဆို ဘယ်လောက်ယူမလဲဟင်"
ရှန်မြောင်က ခဏစဉ်းစားလိုက်၏။ ဤခေတ်တွင် ချွန်းရှန်းရွက်သည် နောက်ပိုင်းခေတ်များလောက် ဈေးမကြီးသလို ရှားပါးခြင်းလည်း မရှိပေ။ တောဟင်းရွက် သက်သက်သာ ဖြစ်ပြီး အသားလည်း မပါသဖြင့် "(၁၂) ဝမ် ယူလိုက်ပါ" ဟု ပြောလိုက်သည်။
အားထောင်က "ဟုတ်ကဲ့" ဟု ပြောပြီး ပြန်ထွက်သွား၏။ ရှန်မြောင် သည် မီးဖိုဆောင်ထဲမှနေ၍ အားထောင် က ထိုအမျိုးသားအား "ရပါတယ်ရှင့်၊ (၁၂) ဝမ်တည်းနဲ့ တစ်ပွဲ စားလို့ရပါတယ်၊ ကြိုက်သလို ထိုင်ပါရှင့်၊ ဆိုင်မှာ (၃) ဝမ်တန် မုန်ညင်းဖြူချဉ်စပ်၊ ရှာလကာရည်စိမ်မြေပဲ တို့လည်း ရှိပါတယ်၊ ယူဦးမလားရှင့်" ဟု တက်ကြွစွာ မေးနေသည်ကို ကြားလိုက်ရသည်။
ထိုသက်လတ်ပိုင်း အမျိုးသား၏ အသံမှာ ကြည်လင်ပြတ်သားပြီး နားထောင်ကောင်းလှသည်။ ပြုံးပြီး ပြောနေသကဲ့သို့ ပေါ့ပါးစွာ ထွက်ပေါ်လာသည်။ "ကောင်းပါပြီ၊ အကုန်ချပေးပါ"
"ဟုတ်ကဲ့ပါ၊ ခဏစောင့်ပါနော်၊ အခုပဲ လာပို့ပေးပါ့မယ်"
အားထောင် သည် ဟင်းရံပွဲများ ပိုရောင်းရသဖြင့် ပျော်ရွှင်စွာ ပြန်ဝင်လာပြီး မုန်ညင်းဖြူချဉ်စပ်အိုးကို ဖွင့်လိုက်သည်။ ထို့နောက် ရှန်မြောင် ကို တိုးတိုးလေး ကပ်ပြောလေသည်။ "ညန်ဇီ ... ဒီနေ့လာတဲ့ဧည့်သည်က တော်တော်ချောတာပဲ၊ အသက် (၄၀) ကျော်လောက် ရှိနေပြီ၊ ဒါပေမဲ့ အရမ်းချောတုန်းပဲ၊ ကျိုကော ပြီးရင် ကျွန်မမြင်ဖူးသမျှထဲမှာ အချောဆုံးပဲ"
ရှန်မြောင် စိတ်ဝင်စားသွားပြီး ငုံ့ကြည့်ကာ မေးလိုက်သည်။ "တကယ် အဲလောက် ချောလို့လား"
အသက် (၄၀) ကျော်ပြီကို ချောမောတယ်လို့ တင်စားခံရတာ လွယ်တာမှ မဟုတ်တာ။ ယောက်ျားတွေရဲ့ အလှတရားက သက်တမ်းတိုတယ်။ ရှေးခေတ်ရော ခေတ်သစ်ရော အတူတူပဲ။ ပိုင်လောင်စန်း ဆိုရင် ပိုသနားစရာကောင်းသေးတယ်၊ သူက ပွင့်တောင် မပွင့်ဖူးဘူး။
"တကယ်ပါ၊ အရမ်းမြင့်တာ၊ ကျိုကော လောက် ရှိတယ်" အားထောင် က လက်ဟန်ခြေဟန်ဖြင့် ပြလေသည်။ "ညန်ဇီ ကြည့်လိုက်ရင် သိမှာပါ၊ ကျွန်မ ပိုပြောနေတာ မဟုတ်ဘူး"
ရှန်မြောင်သည် ခေါက်ဆွဲသုပ်ပြီးသွားပြီ ဖြစ်ရာ စမ်းကြည့်ချင်စိတ် ပေါ်လာ၏။ "ဒါဆို ငါကိုယ်တိုင် သွားပို့ပြီး ကြည့်လိုက်ဦးမယ်၊ ပုကွကွ ဂျပုတွေကို မြင်ရတာ များနေပြီ၊ ကျိုကော လောက် အရပ်ရှည်တဲ့လူကို မမြင်ဖူးသေးဘူး"
သူမသည် ခေါက်ဆွဲပန်းကန်ကို ဗန်းထဲထည့်ပြီး လိုက်ကာကို မကာ ထွက်လာခဲ့သည်။
ဆိုင်ထဲတွင် ထိုသက်လတ်ပိုင်း အမျိုးသား တစ်ဦးတည်းသာ ရှိသည်။ သူသည် ရှန်မြောင် ကို ကျောပေးပြီး "ဘဲကင်ပုံ" ရှေ့တွင် လက်နောက်ပစ်ကာ ရပ်နေကာ တကယ်ပင် အရပ်ရှည်လှသည်။ တောက်ပပြီး ရှေးဆန်သော ဒေါင်းမြီးရောင် လက်ပေါက်ကျယ် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အပေါ်မှ တောင့်တင်းသော ပိတ်ပါးစကို ထပ်ဝတ်ထားရာ ခေတ်မီသော လူလတ်ပိုင်း တစ်ဦး ဖြစ်လေသည်။
"လန်ကျွင်း... ရှင့်ခေါက်ဆွဲ ရပါပြီ" ရှန်မြောင် လှမ်းခေါ်လိုက်သည်။
သူသည် လှည့်ကြည့်လိုက်သည်။ အားထောင် မဟုတ်သည်ကို တွေ့သောအခါ မျက်လုံးထဲတွင် လှုပ်ခတ်မှုတစ်ခု ဖြတ်သန်းသွားပုံရသော်လည်း ချက်ချင်းပင် ပြုံးလိုက်ပြီး မေးလေသည်။ "မင်းက ရှန်ညန်ဇီ လား"
ရှန်မြောင် သူ့ကို မြင်လိုက်သည့်အချိန်တွင် အားထောင် ဘာကြောင့် ချောသည်ဟု ပြောရသလဲ ဆိုသည်ကို နားလည်သွားသည်။
တကယ်ကို ချောတာပဲ။
သူ၏ ချောမောမှုသည် အပေါ်ယံ အရေပြားတွင် မဟုတ်ဘဲ အရိုးနှင့် စိတ်ဝိညာဉ်တွင် ရှိနေသည်။ မျက်လုံးနှင့် မျက်ခုံးတို့သည် နွေဦးရာသီကဲ့သို့ တောက်ပနေသည်။ မျက်ဝန်းထောင့်တွင် အရေးအကြောင်း အနည်းငယ် ရှိနေပြီး နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းမွေးတိုတိုလေး ရှိနေသော်လည်း သူ၏ ရုပ်ရည်အဆင်းကို မထိခိုက်စေဘဲ ပိုမို ဆွဲဆောင်မှု ရှိစေသည်။
ရှန်မြောင် ငေးသွားပြီးမှ သတိဝင်လာကာ အရိုအသေပြုလိုက်သည်။ "ဟုတ်ပါတယ်ရှင်"
သူ၏အပြုံးသည် ပိုမိုနက်ရှိုင်းသွားပြီး သူမကို အထက်အောက် ကြည့်လိုက်သည်။ သူမလက်ထဲတွင် ဗန်းပါလာသည်ကို တွေ့သဖြင့် ဘေးရှိ စားပွဲတွင် ဝင်ထိုင်လိုက်သည်။ "ဒီမှာပဲ ထားလိုက်ပါ"
ရှန်မြောင်လည်း သွားချပေးလိုက်သည်။ သူက ခေါက်ဆွဲထည့်ထားသော မြေအိုးမည်းပန်းကန်လုံးကို မြင်ပြီး ထပ်မံချီးကျူးပြန်သည်။ "မြေအိုးကောင်းပဲ"
ထိုအချိန်တွင် အားထောင် သည် ဟင်းရံပွဲများ ကိုင်ပြီး ထွက်လာရာ ထိုစကားကို ကြားသဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "လန်ကျွင်းက မျက်စိမြင့်သားပဲ၊ ဒါ ကျွန်မတို့ရဲ့ မင်္ဂလာမဆောင်ရသေးတဲ့ သတို့သားလောင်းက ညန်ဇီ အတွက် ဝယ်ပေးထားတာ"
ထိုအမျိုးသားသည် တူကို ကိုင်ကာစရှိသေးရာ လက်က လေထဲတွင် ရပ်တန့်သွားပြီး မျက်လုံးပြူးကာ လှည့်ကြည့်လာသည်။
ရှန်မြောင်က မျက်နှာနီရဲသွားပြီး အားထောင် ၏ ပါးစပ်ကို အုပ်ကာ အနောက်ဆွဲထုတ်ပြီး တောင်းပန်လိုက်သည်။ "ဟီးဟီး... ဒီကောင်မလေး ချွန်းရှန်းရွက် အစားများပြီး ခေါင်းမူးနေတာပါ... သုံးဆောင်ပါဦးရှင့်"
သူမသည် လူကို အမြန်ဆွဲထုတ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဘာ မင်္ဂလာမဆောင်ရသေးတဲ့ သတို့သားလောင်းလဲ၊ အဲဒီစကား သုံးလို့မရဘူး"
"ဒါဆို ဘယ်လိုခေါ်ရမှာလဲ" အားထောင် က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ရှန်မြောင် လက်ဝါးထဲတွင် မေးလိုက်သည်။
မေးခွန်းကောင်းပဲ။ ရှန်မြောင်လည်း ဆွံ့အသွားသည်။
အနောက်ဘက်မှ ထိုသက်လတ်ပိုင်း အမျိုးသား၏ တိုးညင်းစွာ ရယ်မောသံကို ကြားလိုက်ရသကဲ့သို့ ရှိသည်။
ရှန်မြောင်မှာ မျက်နှာ ပိုနီသွားသည်။
သို့သော် ဤခေတ်မီသော လန်ကျွင်း၏ ရုပ်ရည်သည် ရင်းနှီးနေသကဲ့သို့ ရှိသည်။ ဘယ်မှာတွေ့ဖူးပါလိမ့်။ ရှန်မြောင် ခေါင်းပေါက်မတတ် စဉ်းစားသော်လည်း မမှတ်မိပေ။ သို့သော် ဤလန်ကျွင်းသည် ပထမဆုံးအကြိမ် လာခြင်းဖြစ်သည်။
ဤမျှ ရုပ်ရည်ထူးခြားသော လူတစ်ယောက် တစ်ခါလောက် လာဖူးလျှင် ရှန်မြောင် မေ့သွားလိမ့်မည် မဟုတ်ဟု ထင်သည်။ သူမသည် တွေဝေစွာ တွေးတောရင်း ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။ ရှန်းအာ နှင့် ချန်ချွမ်း တို့သည် ခေါင်းမဖော်ဘဲ ခေါက်ဆွဲများကို တရှူးရှူး စားသောက်နေကြသည်။ ထန်အာ ပြန်မရောက်သေးပေ။ ယိုယွီ က ရေထပ်ခပ်သွားပြန်ပြီ။
ခုနက ဧည့်သည်ဧည့်ခံနေစဉ် ကျိုကောလည်း ရောက်လာခဲ့သည်။ ပန်းဝတ်မှုန်များနှင့် မထိတွေ့စေရန် သူနှင့် ယန့်ရှူး တို့သည် စင်္ကြံလမ်းအောက်တွင် ခပ်ဝေးဝေး ထိုင်နေကြသည်။ ဖူရှင်းက မီးဖိုဆောင်ထဲမှ သူတို့အတွက် ခေါက်ဆွဲများ ယူသွားပေးထားသည်။
ရှန်မြောင် သည် ရှဲ့ချီ မျက်ခွံများ နီရဲနေသည်ကို တွေ့လိုက်ရသဖြင့် လျှောက်သွားလိုက်သည်။
ရှဲ့ချီ သည် မျက်လုံးယားပြီး မျက်စဉ်းခတ်ထားသဖြင့် မျက်ရည်များ ကျနေကာ လူကို သိပ်မကွဲပေ။ ရှန်မြောင် ကို လိုက်ရှာနေသည်။
သူ့မျက်လုံးထဲတွင် မျက်ရည်များ စိုစွတ်နေပြီး မျက်လုံးများ နီရဲနေသဖြင့် ဇနီးသည်လေး တိတ်တဆိတ် ငိုထားသကဲ့သို့ ဖြစ်နေသည်။
"မျက်လုံး သက်သာရဲ့လား" ရှန်မြောင် သည် သူ့ရှေ့သို့ လျှောက်သွားပြီး ဘေးတွင်ချထားသော လက်ကို ဆုပ်ကိုင်လိုက်သည်။ ကျိုကော ၏ မျက်လုံးကို ပွတ်သပ်ပေးချင်စိတ်ကို ထိန်းချုပ်လိုက်ရသည်။
သူ့ကို ဒီလိုမြင်ရတာ စိတ်ပူစရာ ကောင်းလိုက်တာ။
"သက်သာပါတယ်၊ ကိစ္စမရှိပါဘူး" ရှဲ့ချီ သည် မော့ကြည့်လိုက်ပြီး မျက်ရည်များ ဝေဝါးနေသည့်ကြားမှ ရှန်မြောင် ကို နှစ်သိမ့်သောအပြုံးဖြင့် ပြုံးပြလိုက်သည်။ "ဆေးခတ်ပြီးပြီမို့ နှစ်ရက်လောက်နေရင် ကောင်းသွားမှာပါ"
သူ မော့ကြည့်လိုက်သဖြင့် ကော်လာအောက်မှ လည်ပင်းလိုင်းကြောင်းများ တင်းမာသွားခဲ့သည်။
ရှန်မြောင် သည် အောက်ဘက်သို့ မကြည့်မိအောင် ထိန်းချုပ်လိုက်ပြီး တောင့်တင်းစွာ ပြုံးပြလိုက်သည်။ "ဒါဆို တော်သေးတာပေါ့"
ခဏရပ်လိုက်ပြီး သူမသည် ငန်းကိစ္စကို ကျိုကော အား ပြောပြသင့်သည်ဟု သတိရသွားကာ နဉ်ညန်ဇီ လာသွားသည့် အကြောင်းစုံကို ပြောပြလိုက်သည်။ မထင်မှတ်ဘဲ ရှဲ့ချီ က အစပိုင်းတွင် ဝမ်းသာသော်လည်း နောက်ပိုင်းတွင် ထူးဆန်းသွားသည်။ "ဒါပေမဲ့ ကျွန်တော် အိမ်က စာမရပါလား" ဟု ပြောပြီး "ကျွန်တော့်အိမ်က ဘယ်သူလာတာလဲ" ဟု မေးလိုက်သည်။
ကမ်းလှမ်းပြီးလျှင် နာမည်မေးရမည်။ အိမ်မှ လူကြီးတစ်ယောက် လာပြီး ပို့ပေးရမည် မဟုတ်ပါလား။
"နဉ်ညန်ဇီ မပြောသွားဘူး" ရှန်မြောင် ခေါင်းကုတ်လိုက်သည်။ သူမသည်လည်း လုပ်ထုံးလုပ်နည်း အသေးစိတ်များကို မသိသဖြင့် ရှဲ့ချီ ဘေးတွင် ဝင်ထိုင်လိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။ "နဉ်ညန်ဇီ က နောက်ပိုင်း တင်တောင်းမယ့်ကိစ္စပဲ ပြောသွားတယ်"
ဒါ ပုံမှန်မဟုတ်ဘူး။ ရှဲ့ချီ ပိုပြီး နားမလည်နိုင် ဖြစ်သွားသည်။ "ကမ်းလှမ်း၊ နာမည်မေး၊ အတိတ်နိမိတ်ဖတ်ပြီးမှ တင်တောင်းရတာလေ၊ ဘာလို့ ရှေ့အဆင့်တွေ ကျော်ပြီး နောက်အဆင့်ပဲ ပြောရတာလဲ"
အမေနှင့်အဖေက ဒီလို ရိုင်းစိုင်းတဲ့ကိစ္စမျိုး လုပ်မှာမဟုတ်ဘူး။ ကိုယ်တိုင် မလာရင်တောင် ဆွေမျိုးထဲက အသက်ကြီးပြီး ဂုဏ်သရေရှိတဲ့ ဦးလေးတစ်ယောက်ယောက်ကို လွှတ်လိုက်သင့်တာ။
ရှန်မြောင်လည်း ခေါင်းခါလိုက်သည်။ "စီစဉ်ပြီးသားမို့လို့ နဉ်ညန်ဇီ က မပြောတာ ဖြစ်မှာပါ"
ရှဲ့ချီတစ်ယောက် စိတ်မချနိုင်ပေ။ မျက်ရည်များ တားမရဆီးမရ ကျနေသော မျက်လုံးကို လက်ကိုင်ပဝါဖြင့် အုပ်ကာ ခေါက်ဆွဲကို အသည်းအသန် စုပ်ယူစားသောက်နေသော ယန့်ရှူး ကို လှမ်းခေါ်လိုက်သည်။ "ယန့်ရှူး ... မင်း ချွန်းကျွမ်းကို သွားလိုက်၊ အဲဒီမှာ စောင့်နေတဲ့ အစေခံထဲက နှစ်ယောက်လောက် ခွဲပြီး ချန်ကျိုး ကို မြင်းနဲ့ အမြန်ပြန်လွှတ်ကာ သေချာသွားမေးခိုင်းလိုက်"
"ဟုတ်ကဲ့" ယန့်ရှူး သည် ခေါက်ဆွဲစားနှုန်းကို ချက်ချင်း တင်လိုက်သည်။
ရှန်မြောင် အလျင်အမြန် တားလိုက်သည်။ "နေဦး၊ မနက်ဖြန်ကျမှ လူလွှတ်ပြီး နဉ်ညန်ဇီ ကို မေးကြည့်ပြီးမှ ဆုံးဖြတ်ကြမလား၊ ယန့်ရှူး ကို ဒီလောက်မိုးချုပ်နေမှ မြို့ပြင် မလွှတ်နဲ့တော့၊ အန္တရာယ်များတယ်"
ယန့်ရှူး သည် ပါးစပ်ထဲတွင် အနှစ်များနှင့် ချွန်းရှန်းရွက်များ ကပ်နေသော ခေါက်ဆွဲများကို ငုံထားရင်း ရှဲ့ချီ ကို တစ်ချက်ကြည့်၊ ရှန်မြောင် ကို တစ်ချက်ကြည့်ကာ ဘယ်သူ့စကား နားထောင်ရမလဲ မသိ ဖြစ်သွားသည်။
နောက်ဆုံးတွင် ရှဲ့ချီ က လေသံပျော့သွားသည်။ "ထားလိုက်ပါတော့၊ ဒါဆို ရှန်ညန်ဇီ စကားပဲ နားထောင်လိုက်တော့"
ယန့်ရှူး ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး ခေါင်းငုံ့ကာ ခေါက်ဆွဲ ပြန်စားလေသည်။
"ရှင်လည်း စားလေ၊ တော်ကြာ အေးကုန်လိမ့်မယ်" ရှန်မြောင် ခေါက်ဆွဲပန်းကန်ကို ရှေ့တိုးပေးလိုက်သည်။
ရှဲ့ချီသည် မျက်လုံး သိပ်မကောင်းသော်လည်း ခြံဝင်းတစ်ခုလုံး ချွန်းရှန်းရွက်နံ့ မွှေးကြိုင်နေသည်ကို ရနေပြီဖြစ်သည်။ သူက ပြုံးပြီး ပြောလိုက်သည်။ "မိုးမရွာခင်ထွက်တဲ့ ချွန်းရှန်းရွက်က ပိုးချည်မျှင်လို နူးညံ့တယ်တဲ့၊ ကျွန်တော် ဝင်လာကတည်းက မမြင်ရပေမဲ့ ရှန်ညန်ဇီ အိမ်က နွေဦးရနံ့ကို ရနေပါပြီ"
ရှဲ့ချီက တူကို ကိုင်လိုက်စဉ် ဆိုင်ထဲမှ ဧည့်သည် လှမ်းခေါ်သံ ထပ်ကြားလိုက်ရသည်။
ရှန်မြောင် အလျင်အမြန် ထလိုက်ပြီး တစ်ဝက်စားလက်စနှင့် ထဖို့ပြင်နေသော အားထောင် ကို ပခုံးမှ ဖိချလိုက်သည်။ "ငါသွားလိုက်မယ်၊ နင် ဆက်စား"
သူမ လိုက်ကာမပြီး ဝင်ကြည့်လိုက်ရာ ဧည့်သည်သည် ခေါက်ဆွဲရော ဟင်းရံပွဲပါ ဘာမှမကျန်အောင် ပြောင်စင်နေသည်ကို တွေ့လိုက်ရသည်။ လက်ကိုင်ပဝါဖြင့် ပါးစပ်သုတ်နေလေသည်။
"အမလေး... ဒီခေါက်ဆွဲသုပ်က စားလို့ကောင်းလိုက်တာ" ထိုသက်လတ်ပိုင်း အမျိုးသားသည် ရှန်မြောင် ဘက်သို့ လှည့်ကာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေသည်။ "ချွန်းရှန်းရွက်က ထူပြီး အညွန့်က နုတယ်၊ အနံ့က မွှေးတယ်၊ ခေါက်ဆွဲနဲ့ သုပ်လိုက်တော့ တကယ့်ကို ကောင်းတာပဲ"
"လန်ကျွင်း ကြိုက်တယ်ဆိုတော့ ကျွန်မတို့လည်း ဝမ်းသာပါတယ်" ရှန်မြောင် လည်း ပြုံးလိုက်သည်။ "နောက်ဆိုရင် မကြာခဏ လာခဲ့ပါနော်"
"လာမှာပါ" ထိုအမျိုးသားသည် ပြုံးလျက် ငွေတစ်တွဲကို စားပွဲပေါ် တင်လိုက်သည်။ "ပြန်အမ်းစရာ မလိုတော့ပါဘူး၊ ဒီချွန်းရှန်းရွက်ပန်းကန်က နွေဦးရဲ့ ပထမဆုံး လတ်ဆတ်မှုမို့ ဒီဈေးနဲ့ တန်ပါတယ်"
ရှန်မြောင်လည်း မျက်လုံးများကွေးညွှတ်သွားသည်အထိ ပြုံးလိုက်သည်။ သူမက ဤကဲ့သို့ ရက်ရောသော ဧည့်သည်များကို သဘောကျသည်။ ထို့ကြောင့် စေတနာပိုကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ "နောက်ရက်နည်းနည်းကြာရင် ဆိုင်မှာ ဂွမ်းရွက် ရောင်းဦးမှာ၊ ဂွမ်းရွက်ကို ကောက်ညှင်းမှုန့်နဲ့ ရောနယ်ပြီး ဂွမ်းရွက်ကောက်ညှင်းမုန့် လုပ်ရင်လည်း အရမ်းစားလို့ကောင်းတယ်၊ အဲကျရင် လန်ကျွင်း လာခဲ့ဦး၊ တစ်ပွဲ လက်ဆောင်ကျွေးမယ်"
"ဒါဆို ကျေးဇူးတင်ပါတယ်" ထိုအမျိုးသားသည် ပြုံးပြီး ခေါင်းညိတ်ပြကာ ထွက်ခွာရန် ပြင်လိုက်သည်။ ဆိုင်တံခါးဝသို့ ရောက်မှ ရုတ်တရက် ပြန်လှည့်မေးလိုက်သည်။ "ရှန်ညန်ဇီ ... ဒီနားတစ်ဝိုက်မှာ မုန့်ဆိုင်ကောင်းကောင်း ရှိလား သိလား၊ ကျွန်တော်က အပြင်ထွက်လေ့မရှိတော့ မင်္ဂလာမုန့် မှာချင်တာ ဘယ်သွားရမှန်း မသိလို့"
ရှန်မြောင် က ဖြေလိုက်သည်။ "အိမ်မှာ မင်္ဂလာကိစ္စ ရှိလို့လား၊ ဂုဏ်ပြုပါတယ်၊ ကျင်းလျန်တံတား မြောက်ဘက်မှာ ဝေ့မိသားစု မုန့်ဆိုင်ဆိုတာ ရှိတယ်၊ နှစ် (၂၀) လောက် ဖွင့်ထားတာ၊ အရသာ တော်တော်ကောင်းတယ်၊ သွားမေးကြည့်ပါလား"
ထိုအမျိုးသား ထပ်ပြုံးပြန်သည်။ "ကျေးဇူးပါ"
ထို့နောက် လှည့်ထွက်သွားတော့သည်။
ရှန်မြောင် သူ့ကို တကယ် ရင်းနှီးနေသည်ဟု ခံစားရသည်။ အထူးသဖြင့် ပြုံးလိုက်သည့်အချိန်တွင်။ စိတ်လိုက်မာန်ပါဖြင့် (၂) လှမ်းခန့် လိုက်သွားပြီး မေးလိုက်သည်။ "လန်ကျွင်း နာမည်လေး မေးလို့ရမလား၊ နောက်တစ်ခါ သခင်ကြီး လာလို့ ကျွန်မ မရှိရင်တောင် ဆိုင်က ကလေးတွေကို ဂွမ်းရွက်မုန့် ပေးဖို့ မှာထားလို့ရအောင်လို့ပါ"
ထိုအမျိုးသား ပြန်လှည့်မကြည့်ရသေးခင်၊ ပြန်မဖြေရသေးခင်မှာပင် ရှန်မြောင် အနောက်မှ ခြေသံကြားလိုက်ရပြီး ယန့်ရှူး ၏ အလွန်အမင်း အံ့ဩသွားသော အသံ ထွက်ပေါ်လာလေသည်။ "ရှန်ညန်ဇီ ... ကျွန်တော် တစ်ပွဲလောက် ထပ်စားချင်သေးတယ်... ဟင်... သခင်ကြီး ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
...
အပိုင်း (၁၆၀) ရွှေပဲရွက်
နွေဦးရာသီတွင် ချွန်းရှန်းရွက်၊ မျှစ်နှင့် ဂွမ်းဖတ်ရွက်တို့အပြင် မရှိမဖြစ်လိုအပ်သော အရသာတစ်ခုလည်း ရှိသေးသည်။ ယခင်ဘဝက ရှန်မြောင် ကြားဖူးသည့် စကားတစ်ခွန်းရှိသည်။ "ရွှေပဲရွက် ဆိုတာ ယူနန်၊ ကွေ့ကျိုး၊ စီချွမ်ဒေသတွေရဲ့ အသည်းနှလုံးထိပ်ဖျားလေး" ဟူ၍။
စီချွမ်နှင့် ချုံချင့်ဒေသများသည် ရွှေပဲရွက်ကို အထူးနှစ်သက်ပုံရသည်။
သို့သော် ရှန်မြောင် ၏ စီချွမ် သူငယ်ချင်းကတော့ ရွှေပဲရွက်ကို "ဝမ်တိုတျန်း"ဟု ခေါ်လေ့ရှိသည်။ စစ်မှန်သော စီချွမ်သူတစ်ယောက်အနေဖြင့် သူမ တစ်ခုတည်းသော နှစ်သက်သည့် အချိုရည်ဟင်းရည်အိုးမှာ "ရွှေပဲရွက်ဟော့ပေါ့"ပင် ဖြစ်လေသည်။ ဟော့ပေါ့ မစားလျှင်တောင် ရေနွေးပွက်ပွက်ဆူထဲတွင် ရွှေပဲရွက်ကို နှစ်လိုက်ပြီး ဆားအနည်းငယ်နှင့် နှမ်းဆီအနည်းငယ် ထည့်လိုက်ရုံဖြင့် လတ်ဆတ်၊ ကြွပ်ရွ၊ ချိုမြိန်သော မူရင်းအရသာကို ထိန်းသိမ်းထားနိုင်လေသည်။
တစ်ကိုက်စားလိုက်လျှင် မျက်ခုံးမွေးများပင် ကျွတ်ကျသွားမတတ် အရသာရှိလှပြီး ရွှေပဲရွက်ပြုတ်ထားသော ရေနွေးသည်ပင် သောက်လို့ကောင်းသည်ဟု ဆိုကြလေသည်။
ရှန်မြောင် နှစ်သက်သော စားနည်းမှာ "ရွှေပဲရွက်" ကို အမဲသားဟင်းရည်အိုး သို့မဟုတ် သိုးသားဟင်းရည်အိုးထဲတွင် နှစ်စားခြင်း ဖြစ်သည်။ နုနယ်သော အရွက်ကလေးများသည် ဟင်းရည်အိုးထဲမှ ပြင်းထန်သော အသားဆီများကို စုပ်ယူထားပြီး အသားနှင့်အတူ တွဲဖက်စားသုံးလိုက်လျှင် တစ်ကိုက်ချင်းစီတိုင်း၌ မွှေးကြိုင်နူးညံ့နေကာ အသား၏ အဆီပြန်မှုကို လျော့ပါးစေသကဲ့သို့ ဖြစ်စေသည်။ "ရွှေပဲရွက်" ပါဝင်နေသဖြင့် အသားကို နှစ်ပန်းကန်လောက် ပိုစားနိုင်လေသည်။
အချုပ်အားဖြင့်ဆိုရသော် မည်သို့စားစား စိတ်ကျေနပ်မှု ရရှိစေသည်။
ရွှေပဲရွက် စားရန် အကောင်းဆုံးအချိန်များမှာ နွေဦးအစောပိုင်းတွင် စိုက်ပျိုးသော နွေဦးရွှေပဲရွက်၊ ၈လပိုင်းလဆန်းတွင် စိုက်ပျိုးပြီး ၉လပိုင်းတွင် စားရသော ဆောင်းဦးရွှေပဲရွက်နှင့် ၁၀လပိုင်းတွင် စိုက်ပျိုးပြီး ၁၁လပိုင်းတွင် စားရသော ဆောင်းရွှေပဲရွက်တို့ ဖြစ်ကြသည်။
သို့သော် လက်ရှိ စိုက်ပျိုးရေးနည်းပညာ ကန့်သတ်ချက်များကြောင့် ဆောင်းဦးနှင့် ဆောင်းရာသီ ရွှေပဲရွက်များကို ယခုလို အေးချမ်းသော ပြန့်ကျင်းမြို့တွင် တွေ့ရခဲလှသည်။
စုန့်ခေတ်လူများသည်လည်း ရွှေပဲရွက်ကို စားကြသည်။ အများအားဖြင့် ဟင်းရည်လုပ်ခြင်း၊ ပဲပြားနှင့်သုပ်ခြင်း၊ ရွှေပဲရွက်အစာသွပ်ပေါက်စီ လုပ်ခြင်းတို့ ပြုလုပ်ကြပြီး ဟော့ပေါ့ထဲ ထည့်စားခြင်းကိုမူ တွေ့ရနည်းသည်။
ရွှေပဲရွက်သည် ကြီးထွားနှုန်းမြန်ပြီး တစ်လခန့်ဆိုလျှင် (၄) လက်မ၊ (၅) လက်မခန့် ရှည်လာတတ်သည်။ ထိုအချိန်တွင် ထိပ်ဖျားရှိ အညွန့်လေးများသည် နုနယ်ပြီး အရွက်များ စိမ်းလန်းနေသဖြင့် ချက်ချင်း ခူးဆွတ်ရမည်။ သို့မဟုတ်လျှင် ကြီးလာသည်နှင့် "ရွှေပဲရွက်" ဟု ခေါ်ရန် မထိုက်တန်တော့ပေ။ ပန်းပွင့်သွားလျှင် အရသာ လုံးဝပျက်စီးသွားပြီး ဝါးရခက်ခဲသွားသဖြင့် ပဲသီးသီးသည်အထိ မြေကြီးထဲတွင် ဆက်ထားလိုက်ရုံသာ ရှိတော့သည်။
ထိုသူငယ်ချင်း၏ ကျေးဇူးကြောင့် ရှန်မြောင် သည်လည်း အရည်အသွေးမီ "ရွှေပဲရွက်" ကို ခွဲခြားသိမြင်တတ်သော ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်။
လေအေးများကြောင့် လမ်းမပေါ်ရှိ ဆိုင်းဘုတ်များကို တလွင့်လွင့် ဖြစ်နေ၏။ ရှန်မြောင် သည် ဝါဂွမ်းပါသော ကုတ်အင်္ကျီအထူကြီးကို ဝတ်ဆင်ထားပြီး သိုးမွှေးခေါင်းစွပ် စွပ်ကာ လက်ကို အင်္ကျီလက်ထဲ ထည့်လျက် လမ်းဘေး ဟင်းသီးဟင်းရွက်ဆိုင်ရှေ့တွင် ထိုင်နေပြီး သူမနည်းတူ ဝတ်ဆင်ထားသော ရှဲ့ချီ လည်း ဘေးတွင် ထိုင်နေလေသည်။
သူတို့နှစ်ဦးသည် လယ်သမားတစ်ဦး ရောင်းချနေသော ခြင်းတောင်းကြီးများထဲမှ လတ်ဆတ်စိမ်းလန်းပြီး ခုနလေးတင် ခူးဆွတ်လာသော ရွှေပဲရွက်များကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က နေသာခဲ့သော်လည်း ယခုအခါ "နွေဦးအအေးဓာတ်" ရောက်ရှိလာပြီဖြစ်သည်။
နွေဦးမိုးတစ်မိုး ရွာပြီးနောက် တစ်ညလုံး လေအေးများ တိုက်ခတ်ခဲ့ရာ ပြန့်ကျင်းမြို့ တစ်ခုလုံး ရေခဲတုံးကြီး ဖြစ်သွားတော့သည်။ သိမ်းဆည်းထားပြီးသော ဆောင်းရာသီ အဝတ်အစားများကို ကပျာကယာ ပြန်ထုတ်ဝတ်ဆင်ရပြန်သည်။ ရှန်မြောင်သည် မနေ့ညက စိုစွတ်အေးစက်သော ရာသီဥတုကြောင့် အကြိမ်ကြိမ် နိုးခဲ့ရပြီး ပြန်အိပ်မရတော့သဖြင့် မနက်ဈေးသွားရန် စောစောထလိုက်ခြင်း ဖြစ်သည်။
သူမ အိပ်ရာထပြီးသည်နှင့် ခြံစည်းရိုးပေါ်မှ ခေါင်းတစ်လုံး ပြူထွက်လာသည်ကို တွေ့လိုက်ရ၏။ "ရှန်ညန်ဇီ မင်္ဂလာနံနက်ခင်းပါ"
ရှန်မြောင် မော့ကြည့်လိုက်ရာ သူမအိမ်ခြံစည်းရိုးကို ကိုင်ထားသော ရှဲ့ချီ ဖြစ်နေသည်။
အရပ်ရှည်တော့ အဆင်ပြေတာပေါ့။ သူမအိမ် ခြံစည်းရိုးသည် (၅) ပေ (၇) လက်မ (၁.၈ မီတာ) မြင့်သော်လည်း ထိုလူသည် ခြေဗလာနှင့် ရပ်နေတာတောင် ခြံစည်းရိုးထက် တစ်ပိုင်း ပိုမြင့်နေသည်။ သူသာ ခြေဖျားထောက်ပြီး အားနည်းနည်းစိုက်လိုက်လျှင် တိုက်ရိုက် ခုန်ဝင်လာနိုင်လောက်သည်။
"လက်စူးမိဦးမယ်" ရှန်မြောင် အမြန်ပြေးသွားပြီး တံခါးဖွင့်ပေးလိုက်သည်။ "ဘာလို့ ဒီလောက် စောစောထတာလဲ"
"ကျွန်တော့်အဖေလေ... တစ်ညလုံး အိပ်မက်ထဲမှာ ကဗျာတွေ ရွတ်နေလို့ ဆူညံပြီး အိပ်မရတော့တာနဲ့ ထလာခဲ့တာ" ရှဲ့ချီ သည်လည်း ယနေ့တွင် သားမွေးဝတ်ရုံကြီး ဝတ်ဆင်ထားပြီး စိတ်ညစ်ညူးသော မျက်နှာဖြင့် ဝင်လာလေသည်။
ရှန်မြောင် ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ခိုးရယ်လိုက်မိသည်။
ထိုနေ့က ရှဲ့အဖေသည် ဆိုင်သို့လာပြီး ချွန်းရှန်းရွက်ခေါက်ဆွဲသုပ် စားပြီးကတည်းက အကြောင်းပြချက် ကောင်းကောင်းဖြင့် အနောက်ဘက်လမ်းကြားရှိ ကျိုကော ၏ အိမ်ငယ်လေးတွင် ဝင်ရောက်နေထိုင်လိုက်တော့သည်။
ကံမကောင်းစွာဖြင့် အနောက်ဘက်လမ်းကြားရှိ အိမ်သည် အခန်းနည်းပြီး ပုံမှန်အားဖြင့် သခင်နှင့်အစေခံ အနည်းငယ်သာ နေထိုင်ကြရာ အပိုအခန်း မရှိပေ။ ရှဲ့အဖေ အား အစေခံအခန်းတွင် ပေးမနေနိုင်သဖြင့် ယခုအခါ သားအဖနှစ်ယောက် အတူတူ အိပ်နေကြရသည်။
ရှဲ့အဖေ သည် ရှီးသာ့ညန်ဇီ၏ မှာကြားချက်အရ သားဖြစ်သူအတွက် မင်္ဂလာဆောင် "အစဉ်အလာခြောက်ဆင့်"ကို စီစဉ်ဆောင်ရွက်ပေးရန် ရောက်ရှိလာခြင်း ဖြစ်ပြီး ဇာတာစာရွက်တောင် ယူလာသေးသည်။
အရေးအကြီးဆုံးမှာ သားဖြစ်သူ၏ ချစ်သူကို လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။ ဈေးသည်အသိုင်းအဝိုင်းမှ ချွေးမလောင်းကို တစ်မိသားစုလုံး တွေ့ဖူးကြသော်လည်း သူတစ်ယောက်တည်း မတွေ့ဖူးသဖြင့် ထိုကိစ္စအတွက် ရက်အနည်းငယ်ကြာအောင် စိတ်ကောက်နေခဲ့သေးသည်။
"မင်းတို့အားလုံး ငါတစ်ယောက်တည်းကိုပဲ ဖုံးကွယ်ထားကြတယ်၊ ငါက ကျိုကော အဖေ မဟုတ်လို့လား၊ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဘာလို့ ငါ့ကို မပြောပြကြတာလဲ၊ မင်းတို့ကျတော့ ကျိတ်ပျော်နေကြပြီး ငါ့ကျတော့ အရူးလုပ်ထားတယ်" ဟု ပြောရင်း မျက်ရည်သုတ်မတတ် ဖြစ်နေခဲ့သည်။
သူ စိတ်ဆိုးရသည်မှာ စေ့စပ်ခါနီးမှ သိရသောကြောင့် ဖြစ်ပြီး ဂုဏ်ရည်မတူသည်ကို လုံးဝ စိတ်ထဲမထားပေ။
ဒါကို ရှီးသာ့ညန်ဇီ က မျှော်လင့်ထားပြီးသားပင်။
ထိုစဉ်က အားချုံး(ရှဲ့အဖေ၏ ငယ်နာမည်) သည် ဆွေကြီးမျိုးကြီးများ၏ မာနတရား မရိုက်ချိုးခံရမီကတည်းက သူတစ်ပါး၏ အထင်သေးမှုနှင့် လှောင်ပြောင်မှုများကို ခံနိုင်ရည်ရှိစွာ ရင်ဆိုင်ပြီး ရိုင်းစိုင်းသော စစ်သူကြီးသမီးဖြစ်သည့် သူမကို လက်ထပ်ယူခဲ့သူ ဖြစ်သည်။
ရှီးသာ့ညန်ဇီသည် စာရင်းတွက်နေရင်း ခင်ပွန်းဖြစ်သူကို ကျွမ်းကျင်စွာ ချော့မော့လိုက်သည်။ "သခင်ကြီးကလည်း ဘာလို့ စိတ်ခုနေရတာလဲ၊ ဒါက သခင်ကြီးကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး၊ ဒီလောက် အရေးကြီးတဲ့ မင်္ဂလာဆောင်ကိစ္စကို သခင်ကြီးကိုပဲ သီးသန့် အပ်နှံချင်လို့ပါ၊ သခင်ကြီးက ကျိုကော ရဲ့အဖေပဲလေ၊ သူ့အတွက် သခင်ကြီးကပဲ စီစဉ်ပေးသင့်တာပေါ့၊ ဒီလိုကိစ္စကြီးမျိုးက သခင်ကြီးကလွဲရင် ဘယ်သူ လုပ်နိုင်မှာလဲ"
ရှဲ့အဖေ ကြားလိုက်သည်နှင့် စိတ်ဆိုးပြေသွားသည်။ "ဟုတ်သားပဲ၊ ချွန်ကျွင်း စိတ်ချပါ၊ ဒီကိစ္စ ကိုယ် တာဝန်ယူလိုက်မယ်၊ အချိန်မဆွဲဘဲ မနက်ဖြန်... မဟုတ်ဘူး၊ ဒီနေ့ပဲ မြို့တော်ကို သွားပြီး ကျိုကော အတွက် အကောင်းဆုံး အောင်သွယ်တော် ရှာလိုက်မယ်"
ထို့ကြောင့် သူသည် လေလိုမုန်တိုင်းလို ပြန့်ကျင်း သို့ ရောက်ရှိလာခြင်းပင်။
သားဖြစ်သူထံသို့ ကြိုတင်စာမပို့ဘဲ ရောက်လာပြီး နဉ်ညန်ဇီကိုလည်း နှုတ်ပိတ်ထားကာ ရှဲ့မိသားစုဘက်မှ တာဝန်ခံမှာ မည်သူဖြစ်ကြောင်း မပြောခိုင်းဘဲ ကိုယ်တိုင် ခိုးကြောင်ခိုးဝှက်ဖြင့် ဆိုင်သို့လာပြီး ခေါက်ဆွဲစားခဲ့ခြင်း ဖြစ်သည်။
ထိုနေ့က သူသည် အိမ်က ပန်းထိုးသမားများ အသစ်ချုပ်ပေးထားသော အဝတ်အစားများကို ဝတ်ဆင်ပြီး နှုတ်ခမ်းမွှေးများကို သပ်ရပ်စွာ ညှပ်ကာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်သော ပုံစံဖြင့် ဟန်ဆောင်ထားခဲ့သည်။
ရှဲ့အဖေ သည် မာန်ပါပါဖြင့် ရှန်မိသားစုဆိုင်သို့ ဝင်လာပြီး သားဖြစ်သူ၏ စာနှင့်ပန်းချီများကို မြင်လိုက်ရသည်။ သူသည် အစမှအဆုံး သေချာကြည့်ရှုပြီး လေးလေးနက်နက် ဝေဖန်သုံးသပ်ခဲ့သည်။
ရှဲ့မိသားစု၏ ကဗျာနှင့်စာပေသည် ကျော်ကြားသော်လည်း ဝမ်မိသားစုလောက် မကျော်ကြားပေ။ သို့သော် ကိုယ်ပိုင်ဟန် ရှိလေသည်။
ရှဲ့ချီ ၏ စာနှင့်ပန်းချီသည်လည်း မဆိုးလှပေ။
အထူးသဖြင့် ဆိုင်ထဲတွင် ကပ်ထားသော စာနှင့်ပန်းချီများသည် ရေးဆွဲစဉ်က စိတ်ထဲတွင် မေတ္တာဓာတ် ကိန်းဝပ်နေသဖြင့် အထူး နူးညံ့သိမ်မွေ့နေပြီး ကြည့်ရှုသူများကို ပြုံးမိစေသည်။ မိသားစုဝင်များ ကျိုကော ၏ စိတ်ကို ရိပ်မိသွားကြသည်မှာ မဆန်းပေ။
ဒီစာတွေ ပန်းချီတွေ မြင်ရင် ဘယ်သူက မသိဘဲ နေမှာလဲ။
ရှဲ့အဖေသည် ဖတ်ရှုခံစားပြီးနောက် ရင်ထဲတွင် လှိုင်းဂယက်များ ထလာ၏။ တကယ့်ကို ပေါ်တင်ကြီးပါလား၊ ဖုံးကွယ်ထားတာ မရှိပါလား။
လူငယ်လေးတွေပဲလေ။
ထို့ကြောင့် သူသည် ကျဉ်းကျပ်ပြီး ဟောင်းနွမ်းသော အိမ်လေးတွင် နေရသည်ကိုပင် ကျေနပ်စွာ လက်ခံလိုက်ပြီး ကျိုကော ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "အခန်းသစ် ထပ်ငှားစရာ မလိုပါဘူး၊ မင်း ကြီးလာကတည်းက ငါတို့သားအဖနှစ်ယောက် မီးထွန်းပြီး စကားပြောတာ၊ အတူတူအိပ်တာမျိုး မရှိသလောက်ပဲ၊ အခု အခွင့်ကောင်းပဲ"
ရလဒ်အနေဖြင့် ရှဲ့အဖေ ကတော့ ကောင်းကောင်း အိပ်ပျော်သွားသော်လည်း ရှဲ့ချီ မှာ ဒုက္ခရောက်ရသည်။
"ရှင့်အဖေက အိပ်မက်ထဲမှာ ကဗျာရွတ်တတ်တာလား" အပြင်ပန်းကြည့်လျှင် လုံးဝမထင်ရပေ။ လေညင်းသဖွယ် အေးချမ်းတည်ငြိမ်သော ဦးလေးကြီးတစ်ယောက်က အတွင်းစိတ် သဘောထား လုံးဝကွဲပြားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
ရှန်မြောင် မနေနိုင်ဘဲ ပခုံးများ တုန်သည်အထိ ရယ်မောလိုက်မိသည်။ "လီပိုင်က အရက်မူးရင် ကဗျာ (၃၀၀) ရွတ်နိုင်တယ် ဆိုပေမဲ့ ရှဲ့မိသားစုဦးလေးရဲ့ အိပ်မက်ထဲမှာ ကဗျာရွတ်တဲ့ အရည်အချင်းကိုတော့ မမှီဘူးထင်တယ်"
ရှဲ့ချီ က မတတ်သာသော မျက်နှာထားဖြင့် သူမကို ကြည့်နေသည်။
ယန့်ရှူး ဝယ်လာသော မျက်စဉ်းဆေးသည် တော်တော် အစွမ်းထက်သည်။ ရှဲ့ချီ၏ မျက်လုံးသည် (၃) (၄) ရက် ခတ်ပြီးနောက် အရောင်ကျသွားပြီး မျက်ရည်မကျတော့ပေ။ သို့သော် မျက်ခွံများမှာ လက်ဖြင့် ပွတ်ထားသကဲ့သို့ နီရဲနေသေးသည်။ ယခု သူ စကားမပြောဘဲ ထိုနီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်မှာ သဘာဝအလျောက် သနားစရာကောင်းနေပုံ ပေါက်နေတော့သည်။
ရှန်မြောင်လည်း သူ့အကြည့်ကြောင့် ရင်ခုန်သံများ လွဲချော်သွားပြီး ရယ်ချင်စိတ်ကို အမြန်ပြန်ထိန်းလိုက်ရသည်။ "ကျွန်မ ဆန်ပြုတ် သွားနွှေးလိုက်ဦးမယ်"
သူမတစ်ယောက် အမြန် ထွက်ပြေးသွားတော့၏။
အိမ်ရှိ အခြားသူများ အိပ်မောကျနေဆဲဖြစ်ပြီး ယန့်ရှူး လည်း မထသေးပေ။ နှစ်ယောက်သား ဆန်ပြုတ်နှင့် ဟင်းရံပွဲများကို ရိုးရှင်းစွာ စားသောက်ပြီးနောက် မိုးမလင်းသေးသော်လည်း ဈေးဝယ်ထွက်ရန် အတူတူ ထွက်လာခဲ့ကြသည်။
မထင်မှတ်ဘဲ ထွက်လာပြီး မကြာမီ ဒီနှစ်နွေဦး၏ ပထမဆုံး ရွှေပဲရွက်နှင့် ကံကောင်းထောက်မစွာ ဆုံတွေ့ခဲ့သည်။
ပြန့်ကျင်း ရာသီဥတုအရ ၂လပိုင်းကုန်တွင် စိုက်ပျိုးသော ရွှေပဲရွက်များကို ယခုအချိန်တွင် ခူးဆွတ်လျှင် အနုဆုံးအချိန် ဖြစ်သည်။ အောက်ဆုံး ရိုးတံလေးကိုပင် လက်သည်းဖြင့် ဆိတ်လိုက်လျှင် ပြတ်ထွက်သွားလောက်အောင် နုနယ်နေသဖြင့် ထိပ်ဖျားလေးတင်မက တစ်ပင်လုံးကို စားသုံးနိုင်လေသည်။
ရှန်မြောင် သည် ချိန်တွယ်သည့်အခါတွင်ပင် သတိထားရသည်။ ရွှေပဲရွက်များသည် နုလွန်းသဖြင့် ရေထွက်မတတ် ဖြစ်နေပြီး သတိမထားလျှင် ကျိုးပဲ့သွားနိုင်သည်။ လတ်ဆတ်မှု ရှိမရှိ သေချာရွေးချယ် စစ်ဆေးပြီးနောက် ဈေးသည်ထံမှ ရွှေပဲရွက်အားလုံးကို သိမ်းကျုံးဝယ်ယူလိုက်သည်။
များများဝယ်ထားလိုက်သည်။ ဒီနေ့ အိမ်မှာလည်း စားလို့ရသလို ဆိုင်မှာလည်း ရွှေပဲရွက်ခေါက်ဆွဲ ရောင်းလို့ရသည်။ ညနေပိုင်း အမြန်စားထမင်းဘူး လုပ်တဲ့နေရာမှာလည်း သုံးလို့ရသည်။
ဒီအချိန်မှာ ကြက်သွန်မြိတ်တွေလည်း နုနေပြီဖြစ်ရာ ပိန်းဥနှင့် ကြော်စားရင် အရမ်းမွှေးသည်။ မနေ့က ရုံးတော်မှ အရာရှိငယ်အချို့သည် ကြက်သွန်မြိတ်ပိန်းဥကြော်နှင့် ဝက်အူချောင်းထမင်း မှာယူစားသောက်ခဲ့ကြသည်။ ရှန်မြောင် သည် ယနေ့အတွက် ဟင်းရည် ဘာလုပ်ရမလဲ စဉ်းစားနေရာ ယခုအခါ အနံ့အရသာ ပြည့်စုံသော ဝက်အူချောင်းထမင်းနှင့် ရွှေပဲရွက်တို့ဟူးဟင်းရည် တွဲဖက်လိုက်လျှင် အလွန်ကောင်းမွန်မည် ဖြစ်လေသည်။
ရှဲ့ချီ က ခြင်းတောင်းကြီး နှစ်လုံး၊ ရှန်မြောင် က ခြင်းတောင်းငယ် နှစ်လုံးကို ဆွဲကာ ပြန်လာခဲ့ကြ၏။
သူတို့နှစ်ဦး မနက်ခင်း နှင်းရည်များကြားမှ အိမ်ပြန်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ရှဲ့ချီ စကားမပြောပေ။ မျက်လုံးနေမကောင်း၍လား၊ အိပ်ရေးမဝ၍လား မသိ၊ သူသည် ငြိမ်သက်နေပြီး စိတ်နှင့်လူ မကပ်သလို ဖြစ်နေလေသည်။ ရှန်မြောင် ဘေးမှနေ၍ တစ်ချက်ကြည့်လိုက်ရာ မျက်ခွံများ လေးလံနေပြီး လမ်းလျှောက်ရင်း အိပ်ပျော်တော့မလို ဖြစ်နေသည်ကို တွေ့နေရပြီး တကယ် အိပ်ချင်နေပုံရသည်။
အိမ်ပြန်ရောက်သောအခါ ရှန်မြောင် သည် ချီလင်ကို သူ့လက်ထဲ ထည့်ပေးပြီး အိပ်ခိုင်းလိုက်တော့၏။ "ရှင့်အခန်းကို ရှဲ့ဦးလေး ယူထားတယ်မလား၊ ကျိအာ အခန်းမှာ ခဏလောက် သွားနားလိုက်လေ၊ အခု စောသေးတယ်၊ ကြည့်ပါဦး ယန့်ရှူး တောင် မလာသေးဘူး၊ သူ အိပ်နေတုန်းပဲ နေမှာ၊ ချီလင် နဲ့အတူ တစ်ရေးလောက် သွားအိပ်လိုက်ဦး"
ရှဲ့ချီ သည် ကြောင်ကို ပိုက်လျက် အခန်းထဲသို့ အတင်းတွန်းပို့ခံလိုက်ရ၏။
သူသည် ကြောင်တောင်တောင်ဖြင့် ကုတင်ပေါ်သို့ ပက်လက်လှန် တွန်းချခံလိုက်ရသည်။
"ကျိအာ ရဲ့ အိပ်ရာခင်းတွေ အကုန်လုံး သူသွားကတည်းက လျှော်ထားပြီးသား၊ စိတ်ချလက်ချ အိပ်လိုက်" ရှန်မြောင် သည် ပြတင်းပေါက် လိုက်ကာကို ချပေးလိုက်ပြီး တံခါးမပိတ်မီ မျက်နှာတည်ကာ မှာကြားလိုက်သည်။ "သွားအိပ်တော့၊ (၂) နာရီလောက် မအိပ်ရင် ထွက်မလာနဲ့"
ရှဲ့ချီ သည် ရင်ခွင်ထဲတွင် ချီလင် ကို ပိုက်လျက် မတတ်သာသော အပြုံးဖြင့် ပြုံးကာ သူမ၏ အရိပ်အယောင်ကို မျက်လုံးဖြင့် လိုက်ကြည့်ရင်း ညင်သာစွာ ပြန်ဖြေလေသည်။ "ဟုတ်ကဲ့ပါ"
ရှန်မြောင်က တံခါးပိတ်ပြီး လှည့်ထွက်လာရာ အားထောင် သည် တိုင်ကိုဖက်ပြီး သူမကို ကြည့်ကာ တိတ်တဆိတ် ခိုးရယ်နေသည်ကို တွေ့လိုက်ရသည်။ ရှန်မြောင် စိတ်မရှည်စွာဖြင့် ရှေ့တိုးသွားပြီး နဖူးကို ဖွဖွလေး တောက်လိုက်ကာ "ဆိုင်သွားဖွင့်တော့၊ ဘာတွေ ရယ်နေတာလဲ"
"ဟုတ်ကဲ့ ဟုတ်ကဲ့၊ အခု သွားပါပြီ" အားထောင် နဖူးကို အုပ်ကာ ပိုမိုရယ်မောလျက် ခုန်ပေါက်ပြီး ဆိုင်သွားဖွင့်လေသည်။
တံခါးပျဉ်ချပ်များ တစ်ချပ်ချင်း ဖြုတ်ချသံနှင့်အတူ ရှန်မိသားစု ဟင်းရည်ဆိုင်၏ တစ်နေ့တာသည် ပုံမှန်အတိုင်း စတင်လည်ပတ်လေတော့သည်။
အဒေါ်နျန်နှင့် ယိုယွီ တို့ ရောက်ရှိလာကြသည်။
သူတို့နှင့်အတူ တောင်ငယ်လေးတစ်လုံးကဲ့သို့ သန်မာထွားကျိုင်းသော တင်းဝူရှီလည်း ပါလာသည်။ အားထောင် ပြောပြချက်အရ သူသည် လျိုတို့ခို၏ မင်္ဂလာမဆောင်ရသေးသော ခင်ပွန်းလောင်း ဖြစ်လေသည်။
လွန်ခဲ့သော (၂) ရက်က တင်းဝူရှီ သည် အစမ်းခန့်လာလုပ်ရာ ရှန်မြောင် သည် သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကို မြင်လိုက်သည်နှင့် စိတ်တစ်ဝက် အေးသွားခဲ့သည်။ တင်းဝူရှီ ၏ အရပ်သည် ကျိုကော ထက် နည်းနည်းလေးသာ ပုသော်လည်း ကျိုကော နှစ်ယောက်စာလောက် ထွားကျိုင်းသည်။ မီးဖိုဆောင်တံခါးဝတွင် ရပ်လိုက်လျှင် တံခါးပေါက် ပိတ်သွားလောက်သည်။
ထင်ထားသည့်အတိုင်း တင်းဝူရှီ သည် ဟင်းချက်ရာတွင် ဒယ်အိုးမွှေခြင်းကို ပေါ့ပါးစွာ လုပ်ဆောင်နိုင်သည်။
လျိုတို့ခို သည် ထိုနေ့က စိတ်မချသဖြင့် လိုက်ကြည့်ရင်း ရှန်မြောင် ကို တိုးတိုးလေး ပြောပြလေသည်။ "အစ်မကြီး... ဝူရှီ က အရင်တုန်းက ခန်းကျီ စားသောက်ဆိုင်မှာ လက်ထောက်စားဖိုမှူး လုပ်ခဲ့တာ၊ ဒါပေမဲ့ ခန်းကျီ က စီးပွားရေး မကောင်းတော့ နှစ်သစ်ကူးပြီးတာနဲ့ စားဖိုမှူးနဲ့ စားပွဲထိုး နှစ်ယောက် သုံးယောက်လောက် အထုတ်ခံလိုက်ရတယ်၊ ဝူရှီ က အဲဒီအထဲ ပါသွားတာ"
"ဒါပေမဲ့ သူက လက်ရာမကောင်းလို့၊ အမှားလုပ်လို့ အထုတ်ခံရတာ မဟုတ်ဘူး၊ အသက်အငယ်ဆုံးမို့၊ ပြီးတော့ လူမှုရေး မကောင်းလို့ အထုတ်ခံရတာ၊ ခန်းကျီ မှာ အခု ဆရာကြီးနှစ်ယောက်ပဲ ကျန်တော့တယ်" လျိုတို့ခိုက ဆက်ရှင်းပြလေသည်။ "သာ့ကျဲအာ သိလား၊ ခန်းကျီ ကလည်း အခု အစားအသောက် ဝန်ဆောင်မှု လုပ်နေတယ်တဲ့၊ အလုပ်ရုံကြီးတွေ၊ မီးဖိုတွေဆီ ထမင်းဟင်း ပို့တယ်တဲ့၊ ဒါပေမဲ့ ဝူရှီ ပြောတာတော့ ခန်းကျီ က အပြင်မှာ ပြောသလောက် စီးပွားမကောင်းဘူးတဲ့၊ အခု သိပ်အဆင်မပြေဘူး၊ ကြာကြာခံမယ် မထင်ဘူးတဲ့"
ရှန်မြောင်က ခေါင်းညိတ်လိုက်သည်။
ခန်းကျီက အစားအသောက် ဝန်ဆောင်မှု လိုက်လုပ်သည်ကို သူမ သိပြီးသားဖြစ်သည်။
သို့သော် ခန်းကျီသည် ကုန်ကျစရိတ် လျှော့ချရန်အတွက် အရမ်းနှိပ်ကွပ်လွန်းပုံရသည်။ ရှန်မြောင် ငှားထားသော အလုပ်သမားများ ပြောပြချက်အရ ရုံးတော်မှ လူအချို့ ခန်းကျီ ၏ အစားအသောက်ကို မှာစားဖူးသော်လည်း လာပို့သော ဟင်းသီးဟင်းရွက်များသည် ဝါနေပြီး အချို့ဟင်းများမှာ ပြဲနေအောင် ပြုတ်ထားသဖြင့် စားမကောင်းဘူးဟု ပြောဆိုကြကြောင်း ကြားသိရသည်။ ထို့အပြင် ခန်းကျီ ၏ ပန်းကန်ခွက်ယောက် မကောင်းကြောင်း၊ ဟင်းပွဲ မစုံလင်ကြောင်းလည်း ပြောကြသည်။
ရှန်မြောင် ၏ စီးပွားရေးမှာ ထိခိုက်မှု မရှိပေ။ ယခုအခါ တစ်နေ့လျှင် ပွဲ (၁၅၀) ခန့် ရရှိနေပြီဖြစ်ရာ သိပ်ပြီး ဂရုစိုက်မနေတော့ပေ။
ထိုနေ့က ရှန်မြောင်သည် တင်းဝူရှီ ချက်ပြုတ်သော ဟင်းအနည်းငယ်ကို မြည်းစမ်းကြည့်ပြီးနောက် သူ့ကို ခန့်လိုက်သည်။ သူသည် အမြန်စားဆိုင်စားဖိုမှူး တစ်ယောက်၏ လိုအပ်ချက်များကို အခြေခံအားဖြင့် ပြည့်မီသည်။ ခွန်အားကြီးသည်၊ အခြေခံ ဟင်းချက်နည်း နားလည်သည်၊ ရိုးသားသည်၊ ကြိုးစားသည်။ အထူးသဖြင့် တင်းဝူရှီသည် သန့်ရှင်းမှုကို အလွန်နှစ်သက်လေသည်။
ရှန်မြောင်သည် သူ ဟင်းချက်နေစဉ် မမြန်ဆန်သော်လည်း ဟင်းချက်ရင်း မီးဖိုခုံကို သုတ်သင်ရှင်းလင်းနေသည်ကို မြင်လိုက်ရသောအခါ သဘောကျသွားသည်။ သူမကလည်း ထိုကဲ့သို့ သန့်ရှင်းသပ်ရပ်သော စားဖိုမှူးမျိုးကို နှစ်သက်သည်။
စားဖိုမှူးအများစုသည် ဟင်းချက်ကောင်းသော်လည်း ဟင်းတစ်ပွဲချက်ပြီးလျှင် မီးဖိုခုံတစ်ခုလုံး ရှုပ်ပွနေတတ်သည်။ ဟင်းရွက်စများ၊ သွေးများ၊ အမှိုက်သရိုက်များ ပြန့်ကျဲနေပြီး ဒယ်အိုးဘေးတွင် ဆီဂျီးများ ကပ်နေသည်မှာ ရွံစရာကောင်းလှသည်။ ဤခေတ်မီးဖိုဆောင်တွင် ကျန်းမာရေးဌာနမှ လာရောက်စစ်ဆေးခြင်း မရှိသော်လည်း သန့်ရှင်းသပ်ရပ်သော အလေ့အကျင့်ရှိခြင်းသည် တန်ဖိုးရှိလှသည်။
လမ်းမကြီးပေါ်ရှိ ဆိုင်တစ်ဝက်သည် ပြင်ဆင်ပြီးစီးပြီဖြစ်ပြီး ယနေ့တွင် ပန်းပဲဖိုမှ ဒယ်အိုးများ လာပို့လိမ့်မည်။ ရှန်မြောင်သည် ဒီနေ့ တင်းဝူရှီ ၊ အဒေါ်နျန် နှင့် အစားအသောက်ပို့သော အလုပ်သမားနှစ်ယောက်ကို ခေါ်ဆောင်ပြီး ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်များကို ဆိုင်သစ်သို့ ပြောင်းရွှေ့ကာ မီးမွှေးပြီး စမ်းသပ်ချက်ပြုတ်ကြည့်ရန် စီစဉ်ထားသည်။ အဆင်ပြေလျှင် နောက်ပိုင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းကို ထိုနေရာတွင် လုပ်ကိုင်ရလိမ့်မည်။
...