အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အပိုင်း (၁၆၁)
ရှန်မြောင်က နေ့စဉ် လာရောက်ကြည့်ရှုမည်ဖြစ်ပြီး တစ်ညကြိုတင်၍ နောက်နေ့အတွက် ဟင်းပွဲများနှင့် ဟင်းရည်များတွင် သတိပြုရမည့် အချက်များကို တင်းဝူရှီအား ပြောပြပေးမည်ဖြစ်သည်။ ဥပမာ - ဟင်းရွက်စိမ်းကို ရေနွေးဖျောလျှင် အိုးထဲ၌ ဆားနှင့်ဆီ အနည်းငယ်ထည့်မှ ဟင်းရွက်အရောင် စိမ်းလန်းနေမည်။ ထမင်းပေါင်းလျှင် ရှာလကာရည်နှင့် ဆီအနည်းငယ် ထည့်ပေါင်းမှ ထမင်းအရသာ ပိုကောင်းမည်။
အသေးစိတ်အချက်များက အရေးကြီးပေသည်။ သူမ၏ အမြန်စားဆိုင်တွင် ထူးဆန်းသော ဟင်းပွဲများ မရှိသော်လည်း အရသာမှာ အမြဲကောင်းမွန်နေရခြင်း အကြောင်းရင်းမှာ ဤအချက်ကြောင့် ဖြစ်သည်။ ရှန်မြောင် သတ်မှတ်ထားသော ဟင်းပွဲတိုင်းတွင် ချက်ပြုတ်နည်း လျှို့ဝှက်ချက်လေးများ ပါဝင်နေသည်။
မနက်ပိုင်းတွင် ထန်အာနှင့် ဖူရှင်း တို့သည် ထန်မော်၊ ပိုင်မုန့် နှင့် ဘဲကင် ရောင်းချနေကြပြီး ရှန်မြောင် လုပ်စရာ သိပ်မရှိသဖြင့် အိမ်မှ ရှစ်ယီးလန် ကို ဆွဲထုတ်ကာ တင်းဝူရှီ နှင့်အတူ ယနေ့ အစားအသောက် ဝန်ဆောင်မှုအတွက် လိုအပ်သော ကုန်ကြမ်းများကို မြည်းလှည်းပေါ်သို့ တင်လိုက်သည်။
ရွှေပဲရွက်များသည် ဖိမိလျှင် ကျိုးပဲ့ပျက်စီးလွယ်သဖြင့် ခြင်းတောင်းထဲထည့်ကာ လက်ဆွဲပြီး ယူသွားလိုက်သည်။
တင်းဝူရှီသည် ခြင်းတောင်းထဲရှိ အသားနှင့် ဟင်းသီးဟင်းရွက်များကို သေချာချည်နှောင်ပြီးနောက် မြည်းလှည်းမောင်းကာ ထွက်ခွာလာခဲ့သည်။
ယနေ့တွင် ရှစ်ယီးလန် သည် ဦးထုပ်အသစ် ဆောင်းထားပြီး ဘေးနှစ်ဖက် ကော့တက်နေသော "ကောင်းဘွိုင်" ဦးထုပ်ဖြစ်ပြီး မေးသိုင်းကြိုးပါ ပါရှိသည်။ ဤဦးထုပ်ကို ရှန်မြောင် ပုံဆွဲပေးပြီး အားထောင် က ကောက်ရိုးဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ လည်ပင်းရှိ ဆည်းလည်းတွင်လည်း ပဝါနီလေး စည်းထားပေးသေးသည်။
"ကောင်းဘွိုင်မြည်း" သည် လှည်းဆွဲလျက် တက်ကြွစွာ ထွက်ခွာသွားလေသည်။
ရှန်မြောင် ငှားရမ်းထားသော ဆိုင်တစ်ဝက်သည် ပုံစံပြောင်းသွားပြီ ဖြစ်၏။ မူလက သမင်သားရောင်းသော ဆိုင်ဖြစ်သဖြင့် ကြမ်းပြင်နှင့် နံရံများတွင် နှစ်ရှည်လများ စွဲကပ်နေသော အညစ်အကြေးနှင့် အဆီများ ရှိနေခဲ့သည်။
နောက်ပိုင်းတွင် သစ်သားပြားဖြင့် အခန်းနှစ်ခန်း ကန့်လိုက်ပြီး ယောက်လော်ကဲ့ဘက်က သန့်ရှင်းရေး လုပ်ပေးခဲ့သော်လည်း ရှန်မြောင် ဘက်ခြမ်းတွင် အသားနံ့များ ကျန်နေသေးသည်။ ရှန်မြောင်သည် အကြိမ်ကြိမ် သန့်ရှင်းရေး လုပ်ခိုင်းပြီး နံရံများကို ဆေးသုတ်ကာ ကြမ်းပြင်ကို ကြွေပြား ခင်းလိုက်မှသာ ကြည့်ပျော်ရှုပျော် ဖြစ်လာခဲ့သည်။
ငှားထားသည့် ဆိုင်ခန်းဖြစ်သော်လည်း ရှန်မြောင်က ကြွေပြားခင်းလိုက်သည်။ သူမ၏ အမြန်စားဆိုင်သည် ရုံးတော်နှင့် နီးကပ်သဖြင့် သိပ်ပြီး ဖြစ်သလို မလုပ်ချင်ပေ။ ရုံးတော်မှ အရာရှိငယ်များသည် နေ့စဉ်စားသောက်နေသော အစားအစာများကို ညစ်ပတ်နေသော မီးဖိုဆောင်မှ ချက်ပြုတ်ထားသည်ကို တွေ့မြင်သွားလျှင် စိတ်ပျက်သွားကြပေလိမ့်မည်။
သူမသည် သန့်ရှင်းသပ်ရပ်၊ လှပပြီး မွှေးကြိုင်နေအောင် ဖန်တီးချင်သည်။ လမ်းသွားလမ်းလာများ တွေ့မြင်လျှင် ခေါင်းညိတ်ချီးကျူးပြီး အပြစ်ပြောစရာ မရှိသည်အထိ ဖြစ်စေချင်သည်။ အိမ်ချက်ဟင်းလျာများ ပြုလုပ်ရာတွင် စိတ်ပါဝင်စားမှုနှင့် အသေးစိတ် ဂရုစိုက်မှု လိုအပ်သည်။ ဤအချက်သည် ဖောက်သည်များကို ဆွဲဆောင်ထားနိုင်သော သော့ချက်ဖြစ်၏။ ရိုးရှင်းသော ဟင်းပွဲများ ဖြစ်သည်ဟု သဘောထားပြီး ပေါ့ဆလိုက်လျှင် အလွယ်တကူ အစားထိုးခံရနိုင်သည်။
ရှန်မြောင်က ပန်းရံဆရာချိုက်ကို မေးကြည့်ရာ နောက်ပိုင်း ဆိုင်ပြန်အပ်လျှင်လည်း ကိစ္စမရှိကြောင်း၊ ကြွေပြားများကို ပြန်ခွာယူသွားနိုင်ကြောင်း ပြောပြသည်။ ယခုခေတ် ကြွေပြားများသည် ကျောက်ပြားနှင့် မြေကြီးကို ရောနယ်ပြီး ပြုလုပ်ထားသဖြင့် ခေတ်သစ် ကြွေပြားများကဲ့သို့ ကွဲလွယ်ခြင်း၊ ခွာရခက်ခြင်း မရှိပေ။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ကျဉ်းမြောင်းသော ရှေ့ခန်းတွင် စားပွဲဝိုင်း (၃) လုံး ချထားသည်။ ရှန်မိသားစုဆိုင်ကဲ့သို့ပင် ကောင်တာဖြင့် ရှေ့ခန်းနှင့် မီးဖိုဆောင်ကို ပိုင်းခြားထားသည်။ ထို့ကြောင့် ဤဆိုင်တစ်ဝက်၏ နေရာအများစုသည် မီးဖိုဆောင် ဖြစ်နေလေသည်။
အသစ်ဆောက်ထားသော မီးဖိုခုံသည်လည်း ရှန်မိသားစုဆိုင်ကဲ့သို့ပင် မီးဖိုပေါက် ကြီးမားပြီး သံဒယ်အိုးကြီး တင်ထားကာ ရေနွေးအိုးပေါက် နှစ်ခုနှင့် ဆက်သွယ်ထားသည်။ ဤမီးဖိုဆောင်သည် ရှန်မိသားစုမီးဖိုဆောင်၏ အသေးစားပုံစံဟု ပြောနိုင်သည်။
ရှန်မြောင်သည် ဝင်လာပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ယူဆောင်လာသော အိုးခွက်ပန်းကန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဆန်၊ ဆီ၊ ဆား တို့ကို အမျိုးအစားခွဲပြီး နေရာချထားလိုက်သည်။
ထို့နောက် ထင်းများ သယ်ဆောင်လာရန် တစ်ခေါက် ထပ်ပြေးရသည်။
လူအများစုသည် မနက်ပိုင်းတစ်ပိုင်းလုံး မနားမနေ အလုပ်ရှုပ်နေကြသည်။
အားလုံး အဆင်သင့် ဖြစ်သွားသောအခါ ရှန်မြောင်သည် ဘေးမှ ရပ်ကြည့်ပြီး တင်းဝူရှီ ဟင်းချက်သည်ကို စောင့်ကြည့်လေသည်။
ဝက်အူချောင်း၊ ပိန်းဥတို့ကို အတူပေါင်းထားလိုက်ပြီး ထမင်းကို ဆီသုတ်ထားသော မြေအိုးဖြင့် ချက်လိုက်သည်။ ထို့နောက် ယနေ့အတွက် ဟင်းများကို ကြော်လှော်သည်။
ကြက်သွန်မြိတ်ပိန်းဥကြော်တွင် အရေးအကြီးဆုံးမှာ ကြက်သွန်မြိတ်ကို ကြာကြာမကြော်မိစေရန် ဖြစ်သည်။ ကြာသွားလျှင် ရင့်သွားပြီး စားမကောင်းတော့သလို အနံ့လည်း မမွှေးတော့ပေ။ ထို့ကြောင့် ပိန်းဥပေါင်းပြီးမှ ကြက်သွန်မြိတ်ကို ထည့်ကြော်ရသည်။
ပေါင်းထားသော ပိန်းဥကို သီးသန့်ဖယ်ထုတ်ပြီး အရမ်းနူးမနေစေဘဲ အချပ်လိုက် လှီးဖြတ်ကာ အိုးထဲတွင် ယောက်မဖြင့် ချေလိုက်သည်။ အနှစ်ဖြစ်သွားသည်အထိ မချေဘဲ အတုံးအခဲလေးများ ကျန်အောင် ချေရသည်။
ထို့နောက် ဆီပူအိုးတည်ပြီး မွေလိုက်သည်။ ငရုတ်သီး၊ ဂျင်း၊ ဆား၊ ပဲငံပြာရည်နှင့် ဇီယာမှုန့် အနည်းငယ် ထည့်ကာ ခြောက်သွေ့သွားသည်အထိ လှော်ပြီးနောက် မီးလျှော့ကာ ပိန်းဥကို မွှေးလာသည်အထိ ဖြည်းဖြည်းချင်း ကြော်လိုက်သည်။
ထိုအချိန်တွင် ကြက်သွန်မြိတ်နှင့် နံနံပင်ကို အတုံးသေးသေးလေးများ လှီးဖြတ်ထားလိုက်သည်။
"ဓားသွက်သွက် လှီး၊ စဉ်းတီတုံးပေါ်မှာ အရည်တွေ ထွက်ကုန်အောင် မလှီးနဲ့၊ အရည်ထွက်ကုန်ရင် ကြက်သွန်မြိတ်က စားမကောင်းတော့ဘူး" ရှန်မြောင် ဘေးကနေ သတိပေးလိုက်သည်။ တင်းဝူရှီသည် စိတ်လှုပ်ရှားလွန်းသဖြင့် နဖူးတွင် ချွေးများ စို့နေပြီး လှီးပြီးသည်နှင့် လည်ပင်းမှ ပဝါဖြင့် ချွေးသုတ်လိုက်သည်။
ထိုအချိန်တွင် အိုးထဲမှ ပိန်းဥသည် အနေတော် ဖြစ်နေပြီဖြစ်ရာ ကြက်သွန်မြိတ်နှင့် နံနံပင်ကို ထည့်လိုက်သည်။
သမအောင် မွှေပြီးသည်နှင့် မီးငြိမ်းလိုက်သည်။
ဝက်အူချောင်းထမင်း ပြုလုပ်ပုံသည် မြေအိုးထမင်းပေါင်း နှင့် ဆင်တူသည်။ ဝက်အူချောင်းကို လှီးဖြတ်ပြီး ပေါင်းထားသော ထမင်းပေါ်တွင် အဝိုင်းလိုက် စီထားကာ အလယ်တွင် ကြက်ဥနှစ်လုံး ဖောက်ထည့်ပြီး မြေအိုးအဖုံးအုပ်ကာ ဆက်လက်တည်ထားလိုက်သည်။
ထို့နောက် အချဉ်ရည်အနှစ် ဖျော်စပ်သည်။ ပဲငံပြာရည် နှစ်ဇွန်း၊ ရေအေး၊ သကြားတစ်ဇွန်း၊ ပုစွန်ငပိ အနည်းငယ် ထည့်မွှေပြီး ကြက်ဥတစ်ဝက်ကျက်နေသော ထမင်းအိုးထဲသို့ လောင်းထည့်လိုက်လျှင် ပြီးစီးပြီ ဖြစ်သည်။
နောက်ဆုံးတွင် ရွှေပဲရွက်ဟင်းရည် ဖြစ်ကာ ပြုလုပ်ရသည်မှာ ရိုးရှင်းပြီး မြန်ဆန်သည်။
"ဝူရှီ ... ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီသတ်၊ တို့ဟူးကြော်၊ ရွှေဝါရောင်သမ်းရင် ရပြီ၊ ရေထည့်၊ ဆားထည့်၊ ရေဆူလာရင် ရွှေပဲရွက်ထည့်၊ ကြက်သွန်မြိတ်ဖြူး၊ ပြီးပြီ" ရှန်မြောင် သည် သူ့ကို လက်တွေ့သင်ကြားပေးနေသည်။
တင်းဝူရှီသည် ရှန်မြောင် ၏ ညွှန်ကြားချက်အတိုင်း အသည်းအသန် လိုက်လုပ်နေရသည်။ ဒါ သူ ပထမဆုံးအကြိမ် အစားအသောက် ဝန်ဆောင်မှု လုပ်ခြင်းဖြစ်ရာ မမှားယွင်းစေချင်ပေ။
ဤဟင်းရည်သည် မည်သည့်အမယ်ကို မှာယူသည်ဖြစ်စေ အတူတူပင် ဖြစ်သဖြင့် အများကြီး ချက်ပြုတ်ရသည်။ ကျက်သွားသောအခါ မြေအိုးငယ်လေးများထဲသို့ ခွဲထည့်ပြီး အဖုံးနှစ်ထပ် အုပ်လိုက်သည်။ အဖုံးပေါ်တွင် ရွှံ့စေးတစ်ပတ် ပတ်ပြီး အတွင်းပိတ်အဖုံး ပြုလုပ်လိုက်သဖြင့် ဖိတ်စင်ခြင်း မရှိတော့ပေ။
ထို့နောက် ကျန်ရှိသော ဟင်းပွဲများဖြစ်သည့် ခရမ်းသီးအသားစဉ်းကြော်၊ ငါးအရသာ ဝက်သားမျှင်ကြော်၊ ကြက်သားပြုတ် တို့ကို ဆက်လက်ချက်ပြုတ်သည်။
တင်းဝူရှီသည် ယောက်မကို အငွေ့ထွက်မတတ် မွှေနေရပြီး လက်မောင်းများပင် တုန်ရီလာသော်လည်း နောက်ဆုံးတွင် ဟင်းပွဲအားလုံး ပြီးစီးသွားခဲ့သည်။ အဒေါ်နျန် နှင့် ပို့ဆောင်ရေးသမား နှစ်ဦးက ရှေ့တိုးလာပြီး ကူညီထုပ်ပိုးပေးကြသည်။ ထို့နောက် နွားလှည်း၊ မြည်းလှည်းများဖြင့် ဈေးတန်း၊ ရုံးတော်နှင့် မျှော်စင်များဆီသို့ လိုက်လံပို့ဆောင်ကြလေသည်။
တင်းဝူရှီ သည် သက်ပြင်းချလိုက်ပြီး ဘေးရှိ ခုံပုပေါ်တွင် ထိုင်ချကာ အမောဖြေရင်း ချွေးသုတ်နေသည်။ သူသည် မီးဖိုဆောင်တွင် အလုပ်ကြမ်း လုပ်နေကျသူ ဖြစ်သော်လည်း ယခုအခါ လက်မောင်းများ ကိုက်ခဲနေပြီ ဖြစ်သည်။
"ပင်ပန်းသွားပြီ ဝူရှီ ၊ ဒီအလုပ်က နေ့တိုင်း ဒီအချိန်လေးပဲ အလုပ်များတာ၊ ကျန်အချိန်တွေမှာ အဒေါ်နျန် နဲ့အတူ အေးအေးဆေးဆေး ဟင်းရွက်ပြင်လို့ ရတယ်၊ တို့ခို ကို ပြောထားပြီးသားပါ၊ တစ်လကို (၃) ကွမ်းခွဲ ပေးမယ်၊ နောက်ပိုင်း ရှန်မိသားစုဆိုင်က တခြားဝန်ထမ်းတွေလိုပဲ နှစ်တိုင်း လစာတိုးပေးမယ်၊ ဘယ်လိုလဲ၊ အဆင်ပြေရင် နောက်ပိုင်း ဒီဆိုင်ကို မင်းပဲ ဦးစီးတော့"
တင်းဝူရှီ ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။ "ကျွန်တော် လုပ်ပါမယ်"
သူသည် ခန်းကျိ တွင် လုပ်တုန်းက လက်ထောက်စားဖိုမှူး လစာသာ ရရှိပြီး အလုပ်က ဒီထက်ပိုပင်ပန်းသည်။ လစာကလည်း ဒီလောက်မများပေ။ စားဖိုမှူးကြီးကို မျက်နှာချိုသွေးရန် ဆေးရွက်ကြီး ဝယ်ပေးရသေးသည်။ ရှန်မိသားစုဆိုင်လောက် မကောင်းပေ။ ကိုယ်တိုင် ယောက်မကိုင်ရသလို ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုပေ။ ယခု အမြန်စားဆိုင်တွင် သူရယ်၊ အဒေါ်နျန် ရယ်၊ ပို့ဆောင်ရေးသမား နှစ်ယောက်ရယ်သာ ရှိသဖြင့် ရိုးရှင်းပြီး ကောင်းမွန်လှသည်။
သူ အထုတ်ခံလိုက်ရတာ ကံကောင်းသွားပြီဟု တွေးလိုက်မိ၏။
"ဒါဆို ဒီလိုပဲ လုပ်ကြတာပေါ့၊ မင်း ခဏနားလိုက်ဦး၊ ညနေကျရင် မီးဖိုဆောင် သန့်ရှင်းရေးလုပ်ပြီး ပြန်လို့ရပြီ၊ ဒါ ဆိုင်သော့၊ မနက်ဖြန်ကျရင် လယ်သမားတွေ ဒီကို ဟင်းသီးဟင်းရွက် လာပို့လိမ့်မယ်၊ စောစောလာပြီး တံခါးဖွင့်ပေးလိုက်ဦး" ရှန်မြောင် သည် အထွေထွေကိစ္စများကို မှာကြားပြီး သော့အပ်လိုက်သည်။
ပထမနေ့ အလုပ်လုပ်ပုံမှာ သွက်လက်သည်ကို တွေ့ရသဖြင့် တင်းဝူရှီ နောက်ရက်နည်းနည်း ထပ်လုပ်ပြီး ကျွမ်းကျင်သွားလျှင် ပြဿနာ ရှိတော့မည် မဟုတ်ဟု ရှန်မြောင် တွေးလိုက်သည်။
တင်းဝူရှီသည် သော့ကို ဆုပ်ကိုင်ထားရင်း ရှန်မြောင် ကို ကျေးဇူးတင်နေမိ၏။
ရှန်မြောင်လည်း အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
ယနေ့သည် ပထမဆုံးနေ့မို့သာ သူမ အချိန်ကြာကြာ စောင့်ကြည့်နေခြင်း ဖြစ်သည်။ နောက်ပိုင်း တင်းဝူရှီ ကျွမ်းကျင်သွားလျှင် သူမ ဒီမှာ အမြဲရှိနေတော့မည် မဟုတ်ပေ။
နေ့တိုင်း တစ်ချက်လာကြည့်ရုံသာ ဖြစ်မည်။
တင်းဝူရှီ သည် ရှန်မြောင် ကို တံခါးဝအထိ လိုက်ပို့ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ပြန်လှည့်ဝင်ကာ သန့်ရှင်းရေး စတင်လုပ်ဆောင်တော့သည်။ ရှန်မိသားစုဆိုင်တွင် နှစ်တိုင်း လစာတိုးပေးသည်ဆိုသော သတင်းကောင်းကို ကြားလိုက်ရသဖြင့် သူ အံ့ဩဝမ်းသာ ဖြစ်သွားသည်။ သူ ခန်းကျိ တွင် လုပ်တုန်းက လစာ လုံးဝ မတိုးခဲ့ပေ... အကယ်၍ ဒါသာ အမှန်ဆိုရင် နောက်ပိုင်း ငွေစုပြီး တို့ခို နဲ့အတူ အေးချမ်းတဲ့ဘဝလေး တည်ဆောက်နိုင်တော့မယ်ဟု တွေးမိလိုက်သည်။
ထိုသို့ တွေးမိသည်နှင့် တင်းဝူရှီသည် တံမြက်စည်းလှည်း၊ မီးဖိုခုံသုတ်သည့်အခါ ပိုမိုအားပါလာပြီး မျက်နှာတွင် ရိုးသားသော အပြုံးတစ်ခု ပေါ်လာလေသည်။
ရုံးတော်တွင်တော့ ကျန်းယွီရှန်းသည် တူနှင့် ပန်းကန်ကို ကိုင်ကာ မျှော်လင့်တကြီး စောင့်ဆိုင်းနေလေသည်။
ရှန်မိသားစု၏ မြည်းလှည်း ဆည်းလည်းသံ ကြားလိုက်သည်နှင့် သူနှင့် လိယာ တို့သည် ဒုံးပျံကဲ့သို့ ပြေးထွက်သွားကြပြီး ပထမဆုံး တန်းစီလိုက်ကြသည်။
ယခုအခါ ရုံးတော်တွင် အစားအသောက် မှာယူသူ များပြားလာသဖြင့် စောစောစားချင်လျှင် မြန်မြန်ပြေးမှ ရတော့သည်။
ကျန်းယွီရှန်း သည် ယနေ့ ထိပ်ဆုံးနေရာ ရရှိခဲ့သဖြင့် ကျေနပ်နေပြီး လိယာ ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "မင်း ဒီနေ့ ဘာမှာထားလဲ"
လိယာ က "ကြက်သွန်မြိတ်ပိန်းဥကြော်နဲ့ ဝက်အူချောင်းထမင်း" ဟု ဖြေသည်။
ကျန်းယွီရှန်းက ခေါင်းညိတ်လိုက်ကာ "ငါလည်း အတူတူပဲ"
စကားပြောနေစဉ် အလုပ်သမားသည် မြည်းလှည်းကို တံခါးဝအထိ မောင်းလာခဲ့သည်။ ဂွမ်းစောင်ကို လှပ်လိုက်ရာ ဝက်အူချောင်းထမင်း ထည့်ထားသော သစ်သားပုံး ပေါ်လာသည်။ အလုပ်သမားတစ်ယောက်က သစ်သားဇွန်းကြီးဖြင့် ဝက်အူချောင်းထမင်းကို အပြည့်ခပ်ကာ ကျန်းယွီရှန်း ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရာ ဆန်မွှေးနံ့၊ ဝက်အူချောင်းအဆီနံ့၊ ထမင်းချိုးနံ့များ သင်းပျံ့လာလေသည်။
"အရာရှိမင်း ထမင်းချိုး ယူဦးမလား၊ ဒီနေ့ထမင်းမှာ ထမင်းချိုး ပါတယ်"
ကျန်းယွီရှန်း အနံ့ရလိုက်သည်နှင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ "ယူမယ် ယူမယ်၊ တစ်ဖဲ့လောက် ပေးပါ"
ထို့ကြောင့် သူသည် ရွှေညိုရောင်သမ်းပြီး မွှေးကြိုင်နေသော ထမင်းချိုးတစ်ဖဲ့ကို အပိုဆု ရရှိလိုက်သည်။ ကျန်းယွီရှန်းသည် အလုပ်သမားက သူ့ကို ကြက်သွန်မြိတ်ပိန်းဥကြော် ဇွန်းကြီးတစ်ဇွန်း ခပ်ထည့်ပေးသည်ကို ကျေနပ်စွာ ကြည့်နေလိုက်သည်။ ရွှေရောင်သမ်းနေသော ပိန်းဥပေါ်တွင် အစိမ်းရောင် ကြက်သွန်မြိတ်များ ကပ်နေပြီး အနံ့ခံကြည့်လျှင် အနည်းငယ် စပ်ရှိန်းရှိန်း အနံ့ရနေသဖြင့် စားချင်စဖွယ် ကောင်းလှသည်။
ထို့နောက် ထိုင်ချလိုက်ပြီး လှည်းပေါ်မှ ဟင်းရည်အိုးငယ်ကို ယူလိုက်သည်။
သူက နာမည်ကို အမြန်ပြောလိုက်သည်။ "ကျန်းယွီရှန်း ပါ၊ မြေအိုးအဖုံးပေါ်မှာ နာမည်ရေးထားတယ်၊ အညိုရောင်အိုးပါ"
အလုပ်သမားသည် ချက်ချင်း ရှာပေးလိုက်သည်။ မြေအိုးဘေးတွင် ကိုင်စရာ ကောက်ရိုးကြိုး ပါရှိသည်။ ကျန်းယွီရှန်း သည် လက်တစ်ဖက်က ပန်းကန်ကို ကိုင်ပြီး ကျန်လက်တစ်ဖက်က မြေအိုးကို ဆွဲကာ ဘေးဖယ်ပေးလိုက်သည်။ လိယာ ထမင်းထည့်ပြီးသည်ကို စောင့်ပြီးမှ အတူတူ ရုံးတော်အနောက်ဘက်သို့ အမြန်လျှောက်သွားကြသည်။
ထိုနေရာတွင် စင်္ကြံလမ်းတစ်ခုရှိပြီး သူတို့ကဲ့သို့ ရာထူးမရှိသော အရာရှိငယ်လေးများသည် ထိုနေရာတွင် ထိုင်ပြီး ထမင်းစားလေ့ရှိသည်။
နှစ်ယောက်သား နွေးထွေးပြီး လေကွယ်သော နေရာတွင် ထိုင်လိုက်ကြသည်။ မြေအိုးအဖုံး ဖွင့်လိုက်သည်နှင့် ရွှေပဲရွက်နံ့ မွှေးကြိုင်စွာ ထွက်ပေါ်လာသဖြင့် လိယာ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။ "ရွှေပဲရွက်ဟင်းရည်ပဲ၊ ငါ ရွှေပဲရွက် အကြိုက်ဆုံးပဲ"
ကျန်းယွီရှန်းလည်း ပြုံးလိုက်သည်။ "ရှန်မိသားစုဆိုင်က အမြဲတမ်း ရာသီစာနဲ့ ကိုက်ညီတယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက ချွန်းရှန်းရွက်ကြက်ဥကြော်၊ ပြီးတော့ ဂွမ်းဖတ်ရွက်ကောက်ညှင်းမုန့်၊ ဒီနေ့ကျတော့ ရွှေပဲရွက်၊ နွေဦးရာသီစာတွေကို တစ်ခုမှ မလွတ်စေရဘူး၊ တစ်ခါတစ်လေ ကိုယ့်အိမ်မှာတောင် ဒီလောက် စုံအောင် မလုပ်စားနိုင်ဘူး"
"ဟုတ်တယ်၊ နေ့တိုင်း ဟင်းပွဲစာရင်းကို မျှော်လင့်နေရတယ်၊ ဒီလောက်ကြာတာတောင် ထပ်မနေသေးဘူး"
"ငါကတော့ အရင်တုန်းက စားဖူးတဲ့ ငရုတ်သီးစပ် ငါးခေါင်းဟင်း ကို ပြန်စားချင်နေပြီ၊ တွေးလိုက်တာနဲ့ သွားရည်ကျတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ရုံးရှေ့မှာ ချိတ်ထားတဲ့ အကြံပြုစာအုပ်ထဲမှာ ရေးထည့်ခဲ့သေးတယ်၊ ရှန်ညန်ဇီ ဘယ်တော့ ပြန်လုပ်မလဲ မသိဘူး... ရှလွတ်... အရမ်းလတ်ဆတ်တာပဲ၊ ဟင်းရည်ကောင်းလိုက်တာ" ကျန်းယွီရှန်း ဟင်းရည်တစ်ဇွန်း သောက်လိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်၏။
လိယာလည်း ဟင်းရည် သောက်ကောင်းသည်ဟု ထင်မှတ်သည်။ ဟင်းရည်တစ်ဝက် သောက်ပြီးမှ ဟင်း စစားသည်။ "ဒီရွှေပဲရွက်က အရမ်းနုတာပဲ၊ ရှန်ညန်ဇီ သုံးတဲ့ ကုန်ကြမ်းတွေက ကောင်းတယ်၊ အကုန် လတ်ဆတ်နေတာပဲ၊ ဟိုတစ်ဆိုင်နဲ့ မတူဘူး... ဟွန်း... ငါတို့ကို ဘာမှမသိဘူးများ ထင်နေလား မသိဘူး"
စင်္ကြံလမ်းပေါ်တွင် လူပြည့်လာပြီး အစားအသောက်နံ့များ ပျံ့လွင့်နေတော့သည်။ ကျန်းယွီရှန်းသည် ဇွန်းဖြင့် ထမင်းကို မွှေလိုက်ရာ ထမင်းစေ့တိုင်းတွင် ဝက်အူချောင်းအဆီများ စိမ့်ဝင်သွားသည်။ သူက တစ်ဇွန်းခပ်စားလိုက်သည်တွင် ထမင်းသည် ဝက်အူချောင်း၏ အရသာကို စုပ်ယူထားသဖြင့် နူးညံ့အိစက်ပြီး ငန်ကျိကျိ အရသာရှိနေသည်။ မျက်လုံးများ မှေးကျဉ်းသွားသည်အထိ စားကောင်းနေလေသည်။
ထမင်းချိုးကလည်း မွှေးလိုက်တာ၊ ခုနက အလုပ်သမားကို နောက်တစ်ဖဲ့ ထပ်တောင်းလိုက်ရင် ကောင်းသား။
သူသည် ထမင်းစားရင်း လိယာက ပြောသည်ကို ကြားလိုက်ရသဖြင့် ခေါင်းခါပြီး ဝင်ပြောလိုက်သည်။ "ရှန်မိသားစုဆိုင်က အစားအစာတွေ မရှိရင် ငါလည်း ဘာကွာမှန်း မဟုတ်ပါဘူး၊ ဒါပေမဲ့ ဟိုတစ်လောက လျှာပေါ်မှာ အရည်ပျော်သွားမတတ် နူးညံ့တဲ့ သိုးသားကို စားဖူးပြီးကတည်းက ဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူးဆိုတာ သိသွားပြီ"
လိယာက ခေါင်းညိတ်လိုက်သည်။ သူသည် ဝက်အူချောင်းထမင်း တစ်လုပ်ကြီး ခပ်စားလိုက်ပြီး ပါးစပ်ထဲ ရောက်သည်နှင့် မျက်လုံးများ အရောင်တောက်လာသည်။
"ဝက်အူချောင်းထမင်းနဲ့ ရွှေပဲရွက်က ဒီလောက် လိုက်ဖက်မယ်မှန်း အခုမှ သိတော့တယ်" လိယာသည် ဟင်းရည်တစ်လုပ် ထမင်းတစ်လုပ် စားရင်း ပါးစပ်အပြည့်ဖြင့် ပြောပြန်လေသည်။ "မင်း စားမိလား၊ ဒီရွှေပဲရွက်က တို့ဟူးလိုပဲ နူးညံ့နေတာ၊ လုပ်ထားတာ တော်တော်ကောင်းတယ်"
ကျန်းယွီရှန်းသည် ဝက်အူချောင်းနံ့သင်းနေသော ထမင်းချိုးကို ကိုက်ဝါးနေသည်။ ဆန်နံ့နှင့် မီးခိုးနံ့ ရောပြွမ်းနေသဖြင့် ရပ်တန့်၍ မရနိုင်အောင် ဖြစ်နေသည်။ "ဟုတ်တယ်၊ ကုန်ကြမ်းတွေက ရိုးရှင်းပေမဲ့ ဒီလောက် လတ်ဆတ်မွှေးကြိုင်အောင် လုပ်နိုင်တာ မလွယ်ဘူး၊ ထမင်းချိုးက တော်တော်မွှေးတာပဲ၊ မင်းကို တစ်ဖဲ့ ဖဲ့ကျွေးရမလား"
"ပေးပါ ပေးပါ၊ ငါ ခုနက အလုပ်သမားဆီက တောင်းဖို့ မေ့သွားလို့... မင်း ပြောတာ မှန်တယ်၊ ကုန်ကြမ်းကောင်းလို့ရယ်၊ မီးအပူချိန် ထိန်းတာ ကောင်းလို့ရယ်ပေါ့" လိယာ ထမင်းစားရင်း ထမင်းချိုးတောင်းကာ သုံးသပ်ပြလေသည်။
ကျန်းယွီရှန်းနှင့် လိယာတို့သည် ထမင်းချိုးကို ပျော်ရွှင်စွာ ခွဲဝေစားသောက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ "ခဏနေရင် စာရေးတော်ကြီး ကျာ ငါ့ကို ဒုက္ခပေးလည်း စိတ်မဆိုးတော့ဘူး၊ ဗိုက်ဝနေပြီဆိုတော့ စိတ်ချမ်းသာသွားပြီ" အလုပ်များနေသည့်ကြားမှ ဤကဲ့သို့ အဆင်ပြေပြီး ပူနွေးသော ထမင်းတစ်နပ် စားလိုက်ရသဖြင့် စိတ်ပျက်စရာကောင်းသော အထက်လူကြီးများကိုပင် သိပ်မမုန်းတော့ပေ။
လိယာက ခေါင်းခါပြီး ရယ်မောလိုက် "ကျေနပ်လိုက်ပါကွာ၊ ငါ ခဏနေရင် တရားသူကြီးလန် နဲ့အတူ မြစ်ထဲက ဆယ်လာတဲ့ အလောင်း သွားကြည့်ရဦးမှာ"
ကျန်းယွီရှန်းသည် သတ္တိနည်းသဖြင့် တုန်သွားပြီး အမြန်တားလိုက်သည်။ "မင်း ဆက်မပြောနဲ့တော့၊ ခဏနေရင် ငါ စားမဝင်ဘဲ နေဦးမယ်"
လိယာက ဟားတိုက်ရယ်မောလိုက်သည်။ အမှုအခင်းအမျိုးမျိုးနှင့်အတူ ထမင်းစားရသည်ကို သူ ကျင့်သားရနေလေပြီ။
ရှန်မိသားစုတွင် ရှန်မြောင်သည် အိမ်ပြန်ရောက်သောအခါ သူမ၏ဆိုင်သည်လည်း ပုံမှန်လည်ပတ်နေသည်ကို တွေ့ရသည်။ သူမသည် ညတိုင်း အနှစ်များ၊ ခေါက်ဆွဲ နှင့် ပဲငပိအနှစ် များကို ကြိုတင်ပြင်ဆင်ထားလေ့ရှိသည်။ တစ်ခါတစ်ရံ သူမ မရှိလျှင်လည်း ဖူရှင်း က ခေါက်ဆွဲလှိမ့်ပြီး ထိုအနှစ်များ ဆမ်းကာ ဧည့်သည်များကို လုပ်ကျွေးနိုင်သဖြင့် ဆိုင်၏စီးပွားရေးကို မထိခိုက်စေပေ။
သူမ ပြန်ရောက်ချိန်တွင် ဧည့်သည် သိပ်မများဘဲ အားလုံး ထိုင်စားနေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူမ မီးဖိုဆောင်ထဲ တစ်ပတ်ပတ်ကြည့်ပြီး ဘာမှလုပ်စရာ မရှိသဖြင့် နောက်ဖေးဆောင်သို့ ပြန်သွားလိုက်သည်။ သူမသည် မသိစိတ်ကအလိုလို ကျိအာ အခန်းဘက်သို့ လှမ်းကြည့်လိုက်ရာ တံခါးပိတ်ထားဆဲ။
ကျိုကော အခုထိ အိပ်နေတုန်းလား။
သူမသည် ခြံဝင်းထဲတွင် နွားပေါက်လေးနှင့် ပြေးတမ်းလိုက်တမ်း ကစားနေသော ရှန်းအာ ကို မေးကြည့်ရာ ရှန်းအာ က ပြေးရင်းလွှားရင်း ပြန်ဖြေသည်။ "ကျိုကော ထွက်လာတာ မတွေ့သေးဘူး၊ ယန့်ရှူး လာတာတော့ ခဏတွေ့လိုက်တယ်၊ ဒါပေမဲ့ ဦးလေးရှဲ့ က ပစ္စည်းဝယ်ခိုင်းလို့ ပြန်ခေါ်သွားတယ်"
ရှန်မြောင် စိတ်ထဲတွင် တွေးလိုက်မိသည်။ "ဒါ အိပ်တာ ကြာလွန်းနေပြီ၊ သွားကြည့်လိုက်ဦးမှ"
တံခါးဝသို့ ရောက်သောအခါ သူမ ထွက်မသွားမီ လိုက်ကာချထားခဲ့သဖြင့် ဘာမှ မမြင်ရပေ။ ဇွတ်ဝင်သွားရန်လည်း မကောင်းသဖြင့် သူမသည် တံခါးပေါ်တွင် ပါးကပ်ပြီး အတွင်း၌ လှုပ်ရှားသံ ရှိမရှိ နားထောင်ကြည့်လိုက်သည်။
မထင်မှတ်ဘဲ တံခါးကို အတွင်းမှ ရုတ်တရက် ဖွင့်လိုက်သဖြင့် ရှန်မြောင် အရှိန်မထိန်းနိုင်ဘဲ ရှေ့သို့ ယိုင်ကျသွားသည်။
သူမသည် ရှဲ့ချီ ၏ ရင်ခွင်ထဲသို့ ခေါင်းစိုက်ကျသွားလေသည်။
ရှဲ့ချီသည် ပြာပြာသလဲနှင့် လက်ဖွင့်ပြီး သူမကို ဖမ်းထိန်းထားလိုက်သော်လည်း သူမ၏နှာခေါင်းသည် သူ၏ရင်ဘတ်နှင့် တိုက်မိပြီး နာကျင်သွားရသည်။
နှစ်ယောက်သား ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။
...
အပိုင်း (၁၆၂)
အအေးဒဏ်ကို သည်းခံကျော်ဖြတ်ပြီးနောက် ၄လပိုင်းထဲသို့ ရောက်သည်နှင့် အမှန်တကယ် နွေးထွေးလာလေသည်။
မိုးရွာသွန်းမှု များသော်လည်း မိုးတစ်ကြိမ်ရွာပြီးတိုင်း ပြန့်ကျင်းမြို့သည် ပို၍ စိမ်းလန်းလာကာ လပိုင်း ၈ရက်နေ့ ဗုဒ္ဓမွေးနေ့ပွဲတော် မရောက်မီမှာပင် ကျင်းမင်ရေကန်ဘေး၌ စိမ်းလမ်းနေပြီး မိုးမခပန်းပွင့်များသည် လေနှင့်အတူ လွင့်ပါနေကြလေသည်။
မြို့ဆင်ခြေဖုံးမှ ဆီးသီးများ မှည့်ဝင်းနေပြီး ဂျုံခင်းများကလည်း စိမ်းစိုနေသည်။
နေရောင်က တောက်ပနေပြီး နေ့လယ်ခင်း ကျော်လွန်ချိန်တွင် ရှန်မြောင်သည် ရွှံ့များပေကျံလျက် ယွီရွှင်၏ လှည်းကို စီးကာ ဂျုံခင်းကန်သင်းရိုးတလျှောက် မြောက်ဘက်သို့ မောင်းနှင်သွားလိုက်သည်။ နေရောင်အောက်တွင် လှည်းဘီးများ လည်ပတ်နေပြီး မကြာမီ လမ်းမကြီးပေါ် ပြန်ရောက်ကာ မြို့အတွင်းသို့ ပြန်ဝင်လာခဲ့လေသည်။
သည်နေ့သည် ဘဲခြံသို့သွားရောက်ပြီး လုပ်ငန်းစစ်ဆေးရမည့် နေ့ရက်ဖြစ်သည်။ သူမ၏ ဘဲခြံသည် နှစ်သစ်မကူးခင်နှင့် ကူးပြီးနောက်ပိုင်း နှစ်ကြိမ်တိုင်တိုင် သေသေချာချာ တည်ဆောက်ခဲ့ပြီးနောက် ယနေ့တွင် အောင်မြင်စွာ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ခြံစည်းရိုးများ၊ ဝါးထရံများ၊ ဘဲခြံများ၊ ဂိုဒေါင်များနှင့် လူနေရန် အိမ်များအားလုံး ဆောက်လုပ်ပြီးစီးသွားခဲ့ပြီ။
ရေကန်ကိုလည်း နှစ်သစ်ကူးပြီးနောက် ယွီရွှင်ကို ငှားရမ်းကာ နှစ်ကြိမ်တိုင်တိုင် သန့်ရှင်းရေး လုပ်ခိုင်းခဲ့သည်။ သည်နေ့သည် နောက်ဆုံးအကြိမ် ဖြစ်လေသည်။
ယခင်က ယွီရွှင်နှင့် သူခေါ်လာသည့် နေ့စားအလုပ်သမားများသည် ပေါက်ပြား၊ ဂေါ်ပြားများကို အသုံးပြုကာ ကန်အောက်ခြေမှ နှုန်းများကို တူးဆွပြီး ကန်ဘောင်ဘေးတွင် အခြောက်ခံထားခဲ့ကြသည်။ ထိုနှုန်းများ ခြောက်သွေ့သွားပါက ဂျုံခင်းထဲတွင် မြေဆီအဖြစ် အသုံးပြုနိုင်သည်။ နှုန်းများ ရှင်းလင်းလိုက်သဖြင့် ရေကန်သည် ပိုနက်သွားပြီး ရေလှောင်နိုင်မှု ပမာဏ တိုးလာရုံသာမက နှုန်းများ ပုပ်သိုးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါပိုးမွှားများကိုလည်း လျော့နည်းစေလိမ့်မည်။
နောက်ပိုင်းတွင် သူတို့သည် တာရိုးကို ပြန်လည်ပြုပြင်ပြီး ခြံစည်းရိုးများနှင့် တိုင်များကို ကာရံလိုက်ကာ ခြံစည်းရိုးတနေရာတွင် ဘဲများ ဝင်ထွက်နိုင်ရန် တံခါးတစ်ပေါက်ကို အထူးတလည် ချန်ထားခဲ့ကြသည်။ သစ်ကိုင်းခြောက်များ၊ သစ်ရွက်ကြွေများနှင့် အေးခဲသေဆုံးနေသည့် ကြာရိုးများကို ရှင်းလင်းလိုက်ပြီးနောက် ရေရှင်ကို ပြန်လည် သွင်းလိုက်ကြသည်။ နောက်ဆုံးတွင် ယွီရွှင်က လှေကို လှော်ခတ်ကာ ရေကန်ထဲတွင် ဖြည်းဖြည်းချင်း သွားရင်း ထုံးများကို ညီညာစွာ ဖြန့်ခင်းလိုက်လေသည်။
"ထုံးက ငါးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်"
ယွီရွှင်က နောက်ပိုင်း ရှန်မြောင်ကို စာရင်းရှင်းပြချိန်တွင် ထုံးဖိုး ငွေအနည်းငယ်ကို စာရင်းပြရင်း သူမကို ဂရုတစိုက် ရှင်းပြခဲ့သည်။ သူသည် ရေpH ဆိုသည်ကို နားမလည်သော်လည်း ရေရှည်ငါးမွေးမြူရေး အတွေ့အကြုံအရ ထုံးကို အသုံးပြုပြီး ရေအရည်အသွေးကို ထိန်းညှိခြင်း၊ ပိုးသတ်ခြင်းတို့ ပြုလုပ်နိုင်သည့် တန်ဖိုးရှိသော အတွေ့အကြုံကို ရှာဖွေတွေ့ရှိထားခြင်း ဖြစ်သည်ဟု ရှန်မြောင်က စိတ်ထဲတွင် တွေးလိုက်မိသည်။
ယွီရွှင်သည် အမှန်ပင် ငါးမွေးမြူရာတွင် ကျွမ်းကျင်လှသည်။
ထုံးဖြန့်ခင်းပြီး ရက်အနည်းငယ်အကြာတွင် ယနေ့ သူသည် သူ့ရေကန်ထဲမှ ကြာပန်းအမျိုးအစားများ၊ မှော်ပင်များ၊ ခရုများနှင့် ရေနေပိုးမွှားများကို ရှန်မြောင်အတွက် ဆယ်ယူလာပေးခဲ့သည်။
ရှန်မြောင်လည်း ဘဲခြံ ပြုပြင်ထားသည်ကို ကြည့်ရှုလိုသဖြင့် သူ့လှည်းကို စီးကာ အတူတူ လိုက်လာခဲ့ခြင်း ဖြစ်သည်။
နေရောင်က ပူပြင်းလှ၏။ ယွီရွှင်က ရေထဲသို့ ခရုများ ပစ်ထည့်ရင်း ပြောလိုက်သည်။
"ကန်ရေက အရမ်း ကြည်လင်နေလို့ မရဘူး၊ အရမ်းကြည်လင်လွန်းရင် အစာမရှိတော့ဘဲ ငါးနဲ့ပုဇွန်တွေ ငတ်သေကုန်လိမ့်မယ်၊ ရေမှော်ပင်တွေ မရှိလို့လည်း မဖြစ်ဘူး၊ မဟုတ်ရင် နေရောင်တိုက်ရိုက်ကျတဲ့အခါ ရေအပူချိန်က ရုတ်တရက် တက်လာပြီး နေဝင်သွားရင် ရုတ်တရက် ပြန်ကျသွားတတ်တယ်၊ အဲဒါဆို ငါးနဲ့ပုဇွန်တွေ ရောဂါရပြီး သေလွယ်တယ်"
ရှန်မြောင်သည် နားထောင်ရင်း မှော်ပင်များကို ကူညီဖြန့်ခင်းပေးလိုက်ကာ စိတ်ထဲတွင် ခေါင်းညိတ် ထောက်ခံလိုက်မိသည်။
သူသည် ရေကန်ကို ဂရုတစိုက် ထိန်းသိမ်းတတ်သည်တွင် သူ့ထံမှ ငါးများသည် အကောင်လိုက် အဆီတက်ပြီး ကျန်းမာနေခြင်းမှာ အဆန်းမဟုတ်တော့ချေ။
ရှန်မြောင်သည် ချက်ချင်းပင် သူမအတွက် ရေကန်ကို ရေရှည် ကူညီထိန်းသိမ်းပေးရန် သူ့ကို ငှားရမ်းလိုက်တော့သည်။ နေ့တိုင်း လာစောင့်နေစရာ မလိုဘဲ ၁၀ရက် တစ်ကြိမ် လာရောက်ပြီး ရေအရည်အသွေးကို စစ်ဆေးပေးရန်နှင့် ရေနှင့်ငါး အခြေအနေကို လိုအပ်သလို ကြည့်ရှုပေးရန်သာ ဖြစ်သည်။ ထိုအတွက် သူမသည် သူ့ကို လုပ်အားခအဖြစ် ငွေ ၁ကွမ်း ပိုပေးမည် ဖြစ်သည်။
ကာကွယ်ဆေး မရှိသေးသည့် ခေတ်တွင် ဘဲများသည် သန့်ရှင်းသော ရေအရင်းအမြစ် လိုအပ်သကဲ့သို့ ရေကန်ထဲက ငါးများသည်လည်း ထိုနည်းလည်းကောင်းပင်။
ရှန်မြောင်သည် သူ့ထံမှ ငါးစာငါးများ၊ ငါးဖြူများ၊ ငါးခါး၊ ရေချိုငါးကလေးများနှင့် ငါးကြင်းသားပေါက်များကိုပါ ဝယ်ယူခဲ့ပြီး ရေကန်ထဲက ရေအသစ်များကို ၁၀ရက်ကျော် ထားရှိကာ ရေအရည်အသွေး တည်ငြိမ်သွားမှ ရေကန်ထဲသို့ ထည့်သွင်းမွေးမြူလိုက်သည်။
ဒါသည် ယွီရွှင်က အကြံပေးခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရေကန်သည် ဘဲမွေးရန် ဖြစ်သဖြင့် ကိုယ်ထည်ကြီးမားသည့် ငါးများကို မွေးမြူရန် မလိုဘဲ ဤငါးအသေးလေးများကို မွေးမြူခြင်းက အသင့်တော်ဆုံး ဖြစ်သည်။
အထူးသဖြင့် ငါးဖြူများသည် ကိုယ်ထည်သေးငယ်ပြီး လှုပ်ရှားမှု မြန်ဆန်ကာ ရေပြင်အပေါ်ယံတွင် အုပ်စုဖွဲ့ နေထိုင်တတ်ကြသည်။ ဤငါးမျိုးသည် ဘဲများ ရေထဲတွင် ကိုယ်တိုင် ရှာဖွေဖမ်းယူ စားသောက်နိုင်သည့် ငါးအမျိုးအစား ဖြစ်သည်။
သာမန်အချိန်များတွင် ဘဲများ အာဟာရ ပြည့်ဝစေရန် ကန်ထဲမှ ငါးနှင့် ငါးရှဉ့်များကို ဖမ်းယူကာ နုပ်နုပ်စဉ်းပြီး နှံစားသီးနှံများနှင့် ရောနှော၍ ဘဲများကို ကျွေးနိုင်ပြီး အစာဖြည့်ပေးသလို ဖြစ်စေသည်။ ငါးအသားမှ ရရှိသည့် ပရိုတင်းဓာတ်သည် ဘဲဥ ဥနှုန်းကိုလည်း သေချာပေါက် ကောင်းမွန်စေနိုင်သည်။
ယခင်က အဒေါ်လီသည် ငါးသည်ထံမှ ငါးသေများကို ဝယ်ယူကာ ငါးအသားဖတ်များ ဖြစ်အောင် စဉ်းပြီး စပါးစေ့များနှင့် ရောနှောကာ ဘဲများကို ကျွေးသည်ကို မြင်ဖူးခဲ့သည်။ အဒေါ်လီ၏ ဘဲများသည် ထိုအရာကြောင့် အဆီတက်ပြီး အသားပြည့်ဖြိုးကြသည်။
ငါးမွေးမြူခြင်းအပြင် သူမသည် ရေကန်ထဲတွင် ကြာစွယ်များ စိုက်ပျိုးချင်သေးသည်။ သို့မှသာ နွေရာသီတွင် ကြာစေ့စားရပြီး ဆောင်းဦးရာသီတွင် ကြာစွယ်များကို တူးယူနိုင်မည်။ ရေအပူချိန်နှင့် ပတ်သက်သည့် ယွီရွှင်၏ ပြောစကားအရ ကြီးမားပြန့်ကားသည့် ကြာရွက်များသည် ပူပြင်းသည့် နွေရာသီတွင် ဘဲများအတွက် အရိပ်ရစေနိုင်သဖြင့် အကျိုးရှိစေနိုင်သည်။
သို့သော် ကြာစွယ် ဘယ်လောက် စိုက်ပျိုးရမည်ကို ရှန်မြောင် သေချာ မဆုံးဖြတ်ရသေးပေ။ အအကြောင်းမှာ ယွီရွှင်က ထပ်ပြောပြန်သည့်စကားကြောင့်ပင်။
"ကြာပင်တွေကို အရမ်းသိပ်သည်းအောင် စိုက်ရင်လည်း မကောင်းဘူး၊ နေရောင်က ရေထဲကို မဝင်နိုင်တော့သလို ဘဲတွေလည်း ကူးခပ်လို့ မရဖြစ်မယ်"
ရှန်မြောင်သည် အဒေါ်လီ ပြန်ရောက်လာမှသာ အတူတူ တိုင်ပင်ပြီး ဆုံးဖြတ်ရန် ရည်ရွယ်ထားလိုက်သည်။ ပြန့်ကျင်းမြို့၏ ကြာစွယ်စိုက်ပျိုးချိန်သည် တောင်ပိုင်းဒေသများထက် တစ်လခန့် နောက်ကျပြီး ပုံမှန်အားဖြင့် ၄လပိုင်းကုန် သို့မဟုတ် ၅လပိုင်းတွင် ရာသီဥတု ပိုမိုနွေးထွေးလာမှသာ စိုက်ပျိုးကြသည်။ ထို့ကြောင့် အချိန်များစွာ ရှိသေးသည်။
ယခုအခါ အရာအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး ဘဲသားပေါက်လေးများသာ လိုတော့သည်။
ရှန်မြောင်သည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက ထန်အာကို နေ့တိုင်း မြို့ပြင်ရေတံခါးဝတွင် သွားစောင့်ခိုင်းနေသည်။ အဒေါ်လီနှင့် ဦးလေးလီတို့ ပြန်ရောက်လောက်ပြီဟု ခန့်မှန်းရသည်။ သူတို့ ထွက်ခွာသွားသည်မှာ တွက်ချက်ကြည့်လျှင် တစ်လကျော် ကြာမြင့်ခဲ့လေပြီ။ သူတို့၏ ကျင်းလင်ခရီးစဉ် အခြေအနေ ဘယ်လိုရှိမလဲ မသိနိုင်ပေ။
ရှန်မြောင်တစ်ယောက် မကြာသေးမီက ဘဲခြံကိစ္စနှင့် အလုပ်များနေပြီး စိတ်ထဲတွင် အဒေါ်လီနှင့် ဘဲသားပေါက်လေးများကို တွေးနေမိသဖြင့် ညဘက် အိပ်မက်ထဲတွင်ပင် ဘဲဖြူလေးများ ရေကန်ထဲတွင် အုပ်စုဖွဲ့ ကူးခပ်နေသည်ကို မက်နေမိတော့သည်။
ယန်လျိုအရှေ့လမ်းကြားသို့ ပြန်ရောက်လာချိန်တွင် မွန်းလွဲ ၁နာရီကျော် ၂နာရီခန့် ရှိနေပြီ။ ရှန်မြောင်သည် ရွှံ့များ ပေကျံနေသည့် ကောက်ရိုးဖိနပ်ကို စီးလျက် အိမ်ထဲသို့ ဝင်လာခဲ့သည်။
ခြံဝင်းထဲတွင် အေးချမ်းဆိတ်ငြိမ်နေ၏။
ရာသီဥတု နွေးထွေးလာပြီးနောက် အိမ်ရှေ့ကွပ်ပျစ်ပေါ်က ဝါဂွမ်းဖုံများနှင့် မီးဖိုကို သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။ ပိုမိုပျော့ပျောင်းပြီး အေးမြသည့် ဖျာများကို ခင်းထားပြီး တံခါးပေါ်တွင် လေကာရန် တပ်ဆင်ထားသည့် ထူထဲသော ဝါဂွမ်းလိုက်ကာများကိုလည်း ဖြုတ်ချထားကာ ပါးလွှာပြီး လေဝင်လေထွက်ကောင်းသည့် ကျူလိုက်ကာများကို ချိတ်ဆွဲထားလေသည်။
ကွပ်ပျစ်ပေါ်တွင် ထိုင်ဖုံလေးအချို့ကို သက်တောင့်သက်သာ ချထားပြီး စားပွဲပုလေးတစ်လုံး တင်ထားသည်။
ချန်ချွမ်းနှင့် ဦးလေးရှဲ့တို့သည် စားပွဲပုလေးကို ဝိုင်းလျက် စာဖတ်နေကြသည်။ ဦးလေးရှဲ့သည် ကိုယ်ပိုင်တူသားများကို သင်ကြားပေးသကဲ့သို့ လက်ထဲတွင် အနီရောင်စုတ်တံကို ကိုင်ထားပြီး ချန်ချွမ်း ယနေ့ရေးထားသည့် စာလုံးများကို သေသေချာချာ ဝိုင်းပြနေသည်။ ကောင်းမွန်စွာ ရေးသားထားသည့် စာလုံးတစ်လုံးကို ဝိုင်းပြလိုက်တိုင်း မည်သည့်အချက်က ကောင်းမွန်ကြောင်း အသေးစိတ် ထောက်ပြပြောဆိုနေပြီး ချန်ချွမ်းသည်လည်း လည်ပင်းကို ဆန့်ထုတ်ကာ အာရုံစိုက် နားထောင်နေလေသည်။
ဦးလေးရှဲ့သည် ယနေ့တွင် ပိုးထည်ဝတ်ရုံရှည် တစ်ထည်ကို လဲလှယ်ဝတ်ဆင်ထားပြန်သည်။ မြက်ခြောက်ရောင် ဖဲသားပြင်ပေါ်တွင် ရွှေရောင်ချည်မျှင်များဖြင့် ဖွေးလက်နေအောင် ထိုးထားသည့် ပန်းများပါရှိသည်။ ရှန်မြောင် တံခါးဝသို့ ဝင်လာသည်နှင့် နေရောင်အောက်တွင် တောက်ပနေသည့် သူ့အဝတ်အစားကြောင့် မျက်လုံးပင် ကျိန်းသွားတော့သည်။
ရှန်မြောင်က မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မျက်လုံးထောင့်မှနေ၍ ရှဲ့ချီကို လှမ်းမြင်လိုက်၏။
သူသည် ကွပ်ပျစ်တိုင်ကို မှီလျက် စားပွဲပု၏ အခြားတစ်ဖက်တွင် ခြေချိတ်ထိုင်ကာ နေရောင်အောက်တွင် ခေါင်းမော့ပြီး တစ်မှေးအိပ်နေသည်။ ညာဘက်လက်တွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ဘယ်ဘက်လက်ကို ခြေထောက်ကြားက ကြောင်လေးပေါ်တွင် ဖွဖွလေး တင်ထားသည်။ သူ၏ ခြေတံရှည်နှစ်ဖက် ချိတ်ထားသည့် နေရာလေးတွင် ချီလင်သည် ကောက်ညှင်းလုံးလေး တစ်လုံးနှယ်လုံးထွေးနေပြီး ရှဲ့ချီ၏ ခြေထောက်နှစ်ဖက်ကြားတွင် အံဝင်ခွင်ကျ ဖြစ်နေကာ အိပ်မောကျနေလေသည်။
တင်းကုပ်ထဲတွင်တော့ ဗလာဖြစ်နေသည်။ နျိုစန်းရှီက နွားပေါက်လေးကို ခေါ်ကာ မြစ်ကမ်းဘေးသို့ နွားသွားကျောင်းနေပြီး ရှစ်ယီးလန်နှင့် ရှစ်အာ့ညန်တို့က အစားအသောက် သွားပို့နေကြသည်။
ကွေ့ဟွားပင်အောက်တွင် ရှန်းအာ၊ ယန့်ရှူးနှင့် လျိုတို့ဟွားတို့သည် လေထင်ကို ခေါင်းအုံးအဖြစ် အသုံးပြုကာ ခွေးလေးများ နေစာလှုံလေ့ရှိသည့် ခုတင်ပုလေးပေါ်တွင် မြက်ပင်များဖြင့် ကစားနေကြသည်။
လီကိုအာသည် စိတ်အားထက်သန်စွာ ခုန်အုပ်လာသည့် ကျွေးဖုန်းကို ရှောင်တိမ်းနေရသည်။ ဤအိမ်တွင် လီကိုအာ တစ်ယောက်သာ ကျွေးဖုန်း၏ မျှော်လင့်ချက် ပြည့်ဝနေသည့် မျက်ဝန်းများကို တောင့်မခံနိုင်ဘဲ ခွေးခေါင်းကို အင်္ကျီလက်ဖြင့် အုပ်ကာ ပွတ်သပ်ပေးတတ်သူ ဖြစ်လေသည်။
ထို့ကြောင့် ကျွေးဖုန်းသည် သူ့အပေါ် ခုန်တက်ရသည်ကို နှစ်သက်လေသည်။
လီကိုအာသည် သည်းခံရင်းက နောက်ဆုံးတွင် ရေအရင်သွားခပ်လိုက်ပြီး ကျွေးဖုန်း၏ ပါးစပ်နှင့် မျက်နှာကို စင်ကြယ်အောင် ဆေးကြောပေးလိုက်မှသာ မတတ်သာသည့်အဆုံး ပွေ့ဖက်လိုက်ပြီး ကျောဘက်က အမွှေးများကို ပွတ်သပ်ပေးလိုက်သည်။ ကျွေးဖုန်းက လိမ္မာစွာ ဝပ်နေပြီး လီကိုအာ ပွတ်သပ်ပေးသည်ကို ငြိမ်ခံနေသည်။
ကျွေးဖုန်းက တခါတရံ လိမ္မာနေသည်မှာ ချစ်စရာကောင်းလှသဖြင့် လီကိုအာက မနေနိုင်ဘဲ သူ့ဘက်က နာကြည်းစွာဖြင့် ရှန်းအာကို ပြောတတ်သည်။
"နင်တို့က လေထင်ကိုပဲ ပိုကောင်းပေးကြတယ်၊ ကျွေးဖုန်း ဝမ်းနည်းလိမ့်မယ်"
"မချစ်လို့ မဟုတ်ဘူးဟ၊ သူက အကျင့်မပြင်နိုင်လို့..." ရှန်းအာက လက်ထဲတွင် မြက်ပင်လေးများကို ကိုင်ထားရင်း လှည့်ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်ပြီး "နင် မလာခင်တုန်းက သူ အခုလေးတင် စားထားတာ"
ကျွေးဖုန်းကို ပွတ်သပ်နေသည့် လီကိုအာ၏လက်က ရုတ်တရက် ရပ်တန့်သွားတော့သည်။
ထိုအချိန်တွင် ရှန်းအာက ရှန်မြောင်ကို မြင်လိုက်ပြီး ပြုံးကာ လက်ပြလိုက်သည်။
"မကြီး ပြန်လာပြီ"
ရှန်မြောင်သည် သူတို့ပြောစကားများကို အကုန်ကြားလိုက်ရသဖြင့် ရှန်းအာကို ခေါင်းညိတ်ပြလိုက်ပြီး ရယ်ချင်စိတ်ကို အောင့်အီးကာ မီးဖိုချောင်ဘက်သို့ ဝင်သွားလိုက်တော့သည်။
သူမ တကိုယ်လုံး ညစ်ပေနေသဖြင့် ဖူရှင်းကို ရေနွေးတစ်ပုံး ခပ်ပေးရန် ပြောလိုက်ပြီး အခန်းထဲပြန်ကာ ရေချိုးသန့်စင်ရန် ပြင်ဆင်လိုက်ပြီး မီးဖိုချောင်ထဲတွင် ထန်အာကို မတွေ့ရသဖြင့် မေးလိုက်သည်။
"ထန်အာက မြို့ပြင်မှာ အဒေါ်လီတို့ကို သွားစောင့်နေတုန်းလား၊ ပြန်မရောက်သေးဘူးလား"
"ဟုတ်တယ်၊ ဒီနေ့ ဘယ်လိုဖြစ်လဲ မသိဘူး၊ ပြန်မရောက်သေးဘူး..." ဖူရှင်းက ပြန်ဖြေလိုက်ပြီး သစ်သားပုံးကို မ လိုက်ကာ ထွက်လာခဲ့သည်။
"ညန်ဇီ သေချာကိုင်နော်၊ နည်းနည်းလေး လေးတယ်"
ရှန်မြောင်က ရေပုံးကို လှမ်းယူလိုက်ပြီး အခန်းထဲ ဝင်သွားလိုက်သည်။
သူမသည် ကိုယ်လက်သန့်စင်ရင်း စဉ်းစားနေမိသည်။ အဒေါ်လီတို့များ ရောက်လာကြလို့ နောက်ကျနေတာများလား။
သူမသည် ညစ်ပေနေသည့် အဝတ်အစားများကို လဲလှယ်လိုက်ပြီး ရေနွေးဖြင့် တကိုယ်လုံးကို စင်ကြယ်အောင် တိုက်ချွတ်လိုက်ကာ နွေဦးရာသီနှင့်လိုက်ဖက်သည့် ပါးလွှာသော အစိမ်းရောင်အင်္ကျီကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ဆံပင်ကို သပ်ရပ်အောင် ပြန်ထုံးလိုက်ပြီး အသားလိမ်းဆီ လိမ်းလိုက်ကာ ညစ်ပေနေသည့် အဝတ်အစားများကို ရေပုံးထဲ ထည့်လိုက်သည်။
အပြင်ထွက်လာချိန်တွင် လက်ထဲ၌ အဝတ်လျှော်တုတ်နှင့် ဆပ်ပြာသီးများကို ကိုင်ဆောင်ကာ ရေချိုးခန်းသို့ သွားပြီး လျှော်ဖွပ်ရန် ပြင်ဆင်လိုက်၏။
သူမ တကိုယ်လုံး လန်းဆန်းသွားပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ် ယွီရွှင်က ပြန်လှည့်လာခဲ့သည်။ ကောက်ရိုးဖြင့် သီကုံးထားသည့် ဆူဖြိုးသော ငါးသလောက်ကောင် အချို့ကို ကိုင်ထားလျက် ခြံဝင်းတံခါးပေါက်တွင် ရပ်နေလေသည်။
"ရှန်ညန်ဇီ၊ ၄လပိုင်းဆိုတော့ ငါးသလောက်တွေ အဆီတက်နေပြီ၊ ကျုပ်ညီအစ်ကိုတွေ အိမ်က ကန်ထဲကနေ အခုလေးတင် ဖမ်းလာတာ၊ ညန်ဇီ မြည်းစမ်းကြည့်ဖို့ လာပေးတာပါ"
ရှန်မြောင်တစ်ယောက် ထိုအကြောင်းကို မေ့နေခဲ့သည်။ ဟုတ်ပါသည်။ ၄လပိုင်း၏ ငါးသလောက်က လက်လွတ်မခံသင့်သည့် အရသာမျိုးပင်။ ငါးသလောက်အပြင် ယခုအချိန်တွင် ဥ ဥနေသည့် အဆီတက်နေသော ငါးကြင်းကြီးများလည်း ရှိသေးသည်။
"တကယ် ကျေးဇူးတင်ပါတယ်၊ ဒါဆို ကျွန်မ ယူထားလိုက်မယ်နော်၊ မနက်ဖြန် တကယ်လို့ ရှိသေးရင် ဆိုင်ကို လူလွှတ်ပြီး ပိုပို့ပေးပါအုံး၊ ငါးကြင်းကြီးတွေ၊ ကကတစ်ကြီးတွေ ရှိရင်လည်း တခါတည်း ပို့ပေးပါ"
"ဟုတ်ကဲ့ပါ၊ ကျုပ်ပြန်ရောက်ရင် အကောင်းဆုံးတွေကို ရွေးပြီး လာပို့ပေးပါ့မယ်၊ စျေးနှုန်းကိုလည်း မှန်မှန်ကန်ကန်ပဲ ယူပါ့မယ်၊ တစ်ပြားမှ ပိုမယူပါဘူး" ယွီရွှင်က ပြုံးလျက် ချက်ချင်း သဘောတူလိုက်သည်။
ကန်ထဲတွင် ငါးကောင်းများ ရှိသည်နှင့် ရှန်ညန်ဇီကို အရင်ဆုံး လာပို့ပေးရသည်ကို သူ ကျင့်သားရနေလေပြီ။ ပထမအချက်က သူမ၏ ကျေးဇူးကို ဆပ်ချင်၍ ဖြစ်ပြီး ဒုတိယအချက်က သူကိုယ်တိုင်လည်း ငါးများများ ရောင်းရသောကြောင့် ဖြစ်သည်။
ရှန်ညန်ဇီကလည်း သူ့စေတနာကို သိပုံရသော်လည်း ထုတ်မပြောသလို စိတ်ထဲလည်း မထားပေ။ ထို့အစား သူလာပို့ပေးသည့် ငါးများကို လက်ခံလိုက်တိုင်း နောက်ထပ်များများ ပို့ပေးရန် မှာကြားလေ့ရှိသည်။ ယခင်က အစားအသောက် ဝန်ဆောင်မှုအတွက် ထောက်ပံ့ပေးခဲ့သည့် ငရုတ်သီး ငါးခေါင်းဟင်းနှင့် ငါးကြော်တို့သည် သူကိုယ်တိုင် ငါးများကို သယ်လာပြီး ညွှန်းပေးခဲ့ခြင်း ဖြစ်သည်။ ရှန်ညန်ဇီက ချက်ချင်းပင် ထိုဟင်းပွဲနှစ်ခုကို ဟင်းလျာစာရင်းထဲ ထည့်သွင်းပေးခဲ့သည်။
ယွီရွှင်သည် နွေရာသီတစ်ခုတည်းသာ ရှန်ညန်ဇီကို ငါးသွင်းပေးချင်သည် မဟုတ်ပေ။ ရှန်ညန်ဇီသည် အစားအသောက် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသဖြင့် ဟင်းသီးဟင်းရွက်နှင့် အသားငါး လိုအပ်ချက် ပမာဏ တိုးလာနေသည်ကို သူ သိသည်။ ထို့ကြောင့် တစ်နှစ်ပတ်လုံး ရှန်ညန်ဇီနှင့် လက်တွဲလုပ်ကိုင်ချင်သည်။ ဤသို့ဆိုလျှင် ရှန်ညန်ဇီက သူ၏ ရာသီအလိုက် ထွက်ရှိသော ငါးများကို သုံးစွဲရသည်မှာ အဆင်ပြေသည်ဟု ခံစားရလာပါက အခြားငါးသည်များထံ သွားရောက်ဝယ်ယူတော့မည် မဟုတ်ပေ။ ထိုအခါ သူ၏စီးပွားရေးလည်း ရေရှည် တည်တံ့နိုင်မည်။
ယွီရွှင် ထွက်သွားပြီးနောက် ရှန်မြောင်သည် ညစ်ပေနေသည့် အဝတ်ပုံနှင့် ရေပုံးကို ချထားလိုက်ပြီး လက်ထဲတွင် ရံဖန်ရံခါ အမြီးလှုပ်ရှားနေသေးသည့် ငါးကို ကြည့်ကာ အရသာရှိသော ပင်လယ်စာခေါက်ဆွဲကို သတိရသွားမိသည်။
သူမ ယခင်က ဖူကျိုး လျန်ကျန်းဒေသတွင် အကောင်းဆုံး ပင်လယ်စာ ငါးခေါက်ဆွဲကို စားဖူးခဲ့သည်။ ဝက်သားသုံးထပ်သားကို ကြက်သွန်ဖြူ၊ မှို၊ တရုတ်နံနံပင်၊ မုန်ညင်းဖြူတို့နှင့် ဆီသတ်ရသည်။ မှိုနံ့မွှေးလာပြီး မုန်ညင်းဖြူမှ အရည်ထွက်လာသည်အထိ ချက်ပြီးနောက် ဒယ်အိုးအနားသတ်တလျှောက် ဝါရောင်အရက်နှင့် ငံပြာရည်ကို ဆမ်းထည့်ကာ ရေနွေးထည့်ရသည်။ ရေဆူလာသည်နှင့် ငါးအသားလွှာများ၊ ဂုံးများ၊ ပုဇွန်များနှင့် ပြည်ကြီးငါးများကို ထည့်နိုင်သည်။ ဆားနှင့် အချိုမှုန့် အနည်းငယ်ထည့်၊ ကြက်သွန်ဆီလေး နည်းနည်းဆမ်းလိုက်လျှင် လျှာလည်သွားမတတ် စားကောင်းလှသည်။
ထိုဒေသက ပင်လယ်စာခေါက်ဆွဲလုပ်ရာတွင် သုံးသည့် ခေါက်ဆွဲသားကို ငါးအသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဒေသခံများသည် ငါးအသားကို နုပ်နုပ်စဉ်းပြီး ဂျုံမှုန့်၊ ဆား၊ ဂျင်းတို့နှင့် ရောနယ်ရသည်။ ရေတစ်စက်မှ မထည့်ဘဲ ငါးအသားမုန့်နှစ် ကျစ်လာသည်အထိ နယ်ပြီးနောက် အပိုင်းလေးများ ပိုင်းကာ ငါးခေါက်ဆွဲပြား ဖြစ်အောင် ဒလိမ့်တုံးဖြင့် လှိမ့်ရသည်။ ထို့နောက် ပေါင်းအိုးထဲ ထည့်ကာ မီးပြင်းပြင်းဖြင့် ၁၅မိနစ်ခန့် ပေါင်းပြီး ပူနေချိန်တွင် လိပ်လိုက်ကာ အမျှင်များလှီးပြီး နှစ်ရက် သုံးရက်ခန့် အခြောက်လှန်းရသည်။ ပြီးမှ အိုးထဲ ထည့်ပြုတ်ရသည်။
ထိုငါးခေါက်ဆွဲသည် ရေနှင့်ထိသည်နှင့် ပွလာတတ်ပြီး သိမ်းဆည်းရန်လည်း လွယ်ကူသည်။ အိုးထဲတွင် ထည့်ပြုတ်လိုက်ပါက အထဲတွင် အသားပြည့်ပြီး ပျော့အိကာ ကောင်းမွန်သည့် ခေါက်ဆွဲသားများ ဖြစ်လာသည်။
"မိုက်တိုး ပုံပြင်များ (ဟောင်ကောင်ကာတွန်းပုံပြင်" ထဲက မိုက်တိုး ကြိုက်နှစ်သက်သည့် ငါးအသားလုံး ခေါက်ဆွဲကြမ်း ဆိုသည်မှာလည်း ငါးအသား ထည့်သွင်းပြုလုပ်ထားသည့် ငါးခေါက်ဆွဲပင်။
သို့သော် ယခုအချိန်တွင် ပြန့်ကျင်း၌ ပြည်ကြီးငါးနှင့် ဂုံးကဲ့သို့သော ပင်လယ်စာများ ရှားပါးလှသည်။ မြစ်ပုဇွန်များကလည်း မကြီးထွားသေးပေ။ ပင်လယ်စာ ခေါက်ဆွဲဆိုသည်မှာ အလှမ်းဝေးနေသေးသည်။
သို့သော် ရှန်မြောင်ကတော့ စိတ်မပျက်ပေ။ ယခု ပင်လယ်စာခေါက်ဆွဲ မစားရသေးသော်လည်း လက်လုပ် ငါးအသားလုံးနှင့် ငါးခေါက်ဆွဲကို အရင်လုပ်၍ ရသည်။ ထိုသို့ဆိုလျှင် နောက်ရက်အနည်းငယ်အတွင်း အရသာရှိသော ငါးအသားလုံး ခေါက်ဆွဲကြမ်းကို စားနိုင်ပေလိမ့်မည်။
ရှန်မြောင်သည် တံတွေးကို ဂလုခနဲ မြိုချလိုက်ပြီး ထိုငါးများကို မီးဖိုချောင်ထဲတွင် အရင်ထားလိုက်ကာ ဖူရှင်းကို မှာကြားလိုက်သည်။
"ခဏနေ ထန်အာ ပြန်ရောက်လာရင် ငါးနှစ်ကောင်ကို အသားလွှာပြီး ငါးအစိမ်းသုပ်လုပ်ဖို့ ပြင်ခိုင်းလိုက်၊ နှစ်ကောင်ကိုတော့ သန့်ရှင်းရေးလုပ်ပြီး မွှမွှလေးလှီးထားလိုက်၊ ကျွန်မ ပြန်လာရင် ပေါင်းမယ်။ ဖူရှင်း၊ ရှင် အချိန်ကြည့်ပြီး ဆန်ပြုတ်ပါ တည်ထားလိုက်နော်"
ဖူရှင်းက ပန်းပွင့်လေးများပါသည့် ခါးစည်းတွင် လက်ကို သုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့၊ ညန်ဇီ စိတ်ချပါ"
သူမ စိတ်ထဲတွင် တွက်ချက်ထားပြီး ဖြစ်သည်။ ညနေစာကို ငါးအသားလွှာ ဆန်ပြုတ်၊ ငါးပေါင်းနှင့် ငါး အစိမ်းသုပ် စားကြမည်။ မနက်ဖြန် ယွီရွှင်က လတ်ဆတ်သည့် ငါးကြင်းကြီးများနှင့် ကကတစ်များကို လာပို့လျှင် ငါးအသားလုံးနှင့် ငါးခေါက်ဆွဲ စတင်ပြုလုပ်မည်။ ငါးအသားလုံးကို ကကတစ် (သို့) မက်ကရယ်ဖြင့် ပြုလုပ်လျှင် အကောင်းဆုံးပင်။ အထူးသဖြင့် ငါးရှင်ကို ချက်ချင်းသတ်ပြီး ပြုလုပ်ပါက ငါးအသားလုံး၏ အသားက ကျစ်လစ်ပြီး ညှီနံ့လည်း နည်းပါးသည်။
ထို့နောက်တွင်တော့ ဆိုင်၌ ဟင်းပွဲသစ်အဖြစ် ငါးအသားလုံး ခေါက်ဆွဲကြမ်းကို တင်နိုင်ပေတော့မည်။
...