အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အပိုင်း (၁၆၃)
နွေဦးရာသီ ရောက်ရှိလာပြီး ရာသီဥတု နွေးထွေးလာသဖြင့် နေ့စဉ် အပူကန်စေတတ်သည့် သိုးသားကို စားသုံးရန် မသင့်တော်တော့ပေ။ အာဟာရဖြစ်ပြီး အရသာပေါ့ပါးသည့် ငါးကို စားသုံးခြင်းကသာ အသင့်တော်ဆုံး ဖြစ်သည်။
ရှန်မြောင်သည် ငါးအသားလုံးနှင့် ငါးခေါက်ဆွဲအကြောင်း တွေးတောရင်း ခွေးခြေပုနှစ်လုံးကို ယူလိုက်ကာ ခြေထောက်တစ်ဖက်ကြား လက်လျှိုသွင်းပြီး သယ်ဆောင်လိုက်သည်။ တစ်လုံးကို အဝတ်လျှော်ချိန် ထိုင်ရန်ဖြစ်ပြီး ကျန်တစ်လုံးကို လျှော်ဖွပ်ပြီး ရေမဆေးရသေးသည့် အဝတ်အစားများ တင်ထားရန် ဖြစ်သည်။
ခြေလှမ်း နှစ်လှမ်းသုံးလှမ်းခန့် လှမ်းလိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ ရှန်းအာ၊ ယန့်ရှူး၊ လျိုတို့ဟွားနှင့် လီကိုအာတို့သည် မြေမီးဖိုရှေ့တွင် ထိုင်စောင့်နေကြသည်ကို တွေ့လိုက်ရသဖြင့် ပြုံးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ငါ ပိန်းဥနို့ကင် လုပ်နေတာ နင်တို့ တွေ့သွားကြပြီပေါ့"
ရှန်းအာနှင့် ယန့်ရှူးတို့သည် လှည့်ကြည့်လာပြီး ရှန်မြောင်ကို မျက်လုံးလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးပြလိုက်ကြသည်။ သူတို့နှစ်ယောက်၏ နှာခေါင်းများက အလွန်အာရုံခံ ကောင်းကြသည်။ ခုနလေးတင် မွှေးပျံ့နေသည့် နို့ကင်နံ့နှင့် ချိုမြိန်သည့် ပိန်းဥနံ့ လွင့်ပျံလာသည်နှင့် သူတို့သည် လက်ထဲက မြက်ပင်များကို ပစ်ချပြီး မြေမီးဖိုရှေ့သို့ ပြေးလာကြခြင်း ဖြစ်သည်။
"မကျက်သေးဘူး၊ အနည်းဆုံး ၁၅မိနစ်လောက် လိုသေးတယ်"
ရှန်မြောင်သည် အစားပုပ်လေးများ များပြားလာသဖြင့် မြေမီးဖိုရှေ့တွင် အမြဲတမ်း ချထားရသည့် ခွေးခြေပုတန်းလေးကို တွေးမိပြီး ရယ်ချင်စိတ်ကို မနည်းထိန်းရင်း ခေါင်းခါလိုက်မိသည်။
"မကြီး အဝတ်သွားလျှော်လိုက်အုံးမယ်၊ ကျက်သွားရင် အားထောင်ကို ယူကျွေးခိုင်းလိုက်မယ်"
ပြောပြီးသည်နှင့် သူမသည် လက်တွင် ခွေးခြေပုကို ချိတ်လျက် လှည့်ထွက်လာခဲ့ရာ ခြံဝင်းတံခါးဘေးတွင် ချထားသည့် ညစ်ပေနေသော အဝတ်ပုံးသည် မြေကြီးပေါ်တွင် မရှိတော့ဘဲ တစ်စုံတစ်ယောက်က သယ်သွားသည်ကို တွေ့လိုက်ရသည်။
အကြည့်ကို အပေါ်သို့ ပို့လိုက်၏။
သူမသည် ရှဲ့ချီကို မြင်လိုက်ရပြီး သူ့ခေါင်းပေါ်တွင် ချီလင်သည် သားမွှေး ဦးထုပ်တစ်လုံးနှယ် ငြိမ်သက်စွာ ဝပ်နေလေသည်။
သူသည် ယနေ့တွင် ဝေကျင်းခေတ် ဟန်ပန်ရှိသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ အင်္ကျီရင်ဘတ်အနားသတ်သည် ဆီးသီးရောင် ဖြစ်ပြီး အောက်ခံအရောင်မှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေကာ အပေါ်တွင် အပြာရောင် ပိုးချည်မျှင်များဖြင့် ဝမ်စာလုံးပုံစံများ ထိုးထားသည်။ ခါးပတ်သည်လည်း ဆီးသီးရောင် ဖြစ်သည်။ ပါးလွှာသည့် နွေဦးရာသီ အဝတ်အစားသည် သူ၏ ဖြောင့်မတ်ပြီး အရပ်ရှည်သည့် ခန္ဓာကိုယ်နှင့် ကပ်နေသည်။ ဦးလေးရှဲ့၏ အဝတ်အစားများလောက် တန်ဖိုးကြီးပြီး လှပခြင်း မရှိသော်လည်း သူကဲ့သို့ အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်နှင့် အလွန်လိုက်ဖက်လှသည်။
အဝတ်အစားများဖြင့် ပြည့်နှက်နေသည့် သစ်သားပုံးကို ဆွဲမထားပြီး ခေါင်းပေါ်တွင် ကြောင်ခြေသည်း နှစ်ဖက်ဖြင့် ဖက်ထားခြင်း ခံနေရသော်လည်း ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရုံဖြင့် လောကီနှင့်ကင်းကွာနေသည့် အငွေ့အသက်မျိုး ရှိနေသည်။
ရှဲ့ချီသည် သူမ၏ ရေပုံးကို ဆွဲထားလျက် မျက်လုံးများက ဟိုကြည့်သည်ကြည့် လုပ်နေပြီး သူမကိုတော့ မကြည့်ရဲပေ။
ရှန်မြောင်သည် လှမ်းသွားလိုက်ပြီး မော့ကြည့်ကာ စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ နီရဲနေသော နားရွက်များကို အရင်တွေ့လိုက်ရ၏။
သူ့နားထင်ဘေးတွင် စည်းနှောင်၍ မရနိုင်သေးသည့် ဆံစကလေးများ ပေါက်ရောက်နေပြီး တချို့က နားရွက်နောက်တွင် ရှိနေကာ တချို့က နားရွက်ပေါ်တွင် ဝဲကျနေလေသည်။ သို့သော် သူ့နားရွက်ခွံများက အလွန်ပါးလွှာလှသဖြင့် အနည်းငယ် နီရဲလာသည်နှင့် တစ်ဖက်ကိုပင် မြင်ရလုနီးပါး ဖြစ်နေတတ်သည်။ ထိုအနီရောင်များကြားတွင် သေးငယ်သည့် အပြာရောင် သွေးကြောမျှင်လေးများ ပေါ်လာသည်ကိုပင် ရှန်မြောင် အတိုင်းသား မြင်နေရသည်။
မသိစိတ်က လွန်ခဲ့သည့် လက သူနှင့် မတော်တဆ ဝင်တိုက်မိခဲ့သည့် ရှက်စရာ ကိစ္စလေးကို သတိရသွားမိသည်။ ထိုစဉ်က သူမသည် သူ့လက်မောင်းကို ကိုင်ကာ အနောက်သို့ ဆုတ်ရန် ပြင်လိုက်သော်လည်း အလွန်နီးကပ်နေပြီး ခေါင်းများ မူးဝေသွားသဖြင့် ရုတ်တရက် မော့ကြည့်လိုက်ရာ နှုတ်ခမ်းနှင့် သူ့လည်ပင်းက အလုံးလေးကို သွားထိမိခဲ့သည်။
ထိုအချိန်က ရှန်မြောင်သည် လေထုတစ်ခုလုံး ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။
ထိုစဉ်က သူ၏လည်ပင်းတွင် လှုပ်ရှားသွားသည့် အလုံးလေးဘေး၌ ယနေ့ကဲ့သို့ပင် တင်းမာနေသည့် သွေးကြောစိမ်းလေး တစ်ခု ပေါ်လာခဲ့ပြီး အရေပြားအောက်မှ ပူနွေးပြီး ပြည့်လျှံနေသည့် သွေးများ စီးဆင်းသွားကာ တင်းကြပ်စွာ စည်းနှောင်ထားသည့် အင်္ကျီကော်လာအောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
သူမ မျက်လုံးများ ပြာသွားသည်လား မသိပေ။ ထိုမှဲ့နီလေးသည်လည်း ပိုမိုနီရဲလာသည်ဟု ခံစားလိုက်ရသည်။
ထိုနေ့နောက်ပိုင်းတွင် ရှန်မြောင်နှင့် ရှဲ့ချီကြားတွင် စကားပြောဆိုမှု သိသိသာသာ နည်းပါးသွားခဲ့သည်။ ပုံမှန် သဘာဝကျသည့် ဆက်ဆံရေးသည် ရုတ်တရက် ကြေမွသွားသည့် ဖန်မီးအိမ်ကဲ့သို့ ဖြစ်သွားခဲ့သည်။ နှစ်ယောက်သား တွေ့ဆုံကြသည့်အခါတိုင်း အကြောင်းပြချက်မရှိဘဲ အနေခက်သွားကြပြီး တိတ်ဆိတ်သွားတတ်ကြသည်။
သို့သော် ထိုသို့ဖြစ်လေလေ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ပိုမိုသတိထားမိလေ၊ ဖမ်းမိလေ၊ တိတ်တဆိတ် ခိုးကြည့်မိလေ ဖြစ်နေတော့သည်။
ထိုကဲ့သို့ အနေခက်သည့် အခြေအနေသည် ယနေ့အထိ ကြာမြင့်ခဲ့လေပြီ။
ရှန်မြောင်သည် အကြည့်ကို တည်ငြိမ်စွာ ပြန်ရုတ်သိမ်းလိုက်ပြီး သစ်သားပုံးကို လှမ်းယူရန် လက်ကမ်းလိုက်၏။
"ကျွန်မ အဝတ်သွားလျှော်မလို့၊ ပေးပါ"
"ကျွန်တော် သယ်ပေးမယ်၊ မင်းလက်ထဲမှာ ခွေးခြေပု ပါနေတာပဲ"
ရှဲ့ချီက ဘေးသို့ ခြေတစ်လှမ်းဝက်ခန့် ရွှေ့လိုက်ရာ နောက်စေ့နှင့် တံခါးဘောင်တန်း တိုက်မိသွားပြီး ချီလင်က မကျေမနပ်ဖြင့် အော်မြည်တော့သည်။
သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရပြီး နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း စကားလုံးများကို ပြန်မြိုချလိုက်ကာ တံခါးပေါက်မှ ဦးအောင် ထွက်သွားပြီး ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်၏။
ရှန်မြောင်တစ်ယောက် လက်သီးကို ဆုပ်လိုက် ဖြန့်လိုက် လုပ်ပြီးနောက် သူ့နောက်သို့ လိုက်သွားလိုက်ရတော့သည်။
သူမသည် ခေါင်းပေါ်တွင် ကြောင်တစ်ကောင် တင်ထားသည့် ကောင်လေးကို စိုက်ကြည့်နေမိ၏။ ကြောင်မြီးက သူ့နောက်စေ့တွင် ယိမ်းထိုးနေသည်။
နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ခေါင်းငုံ့ကာ ပြုံးလိုက်မိတော့သည်။
ဤကဲ့သို့ မစောလွန်း နောက်မကျလွန် အချိန်တွင် ရေချိုးခန်းထဲ၌ လူတစ်ယောက်မှ မရှိပေ။ ရေတွင်းဘောင် ဘယ်ဘက်ရှိ အဝတ်လျှော်ရန် ပြုလုပ်ထားသည့် ကျောက်ရေကန်ထဲတွင် ဘူးသီးခြောက် ရေမုတ် တင်ထားပြီး မည်သူ့အိမ်က ကျန်ခဲ့မှန်းမသိသည့် သစ်သားဘရက်ရှ် တစ်ချောင်းလည်း ရှိနေကာ ဝက်မှင်ဘရက်ရှ် အမွှေးများပင် တွန့်လိပ်နေလေပြီ။
ရေတွင်းဘောင်ဘေးက ကျောက်ပြားပေါ်တွင် ရေညှိများ တိတ်ဆိတ်စွာ ပေါက်ရောက်နေပြီး တိုတောင်းသည့် အညှာများနှင့် အရွက်များက ကျောက်ပြားကြားရှိ ပါးလွှာသော မြေကြီးတွင် တွယ်ကပ်နေကြကာ ရှန်မြောင်နှင့် ရှဲ့ချီတို့၏ ခြေသံများကြောင့် တုန်ခါသွားကြသည်။
ရှဲ့ချီက သစ်သားပုံးကို ရေကန်ဘေးတွင် ချလိုက်ပြီး ချီလင်ကို ခေါင်းပေါ်မှ ယူကာ မြေကြီးပေါ် ချပေးလိုက်၏။
ချီလင်က မြေကြီးပေါ်တွင် အမွှေးများကို ခါလိုက်ပြီး အညောင်းဆန့်လိုက်ကာ ခြေသည်းများကို လျက်နေသည်။ ခဏအကြာတွင် လိပ်ပြာတစ်ကောင်ကို တွေ့သွားပြီး လူများကို ပစ်ထားခဲ့ကာ လိပ်ပြာနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်ပါသွားတော့သည်။
ရှဲ့ချီက ရေတွင်းဘေးသို့ သွားပြီး သူမအတွက် ရေခပ်ပေးသည်။
သူ ရေဆွဲလာပြီး စကားတစ်ခွန်းမှ မပြောဘဲ ရေကန်ထဲသို့ အပြည့် ဖြည့်ပေးလိုက်ပြန်သည်။
ရှန်မြောင်လည်း လျှောက်သွားပြီး ခွေးခြေပုကို ချလိုက်ကာ ဝင်ထိုင်လိုက်၏။ နောက်ထပ် ခွေးခြေတစ်လုံးကို အဝတ်လျှော်ပြီး ထားရန် ယူလာသော်လည်း ဘာမှမတင်ဘဲ ဘေးတွင် ဒီအတိုင်း ချထားလိုက်သည်။ သူမ ဘာမှမပြောဘဲ အဝတ်အစားများကို ထုတ်ကာ ရေထဲစိမ်လိုက်ပြီး ဆပ်ပြာသီးဖြင့် အဝတ်စိုများကို လိုက်လံပွတ်တိုက်ကာ လက်ဖြင့် လျှော်ဖွပ်လိုက်သည်။
ခဏအကြာတွင် ဘေး၌ အရိပ်တစ်ခု ကျလာပြီး ရှဲ့ချီသည် သူမဘေးက ခွေးခြေပုလေးပေါ်တွင် ဝင်ထိုင်လိုက်ကာ အဝတ်လျှော်တုတ်ကို ကိုင်လျက် အနည်းငယ် ရှက်ရွံ့ပြီး ကိုးရိုးကားရားနိုင်စွာဖြင့် သူမ ဆပ်ပြာတိုက်ထားသည့် အဝတ်များကို ကူညီ ထုရိုက်ပေးလေသည်။
ရှန်မြောင်လည်း ခေါင်းငုံ့ထားကာ နှုတ်ခမ်းကို ကိုက်ပြီး ပြုံးလိုက်မိတော့သည်။
အနောက်ဘက်လမ်းကြားရှိ မည်သူ့အိမ်ကမှန်း မသိသည့် မုန့်ကင်နံ့များ လေနှင့်အတူ လွင့်ပါလာသည်။ အစားအသောက်နံ့သည် ရှန်မြောင်၏ စိတ်ထဲတွင် ရှိနေသည့် လည်ပင်းက အလုံးလေး ကိစ္စကြောင့် ဖြစ်ပေါ်နေသော ရှက်ရွံ့မှုများကို ချက်ချင်း ပြေပျောက်သွားစေသည်။ သူမ အဝတ်လျှော်ရင်း တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သည်။
"ကျိုကော... ရှင် မနက်ဖြန် စာသင်ကျောင်း သွားတော့မှာမလား"
"အင်း"
ရှဲ့ချီက လေးပင်စွာ ပြန်ဖြေလိုက်ပြီး လေသံတွင် ဝမ်းနည်းမှု အနည်းငယ် ပါဝင်နေ၏။
ထို့နောက်တွင် ရှန်မြောင် အဝတ်လျှော်ပြီးသွားပြီး လက်ဆေးလိုက်ကာ မေးစေ့ကို ထောက်လျက် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျွန်မတို့ မွေးနေ့စာရင်းတွေတောင် ဖလှယ်ပြီးပြီပဲ၊ ရှင်က ဘာလို့ ကျွန်မကို ရှောင်နေသေးတာလဲ"
ဦးလေးရှဲ့ ရောက်လာသည်မှာ တစ်လရှိပြီဖြစ်ပြီး မင်္ဂလာဆောင်နှင့် ပတ်သက်သည့် "ထုံးတမ်းခြောက်ရပ်" ကိစ္စရပ်များကို အလုပ်ရှုပ်ခံ ပြင်ဆင်နေသည်။ သို့သော် အဆင့်တိုင်းအတွက် နေ့ကောင်းရက်သာ ရွေးရခြင်း၊ နာမည်ကြီး ဘုန်းကြီးများ၊ ရသေ့များနှင့် ဇာတာတိုက်ရခြင်းတို့ကြောင့် ယခုမှ "နာကျီ (ကံကောင်းခြင်း လာဘ်လာဘ ဆောင်ကြဉ်းခြင်း)" အဆင့်သို့သာ ရောက်ရှိသေးသည်။
ရယ်စရာအကောင်းဆုံးမှာ ဦးလေးရှဲ့သည် သူမနှင့် ရှဲ့ချီ၏ မွေးနေ့စာရင်းများကို ယူဆောင်ကာ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် တာအိုဘုရားကျောင်းများ အနှံ့ လိုက်လံတွက်ချက်စေခဲ့ပြီးနောက် ရလဒ် သာမန်ကာလျှံကာ ထွက်သည့် စာရွက်များကို လွှင့်ပစ်လိုက်ကာ အကောင်းဆုံး "အိမ်ထောင်ဖက် ဇာတာ" စာရွက်ကို ရွေးချယ်ပြီး မွေးနေ့စာရင်းပေါ်တွင် ဂရုတစိုက် ကပ်ထားလိုက်ခြင်း ဖြစ်သည်။
ရှဲ့ချီက မျက်လုံးကို ဖြည်းဖြည်းချင်း လွှဲလိုက်ပြီး ဆံပင် စုစည်းထားသည့် သူ့နောက်စေ့ကို ရှန်မြောင်ဘက် လှည့်ထားကာ တိုးတိုးလေး ငြင်းဆိုလိုက်သည်။
"ကျွန်တော်... ရှန်ညန်ဇီကို မရှောင်ပါဘူး"
ရှန်မြောင် ဤကဲ့သို့ မရေမရာ ဆက်မဖြစ်ချင်တော့ပေ။ သူမသည် အံကြိတ်လိုက်ပြီး ခဏရပ်ကာ ခွေးခြေပုကို သူ့ဘက်သို့ တိုးလိုက်ပြီး သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။
"ခေါင်းလှည့်လာခဲ့၊ ပြောစရာရှိတယ်"
ရှဲ့ချီလည်း မတတ်သာဘဲ လှည့်လာရသည်။
သို့သော် သူ မျက်နှာတစ်ခြမ်း လှည့်လာရုံ ရှိသေးသည်၊ လက်မောင်းကို ရှန်မြောင်က အားဖြင့် ဆွဲချလိုက်၏။
သူ၏ ပခုံးနှင့် ခန္ဓာကိုယ်တစ်ခုလုံး သူမဘက်သို့ ယိုင်ဆင်းလာပြီး မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်တရက် ပျော့ပျောင်းနူးညံ့သည့် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ ပုစဉ်းတောင်ပံများကဲ့သို့ အလွန်တရာ နူးညံ့သိမ်မွေ့စွာဖြင့် သူ့နှုတ်ခမ်းထောင့်ကို လာရောက်ထိကပ်သွားလေသည်။
တုန်ခါသွားသည့် အနွေးဓာတ်တစ်ခု ဖြစ်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
ပိုးသား အင်္ကျီလက်ဖောင်းကြီးသည် ဆွဲဆုပ်ထားမှုကြောင့် တွန့်ကြေသွားသော်လည်း အင်္ကျီကို ဆုပ်ကိုင်ထားသည့် လက်ချောင်းလေးများက ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ ရှဲ့ချီသည် ယိုင်လဲနေသည့် ပုံစံအတိုင်း ရှိနေသေးပြီး မျက်လုံးအိမ်များက ရွှံ့ရုပ်တုတစ်ခုနှယ် တောင့်တင်းနေတော့သည်။
ရှန်မြောင်လည်း ရှဲ့ချီကို ဆက်မကြည့်ရဲတော့ဘဲ ခါးကို ကိုင်းလိုက်ကာ တာဝန်မဲ့စွာဖြင့် ရေပုံးကို မ ပြီး ဤ "ပြဿနာတော" ထဲမှ ထွက်ပြေးရန် ပြင်လိုက်၏။ သို့သော် သူမ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ကျောဘက်မှ အားတစ်ခုက သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်ကာ ထိုလက်ဖဝါးသည် မီးရဲနေသည့် မီးသွေးခဲကို ကိုင်ထားသကဲ့သို့ ပူလောင်နေတော့သည်။
"ဒုန်း" ခနဲ အသံနှင့်အတူ သစ်သားပုံးက ပြုတ်ကျသွားသည်။
ရေတွင်းဘေးက ကျောက်ပြားများသည် ပုံးထဲမှ ဖိတ်ကျလာသည့် ရေများကြောင့် စိုရွှဲသွားပြီး ရေများက ကျောက်ပြားကြားထဲ စီးဝင်ကာ မကြာမီ ရေအိုင်ငယ်လေးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုရေအိုင်ထဲတွင် ဝေဝါးနေသည့် အရိပ်နှစ်ခု ပေါ်လာသည်။ ရှည်လျားသည့် လည်ပင်း၊ ထင်ရှားပြတ်သားသည့် မေးရိုး၊ ဖြည်းဖြည်းချင်း ငုံ့ဆင်းလာသည့် မျက်လုံးများနှင့် အလိုက်သင့် နမ်းရှိုက်လိုက်သည့် နှုတ်ခမ်းများ...
မြေကြီးပေါ် လဲကျနေသည့် သစ်သားပုံးနှုတ်ခမ်းဝမှ ရေစက်တစ်စက် ပြုတ်ကျလာသည် အထိပင်။
ရေထဲက အရိပ်တွင်တော့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လှိုင်းကလေးများသာ ကျန်ရစ်တော့သည်။
....
မီးဖိုပေါ်တွင် အငွေ့များ ထွက်နေပြီး မြေအိုးထဲတွင် ပျစ်ခဲနေသည့် ဆန်ပြုတ်က ပွက်ပွက်ဆူနေသည်။ ဖူရှင်းက ယောက်မကို ကိုင်လျက် ဖြည်းဖြည်းချင်း မွှေနေပြီး စားပွဲရှည်ကြီး၏ အခြားတစ်ဖက်တွင် ထန်အာသည်လည်း ပန်းပွင့်လေးများပါသည့် ဧည်ခါန်ကို ဝတ်ဆင်ထားပြီး ပါးစပ်မှ သီချင်းညည်းလျက် ငါးသတ်ရန် အာရုံစိုက်နေသည်။
"ဒီနေ့ အဒေါ်လီတို့ကို မတွေ့သေးဘူးလား" ဖူရှင်းက ဆန်ပြုတ်မွှေရင်း စကားစလိုက်သည်။
ထန်အာက ခေါင်းခါလိုက်ပြီး "မတွေ့သေးဘူး၊ ဒီနေ့ နာရီဝက်လောက် ပိုစောင့်ခဲ့တာတောင် အရိပ်အယောင် မတွေ့ဘူး"
ပြောရင်းဖြင့် သူသည် ရုန်းကန်နေသေးသည့် ငါးကို စဉ့်နှီတုံးပေါ် ဖိချလိုက်သည်။
ငါးပါးဟက်များသည် သူ့လက်ဖဝါးအောက်တွင် ရံဖန်ရံခါ ပွင့်ဟလိုက်ပြီး တစ်ခါတစ်ရံ အမြီးက ထောင်တက်လာကာ စဉ့်နှီတုံးကို "ဖြောင်း ဖြောင်း" မြည်အောင် ရိုက်ခတ်ပြီး အားကုန်ရုန်းကန်နေသည်။
"ဒီငါးက တကယ် လတ်ဆတ်တာပဲ၊ ဒီလောက်ကောင်းတာမျိုး ရဖို့ ခက်တယ်၊ ဒီညတော့ စားကောင်းသောက်ကောင်း စားရတော့မယ်"
ထန်အာက ရယ်မောရင်း ဓားကို ကောက်ကိုင်လိုက်သည်။ ဓားသွားမှ အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး ငါး၏ ဗိုက်ကို ခွဲလိုက်၏။ ခဏအတွင်း ငါးသတ်ပြီးစီးသွားပြီး အမွှာလိုက် မွှန်းပြီးနောက် ဇလုံထဲထည့်ကာ ဆေးကြောလိုက်သည်။
ငါးနှစ်ကောင်လုံး အသားလွှာပြီးသည့်အခါမှ ထူးဆန်းသလို ရေရွတ်လိုက်သည်။
"အားလုံး ပြီးပြီ၊ ဆက်ပြီး ဘာလုပ်ရမလဲ၊ ညန်ဇီ အဝတ်သွားလျှော်တာ ပြန်မရောက်သေးဘူးလား"
ဖူရှင်းက ပခုံးတွန့်ပြလိုက်သည်။ သူ ဘယ်လိုလုပ် သိမှာလဲ။
ခြံဝင်းထဲတွင် အားထောင်သည် ထူထဲသော ဝါဂွမ်းလက်အိတ်ကို စွပ်လျက် မြေမီးဖိုထဲမှ သံဗန်းကို အားစိုက်ထုတ် ဆွဲထုတ်လိုက်ပြီး အပူငွေ့များကို ပါးစပ်ဖြင့် မှုတ်ကာ အိမ်ရှိ စားချင်လွန်း၍ ပန်းကန်ကိုယ်စီ ကိုင်ကာ စောင့်နေကြသည့် ကလေးများကို ဇလုံကြီးထဲမှ ပိန်းဥနို့ကင်များ ခွဲဝေပေးရန် ပြင်လိုက်၏။
အလွယ်တကူ ဖြစ်စေရန် ရှန်မြောင်သည် ဒီတစ်ခါ ဇလုံအကြီးကြီးဖြင့် ထည့်ကင်ထားခြင်း ဖြစ်သည်။
နူးညံ့သည့် ပိန်းဥနှစ်နှင့် ပြင်းရှသည့် နို့နံ့ ရောစပ်ကင်ထားသဖြင့် ထွက်ပေါ်လာသော ထူးခြားသည့် မီးကင်နံ့သည် မီးဖိုထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ခြံဝင်းတစ်ခုလုံး ပျံ့လွင့်သွားတော့သည်။
ဤမျှ ဆွဲဆောင်မှုရှိသည့် အမွှေးနံ့ကြောင့် ဦးလေးရှဲ့ဘေးတွင် စာရေးကျင့်နေသည့် ချန်ချွမ်းပင် စိတ်မထိန်းနိုင်တော့ပေ။ သူသည် စုတ်တံကို အမြန်ချလိုက်ပြီး ပြေးထွက်လာကာ ပန်းကန်တစ်လုံးယူလျက် လီကိုအာ့နောက်တွင် ဝင်ရပ်ပြီး အရသာရှိသော မုန့်ကို စားရရန် မျှော်လင့်တကြီး စောင့်ဆိုင်းနေလေသည်။
အားထောင်က လူတိုင်းကို ပိန်းဥနို့ကင် တစ်ပန်းကန်စီ ခပ်ပေးလိုက်ပြီး ဇွန်းတစ်ချောင်းစီ ပေးလိုက်သည်။
ကလေးတချို့သည် ပါးစပ်ထဲမှ တားမရဆီးမရ ထွက်ကျလာသည့် တံတွေးများကို ရှူသွင်းရင်း ပန်းကန်ကို ကိုင်ကာ ဝရန်တာအောက်တွင် တန်းစီ ထိုင်လိုက်ကြသည်။
အားထောင်က နောက်ထပ် တစ်ပန်းကန် ခပ်လိုက်ပြီး ထောင့်တစ်နေရာတွင် ခေါင်းတငြိမ့်ငြိမ့်ဖြင့် စာဖတ်နေသည့် ဦးလေးရှဲ့ကို ပေးလိုက်သည်။
"သခင်ကြီး၊ ကျွန်မတို့ ရှန်ညန်ဇီရဲ့ မုန့်လုပ်လက်ရာကို မြည်းစမ်းကြည့်ပါအုံး"
ဦးလေးရှဲ့သည် ခေါ်လိုက်သံကြောင့် အိပ်မက်မှ လန့်နိုးသွားသူကဲ့သို့ ဖြစ်သွားပြီး လက်ထဲက စာအုပ်ကို အမြန်ချကာ ခါးကို မတ်မတ်ထိုင်လိုက်ပြီး ချက်ချင်းပင် တည်ကြည်ခန့်ညားသည့် ပုံစံ ပြန်လုပ်လိုက်ကာ ချောင်းတစ်ချက် ဟန့်လိုက်၏။
"မင်း တော်တော် သဘောကောင်းတာပဲ၊ ထားခဲ့လိုက်ပါ"
ယန့်ရှူးက ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ့ပန်းကန်ကို ရှန်းအာ၏ ကျောနောက်တွင် ဝှက်ထားလိုက်ကာ တုတ်ခိုင်သည့် ခြေထောက်တိုလေး နှစ်ချောင်းဖြင့် မီးဖိုချောင်ထဲ ပြေးဝင်သွားပြီး ပန်းကန်နှစ်လုံး ယူလာကာ အားထောင်ထံမှ နောက်ထပ် နှစ်ပန်းကန် တောင်းလိုက်သည်။
သူသည် ပန်းကန်နှစ်လုံးကို ခက်ခဲစွာ သယ်ဆောင်လျက် မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး ထိုနို့ကင် နှစ်ပန်းကန်ကို မီးဖိုချောင်ဗီရိုထဲတွင် ဂရုတစိုက် ထည့်ထားလိုက်ကာ ပန်းကန်ပြားဖြင့် သေချာ ဖုံးအုပ်ထားလိုက်သည်။
ကျိုကောနှင့် ရှန်ညန်ဇီအတွက် ချန်ထားပေးရမည်ကို မေ့လုနီးပါး ဖြစ်သွားသည်။
အားလုံးပြီးမှ သူသည် ဒုန်းဒုန်းဒုန်းနှင့် ပြေးပြန်လာပြီး လူအုပ်ကြားထဲ တိုးဝင်ကာ ပန်းကန်ကို မ လိုက်ပြီး အားပါးတရ စားတော့သည်။
ပိန်းဥနို့ကင်၏ အပေါ်ယံလွှာသည် ရွှေအိုရောင် သန်းနေသည့် ကြက်ဥနို့ရည်ဖြစ်ပြီး ကြည့်ရသည်မှာ ယခင်က စားဖူးသည့် ကြက်ဥနို့ကင် ပတ်ဖ်မုန့်နှင့် တူသည်။ အောက်ဘက်အလွှာသည် ပျော့အိချောမွတ်နေသည့် ပိန်းဥနှစ် ဖြစ်သည်။ စားသည့်အခါ ဇွန်းကို အောက်ဆုံးထိ ထိုးစိုက်လိုက်ပြီး အောက်မှ အပေါ်သို့ တစ်ဇွန်းခပ်ကာ ပိန်းဥနှစ်ကို လှန်တင်လိုက်ပြီး နို့ကင်နှင့်အတူ ပါးစပ်ထဲ ထည့်လိုက်ရသည်။
ယန့်ရှူးသည် စားရင်း ခြေထောက်တိုလေး နှစ်ချောင်းကို လှုပ်ယမ်းနေသည်။
ပါးစပ်ထဲသို့ ရောက်သည်နှင့် ပထမဆုံး ခံစားလိုက်ရသည်မှာ ပိန်းဥနှစ်၏ မွှေးပျံ့ချိုမြိန်မှုပင်။ နူးညံ့သည့် ပိန်းဥနှစ်သည် လျှာဖျားပေါ်တွင် ဖြည်းဖြည်းချင်း ပြန့်ကျဲသွားပြီး ပျော့ပျောင်းချောမွတ်ကာ ပိန်းဥ၏ သဘာဝအမွှေးနံ့ ပါဝင်နေပြီး အချိုဓာတ်ကလည်း အတိအကျ ဖြစ်သဖြင့် လုံးဝ အီသွားခြင်း မရှိပေ။
ကိုက်လိုက်တိုင်း ပိန်းဥ၏ ထူထဲသိပ်သည်းမှုကို ခံစားရသည်။ ၎င်းသည် ယန့်ရှူးအား ရှန်ညန်ဇီ ပြုလုပ်ခဲ့သည့် ပဲနီနှစ်ကို သွားသတိရစေသည်။ ထိုအရာကဲ့သို့ပင် စားကောင်းလှသည်။
ထို့နောက်တွင် ပြင်းရှသည့် နို့နံ့က ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။ လေးပင်သော်လည်း အီမသွားပေ။ ချောမွတ်သည့် ပဲပြားကို စားလိုက်ရသကဲ့သို့ နို့၏ အမွှေးနံ့အားလုံးသည် ဤတစ်လုပ်ထဲတွင် စုစည်းနေသယောင် ရှိသည်။
မီးကင်ထားသည့် နို့သည် မီးကျွမ်းနံ့ သဲ့သဲ့ရပြီး ဤအလွှာကို စားလိုက်ချိန်တွင် အမှန်ပင် ယခင်က စားဖူးသည့် ကြက်ဥနို့ကင် ပတ်ဖ်မုန့် အရသာပင်။
ယန့်ရှူးသည် ပြောင်စင်အောင် စားလိုက်သဖြင့် ပါးစပ်တစ်ခုလုံး နို့နံ့များ မွှေးကြိုင်နေလေ၏။ စားသောက်ပြီးချိန်တွင် သူသည် ပါးစပ်ကို သပ်ရင်း အရသာခံနေသေးသည်။ ထိုအချိန်တွင် ခြံဝင်းတစ်ခုလုံးသည် နေဝင်ချိန် ညနေဆည်းဆာ၏ လိမ္မော်ရောင် အလင်းများ လွှမ်းခြုံထားလေသည်။
ရှန်းအာက နှုတ်ခမ်းထောင့်မှ နို့ကင် အစအနများကို ပါးစပ်ထဲ ထည့်လိုက်ပြီး ရုတ်တရက် ထူးဆန်းသလို မေးလိုက်သည်။
"မကြီးနဲ့ ကျိုကော ဘာလို့ ပြန်မရောက်သေးတာလဲ"
"သွားရှာကြမလား" ယန့်ရှူးကလည်း ခေါင်းကို စောင်းပြီး မေးလိုက်သည်။
ချန်ချွမ်းကလည်း ပန်းကန်ကို ချလိုက်သည်။ "ငါလည်း လိုက်မယ်"
ဘေးနားတွင် ဇလုံအကြီးကြီးဖြင့် နို့ကင်စားနေသည့် အားထောင်သည် ကမန်းကတန်း ထိုင်ချလိုက်ပြီး ဖိနပ်စီးကာ ပြေးထွက်ရန် ပြင်နေသည့် ကလေးသုံးယောက်ကို လက်နှစ်ဖက် ဖြန့်ကားပြီး ပွေ့ဖက် တားဆီးလိုက်ကာ အလွန်လေးနက်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
"လုံးဝ သွားလို့မဖြစ်ဘူး"
"ဘာဖြစ်လို့လဲ"
"...... ကြီးလာရင် သိလိမ့်မယ်"
...
အပိုင်း (၁၆၄) ဘဲလေးတွေ ရောက်လာပြီ
"သန်းခေါင်ယံမှာ ရေစီးက ငြိမ်နေပြီး ငါးဖမ်းသင်္ဘောတွေက ကြိုးတွေဖြည်ပေးလိုက်ကြပြီ"
ညသန်းခေါင်ယံ ခေါင်းလောင်းသံ မြည်နေသော်လည်း ချန်လျိုအနီးက ထုံကျင်းမြို့ပြင်တွင် မီးရောင်များ လင်းထိန်နေပြီး လူသူအများ ဆူညံနေဆဲ။ သိုးချိုမီးအိမ် ထောင်ပေါင်းများစွာကို ရွက်တိုင်ထိပ်များပေါ်တွင် မြင့်မားစွာ ချိတ်ဆွဲထားကြပြီး တစ်ညလုံး အလုပ်များနေသည့် ဆိပ်ကမ်းကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စေသည်။
"ကျဲ့ကျန်းအရှေ့ပိုင်းက ဆားလှေ ရောက်ပြီ"
"ဟွိုင်နန်က ဆန်တင်သင်္ဘော ရောက်ပြီ"
"လျန်ကျဲ့နဲ့ ကျင်းဟူ လမ်းမကြီးက ကုန်သည်လှေ ရောက်ပြီ"
အစိုးရသင်္ဘောများနှင့် ကုန်သည်သင်္ဘောများသည် အရှေ့နှင့် အနောက် ဆက်စပ်နေပြီး သံချပ်ကာ ဦးခေါင်းပိုင်းများသည် ရေမျက်နှာပြင်ကို ဖြည်းဖြည်းချင်း ခွဲထွက်သွားကာ မြင့်မားသော အပြာရောင် ကျောက်တုံး ကမ်းပါးနှင့် နီးကပ်လာလေလေ၊ ရေမှော်ပင်များ ကပ်ငြိနေသော သံကျောက်ဆူးများ ရေထဲသို့ တလိမ့်လိမ့် ကျဆင်းနေသည့် အသံကို ပို၍ ကြားနိုင်လေလေ ဖြစ်သည်။
အဒေါ်လီနှင့် လီထျောင်ဇီတို့သည် ဘဲများ ထည့်ထားသော ဝါးခြင်းတောင်းများကို ကုန်းပတ်ပေါ်သို့ တစ်ခေါက်ပြီး တစ်ခေါက် သယ်ဆောင်လာကြသည်။
သူတို့စီးလာသည့် ကုန်တင်သင်္ဘောသည်လည်း ကမ်းကပ်တော့မည်။
ကမ်းကပ်တော့မည့် သင်္ဘောများထဲတွင် စပါးသယ်ဆောင်သည့် သင်္ဘောတစ်စင်းသည် အကြီးဆုံးဖြစ်ပြီး ပေ ၁၀ဝ ခန့် ရှည်လျားသော ထင်းရှူးပင် ကိုယ်ထည်သည် ရေစူးမှတ်ကို ကမ်းပါးနှင့် တပြေးညီနီးပါး ဖိထားသည်။ အဒေါ်လီနှင့် လီထျောင်ဇီတို့ စီးလာသည့် သင်္ဘောမှာ ဤသင်္ဘောပင် ဖြစ်လေသည်။
အနောက်တွင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ရွှေရောင်ဆေးသုတ်ထားသော နဂါးခေါင်း အစိုးရသင်္ဘောတစ်စင်း ရှိသေးသည်။ ရွက်တိုင်ပေါ်တွင် နန်းတော်သုံး မီးအိမ်နီများ ချိတ်ဆွဲထားပြီး အနီရောင် လက်ရန်းများပေါ်တွင် အဝါရောင် ပိုးသားများ ရစ်ပတ်ထားကာ သင်္ဘောအားလုံးထဲတွင် အထင်ရှားဆုံး ဖြစ်နေသည်။
"အို... မရတော့ဘူး၊ ခါးက ပြန်နာလာပြန်ပြီ" အဒေါ်လီသည် အခေါက်ခေါက်အခါခါ သယ်ဆောင်ပြီးနောက် ခါးကို မဆန့်နိုင်တော့ပေ။ လီထျောင်ဇီလည်း သူမကို သနားသွားပြီး ကမန်းကတန်း ပြောလိုက်သည်။
"မင်း ဒီမှာ ခဏနားနေလိုက်၊ ကျန်တာ ငါသယ်လိုက်မယ်"
ဤကာလအတွင်း သင်္ဘောပေါ်တွင် အဒေါ်လီသည် ဘဲများကို ဂရုစိုက်ရလေ့ရှိပြီး တစ်ခါတစ်ရံ ညဘက်တွင်လည်း ဖယောင်းတိုင်ကို ကိုင်ကာ ထွက်ကြည့်လေ့ရှိသည်။ သူခိုးများ ခိုးသွားမည်ကို စိုးရိမ်သဖြင့် ကောင်းကောင်း အိပ်မပျော်သည်မှာ ကြာလေပြီ။
လီထျောင်ဇီ ပြန်သွားသယ်နေချိန်တွင် အဒေါ်လီသည် ခါးကို ထုရင်း ကျယ်ပြန့်သော မြစ်ပြင်ကို လှမ်းကြည့်လိုက်၏။
ညမြစ်ပြင်တွင် မီးရောင်များ ဟပ်နေပြီး ရေလှိုင်းများ တောက်ပနေသည်။
အဒေါ်လီသည် တွေတွေလေး ငေးမောနေမိသည်။ ဤကာလအတွင်း သူမ တကယ်ကို ဗဟုသုတ တိုးပွားခဲ့ရသည်။ ကျင်းလင်မြို့သည် ပြန့်ကျင်းမြို့ထက် ပိုမိုစည်ကားပြီး ချင်ဟွိုင်မြစ်ပေါ်တွင် ပန်းလှေများ ပြည့်နှက်နေကာ တူရိယာသံများ၊ သီချင်းသံများ မဆုံးနိုင်အောင် ကြားနေရသည်။
သူမနှင့် လီထျောင်ဇီတို့သည် ဝူရီလမ်းကြားနှင့် ကျူးချွဲတံတားကို အထူးတလည် သွားရောက်လည်ပတ်ခဲ့ကြသေးသည်။ ဝူရီလမ်းကြားထိပ်တွင် မျက်မမြင်တစ်ဦးက မင်းဆက်ခြောက်ဆက်၏ ရှေးဟောင်းအကြောင်းများကို သီဆိုတီးခတ်နေသည်။ အဒေါ်လီ နားမလည်သော်လည်း နားထောင်လို့ ကောင်းနေသည်။
အစားအသောက်ကောင်းများလည်း များပြားလှသည်။ ဂဏန်းမျက်လုံးဟင်းရည်၊ ယူချင်ကိတ်မုန့်၊ ချင်းမင်ယွီဟွားလက်ဖက်ရည်၊ ကျွဲခေါင်းသီးနို့ရည်၊ ပျားရည်စိမ် ချယ်ရီပန်း... အဒေါ်လီနှင့် လီထျောင်ဇီတို့သည် ငွေကြေးချွေတာရန် ရည်ရွယ်ထားပြီး အပြင်ရောက်နေသော်လည်း သူများ သာ့ကျဲအာ ပေးလိုက်သည့် ငွေများကို နေရာတကာ လိုက်ဖြုန်းတီး၍ မဖြစ်ဟု တွေးခဲ့ကြသော်လည်း... လမ်းဘေးတွင် ရောင်းချနေသော စျေးသည်များက အလွန်များပြားပြီး အနံ့များကလည်း မွှေးကြိုင်လွန်းသဖြင့် နှစ်ယောက်သား မနေနိုင်ဘဲ တချို့ကို ဝယ်မြည်းကြည့်မိကြသည်။
ပထမဆုံး "ပေါင်မုန့်သကြားကပ်" ကို စားခဲ့ကြသည်။ သကြားရောင်းသူက ဂျုံသကြားကို ပိုးမျှင်ကဲ့သို့ ဆွဲဆန့်လိုက်ပြီး ဆီကြော်ထားသော မုန့်ကြွပ်ပေါ်တွင် ကွင်းဆက်ကိုးခု ပုံစံ ရစ်ပတ်လိုက်သည်။ သွားကြားထိုးတံဖြင့် ထိုးစားရပြီး သကြားမျှင်များကို ပင့်ကူမျှင်ကဲ့သို့ သေးငယ်ပြီး မပြတ်အောင် ဆွဲဆန့်နိုင်သည်။
အဒေါ်လီနှင့် လီထျောင်ဇီတို့ တစ်ခုသာ ဝယ်ပြီး နှစ်ယောက်ခွဲစားကြသည်။ နှစ်ယောက်သား တစ်ကိုက်စီ စားလိုက်သည်နှင့် မွှေးပျံ့သော အချိုဓာတ်သည် လည်ချောင်းမှတဆင့် နှလုံးသားထဲသို့ စီးဝင်သွားပြီး လီကိုအာ့ကို သတိရသွားကြတော့သည်။ သူ သည်လိုကောင်းမွန်သော သကြားမျိုး တစ်ခါမှ မစားဖူးခဲ့ပေ။
နောက်ပိုင်းတွင် ငန်းကင် တစ်ကြိမ် စားခဲ့ကြသည်။ ကျင်းလင်က ငန်းကင်သည် ထင်းရှူးမီး၊ စမုန်စပါးတို့ဖြင့် မီးကင်ထားပြီး အရေခွံပေါ်တွင် ကွေ့ဟွားပျားရည် တစ်လွှာ သုတ်ထားသဖြင့် အရေခွံသည် ကြွပ်ရွပြီး အလွန်မွှေးကြိုင်သည်။
အဒေါ်လီသည် ဤအရေခွံကြွပ်ပြီး နူးညံ့သော ငန်းကင်ကို စားပြီးနောက် ရှန်သာ့ကျဲအာ၏ ဘဲကင်သည် ဒီကနေ သင်ယူခဲ့ခြင်း ဖြစ်မည်ဟု တွေးမိလိုက်သည်။ သူမ လက်ရာကောင်းမွန်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ကျင်းလင်မြို့တွင် မစားဖူးသော အရာများ အမှန်ပင် များပြားလှသည်။
တောင်ပိုင်း ရာသီဥတုသည်လည်း နွေးထွေးသည်။ အဒေါ်လီသည် ကျူးချွဲ့တံတားအောက်က "ကျန်းရှန်ရှန်း" ဆိုင်တွင် ထိုင်ပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ငါးအသားလွှာကို စားနေစဉ် နွေဦးပေါက် ၃လပိုင်း၏ မြစ်လေပြေ တိုက်ခတ်နေသော်လည်း လုံးဝ အေးသည်ဟု မခံစားရပေ။
ကျင်းလင်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဖွံ့ဖြိုးပြီး သူတို့သည် ဆံပင်ဝါ မျက်လုံးစိမ်း ပါရှန်းလူမျိုးများကို များစွာ တွေ့ခဲ့ရသည်။ လမ်းဘေးတွင် နိုင်ငံခြားမှ မှန်များ၊ မှန်ပြောင်းများနှင့် လှပသော ကော်ဇောများကို ရောင်းချနေကြသည်။ သူတို့သည် နားမလည်နိုင်သော စကားများကို တတွတ်တွတ် ပြောဆိုနေကြသည်။ ကျင်းလင်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် အဒေါ်လီကဲ့သို့ အတင်းအဖျင်း နားထောင်ရသည်ကို နှစ်သက်သူအတွက် မျက်လုံးပင် မလောက်တော့သလို ဖြစ်နေသည်။
ထိုအချိန်က သူမသည် ဦးနှောက် သုံးလုံး၊ မျက်လုံး ရှစ်လုံးလောက် ထွက်လာပြီး ဤမြင်ကွင်းများကို အကုန်မှတ်သားထားချင်ခဲ့သည်။ သို့မှသာ ပြန်ရောက်လျှင် ရပ်ကွက်က မိတ်ဆွေဟောင်းများကို သုံးရက် သုံးညလောက် ကြွားလုံးထုတ် ပြောပြနိုင်မည် မဟုတ်ပါလား။
ကံမကောင်းစွာဖြင့် သူတို့သည် နေ့ဝက်ခန့်သာ အချိန်ရခဲ့ပြီး ဘဲများကို အလုံအလောက် ဝယ်ယူကာ သယ်ဆောင်ရလွယ်ကူသော ဒေသထွက်ပစ္စည်းများ ဖြစ်သည့် ယွီဟွားအလှဆင်ကျောက်၊ ယွီဟွားလက်ဖက်ခြောက်အဝိုင်း ကဲ့သို့သော ပစ္စည်းတချို့ကို ဝယ်ယူပြီး ချက်ချင်း ပြန်ခဲ့ရသည်။
သင်္ဘောပေါ်တွင် တစ်လခန့် လှုပ်ခါစီးနင်းလိုက်ရသဖြင့် အဒေါ်လီ ကျင်းလင်တွင် မြင်တွေ့ခဲ့ရသော အရာကောင်းများအားလုံး မေ့လုနီးပါး ဖြစ်သွားတော့သည်။ သူမသည် သင်္ဘောပေါ်တွင် မျက်လုံးဖွင့်လျှင် ဘဲစာကျွေးရပြီး မျက်လုံးမှိတ်လျှင်လည်း ဘဲစာကျွေးရသည်။
ခေါင်းထဲတွင် ဘဲအော်သံများသာ ကျန်တော့သည်။
ယခုအချိန်တွင် သူမသည် သင်္ဘောလက်ရန်းကို မှီပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ အပေါ်ပိုင်း ဗလာကျင်းနှင့် အမျိုးသား ရာပေါင်းများစွာသည် လျှော်ကြိုးသုံးချောင်းကို ကျောပေါ်တွင် ထမ်းလျက် မြစ်ထဲသို့ ခုန်ဆင်းသွားကြသည်။ တညီတညွတ်တည်း အော်ဟစ်လျက် ခါးကို ကိုင်းပြီး ခြေထောက်ကန်ကာ ရှေ့သို့ ဆွဲယူနေကြသည်။ ပြန့်မြစ်ရေသည် သူတို့ ခါးက နွားသားရေ ခါးပတ်ပေါ်သို့ လျှံတက်လာပြီး ကြွက်သားများ ထွက်နေသော ဝမ်းဗိုက်ကို အေးစက်စွာ ထိကပ်နေသည်။
စုန့်ခေတ်၏ ကုန်တင်သင်္ဘော အများစုသည် ကြမ်းပြင်ပြား သင်္ဘောများ ဖြစ်ကြပြီး ထွက်ခွာချိန် သို့မဟုတ် ကမ်းကပ်ချိန်တွင် ကုန်တင်အလုပ်သမားများ မရှိဘဲ ဆိပ်ကမ်းမှ ထွက်ခွာရန် သို့မဟုတ် ကမ်းကပ်ရန် မဖြစ်နိုင်ပေ။
အစိုးရသည် သင်္ဘောဆိပ်ကို တိုးချဲ့ရန် ငွေကြေးများစွာ သုံးစွဲခဲ့သော်လည်း သင်္ဘောများကို ဆွဲယူရန် ကုန်တင်အလုပ်သမားများကို မသုံးဘဲ မနေနိုင်သေးပေ။
သူတို့သည် စည်ကားသော မြောက်နှင့် တောင် ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် အရေးမပါဆုံး ဖြစ်သော်လည်း အရေးအကြီးဆုံး "သွေးနှင့် အသား လမ်းကြောင်း" ဖြစ်သည်။
အဒေါ်လီသည် မကြည့်ရက်သဖြင့် မျက်နှာလွှဲလိုက်သည်။ ထိုကုန်တင်အလုပ်သမားများ၏ ပခုံးပေါ်က သားရေပြားများသည် ပေါက်ပြဲနေပြီး ကြိုးများသည် အသားထဲသို့ စိုက်ဝင်နေသည်။
ပြန့်ကျင်းမြို့ပြင်တွင် ကုန်တင်အလုပ်သမား စခန်း ၅၄ ခု ရှိပြီး စုစုပေါင်း လူ ၃ သောင်းခန့် ရှိသည်ဟု ဆိုသည်။ ရှေးဘုရင် လက်ထက်က တစ်နေ့လျှင် လူတစ်ဦး ၃၀ ဝမ်သာ ရသော်လည်း ယခု လက်ရှိဘုရင် လက်ထက်တွင် သူ၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်မှ ဤလူ ၃ သောင်းကို ထောက်ပံ့ပေးသဖြင့် ယခုအခါ သူတို့သည် တစ်နေ့လျှင် လူတစ်ဦး ၈၀ ဝမ် ရရှိနေပြီ ဖြစ်သည်။
ကောင်းသောကိစ္စဟု ဆိုရမည်။
အဒေါ်လီ မျက်လုံးလွှဲလိုက်ရာ ပခုံးပေါ်တွင် ထမ်းပိုးများ ထမ်းထားသော အထမ်းသမားများကို တွေ့လိုက်ရပြန်သည်။ သင်္ဘော ကမ်းမကပ်သေးသော်လည်း ပျဉ်ပြားပေါ်သို့ နင်းတက်ပြီး သင်္ဘောပေါ်သို့ တက်ရန် ကြိုးစားနေကြသည်။ သူတို့သည် အသံကုန်ဟစ်ကာ သင်္ဘောပေါ်က လူများကို လှမ်းအော်နေကြ၏။
"ဒီက သူဌေး ပစ္စည်းသယ်ဦးမလား၊ တစ်ထမ်းကို ၂၀ ဝမ်၊ လုံးဝ ရေမစိုစေရဘူး"
အဒေါ်လီ ကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်သွားသည်။
"အသက်မချစ်တော့ဘူးလား" "စစ်ဆေး" စာလုံးပါ မီးအိမ်ကို ကိုင်ပြီး လှည့်လည်စစ်ဆေးနေသော အရာရှိသည် ချက်ချင်း တွေ့ရှိသွားပြီး မီးအိမ်ရိုးတံဖြင့် ထိုအထမ်းသမားများကို ဆွဲထုတ်လိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခဏနေ မြစ်ထဲပြုတ်ကျပြီး သင်္ဘောနဲ့ ညပ်မိသွားရင် မင်းတို့ အလောင်းလာကောက်မယ့်သူ မရှိဘူးလို့ မပြောနဲ့"
"မလုပ်ရဲတော့ပါဘူး၊ မလုပ်ရဲတော့ပါဘူး" အထမ်းသမားများသည် ခေါင်းညိတ် ခါးကိုင်းကာ ရယ်မောပြီး ကမ်းပေါ်သို့ ပြေးတက်သွားကြသော်လည်း ခြေဖျားထောက်ကာ စောင့်မျှော်နေကြဆဲ။ သင်္ဘော ကမ်းကပ်သည်နှင့် ပြေးတက်ရန် အသင့်ရှိနေပုံရသည်။
ကမ်းစပ်တာဝန်ခံ အရာရှိတချို့နှင့် အခွန်ကောက်ခံသူများသည် ဤလူအုပ်ကို မြင်ဖူးနေကျ ဖြစ်သဖြင့် ခေါင်းခါကာ ဆက်လက် လှည့်လည်စစ်ဆေးနေကြသည်။ ခေါင်းဆောင်ဖြစ်သူက သမ်းဝေလိုက်ရာ ခဏအကြာတွင် အခြားသူများလည်း လိုက်သမ်းဝေကြသည်။ သူတို့သည် သမ်းဝေရင်း "ကမ္ဘာ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး" ဟူသော ရွှေရောင်ဆိုင်းဘုတ်အောက်မှ ဖြတ်လျှောက်သွားကြသည်။
ဤစာလုံးများကို ထိုက်ကျုံးဧကရာဇ် ကျောက်ဝေကျန့် ကိုယ်တိုင် ရေးထိုးခဲ့သည်ဟု ဆိုသည်။
သင်္ဘော ရပ်သွားသည်နှင့် အနက်ရောင် ဝတ်စုံဝတ်ထားသော အရာရှိတစ်ဦးသည် သံပေတံကို ကိုင်ဆောင်လျက် သင်္ဘော ရေစူးမှတ်ကို တိုင်းတာရင်း အသံကျယ်ကျယ်ဖြင့် အတည်ပြုလိုက်သည်။
"ဟွိုင်နန်လမ်းမကြီး စပါးသယ်သင်္ဘော၊ ဝန်တင်ချိန် ပေါင် ၃၀၀ (၁၈ တန်ခန့်)၊ ဆိပ်ကမ်း အမှတ် ၃ မှာ ရပ်နားပါ"
သူ့ပေတံသည် သင်္ဘောဦးပိုင်းတွင် မြှုပ်နှံထားသော ကြေးပြားကို ခေါက်လိုက်ရာ "ဒေါင်" ခနဲ အသံမြည်သွားသည်။
စုန့်မင်းဆက်၏ ကုန်တင်သင်္ဘောတိုင်းတွင် သင်္ဘောဦးစီးဌာနမှ ထုတ်ပေးသော ကြေးပြားကို ရိုက်နှိပ်ထားပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးဆုံး အမှတ်အသား ဖြစ်သည်။
သင်္ဘောဦးပိုင်းရှိ "ဟွိုင်နန် ကျဲ့ကျန်း ကျင်းဟူ ကုန်စည်ပို့ဆောင်ရေး ဌာန" စာလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် အရာရှိသည် လည်ပင်းတွင် ချိတ်ဆွဲထားသော ခရာကို မှုတ်လိုက်ရာ ကမ်းပေါ်ရှိ ကင်းလှည့်တပ်ဖွဲ့ဝင်များ ချက်ချင်း ဝိုင်းအုံလာကြသည်။
သူတို့၏ မျက်နှာပေါ်တွင် "ရိက္ခာ" စာလုံး တက်တူးထိုးထားပြီး ကျောပေါ်တွင် လေးနှင့်မြား လွယ်ထားကာ ခါးတွင် ဓားချိတ်ထားသည်။ ကုန်တင်သင်္ဘောတိုင်းပေါ်က ကုန်ချ အလုပ်သမားများကို အထူးတလည် စောင့်ကြည့်ရန် ဖြစ်ပြီး ရိက္ခာများကို ခိုးယူပြီး ထွက်ပြေးခြင်းမှ ကာကွယ်ရန် ဖြစ်သည်။
သင်္ဘောပေါ်တွင် ကုန်ချခြင်း လုပ်ငန်းစဉ် အမြန် စတင်တော့သည်။ အစိုးရအတွက် အထူးသယ်ဆောင်လာသော အစိုးရသင်္ဘော ရောက်ရှိနေပြီ ဖြစ်သော်လည်း ဆိပ်ကမ်းတွင် အဒေါ်လီနှင့် လီထျောင်ဇီတို့၏ သင်္ဘောကို ဦးစားပေး ကုန်ချပေးနေသည်။
စုန့်မင်းဆက်၏ ရေကြောင်းသယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုသည် အလွန်တင်းကျပ်လေသည်။ ယခင်က သင်္ဘောပေါ်ရှိ အရာရှိများ ရှင်းပြဖူးသည်မှာ နယ်စပ်စစ်တပ် ရိက္ခာနှင့် ကယ်ဆယ်ရေး ရိက္ခာများကို သယ်ဆောင်သော အဝါရောင် အလံစိုက် အမြန်သင်္ဘောများမှလွဲလျှင် အစိမ်းရောင် အလံစိုက် ရိက္ခာသင်္ဘောများကို ဦးစားပေးသည်။ ထို့နောက် အဖြူရောင် အလံစိုက် ဆားသင်္ဘောများ၊ ပြီးမှ အနီရောင် အလံစိုက် ကုန်သည်သင်္ဘောများ ဖြစ်သည်။
"ပေါင်ယွမ် ရေကြောင်းဥပဒေမှာ ရေးထားတာက နယ်စပ် အရေးပေါ် စာပို့ခြင်းကလွဲရင် ရိက္ခာက နိုင်ငံတော်ရဲ့ အခြေခံ၊ ဆားက ပြည်သူတွေရဲ့ လိုအပ်ချက်၊ ဒီသင်္ဘောနှစ်စင်း ရောက်လာရင် ကုန်ပစ္စည်းသင်္ဘောတွေ လမ်းဖယ်ပေးရမယ်။ အစိုးရက ပြည်သူတွေကို သားသမီးလို ချစ်တယ်။ ပြီးခဲ့တဲ့ အချိန်တုန်းက ရိက္ခာသင်္ဘောတွေ အများကြီး မြို့တော်ထဲ ဝင်လာတုန်းက ကုန်သည်သင်္ဘောတွေ ချန်လျိုဆိပ်ကမ်းမှာ ၇ ရက်တိတိ သောင်တင်နေခဲ့ရတယ်"
ထိုအရာရှိသည် ရင်ကော့လျက် ရိက္ခာသင်္ဘောပေါ်တွင် တာဝန်ကျရသည်ကို ဂုဏ်ယူနေပုံရသည်။
အဒေါ်လီ ထိုအခါမှ သဘောပေါက်သွားသည်။ ချိုင်ကျိုးသို့ ရောက်စဉ်က ၂ ရက်ကြာ သောင်တင်ခဲ့ရသည်မှာ အဝါရောင် အလံစိုက် စစ်ဘက်ဆိုင်ရာ သင်္ဘောတစ်စင်း ရောက်လာပြီး လမ်းတလျှောက် ခရာမှုတ်ကာ သူတို့ရှေ့မှ ဖြတ်ကျော်သွားသောကြောင့် ဖြစ်သည်။ သူတို့သည် စစ်ဘက်ဆိုင်ရာ သင်္ဘောကို လမ်းဖယ်ပေးရန် မြစ်ထဲတွင် ၂ ရက်ကြာ နေခဲ့ရသည်။
သို့သော်... အဒေါ်လီ မှတ်မိသလောက် ရှေးဘုရင် လက်ထက်က သည်လို မဟုတ်ပေ။ တစ်နှစ်က နိုင်ငံခြားမှ ဆက်သလာသော ကုန်သည်သင်္ဘောတစ်စင်း မြို့တော်သို့ ဝင်လာစဉ် ကမ်းနှစ်ဖက်ရှိ ပြည်သူများ ဒူးထောက် အရိုအသေပေးရသည်ကို သူမ မှတ်မိနေသည်။ သို့သော် သူမ ပါးနပ်စွာဖြင့် ခေါင်းညိတ်ရုံသာ ညိတ်လိုက်ပြီး ရှေးဘုရင် အကြောင်းကို ဆွေးနွေးခြင်း မပြုတော့ပေ။
လီထျောင်ဇီသည် နောက်ဆုံးတွင် ဘဲများကို ကုန်းပတ်ပေါ်သို့ အကုန် သယ်ဆောင်ပြီးသွားပြီ ဖြစ်သည်။ သူသည် သက်ပြင်းချလိုက်ပြီး အဒေါ်လီဘေးတွင် ရပ်ကာ ဟိုဟိုဒီဒီ ကြည့်ရှုလိုက်သည်။
နှစ်ယောက်သား သင်္ဘောပေါ် စတက်စဉ်က ကုန်တင်သင်္ဘောသည် အလွတ်ဖြစ်သဖြင့် သူတို့နှစ်ယောက်လည်း ပေါ့ပေါ့ပါးပါးပင်။ ဆိပ်ကမ်းတွင်လည်း သိပ်မရှုပ်ထွေးပေ။ သင်္ဘောပေါ်က သင်္ဘောသားများနှင့် အရာရှိများသည် သွားကြားထိုးတံ ကိုယ်စီဖြင့် ဖဲရိုက်၊ ပဲစေ့လောင်းကစား လုပ်နေကြပြီး အေးဆေး သက်သာ ရှိကြသည်။ ထိုစဉ်က သဘောကောင်းသော အရာရှိတစ်ဦး လမ်းတလျှောက် သူတို့နှင့်အတူ လိုက်ပါလာခဲ့ပြီး လေးနှင့်မြား၊ ဓားများ ကိုင်ဆောင်ထားသည့် ကြောက်စရာကောင်းသော ပုံစံမျိုး မမြင်ဖူးခဲ့ကြပေ။
ယခု ကုန်းပတ်ပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ နှစ်ယောက်သား အကြောင်းမဲ့ ကြောက်လန့်လာမိသည်။
ဘဲပေါက်လေး ၆၀၀ ကျော်သည် ဘဲခြံထဲတွင် ဆူညံစွာ အော်ဟစ်နေကြသည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အဒေါ်လီ မနေနိုင်တော့ဘဲ ရင်ဘတ်ကို ဖိကာ ပြောလိုက်သည်။
"အောက်မှာ ဘာလို့ အဲလောက် ကြောက်စရာ ကောင်းနေတာလဲ၊ လေးနဲ့မြားတွေတောင် ပါသေးတယ်"
လီထျောင်ဇီက စိတ်ကို တည်ငြိမ်အောင် ထားပြီး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ သူတို့လည်း တာဝန်အရ လုပ်ကြတာပါ၊ ဒါ့အပြင် သင်္ဘောပေါ်မှာ အရာရှိထုံ ရှိနေသေးတာပဲ၊ သင်္ဘောပေါ် တက်တုန်းက သာ့ကျဲအာ လာပို့တော့ သူက သာ့ကျဲအာကို အဲလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာ၊ လမ်းတလျှောက်လုံးလည်း ဂရုစိုက်ပေးတယ်၊ ငါတို့ဘဲတွေ သူ့ကျေးဇူးကြောင့် အဆင်ပြေတာ၊ မဟုတ်ရင် ဘယ်လောက်တောင် သေကုန်မလဲ မသိဘူး၊ သူ ငါတို့ကို ကူညီမှာပါ"
အဒေါ်လီသည် အရာရှိထုံကို သတိရသွားပြီး အနည်းငယ် စိတ်အေးသွားလေသည်။
ထိုအရာရှိထုံသည် သူတို့၏ ဘဲပေါက် ၆၀၀ ကျော်အတွက် သင်္ဘောအမြီးပိုင်းတွင် ယာယီ ဝါးရုံတစ်ခု ဆောက်ပေးခဲ့ပြီး ကျင်းလင်မှ သယ်လာသော ဖွဲနုများ ထည့်ထားသည့် အစိမ်းရောင် ဝါးခြင်းတောင်း ၂၀ ကို သေသေချာချာ စီထားပေးသည်။
နေ့စဉ် မနက် ၃ နာရီ ခေါင်းလောင်းထိုးချိန်တွင် သူမသည် အရင်ထကာ ဖွဲနုကို ခရုသားစပ်နှင့် ရောနယ်ပြီး အနှစ်ဖြစ်အောင် လုပ်ကာ ဘဲများကို တစ်အိမ်ပြီး တစ်အိမ် လိုက်ကျွေးရသည်။ ရေတိုက်ရန်အတွက် ကျူရိုးကို ရေကန်လုပ်ပြီး ဘဲအိမ်များကြားတွင် တပ်ဆင်ပေးရသည်။
နေ့တိုင်း ရေနှင့် အစာ ဖြည့်ပေးရသည်မှာ အချိန်အတော်ကြာသည်။
လမ်းခရီး တစ်လကြာမြင့်သဖြင့် ဘဲများကို အမြဲတမ်း လှောင်အိမ်ထဲတွင် ထည့်ထား၍ မဖြစ်ပေ။ အဒေါ်လီသည် သတ္တိမွေးပြီး အရာရှိထုံကို ပြောပြရာ အရာရှိထုံက သူမကို အပြစ်မတင်ဘဲ သင်္ဘောသားများကို ကူညီခိုင်းကာ သင်္ဘောအမြီးပိုင်းတွင် ဝါးခြံစည်းရိုး ကာပေးလိုက်သည်။ ထို့ကြောင့် အဒေါ်လီသည် နေ့စဉ် နေ့ခင်းဘက် နေသာချိန်တွင် ဘဲအုပ်ကို အပြင်ထုတ်ပြီး လမ်းလျှောက်ခိုင်းနိုင်သည်။
ညဘက်ကျမှ လှောင်အိမ်ထဲ ပြန်ထည့်ပြီး သင်္ဘောခန်းထဲ သယ်သွားရလေသည်။
...